အခန်း (၆၀၂-၆၀၆)
Vol. 45 Ch. 602-606
အပိုင်း(၆၀၂): အဲ့လောက်ထိ တိုက်ဆိုင်မှာတဲ့လား
အမတလက်နက်နှင့် ပတ်သက်၍ ၊ စူးချန်ကဲသည် သိပ်များများစားစား သိရှိမထားပေ။
ရှေးဘိုးဘေး၏စကားအရ၊ အမတနယ်မြေတွင်၊ အမတလက်နက်၏ အဆင့်အတန်းကို အမတအဆင့်ရှိ နယ်ပယ်အလိုက် ခွဲခြားသတ်မှတ်ထားသည်။
ဥပမာအားဖြင့် ၊ စစ်မှန်အမတ၏ အမတလက်နက်ကို စစ်မှန်အမတလက်နက်အဖြစ်၊ ဒဏ္ဍာရီလာ အမတဧကရာဇ်မင်း၏ အမတလက်နက်ကို အမတဧကရာဇ်လက်နက်အဖြစ် သတ်မှတ်နိုင်သည်။ ထိုလက်နက်များကို အဆင့်အတန်း တိတိကျကျ ပိုင်းခြားရလျှင်ဖြင့် အနိမ့်တန်း အဆင့် ၊ အလတ်တန်း အဆင့် ၊ အမြင့်တန်း အဆင့် ၊ ထိပ်တန်းအဆင့် ဟူ၍ ဖြစ်သည်။
သို့သော် ၊ ထိုကဲ့သို့လက်နက်များထဲ ထူးခြားသော မွေးရာပါဝိညာဉ်လက်နက်များ မပါဝင်ချေ။
၎င်းတို့သည် တမူထူးခြားသော မဟာလမ်းစဉ်၏ နတ်ပစ္စည်းတစ်ခုဖြစ်ပြီး ၊ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူကာ နေနှင့်လတို့၏ အနှစ်သာရကို စုဆောင်းသော လက်နက်ဖြစ်သည်။
အမတရောင်ခြည်အလင်းများဖြင့် ဖုံးလွှမ်းနေသော နေရာကို ကြည့်ရင်း ၊ စူးချန်ကဲသည် ၎င်းမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားသိရှိခဲ့သည်။
“ အမြင့်တန်းအဆင့် စစ်မှန်အမတလက်နက်လား....?”
စူးချန်ကဲသည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ၊ နိယာမအလင်းလှိုင်းတံပိုးများသည် ရောင်ပြန်ဟပ်ကာ ကောင်းကင်နှင့်မြေကြီး၌ ထိန်လင်းတောက်ပစွာဖြင့် ရှိနေခဲ့သည်။
ဤနတ်အလင်းသည် မျက်စိစူးရှစေပြီး အတော်လေး ထူးခြားဆန်းကြယ်ပေသည် ။
မူဟောက်၏ ဦးခေါင်းထက်တွင်၊ အုံ့ဆိုင်းစွာဖြင့် ရှိနေခဲ့သော မျှော်စင်သဏ္ဍာန်ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။
ယင်းမှ ဖြာထွက်လာသော ဖိနှိပ်စွမ်းအားများသည် ဧကရာဇ်လက်နက်ထက် အဆပေါင်းများစွာ သာလွန်ပြီး တစ်လောကလုံးကို သူ့အောက်ကို ဝပ်တွားခစားအောင် ပြုစားနိုင်သော အစွမ်းသတ္တိများဖြင့် ပြည့်နှက်နေပုံရသည်။
ဝုန်း !!
ဤအချိန်တွင်၊ တိုက်မြေ သုံးထောင်တစ်ခုလုံး၏ ဝေဟင်ထက်၌ ဗြောင်းဆန်နေခဲ့သည်။ မရေမတွက်နိုင်သော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် အမြင့်တန်းအဆင့်ရှိသော စစ်မှန်အမတလက်နက်နှင့် ပဲ့တင်ထပ်နေသကဲ့သို့ ကြမ်းတမ်းစွာရိုက်ခတ်နေသည်။
တိုက်မြေ သုံးထောင်ရှိ မည်သူမဆို၊ စစ်မှန်အမတများပင်လျှင် ထိတ်လန့်တကြားဖြစ်ကုန်ကြပြီး ၊ တောက်ပသော မျက်လုံးများဖြင့် အကြောင်းအရင်းစမှတ်ကို စူးစမ်းရှာဖွေနေကြသည်။
“ ဒီရောင်ဝါက.... အမတစွမ်းအား?”
“ ဒီလောက်ပြင်းထန်တဲ့ အမတစွမ်းအားတွေ...စစ်မှန်အမတတစ်ပါးကများ အမတလက်နက်ကို နှိုးထစေခဲ့တာလား! “
“ အခုမှ အမတနယ်မြေနဲ့ စတင်ချိတ်ဆက်ရုံသာ ရှိသေးတယ် ဘယ်လိုလုပ်ပြီး စစ်မှန်အမတတစ်ပါးက အမတလက်နက်ကို နှိုးထစေခဲ့တာလဲ “
“ ဒီရဲ့ မူလအရင်းအမြစ်ကိုကြည့်ရတာ ဟိုးအထက်ကောင်းကင်က ဖြစ်ရမယ်၊ မဟုတ်မှလွဲရော ပဋိပက္ခဖြစ်နေကြတာလား”
“……..”
သို့သော်၊ ဤနိုးကြားလာသော အမတလက်နက်၏ စွမ်းအားသည် အတော်လေး ပြင်းထန်လွန်းလှသည်။
ထို့ကြောင့် ထိုလူများသည် မိမိတို့၏ စိတ်ဝိညာဉ်ကို လွှတ်ထုတ်ကာ စူးစမ်းခဲ့ကြသော်လည်း လမ်းတစ်ဝက်အရောက်တွင် အဆိုပါ ကြောက်ခမန်းလိလိ စွမ်းအား၏ ပိတ်ပင်တားဆီးခြင်းကိုခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သော မူဟောက်သည် လျင်မြန်သော အရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။
ဝီ!!
ရုတ်တရက်၊ ၎င်း၏ခေါင်းထက်တွင် မျောလွင့်နေသော ပြိုးပျက်စွာတောက်ပနေသည့် မျှော်စင်လက်နက်သည် အမတလမ်းစဉ်ဆိုင်ရာ နိယာမတရားများနှင့်အတူ ဆင်းသက်လာပြီး၊ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကောင်းချီးပေးနေသဖြင့် မူဟောက်၏ ခန္ဓာကိုယ်သည် ပို၍ပင် ဝင်းလင်းတောက်ပလာသည်။
“ ကောင်စုတ်လေး၊ ငါတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးရဲတယ်....”
မူဟောက်၏ အမူအရာသည် ရက်စက်ကြမ်းကြုတ်သော ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
“ ဒီနေ့ ၊ ငါ ဘယ်တန်ကြေးမဆို ပေးဆပ်ပါရစေ မင်းကို အသေသတ်မယ်!”
လုံးဝဒေါသထွက်သွားပြီ ဖြစ်သော မူဟောက်သည် မည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ ဤအမြင့်တန်းအဆင့် စစ်မှန်အမတလက်နက်သည် အထက်လူကြီးမှ သူ့ကို ပေးအပ်ခဲ့သော လက်နက်ဖြစ်ပြီး၊
မမျှော်လင့်ထားသော အခြေအနေများအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။
တိုက်မြေ သုံးထောင်ရှိ အချို့သော ထိပ်တန်း အင်အားစုများနှင့် ထိပ်တိုက်ဆုံတွေ့သောအခါတွင် ၊ ဤအမြင့်တန်း အဆင့် စစ်မှန်အမတလက်နက်ကို အသုံးပြု၍ အရာအားလုံးကို ရှင်းလင်းပစ်ရန်ဖြစ်သည်။
သူ့အမြင်တွင်မူ၊ ဤအမတလက်နက်ကို အသုံးပြုခြင်းသည် အနည်းငယ် သိက္ခာကျသော်လည်း သို့သော် ထပ်ကာထပ်ကာ အရှက်ခွဲခံခဲ့ရသော မူဟောက်အဖို့ ဤအရာများကို ဆက်ပြီး ဂရုမစိုက်နိုင်တော့ပေ။
အထက်လူကြီးထံမှ အပြစ်ပေးမခံရမီ၊ သူသည် သူနှင့်အတူ စူးချန်ကဲကို ဆွဲချသွားရန် စိတ်ကူးထားသည်။
“ ထျန်းယွီချုံ မျှော်စင် ၊ ဖိနှိပ်!”
မူဟောက်၏ ဟစ်အော်သံနှင့်အတူ၊
သူ၏ခေါင်းထက်တွင် လွင့်မျောနေသော မျှော်စင်သည် ရုတ်ချည်းဆိုသလို မျက်စိစူးစေသည့်အထိ ထိန်လင်းတောက်ပသွားသည်။ ထိုအလင်းလှိုင်းများသည် အလျင်အမြန် ကြီးထွားလာပြီး ဤနေရာရှိ အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများနှင့် ပဲ့တင်ထပ်လျက်ရှိသည်။
ထိန်လင်းတောက်ပလွန်းသော အလင်းရောင်သည် ဤကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည့်အလား ထင်မှတ်ရသည်။
ဝုန်း!ဝုန်း!ဝုန်း!
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား အလင်းတန်းများသည် အရှိန်အဟုန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်လာပြီး ၊ စကြဝဠာရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်ခမန်းလိလိ ဖိနှိပ်စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည် ။
ထို့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ အမတလက်နက်၏ အင်အားအပြည့် ပေါက်ကွဲမှုကြောင့်၊ စွမ်းအင်လှိုင်းတံပိုးများသည် တစ်ခုပြီးတစ်ခု ပေါင်းစပ်သွားပြီး မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသည့်အလား စူးချန်ကဲရှိရာ ဦးတည်ဘက်ဆီသို့ ကျဆင်းလာသည်။
ဤအခြေအနေကို မြင်သည့်တိုင်အောင် ၊ စူးချန်ကဲသည် နည်းနည်းလေးမှ စိုးရိမ်ထိတ်လန့်သွားခြင်း မရှိခဲ့ပေ။ ယင်းအစား သူ၏မျက်လုံးထဲက တိုက်ပွဲဝင်စိတ်ဓာတ်များသည် တဟုန်းဟုန်း တောက်လောက်လာခဲ့သည်။
သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့်၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ အမတစွမ်းအင်များသည် အဆက်မပြတ် ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် သူ့ကို ဗဟိုပြုလျက် ပေါက်ကွဲထွက်လာသော ကြီးမားသော စွမ်းအင်လှိုင်းတံပိုးများသည် မိုးမြေတစ်ခွင် ဝင်ရောက်ကာ နေရာအနှံ့လွင့်စဉ်ရိုက်ခတ်သွားသည်။
မည်သည့် မှော်အတတ်ကိုမျှ အသုံးမပြုဘဲ၊ ဤတစ်ကြိမ်တွင် စူးချန်ကဲသည် အမတစွမ်းအားများဖြင့် တောက်လောင်နေသော သူ၏ရိုးရိုးလက်သီးဖြင့်သာ တဖက်လူကို ထိုးနှက်လိုက်သည်။
ဝုန်း!!
ကမ္ဘာပျက်သံအတိုင်း ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။
နောက်အခိုက်အတန့်တွင်၊ လက်သီးနှင့် အမတလက်နက်တို့သည် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံခဲ့ရာ အာကာသဟင်းလင်းပြင်တစ်ခုလုံး တဆက်ဆက် တုန်ခါနေသည်။
ပင့်ကူမျှင်များကဲ့သို့ မရေမတွက်နိုင်သော အက်ကြောင်းများ ဖြစ်ပေါ်လာပြီး ၊ ကြောက်မက်ဖွယ်ရာ စွမ်းအင်မုန်တိုင်းသည် ကမ္ဘာပျက်နေ့ကဲ့သို့သော မြင်ကွင်းများကို ဖန်တီးနေပြီး တိုက်မြေ သုံးထောင်ဆီသို့ ကျဆင်းလာခဲ့သည်။
တိုက်မြေ သုံးထောင်ရှိ လူတိုင်း အထက် ကောင်းကင်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများကိုသာ ကြားနေရသည်။
ဤဖြစ်စဉ်ကြောင့် တိုက်မြေ သုံးထောင်ရှိ လူတိုင်း ဖြူဖပ်ဖြူရော်ဖြစ်ကာ တစ်ကိုယ်လုံး တုန်ရီနေကြသည်။
“ ဟိုးအထက်ကောင်းကင်မှာ ဘယ်သူတွေ တိုက်ခိုက်နေကြတာလဲ!?”
