အခန်း (၅၉၇-၆၀၁)
Vol. 45 Ch. 597-601
အပိုင်း(၅၉၇): ကူယွမ် အမတလမ်း
ယခုအခါ သူတို့အားလုံးသည်လည်း ထာဝရ စစ်မှန်အမတအဆင့်သို့ အတူတကွ အောင်မြင်ထားပြီး ဖြစ်သည်။ နေရာတွင်ရပ်နေရုံမျှဖြင့် ဤနေရာရှိ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်လင်းတောက်ပသွားစေသည်။
သူတို့တစ်ဦးချင်းစီတိုင်းတွင် မတူညီသော ရူပါရုံပုံရိပ်များ ရှိကြသည်။ အချို့သည် နေ လ ကြယ်တာရာများက အခြံအရံများအဖြစ် ဝန်းရံလျက် ၊
အချို့သည် နဂါးမင်းတို့က အစောင့်အကြပ်အဖြစ် ဝန်းရံလျက် ၊ ဇာမဏီဌက်တို့က ဟစ်အော်နေလေ၏။
မဟာလမ်းစဉ်တို့မှ ပေါက်ဖွားလာသော တောတောင်မြင်ကွင်း စသည့် ထူးဆန်းသော ရူပါရုံမြင်ကွင်းများလည်း ရှိသည်။
“အစ်ကိုကြီး၊ အစ်မကြီး ချန်ကဲ ဂါရဝပြုပါတယ် “
စူးချန်ကဲသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ ဂါရဝပြုနှုတ်ဆက်လိုက်သည်။
ခေါင်းဆောင်ဖြစ်သူ တိ့ကျန့် မဟာဧကရာဇ်မင်းသည် ပြုံးရွှင်စွာဖြင့် ရှေ့သို့တတ်လာပြီး စူးချန်ကဲ၏ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ချန်ကဲ ၊ မင်းက ငါတို့ကို စိတ်မပျက်စေခဲ့ဘူး “
“အမတ ပျက်သုန်းခေတ်နောက်ပိုင်းမှာ ပထမဆုံးသော စစ်မှန်အမတဖြစ်လာရုံသာမက၊ ဒီထက်ပိုပြီး အားကောင်းတဲ့ စွမ်းအားတွေကိုပါ နိုးထအောင်လုပ်နိုင်ခဲ့ပုံရတယ် … တော်တယ် မင်းက ငါတို့ကွေးယွမ် သူတော်စင် နယ်မြေရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးလိုက်တာပဲ!”
အမတလမ်းစဉ်ကို ကျင့်ကြံသူမည်သူမဆို စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော နက်နဲရှုပ်ထွေးသော (စွမ်းအင်)အငွေ့အသက်ကို ခံစားမိကြမည် ဖြစ်သည်။
သာမန် အမတလမ်းစဉ် ကျင့်ကြံသူများနှင့် မတူဘဲ၊ တိ့ကျန့် မဟာဧကရာဇ်မင်း၏ အာရုံခံစားမှုအရ စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းသည် အမတ လမ်းစဉ်၏ နက်နဲရှုပ်ထွေးသော စွမ်းအင်အငွေ့အသက်များကို ထုတ်လွှတ်နေမှန်း ခံစားမိသည်။
သို့သော်လည်း ၊ သူ၏ခန္ဓာကိုယ်မှ ဖြာထွက်နေသည်မှာ ဖျက်ဆီး၍မဖြစ်နိုင်သော နတ်ဘုရားဂုဏ်သတ္တိများရှိသည့် ရောင်ဝါများဖြစ်ပြီး၊ တစ်ဖန် နက်ဆိုးချောက်နက်ထံမှ ထွက်ပေါ်လာသော အန္တရာယ်အငွေ့အသက်များရှိသည့် ရောင်ဝါများကိုလည်း တွေ့နေရသည်။
စွမ်းအားသုံးမျိုးစလုံးသည် သူ၏ခန္ဓာကိုယ်ကို စုပေါင်းကာကွယ်ပေးထားသည်။ ဤအရာသည် အတော်လေး ပြောရခက်ပြီး ရှင်းပြရန်ခက်ခဲသည်။
“ တိ့ကျန့် ၊ နင် မဟုတ်မှလွဲရော ဖုံးကွယ်ထားတဲ့ ဝါသနာက နိုးကြားလာတာလား “
အချိန်အတော်ကြာအောင် မလှုပ်မယှက်ဖြင့် ရပ်ကြည့်နေသော တိ့ကျန့် မဟာဧကရာဇ်မင်း၏ အပြုအမှုကြောင့် ရွှမ်ယွီဧကရီက ထမေးလိုက်သည်။
“ ချန်ကဲမောင်လေးရဲ့လက်ကို ဆုပ်ကိုင်ထားတာများ ခုထိ မလွှတ်သေးဘူး ၊ ဘာလဲ ချန်ကဲမောင်လေးက အမတအဆင့်ကို ရောက်သွားတော့ သူ့ရဲ့ ဟန်ပန်အသွင်အပြင်က နင့်ရဲ့အကြိုက်နဲ့ ကိုက်ညီသွားတာလား “
“ အဲ့တာကြောင့် ကူယွမ်အမတလမ်းပေါ် မတတ်ခင် ချန်ကဲမောင်လေးအပေါ် အခွင့်ကောင်းယူချင်နေတာလား “
ဤစကားများကို ကြားလိုက်ရသည်နှင့် တိ့ကျန့် မဟာဧကရာဇ်မင်း၏ စိတ်ထဲက မေးခွန်းများသည် အစုလိုက်အပြုံလိုက် ပျောက်ကွယ်သွားတော့သည်။
သူ၏ နဖူးပေါ်ရှိ သွေးကြောများသည် ထောင်တတ်လာပြီး စကားနှစ်ခွန်းမဆိုဘဲ ရွှမ်ယွီဧကရီ၏ နဖူးကို သူ၏ လက်ချောင်းဖြင့် ချိန်ရွယ်လိုက်ရာ ၊
‘ ဖောင်း’ ခနဲ့မြည်သည့် အသံ တစ်ချက်ကို ကြားလိုက်ရသည်။
ချက်ချင်းပင်၊ ရွှမ်ယွီဧကရီသည် အခိုးအငွေ့များ တထောင်းထောင်းထွက်နေသော ခေါင်းကို ပွတ်သပ်ရင်း ၊ နာကျင်နေသော အမူအရာဖြင့် မြေပြင်ပေါ်တွင် ထိုင်လျက်သားပစ်ကျသွားသည်။
“နောက်တစ်ခါ မင်း စကားကို မဆင်မခြင်ပြောရင်၊ မင်း ဒီထက်ပိုပြီး အရှက်ကွဲပြီးသာမှတ် !”
တိ့ကျန့် မဟာဧကရာဇ်မင်းသည် အငြိုးကြီးသူတစ်ယောက်ဖြစ်သည်။ ရွှမ်ယွီဧကရီသည် မူးမူးရူးရူးဖြင့် မိမိ၏ခေါင်းပေါ် ခြေထောက်တင်ခဲ့သည့်ကိစ္စနှင့် ပတ်သတ်၍ တိ့ကျန့် မဟာဧကရာဇ်မင်းသည် ယခုထိတိုင် စိတ်ဆိုးနေဆဲပင် ဖြစ်သည်။
ယခင်က အကြွေးကိုပင် စာရင်းမရှင်းရသေးပေ။ ယခု သူ့ကို လှောင်ပြောင် ပြောဆိုနေပြန်သည်။
ရွှမ်ယွီဧကရီသာ မိမိနှင့် တစ်ဂိုဏ်းတည်းမဟုတ်ခဲ့ပါက ၊ တိ့ကျန့် မဟာဧကရာဇ်မင်းသည် သူမကို အကြိမ်ပေါင်းများစွာ မြေမြှုပ်ပစ်မည်မှာ သေချာသည်။
ဤမြင်ကွင်းကြောင့် စူးချန်ကဲသည်လည်း ခေါင်းတယမ်းယမ်းဖြင့် ရယ်မောနေမိသည်။ တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် ရွှမ်ယွီဧကရီတို့၏ စရိုက်သည် လုံးဝကွဲပြားပေသည်။
နောက်တစ်ချိန်တွင် သူတို့နှစ်ဦးသာ အမတနယ်မြေကိုရောက်လာပါက ၊ မည်ကဲ့သို့သော ဖြစ်ရပ်များကို ဖန်တီးလိမ့်မည်နည်း။
သို့သော် စူးချန်ကဲ အနေဖြင့် ပိုပြီးအာရုံစိုက်မိသည့်အရာမှာ ကူယွမ်အမတလမ်းပင် ဖြစ်သည်။
“အစ်ကိုကြီး မင်းတို့ပြောတဲ့ ကူယွမ်အမတလမ်းဆိုတာ ဘာလဲ “
စူးချန်ကဲသည် စိတ်ဝင်တစား မေးလိုက်သည်။
“ဒီအကြောင်းကို ကျွန်တော် သိထားတာနည်းနည်းရှိတယ် ၊ အစ်ကိုကြီး ကျွန်တော့်ကို အကြမ်းဖျင်းပြောပြနိုင်မလား”
တိ့ကျန့်မဟာဧကရာဇ်မင်းက ပြန်ဖြေလိုက်သည်။
“လူတွေသိကြတာက အမတလျှောက်လှမ်းရဲ့ အဆုံးမှာ အမတလျှောက်လှမ်းတံခါးပဲရှိတယ် ၊ အမတလျှောက်လှမ်းတံခါးထဲက ကမ္ဘာက အမတနယ်မြေနဲ့ ဆက်သွယ်ထားတယ်”
“ အမတနယ်မြေကိုသွားချင်ရင် အဲဒီမှာရှိတဲ့ နိယာမတွေရဲ့ သက်ရောက်မှုကို မခံစားရအောင် အနည်းဆုံး စစ်မှန်အမတဖြစ်ရမယ်”
ထိုအချိန် ရွှမ်ယွီ ဧကရီက ဆက်ပြောလိုက်သည်။
“ ဒီရဲ့ ကြာပန်းပင်လယ်ကို ဖြတ်ပြီးရင် အမှောင်မိုးကုပ်စက်ဝိုင်းရဲ့ အဆုံးကို ရောက်သွားလိမ့်မယ် အဲ့ကိုရောက်ရင် လျို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းလမ်းတစ်ခု ထွက်ပေါ်လာလိမ့်မယ် “
“ အဲ့ဒီရှေးဟောင်းလမ်းကို ကူယွမ် အမတလမ်းလို့ ခေါ်တယ် ၊ လမ်းအဆုံးမှာက အမတနယ်မြေနဲ့ တိုက်ရိုက် ဆက်သွယ်ထားတာပဲ”
ဟွမ်ထျန်း မဟာဧကရာဇ်မင်းက ဆက်ဆိုလိုက်သည်။
“တကယ်တော့ အမတနယ်မြေကိုသွားဖို့ နည်းလမ်းနှစ်မျိုး ရှိတယ် ၊ ပထမတစ်ခုက စစ်မှန်အမတဖြစ်ပြီးတာနဲ့ ကူယွမ် အမတလမ်းကိုသွားပြီး အဆုံးထိလျှောက်ကာ အမတနယ်မြေကို ရောက်နိုင်တယ် “
“ဒုတိယတစ်ခုက အမတနယ်မြေက စေလွှတ်လိုက်တဲ့ တမန်တော်တွေကို စောင့်မယ်”
“တကယ်တမ်းတော့ တတိယတစ်ခုလည်းရှိသေးတယ်၊ ငါတို့လို အောင်မြင်ပြီးသား စစ်မှန်အမတတွေကလည်း ကြယ်ပင်လယ်ကို တိုက်ရိုက် ဖြတ်ကျော်ပြီး အမတနယ်မြေကိုဆင်းသက်နိုင်တယ်”
ပိုင်ကျန့် မဟာဧကရာဇ်မင်းက ပြုံးကာ ဆိုလိုက်သည်။
“ဒါပေမဲ့ ကူယွမ် အမတလမ်းမှာက စစ်မှန်အမတတွေအတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေအများကြီးရှိတယ်၊ ကူယွမ် အမတလမ်းကိုလျှောက်တာဟာ အမတဖြစ်ပြီးနောက် ပထမဆုံးစမ်းသပ်မှုတစ်ခုလို့လည်း ဆိုနိုင်တယ် “
မိမိ၏မောင်နှမများသည် သေသေချာချာ ရှင်းပြပေးသဖြင့် စူးချန်ကဲသည် နားလည်သဘောပေါက်သွားသည်။
“ဒါဆို ဒီကူယွမ် အမတလမ်းကို ကျွန်တော် သွားပြီးစမ်းသပ်ကြည့်ချင်တယ် “
ထိုစကားများကို ကြားလိုက်ရသည်နှင့်၊ မူလက ပြုံးရိပ်သန်းနေကြသော ကွေးယွမ် သူတော်စင် နယ်မြေ၏ စစ်မှန်အမတများသည် ချက်ချင်းဆိုသလို အမူအရာပျက်သွားသည်။
ဘိုးဘေးများသည် စူးချန်ကဲအား ကူယွမ်အမတလမ်းသို့ လျှောက်လှမ်းခွင့်မပြုရန် သူတို့ကို အထူးတလည် မှာကြားခဲ့သည်။
အကြောင်းမှာ စူးချန်ကဲအား ကြိုဆိုရန် အလွန်အားကောင်းသော ပုဂ္ဂိုလ်များကိုယ်တိုင် ကြွရောက်လာမည်ဖြစ်သည်။ အကယ်၍ စူးချန်ကဲသည် ကူယွမ် အမတလမ်းပေါ်သို့ ခြေချခဲ့မည်ဆိုပါက ၊ သူတို့၏ မျှော်လင့်ချက်များသည် လုံးဝပျက်ဆီးသွားပေတော့မည် မဟုတ်လော။
“ ညီလေး ! မင်း ကူယွမ် အမတလမ်းကို မသွားနဲ့ “
တိ့ကျန့်မဟာဧကရာဇ်မင်းက အလျင်အမြန် ပြောဆိုလိုက်သည်။
“ဘိုးဘေးက မင်း စစ်မှန်အမတဖြစ်ပြီးတဲ့နောက် အရင်ဆုံး တိုက်မြေ သုံးထောင်ကို ပြန်လာဖို့ ငါတို့ကို မှာထားတယ် ၊ ဘိုးဘေးမှာ အခြားစီစဉ်ထားတာတွေရှိသေးတယ်!”
