မြွေကို တွင်းထဲမှ ဆွဲထုတ်ခြင်း
Vol. 46 Ch. 676
စူးချင်း ရန်ရှင်းနန်းတော်ခန်းမသို့ ရောက်သွားချိန်တွင် ရှောင်းကျဲယွိကို မတွေ့ရပေ။ မိန်းမစိုးအကြီးအလည်း ရှိမနေသောကြောင့် စူးချင်းက တာဝန်ကျမိန်းမစိုးကို လှမ်းမေးလိုက်သည်။
“ဧကရာဇ်မင်းမြတ် ဘယ်မှာလဲ?"
“ဧကရာဇ်မင်းမြတ်က အမတ်မင်းဟယ်ကို သွားကြည့်နေပါတယ်”
တာဝန်ကျ မိန်းမစိုးက ဧကရီကို မြင်လိုက်သည်နှင့် အလျင်အမြန် ဒူးထောက်ကာ မေးသမျှကို တလေးတစား ပြန်ဖြေနေသည်။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်မင်းမြတ်က ဧကရီအပေါ် ဘာမှ ဖုံးကွယ်ထားခြင်း မရှိသောကြောင့် သူ အမှန်အတိုင်း ဖြေရမည် ဖြစ်သည်။
စားသောက်ဆိုင်ထဲ၌ ဟယ်ယိလင်း သေလုနီးပါး ဒေါသထွက်ခဲ့သည်ဟု ပြောနေသည်ကို ကြားခဲ့ရသော်လည်း စူးချင်းက ထိုလူများ ကောလဟာလ ဖြန့်နေသည်ဟုသာ ထင်ထားခဲ့သည်။ တော်ဝင်မင်းဆရာ အမှန်တကယ် နေမကောင်း ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
"အမတ်မင်းဟယ်က ဘယ်မှာလဲ?"
စူးချင်းကို ဟယ်ယိလင်းကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အမတ်မင်းဟယ်က ရှေးရိုးစွဲသူ ဖြစ်သော်လည်း မင်းသားလေးကို သင်ကြားပေးရာတွင်မူ အစွမ်းကုန် ကြိုးစားခဲ့သူ ဖြစ်သည်။ သူ့ထံတွင် ကြီးမားသည့် အမှားမရှိဘဲ သူ့ကို ရာထူးမှ ဖယ်ရှားလိုက်ခြင်းကြောင့် ထိုက်သင့်သော လေးစားမှု ပြန်ပေးရန် လိုအပ်သည်ဟု စူးချင်း သတ်မှတ်လိုက်သည်။
"တော်ဝင်ဆေးပညာဌာနမှာပါ"
တာဝန်ကျ မိန်းမစိုးက တလေးတစား ပြန်ဖြေလိုက်သည်။ သူ့စကားမဆုံးမီမှာပင် စူးချင်းက တော်ဝင်ဆေးပညာဌာနဆီသို့ ခြေဦးလှည့်နေပြီ ဖြစ်သည်။
"မယ်တော်၊ သားတော်လည်း မင်းဆရာကြီးကို တွေ့ချင်တယ်"
ကျစ်ချီက စူးချင်းနောက်မှ လိုက်ပါလာသည်။ ကလေးများ၏ နှလုံးသားက ဖြူစင်လွန်းပြီး သူတို့၏အတွက် တစ်ရက်တာ ဆရာသမားက တစ်သက်လုံးစာ ဖခင်ဖြစ်သည်ဟု မှတ်ယူထားကြသည်။ ကျစ်ချီကလည်း ဟယ်ယိလင်းကို အလွန်လေးစားသူ ဖြစ်သည်။
“ကောင်းပြီ”
လူတစ်ဦးက ကျေးဇူးသိတတ်ရန် လိုအပ်ပြီး ကျေးဇူးမသိတတ်သူက ကြီးမြတ်သောအရာများကို အောင်မြင်ရန် ဆောင်ရွက်နိုင်မည် မဟုတ်ပေ။
