ဧကရီမယ်မယ် ပေးသနားတော်မူတဲ့ဆေး
Vol. 46 Ch. 673
"ချင်းအာ၊ ကျစ်ချီက အိမ်ရှေ့စံမင်းသား ဖြစ်ဖို့ ကံကြမ္မာပါလာတဲ့ကလေးပဲ၊ သူက တခြားကလေးတွေနဲ့ မတူဘူး၊ တိုင်းပြည်တစ်ခုလုံးရဲ့ ဝန်ထုတ်ဝန်ပိုးက သူ့ပခုံးပေါ် ကျရောက်နေပြီ၊ သူ့အတွက် အမှားအယွင်းတို့ အတိမ်းအစောင်းတို့ဆိုတာ နည်းနည်းလေးမှ ဖြစ်ခွင့် မရှိတော့ဘူး”
ရှောင်းကျဲယွိ၏ အမူအရာက တည်ကြည်လေးနက်နေပြီး သူ စူးချင်းကို ဤကဲ့သို့ စကားပြောသည်က ပထမဆုံးအကြိမ် ဖြစ်သည်။
“သူက နှစ်နှစ်ပဲ ရှိသေးတယ်လေ၊ သူ့အတွက် မတရားဘူး"
စူးချင်းက ရုတ်တရက် ထရပ်လိုက်သည်။
တကယ်လို့ ကျစ်ချီက ဧကရာဇ်ဖြစ်ဖို့အတွက်နဲ့ သူ့ရဲ့ကလေးငယ် ဘဝကို စတေးရမယ်ဆိုရင်တော့ သူမ ကျစ်ချီကို သာမန်လူတစ်ယောက်ပဲ ဖြစ်စေချင်တော့တယ်။
“ချင်းအာ၊ အခုအချိန်မှာ ကိုယ်တို့ ပြည်သူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို မဖြစ်မနေ ထမ်းရွက်နိုင်ရမယ်၊ ပြည်သူတွေအတွက် တာဝန်ယူမှုအပြည့်ရှိရမယ်၊ ကိုယ်တို့ သူ့ကို ဧကရာဇ်ကောင်းတစ်ယောက် ဖြစ်လာစေချင်ရင် ကိုယ်တို့ အများကြီး အနစ်နာခံနိုင်ရမယ်”
ရှောင်းကျဲယွိက စူးချင်း၏စကားကို ထောက်ခံသော်လည်း အကျိုးသင့်အကြောင်းသင့် ထပ်ပြောနေသေးသည်။
ဒါက သူ့သားလေးအပေါ် ရက်စက်လွန်းမှန်း သူ သိပေမယ့် သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူးပေ။ ပျိူးပင်ငယ်လေးကို ငယ်ငယ်တည်းက ဂရုတစိုက် ပျိုးထောင်ပြီး ခုတ်သစ်တာခုတ် ချိုင်သင့်တာ ချိုင်ရမယ်။ အဲ့လိုမှ မဟုတ်ရင် ကြီးပြင်းလာတဲ့အခါ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ကြီးပြင်းလာမှာ မဟုတ်ဘူး။
“ဒါဆို အိမ်ရှေ့စံမင်းသားရဲ့ မဟာမင်းဆရာကြီးကို ကျန်းကျင့်လင်းနဲ့ အစားထိုးပေး၊ ကျစ်ချီ အဘိုးအိုလေး ဖြစ်နေတာကို ကျွန်မ မမြင်ချင်ဘူး။ သူ ဧကရာဇ်ဖြစ်ရင်တောင် လိုက်လျောညီထွေ ရှိရမယ်၊ စိတ်ထား တသမတ်တည်း ရှိတဲ့လူက ဘယ်လိုလုပ်ပြီး ဧကရာဇ်ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာလဲ?”
