← Chapters

အခန်း (၆၀၉-၆၁၃)

Vol. 46 Ch. 609-613

အခန်း (၆၀၉-၆၁၃)

Vol. 46 Ch. 609-613

အပိုင်း(၆၀၈): ထိုနှစ်က လျို့ဝှက်ချက် ၊ ဒေဝလောကတစ်ခွင်လုံး မေ့ပျောက်သွားခဲ့သော နေ့တစ်နေ့ Part (2)

နောက်ပိုင်းတွင် စူးချန်ကဲကို မွေးဖွားခဲ့သည်။

မရေမတွက်နိုင်သော ခမ်းနားသော ရူပါရုံမြင်ကွင်းများနှင့်အတူ ၊ ပရမ်းပတာ ခရမ်းရောင်စဉ်တန်းတို့သည် ကောင်းကင်နှင့် ဆက်သွယ်ထားသည့်အတိုင်း ကောင်းကင်ထောက်တိုင်များသဖွယ် ခမ်းနားသောမြင်ကွင်းတစ်ခုအဖြစ် ရှိနေခဲ့သည်။

တောက်ပသော ရောင်စဉ်အလင်းတန်းတို့သည် စကြဝဠာကြီး တစ်ခုလုံးကို နေ့ခင်းဘက်သဖွယ် အလင်းပေးလို့နေလေ၏။

၎င်းမှ ထွက်ပေါ်လာသော ရောင်ဝါတို့သည် အမတနယ်မြေ၏ အတားအဆီးများကို ကျော်ဖြတ်ကာ ဟိုးအထက်ကောင်းကင်နှင့် ချိတ်ဆက်နေပုံရသည်။ အမတ ဧကရာဇ်မင်းထက် အဆပေါင်းများစွာ သာလွန်သော ပုဂ္ဂိုလ်များသည် ဤနေရာသို့ ဆင်းသက်လာကာ ကိုယ်တိုင်ကိုယ်ကျ ကောင်းချီးပေးလို့နေ၏။

အမတနယ်မြေ ငါးခုနှင့် ဒေဝလောကကြီး တစ်ခုလုံးသည် စူးချန်ကဲ မွေးဖွားလာစဉ်အတွင်း ဖြစ်ပေါ်လာသော ကြီးကျယ်ခမ်းနားသော ရူပါရုံမြင်ကွင်းများဖြင့် ဖုံးလွှမ်းလို့နေလေသည်။

အမတနယ်မြေတစ်ခုလုံး၏ အမတစွမ်းအင်များသည် ထိုအချိန်တွင် ပြန်လည်ရှင်သန်စပြုလာသည် ။ စူးချန်ကဲ၏အသက် တစ်နှစ်ပြည့်မှသာ ထိုမြင်ကွင်းများသည် အဆုံးတွင် ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားလေသည် ။

တားမြစ် စူး မိသားစုသည် ထိုသို့သော လူ့ဘီလူးတစ်ကောင်ကို မွေးဖွားခဲ့သဖြင့် ၊ ယင်းက မရေမတွက်နိုင်သော အင်အားစုများကို ထိတ်လန့် ကြောက်ရွံ့စေခဲ့သည်။

မရေမတွက်နိုင်သော အင်အားစုများသည် ‌အမှောင်ထဲကနေ သွေးထိုးလှုံ့ဆော်ပြီးနောက် ၊ တစ်ချိန်က မကြောက်မရွံ့သော အင်အားစုဖြစ်သည့် ထိုက်ယီအမတနယ်မြေ၏ အုပ်စိုးရှင်ဖြစ်သော ထိုက်ယီ နတ်ဘုရားဂိုဏ်းသည် ဦးဆောင်လှုပ်ရှားခဲ့သည်။ ထိုက်ယီနတ်ဘုရားဂိုဏ်းသည် ထိုအချိန်က တားမြစ် အင်အားစု ကိုးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။

ထိုက်ယီအမတနယ်မြေ ရှိ အင်အားစုအားလုံးသည် တားမြစ် စူး မိသားစုအား ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်လာခဲ့သည်။

သို့သော် စူး မိသားစုသည် မရေမတွက်နိုင်သော နှစ်ကာလပေါင်းများစွာ အမွေဆက်ခံလာသော တားမြစ် စူးမိသားစုဖြစ်သည်နှင့်အလျောက်၊ ထိုလုပ်ရပ်နှင့်ပတ်သက်၍ သူတို့၏ဒေါသကို မည်သို့ ဖြေလျှော့နိုင်မည်နည်း။

စူးချန်ကဲအား ကာကွယ်ရန်နှင့် မိမိတို့တားမြစ် စူးမိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ၊

တားမြစ် စူး မိသားစုသည် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးနောက်ပိုင်း ၊ အမတနယ်မြေ၏ အကြီးမားဆုံးစစ်ပွဲကြီးကို ပြောင်ပြောင်တင်းတင်း စတင်ခဲ့သည်။

တားမြစ် စူး မိသားစု၏ ပြင်းထန်သောထိုးစစ်အောက်တွင် ၊ ထိုက်ယီနတ်ဘုရားဂိုဏ်းသည် နောက်ဆုံးတွင် ဖျက်ဆီးခံခဲ့ရပြီး ထိုက်ယီအမတနယ်မြေ တစ်ခုလုံးသည်လည်း ပျက်သုန်းသွားခဲ့ရသည်။ ဤသို့ဖြင့် အမတနယ်မြေ ငါးနယ်မြေရှိသည့်အနက် လေးနယ်မြေသာ ကျန်ရှိတော့သည်။

ထိုတိုက်ပွဲအပြီးတွင် ၊ စူးချန်ကဲအား အန္တရာယ်ပြုရန် ကြံရွယ်ထားသော မည်သူမဆို ရှင်းလင်းခံလိုက်ရသည်။

သို့သော် ကိစ္စများက ဒါနဲ့တင် ရပ်မသွားခဲ့ပေ။

နောက်ပိုင်းတွင် ပို၍ပင် ကြောက်စရာကောင်းသော အရာတစ်ခု ဖြစ်သွားခဲ့သည်။

စူးချန်ကဲသည် တားမြစ် ကိုယ်ထည်ဖြစ်သည့် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ကို နိုးကြားစေခဲ့သည်။

စူး မိသားစု၏ ပြုစုပျိုးထောင်မှုအောက်တွင်၊ စူးချန်ကဲသည် ဆယ်နှစ်သားအရွယ်ဖြင့်ပင် ရွှေအမတအဆင့်ထိ ရောက်ရှိလုနီးပါး ဖြစ်ခဲ့သည်။

စူးချန်ကဲ၏ အရည်အချင်းသည် အတော်လေး ကြောက်စရာကောင်းပုံရသည်။

ထိုနေ့က အမတနယ်မြေ၏အထက် ဆန်းကြယ်သော ဖြစ်တည်မှုသည် အာကာသအတားအဆီးကို ဖြတ်ကျော်ကာ အမတနယ်မြေသို့ ဆင်းသက်လာခဲ့သည်။

ထိုနှစ်က စူးယွင်ယွဲ့ သည် အသက်နှစ်ဆယ်မျှသာ ရှိသေးသည်။

သူမအနေဖြင့် ၊ ထိုနှစ်က မြင်တွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မည်သည့်စကားဖြင့် ဖော်ပြရမည်ကိုပင် မသိ ဖြစ်ခဲ့ရသည်။

ထိုနေ့က အမတနယ်မြေတစ်ခုလုံးသည် အနန္တအမှောင်ထုကြီးက ဖုံးလွှမ်းသွားသည်အလား ထင်မှတ်ရပြီး ၊ ကမ္ဘာကြီးတစ်ခုလုံးသည် အမှောင်ထုအတွင်းသို့ ဆွဲငင်ခံလိုက်ရသလိုပင်။

၎င်းသည် အမှောင်ထု ပြန်လည်နိုးထလာခြင်း မဟုတ်ဘဲ ကြီးမားလှသော အရိပ်တစ်ခုက အုပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်သည်။

အမတနယ်မြေ၏ မိုးကောင်းကင်တွင် ဖြူဖျော့ဖျော့မျက်နှာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမျက်နှာသည် ခပ်ဆန်းဆန်း အပြုံးတစ်ခုကို ဆောင်ကျဉ်းထားသော ဖြူဖျော့ဖျော့ လူ့မျက်နှာတစ်ခုဖြစ်သည်။

