အခန်း (၆၂၁-၆၂၄)
Vol. 47 Ch. 621-624
အပိုင်း(၆၂၁): အမတနယ်မြေရှိ စံချိန်ထက် သာလွန်သောစွမ်းအား ၊ ထိတ်လန့်တုန်လှုပ်သွားကြသည့် နတ်ဘုရားတရားစီရင်ရေးအဖွဲ့ (Part -1)
သူတို့မျက်စိရှေ့ကကမ္ဘာကြီးသည် အထက်အောက်လှန် ပြောင်းလဲသွားပြီး ၊ နိယာမစွမ်းအားများ ဆန်တက်လာသည်ကိုခံစားလိုက်ရသည်။
ကောင်းကင်နှင့်မြေကြီးကြားရှိ မြင်ကွင်းသည် တုနှိုင်း၍မရနိုင်လောက်အောင်ပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။
အလွန်တစ်ရာမျှ တောက်ပသော နေသုံးစင်းသည် ကောင်းကင်ယံ၌ ရုတ်တရက်ပင် ပေါ်ထွက်လာသည်။
နေသုံးစင်းမှ လျို့ဝှက်ဆန်းကြယ်သော ရောင်ဝါများ ဖြာကျနေသည်။
ဘယ်ဘက်တွင် မည်းနက်နေသော အနက်ရောင်နေတစ်စင်း ရှိပြီး ၊ အလယ်တွင် ရွှေဝါရောင် နေတစ်စင်းရှိသည်။ ညာဘက်တွင်မူ ၊ အဖြူရောင် နေတစ်စင်း ရှိနေခဲ့သည်။
ကမ္ဘာပေါ်တွင် ချိတ်ဆွဲထားသော နေသုံးစင်းသည် ဤစကြဝဠာကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ရှိနေသကဲ့သို့ပင်။
ဤပုံရိပ်ယောင်ကမ္ဘာလောကတွင် ပိတ်မိနေသော လူငယ်ပါရမီရှင်များကို ပို၍ ထိတ်လန့်သွားစေခဲ့သည့်အရာမှာ ၊
ဤတောက်ပသော နေသုံးစင်းကြားတွင် တင်ပျဉ်ခွေထိုင်လျက်ရှိသော ပုံရိပ်သုံးသဏ္ဍာန် ရှိနေခဲ့ခြင်း ဖြစ်သည်။
ဘယ်ဘက်ခြမ်းရှိ အနက်ရောင်နေမင်းကြီးပေါ်တွင် မိုးမြေတစ်ခွင်လုံးကို ဝါးမျိုပစ်နိုင်သည့် သမိုင်းတစ်လျှောက် စွမ်းအားအကြီးမားဆုံးသော နတ်ဆိုးကြီးတစ်ကောင် ထိုင်နေပုံရသည်။
အလယ်ဗဟိုရှိ ရွှေဝါရောင်နေမင်းကြီးပေါ်တွင် ဒေဝလောကတစ်ခွင်လုံးကို အမိန့်ပေးကာ အတုမရှိ စွမ်းအားများကို ပိုင်ဆိုင်ထားသော ထာဝရ ထျန်းတိ့တစ်ပါး ထိုင်နေပုံရသည်။
(T/N - ထျန်းတိ့ - ကောင်းကင်ဘုံတို့၏ ဧကရာဇ်တစ်ပါး )
ညာဖက်ဘက်ရှိ အဖြူရောင်နေမင်းပေါ်တွင် သက်ရှိသတ္တဝါအပေါင်း မော်ဖူးရသည့် သံသရာစက်ဝန်းကို အုပ်စိုးသော အမြင့်မြတ်ဆုံးနတ်ဘုရားတစ်ပါး ထိုင်နေပုံနှင့်တူသည်။
ဤကြီးမြတ်သော ပုံရိပ်သုံးသဏ္ဍာန်၏ ကြည့်ရှုမှုအောက်တွင်၊ ပုံရိပ်ယောင်ကမ္ဘာလောကထဲသို့ ဆွဲသွင်းခံလိုက်ရသော လူငယ်ပါရမီရှင်များစွာသည် စိတ်နှလုံးတုန်လှုပ်မှုကို ခံစားလိုက်ရသည်။
ဘယ်အချိန်ကမှန်းမသိ ၊ ၎င်းတို့၏ ဘေးပတ်လည်တွင် စုဝေးနေသော ရောင်ဝါများသည် တဖြည်းဖြည်း ပျောက်ကွယ်နေသည်။
အကြောင်းမှာ ဤမျက်ဝန်းသုံးစုံ၏ ကြည့်ရှုမှုအောက်တွင်၊ ၎င်းတို့၏ခုခံနိုင်စွမ်းမှာ လုံးဝ မရှိတော့ချေ။
ကြောက်ရွံ့တုန်လှုပ်နေကြပြီး ၊ သူတို့စိတ်ထဲ၌ နးမလည်နိုင်သော မေးခွန်းတစ်ခု ရှိနေခဲ့သည်။
သူတို့၏သခင်ငယ်သည် အမတလမ်းစဉ်ကို ကျင့်ကြံသူတစ်ဦး မဟုတ်ပေလော။သို့သော် သူသည် အဘယ်ကြောင့် နတ်ဆိုးနှင့် နတ်ဘုရားများ၏ ပုံရိပ်များကိုပါ ဖန်တီးနိုင်လေသနည်း။
…..
ဤပုံရိပ်ယောင်ကမ္ဘာလောကထဲသို့ ကျရောက်သွားသော တားမြစ် စူးမိသားစုမှ လူငယ်ပါရမီရှင်ဆယ်ဦးသည် ဖြူဖပ်ဖြူရော်မျက်နှာများဖြင့် ရှိနေကြသည်။
စူးချန်ကဲသည် ယခင်က အချိန်နှင့်အာကာသ မဟာလမ်းစဉ်ကို အသုံးပြုခဲ့သည်။ ယင်းက သူတို့ကို အံ့အားသင့် တုန်လှုပ်သွားစေခဲ့သည်။
အနည်းဆုံး သူတို့တားမြစ် စူးမိသားစုတွင်လည်း ထိုကဲ့သို့သော အချိန်နှင့်အာကာသ မဟာလမ်းစဉ်ကို ထိန်းချုပ်နိုင်သော ထျန်းမင် အမတ ဧကရာဇ်မင်း ရှိခဲ့ဖူးသည်။
သို့သော် ယခုတွင်မူ ၊ စူးချန်ကဲသည် အမတ ၊ နတ်ဘုရားနှင့်နတ်ဆိုး စသည့်လမ်းစဉ်သုံးရပ်၏ စွမ်းအားများကို ပေါက်ကွဲထုတ်လွှတ်ခဲ့သည်။ဤအဖြစ်အပျက်သည် သူတို့အတွက် တခါမျှပင် မကြားဖူးမမြင်ဖူးသော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
အမတလမ်းစဉ်ကို ကျင့်ကြံသူတစ်ဦးသည် အဘယ်ကြောင့် နတ်ဘုရားလမ်းစဉ်နှင့် နတ်ဆိုး လမ်းစဉ်တို့၏ စွမ်းအားများကိုပါ ဖန်တီးနိုင်လေသနည်း။
ထိုအချိန်တွင်၊
စူးချန်ကဲ၏ သိမ်မွေ့နူးညံ့သော အသံသည် ဤပုံရိပ်ယောင်ကမ္ဘာလောက အတွင်း၌ ပဲ့တင်ထပ်သွားသည်။
“ အားလုံး... ချန်ကဲက ဒီမဟာလမ်းစဉ်ရဲ့ ပင်ကိုယ်စွမ်းအားကို ပထမဆုံးအကြိမ် နားလည် သဘောပေါက်တာ ဖြစ်လို့ “
“တကယ်လို့များ မတော်တဆ လက်ဆပြင်းသွားခဲ့ရင် ၊ မင်းတို့အနေနဲ့ ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် “
စူးချန်ကဲပြောခဲ့သော ဤစကားများသည် အမှန်အတိုင်းပြောခြင်း ဖြစ်သည်။ ဤဖွဲ့စည်းပုံ၏ ထူးခြားသောပင်ကိုယ်စွမ်းရည်နှင့်ပတ်သတ်၍ သူကိုယ်တိုင်လည်း အပြည့်အဝ နားမလည်သေးပေ။
ဤသည်မှာ စူးချန်ကဲ မကြာသေးမီက ရရှိခဲ့သော အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားမှ နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။
ခန္ဓာကိုယ်အတွင်းရှိ အမတ၊ နတ်ဆိုးနှင့် နတ်ဘုရား ဤသုံးမျိုးသော စွမ်းအားများကို အတူတကွ ပေါင်းစည်းခြင်းဖြင့် ၊ စိတ်နှလုံးသားထဲတွင် စိတ်ကူးစိတ်သန်းဖြင့် ပုံဖော်ကာ အစစ်အမှန်ဖြစ်လာစေသည်။
ဥပမာအားဖြင့် ၊ အမတကျင့်ကြံသူတစ်ဦးသည် ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ အမတ အလိုဆန္ဒကို ထိန်းချုပ်ကာ အမတ ဧကရာဇ်မင်း၏ ပုံရိပ်အဖြစ်သို့ ပြောင်းလဲနိုင်သည်။ သို့ရာတွင် ၊ ဤသို့ပြုလုပ်ရန် အလွန်မြင့်မားသော ပါရမီနှင့် လမ်းစဉ်အပေါ် အလွန်နက်ရှိုင်းသော နားလည်နိုင်စွမ်း လိုအပ်သည်။
စူးချန်ကဲသည် ဤသို့ ပြုလုပ်နိုင်ခဲ့ခြင်း၏ ပထမအကြောင်းရင်းမှာ သူ၏ ပါရမီသည် အလွန်မြင့်မားသောကြောင့် ဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ ကွေးယွမ်အမတဂိုဏ်း နှင့် တားမြစ် စူးမိသားစုကဲ့သို့သော နောက်ခံမျိုးကို ပိုင်ဆိုင်ထားသောကြောင့် ၊ ၎င်းတို့၏အကူအညီဖြင့် သူသည် မဟာလမ်းစဉ်ကို ပိုမိုမြန်ဆန်စွာ နားလည်သဘောပေါက်နိုင်ခဲ့ပြီး လမ်းလွဲမှုများစွာမှ ရှောင်ရှားနိုင်ခဲ့သည်။
သို့ရာတွင်၊ ဤထူးခြားသော ပုံရိပ်ယောင်ကမ္ဘာလောက၏ လုပ်ဆောင်နိုင်စွမ်းကို သူကိုယ်တိုင်ပင် အပြည့်အဝနားမလည်သေးပေ။
“ကိုယ့်ရဲ့ နတ်အသိစိတ်ကို ထည့်သွင်းပြီး ဒီပုံရိပ်သုံးသဏ္ဍာန်ကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်ရင် ဘယ်လိုများဖြစ်သွားမလဲ”
စိတ်ထဲတွင် ထိုသို့ဆုံးဖြတ်ချက်ချကာ ၊ စူးချန်ကဲသည် သူ၏လက်ချောင်းများဖြင့် လျှို့ဝှက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။
နတ်အသိစိတ်သုံးခုသည် သူ၏လက်ချောင်းထိပ်များမှ တိုက်ရိုက်ထွက်လာပြီး ၊ အဆိုပါ ပုံရိပ်သုံးသဏ္ဍာန်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။
“ထုတ်!”
ဝီ____!!