စူးချင်းက အလွယ်တကူ လက်မခံဘဲ သူမ၏သားလေးအတွက် ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။
ကျန်းကျင့်လင်းက ရိုးသားဖောင့်မတ်ပြီး ပြတ်သားတဲ့ စရိုက် ရှိတယ်။ သူက စာပေရော သိုင်းပညာပါ ထူးချွန်တယ်၊ သူမှာ ရှေးရိုးစွဲအဘိုးအိုကြီးတွေလိုလည်း ဟန်တစ်လုံး ပန်တစ်လုံး အပြုအမူတွေ မရှိဘူး၊ သူက ပါးနပ်ပြီး ဖြတ်ထိုးဉာဏ်လည်း ကောင်းတယ်။ အဲ့လိုလူမျိုးကပဲ အိမ်ရှေ့စံမင်းသားရဲ့ မင်းဆရာဖြစ်သင့်တာ။ အဲ့ဒါမှ ကလေးက ထိုင်းမှိုင်းမနေမှာပေါ့။
"ကောင်းပါပြီ၊ ချင်းအာရဲ့ ဆန္ဒအတိုင်းပါပဲ"
ရှောင်းကျဲယွိကလည်း ကျန်းကျင့်လင်းက သင့်တော်သည်ဟု ခံစားရသည်။
ကျင့်လင်းက ဘယ်အချိန်မှာ ရှေ့တိုးရမယ်၊ ဘယ်အချိန်မှာ ဆုတ်ခွာရမယ်ဆိုတာကို သိသလို ဆင်ခြင်တုံတရားလည်း ရှိတယ်၊ ပြီးတော့ သူက နက္ခတ္တဗေဒကို သိသလို မြေပြင်အနေအထားကို အကဲခတ်ရာမှာလည်း ဗဟုသုတကြွယ်ဝတယ်၊ ကျစ်ချီရဲ့ တော်ဝင်မင်းဆရာ ဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်။
ကျစ်ချီရဲ့ လက်ရှိမင်းဆရာကြီးကလည်း အမှန်တကယ် အိုမင်းနေပြီ။ သူက စာပေကျမ်းဂန်တွေကို နှံ့စပ်ပြီး ဉာဏ်ပညာဗဟုသုတ ကြွယ်ဝတာကိုတော့ မငြင်းနိုင်ဘူး။ ဒါပေမယ့် သူက ကွန်ဖြူးရှပ်အယူဝါဒကို လုံးဝ လိုက်နာပြီး ကလေးကိုလည်း အဲ့အတိုင်း ပုံသွင်းနေတယ်။
ကလေးရဲ့သဘောသဘာဝကို ဖိနှိပ်ပြီး အတင်းအကျပ်ပုံသွင်းတာက ပြတ်ပြတ်သားသား ပြောရရင် ကလေးရဲ့ အတွေးအခေါ်တွေကို ပိတ်ဆို့လိုက်တာနဲ့ အတူတူပဲ။ ဧကရာဇ်ဖြစ်လာမယ့်သူမှာ ကိုယ်ပိုင်အတွေးအခေါ် မရှိဘူးဆိုတာကလည်း အရမ်းကြောက်စရာကောင်းတဲ့ ကိစ္စကြီးလေ။
စူးချင်းက သားဖြစ်သူအတွက် ဆရာကောင်းတစ်ယောက် ရရန် တောင်းဆိုနိုင်ခဲ့သောကြောင့် စိတ်အခြေအနေ ပြန်ကောင်းလာသည်။ ရှောင်းကျဲယွိက သူမ၏ပခုံးများကို နှိပ်နယ်ပေးရင်း ထပ်ပြောလိုက်သည်။
"ချင်းအာ၊ မင်း ဒီနေ့တစ်နေ့လုံး ပင်ပန်းခဲ့တာလေ၊ ရေနွေးနဲ့ ရေချိုးပြီး စောစော အနားယူသင့်ပြီ”
"ရှင်ကရော?"