ထိုမျက်နှာသည် ဒေဝလောကကြီးတစ်ခုလုံးကိုပင် အုပ်မိုးနိုင်လောက်အောင် ကြီးမားသည်။

ထိုမျက်နှာ၏ ပိုင်ရှင်သည် မည်သူမည်ဝါဖြစ်သည်ကို သူမသည်လည်း မသိပေ။

သူမ သိရသည့်အချက်ဆိုလို့ အဆိုပါ လျို့ဝှက်ဆန်းကြယ်မှု၏ လွှမ်းမိုးမှုအောက်တွင် ၊ အမတနယ်မြေ၏အထက် အချို့သောဖြစ်တည်မှုများမှလွဲ၍ ဒေဝလောကတစ်ခွင်လုံးသာမက အမတ ဧကရာဇ်မင်းများပင်လျှင် ထိုနေ့က အဖြစ်အပျက်ကို လုံးဝ မေ့လျော့သွားခဲ့ကြသည်။

သို့သော် ဤအကြောင်းအရာကို စူးယွင်ယွဲ့သည် မည်ကဲ့သို့ သိရှိခဲ့သနည်း။

အကြောင်းမှာ စူးချန်ကဲကို ကြိုဆိုရန် တားမြစ်စူးမိသားစုမှ သူမ ထွက်ခွာလာချိန်တွင်၊ စူးမိသားစု၏ အဝေးဘိုးဘေးသည် သူမကို လျှို့ဝှက်စာ တစ်စောင်ပေးပို့ခဲ့သောကြောင့် ဖြစ်သည်။

“ ယွင်ယွဲ့ ၊ စူး မိသားစုက ချန်ကဲ ကို တိုက်မြေ သုံးထောင်ဆီ ဘာလို့စွန့်ပစ်ခဲ့လဲဆိုတာ မင်း သိချင်‌ခဲ့တာမလား “

“ ချန်ကဲရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ကို မင်း မှတ်မိသေးလား “

စူးယွင်ယွဲ့ သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ၊ ဘိုးဘေးဖြစ်သူ၏ ဆိုလိုရင်းကို နားမလည်နိုင်ဘဲ ဖြစ်နေသည် ။

သို့သော် သေချာပြန်တွေးကြည့်သောအခါ စူးချန်ကဲ၏ ဆယ်နှစ်ပြည့်မွေးနေ့တွင် မည်သည့်ကိစ္စဖြစ်ပျက်ခဲ့သည်ကို သူမ လုံးဝမှ မမှတ်မိသည်ကို သိလိုက်ရချိန်တွင် အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။

ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ မွေးရာပါ အမတဖြစ်သည့် သူမအနေဖြင့် ကောင်းမွန်သော မှတ်ဉာဏ်တစ်ခု ရှိသင့်ပြီး ၊ ဘယ်အရာကိုမဆို အလွယ်တကူပြန်မှတ်မိသင့်သည်။

မောင်ဖြစ်သူ၏ ဆယ်နှစ်ပြည့်မွေးနေ့က အကြောင်းအရာများကို သူမအနေဖြင့် ဘာတစ်ခုမှမသိခဲ့ဘူးဆိုတာ မဖြစ်နိုင်ချေ။ ဤမျှအရေးကြီးသော နေ့ရက်ကို အဘယ့်ကြောင့် မေ့နေခဲ့သနည်း။

သို့သော်လည်း ၊ သူမ အမှတ်ရရန် မည်မျှပင် ကြိုးစားပါစေ ထိုနေ့နှင့်ဆိုင်သော အရာတိုင်းသည် ဗလာကျင်းနေပြီး ၊ တစ်ခါမှ မရှိခဲ့ဖူးသလိုပင်။

အဝေးဘိုးဘေး၏ လျှို့ဝှက်စာကို ဖွင့်ဖတ်ကြည့်မှသာလျှင် ထိုနှစ်က ဖြစ်ပျက်ခဲ့သော အမှန်တရားကို နားလည်သိရှိခဲ့သည်။

စူးချန်ကဲဆယ်နှစ်ပြည့်မွေးနေ့တွင်၊ သူမတစ်ယောက်တည်းသာမက ၊ အမတ ဧကရာဇ်အဆင့်၏အထက် ဖြစ်တည်မှုများမှလွဲ၍ ကျန်ရှိသော သက်ရှိသတ္တဝါအပေါင်းတို့သည် ထိုနေ့က မှတ်ဉာဏ်များကို ဆုံးရှုံးခဲ့ကြရသည်။

ဤမျှထူးဆန်းပြီး ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ဆန်းသည် လျို့ဝှက်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော အဆိုပါဖြူဖျော့ဖျော့ မျက်နှာ၏လက်ချက်ဖြစ်ကြောင်း ထည့်ပြောစရာပင် လိုမည်မဟုတ်။

ထိုနှစ်က ဖြစ်ပျက်ခဲ့သော ထိတ်လန့်ဖွယ်ရာအဖြစ်အပျက်ကို သိရှိပြီးနောက်ပိုင်းတွင် ၊

စူးယွင်ယွဲ့၏ တာအိုစိတ်နှလုံးသည်ပင် အနည်းငယ် သက်ရောက်မှုရှိခဲ့သည်။ သူမ၏ တာအိုစိတ်နှလုံးသာ ခိုင်မာမှုမရှိခဲ့ပါက၊ ချက်ချင်းလက်ငင်း ပြိုကျပျက်စီးသွားမည်ကို စိုးရသည်။

အမတဧကရာဇ်အဆင့်ထက် ကျော်လွန်သော ပုဂ္ဂိုလ်များမှလွဲ၍ ၊ ကျန်ရှိသော သက်ရှိသတ္တဝါအားလုံးတို့သည် ထိုနေ့ကို မေ့လျော့သွားခဲ့သည်။

ဤကဲ့သို့လုပ်ဆောင်နိုင်ရန် မည်မျှကြီးမားသော စွမ်းအားများ လိုအပ်လိမ့်မည်နည်း။

သို့သော် သူမကို စိတ်သက်သာရာ ရစေသည့် တစ်ခုတည်းသောအချက်မှာ အဝေးဘိုးဘေး၏ စကားကြောင့်ပင် ဖြစ်သည်။

“ ဒါပေမဲ့ ယွင်ယွဲ့ ၊ မင်း စိတ်ပူစရာမလိုဘူး”

“ဒီထူးဆန်းတဲ့ဖြစ်တည်မှုတွေက မယုံနိုင်လောက်အောင် အားကောင်းပြီး ကျင့်ကြံဆင့်ကို မှန်းမရနိုင်ပေမယ့် ဒါပေမဲ့ ငါ အဝေးဘိုးဘေးနဲ့ ၊ တားမြစ် စူးမိသားစုရဲ့ အကြီးအကဲအုပ်စုက ဒီတိုင်းကြည့်နေမှာ မဟုတ်ဘူး”

“ တကယ်လို့ ဆင်းလာဝံ့ရင်၊ ငါကိုယ်တိုင် ဝင်ရောက်စွက်ဖက်မယ် ၊ ငါ အပြီးတိုင် ပျောက်ကွယ်သွားမယ်ဆိုတောင် သူတို့ကို ပြင်းပြင်းထန်ထန် ချေမှုန်းပစ်နိုင်သေးတယ် “

“ပြီးတော့ ၊ တားမြစ်စူးမိသားစုက အကြီးအကဲတွေအားလုံးကလည်း လျို့ဝှက်စာကနေတဆင့် ဒီကိစ္စကို သိပြီးကြပြီးပြီ ၊ အမတ ဧကရာဇ်မင်းအထက် ဖြစ်တည်မှုတွေကလည်း ဒါကို သိထားတယ်”

“ဒါပေမဲ့ ၊ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေက ထူးဆန်းလွန်းတယ်၊ မျိုးဆက်သစ်လူငယ်တွေအတွက် ငါတို့က ဒါကို မသိချင်ယောင်ဆောင်ရမယ် “

“ အဲ့နှစ်က ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားတစ်ချို့ကို ပြောပြတယ်ဆိုတာက မင်းကို ဖိအားပေးဖို့ပဲ၊ အခု ချန်ကဲက ပြန်လာတော့မယ်၊ မင်းကလည်း အမတ ဧကရာဇ်နယ်ပယ်အဆင့်ကို ဖြတ်ကျော်တော့မယ်”

