← Chapters

ပြောင်းလဲနေလာသော ဝဲဂယက်နှင့် မုန်တိုင်းများ

Vol. 46 Ch. 674

ပြောင်းလဲနေလာသော ဝဲဂယက်နှင့် မုန်တိုင်းများ

Vol. 46 Ch. 674

ဘေးမှ ဝိုင်းအုံကြည့်ရှုနေကြသော ပြည်သူများကလည်း အသံတိုးတိုးဖြင့် ဝေဖန်ပြောဆိုနေကြသည်။ အများစုကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ယောက္ခမဖြစ်သူက အကောင်းအဆိုး မသိတတ်ကြောင်းနှင့် ဧကရီ တည်ထောင်ထားသော အမျိုးသမီးဆေးခန်းက ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များစွာကို ကယ်တင်ပေးခဲ့သဖြင့် အလွန်ပင် ကောင်းမြတ်သည့်နေရာဖြစ်ကြောင်း ပြောဆိုနေကြခြင်းပင်။

ပြည်သူများ၏ ပြောစကားများကို ကြားလိုက်ရသောကြောင့် စူးချင်း၏ နှုတ်ခမ်းအစုံပင် အသာအယာ ကွေးညွတ်သွားရသည်။ ပြည်သူများကြားမှ သူမ၏ နာမည်ဂုဏ်သတင်းက မဆိုးလှကြောင်း သိလိုက်ရသဖြင့် စူးချင်းက ရထားလုံး၏ကန့်လန့်ကာကို ပြန်ချလိုက်ပြီး ရထားလုံးမောင်းသူကို အမိန့်ပေးလိုက်သည်။

"သွားကြမယ်"

ရှီးချန်တစ်ဝက်ခန့်အကြာတွင် ယာဉ်တန်းက စံအိမ်တော်သို့ ရောက်ရှိသွားသည်။ မနေ့က စစ်တပ်၏ အကူအညီကြောင့် ပြောင်းခင်း၏သုံးပုံနှစ်ပုံခန့်ကို ရိပ်သိမ်းပြီး ဖြစ်ကာ သူတို့ ရှေ့၌ မြင်ကွင်းကျယ်ကြီးတစ်ခု ရှိနေသည်။

စူးချင်းက ကလေးများနှင့်အတူ ရထားပေါ်မှ ဆင်းလာခဲ့ပြီး မနေ့ကအတိုင်း ပြောင်းခုတ်ရန် ရွှေဓားကိုင် သက်တော်စောင့်များကို ဦးဆောင်နေခဲ့သည်။ မိန်းမစိုးများနှင့် နန်းတွင်းအစေခံများက ကလေးများနှင့်အတူ ပြောင်းဖူးများ ချို့ဖဲ့နေကြသည်။

လယ်ကွင်းထဲသို့ ရောက်သွားသည့် ယွင်အာက လှောင်အိမ်မှ လွတ်လာသည့် ငှက်ကလေးတစ်ကောင်သဖွယ် ပြုမူနေသည်။ သူမ၏ ခန္ဓာကိုယ်သေးသေးလေးဖြင့် ဟိုပြေးဒီပြေး လုပ်နေကာ တက်တက်ကြွကြွ အလုပ်လုပ်နေခဲ့သည်။

အလုပ်ဘယ်လောက်ပဲလုပ်နိုင်လုပ်နိုင် ကလေးတွေရဲ့ စိတ်အားထက်သန်မှုကတော့ ချီးကျူးထိုက်တယ်။

ယမန်နေ့တွင် ကျစ်ချီက သူ့ညီမလေးလောက် မြန်မြန်အလုပ်မလုပ်နိုင်ခဲ့ပေ။ သို့သော် ယနေ့တွင် မည်သို့အလုပ်လုပ်ရမည်ကို သူ နားလည်သွားပြီး ပြောင်းဖူးများကို ဖမ်းဆုပ်ကာ အားမာန်အပြည့်ဖြင့် ချိုးဖဲ့နေသည်။