စူးချန်ကဲ၏ ရေရွတ်သံ အပြီးတွင် ၊ဤကမ္ဘာ၌ တည်ရှိနေသော နေသုံးစင်းသည် ရုတ်တရက် ပို၍တောက်ပသော အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာသည်။
ရောင်စုံအလင်းတန်းများက ၎င်းတို့ကို ဗဟိုပြုလျက်၊ ရေလှိုင်းများသဖွယ် လေးဘက်လေးတန် ပျံ့နှံရိုက်ခတ်သွားသည်။
ခဏအတွင်းမှာပင်၊ အမတ ၊ နတ်ဘုရားနှင့် နတ်ဆိုးစသော လမ်းစဉ်သုံးရပ်၏စွမ်းအားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အဖျက်စွမ်းအားမြစ်ရေစီးကြောင်းသည် ဤပုံရိပ်ယောင်ကမ္ဘာလောက အတွင်း၌ ပုံသဏ္ဍာန်တစ်ခုအဖြစ် ထွက်ပေါ်လာသည်။
ထို့နောက်တွင် ၊ အဖျက်စွမ်းအားမြစ်ရေစီးကြောင်းပေါ်တွင် ကြီးကျယ်ခမ်းနားသော မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုံသဏ္ဍာန်သုံးခု ပေါ်ထွက်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
ထိုပုံရိပ်များသည် နိယာမလှိုင်းတံပိုးများပေါ် တွင် ခြေချကာ လျှောက်လှမ်းလာသည်။ နေ နှင့် လတို့၏ အလှည့်အပြောင်းသည် ၎င်းတို့အပေါ်တွင် အနည်းငယ်မျှပင် သက်ရောက်မှု မရှိပုံရသည်။
၎င်းတို့၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းတွင် လောကကြီးတစ်ခုလုံးကို အုပ်စိုးနိုင်သော ထာဝရမပျက်စီးနိုင်သည့် အမြင့်မြတ်ဆုံး ဘုန်းတန်ခိုးများ ရှိနေသည်။
ယခင်က နေသုံးစင်းပေါ်တွင် ရှိနေသော ထိုကြီးမြတ်သော ပုံရိပ်များသည် အသက်ဝင်လာသကဲ့သို့ ဤအခိုက်အတန့်တွင် လုံးဝနိုးထလာပုံရသည်။
“ ဒါက... ဒါ ဘယ်လိုအတတ်ပညာလဲ !?”
ခေါင်းဆောင်ဖြစ်သူ စူးယွမ်သည် ထိန်းမနိုင်သိမ်းမရ ဟစ်အော်လိုက်မိသည်။
အမတ ၊ နတ်ဘုရား နှင့် နတ်ဆိုးတို့၏ ပုံရိပ်များကို ဆင့်ခေါ်ခဲ့ပြီး ၊ အဆုံးတွင် ၎င်းတို့ကို လှုပ်ရှားနိုင်အောင် အသက်သွင်းခဲ့လေသလော။
ဤမျှ ထိတ်လန့်စရာကောင်းသော မြင်ကွင်းသည် တားမြစ် စူးမိသားစုမှ လူငယ်ပါရမီရှင် ဆယ်ဦးကို ငေးမောသွားစေပြီး ၊ ၎င်းတို့၏ ခန္ဓာကိုယ်များပင် တုန်ယင်လျက်ရှိသည်။
ဆက်လက်၍ တိုက်ခိုက်မည်ဆိုပါက၊ အရူးတစ်ယောက်၏ လုပ်ရပ်နှင့် တူပေတော့မည်။
တားမြစ် စူးမိသားစုမှ လူငယ်ပါရမီရှင်ဆယ်ဦးသည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်နှာများပေါ်တွင် ခါးသက်မှုများဖြင့် ပြည့်နှက်နေလေ၏။
တဖက်လူသည် အမတ ၊ နတ်ဘုရားနှင့် နတ်ဆိုးစသည့် လမ်းစဉ်သုံးရပ်၏ စွမ်းအားများကိုပင် ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ရာ ၊ ဆက်လက် တိုက်ခိုက်ရန် မလိုတော့ချေ။
ဒါသာမန်လူတစ်ယောက်က စိန်ခေါ်နိုင်တဲ့အရာမဟုတ်ဘူး !
“ ချန်ကဲ သခင်ငယ်ရဲ့ သွန်သင်ဆုံးမမှုအတွက် ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်တို့ အရှုံးပေးလိုပါတယ် “
……..
တစ်ချိန်တည်းမှာပင်။
ပုံရိပ်ယောင်ကမ္ဘာလောကထဲသို့ ဆွဲခေါ်ခံလိုက်ရသော တားမြစ် စူးမိသားစု၏ အကြီးအကဲများသည်လည်း ဤဆန်းကြယ်သော အင်အားကို ခံစားမိကြသည်။
“ဟမ်.... ငါ ဘာကြောင့်များ ဒီလောက်ထိဆန်းကြယ်ပြီး ထူးဆန်းတဲ့စွမ်းအင်အငွေ့အသက်ကို ခံစားနေရပါလိမ့်...”
“ချန်ကဲရဲ့ ခန္ဓာကိုယ်မှာ အမတစွမ်းအင်အပြင် နတ်ဘုရားနဲ့ နတ်ဆိုးစွမ်းအင်တွေပါ ရှိနေသလိုပဲ “
တားမြစ် စူးမိသားစု၏ အကြီးအကဲများစွာသည် ထိတ်လန့်တုန်လှုပ်နေကြပြီး ၊ ရွှမ်ယွမ် အမတဧကရာဇ်မင်းပင် အမူအရာများ ပြောင်းလဲနေသည်။
“ နတ်ဘုရား ၊ နတ်ဆိုး ၊ အမတလမ်းစဉ်သုံးရပ်ရဲ့ စွမ်းအင်အငွေ့အသက်တွေပါ့လား “
“ဒါ ဖြစ်နိုင်ရဲ့လား?”
သူ့အနေဖြင့် မယုံကြည်နိုင်ဖြစ်လို့နေသည်။ ထိုအရာကို စစ်ဆေးရန် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်အသိစိတ်ကို ထုတ်လွှတ်ကာ ဂရုတစိုက် စူးစမ်းလေ့လာသည်။
သို့ရာတွင် ၊ ထိုအရာကို ပို၍ခံစားမိသည်နှင့်အမျှ ပို၍ ကြောက်လန့်တုန်လှုပ်လာခဲ့သည်။
“ချန်ကဲက အမတလမ်းစဉ် ကျင့်ကြံသူမဟုတ်ဘူးလား “
“ ဘယ်လိုလုပ်ပြီး နတ်ဘုရားနဲ့ နတ်ဆိုးရဲ့ စွမ်းအားတွေကိုတောင် ထိန်းချုပ်နိုင်ရတာလဲ!?”
တားမြစ် စူးမိသားစု၏ အကြီးအကဲများသည် သူသူကိုယ်ကိုယ် အံ့အားသင့်နေကြသည့် အခိုက်အတန့်တွင် ၊
စူးချန်ကဲသည် ထိုစွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်ပြီးဖြစ်ရာ နတ်ဘုရား၊ နတ်ဆိုးနှင့် အမတလမ်းစဉ် သုံးရပ်၏ စွမ်းအားများသည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
သို့ရာတွင်၊ ထိုပုံရိပ်ယောင်ကမ္ဘာလောကထဲသို့ ဆွဲခေါ်ခံခဲ့ရသော လူငယ်ပါရမီရှင်များမှာမူ ၊ ယခုထိတိုင် ကျောက်ရုပ်များကဲ့သို့ ငေးမောနေကြဆဲပင် ဖြစ်သည်။
စောနက မှော်ဆန်လှသော မြင်ကွင်းသည် သူတို့ကို အနည်းငယ် မှင်တက်သွားစေသည်။ သတိပြန်ကပ်လာသော်လည်း ၊ ပုံရိပ်ယောင် နှင့် အဖြစ်မှန်ကို ပိုင်းခြားရန် ခက်ခဲနေဆဲပင် ဖြစ်သည်။
“ချန်ကဲ သခင်ငယ်က ...တကယ့်ကို လူ့ဘီလူးတစ်ကောင်ပဲ!”
အပိုင်း(၆၂၁): အမတနယ်မြေရှိ စံချိန်ထက် သာလွန်သောစွမ်းအား ၊ ထိတ်လန့်တုန်လှုပ်သွားကြသည့် နတ်ဘုရားတရားစီရင်ရေးအဖွဲ့ (Part -2)
တစ်ချိန်တည်းမှာပင်။
ပရမ်းပတာကြယ်နယ်မြေရှိ လျှို့ဝှက် ကမ္ဘာလောကတစ်ခုအတွင်း၌ ၊
အဆုံးမရှိသော နတ်ဘုရားနှင့် နတ်ဆိုးစွမ်းအင်များသည် မိုးကောင်းကင်တစ်ခွင်တွင် လှိုင်းထနေပြီး ၊ နှင်းဆီရောင်တိမ်တိုက်များ၏ အလယ်၌ နန်းဆောင်မျှော်စင်အမျိုးမျိုးတို့သည် တစ်ခုနှင့်တစ်ခု ဆင့်ကဲထပ်လျက် ရှိနေသည်။
ဤအဆောက်အဦးများသည် ခမ်းနားထည်ဝါလှပြီး၊ ကြည်နူးဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခုအဖြစ် ဖန်တီးပြနေသည်။
ဤသည်မှာ နတ်ဘုရားတရားစီရင်ရေးအဖွဲ့ တည်ရှိရာ ကမ္ဘာလောကပင် ဖြစ်သည်။
သို့သော် ဆွဲဆောင်မှုအရှိဆုံးအရာမှာ အဆိုပါနယ်မြေ၏ အလယ်ဗဟိုတွင် ကောင်းကင်သို့ ထိုးဖောက်ဝင်ရောက်လျက်ရှိသော ကျောက်တိုင်ကြီးပင် ဖြစ်ပြီး ၊ ထိုကျောက်တိုင်ပေါ်တွင် လုံးဝကွဲပြားခြားနားသော နေနှစ်စင်းသည် ပြိုင်တူပွင့်လန်းလို့နေသည်။
နေတစ်စင်းသည် စကြ၀ဠာ၏ တွင်းနက်ကြီးကဲ့သို့ပင် နက်ရှိုင်းစွာ မှောင်မိုက်နေသည်။
နောက်တစ်စင်းသည် နေ့ခင်းဘက်သဖွယ် ထိန်လင်းတောက်ပနေသည်။
အဆိုပါ ကျောက်တိုင်ကြီး၏ တဖက်တချက်စီတွင် အလွန်တရာမျှ ကြီးကျယ်ခမ်းနားသော ကျောက်ရုပ်ထု နှစ်ခုကို ထုဆစ်ထားသည်။
တစ်ခုသည် အနက်ရောင်ဖြစ်ပြီး၊
နောက်တစ်ခုသည် အသန့်စင်ဆုံးသော အဖြူရောင်ဖြစ်သည်။
အနက်ရောင်ကျောက်ရုပ်ထု၏ ခန္ဓာကိုယ်ပေါ်တွင် အန္တရာယ်ရှိသော နတ်ဆိုးစွမ်းအားများ ဖြာထွက်နေပြီး ၊ ကုန်ခန်းခြင်းမရှိသော မှော်သင်္ကေတတို့သည် ကျီးတစ်ကောင်၏ အမွှေးတောင်ပံကဲ့သို့ ၎င်း၏ ဘေးပတ်ပတ်လည်တွင် လှိုင်းထနေလေ၏။ ဤအခြင်းအရာသည် အလွန် အန္တရာယ်ရှိသော ဖြားယောင်းမှုတစ်ရပ်ကို ဆောင်ကြဉ်းပေးနေသဟန်နှင့် တူသည်။
အဖြူရောင်ကျောက်ရုပ်ထု၏ ခန္ဓာကိုယ်ပေါ်တွင် စင်ကြယ်ပြီး မြင့်မြတ်သော နတ်ဘုရားစွမ်းအားများ ဖြာထွက်နေပြီး ၊ အဆုံးမရှိသော မှော်သင်္ကေတများသည် စကြဝဠာတစ်ခွင်ရှိ ယုံကြည်ကိုးကွယ်ခြင်းကို ခံယူနေသော ပျော်မြူးခုန်ပေါက်နေသည့် နတ်သူငယ်များကဲ့သို့ ဝန်းရံလျက်ရှိသည်။
ဤကျောက်ရုပ်ထု နှစ်ခုသည် ကောင်းကင်နှင့်မြေကြီးရှိ နတ်ဘုရားနှင့် နတ်ဆိုးများ၏ ပုံရိပ်ကို ကိုယ်စားပြုသည်။
ရှန်းမော်ကောင်းကင် မျှော်စင်၊
နတ်ဘုရားတရားစီရင်ရေးအဖွဲ့၏ ဗဟိုဆောင်၊
တစ်စုံတစ်ရာကို ခံစားမိသကဲ့သို့ ဟိုးအတွင်းကျသော နေရာတွင် တင်ပြင်ခွေထိုင်လျက်ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် ရုတ်တရက် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
ကျားမ ခွဲခြားမရသောအသံသည်လည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
“ နတ်ဘုရားနဲ့ နတ်ဆိုး စွမ်းအင်လား...”