ထိုစကားကိုပြောရင်း ၊ တိ့ကျန့် မဟာဧကရာဇ်မင်း၏ စိတ်ထဲတွင် မနာလိုအားကျမှုများ ဖြစ်ပေါ်နေသည်။
ဘိုးဘေးပြောပုံအရ ၊ စူးချန်ကဲကို ကြိုဆိုရန် တမန်တော်များ ရောက်လာမည့်အပြင် ၊ သူတို့ ကွေးယွမ်အမတဂိုဏ်းသည် ကြိုဆိုရေးသင်္ဘောများကိုပါ စေလွှတ်မည်ဟု သိရသည်။
ဒါ ဘယ်လောက်တောင် ကြီးကျယ်လိုက်တုန်း!
သူတို့လို နောက်ခံမရှိ၊ ပါရမီမရှိတဲ့ “တောရိုင်းစစ်မှန်အမတ “ တွေနဲ့ ဘယ်တူလိမ့်မလဲ !
သူတို့ကိုကြ ကူယွမ်အမတလမ်းကို အပြီးထိလျှောက်ဆိုပြီး သေတဲ့အထိ တိုက်ပွဲဝင်ခိုင်းတယ် …စကားကတော့လှပါ့ …ဘာတဲ့ စမ်းသပ်မှုနဲ့ လေ့ကျင့်မှုလို့ မှတ်ယူတဲ့ !
လူကိုဆွံ့အသွားတာပဲ !
သူတို့ကို အသာလေး ခေါ်သွားလို့ရသားနဲ့ မခေါ်ဘူးလေ!!
သို့သော်လည်း ၊ သူတို့အနေဖြင့် အတွန့်တတ်စရာ စကားမရှိ။ စူးချန်ကဲ၏ ပါရမီအရ ၊ အထူးလူဆိုသည့်အတိုင်း အထူးဆက်ဆံမှုခံရသည်မှာ သဘာဝကျပေသည်။
“ဘိုးဘေးက အခြား ဘာညွှန်ကြားချက် ရှိလို့လဲ”
စူးချန်ကဲသည် ရှုပ်ထွေးသွားသည်။ ဘိုးဘေးသည် သူ့အား ဤအကြောင်းအရာနှင့်ပတ်သတ်၍ အဘယ့်ကြောင့် စကားမဟခဲ့သနည်း။
သို့သော်လည်း သဘောဝကျပေသည်။ ဤသည်မှာ အင်အားစုသုံးဖွဲ့ကြားက ပြိုင်ဆိုင်မှုကြီး ဖြစ်သည်။
အကယ်၍ အချိန်မတိုင်မီ ထုတ်ဖော်ပြောမိပါက၊ အစီအစဉ်ပေါ် သက်ရောက်မှုရှိနိုင်သည်။
သို့သော်လည်း နောက်ပိုင်းတွင် အင်အားစုသုံးဖွဲ့သည် တစ်ပြိုင်နက်တည်း ရောက်ရှိလာကာ ၊ ကြိုဆိုရေး သင်္ဘောများသည် တိုက်မြေ သုံးထောင်၏ ကောင်းကင်ယံတွင် တစ်ချိန်တည်းပေါ်ထွက်လာသည့်အခါတွင် ။
အဓိက ဇာတ်ဆောင်ဖြစ်သော စူးချန်ကဲမှာ ပါးစပ်အဟောင်းသားဖြင့် တအံ့တဩဖြစ်နေမည်ကို မြင်ယောင်သေးသည်။
“ချန်ကဲ၊ မဟာလမ်းစဉ်ဟာ အတိုင်းအဆမရှိ ဝေးကွာပြီး ကျယ်ပြန့်တယ်၊ အမတနယ်မြေဆိုတာက ငါတို့ရဲ့ စမှတ်ပဲ “
ထိုအချိန် တိ့ကျန့် မဟာဧကရာဇ်မင်းသည် ပြုံးကာ ထပ်မံပြောလိုက်သည်။
“ပိုပြီးကြီးမားကျယ်ပြန့်တဲ့ ကမ္ဘာကြီးက ရောက်လာခဲ့ပြီ၊ မင်းဟာ ဒီထက်ပိုပြီး ဆန်းကြယ်တဲ့ ဒဏ္ဍာရီတွေကို ဖန်တီးနိုင်ဦးမယ်လို့ ငါတို့တွေယုံကြည်တယ်”
“ငါတို့ အမတနယ်မြေမှာ မင်းလာတဲ့အချိန်ကို စောင့်နေမယ် “
ထိုစကားများပြောပြီးနောက် ၊ ကွေးယွမ် သူတော်စင် နယ်မြေ၏ စစ်မှန်အမတများသည် စူးချန်ကဲကို ဂါရဝပြုလိုက်ကြသည်။
စူးချန်ကဲဘက်ကလည်း ပြန်၍ ဦးညွှတ်ခဲ့သည်။
အချင်းချင်းနှုတ်ဆက်ပြီးနောက် ၊ တိ့ကျန့် မဟာဧကရာဇ်မင်းတို့သည် အမှောင်မိုးကုတ်စက်ဝိုင်း၏အဆုံးဆီသို့ ဦးတည်ကာ ထွက်သွားခဲ့လေတော့သည်။
အပိုင်း(၅၉၈): မုန်တိုင်းကြီး စတင်ပြီ (Part-1)
ပျောက်ကွယ်မသွားခင် ၊ ရွှမ်ယွီ ဧကရီသည် ရုတ်တရက် နောက်ပြန်လှည့်လာသည်။
သူမ၏ဆံနွယ်များသည် လေပြေတချက်၏ ဝှေ့ယမ်းတိုက်ခိုက်မှုနှင့်အတူ သူ၏ပါးပြင်ကို ထိခတ်နေသည်မှာ လောဘတကြီး နမ်းရှုတ်နေသလိုပင်။ မဟာလမ်းစဉ်မှ ရောင်ပြန်ဟပ်သော ရောင်ခြည်များသည် သူမအပေါ်သို့ ကျရောက်နေသည်။
သူမ၏ သွယ်လျလှပသော ကိုယ်ခန္ဓာကို ရွှေရောင်အလင်းတန်းများဖြင့် ခြယ်သထားသလိုဖြစ်နေကာ၊ အလွန်ပင် ချောမောလှပနေခဲ့သည်။
“မောင်လေး ချန်ကဲ ၊ တိုက်မြေ သုံးထောင်မှာ မမ မင်းကို ကြည့်ရှုပေးခဲ့တယ်နော်”
“အမတ နယ်မြေကိုရောက်ရင် မမကို မေ့မသွားရဘူးနော် “
သူမ၏ ရင့်ကျက်လှပသော မျက်နှာပြင်ပေါ်တွင် ဆွဲဆောင်နေသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“နောက်ကျရင် မမကို တစ်ယောက်ယောက်က နှောင့်ယှက်ရင်၊ မမကို ပစ်မထားရဘူးနော်”
“ဒါပေါ့ ကျွန်တော် ကတိပေးတယ်၊ ရွှမ်ယွီမမကို ဘယ်သူမှ မနှောင့်ယှက်စေရဘူး “
စူးချန်ကဲသည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“အဟင့် !”
ရွှမ်ယွီ ဧကရီသည် အောင်ပွဲခံသောအပြုံးဖြင့် ။
“ မောင်လေး ချန်ကဲ ၊ မမ သိနေတယ်…”
သို့သော် သူမ၏စကားမပြီးဆုံးခင် ။
တိ့ကျန့် မဟာဧကရာဇ်မင်းသည် စကားတစ်ခွန်းမဆိုဘဲ သူမ၏ခေါင်းကို ရိုက်ချလိုက်သည်။
“မသွားခင်မှာတောင် ဒီလို အရှက်မရှိတဲ့စကားတွေ ပြောရဲသေးတယ်!”
တိ့ကျန့် မဟာဧကရာဇ်မင်းသည် စိတ်ပျက်သောလေသံဖြင့် ဆိုလိုက်သည်။
“မင်းက ချန်ကဲရဲ့ ဆရာတူအစ်မ ဖြစ်လျက်သားနဲ့ ၊ ကိုယ့်မောင်ကို အမြတ်ထုတ်နေတယ်!”
“ချန်ကဲ ကြည့်ပါဦး! မင်းရဲ့အစ်ကိုကြီးက မမကို အနိုင်ကျင့်နေတယ်!”
“ မြန်မြန် မမအတွက်….”
စကားမဆုံးခင် သူမသည် နောက်တစ်ချက် အရိုက်ခံလိုက်ရပြန်သည်။ ရွှမ်ယွီ ဧကရီမှာ မျက်ရည်လေး ဝဲတဲတဲဖြင့် တိ့ကျန့် မဟာဧကရာဇ်မင်း၏ ဆွဲခေါ်မှုနောက်သို့ လိုက်ပါသွားခဲ့လေတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း စူးချန်ကဲသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
ဘာကြောင့်မှန်းမသိ အနာဂတ်တွင် ကြီးမားသော ကိစ္စများ ဖြစ်လာမည်ဟု သူ ခံစားမိသည်။ ယင်းက သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်လာလိမ့်မည်ဟု သူ ခံစားမိသည်။
အင်အားကြီးမားသော နောက်ခံရှိသော်ငြား ၊ သူ၏အမြင်တွင် မလုံလောက်သေးဘူးဟု ခံစားမိသည်။ အရေးကြီးဆုံးအချက်မှာ သူကိုယ်တိုင်ကပင် အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်လိုပေသည်။
“မိမိကိုယ်တိုင် အရာအားလုံးကို ချိုးဖျက်နိုင်တဲ့ စွမ်းအားရှိမှသာ “
“စစ်မှန်ပြီး လွတ်လပ်တဲ့ အတုမရှိတဲ့ ဘဝကို ရရှိနိုင်လိမ့်မယ်”
…..
ညီအစ်ကိုမောင်နှမများ၏ နောက်ကျောပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် ၊
“ ဖွင့်”
စူးချန်ကဲသည် သူ့လက်ညိုးဖြင့် ရှေ့က ကွက်လပ်ကို အသာယာ ချိန်ရွယ်လိုက်သည်။
ကွဲအက်သံ !
အာကာသဟင်းလင်းပြင်တွင် ပင့်ကူမျှင်များကဲ့သို့ အက်ကွဲကြောင်းများ ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုအက်ကွဲကြောင်းများထဲမှ အာကာသဆိုင်ရာ မှော်သင်္ကေတများသည် ပြင်ပကမ္ဘာတစ်ခုနှင့် ချိတ်ဆက်ထားပုံရသော ရှုခင်းအပိုင်းအစများအဖြစ်သို့ ထွက်ပေါ်လာသည်။
အမတလမ်းစဉ် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီးနောက်ပိုင်းတွင် ၊ စူးချန်ကဲသည် မိုင်တစ်ထောင်ခရီးစဉ်ကို မျက်စိတမှိတ်အတွင်း သွားလာနိုင်သည်။
သို့ဖြစ်၍ အမတလျှောက်လှမ်းတံခါးဂိတ်မှ ထွက်ခွာကာ တိုက်မြေသုံးထောင်သို့ ရောက်ရှိရန် သူ၏ခရီးစဉ်မှာ မျက်စိတမှိတ်မျှသာ အချိန်ယူခဲ့ရသည်။
စူးချန်ကဲ အာကာသအက်ကွဲကြောင်းထဲသို့ ခြေချလိုက်သည်နှင့် တပြိုင်နက်၊ မျက်စိရှေ့က မြင်ကွင်းသည် သူ့ကို အံ့သြသွားစေခဲ့သည်။
“ ဒီနေရာက တကယ်ပဲ တိုက်မြေ သုံးထောင်လား…”
အဘယ့်ကြောင့်ဆိုသော် ၊ လွတ်မြောက်သူများစွာသည် တစ်ဦးပြီးတစ်ဦး အမတအဆင့်သို့ တတ်လှမ်းသွားခဲ့သဖြင့် တိုက်မြေ သုံးထောင်၏ လောကနိယာမများသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။
မရေမတွက်နိုင်သော ထူးချွန်သောပါရမီရှင်များသည် အမတစွမ်းအားကို အသုံးပြုကာ ၎င်းတို့၏ ကန့်သတ်ချက်များကို ချိုးဖျက်ခဲ့ကြသဖြင့် ၊ ကြီးကျယ်ခမ်းနားသော မြင်ကွင်းများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
လောကကြီးတစ်ခုလုံး ထိန်လင်းတောက်ပလျက် ၊ ကောင်းကင်ယံ၌ မဟာလမ်းစဉ်၏ ရူပါရုံမြင်ကွင်းများသည် မရေမတွက်နိုင်အောင် ရှိနေခဲ့သည်။
ဝိညာဉ်စွမ်းအင်များသည် ပို၍အားကောင်းလာပြီး ၊ တိမ်စိုင်များက တရွေ့ရွေ့ စီးဆင်းနေသည်။ ဒါတင်မက ၊ မဟာလမ်းစဉ်၏ နိယာမများသည် ကောင်းကင်မှ ဆင်းသက်လာသည်မှာ ကောင်းကင်နှင့်မြေကြီးကြားတွင် အမြစ်တွယ်နေသော နွယ်ပင်များအလား ထင်မှတ်ရသည်။
ခေါင်းမော့ကြည့်လိုက်လျှင်ဖြင့် ။
အထက်ကောင်းကင်ယံမှ ရှုခင်းသည် ပို၍ပင် ဆန်းကြယ်လှသည်။
ကျယ်ပြောလှသော လောကကြီးတစ်ခုကို ယောင်ဝါးဝါး မြင်တွေ့နေရပြီး ၊ နဂါးဟောက်သံ ၊ ဇာမဏီဌက်တို့၏ အော်ဟစ်သံများကို ရံဖန်ရံခါ ကြားနေရသည်။
အမတလမ်းစဉ်ဆိုင်ရာ နိယာမများသည် ရှည်လျားပြီး အရောင်အသွေးစုံလင်သော မြစ်တစ်စင်းအဖြစ် ပြောင်းလဲကာ ခမ်းနားစွာ စီးဆင်းနေပုံရသည်။
မဟာလမ်းစဉ်၏ မန္တန်သံများသည် မဟာလမ်းစဉ်၏ နိယာမများဖြင့် တီးခတ်ထားသော တေးသံကဲ့သို့ နားဆင်သူ၏စိတ်ကို ငြိမ်းချမ်းစေသည်။
သို့သော် စူးချန်ကဲသည် သူ၏ခံစားချက်များကို မဖော်ထုတ်ရသေးခင် ။
ဘုန်း !!