စူးချင်းက ကျေနပ်သည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏သားတော်ကို သူ့၏ဆရာထံသို့ အလည်ခေါ်သွားရန် သဘောတူလိုက်သည်။
ကျစ်ချီ ပင်ပန်းနေမည်ကို စိုးရိမ်သည့်အတွက် စူးချင်းက ဖီးနစ်ဝေါယာဥ်ဖြင့် ထွက်ခွာရန် အမိန့်ပေးခဲ့ပြီး သူမက ကျစ်ချီနှင့်အတူ တော်ဝင်ဆေးပညာဌာနသို့ ရောက်လာခဲ့သည်။
တော်ဝင်ဆေးပညာဌာနတွင် မီးရောင်များ တောက်ပနေဆဲ ဖြစ်သည်။ တော်ဝင်သမားတော်များ အစွမ်းကုန်ကြိုးစားနေကြသော်လည်း ဟယ်ယိလင်းအား ပြန်မနှိုးနိုင်ကြသေးပေ။ ကံကောင်းထောက်မစွာဖြင့် ရှောင်းကျဲယွိက စူးချင်း ပေးထားခဲ့သည့် နှလုံးကာကွယ်ဆေးကို ဟယ်ယိလင်းအတွက် ထုတ်ပေးခဲ့သည်။ ထိုဆေးက သူ့နှလုံးကို ကာကွယ်ပေးထားသောကြောင့် အသက်ဆက်ရှင်နေခြင်းပင်။
“အရှင်မင်းမြတ်ကို အစီရင်ခံတော်မူပါတယ်၊ သူရဲ့ နား၊ နှာခေါင်းနဲ့ ပါးစပ်ကနေ သွေးတွေ ထွက်နေပါတယ်၊ ဒီသမားတော်ကတော့ အမတ်မင်းဟယ်ရဲ့ ဦးနှောက်မှာ သွေးယိုစိမ့်နေတယ်လို့ သံသယ ဖြစ်မိပါတယ်၊ ကျွန်တော်မျိုးမှာ ကုသပေးနိုင်တဲ့ အစွမ်းအစ မရှိပါဘူး”
တော်ဝင်သမားတော်လင်းက တော်ဝင်သမားတော်များ၏ အကြီးအကဲ ဖြစ်ပြီး တော်ဝင်သမားတော်များအားလုံးထဲတွင် သူ၏ ဆေးပညာကျွမ်းကျင်မှုက အမြင့်မားဆုံး ဖြစ်သည်။ သူ၏ အပ်စိုက်ကုထုံးက လူသေများကိုပင် အသက်ပြန်ရှင်စေနိုင်သည်ဟု ပြောစမှတ်ပြုကြသည်။ သူ မကယ်နိုင်တော့ဘူးဟု ပြောလိုက်လျှင် တခြားတော်ဝင်သမားတော်များလည်း ဘာမှ မတတ်နိုင်တော့ဘူးဟု အဓိပ္ပါယ်ရသည်။
"ကျန်းကို တစ်ချက်လောက် စစ်ဆေးကြည့်မယ်"
ရှောင်းကျဲယွိက မျက်နှာတစ်ခုလုံး နီမြန်းနေပြီး မျက်လုံးများကို တင်းတင်းမှိတ်ထားသည့် ဟယ်ယိလင်းကို တချက်လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အပြစ်ရှိသလို ခံစားနေရသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူ ညီလာခံက မှူးမတ်တွေအားလုံးရှေ့မှာ တော်ဝင်မင်းဆရာ အပြောင်းအလဲကို ရုတ်တရက် မကြေငြာသင့်ဘူး။ ဟယ်ယိလင်းကို သူ့ဘာသာ နှုတ်ထွက်ဖို့ အရိပ်အမြွက်လောက် အရင် ပြောခဲ့သင့်တယ်။ အဲ့လိုဆိုရင် အဘိုးအိုလည်း သူ့မျက်နှာကို ထိန်းသိမ်းထားနိုင်ပြီး ဒီလောက် ဒေါသထွက်မှာ မဟုတ်ဘူး၊ အခုလို အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုး ဖြစ်သွားမှာလည်း မဟုတ်ဘူး။ ဒီအဘိုးအို သေသွားရင် သူ သွယ်ဝှိုက်ပြီး လူသတ်လိုက်တာနဲ့ အတူတူပဲ။
