← Chapters

လျှို့ဝှက်ပူးပေါင်း ကြံစည်မှု

Vol. 46 Ch. 677

လျှို့ဝှက်ပူးပေါင်း ကြံစည်မှု

Vol. 46 Ch. 677

စူးချင်း၏ စူးရှထက်မြက်သော အကြည့်တစ်ချက် ဝေ့ဝဲကျရောက်လာပြီး တော်ဝင်သမားတော်များအားလုံး အလွန်ထိတ်လန့်ကာ ခေါင်းများကို အမြန်ငုံ့ထားလိုက်ကြသည်။

"ကျွန်တော်မျိုးတို့ မှတ်သားထားပါ့မယ်"

"အားလုံး ထွက်သွားလို့ရပြီ"

စူးချင်းက သူတို့ကို သွားခွင့်ပြုလိုက်သည်နှင့် ထိုတော်ဝင်သမားတော်များအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလိုမျိုး ထွက်ပြေးသွားကြသည်။

ဧကရီမယ်မယ်က တော်ဝင်မင်းဆရာကြီးရဲ့အလောင်းကို ဘာလုပ်ချင်တာလဲ? သိချင်တယ်.... သိချင်တယ်၊ ဒါပေမယ့် မမေးရဲပါဘူးကွာ။ တော်ဝင်မိသားစုရဲ့အကြောင်းဆိုတာက သိတာနည်းလေလေ အန္တရာယ်ကင်းလေလေပဲ။

လင်ယောက်ျားထက် ဇနီးမယားကို ဘယ်သူမှ ပိုမသိနိုင်ဆိုသော စကားအတိုင်း စူးချင်းက တော်ဝင်သမားတော်များအား လူနာခန်းအနီးသို့ မသွားရန် အမိန့်ပေးလိုက်သည်နှင့် သူမ မင်းဆရာကြီး၏အသက်ကို ကယ်တင်ပြီးပြီဖြစ်ကြောင်း ရှောင်းကျဲယွိ ခန့်မှန်းနိုင်ခဲ့သည်။ သူမက မင်းဆရာကြီး ကယ်တင်ခံလိုက်ရသည့်သတင်းကို ပျံ့နှံ့သွားမည်ကို မလိုလားရုံသာ ဖြစ်သည်။

ရှောင်းကျဲယွိက စူးချင်း၏ လေးနက်သောအမူအရာကို ဂရုတစိုက် ကြည့်ပြီးမှ တိုးတိုးလေး ကပ်မေးလိုက်သည်။

"ချင်းအာ... တစ်ခုခု ဖြစ်ခဲ့လို့လား?"

ငြိမ်သက်နေသော နန်းတော်တွင် လှိုင်းတံပိုးတချို့ လှုပ်ခတ်နေသည်ကို သူလည်း ကောင်းကောင်း သိထားပြီး ဖြစ်သည်။

စူးချင်းက နံရံများတွင် နားရွက်များရှိနေမည်ကို စိုးရိမ်သောကြောင့် ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။

"ပြန်ရောက်မှ ပြောကြမယ်"

“မင်းတို့ ဒီမှာပဲ နေခဲ့၊ ဘယ်သူကိုမှ ဝင်ခွင့်မပေးရဘူး”

စူးချင်းက သူမ ယုံကြည်ရသည့် သက်တော်စောင့်တစ်ချို့ကို ချန်ထားခဲ့သေးသည်။

သူမ ဒီလူတွေကို စောင့်ကြည့်နေတာ ကြာပြီ။ သူတို့မှာ ဘာပြဿနာမှ မရှိဘူးဆိုတာ သေချာတယ်။ သူတို့က သူတို့ရဲ့ပါးစပ်ကို တင်းတင်းပိတ်ပြီး အမိန့်ပေးလိုက်တဲ့ တာဝန်ကိုပဲ ဂရုတစိုက် ထမ်းဆောင်ကြတယ်။ သူတို့ကို ပေးလိုက်တဲ့ တာဝန်တိုင်းက ဘာလိုအပ်ချက်မှ မရှိဘဲ ပြီးမြောက်ခဲ့တာချည်းပဲ။

နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် စူးချင်းက ရှောင်းကျဲယွိအား ဘာမှ မပြောမီ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကို အရင် ထွက်သွားခိုင်းလိုက်သည်။

"ရွှေ့ရှန့်၊ ဒီနေ့ ကျွန်မ ညစာစားဖို့ လူတိုင်းကို စားသောက်ဆိုင်ဆီ ခေါ်သွားခဲ့တယ်...အဲ့နေရာမှာ...."