စူးချင်းက သားဖြစ်သူ၏ လှုပ်ရှားမှုနှင့် အရှိန်အဟုန်ကို မြင်တွေ့သွားပြီး အလွန်အားရ ကျေနပ်နေသည်။

ဒီကလေးက တွေးခေါ်တတ်သားပဲ၊ သူက လုံးဝ ထုံထိုင်းနေတာတော့ မဟုတ်ဘူး။

စူးချင်း သူမ၏သားနှင့်သမီးကို ခေါ်ဆောင်ကာ ပြောင်းဖူးများ ရိတ်သိမ်းနေချိန်တွင် တစ်ဖက်မှ ရှောင်းကျဲယွိက နန်းတွင်းညီလာခံတွင် ရှိနေပြီး တော်ဝင်အမိန့်တော်တစ်ခု ထုတ်ပြန်နေခဲ့သည်။

“မဟာမင်းဆရာကြီးဖြစ်တဲ့ ဟယ်ယိလင်းက အသက်ကြီးနေပြီဆိုတော့ သူ့ရဲ့ကျန်းမာရေးက ချို့တဲ့လာပြီ၊ ကျန်း သူ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်၊ မင်းသားလေးကို သွန်သင်ဆုံးမရတဲ့ လေးလံတဲ့ဝန်ကို သူ့ပခုံးပေါ် မတင်ပေးရက်တော့ဘူး၊ အဲ့ဒါကြောင့် ဟယ်ယိလင်းရဲ့ မဟာမင်းဆရာကြီးတာဝန်တွေကို ဒီနေ့ကစပြီး ရုတ်သိမ်းပေးတော်မူမယ်”

ရှောင်းကျဲယွိ၏ တော်ဝင်အမိန့်ပြန်တမ်းကို လက်ခံနေသည့် ဟယ်ယိလင်း၏မျက်လုံးများက နီရဲနေသည်။ သူက ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

"အရှင်မင်းမြတ်ရဲ့ ဂရုဏာတော်အတွက် ကျေးဇူးတင်ရှိပါတယ်"

သို့သော်လည်း သူ မင်းသားလေးကို ကောင်းကောင်း မသွန်သင်ပေးနိုင်သည့်အတွက် ဧကရာဇ်မင်းမြတ်က သူ့ကို ငြိုငြင်နေသည်ဟု သူ ခံစားနေရသည်။ ထိုခံစားမှုက သူ့ကို မခံမရပ်နိုင် ဖြစ်နေစေသည်။

သူ အစွမ်းကုန် ကြိုးစားပြီး မင်းသားလေးကို သင်ကြားပေးခဲ့တယ်လေ၊ အရှင်မင်းမြတ်က ဘာလို့ သူ့ကို ထုတ်ပယ်လိုက်ရတာလဲ?

ဒါပေမယ့် ဧကရာဇ်မင်းမြတ်က သူ့ကို လုံလောက်အောင် မျက်နှာသာ ပေးပြီးပြီလေ၊ သူ ဘာထပ် ပြောနိုင်ဦးမှာလဲ?

“ကျစ်ချီကို အိမ်ရှေ့စံမင်းသားအဖြစ် အပ်နှင်းဖို့ ကျန်း ဆုံးဖြတ်ထားတယ်၊ ဓလေ့ထုံးတမ်းရေးရာဌာနအနေနဲ့ အိမ်ရှေ့စံမင်းသား အပ်နှင်းခြင်း အခမ်းအနားအတွက် စတင်ပြင်ဆင်စေ”

ရှောင်းကျဲယွိက အိမ်ရှေ့စံမင်းသား ခန့်အပ်ရန် ထပ်ကြေငြာလိုက်သော်လည်း ညီလာခံအတွင်းရှိ မည့်သည့်မှူးမတ်ကမျှ ကန့်ကွက်ခြင်း မပြုလုပ်ခဲ့ပေ။