“ဒါပေမဲ့ ဒီကမ္ဘာကြီးရဲ့ မဟာလမ်းစဉ်ဆိုတာ ဒီမှာတင် အဆုံးမဟုတ်ဘူး အမတ ဧကရာဇ်နယ်ပယ်အဆင့်ရဲ့အထက်ကို ဝင်ရောက်နိုင်မှသာလျှင် ဒီရဲ့ကိစ္စတွေကို နားလည်နိုင်လိမ့်မယ် “

“မင်းတကယ်ပဲ ချန်ကဲကိုကူညီချင်တယ်ဆိုရင် မင်း အမဧကရာဇ်နယ်ပယ်အဆင့်ကို အမြန်ဆုံး ဖြတ်ကျော်ရမယ်”

နောက်ပိုင်းတွင် တားမြစ် စူး မိသားစု၏ အဝေးဘိုးဘေးသည် စူးချန်ကဲအား တိုက်မြေ သုံးထောင်တွင် ထားခဲ့ရသည့်အကြောင်းရင်းကို ထုတ်ဖော်ခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် စူးချန်ကဲသည် မဟာလမ်းစဉ်၏ တားမြစ်ထားသော ကိုယ်ထည်ကို နိုးထစေခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤခန္ဓာကိုယ်သည် အမည်မခေါ်ရ၊ တိုင်းတာမရနိုင်သော ဖြစ်တည်မှုဖြစ်ပြီး ၊ မိုးမြေတစ်ခွင်လုံးကို စိုးမိုးလျက် နေနှင့်လတို့၏ သ‌ဘာဝတရားကို ချုပ်ကိုင်ကာ ‌လမ်းစဉ်အားလုံးကို ကိုင်တွယ်နိုင်စွမ်းရှိသည်။ ဤသည်မှာ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်‌ပင်တည်း။

စူးချန်ကဲသည် ဤကဲ့သို့ကိုယ်ထည်နှင့် မွေးဖွားခဲ့သည့်အပေါ် ၊ သူသည် အမတနယ်မြေ၏ အထက်လောက ရင်းမြစ်နှင့် ဆက်စပ်နေမည်ဟု အဝေးဘိုးဘေးက ခန့်မှန်းထားသည်။

ထိုကြီးမားသော ဖြူဖျော့ဖျော့မျက်နှာသည် စူးချန်ကဲ၏ အငွေ့အသက်ကို ခံစားမိကာ ၊ ထို့ကြောင့် စူးချန်ကဲ ဆယ်နှစ်သားအရွယ်တွင် ၎င်းသည် အမတနယ်မြေသို့ ဆင်းသက်ရန် ကြိုးပမ်းလာခဲ့ခြင်း ဖြစ်နိုင်သည်။

စူးချန်ကဲကို ငြိမ်းချမ်းစွာ ကြီးပြင်းလာစေရန်နှင့် ဤကြီးမားသော အကြောင်းတရားနှင့် အကျိုးတရားများကို ရှောင်တိမ်းနိုင်ရန် ၊

တားမြစ် စူးမိသားစု၏ အဝေးဘိုးဘေး သုံးဦးသည် အစားထိုးခြင်းတားမြစ် အတတ်ကို အသုံးပြုခြင်းအားဖြင့် စူးချန်ကဲ၏ မူလကရှိခဲ့သော အမတဘုရင်အဆင့်ကို လုံးဝ ပျောက်ကွယ်သွားစေခဲ့သည်။

စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် တားမြစ် စူး မိသားစု၏ သွေးများ စီးဆင်းနေတာကလွဲလို့ စူးချန်ကဲကို သာမန်လူအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။

သူတို့သည် စူးချန်ကဲ၏ အငွေ့အသက်ကိုပင် ပြောင်းလဲကာ သူ၏ မှတ်ဉာဏ်များကို လုံးလုံးလျားလျား ဖျက်ပစ်ခြင်းအားဖြင့် ထူးဆန်းသော မူလရင်းမြစ်၏ ကံအကျိုးဆက်ကို ရှောင်တိမ်းခဲ့သည်။

ဘေးကင်းစေရန်အတွက် ၊ သူတို့သည် စူးချန်ကဲကို တိုက်မြေ သုံးထောင်တွင် ထားကာ လူသားလမ်းစဉ်မှစတင်၍ အသစ်တစ်ဖန် ပြန်လည် လေ့ကျင့်စေခဲ့ပြီး ၊ သူ၏ကိုယ်ပိုင်အင်အားဖြင့် အမတလမ်းစဉ်သို့ ဝင်ရောက်စေသည်။

ဤအစီအစဥ်နှင့် ဆုံးဖြတ်ချက်ကို တားမြစ် စူး မိသားစု၏ မရေမတွက်နိုင်သော အဖွဲ့ဝင်များသာမက ဒေဝလောကကြီးတစ်ခုလုံးကိုပင် လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့သည်။

ဤနည်းလမ်းသာလျှင် စူးချန်ကဲအား အမတနယ်မြေ၏အထက် ထူးဆန်းသောအရင်းအမြစ်၏ ကံအကျိုးဆက်သက်ရောက်မှုမှ မထိခိုက်နိုင်စေရန် အာမခံနိုင်ခဲ့သည်။

ဤသည်က ထိုနှစ်ကဖြစ်ပျက်ခဲ့သော ကိစ္စ၏ အမှန်တရားပင် ဖြစ်သည်။

စူးချန်ကဲသည် ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူတစ်ယောက် ဖြစ်လာသည့်အပေါ် သူတို့တားမြစ် စူးမိသားစုများအနေဖြင့် မျှော်လင့်မထားသောကိစ္စဟု ဆိုရပေမည်။

သို့သော်လည်း ဤကိစ္စနဲ့ပတ်သက်၍ ၊ သူတို့အနေဖြင့် မကျေနပ်စရာအကြောင်း မရှိ။ အကြောင်းမှာ စူးချန်ကဲ၏ဂုဏ်ပုဒ်များ များပြားလာသည်နှင့်အမျှ ၊ အမတနယ်မြေ၏အထက် ထိုထူးဆန်းသော ဖြစ်တည်မှု၏ ကံအကျိုးဆက်များကနေ ကြောက်ရွံ့နေစရာမလိုတော့ချေ။

အတွေးများ ငြိမ်သက်သွားပြီးနောက် ၊

စူးယွင်ယွဲ့သည် သူမ၏ စိတ်ခံစားချက်များကို ပြန်လည်စုစည်းနိုင်ခဲ့သည်။ ထို့နောက် ဖြည်းဖြည်းလူလူ သက်ပြင်းချလိုက်သည်။

ဦိးစွာအနေဖြင့် ၊ အလင်းကန့်လန့်ကာ အကာအကွယ်ဖွဲ့စည်းပုံ၏ အတွင်း၌ ရှိနေသော ကွေးယွမ်၏ဘိုးဘေးများစွာကို ဦိးညွှတ်ကာ လျှောက်တင်လိုက်သည်။

“ ယွင်ယွဲ့ အနေနဲ့ ခုလိုလာရောက်ခြင်းက တားမြစ် စူးမိသားစုရဲ့ နောင်တတွေကို ဖြေရှင်းဖို့နဲ့ ကျွန်မတို့ရဲ့ ဆန္ဒတွေကို အကောင်အထည် ဖော်ရုံသက်သက်ပါ ၊ အကြီးအကဲအားလုံး စိတ်ပူစရာမလိုပါဘူး”

ဤပြောဆိုချက်မှာ တားမြစ်စူးမိသားစုသည် စူးချန်ကဲအား ကွေးယွမ်အမတဂိုဏ်း၏လက်ထဲမှ လုယူသွားမည်မဟုတ်ကြောင်း အလေးပေးပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

သို့သော်လည်း ၊ စူးချန်ကဲအနေဖြင့် သူ့မိသားစုထံပြန်သွားပြီး အတိတ်ကအမှန်တရားကို သူ့ကိုပေးသိရန် အချိန်တန်ချေပြီ။

ထိုမြင်ကွင်းကြောင့် ကွေးယွမ်၏ဘိုးဘေးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရှေးဘိုးဘေးများ၏ သဘောတူညီချက်ကို ရယူပြီးနောက်၊ ဂိုဏ်း၏ကာကွယ်ရေး ဖွဲ့ စည်းပုံကို ပြန်လည်ရုတ်သိမ်းခဲ့သည်။