စူးချင်းက စားသောက်ဆိုင်ထဲတွင် သူမ ကြားခဲ့သမျှအားလုံးကို ရှောင်းကျဲယွိအား အသေးစိတ် ပြောပြလိုက်သည်။

“ညီလာခံအပြီးမှာ အမတ်မင်းဟယ် လဲကျသွားရုံနဲ့ အပြင်မှာ ကောလဟာလတွေ ချက်ချင်း ပျံ့နှံ့သွားတယ်၊ ရုံးတော်ထဲမှ တစ်ယောက်ယောက်က ကျွန်မတို့ရဲ့ဂုဏ်သိက္ခာကို တမင်တကာ ဖျက်ဆီးနေတယ်လို့ ကျွန်မ သံသယဖြစ်မိတယ်၊ နောက်ကွယ်မှာ အကြောင်းပြချက်တစ်ခုတော့ ရှိရမယ်၊ ကျွန်မတို့ ဒီလူကို ရှာချင်ရင် ပြဇာတ်ကောင်းကောင်းတစ်ပုဒိ ဖန်တီးပေးသင့်တယ်"

“ချင်းအာရဲ့ မြွေကို တွင်းထဲကနေ ဆွဲထုတ်တဲ့ နည်းလမ်းက အရမ်းကောင်းတယ်"

ရှောင်းကျဲယွိက စူးချင်းကို ကြည့်ရင်း အပြုံးဖြင့် ချီးကျူးနေပြန်သည်။ သို့သော် ဤလူက ကမ္ဘာကြီးကို ဇောက်ထိုးလှန်ပစ်နိုင်လောက်သည့် ပြသနာမျိုး ဖြစ်ပေါ်စေမည်ဟုတော့ သူ မထင်ထားပေ။

သူ့မှာ ထီးနန်းလုမယ့် ညီအစ်ကိုတွေ မရှိသလို အခု သူ့မှာ ခိုင်မာတဲ့ စစ်တပ်နဲ့ လက်နက်တွေ ရှိနေပြီ၊ ဘယ်အိမ်နီးချင်းတိုင်းပြည်ကမှ တာ့ထန်အင်ပါယာကို လာပြီး မတိုက်ရဲကြတော့ဘူး။ သူတို့ လှုပ်ရှားချင်တယ်ဆိုရင်တောင် လှည့်ကွက်သေးသေးလေးတွေပဲ ကစားဝံ့ကြလိမ့်မယ်။

ရှောင်းကျဲယွိက ရန်သူကို လျှော့တွက်နေကြောင်း မြင်လိုက်ရသည့်အတွက် စူးချင်းက သူ့ကို လေးလေးနက်နက် သတိပေးလိုက်သည်။

“‌ရွေ့ရှန့် ပုရွက်ဆိတ်အသိုက်က လီပေါင်းထောင်ချီတဲ့ တာတမံတွေကို ဖျက်ဆီးနိုင်တယ်ဆိုတာ မမေ့နဲ့ဦး၊ ဒါကို ကောလဟာလလေးတွေဆိုပြီး လျှော့မတွက်နဲ့၊ လူတွေရဲ့စိတ်နှလုံးကို ဆုံးရှုံးသွားရင် ရှင့်ရဲ့အခြေခံအုတ်မြစ် မတည်မငြိမ် ဖြစ်သွားလိမ့်မယ်”

"ချင်းအာ ပြောတာ မှန်ပါတယ်၊ ကိုယ် တိတ်တဆိတ် အမိန့်ထုတ်ပြန်ပြီး ကျန်းကျင့်လင်းကို လျှို့ဝှက်စုံစမ်းခိုင်းလိုက်မယ်"

ရှောင်းကျဲယွိက စူးချင်း၏ တင်းမာအမူအရာကို မြင်သွားပြီး သူလည်း အလေးအနက် ဖြစ်လာသည်။ ကျန်းကျင့်လင်းက အလွန်ထက်မြက်ပြီး ဖြတ်ထိုးဉာဏ်ရှိသူဖြစ်သည်။ သူက လူတိုင်း၏မျှော်လင့်ချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ရှောင်းကျဲယွိ ယုံကြည်ထားသည်။

“အင်း”

