← Chapters

သင်ခန်းစာပေးခြင်း

Vol. 46 Ch. 675

သင်ခန်းစာပေးခြင်း

Vol. 46 Ch. 675

ထိုလူများက တော်ဝင်မိသားစုအကြောင်း တိတ်တဆိတ် ဆွေးနွေးနေကြပြီး သူတို့၏ စကားလုံးများထဲတွင် ဝေဖန်မှုများနှင့် ကောလာဟလများ ပါဝင်နေသည်။

“ဟူး... သနားဖို့ ကောင်းလိုက်တာကွာ... သူ့ခမျာ မင်းသားလေးအတွက် စိတ်ရောကိုယ်ပါ ပုံအောပြီး သင်ကြားပေးခဲ့တာတဲ့၊ နောက်ဆုံးတော့ တခြားလူက သူရဲ့အသီးအပွင့်တွေကို လာခူးတော့မလို ဖြစ်နေပြီ၊ ငါ ကြားတာတော့ အဲ့ဒီမင်းဆရာကြီးက ဝမ်းနည်းလွန်းလို့ သေလုမျောပါး ဖြစ်နေရတယ်တဲ့”

တစ်ယောက်က ညည်းညည်းညူညူ ပြောဆိုလိုက်သည်။

"တကယ်လား? ဘယ်သူနဲ့အစားထိုးတယ်လို့ မင်း ကြားခဲ့သေးလဲ?"

အခြားတစ်ယောက်က ပြန်မေးလိုက်သည်။

“အဲ့ဒါက တော်ဝင်မိသားစုနဲ့ နီးစပ်တဲ့‌ ဆွေမျိုးတစ်ယောက်လို့ ပြောတယ်”

“ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ တော်ဝင်မင်းဆရာကြီးကို ဖြုတ်ချလိုက်တာကတော့ အရမ်းလွန်သွားပြီ မဟုတ်ဘူးလား?”

“ပြီးတော့ ငါ ထပ်ကြားထားတာ ရှိသေးတယ်၊ တော်ဝင်သားဖွားခန်းမှာ လူနာ မရှိလို့ လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဆွဲခေါ်နေတယ်တဲ့၊ အဲ့နေရာကို ရောက်လာနဲ့ ဗိုက်ကို ဓားနဲ့ ထိုးခွဲတယ်ဆိုပဲ၊ ပြီးတော့ သူတို့ရဲ့ ကြောက်မက်ဖွယ် လုပ်ငန်းစဉ်ကိုလည်း ကြည့်ခိုင်းသေးတာတဲ့၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ရဲ့ ယောက္ခမဆိုရင် အဲ့လို ဆိုးရွားတဲ့ မြင်ကွင်းကို ကြည့်ဖို့ အတင်းအကြပ် ဖိအားပေးခံခဲ့ရတယ်။ သနားစရာကောင်းတဲ့ အဘွားအိုခမျာ အကြောက်လွန်ပြီး မူးလဲသွားရှာတယ်တဲ့”

“ဟုတ်လား? ငါ သိထားတာလည်း တစ်ခု ရှိသေးတယ်၊ မိဖုရားခေါင်ကြီးက ဧကရာဇ်မင်းမြတ်ကို မောင်းမမိဿံတွေ မယူဖို့ တားမြစ်ထားတယ်တဲ့၊ အရင်မင်းဆက်တွေမှာဆိုရင် ဒီလိုအပြုအမူကို မနာလိုမှုလို့ မြင်ကြတယ်၊ ပြီးတော့ တိုင်းပြည်ရဲ့အရေးကိစ္စမှာ မိန်းမတွေ ဝင်ရောက်စွက်ဖက်တာကိုလည်း လုံးဝ လက်မခံကြဘူး၊ အခုတော့ ဧကရာဇ်မင်းမြတ်က ပြုစားခံထားရပြီး ဘာမှ မမြင်နိုင်တော့ဘူး၊ အခုတော့ မိဖုရားခေါင်ကြီးက အကျင့်သီလ မရှိလို့ ပြောနေကြပြီ”