သူတို့သည် ဤဖွဲ့စည်းပုံကို အသက်သွင်းခဲ့ရသည့် အကြောင်းရင်းမှာ သူတို့ကွေးယွမ်အမတဂိုဏ်း၏ ကြိုဆိုယာဉ်များ ဆိုက်ရောက်လာမည့်အထိ အချိန်ဆွဲရန် ဖြစ်သည်။

အပိုင်း(၆၀၉): ဖန်ဆင်းရှင်ဗောဓိဉာဏ်သစ်သီး ၊ အားလုံးက တစ်မိသားစုတည်းပဲ

ယခုအခြေအနေအရ ၊ ကွေးယွမ်အမတဂိုဏ်းသည် ဤကိစ္စနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်တကြီးဖြစ်နေခဲ့ကြရာ၊ ရယ်ဖွယ်ကောင်းသော အမှားတစ်ခုကို ပြုလုပ်ခဲ့မိဟန်တူသည်။

သို့သော် တားမြစ် စူးမိသားစုဝင်များကလည်း ဤအချက်ကို မျက်ကွယ်ပြုခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤနှစ်ကာလတစ်လျှောက် သူတို့ ပြုစုပျိုးထောင်ခဲ့သော ဆက်ခံသူကို ၎င်း၏မိသားစုမှ အလွယ်တကူ ပြန်ခေါ်သွားမည်ဆိုပါက၊ မည်သူ့မဆို စိတ်ထဲတွင် မသက်မသာဖြစ်မည်မှာ မလွဲမသွေပင် ဖြစ်သည်။

ထိုသို့သော လုပ်ရပ်သည် သဘာဝကျပေသည်။

ထို့နောက်တွင် ၊ စူးယွင်ယွဲ့သည် နတ်သင်္ဘောပေါ်မှ ဆင်းသက်လာပြီး စူးချန်ကဲရှေ့သို့ ရောက်ရှိလာသည် ။ သူမ၏ ပန်းနုရောင်နှုတ်ခမ်းသားများက နူးညံ့စွာ ဟကာ စကားစလိုက်သည်။

“ချန်ကဲ…. ငါ့နာမည်က စူးယွင်ယွဲ့…. မင်းရဲ့ အစ်မကြီးပဲ….”

“ဒီတစ်ကြိမ်လာရတာက မင်းကို တားမြစ် စူးမိသားစုဆီ ပြန်ခေါ်သွားဖို့အတွက်ပဲ…”

“မင်း တိုက်မြေ သုံးထောင်မှာ ရှိနေခဲ့တဲ့နေ့ရက်တွေ ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတိုင်းကို အစ်မနဲ့ မိသားစုက တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာ…”

“အခုလို ရုတ်တရက် ဖြစ်လာတဲ့ကိစ္စကို မင်းအနေနဲ့ ချက်ချင်း လက်မခံနိုင်သေးတာကို ငါနားလည်တယ်၊ ဒါပေမဲ့ မိသားစုက အခုမှ မင်းကို လာခေါ်ရတယ်ဆိုတာကလည်း သူတို့မှာ မပြောပြနိုင်တဲ့ အကြောင်းပြချက်ရှိလို့ပဲ….”

“ဖြစ်နိုင်မယ်ဆိုရင်… မင်း ငါနဲ့အတူ တားမြစ် စူးမိသားစုဆီ ပြန်လိုက်ပေးမယ်မလား….”

…..

စူးယွင်ယွဲ့၏ စကားသံအပြီးတွင် ၊

ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်ချည်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူပေါင်းများစွာ၏ မျက်လုံးများသည် စူးချန်ကဲအပေါ်သို့ စုဝေးကျရောက်လာပြီး စိုက်ကြည့်လို့နေလေ၏။

သူတို့အနေဖြင့် ထင်ကြေးများရှိသော်လည်း၊ သို့သော် စူးယွင်ယွဲ့၏ နှုတ်မှ ထွက်လာသောစကား၏ အဓိပ္ပာယ်သည် လုံးဝကွဲပြားနေခဲ့သည်။

စူးယွင်ယွဲ့၏ တိကျသော ကျင့်ကြံဆင့်ကို သူတို့အနေဖြင့် မသိရှိနိုင်သော်လည်း ၊ သို့သော် စူးယွင်ယွဲ့ သည် နေရာတွင်ရပ်နေရုံမျှဖြင့် သူမသည် ဤကမ္ဘာလောကကြီး၏ ဗဟိုချက်သဖွယ် ဖြစ်နေပြီး ၊ မိုးမြေကြားရှိ အမတစွမ်းအင်တို့သည် သူမ ရှိရာဘက်သို့ သဘာဝကျကျ စုဝေးနေကြသည်။

ကျင့်ကြံလောကတွင် ၊ ကျင့်ကြံသူတစ်ဦးသည် အထွတ်အထိပ်သို့ ရောက်သောအခါတွင် သူ၏စွမ်းရည်များကို ခပ်ကြွားကြွား မဖော်ပြတတ်ဘဲ သဘာဝအတိုင်း ရိုးရှင်းသောဘက်သို့ ရောက်ရှိသွားတတ်သည်။ သူတို့၏မျက်စိထဲတွင် စူးယွင်ယွဲ့သည် ဤကဲ့သို့သောပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။

ထို့အပြင် စူးချန်ကဲသည် ဤကဲ့သို့သောပုဂ္ဂိုလ်၏ မောင်အရင်းဖြစ်နေသည်မှာ လူတိုင်းအဖို့ လုံးဝမယုံနိုင်စရာပင်။

“ကျွန်တော့်အစ်မ? … စူးယွင်ယွဲ့….?”

အလွန်အမင်း အံ့အားသင့်မှုကြောင့် စူးချန်ကဲမှာ ယခုအချိန်ထိ ကြောင်တတ်တတ်ဖြင့် ရှိနေဆဲပင် ဖြစ်သည်။

သို့သော် သူသည် အကျိုးသင့်အကြောင်းသင့် မရှိသူမဟုတ်။

စူးချန်ကဲသည် အစကတည်းက မိမိတွင် မိသားစုရှိကြောင်း သိရှိထားပြီးဖြစ်သည်။ အစ်မတစ်ယောက် ထပ်တိုးလာခြင်းသည် သူ့အတွက် မဆန်းပေ။

စူးချန်ကဲဘက်မှ ပြန်လည်မပြောဆိုမီ ၊ စူးယွင်ယွဲ့ သည် စူးချန်ကဲအနေဖြင့် စိတ်ရှုပ်ထွေးနေမည်ကို စိုးရိမ်ပုံရကာ ချက်ချင်းပင် ဆက်လက်ပြောကြားလိုက်သည်။

“ချန်ကဲ… မင်းစိတ်ပူစရာ မလိုဘူး… မိသားစုဝင်အားလုံးက မင်းပြန်လာဖို့ကိုပဲ စောင့်မျှော်နေကြတာ… မင်းစိတ်ထဲ ဝန်ထုတ်ဝန်ပိုး ဖြစ်စရာမလိုဘူး…”

ထိုသို့ပြောကြားသည်နှင့်တစ်ပြိုင်နက် ၊ တားမြစ် စူးမိသားစု၏ မရေမတွက်နိုင်သော အဖွဲ့ဝင်များစွာတို့သည် စူးချန်ကဲရှိရာဘက်သို့ ထပ်မံ ဦးညွှတ်လျက် ။

“ချန်ကဲသခင်ငယ် ကျေးဇူးပြုပြီး မျိုးနွယ်စုကို ပြန်လာပေးပါ “

တောင်းဆိုနေသော အကြည့်များဖြင့် စိတ်အားထက်သန်စွာ စူးချန်ကဲကို ကြည့်နေကြသည်။

သူတို့သည် ‌ဤခရီးစဉ်သို့ စတင်မထွက်ခွာမီ၊ တားမြစ်စူးမိသားစု၏ အကြီးအကဲများက စူးချန်ကဲအား မိသားစုသို့ ရအောင်ခေါ်ဆောင်လာရန်နှင့် မအောင်မြင်ခဲ့ပါက ၊ ပြန်လာခွင့်မရှိဟု အမိန့်ထုတ်ပြန်ထားသည်။

စူးချန်ကဲသည် ပြန်လည်မဖြေကြားမီ ၊ သူ့နောက်တွင် ရပ်နေကြသော ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးများကို လှမ်းကြည့်လိုက်သည်။ သူ၏အကြည့်များက ၎င်းတို့၏သဘောတူညီချက်ကို တောင်းဆိုနေပုံရသည်။

ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူဆိုသည့် ရာထူးသာမရှိပါက ၊ သူသည် မပြောမဆိုဖြင့် ချက်ချင်းသဘောတူကာ ပြန်လိုက်မည်မှာ သေချာသည်။

သို့သော် ယခုအခါတွင် ကွေးယွမ်အမတဂိုဏ်းသည် သူ့ကိုကြိုဆိုရန် အဖွဲ့လိုက်စေလွှတ်ခဲ့သည်။ သူသည် ၎င်းကိုမျက်ကွယ်ပြုကာ တားမြစ်စူးမိသားစုနှင့် လိုက်ပါသွားပါက ၊ မိမိ၏နောက်ကွယ်က ဘိုးဘေးတို့သည် စိတ်ထိခိုက်စွာဖြင့် ကျန်ရစ်ခဲ့မည်မှာ မလွဲမသွေပင်ဖြစ်သည်။

စူးချန်ကဲ၏လုပ်ရပ်သည် ကွေးယွမ်ဘိုးဘေးများစွာ၏ စိတ်ထဲတွင် စိတ်သက်သာရာ ရစေခဲ့သည်။

သူတို့၏ဆက်ခံသူအပေါ် ချစ်မြတ်နိုးခြင်းသည် အလဟဿမဖြစ်ခဲ့ပေ။ ယခုလို မျိုးနွယ်စုတစ်ဖွဲ့လုံး ရောက်ရှိလာသည့်တိုင် ၊ သူ၏ပြုမူပုံအရ မိမိတို့၏ ကွေးယွမ်သူတော်စင်နယ်မြေကို သူ့ စိတ်ထဲတွင် ထည့်ထားကြောင်း ပြသနေသည် ။

ဘိုးဘေးများဘက်မှ ပြန်လည်မတုံ့ပြန်မီ ၊ စူးယွင်ယွဲ့သည် ဦးဆောင်လှုပ်ရှားလိုက်ပြီး ကွေးယွမ်၏ ဘိုးဘေးများထံသို့ ချဉ်းကပ် ရောက်ရှိလာခဲ့သည်။

သူမသည် ရိုသေစွာဦိးညွှတ်လျက် ထပ်မံ လျှောက်တင်လိုက်သည်။

“ကွေးယွမ်အမတဂိုဏ်းက အကြီးအကဲတွေအားလုံး စိတ်ချပါ ၊ ချန်ကဲက ကျွန်မတို့ တားမြစ် စူးမိသားစုရဲ့ သခင်ငယ်ဆိုပေမဲ့လည်း ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူဖြစ်နေတုန်းပါပဲ “

“ဖြစ်နိုင်ရင် နောင်အခါ ချန်ကဲသာ ကွေးယွမ်အမတဂိုဏ်းမှာ ဆက်လက်နေထိုင်တဲ့အခါကြရင် ကျွန်မတို့ တားမြစ် စူးမိသားစုအနေနဲ့ လာရောက်လည်ပတ်လိုပါတယ် “

ဤစကားများထွက်လာသည်နှင့် ကွေးယွမ် သူတော်စင် နယ်မြေမှ ဘိုးဘေးတို့သည် တစ်ယောက်ကိုတစ်ယောက် ပြုံးရွှင်စွာဖြင့် ကြည့်လိုက်ကြပြီး တိတ်တဆိတ် ခေါင်းညိတ်သဘောတူညီလိုက်ကြသည်။

တားမြစ် စူးမိသားစု၏အပြုအမူသည် ကွေးယွမ်အမတဂိုဏ်းအား အတော်လေး အရေးပေးထားသည်ဟု ဆိုရပေမည်။

အကယ်၍ တဖက်လူ၏တောင်းဆိုချက်ကို ခေါင်းညိတ်သဘောမတူခဲ့ပါက၊ ‌တားမြစ် စူးမိသားစုကို မျက်နှာပျက်စေမည်မှာ အမှန်ပင်။

သို့သော် စူးယွင်ယွဲ့ သည် ဘိုးဘေးတို့၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ လက်ဦးမှုရယူခဲ့သည်။ သူမသည် အာကာသသိုလှောင်ခန်းထဲမှ လက်ရာမြောက်သော ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်ပြီး ဆိုလိုက်သည်။

“ချန်ကဲက ဒီတိုက်မြေမှာ နှစ်များစွာ အေးအေးလူလူ နေထိုင်နိုင်ခဲ့တယ်ဆိုတာက အကြီးအကဲတို့ရဲ့ ပြုစုစောင့်ရှောက်မှုကြောင့်ပါ ..ဒီပစ္စည်းက ကျွန်မတို့ တားမြစ် စူးမိသားစုရဲ့ ကျေးဇူးတင်စိတ်ကို ဖော်ပြလိုတဲ့အတွက်ပါ”

ဤစကားများထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ဖော့ကျွင်းဘိုးဘေးအပါအဝင် ကွေးယွမ် သူတော်စင်နယ်မြေမှ ဘိုးဘေးများစွာသည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားကြသည်။

ဒါဘာသဘောလဲ!?

သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို ဆုလာဘ်အဖြစ် ချီးမြှင့်နေတာလား !?

သူတို့လို ကွေးယွမ်အမတဂိုဏ်းရဲ့ ဘိုးဘေးတွေက ဒီလိုပစ္စည်းတွေ လိုအပ်မယ်လို့ ထင်လို့လား!

“ မိန်းကလေး ယွင်ယွဲ့ … ပြန်ခေါ်သွားဖို့ ကျွန်တော်တို့ သဘောတူပါတယ်… ဒါပေမဲ့ ခင်ဗျားက ဒီလိုပစ္စည်းကို လက်ဆောင်အဖြစ်ပေးမယ်ဆိုရင်တော့….”

သို့သော် ချက်ချင်းဆိုသလို စူးယွင်ယွဲ့က ပြန်လည်ဖြေဆိုလိုက်သည်။

“ဒီကျောက်စိမ်းသေတ္တာထဲမှာ ကျွန်မတို့ တားမြစ် စူးမိသားစုရဲ့ ‘မဟာလမ်းစဉ် နတ်သစ်သီး’ ဖြစ်တဲ့ ‘ဖန်ဆင်းရှင်‌ဗောဓိဉာဏ်သစ်သီး ‘ ကို ထည့်ထားတာပါ၊ အကြီးအကဲတစ်ဦးချင်းစီတိုင်း အနည်းဆုံး နှစ်လုံးစီ ရရှိနိုင်မှာပါ “

ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ရန်ဖြစ်ရန်ဟန်ပြင်နေကြသော ဘိုးဘေးတို့သည် တုန်လှုပ်သွားကြသည်။

‘ဖန်ဆင်းရှင်‌ဗောဓိဉာဏ်သစ်သီး ‘ ဆိုသော စကားလုံးကို ကြားလိုက်ရသည်နှင့်၊ ကွေးယွမ် သူတော်စင်နယ်မြေမှ ဘိုးဘေးတို့သည် မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်သော အမူအရာများဖြင့် ရှိနေကြသည်။

‘ ဖန်ဆင်းရှင်ဗောဓိဉာဏ်သစ်သီး’ ဆိုသည်မှာ အဘယ်နည်း။

ဒဏ္ဍာရီလာ ပျောက်ကွယ်သွားပြီဖြစ်သော ဒေဝလောက ဖန်ဆင်းရှင်သစ်ပင်၏ အသီးဖြစ်သည်။ ၎င်းသည် အမတနယ်မြေ၏ လောကရှိ အနှစ်သာရကို စုပ်ယူပြီး၊ နေ လ နှင့် အမတစွမ်းအင်များကို စုစည်းကာ၊ နှစ်ပေါင်း တစ်သိန်းကြာမှသာ အသီးတစ်လုံးတည်း ရင့်မှည့်တတ်သည်။

၎င်း၏ အမည်အတိုင်းပင်၊ ယင်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ အနှစ်သာရကို စုပ်ယူကာ မဟာလမ်းစဉ်၏ ဗောဓိဉာဏ်အလင်းကို စုစည်းသည်။