စူးချင်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ကျန်းကျင့်လင်းက အမှန်တကယ် အသင့်တော်ဆုံးလူပဲ။ သူ ဒီကိစ္စကို ဖြေရှင်းနိုင်တာနဲ့ တော်ဝင်ရုံးတော်ကလူတွေလည်း သူ မင်းဆရာကြီး ဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တာမျိုး ရှိလာတော့မှာ မဟုတ်ဘူး။ သူ့ကို သုံးလိုက်တာက မိသားစုဝင်တွေရဲ့ လုံခြုံရေးအတွက်လည်း အဆင်ပြေတယ်။

"ချင်းအာ၊ မင်း တစ်နေကုန် အလုပ်လုပ်ပြီး ပင်ပန်းလာတာတောင် နန်းတွင်းရေးကိစ္စတွေအတွက် စိတ်ပူနေရသေးတယ်၊ စောစော အနားယူလိုက်တော့လေ”

စူးချင်း ပင်ပန်းနွမ်းနယ်နေပုံရသည်ကို မြင်နေ‌ရသောကြောင့် ရှောင်းကျဲယွိတစ်ယောက် သူမအတွက် စိတ်မကောင်း ဖြစ်နေရပြန်သည်။

ချင်းအာက လယ်ထဲမှာ တနေ့လုံး အလုပ်လုပ်ခဲ့ရတယ်၊ သူက သီးနှံကူ ရိတ်သိမ်းဖို့ စစ်သည်တွေ ခေါ်သွားပေးခဲ့ပေမယ့် သူမက သူမဘာသာ ဖြည်းဖြည်းချင်း လုပ်ချင်တယ်လို့ ပြောခဲ့တယ်။ သူမက လယ်လုပ်ရတာကို ပျော်နေလို့ ပင်ပန်းတယ် မထင်ပေမယ့် တကယ်တော့ ပင်ပန်းတာပဲလေ၊ သူမ လယ်ကွင်းထဲမှာ တနေ့လုံး အလုပ် လုပ်လာရပြီး အခုလည်း နန်းတွင်းရေးကိစ္စတွေအတွက် ပူပန်နေရပြန်ပြီ။ သူ သူမအပေါ် အကြွေးတွေ အရမ်းများနေပြီ။ သူက တာဝန်မကျေတဲ့ ခင်ပွန်းပဲ။

ချင်းအာ သူနဲ့စတွေ့ကတည်းက သူမ အေးအေးဆေးဆေး နေခဲ့ရတယ်လို့ကို မရှိခဲ့ဘူး။ သူ့ကြောင့်နဲ့ ဒုက္ခအမျိူးမျိုးကို ရင်ဆိုင်ခဲ့ရတယ်။

“ကျွန်မ အိပ်လို့ မဖြစ်သေးဘူး၊ ကောလဟာလဖြန့်တဲ့သူတွေကို စစ်ဆေးမေးမြန်းဖို့ လူလွှတ်ထားတယ်၊ သူတို့ရဲ့ အဖြေကို စောင့်ရဦးမယ်"

စူးချင်းက ခေါင်းယမ်းလိုက်သည်။ သူမက ရန်သူဘက်သို့ သတိပေးလိုက်ခြင်းမျိုး မဖြစ်စေရန် ဤတိုက်ပွဲအား အမြန် အဆုံးသတ်ချင်နေခဲ့သည်။ ထို့ကြောင့် သူမ ၎င်းကို နက်နက်ရှိုင်းရှိုင်း တူးဆွရပေလိမ့်မည်။

"ကောင်းပြီလေ၊ ဒါဆို ကိုယ် မင်းနဲ့အတူ စောင့်နေပေးမယ်"

စူးချင်း အနားယူရန် ဆန္ဒမရှိသည်ကို မြင်လိုက်ရသဖြင့် ရှောင်းကျဲယွိက လျှောက်တင်လွှာများဖတ်ရင်း သူမနှင့်အတူ စောင့်ဆိုင်းပေးရန် ဆုံးဖြတ်လိုက်သည်။

“လာကြစမ်း၊ ဧကရီအတွက် ညလယ်စာ တစ်ခုခု ပြင်ဆင်ပေးဖို့ သွားပြောလိုက်”