“အရှင်မင်းမြတ်ရဲ့ အမိန့်တော်အတိုင်းပါ”
ဧကရာဇ်မင်းက ဆေးပညာကို နားလည်ကြောင်း တော်ဝင်သမားတော်လင်းလည်း သိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက ရှောင်းကျဲယွိ သွေးခုန်နှုန်း စစ်ဆေးနိုင်ရန် နေရာဖယ်ပေးလိုက်သည်။
ရှောင်းကျဲယွိက လူနာခုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဟယ်ယိလင်း၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။ ဟယ်ယိလင်း၏သွေးခုန်နှုန်းက တိုင်းတာရန် ခက်ခဲသည်အထိ အားနည်းနေပြီ ဖြစ်သည်။ သူ့၏ အခြေအနေက နောက်ပြန်မလှည့်နိုင်လောက်အောင် အန္တရာယ်များနေပြီး မည်သူမျှ ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
"အရှင်မင်းမြတ်၊ ဧကရီမယ်မယ် ဒီမှာ ရှိနေရင် ပိုကောင်းမှာ သေချာပါတယ်။ မယ်မယ်ရဲ့ ဆေးပညာ ကျွမ်းကျင်မှုက သေပြီးတဲ့သူကိုတောင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်”
တော်ဝင်သမားတော်လင်းက ရှောင်းကျဲယွိကို ဘေးမှ သတိပေးနေပြန်သည်။ တော်ဝင်ဆေးပညာဌာနရှိ တော်ဝင်သမားတော်များအားလုံးက ဧကရီမယ်မယ်လောက် ဆေးပညာ မကျွမ်းကျင်ကြပေ။ ဧကရီမယ်မယ်က မြင့်မြတ်သော သမားတော်ဘွဲ့နှင့် ထိုက်တန်သော်လည်း သူတို့ကတော့ သာမန်သမားတော်ဟုသာ အခေါ်ခံရသင့်သည်။
“မိန်းမစိုးစူး၊ ဧကရီ ပြန်လာပြီလားဆိုတာ သွားကြည့်လိုက်ပါဦး၊ ဧကရီ ပြန်ရောက်လာရင် မင်းဆရာကြီးကို ကယ်တင်ပေးဖို့ တောင်ဝင်ဆေးပညာဌာနကို အမြန်လာဖို့ ပြောလိုက်ပါ”
“ဧကရာဇ်မင်းမြတ်ကို သတင်းပို့ပါတယ်၊ ဧကရီမယ်မယ် ရောက်ရှိလာပါပြီ”
ရှောင်းကျဲယွိ မိန်းမစိုးအား ညွှန်ကြား၍မှ မပြီးသေးမီ သတင်းပို့သံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်းကျဲယွိက ကမန်းကတန်း ပြန်ပြောလိုက်သည်။
"ဧကရီကို ဝင်ခွင့်ပြုစေ"