ဤအသီးမျိုးသည် အမြင့်ဆုံးဈေးကွက်တွင် အဆင့်မြင့်ကုန်ပစ္စည်းဖြစ်သည်ဟု ဆိုနိုင်သည်။ အမတ ဧကရာဇ်တစ်ပိုင်းအဆင့်အောက် စွမ်းအားရှင်များစားသုံးပါက အကျိုးမရှိပေ။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံဆင့်နိမ့်သူများသည် ဤဖန်ဆင်းရှင်ဗောဓိဉာဏ်သစ်သီးကို စားသုံးမိပါက ဘုရားပေးသော လက်ဆောင်ကို လုံးဝ ဖြုန်းတီးရာရောက်သောကြောင့် ဖြစ်သည်။ သူတို့အတွက် မည်သည့်အကျိုးသက်ရောက်မှုမှမရှိဘဲ ယင်းအတွင်းရှိ အနှစ်သာရများကိုလည်း အလွဲသုံးစားလုပ်ရာ ရောက်ပေလိမ့်မည်။

အမတဧကရာဇ်တစ်ပိုင်းအဆင့် အထက်ရှိ ဖန်ဆင်းခြင်းနှင့် အဖျက်စွမ်းအားကို စုစည်းနိုင်သော ပုဂ္ဂိုလ်များသာလျှင် ဤဖန်ဆင်းရှင်ဗောဓိဉာဏ်သစ်သီး၏ နက်နဲမှုကို နားလည်သဘောပေါက်နိုင်သည်။ အသီးတစ်လုံး စားသုံးရုံဖြင့် နှစ်ပေါင်းသောင်းချီကာ ကြိုးစားအားထုတ်မှု အကျိုးနှင့် ညီမျှသော ရလဒ်ကို ရရှိနိုင်သည်။

ဤသည်မှာ တားမြစ် စူး မိသားစု၏ အင်အားကြီးမားရသော အခြေခံအုတ်မြစ်များထဲမှ တစ်ခုလည်း ဖြစ်သည်။ စကြဝဠာတစ်ခွင်လုံးတွင် တားမြစ် စူးမိသားစုမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်တွင်မျှ ဤဒေဝလောက ဖန်ဆင်းရှင်သစ်ပင်ကို မပိုင်ဆိုင်ထားပေ။

မူလက သူ၏ဂုဏ်သိက္ခာကို အလွန်အလေးထားသော ဖော့ကျွင်းဘိုးဘေးသည်ပင် စူးယွင်ယွဲ့လက်ထဲရှိ ကျောက်စိမ်းသေတ္တာကို ကြည့်ရင်း ကိုယ့်တံတွေးကို ပြန်မျိုချနေလေသည်။

ဂုဏ်သိက္ခာဆိုတာ အရေးကြီးတယ်ဆိုပေမဲ့လည်း… ဒါပေမဲ့ အဲ့တာက ‘ ဖန်ဆင်းရှင်ဗောဓိဉာဏ်သစ်သီး’လေ!

ဤအတွက်မေးခွန်းထုတ်စရာပင်။ အမတ ဧကရာဇ်တစ်ပိုင်း အဆင့်ထက် မြင့်မားသော မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်း၏ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိလိမ့်မည်လော။

ထိန်းမနိုင်သိမ်းမရ တံတွေးတစ်လုပ် မျိုချလိုက်ပြီးနောက်၊ ဖော့ကျွင်းဘိုးဘေး၏ မျက်နှာပေါ်က မကျေမနပ်သော အမူအရာတို့သည် လုံးဝ ပျောက်ကွယ်သွားပြီး အမည်မသိသော ပျော်ရွှင်မှုများ ဝင်ရောက်လာခဲ့သည်။

“ အိုင်ယား …. မိန်းကလေးယွင်ယွဲ့ …. မင်း ဒါက…”

“တားမြစ် စူးမိသားစုက ငါတို့ကို ခုလိုတန်ဖိုးကြီးပစ္စည်းကို လက်ဆောင်ပေးတယ်ဆိုတာ…. သိပ်မသင့်တော်သလိုပဲ….”

ဖော့ကျွင်းဘိုးဘေးသည် သူ့ဂုဏ်သိက္ခာကို လက်လွှတ်ချရန် ဆန္ဒမရှိသေးပေ။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ အခြားသောဘိုးဘေးများအပေါ် ဒေါသတကြီး ကျိန်ဆဲနေလေ၏။

ဒါမျိုးကိစ္စကြ ဒင်းတို့က မျက်နှာအပျက်မခံဘဲ သူတစ်ယောက်တည်း ထွက်ပြီး ရင်ဆိုင်ခိုင်းနေတာလေ!

တကယ်ကို မတရားဘူး!

တားမြစ် စူးမိသားစု၏ အကြီးဆုံး သခင်မလေးအဖြစ် စူးယွင်ယွဲ့ သည် ဤကဲ့သို့သော မျိုးဆက်ဟောင်း လူအိုကြီးများသည် ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်ကြောင်း သူမ ကောင်းကောင်းကြီး သိထားသည်။

တဖက်လူ၏အပြောကို မစောင့်တော့ဘဲ ကျောက်စိမ်းသေတ္တာအား ၎င်း၏ရင်ခွင်ထဲသို့ အတင်းထိုးပေးလိုက်ရင်း ဆိုလိုက်သည်။

“ဘိုးဘေး ရယ်စရာပြောတတ်တာပဲ၊ ချန်ကဲက အခုဆို ကွေးယွမ်အမတ်ဂိုဏ်းရဲ့ ဆက်ခံသူပဲလေ …အဲ့တော့ ကျွန်မတို့တွေက တစ်မိသားစုတွေတည်းပဲလေ အားနာနေဖို့မလိုပါဘူး”

ပွေ့ပိုက်ထားရုံဖြင့် ကျောက်စိမ်းသေတ္တာထဲမှ ဖြာထွက်နေသော မဟာလမ်းစဉ်၏ စည်းချက်များကို ခံစားလိုက်ရသည်နှင့် ဖော့ကျွင်းဘိုးဘေးသည် ရုတ်တရက် တုံ့ပြန်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။

“မှန်တယ်! မှန်တယ်! ယွဲ့တူမလေးပြောတာ မှန်တယ်!”

“အားလုံးက တစ်မိသားစုတည်းပဲ ၊ အရမ်းကြီး ငြင်းဆန်လွန်ရင်လည်း အရိုအသေတန်မဲ့ ဖြစ်ကုန်လိမ့်မယ်”

ဖော့ကျွင်းဘိုးဘေး၏ မျက်လုံးများသည် ဤအခိုက်အတန့်တွင် ပို၍တောက်ပလာပြီး ၊ လွန်ကဲသော စိတ်လှုပ်ရှားမှုကြောင့်လားမသိ၊ ကျောက်စိမ်းသေတ္တာကို ပွေ့ပိုက်ထားသော သူ၏လက်များသည် တုန်ရီနေပြီး သူ့ရင်ခွင်ထဲကို အတင်းတိုးထည့်လို့နေလေ၏။

ဤမျှကြီးမားသောအကျိုးအမြတ်ကို မျှော်လင့်မထားဘဲ ရရှိခဲ့သဖြင့် ဖော့ကျွင်းဘိုးဘေးသည် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ စူးယွင်ယွဲ့အား တူမလေးဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။

အလားတူပင်၊ ဖော့ကျွင်းဘိုးဘေး၏နောက်တွင် ရှိနေကြသော အခြားဘိုးဘေးတို့၏ မျက်လုံးများသည်လည်း တဖိတ်ဖိတ် တောက်ပနေပြီး ဖော့ကျွင်းဘိုးဘေးရှိရာဘက်သို့ သူ့အလိုလိုချဉ်းကပ်လာကြသည်။

“ငါပြောမယ် ဖော့ကျွင်း ၊ ဒါက ယွဲ့တူမလေးက ငါတို့ ကွေးယွမ်အမတ်ဂိုဏ်းကို ပေးတဲ့ လက်ဆောင်လေ ၊ မင်းက ဒါကို အတင်းပိုက်ထားတာ ဘာသဘောလဲ”

“ငါပြောမယ် ၊ ဒီမှာဖြစ်ပျက်နေတာတွေကို ရှေးဘိုးဘေးတွေက စောင့်ကြည့်နေတာနော် ၊ ဒါကို မင်းတစ်ယောက်တည်း သိမ်းထားဖို့ မကြံစည်နဲ့!”

