ပြဿနာဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးခြင်း
Vol. 46 Ch. 678
စူးချင်း ရောက်သွားချိန်က မနက်စောစော ဖြစ်နေသည့်တိုင် တော်ဝင်သားဖွားခန်း၏အဝင်ဝကို ပိတ်ဆို့ထားသည့် လူတစ်စုကို သူမ တွေ့လိုက်ရသည်။ သက်တော်စောင့်များကလည်း တံခါးဝကို ပိတ်ဆို့ထားပြီး မည်သူ့ကိုမျှ ချဉ်းကပ်ခွင့်မပြုခဲ့ပေ။ လူတစ်ခုကလည်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။
“မင်းတို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို သတ်လိုက်တာလား? ဒါက အရမ်းရက်စက်တဲ့ ရာဇဝတ်မှုပဲ”
“ဒါက မကောင်းဆိုးဝါး မှော်ပညာပါလို့ ငါ ပြောသားပဲ၊ လူကောင်းတစ်ယောက်ရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ထိုးခွဲမှတော့ ဘယ်လိုလုပ်မှ မသေပဲ နေနိုင်မှာတုန်း၊ အခုတော့ ကြည့်စမ်း၊ သေသွားပြီ မဟုတ်ဘူးလား?"
“ငါ ကြားတာတော့ ဧကရီက သူ့(မ)ရဲ့ငယ်ရွယ်မှုကို ထာဝရထိန်းသိမ်းထားနိုင်ဖို့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို သုံးပြီး ဆေးပြားတွေ သန့်စင်နေတာတဲ့”
“ဒါက အရမ်းကြောက်စရာကောင်းတယ်၊ ဒါက လူသားစားတာနဲ့ အတူတူပဲ မဟုတ်ဘူးလား?"
“အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့၊ တော်ဝင်မိသားစုကို ပုတ်ခတ်စော်ကားမိရင် ဘယ်လို ရာဇ၀တ်ဘေးသင့်နိုင်တယ်ဆိုတာ မင်း သိလို့လား?”
အရာရှိဝတ်စုံ ၀တ်ဆင်ထားသည့် ကျန်းကျင့်လင်းက တော်ဝင်သားဖွားခန်း၏ဝင်ပေါက်ကို မာန်ပါပါ ရပ်နေပြီး အာဏာရှိသူတစ်ယောက်၏ အမူအရာဖြင့် လူအုပ်အား လှမ်းကြည့်နေသည်။
ဒီအချိန်မှာ သွေးထိုးလှုံ့ဆော်မှု မရှိဘူးလို့ ပြောဖို့ မဖြစ်နိုင်တော့ဘူး။ မနေ့ညက ဧကရီက တော်ဝင်သားဖွားခန်းကို ဝိုင်းထားစေပြီး ဘယ်ငှက်ကိုမှတောင် ထွက်သွားခွင့်မပေးခဲ့ဘူး။ အခု နံနက်စောစောပဲ ရှိသေးတယ်၊ ဒီလူအုပ်က ဒီနေရာကို ရောက်လာပြီး ပင်မတံခါးကို ပိတ်ဆို့ထားကြတယ်။ သတင်းက ဘယ်နေရာကနေ ပေါက်ကြားသွားတာလဲ?
