← Chapters

သံသရာစက်ဝန်း အမတမင်းဆက်လည်း ပါဝင်လာခဲ့ပြီ ၊ အမတဂိတ်လောက၏ အဆုံး

Vol. 44 Ch. 596

သံသရာစက်ဝန်း အမတမင်းဆက်လည်း ပါဝင်လာခဲ့ပြီ ၊ အမတဂိတ်လောက၏ အဆုံး

Vol. 44 Ch. 596

ပြင်ဆင်မှုများပြုလုပ်ပြီးနောက် ၊

ကွေးယွမ်အမတဂိုဏ်း၏ နတ်သင်္ဘောများသည် တိုက်မြေသုံးထောင်ရှိရာသို့ အလျင်အမြန် ဦးတည်ခဲ့ကြသည်။

ဤမြင်ကွင်းသည် ကွေးယွမ်အမတနယ်မြေ ရှိ အင်အားစုများစွာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ကွေးယွမ်အမတဂိုဏ်းသည် ကံဆိုးရှာလေသော အမည်မသိအင်အားစုကို ချေမှုန်းပစ်ရန် သွားနေသည်ဟု အမျိုးမျို မှန်းဆနေကြသည်။

သို့သော်လည်း၊ တားမြစ် စူးမိသားစု၏ လှုပ်ရှားမှုများကို သိရှိထားသော ပုဂ္ဂိုလ်အချို့က တိတ်တဆိတ် ရေရွတ်လိုက်ကြသည်။

“ဒီအဓိက အင်အားစုနှစ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကတော့ ထပ်တူကျနေတာ.....ဒါက ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်တစ်ခု ဖြစ်နေမလား “

“စူးမိသားစုက သူတို့ရဲ့သခင်ငယ်လေးကို သွားရောက်ခေါ်ဆောင်တယ်လို့ ကြားတယ်... ကွေးယွမ်အမတဂိုဏ်းကရော တူတူပဲလား”

“ဒီလောက်ထိ ထပ်တူကျနေတာ... မဟုတ်မှလွဲရော လူတစ်ယောက်တည်း ဖြစ်နေမလား”

ဤအတွေးများပေါ်လာသည်နှင့် တပြိုင်နက် ၊ လူတိုင်း လျင်မြန်စွာ ခေါင်းယမ်းလိုက်ပြီး လက်တွေ့မကျသော အတွေးများကို ဖယ်ထုတ်လိုက်သည်။

အမတနယ်မြေတစ်ခုလုံးကို ကြည့်လိုက်လျှင်ဖြင့် ၊ ဤမျှ‌ထူးဆန်းသော ဖြစ်ရပ်မျိုး မည်သို့ ဖြစ်လာနိုင်မည်နည်း။

မဖြစ်နိုင်ဘူး!

လုံးဝမှ မဖြစ်နိုင်ဘူး!

……

တစ်ချိန်တည်းမှာပင်။

လင်ဟွေအမတနယ်မြေ ။

စကြဝဠာအတွင်း၌ လွင့်မျောနေသော ဝင်းလက်တောက်ပနေသော ကြယ်ပွင့်များကို ဖြတ်ကျော်၍ ဟိုးတစ်‌ဆုံးကို ကြည့်ရှုလိုက်လျှင်ဖြင့်၊

စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာ၌ ၊ ပျံ့လွင့်နေသော ပြန်လည်ဝင်စားခြင်းဆိုင်ရာ အစွမ်းသတ္တိများဖြင့် ပြည့်နှက်နေသည့် မြူထုကြီးထဲ၌ ဝှက်ထားသော နန်းဆောင်မျှော်စင်များစွာကို မြင်တွေ့ရပေသည်။ ဤနေရာမှာ သံသရာစက်ဝန်း အမတမင်းဆက်မှ အုပ်ချုပ်သောနယ်မြေဖြစ်သည်။

တားမြစ်စူးမိသားစု၏ မဟာမိတ်ဖြစ်သော သံသရာစက်ဝန်း အမတမင်းဆက်သည်လည်း လက်ရှိတွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်။