“ငါ စောနက အမတနယ်မြေက စစ်မှန်အမတတွေ ဆင်းသက်လာတာကို သတိပြုမိသေးတယ် အဲ့နောက် ချန်ကဲထျန်းတိ့ အဲ့ကိုထွက်ခွာသွားတာကို တွေ့လိုက်ရတယ် မဟုတ်မှလွဲကော သူတို့ကြားမှာ ပဋိပက္ခဖြစ်နေတာလား?”
ဤစကားများ ထွက်လာသည်နှင့်၊ လူတိုင်း၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။
မဟုတ်မှလွဲရော စူးချန်ကဲ နဲ့ အမတနယ်မြေက စစ်မှန်အမတတွေ တိုက်ခိုက်နေကြတာလား!?
…….
တစ်ချိန်တည်းမှာပင်။
တိုက်မြေ သုံးထောင် နှင့် အမတနယ်မြေကြားတွင် တည်ရှိနေသော ကြယ်ပင်လယ်အတွင်း၌၊
အမတရောင်ခြည်များဖြင့် တောက်ပနေသော လူရိပ်များစွာ ထွက်ပေါ်လာသည်။ ၎င်းတို့၏ ရောင်ဝါသည် မူဟောက်ထက် အတော်လေး အားကောင်းသည်။
မူဟောက်သည် စစ်မှန်အမတနယ်ပယ် အလယ်အလတ်အဆင့်တွင်သာ ရှိသည်။ သို့သော် ဤလူများသည် စစ်မှန်အမတနယ်ပယ် နှောင်းပိုင်းအဆင့်ဖြစ်ပြီး ၊ စစ်မှန်အမတနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ စွမ်းအားရှင်နှစ်ယောက်လည်း ပါဝင်သည်။
၎င်းတို့သည် မူဟောက်တို့အဖွဲ့နှင့် တစ်ဖွဲ့တည်းဖြစ်ပြီး ၊ အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့မှ စေလွှတ်လိုက်သော ဒုတိယကင်းထောက်အဖွဲ့ ဖြစ်သည်။
သို့သော် ဤကိစ္စမှာ အလွန်အရေးကြီးသောကြောင့်၊ သူတို့သည် နှစ်ဖွဲ့ခွဲကာ စေလွှတ်ခဲ့သည်။မူဟောက်အား မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန်အတွက် အမြင့်တန်းအဆင့်ရှိ စစ်မှန်အမတလက်နက် တစ်ခုကိုပါ ချီးမြှင့်ပေးခဲ့သည်။
“မူဟောက်တို့ဘက်က ဘာလို့သတင်းမရတာလဲ”
ခေါင်းဆောင်ဖြစ်သူ စစ်မှန်အမတတစ်ဦးက အောက်ဘက်ရှိ တိုက်မြေသုံးထောင်ကို ငုံ့ကြည့်ရင်း အေးစက်စွာ ဆိုလိုက်သည်။
ထိုစဉ် ၊ သူ့ဘေးနားက အခြား စစ်မှန်အမတများက ဝင်ရောက်ပြောဆိုလာခဲ့သည်။
“ သူတို့တွေ တစ်ခုခုနဲ့ ကြုံတွေ့နေရလို့လား”
“မဖြစ်နိုင်ဘူး ၊ မူဟောက် ဒီကောင်အပါအဝင် စစ်မှန်အမတခြောက်ဦးတောင် ရှိတာ ၊ ဒါတောင် အမြင့်တန်းအဆင့် စစ်မှန်အမတလက်နက်အကြောင်း ထည့်မပြောရသေးဘူး”
“ ဒီလိုအရိုင်းဆန်တဲ့ အောက်လောကမှာ စစ်မှန်အမတတွေရှိတယ်ဆိုတောင် သူတို့ကိုယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ဘူး”
သို့သော် အခြားစစ်မှန်အမတ တစ်ဦးက စိုးရိမ်စိတ်ဖြင့် ပြောဆိုလိုက်သည်။
“ ဒါပေမဲ့ အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့က ပေးပို့တဲ့သတင်းအရ တားမြစ် စူးမိသားစု ၊ ကွေးယွမ်အမတဂိုဏ်း ၊ သံသရာစက်ဝန်း အမတမင်းဆက်တို့ရဲ့ ကြိုဆိုရေးယာဉ်တွေက တိုက်မြေ သုံးထောင်ဆီကို ဦိးတည်လာနေပြီတဲ့...”
“ သူတို့ရောက်လာတာက ငါတို့အစီအစဉ်အပေါ် သက်ရောက်မှုရှိခဲ့ရင် ဘယ်လိုလုပ်ကြမလဲ”
“ မဖြစ်နိုင်ဘူး”
ခေါင်းဆောင်ဖြစ်သူ စစ်မှန်အမတက ဆိုလိုက်သည်။
“ငါ ကြားသိရသလောက် သူတို့က တိုက်မြေ သုံးထောင်ကို လာတယ်ဆိုတာ သူတို့ရဲ့ ဆက်ခံသူကို ပြန်လည်ခေါ်ဆောင်ဖို့အတွက်ပဲ”
“ငါတို့က တိုက်မြေ သုံးထောင်ကို စူးစမ်းရှာဖွေဖို့ အမိန့်အတိုင်း လာရောက်တာ ၊ သူတို့နဲ့ ထိပ်တိုက်ဆုံစရာအကြောင်းမရှိဘူး”
တိုက်မြေ သုံးထောင်သည် ကျယ်ပြောလှသော နေရာဒေသဖြစ်သည်။ သူတို့ရောက်လာလာချင်း ၎င်းတို့နှင့်ထိပ်တိုက်ဆုံတွေ့ရမည့် ကိစ္စမျိုး ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
ပြီးတော့ သူတို့က ငတုံးတွေမှ မဟုတ်တာ ၊ တွေ့တယ်နော် ဖင်ပိတ်ပြေးရုံပေါ့!
……..
အပိုင်း(၆၀၃): နင်က ငါ့မောင်လေးကို ဘာလုပ်ချင်တာလဲ
သူတို့မသိခဲ့သည့်အရာမှာ မူဟောက်သည် လုံးဝ အသိစိတ်ကင်းမဲ့သွားပြီ ဖြစ်သည်။
လက်ရှိတွင် သူသည် စူးချန်ကဲနှင့် အပြင်းအထန် တိုက်ပွဲဝင်ရန် သူ၏ခွန်အားများကို အစွမ်းကုန် ပေါက်ကွဲကာ အမတလက်နက်ကို အသုံးပြုလာခဲ့သည် ။
ဝုန်း !!
တိုက်မြေ သုံးထောင်၏ အထက်ကောင်းကင်တွင် ထိတ်လန့်အံ့ဩဖွယ်ကောင်းသော နိယာမတရားများသည် ကြမ်းတမ်းစွာ ရိုက်ခတ်လာခဲ့သည်။
တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသော အမတရောင်ခြည် အလင်းတန်းများသည် မြစ်တစ်စင်းသဖွယ် ကောင်းကင်တွင်ဖြတ်သန်းကာ စူးချန်ကဲဆီသို့ တည့်တည့်မတ်မတ် ဆင်းသက်လာခဲ့သည်။
“ လာတာကောင်းတယ်!”
သို့သော် အံ့အားသင့်စရာကောင်းသည်မှာ စူးချန်ကဲသည် သူ့ဆီသို့ ပြေးဝင်လာသော အဖျက်စွမ်းအား အလင်းတန်းများကို ရှောင်တိမ်းခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။
“ မောက်မာတဲ့ ကောင်!”
စူးချန်ကဲ၏ မောက်မာသော အပြုအမူသည် မူဟောက်ကို လုံးဝ ဒေါသထွက်စေခဲ့သည်။ အဖျက်စွမ်းအား အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်နှင့် တပြိုင်နက်၊ တစ်ချိန်တည်းမှာပင် လက်နက်မျှော်စင်ကို ထိန်းချုပ်ကာ စူးချန်ကဲအား နှိပ်ကွပ်စေသည်။
………..
ဝုန်း !!
အဆိုပါ အင်အားကြီးမားသော စွမ်းအားနှစ်ခုသည် စူးချန်ကဲရပ်နေသော နေရာဆီသို့ တည့်တည့်မတ်မတ် ကျရောက်သွားလေသည်။
ပေါက်ကွဲထွက်ပေါ်လာသော လှိုင်းတံပိုးများသည် မိုင်ရာနှင့်ချီသော အချင်းဝက်အတွင်းရှိ အာကာသ ဟင်းလင်းပြင်တစ်ခုလုံးကို တဆက်ဆက် တုန်ခါသွားစေသည်။
ဤပေါက်ကွဲမှုကြီး၏ အလယ်ဗဟိုတွင် ၊ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ပေါက်ကွဲထွက်လာသည်။
ဤစွမ်းအင်ပေါက်ကွဲမှုကြီးသည် အတော်လေး ကြောက်စရာကောင်းသည်။ ကြမ်းတမ်းစွာ ရိုက်ခတ်နေသော နိယာမလှိုင်းတံပိုးများသည် နှစ်ကာလပေါင်းများစွာ အိပ်ပျော်နေခဲ့သော မီးတောင်ကြီးမှ ရုတ်တရက် ပေါက်ကွဲလာသည့်အတိုင်း စူးချန်ကဲအား လွှမ်းခြုံသွားပြီး ၊ ထိုနည်းတူစွာ မူဟောက်သည်လည်း ထိုအထဲတွင် ပါဝင်သွားခဲ့သည်။
သူသည် သူ၏ကျင့်ကြံစွမ်းအားများကို အစွမ်းကုန် ထုတ်သုံးပြီးမှသာလျှင် ထိုနေရာကနေ ခက်ခက်ခဲခဲ ရုန်းထွက်နိုင်ခဲ့သည်။
သို့ဆိုတောင် မူဟောက်သည် သတိလက်လွတ်မဖြစ်ဝံ့ပေ။ သူ၏ မျက်လုံးများသည် ထိုနေရာကို စေ့စေ့စပ်စပ် ကြည့်ရှုနေခဲ့ပြီး ၊ သူ၏ စိတ်ဝိညာဉ် အာရုံကို ထုတ်လွှတ်ကာ စူးချန်ကဲ၏အငွေ့အသက်ကို စူးစမ်းရှာဖွေခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ၊ စူးချန်ကဲ၏အငွေ့အသက်ကို မခံစားမ်ိတော့သဖြင့် သူသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
တစ်ချိန်တည်းမှာပင် ၊ သူသည် ရှုံ့ချသော အကြည့်ဖြင့် ရေရွတ်လိုက်သည်။
“ ဒီကောင်လေး ဒီလို အရေးကြီးတဲ့အခိုက်အတန့်မှာတောင် မခုခံခဲ့ဘူးပဲ ၊ ဒီကောင် ငါ့ရဲ့ အမတလက်နက်နဲ့ ပြင်းပြင်းထန်ထန် ထိမှန်ပြီး သေမှာ သေချာတယ်!”
“ ခုကစပြီး အဲ့ကောင်တွေ...”