“ငါတို့က ရန်ရှီရဲ့ ဆွေမျိုးတွေပဲ၊ တရားမျှတမှုကို ရှာဖွေဖို့ ဒီနေရာကို လာခဲ့တာ၊ ငါတို့က အသက်ရှင်နေတဲ့လူကို ဒီကို ပို့လိုက်တာ၊ မင်းတိုက သူ့(မ)ကို သတ်ပစ်ခဲ့တာ”
လူအုပ်ထဲက တစ်ယောက်က စတင် အော်ဟစ်လိုက်ပြီး အခြားသူများက နောက်မှ သံယောင်လိုက်ကာ လိုက်ပြောနေကြသည်။
"ငါတို့အတွက် တရားမျှတမှု ရှာပေးပါ"
“သူတို့ကို ဝိုင်းထားလိုက်”
စူးချင်းက ပြသနာရှာနေသူများကို ဝိုင်းထားရန် သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ သူမ၏ အေးစက်သောအသံက ချွင်းချက်မရှိသော အမိန့်သံဖြစ်သည်။
"ဒီနေရာမှာ ပြသနာလာရှာတဲ့လူတွေ အားလုံးကို ဖမ်းလိုက်"
"ငါတို့ ဧကရာဇ်မင်းမြတ်ကို တွေ့ချင်တယ်"
"ဧကရီက လူတွေရဲ့အသက်ကို ထိခိုက်စေခဲ့တယ်"
သက်တော်စောင့်များက သူတို့အား ဝိုင်းလိုက်ချိန်တွင် ထိုလူများက ကြောက်လန့်တကြား အော်ဟစ်ကြပြန်သည်။ စူးချင်းက လူအုပ်ထဲတွင် ပုန်းအောင်းနေသည့် ပုကွကွလူတစ်ယောက်အား သွားဆွဲထုတ်ရန် သူမ၏လူများကို ညွှန်ကြားလိုက်သည်။
ဒီလူ၏ အရပ်က တစ်မီတာခန့်သာ ရှိသော်လည်း သူ့ကို ကြည့်ရသည်မှာ အသက်လေးဆယ်ကျော်လောက် ရှိပုံရသည်။ သက်တော်စောင့်များက သူ့ကို ဖမ်းရန် လာနေသည်ကို မြင်သွားချိန်တွင် သူက ကြောက်လန့်တကြား လှည့်ပြေးသွားသည်။ သူ အလျင်အမြန် ထွက်ပြေးရန် ကြိုးစားနေခဲ့သော်လည်း သူ့ခြေထောက်များက တိုလွန်းသောကြောင့် သူ အရမ်းမြန်မြန် မပြေးနိုင်ခဲ့ပေ။ သက်တော်စောင့်လီက သူ့ကို လှမ်းကန်လိုက်ပြီး သူ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် ကြိုးဖြင့် ချည်ခိုင်းလိုက်သည်။
သက်တော်စောင့်များက သူတို့ကို အမှန်တကယ် ဖမ်းနေကြောင်း သိလိုက်ရချိန်တွင်တော့ ရန်မိသားဝင်ဟု ပြောခဲ့သူများ ကြောက်ရွံ့နေကြသည်။ အဘိုးကြီးတစ်ယောက်က အသနားခံရန် ရှေ့တိုးလာသည်။
“လူကြီးမင်း၊ ကျွန်တော်မျိုးတို့က ရှင်းပြချက်တစ်ခုလောက်ပဲ လိုချင်တာပါ၊ တော်ဝင်မိသားစုကို ပုတ်ခတ်စော်ကားဖို့ မရည်ရွယ်ပါဘူး”
စူးချင်းက သာမာန်အရပ်ဘက် အရာရှိဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ခေါင်းပေါ်တွင်လည်း အရာရှိဦးထုပ်ကို ဆောင်းထားသေးသည်။ သူမက ပိန်လှီလှီ ဖြစ်နေသော်လည်း သူမ၏ဟန်ပန်က ဂုဏ်သိက္ခာရှိလှပြီး တရားမျှတပုံပေါ်နေသည်။ သူမက အဘိုးအိုကို အေးစက်စွာ စိုက်ကြည့်ပြီးမှ စကားပြောခွင့် ပေးလိုက်သည်။
"မင်းတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ?"