သံသရာစက်ဝန်း အမတမင်းဆက်၏ ခန်းမဆောင်အတွင်း၌ ၊ နဂါးဝတ်လုံတော်ကို ဝတ်ဆင်လျက် ဩဇာတိက္ကမပြည့်ဝသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရွှေရောင် တဖိတ်ဖိတ် တောက်ပနေသော တော်ဝင်ပုလ္လင်ပေါ်၌ ဂုဏ်ကျက်သရေရှိစွာ ထိုင်လျက်ရှိသည်။

ဤပုဂ္ဂိုလ်သည် သံသရာစက်ဝန်း အမတမင်းဆက်၏ တိုင်းပြည်အရှင်သခင် ၊ စူးချန်ကဲ၏မိခင်ဘက်မှ ဦးရီးတော်ဖြစ်ပြီး ၊ သူ၏ ဧကရာဇ်ဘွဲ့အမည်မှာ လင်ဟွေအမတဧကရာဇ်မင်း ဖြစ်သည်။

“ အခု အမတနယ်မြေ နဲ့ တိုက်မြေသုံးထောင်က ချိတ်ဆက်သွားပြီ ၊ တားမြစ် စူးမိသားစုနဲ့ ကွေးယွမ်အမတဂိုဏ်းက စူးချန်ကဲကို ကြိုဆိုဖို့ သင်္ဘောတွေကို စေလွှတ်လိုက်ကြပြီလို့ သိရတယ် “

လင်ဟွေအမတဧကရာဇ်မင်းသည် တီးတိုးရေရွတ်လိုက်သည်။

“ အဲ့နှစ်ဖွဲ့ကကောင်တွေ လှုပ်ရှားမှုကတော့ အတော်မြန်သကိုး ၊ ဒီတိုင်းသာဆို ငါ့ရဲ့ သံသရာစက်ဝန်း အမတမင်းဆက်အနေနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး...”

လင်ဟွေအမတဧကရာဇ်မင်းမှ စိုးရိမ်ပူပန်နေစဉ် ရုတ်တရက် သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံသည် သူ၏ စိတ်နှလုံးသားထဲတွင် ရုတ်ချည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

“ မောင်လေးရေ၊ ငါ မင်းကို ထပ်ပြောမယ် နယ်မြေနှစ်ခု ချိတ်ဆက်သွားတာနဲ့ ဘယ်လိုနည်းနဲ့မဆို စူးချန်ကဲကို ငါတို့ သံသရာစက်ဝန်း အမတမင်းဆက်ကို ခေါ်လာရမယ်”

“ဒီအရာကိုမှ မင်း မလုပ်နိုင်ရင် ၊ အစ်မ မင်းအပေါ်ကို ရက်စက်တယ်လို့ မပြောနဲ့ “

ဤစကားသည် လင်ဟွေအမတ ဧကရာဇ်မင်း၏မျက်နှာကို ဖြူဖတ်ဖြူရော်ဖြစ်သွားစေသည်။

ဤအသံမှာ သူ၏အစ်မတော် ၊ စူးချန်ကဲ၏ မိခင်ရင်း ယွင်ရွှမ်းရုံမှ သူမ၏ စိတ်ဝိညာဉ်အာရုံဖြင့် ပေးပို့လိုက်သော အသံဖြစ်သည်။

ငယ်စဉ်ကတည်းက လင်ဟွေအမတဧကရာဇ်မင်းသည် ယွင်ရွှမ်းရုံ၏ ရိုက်နှက်မှုကို များစွာခံခဲ့ရဖူးသဖြင့် ယခုထိတိုင် ဤအသံကို ကြားသည်နှင့် တုန်ရီသွားဆဲပင်။

သူ့အစ်မ သားဖြစ်သူကိုဘယ်လောက်တောင် ချစ်လဲဆိုတာ သူ မသိစရာလား !