မောင်းမဆောင်တွင် ဧကရီတစ်ဦးတည်းသာ ရှိပြီး ကိုယ်လုပ်တော်ပေါင်းများစွာနှင့် မင်းသားအမြောက်အမြားရှိသည့် အတိတ်ကာလမှ မောင်းမဆောင်များနှင့် လုံးဝ မတူ ကွားခြားနေသည်။ ထိုကာလများတွင် မင်းသားတစ်ဦးစီ၏ မိခင်မိသားစုများအားလုံးက သူတို့၏မြေးများကို ထီးနန်းပေါ်သို့ တွန်းပို့ချင်ကြပြီး ပြိုင်ဆိုင်မှုများ ပြင်းထန်ခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ကျစ်ချီက အကြီးဆုံးသားတော် ဖြစ်နေသေးသည်။ မင်းဆက်တိုင်းတွင် တရားဝင်သားတော်ကြီးကိုသာ အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်လေ့ရှိကြသည်။ အိမ်ရှေ့စံမင်းသားက ခွင့်မလွှတ်နိုင်သည့် ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခြင်း မရှိပါက သူ့ကို မည်သည့်နည်းနှင့်မျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျစ်ချီ အိမ်ရှေ့စံမင်းသား ဖြစ်လာခြင်းက လူတိုင်း ကြိုတွေးထားသော အရာဖြစ်ပြီး အနှေးနှင့် အမြန်သာ ကွာခြားကာ ရလဒ်ကတော့ အတူတူဖြစ်လာပေလိမ့်မည်။

အိမ်ရှေ့စံမင်းသား ခန့်အပ်ရန် မိန့်ကြားလိုက်သည့် ရှောင်းကျဲယွိ၏ အဆိုပြုချက်ကို ဝန်ကြီးများအားလုံး သဘောတူခဲ့ကြသည်။ ထိုအရာက ရှောင်းကျဲယွိကို အလွန်ပျော်ရွှင်စေပြီး သူက တော်ဝင်မင်းဆရာရာထူးအတွက် ကိုယ်စားလှယ်လောင်းကို ချက်ချင်း ထပ်ကြေငြာလိုက်သည်။

"ကျန်းကျင့်လင်းက စာပေစွမ်းရည် ဗဟုသုတ ကြွယ်ဝပြီး စစ်ရေးဗျူဟာမှာလည်း အတိုင်းထက်အလွန် ထူးချွန်ပြောင်မြောက်တယ်၊ အတိတ်နဲ့ ပစ္စုပ္ပန်နှစ်ဖြာကို ကောင်းစွာ ခွဲခြားသိမြင်နိုင်တယ်၊ သူ့ကို အိမ်ရှေ့စံမင်းသားရဲ့ မဟာတော်ဝင်မင်းဆရာအဖြစ် ကျန်း ခန့်အပ်မယ်၊ ကျန်းကျင့်လင်း... အမတ်မင်းက ကျန်းကို စိတ်မပျက်စေဖို့ ကျန်း မျှော်လင့်တယ်"

ကျန်းကျင့်လင်းကလည်း သူ တော်ဝင်မင်းဆရာအဖြစ် ရွေးချယ်ခံရခြင်းအပေါ် မယုံကြည်နိုင် ဖြစ်နေလေသည်။ သူ့၏အသက်အရွယ်နှင့် အရည်အချင်းအရ တော်ဝင်မင်းဆရာဖြစ်ရန် အရည်အချင်း မပြည့်မီသေးကြောင်း သူ နားလည်နေသည်။

"ကျင့်လင်း"

ကျန်းကျင့်လင်း၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရသည့် ရှောင်းကျဲယွိက ပြုံးလိုက်ပြီးမှ သူ့နာမည်ကို ထပ်ခေါ်လိုက်သည်။

"အရှင်မင်းမြတ်ရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ရှိပါတယ်၊ ဒီအမတ်က အရှင်ရဲ့ ယုံကြည်မှုကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"

ကျန်းကျင့်လင်းက ကျေးဇူးတင်ရန် အမြန် ဒူးထောက်လိုက်သည်။ ဟယ်ယိလင်းက သူ့နေရာတွင် ကျန်းကျင့်လင်းအား အစားထိုးမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ထိုအရာကို သူ့ကို အလွန် မကျေမနပ် ဖြစ်သွားစေသည်။

ကျန်းကျင့်လင်းက ဘာအရည်အချင်းရှိလို့ တော်ဝင်မင်းဆရာရာထူးကို ထမ်းဆောင်နိုင်မှာလဲ?