စူးချင်း အခန်းထဲသို့ မရောက်လာခင် ကျစ်ချီက အရင် ပြေးဝင်လာသည်။ သူ့၏ဆရာသခင် လူနာခုတင်ပေါ်၌ သတိလစ်လျက် လဲလျောင်းနေသည်ကို မြင်လိုက်သည်နှင့် ကျစ်ချီက ရှေ့တိုးလာပြီး ဟယ်ယိလင်း၏လက်ကို ဆွဲကာ မျက်ရည်များဖြင့် ခေါ်လိုက်သည်။
"ဆရာသခင်"
"ကျစ်ချီ၊ ဖယ်ပေးဦး၊ မယ်တော် ကြည့်ပေးမယ်"
စူးချင်းက ဟယ်ယိလင်း၏သွေးခုန်နှုန်းကို စစ်ဆေးရန် သားဖြစ်သူကို ဘေးဘက်သို့ ဆွဲခေါ်လိုက်သည်။ ထိုအဘိုးအို ဦးနှောက်သွေးယိုစိမ့်မှုဖြစ်သွားကြောင်း သူမ အတည်ပြုနိုင်ခဲ့ပြီး ယခုလို ရှေးခတ်မဆိုထားနှင့် ခေတ်သစ်တွင်ပင် အချိန်မီ ဆေးကုသမှု မရပါက သေဆုံးသွားနိုင်ပေသည်။
ထို့အပြင် အဘိုးအို၏ ဦးနှောက်သွေးယိုစိမ့်မှုက ပြင်းထန်လှပြီး ဓာတ်မှန်ရိုက်ကြည့်လျှင် ဦးခေါင်းတစ်ခုလုံး သွေးများ ဖုံးလွှမ်းနေနိုင်သည်။
ဤအခြေအနေမျိုး၌ သူအား ကယ်တင်နိုင်လျှင်ပင် သူ လေဖြတ်သွားပေလိမ့်မည်။ သို့ရာတွင် သူမ ဟယ်ယိလင်းကို မဖြစ်မနေ ကယ်တင်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ပြည်သူများကြားမှ ဧကရာဇ်မင်းမြတ်၏ဂုဏ်သတင်း ထိခိုက်သွားနိုင်သည်။
ဒီလူ မသေသေးတာတောင် ကောလဟာလတွေ မြို့တော်အနှံ့ ပျံ့နှံ့နေပြီ။ မင်းဆရာကြီး တကယ်သေသွားရင် ဧကရာဇ်မင်းက ရက်စက်တယ်၊ သူကို အသုံးမလိုတော့မှ စွန့်ပစ်တယ်၊ မြည်းအိုကြီးကို ခိုင်းမရတော့လို့ သတ်လိုက်ပြီပေါ့ အဲ့လိုတွေ ပြောကြလိမ့်မယ်၊ အမတ်မင်းဟယ်က ဧကရာဇ်ကြောင့် ဒေါသထွက်ပြီး သေရတယ်လို့ တတိုင်းပြည်လုံးက ဝိုင်းပြောကြလိမ့်မယ်။
"အားလုံး ထွက်သွားလို့ရပြီ"
စူးချင်းက တော်ဝင်သမားတော်အားလုံးကို ချက်ချင်း ထွက်သွားခိုင်းလိုက်သည်။ သူမ ဤသွေးယိုစိမ့်မှုကို တားဆီးရန် အမတ်မင်းဟယ်ကို ခွဲစိတ်မှု ပြုလုပ်လိုသော်လည်း ခွဲစိတ်ခန်းသုံးပစ္စည်းများကို စနစ်ထဲမှ ထုတ်ရန် လိုအပ်နေသေးသည်။ ထို့ကြောင့် ဤအခန်းထဲတွင် မည်သူကိုမျှ နေခွင့်ပေးနိုင်တော့ပေ။
"ကိုယ် နေခဲ့ပြီး၊ မင်းကို ကူညီပေးမယ်"
ရှောင်းကျဲယွိက စူးချင်းကို ကူညီပေးရန် သူ နေခဲ့ဖို့ ကမ်းလှမ်းလိုက်သည်။ စူးချင်းက ကျစ်ချီကို သူ့ဆီသို့ လှမ်းပေးရင်း ပြန်ဖြေလိုက်သည်။
"ကျစ်ချီကို ခေါ်သွားပြီး အပြင်ဘက်ကနေ စောင့်နေပေး"
"မယ်တော်၊ သားတော် ဆရာသခင်နဲ့အတူ နေပေးလို့ ရမလား?"