“အစ်မ စိတ်မပူပါနဲ့၊ ချင်းအာက ကူယွမ်အမတလမ်းမှာ ရှိတယ်၊ တိုက်မြေသုံးထောင်နဲ့ သိပ်မဝေးဘူး ၊ ချင်းအာကို ခုချက်ချင်း သွားခေါ်ခိုင်းမယ်!”

ယွင်ချင်းအာသည် လင်ဟွေအမတဧကရာဇ်မင်း၏ အငယ်ဆုံးသမီးဖြစ်ပြီး ၊ ယနေ့ခေတ် သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသမီးငယ်လေးလည်း ဖြစ်သည်။

အသက်အားဖြင့် စူးချန်ကဲထက် အတော်ငယ်ပြီး ၊ မွေးပြီးပြီးချင်း လွတ်မြောက်နယ်ပယ်အဆင့်သို့ ရောက်ရှိထားသူ ဖြစ်သော်လည်း လှည့်ပတ်ကစားရသည်ကို ကြိုက်နှစ်သက်သည့်အတွက် ယနေ့ထိတိုင် ကောင်းကင်အမတ တတိယအဆင့်တွင်သာ ရှိသေးသည်။

ထိုသို့ပြောပြီးသည်နှင့် ၊ လင်ဟွေအမတဧကရာဇ်မင်းမှာ မတွန့်ဆုတ်ဝံ့ပေ။ ချက်ချင်းဆိုသလို သူ၏လက်ချောင်းထိပ်မှ တောက်ပသော အလင်းမီးလျှံတစ်ခု ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊ ကြီးမားကျယ်ပြန့်သော အာကာသ၏ တစ်နေရာတွင် ဆော့ကစားနေသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦးသည် လင်ဟွေအမတဧကရာဇ်မင်း၏ စိတ်ဝိညာဉ်အာရုံ ပေးပို့မှု လက်ခံရရှိခဲ့သည်။

“ ကောင်မလေး မင်း အခုပဲ ငါ့အတွက် တိုက်မြေ သုံးထောင်ကို သွားပြီး ၊ ဘယ်နည်းလမ်းနဲ့ပဲဖြစ်ဖြစ် မင်းရဲ့အစ်ကိုဝမ်းကွဲ စူးချန်ကဲကို သံသရာစက်ဝန်း အမတမင်းဆက်ကို ခေါ်လာခဲ့!”

“ ဒါတောင် မလုပ်နိုင်ရင် ၊ အဖေ မင်းအပေါ်ကို အားနာနေမှာမဟုတ်ဘူးနော် !”

ထိုစကားဆုံးသည်နှင့်။

မူလက ခုန်ပေါက်ပြေးလွှားနေသော မိန်းကလေးငယ်လေးမှာ ‌ဖြူဖျော့သွားသည်။

သူမ၏ ပျော်ရွှင်မှုတို့သည် တခဏချင်း ပျောက်ကွယ်သွားခဲ့ရလေပြီ ။

သူမသည် အရွယ်အားဖြင့် အလွန်နုနယ်ပြီး၊ ပန်းနုရောင်သန်းကာ အတော်လေး ချစ်စရာကောင်းပေသည်။ အထူးသဖြင့် သူမ၏ ဝိုင်းဝိုင်းစက်စက် မျက်လုံးလေးများသည် အပြစ်ကင်းစင်းသော နတ်သူငယ်လေးအတိုင်းပင်။

သူမသည် အနည်းငယ် စိတ်ဆိုး‌သွားပြီး နှုတ်ခမ်းစူပုတ်နေလေ၏။

“ သံသရာစက်ဝန်း အမတမင်းဆက်ကနေ ထွက်လာပြီး ဆော့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ၊ အစ်ကိုဝမ်းကွဲကို ငါ့ကိုသွားခေါ်ခိုင်းတယ်.. အဲ့အစား အစ်ကိုကြီးနဲ့ အစ်မကြီးကို သွားခိုင်းလိုက်ပါ့လား”

ယွင်ချင်းအနေဖြင့် ဆန္ဒမရှိသော်လည်း ၊ သိို့သော်လည်း သူမ၏စိတ်ထဲတွင် စူးစမ်းလိုစိတ်က ပိုများသည်။

သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသမီးတစ်ဦးအနေဖြင့် ၊ သူမသည် တားမြစ်ကုန်းပြင်မြင့်ကို တပ်များစေလွှတ်ခဲ့သည့် အကြောင်းရင်းကို သိရှိထားသည်။

“ ဒီလိုမျိုး ဝမ်းကွဲအစ်ကိုတစ်ယောက်နဲ့ တွေ့ဖို့က မရ‌တာတော့ မဟုတ်ပါဘူးလေ ..”