အခြားဧကရာဇ်မင်းများအတွက် သူတို့၏ မောင်းမမိဿံများက သူတို့၏နေ့စဉ်ဘဝကို ဂရုစိုက်ပေးကြလိမ့်မည် ဖြစ်သော်လည်း ရှောင်းကျဲယွိကတော့ စူးချင်းကို အမြဲ ဂရုစိုက်ပေးလေ့ရှိသည်။ သူမ အိပ်ယာဝင် နောက်ကျပြီး ဗိုက်စာနေမည်ကို စိုးရိမ်သောကြောင့် စူးချင်းအတွက် ညလယ်စာပြင်ပေးရန် နန်းတွင်းအစေခံများအား တော်ဝင်စားဖိုဆောင်သို့ သွားခိုင်းနေသည်။

နှစ်ယောက်သား ညနက်သည်အထိ စောင့်ဆိုင်းပြီးမှ သတင်းပို့သံတစ်ခုကို ကြားလိုက်ကြရသည်။

"ဧကရီမယ်မယ်၊ သက်တော်စောင့်လီက သတင်းပို့ဖို့ ရောက်ရှိလာပါတယ်"

“သူ့ကို ဝင်ခွင့်ပြုလိုက်”

ထိုအချိန်တွင် စူးချင်းက ကြာစေ့ဟင်းချိူ သောက်နေခြင်း ဖြစ်သည်။ သက်တော်စောင့်လီ ရောက်လာသည်ဟု ကြားလိုက်သည်နှင့် သူမက သူမလက်ထဲမှ ဇွန်းကို ချကာ သူ့ကို ခေါ်လာရန် အမိန့်ပေးလိုက်သည်။

သက်တော်စောင့်လီက ရန်ရှင်းနန်းတော်ခန်းမထဲသို့ အမြန်လျှောက်ဝင်လာသည်။ သူက အထဲသို့ ရောက်သည်နှင့် ကြမ်ပြင်ပေါ်တွင် ဒူးထောက်ကာ လက်သီးပေါ် လက်ဝါးအုပ်ပြီး စူးချင်းအား အစီခံလိုက်သည်။

"ဧကရီမယ်မယ်ကို သတင်းပို့ပါတယ်၊ ကောလာဟလ ဖြန့်ခိုင်းတဲ့သူကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် ကျွန်တော်မျိုးတို့ ရောက်သွားတဲ့အချိန်မှာ အဲ့ဒိလူ အပါအဝင် သူရဲ့မိသားစုတစ်ခုလုံး အသက်ရှင်တဲ့လူ မကျန်အောင် အသတ်ခံထားရပြီးပါပြီ"

“သူ့ရဲ့ လုပ်ဆောင်ချက်တွေက မြန်ဆန်လွန်းတယ်၊ ဒီလူဆီမှာ ကောင်းကင်ကို ရောက်နိုင်တဲ့ မျက်လုံးနဲ့ လက်တွေ ရှိနေပြီ”

စူးချင်းတစ်ယောက် မျက်မှောင်ကြုတ်နေပြန်သည်။

သူမ ဒီလောက်မြန်မြန် လုပ်ဆောင်ခဲ့တာတောင် အခြားတစ်ဖက်က သက်သေကို အချိန်မီ ဖျက်ဆီးလိုက်နိုင်တယ်ပေါ့။ ဒါဆို တဖက်လူက သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလား?

"ဟုတ်တယ်၊ ကိုယ် သူ့ကို လျှော့တွက်ခဲ့မိတယ်"

ရှောင်းကျဲယွိ၏အမူအရာကလည်း ပိုလေးနက်လာသည်။

သူက ချင်းအာရဲ့ လုပ်ဆောင်နိုင်စွမ်းကို ယုံကြည်တယ်။ ချင်းအာ ဒီလောက်မြန်မြန် လှုပ်လျားခဲ့တာတောင် အချိန်မမီလိုက်ဘူး။ ဒီအချက်ကနေတဆင့် ရန်သူရဲ့ သူလျှိုတွေက ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဖောက်ဝင်နေတယ်ဆိုတာ သိမြင်နိုင်တယ်။

“တော်ဝင်သားဖွားခန်းကို သွားလိုက်၊ ဒီနေ့ ပို့လိုက်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဘယ်လိုနေလဲဆိုတာ ကြည့်ခဲ့၊ မြို့တော်ထဲမှာ မြင်းစီးခွင့် ပြုလိုက်မယ်”

စူးချင်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံဖြင့် အမိန့်ထပ်ပေးလိုက်သည်။

နေ့လည်က အတင်းအဖျင်းပြောတဲ့သူတွေ ပြောနေတဲ့ စကားတွေထဲမှာ တော်ဝင်သားဖွားခန်းစနဲ့ ပတ်သတ်တဲ့ ကိစ္စလည်း ပါတယ်။ အဲ့ဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် အန္တရာယ် ရှိလာမှာကို သူမ စိုးရိမ်မိတယ်။