ကျစ်ချီ၏ ဟယ်ယိလင်းနှင့် ပတ်သတ်သော ခံစားချက်များက ပြင်းထန်လှပြီး သူ့၏ဆရာအပေါ် သံယောဇဥ်ကြီးမားလှသည်။ သူက သူ့ဆရာကို မထားခဲ့ချင်ဘဲ မိခင်ဖြစ်သူကို တောင်းပန်နေရှာသည်။
“မရဘူး၊ သားတော် ရှိနေရင် မယ်တော် အာရုံပျံလွင့်ပြီး အနှောင့်အယှက် ဖြစ်ရုံပဲရှိလိမ့်မယ်”
စူးချင်းက ချက်ချင်း ခေါင်းခါလိုက်ပြီး သူမ၏သားကို ထွက်သွားခိုင်းလိုက်သည်။
ရှောင်းကျဲယွိက တံခါး ပိတ်ခိုင်းလိုက်ပြီး မည်သူမျှ စူးချင်းကို အနှောင့်အယှက် မပေးရန် အမိန့်ထုတ်လိုက်သည်။
"ရှောင်ချီ၊ ရှောင်လင်းလင်း ထွက်လာခဲ့"
စူးချင်းက ခွဲစိတ်ခန်းသုံးပစ္စည်းများကို စနစ်ထဲမှ ထုတ်နေရင်း ရှောင်ချီနှင့် ရှောင်လင်းလင်းအား အကူအဖြစ် ခိုင်းစေရန် ထွက်လာခိုင်းလိုက်သည်။ ရှောင်ချီက ဤနယ်ပယ်တွင် အတွေ့အကြုံ ရှိပြီးသားဖြစ်ကာ စူးချင်း၏ ဆေးဘက်ဆိုင်ရာ ကိရိယာများကလည်း အလွန်အဆင့်မြင့်နေပြီ ဖြစ်သည်။
အတိတ်ကာလတွင် သူမ၏သခင် စစ်ပွဲမှ ပြန်လာတိုင်း သခင်ဖြစ်သူ၏ ထိခိုက်ဒဏ်ရာများကို အမြဲကုသပေးခဲ့သူက ရှောင်ချီသာ ဖြစ်သည်။ သူမက လက်ထောက်တစ်ယောက် ဖြစ်နိုင်သည်ထက် အရည်အချင်း ပိုရှိသူ ဖြစ်သည်။
ရှောင်လင်းလင်းက စူးချင်းအတွက် ခွဲစိတ်ဓားများ ကူယူပေးနေသည်။ သူကလည်း သခင်အသစ်ကို သဘောကျနေလေသည်။
သူ့ရဲ့သခင်အသစ်က အမြဲတမ်း အေးစက်စက် နေလေ့ရှိပေမယ့် သူကတော့ သူ့သခင်အသစ်မှာ နွေးထွေးတဲ့ နှလုံးသား ရှိနေတာကို ခံစားမိနေတယ်။
စူးချင်း ခွဲစိတ်မှုမစတင်မီ အမတ်မင်းဟယ်၏ ဦးနှောက်သွေးယိုစိမ့် ပိုမဆိုးလာစေရန် သူ့ကို သွေးတိတ်ဆေးတစ်ပြား အရင်တိုက်ထားလိုက်သည်။ ထိုသို့မဟုတ်လျှင် လူနာက ခွဲစိတ်မှုမတိုင်မီ သေဆုံးနိုင်ဖွယ် ရှိနေသောကြောင့် ဖြစ်သည်။
အမတ်မင်းဟယ်ကို ဆေးတိုက်ပြီးနောက် စူးချင်းက ခွဲစိတ်မှုကို ချက်ချင်း စတင်လိုက်သည်။ ၎င်းက ခေါင်းခွံကြီးတစ်ခုလုံး ဖွင့်စရာမလိုဘဲ ချွန်ထက်သောကရိယာဖြင့် ထိုးဖောက်ရသည့် ခွဲစိတ်မှုမျိုး ဖြစ်သော်လည်း အလွန် သိမ်မွေ့လှသည်။ ခွဲစိတ်ကိရိယာကို ဦးနှောက်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထည့်သွင်းခဲ့ ထည့်သွင်းပြီး ထိုကရိယာမှတဆင့် ကြည့်ရှုကာ ခွဲစိတ်မှုပြုလုပ်ရခြင်း ဖြစ်သည်။