“ ငါတို့ နတ်ဘုရားတရားစီရင်ရေးအဖွဲ့က မဟုတ်ဘဲ ဘာလို့ အခြားနေရာကနေ ထွက်ပေါ်လာတာလဲ “
အမှန်တွင်၊ စူးချန်ကဲသည် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားကို အသုံးပြုခဲ့စဉ်က ထုတ်လွှတ်ခဲ့သော စွမ်းအားကို ထိုအနှီပုဂ္ဂိုလ်မှ အာရုံခံမိသွားပြီး နိုးထလာခဲ့ခြင်းဖြစ်သည်။
သူသည် လာရာရင်းမြစ်ကို စူးစမ်းရှာဖွေရန် ကြိုးစားခဲ့သော်လည်း၊ လွန်စွာ အားကောင်းသော စွမ်းအားတစ်ခု၏ ဟန့်တားခြင်းကိုခံခဲ့ရသောကြောင့် သူသည် ဆက်လက်ရှာဖွေစစ်ဆေးရန် မတတ်စွမ်းနိုင်ခဲ့ပေ။
ယင်းက သူ့ကို အတော်လေး စိတ်ပျက်သွားစေခဲ့သည်။ လက်ရှိတွင် သူ၏ကျင့်ကြံဆင့်သည် အမတနယ်မြေ တစ်ခုလုံးတွင် ပိရမစ်၏ထိပ်ဆုံးစာရင်းထဲတွင် ရှိသည်ဟု ယူဆနိုင်သည်။
သူ၏ မွေးရာပါ ကောင်းကင်နတ်ဘုရား ကိုယ်ထည်၏ အကူအညီဖြင့် ၊ သူ၏ နတ်အသိစိတ်ဖြင့် စူးစမ်းရှာဖွေမှုသည် သာမန်လူသားများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည်ဟု ဆိုရမည်။
မည်သူကများ သူ၏ စူးစမ်းရှာဖွေမှုကို တားဆီးနိုင်ခဲ့လေသနည်း။
“ နောက်ဆုံး ထုတ်လွှတ်ခဲ့တဲ့ စွမ်းအင်အရင်းအမြစ်အရ.... အဲ့တာက ဟွမ်ကျီအမတနယ်မြေရဲ့ ဦးတည်ဘက်မှာပဲ “
“ မဟုတ်မှလွဲရော တားမြစ် စူးမိသားစုက ကောင်တွေနဲ့ ဆက်စပ်နေပြန်ပြီလား “
သို့သော် သူသည် ထိုခန့်မှန်းချက်ကို ချက်ချင်း ပယ်ချလိုက်သည်။
တားမြစ် စူးမိသားစုတွင် ကောင်းကင်ကို ထိုးဖောက်နိုင်သော စွမ်းရည်များရှိသည်ဆိုတောင် ၊ ဤကဲ့သို့ နတ်ဘုရားနှင့်နတ်ဆိုးစွမ်းအားများကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
နတ်ဘုရားတရားစီရင်ရေးအဖွဲ့ဆိုသည်မှာ ကမ္ဘာဦးအစတွင် နတ်ဘုရားနတ်ဆိုး အယောက်သုံးထောင်ဖြင့် တည်ထောင်ခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အမတနယ်မြေတစ်ခုလုံးတွင် ၊ သူတို့ နတ်ဘုရားတရားစီရင်ရေးအဖွဲ့မှအပ နတ်ဘုရားနှင့်နတ်ဆိုးစွမ်းအားများကို မည်သူမှ ထိန်းချုပ်နိုင်မည် မဟုတ်။
ထို့အပြင်၊ နတ်ဘုရားနှင့်နတ်ဆိုးစွမ်းအား နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလိုပါက ၊ အနည်းဆုံး ရှန်းမောနှလုံးသား ရှိရန်လိုအပ်သည်။
သူတို့၏ နတ်ဘုရားတရားစီရင်ရေးအဖွဲ့ တစ်ခုလုံးတွင် ရှန်းမောနှလုံးသားရှိသော စွမ်းအားရှင် သို့မဟုတ် ပါရမီရှင်များမှာ စုစုပေါင်း အယောက်၃၀ကျော်မျှသာ ရှိသည်။
ထိုအနှီပုဂ္ဂိုလ်မှ အတွေးများနေတုန်း ၊
ရုတ်တရက်၊ ဝေးကွာသော အာကာသဟင်းလင်းပြင်မှ ပဲ့တင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ရှန်းဝူရှန်း ၊ ငါ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်က ဆက်ခံသူကို သတ်မှတ်ပြီးသွားပြီ ၊ မင်းရဲ့ ကောင်းကင်နတ်ဘုရား မျိုးနွယ်စုက ဆက်ခံသူကို အခုထိ မသတ်မှတ်ရသေးဘူးလား!?”
“ဟားဟားဟားဟား... နောက်မျိုးဆက်ကျရင် နတ်ဘုရားတရားစီရင်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ရာထူးက ငါ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်စုရဲ့ လက်ထဲမှာပဲ ရှိတော့မယ်နဲ့တူတယ်!”
အသံလားရာကို ကြည့်လျှင်ဖြင့် ၊
နတ်ဆိုးစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်ပြင်ကြီးကို မြင်တွေ့ရပေမည်။
ပြင်းထန်သော နတ်ဆိုးစွမ်းအင်များကို ထုတ်လွှတ်နေသော အသွင်ပုံရိပ်တစ်ခုသည် ကောင်းကင်ပြင်ကို ဖြတ်ကျော်ကာ ရှန်းဝူရှန်းထံသို့ ဦးတည်လာနေသည်။
၎င်း၏ အရွယ်အစားသည် ကြီးမားပြီး၊ မျက်ဝန်းများသည် မည်းနက်နေသည်။ ဒါတင်မက ၊ လူကို ကြောက်ရွံ့တုန်လှုပ်သွားစေမည့် ရောင်ဝါများကို ထုတ်လွှတ်နေသည်။
နတ်ဘုရားတရားစီရင်ရေးအဖွဲ့ဟူသည် ကမ္ဘာဦးကာလအတွင်း နတ်ဘုရားနတ်ဆိုး အယောက်သုံးထောင်တို့က စုပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ၊ ခေတ်ကာလများစွာ ကုန်ဆုံးလာသည်နှင့်အမျှ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတတ်မှုများကို ကျော်ဖြတ်ရင်း ၎င်းတို့၏ သွေးသားများမှာ တဖြည်းဖြည်း ကျဲတောက်လာသည်။
နောက်ဆုံးတွင် ကောင်းကင်နတ်ဘုရားနှင့် ကောင်းကင်နတ်ဆိုးဟူသော မျိုးနွယ်နှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ရှန်းဝူရှန်းသည် ကောင်းကင်နတ်ဘုရားမျိုးနွယ်စု၏ ခေတ်ပြိုင်ခေါင်းဆောင်ဖြစ်ပြီး၊ ၎င်း၏ ထက်မြက်သော အရည်အချင်းများကြောင့် ယနေ့ခေတ် နတ်ဘုရားတရားစီရင်ရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
နတ်ဆိုးစွမ်းအင်များကို ဖြန့်ကျတ်လျက် ဤနေရာသို့ ရောက်ရှိလာသူမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်စု၏ ခေတ်ပြိုင်ခေါင်းဆောင် မော်ဝူတောက်ပင် ဖြစ်သည်။
“ဟားး... ဒီတစ်ကြိမ်မှာတော့ မင်းရဲ့ကောင်းကင်နတ်ဆိုးမျိုးနွယ်စုက ကံကောင်းသွားပြီပဲ ၊ ရှန်းမော်နှလုံးသားရဲ့ သန္ဓေကွဲ ဖြစ်တဲ့ မရဏရှန်းမော်နှလုံးသား ထွက်ပေါ်လာခဲ့တယ်”
နတ်ဘုရားတရားစီရင်ရေးအဖွဲ့၏ စစ်မှန်သော ခေါင်းဆောင်တစ်ဦးဖြစ်လိုပါက အနည်းဆုံး ရှန်းမော်နှလုံးသားရှိရမည်။ အဘယ်ကြောင့်ဆိုသော် ရှန်းမော်နှလုံးသားကို ပိုင်ဆိုင်ထားမှသာလျှင် ၊ နတ်ဘုရားနှင့် နတ်ဆိုးစွမ်းအင်နှစ်မျိုးစလုံးကို အသုံးချနိုင်မည် ဖြစ်သည်။
နတ်ဘုရား သို့မဟုတ် နတ်ဆိုးစွမ်းအင်တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်ပါက ၊ အဓိပ္ပာယ်မရှိချေ။
“မင်း နိုးထလာရတဲ့ အကြောင်းရင်းက ခုနက ထူးဆန်းတဲ့စွမ်းအင်ကို အာရုံခံမိလို့ပဲ မဟုတ်လား”
မော်ဝူတောက်သည် အပြုံးမပျက် ဆိုလိုက်သည်။
“ ဟွမ်ကျီအမတနယ်မြေဘက်ကနေ လာသလိုပဲ ၊ ရှန်းမော်နှလုံးသားရဲ့ သန္ဓေကွဲတစ်ခု ဖြစ်နိုင်တယ် “
“မှန်တယ်၊ ငါလည်း စစ်ဆေးဖို့လုပ်ခဲ့ပေမယ့် သူ့ရဲ့ ဇစ်မြစ်ကို ရှာမတွေ့ခဲ့ဘူး “
“ တကယ်ကြီးလား...မင်းတောင် ရှာမတွေ့ဘူးလား”
မော်ဝူတောက်သည် မယုံကြည်နိုင်ဟန်ဖြင့် ဆိုလိုက်သည်။
သို့ရာတွင် သူ စကားဆက်မပြောရသေးခင် ၊ ရှန်းဝူရှန်းသည် အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
“ဖြစ်နိုင်တာကတော့ နတ်ဘုရားနဲ့နတ်ဆိုးစွမ်းအင်ရှိတဲ့ ရတနာတစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က သိမ်းယူသွားတာပဲ ဖြစ်ရမယ်”
အပိုင်း(၆၂၂): နတ်ဘုရားတရားစီရင်ရေးအဖွဲ့က မျက်စိကျလာခဲ့ရင် ၊ ချေမှုန်းပစ်ရုံပေါ့
ရှန်းဝူရှန်းသည် ရိုးရှင်းသော အကြောင်းပြချက်တစ်ခုကို ရွေးထုတ်ကာ ဖြေသိမ့်လိုက်သည်။
သူသည် တားမြစ် စူးမိသားစုနှင့်ပတ်သတ်၍ သံသယရှိသည်ကို အဘယ့်ကြောင့် ထုတ်မပြောခဲ့သနည်း။
အကြောင်းမှာ မော်ဝူတောက်သည် သူ့အမြင်တွင် တဇွတ်ထိုးလုပ်တတ်သော လူကြမ်းကြီးတစ်ဦးဖြစ်နေသောကြောင့်ပင်။
နတ်ဆိုးလမ်းစဉ်ကို ကျင့်သုံးပြီး နတ်ဆိုးစွမ်းအင်များက သူ၏ ခန္ဓာကိုယ်အတွင်းထဲသို့ ဝင်ရောက်နေသောကြောင့် သူ၏ စိတ်နေစိတ်ထားသည် ပေါက်ကွဲမြန်ပြီး တဇွတ်ထိုးလုပ်တတ်သည်။
အကယ်၍ သူသည် တားမြစ် စူးမိသားစုနှင့်ပတ်သတ်၍ သံသယရှိကြောင်း ထုတ်ပြောမိခဲ့ပါက၊ ဤလူကြမ်းကြီးသည် လူများစေလွှတ်၍ စုံစမ်းရန် နည်းလမ်းရှာမည်မှာ သေချာသည်။
လက်ရှိအခြေအနေအရ နတ်ဘုရားတရားစီရင်ရေးအဖွဲ့၏ တည်ရှိမှုကို ထုတ်ဖော်မိပါက ၊ သူတို့၏ အစီအစဉ်သည် အပြီးအပိုင် ရှုံးနိမ့်နိုင်ချေရှိသည်။
“ဒါပေမဲ့ မကြာတော့ပါဘူး ၊ စမ်းသပ်မှုက အောင်မြင်တော့မယ် ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသား ဒီကမ္ဘာကြီးထဲ ထွက်ပေါ်လာတော့မယ်....”
ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသား ဆိုသည်မှာ-
ယခင်က ရှစ်ထျန်းတိ့ ပြောခဲ့ဖူးသော ရှေးဟောင်းစမ်းသပ်မှုကို ရည်ညွှန်းသည်။
ရှန်းမော်နှလုံးသား ပိုင်ဆိုင်သူများထံမှ သန့်စင်သောသွေးအနှစ်သာရကို ထုတ်ယူပြီး၊ ထူးချွန်ထက်မြက်သော ပါရမီရှင်များထံ ပေါင်းစပ်ထည့်သွင်းကာ အထူးနည်းလမ်းများကို အသုံးပြုခြင်းဖြင့် အခြားသန္ဓေကွဲတစ်ခုကို နိုးထလာအောင် ဖန်တီးခြင်းဖြစ်သည်။
ဤနှစ်ပေါင်းများစွာအတွင်း ၊ သူ၏ ကောင်းကင်နတ်ဘုရားမျိုးနွယ်စုသည် ဤအတွက် ကြီးမားသောတန်ကြေးများကို ပေးဆပ်ခဲ့ရသော်လည်း ၊ ကံကောင်းထောက်မစွာဖြင့် အဆုံးတွင် အောင်မြင်မှုတစ်ခုရရှိခဲ့သည်။
ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသားသည် နတ်ဘုရားနှင့်နတ်ဆိုးတို့၏ စွမ်းအားများကို အသုံးချနိုင်ရုံသာမက၊ ဤကမ္ဘာလောကရှိ ကောင်းကင်လမ်းစဉ်၏ စွမ်းအားများကိုပါ ငှားရမ်းအသုံးပြုနိုင်သည်။
အထွတ်အထိပ်သို့ ရောက်ရှိပါက၊ အမတနယ်မြေရှိ ကောင်းကင်လမ်းစဉ်စွမ်းအားကိုပင် ငှားရမ်းအသုံးပြုနိုင်ပေလိမ့်မည်။
ဒါဘာကိုဆိုလိုတာပါလဲ!?
တစ်နည်းအားဖြင့် ၊ နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စွမ်းအားများသာမက အမတစွမ်းအင်ကိုပင် အသုံးပြုနိုင်မည်ဟု ဆိုလိုသည်။
ရှန်းဝူရှန်း၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွှတ်သွားသည်။
“ငါ့ရဲ့ ကောင်းကင်နတ်ဘုရားမျိုးနွယ်စုက နတ်ဘုရားတရားစီရင်ရေးအဖွဲ့ကို ဧကန်မုချ တစ်ဖန်ပြန်လည် ထွန်းတောက်နိုင်စေရမယ် “
အမတ ၊ နတ်ဘုရား နှင့် နတ်ဆိုးစသော ဤလမ်းစဉ်သုံးရပ်၏ စွမ်းအားများကို ပေါင်းစည်းခြင်းသည် မဟာလမ်းစဉ် သမိုင်းတစ်လျှောက် တစ်ခါမျှပင်မရှိဖူးသော အရာဖြစ်မည်ဟု သူ ရဲရဲကြီးအာမခံနိုင်သည်။
ထို့အပြင် ၊ သူ၏ ကောင်းကင်နတ်ဘုရား မျိုးနွယ်စုသာလျှင် ဤအရာကို အပြည့်အဝ ဖန်တီးနိုင်သည်။
သို့ရာတွင် သူ မသိခဲ့သည်မှာ၊ သူ ဂုဏ်ယူဝံ့ကြွားနေသော ကောင်းကင်လမ်းစဉ် ရှန်းမော်နှလုံးသားသည် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား နှင့် ယှဉ်လျှင်၊ အနိမ့်ဆုံး ကိရိယာတစ်ခုမျှသာပင်။
နတ်ဘုရားတရားစီရင်ရေးအဖွဲ့အနေဖြင့် ဤအရာကို နည်းနည်းမှ မျှော်လင့်ထားခဲ့လိမ့်မည် မဟုတ်။ အနာဂတ်တွင် နတ်ဘုရား နှင့် နတ်ဆိုးခေတ်သည် အပြီးအပိုင် ကုန်ဆုံးသွားပြီး ၊ ဝတ်ရုံဖြူ အမျိုးသားတစ်ဦး ပေါ်ထွက်လာကာ ဒဏ္ဍာရီသစ်တစ်ခုကို ဖန်တီးခဲ့သည်။
နောက်ပိုင်းတွင် လောကသားများက ထိုအနှီပုဂ္ဂိုလ်အား နတ်ဘုရားနှင့်နတ်ဆိုးတို့၏ အရှင်သခင် ဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။
အမတ ၊ နတ်ဘုရားနှင့် နတ်ဆိုးစသည့် လမ်းစဉ်သုံးရပ်ကို ပေါင်းစည်းထားနိုင်သည့် ထိုအနှီပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် မဟာလမ်းစဉ်ပေါင်း သုံးထောင်စလုံး ဦးညွှတ်ရပေလိမ့်မည်။
…….
အခြားတစ်ဖက်တွင် ၊
တားမြစ် စူးမိသားစု ။
ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ရှန်းဝူရှန်း၏ စူးစမ်းမှုကို တားဆီးခဲ့ပြီး ၊ ထိုမှသာလျှင် သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်ခဲ့သည်။
“ ဟူး.... တကယ်ကို မျှော်လင့်မထားဘူး.... ချန်ကဲက ဒီလိုထူးခြားတဲ့ ကိုယ်ထည်မျိုးကို နိုးထအောင်လုပ်နိုင်မယ်လို့....”
“မဟာလမ်းစဉ် သုံးထောင်ကို မူလအရင်းအမြစ်အဖြစ် ပြောင်းလဲနိုင်တဲ့ တားမြစ်ကိုယ်ထည်ကို ပိုင်ဆိုင်ထားရုံတင်မကဘူး.... ခုလိုထူးကဲတဲ့ ဖွဲ့စည်းပုံကိုပါ နိုးထအောင်လုပ်နိုင်ခဲ့တယ် ...”
စူးချန်ကဲကို ကြည့်ရင်း ၊ ရွှမ်ယွမ် အမတဧကရာဇ်မင်းခမျာ တစ်ခေါင်းလုံးပူထူနေသည်။
အမတ ဧကရာဇ်မင်းတစ်ပါး ဖြစ်သော သူပင်လျှင် ၊ စူးချန်ကဲသည် အနာဂတ်တွင် မည်သို့သောအောင်မြင်မှုများ ရရှိနိုင်မည်ကို မှတ်ချက်မပေးဝံ့ပေ။
ထို့အပြင်၊ စူးချန်ကဲကို မေးခွန်းထုတ်ပြီးနောက်တွင် သူတို့သည် စူးချန်ကဲ၏ အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားနှင့်ပတ်သတ်၍ အကြမ်းဖျင်း နားလည်သွားခဲ့သည်။
တားမြစ် စူးမိသားစု၏ အကြီးအကဲများစွာသည် လက်ရှိတွင် လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။
“ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ”
“တကယ်လို့ ငါ အမှတ်မမှားဘူးဆိုရင် ရှန်းမော်နှလုံးသားဆိုတာက နတ်ဘုရားတရားစီရင်ရေးအဖွဲ့ဝင်သာလျှင် ပိုင်ဆိုင်နိုင်တဲ့ ထူးခြားတဲ့ဖွဲ့စည်းပုံမဟုတ်လား!”
“ဘယ်လိုဖြစ်ပြီး ချန်ကဲမှာ ဒီလိုထူးကဲတဲ့ ဖွဲ့စည်းပုံက နိုးထလာရတာလဲ ၊ဒါက မဟာလမ်းစဉ်ရဲ့ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်လေ!”
“နတ်ဘုရားတရားစီရင်ရေးအဖွဲ့က ကောင်တွေက သေးသိမ်တဲ့ကောင်တွေပဲ ၊ အခုထိလည်း သူတို့အမြီးကို ဝှက်ထားပြီး လုံးဝထုတ်မပြသေးဘူး “
“ဘယ်လိုကိစ္စမဆို အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ ဆိုတဲ့ သူတို့ရဲ့ ခွေးနှစ်ကောင်ကိုပဲ လွှတ်ပြီး ဖြေရှင်းခိုင်းတယ်!”
“…….”
တားမြစ် စူးမိသားစု၏ အကြီးအကဲများစွာသည် သူသူကိုယ်ကိုယ် ဆွေးနွေးနေစဉ်အခိုက် ၊
ရွှမ်ယွမ် အမတဧကရာဇ်မင်းက ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်သည်။
“နတ်ဘုရားတရားစီရင်ရေးအဖွဲ့က ဘာမို့လို့လဲ ၊ ငါတို့တားမြစ် စူးမိသားစုက ကြောက်မှာတဲ့လား!?”
“အခုဆိုရင် ချန်ကဲက ငါတို့ တားမြစ် စူးမိသားစုရဲ့ သခင်ငယ်ဖြစ်နေပြီ၊ ဒီကောင်တွေ မဟုတ်တာကြံစည်ရဲရင် သူတို့အားလုံးကို ချေမှုန်းပစ်ရုံပေါ့ “
“ဒီလောက်နှစ်ပေါင်းများစွာ ငါတို့ တားမြစ် စူးမိသားစုက ဘယ်သူ့ကို ကြောက်ခဲ့ဖူးလို့လဲ “
ရွှမ်ယွမ် အမတဧကရာဇ်မင်း၏ လေသံထဲတွင် အတိုင်းမသိ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ဟာသပဲ !