ထိုစကားများကို နားထောင်နေရင်း စူးချင်း၏အမူအရာက ပိုအေးစက်လာသည်။

ဒီလူတွေက တော်ဝင်မိသားစုကိုတောင် ပြောင်ပြောင်တင်းတင်း ဆဲဆိုနေကြပြီး မိဖုရားခေါင်ကြီးဖြစ်တဲ့ သူမကို အကျင့်သီလမရှိတဲ့မိန်းမအဖြစ် ပုံဖော်နေကြတယ်ပေါ့လေ။

“အဲဒီနှစ်ယောက်ကို စောင့်ကြည့်ထားလိုက်၊ ပြီးတော့ သူတို့နောက်ကွယ်က လူကိုပါ စုံစမ်းထား”

သူမက သူမ၏သက်တော်စောင့်ခေါင်းဆောင်ကို လှမ်းခေါ်လိုက်ပြီး ဘေးစားပွဲ၌ အားရပါးရ အတင်းအဖျင်း ပြောနေသည့်လူနှစ်ယောက်ကို မသိမသာ ညွှန်ပြရင်း အမိန့်ပေးလိုက်သည်။

ထိုလူနှစ်ယောက်၏ ဝတ်စားဆင်ယင်ပုံက သာမန်အရပ်သားများကဲ့သို့ပင် ဖြစ်နေသော်လည်း သူတို့စားပွဲပေါ်ရှိ တန်ဖိုးကြီး ဟင်းလျာများနှင့် အရက်ကောင်းများကတော့ သူတို့နှင့် ဆန့်ကျင်နေသည်။ သူတို့ စားသောက်နေသည်က သူတို့၏ အဆင့်အတန်းနှင့် မလိုက်ဖက်ပေ။ ဤသည်မှာ တစ်စုံတစ်ယောက်က ကောလာဟလများ ဖြန့်ဝေရန် သူတို့အား ခိုင်းစေထားခြင်းဖြစ်ကြောင်း သိသာထင်ရှားနေသည်။

စူးချင်းက သူတို့ကို ဖမ်းရန် အလျင်စလို မလုပ်ချင်ဘဲ ကောလဟာလများ စတင်သည့် ရင်းမြစ်အား ပြန်ခြေရာခံရန် စီစဥ်လိုက်သည်။

ဒီအတောအတွင်း ငြိမ်းချမ်းနေတဲ့ ရက်အနည်းငယ် ရှိလာတော့ တစ်စုံတစ်ယောက်က ပြဿနာရှာဖို့ ကြိုးပမ်းနေပြန်ပြီ။

စားပွဲထိုးက ဆိုင်ရှင်ဖြစ်သူထံမှ ညွှန်ကြားချက် သွားတောင်းနေသည်။ ဆိုင်ရှင်က စူးချင်းနှင့် သူမ၏သက်တော်စောင့်များကို လှမ်းကြည့်လိုက်သည်။ သူက စူးရှသောမျက်လုံးများ ရှိပြီး လူအကဲခတ် ကျွမ်းကျင်သူဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် ထိုအဖွဲ့က သာမန်လူများမဟုတ်ကြောင်း သဘောပေါက်သွားသည်။

“ငါ သိပြီ၊ သူတို့အတွက် အကောင်းဆုံးဟင်းတွေ ချပေးလိုက်၊ ပြီးတော့ အကောင်းဆုံး ချက်ပေးဖို့ မီးဖိုချောင်ကို သေသေချာချာ သွားပြောထား၊ အဲ့ဒါအပြင် ငါတို့ဆိုင်ရဲ့ အကောင်းဆုံး လက်ဖက်ရည်ပါ သွားချပေးလိုက်၊ နည်းနည်းလေးမှ မပေါ့ဆနဲ့"

“ကျွန်တော် နားလည်ပါပြီ”