တစ်ရှီးခန်(နှစ်နာရီ)ကျော်ကြာပြီးနောက် စူးချင်း၏ ခွဲစိတ်မှုပြီးဆုံးသွားခဲ့ပြီး ဟယ်ယိလင်း၏ ဦးနှောက်အတွင်းမှ သွေးယိုစိမ့်ခြင်းကို တားဆီးနိုင်ခဲ့သည်။ ဤအခြေအနေတွင် သူ အသက်ရှင်နိုင်ပြီ ဖြစ်သော်လည်း ဦးနှောက်တစ်ခြမ်း သေသွားပြီ ဖြစ်သောကြောင့် သူ့၏လက်ကျန် ဘဝတစ်လျှောက်လုံး ဘီးတပ်ကုလားထိုင်ပေါ်တွင် နေထိုင်ရမည်ဖြစ်သည်။
စူးချင်းက သူမ၏သားလေး မထွက်သွားခင် တောင်းပန်နေသည့် မျက်ဝန်းလေးများကို ပြန်တွေးလိုက်မိပြန်သည်။ သူမက ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များ ပြန်လည်ကောင်းမွန်လာစေရန် ဆေးညွှန်းတစ်ခု ရေးလိုက်ပြီး ရှောင်ချီကို ဆေးဖော်ပေးရန် ညွှန်ကြားလိုက်သည်။ စူးချင်းက တော်ဝင်ဆေးပညာဌာနကိုလည်း အနည်းငယ် အာရုံစိုက်ထားခဲ့ပြီး ဆေးအမျိုးမျိုး ဖြည့်သွင်းထားစေခဲ့သည်။ ရှောင်ချီက စူးချင်း၏ ဆေးညွှန်းအတိုင်း လိုအပ်သော ဆေးဖက်ဝင်အပင်များကို အလျင်အမြန် ရှာဖွေတွေ့ရှိသွားပြီး ဆေးစတင် ဖော်စပ်နေသည်။
ဦးနှောက်အတွင်းရှိ အာရုံကြောများ ထိခိုက်ပျက်စီးသွားလျှင် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဟယ်ယိလင်း ပြန်ကောင်းလာရန် အနည်းဆုံး နှစ်လလောက် ဆေး ဆက်တိုက်သောက်ရမည် ဖြစ်သည်။
"မင်းတို့ နှစ်ယောက် ဒီည သူ့ကို ဂရုစိုက်ပေးရမယ်”
ပထမညက အရေးကြီးဆုံးအချိန် ဖြစ်ပြီး စောင့်ကြည့်ရေးကိရိယာများကိုလည်း ဖယ်ရှားရန် မဖြစ်နိုင်သေးပေ။ သွေးယိုစိမ့်မှု ထပ်ဖြစ်လာလျှင် ချက်ချင်း ကုသပေးရမည် ဖြစ်သည်။ ထို့ကြောင့် စူးချင်းက ရှောင်ချီနှင့် ရှောင်လင်းလင်းကို ဟယ်ယိလင်းအား ပြုစုစောင့်ရှောက်ရန် ချန်ထားခဲ့ပြီး တံခါးကို ဖွင့်ကာ ပြန်ထွက်လာခဲ့သည်။
တော်ဝင်သမားတော်များအားလုံးက တံခါးအပြင်ဘက်တွင် စောင့်နေကြဆဲ ဖြစ်သည်။ စူးချင်း ထွက်လာသည်ကို တွေ့လိုက်ရချိန်တွင် အခန်းထဲသို့ ဝင်ကြည့်ရန် ပြင်ဆင်နေကြသည်။ ကံမကောင်းစွာဖြင့် ဧကရီက တံခါးကို အမြန် ပြန်ပိတ်လိုက်သည့်အတွက် သူတို့ ဘာမှ မြင်ခွင့်မရလိုက်ကြပေ။
"ဘယ်လို ဖြစ်သွားပြီလဲ?"