သူ၏ ဖခင်သည် တားမြစ် စူးမိသားစုတစ်ခုလုံးတွင် အပြင်းထန်ဆုံးသော ရှေးဘိုးဘေးတစ်ဦး ဖြစ်သည်။
ဒါတင်မက ၊ အဘိုးဖြစ်သူမှာလည်း တားမြစ် စူးမိသားစုတစ်ခုလုံးတွင် အပြင်းထန်ဆုံးသော အဝေးဘိုးဘေးတစ်ဦး ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရသော် ၊ သူတို့၏မျိုးရိုး၊ စူးချန်ကဲ၏မျိုးရိုးသည် တားမြစ် စူးမိသားစုတွင် ပင်မသွေးကြောကြီးဟု ဆိုနိုင်သည်။
ယခုတွင်မူ၊ စူးချန်ကဲသည် စူးမိသားစုတစ်ခုလုံး၏ သခင်ငယ်တစ်ဦး ဖြစ်သည်။ အကယ်၍ နတ်ဘုရားတရားစီရင်ရေးအဖွဲ့မှ အဘိုးကြီးများသည် စူးချန်ကဲ၏ အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားကို မျက်စိကျပြီး စူးချန်ကဲအား အန္တရာယ်ပြုမည်ဆိုပါက၊
ဒါဆို သူတို့သည် စူးမိသားစုတစ်ခုလုံး၏ အင်အားကို အသုံးပြုကာ ချက်ချင်းလက်ငင်း ချေမှုန်းပစ်ပေမည်။
အကျိုးဆက်အနေဖြင့် အမတနယ်မြေများတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်သော်လည်း ၊ တားမြစ် စူးမိသားစုအတွက် ထိခိုက်မှုမရှိသလောက် နည်းသည်။ အမတနယ်မြေ ပျက်စီးသွားခဲ့မည်ဆိုတောင် ၊ ပြန်လည်တည်ဆောက်လို့ရသေးသည်။
ဒါဆို အမတနယ်မြေက သက်ရှိအပေါင်းတို့က ကိုယ့်ကျင့်တရားမရှိဘူးဆိုပြီး ရှုံ့ချကြရင်ရော ?
တားမြစ် စူးမိသားစုမှာ ကိုယ်ကျင့်တရားမရှိရင် ၊ ဘယ်သူကများ ကိုယ်ကျင့်တရားရှိရဲလဲ !
ထိုစကားများကို ကြားလိုက်ရချိန်တွင် ၊ အနည်းငယ် မသင့်တော်သော်လည်း စူးချန်ကဲ၏ စိတ်နှလုံးသားထဲတွင် နွေးထွေးသွားခဲ့သည်။
ဤမျှအားကောင်းသော နောက်ခံကို ပိုင်ဆိုင်ထားသရွေ့ သူသည် လုပ်ချင်တာမှန်သမျှ လုပ်နိုင်သည်။
“ဒါနဲ့ ချန်ကဲ၊ မင်းရဲ့ ဖွဲ့စည်းပုံ ပါရမီနဲ့ ပတ်သက်ပြီး ပိုပြီးနားလည်ချင်တယ် ၊ ပိုမိုများပြားတဲ့ မှော်စွမ်းအားတွေကို ရချင်သေးတယ်ဆိုရင်”
ထိုအချိန်တွင် ရွှမ်ယွမ် အမတဧကရာဇ်မင်းက ဆက်ပြောလိုက်သည် ။
“ သံသရာစက်ဝန်း အမတမင်းဆက်က သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်က မင်းအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်လိမ့်မယ်”
“သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်?”
စူးချန်ကဲသည် နားမလည်သည့်ဟန်ဖြင့် မေးခွန်းထုတ်လိုက်သည်။
“ သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်ဆိုတာက သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ အမွေအနှစ်တွေထဲက တစ်ခုပဲ”
“ တကယ်တော့ လူသားတွေက သံသရာ စက်ဝန်း နိယာမတရားတွေကို သိပ်နားမလည်ကြဘူး ၊ ဒီတိုင်း ယင်းယန်သံသရာစက်ကွင်းလို မွေးမယ် အိုမယ် နာမယ် သေမယ်ဆိုတာပဲ သိကြတာ “
“ ဒါပေမဲ့ တကယ်တော့ သံသရာစက်ဝန်းရဲ့ နိယာမတရားဟာ အတိတ်ကို ချိတ်ဆက်နိုင်ပြီး၊ အနာဂတ်ကို ဆက်သွယ်နိုင်တယ် ၊ သံသရာ စက်ဝန်းရဲ့ နိယာမတရားကို အမှန်တကယ် ထိန်းချုပ်နိုင်သူသာလျှင် မိမိကိုယ်ကို စဉ်ဆက်မပြတ် ဖြတ်ကျော်ပြီး စစ်မှန်တဲ့ ထာဝရပြန်လည်ဝင်စားခြင်းကို ရရှိနိုင်တယ် “
ရွှမ်ယွမ် အမတဧကရာဇ်မင်းက ဆက်ရှင်းပြသည်။
“သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်ဆိုတာက ကမ္ဘာဦိးအစမှာကတည်းက ဆင်းသက်လာတဲ့ အရာလို့ ပြောကြတယ် ၊ သူ့မှာ ပါဝင်တဲ့ သံသရာစက်ဝန်း နိယာမတရားတွေက စကြဝဠာမဖန်ဆင်းမီကတည်းက ရှိခဲ့တဲ့ ပြီးပြည့်စုံတဲ့ သံသရာစက်ဝန်း စွမ်းအားတွေကို အမွေဆက်ခံထားတာပဲ “
“မင်းသာ အဲ့ကို သွားရင် ၊ သေချာပေါက် အကျိုးရလဒ်ရှိလိမ့်မယ် “
သို့သော် ၊ နားလည်သဘောပေါက်ပြီးနောက်တွင် စူးချန်ကဲသည် အခက်တွေ့နေပုံရသည်။
သံသရာစက်ဝန်း အမတမင်းဆက်သည် သူ့အား ဝင်ခွင့်မပြုမည်ကို စိုးရိမ်နေပုံရသည်။
သို့သော်လည်း ၊ သူ့ဘက်မှ စကားမစရသေးခင်၊ ရွှမ်ယွမ် အမတဧကရာဇ်မင်း က အပြုံးမပျက် ဆက်ပြောလိုက်သည်။
“ ချန်ကဲ စိတ်မပူနဲ့၊ မင်းအမေရှိနေတာပဲ၊ သံသရာစက်ဝန်း အမတမင်းဆက်ထဲက ဘယ်သူကမှ မင်းကိုဘာမှမလုပ်ရဲဘူး “
ချန်ကဲ၏မိခင်သည် ဒေါသကြီးသူတစ်ယောက် ဖြစ်သည်ကို မည်သူကများ မသိရှိမည်နည်း။
သားဖြစ်သူအပေါ်တွင် အလွန်အမင်း အကာအကွယ်ပေးသူ ဖြစ်သည်။ သူမ၏သားသည် သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်ကို အသုံးပြုလိုပါက ၊
သံသရာစက်ဝန်း အမတမင်းဆက်တစ်ခုလုံးက ကန့်ကွက်ခဲ့ရင်တောင် ၊ ဒါဆို သူမသည် သံသရာစက်ဝန်း အမတမင်းဆက်တစ်ခုလုံးကို ဇောက်ထိုးမှောက်ခုံဖြစ်အောင် လုပ်ပစ်မည်ကို ကြောက်ရသည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် အနည်းငယ်တုန်လှုပ်သွားသည်။
“ကျွန်တော့်ရဲ့ အမေ....?”
ကမ္ဘာမြေပေါ်တွင် ကုန်လွန်ခဲ့သော စူးချန်ကဲ၏ အမှတ်တရများသည် ယခုဆိုလျှင် မှုန်ဝါးဝါးမှတ်ဉာဏ်များအဖြစ်သာ ကျန်ရှိတော့သည်။
သို့သော် “အမေ” ဟူသော စကားလုံးနှစ်လုံးသည် သူ၏စိတ်နှလုံးသားထဲ၌ ရင်းနှီးသောခံစားချက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
အပိုင်း(၆၂၃): သံသရာစက်ဝန်းအမတမင်းဆက်သို့ သွားရောက်ခြင်း
ထို့အပြင် မိခင်မေတ္တာသည်လည်း ဤလောကတွင် အကြီးမြတ်ဆုံးသော ခံစားချက်တစ်ခု ဖြစ်ပေသည်။
“ ချန်ကဲ.. အမေကလည်း မင်းကို အရမ်းလွမ်းနေတယ်”
ထိုအချိန်တွင် စူးယွင်ယွဲ့ သည် စူးချန်ကဲအနားသို့ ချဉ်းကပ်လာပြီး နူးညံ့စွာဖြင့် ပြောလိုက်သည်။
“အခု တားမြစ် စူးမိသားစုရဲ့ကိစ္စတွေလည်း ပြီးဆုံးသွားပြီ”
“အချိန်မဆွဲသင့်တော့ဘူး၊ အခုပဲ သံသရာစက်ဝန်း အမတမင်းဆက်ကို သွားပြီး အမေ့ကို အတူတူ သွားတွေ့ကြတာပေါ့ ဘယ်လိုလဲ “
ရုတ်တရက်ဆန်လွန်းသော အခြေအနေတစ်ခု ဖြစ်သွားသော်လည်း ၊ စူးချန်ကဲသည် မြန်မြန်ဆန်ဆန်ဖြင့် ခေါင်းညိတ်သဘောတူလိုက်သည်။
“ ကောင်းပြီ “
ထိုမြင်ကွင်းကြောင့် ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ကူကယ်ရာမဲ့စွာ ပြုံးရယ်လိုက်သည်။
ယခုလေးတင်မှ ရောက်ရှိလာသော တားမြစ် စူးမိသားစု၏ သခင်ငယ်လေးသည် ဖင်တောင်မပူသေးခင် ထပ်ထွက်သွားတော့မည်။
သို့သော်လည်း ၊ စူးချန်ကဲ၏မိခင်သည်လည်း သူနှင့် မရီးအစ်မတော်စပ်ပေရာ မိသားစုဝင်တစ်ဦးဟု ဆိုနိုင်သည်။ မိခင်တစ်ဦးသည် သူမ၏သားနှင့် တွေ့ဆုံလိုသည်မှာ သဘာဝကျပေသည်။
“ အဲ့လိုဆိုလည်း၊ မနက်ဖြန် ဧည့်ခံပွဲပြီးမှ ခရီးနှင်ကြပေါ့ “
“ လောစရာမလိုဘူး ၊ တားမြစ် စူးမိသားစုကနေ သံသရာစက်ဝန်း အမတမင်းဆက်ကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ အာကာသအစီအရင် ရှိပြီးသားပဲ “
“ သံသရာစက်ဝန်း အမတမင်းဆက်ကို သွားဖို့ စက္ကန့်ပိုင်းနဲ့တင် ရောက်တယ် “
ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲမှာ အနည်းငယ် အံ့ဩသွားသည်။
“အာကာသ အစီအရင် ?”
