အခန်း (၆၀၇-၆၀၈)
Vol. 45 Ch. 607-608
အပိုင်း(၆၀၇): စိတ်ထိခိုက် ခံစားခဲ့ရသော သက်ရှိသတ္တဝါအပေါင်း
၎င်းတို့၏ ကြွေးကြော်သံသည် တိုက်မြေ သုံးထောင် တစ်ခွင်လုံး ပျံ့နှံ့ရိုက်ခတ်သွားသည်။
မည်သည့်ကျင့်ကြံသူမဆို ၊ မည်သို့သော သက်ရှိသတ္တဝါမဆို မျက်လုံးပြူး မျက်ဆံပြူးဖြင့် နေရာတွင် ရပ်နေကြသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားသော တိုက်မြေ သုံးထောင်၌ ထိတ်လန့်တုန်လှုပ်နေကြသည့် အာမေဋိတ်သံများစွာ ထွက်ပေါ်လာခဲ့သည်။
“ ဘုရားရေ၊ ချန်ကဲထျန်းတိ့က တကယ်တော့ အမတနယ်မြေက တန်ခိုးအကြီးမားဆုံး အင်အားစုရဲ့ သခင်ငယ်တဲ့လား “
“အိုင်း... ချန်ကဲ ထျန်းတိ့မှာ ကွေးယွမ်သူတော်စင် နယ်မြေရဲ့ ကျောထောက်နောက်ခံ ရှိတယ်ဆိုတာ ထားပါဦး ၊ အခုလည်း တားမြစ် စူးမိသားစုဆိုပြီး ရောက်လာပြန်ပြီ ဒီလိုနောက်ခံမျိုးနဲ့ ဘာကြောင့်များ ကျင့်ကြံနေသေးတာလဲ”
“ဒီလိုနောက်ခံမျိုးနဲ့သာဆို အိပ်ရင်းနဲ့တောင် မဟာလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တယ်”
“ချန်ကဲထျန်းတိ့ရဲ့ ပင်ကိုယ်စွမ်းရည်က အလွန်ထူးကဲတယ် သူ့နောက်ခံနဲ့သာဆို ဒေဝလောကတစ်ခုလုံးရဲ့ အရှင်သခင် ဖြစ်ဖို့ အနှေးနဲ့အမြန်ပဲ!”
“………”
လူတိုင်းထိတ်လန့်တုန်လှုပ်နေကြသည်။
တားမြစ် စူး မိသားစု၏ နောက်ခံသည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းပြီး ၊ အမတ နယ်မြေတစ်ခုလုံးတွင် ကျော်ကြားသောအင်အားစု ဖြစ်မည်မှာ သူတို့ သေချာပေါက် အာမခံနိုင်သည်။
ထို့အပြင် သူတို့သည် ‘သခင်ငယ်’ ဟူသော စကားလုံးကို ဖမ်းဆုပ်နိုင်ခဲ့သည် ။
တားမြစ် စူး မိသားစုအတွင်း ၊ စူးချန်ကဲ၏ အဆင့်အတန်းသည် မည်မျှမြင့်မားသည်ကို သိနိုင်သည်။
ယခုအချိန်တွင်၊ တိုက်မြေသုံးထောင်ရှိ လူတိုင်း၏ အကြည့်များက ကွေးယွမ် သူတော်စင် နယ်မြေအပေါ်တွင် အာရုံစိုက်နေကြသည်။
ဤအခိုက်အတန့်တွင်၊ အမှန်တရားကို မသိထားသော စူးချန်ကဲသည် ကြောင်တက်တက်ဖြင့် နေရာတွင် ရပ်ကြည့်နေသည်။
“တားမြစ် စူးမိသားစု... ငါက..သခင်ငယ်. ...?”