ဒါပေမယ့် သူ လုပ်နိုင်တာ ဘာမှ မရှိဘူး။ တစ်ဖက်လူက တော်ဝင်မိသားစုရဲ့ ဆွေတော်မျိုးတော်လေ။ ဘယ်သူက ကျန်းကျင့်လင်းကို ဧကရီရဲ့ မိခင်ဘက်က ဆွေမျိုးဖြစ်ခိုင်းလို့လဲ?

မနက်ခင်း နန်းတွင်းညီလာခံအပြီးတွင် အရာရှိများအားလုံးက ကျန်းကျင့်လင်းကို ချီးကျူးဂုဏ်ပြုရန် ဝန်းရံနေကြသည်။ ဟယ်ယိလင်းက လူအုပ်နောက်တွင် တစ်ယောက်တည်း ကျန်နေခဲ့ပြီး သူ့နှလုံးသားထဲတွင် မနာလိုမှုနှင့် မုန်းတီးမှုများ ပေါက်ဖွားလာတော့သည်။

ဟယ်ယိလင်းနှင့် ခင်မင်ရင်းနှီးသော အမတ်တစ်ဦးက မည်သူမျှ သတိမပြုမိသည်ကို အခွင့်ကောင်းယာကာ သူ့အနီးသို့ မသိမသာ ချဉ်းကပ်လာသည်။ ထိုလူက ဟယ်ယိလင်းအတွက် စာနာပေးနေပုံရပြီး သူ့၏မကျေနပ်မှုကို တီးတိုး ဖော်ပြနေသည်။

“အမတ်မင်းဟယ်၊ ကျွန်တော် အမတ်မင်းအတွက် တကယ် စိတ်မကောင်း ဖြစ်မိတယ်၊ အသိပညာအရဆိုရင် ဒီတာ့ထန်အင်ပါယာမှာ အမတ်မင်းက ဒုတိယလို့ ပြောရင် ဘယ်သူကမှ သူ ပထမလို့ ပြောရဲမှာ မဟုတ်ဘူး၊ ရာထူးအဆင့်အတန်းအရ ဆိုရင်တောင် အမတ်မင်းကျန်းက အမတ်မင်းဟယ်ကို မယှဥ်နိုင်ဘူး၊ ဒီအိမ်ရှေ့စံမင်းသားရဲ့ မဟာမင်းဆရာရာထူး.... ဒါက တကယ်ကို လေးလံပြီး အရေးပါတဲ့ ရာထူးပဲ၊ ဧကရာဇ်မင်းမြတ်က ဘာလို့ ဒီလိုအမတ်မင်းကျန်းဆီ လွှဲပေးလိုက်ရတာတုန်း၊ ဟုတ်တာပေါ့၊ သူက သိုင်းပညာပြိုင်ပွဲရဲ့ အထူးချွန်ဆုံးလူ ဖြစ်ခဲ့တယ်။ ဒါပေမယ့် စာပေပညာမှာတော့ သူက ထိပ်တန်းသုံးယောက်အဆင့်ပဲ ဝင်နိုင်ခဲ့တာလေ၊ အမတ်မင်းဟယ်ရဲ့ ခြေဖျားကိုတောင် မမှီနိုင်လောက်ဘူး"

ဟယ်ယိလင်းက မကျေမနပ် ဖြစ်နေသည့်အသံဖြင့် တုံ့ပြန်လိုက်သည်။

"ဒီလူအိုကြီးက အသက်ကြီးနေပြီ၊ အသုံးမဝင်တော့ဘူး"