“စက္ကန့်ပိုင်းနဲ့တင် ? ဒီလောက်ထိ မြန်သလား”
သူသည် သံသရာစက်ဝန်း အမတမင်းဆက်၏ တည်နေရာကို ရောက်ရှိရန် နာရီပေါင်းများစွာ ကြာမြင့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ယခင်က လာရောက်ဂုဏ်ပြုကြသော အင်အားစုများထဲတွင် သံသရာစက်ဝန်း အမတမင်းဆက်မှ လူများကိုလည်း သူ မြင်တွေ့ခဲ့ရသည်မှာ အံ့ဩစရာမရှိတော့ချေ။
၎င်းတို့သည်လည်း ထိုသို့သော အာကာသအစီအရင်မှတစ်ဆင့် ရောက်ရှိလာကြပုံရသည်။
“ဟားဟား.. မကြာတော့ပါဘူး ကွေးယွမ်အမတဂိုဏ်းကလည်း ငါတို့ တားမြစ် စူးမိသားစုနဲ့ သံသရာစက်ဝန်း အမတမင်းဆက်မှာ အာကာသအစီအရင်တွေကို လာပြီး တည်ဆောက်ပေးတော့မှာ “
ထိုစဉ် ၊ ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ထပ်မံ ပြုံးရယ်ရင်း ဆိုလိုက်သည်။
“နောက်ပိုင်းကျရင် မင်း ကွေးယွမ်အမတဂိုဏ်းမှာ ကျင့်ကြံအားထုတ်မယ်ဆိုတောင် ၊ မင်း သတိရတဲ့အချိန်တိုင်း ငါတို့ တားမြစ် စူးမိသားစုကို အချိန်မရွေး ပြန်လာနိုင်ပြီ “
စူးချန်ကဲကြောင့် အင်အားစုကြီး သုံးဖွဲ့သည် အပြည့်အဝ ချိတ်ဆက်သွားခဲ့သည်။
ယခင်ကအတိုင်းသာဆိုလျှင်ဖြင့် ၊ ဤအရာသည် မတွေးဆဝံ့သော အရာပင်ဖြစ်သည် ။
ကွေးယွမ်အမတဂိုဏ်းနှင့် ဤမျှနက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိလာလိမ့်မည်ဟု သူတို့ နည်းနည်းလေးမှ မျှော်လင့်မထားခဲ့ပေ။
နောက်တစ်နေ့။
ဧည့်ခံပွဲကြီး ပြီးဆုံးသွားပြီးနောက် ၊
စူးယွင်ယွဲ့သည် စူးချန်ကဲကို ခေါ်ဆောင်ကာ ခရီးနှင်ရန် ပြင်ဆင်လိုက်သည်။
တားမြစ် စူးမိသားစုသို့ ရောက်ရှိခါစဖြစ်သဖြင့်၊ စူးချန်ကဲသည် ပတ်ဝန်းကျင်နှင့် မရင်းနှီးသေးပေ။
လမ်းတစ်လျှောက်တွင် သူသည် ဆန်းပြားလှသည့် ရှုခင်းများကို မြင်တွေ့ခဲ့ရသည်။
ပြိုးပျက်စွာတောက်ပနေသော မရေမတွက်နိုင်သော အမတကျွန်းများသည် ဝေဟင်တွင် မျောလွင့်လျက်ရှိသည်။
ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ တဖိတ်ဖိတ် တောက်ပနေသော နန်းတော်များ ၊ မျှော်စင်နှင့် ရင်ပြင်များကို မြင်တွေ့နေရပြီး၊ အမတရောင်ခြည်အလင်းများဖြင့် အုံ့ဆိုင်းနေသည်။
ကောင်းကင်တွင် တွဲလောင်းကျနေသော ရေတံခွန်များကဲ့သို့ မြစ်ချောင်းများစွာလည်း ရှိသေးသည်။ ထိုမြင်ကွင်းများသည် ပို၍ ခမ်းနားထည်ဝါသွားစေသည်။
ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခု၏ရှေ့တွင်၊
နတ်ကျောက်များဖြင့် ပြုလုပ်ထားသော ကျောက်တိုင်ကြီးနှစ်ခုသည် တံခါးဝရှေ့တွင် တည်ရှိနေပြီး၊ ၎င်းတို့ပေါ်တွင် သင်္ကေတများစွာ ရေးထွင်းထားသည်။
ရွှေရောင်ကမ္ပည်းပြားပေါ်တွင် ‘ချန်ခွင်းခန်းမ’ ဟူသော စကားလုံးသုံးလုံးကို အားအင်အပြည့် ရေးထိုးထားသည်။
စူးယွင်ယွဲ့တို့မောင်နှစ်မနှစ်ဦး ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်နှင့် ၊
အချိန်နှင့်တပြေးညီ နန်းတော်ကို စောင့်ရှောက်နေသော လူအိုကြီးနှစ်ယောက်သည် အပြေးအလွှား ရောက်လာကာ ကြိုဆိုကြသည်။
“ချန်ကဲ သခင်ငယ်ကို ဂါရဝပြုပါတယ်!”
“ သခင်မလေး ယွင်ယွဲ့ကို ဂါရဝပြုပါတယ်!”
၎င်းတို့နှစ်ဦးသည် ရွှေအမတနယ်ပယ် နဝမမြောက်အဆင့်ရှိပြီး ၊ စူးမိသားစုကို အလုပ်အကျွေးပြုစုနေသော ပုဂ္ဂိုလ်များဖြစ်ပုံရသည်။
အကယ်၍ စူးချန်ကဲသာ ဤပုဂ္ဂိုလ်နှစ်ဦးကို အရင် စတွေ့ခဲ့မည်ဆိုပါက အတော်လေး အံ့အားသင့်သွားနိုင်သည်။
သို့သော်လည်း ဧည့်ခံပွဲတွင် ၊ သူသည် စွမ်းအားရှင်များစွာကို မြင်တွေ့ခဲ့ရပြီး ၊ အမတ ဧကရာဇ်မင်းများကိုလည်း အနည်းဆုံး လေးငါးဦးခန့် တွေ့ခဲ့ရသည်။
ထို့အပြင် အရက်ကို အလွန်ခုံမင်သော “ အရက်သမား ဓားအမတရှင် “ ဆိုသော ပုဂ္ဂိုလ်တစ်ဦးလည်း ရှိသေးသည်။
၎င်းတို့သည် သူ့ကို အတော်လေး ဂရုစိုက်ကြသည်။ မိမိတို့၏ ရောင်ဝါသည် စူးချန်ကဲအပေါ်တွင် ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို တမင်တကာ နှိပ်ကွပ်ထားခဲ့ကြသည်။
စူးယွင်ယွဲ့သည် ခေါင်းအနည်းငယ် ညွတ်ကာ တုံ့ပြန်ခဲ့ပြီးနောက် ၊ ဆက်ပြောလိုက်သည်။
“ကျွန်မတို့မောင်နှစ်မနှစ်ယောက်အတွက် သံသရာစက်ဝန်း အမတမင်းဆက်ကို သွားရောက်မယ့် အာကာသလမ်းကြောင်းကို ဖွင့်ပေးဖို့ လူကြီးမင်းတို့ နှစ်ဦးကို ဒုက္ခပေးရတော့မယ် “
“ ကောင်းပါပြီ ၊ သခင်မလေးနဲ့ သခင်ငယ်တို့ ခဏစောင့်ဆိုင်းပေးပါ !”
၎င်းတို့နှစ်ဦးစလုံး သတိလက်လွတ်မဖြစ်ဝံ့ပေ။
ထို့နောက်တွင် ၊ ၎င်းတို့သည် တောက်ပနေသော နတ်ကျောက်စိမ်းနှစ်တုံးကို ရင်ဘက်ထဲကနေ ထုတ်ယူလိုက်သည်။
ထိုကျောက်စိမ်းနှစ်တုံးကို တဖိတ်ဖိတ် တောက်ပနေသော တံခါးကြီး၏ အပေါက်ငယ်ထဲသို့ ထည့်သွင်းလိုက်သည်။
ထို့နောက် ထိုပုဂ္ဂိုလ်နှစ်ဦးသည် မန္တန်များကို ရွတ်ဆိုရင်း ၊ ၎င်းတို့၏လက်ချောင်းများဖြင့် လျှို့ဝှက်သင်္ကေတများကို ဆက်တိုက်ပြုလုပ်နေသည်။
ဝီ!!
သိပ်မကြာမီ တံခါးပေါ်ရှိ အစီအရင်သည် တဖြေးဖြေး တောက်ပလာကာ ၊ မရေမတွက်နိုင်သော မှော်သင်္ကေတများသည် သူ့အလိုအလျောက် သက်ဝင်လှုပ်ရှားလာသည်။
အလင်းရောင်သည် ပြင်းထန်စွာ တောက်ပသွားချိန်တွင် ၊ လျို့ဝှက်ဆန်းကြယ်သော အာကာသစွမ်းအားများက ပျံ့နှံ့ရိုက်ခတ်သွားသည်။
ကျွီ___ ကျွီ___ ကျွီ___
ထွက်ပေါ်လာသော တံခါးဖွင့်သံနှင့်အတူ ၊ အားကောင်းသော အာကာသဆိုင်ရာ အလင်းတန်းများဖြင့် ဖြာထွက်နေသော အလင်းတံခါးပေါက်ကြီးတစ်ခု ပေါ်ထွက်လာသည်။
“သွားကြမယ် “
စူးယွင်ယွဲ့၏ နူးညံ့သောစကားသံနှင့်အတူ၊ သူမတို့ မောင်နှမနှစ်ယောက်စလုံးသည် အာကာသပြောင်းရွေ့မှု အလင်းတံခါးပေါက်ကြီးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး၊ ခဏလေးအတွင်းမှာပင် ပျောက်ကွယ်သွားကြသည်။
……….
တစ်ချိန်တည်းမှာပင်။
သံသရာစက်ဝန်း အမတမင်းဆက်။
တားမြစ် စူးမိသားစု၏ အကြီးအကဲများသည် စူးချန်ကဲတို့မောင်နှမနှစ်ဦး ရောက်လာမည့်အကြောင်းကို အစောကတည်းက အသိပေးထားပြီး ဖြစ်သဖြင့်၊ ဤအခိုက်အတန့်တွင် သံသရာစက်ဝန်း အမတမင်းဆက် တစ်ခုလုံး အလုပ်ရှုပ်နေကြပုံရသည်။
ဝတ်စုံများကို ညီညီညာညာဝတ်ဆင်ထားပြီး ကြော့ရှင်းသော ဟန်ပန်ဖြင့် ပုဂ္ဂိုလ်များသည် အာကာသပြောင်းရွေ့မှု မုခ်ပေါက်ရှေ့တွင် တလေးတစား စောင့်ဆိုင်းနေကြသည်။
စူးချန်ကဲအား ကြိုဆိုရန် တာဝန်ရှိသူမှာ လင်ဟွေ အမတဧကရာဇ်မင်း၏ သမီးတော်၊ မင်းသမီးငယ် ယွင်ချင်ပင် ဖြစ်သည်။
အကြောင်းမှာ ယွင်ချင်၏အစ်ကိုတော် အစ်မတော်များသည် ပြင်ပတွင် အတွေ့အကြုံယူနေကြပြီး ၊ အချိန်တိုအတွင်း ပြန်လာနိုင်ခြင်းမရှိသောကြောင့် သူမအား ဧည့်ခံကျွေးမွေးရန် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
အပြင်တွင် ဆော့ကစားချင်သော်လည်း၊ သူမအနေဖြင့် ဖခင်ဖြစ်သူ၏ စကားကို ငြင်းဆန်ခွင့်မရှိ။
ယွင်ချင်သည် အာကာသ ပြောင်းရွေ့မှု မုခ်ပေါက်ရှေ့တွင် လက်ပိုက်ရပ်ကာ အောက်ခြေရှိ မင်းမှုထမ်းများနှင့် မျိုးနွယ်ဝင်များအား သတိပေးနေသည်။
“ဒီနေ့ ကျွန်မရဲ့ အစ်ကိုဝမ်းကွဲ ချန်ကဲ....”
“ အဟမ်း....”
“ကျွန်မတို့ သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ မင်းသားတော် ချန်ကဲ ပြန်ရောက်လာတော့မယ် ၊ ရှင်တို့အားလုံး စိတ်အားထက်သန်စွာနဲ့ ကြိုဆိုကြရမယ်!”
“တစ်စုံတစ်ရာ အမှားအယွင်းဖြစ်သွားခဲ့ရင်၊ ကျွန်မ ယွင်ချင်က.....”
သို့ရာတွင် သူမ၏မှာကြားချက်မပြီးဆုံးခင် ၊ သူမ၏နောက်က အာကာသ ပြောင်းရွေ့မှု မုခ်ပေါက်သည် ရုတ်တရက် ဝင်းလက်တောက်ပလာသည်။
အထဲမှ ပုံရိပ်နှစ်ခု ထွက်လာသည်နှင့် ၊ မင်းမှုထမ်းများနှင့် မျိုးနွယ်ဝင်များသည် ရိုသေစွာ ဦးညွှတ်လျက် ကြွေးကြော်လိုက်ကြသည် ။
“ချန်ကဲ အရှင့်သားကို ကြိုဆိုပါတယ်! “
“ ယွင်ယွဲ့ အရှင့်သမီးတော်ကို ကြိုဆိုပါတယ်!”