စူးချန်ကဲတစ်ယောက် စိတ်ရှုပ်ထွေးနေသည် ။ မိမိ၏ နောက်ခံမိသားစုသည် ဤအတိုင်းအတာတစ်ခုထိ ရှိမည်ကို သူ သိထားသော်လည်း ၊ သို့သော် ၎င်းတို့သည် သူ့ကို ပြန်လည် ခေါ်ဆောင်ရန် အမတနယ်မြေကနေတောင် ဆင်းသက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ထို့အပြင်၊ ကောင်းကင်ပြင်တစ်ခွင် ပြည့်နှက်နေသော အာကာသသင်္ဘောများကို ကြည့်လျှင်ဖြင့် တားမြစ် စူးမိသားစုသည် မည်မျှအင်အားတောင့်သည်ကို ပြသနေသည်။
ဤကဲ့သို့သော ကြိုဆိုယာဉ်များစွာ ရောက်ရှိလာသည့်အပေါ် လူကို အထင်ကြီးစေသည့်ပုံပေါက်စေသော်လည်း သို့သော် အမှန်တရားကို မသိသေးသော စူးချန်ကဲခမျာ ကြားကနေ ကသိကအောက် ဖြစ်နေရှာသည်။
သို့သော် ၊ ဤကဲ့သို့ အင်အားတောင့်တင်းသော မိသားစုကြီးသည် သူ၏မှတ်ဉာဏ် အစိတ်အပိုင်းများကို အဘယ်ကြောင့် တမင်ဖျက်ပစ်ခဲ့သနည်း။ သူသည် ယခုထိတိုင် စူးမိသားစုနှင့် ပတ်သတ်၍ နည်းနည်းမှပင် မမှတ်မိချေ။
အထူးအကြောင်းရင်းတစ်ခုခုကြောင့် သူ၏ မှတ်ဉာဏ်များမှာ ပျောက်ကွယ်သွားခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် ပိုးအိမ်ကနေ လွတ်မြောက်ရန် အောက်ကမ္ဘာသို့ အတွေ့အကြုံယူရန် ဆင်းသက်လာလေသလော။
………
စူးချန်ကဲတစ်ယောက် အတွေးများနေတုန်း ၊
ဝုန်း——!!
ကောင်းကင်ပြင်ကျယ်ကြီးဆီမှ ကျယ်လောင်သံတစ်ခု ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။
ဤရုတ်တရတ်ပြောင်းလဲမှုကြောင့် တိုက်မြေ သုံးထောင်ရှိ သက်ရှိအပေါင်းတို့၏ အကြည့်များသည် ထိုနေရာဆီသို့ ရောက်ရှိသွားသည်။
ကောင်းကင်၏ တစ်ဖက်ခြမ်းတွင် မရေမတွက်နိုင်သော အသွင်ပုံရိပ်တို့သည် တိမ်တိုက်များကို ဖြတ်ကျော်ကာ ဖြည်းညှင်းစွာ ဆင်းသက်လာကြသည်။
ရိုက်ခတ်လာသော အသံမုန်တိုင်းသည် ကောင်းကင်ဘုံမှ ဒဏ်ခတ်လာသော ဖိအားများကဲ့သို့ပင် တိုက်မြေ သုံးထောင်တစ်ခုလုံးကို ချက်ချင်းလက်ငင်း လွှမ်းခြုံသွားသည်။ ကြီးကျယ်ခမ်းနားသော စွမ်းအားများသည် လူတိုင်းကို ဒူးထောက်ခစားမတတ် တွန်းပို့နေခဲ့သည်။
ဤအကျွမ်းတဝင်ရှိသော မြင်ကွင်းကို ငေးကြည့်ရင်း၊ တိုက်မြေ သုံးထောင်ရှိ မရေမတွက်နိုင်သော သတ္တဝါအပေါင်းတို့က ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်ကြသည်။
“ ဘုရားရေ...!”
“နောက်ထပ် အင်အားတောင့်တင်းတဲ့ အမတနယ်မြေက အင်အားစုတစ်ဖွဲ့ ဆင်းသက်လာပြန်တာလား”
ကွေးယွမ်ရှိ ဘိုးဘေးတို့သည် ထိုမျှအားကောင်းသော ရောင်ဝါကို ခံစားလိုက်ရသည်နှင့် မျက်နှာများသည် ပြုံးရွှင်လာကြသည်။
သူတို့ကွေးယွမ်အမတဂိုဏ်း၏ ကြိုဆိုရေး အဖွဲ့ ရောက်ရှိလို့လာချေပြီ။
မရေမတွက်နိုင်သော နတ်သင်္ဘောများနှင့်အတူ ဒဏ္ဍာရီလာငှက်များနှင့် သားရဲတို့သည်လည်း ကွက်လပ်ကို ဖြိုခွင်းကာ အောက်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာကြသည်။
သင်္ဘောပေါ်၌ လွှင့်ထူထားသော အလံသည် လေနှင့်အတူ တဖျပ်ဖျပ် ခတ်လျက် ရှိသည်။ ယင်းအပေါ်၌ ပြောင်မြောက်လှသော လက်ရေးဖြင့် ရေးထိုးထားသည့် ‘ ကွေးယွမ်အမတဂိုဏ်း’ ဟူသည့် စာလုံးကြီးများသည် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
အလားတူပင်၊ နတ်သင်္ဘောပေါ်၌ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်များစွာ ရပ်နေကြပြီး ၊ ၎င်းတို့၏ အဖြူရောင်ဝတ်ရုံထည်သည် လေထဲတွင် လွင့်မျောကခုန်နေကြသည်။ ထိုသူတို့၏ အမူအရာတိုင်းမှ ဖြာထွက်လာသော ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် သူတို့၏ ခံ့ညားထည်ဝါသော အသွင်အပြင်ကို ဖော်ကျူးနေပြီး နတ်ဘုရားအလား ထင်မှတ်ရသည်။
“ ကွေး...ယွမ် အမတဂိုဏ်း....?”