“ဘယ်မှာ အိုမင်းနေလို့လဲ? အမတ်မင်းက ကျန်းမာသန်စွမ်းနေဆဲပဲ၊ အခုက အမတ်မင်းရဲ့ အကောင်းဆုံးအချိန်ကို ရောက်နေတာလေ၊ အမတ်မင်းမှာ မရှိတာဆိုလို့ တော်ဝင်မိသားစုနဲ့ တိုက်ရိုက်ချိတ်ဆက်မှုပဲ၊ အခုတော့ အမတ်မင်းက နောင်လာနောက်သားတွေ အရိပ်ရဖို့ သစ်ပင်စိုက်ပေးရတဲ့သူတွေနဲ့ တူသွားပြီ။ အမတ်မင်းက အိမ်ရှေ့စံမင်းသားလေး စာပေအရာမှာ ထူးချွန်အောင် ပြုစုပျိုးထောင်ပေးခဲ့ပေမယ့် တခြားသူတွေက အမတ်မင်းရဲ့ကြိုးစားမှု ဆုလာဘ်ကို ရိတ်သိမ်းသွားပြီ”

ထိုအမတ်က မီးထဲသို့ လောင်စာ ထည့်ပေးနေခြင်း ဖြစ်ပြီး ဟယ်ယိလင်းတစ်ယောက် သူ့ဒေါသက သူ့ခေါင်းထဲသို့ အရှိန်အဟုန်အပြည့်ဖြင့် ဝင်စောင့်လာသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူ့ဒေါသနှင့် ဝမ်းနည်းမှုတို့ ပေါင်းစပ်ကာ သူ့ရင်ဘတ်ထဲမှ ဆို့တက်လာသည့်ဝေဒနာကြောင့် ဟယ်ယိလင်းတစ်ယောက် နောက်သို့ လန်ကျပြီး သတိလစ်သွားတော့သည်။

ဟယ်ယိလင်း မူးလဲသွားသည်ကို မြင်လိုက်ရချိန်တွင် သွေးထိုးပေးနေသည့် အမတ်က ဘေးသို့ အမြန်ရွှေ့သွားပြီး ရှောင်ထွက်သွားသည်။ မိန်းမစိုးများကတော့ အပြေးရောက်လာပြီး ဟယ်ယိလင်းကို ပွေ့ချီသယ်ဆောင်ကာ တော်ဝင်ဆေးဌာနသို့ ပို့ဆောင်ပေးခဲ့ကြသည်။

စူးချင်းက လယ်ကွင်းထဲ၌ တစ်နေကုန် အလုပ်လုပ်နေခဲ့သည်။ ယနေ့တွင် သူမက ရိတ်သိမ်းပြီးသော ပြောင်းဖူးများကို အခွံခွာကာ ကောက်တလင်းထဲ၌ အခြောက်လှန်းထားခဲ့သည်။ အခြောက်ခံပြီးသည့် ပြောင်းစေ့များကို မျိုးစေ့များအဖြစ် မြို့ရွာများအနှံ့ ဖြန့်ဝေပေးရမည် ဖြစ်သည်။ စားနပ်ရိက္ခာက တိုင်းပြည်၏ အသက်သွေးကြောဖြစ်ပြီး လူတိုင်း ဝမ်းဝအောင် စာနိုင်ရန် သူမတို့ တာဝန်ယူရမည် ဖြစ်သည်။

နောက်နှစ်တွင် သူမက ဤစံအိမ်တော်မှ လယ်မြေကို နှစ်ပိုင်းခွဲရန် တွေးထားပြီး တစ်ဝက်ကို ပြောင်းစိုက်ကာ ကျန်တစ်ဝက်တွင် ဂျုံစိုက်ရန် တွေးထားခဲ့သည်။ ပထမဦးစွာ ပြည်သူများ စားစရာအလုံအလောက်ရှိစေရန် သေချာစေချင်ပြီး ထိုသို့ သေချာသွားလျှင် ပိုကောင်းသည့် ကောက်နှံများနှင့် မိတ်ဆက်ပေးရန် စီစဥ်ထားခဲ့သည်။