ရှောင်းကျဲယွိ၏ စကားကို ကြားလိုက်ချိန်တွင် စူးချင်းက သူ အိပ်ရန် ရည်ရွယ်ချက် မရှိသေးကြောင်း နားလည်သွားပြီး ပြန်မေးလိုက်သည်။
“ကိုယ် နေ့ခင်းက ကျန်နေတဲ့ လျှောက်တင်လွှာတွေကို အပြီးသတ် အတည်ပြုပေးရဦးမယ်”
ရှောင်းကျဲယွိက အပြုံးဖြင့် ပြန်ရှင်းပြလိုက်သည်။
သူရဲ့ချင်းအာက သူ့အတွက် စိတ်ပူနေမှန်း သူ သိတာပေါ့။
သူ နေ့ခင်းတုန်းက လျှောက်တင်လွှာတွေကို ပစ်ပြီး ချင်းအာကို ကူညီဖို့ စံအိမ်တော်ကို လိုက်သွားခဲ့တယ်။ သူ ဧကရာဇ်ဖြစ်လာကတည်းက တနေ့စာ လျှောက်တင်လွှာတွေကို အတည်ပြုမပြီးမချင်း ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ဘူး။ အဲ့တာကြောင့် ညလုံးပေါက် အလုပ်လုပ်ရမယ်ဆိုရင်တောင် ဒါတွေအားလုံးကို သူ အပြီးအထိ ဖတ်ရမယ်။
“အင်းပါ၊ စောစော အနားယူဖို့ သတိရနော်”
စူးချင်းက သူမ အမှန်တကယ် ပင်ပန်းနေသောကြောင့် အတွင်းခန်းထဲသို့ ဝင်ကာ ရေနွေးပူဖြင့် ရေးချိုးလိုက်ပြီး မနက်ဖြန်အတွက် ဆက်လက် တိုက်ပွဲဝင်ရန် စောစောအိပ်ယာဝင်သွားသည်။
ညသန်းခေါင်ယံတွင် စူးချင်းတစ်ယောက် ခုတင်လှုပ်သွားသလို ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်က သူမဘေး၌ ဝင်လှဲလိုက်သည်ကို ယောင်ဝါးဝါး သိလိုက်ရသည်။ ရင်းနှီးသောရနံ့တစ်ခုက သူမနှာခေါင်းဆီသို့ တိုးဝင်လာပြီး သန်မာသော လက်မောင်းကြီးတစ်ဖက်က သူမ၏ခါးသွယ်သွယ်ကို ရစ်ပတ်လိုက်သည်။ တချိန်တည်းမှာပင် တိုးလျသောအသံတစ်သံက သူမ၏နားထဲသို့ တိုးဝင်ပေါ်လာသည်။
"ကိုယ်ပါ၊ အိပ်တော့"
စူးချင်းက ထိူလူ၏ရင်ခွင်ထဲသို့ ထပ်တိုးဝင်လိုက်ပြီး သူမ၏မျက်လုံးများကို မှိတ်ကာ ဆက်အိပ်နေလေသည်။
နောက်တစ်နေ့ မနက် သူမ နိုးလာချိန်တွင် ရှောင်းကျဲယွိက မနက်ခင်းညီလာခံသို့ သွားနေပြီ ဖြစ်သည်။ ကလေးသုံးယောက်က သူမကို ဂါရဝပြုရန် ပြေးလာကြသည်။ မနေ့က မောပန်းနွမ်းနယ်နေပုံရသည့် ကလေးများက တစ်ညအိပ်ပြီးနောက် အားအင် ပြန်ပြည့်လာပုံရသည်။ သူတို့၏ မျက်ဝန်းလေးများက တောက်ပနေပြီး စွမ်းအင်များ ပြည့်ဝနေပုံဖြင့် တက်ကြွနေကြသည်။
"ယွင်အာက မယ်တော့်ကို ဂါရဝပြုပါတယ်"
ယွင်အာ၏ နူးညံ့သိမ်မွေ့သောအသံလေးက ရယ်သံလေးနှင့်အတူ ထွက်ပေါ်လာသည်။ သူမက သူမ၏အမေကို အမြဲတမ်း အရင်ဆုံး နှုတ်ဆက်ဂါရဝပြုလေ့ရှိသည်။
"ကျစ်ချီက မယ်တော့်ကို ဂါရဝပြုပါတယ်"
ကျစ်ချီက ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည့် မျက်လုံးလေးများဖြင့် လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
သူ မနေ့က မယ်တော့်ကို ဒေါသထွက်စေခဲ့တယ်။ မယ်တော်က သူ့ကို အခုထိ ဒေါသထွက်နေတုန်းလား?