ဆိုင်ရှင်၏အမိန့်ကြောင့် စားပွဲထိုးက ဟင်းအမည်များ ပြောရန် မီးဖိုချောင်ဆီသို့ ချက်ချင်း ပြေးသွားတော့သည်။ သူက ဆိုင်ရှင်ပြောလိုက်သည့်အတိုင်း စားသောက်ဆိုင်၏ အကောင်းဆုံး ဟင်းပွဲများကို ရွေးကာ မှာကြားပေးလိုက်သည်။ ထို့နောက်တွင် လက်ဖက်ရည်ကောင်း ငါးအိုးလည်း ကျိုချက်စေပြီး သွားပို့ပေးလိုက်သည်။

စူးချင်း၏ စားပွဲအတွက် လက်ဖက်ရည်ကို ဆိုင်ရှင်ကိုယ်တိုင် လာရောက် တည်ခင်းပေးနေသည်။ ပါးနပ်သည့်ဆိုင်ရှင်က ထိုစားပွဲဝိုင်းငါးခုစလုံးက အမျိုးသမီး၏ ဦးဆောင်မှုအောက်တွင် ရှိနေကြောင်း နားလည်နေပြီး သူမကို ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်သည်။

“သခင်မ၊ ဒါက လုံကျင်းမိုးကျလက်ဖက်ရည်ပါ၊ သုံးဆောင်ပါဦး"

“အမ်း”

စူးချင်းက သူ့ကို တစ်ချက်သာ လှမ်းကြည့်လိုက်သော်လည်း အေးတိအေးစက်သာ တုန့်ပြန်လိုက်သည်။

ဆိုင်ရှင်ကတော့ စိတ်ဆိုးသွားခြင်း မရှိပေ။ ရာထူးကြီးသူများက များသောအားဖြင့် ဤကဲ့သို့ ပြုမှုလေ့ရှိပြီး သူ ကျင့်သားရနေပြီ ဖြစ်သည်။

“မိဖုရားခေါင်ကြီးက ဧကရာဇ်မင်းမြတ်ကို မှော်ပညာနဲ့ ပြုစားထားတာတဲ့၊ မဟုတ်ရင် ဧကရာဇ်မင်းမြတ်က သူ့(မ)အပေါ် ဘာလို့ ဒီလောက်ထိ သစ္စာရှိနေမှာလဲ?"

“ငါလည်း အဲဒီအကြောင်း ကြားဖူးတယ်၊ တကယ်ကို ကြောက်ဖို့ ကောင်းပါတယ်ကွာ၊ တိုင်းပြည်ရဲ့အုပ်စိုးရှင်ကိုတောင် ပြုစားရဲတယ်ဆိုတော့ လွယ်တော့ မလွယ်ဘူး”

"ငါ သိချင်တာက ဧကရာဇ်မင်းမြတ်က အဲ့ဒါကို မသိဘူးလား?"

ထိုလူများက ပြောလေလေ အရှိန်တက်လာလေလေ ဖြစ်နေပုံရသည်။ စားသောက်ဆိုင်ထဲမှ လူတစ်ချို့ကလည်း သူတို့နှစ်ယောက်၏ စကားဝိုင်းကို သတိထားမိသွားပြီး စူးစမ်းနေကြသည်။ လူအများက အတင်းအဖျင်း နားထောင်ရသည်ကို နှစ်သက်ကြပြီး အထူးသဖြင့် တော်ဝင်မိသားစုအကြောင်း အတင်းအဖျင်း သိရသည်ကိ လူတိုင်း သဘောကျတတ်ကြသည်။ စားသောက်ဆိုင်များက ကောလာဟလ ဖြန့်ဝေရန် အကောင်းဆုံးနေရာ ဖြစ်သောကြောင့် ဤလူနှစ်ယောက်က တမင်တကာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

စားသောက်ဆိုင်ပိုင်ရှင်က သူတို့ပြောနေသည့် အကြောင်းအရာကို ကြားသွားပြီး သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ သူက ထိုလူများဆီတို့ ကမန်းကတန်း လျှောက်သွားကာ တောင်းပန်လိုက်သည်။

“ဧည့်သည်တော်ကြီးတို့.... ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့စကားတွေကို နည်းနည်းလောက် ဆင်ခြင်ပေးပါ၊ ကျွန်တော်တို့ဆိုင်က ရိုးရိုးသားသား စီးပွားရေး လုပ်နေတာပါ၊ ဘာပြဿနာမှ မဖြစ်စေချင်ပါဘူး”