စူးချင်းက သူမ၏အတွေးထဲ၌ ငါးနှစ်တာစီမံကိန်းတစ်ခု ချမှတ်ထားခဲ့သည်။ သူမက ပြည်သူများအတွက် စားနပ်ရိက္ခာ လုံလောက်စေရန်အပြင် အနောက်ဒေသများသို့ ကုန်သွယ်ရေးလမ်းကြောင်းများဖွင့်လှစ်ရန်လည်း အကောင်အထည် ဖော်ချင်နေသေးသ်ည။ အလယ်ပိုင်းလွင်ပြင်မှ လက်ဖက်ခြောက်၊ အဝတ်အထည်နှင့် အရက်များကို ထိုနေရာသို့ သယ်ဆောင်သွားပြီး ထိုနေရာမှ ကျောက်စိမ်း၊ ရွှေစသည့် အဖိုးတန်ရတနာများနှင့် လဲလှယ်ရန် ဆန္ဒရှိနေခဲ့သည်။

တိုင်းပြည်တစ်ပြည်ရဲ့ အစစ်အမှန် ကြွယ်ဝချမ်းသားမှုက ပြည်သူတွေ အမှန်တကယ် ချမ်းသာကြွယ်ဝလာခြင်းအပေါ်မှာ လုံးဝ မှီခိုနေရတာ သေချာတယ်လေ။

သူတို့ အလုပ်ပြီးသွားချိန်တွင် အားလုံး ဆာလောင်နေကြသည်။ ယနေ့တွင် တော်ဝင်စားဖိုမှူးများအားလုံးလည်း လယ်လုပ်ရန် ဆွဲခေါ်ခံခဲ့ရသည်။ သူတို့လည်း ပင်ပန်းနေပြီး စူးချင်းက နန်းတော်သို့ ပြန်ရောက်လျှင် သူတို့ကို ဟင်းမချက်ခိုင်းချင်တော့ပေ။ သူမက အားလုံး ကောင်းကောင်းစားနိုင်ရန် စားသောက်ဆိုင်သို့ ခေါ်ဆောင်လာခဲ့သည်။

မိန်းမစိုးများနှင့် နန်းတော်အစေခံများက အများအားဖြင့် နက်နဲသောနန်းတော်၏ ပရိဝုဏ်အတွင်းတွင်သော ပိတ်မိနေကြပြီး ဤစားသောက်ဆိုင်ထဲသို့ ဝင်လိုက်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာကြသည်။ ဤသည်မှာ သူတို့အတွက် နန်းတော်နံရံအပြင်ဘက်မှ သက်ဝင်လှုပ်ရှားနေသော ကမ္ဘာကြီးကို ရှားရှားပါးပါး ကြည့်ခွင့်ရခြင်း ဖြစ်သည်။ ၎င်းက စည်ကားပြီး တက်ကြွသောနေရာတစ်ခုဖြစ်ကာ နေ့စဉ်ဘဝ၏ သက်ဝင်လှုပ်ရှားသောလေထုများ ပြည့်နှက်နေသည်။ လူအများက အပျော်တမ်း တိုက်ခိုက်ခြင်း၊ ဝိုင်းဖွဲ့သောက်စားခြင်း၊ စာပေရွတ်ဆိုကာ လက်ဖက်ရည်သောက်ခြင်းနှင့် အစားအစာများ အားရပါးရ စားသောက်ခြင်း စသည်တို့ကို မိမိတို့နှစ်သက်သလို လုပ်ဆောင်နေကြသည်။ ဤနေရာကို လွှမ်းခြုံထားသည့်လေထုက ပျော်ရွှင်မှု နှင့် လွတ်လပ်မှုကို အပြည့်အဝ ဖော်ကျူးနေသည်။

ကျစ်ချီနှင့် ယွင်အာတို့က သူတို့၏မိခင်ထံမှ “မြည်းမည်းလေးတွေ” ဟူသော နာမ်စားကို လက်ခံလိုက်ကြရသည်။ သို့သော် သူတို့၏ အသားများ မည်းသွားသည့်တိုင် သူတို့၏ တုနှိုင်းမမီသော မျက်နှာလေးများက ဆွဲဆောင်မှုအပြည့်ဖြင့် တောက်ပနေဆဲဖြစ်သည်။ သူတို့၏ချစ်စရာကောင်းသော အသွင်အပြင်လေူးများနှင့် ထူးထူးခြားခြား ကောင်းမွန်သည့် ရုပ်ရည်က ပေါ်လွင်လွန်းသောကြောင့် သူတို့အသားအရောင်က သူတို့၏တောက်ပမှုကို မဖုံးလွှမ်းနိုင်ခဲ့ပေ။