၎င်းတို့နှစ်ဦးသည် သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသမီးကြီးမှ မွေးဖွားခဲ့သော သမီးနှင့် သားဖြစ်သည်။
ထို့ကြောင့် ၊ ဤသို့ခေါ်ဝေါ်ခြင်းသည် သင့်တော်ပေသည်။
“ချန်ကဲ အစ်ကိုဝမ်းကွဲ!”
“ယွင်ယွဲ့အစ်မဝမ်းကွဲ!”
“ ရောက်လာကြပြီလား!”
မင်းမှုထမ်းများစွာ၏ မျက်လုံးထဲတွင် ဆိုးသွမ်းသော အမျိုးသမီးငယ်လေးသည် ယခုအခါတွင် နူးညံ့သိမ်မွေ့သော ကြောင်ကလေးတစ်ကောင်သဖွယ် လူနှစ်ဦး၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ သိမ်မွေ့နူးညံ့စွာဖြင့် ဂျီကျပြောဆိုနေလေ၏။
“ချင်အာ အကြာကြီးစောင့်နေခဲ့ရတာ၊ ကျွန်မတို့ အခု နန်းတော်ကို အတူတူပြန်ကြမယ်မလား ဟင် “
ထိုမြင်ကွင်းကြောင့် စူးးချန်ကဲသည် ပြုံးမိသွားသည်။
ယွင်ချင်ဆိုသော ဤအမျိုးသမီးငယ်လေးသည် အတော်လေး ပါးနပ်ပေသည်။
………
ယွင်ချင်၏ လမ်းညွှန်မှုဖြင့်၊ မင်းမှုထမ်းနှင့် စစ်သည်အများအပြားသည် စူးချန်ကဲတို့နှင့်အတူ နောက်ကနေ လိုက်ပါလာကြသည်။
အမတမင်းဆက်ဟုဆိုသည့်အတိုင်း ၊ ဤနန်းတော်ကြီးများမှ ဖြာထွက်နေသော အရှိန်အဝါသည် တုပမရနိုင်သော အရာပင် ဖြစ်သည်။
ရွှေနီရောင်များဖြင့် တင့်တယ်စွာခြယ်သထားသော နန်းတော်ကြီးသည် မိုးထိအောင်မြင့်မားလျက် ခမ်းနားထည်ဝါစွာဖြင့် တည်ရှိနေသည် ။
နန်းတော်၏ တံခါးမုခ်ပေါက်တွင် စိုက်ထူထားသော ကျောက်စာတိုင်များကို ဂရုတစိုက် မွမ်းမံထားပြီး ၊ တိုင်ပေါ်တွင် ထွင်းထုထားသော တိုင်ကို ပွေ့ဖက်ထားသော နဂါးကိုးကောင်၏ ပုံစံများ ၊ ပျံဝဲနေသော ဇာမဏီဌက်များ စသည်တို့သည် အသက်ဝင်နေသည့်အလား ထင်မှတ်ရသည်။
ထို့အပြင် လေထုထဲတွင် ပြင်းထန်သော နဂါးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ၊ လူကို စိတ်လှုပ်ရှားအောင် ပြုစားနိုင်လွန်းသည်။
“အစ်ကိုဝမ်းကွဲ!”
“ကြည့်လိုက် !ဒါက ကျွန်မတို့ သံသရာစက်ဝန်း အမတမင်းဆက် ရဲ့ တော်ဝင်နန်းတော်ပဲ!”
အပိုင်း(၆၂၄): ဧကရာဇ်မင်းဟောင်း ရောက်ရှိလာခြင်း ၊ အဘိုးက အမတနယ်မြေရဲ့ အထက်လောကကို တတ်ရောက်သွားပြီ မဟုတ်လား
ယွင်ချင်၏ စကားသံအဆုံးတွင် ၊
စူးချန်ကဲသည် အသံပြုရာနေရာဘက်သို့ လှည့်ကြည့်လိုက်သည်။
မျက်စိရှေ့က မြင်ကွင်းသည် စိတ်အသင့်ပြင်ဆင်ထားသော စူးချန်ကဲကိုပင် အနည်းငယ် အံ့အားသင့်သွားစေသည်။
ကောင်းကင်နှင့်မြေကြီး၏ အလယ်ဗဟိုတွင် ရှေးကျသော နန်းတော်ကြီးတစ်ခု တည်ရှိနေသည်။
နန်းတော်ကြီးတစ်ခုလုံးကို လက်ရာမြောက်သော နဂါးဇာမဏီပုံစံများဖြင့် ထွင်းထုထားသည်။ ရွှေဝါရောင် တောက်ပနေသော နဂါးစွမ်းအင်များသည် ကောင်းကင်ကနေ ကျလာသော နဂါးငွေ့တန်းကြီးကဲ့သို့ သွယ်တန်းစီးဆင်းနေသည်။
ကျောက်စိမ်းဖြူများဖြင့် ပြုလုပ်ထားသော လှေကားထစ်များပေါ်တွင်၊ နှစ်ဖက်ခွဲရပ်နေသော လူတန်းကြီးနှစ်တန်း ရှိသည်။
ထိုသူတို့သည် ထွားကြိုင်းသော ကိုယ်ဟန်အနေအထားရှိကာ ၊ တောက်ပြောင်သော သံချပ်ကာ ဝတ်စုံများ ၊ ရွှေခမောက်များ ဆောင်းကာ နတ်လှံများကိုကိုင်ဆောင်ထားသည်။
ထိုသူများမှာ သံသရာစက်ဝန်း အမတမင်းဆက်၏ တော်ဝင်အစောင့် တပ်ဖွဲ့ပင် ဖြစ်သည်။
ထိုတပ်ဖွဲ့ဝင်များထဲတွင် အနိမ့်ဆုံးအဆင့်ရှိသူများမှာ ရွှေအမတ နယ်ပယ်အဆင့်ရှိကြသည်။
“ ချန်ကဲ နဲ့ ယွင်ယွဲ့ ရောက်ရှိလာပြီ !”
ရုတ်တရက်....
ကျယ်လောင်သောအသံသည် နန်းတော်ကြီး၏ အရပ်ရှစ်မျက်နှာတစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။
ထိုစကားသံ အဆုံးတွင် ၊
မူလက ဂျစ်ကန်ကန်ပုံစံပေါက်သော ယွင်ချင်၏အမူအရာသည် ချက်ချင်းဆိုသလို တည်ကြည်လေးနက်သွားသည်။
သူမတို့လို အမတမင်းဆက်အတွက် အရေးကြီးဆုံးအရာမှာ တော်ဝင်ကျင့်ဝတ်ဖြစ်သည်။
အကယ်၍ သူမကဲ့သို့သော မင်းသမီးငယ်တစ်ပါးသည် အရိုအသေတန်မဲ့ ပြုမိပါက ၊ ဖခမည်းတော်သည် သူမအား အသေရိုက်သတ်မည်ကို ကြောက်မိသည်။
သူမ၏ ဖခမည်းတော် လင်ဟွေအမတဧကရာဇ်မင်းသည် လူကိုရိုက်နှက်ရာတွင် အတော်လေး အကြင်နာမဲ့သည်။
စူးချန်ကဲအနေဖြင့် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သော်လည်း၊ သို့သော် သူသည် တားမြစ် စူးမိသားစုတွင်လည်း ကြီးကျယ်ခမ်းနားသော မြင်ကွင်းများကို မြင်တွေ့ခဲ့ရပြီး ဖြစ်သဖြင့် ဤတစ်ခေါက်တွင်မူ ၊ စိတ်ထဲ၌ ကြီးကြီးမားမား တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။
သို့သော် မိခင်ဖြစ်သူနှင့် တွေ့ရမည်ဖြစ်သောကြောင့် သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုအနည်းငယ် ရှိနေခဲ့သည် ။
ထို့အပြင်၊ စူးချန်ကဲ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာသည်။
သူ၏မိခင်သည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်မည်နည်း။
သူမသည် တိုင်းပြည်ကို အုပ်စိုးသော ပြိုင်ဘက်ကင်းသော ဧကရီတစ်ပါးဖြစ်နိုင်မည်လော။
……….
လှေကားထစ်များကို အဆင့်ဆင့် တတ်လှမ်းလာရင်း ၊
အဆုံးတွင် စူးချန်ကဲသည် နန်းဆောင်တံခါးကြီး ရှေ့သို့ ရောက်ရှိလာခဲ့သည်။ အဝေးကနေ လှမ်းမြင်ရသော အရှိန်အဝါနှင့် အနီးကပ်မြင်လိုက်ရသည့် အရှိန်အဝါတို့သည် လုံးဝ ကွဲပြားပေသည်။
ဖြာထွက်နေသော ကြီးကျယ်ခမ်းနားသော နဂါးစွမ်းအင်များသည် လူ၏စိတ်ထဲတွင် ကြီးကျယ်ခမ်းနားမှု၊ ဘုန်းအသေရေနှင့် မြင့်မြတ်မှုတို့ကို မသိမသာ ခံစားရစေသည်။
နန်းဆောင်အတွင်းပိုင်းတွင် ရွှေဝါရောင်များဖြင့် တဖိတ်ဖိတ် တောက်ပနေသည်မှာ လူကို မျက်လုံးမဖွင့်နိုင်လောက်အောင်ပင် ဖြစ်စေသည်။
ဒဏ္ဍာရီမှတ်တမ်းစာအုပ်များထဲတွင် ဖော်ပြထားသော ကောင်းကင်ဗိမ္မာန်ကြီးသဖွယ် ဆန်းကြယ်လှသည်။
အောက်ကို ကျောက်စိမ်းဖြူများဖြင့် ခင်းကျင်းထားပြီး၊ အတွင်းပိုင်းတွင် ရွှေပုလဲများဖြင့် စီခြယ်ထားသည်။
ရွှေဝါရောင် မဟာလမ်းစဉ် အမှတ်အသားများသည် ကြာပန်းပုံစံသဖွယ် ရစ်ပတ်နှောင်ဖွဲ့နေပြီး အတော်လေး အသက်ဝင်လှသည်။
ဤကျောက်စိမ်းဖြူပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင်၊ ဆန်းကြယ်သော စွမ်းအင်တစ်ခုသည် ခြေဖဝါးမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းပိုင်းသို့ စီးဆင်းဝင်ရောက်လာပြီး၊ လူ၏စိတ်နှလုံးသားကို လန်းဆန်းသွားစေသည်။
ပင်မခန်းမကြီးထဲတွင် အလွန်အားကောင်းသော ပုဂ္ဂိုလ်များသည် ညီညာစွာ တန်းစီလျက်ရပ်နေကြသည်။
ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော ၊ စစ်ဗိုလ်ချုပ်များ၊ ခမ်းနားသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး မျက်နှာထားအလွန်သိမ်မွေ့သော ပညာရှင်ပုဂ္ဂိုလ်များ၊ အဖြူရောင်တာအိုဝတ်စုံကို ၀တ်ဆင်လျက် လက်ထဲတွင် ယပ်တောင်ကိုင်ထားသော သက်ကြီးပိုင်းပုဂ္ဂိုလ်များလည်း ရှိသည်။
သေမျိုးအင်ပါယာနိုင်ငံနှင့် မတူညီသည့်အချက်မှာ ၊
၎င်းတို့၏ရောင်ဝါများသည် အလွန် နက်ရှိုင်းပြီး ၊ တစ်ဦးချင်းစီတိုင်းက အတုမရှိသော ဂုဏ်ကျက်သရေများကို ပိုင်ဆိုင်ထားသည်။
ယောင်္ကျားများသည် ခမ်းနားသော အသွင်အပြင်ရှိပြီး ၊ အမျိုးသမီးများသည် အံ့မခန်း လှပလွန်းသည်။
“ချန်ကဲ ၊ရောက်လာပြီလား “
နူးညံ့သိမ်မွေ့သော်လည်း ၊ အတုမရှိသော ဘုန်းတန်ခိုးများ ပါဝင်နေသော အသံတစ်ခုသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
အသံလားရာကို ကြည့်လိုက်လျှင်ဖြင့် ၊ အမြင့်ဆုံး ပလ္လင်ပေါ်တွင် ထိုင်နေသော လင်ဟွေ အမတဧကရာဇ်မင်းကို တွေ့မြင်ရပေမည်။
သူသည် ရွှေဝါရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ နဂါးစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ဘေးတဝိုက်တွင် ဝန်းရံနေသည်။ မည်သည့်အပိုစကားကိုမျှ ဆိုစရာမလိုပဲ သူသည် လောကကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သော စွမ်းအားများ ပိုင်ဆိုင်ထားကြောင်းကို ပြသနေသည်။
အထူးသဖြင့် စကြ၀ဠာကဲ့သို့ ကျယ်ပြန့်သော သူ၏မျက်လုံးများသည် အမြင့်ဆုံး မဟာလမ်းစဉ်ကို သယ်ဆောင်ထားပြီး ၊ မိုးနှင့်မြေ ၊ နေနှင့် လတို့၏ အဓိပ္ပာယ်ကို ဖော်ပြနေသကဲ့သို့ပင်။
နဂါးတစ်ကောင်၏ အရှိန်အဝါတို့ဖြင့် ပေါင်းစပ်လိုက်သည့်အခါတွင် ၊ အမြင့်မြတ်ဆုံးသော အမတမင်းဆက်မှ ဧကရာဇ်မင်းတစ်ပါး၏ ပုံရိပ်ကို ပို၍ထင်ရှားလာစေသည်။
“ဒါ.... ဒါက ငါ့ရဲ့ ဦးလေး....?”