“ကျွန်တော်မျိုးရဲ့ မရီးပါ၊ ကျွန်တော်မျိုးရဲ့ မရီးက သေသွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ယောက္ခမပါ”
အဘိုးအိုက ဤအရာရှိကို ပေါ့ပေါ့တန်တန် မဆက်ဆံသင့်ကြောင်း သဘောပေါက်နေပြီး အမှန်တရားကို မဖုံးကွယ်ထားရဲပေ။
စူးချင်းက သူမ၏ခေါင်းကို မော့ပြီး သက်တော်စောင့်လီကို အေးစက်စက် စိုက်ကြည့်လိုက်ပြန်သည်။ သက်တော်စောင့်လီက အမြန်သတင်းပို့လာခဲ့သည်။
“လူကြီးမင်းကို အစီရင်ခံပါတယ်၊ မနေ့ညက ကျွန်တော်မျိုး ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ယောက္ခမက ကလေးနဲ့ ထွက်သွားပြီးပါပြီ၊ သူတို့ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ခုထိ မသိရသေးပါဘူး”
စူးချင်းက အဘိုးအိုကို စိုက်ကြည့်လိုက်ပြန်သည်။ သူမ၏မျက်လုံးများက စူးရှလွန်းသောကြောင့် အဖိုးအိုက အလွန်ကြောက်လန့်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချကာ တုန်တုန်ယင်ယင်ဖြင့် ထပ်ပြောလာပြန်သည်။
“လူကြီးမင်း၊ ကျွန်တော်မျိုး အမှန်အတိုင်း ပြောနေတာပါ၊ ကျွန်တော်မျိုးရဲ့ မရီးက ပြန်လာပြီး အကူအညီ တောင်းခဲ့တာပါ။ သူ(မ)ရဲ့ ချွေးမ ဒီဆေးခန်းမှာ အသတ်ခံခဲ့ရတယ်လို့ မရီးက ပြောခဲ့တာပါ၊ သူ(မ)အတွက် တရားမျှတမှုရှာပေးဖို့ ကျွန်တော်မျိုးတို့ကို တောင်းဆိုခဲ့တာပါ၊ အဲ့ဒါကြောင့် ကျွန်တော်မျိုးတို့က သူ(မ)ကို ကူညီဖို့ ရောက်လာခဲ့တာပါ၊ ဘာပဲဖြစ်ဖြစ်၊ လူက တကယ်သေသွားတော့ သေဆုံးရတဲ့ အကြောင်းရင်းကို လျစ်လျူရှုထားဖို့ မဖြစ်နိုင်ပါဘူး?”
"သူ(မ)က မင်းတို့ကို လာခိုင်းလို့ ရောက်လာတယ်ပေါ့၊ ဒါဆို တော်ဝင်မိသားစုနဲ့ ပတ်သက်တဲ့ ပုတ်ခတ်စကားတွေပါ ပြောခိုင်းခဲ့တာလား?”
စူးချင်းက အေးစက်စွာ နှာမှုတ်လှောင်ပြောင်လိုက်သည်။
ဒီလူတွေ ခုန အော်ဟစ်နေတဲ့ စကားလုံးတွေ အားလုံးက သူမဆီကို ဦးတည်နေတာ မဟုတ်ဘူးလား? အခုတော့ အဘွားကြီးဆီကို တွန်းပို့နေကြပြန်ပြီ။
အဘိုးအိုက အလွန်ကြောက်လန့်သွားဟန်ဖြင့် သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ကြသွားသည်။
တော်ဝင်မိသားစုကို ပုတ်ခတ်စော်ကားတာက တစ်မိသားစုလုံး သေဒဏ်ပေးခံရနိုင်တဲ့ ရာဇ၀တ်မှုတစ်ခုလေ။ သူ့ကို အသေရိုက်မယ်ဆိုရင်တောင် သူ မပြောရဲပါဘူး။ ခုန လုလောင်အာ့ အဲ့စကားတွေ ပြောနေတာကို ကြားတော့ သူ လုလောင်အာ့ကို တားဖို့ ကြိုးစားခဲ့သေးတယ်။ ပြီးတော့ သူ သူ့မိသားစုနဲ့အတူ ပြန်ထွက်သွားဖို့ ပြင်နေပေမယ့် စစ်သည်တွေက သူ့ကို ဝိုင်းထားပြီပြီ။
အဘိုးအိုက ပုကွကွလူကို ညွှန်ပြရင်း စူးချင်းကို ထပ်ရှင်းပြလိုက်သည်။
“ကောင်းကင်နဲ့ မြေကြီးကို သက်သေပြုပြီး တိုင်တည်ပါတယ်၊ အဲ့စကားတွေကို ဒီလူအိုကြီး ပြောခဲ့တာ မဟုတ်ပါဘူး၊ မရီးရဲ့ ခဲအိုဖြစ်တဲ့ လုလောင်အာ့ အော်ဟစ်နေတာပါ၊ စစ်သည်တွေ ဖမ်းထားတဲ့လူက အဲ့ဒီလုလောင်အာ့ပါ”