“လွေ့အာက ဧကရီမယ်မယ်ကို ဂါရဝပြုပါတယ်”
ကျန်းချီလွေ့က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ဦးညွှတ်လိုက်ပြီး စူးချင်းကို တရိုတသေ ဂါရဝပြုနေသည်။ ၎င်းက သူ့၏ဖခင် ကျန်းကျင့်လင်း သင်ပေးထားခြင်း ဖြစ်ပြီး နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ဧကရာဇ်နှင့် ဧကရီကို ဒူးထောက် အရိုအသေပေးရမည် ဖြစ်သည်။ ဤသည်မှာ သူ မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းချက် ဖြစ်သည်။
"အဲ့လို စည်းကမ်းတွေ မလိုဘူး၊ လက်ဆေးပြီး စားဖို့ ပြင်ဆင်တော့"
စူးချင်းကတော့ စွမ်းအင်အပြည့်ဖြင့် ရပ်နေသော ကလေးသုံးယောက်ကို ကြည့်ကာ အလွန်ကျေနပ်နေလေသည်။
သူတို့ထဲက ဘယ်သူမှ ထွက်မပြေးကြဘူး။
နန်းတော်မှ အစေခံများနှင့် မိန်းမစိုးများကတော့ စူးချင်းနှင့် ကလေးများကို ကြည့်နေရင်း သူတို့ အသီးသီး၏ မျက်လုံးများထဲမှ ထိတ်လန့်မှုများ ထွက်ပေါ်လာသည်။ ဧကရီက သူတို့အား အလုပ်လုပ်ရန် ရွေးချယ်မည်ကို ကြောက်လန့်နေကြသည်။
သူတို့ မနေ့ညက နန်းတော်သို့ ပြန်ရောက်ပြီး ချက်ချင်းနီးပါး အိပ်ပျော်သွားခဲ့ကြသည်။ အိပ်ရာမှ နိုးလာပြီးနောက် နာကျင်မှုကို ခံစားကြရပြီး လမ်းလျှောက်ချိန်တွင် ခြေထောက်များ တုန်နေသလို ခံစားနေကြရသည်။ လက်ဖဝါးပေါ်မှ အရည်ကြည်ဖုများကလည်း နာကျင်လှပြီး ရင်ထဲအသဲထဲအထိ နာကျင်နေသလို ခံစားရစေသည်။
“ဒီဆေးအဆီကို ယူပြီး လက်ပေါ်မှာ လိမ်းလိုက်ကြ”
စူးချင်းက သူတို့၏ စိုးရွံ့ထိတ်လန့်နေသော အမူအရာများကို မြင်သွားခဲ့သည်။ ထိုအချိန်မှသာ သူမ နန်းတွင်း အစေခံများနှင့် မိန်းမစိုးများ မေ့သွားပြီး ကလေးများအတွက်သာ ဆေးပေးခဲ့မိကြောင်း သတိပြန်ရသွားသည်။ စူးချင်းက စနစ်ထဲမှ လိမ်းဆေးကို ထုတ်ယူလိုက်ပြီး မိန်းမစီုးအကြီးအကဲထံသို့ လှမ်းပေးကာ သူတို့၏ဒဏ်ရာများတွင် လိမ်းရန် ညွှန်ကြားလိုက်သည်။
ဧကရီက သူတို့အတွက် ဆေးများ ချီးမြှင့်ပေးသောကြောင့် နန်းတွင်းအစေခံများနှင့် မိန်းမစိုးများအားလုံး ဝမ်းသာသွားကြသည်။