ရှောင်းကျဲယွိက စူးချင်းကို လှမ်းမေးလိုက်သည်။
ချင်းအာမှ အမတ်မင်းဟယ်ကို မကုသပေးနိုင် နတ်ဘုရားတွေတောင် ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး။
စူးချင်းက သူ့ကို မော့ကြည့်လိုက်သော်လည်း ဘာမှ မပြောဘဲ သူမ၏ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းပြလိုက်သည်။
"ဆရာသခင်၊ ဆရာသခင်"
သူ့အမေ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေသည့် ကျစ်ချီက အော်ငိုလိုက်သည်။ သူက သူ့ဆရာကို အော်ခေါ်ရင်း အခန်းဝသို့ ပြေးသွားသည်။
စူးချင်းက သူ့ကို ပြန်ဆွဲထားလိုက်ပြီး သူ့ကို ပြန်ခေါ်သွားရန် သက်တော်စောင့်များအား အမိန့်ပေးလိုက်သည်။
"မင်းသားလေးကို ပြန်ခေါ်သွားလိုက်ကြ"
ပြန်ခေါ်သွားခံရသည့် ကျစ်ချီက သူ့ဆရာကြီးကို အော်ခေါ်ကာ ငိုကြွေးနေဆဲ ဖြစ်သည်။ ထိုနေရာတွင် ရှိနေသည့် လူတိုင်းက ပထမမင်းသားကြောင့် စိတ်လှုပ်ရှားသွားပြီး တော်ဝင်မင်းဆရာကြီး၏ သေဆုံးခြင်းကို လက်ခံလိုက်သည်။ သူတို့လည်း တော်ဝင်မင်းဆရာကြီး၏သွေးခုန်နှုန်းကို စမ်းသပ်ခဲ့ကြပြီး တော်ဝင်မင်းဆရာကြီးအတွက် အချိန်အများကြီး မကျန်တော့ကြောင်း သိထားပြီး ဖြစ်သည်။ တော်ဝင်မင်းဆရာကြီး ဤမျှမြန်မြန်သေဆုံးသွားမည်ဟုသာ မမျှော်လင့်ထားခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် တော်ဝင်မင်းဆရာကြီးက သူတို့ လက်ထဲ၌ သေသွားခဲ့ခြင်း မဟုတ်ပေ။ မည်သူကမျှ ဧကရီကို အပြစ်တင်ရဲသူ မရှိပေ။ အကယ်၍ ဧကရီ၏နေရာတွင် သူတို့ ဖြစ်နေပါက သူတို့အားလုံး တော်ဝင်ဆေးပညာဌာနမှ နှင်ထုတ်ခံရနိုင်သည်။
စူးချင်းက လူတိုင်း၏ တုံ့ပြန်မှုကို စောင့်ကြည့်နေပြီးမှ အေးစက်စက်အသံဖြင့် ထပ်အမိန့်ပေးလိုက်သည်။
"ဒီအခန်းထဲကို ဘယ်သူမှ မဝင်ရဘူး၊ ပြီးတော့ တော်ဝင်မင်းဆရာကြီး သေဆုံးသွားတဲ့ သတင်းကို နန်းတော်ပြင်ပအထိ ယူသွားခွင့် မရှိဘူး၊ မင်းတို့အားလုံး ငါ ပြောတာကို ကြားကြလား?”