စူးချင်းနှင့် နန်းတွင်းအစေခံများကလည်း သာမန်ပြည်သူများ ကဲ့သို့ ၀တ်စားဆင်ယင်ထားကြသည်။ မည်သို့ပင်ဖြစ်စေ သူမတို့၏ မွေးရာပါအလှကို မဖုံးကွယ်ထားနိုင်သောကြောင့် သူမတို့ မည်မျှပင် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားစေကာမှု သူမတို့၏ ကျက်သရေ ရှိမှုက အထင်အရှား ပေါ်လွင်နေကာ သူမတို့ နန်းတော်၌ ကြီးပြင်းလာကြောင်း သက်သေပြနေသည်။ တော်ဝင်သက်တော်စောင့်များကလည်း အလုပ်ကြောင့် ပင်ပန်းနေမှန်း သိသာထင်ရှားနေသည့်တိုင် သူတို့၏ရွှေဓားရှည်များကို ကိုင်ဆောင်ကာ ယုံကြည်မှုရှိရှိ လျှောက်လှမ်းနေဆဲ ဖြစ်သည်။ သူတို့အားလုံးက သာမာန်လူများနှင့် ကင်းကွာနေသည့် ခမ်းနားထည်ဝါမှုကို သယ်ဆောင်နေကြပြီး သာမန်လယ်သမားများနှင့် သိသိသာသာ ကွဲပြားနေလေသည်။

ဤထူးခြားသောအဖွဲ့ကြီး စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လူအများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ စူးစမ်းလိုစိတ်ရှိသော မျက်လုံးများက သူတို့နောက်မှ လိုက်ပါလာကာ သူတို့၏လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေကြသည်။ သူတို့ကတော့ ဘာမှမဖြစ်သလို သက်တောင့်သက်သာ ဝင်ထိုင်လိုက်ကြသည်။

စားပွဲထိုးတစ်ယောက်က လှိုက်လှဲသော အပြုံးဖြင့် သူတို့ဆီသို့ ချဉ်းကပ်သွားသည်။

"လူကြီးမင်းတို့၊ ဘာများ သုံးဆောင်ချင်ပါသလဲ?"

စားပွဲထိုးက လူအုပ်ကို စိုက်ကြည့်ကာ သူတို့၏ အခြေအနေကို တွက်ဆနေသည်။

သူတို့က သာမာန်ပုံစံပေါက်နေတယ်၊ ဒီလို လူအုပ်ကြီးအတွက် သူတို့မှာ မုန့်ပေါင်းနဲ့ အသီးအရွက်တွေ မလုံလောက်ဘူး။ သူတို့အနေနဲ့ သာမန်အစားအစာကိုပဲ မှာရင် ဒီအုပ်စုကြီးဆိုရင်တောင် ဆိုင်အတွက် အမြတ်ငွေက အနည်းအကျဉ်းပဲ ရလိမ့်မယ်၊ အကျိုးအမြတ် မရနိုင်ရင်တော့ အခြားနေရာမှာ သွားစားဖို့ အကြံပြုရတော့မှာပဲ။

"စားပွဲဝိုင်းတစ်ခုစီအတွက် မင်းတို့ဆိုင်ရဲ့ အထူးဟင်းပွဲတွေနဲ့ သေရည်ကောင်းကောင်း နှစ်အိုးစီ ချပေး"