အမှန်တရားကို မသိကြသေးသော တိုက်မြေ သုံးထောင်မှ အင်အားစုကြီးများသည် သံသယမေးခွန်းများ ရှိလာကြသည်။ ‘ ကွေးယွမ် ‘ ဟူသော စကားလုံးသည် အဘယ့်ကြောင့် ရှိနေသနည်း။
ကွေးယွမ် သူတော်စင်နယ်မြေ၏ ဆွေမျိုးများ ဖြစ်နိုင်လေသလော။
လူတိုင်း ပဟေဠိဖြစ်နေစဉ် ၊ အံ့ဩထိတ်လန့်နေသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
“ ဟိုမယ် ကြည့်စမ်း!”
“အဲ့မှာရပ်နေတဲ့သူက တိုက်မြေ သုံးထောင်မှာ အမတနယ်မြေကို နောက်ဆုံးတတ်လှမ်းသွားသူဖြစ်တဲ့ ဒဏ္ဍာရီထဲက တိ့ထျန်း မဟာဧကရာဇ်မင်းမလား!?”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ၊
လူတိုင်းက ထိုလူပြောသော ဦးတည်ရာဘက်သို့ လှည့်ကြည့်လေတော့သည်။
ရှေ့ကနေ ဦးဆောင်လာသော သင်္ဘောကြီးပေါ်တွင် ဧကရာဇ်ဝတ်လုံကို ဆင်မြန်းထားပြီး ၊ ရုပ်ရည်ရူပကာ ချောမောလှသည့် နက်မှောင်သော ဆံနွယ်များကို ပိုင်ဆိုင်ထားသော အမျိုးသားတစ်ဦးသည် ခမ်းညားထည်ဝါစွာ ရပ်နေသည်ကို မြင်လိုက်ရသည်။
သူ၏ ရောင်ဝါကို ဖုံးကွယ်ထားသော်လည်း၊ သူ့တစ်ကိုယ်လုံးမှ ဖြာထွက်လာသော အတုမရှိသော ရောင်ဝါသည် တိုက်မြေ သုံးထောင်ရှိ လူတိုင်း မည်သူမှ အမှတ်မမှားနိုင်ပေ။
ထိုလူသည် တိုက်မြေ သုံးထောင်၏ ဒဏ္ဍာရီလာ မှတ်တမ်းတွေထဲက မဟာဧကရာဇ်ဟောင်း - တိ့ထျန်း မဟာဧကရာဇ်မင်းပေတည်း။
လူတိုင်း အံ့အားသင့်နေချိန်တွင်၊ တိ့ထျန်း မဟာဧကရာဇ်မင်းသည် ကွေးယွမ်အမတဂိုဏ်း၏ တပည့်သားများကို ဦးဆောင်ကာ စူးချန်ကဲရှိရာ ဦီးတည်ရာဘက်သို့ ဦိးညွှတ်လျက် ကြွေးကြော်လိုက်သည်။
“ ကွေးယွမ်အမတဂိုဏ်းမှ တိုက်မြေ သုံးထောင်ကို ဆင်းသက်ပြီး ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ သခင်ကို လာရောက် ကြိုဆိုလိုက်ပါတယ် “
အလားတူပင်၊ ပြင်းထန်သော အသံလှိုင်းများသည် လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။
တိုက်မြေ သုံးထောင်ရှိ လူတိုင်း ပဟေဠိဖြစ်ကာ ကြောင်အမ်းစွာဖြင့် ရှိနေတုန်း ၊ ရုတ်ချည်းဆိုသလို မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဤမြင်ကွင်းကို ကြည့်ရှုနေသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဤကမ္ဘာကြီးနှင့်ပတ်သတ်၍ သူတို့၏ ကျဉ်းမြောင်းသော အမြင်သည် လက်ရှိတွင် အတော်လေး ကျယ်ပြန့်သွားသည်ဟု ဆိုရပေတော့မည်။
တားမြစ် စူးမိသားစုတင်မက ၊ ကွေးယွမ်အမတဂိုဏ်းပါ ရောက်ရှိလာခဲ့သည်။
တားမြစ် စူးမိသားစုထက် မနိမ့်ကျသော တန်ခိုးအာဏာအရ ၊ ဤအင်အားစုသည် အမတနယ်မြေတွင် တားမြစ်စူးမိသားစုကဲ့သို့ အလားတူ ဂုဏ်သတင်းမျိုး ရှိမည်မှာ သေချာသည်။
“ ဘုရားရေ! ချန်ကဲထျန်းတိ့ရဲ့ နောက်ခံက ကောင်းကင်ဘုံကိုတောင် အံတုလို့ရတယ်!”