သက်တော်စောင့်လီက ပုကွကွလူ၏ ဂုတ်ပိုးစကို ကိုင်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ပုကွကွလူက မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့မျက်လုံးများကို မှိတ်ကာ သေချင်ယောင်ဆောင်နေခဲ့သည်။
"နိုးလာတဲ့အထိ ရိုက်ကြစမ်း"
စူးချင်းက ထိုပုကွကွလူ ဟန်ဆောင်နေမှန်း မြင်နိုင်ပြီး သက်တော်စောင့်လီကို အမိန့်ထပ်ပေးလိုက်သည်။ သူ့ကို ရိုက်တော့မည်ဟု သိလိုက်ရချိန်တွင် ပုကွကွလူက ကြောက်ရွံ့ထိတ်လန့်မှုအပြည့်ဖြင့် ကုန်းထလာသည်။
“လူကြီးမင်း၊ ကျွန်တော်မျိုးရဲ့ အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော်မျိုးကို မရိုက်ပါနဲ့၊ ကျွန်တော်မျိုး လက်မခံနိုင်ဘူး"
စူးချင်းက သက်တော်စောင့်လီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သက်တော်စောင့်လီကလည်း ထိုလူကို သင်ခန်းစာ ပေးချင်နေပြီဖြစ်ကာ အတတ်နိုင်ဆုံး စိတ်ထိန်းထားရခြင်း ဖြစ်သည်။ ဧကရီ၏ အချက်ပြမှုကို မြင်လိုက်ရချိန်တွင်တော့ သူက သူ၏ မြင်းနှင်တံ(ကြာပွတ်)ကို ထုတ်ကာ ထိုပုကွကွလူကို ရက်ရက်စက်စက် ရိုက်နှက်တော့သည်။ ပုကွကွလူခမျာ မြေပြင်ပေါ်သို့ ပြန်လဲကျသွားပြီး လူးလိမ့်နေရသည်။ ယခုတစ်ကြိမ်တွင်တော့ သူ ရိုင်းရိုင်းစိုင်းစိုင်း မပြောရဲတော့ဘဲ သူ့အသံတွင် အသနားခံသည့်လေသံများ ပြည့်နှက်လာသည်။
"လူကြီးမင်း၊ ကျွန်တော်မျိုးရဲ့အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော်မျိုးရဲ့ မရီးက ကျွန်တော်မျိုးကို လွှတ်လိုက်တာပါ၊ ဒီစကားတွေကလည်း သူ(မ) ပြောခိုင်းတာပါ"
"မင်းရဲ့ မရီးက ဘယ်မှာလဲ?"
စူးချင်းက အေးစက်မှုအပြည့်ဖြင့် ထပ်မေးလိုက်သည်။
ဒီအဘွားကြီးက အဓိကပဲ။ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ခဲ့တဲ့လူလည်း အဲ့အဘွားကြီး ဖြစ်နိုင်တယ်။
“ကလေးကို အိမ်ပြန်ပို့ပြီးရင် လာခဲ့မယ် ပြောတယ်... အိုက်ယား၊ ကျွန်တော်မျိုး သိပြီ။ သူ(မ)က ကျွန်တော်မျိုးတို့ကို သေမင်းဆီ ပို့ပြီး သူ့ကတော့ ထွက်ပြေးသွားလောက်ပြီ။ မိန်းမယုတ်၊ လူစိတ်မရှိတဲ့ မိန်းမ”
ပုကွကွလူက ရုတ်တရက် နားလည်သွားပုံရပြီး ဒေါသတကြီး ကျိန်ဆဲနေသည်။ စစ်သည်များက သူ့ကို ဓားဖြင့် ချိန်ရွယ်ရင်း စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် လုလောင်အာ့က အလွန်ကြောက်နေပြီး သူ့မရီးပေးခဲ့သည့် ငွေနှစ်လျန်ကို ထုတ်ကာ စူးချင်းကို ထပ်အော်ပြောလိုက်ပြန်သည်။
“လူကြီးမင်း၊ ကျွန်တော်မျိုးက သေဖို့ ထိုက်တန်ပါတယ်။ သူ(မ) ပေးတဲ့ငွေကို လိုချင်မိတဲ့အတွက် အဲ့လိုသစ္စာမဲ့တဲ့စကားတွေ ပြောခဲ့မိတာပါ၊ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးတော်မူပါ”
"အမတ်မင်းကျန်း.... တစ်ခုခု ရှာတွေ့ခဲ့သေးလား?"