တောက်ပသော နတ်အလင်းတန်းများသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းသွားပြီး လောကတစ်ခွင်၌ ထူးဆန်းသော ဖြစ်စဉ်များကို တစ်ဖန် ဖြစ်ပေါ်စေခဲ့သည်။
ခရမ်းရောင်ခြည်များသည် မိုင်ထောင်ပေါင်းများစွာ ဖြန့်ကျတ်ကာ လောကကြီးတစ်ခုလုံးကို တောက်ပသွားစေသည်။
ယောင်ချီ သူတော်စင်နယ်မြေ တည်ရှိရာနေရာတွင် အမတရောင်ခြည်များဖြင့် ထိန်လင်းတောက်ပနေပြီး ၊ ပရမ်းပတာကြာပွင့် တစ်ပွင့်သည် ဝေဟင်ထက်တွင် အမြစ်တွယ်ကာ ပွင့်လန်းနေသည်။
ရွှေရောင်အလင်းတန်းများဖြင့် တဖိတ်ဖိတ် တောက်ပနေသော ကြာပွင့်ကြီး၏အလယ်၌ မှုန်ဝါးဝါး အသွင်ပုံရိပ်တစ်ခု မွေးဖွားလာပုံရပြီး ၊ တောက်ပသော ကြယ်အလင်းများက ထိုအနှီပုံရိပ်ကို လွှမ်းခြုံထားသည်။
အမတရောင်ခြည်အလင်းတန်းများ၏ ဖုံးလွှမ်းမှုအောက်တွင် ထိုအနှီသူ၏မျက်နှာတစ်ခုလုံးကို အတိအကျ မမြင်ရသော်လည်း၊
သို့သော် ပြီးပြည့်စုံသော ကောက်ကြောင်းတစ်ခုတည်းနဲ့တင် ၊ ထိုအနှီသူမှာ လောကီအညစ်အကြေးများ မစွန်းထင်သော ကောင်းကင်ဘုံမှ နတ်ဘုရားမတစ်ပါးဖြစ်မည်ဟု ခန့်မှန်းရသည်။
ဤသည်မှာ လော့ရန်ယွီမှ မွေးထုတ်လိုက်သော မဟာလမ်းစဉ် ကြာပွင့်ဖြစ်သည်။ ဟွိုင့်တွိုင့်ကိုယ်ထည် နှင့် အန္တိမအရိုးကို ပေါင်းစပ်ပြီးနောက် ၊ သူမသည် ကန့်သတ်ချက်များကို ချိုးဖျက်ကာ၊ မဟာလမ်းစဉ်၏စွမ်းအားသစ်ကို ရရှိခဲ့သည်။
တောက်ပသော ရောင်ခြည်အလင်းများသည် ပရမ်းပတာ ကြာပွင့်ပေါ်တွင် သက်ဝင်စီးဆင်းလျက် ၊ ခမ်းနားတင့်တယ်သော ရူပါရုံမြင်ကွင်းများကို ထုတ်ဖော်ပြသနေသည်။
လှိုင်းထနေသော နတ်မြစ်တစ်စင်း၊ တိမ်ပင်လယ်ကြီးနှင့် ပန်းမျိုးစုံဖြင့် တည်ဆောက်ထားသော လောကကြီးပင် ရှိပြီး တွေ့မြင်ရသူအဖို့ မျက်စိပဒေသာရှိလှသည်။
“ဒီရောင်ဝါက ဟွိုင့်တွိုင့်ကိုယ်ထည် နဲ့ အန္တိမအရိုး….?”
စူးချန်ကဲသည် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ်အာရုံ တစ်စိတ်တစ်ပိုင်းကို ယောင်ချီသူတော်စင်နယ်မြေရှိရာဘက်သို့ ပို့လွှတ်လိုက်သည်။
သူ၏မှန်းဆချက်ကို အတည်ပြုပြီးနောက်၊ စူးချန်ကဲ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။
“ ကြည့်ရတာ လော့ရန်ယွီလည်း ဉာဏ်အလင်းရပြီး ပိုပြီးသန်မာတဲ့ ကိုယ်ထည်ကို လှုပ်ကိုင်နိုင်ခဲ့ပြီပဲ “
လော့ရန်ယွီအား ဤစွမ်းအားသစ်ကို မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်စေရန် စူးချန်ကဲသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
မူလက ဤနေရာတွင် စုဝေးနေသော အမတရောင်ခြည်များသည် ညွှန်ကြားချက်ကို ရရှိလိုက်သကဲ့သို့ လော့ရန်ယွီရှိရာဘက်သို့ စုပြုံရောက်ရှိလာကြသည်။
ဝီ !
ပရမ်းပတာ ကြာပွင့်သည် ပို၍တောက်ပလာပြီီး၊ ဤနေရာရှိ လောကနိယာမများပင် တချိန်တည်းတုန်ခါလာကြသည်။
စူးချန်ကဲသည် အမတစွမ်းအားများကို ထိန်းချုပ်ကာ လော့ရန်ယွီထံသို့ ပေးပို့လိုက်စဉ် ၊ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သူ ခံစားမိလိုက်သည်။
ဤနေရာရှိ အမတအလိုဆန္ဒများသည် အင်အားကြီးမားသော တစ်စုံတစ်ရာ၏ သက်ရောက်မှုကို ခံလိုက်ရပြီး ၊ ဤနေရာတစ်ခုလုံးကို ဖိညှစ်ထားခဲ့သည်။
“ အမ်… ဒါဘာဖြစ်တာလဲ”
ဝီ !!
ထိုအချိန်တွင် ကောင်းကင်ယံ၌ အလွန်တောက်ပသော စိတ်ဝိညာဉ်အလင်းတန်းများ ပေါ်ထွက်လာသည်။
အမတ မှော်သင်္ကေတများဖြင့် စီခြယ်ထားသော ရှေးဟောင်းလမ်းလေးခုသည် တိုက်မြေသုံးထောင်ရှိရာဘက်သို့ ဆင်းသက်လာသည်။
ဤရုတ်တရက် အပြောင်းအလဲကြောင့် တိုက်မြေသုံးထောင်ရှိ စွမ်းအားရှင်များ၏ အာမေဠိတ်သံများ ထွက်ပေါ်လာခဲ့သည်။
အပိုင်း(၅၉၈): မုန်တိုင်းကြီး စတင်ပြီ (Part-2)
“ဒီရောင်ဝါက … အမတနယ်မြေရဲ့ စစ်မှန်အမတတွေ ဆင်းသက်လာသလိုပဲ!”
“ အရမ်းကောင်းတာပဲ ၊ အမတနယ်မြေက အင်အားစုတွေ စေလွှတ်လိုက်တဲ့ တမန်တော်တွေပဲဖြစ်ရမယ် ၊ မြန်မြန်သွားကြရအောင်! ဖြစ်နိုင်ရင် ငါတို့လည်း အဲဒီအင်အားစုတွေထဲ ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်းတွေရလာနိုင်တယ် “
“ဟားဟား ၊ ဒဏ္ဍာရီလာ အမတနယ်မြေကအင်အားစုတွေထဲ ဝင်ရောက်ခွင့်ရရင် အနာဂတ်မှာ အောင်မြင်မှုကြီးတွေ ရလာလိမ့်မယ်”
“…….”
ဤမြင်ကွင်းကို သတိပြုမိကြသော အင်အားစုအသီးသီးမှ ဘိုးဘေးများသည် ထိုဦးတည်ရာနေရာဆီသို့ သွားရောက်နေကြသည်။
စူးချန်ကဲမှာမူ ၊ အနည်းငယ် မျက်မှောင်ကြုတ်နေပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
တလက်လက် တောက်ပနေသော အမတရောင်စဉ်အလင်းများကြား ၊ မှုန်ဝါးဝါးအသွင်ပုံရိပ်များစွာသည် အာကာသ ဟင်းလင်းပြင်ကို ဖောက်ထွင်းလျက် တိုက်မြေသုံးထောင်သို့ ဆင်းသက်လာပုံရသည်။
“ ဒါက….အမတနယ်မြေရဲ့ စစ်မှန်အမတွေလား….?”
စူးချန်ကဲ၏ မျက်လုံးများသည် မှေးကျဉ်းသွားသည်။
အမတနယ်မြေနှင့် မကြာသေးမီကမှ ချိတ်ဆက်ထားသောကြောင့် အမတများလည်း အောက်သို့ ဆင်းသက်နိုင်သော်လည်း ၊ သို့သော် အနိမ့်ဆုံးအဆင့်ဖြစ်သည့် စစ်မှန်အမတများသာလျှင် ဆင်းသက်လို့ရသေးသည်။
ထို့ထက်ပို၍ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များသည် ကောင်းကင်နယ်နိမိတ်အပြင်ဘက်တွင် မဟာလမ်းစဉ်၏ နိယာမစည်းမျဉ်းများဖြင့် ပိတ်ဆို့ခံထားရသည်။ အကယ်၍ ၎င်းတို့သည် ဤလောကထဲသို့ အလျင်စလို ဝင်ဝံ့ပါက၊ မဟာလမ်းစဉ် နိယာမစည်းမျဉ်းများသည် သူတို့ကို ပြာအဖြစ် ချေမှုန်းပစ်ပေလိမ့်မည်။
“ တိုက်မြေသုံးထောင်ကို ပထမဆုံးဆင်းသက်လာတဲ့ အမတနယ်မြေက စစ်မှန်အမတွေတဲ့လား… စိတ်ဝင်စားစရာပဲ “
စူးချန်ကဲ၏ မျက်လုံးများသည် ဖျက်ခနဲ့ ဝင်းလက်တောက်ပသွားပြီး ၊ အခြေအနေကို သွားကြည့်ရန် ကြံရွယ်လိုက်သည်။
…….
တစ်ချိန်တည်းမှာပင်။
ကွေးယွမ် ဘိုးဘွားပိုင်နယ်မြေ ၊
မျဲ့ရှန်းရှေးဘိုးဘေးသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
“ဒီရောင်ဝါက…”
သူ့လက်ချောင်းကို ကွက်လပ်ထဲသို့ ဆန့်ထုတ်လိုက်ပြီး သူ၏လက်ချောင်းများဖြင့်
မဟာလမ်းစဉ်၏ ရွှေချည်မျှင်ကို ညှပ်ယူလိုက်သည်။
T/N - ရွှေချည်မျှင် -- စကြဝဠာ၏ သဘောတရားအလုံးစုံကို ချုပ်ကိုင်ထားသော ရွှေရောင်စွမ်းအားကြိုး
အချို့သော စုံစမ်းစစ်ဆေးမှုအပြီးတွင်၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် အေးစက်စွာ လှောင်ပြောင်လိုက်သည်။
“ဟား… ဒါက အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့က စေလွှတ်လိုက်တဲ့ အညစ်အကြေးတွေပဲ “
“ အမတနယ်မြေနဲ့ အခုမှ ချိတ်ဆက်ပြီးတယ် ၊ လူလွှတ်ဖို့ကို အဲ့လောက်ထိ စိတ်မရှည်ဖြစ်နေပြီလား?”