“ဖော့ကျွင်းရေ၊ မင်း အမတနယ်မြေက အလကားကောင် ကောင်းကင်အရှင်လို မဖြစ်စေနဲ့နော် မဟုတ်ရင် အရိုအသေတန်မဲ့ရလိမ့်မယ်!”

အပိုင်း(၆၁၀): ဒေဝလောကတစ်ခွင်ရှိ သက်ရှိသတ္တဝါအားလုံး၏ ချီးမွမ်းသီ‌ဆိုမှုကို စောင့်မျှော်နေမယ်

ဤသို့ဖြင့် ကွေးယွမ်သူတော်စင်နယ်မြေ၏ ဘိုးဘေးအချို့သည်လည်း မိမိတို့၏ ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်တော့ဘဲ ဖော့ကျွင်းဘိုးဘေးထံမှ ပစ္စည်းကိုလုယူရန် အကြိတ်အနယ် ပြိုင်ဆိုင်လာကြသည်။

“ငါပြောမယ် ဖော့ကျွင်း၊ မင်းတို့တွေထဲမှာ ငါက အကြီးဆုံးပဲ ဒီလိုအဖိုးတန်ပစ္စည်းတွေကို ငါ့ဆီမှာပဲ အပ်သင့်တယ် ငါ ထိန်းသိမ်းထားမယ်!”

“ဟမ် … ဆရာတူအစ်ကိုကြီး ခင်ဗျားရဲ့ အစားထိုးမဟာလမ်းစဉ်အစွမ်းကို ကျုပ် မသိဘူးထင်နေလား! ခင်ဗျား တိတ်တိတ်လေး ခိုးယူဖို့ကြံစည်နေတာမလား”

“ငြင်းခုန်မနေကြနဲ့တော့… ဒါတွေအားလုံးကို ငါ့ဆီမှာထားတာက အသင့်တော်ဆုံးပဲ!”

မရေမတွက်နိုင်သော လူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင်၊ ဘိုးဘေးများသည် နေ့ခင်းကြောင်တောင် တစ်ပွဲတစ်လမ်းစမ်းလို့နေ၏။

ဤသည်မှာ အတော်လေး ရှက်စရာကောင်းပေသည်။

“ဘိုးဘေး….”

စူးချန်ကဲသည် စကားပြောရန်ဟန်ပြင်လိုက်သော်လည်း ဘိုးဘေးအချို့က ချက်ချင်းပင် ကြားဖြတ်ပြောဆိုလိုက်သည်။

“ချန်ကဲ… ရှေးဘိုးဘေးက အမိန့်ချထားပြီးပြီ ၊ ဒီကိစ္စကို ဒီလိုပဲဆုံးဖြတ်လိုက်ပြီ ..မင်း အရင်ဦးဆုံး တားမြစ်စူးမိသားစုနဲ့ ပြန်လိုက်သွားလိုက်.. ပြီးမှ ငါတို့ လူလွှတ်ပြီး မင်းကိုလာကြိုခိုင်းလိုက်မယ် “

“ တကယ်လို့ အရေးကြီးကိစ္စရှိရင် ၊ အဲ့ကြရင် ငါတို့ကို ဆက်သွယ်လိုက်..ကဲ အဲ့တာဆို ဒီလောက်ပဲ!”

ထိုသို့ပြောပြီးနောက်၊ ဘိုးဘေးများသည် ဆွဲလားရမ်းလားဖြင့် ပျောက်ကွယ်သွားကြသည်။

သေချာသည် ၊ သူတို့သည် ပစ္စည်းများကို ခွဲဝေရန်အသင့်ဖြစ်နေပြီပင်။

ဤဖြစ်ရပ်ကို မြင်လိုက်ရပြီးနောက်၊ စူးချန်ကဲ တစ်ဦးတည်းသာမက ကွေးယွမ်အမတဂိုဏ်း၏ ကြိုဆိုရေး သင်္ဘောတပ်ဖွဲ့ဝင်အားလုံးသည်ပင် ဆွံ့အနေကြသည်။

ကွေးယွမ်အမတဂိုဏ်းမှ တပည့်များအားလုံး မျက်လုံးအပြူးသားဖြင့် ကြောင်တတ်တတ် ကြည့်နေကြသည်။

ဒီကိစ္စက ဒီလောက်ထိ လွယ်လွယ်နဲ့ပြီးသွားမယ်ဆိုလည်း.. ဒါဆို သူတို့က ဒီကိုဘာလာလုပ်တာလဲ ဟင်?

အခမ်းအနား တတ်ရောက်ပေးဖို့ သက်သက်ပဲလား?

စူးချန်ကဲကို ကွေးယွမ်အမတဂိုဏ်းသို့ ပြန်ခေါ်ရန် ရှေးဘိုးဘေးများ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရသော တိ့ထျန်း မဟာဧကရာဇ်မင်းပင်လျှင် ဆွံ့အနေသည်။ ဤခရီးလမ်းတစ်လျှောက်လုံး သူသည် တားမြစ် စူးမိသားစုကို မည်သို့ရင်ဆိုင်ကျော်လွှားရမည်ကို စဉ်းစားနေခဲ့သည်။

ဒါပေမဲ့ သူ့အထက်လူကြီးတွေကို ဒီလို လာဘ်ထိုးလိုက်ရုံနဲ့ လွယ်လွယ်နဲ့ပြီးသွားမယ်လို့ သူ ထင်မထားဘူးလေ!

ဒီလိုသာဆို အရင်က သူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေက အကုန်အလဟဿ ဖြစ်မသွားဘူးလား?

သူ့ခမျာ ဒီလောက်ထိ စိုးရိမ်ပူပန်နေခဲ့ရတာ ဒါ‌တွေအားလုံးက အဓိပ္ပာယ်ရှိသေးရဲ့လား!

တိ့ထျန်း မဟာဧကရာဇ်မင်း : အဲ့တော့….?

စူးချန်ကဲ ကိုယ်တိုင်လည်း အလားတူ တုန်လှုပ်နေသည်။

ဤရလဒ်သည် အကောင်းဆုံးဖြစ်သော်လည်း ၊ သို့သော် သူသည် ရောင်းစားခံလိုက်ရသည်ဟု ခံစားမိသည်။

သူ့ခမျာ မည်သည်ကိုမှ စဉ်းစားခွင့်မရလိုက်ဘဲ မိန်းကလေးငယ်တစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။

“ ဝမ်းကွဲအစ်မ ယွင်ယွဲ့ …အဲ့ကြရင် ဝမ်းကွဲအစ်ကို ချန်ကဲကို သံသရာစက်ဝန်း အမတမင်းဆက်ကို ပြန်ခေါ်သွားနိုင်အောင် လုပ်ပေးလို့ရမလား ဟင် “

နေ့တစ်ဝက်လောက် ဘေးနားကနေ စိတ်မပါတပါဖြင့် စောင့်ဆိုင်းနေခဲ့သော လင်ဟွေအမတဧကရာဇ်မင်း၏ သမီးတော် ယွင်ချင်သည် ကိစ္စများ ပြေလည်သွားသည်ကို မြင်တွေ့ပြီးနောက်၊ စူးယွင်ယွဲ့ အနားသို့ ပြေးလာကာ သူမ၏ ဝတ်ရုံလက်စကို ဆွဲကိုင်ရင်း ဂျီကျလိုက်သည်။

“ ဝမ်းကွဲအစ်မယွင်ယွဲ့ … ချင်အာကို ကူညီပေးမယ်မလား ဟင်…”

“အကယ်၍ ဝမ်းကွဲအစ်ကို ချန်ကဲကို ပြန်မခေါ်နိုင်ခဲ့ရင် ခမည်းတော်က ချင်အာကို အိမ်အကျယ်ချုပ်နဲ့ ထားပြီး အပြစ်ပေးတော့မှာ…”

ထိုစကားကို ကြားလိုက်ရသည်နှင့် စူးယွင်ယွဲ့ သည် ပြုံးရယ်လိုက်သည်။

“စိတ်မပူနဲ့… ဒီကိစ္စကို ငါကိုယ်တိုင် အမေ့ကိုပြောပြလိုက်မယ် ၊ အဲ့ကြရင် ငါကိုယ်တိုင် ချန်ကဲကို ခေါ်ပြီး သံသရာစက်ဝန်း အမတမင်းဆက်ကို လာခဲ့မယ် “

မည်သို့ပင်ဖြစ်စေ ၊ ယွင်ချင်၏ဖခင် လင်ဟွေ အမတဧကရာဇ်မင်းသည် သူမနှင့် ဦးလေးတော်စပ်သည်။ သံသရာစက်ဝန်း အမတမင်းဆက်သည်လည်း ယခုလိုအဖွဲ့လိုက်ကြီး ရောက်ရှိလာရခြင်းမှာ သူမမိခင်၏တောင်းဆိုမှုကြောင့် ဖြစ်ပုံရသည်။

“ ဝမ်းကွဲအစ်မ ကျေးဇူးတင်ပါတယ်! တို့ဝမ်းကွဲအစ်မကသာ အကောင်းဆုံး!”