စူးချင်းက ငိုယိုအသနားခံနေသည့် လုလောင်အာ့ကို လျစ်လျူရှုပြီး ကျန်းကျင့်လင်းကို လှမ်းမေးလိုက်သည်။
သူ အစောကြီး ရောက်နေပြီဆိုတော့ စုံစမ်းပြီးသား ဖြစ်နိုင်တယ်။
“ကျွန်တော်မျိုး တာဝန်ကျ အမျိုးသမီးသမားတော်ကို မေးမြန်း ပြီးပါပြီ၊ မနေ့က ခွဲစိတ်မှုအပြီးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ယောက္ခမဖြစ်သူက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပြုစုစောင့်ရှောက်နေခဲ့တာပါ၊ သမားတော်တွေ နောက်ထပ် စစ်ဆေးပေးဖို့ သွားတဲ့အထိ အခြေအနေက တည်ငြိမ်နေခဲ့တာပါ၊ နောက်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ယောက္ခမက အပြင်ကို ထွက်သွားတယ်၊ သူ(မ) ပြန်ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကိုယ်ဝန်ရှိအမျိုးသမီး ဆုံးသွားပြီလို့ အော်ဟစ်ခဲ့တာပါ”
ကျန်းကျင့်လင်းက သူ စုံစမ်းစစ်ဆေးထားသည့် အချက်အလက်များကို ပြောပြနေသည်။ မနေ့က ခွဲစိတ်မှုအပြီးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို လူနာခန်းသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ယောက္ခမဖြစ်သူက သူမနှင့် ကလေးကို ပြုစုစောင့်ရှောက်ပေးနေခဲ့သည်။ အမျိုးသမီးသမားတော်က သူမကို စစ်ဆေးရန် ထပ်သွားခဲ့ပြီး သူမ အဆင်ပြေနေသောကြောင့် တာဝန်ကျသမားတော်များ နေထိုင်သည့်အခန်းသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
ထိုနောက်တွင် ယောက္ခမဖြစ်သူက နို့ရှာရန် ကလေးကို ခဏထားခဲ့ပြီး အပြင်သို့ ထွက်သွားခဲ့သည်။ ရှီးချန်တစ်ဝက်လောက်ကြာမှ သူမ ပြန်ရောက်လာပြီး သိပ်မကြာခင်မှာပင် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးသွားပြီးဟု အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ တာဝန်ကျသမားတော် ပြေးသွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ဆေးနေချိန်တွင် ယောက္ခမဖြစ်သူက ကလေးနဲ့အတူ ထွက်သွားပြီး ပြန်မလာတော့ပေ။
“အဲ့မိန်းမကြီးကို တွေ့အောင်ရှာ၊ သူ(မ) အသက်ရှင်နေသည်ဖြစ်စေ သေဆုံးသွားသည်ဖြစ်စေ တွေ့အောင် ရှာလာခဲ့၊ ပြီးတော့ သူ(မ) သားဖွားခန်းကနေ ထွက်သွားပြီး ဘယ်ကို သွားခဲ့လဲ... ဘယ်သူနဲ့ ဆက်သွယ်ခဲ့လဲဆိုတာပါ စစ်ဆေးလိုက်"
စူးချင်းက ထိုယောက္ခမတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သေချာ ခန့်မှန်းနိုင်ခဲ့သော်လည်း အကြောင်းပြချက်မရှိဘဲ ချွေးမကို သတ်မည်ဟုလည်း မယုံကြည်နိုင်ပေ။