သို့သော် သူစကားမဆုံးခင် ၊ စူးချန်ကဲ၏ ရယ်မောသံကို ကြားလိုက်ရသည် ။
“အဆင့်မြင့် အမတလက်နက်က အမတမိုးကြိုးကပ်ဘေးထက်တောင် ပိုအားကောင်းမယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ ကိုယ်တိုင်တွေ့ကြုံပြီးနောက် အတော်လေး စိတ်ပျက်ဖို့ကောင်းတာပဲ”
ထိုစကားသံအပြီးတွင်၊ စူးချန်ကဲသည် ပေါက်ကွဲမှုထဲကနေ ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း ထွက်ပေါ်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် မီးခိုးငွေ့များ အနည်းငယ် ရစ်ဝဲနေသည်မှအပ ထိခိုက်ဒဏ်ရာဟူ၍ အနည်းငယ်မျှပင် မရှိ။ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော သူ၏ဝတ်ရုံပေါ်တွင် နည်းနည်းမှ စွန်းထင်းခြင်းမရှိခဲ့ပေ။
အကောင်းတိုင်းကြီး ရှိနေသော စူးချန်ကဲကို မြင်လိုက်ရသဖြင့် မူဟောက်၏ မျက်နှာသည် ချက်ချင်းဆိုသလို မည်းမှောင်သွားသည်။
သူသည် စစ်မှန်အမတလက်နက်ကို အပြည့်အဝ ထုတ်သုံးခဲ့ကြောင်း အာမခံနိုင်သည်။
ထို့အပြင် ကိစ္စများကို ပို၍ချောမွေ့စေရန် သူကိုယ်တိုင် အမတလက်နက်ကို ထိန်းချုပ်ကာ ထပ်မံတိုက်ခိုက်ခဲ့သည်။ အမြင့်တန်းအဆင့်ရှိ စစ်မှန်အမတလက်နက်၏ သေလောက်အောင် ပြင်းထန်သော တိုက်ခိုက်မှု နှစ်ခုသည် စစ်မှန်အမတ နှောင်းပိုင်းအဆင့်ရှိ စွမ်းအားရှင်များကိုပင် ဖျက်ဆီးပစ်နိုင်သည့်အထိ ပြုလုပ်နိုင်မည်ဟု သူကျိန်ဆိုရဲသည်။
သို့သော်ငြား ၊ စစ်မှန်အမတ ကနဦးအဆင့်သာ ရှိသေးသော စူးချန်ကဲသည် အဘယ့်ကြောင့် ထိခိုက်ဒဏ်ရာများ မရှိခဲ့လေသနည်း။
“ အမတနယ်မြေရဲ့သမိုင်း မှတ်တမ်းတွေအရ၊ အောက်ကမ္ဘာမှာ စစ်မှန်အမတအဆင့်ထက် သာလွန်တဲ့သူတွေ မရှိဘူးဆို ...”
“ဒီနေ့ဘာလို့ ဒီလိုလူ့ဘီလူးကောင်နဲ့ ကြုံတွေ့ရတာလဲ “
မူဟောက်သည် အမတနယ်မြေ သမိုင်းမှတ်တမ်းများတွင် သူ ဖတ်ဖူးသော မှတ်တမ်းများကို သတိရကာ ကျိန်ဆဲလိုက်သည်။
အမတနယ်မြေ၌ပင် ဤကဲ့သို့လူ့ဘီလူးကောင်နှင့် မကြုံတွေ့ဖူးပေ။ ယခုလို အရိုင်းဆန်သော အောက်ကမ္ဘာတွင် သူသည် တကယ့်လူ့ဘီလူးကောင်နှင့် ထိပ်တိုက် ကြုံတွေ့ခဲ့ရသည်။
“ ဒါပေမဲ့ ငါ သူ့ကိုမထိခိုက်နိုင်ပေမယ့် အမြင့်တန်းအဆင့် အမတလက်နက်ရဲ့ အကာအကွယ် ရှိနေသရွေ့ ဒီကောင် ငါ့ကို မသတ်နိုင်ဘူး..”
မူဟောက်၏ ခြေထောက်များက နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားသည်။
“ ငါ့အဖွဲ့ကောင်တွေ အမြန်ဆုံးရောက်လာမယ့်အထိ ငါအချိန်ဆွဲထားရမယ်...”
မူဟောက်၏လှည့်ကွက်ကို ခန့်မှန်းမိပုံရသော စူးချန်ကဲက ရယ်လေသည်။
“ မင်းရဲ့ မျှော်စင်က ငါ့ရဲ့ တိုက်ခိုက်မှုကို ခုခံကာကွယ်ပေးနိုင်မယ်လို့ မင်းထင်နေတာလား”
ထိုသို့ပြောပြီးသည်နှင့် စူးချန်ကဲ၏မျက်လုံးများသည် ဝင်းလက်သွားသည်။ အမြင့်တန်းအဆင့်ရှိ စစ်မှန်အမတလက်နက်၏ အကူအညီကို ရယူထားသော မူဟောက်သည်ပင် သူ့ကို မခြိမ်းခြောက်နိုင်ကြောင်း သိလိုက်သည်။
ထို့ကြောင့် ဤဓားသွေးကျောက်ကို စွန့်လွှတ်ရန် အချိန်တန်ချေပြီ။
ဝုန်း !
ရုတ်ချည်းဆိုသလိုပင် ၊ ကုန်ခမ်းခြင်းမရှိသော အမတရောင်ခြည် အလင်းတန်းများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ ဤ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်စွမ်းအားများကြောင့် လောကကြီးတစ်ခုလုံး အေးခဲသွားပုံရသည်။
ထိုကြောက်မက်ဖွယ် စွမ်းအားကို ခံစားရသည်နှင့် ၊ မူဟောက်၏မျက်နှာသည် တင်းမာသွားပြီး မယုံကြည်နိုင်သောအကြည့်များဖြင့် မျက်လုံးပြူးသွားသည်။
စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအားများသည် လျင်မြန်စွာ တိုးပွားလာသည်ကို မြင်တွေ့လိုက်ရချိန်တွင် အမတရောင်ခြည်များအလင်းတန်းများက သူ့အား ချုပ်လှောင်ထားသကဲ့သို့ သူ၏ ဘေးတဝိုက်တွင် ဝန်းရံကာဆီးထားသည်။
အဆိုပါအလင်းတန်းများသည် ပြိုးပျက်စွာ တောက်ပနေပြီး ၊ အဆုံးမရှိ ကျယ်ပြောသော သမုဒ္ဒရာကဲ့သို့ပင်။
စူးချန်ကဲသည် အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကို အထူးတလည် အသုံးပြုရန်ပင် မလိုအပ်တော့ပေ။ သူ၏မျက်လုံးများသည် အလွန်တရာမျှ တောက်ပနေပြီး ၊ ပြိုးပျက်စွာ တောက်ပနေသော နတ်အလင်းများက မိုင်ပေါင်းများစွာကို အလင်းပေးနေသည့်အပြင် သူ့တစ်ကိုယ်လုံးကို ပို၍ တောက်ပစေကာ ခမ်းနားထည်ဝါစေသည်။
အဆိုပါရောင်ဝါများ၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်တွင် ၊ မူဟောက်၏ မျက်လုံးထဲရှိ စူးချန်ကဲ၏ ပုံရိပ်သည် တဖြည်းဖြည်း ကြီးမားလာသည်။ ၎င်းသည် စစ်မှန်အမတအဆင့်သာ ရှိသေးသော်လည်း သူ၏မျက်လုံးထဲ၌ စူးချန်ကဲသည် စကြဝဠာတစ်ခွင်လုံးကို အုပ်စိုးနေသော နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။
ဤစကြဝဠာတစ်ခွင်ရှိ မည်သူမဆို သူ့အား ယှဉ်ပြိုင်ဝံ့မည်မဟုတ်။
အကြည့်တချက်တည်းဖြင့် မူဟောက်၏ စိတ်ကို တုန်လှုပ်သွားစေသည်။ ဤကြောက်ခမန်းလိလိ ဖိနှိပ်စွမ်းအားသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်သွားစေသည်။
“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ...!?”
“ စစ်မှန်အမတအဆင့်လောက်နဲ့ ဒီလောက်ထိ အားအင်ကြီးမားတဲ့ တန်ခိုးစွမ်းအားမျိုးကို မပိုင်ဆိုင်နိုင်ဘူး”
မူဟောက်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ခက်ထန်ကြမ်းတမ်းသော အမူအရာတို့သည် ဤအခိုက်အတန့်တွင်၊ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
စူးချန်ကဲသည် သူ၏ ရောင်ဝါကို ဖြန့်ကျတ်ရုံမျှဖြင့် ထိုကဲ့သို့သော စွမ်းအားများကို ထုတ်လွှတ်နိုင်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ဤမြင်ကွင်းသည် သူ့အတွက် အိမ်မက်တစ်ခုလို ဆန်းကြယ်ကာ လက်ခံရန် ခက်ခဲနေခဲ့သည်။
စူးချန်ကဲသည် ကြောက်ဖို့ကောင်းသော ပုဂ္ဂိုလ်တစ်ဦး၏ လူဝင်စားခြင်း ဖြစ်နိုင်ချေရှိမရှိကိုပင် တွေးတောနေမိသည်။
ထိုမှသာလျှင် ၊ စစ်မှန်အမတအဆင့်သာ ရှိသေးသော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားနိုင်ခြင်း ဖြစ်နိုင်သည်။
“အဆုံးသတ်ဖို့ အချိန်တန်ပြီ “
စူးချန်ကဲသည် ထိုသို့ပြောပြီးသည်နှင့် ၊ ချက်ချင်း အရေးယူလိုက်သည်။
သူ၏ဘယ်လက်ကို ကျောနောက်တွင် ပစ်ထားပြီး ၊ သူ၏ညာဘက်လက် တစ်ဖက်တည်းဖြင့်သာ လေထဲကို ဆန့်ထုတ်လိုက်သည်။
သူ၏ မျက်ဝန်းတစ်စုံသည် ရုတ်ချည်း တောက်ပလာသည်။ အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်မှ ထုတ်လွှတ်လိုက်သော ရောင်ဝါအနည်းငယ်မျှဖြင့် ဤလောကရှိ အမတစွမ်းအားများသည် သူ၏လက်ချောင်းထိပ်သို့ အရူးအမူး ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် ၊ သူ၏လက်ချောင်းထိပ်သို့ စုဝေးလာသော စွမ်းအားများကို ဖိသိပ်လိုက်သည်နှင့် သေးငယ်သော အလင်းဘောလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤအလင်းဘောလုံးသည် အရေးမပါသလို ထင်မှတ်ရသော်လည်း၊ သူသည် ကမ္ဘာလောကများစွာကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများကို ကိုင်ဆောင်ထားသည်။
ဤအရာသည် စူးချန်ကဲမှ အမတလမ်းစဉ်သို့ အောင်မြင်ပြီးနောက် ၊ အသစ်တွေ့ရှိခဲ့သည့် ညဏ်အလင်းဖြစ်သည် ။
သူသည် သူတော်စင်ကိုယ်ထည်၏ စွမ်းအားများကို သူ့ကိုယ်ပိုင်လမ်းစဉ်ဖြင့် ပေါင်းစပ်ခဲ့သည်။ ဆိုလိုသည်မှာ သူ၏ ပင်ကိုယ်မှော်စွမ်းအားနှင့် သူတော်စင်ကိုယ်ထည်၏စွမ်းအားများကို ပေါင်းစပ်၍ ကြောက်ဖို့ကောင်းသော သတ်ဖြတ်ခြင်းအတတ်ကို ဖန်တီးခဲ့ခြင်းပင် ဖြစ်သည်။
ဟူး——
အဆိုပါစွမ်းအားသည် အထွတ်အထိပ်သို့ရောက်သည်နှင့်အမျှ၊ သူ၏လက်ချောင်းကြားတွင် စုဝေးနေသော အလင်းဘောလုံးငယ်လေးသည် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းကာ ဗလာနိတ္ထိသဘောကို ဆောင်ကျဉ်းသော အလင်းတန်းများအဖြစ် မူဟောက်ဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားသည်။
“ ထျန်းယွီချုံ မျှော်စင် ၊ နှိပ်ကွပ်!”
မူဟောက်အဖို့၊ စူးချန်ကဲသည် အဘယ်ကြောင့် ဗလာနိတ္ထိစွမ်းအားကို ထိန်းချုပ်နိုင်မှန်း စဉ်းစားရန်ပင် အချိန်မရှိလိုက်ပေ။ ကြီးမားသော အသက်ဘေးတစ်ခုကို သူ ခံစားမိလိုက်သည်။
ဤအသက်ဘေး အန္တရာယ်ကြီးကို ရင်ဆိုင်ရင်း၊ မူဟောက်သည် အစွမ်းကုန်ပေါက်ကွဲကာ အမတလက်နက်ဖြင့် တားဆီးရန်ကြိုးပမ်းလိုက်သည်။
သို့သော်၊ အရာအားလုံးသည် အချည်းနှီးသာပင်။
ဤကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားမုန်တိုင်းကြီးသည် အမတလက်နက်တစ်ခုလုံးကို တုန်ခါသွားစေသည်။
“ကောင်စုတ်လေး ၊ မင်းငါ့ကို ဒီလိုလုပ်ရဲတာ ငါ့နောက်ကွယ်က အင်အားစုက မင်းကို လုံးဝ..”