“ အမတနယ်မြေရဲ့ တကယ့်အင်အားစုတွေက ဆက်တိုက်ဆိုသလို ချန်ကဲထျန်းတိ့အတွက် ရောက်လာသတဲ့လား၊ ငါ့ရဲ့ ကျဉ်းမြောင်းနေတဲ့အမြင်ကို အတော်လေး ကျယ်သွားစေတယ် !”
“ တိုက်မြေ သုံးထောင်ရဲ့ ရှေးမှတ်တမ်းတွေအရ အမတနယ်မြေကို သွားရောက်ဖို့ တမန်တော်တစ်ဦး လိုအပ်တယ် ဒါပေမဲ့ အခုတော့ ချန်ကဲထျန်းတိ့ကို ကြိုဆိုဖို့ သင်္ဘောတပ်နှစ်တပ် ရောက်လာသတဲ့လား ဒါ တကယ်ကို မကြားစဖူး ကိစ္စပဲ!”
“ ချဉ်လိုက်တာ ၊ ချဉ်စုပ်နေတာပဲ! ဒီလို ရွှေရောင် တဖိတ်ဖိတ် တောက်ပနေတဲ့ သင်္ဘောတွေအားလုံးက ချန်ကဲထျန်းတိ့အတွက်ပဲလား ဘာလို့များ ငါ့အတွက် သင်္ဘောတစ်စီးတောင် မရှိရတာလဲ “
“ဒီပုံစံအတိုင်းဆိုရင် နောက်ထပ် တစ်ဖွဲ့တောင် ထပ်ရောက်လာဦးမယ်လို့ ငါ ခံစားမိနေတယ်!”
သို့သော်လည်း ထိုအနှီလူ၏ စကားကို ကြားလိုက်ရသည်နှင့် ၊
လူတိုင်းက “မဖြစ်နိုင်ဘူး” ဟု ငြင်းဆိုခဲ့ကြသည်။
အမတနယ်မြေမှ သင်္ဘောတပ်နှစ်တပ် ဆက်တိုက် ရောက်ရှိလာခြင်းသည် ရှေးကတည်းကပင် တခါမှ မရှိခဲ့ဖူးသော အဖြစ်အပျက်ဖြစ်သည်။ လက်ရှိအခြေအနေနဲ့တင် သမိုင်းတင်ခံရမည့် အံ့ဖွယ်အရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
နောက်ထပ် ကြိုဆိုရေးသင်္ဘောတပ် တစ်တပ် ထပ်ပြီး ရောက်လာဦးမတဲ့လား?
ဒါဆိုရင် စုစုပေါင်း သုံးတပ်ဖြစ်သွားမှာပေါ့!
ထိုသို့သော အံ့ဖွယ်ရာမြင်ကွင်းကို သူတို့ကို ရိုက်သတ်မည်ဆိုတောင် ယုံကြည်မည် မဟုတ်။
အချို့သော စွမ်းအားရှင်များက ပြင်းထန်စွာ ကျိန်ဆိုခဲ့သည်။
“နောက်ထပ်သာ ထပ်ရောက်လာခဲ့ရင် ၊ ငါ ခွင်ကျန်းရမ် အားလုံးရဲ့ရှေ့မှာတင် ငါ့လိင်အင်္ဂါကို ချိုးပစ်လိုက်မယ် “
သို့သော် ထိုလူ၏ ကျိန်ဆိုသံအပြီးတွင် -
ဝုန်း !