“ ထျန်းလောင် !”

ယွင်ချင်း၏ အော်ခေါ်သံနှင့်အတူ ၊ ဤနေရာရှိ အာကာသ ဟင်းလင်းပြင်သည် နတ်အလင်းများဖြင့် အုံ့ဆိုင်းသွားကာ အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများက သက်ဝင်လှုပ်ရှားလာခဲ့ပြီး ဝတ်ရုံဖြူတာအိုဆရာသခင်တစ်ဦး၏ အသွင်သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ရောင်ဝါကို ကြည့်လျှင်ဖြင့် တန်းသိနိုင်သည်။ ဤပုဂ္ဂိုလ်သည် မဟာလမ်းစဉ်၏ ထိပ်တန်းတွင် ရပ်တည်နေသော အမတဘုရင် နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦး ဖြစ်ပေသည် ။

ဤတစ်ကြိမ်တွင် သူသည် ယွင်ချင်း၏ ကာကွယ်စောင့်ရှောက်သူအဖြစ် တာဝန်ယူထားသည်။

“ ခမည်းတော်က တိုက်မြေ သုံးထောင်ကို သွားပြီး ဝမ်းကွဲအစ်ကိုစူးချန်ကဲကို ခေါ်ခိုင်းလိုက်တယ် ၊ ထျန်းလောင် ကျွန်မအတွက် အာကာသလမ်းကြောင်းတစ်ခု ဖွင့်ပေး.. ကျွန်မတို့ ခုချက်ချင်း သွားလိုက်ရအောင် “

“ကောင်းပြီ “

ထျန်းလောင် ဟုခေါ်သော အမတဘုရင် နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်သည် ချက်ချင်းလက်ငင်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ တဖျပ်ဖျပ် တောက်ပနေသော ထောင်ပေါင်းများစွာသော မှော်သင်္ကေတများသည် သက်ဝင်လှုပ်ရှားလာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကာ အဆုံးတွင် အာကာသတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

သူတို့နှစ်ဦး၏ ပုံရိပ်များသည် ထိုလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ၊ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။

………

ဤအရာအားလုံးကို ညွှန်ကြားပြီးနောက်တွင် ၊

လင်ဟွေ အမတဧကရာဇ်မင်းသည် အနည်းငယ် ရှက်ရွံ့ ကြောက်လန့်သော အသံဖြင့် ပြန်ဆက်သွယ်ခဲ့သည်။

“အစ်မတော် ကြည့်ပါဦး၊ ဒါ....”

သို့သော် သူစကားမပြီးမီ၊ ယွင်ရွှမ်းရုံ၏ အသံသည် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူမ၏ လေသံသည် အနည်းငယ် စိတ်ဆိုးနေပုံရသည်။

“ မောင်လေး မင်းလည်း သိပြီးသားပဲ၊ တားမြစ် စူး မိသားစု နဲ့ ကွေးယွမ်း အမတဂိုဏ်းက ကြိုဆိုရေး သင်္ဘောတပ်ဖွဲ့တွေကို စေလွှတ်ထားတယ်ဆိုတာကို”

“ဘာလဲ? ငါတို့ သံသရာစက်ဝန်း အမတမင်းဆက်ကရော မထုတ်နိုင်ဘူးလား ဒါမှမဟုတ် ငါတို့က သူတို့တွေထက် ဆင်းရဲလို့လား?မင်းက ချင်းအာ တစ်ယောက်တည်းလွှတ်ပြီး စူးချန်ကဲကို ခေါ်ခိုင်းတယ်ပေါ့လေ !?”