စူးချင်းက အချိန် မနှောင့်နှေးစေရန်အတွက် သက်တော်စောင့်လီကို မြို့တော်ထဲ၌ မြင်းစီးခွင့်ပြုလိုက်သည်။ ထို့သိုမဟုတ်လျှင် လမ်းခရီးကြောင့် အရာရာ နှောင့်နှေးသွားပေလိမ့်မည်။

“ဒီလက်အောက်ငယ်သားက မယ်မယ့်ရဲ့အမိန့်တော်ကို နာခံပါ့မယ်”

သက်တော်စောင့်လီက အမိန့်ကို လက်ခံပြီး ချက်ချင်း ပြန်ထွက်ခွာသွားသည်။ ရှောင်းကျဲယွိက နောက်ထပ် သတင်းကို စောင့်ဆိုင်းရန် စူးချင်းနှင့်အတူ အဖော်လုပ်ပေးနေခဲ့သည်။ ရန်ရှင်းနန်းတော်ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အပ်ကျသံကိုပင် ကြားရလောက်အောင်အထိ တိတ်ဆိတ်နေခဲ့သည်။

ရှီးချန်တစ်ဝက်(တစ်နာရီ)ခန့်ကြာပြီးနောက်တွင် သက်တော်စောင့်လီ အလျင်အမြန် ပြန်ရောက်လာခဲ့သည်။ အထဲသို့ ဝင်လာသည့် သူ့အမူအရာက တင်းမာနေသောကြောင့် စူးချင်းက သူ့၏ဂါရဝပြုမှုကို ငြင်းဆန်ကာ ချက်ချင်း လျှောက်တင်စေခဲ့သည်။

“ဦးညွှတ်နေစရာ မလိုပါဘူး၊ မြန်မြန်ပြော”

“မယ်မယ်ရဲ့ အမိန့်တော်ကို နာခံပါတယ်၊ မယ်မယ်ကို သတင်းပို့ပါတယ်၊ အဲဒီကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးသွားပါပြီ”

ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးသွားမှုက စူးချင်းအတွက် မယုံနိုင်စရာ ဖြစ်နေသည်။ သူမက ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် သွေးတိတ်ဆေးပေးရန်လည်း ညွှန်ကြားထားပြီး ဖြစ်သည်။

သူမရဲ့အခြေအနေက အန္တရာယ်မရှိဘူးလေ၊ ဘာလို့ ဆေးခန်းမှာ သေသွားရတာတုန်း?

စူးချင်းက မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။

"သေသွားတာလား? ခွဲစိတ်နေတုန်း သေသွားတာလား? ဒါမှမဟုတ် ခွဲစိတ်ပြီးမှ သေသွားတာလား?”

“ခွဲစိတ်မှုက ပုံမှန်ပါပဲ၊ အရာအားလုံး အဆင်ပြေပြေ ပြီးဆုံးသွားခဲ့တာပါ၊ မိခင်ရော ကလေးပါ ဘေးကင်းခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုး မရောက်ခင် တစ်ရှီးချန်အလိုလောက်မှာမှ ကိုယ်ဝန်သည်အမျိုးသမီး ရုတ်တရက် သေဆုံးသွားခဲ့တာပါ၊ ယောက္ခမဆိုတဲ့ အဖွားကြီးကတော့ ပြသနာအကြီးကြီးတစ်ခု ဖန်တီးဖို့ ကြိုးစားနေပါတယ်”

သက်တော်စောင့်လီက သူသိလာသမျှ အသေးစိတ် ပြန်ဖြေနေသည်။ ဧကရီမယ်မယ်က ထိုသို့ မေးမည်ကို သူ ကြိုသိနေပြီး တာဝန်ခံသမားတော်အား သေသေချာချာ မေးလာခဲ့ခြင်းပင်။

စူးချင်းက ရုတ်တရက် ထရပ်လိုက်သည်။

သူမ ဧကရီတစ်ပါးဖြစ်နေပြီး ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ရဲ့အသက်ကိုတောင် မကယ်တင်နိုင်ခဲ့ဘူးလား?