ကွေးယွမ်အမတဂိုဏ်းသည် ဤအင်အားစုနှစ်ဖွဲ့ နှင့် မကြာခဏ ထိပ်တိုက်ဆုံလေ့ရှိသည်။
မိမိကိုယ်ကို အမတနယ်မြေ၏ အုပ်စိုးရှင်အဖြစ် ကြွေးကြော်ထားသော်လည်း ၊ အမှန်အားဖြင့် ၎င်းတို့သည် ဤခေါင်းစဉ်ကို အသုံးပြုကာ ရှက်စရာကောင်းသော လုပ်ရပ်များကို ပြုလုပ်နေသော လူတစ်စုသာ ဖြစ်သည်။
သို့သော် ၊ မျဲ့ရှန်း ရှေးဘိုးဘေးအနေဖြင့် ဤကိစ္စတွင် ပါဝင်စွက်ဖက်ရန် ပျင်းလွန်းသည်။
သူသည် ဤပထမအသုတ်ကို စူးချန်ကဲ အတွက် လေ့ကျင့်ရေးပစ္စည်းများအဖြစ် အသုံးပြုရန် စိတ်ကူးထားသည်။
စူးချန်ကဲအနေဖြင့် အမတနယ်မြေသို့ ရောက်ရှိချိန်တွင် ၊ သူသည် ဤအင်အားစုကြီး နှစ်ဖွဲ့၏ နောက်ကွယ်မှ ပုဂ္ဂိုလ်များနှင့် ထိပ်တိုက်တွေ့မည်မှာ သေချာသည်။
မည်သို့ပင်ဆိုစေကာမူ၊ မျိုးဆက်သစ်များ၏ တိုက်ပွဲကို သူတို့လို မျိုးဆက်ဟောင်းများက ဝင်ရောက်မစွက်ဖက်ရေး သေချာစေရန်သာ လိုအပ်သည်။ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့သည် စူးချန်ကဲအတွက် ဓားသွေးကျောက်များ ဖြစ်လာပေလိမ့်မည် ။
တကယ်လို့ စူးချန်ကဲက သူတို့ကိုသတ်မိပြီး ပဋိပက္ခဖြစ်လာရင်ရော !?
ဘာစိုးရိမ်စရာရှိလဲ …ကွေးယွမ်အမတဂိုဏ်းရဲ့ ကြိုဆိုယာဉ်တွေ မကြာမီအတွင်း ရောက်လာတော့မှာပဲလေ ….
အဆိုးဆုံးကွာ ဒီအခွင့်အရေးမှာ သူတို့နှစ်ဖွဲ့နဲ့ စစ်ခင်းရုံပေါ့ !
……..
စကြဝဠာ အထက်တွင် ၊
တန်ဖိုးကြီးအဆင်တန်ဆာများကို ဆင်ယင်ထားပြီး ၊ အမတရောင်ခြည်များဖြင့် ဝင်းလက်တောက်ပနေသော စစ်မှန်အမတများသည် အာကာသ ဟင်းလင်းပြင်ကို ဖြိုခွဲ၍ ဆင်သက်လာကြသည်။
“ မူဟောက် လူကြီးမင်း ၊ ဒီတိုက်မြေ သုံးထောင်က မရိုးရှင်ဘူးပဲ ၊ နိယာမတရားတွေ အသစ်တစ်ဖန် နိုးထလာပြီး ဒီလောက်များပြားတဲ့ ရူပါရုံမြင်ကွင်းတွေကို ကြည့်ရင် ထူးချွန်တဲ့ ပါရမီရှင်တွေ မနည်းမနောပဲ “
စစ်မှန်အမတ တစ်ဦးသည် မူဟောက် အမည်ရှိ စစ်မှန်အမတတစ်ဦးအပေါ်တွင် လေးလေးစားစား ပြောဆိုနေခဲ့သည်။
၎င်းတို့သည် အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့မှ စေလွှတ်လိုက်သော စစ်မှန်အမတ ကင်းထောက်အဖွဲ့ ၏ ပထမဆုံးအသုတ် ဖြစ်သည်။
သူတို့သည် တိုက်မြေ သုံးထောင်သို့ ဆင်းသက်လာရခြင်းမှာ နောက်ဆက်လာမည့် အမတများအတွက် လမ်းကြောင်းရှာပေးရန်အတွက် ဖြစ်သည်။
ဤနေရာသို့ မရောက်မီကတည်းကပင် ၊ သူတို့သည် တိုက်မြေ သုံးထောင်၏ အချက်အလက်များကို စုံစမ်းထားပြီးဖြစ်သည်။
သူတို့အနေဖြင့် အထူးဂရုစိုက်ရမည့် တစ်ခုတည်းသော အရာမှာ ကွေးယွမ်အမတဂိုဏ်း၏ လက်အောက်ခံဖြစ်သည့် ကွေးယွမ်သူတော်စင် နယ်မြေ ပင် ဖြစ်သည်။
သို့ဆိုတောင်၊ သူတို့သည် ဂရုစိုက်နေမည်မဟုတ်။ သူတို့မှာလည်း မရှိတာကြလို့ !
…..
၎င်းတို့သည် စကြဝဠာ၏ အထက်မှ နေ၍ အောက်ဘက်ရှိ တိုက်မြေ သုံးထောင်ကို ဆန်းစစ်ကြည့်ရှုလိုက်သည်။
မဟာလမ်းစဉ်၏ မြူများသည် ကောင်းကင်၌ လူးလိမ့်ရိုက်ခတ်နေပြီး ၊ မရေမတွက်နိုင်သော ထူးဆန်းအံ့ဩဖွယ် ရူပါရုံမြင်ကွင်းများက ဤတိတ်ဆိတ်နေသော ကမ္ဘာကြီးကို ပို၍ပင် လျှို့ဝှက်ဆန်းကြယ်ပုံပေါက်စေသည်။
ထိုအချိန်တွင် ၊ လူရိပ်သဏ္ဍာန်ရှိသော အလင်းတန်းလေးစင်းသည် အမတနယ်မြေ၏ စစ်မှန်အမတများရှိရာနေရာနှင့် ပေတစ်ရာအကွာတွင် ရုတ်တရက် ထွက်ပေါ်ကာ ရပ်နေကြသည်။
ထိုသူများသည် တိုက်မြေ သုံးထောင်မှ ရှေးဧကရာဇ်မင်းများ ဖြစ်ကြသည်။
အမတနယ်မြေ၏ စစ်မှန်အမတများကို ပြန်လည် မြင်တွေ့လိုက်ရချိန်တွင် ၊ ၎င်းတို့ထံမှ ဖြာထွက်နေသော ရောင်ဝါများကြောင့် ရှေးဧကရာဇ်မင်းလေးဦးသည် အတော်လေး တုန်လှုပ်သွားခဲ့သည်။
၎င်းတို့၏ လှုပ်ရှားမှုတိုင်းမှ ဖြာထွက်လာသော ရောင်ဝါတို့သည် ၎င်းတို့အား “သူတော်စင်ကြီးများ” ဟုပင် သူ့အလိုလို ရေရွတ်မိသည့်အထိပင်။
ဦးဆောင်သူ ရှေးဧကရာဇ်မင်းက အလျင်အမြန် ဦးညွှတ်ကာ လျှောက်ထားလိုက်သည်။
“ မိတ်ဆွေတို့ကို တွေ့ရတာ ဝမ်းသာမိပါတယ်!”
“အမ်?”
ခေါင်းဆောင်ဖြစ်သူ မူဟောက်သည် မျက်ခုံးတွန့်သွားပြီး ၊ သူ့ရှေ့သို့ ရောက်ရှိလာသော ရှေးဧကရာဇ်မင်းလေးဦးကို ခေါင်းအစခြေအဆုံး ကြည့်ရှုလိုက်သည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ ၎င်းတို့၏ခန္ဓာကိုယ်မှ ဖြာထွက်နေသော ရောင်ဝါသည် သူ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်အဆင့်မျှသာ ရှိသည်။
သူ့ကို ပို၍ စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေခဲ့သည်မှာ ၊ တစ်ဖက်လူ၏ ရောင်ဝါသည် သူ၏အမြင်တွင် ပုပ်သိုးကာ ညစ်ညမ်းနေပုံရသည်။
အမတစွမ်းအားများ နည်းနည်းမှမရှိသည့်အပြင် ၊ ၎င်းတို့၏ ခန္ဓာကိုယ်၌ စက်ဆုပ်ဖွယ်ကောင်းသော သေမျိုးစွမ်းအားများသာ ရှိသည်။
မူဟောက်စစ်မှန်အမတ၏ စိတ်တိုင်းမကျမှုကို မြင်နေပုံရသော သူ့ဘေးနားက စစ်မှန်အမတနှစ်ဦးသည် ချက်ချင်းလက်ငင်း သဘောပေါက်သွားသည်။
သူတို့၏ မျက်နှာထားများသည် ရုတ်တရက် မည်းမှောင်သွားပြီး ၊ သူတို့ထဲက တစ်ဦးက ရှေ့ထွက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော အမတစွမ်းအားများသည် ရှေးဧကရာဇ်မင်းများအား နှိပ်ကွပ်ရန် ကျဆင်းလာပြီး ဟင်းလင်းပြင် အလွှာများပင်လျှင် တုန်လှုပ်မြည်ဟည်းနေသည်။
“ အတင့်ရဲလိုက်တာ! “
“ အောက်ကမ္ဘာက အောက်တန်းစာတွေကများ ငါတို့ကို မိတ်ဆွေလို့ ခေါ်ရအောင် ထိုက်တန်တယ်လို့ထင်နေလား!”
“ ခုလို ငါတို့ကိုစော်ကားရဲတာ မင်းတို့ သွားသေလိုက်တော့!”
အပိုင်း(၅၉၉): အောက်ကမ္ဘာက အောက်တန်းစား ?
မိမိကိုယ်ကို မြင့်မြတ်သည်ဟု ယူဆထားကြသော အမတနယ်မြေ၏ စစ်မှန်အမတများဖြစ်သည်နှင့်အလျောက် ၊ တိုက်မြေ သုံးထောင်မှ အောင်မြင်ခဲ့ကြသော စစ်မှန်အမတများကိုပင် သူတို့သည် အထင်မြင်သေးစွာ ရှုတ်ချတတ်သည်။
ယခုလို လူသားလမ်းစဉ် ကျင့်ကြံသူများသာ ဆိုလျှင်ဖြင့် ….
သူတို့၏ မျက်လုံးထဲတွင်၊ တိုက်မြေ သုံးထောင်၏ ကျင့်ကြံသူများသည် အောက်ကမ္ဘာရှိ ရိုင်းစိုင်းကြမ်းတမ်းသော ပုရွက်ဆိတ်များသာ ဖြစ်သည်။
သူတို့ကို “ မိတ်ဆွေ” လို့ခေါ်ရအောင် တန်လို့လား!?
ဝုန်း !!
စစ်မှန်အမတ တစ်ဦးသည် သူ့လက်ဆန့်ထုတ်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံ၏လက်ဝါးကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး ရှေးဧကရာဇ်မင်းများကို နှိပ်ကွပ်ရန် ကျဆင်းလာသည်။
ရှေးဧကရာဇ်မင်းများ၏ အမူအရာတို့သည် သိသိသာသာ ပြောင်းလဲသွားကြသည်။ အမတနယ်မြေမှ စစ်မှန်အမတတို့သည် ဤမျှ မောက်မာလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ပေ။
အခေါ်အဝေါ် တစ်ခုတည်းဖြင့် မကျေမနပ်ဖြစ်ပြီး သူတို့အား သတ်ဖြတ်ရန် ဟန်ပြင်နေသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ စိတ်ဓာတ်သည် အတော်လေး ကြမ်းကြုတ်မှန်း သိနိုင်သည်။
သို့သော်လည်း ဤကြောက်မက်ဖွယ် စွမ်းအား၏ရှေ့မှောက်တွင် ၊ သူတို့သည် ပြန်လည်ခုခံလိုခဲ့သည်။ သို့သော် ကြောက်ခမန်းလိလိ ဖိနှိပ်စွမ်းအားများက သူတို့ကို အချိန်အတော်ကြာသည့်အထိ မလှုပ်ရှားနိုင်အောင် ပြုစားထားခဲ့သည်။
“အို… မိတ်ဆွေလို့ မခေါ်ရဘူးလား “
ထိုအခိုက်အတန့်တွင် ၊ ရယ်သံတချက် ထွက်ပေါ်လာခဲ့သည်။
“ ဒါဆို ခင်ဗျားတို့ကို အိမ်မွေးတိရစ္ဆာန်တွေလို့ ခေါ်ရမှာလား “
(🍁T/N - မိုက်တယ် ..ရှယ်ပဲ အဲ့လိုဖြစ်နေရမှာ)
ထိုစကားသံအဆုံးတွင် ၊
လူတိုင်း၏ရှေ့မှောက်ရှိ အာကာသဟင်းလင်းပြင်တွင် အမတရောင်ခြည်တန်းများ ထွက်ပေါ်လာသည်။
ရိုက်ခတ်နေသော အလင်းလှိုင်းတံပိုးများကြား ၊ ကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းထားသော နတ်ဘုရား၏လက်တစ်ဖက်သည် ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပြီး အဖျက်စွမ်းအားများကို ဆောင်ကျဉ်းလျက် တိုက်ခိုက်လာသူ စစ်မှန်အမတ၏ လက်ဝါးကြီးကို ချေမှုန်းပစ်လိုက်သည်။
ယင်း၌ ကျန်ရစ်နေသော စွမ်းအင်လှိုင်းများသည် ဤမျှနဲ့တင် ရပ်တန့်သွားခြင်းမရှိပေ။ ကမ္ဘာမြေကို ဖျက်ဆီးပစ်နိုင်သော လှိုင်းတံပိုးများသည် ယင် ယန် ဟန်ချက်ကို ဖောက်ပြန်စေပြီး လောကကြီးတစ်ခုလုံးကို ဇောက်ထိုးမှောက်ခုံဖြစ်သွားစေသကဲ့သို့ တစ်ဖန် ဖိနှိပ်လာခဲ့သည်။
“ ဘယ်အကောင်လဲ ငါတို့ကို တိုက်ခိုက်ရဲတာ!”