ဧကရီမယ်မယ်ရဲ့ ဆေးတွေက အံ့ဖွယ်ဆေးကောင်းတွေဖြစ်ပြီး လက်တွေ ခြေတွေ ကျိုးနေရင်တောင် ပြန်ကုသနိုင်တဲ့ နတ်ဆေးတွေလေ၊ သူတို့ရဲ့ သေးငယ်တဲ့ ဒဏ်ရာတွေအတွက်တော့ ပြောနေဖို့တောင် မလိုဘူး။
မနက်စာ စားပြီးချိန်တွင် စူးချင်းက ကလေးငယ်များနှင့်အတူ ရထားလုံးပေါ်သို့ တက်သွားသည်။ ယနေ့တွင် သူမက နန်းတွင်းအစေခံနှင့် မိန်းမစိုးများအားလုံးကို သူမနှင့်အတူ မခေါ်တော့ဘဲ သူမ၏ ကိုယ်ပိုင်အစေခံများ၊ မိန်းမစိုးများကိုသာ ခေါ်ဆောင်လာခဲ့သည်။ သို့သော် ရွှေဓားကိုင် သက်တော်စောင့်များကိုတော့ အားလုံး ခေါ်ဆောင်လာခဲ့သည်။
သူမတို့အားလုံး နန်းတော်ကနေ ထွက်ခွာလာပြီဆိုမှတော့ ဒီရွှေဓားကိုင် သက်တော်စောင့်တွေကို နန်းတော်ထဲမှာ ချန်ထားဖို့ မလိုတော့ဘူးပေါ့။ သူတို့ရဲ့ ကြွက်သားတွေကို ဆန့်ထုတ်ခိုင်းဖို့ လယ်ထဲကို ခေါ်သွားတာက ပိုကောင်းတယ်။
လှည်းတန်းကြီးက မြို့ပြင်သို့ တခမ်းတနား ဦးတည်နေသည်။ အာရုံစိုက်မှုကို ရှောင်ရှားရန်အတွက် လူတိုင်း သာမန်လူများ၏အဝတ်အစားများကို ၀တ်ဆင်ထားကြသည်။ ရထားလုံးများပေါ်တွင်လည်း တော်ဝင်အမှတ်အသားများ မပါရှိသောကြောင့် လမ်းပေါ်မှ ဖြတ်သွားချိန်တွင် လူအနည်းငယ်သာ သတိထားမိကြသည်။
"သူ(မ)ကို ပြန်ခေါ်လာကြစမ်း"
စူးချင်း၏ ရထားလုံး မော့အာလမ်းကြား၏ အဝင်ပေါက်သို့ ရောက်ချိန်တွင် ရုတ်တရက် မိန်းမကြီးတစ်ယောက်၏ စူးရှသော အသံကို ကြားလိုက်ကြရသည်။ သူမက တစ်စုံတစ်ယောက်အား ဖမ်းခေါ်ခိုင်းနေပုံရသည်။
“အမေ၊ ကျွန်မကို တော်ဝင်သားဖွားခန်းရောက်အောင် သွားခွင့်ပြုပါ၊ ကျွန်မ တကယ် မမွေးနိုင်တော့လို့ပါ"
အမျိုးသမီးတစ်ဦးက လေသံပျော့လေဖြင့် တောင်းပန်လိုက်ပြန်သည်။ အစပိုင်းတွင် စူးချင်းက ဂရုမစိုက်သော်လည်း အမျိုးသမီးက တော်ဝင်သားဖွားခန်းဟု ပြောလိုက်သည်ကို ကြားလိုက်ရသောကြောင့် ရထားလုံးကို ရပ်ခိုင်းလိုက်သည်။