“ဒါ အကုန်ပဲလား !?”

“အစ်မမှာ ဒီသားတစ်ယောက်ပဲ ရှိတာ ၊ မင်းရဲ့ တစ်ဦးတည်းသော တူလေးက မင်းရဲ့မျက်လုံးထဲမှာ ဒီလောက်တောင် တန်ဖိုးမရှိဘူးလား?”

ဤစကားများ ထွက်လာသည်နှင့်၊ လင်ဟွေ အမတဧကရာဇ်မင်း၏ အပြုံးသည် ချက်ချင်းပင် အေးခဲသွားသည်။ သူသည် “အန္တရာယ်” ဟူသော စာလုံးကြီးသည် သူ၏ခေါင်းထက်တွင် ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။

“အစ်မ ဒါဘယ်လိုစကားမျိုးလဲ! ကျွန်တော်တို့ သံသရာစက်ဝန်း အမတမင်းဆက်ကလည်း သင်္ဘောတပ်ဖွဲ့ကို စေလွှတ်ပြီး စူးချန်ကဲကို ကြိုဆိုဖို့ စီစဉ်ထားပြီးပါပြီ”

ထိုသို့ ပြောပြီးသည်နှင့်၊ လင်ဟွေ အမတဧကရာဇ်မင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝီ !!

အာကာသတစ်ခုလုံး တုန်ခါသွားပြီး ၊ ကောင်းကင်ယံထက်က နတ်တိမ်တိုက်များသည် စတင်ရွေ့လျားလာပြီး အဆုံးတွင် ကြီးမားသော အလင်းလှိုင်းတံပိုးများအဖြစ် ‌အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်‌ရိုက်ခတ်သွားလေတော့သည်။

အလင်းလှိုင်းတံပိုးများကြား ၊ ထောင်ပေါင်းများစွာသော နတ်သင်္ဘောများ ထွက်ပေါ်လာခဲ့သည်။နတ်သင်္ဘောများပေါ််၌ သံသရာစက်ဝန်း အမတမင်းဆက်၏ မရေတွက်နိုင်သော စွမ်းအားရှင်များစွာသည် ခန့်ညားထည်ဝါစွာ ရပ်နေကြသည်။

“သွားမယ်၊ တိုက်မြေ သုံးထောင်ကို ဆင်းသက်ပြီး၊ ငါတို့ သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ ချန်ကဲမင်းသားကို ဂုဏ်ပြုကြိုဆိုကြမယ်!”

“ အမိန့်တော်အတိုင်းပါ !”

သံသရာစက်ဝန်း အမတမင်းဆက်၏ စွမ်းအားရှင်များစွာသည် တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။ ထို့‌နောက်တွင် ၊ ထောင်ပေါင်းများစွာသော နတ်သင်္ဘောများသည် တိုက်မြေ သုံးထောင်ဆီသို့ ဦးတည်ကာ ပျံသန်းခဲ့လေတော့သည်။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားမှုကြီးသည် မရေမတွက်နိုင်သော အင်အားစုများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ကွေးယွမ်း အမတမင်းဆက်နှင့် တားမြစ် စူး မိသားစုတို့မှ ဖြစ်ပေါ်လာသော လှုပ်ရှားမှုကြီးအပြီးတွင် ၊ သံသရာစက်ဝန်း အမတမင်းဆက်သည်လည်း တစ်စုံတစ်ယောက်ကို ကြိုဆိုရန် သွားနေသည်ကို အကြမ်းဖျင်း နားလည်လာကြသည်။

“ ဒီလူက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ? တားမြစ် အင်အားစုသုံးဖွဲ့စလုံးက သင်္ဘောတပ်ဖွဲ့တွေကို

စေလွှတ်ပြီး ကြိုဆိုရတဲ့အထိ.... ဒါ ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ ကိစ္စပဲ!”