"မင်းက ဘာကို ကြောက်နေတာလဲ? ဧကရာဇ်နဲ့ မိဘုရားခေါင်ကြီးက နန်းတော်ထဲမှာ ရှိနေတာလေ၊ မင်းရဲ့ဆိုင်အစုတ်ကို လာဖို့ အချိန်တောင် ရှိမှာ မဟုတ်ဘူး"

“အဲလို ဆိုရင်တောင် ပြောလို့ မရဘူး၊ ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ်က အရမ်းလေးစားဖို့ ကောင်းတယ်၊ သူတို့ မရှိရင် ဒီလိုငြိမ်းချမ်းသာယာတဲ့ခေတ် ရှိလာမှာ မဟုတ်ဘူး၊ မင်းဘာသာ တော်ဝင်မိသားစုရဲ့အကြောင်း မဟုတ်တမ်းရားတွေ ပြောပြီး သေလမ်းရှာနေရင်တောင် ငါတို့ကို ဆွဲမထည့်နဲ့၊ ပြီးတော့ မင်းတို့ ဒီကို ထပ်မလာနဲ့တော့၊ ငါ မင်းတို့ကို မကြိုဆိုဘူး၊ မင်းတို့ရဲ့ ပိုက်ဆံကိုလည်း မလိုချင်ဘူး"

ဆိုင်ရှင်က တားမရမှန်း နားလည်သွားပြီး ဒေါသထွက်သွားကာ စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။ သူက ထိုလူများအား ငွေရှင်းခိုင်းပြီး ဆိုင်ထဲမှ မောင်းထုတ်လိုက်သည်။ စူးချင်းက ဆိုင်ရှင်ကို လေးလေးနက်နက် စိုက်ကြည့်နေပြီးမှ သူမဘာသာ လက်ဖက်ရည် ဆက်သောက်နေသည်။

ကျစ်ချီ၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်နေပြီး သူ့၏ လက်သီးသေးသေးလေးများကို တင်းနေအောင် ဆုပ်ထားသည်။

အဲဒီလူဆိုးတွေက သူ့ရဲ မယ်တော်နဲ့ ခမည်းတော်အကြောင်း ပြောနေတာကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။

"အမေ၊ သူတို့က အမေအကြောင်း ပြောနေကြတာ"

ယွင်အာကလည်း ထိုစကားများကို ကြားနေပြီး သူမ၏နှုတ်ခမ်းလေးကို စူကာ စူးချင်းရှေ့၌ တိုင်တန်းနေသည်။

“အင်း”

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး သမီးဖြစ်သူ၏ခေါင်းလေးကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။ ယွင်အာက ထိုလူများအား အလျင်စလို သွားရန်တွေ့မည်ကို သူမ စိုးရိမ်နေပြီး ကျစ်ချီကိုတော့ မေ့ထားလိုက်မိသည်။

ထိုလူများက ဆိုင်ရှင်နှင့် ပြန်ငြင်းခုံနေကြဆဲ ဖြစ်သည်။

"မင်းက ဘာအတွက်နဲ့ ငါတို့ကို နှင်ထုတ်နေရတာလဲကွ၊ ငါတို့က စားဖို့ ပိုက်ဆံမပေးဘူးလို့ ငြင်းနေလို့လား?”

"မင်းတို့ရဲ့ပိုက်ဆံကို ငါ မလိုချင်တော့ဘူး၊ မြန်မြန် ထွက်သွားကြ"

ဆိုင်ရှင်က သူ့စကားအဆုံးတွင် အခြားစားပွဲမှ ကလေးလေး လျှောက်လာ‌နေသည်ကို လှမ်းတွေ့လိုက်သည်။ လာနေသည်က ကလေးလေး ဖြစ်သောကြောင့် မည်သူကမျှ ဂရုမစိုက်ကြချေ။

သူဆို့ မမျှော်လင့်ဘဲ ကလေးလေးက ဓားမြှောင်သေးသေးလေးကို ထုတ်ယူလိုက်ပြီး စူးချင်း၏ မကောင်းကြောင်းပြောခဲ့သူ၏ ခြေသလုံးကို ထိုဓားမြှောင်ဖြင့် လှမ်းထိုးလိုက်သည်။

"အိုက်ယား...ကလေးစုတ်လေး၊ မင်းက ငါ့ကို ဓားနဲ့ ထိုးရဲတယ်လား?"