ကောင်းကင်ပြင်၌ ရုတ်တရက် တိမ်တိုက်များထူထပ်လာပြီး လေပြင်းများစတင်တိုက်ခတ်လာသည်။
အဆုံးမရှိသော တုန်လှုပ်မြည်ဟည်းသံသည် မူလက ငြိမ်သက်နေသော တောင်တန်းများကို တစ်ဖန် လှုပ်ခတ်သွားစေပြီး ၊ မရေမတွက်နိုင်သော မြစ်ချောင်းများနှင့် ပင်လယ်ပြင်၌ လှိုင်းလုံးကြီးများ ထပ်မံ နှိုးထလာခဲ့သည်။
ထိုနည်းတူစွာ ၊ တိုက်မြေ သုံးထောင်ရှိ သက်ရှိသတ္တဝါတို့သည် စိတ်ငြိမ်သက်စေရန် ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရပါသော်လည်း ဤအခိုက်အတန့်တွင်မူ၊ တစ်ဖန် တုန်လှုပ်ခဲ့ရပြန်သည်။
ဤတစ်ကြိမ်တွင်လည်း ၊ တတိယမြောက် အံ့အားသင့်ဖွယ်ရာ ဖြစ်ရပ်ကြီး ဖြစ်လာပေတော့မည်။
တတိယမြောက် ကြိုဆိုရေး သင်္ဘောတပ်ကြီးသည် တိုက်မြေ သုံးထောင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ချေပြီ။
အပိုင်း(၆၀၈) : ထိုနှစ်က လျို့ဝှက်ချက် ၊ ဒေဝလောကတစ်ခွင်လုံး မေ့ပျောက်သွားခဲ့သော နေ့တစ်နေ့ Part (1)
ကောင်းကင်ပြင်တစ်ခုလုံးကို လွှမ်းခြုံထားသော များပြားလှသည့် နတ်သင်္ဘောများကို ကြည့်ရှုရင်း။
တိုက်မြေရှိ လူအုပ်ကြီးမှာ အကြိမ်ကြိမ် အံ့အားသင့်ခဲ့ရသဖြင့် ထုံထိုင်းသွားပုံရသည်။သူတို့၏ မျက်လုံးများသည် အရောင်အသွေး ပျက်ယွင်းသွားသကဲ့သို့ နည်းနည်းလေးမှ လှုပ်ရှားမှုမရှိတော့ပေ။
ကြိုဆိုရေးတပ်ဖွဲ့နှစ်ခုသည် တိုက်မြေ သုံးထောင်သို့ ဆင်းသက်လာစဉ်က ထုတ်လွှတ်ခဲ့သော ဖိအားသည် လူတိုင်းကို အသက်ရှုကြပ်မတတ် ဖြစ်စေခဲ့သည်။
ယခုတွင်မူ ၊ တတိယမြောက် နတ်သင်္ဘောများ ရောက်ရှိလို့လာပြန်သည်။ တိုက်မြေရှိ စစ်မှန်အမတများပင်လျှင် နတ်တောင်ကြီးအလား ပြင်းထန်သည့် ဖိနှိပ်မှုသည် သူတို့ကို မြေကြီးပေါ်တွင် ဝပ်တွားရသည့်အထိ ဖြစ်စေသည်။
သို့သော်လည်း ၊ ပြင်းပြသော သိလိုစိတ်ဖြင့် သူတို့သည် တတိယမြောက် ကြိုဆိုရေးတပ်ဖွဲ့မှ လွှင့်ထူထားသော အလံများကို ကြည့်ရှုရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည် ။
အလံပေါ်တွင် ထာဝရ မှေးမှိန်သွားခြင်းမရှိသော မင်းဆက်ကဲ့သို့ မြို့တစ်မြို့၏ ပုံစံကို ရေးထွင်းထားသည်။
စာလုံးစုတ်ချက်များသည် အလွန်ခန့်ညားပြီး သက်ဝင်လှကာ ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို ဖော်ပြနေသလိုပင် ။ ယင်း၌ ရေးထိုးထားသည်မှာ - သံသရာစက်ဝန်း အမတမင်းဆက် ။
ထို့အပြင် နတ်သင်္ဘောများပေါ်၌ အလားတူပင် လျို့ဝှက်ဆန်းကြယ်ကာ ကြီးမြတ်သော ပုဂ္ဂိုလ်များစွာ ရပ်နေကြသည်။