ခေါင်းဆောင်ဖြစ်သော စစ်မှန်အမတရှင် မူဟောက်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကြယ်စင်များသည် အဆုံးမရှိ လှည့်ပတ်နေသကဲ့သို့ ရုတ်ချည်းဆိုသလိုပင် တာအိုစည်းချက်များစွာ ထွက်ပေါ်လာသည်။
ယင်း၌ရှိသော အမတစွမ်းအားများသည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို လွင့်စဉ်ရိုက်ခတ်သွားပြီး ဟင်းလင်းပြင်အလွှာတစ်ခုလုံးကို အလွှာလိုက် တုန်ခါသွားစေသည်။
နောက်အခိုက်အတန့်တွင် ၊ သူသည် ထူးဆန်းသော လှုပ်ရှားဟန်နှင့်အတူ ရှေ့တစ်လှမ်းတိုးလာပြီး ဧရာမလက်ဝါးကြီးနှင့် ရိုက်ထုတ်လိုက်သည်။
မူဟောက်သည် ၎င်း၏စွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ချိန်တည်းမှာပင် အာကာသဟင်းလင်းပြင်တစ်ခုလုံးသည် အက်ကွဲရာများဖြစ်ပေါ်လာသည်။ ယင်းအက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာသော အမတစွမ်းအားများသည် ထူထပ်စွာအုံ့ဆိုင်းနေခဲ့သော တိမ်တိုက်များကိုပင် ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားစေသည်။
ဝုန်း !
နောက်အခိုက်တန့်တွင်၊ လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့သော်ငြား ၊အမတနယ်မြေမှ ရောက်ရှိလာသော စစ်မှန်အမတရှင် မူဟောက်သည် အဆိုပါ အင်အားကြီးမားသော ခွန်အားကို ခံနိုင်ရည်မရှိဘဲ၊ ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားခဲ့ရသည်။
“ မူဟောက် လူကြီးမင်း ! “
စစ်မှန်အမတများ၏ အမူအရာတို့သည် သိသိသာသာ ပြောင်းလဲသွားကြသည်။ သူတို့ထဲမှ အသန်မာဆုံးဖြစ်သော မူဟောက်သည်ပင် အမည်မသိလူ၏ တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့သည်။
“ မင်းက ဘယ်သူလဲ!”
မူဟောက်သည် ထိန်းမနိုင်သိမ်းမရ အံ့ဩတုန်လှုပ်နေမိသည်။ ဤကဲ့သို့ အရိုင်းဆန်သော အောက်ကမ္ဘာက လူတစ်ယောက်သည် သူ၏ တိုက်ခိုက်မှုကို မည်သို့ခံနိုင်ရည်ရှိခဲ့သနည်း။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?
သူ အံ့အားသင့်တွေဝေနေတုန်းမှာပဲ သူ့ရှေ့က ဟင်းလင်းပြင်ကွက်လပ်သည် အားကြီးမားသော အင်အားတစ်ခု၏ စုတ်ဖြဲခြင်းကို ခံလိုက်ရသကဲ့သို့ မြူထုထဲမှ တည်ငြိမ်သော အသွင်အပြင်ဖြင့် စူးချန်ကဲသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်နှင့် ရှေးဧကရာဇ်မင်းတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။
“ ချန်ကဲထျန်းတိ့ ရောက်လာပြီ ! “
“ သိပ်ကောင်းတာပဲ ချန်ကဲထျန်းတိ့ ရောက်လာပြီ!”
သူတို့စိတ်ထဲက ကြောက်ရွံ့မှုများသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး ယင်းအစား ပျော်ရွှင်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည် ။
စူးချန်ကဲ ရှိနေသမျှကာလပတ်လုံး စစ်မှန်အမတများကို ရင်ဆိုင်ရမည်ဆိုတောင် ၊ သူတို့သည် အသက်အန္တရာယ်စိုးရိမ်စရာ မလိုတော့ချေ။
“ ချန်ကဲထျန်းတိ့?”
စစ်မှန်အမတများသည် ရှုပ်ထွေးသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် သဘောပေါက်သွားပုံရကာ ၊ ၎င်းတို့သည် အားရပါးရ ရယ်မောလေတော့၏။
“ဟားဟားဟား... အရိုင်းဆန်တဲ့ အောက်ကမ္ဘာက စစ်မှန်အမတအဆင့်ကများ သူ့ကိုယ်သူ ‘ဧကရာဇ်’ လို့ ခေါ်ဝံ့သတဲ့လား .. ဒါတင်မကဘူး ဘာတဲ့ ‘ ကောင်းကင်ဘုံတို့၏ဧကရာဇ်မင်း ‘ ဟုတ်လား “
(T/N - ထျန်းတိ့ - ကောင်းကင်ဘုံတို့၏ဧကရာဇ်မင်း ၊ တိ့ - ဧကရာဇ် )
“ ငါတို့အထက်က အမတဘုရင်တောင် သူ့ကိုယ်သူ ‘ဧကရာဇ်’ လို့ ခေါ်ဝံ့မှာ မဟုတ်ဘူး၊ ဒီလိုငယ်ငယ်ရွယ်ရွယ် ကလေးတစ်ယောက်က ထျန်းတိ့ တဲ့လား “
“ ငါ အမတဖြစ်လာပြီးကတည်းက ကြားဖူးသမျှ ဟာသတွေထဲမှာ အရယ်ရဆုံးဆုံးဟာသပဲ !”
“……….”
၎င်းတို့သည် ရည်ရွယ်ချက်ရှိရှိ ပြောဆိုနေလားမသိ။ သူတို့၏နောက်တွင် အမတဘုရင်အဆင့်ရှိသော စွမ်းအားရှင်များပင် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဖြစ်နိုင်ခြေရှိသည်မှာ ဤအချက်ဖြင့် တဖက်လူကို ခြိမ်းခြောက်လိုပုံရသည်။
သို့သော် ၎င်းတို့၏ အစီအစဉ်သည် အောင်မြင်သည်ဟု ဝန်ခံရမည်။ ရှေးဧကရာဇ်မင်းများ၏ မျက်နှာများသည် ဖြူဖပ်သွားပြီး၊ နှုတ်ခမ်းများပင်လျှင် ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။
အမတဘုရင်ဆိုတာ ဘယ်လိုအဆင့်မျိုးလဲ?
၎င်းတို့၏အမြင်တွင် စစ်မှန်အမတများသည် နတ်ဘုရားများ၏ ဖြစ်တည်မှုနှင့် တူပေသည်။ ဒဏ္ဍာရီထဲက အမတဘုရင်သာဆိုလျှင်ဖြင့်၊ ထိုနတ်ဘုရားများထဲက ဘုရင် ဖြစ်မည်မဟုတ်လော။
အမတနယ်မြေမှ စစ်မှန်အမတများ၏ ယခင်က တုန်လှုပ်ချောက်ချားမှုသည် ဤအခိုက်အတန့်တွင် လုံးဝပျောက်ကွယ်သွားပြီး၊ ယင်းအစား လှောင်ပြောင်သောအပြုံးများက အစားထိုးဝင်ရောက်လာသည်။ တဖက်လူသည် အတော်လေးကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်မည်ဟု သူတို့ထင်မှတ်ခဲ့သည်။
မဆိုစလောက် အရည်အချင်းရှိရုံဖြင့် ၊ ဤလူသည် သူ့ကိုယ်သူ စကြဝဠာတစ်ခွင်လုံးတွင် အတုမရှိဟု ယူဆထားပုံရသည်။
“ ဟေး! မင်းဘာလဲဆိုတာ ငါ မစိတ်ဝင်စားဘူး၊ ငါတို့တွေက ဘယ်အဖွဲ့အစည်းကနေ လာတယ်၊ ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်ဆိုတာ မင်းသိလား!?”
ထိုအချိန်တွင်၊ စူးချန်ကဲ၏လက်သီးတစ်ချက်ကြောင့် နောက်သို့တွန်းပို့ခံလိုက်ရသော မူဟောက်သည် အရှက်ကွဲခဲ့ရသည့်အပေါ် မကျေမနပ်ဖြစ်ကာ အေးစက်စက်ဆိုလိုက်သည်။
“ ငါတို့ရဲ့ အရေးကိစ္စကို ဝင်ရောက်စွက်ဖက်ဝံ့တာ ..မင်းရဲ့ မျိုးနွယ်စုတစ်ခုလုံး ချေမှုန်းခံချင်တာလား !?”
စကားဆုံးသည်နှင့်၊ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့လွင့်သွားသည်။
မူဟောက်၏ ဘေးနားရှိ အခြား စစ်မှန်အမတများသည်လည်း ၎င်းတို့၏ လှောင်ပြောင်သော အမူအရာများကို ရုတ်သိမ်းလိုက်ကြပြီး ၊ တစ်ချိန်တည်းမှာပင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက စူးချန်ကဲအား ဝိုင်းရံပိတ်ပင်ထားခဲ့သည်။
စူးချန်ကဲ၏ အထောက်အထားနှင့်ပတ်သတ်၍ သူတို့ မသိ။ ထို့အပြင် သူတို့၏ နောက်ကွယ်က အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့ကလည်း သိမထားပေ။
အကြောင်းမှာ၊ ကံကြမ္မာနတ္ထိ ကိုယ်ထည်ပိုင်ရှင်အား မည်သူမျှ တွက်ချက်၍မရနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် တွက်ချက်ပြီးမှန်းဆဝံ့ပါက ၊ ထိုအနှီလူသည် မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုကို ခံစားရမည် ဖြစ်သည်။
“ဒါက အမတနယ်မြေရဲ့ စစ်မှန်အမတတဲ့လား ...လေကြီးလိုက်တာ “
စူးချန်ကဲသည် အေးစက်စွာ ပြုံးရယ်လိုက်သည်။
အမတနယ်မြေရှိ အမတများသည် မောက်မာလွန်းသည်ဟု ဘိုးဘေးများထံမှ သူ ကြားဖူးသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် မွေးကတည်းက သန်မာကြပြီး ၊ ပါရမီညံ့ဖျင်းသောသူပင်လျှင် အနည်းဆုံး စစ်မှန်အမတအဆင့်သို့ ရောက်ရှိနိုင်ကြသောကြောင့်ဖြစ်သည်။
ထို့ကြောင့် အမတနယ်မြေမှလွဲ၍ အခြားသော စကြဝဠာအားလုံးရှိ စွမ်းအားရှင်များသည် သူတို့၏ မျက်လုံးထဲတွင် ရွှံ့နှင့်တူပြီး ထည့်သွင်းစဉ်းစားစရာရန်ပင် မလိုပေ။
“ဟမ် ! မူဟောက်လူကြီးမင်း ဒီလူနဲ့ အပိုတွေပြောမနေနဲ့တော့ ၊ သူက သူရဲကောင်းလုပ်ချင်တယ်ဆိုလည်း ၊ ဒါဆို သူ့ကို...”
မူဟောက်ဘေးနားရှိ ထိုအနှီလူ၏စကားမဆုံးခင် ၊
စူးချန်ကဲ၏ မျက်လုံးထဲမှ အမတအလင်းများ ရုတ်ချည်း ထွက်ပေါ်လာသည်။ ကြီးကျယ်ခမ်းနားသော စွမ်းအားသည် ပတ်ဝန်းကျင်ရှိ အာကာသဟင်းလင်းပြင်ကို ဖိနှိပ်လာသဖြင့် ဆူညံသံများကို ကြားနေရသည် ။
“သေပေတော့!!”
အပိုင်း(၆၀၀): ကုန်းကောက်စရာပင် မကျန်တော့သည့် ဂုဏ်သိက္ခာ
စကားလုံးတစ်လုံးချင်းစီတိုင်းတွင် အားမာန်ပါပြီး ၊ ကြီးကျယ်ခမ်းနားသော ဖိနှိပ်စွမ်းအားများသည် အာကာသ ဟင်းလင်းပြင်အလွှာတစ်ခုလုံးကို ဖိနှိပ်ချုပ်ကိုင်လျက် ရှိသည်။
စူးချန်ကဲသည် မျက်စိတမှိတ်အတွင်းမှာပင် အဆိုပါ စစ်မှန်အမတရှင်၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာသည်။
အမတလမ်းစဉ်ကို အောင်မြင်ပြီးနောက်၊ စူးချန်ကဲ၏ ကာယစွမ်းအားသည် အတော်လေး ကြောက်စရာကောင်းလာခဲ့သည်။ သူ၏ လက်သီးတချက်သည် အမတအလိုဆန္ဒများဖြင့် ဖုံးလွှမ်းနေသော ဤနေရာရှိ ဟင်းလင်းပြင်အလွှာများကိုပင် အနည်းငယ် ပုံပျက်သွားစေသည်။
“ အတင့်ရဲလိုက်တာ !”