မူဟောက်၏ နောက်ဆုံးကျိန်ဆဲသံ မပြီးဆုံးမီ၊ ဗလာနိတ္ထိ အဖျက်စွမ်းအားမုန်တိုင်းသည် အမတလက်နက်ကို ဖြိုခွဲပစ်ခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ပြေးဝင်သွားခဲ့သည်။
ဤကြောက်စရာကောင်းသော စွမ်းအား၏ တိုက်ခိုက်မှုအောက်တွင် ၊ မူဟောင်အနေဖြင့် ခုခံနိုင်စွမ်းမရှိခဲ့ပေ။
သူ၏ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်နှင့် ဖွဲ့စည်းထားသော အမတအလိုဆန္ဒများပင် သဏ္ဍာန်မရှိသော ဗလာအဖြစ်သို့ ပြောင်းလဲတော့မည့်အတိုင်း အဆိုပါစွမ်းအား၏ အပြီးတိုင် ချေမှုန်းခြင်းကိုခံလိုက်ရသည်။
သူ လုံးလုံးလျားလျား ပျောက်ကွယ်မသွားခင် နောက်ဆုံးလက်စားချေမှုအနေဖြင့် သူ၏ စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ တိုက်မြေသုံးထောင်အတွင်း စောင့်ဆိုင်းနေသော အခြားသော စစ်မှန်အမတများထံ ပေးပို့ခဲ့သည်။
……
တစ်ချိန်တည်းမှာပင်။
တိုက်မြေသုံးထောင်အထက်၌ စိုးရိမ်တကြီးဖြင့် စောင့်မျှော်နေကြသော စစ်မှန်အမတများအနေဖြင့် စိတ်မရှည်ဖြစ်နေတုန်း မူဟောက်ထံမှ သတင်းစကား ရောက်ရှိလာခဲ့သည်။
“မူဟောက်ဆီက သတင်းရောက်လာတယ်”
မူဟောက်၏ သတင်းကို လက်ခံရရှိခဲ့သော စစ်မှန်အမတတစ်ဦးက အမြန်ကြည့်ရှုလိုက်သည်။
ဝီ !
ပြိုးပျက်စွာ တောက်ပနေသော မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော အလင်းကန့်လန့်ကာကိုသာ မြင်တွေ့ရပြီး ၊ ယင်း၌ မည်သည့်စကားမျိုးကိုမှ မရေးသားထားဘဲ ရုပ်ပုံတစ်ခုသာ ပါရှိသည်။
ပုံထဲတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ၊ ချောမောလှပသည့် ရုပ်ရည်နှင့် ထူးခြားထက်မြက်သော စရိုက်လက္ခဏာရှိသည့် လူငယ်တစ်ဦးသာ ဖြစ်သည်။
စစ်မှန်အမတများမှာ ပဟေဠိဖြစ်ကုန်ကြသည်။ ပုံထဲတွင် မူဟောက်၏ နာကျင်အော်ဟစ်သံကို ကြားလိုက်ရသည်။
“ ငါတို့အားလုံး မရှိတော့ဘူး.... ငါတို့ကို သတ်ဖြတ်ခဲ့တဲ့သူက ဒီလူငယ်ပဲ...”
“ ငါတို့အတွက် လက်စားချေပေးရမယ်....”
ထိုစကားများအပြီးတွင် ၊ ပုံနှင့်အသံသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေတော့သည်။
စစ်မှန်အမတများအားလုံး ကြောင်အမ်းကုန်သည်။ ခေါင်းဆောင်ဖြစ်သူ စစ်မှန်အမတက ဒေါသတကြီးဖြင့် ဦိးစွာ တုံ့ပြန်လာခဲ့ပြီး ကြေကွဲဝမ်းနည်းသော အသံဖြင့် အော်ဟစ်လိုက်သည်။
“ အောက်ကမ္ဘာက ကောင်တွေကများ ငါတို့လူတွေကို သတ်ဖြတ်ဝံ့တယ်ပေါ့ ! “
“သွားမယ် ငါတို့ သူ့ကို...”
သို့သော် သူ၏စကားသံ မပြီးဆုံးမီ ၊ အေးစက်သော အမျိုးသမီးတစ်ဦး၏အသံကို ကြားလိုက်ရသည်။
“အို ? နင်က ငါ့မောင်လေးကို ဘာလုပ်ချင်တာလဲ “
အပိုင်း(၆၀၄): ရှေးဘိုးဘေး၏ စိုးရိမ်သံ
လူတိုင်း အသံလားရာကို ကြည့်ရှုလိုက်သည်။
ကျယ်ပြောလှသော ကြယ်တာရာ မိုးကုပ်စက်ဝိုင်းအထက်တွင်၊ အမတစွမ်းအင်များက ပျံ့လွင့်လျက် ကြယ်တာရာကောင်းကင်တွင် ယိမ်းနွဲ့နေသည်။
ပြိုးပျက်စွာတောက်ပနေသော နတ်အလင်းရောင်များကြား ၊ သက်တံ့ တံတားတစ်ဆင်း ထွက်ပေါ်လာသည်။
ဆန်းကြယ်သော ရူပါရုံမြင်ကွင်းများလည်း ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါသက်တံ့ တံတားတစ်ဆင်း ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်၊ ဤနေရာတစ်ခုလုံးသည် အခြားကမ္ဘာတစ်ခုထဲသို့ ဆွဲငင်ခံလိုက်ရသည့်အတိုင်း အေးခဲသွားသည်။
“ ဒါက ....”
ခေါင်းဆောင်ဖြစ်သူ စစ်မှန်အမတသည် ထိုစကားလုံးသုံးကို ပြောဖို့အရေး အတော်လေး အားထုတ်လိုက်ရသည်။
ရုတ်တရက် ဆိုသလို ၊ ခြေလှမ်းသံသည် ကျယ်ပြောလှသော အာကာသထဲ၌ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
လှပတင့်တယ်သော တိမ်တိုက်များပေါ်တွင် ၊ လွန်စွာ ချောမောလှသော မိန်းမပျိုလေးတစ်ဦးကို တွေ့မြင်လိုက်ရသည်။
သူမသည် တောက်ပသော သက်တံ့ဝတ်ရုံကို ဝတ်ဆင်ထားပြီး နူးညံ့စွာ လျှောက်လှမ်းလာသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဖြာထွက်နေသော ရောင်ဝါများသည် သူမအား အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားမတစ်ပါးအလား ဆောင်ကျဉ်းပေးနေသည်။
သို့သော် ထူးဆန်းသည်မှာ သူတို့နှစ်ဦးကြားက အကွာအဝေးသည် အတော်လေး လှမ်းသော်လည်း ၊သူမ၏ သာမန်အကြည့်တစ်ချက်သည် စစ်မှန်အမတများအဖို့ အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ဆင်းသက်လာသည့်အတိုင်း ခံစားလိုက်ရသည်။
“ လူ..လူကြီးမင်း... ကျွန်တော်တို့က....”
ခေါင်းဆောင်ဖြစ်သူ စစ်မှန်အမတသည် သူတို့၏ နောက်ခံအင်အားစုဖြစ်သော အမတသခင်တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ကို သတိရကာ ထုတ်ဖော်ပြောဆိုရန်ဟန်ပြင်လိုက်သည်။
သို့သော် ထိုအမျိုးသမီးသည် သူတို့အား စကားပြောခွင့် လုံးဝမပေးဘဲ ၊ သူမ၏ လှပသော မျက်ဝန်းများဖြင့် မှေးကြည့်လိုက်သည်။
ဝုန်း ——!!
၎င်းတို့ပတ်ဝန်းကျင်ရှိ အာကာသ ဟင်းလင်းပြင်အလွှာများသည် ချက်ချင်းဆိုသလို ပြိုကျပျက်စီးသွားပြီး၊ အဆုံးမရှိသော နိယာမဆိုင်ရာ မှော်သင်္ကေတများသည်လည်း ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားလေသည်။
မိုင်ထောင်ချီခြားသော နေရာမှ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၊ ထိုစစ်မှန် အမတများမှာ အခိုးအငွေ့များအဖြစ်သို့ ပျောက်ကွယ်သွားခဲ့သည်။ သူတို့သေဆုံးရသည့်တိုင် မည်သူ၏လက်ချက်ဖြင့် အသက်ပေးခဲ့ရသည်ကိုပင် သိရှိခွင့်မရခဲ့ပေ။
ထိုစစ်မှန်အမတများ အားလုံး အပြီးတိုင် ချေမှုန်းခံလိုက်ရသည့် အခိုက်အတန့်တွင်၊
၎င်းတို့ချန်ထားခဲ့သော အထူးပစ္စည်းတစ်ခုခု၏ အစွမ်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဝုန်း !!
ပြိုကျပျက်စီးနေသော ထိုအာကာသဟင်းလင်းပြင်မှ လွန်စွာတောက်ပသော အလင်းတန်းတစ်စင်း ပွင့်လန်းထွက်ပေါ်လာခဲ့သည်။ စစ်မှန်အမတထက် ကျော်လွန်သော ရောင်ဝါတစ်ခုသည် ကြယ်တာရာ ကောင်းကင်၏ အတားအဆီးကို ဖြတ်ကျော်လျက် ထိုးဖောက်ဝင်ရောက်လာခဲ့ပုံရသည်။
ပြိုးပျက်စွာ တောက်ပနေသော အဆိုပါအမရောင်ခြည်အလင်းတန်းများကို ကြည့်ရှုရင်း၊ စူးယွင်ယွဲ့ သည် ဂရုမစိုက်ဟန်ဖြင့် မဲ့ပြုံးပြုံးလိုက်သည်။
“ဒီရောင်ဝါက...အမတစိတ်ဝိညာဉ် ဆင်းသက်လာတာလား “
အမတ စိတ်ဝိညာဉ် ဆင်းသက်ခြင်း ဟူသော ဤမှော်စွမ်းအားကို အမတဘုရင်အဆင့်ရှိ စွမ်းအားရှင်ပင်လျှင် ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။
အမှန်စင်စစ်၊ ၎င်းသည် မိမိ၏ အမတအလိုဆန္ဒကို ထိန်းချုပ်ကာ မိမိ၏ မူလရင်းမြစ် စိတ်ဝိညာဉ်ကို မည့်သည့်နေရာမဆို ဆင်းသက်စေနိုင်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ၊ စိတ်စွမ်းအားဖြင့် ခိုင်းစေခြင်းပင်ဖြစ်သည်။
ဝီ!
ပြိုးပျက်စွာ တောက်ပနေသော အမတရောင်ခြည်အလင်းများသည် ပူပြင်းတောက်လောက်နေသော နေဝန်းကြီးသဖွယ် ထွက်ပေါ်လာသည်။ ယင်းအတွင်း၌ ရုပ်သွင်တစ်ခုသည် ကြီးကျယ်ခမ်းနားစွာ ရပ်နေသည်။
သူ၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း၊ ၎င်းထံမှ ဖြာထွက်လာသော ရောင်ဝါသည် ဤနေရာရှိ အာကာသဟင်းလင်းပြင်တစ်ခုလုံးကို တဆက်ဆက် တုန်ခါသွားစေသည်။
ထိုစဉ် ၊ ထိုအနှီပုဂ္ဂိုလ်၏ အသံသည် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ ဘယ်သူကများ...”
“ငါ့ရဲ့ အမတသခင်တရားစီရင်ရေးရုံးတော် နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့က လူကို သတ်ရဲတာလဲ !?”