တားမြစ် စူး မိသားစု ၊ ကွေးယွမ်အမတဂိုဏ်းနှင့် မတူညီသည့်အချက်မှာ ထိုသူတို့သည် နတ်သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး လက်နက်မျိုးစုံကို ကိုင်ဆောင်ထားသော စစ်သည်များနှင့်တူပြီး ၊ တစ်ဖန် နန်းတွင်းအမတ်များကဲ့သို့ ဝတ်စားဆင်ယင်ထားသော စာပေပညာရှင်အချို့လည်း ရှိနေသည်။
သို့သော် ဦးဆောင်သူမှာ ခန္ဓာကိုယ် သေးသေးသွယ်သွယ်ဖြင့် တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး တတ်ကြွသော စရိုက်လက္ခဏာရှိပုံရသည့် ချစ်စရာမိန်းကလေးတစ်ဦးနှင့် တူသည်။
ကြိုတင်ရောက်ရှိနေသော တားမြစ် စူးမိသားစုနှင့် ကွေးယွမ်အမတဂိုဏ်းကို မြင်ပြီးနောက်၊
ယွင်ချင်၏စိတ်ထဲတွင် မပျော်နိုင်တော့ဘဲ နှုတ်ခမ်းစူပုတ်သွားသည်။
“ အစကတော့ ဒီလိုနေရာကို ဆင်းသက်လာတဲ့အခါ အားလုံးရဲ့ အာရုံစိုက်မှုကို ရမယ်ပေါ့ ၊ ဘယ့်နှယ် သူတို့က လက်ဦးသွားပြီ “
“တကယ်ကို ပျင်းဖို့ကောင်းတယ်…”
သို့သော်လည်း ၊ ချင်ယွင်သည် စူးချန်ကဲရှိရာ ဦးတည်ဘက်ဆီသို့ တရိုတသေ ဦးညွှတ်ကာ ဆိုလိုက်သည်။
“ သံသရာစက်ဝန်း အမတမင်းဆက်က ချင်ယွင် ၊ ဝမ်းကွဲအစ်ကို ချန်ကဲကို နှုတ်ဆက်ပါတယ်”
သို့သော်လည်း သူမသည် ပြောရင်းတန်းလန်း ရပ်တန့်သွားသည်။ စူးချန်ကဲအား “ဝမ်းကွဲ” ဟုခေါ်ဆိုနိုင်သူမှာ သံသရာစက်ဝန်း အမတမင်းဆက်တွင် သူမကလွဲ၍ မည်သူမှမရှိ။
လေထုသည် အနည်းငယ် အဆင်မပြေဖြစ်လာကာ အမတ်တစ်ဦးနှင့် ဆင်တူသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အလျင်အမြန် ထွက်လာပြီး ဆိုလိုက်သည်။
“ သံသရာစက်ဝန်း အမတဂိုဏ်း ၊ တိုက်မြေ သုံးထောင်ကို ဆင်းသက်ပြီး အရှင့်သားချန်ကဲကို ကြိုဆိုဖို့ ရောက်ရှိလာတာပါ”
သူစကားပြောပြီးသည်နှင့် ၊ သံသရာစက်ဝန်း အမတမင်းဆက်မှ မရေမတွက်နိုင်သော အဖွဲ့ဝင်များသည် ထိုသို့သံယောင်လိုက်ကာ စူးချန်ကဲကို ဦးညွှတ်လိုက်ကြသည်။
ထိုအသံသည် လောကတစ်ခွင် ပျံ့လွင့်ကာ ၊ လူတိုင်း၏နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ဤအခိုက်အတန့်တွင်၊ ကြိုဆိုရေးသုံးဖွဲ့စလုံး တိုက်မြေ သုံးထောင်သို့ ရောက်ရှိလို့လာချေပြီ။
ကောင်းကင်ယံထက်က နတ်သင်္ဘောများကို ကြည့်ရင်း ၊ တိုက်မြေ သုံးထောင်ရှိ လူများမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် သက်ပြင်းချလို့နေသည်။
ဤမြင်ကွင်းသည် တိုက်မြေ သုံးထောင်၏ သမိုင်းမှတ်တမ်းများတွင် ဒဏ္ဍာရီလာမှတ်တမ်းတစ်ခုအဖြစ် ရေးမှတ်ခံရပေလိမ့်မည်။
အမတနယ်မြေ၏ အင်အားအတောင့်ဆုံး သုံးဖွဲ့သည် စူးချန်ကဲကို ကြိုဆိုရန် တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။ ဒီထက်ပိုပြီး ချဲ့ကားနိုင်ဦးမလား !?