အမတနယ်မြေ၏ စစ်မှန်အမတအဖြစ် ၊ သူတို့သည် အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ အရေးကိစ္စများကို လုပ်ဆောင်ပေးရသူများ ဖြစ်သည်။ အမတနယ်မြေရှိ စစ်မှန်အမတများထဲတွင်ပင်၊ သူတို့ကို ထိပ်တန်း စွမ်းအားရှင်များအဖြစ် သတ်မှတ်နိုင်သည်။
အေးစက်စွာ အော်ဟစ်လိုက်ပြီးနောက်၊ ထိုစစ်မှန်အမတ၏ နဖူးအမှတ်တွင် တောက်ပသော နေမင်းကြီး တစ်စင်းထွက်ပေါ်လာသကဲ့သို့ ရွှေရောင်များ ဝင်းလက်တောက်ပလာသည်။
ချက်ချင်းဆိုသလိုပင် ၊ ကြယ်စင်များသဖွယ် ဝင်းလက်တောက်ပနေသော မှော်သင်္ကေတများသည် သူ၏ ဘေးတဝိုက်တွင် ဧရာမရွှေခေါင်းလောင်းကြီးတစ်ခုကို ဖွဲ့စည်းနေသကဲ့သို့ ရိုက်ခတ်လှုပ်ရှားနေသည်။သူ့ကို ကာကွယ်ပေးထားသော ထိုရွှေခေါင်းလောင်းကြီးသည် တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိပုံရပြီး မည်သည့်အရာကမှ ဖျက်ဆီး၍မရနိုင်ပုံပေါ်သည်။
စူးချန်ကဲ၏ လက်သီးပင် ဤကာကွယ်မှုကို ချိုးဖျက်နိုင်မည်မဟုတ်ကြောင်း ယူဆထားသည်။ ထိုစစ်မှန်အမတ က ထပ်မံ၍ မထီမဲ့မြင်ပြုကာ ဆိုပြန်သည်။
“ မင်းကသာ ငါ့ရဲ့ ပင်ကိုယ်မှော်စွမ်းအားဖြစ်တဲ့ အလင်းအကာကို ချိုးဖျက်နိုင်မယ်ဆိုရင် ငါ...”
သူ၏စကားမပြီးဆုံးမီ ၊ လက်သီးအလင်းသည် ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။
ဝုန်း ——!!
အလွန်မာကြောပုံရသော ရွှေခေါင်းလောင်းသည် စူးချန်ကဲ၏ လက်သီးတစ်ချက်အောက်တွင် ချိုးဖျက်ခံလိုက်ရပြီး၊ ပြင်းထန်သော လက်သီးစွမ်းအားကြောင့် ချက်ချင်းချေမှုန်းခံလိုက်ရသည်။
အကာအကွယ်အတွင်း၌ ရှိနေခဲ့သော အမတနယ်မြေမှ စစ်မှန်အမတသည် လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ စူးချန်ကဲ၏ လက်သီးသည် သူ၏မျက်နှာတည့်တည့် ကျရောက်လာခဲ့သည်။
သူ၏မျက်နှာပေါ်သို့ ရှေးဟောင်းနတ်တောင်တန်းကြီးတစ်ခု တိုက်ရိုက်ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ပျက်စီးသွားသော မျက်နှာအရေပြားကို ထည့်မဆိုခင် ၊ ထိုပြင်းထန်သော စွမ်းအားသည် သူ၏ စိတ်ဝိညာဉ်ကိုပါ ချေမှုန်းပစ်တော့မည့်အတိုင်းပင်။
ဒုန်း———‼
ထိုစဉ် ၊ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။
ထိုစစ်မှန်အမတသည် စူးချန်ကဲ၏ လက်သီးတစ်ချက်အောက်တွင် ဟိုးအဝေးတစ်နေရာထိ လွင့်စဉ်သွားပြီး ၊ သူ၏ရုပ်သွင်သည်ပင် မှောင်မိုက်သော မိုးကုတ်စက်ဝိုင်း၏အထက်တွင် ပျောက်ကွယ်သွားခဲ့သည်။
ရှေးဧကရာဇ်မင်းများမှာမူ၊ ဤစကားများကို စိတ်ထဲတွင် ရေရွတ်နေလေ၏ ။
ကြွားချင်တယ် ဟုတ်လား? တစ်ခါတည်း အဝေးကို ပျံသွားစေရမယ်...
စူးချန်ကဲလို့ခေါ်တဲ့ လှည့်ကွက်များတဲ့ ဆက်ခံသူကို မကြားဖူးဘူး ဟုတ်လား ...
ဤမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားသော အခြားစစ်မှန်အမတ လေးဦးသည် အချိန်အတော်ကြာမှ အသိပြန်ဝင်လာသည်။
“ အတင့်ရဲလိုက်တာ ၊ မင်းကများ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်ပေါ့!”
ဦးစွာ အသိပြန်ကပ်လာသော မူဟောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ခြေတစ်လှမ်းတည်းဖြင့် ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ ရောက်ရှိလာပြီး ၊ လှိုင်းထနေသော အမတစွမ်းအင်မြစ်သည် ကောင်းကင်ယံမှ လှိုင်းလုံးကြီးများအဖြစ် စူးချန်ကဲအပေါ်သို့ ကျရောက်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ၊ ယင်း၌ ကုန်ခန်းခြင်းမရှိသော နိယာမတရားများ ပါဝင်နေပြီး ၊ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသော လက်ဝါးရိပ်ကြီးသည် ဟင်းလင်းပြင်အလွှာများကို ဖြိုခွင်းလျက် ကျရောက်လာခဲ့သည်။
စောနကချေမှုန်းခံလိုက်ရသော စစ်မှန်အမတ၏ ခွန်အားသည် အားနည်းသည်ဟု ဆိုလို့မရချေ။ သို့သော် ၎င်းသည် စူးချန်ကဲ၏လက်သီးတစ်ချက်အောက်တွင် ဟိုးအပေါ်ဆုံးထိ ပစ်တင်ခံလိုက်ရသည်။
မူမမှန်ဘူး! ဒါ အတော်လေးကို မူမမှန်ဘူး!
သူ့ အနေဖြင့် စူးချန်ကဲအား နောက်ထပ် အခွင့်အရေးပေးတော့မည် မဟုတ်ပေ။
“ ဟမ် ! လာတာ ကောင်းတယ်!”
စူးချန်ကဲသည် အေးစက်စွာနှာမှုတ်လိုက်သည်။သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေဝါရောင်အလင်းများဖြင့် ဝင်းလက်တောက်ပလာပြီး ၊ အမတစွမ်းအားများသည် မိုးကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်သွားသည်။
ထို့နောက် နတ်အလင်းများဖြင့် တဟုန်းဟုန်း တောက်လောင်နေသော လက်ဝါးကို လက်သီးအဖြစ် ဆုပ်ကာ တဖက်လူကို ထိုးနှက်လိုက်သည်။
ဝုန်း !
စိတ်နဲ့လူနဲ့ မကပ်သေးသော အခြား စစ်မှန်အမတလေးဦးတို့မှာ ရုတ်ချည်းပင် မျက်လုံးများပြူးသွားကြသည်။ သူတို့ မြင်တွေ့လိုက်ရသည်မှာ ယခင်က အားအင်အပြည့်ဖြင့် ပေါက်ကွဲခဲ့သော မူဟောက်သည် အဝေးသို့ လွင့်ထွက်သွားခဲ့ခြင်းပင် ဖြစ်သည်။
မူဟောက်တစ်ယောက် ကြိုးပြတ်သွားသော စွန်ကဲ့သို့ လေထဲတွင် ကြိမ်ပေါင်းများစွာ ချာလပတ်လည်ကာ အာကာသအပိုင်းအစများစွာကို ချိုးဖျက်ပစ်ခဲ့သည်။ နောက်ဆုံးတွင် ခွေးတစ်ကောင်အလား အာကာသာဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးအပိုင်းထဲသို့ ထိုးကျသွားလေတော့သည်။
! ! !
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော အမတနယ်မြေမှ စစ်မှန်အမတများမှာ တစ်ခေါင်းလုံး ပူထူသွားကြပြီး ၊ မယုံနိုင်သော အမူအရာများဖြင့် ရှိနေကြသည်။
ဒါဘာဖြစ်သွားတာလဲ?
ဘယ်လိုဖြစ်ပြီး မူဟောက်က လေထဲမှာ ချာလပတ်လည်နေတာတုန်း!?
ဒီရဲ့ အထူးဖျော်ဖြေပွဲကြီးက အတော်လေး ရှက်ဖို့ကောင်းနေပြီ မဟုတ်လား?
တိုက်မြေ သုံးထောင်မှ ရှေးဧကရာဇ်မင်းများသည် မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ ယခင်က နတ်အလင်းများဖြင့် တဖိတ်ဖိတ် တောက်ပလျက် ခမ်းနားထည်ဝါခဲ့သော အမတနယ်မြေမှ စစ်မှန်အမတများသည် ယခုအခိုက်အတန့်တွင် ရိုက်နှက်ခံရကာ အရိပ်အယောင်ပင် မမြင်ရတော့ချေ။
အမတနယ်မြေမှ စစ်မှန်အမတများ၏ ဂုဏ်သိက္ခာသည် ကုန်းကောက်စရာပင် မရှိအောင် နင်းချေခံလိုက်ရသည်။
ယခင်က တိုက်မြေ သုံးထောင်၏ အောင်မြင်မှုကို မထီမဲ့မြင်ပြုခဲ့သော စစ်မှန်အမတများမှာ အချိန်တိုအတွင်းမှာပင် မှတ်လောက်အောင် ပညာပေးခံလိုက်ရသည်။
ဂျိန်း !!
သို့သော် သူတို့၏စကားမပြီးဆုံးသေးခင် ၊ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများသည် ရုတ်ချည်းဆိုသလို ဝင်ရောက်လာသည်။
ရှက်ရှက်ဖြင့် ရုန်းကန်ထလာသော မူဟောက်၏ မျက်လုံးများထဲတွင် ယခင်က ရှိခဲ့သော မထီမဲ့မြင်မှုများသည် အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီး ယင်းအစား ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုများက ရောပြွန်ကာ သူ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
စူးချန်ကဲ၏ လက်သီးတစ်ချက်စာအောက်တွင် သူ၏ဦးနှောက်သည် ထုံထိုင်းသွားပုံရသည်။
စောနက စူးချန်ကဲ ထုတ်လွှတ်ခဲ့သော စွမ်းအားသည် သာမန်အမတစွမ်းအား မဟုတ်နိုင်ကြောင်း သူ အတပ်ပြောနိုင်သည်။
အမတစွမ်းအားကိုပင် ယှဉ်နိုင်သော အင်အားသုံးမျိုး ပေါင်းစပ်ပါဝင်နေသကဲ့သို့ပင်။
“ အသုံးမကျတဲ့ကောင်တွေ!”
“ ဘာရပ်ကြည့်နေတာလဲ မင်းတို့ကောင်တွေ! မြန်မြန် တတ်ပြီး သူ့ကို သတ်ကြလေ!!”
မူဟောက်သည် နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သဖြင့် သူသည် သင်ခန်းစာရထားပြီး ဖြစ်သည်။ ဤတစ်ခေါက်တွင် သူ၏ဂုဏ်သိက္ခာကို ဘေးချိတ်ကာ လူအားလုံးကို ခေါ်ယူလိုက်သည်။
အကယ်၍ မိမိသည် စူးချန်ကဲနှင့် တစ်ဦးချင်းယှဉ်ပြိုင်ပါက ၊ဒီထက်ပို၍ အရှက်ကွဲမည်ကို စိုးရိမ်ရသည်။
မူဟောက်၏ အော်ဟစ်သံနှင့်အတူ၊ ကျန်ရှိနေသော စစ်မှန်အမတလေးဦးသည် ရုတ်တရက် သတိပြန်ကပ်လာသည်။
စူးချန်ကဲ၏ ပြင်းထန်သော စွမ်းအားများကို တွေ့မြင်လိုက်ရချိန်တွင်၊ ဤတစ်ကြိမ်တွင် သူတို့သည် ခက်ခဲသော အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ကို နားလည်လိုက်သည်။
အကယ်၍ သူတို့သည် ရှက်စရာကောင်းစွာဖြင့် ထွက်ပြေးခဲ့ပါက ၊ အထက်လူကြီးများသိရှိခဲ့လျှင်ဖြင့် သူတို့အားလုံး အရေစုတ်ခံရမည်မှာ သေချာသည်။
ထို့ကြောင့် မတွန့်ဆုတ်ဝံ့ဘဲ ကျန်ရှိသူများသည် လည်း အစွမ်းကုန် ပေါက်ကွဲလာကြသည်။
အဆုံးမရှိသော အလင်းမြစ်သည် ၎င်းတို့၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံထားသည်။ ယခုအခိုက်အတန့်တွင် ၊ ၎င်းတို့၏ မျက်ဝန်းတစ်စုံသည် ရွှေရောင်သန်းလျက်။
အလွန်တရာမျှ ထိန်းလင်းတောက်ပသော နေမင်းကြီး၏ ရောင်ပြန်ဟပ်မှုမှ တောက်ပလာသော နေနှစ်စင်းကဲ့သို့ပင်။
ထိုနည်းတူစွာ၊ စူးချန်ကဲ၏ လက်သီးတစ်ချက်နှင့်အတူ အဝေးသို့ ကန်ထုတ်ခံလိုက်ရသော မူဟောက်သည်လည်း ပို၍ပြင်းထန်သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။
ကြယ်များကဲ့သို့ ဝင်းလက်တောက်ပနေသော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် ၎င်း၏ အသားရေမျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် ကြောက်ခမန်းလိလိ လျှပ်စီးမိုးကြိုးများနှင့်အတူ ပေါင်းစပ်နေသည်မှာ သူ့အား ကောင်းကင်ဘုံမှ ရောက်ရှိလာသော စစ်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။
“ တတ်ကြ !”