ဘာမှ နားမလည်နိုင်လောက်တဲ့ မိန်းမအိုကြီးက ရှင်းပြချက် လိုချင်လို့တောင် မျိုးနွယ်စု အကူအညီတောင်းသေးတဘ်ပေါ့လေ။ ဒီနောက်ကွယ်မှာ တစ်ယောက်ယောက် ရှိမှာ သေချာတယ်။
"သူ့(မ)ကို ရှာဖို့ ကျွန်တော်မျိုးရဲ့လူတွေကို အမိန့်ပေးထားပြီးပါပြီ"
ကျန်းကျင့်လင်းထံတွင်လည်း စူးချင်းနှင့် တူညီသော အတွေးအမြင်တချို့ ရှိနေခဲ့သည်။ သူက သမားတော်ကို မေးမြန်းပြီးသည်နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ယောက္ခမကို ရှာဖွေရန် လူများ စေလွှတ်ခဲ့သည်။ သူ လွှတ်လိုက်သောသူ ပြန်မရောက်မီ ဤလူအုပ်ရောက်လာပြီး ပြသနာ ရှာနေခြင်းပင်။
"ကောင်းပြီ၊ အထဲကို အရင် ဝင်ကြည့်မယ်"
စူးချင်းက ကျန်းကျင့်လင်းကို ခေါင်းညိတ်ပြလိုက်ပြီး တော်ဝင်သားဖွားခန်းထဲသို့ ၀င်သွားသည်။ သူမက ကိုယ်ဝန်ဆောင်အမျိုးသမီး၏အလောင်းကို ကြည့်ချင်နေပြီး သူမ မည်သို့သေဆုံးသွားသည်ကို သိချင်နေခဲ့သည်။
ကျန်းကျင့်လင်းက စူးချင်း၏နောက်မှ လိုက်ပါလာပြီး လမ်းတလျှောက် သတင်းပို့နေခဲ့သည်။
“အလောင်းစစ်ဆေးရေးမှူးက ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါပြီ”
သူက အစောကြီးရောက်လာပြီး သူ လုပ်ရမည့် အလုပ်မှန်သမျှကို စနစ်တကျ လုပ်ဆောင်ထားပြီး ဖြစ်သည်။
ထိုအလောင်းစစ်ဆေးရေးမှူးက တရားစီရင်ရေးဌာနမှ ဖြစ်ပြီး အရည်အချင်းရှိသူ ဖြစ်ကာ အလောင်းခွဲစိတ်မှုတွင် အတွေ့အကြုံများစွာရှိသူ ဖြစ်သည်။
“ကောင်းတယ်”
စူးချင်းက အားရကျေနပ်မှုအပြည့်ဖြင့် ချီးမွမ်းလိုက်သည်။
ကျန်းကျင့်လင်းက တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည် စိတ်ချရပြီး သူ့ကို ဒီအမှု စုံစမ်းခိုင်းလိုက်တာ အကြံကောင်းပဲ။
တော်ဝင်အမျိုးသမီးဆေးခန်း၏ အသွင်အပြင်က ခေတ်မီသားဖွားခန်းများကို အခြေခံထားသည်။ အခန်းတစ်ခန်းစီတွင် ခုတင်သုံးလုံး ရှိပြီး အလယ်တွင် ကန့်လန့်ကာတစ်ခုစီ ချိတ်ဆွဲထားသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အဝတ်အစား လဲလှယ်ချိန်တွင် ထိုကန့်လန့်ကာကို ဆွဲပိတ်လိုက်ရုံဖြင့် အဆင်ပြေနိုင်သည်။
စူးချင်း အခန်းထဲသို့ ဝင်သွားချိန်တွင် စစ်ဆေးရေးမှူးက ကိုယ်ဝန်သည်အမျိုးသမီးကို ကြမ်းပြင်ပေါ်မှ မတင်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။