စူးချင်းက စားပွဲထိုးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဟင်းလျာစာရင်းကို ကြည့်ရန်ပင် ပျင်းရိနေပုံ ရသည်။ ထိုအစား သူမက ဤဆိုင်၏အကောင်းဆုံး ဟင်းပွဲမှန်သမျှ ယူဆောင်လာရန် မှာကြားလိုက်သည်။ ရွှေဓားကိုင် သက်တော်စောင့်များအတွက်လည်း အရက်ကောင်းကောင်း နှစ်အိုး မှာပေးလိုက်ပြီး စစ်တပ်အား ဆုချရန်အတွက် သီးသန့်ထားသော တူညီသော ရက်ရောမှုဖြင့် ဧည့်ခံလိုက်သည်။ သူမ၏အမြင်တွင် ဆောင်းဦးရိတ်သိမ်းခြင်းကို အောင်မြင်စွာ ပြီးစီးနိုင်ခဲ့ခြင်းက တိုက်ပွဲတစ်ခု အောင်နိုင်ခြင်းနှင့် တူညီသည်။

“ကောင်းပါပြီ၊ ကျွန်တော် သွားပြင်ဆင်ပေးပါ့မယ်”

စားပွဲထိုးက စူးချင်း၏တောင်းဆိုမှုကြောင့် ခေတ္တတာမျှ အံ့အားမှင်သက်နေပြီး သူက စူးချင်းကို သံသယများဖြင့် လှမ်းကြည့်နေသေးသည်။

သူတို့မှာ ဒီလောက် ကောင်းတဲ့ ဟင်းပွဲတွေ အများကြီး မှာဖို့ ငွေအလုံအလောက် ရှိရဲ့လား?

အစပိုင်းတွင် ထိုအဖွဲ့က များများစားစား မမှာနိုင်ဘဲ သူတို့ဆိုင်၏လုပ်ငန်းအား နှောင့်နှေးစေမည်ကို သူ စိုးရိမ်ခဲ့ရသည်။ ယခုအခါတွင် သူတို့ ပေးချေနိုင်ခြင်း မရှိမည့် ဖြစ်နိုင်ခြေကို တွေးကာ သူ ပို၍ စိုးရိမ်နေရပြန်သည်။

သို့ရာတွင် သူ သူ့၏သံသယများကို ထုတ်ဖော်ပြောဆိုရဲခြင်း မရှိပေ။ စူးချင်းက ရိုးရှင်းစွာ ၀တ်စားဆင်ယင်ထားသော်လည်း သူမ၏ အေးစက်စက် အပြုအမူက သူမ သာမန်လူတစ်ယောက် မဟုတ်ကြောင်း ညွှန်ပြနေသည်။ နောက်ဆုံးတွင် စားပွဲထိုးက ဘေးကင်းသေချာစေရန် တွေးလိုက်ပြီး ဆိုင်ရှင်နှင့် တိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။

ဆိုင်ရှင်က ဆုံးဖြတ်ပေးလိုက်ရင် သူ့တာဝန် မဟုတ်တော့ဘူးလေ။

တနေ့လုံး ရေမသောက်ခဲ့ရသည့် ယွင်အာက သူမ၏နှုတ်ခမ်းလေးကို လျက်ကာ မိခင်ဖြစ်သူကို သနားစဖွယ် တောင်းဆိုလိုက်သည်။

"အမေ၊ ယွင်အာ ရေသောက်ချင်တယ်"

စားသောက်ဆိုင်အတွင်း၌ရှိနေစဉ် 'မယ်တော်' ဟု မခေါ်ရန် စူးချင်းက ညွှန်ကြားထားသောကြောင့် ယွင်အာက “အမေ”ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။

"စားပွဲထိုးကို လက်ဖက်ရည်ယူလာခိုင်းလိုက်"

စူးချင်းက သူမ၏ ကိုယ်ပိုင်အစေခံတစ်ဦးကို စားပွဲထိုးအား ခေါ်ခိုင်းလိုက်သည်။ သူမတို့ စောင့်ဆိုင်းနေစဉ်အတွင်း ဘေးစားပွဲမှ လူအချို့ ညီလာခံအတွင်းမှ အရေးကြီးသော ကိစ္စရပ်များအကြောင်း ဆွေးနွေးဝေဖန်နေကြသည်ကို စူးချင်း ကြားလိုက်ရသည်။

All Chapters