ယခင်က ကျိန်ဆိုခဲ့ဖူးသော ခွင်ကျန်းရမ်မှာ ယခုတွင် ဝူကျန်းရမ်အဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
(T/N - ဝူ - မရှိသော **)
သို့သော် လေ့လာစောင့်ကြည့်နေသူအချို့က ယွင်ချင်၏စကားကို သတိပြုမိခဲ့သည်။
“ သံသရာစက်ဝန်း အမတမင်းဆက်က ဒီမိန်းကလေးငယ်လေးက ချန်ကဲထျန်းတိ့ကို ‘ဝမ်းကွဲ’လို့ ခေါ်လိုက်တယ်မလား?”
ဤစကားများသည် လူတိုင်း၏ နှလုံးသားထဲတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
မူလက အပ်ကျသံပင် ကြားရသည့်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သောကြောင့် လူတိုင်းသည် ယွင်ချင်၏ စကားကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
“ မင်းပြောတာကို ငါမှတ်မိတယ် ၊ ငါလည်း ဒီမိန်းကလေးက ချန်ကဲထျန်းတိ့ကို သူ့အစ်ကိုဝမ်းကွဲလို့ ခေါ်လိုက်တာကို ကြားမိတယ် “
“ငါလည်းကြားတယ်!”
သူတို့အားလုံး၏ စိတ်ထဲတွင် သံသယမေးခွန်းများ ရှိလာကြသည်။ ဤကလေးမသည် စူးချန်ကဲ၏ဝမ်းကွဲ ညီမဖြစ်သည်။
တားမြစ် စူး မိသားစုသည် စူးချန်ကဲ၏မိခင်မျိုးရိုး ဖြစ်နိုင်လေသလော။
ဤခေါင်းဆောင် အမျိုးသမီးသည် စူးချန်ကဲ၏အစ်မ ဖြစ်နေလိမ့်မလော။
“ဒါဆို ကွေးယွမ်အမတဂိုဏ်းရဲ့ တိ့ထျန်း မဟာဧကရာဇ်မင်းက ချန်ကဲထျန်းတိ့ရဲ့ အစ်ကို…”
သို့သော် ထိုလူ၏စကားမဆုံးခင်၊ နောက်တစ်ဦးက ဝင်ရောက်ပြောဆိုလိုက်သည်။
“အရူး! ဒါလေးတောင် မမြင်ဘူးလား”
“ ကွေးယွမ်သူတော်စင် နယ်မြေက ကွေးယွမ်အမတဂိုဏ်းပဲလေ!”
…….
ဤစကားများ ပြောဆိုပြီးသည်နှင့် ၊ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။
ထိုအတိုင်းဆိုလျှင်ဖြင့် ၊ ကွေးယွမ် သူတော်စင်နယ်မြေသည် တစ်ချိန်လုံး အမတနယ်မြေ၏ အင်အားစုဖြစ်နေခဲ့သည် မဟုတ်လော။
သူတို့အားလုံး မယုံကြည်နိုင်ဖြစ်နေကြသော်လည်း၊ အချက်အလက်များအရ သူတို့၏ ထင်မြင်ယူဆချက်သည် အမှန်ဟု ယူဆနိုင်သည် ။
ဤအချက်က တိုက်မြေသုံးထောင်ရှိ မရေမတွက်နိုင်သော အင်အားစုများအပေါ်တွင် လှုပ်ခတ်မှု ဖြစ်စေခဲ့သည်။ သူတို့သည် အမတနယ်မြေမှ ဆရာကြီးတွေနှင့် တစ်ချိန်လုံး အိမ်နီးချင်းဖြစ်နေခဲ့သည် မဟုတ်လော။
သူတို့အားလုံး ကွေးယွမ်၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသော အင်အားစုများအကြောင်း ပြန်သတိရလာမိသည်။ ဒါ တကယ်ကို မတရားဘူး!
အမတနယ်မြေရဲ့ အင်အားစုကို သွားပြီး ထိပါးဝံ့တာ ၊ မဖျက်ဆီးခံရဘဲ ဘယ်နေလိမ့်မလဲ!