ဓားဖြင့် အထိုးခံလိုက်ရသည့် အမျိုးသားက ကျစ်ချီကို ဖမ်းရန် ငုံ့ချလိုက်သော်လည်း ကလေးလေး၏ အေးစက်သော မျက်လုံးများကို တွေ့လိုက်ရချိန်တွင်တော့ သူ အလွန် ကြောက်လန့်သွားပြီး လှုပ်ပင်မလှုပ်ရဲတော့ပေ။

ဒီကလေးမှာ ဒီလောက်ပြင်းထန်တဲ့ ရောင်ဝါရှိနေတာလား?

သူ မလှုပ်ရှားရဲခြင်းက သူ့အတွက် ကံကောင်းသွားစေသည်ဟု ယူဆနိုင်ပေသည်။ ထိုသို့မဟုတ်လျှင် သူ ရှစ်ပိုင်းလောက် အဖြတ်ခံရပေလိမ့်မည်။ ကျစ်ချီ၏ သက်တော်စောင့်များက က‌လေးကို ကာကွယ်ရန် ချက်ချင်း ရောက်လာကြသည်။

တစ်ဖက်မှ လူအင်အား များနေသည်ကို မြင်လိုက်သည်နှင့် ဓားဖြင့် အထိုးခံရသူက ကြောက်လန့်သွားပုံရသည်။ သူ နာကျင်နေသော်လည်း ကျစ်ချီကို ရိုက်ရန် မဆိုထားနှင့် အော်ပင်မအော်ရဲဘဲ အပြုံးဖြင့် ပြန်တောင်းပန်နေသေးသည်။

“ဒါတွေအားလုံးက ငါ့အမှားပါ၊ ဒီသခင်ငယ်လေး စားသောက်နေတာကို အနှောင့်အယှက် ပေးခဲ့မိတယ်၊ ငါ အခု ထွက်သွားပါ့မယ်"

စူးချင်းက သူမ၏သားအပေါ် လေးစားမှုအသစ်ဖြင့် လှမ်းကြည့်လိုက်သည်။

ကျစ်ချီ ဒီလောက် ရဲရင့်မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။ သူ့အမေ အသေရေဖျက်ခံရတာကို ကြားလိုက်တာနဲ့ သူက တစ်ဖက်သားကို သင်ခန်းစာပေးဖို့ တွန့်ဆုတ် မနေဘူး။ တစ်ဖက်လူက သူ့ထက် သန်မာနေရင်တောင် သူ မကြောက်ဘူး။

ဒါကမှ သူမရဲ့သားပေါ့....

စူးချင်းက မင်းဆရာပြောင်းလဲခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပို၍ ယုံကြည်လာသည်။

အဲ့လို မဟုတ်ဘဲ အဲ့အဘိုးကြီးဟယ်ယိလင်းကို ဆက်သင်ပေးခိုင်းနေရင် သတ္တိရှိတဲ့ ကလေးလေးက ရုပ်သေးရုပ်လို ဖြစ်သွားလိမ့်မယ်။

ကောလာဟလ ဖြန့်နေသူများက သူတို့ မှာယူထားသည့် အစားအသောက်များအတွက် ပေးချေပြီး ဝမ်းနည်းပုံဖြင့် ထွက်သွားကြသည်။ ကြမ်းပြင်ပေါ်တွင် သွေးအိုင်တစ်ခု ကျန်ရစ်နေပြီး ခြေသလုံးကြွက်သားကို ဓားဖြင့် အထိုးခံခဲ့ရသည့် အမျိုးသားက ဒဏ်ရာရနေသည့် သူ့ခြေထောက်ကို ဒရွတ်ဆွဲကာ လျှောက်လှမ်းနေသည်။ သူ တစ်လှမ်း လှမ်းလိုက်တိုင်း သူ့နှလုံးသားထဲမှ နာကျင်နေသလို ခံစားနေရသည်။