“အိုင်း.... ဒီလို အင်အားစုကြီးတွေရဲ့ စိတ်နေသဘောထားကို နားလည်ဖို့ ခက်ခဲတယ် ၊ ကိုယ့်အိမ်က အမွေဆက်ခံသူကို ဒီလိုချို့တဲ့ပြီး မပြည့်စုံတဲ့ တိုက်မြေ သုံးထောင်အရပ်မှာ ပစ်ထားပြီးမှ နယ်မြေနှစ်ခု ဆက်သွယ်ပြီးတာနဲ့ ဒီလောက်ထိ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုနေကြတာပဲ....”

“ငါ့ အထင်တော့ ဒီကောင်တွေ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို မြင်အောင် ပြသနေကြတာပဲ....”

သို့သော် လူတိုင်း၏ စိတ်ထဲတွင် သံသယမေးခွန်းများ ရှိနေဆဲဖြစ်သည်။

“ဒီအင်အားစုကြီးသုံးဖွဲ့ရဲ့ လုပ်ရှားမှုက တစ်ပြိုင်နက်တည်း ဖြစ်နေတယ် ၊ မဟုတ်မှလွဲရော... လူတစ်ယောက်တည်းကိုပဲ သွားပြီး ကြိုဆိုမှာတော့ မဟုတ်ဘူးမလား!?”

သို့သော်လည်း ၊ ဤကဲ့သို့ နောက်ခံတောင့်တင်းသော လူတစ်ယောက်သည် အဘယ့်ကြောင့် ဤမျှခက်ခက်ခဲခဲ ကြိုးစားအားထုတ်ကာ ကျင့်ကြံနေမည်နည်း။

ဒီတိုင်းလှဲအိပ်ပြီး ဘာမှမလုပ်တာက ပိုမကောင်းဘူးလား !?

သူတို့အတွက် ဤအင်အားစုကြီးများ၏ စိတ်နေသဘောထားကို နားလည်ရန် ခက်ခဲနေကြသည်။

…….

တစ်ချိန်တည်းမှာပင်။

တိုက်မြေ သုံးထောင် ၊

အမတဂိတ်ရှိ လောကထဲ၌ ၊

မဟာလမ်းစဉ် လက်ဖက်ရွက်များကို ရာနှင့်ချီ ခူးဆွတ်ပြီးနောက်၊ စူးချန်ကဲသည် ယခင်က အနက်ရောင်ဝတ်ရုံ ကြွင်းကျန်အမတဖြင့် ပြုလုပ်ခဲ့သော ကတိတစ်ခုကို ပြီးဆုံးအောင် ဖြည့်ဆည်းပေးခဲ့သည်။

လက်ရှိအချိန်တွင်၊ စူးချန်ကဲသည် အမတလျှောက်လှမ်းတံခါးအတွင်းရှိ လောကကြီး၏ အဆုံးကို ရောက်ရှိလာခဲ့သည်။

ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ မဟာလမ်းစဉ်၏ လေညင်းတိုက်ခတ်မှုအောက်တွင် တဖွေးဖွေးလှုပ်ခတ်လျက်ရှိသော စင်ကြယ်ဖြူစင်သော ကြာပန်းပင်လယ်ကြီးကို မြင်တွေ့ရပေလိမ့်မည်။

သူ၏ ဦးခေါင်းထက်တွင် အကန့်အသတ်မရှိသော ကြယ်တာရာကောင်းကင်ကြီး တစ်ခု ရှိနေပြီး ၊ မရေမတွက်နိုင်အောင် တောက်ပသော ကြယ်စင်များသည် ဤငြိမ်သက်တိတ်ဆိတ်နေသော လောကကြီးကို ငွေရောင်များဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဝင်းလက်တောက်ပသွားစေသည်။

လုံးဝကွဲပြားခြားနားသော မြင်ကွင်းနှစ်ခုသည် တစ်ပြိုင်နက်တည်း မြင်ကွင်းထဲသို့ ဝင်ရောက်လာကာ၊ လူတို့အား ကြီးမားသော အမြင်အာရုံ သက်ရောက်မှုကိုပေးစွမ်းနေပြီး မေ့မရနိုင်လောက်အောင် ဖြစ်စေသည်။

ဟူး——!!