ထိုအသံသည် ကြယ်၊ နေ၊ လတို့ကို ထိုးဖောက်ကာ တိမ်တိုက်များကို ဖြတ်ကျော်၍ တိုက်မြေ သုံးထောင်အတွင်းသို့ ကျရောက်သွားသည်။
ထိုအသံကို ကြားလိုက်ရသူတိုင်း ခေါင်းနားပန်းကြီးကုန်သည်။ တိုက်မြေအသီးသီးမှ တောင်တန်းများသည်ပင် မိုးကောင်းကင်မှ ကျရောက်လာသော ဤအားကြီးမားသော ဖိနှိပ်မှုကို ခံနိုင်ရည်မရှိဘဲ ပြိုကျသည့်အထိ ဖြစ်ခဲ့ရသည်။
တိုက်မြေ သုံးထောင် တစ်ခုလုံး တဆက်ဆက် တုန်ခါနေပြီး ၊ တုန်လှုပ်မြည်ဟည်းသံများ ထွက်ပေါ်လျက်ရှိသည်။
“ဒါ....ဘာတွေဖြစ်တာလဲ!?”
“ ဘယ်ကပုဂ္ဂိုလ် ဆင်းသက်လာတာလဲ ၊ သူ့ရဲ့ စကားတစ်ခွန်းတည်းနဲ့ တိုက်မြေ သုံးထောင်တစ်ခုလုံးကို လှုပ်ခတ်သွားစေသတဲ့လား “
“ အိုင်း... အမတနယ်မြေက တန်ခိုးအကြီးမားဆုံး စွမ်းအားရှင်တစ်ဦး ဆင်းသက်လာတာများလား....”
လူတိုင်းကြောက်ရွံ့နေကြသလို ၊ တစ်ချိန်တည်းမှာပင် သံသရာမေးခွန်းများ ရှိလာကြသည်။ အမတနယ်မြေသည် အဘယ့်ကြောင့် ဤကဲ့သို့ တန်ခိုးကြီးမားသော ပုဂ္ဂိုလ်ကို စေလွှတ်ရသနည်း။
ထိုအချိန်တွင် ၊ ကွေးယွမ်သူတော်စင်နယ်မြေသို့ ပြန်လာသော စူးချန်ကဲသည်လည်း ထိုအရာကို သတိပြုမိပြီး မျက်မှောင်ကြုတ်သွားကာ ထိတ်လန့်တကြားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ငါ အမတနယ်မြေက စစ်မှန်အမတတွေကို သတ်မိလို့ ရောက်ချလာတာလား....”
ဤသည်မှာ အားနည်းသူကို ရိုက်လျှင် ၊ အားကြီးသူတစ်ယောက် ထပ်ထွက်လာမည်ဆိုသည့် စကားပုံအတိုင်းပင် မဟုတ်လော။
သူ့အနေဖြင့် စစ်မှန်အမတများကို ရင်ဆိုင်ရာ၌ ဖိစီးမှုမရှိခဲ့သော်လည်း ၊ စစ်မှန်အမတများထက် သာလွန်သူကို ရင်ဆိုင်ရမည်ဆိုပါက၊ သူသည်ပင် ရလဒ်ကို ခန့်မှန်းရန်ခက်ခဲပေသည် ။
အကြောင်းမှာ အမတနယ်မြေနှင့် ပတ်သက်၍ ၊ သူသည် အနည်းငယ်မျှသာ သိရှိထားသောကြောင့် ဖြစ်သည်။
သူ ထိတ်လန့်တုန်လှုပ်နေစဉ် ရှေးဘိုးဘေး၏ အသံသည် သူ၏စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။
“ ချန်ကဲ ကွေးယွမ်သူတော်စင်နယ်မြေကို မြန်မြန်ပြန်လာခဲ့ ! အပြင်မှာ အကြာကြီးမနေနဲ့ ချက်ချင်းပြန်လာ!”
ရှေးဘိုးဘေး၏အသံအရ ၊ သူသည် အလွန်အမင်း စိုးရိမ်နေပုံရသည်။ စူးချန်ကဲအနေဖြင့် နှောင့်နှေးမိပါက ၊ ကြီးမားသော ဘေးဆိုးနှင့် ကြုံတွေ့ရမည့်အတိုင်း အရေးပေါ် အသိပေးလိုက်သလိုပင်။
မူလကတည်းက အနည်းငယ် ထိတ်လန့်နေသော စူးချန်ကဲသည် ရှေးဘိုးဘေး၏ အလျင်စလို ဖြစ်နေသံကို ကြားလိုက်ရချိန်တွင် တစ်ခေါင်းလုံး ထူပူသွားသည်။
ရှေးဘိုးဘေး၏ ခွန်အားသည် မည်မျှကြီးမားသည်ကို သူကောင်းကောင်းသိထားသည်။ ရှေးဘိုးဘေးပင်လျှင် ဤကဲ့သို့အလျင်စလို ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် ၊ ကြီးမားသော ဘေးဆိုးကြီးတစ်ခု ဆိုက်ရောက်လာတော့မည်မှာ ဧကန်မုချပင်။
“ သေစမ်း! စစ်မှန်အမတွေကို သတ်လိုက်တာ ဒီကောင်တွေ အမတဘုရင် ဒါမှမဟုတ် အမတ ဧကရာဇ်မင်းကိုတောင် လွှတ်ပြီး ငါ့ကို သတ်ခိုင်းဖို့လုပ်နေတာလား “
စူးချန်ကဲတစ်ယောက် စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ သူသည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အစွမ်းကုန်အသက်သွင်းလိုက်ပြီး၊ အာကာသအလွှာများကို ဆုတ်ဖြဲကာ ကွေးယွမ်သူတော်စင်နယ်မြေဆီသို့ ချက်ချင်းလက်ငင်း ဦးတည်လေတော့သည်။
……..
တစ်ချိန်တည်းမှာပင် ။
ကွေးယွမ်ဘိုးဘွားပိုင်နက် ၊
ကွေးယွမ်၏ဘိုးဘေးများစွာနှင့် ရှေးဘိုးဘေးနှစ်ဦးပင်လျှင် ကြီးမားသော အကျပ်အတည်းကြီး ကျရောက်လာတော့မည်အတိုင်း အလွန်လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။
“ရှေးဘိုးဘေး တကယ်လား”
“သူတို့ ဒီလောက်မြန်မြန် ရောက်လာပြီလား”
“ဒါက မြန်လွန်းတယ် မဟုတ်လား၊ အမတနယ်မြေနဲ့ ဒီနေရာနဲ့ဆို အနည်းဆုံး မိုင်သန်းချီဝေးတယ်၊ ဒီကောင်တွေ ခွေးနဲ့ ဘာတော်လဲ ဒီလောက်မြန်မြန် ရောက်ချလာတာလား”
“……..”
ဘိုးဘေးတို့သည် စိုးရိမ်စိတ်များ ပြည့်နှက်နေသော မျက်နှာထားများဖြင့် တိုင်ပင်ဆွေးနွေးနေကြသည်။ သူတို့ကွေးယွမ်အမတဂိုဏ်း၏ တပ်ဖွဲ့များမှာ ယခုထိတိုင် ရောက်မလာသေးပေ။
သူတို့ မည်သို့လုပ်ဆောင်ရမည်နည်း။
ဤသည်မှာ မိုးလောက်ကြီးမားသော အကျပ်အတည်းတစ်ခုဟု ဆိုရပေမည်။
“ ထိတ်လန့်နေစရာ မလိုဘူး “
ဤအခိုက်အတန့်တွင်၊ မျဲ့ရှန်း ရှေးဘိုးဘေးက ဆိုလိုက်သည်။
“ငါ စူးချန်ကဲကို တတ်နိုင်သမျှ မြန်မြန်ပြန်လာဖို့ အမိန့်ပေးပြီးပြီ၊ ပြီးတော့ ကွေးယွမ်အမတဂိုဏ်းရဲ့ အစောင့်အကြပ်တွေကို အမြန်ဆုံးလာဖို့ ညွှန်ကြားထားတယ်”
“ အဆိုးဆုံးကွာ တားမြစ် စူး မိသားစုကကောင်တွေ ရောက်လာတောင် ၊ ငါ့ဂုဏ်သိက္ခာကို စွန့်ပြီး တတ်နိုင်သမျှ နှောင့်နှေးအောင်လုပ်မယ် “
ထိုစကားများထွက်လာပြိီးနောက် ၊ အဆုံးတွင် ကွေးယွမ်ဘိုးဘေးတို့သည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။
“ကောင်းတယ်... အရမ်းကောင်းတယ်!”
“ရှေးဘိုးဘေးဆိုတဲ့အတိုင်းပဲ ! ကြည့်ရတာ ဒီတစ်ခေါက်အကျပ်အတည်းကို ငါတို့ ကျော်ဖြတ်နိုင်လောက်တယ် “
စောနကကြားလိုက်ရသော အဆိုပါဟောက်သံနှင့် ပတ်သက်၍ ၊
အမတသခင်တရားစီရင်ရေးရုံးတော်မှ ရောက်ရှိလာခြင်း ဖြစ်မည်ဟု သူတို့မှန်းဆထားသည်။
ဒီလိုပိုးမွှားလောက်ကတော့ ဟိုကောင် တားမြစ်စူးမိသားစုလက်ထဲ အပ်လိုက်ရင်ပြီးပြီပဲ မဟုတ်လား!
“မြန်မြန်! ဒီအချိန်အတွင်း ခေါင်းတလားထဲမှာ အိပ်နေတဲ့ကောင်တွေကို နှိုးလိုက်တော့၊ ငါတို့ ကွေးယွမ် အစောင့်အကြပ်တွေ ရောက်တဲ့အထိ အချိန်ဆွဲထားရမယ် “
ဤစကားများထွက်လာသည်နှင့် ၊ ဘိုးဘေးများအားလုံး မပေါ့ဆဝံ့ဘဲ စတင်လှုပ်ရှားခဲ့ကြသည်။
စူးချန်ကဲသည် သူတို့ ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူဖြစ်သည်။ တားမြစ်စူးမိသားစုထံ မိမိတို့၏ဂုဏ်သတင်း အားလုံးကို အလုယူခံလိုက်ရပါက ၊ ဤသည်မှာ ရှက်စရာပင်မဟုတ်လော။
……
အကယ်၍ စူးချန်ကဲသာ ဤစကားများကို ကြားခဲ့မည်ဆိုပါက ၊ သူသည် စကားမဲ့ကာ သွေးအန်ထွက်မည်ကို စိုးရသည်။ ဘိုးဘေးများ၏ လှည့်ကွက်များကို ချီးကျူးဂုဏ်ပြုသောအားဖြင့် လက်မထောင်ပြနေပေလိမ့်မည်။
ရှေးဘိုးဘေးများ၏ စိုးရိမ်သံဖြင့် ညွှန်ကြားချက်သည် ဒုက္ခအကြီးအကျယ် ကျရောက်လာတော့မည်ဟု စူးချန်ကဲအား ယုံကြည်စေခဲ့သည်။ အမှန်တွင် ၊ စူးချန်ကဲအား သူ့မိသားစုမှ ခေါ်ဆောင်မသွားစေရန် တားဆီးလိုက်ခြင်းပင် ဖြစ်သည်။
ဒီလှည့်ကွက် ဘယ်လောက်တောင် ပြောင်မြောက်လိုက်သလဲ!