“မရဘူး၊ သူတို့က နင့်ရဲ့ဝမ်းဗိုက်ကို ခွဲပြီး နင့်ရဲ့နှလုံးကို ဖောက်ထုတ်ကြမှာ၊ ငါ့မြေးလေးကို သတ်မိသွားရင် ဘယ်လို လုပ်ကြမလဲ"
“အဲ့လို မဟုတ်ပါဘူး အမေရယ်၊ ကလေးမမွေးနိုင်တဲ့ မိန်းမတော်တော်များများက တော်ဝင်သားဖွားခန်းမှာ မွေးဖွားကြတာလေ။ မိခင်ရော ကလေးရော ဘေးကင်းကြပါတယ်”
“အဲ့ဒါကို မယုံနဲ့၊ ဒါတွေအားလုံးက စုန်းအတတ်တွေပဲ၊ သူတို့က နင့်ရဲ့ဝိညာဉ်ကို ခိုးသွားလိမ့်မယ်။ ငါ့ရဲ့ အဖိုးတန်မြေးလေးကို ဘာမှ အဖြစ်မခံနိုင်ဘူး။ ငါ့သားက သေသွားပြီ။ နင် ငါ့မြေးကို အန္တရာယ်ကင်းကင်းနဲ့ မွေးပေးရမယ်"
“ဘာတွေဖြစ်နေတယ်ဆိုတာ သွားကြည့်လိုက်”
သူမ၏ တော်ဝင်သားဖွားခန်းအကြောင်း ပုတ်ခတ်ပြောဆိုနေသည် ကြားလိုက်ရသောကြောင့် စူးချင်း၏ မျက်နှာက မည်းမှောင်သွားသည်။
သူမ ဒီဆေးခန်းကို တည်ထောင်ထားရတဲ့ အကြောင်းရင်းက မီးဖွားဖို့ ခက်ခဲနေတဲ့ အမျိုးသမီးတွေကို ကယ်တင်ပေးဖို့ပဲ။ ဒီရှေးခေတ်မှာ မွေးဖွားရတာက ငရဲတံခါးကို ဖြတ်လျှောက်ရတာတဲ့ အတူတူပဲ၊ သူမကိုယ်တိုင်တောင် မီးဖွားဖို့ ခက်ခဲခဲ့ပြီး သေဆုံးလုနီးပါးဖြစ်ခဲ့တာကြောင့် ဒီဆေးခန်းကို တည်ထောင်ခဲ့တာလေ။
သူမ ထက်မြက်တဲ့ အိမ်ထောင်ရှင်မိန်းခလေးတချို့ကို သမားတော်တွေ ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့ပြီး ခွဲစိတ်ကုသတာတွေ၊ သွေးဖောက်တာတွေနဲ့ သွေးသွင်းတာတွေ ပြုလုပ်တတတ်ဖို့ သင်ကြားပေးခဲ့ရတယ်။ ဒီဆေးခန်းက ဆင်းရဲနွမ်းပါးတဲ့ မိသားစုက ကိုယ်ဝန်ဆောင်တွေအတွက် အခမဲ့ဆေးခန်းပဲ။ သူမ ကုသိုလ်ကောင်းမှုလုပ်ဖို့ အတွက် သီးသန့် ဖွင့်ထားခဲ့တာ။
ဆရာဦးလေးက သူမ လူပေါင်းများစွာကို သတ်ခဲ့တာကြောင့် ကုသိုလ်များများလုပ်ရမယ်လို့ ပြောခဲ့တယ်။ မဟုတ်ရင် သူမ အသက်တိုလိမ့်မယ်။
ယခင်ဘဝတွင် စူးချင်းက သူမ၏ သေခြင်းနှင့် ရှင်ခြင်းကို ဂရုမစိုက်ခဲ့သော်လည်း ယခုဘဝတွင် သေခြင်းတရားကို အလွယ်တကူ ရင်မဆိုင်ချင်တော့ပေ။ သူမက သူမ၏ခင်ပွန်း၊ သူမ၏ကလေးများ၊ သူမ၏မိဘနှင့် ခင်မင်ရင်းနှီးသူများကို မချင်ထားနိုင်သေးပေ။