စူးချန်ကဲသည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည် ။
ဤနေရာသို့ မလာခင်က ၊ သူသည် စူးယွင်ယွဲ့ထံမှ ဦးလေးဖြစ်သူ၏ အကြောင်းကို ကြားသိခဲ့ရသည်။
ယွမ်ချန် ၊ အမတ ဧကရာဇ်မင်းအဆင့် ။
လက်ရှိ သံသရာစက်ဝန်း အမတမင်းဆက်၏ အရှင်သခင် ၊ သူ့မိခင်၏ မောင်အရင်း တစ်နည်းအားဖြင့် သူနှင့် ဦးလေးတော်စပ်သည်။
မူလက သူသည် ဦးလေးဖြစ်သူ၏ အသိအမှတ်ပြုမှုကို မည်သို့ရယူရမည်ကို တွေးနေခဲ့သည်။
သို့ရာတွင် ဦးလေးဖြစ်သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော နဂါးစွမ်းအင်များသည် လွန်စွာ ပြင်းထန်ပေရာ စူးချန်ကဲအား ချဉ်းကပ်လို့မရမည့် နယ်နိမိတ်တစ်ခုခြားထားသကဲ့သို့ ခံစားရစေသည်။
ထို့အပြင် သံသရာစက်ဝန်း အမတမင်းဆက်၏ မှုးမတ်များနှင့် စစ်ဗိုလ်ချုပ်များသည် သူ၏ ဘေးပတ်ဝန်းကျင်တွင် ရပ်နေသောကြောင့် သူ့ဘက်မှ စကားစပြောရန် ခက်ခဲနေသည်။
စူးချန်ကဲ၏ အခက်အခဲကို သတိထားမိပုံရသော စူးယွင်ယွဲ့သည် သူ့ဘက်သို့ လှည့်ကာ နူးညံ့စွာဖြင့် ပြုံးပြသည်။
ထို့နောက် ၊ သူမသည် လင်ဟွေ အမတ ဧကရာဇ်မင်းရှိရာဘက်သို့ ဦးညွှတ်ကာ ဆိုလိုက်သည်။
“ ယွင်ယွဲ့ ဦးရီးတော်ကို ဂါရဝပြုပါတယ်”
အင်အားချင်းယှဉ်လျှင် ၊ တားမြစ် စူးမိသားစုသည် သံသရာစက်ဝန်း အမတမင်းဆက်ထက် အားမနည်းချေ ၊ ပို၍ပင် သာလွန်ဦးမည်။
သို့သော်လည်း ၊ နှစ်ဖွဲ့စလုံးသည် တားမြစ် အင်အားစုများဖြစ်ကြပြီး ၊ ဆွေမျိုးများ ဖြစ်ပေရာ အလွန်သတိထားရန် မလိုအပ်ပေ။
စူးယွင်ယွဲ့၏စကားအပြီးတွင်၊ စူးချန်ကဲသည်လည်း သူမကို အတုယူကာ လငိဟွေ အမတ ဧကရာဇ်မင်းအား ဦးညွှတ်ကာ ဆိုလိုက်သည်။
“ချန်ကဲ ဦးရီးတော်ကို ဂါရဝပြုပါတယ်”
လင်ဟွေ အမတ ဧကရာဇ်မင်းက ခေါင်းညိတ်ပြပြီး ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
“ ချန်ကဲ ၊ အနေခက်ဖို့ မလိုဘူး “
“ ကိုယ့်အိမ်ကိုယ့်ယာလို့ သဘောထားပြီး နေ “
“ဒီမှာရှိတဲ့ လူတိုင်း ဘယ်သူမှဘာမှမပြောဘူး “
ထိုစကားသံအဆုံးတွင် ၊ သံသရာစက်ဝန်း အမတမင်းဆက်မှ လူအများအပြားသည် ဝင်ရောက်ထောက်ခံခဲ့ကြသည်။
“ ဟုတ်တယ်၊ ချန်ကဲ အရှင့်သားက ကျွန်တော်တို့ သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ မင်းသားတစ်ပါးပဲ ၊ အဲ့လောက်ထိ အရမ်းယဉ်ကျေးဖို့မလိုပါဘူး!”
“ ချန်ကဲ အရှင့်သား အနေနဲ့ လွတ်လွတ်လပ်လပ် နေနိုင်ပါတယ်!”
“…….”
လာနောက်နေတာလား! စူးချန်ကဲရဲ့ မိခင်ကြီးက ဘယ်လောက်တောင် ဒေါသကြီးတဲ့သူလဲဆိုတာ မသ်ိတဲ့သူရှိသေးလို့လား !
ဒါတင်ဘယ်ကမလဲ ! သူတို့ရဲ့ ဧကရာဇ်ဟောင်းကြီးကိုယ်တိုင် ဖူးဖူးမှုတ်ထားတဲ့ တစ်ပါးတည်းသော သမီးရတနာလေးလေ ..ဘယ်သူမှ မထိရဘူးလို့တောင် တားမြစ်ထားတာ !
စူးချန်ကဲကရော ဘယ်သူလဲ ? သူမရဲ့ တစ်ဦးတည်းသောသားလေ!
အဲ့တော့ .. စူးချန်ကဲကလည်း ဧကရာဇ်ဟောင်းကြီးရဲ့ တားမြစ်ရတနာလေးလို့ ဆိုလိုလိုက်တာပဲ မဟုတ်လား !
ထိုအခိုက်အတန့်တွင် ။
နန်းတော်အပြင်ဘက်မှ မှော်သင်္ကေတများ၏ ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။
ပြင်းထန်သော စွမ်းအားများဖြင့် ပြည့်နှက်နေသော အလင်းတန်းများစွာသည် အာကာသကို ဖြတ်ကျော်ကာ ဤနေရာသို့ ဖြတ်သန်းဝင်ရောက်လာခဲ့သည်။
“ဟားဟားဟား! ချန်ကဲ ငါ့မြေးလေး သံသရာစက်ဝန်း အမတမင်းဆက်ကို ရောက်လာပြီလား!?”
ခေါင်းလောင်းသံကဲ့သို့ ပြင်းထန်သော အသံတစ်ခုသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
“ မြန်မြန်ထွက်လာပြီး ၊ ဒီအဖိုးကို ကောင်းကောင်း ကြည့်ခွင့်ပေးပါဦး!”
ချက်ချင်းဆိုသလိုပင်၊ နန်းတော်အပြင်ဘက်တွင် နတ်အလင်းလှိုင်းများ ရိုက်ခတ်လှုပ်ရှားနေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုပုဂ္ဂိုလ်၏ ဘေးပတ်ပတ်လည်တွင် ပရမ်းပတာအလင်းတန်းများ ရိုက်ခတ်လှုပ်ရှားနေပြီး ၊ ၎င်း၏မျက်ဝန်းတစ်စုံသည် နက်ရှိုင်းကာ တောက်ပလွန်းသည်။ နဂါးကိုးကောင်ပါသည့် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ရောက်ရှိလာသည်ကို မြင်လိုက်ရချိန်တွင် ၊ ခန်းမထဲမှ လူတစ်စုသည် အပြင်သို့ ထွက်လာခဲ့သည်။
ကြီးမားသော နဂါးစွမ်းအင်လှိုင်းများ တိုးလာသည်နှင့်အမျှ မင်းမှုထမ်းများစွာသည် မျက်နှာအရောင်ပြောင်းသွားပြီး၊ ချက်ချင်းဆိုသလို လက်အုပ်ချီကာ ဦးညွှတ်ကြလေသည် ။
“ ဧကရာဇ်မင်းဟောင်းကို ဂါရဝပြုပါတယ် “
“အဖိုးတော်....?”
စူးယွင်ယွဲ့ ၏ လှပသောမျက်ဝန်းထဲ၌ အံ့အားသင့်နေသော အရိပ်အမြွက်များ ဖြစ်ပေါ်နေခဲ့သည်။
သူမ၏အဖိုးတော်သည် လွန်ခဲ့သော ခေတ်ကာလများစွာကတည်းက အဖွားတော် ၊ အဘေးတော် အဘွားတော်တို့နှင့်အတူ အမတနယ်မြေ၏ အထက်လောကသို့ တတ်ရောက်သွားခဲ့ပြီမဟုတ်လော။
ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ရောက်ချလာတာတုန်း ?
သို့သော်လည်း ၊ သူမအနေဖြင့် ဆက်မတွေးဝံ့ပေ ၊ အရိုအသေတန်မဲ့ မပြုမှုဝံ့ပေရာ ချက်ချင်းလက်ငင်း ဦးညွှတ်ကာ ဆိုလိုက်သည်။
“ အဘိုးတော်ကို ဂါရဝပြုပါတယ် “
စူးချန်ကဲမှာမူ အနည်းငယ် နေရခက်နေရသည်။ ဤသည်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။
ထို့အပြင် ၊ ဧကရာဇ်မင်းဟောင်း၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ရောင်ဝါသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့်၊ စူးချန်ကဲသည်ပင် အသိစိတ်လွတ်ကာ ကြောင်တတ်တတ် ကြည့်နေသည်။
ယခင်က သူသည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ဖူးသော်လည်း ၊ ဤဧကရာဇ်မင်းဟောင်း၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ရောင်ဝါသည် သူ၏ အဖေ့ဘက်က ဦးလေး နှင့် အမေ့ဘက်က ဦးလေးများထက်ပင် များစွာသာလွန်သည်။
ဧကရာဇ်မင်းဟောင်း ပေါ်ထွက်လာသည့် အခိုက်အတန့်တွင်၊ အာကာသထဲ၌ မြူဆိုင်းလျက်ရှိသော နဂါးစွမ်းအင်များသည် ၎င်းထံ၌ ဆွဲငင်ခံလိုက်ရပုံပေါ်သည်။
၎င်းတို့သည် ဒီရေလှိုင်းများသဖွယ် ဧကရာဇ်မင်းဟောင်းဆီသို့ စီးဆင်းနေသည်။ သူ၏ စွမ်းအားများကို အပြည့်အဝထိန်းချုပ်ထားသော်လည်း ၊
ခြေတစ်လှမ်း ချလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီး၏ မဟာလမ်းစဉ်တို့သည် တုန်ခါသွားရလေသည်။