မူဟောက်၏ အမိန့်ပေးသံအပြီးတွင်၊
ကျန်ရှိနေသော အမတနယ်မြေမှ စစ်မှန်အမတများသည် မူဟောက်နှင့်အတူ လက်တွဲကာ အဖျက်စွမ်းအားကြီးမားသော မှော်စွမ်းအားများဖြင့် တညီတညွတ်တည်း တိုက်ခိုက်ခဲ့သည်။
ကြယ်များကြွေကျကာ ကမ္ဘာမြေပေါက်ကွဲသည့်အလား ထင်မှတ်ရပြီး ၊ ကြောက်မက်ဖွယ် ကောင်းသော မှော်သင်္ကေတများ၏ ရိုက်ခတ်လှုပ်ရှားမှုသည် ဟင်းလင်းပြင်ကို လှုပ်ခါသွားစေကာ ဆူနာမီလှိုင်းများကို ဖန်တီးနေပုံရသည်။
စူးချန်ကဲသည် အမတလမ်းစဉ်သို့ အောင်မြင်စွာ ဝင်ရောက်လာသည့်အချိန်မှစ၍ ၊ သူသည် တော်တော်များများ ပြောင်းလဲသွားခဲ့သည်။ အမတနယ်မြေမှ စစ်မှန်အမတများစွာ၏ စုပေါင်းတိုက်ခိုက်မှုသည် သူ့အမြင်တွင် စကားထဲ ထည့်ပြောရန်ပင် မထိုက်တန်ချေ။
“ လာတာ ကောင်းတယ် “
စူးချန်ကဲ၏ ဝတ်ရုံသည် လေနှင့်အတူ လွင့်မျောရိုက်ခတ်နေသည်။ သူ၏ ဘယ်လက်ကို နောက်ပစ်ထားပြီး သူ၏ညာလက်ကို အသာယာ ဆန့်ထုတ်လိုက်သည်။
ကြမ်းတမ်းစွာရိုက်ခတ်နေသော နိယာမလှိုင်းတံပိုးကြီး၏အလယ်တွင် သူ၏သေးငယ်သော ညာဘက်သည် အလွန်တရာမျှ အားကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင်၊ စစ်မှန်အမတငါးဦးမှ ထုတ်လွှတ်လိုက်သော အဖျက်စွမ်းအားမြစ်ကြီးသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။
အညှာတကင်းမဲ့စွာ ရိုက်ခတ်နေသော အဖျက်စွမ်းအားမြစ်ထဲတွင် စူးချန်ကဲမှ ပေါ့ပေါ့ပေါ့ပါးပါး ဆန့်ထုတ်လိုက်သော ညာလက်သည် ထာဝရတည်ရှိသော ရှေးဟောင်းနတ်တောင်ကြီးတစ်ခုသဖွယ် ခိုင်မြဲစွာရှိနေခဲ့သည်။
“ ချိုးဖျက် !”
စူးချန်ကဲ၏ ရွတ်သံနှင့်အတူ ၊ သူ၏လက်ဝါးမှ ပြိုးပျက်စွာတောက်ပနေသော အမတအလင်းများသည် တဟုန်ထိုး တောက်လောင်ကာ ပွင့်ထွက်လာသည်။
ကွဲကြေသံ !!
ဝုန်း !!
စစ်မှန်အမတငါးဦး၏ စုပေါင်းစွမ်းအားသည် စူးချန်ကဲ၏ အင်အားကြီးမားသော ဖိနှိပ်စွမ်းအားအောက်တွင် နှိပ်ကွပ်ခံလိုက်ရပြီး နောက်ဆုံးတွင် တောက်ပသော အလင်းမှုန်များအဖြစ် ကြေမွသွားခဲ့သည်။
‘ ဘုန်း’ ဟူသော ပေါက်ကွဲသံနှင့်အတူ ၊ ကြောက်မက်ဖွယ်ကောင်းသော တွန်းကန်အားသည် ထိုအမတငါးဦးထံ သက်ရောက်ကာ ခြေလှမ်းများစွာ နောက်ဆုတ်သွားစေခဲ့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!?”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော မူဟောက်သည် ထိတ်လလန့်တကြား အော်ဟစ်လိုက်သည်။
စူးချန်ကဲသည် လူငါးဦး၏တိုက်ခိုက်မှုကို သူ၏လက်တစ်ဖက်တည်းဖြင့် ပိတ်ဆို့နိုင်ခဲ့လေသလော။
ဒါ ဘယ်လိုစစ်မှန်အမတလဲ!?
“ငါ့အလှည့်ပဲ!”
ခဏအကြာတွင် စူးချန်ကဲသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ စူးချန်ကဲသည် သူ၏ အမတစွမ်းအားများကိုပင် အသုံးမပြုခဲ့ချေ။ သူ၏အရှိန်သည် အလွန်လျင်မြန်လွန်းသဖြင့် လေထဲတွင် သူ၏ ပုံရိပ်သာ ကျန်ရစ်ခဲ့သည်။
စူးချန်ကဲသည် ၎င်းတို့ကို ထပ်မံ အခွင့်အရေးပေးရန်စိတ်ကူးမရှိချေ။
သူ၏လက်ဝါးကို ရိုက်ထုတ်လိုက်ရာ အမတအလိုဆန္ဒများသည် မြစ်တစ်စင်းအလား စုဝေးပေါင်းစည်းသွားပြီး အဆုံးတွင် နတ်တောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အောက်သို့ ကျရောက်လာခဲ့သည်။
ဘုန်း !
စူးချန်ကဲ၏ တိုက်ခိုက်မှုအောက်တွင် စစ်မှန်အမတတစ်ဦးသည် တိုက်ရိုက် ထိမှန်သွားခဲ့သည်။
“အားးးးး!”
၎င်း၏ နာကျင်အော်ဟစ်သံနှင့်အတူ ၊ သူသည် ပြင်းထန်သောထိုးနှက်ချက်ကို တွေ့ကြုံခံစားခဲ့ရသည်။
အတောင်ကျိုးနေသော ငှက်တစ်ကောင်သည် ကောင်းကင်မှ ပြုတ်ကျလာသကဲ့သို့ပင် ၊ ၎င်းသည် ရွေ့လျားနေသော တိမ်တိုက်များကြား လုံးလုံးလျားလျား ကွယ်ပျောက်သွားလေတော့သည်။
အပိုင်း(၆၀၁): စစ်မှန်အမတတို့၏ အမျက်ဒေါသ ၊ အမတလက်နက် နှိုးထခြင်း
အခြားသူများ ပြန်လည်တိုက်ခိုက်လာမည်ကို အခွင့်မပေးဘဲ စူချန်းကဲသည် ဒုတိယမြောက် စစ်မှန်အမတတစ်ဦး၏ ရှေ့မှောက်သို့ ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ထိုအနှီလူမှ တုံ့ပြန်တိုက်ခိုက်လာမည့် အချိန်ကို သူသည် လုံးဝမှ အခွင့်မပေးခဲ့ချေ။ စူးချန်ကဲ၏ ခန္ဓာကိုယ်သည် လေထဲတွင် ပျံတတ်သွားပြီး အမတစွမ်းအားများသည် သူ၏ခြေရင်း၌ စုဝေးရောက်ရှိလာသည်။
ဟူး!!
မျက်စိတစ်မှိတ်အတွင်း ၊ သူ့အား တိုက်ခိုက်ရန် ချီတတ်လာသော ထိုဒုတိယမြောက် စစ်မှန်အမတ၏ ရင်ဘက်ကို သူ၏ခြေဖြင့် ပြင်းပြင်းထန်ထန် ပစ်ကန်ပစ်လိုက်သည်။
ဝုန်း!!
ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး ၊ အာကာသဟင်းလင်းပြင်ကိုပင် ဖိနှိပ်ချေမှုန်းထားသည်။
“ သွေးအန်သံ.....!”
ထိုစစ်မှန်အမတ၏ ပါးစပ်ထဲမှ သွေးများစီးကျလာပြီး ၊ နတ်အလင်းများက သူ၏ရင်ဘတ်၌ ပေါက်ကွဲထွက်လာကာ ဤမျှအားကောင်းသော စွမ်းအား၏ တိုက်ခိုက်မှုအောက်တွင် သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားခဲ့သည်။
နောက်သို့ လွင့်ထွက်သွားစဉ်ကာလအတွင်း ၊ ပြင်းထန်လွန်းသော အရှိန်ကြောင့် သူ၏ ခန္ဒာကိုယ်သည် လေထုအလွှာများကိုပင် ချိုးဖျက်သွားခဲ့သည်။
“ ဟင့်အင်း ! ဒီကောင်က ဘာကောင်လဲ!”
မူဟောက်သည် ဒေါသတကြီး ဖြစ်လို့နေသည်။ စူးချန်ကဲ၏ခွန်အားသည် စစ်မှန်အမတတစ်ဦးတွင် ရှိသင့်သည်ထက် ကျော်လွန်နေခဲ့ပြီး၊ ဤသကောင့်သားသည် သူတို့ကို ရက်ရက်စက်စက် ရိုက်နှက်နေခဲ့သည်။
သူတို့ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည့် အရာမှာ စူးချန်ကဲ၏တိုက်ခိုက်မှုများသည် လျင်မြန်သည် ၊ ရက်စက်သည် ၊ တိကျသည်။
သူတို့၏ မှော်စွမ်းအားများကိုပင် ထုတ်သုံးရန် အခွင့်မရလိုက်ချေ။
စူးချန်ကဲ၏ တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းက သူတို့အား ဆိုးရွာစွာထိခိုက်စေသည်။
ဤကြောက်ခမမ်းလိလိ ခွန်အားသည် စစ်မှန်အမတများ ပိုင်ဆိုင်နိုင်သည့်အရာမဟုတ်ပေ။
ကျန်ရစ်သူ မူဟောက်နှင့် သူ၏အဖွဲ့သားနှစ်ယောက်သည် ဝေဟင်ထက်တွင် လက်ကိုနောက်ပစ်လျက် အေးအေးလူလူ ရပ်နေသော စူးချန်ကဲအား ကြောင်တတ်စွာဖြင့် စိုက်ကြည့်နေသည်။ ဆင်မြန်းထားသော ဝတ်ရုံဖြူသည် လေနှင့်အတူ မျောလွင့်ရိုက်ခတ်နေသည်မှာ သူ့အား အတုမရှိသော နတ်ဘုရားတစ်ဆူကဲ့သို့ ဖော်ကျူးနေသည်။
“ အမတနယ်မြေက စစ်မှန်အမတတွေရဲ့ ဂုဏ်သိက္ခာက ဒီလောက်ပဲလား”
စူးချန်ကဲသည် လှောင်ရယ်ပြောဆိုလိုက်သည်။
“အတော်လေး စိတ်ပျက်စရာပါ့လား”
သူ၏ဓားကိုပင် ထုတ်မသုံးရသေးဘဲ ၊ ကာယတိုက်ခိုက်မှုနဲ့တင် ၎င်းတို့၏တိုက်ခိုက်မှုကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့သည်။ ယခုဆိုလျှင်ဖြင့် သူသည် အမတနယ်မြေမှ စစ်မှန်အမတသုံးဦးကို လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းနိုင်ခဲ့သည်။
ဤဖြစ်ရပ်ကြီးတစ်ခုလုံးကို အစအဆုံး ကြည့်ရှုနေခဲ့ကြသော တိုက်မြေသုံးထောင်မှ ရှေးဧကရာဇ်မင်းများမှာ ဆွံ့အနေကြသည်။
ဤအမတနယ်မြေမှ စစ်မှန်အမတများ၏ ခွန်အားသည် အားနည်းသည်ဟု ဆိုလို့မရချေ။ သူတို့ ဆင်းသက်လာစဉ်က ၊ ၎င်းတို့ထံမှ ဖြာထွက်လာသော ရောင်ဝါသည် မိုးကောင်းကင်ကြီးတစ်ခုလုံး သူတို့ဦးခေါင်းပေါ်သို့ ကျဆင်းလာသကဲ့သို့ပင် ခံစားခဲ့ရသည်။
ထိုစစ်မှန်အမတများ၏ အားနည်းခြင်းကြောင့် မဟုတ်ဘဲ စူးချန်ကဲက အလွန်သန်မာနေခြင်း ဖြစ်သည်။
အထူးသဖြင့် စူးချန်ကဲသည် အမတငါးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို သူ၏လက်တစ်ဖက်တည်းဖြင့် အလွယ်တကူချေမှုန်းပြီးနောက်တွင် သူသည် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရှိနေခဲ့သည်။ သူ၏ ခွန်အားသည် လူတိုင်း စိတ်ကူးထားသည်ထက် သာလွန်ကြောင်းကို ပြသနေခဲ့သည်။
စူကျန်းကဲ၏ စော်ကားခြင်းကိုခံခဲ့ရသော မူဟောက်၏ မျက်နှာသည် ပို၍ကြည့်ရဆိုးလာခဲ့သည်။
သူသည် ထပ်ကာထပ်ကာ အရှက်ခွဲခံခဲ့ရပြီး ၊ အမတနယ်မြေမှ စစ်မှန်အမတဟူသည့် သူ၏ဂုဏ်သိက္ခာမှာ ကုန်းကောက်စရာ မရှိအောင်ပင် ချေမွခံခဲ့ရသည်။
“ ကောင်စုတ်လေး.. ငါတို့က ဘယ်သူလဲဆိုတာ မင်းသိလား”
“ငါ့နောက်ကွယ်မှ အဖွဲ့အစည်းက အမတနယ်မြေမှာ ဘယ်လောက်တောင် တန်ခိုးကြီးမားလဲဆိုတာ မင်း သိလား!”