အပိုင်း(၆၀၅): အမတနယ်မြေကနေ ဆင်းသက်လာတဲ့ ပြစ်ဒဏ်
တစ်ချိန်တည်းမှာပင်။
တိုက်မြေ သုံးထောင် ကြယ်တာရာကောင်းကင် အပြင်ဘက် ။
အဆိုပါ အမတဘုရင်၏ဟောက်သံကြောင့် ကမ္ဘာကြီးသည် အေးခဲသွားပုံရပြီး ၊ လေထုသည် အနည်းငယ်တင်းမာနေသည်။
နဂိုက အမတဘုရင်သည် ဒေါသတကြီးဖြင့် ဆင်းသက်လာခဲ့သည်။ ဘယ်သကောင့်သားက မိမိ၏ လူများကို တိုက်ခိုက်ဝံ့သနည်း ။
မထင်မှတ်ပဲ၊ သူ့မျက်စိရှေ့ကလူသည် စူးယွင်ယွဲ့ မှန်း မြင်လိုက်ရသည်နှင့် သေမလောက်အောင်ပင် ကြောက်မိသည်။
တားမြစ်စူးမိသားစု၏ အကြီးဆုံးသမီး ။
အမတနယ်မြေ၏ အဆင့်(၁) ပါရမီရှင်။
တတိယမျိုးဆက် ကံကြမ္မာဆက်ခံသူ ။
ကပ်ဘေးကိုးပါး အမတရှင်ဧကရာဇ်တစ်ပိုင်းအဆင့် ။
ဤအထောက်အထားများထဲမှ တစ်ခုနဲ့တင် သူ့ကို အသေသတ်ရန်လုံလောက်သည်။
အမတနယ်မြေ၌ပင် ဤကဲ့သို့ပုဂ္ဂိုလ်မျိုးနှင့် ကြုံတွေ့ရန် ခဲယဉ်းလှသည်။ ယနေ့တွင် သူသည် သူ၏ဆန္ဒကို ထုတ်လွှတ်ကာ တိုက်မြေသုံးထောင်သို့ ဆင်းသက်၍ သူ၏ လက်အောက်ငယ်သားများအတွက် ရပ်တည်လိုခဲ့သော်လည်း ၊ သို့သော် သူသည် ထိုကဲ့သို့သော လူ့ဘီလူးတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသည်။
ယင်းကြောင့် အမတဘုရင်ခမျာ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးရလေတော့သည်။
တစ်ချိန်တည်းမှာပင် သူသည် နားမလည်နိုင်ဖြစ်နေသည်။ မိမိ၏ လက်အောက်ငယ်သားသည် အဘယ်ကြောင့် ဤကဲ့သို့ လူ့ဘီလူးနှင့် ကြုံတွေ့ခဲ့ရသနည်း။
သူတို့ ရရှိထားသောအချက်အလက်များအရ၊ စူးမိသားစုသည် ၎င်းတို့၏သခင်ငယ်ကို ခေါ်ယူရန် ရောက်လာသည်မဟုတ်လော။
မည့်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့လေသနည်း။
အတွေးများက အဆက်မပြတ် ဝင်ရောက်လာပြီး ၊ အကြောက်တရားများဖြင့် ပြည့်နှက်လာခဲ့သည်။ သို့သော်လည်း သူ၏ စူးစမ်းလိုစိတ်က စိတ်ထဲက ကြောက်ရွံ့မှုများကို ကျော်လွှားနိုင်ခဲ့သည်။
အမတဘုရင်က ယဉ်ယဉ်ကျေးကျေး မေးမြန်းလိုက်သည်။
“စူး ... သခင်မလေး စူး... ကျွန်တော်တို့ကြားထဲမှာ နားလည်မှုလွဲနေတဲ့ကိစ္စများ ရှိနေလိမ့်မလား”
စူးယွင်ယွဲ့ ၏ လျစ်လျူရှုသောအမူအရာကိုကြည့်ရင်း၊ အမတဘုရင်က ဂရုတစိုက်ဖြင့် ဆိုလိုက်သည်။
“ကျွန်တော်ရဲ့ လက်အောက်ငယ်သားတွေက သေချာပေါက် အဲ့လိုလုပ်မှာ....”
သူ့စကားမဆုံးခင်။
ဝီ!!
ရုတ်တရက်ဆိုသလို၊ စူးယွင်ယွဲ့ ၏ နောက်ဘက်ရှိ အာကာသဟင်းလင်းပြင်၌ လှိုင်းတံပိုးများ ရိုက်ခတ်ထကြွကာ အဆုံးတွင် ပြိုးပျက်စွာ တောက်ပသော ရွှေဝါရောင်ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ၊ ပေရာနှင့်ချီရှည်လျားသော ကိုယ်ထည်တစ်ခုလုံး ထိန်လင်းတောက်ပနေသော နတ်သင်္ဘောများသည် အဆိုပါ ရွှေဝါရောင်ဝဲဂယက်ထဲကနေ ဖြည်းညှင်းစွာ ထွက်ထွက်ပေါ်ကာ ဤနေရာသို့ ထိုးဖောက်ဝင်ရောက်လာကြသည်။
၎င်းတို့၏အရေအတွက်သည် များပြားလွန်းသဖြင့် ကောင်းကင်ကြီးကို ကာရံထားပြီး သိပ်သည်းစွာဖြင့် ရှိနေသော နဂါးငွေ့တန်း ကြယ်စင်များအလား ထင်မှတ်ရသည်။
အမြင်အာရုံကို ပို၍ဖမ်းစားနိုင်ခဲ့သည့်အရာမှာ သင်္ဘောတစ်စင်းချင်းစီတိုင်းတွင် တန်ခိုးကြီးမားသော ပုဂ္ဂိုလ်များစွာ ရှိနေခြင်းပင် ဖြစ်သည်။
ထိုသူတို့သည် အထက်တန်းဆန်ကာ ထူးကဲသော စရိုက်လက္ခဏာများ ရှိကြပြီး ၊ လူတိုင်း မော်ကြည့်ရသည့် အတုမရှိ ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်များဖြစ်သည့် တားမြစ် စူးမိသားစု၏ အဖွဲ့ဝင်များပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ ကောင်းကင်ယံ၌ စစ်သင်္ဘောများ၊ နတ်ငှက်များနှင့် သားရဲကောင်တို့သည် ကြယ်များသည် လပြည့်ဝန်းကို ဝန်းရံထားသကဲ့သို့ စူးယွင်ယွဲ့ အား ဗဟိုပြုလျက် ဝိုင်းရံကာ ဆင်းသက်လာကြသည်။
မူလက စူးယွင်ယွဲ့ နှင့် ညှိနှိုင်းဆွေးနွေးမည်ဟု ကြံစည်ထားခဲ့သော အမတဘုရင်သည် ထိုမြင်ကွင်းကြောင့် ဆွံ့အစွာဖြင့် ကြောင်တတ်တတ် ရပ်ကြည့်နေသည်။
သူကျင့်ကြံအားထုတ်လာသည့် နှစ်ပေါင်းများစွာအတွင်း ၊ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတစ်ခါမျှပင် မကြုံတွေ့ဖူးခဲ့ပေ။
သူ့အနေဖြင့် အပိုစကားထပ်ပြောမိပါက ၊ သူ့ အသက် ဆုံးရှုံးရတော့မည်မှာ သေချာသည်။
ထိုလူနှင့်ပတ်သတ်၍ ၊ စူးယွင်ယွဲ့သည် သိပ်စိတ်ဝင်စားမှုမရှိခဲ့ပေ။ သူမသည် မိမိ၏ မောင်ဖြစ်သူ စူးချန်ကဲကိုသာ တွေ့ဆုံရန် စိတ်အားထက်သန်နေခဲ့သည်။
ထို့ကြောင့် သူမသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။
“ အားလုံး အသင့်ပြင် ၊ ကိုယ့်စွမ်းအားကို အနိမ့်ဆုံးအဆင့်ထိ ဖိနှိပ်ထားကြ ၊ ပြီးတာနဲ့ တိုက်မြေ သုံးထောင်ကို ဆင်းသက်ဖို့ အဆင်သင့်ဖြစ်ပါစေ!”
“ ဟုတ်!”
စူး မိသားစုမှအဖွဲ့ဝင်များသည် တညီတညွတ်တည်း တုံ့ပြန်ပြီးနောက်တွင် ၊ သူတို့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားအားလုံးကို အသက်သွင်းကာ ၎င်းတို့၏ရောင်ဝါများကို တတ်နိုင်သမျှ လျော့ချခဲ့ကြသည်။
ယခုအခါတွင် နယ်မြေနှစ်ခုသည် ချိတ်ဆက်ထားပြီး ဖြစ်သော်လည်း ၊ သို့သော် တိုက်မြေ သုံးထောင်၏ နိယာမတရားများသည် အလွန်အားနည်းနေသေး၏။
သူတို့အားလုံးသည် လက်ရှိကျင့်ကြံဆင့်ဖြင့် ဤနေရာသို့ ဆင်းသက်လာပါက၊ တိုက်မြေ သုံးထောင်တစ်ခုလုံးသည် ၎င်းတို့၏ ရောင်ဝါကြောင့် ကွဲအက်သွားပေလိမ့်မည်။
ဤအခိုက်အတန့်တွင်၊ စူးယွင်ယွဲ့ သည် နေရာတွင် ကြောင်တတ်တတ်ဖြင့် ရပ်နေသော အမတဘုရင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
အမတဘုရင်အနေဖြင့်၊ စူးယွင်ယွဲ့ ၏ ဆိုလိုရင်းကို မည်သို့မသိရှိမည်နည်း။
သူမနဲ့ အပေးအယူလုပ်ရအောင် သူ့လိုလူက ဘယ်နားကသတ္တိရှိမှာလဲ!?
အသက်ရှည်လွန်းတယ်ထင်လို့ ကြိုးဆွဲချသေတာနဲ့ မတူဘူးလား !?
“ သခင်မလေး စူး ၊ စိတ်အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ် ၊ ကျွန်တော် ခုပဲ ထွက်သွားပါတော့မယ် “
ထိုစကားပြောပြီးသည်နှင့် ၊ အမတဘုရင်ခမျာ နည်းနည်းမှ မတွန့်ဆုတ်ဝံ့ဘဲ သူ၏ဓမ္မကာယ ကိုယ်ထည်နှင့် ဆက်နွယ်မှုကို ချက်ချင်းပင် ဖြတ်တောက်ပစ်ခဲ့သည်။
ဤအရာသည် သူ့အတွက် တန်ပြန်သက်ရောက်မှု ဖြစ်စေခဲ့သော်လည်း ၊ သို့သော် ၎င်းက အမြန်ဆုံးနည်းလမ်းပင် ဖြစ်သည်။
အကယ်၍ စူးယွင်ယွဲ့ ကို စိတ်ဆိုးအောင်လုပ်မိပြီး၊ သူမသာ အရေးယူခဲ့လျှင်ဖြင့် သူ၏မူလခန္ဓာကိုယ်သည်ပင် တစ်ပါးတည်း ပျက်သုန်းကိန်းစိုက်ပေတော့မည်။
မူလက ဤတာဝန်သည် ကောင်းသောအလုပ်ဟု သူထင်ခဲ့သည်။ ထို့ကြောင့် သူသည် အမတ ဧကရာဇ်မင်းနှစ်ပါးထံ ခခယယတောင်းဆိုခဲ့သည်။
သို့သော် လက်ရှိတွင် ဤအဖြစ်အပျက်ကြီးသည် သူ့ဘဝအတွက် အရိပ်မည်းကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့မည်မှာ ဧကန်မလွဲပင်။
တိုက်မြေသုံးထောင် ?
လုရမ်အမတဘုရင်သည် ဤသို့ကြေညာသွားသည် - တိုက်မြေ သုံးထောင် သေတောင်ပြန်မလာဘူး !
………
တစ်ချိန်တည်းမှာပင်။
လှည့်စားခံလိုက်ရသော စူးချန်ကဲသည် ကွေးယွမ်သို့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့သည်။
သူ့အတွက် ရင်းနှီးကျွမ်းဝင်သော နေရာဒေသကို ပြန်လာခဲ့သော်လည်း၊ စူးချန်ကဲမှာ ယခုထိတိုင် ရင်တစ်ခုလုံး တုန်လှုပ်နေဆဲဖြစ်သည်။
သူ၏ခွန်အားအပေါ် ယုံကြည်ချက်ရှိသော်လည်း ၊ သို့သော် ဤအရာသည် သူ နားလည်ထားသော နယ်ပယ်ထက်ကို ကျော်လွန်နေခဲ့သည်။
အနည်းဆုံးတော့ အမတဘုရင်အဆင့်လောက်တော့ ရှိမယ်!
“ဒါ အတော်လေး ချဲ့ကားလွန်းသွားပြီ မဟုတ်လား “
စူးချန်ကဲသည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ လူနည်းနည်းလေး သတ်လိုက်တာ ၊ ဒီလောက်ကြီးထိ လုပ်ဖို့လိုလို့လား!?”
အမတနယ်မြေရှိ လူအိုကြီးများသည် တိုက်မြေ သုံးထောင်ရှိ လူအိုကြီးများထက် ပို၍ သည်းခံနိုင်စွမ်းရှိကြမည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် ၊ ထင်မှတ်မထားသည်မှာ တိုက်မြေရှိ လူအိုကြီးများက ၎င်းတို့၏ သားသမီးများကို ဤမျှအထိ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။
စူးချန်ကဲတစ်ယောက် တီးတိုးရေရွတ်နေစဉ် ၊ မျဲ့ရှန်း ရှေးဘိုးဘေး၏ အသံသည် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
“ ချန်ကဲ ၊ ကွေးယွမ်ဘိုးဘွားပိုင်မြေကို မြန်မြန်လာခဲ့ ၊ ဒီကိစ္စကို ငါတို့ကိုင်တွယ်လိုက်မယ်”
“မင်း ငါ့အမိန့်မပါဘဲ ထွက်မလာနဲ့!”
ထိုစကားကိုကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲတစ်ယောက် အမည်မသိနွေးထွေးမှုကို ခံစားလိုက်ရသည်။
အားကောင်းသည့် နောက်ခံရှိခြင်းသည် လူကို လုံခြုံသော ခံစားချက်မျိုးကိုပေးစွမ်းနိုင်ပေသည်။
သို့သော် ၊ သူ့ဘက်ကနေ ပြန်လည်မတုံ့ပြန်ရသေးခင်၊
ဝုန်း ——!!
အထက်ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းသော မြည်ဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ အမတလမ်းစဉ်ဆိုင်ရာ နိယာမတရားတို့သည် ပြင်းထန်စွာ လှုပ်ခတ်လေတော့သည်။
ကောင်းကင်ယံမှ လှိုင်းထနေသည့် အသံလှိုင်းများသည် ကမ္ဘာမြေကြီးအပြင် တောင်တန်းများကိုပါ တုန်ခါသွားစေပြီး ၊ မရေမတွက်နိုင်သော မြစ်များနှင့် ပင်လယ်များတွင် ကြောက်မက်ဖွယ်လှိုင်းလုံးကြီးများကို နှိုးဆော်ခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ခတ်သွားစေသည့် ကျယ်လောင်သံနှင့်အတူ ၊ သက်ရှိသတ္တဝါအားလုံးကို အသက်ရှုမဝဖြစ်စေသည့် ဖိအားများလည်း ရှိနေခဲ့သည်။
တိုက်မြေ သုံးထောင်အတွင်းရှိ ကျင့်ကြံသူတိုင်း ကျင့်ကြံဆင့် မည်သို့ပင်ရှိပါစေ ၊ ဤကြောက်ခမမ်းလိလိ ဖိအားမျိုးကို ခံစားလိုက်ရသည်နှင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကြပြီး ၊တစ်ကိုယ်လုံး တုန်ရီသွားကြသည် ။
“ဒါ...ဒါ ဘာတွေဖြစ်နေတာလဲ!?”
“ဘာလို့ ဒီလိုရုတ်တရက်ကြီး အပြောင်းအလဲဖြစ်နေတာလဲ ...မဟုတ်မှလွဲရော ဒီရဲ့ကောင်းကင်ဘုံပြစ်ဒဏ်က အမတနယ်မြေကလား”
“…….”
ဝုန်း ! ဝုန်း !
အသံလှိုင်းများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်သွားပြီး ၊ တိမ်များထက်တွင် မရေမတွက်နိုင်သော ကြယ်စင်များက တဖျပ်ဖျပ် တောက်ပနေသည်။
ဤအခိုက်အတန့်တွင် တိုက်မြေသုံးထောင်ရှိ သတ္တဝါအပေါင်းတို့သည် ကောင်းကင်ယံ၌ ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ထိတ်လန့်တကြားဖြင့် မော့ကြည့်နေကြသည်။
တောက်ပသော နတ်အလင်းရောင်များ ဖြာထွက်နေသော အရာဝတ္ထုတို့သည် အလွန်လျင်မြန်သောအရှိန်ဖြင့် ကွက်လပ်ကိုဖြတ်ကျော်ကာ တိုက်မြေသုံးထောင်ဆီသို့ ဆင်းသက်လာကြသည်။
စစ်မှန်အမတတစ်ဦးဆိုလျှင်ဖြင့်၊ ဤပြင်းထန်လှသော ဖိအားကြောင့် ခဲရာခဲစစ် အသံပြုလိုက်သည်။
“ဒါက အမတနယ်မြေရဲ့ စီရင်ချက်လား...?”
အပိုင်း(၆၀၆): အမှန်တရားသည် ထိတ်လန့်စရာကောင်းသည်
“ သေစမ်း ဒီလူတွေ အဲ့သလောက်ထိ မြန်မြန်ဆန်ဆန် ရောက်လာမယ်လို့ ငါ မထင်ခဲ့ဘူး!”
“ လူကို နည်းနည်းမှကို အခွင့်အရေးမပေးဘူးပဲ!”
ရှေးဘိုးဘေးက ဆဲဆိုရင်း ၊ ချက်ချင်း အမိန့်ချမှတ်လိုက်သည်။
“ကွေးယွမ်သူတော်စင်နယ်မြေရဲ့ မှော်ဖွဲ့စည်းပုံကို ဖွင့်လိုက်တော့ ဘယ်လိုတန်ကြေးမျိုး ပေးဆပ်ပါရစေ ချန်ကဲကိုခေါ်သွားခွင့်မပြုနိုင်ဘူး !”
“ဟုတ်ကဲ့!”
ရှေးဘိုးဘေး၏ အမိန့်အတိုင်း ၊ ကွေးယွမ်သူတော်စင်နယ်မြေမှ ဘိုးဘေးများနှင့် တပည့်များသည် အတူတကွ လှုပ်ရှားခဲ့ကြပြီး ၊ ကွေးယွမ်သူတော်စင်နယ်မြေ၏ ကာကွယ်ရေးဖွဲ့စည်းပုံကို ဖွင့်ရန် စတင်ခဲ့ကြသည်။
ဝုန်း ! ဝုန်း !
အလင်းတန်းမျိုးစုံသည် ကောင်းကင်သို့ ပစ်ခွင်းဝင်ရောက်သွားပြီး ၊ အဆုံးတွင် အလွန်ခိုင်ခံ့သော အကာအကွယ်ကြီးတစ်ခုအဖြစ် ကွေးယွမ်သူတော်စင်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဒင်!
ထိုအချိန်တွင် ၊ ကွေးယွမ်သူတော်စင်နယ်မြေ၏ အတွင်းပိုင်းမှ ခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာပြီး ၊ ကောင်းကင်တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။
ပြိုးပျက်စွာ တောက်ပနေသော ပရမ်းပတာအလင်းတန်းများ ထွက်ပေါ်လာပြီး ၊ ခရမ်းရောင်စဉ်တန်းများ ကျဆင်းလာကာ အဆုံးတွင် ကွေးယွမ် ပရမ်းပတာခေါင်းလောင်း၏ ပုံစံအဖြစ်သို့ ဖွဲ့စည်းသွားသည်။
ဤသည်မှာ ပရမ်းပတာခေါင်းလောင်း၏ တတိယမြောက် ထွက်ပေါ်ခြင်းဖြစ်ပြီး ၊ ဤတစ်ခေါက်တွင် သူ၏ စွမ်းအားသည် အရင်ကထက်စာရင် များစွာ အားကောင်းလာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ၊ ကောင်းကင်လမ်းစဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ အနှိုင်းမဲ့ ကောင်းကင်လမ်းစဉ် အာဏာစက်ဒိုင်းလွှာကို စုပ်ယူပြီးနောက်တွင် ၎င်းသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဖြစ်သည်။
ကွေးယွမ် ပရမ်းပတာခေါင်းလောင်း၏ ဘေးပတ်ပတ်လည်ရှိ အာကာသဟင်းလင်းပြင်သည် ဖန်ကဲ့သို့ ကွဲအက်သွားသည်။ ခေါင်းလောင်း၏ မျက်နှာပြင်မှ ဖြာထွက်လာသော မဟာလမ်းစဉ်၏ တာအိုစည်းချက်များက နေ၊လ နှင့် ကြယ်များ၏ အဓိပ္ပာယ်ကိုဖွင့်ဆိုကာ ဖော်ကျူးနေကြသလိုပင်။
ဒင်——!!
ခေါင်းလောင်းသံ တစ်ချက် ထပ်မံ ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော ခေါင်းလောင်းသဏ္ဍာန် အသွင်ပုံရိပ်များသည် ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်။ ခေါင်းလောင်းသံသည် ပို၍ ပြင်းထန်လာသည်နှင့် အလျောက် ၊ နိယာမတရားတို့သည် ပဲ့တင်ထပ်ကာ ရိုက်ခတ်နေသည်။
ဤဖြစ်စဉ်သည် ကွေးယွမ်သူတော်စင်နယ်မြေ၏ အကာအကွယ်ဖွဲ့စည်းပုံအောာက်တွင် နောက်ထပ် အလွှာတစ်ခုကို ထပ်မံ ဖြည့်ဆည်းပေးခဲ့ပုံရသည်။
အဆိုပါမြင်ကွင်းကြောင့် စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။
ကွေးယွမ်သူတော်စင်နယ်မြေအား ဤမျှကြီးစွာသော ပြင်ဆင်မှုများကို ပြုလုပ်ရစေသည့်အထိ၊ တစ်ဖက်အဖွဲ့သည် မည်မျှတောင် အင်အားကြီးမားလေသနည်း။
“ရောက်လာပြီ!”
ဘိုးဘေးတစ်ဦး၏စကားသံအဆုံးတွင် ၊
အကန့်အသတ်မရှိ ကျယ်ပြန့်လွန်းသည့် စွမ်းအင်စက်ကွင်းကြီးသည် အောက်သို့ ဆင်းသက်လာသည်။
ဤအခိုက်အတန့်တွင်၊ တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါများစွာတို့သည် ကောင်းကင်ယံထက်က ထူးဆန်းအံ့ဖွယ်ရာမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည် ။
ဘယ်နေရာကိုပင်ကြည့်ကြည့် ၊ ပြိုကျအက်ကွဲနေသော တိမ်တိုက်များကြား ပြိုးပျက်စွာ တောက်ပနေသော မရေမတွက်နိုင်သည့် နတ်သင်္ဘောများစွာသည် ထိုနေရာမှ ဖြည်းညှင်းစွာထွက်ပေါ်လာလေသည်။
သူတို့သည် အာကာသကို ဖြိုခွင်းကာ ဖြတ်ကျော်ဝင်ရောက်လာသော ကြယ်တာရာတပ်ဖွဲ့ကြီးနှင့် တူပြီး၊ ကွေးယွမ်သူတော်စင်နယ်မြေဆီသို့ ချဉ်းကပ်ဆင်းသက်လာသည်။
အထူးသဖြင့် ရှေ့ဆုံးမှ ဦးဆောင်လာသော နတ်သင်္ဘောသည် ပေထောင်ချီရှည်လျားပြီး ၊ မည်သည့်အမျိုးအမည် ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း၊ ၎င်းမှ ပြိုးပျက်စွာ တောက်ပနေသော နတ်အလင်းတန်းများစွာ ပွင့်လန်းထွက်ပေါ်နေသည်။
ထိုအရာထက် ပို၍ ထူးဆန်းသည်မှာ၊ ထိုနေရာမှ ပျံ့လွင့်လာသော သက္ကတသံစဉ်များကို ကြားနေရသည့်အပြင် ပျံသန်းကခုန် ပျော်မြူးနေကြသော နဂါး ဇာမဏီ နတ်ဌက်တို့ကိုလည်း မြင်တွေ့နေရခြင်း ဖြစ်သည်။
ဒါတင်မက ၊ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသော သင်္ဘောပျံများပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော ပုံရိပ်များစွာကို မြင်တွေ့နေရသည်။
သူတို့၏ စရိုက်လက္ခဏာများသည် အေးဆေးတည်ငြိမ်ပြီး ၊ ၎င်းတို့တစ်ယောက်ချင်းစီတိုင်းက ဖော်ပြရန်ခက်ခဲသော စွမ်းအားများကို ဖြန့်ကျတ်ထားကြသည်။
နတ်ဘုရားများကဲ့သို့ပင် စကားတစ်လုံး ရေရွတ်လိုက်ရုံဖြင့် ၊ ကောင်းကင်နှင့်မြေကြီး ၊ နေနှင့်လတို့ကို ထိန်းချုပ်ကာ စကြဝဠာတစ်ခွင်လုံးကို စိုးမိုးနိုင်စွမ်းရှိပုံရသည်။
ဤကြောက်မက်ဖွယ်ရာ ပုံရိပ်များကို မြင်တွေ့ရသူ မည်သူမဆို၊ စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားရသည် ။
သို့သော်၊ လူတိုင်း၏ ထိတ်လန့်မှုသည် ဤမျှနဲ့တင် ရပ်တန့်မသွားပေ။
အကြောင်းမှာ၊ ထိုနတ်သင်္ဘောများပေါ်တွင် လေနှင့်အတူ လွင့်မျောတိုက်ခတ်နေသော ရွှေဝါရောင် မျိုးနွယ်စုအလံ၌ ‘ တားမြစ် စူးမိသားစု ‘ ဟု ရေးထွင်းထားသော အလံကို လွှင့်ထူထားခြင်းကြောင့် ဖြစ်သည်။
အလံပေါ်ရှိ စာလုံးများသည် လျို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။ မိုင်ပေါင်းထောင်ချီ ဝေးကွာပါသော်လည်း ၊ ဤလောကထက် သာလွန်သော တာအိုစည်းချက်များ ပြင်းထန်စွာဖြာထွက်နေသဖြင့် ၊ ထိုစာလုံးကိုမြင်လိုက်ရသူတိုင်း ရင်တုန်သွားကြသည်။
“ တားမြစ် ...စူးမိသားစု?”