စူးချင်းက သူမ နောက်မှ လိုက်ပါလာသည့် သက်တော်စောင့်များကို ထပ်အမိန့်ပေးလိုက်သည်။

“သူတို့က တော်ဝင်မိသားစုရဲ့ အရေးကိစ္စတွေကို နောက်ကွယ်ကနေ ပြောရဲတယ်ပေါ့၊ သူတို့ရဲ့သွားတွေကို ရိုက်ချိုးပစ်လိုက်၊ သူတို့ရဲ့နောက်ကို လိုက်နေဖို့ မလိုတော့ဘူး၊ သူတို့ကို တခါတည်း ဖမ်းပြီး စစ်ဆေးမေးမြန်းလိုက်တော့”

ဤသက်တော်စောင့်နှစ်ယောက်က စူးချင်း၏အနားမှ အမြဲလိုက်ပါရသည့်သူများ ဖြစ်သည်။ သူတို့က သူတို့၏ဧကရီကို နှလုံးသားထဲမှ လေးစားပြီး နတ်ဘုရားသဖွယ် မှတ်ယူထားသူများ ဖြစ်သည်။

ဒီကောင်တွေက သူတို့ရဲ့ စံပြပုဂ္ဂိုလ်ကိုတောင် ပုတ်ခတ်ပြောဆိုရဲတယ်ပေါ့၊ သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးရမယ်။

စူးချင်းက သူတို့ကို ထိုလူနှစ်ယောက် သွားများ ရိုက်ချိူးခိုင်းလိုက်ရုံသာ ဖြစ်သော်လည်း သူတို့က ဤလူများအား နွားမစင်ကျွေးပြီး နွားသေးတိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကျစ်ချီက သွေးစွန်းနေသော ဓားမြှောင်လေးကို ကိုင်ကာ စားပွဲဆီသို့ ပြန်ရောက်လာသည်။ သူက စူးချင်းကို တွန့်ဆုတ်တွန့်ဆုတ် ကြည့်နေပြီး သူ့အမေက သူ့အား ဆူပူကြိမ်းမောင်းမည်ကို စိုးရိမ်နေပုံရသည်။

"ကျစ်ချီ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်၊ ဒါကို ယောက်ျားကောင်းတစ်ယောက်ရဲ့ သတ္တိလို့ ပြောလို့ ရတယ်"

စူးချင်းက သားဖြစ်သူ၏ တွန့်ဆုတ်မှုကို မြင်သွားပြီး အပြုံးဖြင့် ညင်ညင်သာသာ ချီးကျူးပေးလိုက်သည်။

"အစ်ကိုက အရမ်းတော်တာပဲ"

ယွင်အာကလည်း သူမ၏အစ်ကိုကို လေးစားအားကျဟန်ဖြင့် ချီးကျူးလိုက်သည်။

သူမမှာလည်း ဓားမြှောင်မရှိလိုပေါ့၊ မဟုတ်ရင် သူမလည်း အဲ့လူဆိုးကြီးကို ဓားနဲ့ သွားထိုးမိမှာ သေချာတယ်။ မဟုတ်သေးဘူး၊ နောက်ဆိုရင် မယ်တော်ဆီကနေ ဓားမြှောင်တစ်လက် တောင်းထားရမယ်။

ကျန်းချီလွေ့ကလည်း ကျစ်ချီကို သဘောကျနေပြီး သူ့အစ်ကိုဝမ်းကွဲထံမှ သင်ယူရန် တွေးနေလေသည်။

ကျစ်ချီက စူးချင်းကို မယုံကြည်နိုင်ဟန်လေးဖြင့် လှမ်းမေးလိုက်သည်။

"အမေ... သား ဘာမှ မမှားဘူးပေါ့"