ထိုအရာက စူးချင်းကို အလွန်ဒေါသထွက်စေသည်။ စူးချင်းက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ရင်း ထပ်အမိန့်ပေးလိုက်ပြန်သည်။

“အခု ချက်ချင်း သွားစစ်ဆေးမယ်၊ လောလောဆယ် ဘယ်သူမှ တော်ဝင်သားဖွားခန်းကနေ ထွက်သွားခွင့်မရှိဘူး”

ည၏ဒုတိယအချိန်သို့ ရောက်နေပြီဖြစ်ကာ တတိယအချိန်ပြီးလျှင် ကောင်းကင်က တောက်ပလာပေတော့မည်။ စူးချင်းက သူမကိုယ်တိုင် တော်ဝင်သားဖွားခန်းသို့ သွားချင်နေသော်လည်း ရှောင်းကျဲယွိက သူမ အနားယူရန် ဆွဲခေါ်သွားသည်။

“လူက သေပြီးနေပြီပဲ၊ ချင်းအာ အခု သွားရင်တောင် သူ့(မ)ကို မကယ်တင်နိုင်တော့ဘူး၊ အခု အနားယူလိုက်တော့နော်၊ မနက်မိုးလင်းမှ သွားကြည့်ရင်လည်း နောက်ကျမှာတော့ မဟုတ်ပါဘူး”

စူးချင်းက သက်တော်စောင့်လီကို ထပ်အမိန့်ပေးလိုက်သည်။

“မင်းတို့အားလုံး အဲ့ဒီနေရာကို သေချာဂရုစိုက် စောင့်ကြည့်ထားကြ၊ တော်ဝင်သားဖွားခန်းကနေ ငှက်တစ်ကောင်တောင် လွတ်မသွားစေနဲ့”

“ဒီလက်အောက်ငယ်သားက အမိန့်ကို လက်ခံပါတယ်”

သက်တော်စောင့်လီက အမိန့်ကို ခံယူပြီး ပြန်ထွက်ခွာသွားသည်။ စူးချင်းကတော့ ဒေါသကြောင့် အိပ်မပျော်ဖြစ်နေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ဝေဒနာ ခံစားနေရသည့်ပုံရိပ်က သူမ၏မျက်လုံးများရှေ့၌ ပေါ်နေပြန်သည်။

ရှောင်းကျဲယွိက စူးချင်း ဤမျှလောက်ဒေါသထွက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး သူမအတွက် စိုးရိမ်နေကာ ညင်ညင်သာသာ နှစ်သိမ့်ပေးနေခဲ့သည်။

“ချင်းအာ၊ စိတ်မဆိုးပါနဲ့တော့၊ ဒေါသထွက်ရင် မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်”

“ရွှေ့ရှန့် ၊ အဲ့ဒီလူက ဘယ်သူလဲဆိုတာ သိရအောင် ရှာမှ ဖြစ်မယ်၊ ကျွန်မ သူ့ကို အပိုင်းပိုင်း ဖြတ်ပစ်မယ်"

စူးချင်းက အံကြိတ်ထားသော သွားများ ကြားမှ လေသံဖြင့် ပြောလိုက်သည်။

သူမက မျက်တောင်မခတ် လူသတ်ပြီး ရက်စက်ကြမ်းကြုတ်တယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုတော့ တစ်ခါမှ လက်နဲ့တောင် မရွယ်ဖူးဘူး။

စူးချင်းတစ်ယောက် ခုတင်ပေါ်တွင် လှဲလျောင်းနေသော်လည်း အိပ်မပျော်နိုင်သေးပေ။ စားသောက်ဆိုင်တွင် ပေါ်လာသည့်လူများအကြောင်း၊ အထူးသဖြင့် ကျစ်ချီ ထိုလူကို ဓားဖြင့် ထိုးပြီးနောက် သူတို့၏ မျက်နှာအမူအရာများနှင့် တုံ့ပြန်မှုများအကြောင်း သူမ ပြန်စဉ်းစားနေခဲ့သည်။

သူမ ထိုအကြောင်းကို တွေးရင်းဖြင့် ကောင်းကင်ကြီး ပြန်တောက်ပလာသည်။ စူးချင်းက အိပ်ယာထဲမှ ထွက်ကာ ရေချိုးလိုက်သည်။

ရိုးရှင်းသော မနက်စာကို စားပြီးနောက် စူးချင်းတစ်ယောက် ကိုယ်ဝန်သည်အမျိုးသမီး သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်းရန် တော်ဝင်သားဖွားခန်းသို့ အမြန် ထွက်လာခဲ့သည်။

All Chapters