လူတစ်ယောက်၌ တွယ်တာစရာ ရှိလာလျှင် စိုးရိမ်မှုများ ဖြစ်ပေါ်လာတတ်သည်။ ထို့ကြောင့်လည်း စူးချင်းက အမျိုးသမီးသမားတော်များကို ပိုလေ့ကျင့်သင်ကြားပေးပြီး အမျိုးသမီးများအား ကယ်တင်ရန်အတွက် မြို့များနှင့် ခရိုင်အသီးသီးတွင် အမျိုးသမီးဆေးခန်းများ ဖွင့်နိုင်ရန် ကြိုးစားနေခဲ့သည်။
ယခု တစ်ယောက်ယောက်က သူမ၏ဆေးခန်းအား ပုတ်ခတ်ပြောဆိုနေသောကြောင့် စူးချင်းတစ်ယောက် လုံးဝ သည်းမခံနိုင်တော့ပေ။
“ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆေးခန်းခေါ်သွားလိုက်”
စူးချင်းက သူမ၏သက်တော်စောင့်ကို အမိန့်ပေးလိုက်သည်။
“ယောက္ခမဆိုတဲ့ တစ်ယောက်ကိုပါ ခေါ်သွားပြီး စောင့်ကြည့်ခိုင်းလိုက်၊ မျက်တောင်တောင် မခတ်စေနဲ့”
ချွေးမရဲ့အသက်ကို ဂရုမစိုက်တဲ့ ဒီယောက္ခမကို ခွဲစိတ်ကုသပြီးတဲ့လူနာ အသက်ရှင်နေမယ်ဆိုတာ လက်တွေ့ မြင်သွားစေချင်တယ်။
"မင်းတို့ ဘာလုပ်နေကြတာလဲ? အိုက်ယား၊ ဓားကြီးလား? ဓားတစ်ချောင်းရှိတယ်၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်နဲ့၊ ငါ့ကို မသတ်ပါနဲ့၊ ငါ မင်းနဲ့ လိုက်ခဲ့မယ်”
သက်တော်စောင့်တစ်ယောက်က ကိုယ်ဝန်ဆောင်အမျိုးသမီးကို ခေါ်ဆောင်သွားသည်။ ထိုမိန်းမကြီးက ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းလိုက်သော်လည်း အခြားသက်တော်စောင့်တစ်ယောက်၏ ဓားရှည်က သူမကို ဟန့်တားလိုက်သည်။ သူမ အလွန်ကြောက်လန့်သွားပြီး အသံတစ်သံမှ မထွက်ရဲတော့ဘဲ လမ်းကြားထဲမှ နာနာခံခံ ထွက်ကာ သက်တော်စောင့်များ နောက်သို့ လိုက်ပါသွားတော့သည်။
စူးချင်းက ကန့်လန့်ကာကို မတင်ထားပြီး ထိုမြင်ကွင်းတစ်ခုလုံးကို ကြည့်နေခဲ့သည်။ သက်စောင့်လေးယောက်က ကိုယ်ဝန်ဆောင်အမျိုးသမီးကို တံခါးပျဥ်ချပ်ပေါ်တင်ကာ ဂရုတစိုက် သယ်ဆောင်သွားကြသည်။ ယောက္ခမဖြစ်သူက သူတို့နောက်သို့ တုန်တုန်ယင်ယင်ဖြင့် လိုက်ပါသွားသည်။