"သား မမှားဘူး၊ မှန်တယ်၊ သူများတွေ သားရဲ့ အဖေနဲ့ အမေကို ဆဲဆိုကြိမ်းမောင်းနေတာတောင် ဘာမှ ပြန်မပြောရဲရင် သားမှာ ယောက်ျားကောင်းတစ်ယောက်ရဲ့ ရဲရင့်မှု လုံးဝ မရှိလို့ သတ်မှတ်ရမှာ။ အဲ့လိုဆိုရင် ကျစ်ချီက တိုင်းပြည်ကို အုပ်ချုပ်ဖို့ မထိုက်တန်တော့ဘူး၊ တိုင်းပြည်ရဲ့ အုပ်စိုးရှင်ဆိုတ ကရုဏာတရား ရှိရုံတင်မကဘဲ အာဏာကိုလည်း ဆုပ်ကိုင်ထားနိုင်ရမယ်၊ စစ်တပ်ကို ကရုဏာတရားနဲ့ ထိန်းချုပ်လို့ မရဘူး၊ မင်း မရက်စက်နိုင်ရင် လူတိုင်းကို အုပ်ချုပ်နိုင်မှာ မဟုတ်ဘူး"

စူးချင်းက အခွင့်အရေးရတုန်း သူမ၏သားလေးကို သင်ကြားပေးနေခဲ့သည်။ တိုင်းပြည်တစ်ပြည်၏ အရည်အချင်းပြည့်မီသော အုပ်ချုပ်သူ ဖြစ်လာရန် ကလေးလေးလည်း ရက်စက်မှုကို သင်ယူရပေလိမ့်မည်။ တော်ဝင်ရုံးတော်ရှိ အရာရှိများအား သနားညှာတာနေလျှင် ထိုလူများက ဧကရာဇ်မင်းမြတ် ပျော့ညံ့သည်ဟု သတ်မှတ်ကာ အလွယ်တကူ အနိုင်ကျင့်ခံရပေလိမ့်မည်။

“သား နားလည်ပါပြီ၊ ဒီသားက အမေ့ရဲ့စကားကို အမြဲ မှတ်သားထားပါ့မယ်"

စူးချင်းကို ကြည့်နေသည့် ကျစ်ချီ၏ မျက်လုံးလေးများက တောက်ပလာသည်။ သူ့အမေ ဘာကိုဆိုလိုသည်ကို သူ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။၏

အရင်တုန်က တော်ဝင်မင်းဆရာကြီး သူ့ကို အကြီးအကဲတွေကို ရိုသေဖို့၊ ကြင်နာတတ်တဲ့ အုပ်စိုးရှင်ဖြစ်ဖို့၊ ပြည်သူတွေကို သားသမီးတွေလို ချစ်ခင်တတ်ဖို့နဲ့ သည်းခံနိုင်တဲ့ နှလုံးသားရှိဖို့ပဲ သင်ကြားပေးခဲ့တယ်။

သူ့မယ်တော်ရဲ့ သွင်သန်ပေးမှုကတော့ ပိုပြီး လက်တွေ့ကျတယ်။ သူ ပြည်သူတွေ အပေါ် ကြင်နာရမှာ မှန်တယ်၊ ဒါပေမယ့် လူဆိုးတွေနဲ့ ရန်သူတွေ အပေါ်ကိုတော့ ရက်စက်သင့်ရင် ရက်စက်ရမယ်၊ လူတိုင်းအပေါ် ကရုဏာထားနေလို့ မရဘူး။

စားသောက်ဆိုင်ထဲမှ လူများက ကျစ်ချီကို ကြောက်ရွံ့သည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဒီကလေးက ရက်စက်လွန်းတယ်။

စားသောက်ပြီးနောက်တွင် စူးချင်းက အားလုံးကို ခေါ်ကာ နန်းတော်သို့ အမြန် ပြန်လာခဲ့သည်။ နန်းတော်သို့ ရောက်လာသည်နှင့် သူမ ပထမဆုံးလုပ်သည့် အလုပ်က ရှောင်းကျဲယွိကို သွားရှာပြီး ညီလာခံတွင် ဘာထူးခြားသလဲဟု မေးမြန်းရန် ဖြစ်သည်။

All Chapters