တိုက်မြေအသီးသီးမှ လူတိုင်း ဆွေးနွေးခန်းဖွင့်နေစဉ် ၊
ဇာတ်ဆောင်ဖြစ်သူ စူးချန်ကဲမှာ ကြောင်တတ်တတ်ဖြင့် ရပ်ကြည့်နေသည်။
ဤနှစ်များအတွင်း သူသည် အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရသော်လည်း၊ ယခုလို ထိတ်လန့်အံ့ဩရလောက်သည့်အထိ မဖြစ်ခဲ့ဖူးပေ။
ထို့အပြင် ၊သူ့နောက်က သူတော်စင်နယ်မြေသည် ပုန်းအောင်းနေသော ကျားကြီးတစ်ကောင်ဖြစ်နေမှန်း သိလိုက်ရသည်။
ဒါတင်မက ၊ သူ၏မိသားစုသည် ဤမျှအင်အားတောင့်တင်းကြောင်းကို သိလိုက်ရသည်။
ဒါနဲ့တင် မပြီးသေးပေ။ သံသရာစက်ဝန်း အမတမင်းဆက်ဟူသည် အဘယ်နည်း။
၎င်းနှင့်ပတ်သက်၍ သူ့တွင် မှတ်ဉာဏ်အနည်းငယ်မျှပင် မရှိခဲ့ပေ။
“ ချန်ကဲ……”
အချိန်အကြာကြီး တိတ်ဆိတ်နေသော စူးချန်ကဲကို ကြည့်ရင်း ၊ စူးယွင်ယွဲ့ ၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များက အဆက်မပြတ် ဝင်ရောက်လို့လာသည်။
ဤလမ်းတစ်လျှောက် သူမသည် စူးချန်ကဲ နှင့်တွေ့ဆုံရသည့် မြင်ကွင်းကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။
စူးချန်ကဲနှင့် ဆုံတွေ့ခဲ့ပြန်သော်လည်း၊ သူမအနေဖြင့် ပြောစရာစကားများ ရှိမနေခဲ့ပေ။
ယခုတွင်မူ ၊ မောင်နှမနှစ်ယောက် ဆုံတွေ့ခွင့်ရခဲ့ပြန်သော်လည်း စူးယွင်ယွဲ့ အနေဖြင့် မည်သည့်စကားဖြင့် စတင်ရမည်ကို မသိပေ။
ထိုနှစ်က လျှို့ဝှက်ချက်နှင့်ပတ်သတ်၍ သူမသည် သိပ်များများစားစား မသိခဲ့ပေ။
မိမိ၏ မောင်ဖြစ်သူအကြောင်း အမှတ်တရဟူ၍ မိခင်ဖြစ်သူ ယွင်ရွှမ်းရုံမှ ထိုနှစ်က ကိုယ်ဝန်ရှိပြီးနောက်၊ စူးချန်ကဲကို မွေးဖွားရန် ဆယ်နှစ်အချိန် ယူခဲ့ရသည်။
ဤဆယ်နှစ်အတွင်း ၊ စူးချန်ကဲကို မမွေးဖွားမီ ဟွမ်ကျီအမတနယ်မြေတစ်ခုလုံးသည် ရှေးဦးခရမ်းရောင်စဉ်တန်းများနှင့် ပရမ်းပတာများ ရောင်စဉ်အလင်းတန်းတို့၏ လွှမ်းခြုံမှုနှင့်အတူ သက်ဝင်စည်ကားနေခဲ့သည်။
ထိုအချိန်တွင် ဟွမ်ကျီအမတနယ်မြေ၏ နိယာမတရားများပင်လျှင် အတိုင်းအတာတစ်ခုအထိ ပြန်လည်ရှင်သန်လာသည့်အပြင် ၊ ကမ္ဘာ့ကပ်ဘေးစစ်ပွဲအတွင်း ထိခိုက်မှုရှိခဲ့သော တားမြစ် စူးမိသားစုသည်လည်း ထိုကာလအတွင်း များစွာ ပြန်လည်အားပြည့်လာခဲ့သည်။
(T/ N : စူးချန်ကဲက နောက်ပိုင်း ဇာတ်ရှိန်မြင့်တဲ့အခန်းတွေချည်းပဲ ဒါပေမဲ့လည်း စောင့်ဦးနော် အပြီးထိပြန်မယ်လို့ အာမခံနိုင်တယ် မြန်မယ်လို့တော့ အာမမခံနိုင်ဘူး ၊ ဦးနှောက်က အချိန်အကြာကြီး ဘာသာပြန်လိုက်ရင် ထုံထိုင်းသွားပြီး စာတွေ အတည့်ထွက်မလာတော့ဘူး …
ပုံမှန်အတိုင်း စာစဉ်ထွက်ပေးမှာဖြစ်လို့ စောင့်ဆိုင်းပေးတဲ့အတွက် ကျေးဇူးတင်ပါရစေ~~ )