မူဟောက်သည် ဒေါသတကြီးဖြင့် ၊ သူ၏ အထောက်အထားကို အသုံးပြုကာ စူးချန်ကဲအား ချက်ချင်း ခြိမ်းခြောက်ခဲ့သည်။
သူ၏ဂုဏ်သိက္ခာ ပျက်ပြားသွားခဲ့တောင် ရသေးသည်။ သို့သော် အကယ်၍ အမတသခင်တရားစီရင်ရေးရုံးတော်နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ ကိစ္စကြီးများကို နှောင့်နှေးစေခဲ့မည်ဆိုပါက သူသည် အရိုးတခြားအသားတခြား စုတ်ဖြဲခံရမည်မှာ သေချာပေါက်ပင်။
“ မင်းတို့နောက်ကွယ်က အဖွဲ့အစည်းက တန်ခိုးကြီးမားတယ် ဟုတ်လား”
စူးချန်ကဲသည် အထင်မြင်သေးစွာ ရယ်မောလိုက်ရင်း။
“ မင်းစကားအရ အတော်လေး အံ့ဩစရာကောင်းမယ့်ပုံပဲ”
သူသည် ဘယ်သောအခါမှ နောက်ခံအင်အားသုံးကာ တစ်ပါးသူကို မခြိမ်းခြောက်ဖူးပေ။ သို့သော် ယခုတွင်မူ ၊ တဖက်လူသည် သူ၏နောက်ခံကိုသုံးကာ မိမိအား ခြိမ်းခြောက်နေလေသလော။
မိမိနောက်ကွယ်ကအင်အားစုသည် မည်မျှအားကောင်းမှန်း သူကိုယ်တိုင်ပင် အတိအကျမသိသော်လည်း သို့သော် အမတနယ်မြေတွေ တောင့်တင်းသော အနေအထားတစ်ရပ်တွင် ရှိနေမည် မဟုတ်လော။
စူးချန်ကဲသည် ပြန်မပြောဘဲတိတ်ဆိတ်နေသဖြင့် မူဟောက်သည် တဖက်လူမှာ ကြောက်ရွံ့ထိတ်လန့်နေပြီဟု ထင်ကာ ဆက်လက် ခြိမ်းခြောက်စကားပြောဆိုခဲ့သည်။
“ငါပြောလိုက်မယ် .. အမတနယ်မြေမှာ ဘယ်သူကမှ ငါ့နောက်က အင်အားစုကို...”
စကားတောင်မဆုံးသေးခင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်အလင်းများ ပေါက်ကွဲထွက်လာပြီး မျက်စိတမှိတ်အတွင်းမှာပင် မူဟောက်၏ ရှေ့တည့်တည့် ရောက်ချလာသည်။
စကားနှစ်ခွန်းမပြောဘဲ ၊ မူဟောက်၏မျက်နှာပေါ်တွင် လက်ဝါးစာကျရောက်လာလေ၏။
ဖြန်း!
ကျယ်လောင်စွာ ထွက်ပေါ်လာသော လက်ဝါးသံနှင့်အတူ ၊ ဤရိုက်နှက်မှုသည် အတော်လေး ပြင်းထန်သည်ဟု ဆိုရမည်။
ပြင်းထန်သော ရိုက်နှက်မှုကြောင့် မူဟောက်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အဝေးသို့ တစ်ဖန် လွင့်ထွက်သွားခဲ့ရပြန်သည်။
ဤသည်မှာ ဒုတိယမြောက်ခံလိုက်ရခြင်း ဖြစ်သည်။ မူဟောက်သည် အရင်ကနည်းတူ လေထဲတွင် ကြိမ်ပေါင်းများစွာ ဂျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ရသည်။
သူ့ကိုယ်သူ ပြန်လည် မထိန်းချုပ်နိုင်စဉ်အတောအတွင်း စူးချန်ကဲသည် ထပ်မံလှုပ်ရှားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်သုံးမျိုးကို တပြိုင်နက်တည်း အသက်သွင်းကာ လက်သီးဖြင့် ထပ်မံထိုးနှက်လိုက်သည်။
‘ဘုန်း’ ခနဲ့ဟူသော ကျယ်လောက်သံနှင့်အတူ၊ မူဟောက်သည် တုံ့ပြန်ဖို့ အချိန်ပင်မရလိုက်ဘဲ စူးချန်ကဲ၏လက်သီးစာကို ခံလိုက်ရသည်။
ဝုန်း!
ပြိုးပျက်စွာတောက်ပသော နတ်အလင်းများသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ၊ ထိုနေရာတစ်ဝိုက်တွင် အာကာသအလွှာများ ပြိုကျပျက်စီးကုန်သည်။ မူဟောက်၏ ရုပ်သွင်သည် ထိုပေါက်ကွဲမှုအတွင်း ပျောက်ကွယ်သွားလေတော့သည်။
“ ဟာသပဲ မင်းတို့က အရင် ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တာ ခုကြ မင်းတို့နောက်ကွယ်က အင်အားစုကို အကြောင်းပြပြီး ငါ့ကို လာခြိမ်းခြောက်နေတယ်ပေါ့!”
စူးချန်ကဲက ရယ်သည်။
“ဒီလောက်မျက်နှာသာ ပေးနေတာကို မင်းက လက်မခံဘူးလေ!”
“ မူဟောက် လူကြီးမင်း ! ကောင်စုတ်လေး မင်း သေချင်နေတာပဲ “
ကျန်ရှိနေသေးသော စစ်မှန်အမတ နှစ်ဦးသည် မူဟောက် သေဆုံးသွားသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် ဒေါသတကြီး ပြုမှုလာကြသည်။ စူးချန်ကဲသည် သူတို့၏ ပြိုင်ဘက်မဟုတ်သည်ကိုပင် ထည့်သွင်းမစဉ်းစားတော့ဘဲ ထပ်မံ တိုက်ခိုက်လာခဲ့သည်။
“ ခေါင်းမာလိုက်တာ “
ထိုသို့ဆိုလျက် စူးချန်ကဲ၏မျက်လုံးများသည် ဘာမှမထူးခြားဟန်ဖြင့် ကြည့်နေသည်။ စစ်မှန်အမတ နှစ်ယောက်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်တိုင် ၊ စူးချန်ကဲသည် နည်းနည်းမှမရွေ့ဘဲ ညာလက်ကိုသာ ဆန့်ထုတ်လိုက်သည်။
ဝီ.....!!
ထိုအချိန်တွင် ၊ အဆုံးမရှိသော အမတရောင်ခြည်အလင်းတန်းများသည် သူ၏ လက်ဝါးထဲသို့ စုဝေးရောက်ရှိလာခဲ့သည်။ စူးချန်ကဲသည် တုနှိုင်းမရသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
နောက်အအခိုက်အတန့်တွင်၊ စူးချန်ကဲသည် သူ့ ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
ဝုန်း ——!!
အကန့်အသတ်မရှိသော အမတရောင်ခြည်အလင်းတန်းများသည် စူးချန်ကဲ၏ လက်ဝါးထဲမှ ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော အလင်းလှိုင်းတံပိုးများသည် ကျန်ရှိနေသေးသော စစ်မှန်အမတနှစ်ဦးပေါ်သို့ လွှမ်းခြုံသွားသည်။
၎င်းတို့နှစ်ဦးသည် သတိလက်လွတ်မဖြစ်ဝံ့ဘဲ ပြင်းထန်သော အမတရောင်ခြည်အလင်းများဖြင့် ပေါက်ကွဲထွက်လာကြသည်မှာ အလွန်ထိတ်လန့်စရာကောင်းပေသည်။
ကြောက်မက်ဖွယ်ရာ တုန်လှုပ်မြည်ဟည်းသံများနှင့်အတူ ၊ တစ်ချိန်တည်းမှာပင် အာကာသ ဟင်းလင်းပြင်ကြီးတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါနေခဲ့သည်။
စုတ်ပြဲသံ .!!
အသွေးအသားများ စုတ်ပြဲသံသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
ဤမျှအင်အားကြီးမားသော စွမ်းအား၏ ရှေ့မှောက်တွင် ၊ စစ်မှန်အမတနှစ်ဦးသည်လည်း အလားတူ စူးချန်ကဲ၏ လက်ဝါးရိုက်ချက်အောက်တွင် အဝေးသို့ လွင့်ထွက်သွားလေတော့သည်။
၎င်းတို့သည်လည်း ယခင်ကနည်းတူ လေထဲတွင် ချာလပတ်လည်ကာ ခန္ဓာကိုယ်ရှိ အရိုးများပင်လျှင် မည်မျှကျိုးကြေသွားသည်ကို မသိနိုင်ပေ။
ဟိုးအဝေးက အာကာသ အတွင်းပိုင်းထဲသို့ ပစ်ချခံလိုက်ရပြီး ၊ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ၎င်းတို့၏အသက်ရှုနှုန်းသည် ဖြည်းညှင်းစွာ တိတ်ဆိတ်သွားလေတော့သည်။
“ ပျင်းစရာကောင်းလိုက်တာ “
သူ၏ ဘေးပတ်ဝန်းကျင်က ပြိုကျပျက်စီးနေသော အာကာသ ဟင်းလင်းပြင်ကြီးကို ကြည့်ရင်း စူးချန်ကဲသည် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။
ဤအမတနယ်မြေ၏ စစ်မှန်အမတ ငါးဦးနှင့် တိုက်ခိုက်ယှဉ်ပြိုင်ရသည်မှာ အတော်လေး စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော တိုက်ပွဲတစ်ခု ဖြစ်လိမ့်မည်ဟု ယူဆခဲ့သော်လည်း သို့သော် ရလဒ်အနေဖြင့် ဤအတိုင်းသာ အဆုံးသတ်ခဲ့ရသည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ စူးချန်ကဲကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်နေမိသည်။
တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့သော်လည်း သို့သော် သူသည် အမတစွမ်းအားကို အနည်းငယ်မျှသာ ထုတ်သုံးခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲက အနန္တစွမ်းအားများသည် မကုန်ခမ်းတော့မည့်အတိုင်း ဆူပွက်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ဤကဲ့သို့တိုက်ပွဲအကြိမ်ရေများစွာ ဆင်နွှဲရမည်ဆိုတောင် ၊ ထိုစွမ်းအားများမှာ ကုန်ခမ်းသွားမည်မဟုတ်ဟု ယူဆရသည်။
ဖြစ်နိုင်ချေမှာ စူးချန်ကဲသည် အမတ၊ နတ်ဆိုး နှင့် နတ်ဘုရား စသည့် စွမ်းအင်သုံးမျိုးကို ပေါင်းစပ်စုစည်းထားသောကြောင့် ဤမျှကြောက်စရာကောင်းနေခြင်း ဖြစ်နိုင်သည်။ သူ ချုပ်ကိုင်ထားသော စွမ်းအားသည် သာမန်အမတများအဖို့ ယှဉ်ပြိုင်နိုင်သည့်အရာမဟုတ်။
ထိုအချိန်တွင် စူးချန်ကဲသည် မျက်ခုံးပင့်လိုက်သည်။ သူသည် မူဟောက်၏ အငွေ့အသက်ကို ထပ်မံ သတိပြုမိလိုက်သည်။
“ အို? မသေသေဘူးပေါ့လေ”
သူ၏စကားသံအဆုံးတွင် ၊
ဝုန်း !!
မိုးကုပ်စက်ဝိုင်းရှိ အာကာသအပျက်အစီးများကြား ကြီးမားသော ပေါက်ကွဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော အာကာသအပျက်အစီးများသည် ဥက္ကာခဲများကဲ့သို့ ပေါက်ကွဲလွင့်စဉ်သွားသည်မှာ မိုးကောင်းကင်တစ်ခွင် မရေမတွက်နိုင်သော တောက်ပသော ကြယ်စင်များ ဖြတ်သန်းသွားလာနေသလိုပင်။
ဝီ!!
ယင်းအနက် ၊ မိုးကောင်းကင်တစ်ခုလုံးကို ရောင်ပြန်ဟပ်ကာ ထိန်လင်းတောက်ပသွားစေသည့် အမတရောင်ခြည်များ ထွက်ပေါ်လာခဲ့သည်။ ဤအခိုက်အတန့်တွင်၊ နတ်ဘုရားဆန်သော စွမ်းအင်တစ်မျိုး ပြန်လည်နိုးထလာပုံရသည်။
ထိုအရာသည် ဤကမ္ဘာမြေထက် သာလွန်သော အမတလမ်းစဉ်၏ တကယ့်စစ်မှန်သော စွမ်းအားပင် ဖြစ်သည်။
အဆိုပါစွမ်းအား၏ ဆင်းသက်လာမှုနှင့်အတူ၊ မိုင်ရာနှင့်ချီသော အချင်းဝက်အတွင်း အရာအားလုံးသည် တုန်လှုပ်မြည်ဟည်းသံများ ထွက်ပေါ်လာပြီး မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသည့်အလား ထင်မှတ်ရသည်။
“ဒါက....”
စူးချန်ကဲ၏ မျက်လုံးများသည် ဝင်းလက်သွားသည်။ သူသည် နည်းနည်းမှ ထိတ်လန့်မသွားဘဲ ပျော်ရွှင်သော အမူအရာဖြင့် ရှိနေသည်။
“ အမတလက်နက် နိုးထလာတာလား!? “