ဤမြင်ကွင်းကို ကြည့်ရှုနေကြသော စွမ်းအားရှင်များပင်လျှင် ကြောက်ရွံ့မှုကြောင့် ကိုယ့်တံတွေးကို ပြန်မျိုချရသည့်အထိပင်။
မည်မျှအင်အားကြီးမားသော အင်အားစုပင် ဖြစ်စေ၊ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင်ဖြစ်စေ ‘ တားမြစ် ‘ဆိုသည့် စကားလုံးနှစ်လုံးကို မည်သို့အလွယ်တကူ သုံးစွဲဝံ့မည်နည်း ။
ဤလောကရှိ မဟာလမ်းစဉ်တို့သည် အချင်းချင်းဆက်နွယ်နေသည်ကို သင် သိထားရမည်။ အကယ်၍ ကြိုက်သလိုနာမည်ပေးဝံ့ပြီး ၊ အောင်မြင် ကျော်ကြားမှုမျိုး မရှိပါက မဟာလမ်းစဉ်၏ အပြစ်ပေးခြင်းကို ဧကန်မုချခံရမည်ဖြစ်သည်။
သို့သော် ဤအဖွဲ့အစည်းကို ကြည့်လျှင်ဖြင့်၊ ‘ တားမြစ်’ ဟူသော အမည်နာမသည် ဤအဖွဲ့အစည်း စတင်တည်ထောင်ကတည်းက ပေါ်ပေါက်ခဲ့သည်မှာ သေချာသည်။
ဤပုံရိပ်များနှင့် အာကာသသင်္ဘောများသည် ကြယ်တာရာများ၏ဝိုင်းရံခံထားရသော လတစ်စင်းကဲ့သို့ ကွေးယွမ်သူတော်စင်နယ်မြေဆီသို့ ဆင်းသက်လာသည်ကို မြင်လိုက်ရသဖြင့် ၊ အခြားသော စွမ်းအားရှင်များ၏ စိတ်ထဲတွင် ကျေနပ်မှုများဖြစ်ပေါ်နေကြသည်။
“ဟားဟား... ကွေးယွမ်သူတော်စင်နယ်မြေက အထက်စီးဆန်လွန်းလို့ အမတနယ်မြေက အင်အားအကြီးဆုံးတပ်ဖွဲ့တွေကို စေလွှတ်ပြီး သူတို့ကို ပြစ်ဒဏ်ပေးခိုင်းတာ ဖြစ်ရမယ် “
“ ကွေးယွမ်သူတော်စင်နယ်မြေလည်း နောက်ဆုံးတော့ အပြစ်ပေးခံရတော့မယ်!”
“ခေတ်ကာလများစွာကြာအောင် စိုးမိုးခဲ့တဲ့ ကွေးယွမ်သူတော်စင်နယ်မြေက အမတနယ်မြေကို ဖွင့်လှစ်လိုက်တဲ့ ခုလိုခေတ်သစ်မှာ ပျက်သုဉ်းရတော့မယ်ဆိုတော့... တကယ်ကို ရယ်စရာကောင်းတာပဲ!”
“…….”
လူတော်တော်များများ၏ စိတ်ထဲတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ စူးချန်ကဲသည် အလွန်တောက်ပလွန်းပြီး သန်မာလွန်းသည်။ သူ့နောက်က ကွေးယွမ်သူတော်စင်နယ်မြေသည်လည်း ထိုနည်းတူစွာပင်။
လောကသစ် ဇာတ်စင်သည် အသင့်ဖြစ်နေပြီး ဖြစ်ပြီး ၊ သူတို့အားလုံးသည် ထိုစင်မြင့်ပေါ်တွင် ရပ်လိုကြသည်။ ဤစင်မြင့်ပေါ်တွင် သူတို့၏ အင်အားစု သို့မဟုတ် သူတို့မျိုးနွယ်စု၏ ပါရမီရှင်များ တတ်လှမ်းနိုင်စေရန် မျှော်လင့်စောင့်စားနေကြသည်။
ယခုအခါတွင် ကွေးယွမ်သူတော်စင်နယ်မြေသည် အလွန်ကြီးမားသော ဘေးဆိုးကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ရာ၊ သူတို့အတွက် ဤအရာထက်ပို၍ ဝမ်းမြောက်စရာကောင်းသည့်အရာ မရှိ။
ထိုအချိန်တွင်၊ အေးစက်သော အသံသည် အရပ်ရှစ်မျက်နှာတစ်ခွင်လုံးကို ပျံ့နှံ့ရိုက်ခတ်သွားသည်။
“ ငါ့တားမြစ် စူးမိသားစု တိုက်မြေသုံးထောင်ကို ရောက်ရှိလာတယ်ဆိုတာ ကိစ္စတစ်ခုကြောင့်ပဲ၊ ဒီနေရာမှာ ရှိတဲ့သူတိုင်း နားထောင်ကြ”
ထိုစကားသံအပြီးတွင်၊ လူတိုင်း အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဦးဆောင်လာသော နတ်သင်္ဘောကြီး၏ ရှေ့ဆုံးပိုင်းတွင် အရောင်စုံလင်စွာ ဝတ်ဆင်ထားသော လှပသောအမျိုးသမီးတစ်ဦး ရပ်နေလေ၏။
ရွှေချည်မျှင်ဖြင့်ရက်လုပ်ထားသော ဇာမဏီဌက်ပုံစံ အင်္ကျီကို ဆင်မြန်းထားပြီး ၊ ဇာမဏီပုံထိုးထားသော ခါးပတ်ကို သူမ၏ခါးတစ်ဝိုက်တွင် စည်းထားလေရာ ၊ ယင်းက သူမ၏ သွယ်လျလှပသော ကိုယ်ခန္ဓာကို အပြည့်အဝ ဖော်ကျူးနေလေ၏။
သူမ၏အဝတ်အစားများသည် လေ၏ ဝှေ့ယမ်းတိုက်ခတ်မှုအောက်တွင် တဖျပ်ဖျပ်ခတ်လျက် ၊ လက်ရာမြောက်သော အသွင်အပြင်နှင့်အတူ နေရာတွင်ရပ်နေရုံမျှဖြင့် သူမ၏ မြင့်မြတ်သော အသွင်အပြင်ကို ပြသနေသည်။ ဤကမ္ဘာလောကရှိ ဖြစ်တည်မှုတိုင်းသည် သူမ၏မျက်လုံးထဲတွင် မြက်ပင်မျှသာ ဖြစ်သကဲ့သို့ပင်။
သို့သော် သူမ၏ ရွှန်းလဲ့တောက်ပသော မျက်ဝန်းတစ်စုံသည် စူးချန်ကဲဘက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် နဂိုက ရှိနေခဲ့သည့် မျက်ဝန်းထဲက အေးစက်မှုများသည် ချက်ချင်းပင် ကွယ်ပျောက်သွားပြီး ယင်းအစား နွေးထွေးမှု နှင့် လွမ်းဆွတ်မှု အရိပ်အမြွက်များကို တွေ့မြင်နေရသည်။
ထိုအမျိုးသမီးနှင့် မျက်နှာချင်းဆိုင်ကြည့်နေသော စူးချန်ကဲသည်လည်း သူမ၏မျက်လုံးထဲရှိ သဘောထားကို ရိပ်စားမိပြီး၊ ယင်းက သူ့ကို အနည်းငယ် တွေဝေသွားစေသည်။
ဤလူများသည် သူသတ်ခဲ့သော စစ်မှန်အမတများအတွက် လာရောက်ခြင်းဖြစ်သည် မဟုတ်လော။
သို့သော် သူမ၏ မျက်ဝန်းထဲ၌ မြင်တွေ့နေရသော လွမ်းဆွတ်မှုသည် မည်သည့်အဓိပ္ပာယ်နည်း။
သို့သော် အမှန်တရားကို မသိကြသေးသော တိုက်မြေ သုံးထောင်မှ လူများသည် စိုးရိမ်ပူပန်မှုများ ဖြစ်နေကြသည်။ ဤကြေညာချက်သည် ကွေးယွမ်သူတော်စင် နယ်မြေကို အပြီးတိုင် ချေမှုန်းရန် ရည်ရွယ်နေခြင်း ဖြစ်ပေမလော။
တိုက်မြေသုံးထောင်ရှိ သက်ရှိအားလုံး၏ အကြည့်များသည် ဤနေရာတွင် စုဝေးနေကြသည်။
သို့သော် သူတို့မြင်လိုက်ရသည်မှာ စူးမိသာစုဝင်များသည် စူးချန်ကဲရှိရာ ဦးတည်ရာဘက်သို့ ဦးညွှတ်လျက် ကြွေးကြော်လိုက်ကြသည်။
“ ဟွမ်ကျီအမတနယ်မြေ ၊ တားမြစ် စူးမိသားစု မှ သခင်ငယ်ကို ကြိုဆိုပါတယ်”
………
ဤအခိုက်အတန့်၌ ၊ အဆိုပါ ကြွေးကြော်သံသည် တိုက်မြေသုံးထောင်တစ်ခုလုံး ပျံ့လွင့်ကာ သက်ရှိသတ္တဝါတိုင်း၏ နားထဲသို့ ရောက်ရှိလာသည်။
အာကာသတစ်ခုလုံး အေးခဲသွားသကဲ့သို့ လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။
စူးချန်ကဲပင် အံ့သြနေသည်။
အမှန်တရားကို မသိသေးသော ကွေးယွမ်၏ တပည့်များသည်လည်း အံ့အားသင့်သွားကြသည်။
တိုက်မြေသုံးထောင်ရှိ လူတိုင်းလည်း အံ့အားသင့်လျက် ။
လောကတစ်ခွင်ရှိ သက်ရှိသတ္တဝါတိုင်း အံ့ဩထိတ်လန့်စွာဖြင့် ရှိနေကြသည်။
အတုမရှိ ပြိုင်ဘက်ကင်းသော စွမ်းအားရှင်များသည် အာကာသယာဉ်ကို ကိုယ်တိုင်ကိုယ်ကျ စီးနင်းကာ ရောက်ရှိလာကြသည်။
လတ်စသတ်တော့.. စူးချန်ကဲကို အမတနယ်မြေကို ပြန်လည်ခေါ်ဆောင်ဖို့ ရောက်ချလာသတဲ့လား !?
ဒါ ဖြစ်သင့်ရဲ့လား !?
ဒါ လူကို တမင်သက်သက် ကြွားလုံးထုတ်ပြနေတာ မဟုတ်လား!?
ခေါင်းထဲတွင် အချက်အလက်အားလုံးကို သေချာစီစစ်ပြီး နားလည်သွားပြီးနောက်တွင် ၊
ကွေးယွမ်ရှိ တပည့်များအားလုံး မနာလိုဖြစ်ကုန်ကြသည်။
တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါတို့သည်လည်း မနာလိုဖြစ်လျက် ။
ဒေဝလောကတစ်ခွင်ရှိ လူတိုင်း ရှာလကာရည် လောင်းချခံလိုက်ရသည့်အတိုင်း ဖြစ်ကုန်ကြသည်။
ဘုရားရေ ! ဆက်ခံသူ သခင်ရဲ့ နောက်ခံက တားမြစ်အင်အားစုတဲ့လား !!