မဟာလမ်းစဉ်၏ လေပြေတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားလေတိုင်း ၊ ရှေ့မှာရှိသော စင်ကြယ်ဖြူ‌စင်သော ကြာပန်းပင်လယ်ကြီးမှာ လှိုင်းထသွားတတ်သည်။ ယိမ်းနွဲ့ကာ တဖျပ်ဖျပ် တောက်ပနေသော ကြာပန်းပင်လယ်ကြီး နှင့် မှိတ်တုတ်မှိတ်တုတ် တောက်ပနေသော ကြယ်စင်တို့သည် တစ်ခုနှင့်တစ်ခု အလင်းပြန်ကာ ဤနေရာတစ်ခုလုံးကို ထိန်လင်းတောက်ပသွားစေရန် ပြုစားလို့နေသည်။

သို့သော်လည်း ၊ အမှောင်မိုးကုပ်စက်ဝိုင်း၏အဆုံးတွင် စူးချန်ကဲကိုတောင် ရင်တုန်သွားစေသည့် စွမ်းအားလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

ပြောစရာပင်မလိုချေ။ ထိုနေရာကို ခြေချလိုက်သည်နှင့် ဒဏ္ဍာရီလာ အမတနယ်မြေသို့ ရောက် ရောက်ရှိသွားမည်မှာ မုချမလွဲပင်။

“ မဟာလမ်းစဉ်၏ခရီးစဉ်သည် ဝေးလံကာ ဆန်းကြယ်၏ ၊ မည်သည့်နှစ်တွင် ပြန်လာမည်ကိုပင် မသိနိုင်လေသည်...”

စူးချန်ကဲ၏ စကားသံအဆုံးတွင် ၊

သူ၏ ‌ ကျောနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ချန်ကဲက အမတ ဖြစ်သွားပြီဆိုတော့ ပုံစံဟောင်းကြီးတွေကို အတုခိုးနေပြီပေါ့လေ ~ မမရဲ့ နုနယ်တဲ့ နှလုံးသားတော့ ကုန်ဆုံးသွားပြီနဲ့ တူပါတယ်!”

ထိုစကားများကို ကြားလိုက်ရသည်နှင့် ၊

စူးချန်ကဲ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် လှစ်ဟသွားသည်။

နောက်ပြန်လှည့်ကြည့်လိုက်ရာ၊ သူနှင့်ရင်းနှီးကျွမ်းဝင်သော ပုံရိပ်များသည် သူ့ဆီသို့ ချဉ်းကပ်လာနေသည်။

အမျိုးသားများသည် ခန့်ညားချောမောလှပြီး၊ အမျိုးသမီးများသည် တိုင်းပြည်အလှဟု တင်စားရပေမည်။ သူတို့၏ ခန္ဓာကိုယ် ဘေးပတ်ပတ်လည်တွင် နတ်အလင်းများက ဝန်းရံကာ တဖိတ်ဖိတ် တောက်ပလို့နေသည်။

သွားလာလှုပ်ရှားမှုတိုင်းက ပြီးပြည့်စုံပြီး ၊ မဟာလမ်းစဉ်၏ အနှစ်သာရများဖြင့် ပြည့်နှက်နေသော ရောင်ဝါများ ဖြာထွက်လျက်ရှိသည်။

၎င်းတို့မှာ စစ်မှန် အမတအဆင့်သို့ တတ်လှမ်းသွားခဲ့ပြီ ဖြစ်သော တိ့ကျန့် မဟာဧကရာဇ်မင်း ၊ ရွှမ်ယွီဧကရီ ၊ ဟွမ်ထျန်း မဟာဧကရာဇ်မင်း စသည့် ကွေးယွမ် သူတော်စင် နယ်မြေ၏ အထွတ်အထိပ်ရောက် မဟာဧကရာဇ်မင်းများပင် ဖြစ်ပေသည်။

All Chapters