ယွင်ချင်သည် ပျော်ရွှင်စွာခုန်ပေါက်လိုက်သည်။ နောက်ဆုံးမှာတော့ ဖခင်ဖြစ်သူထံ ဖြေရှင်းချက်ပေးနိုင်တော့မည်။

ဘေးနားတွင် ရပ်နေသော စူးချန်ကဲခမျာ ရှုပ်ထွေးစွာဖြင့် ရှိနေသည်။

ဤယွင်ချင်ဆိုသော ကလေးမသည် မိမိ၏ ညီမဝမ်းကွဲဖြစ်ပုံရသည်။

ဘယ့်နှယ်! သူ့ကို သံသရာစက်ဝန်း အမတမင်းဆက်ကို ပြန်ခေါ်သွားမယ့်ကိစ္စက သက်ဆိုင်သူဖြစ်တဲ့ သူ့ကို တိုင်ပင်သင့်တာ မဟုတ်လား!?

သူ့ကို ဘေးဖယ်ထားပြီး သူ့ရဲ့အစ်မနဲ့ တိုင်ပင်နေသတဲ့လား ၊ ဒါဖြစ်သင့်လား !

သူ့ကို ဝမ်းကွဲအစ်ကိုအဖြစ် အလေးထားသေးရဲ့လား !

စူးချန်ကဲ၏ အနည်းငယ် မကျေမနပ်ဖြစ်နေသော အကြည့်ကို သတိထားမိသော ယွင်ချင်သည် အလျင်အမြန် စူးချန်ကဲအနားသို့ ပြေးကပ်လာကာ သူ၏လက်ကိုဆွဲကိုင်လိုက်ရင်း ဆိုလိုက်သည်။

“ ဝမ်းကွဲအစ်ကိုလည်း သဘောတူတယ်မလားဟင် ၊ သံသရာစက်ဝန်း အမတမင်းဆက်ကို သေချာပေါက် လာမယ်မလား “

ထိုမြင်ကွင်းကြောင့် စူးချန်ကဲတစ်ယောက် ကူကယ်ရာမဲ့ ပြုံးရယ်လိုက်သည်။ ဤသည်မှာ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သော်လည်း ၊ မိမိ၏ ဝမ်းကွဲညီမသည် လူလည်မလေးတစ်ယောက်ဖြစ်မှန်း သူ အတပ်ပြောနိုင်သည်။

“အင်း… ဝမ်းကွဲအစ်ကို ကတိပေးတယ် “

သဘောတူညီမှုရရှိပြီးသည်နှင့် ယွင်ချင်၏ လှပသော မျက်ဝန်းများသည် လခြမ်းပမာ ကွေးညွှတ်သွားလေသည်။

သူမသည် တားမြစ် စူးမိသားစု၏ အကူအညီဖြင့် ဘာမှလုပ်စရာပင်မလိုဘဲ ဖခင်ပေးသောတာဝန်ကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ဤတာဝန်ပြီးဆုံးသွားပါက၊ သူမသည် ပြင်ပကမ္ဘာသို့ စိတ်ကြိုက်သွားလာကာ ကစားနိုင်ပေတော့မည်။

“ ဆရာတူညီလေး ၊ အမတနယ်မြေမှာ မင်းအကြောင်းတွေကို ငါကြားဖူးနေတာ”

ထိုအချိန်တွင် တိ့ထျန်း မဟာဧကရာဇ်မင်းသည် ဝေဟင်ပေါ်ကနေ ဆင်းသက်လာကာ စူးချန်ကဲအား ပြုံးရွှင်စွာဖြင့် ဆက်ဆံပြောဆိုခဲ့သည်။

“ ဒီနေ့မှာတော့ ငါစိတ်ဝင်စားနေခဲ့တဲ့ ချန်ကဲညီငယ်လေးနဲ့ တွေ့ခွင့်ရခဲ့ပြီပဲ “

“အစ်ကိုကြီး တိ့ထျန်းကို ဒီမှာတွေ့ရတာ ကျွန်တော် အရမ်းဝမ်းသာမိပါတယ်”

စူးချန်ကဲသည်လည်း တရိုတသေ နှုတ်ခွန်းဆက်သလိုက်သည်။

“အစ်ကိုကြီး တိ့ထျန်း က ကျွန်တော်တို့ရဲ့ တိုက်မြေမှာ ဒဏ္ဍာရီလာ မဟာဧကရာဇ်မင်းတစ်ပါးပဲ ၊ ကျွန်တော် ကျင့်ကြံလမ်းကြောင်းကို ခြေစလှမ်းကတည်းက အစ်ကိုကြီးရဲ့ဂုဏ်သတင်းတွေ အများကြီးကြားခဲ့ရတယ် “

“ဒီနေ့ အစ်ကိုကြီးကို တွေ့ခွင့်ရတာ ကျွန်တော့်ရဲ့ ဆန္ဒတစ်ခု ပြည့်ဝသွားပြီလို့ ဆိုလို့ရတယ် “

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ တိ့ထျန်း မဟာဧကရာဇ်မင်းသည် ခဏတာ အံ့အားသင့်သွားခဲ့ပြီး ထို့နောက်တွင် အားရပါးရ ရယ်မောလိုက်သည်။

“ဒဏ္ဍာရီလာ မဟာဧကရာဇ်မင်းတဲ့လား….?”

တိုက်မြေသုံးထောင်ရှိ လူတိုင်း၏ မျက်လုံးထဲတွင် သူသည် ဒဏ္ဍာရီလာ မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ၊ အမတနယ်မြေရှိ ကွေးယွမ်အမတဂိုဏ်းတွင် သူသည် သာမန်မဟာဧကရာဇ်မင်းတစ်ပါးမျှသာဖြစ်သည်။

ဤကဲ့သို့ဂုဏ်သတင်းကို သူ မကြားရသည်မှာ အတော်လေး ကြာမြင့်ခဲ့ပြီပင်။

ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် ၊ တိ့ထျန်း မဟာဧကရာဇ်မင်းသည် သူ့ရင်ဘက်ထဲကနေ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူကာ စူးချန်ကဲလက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒီထဲမှာ အစ်ကိုကြီး မင်းအတွက် ကျင့်ကြံဖို့အတွက် အသုံးဝင်မယ့် ရတနာပစ္စည်းတချို့ကို ပြင်ဆင်ပေးထားတယ်၊ ဒါတွေအားလုံးက အမတနယ်မြေမှာ ရှားပါးတဲ့ ထွက်ကုန်တွေပဲ ၊ ငါ့ညီ မင်း ဒါကို မပျက်မကွက် လက်ခံရမယ်နော်”

“အမတနယ်မြေကိုရောက်သွားရင် မင်းရဲ့ဝန်ထုပ်ဝန်ပိုးတွေက ဒီထက်ပိုပြီိး လေးလံလာလိမ့်မယ် ၊ စိတ်မလျှော့လိုက်နဲ့ ကောင်းကောင်းလေ့ကျင့်ရမယ် ဟုတ်ပြီလား “

စူးချန်ကဲသည် ပြုံးရွှင်စွာဖြင့် လက်ခံလိုက်ပြီး တိ့ထျန်း မဟာဧကရာဇ်မင်းအား နောက်ထပ်တစ်ကြိမ် ရိုသေစွာဖြင့် ဦိးညွှတ်လိုက်သည်။

……

ဤအတောအတွင်း၊ အဖွဲ့သုံးဖွဲ့၏ခေါင်းဆောင်များကြား ဆွေးနွေးမှုအပြီးတွင် ၊ စူးချန်ကဲအား အမတနယ်မြေသို့ အတူတကွခေါ်‌ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

“ ချန်ကဲ ၊ တိုက်မြေ သုံးထောင်မှာ မင်း ဖြေရှင်းရမယ့်ကိစ္စတွေ ကျန်သေးလား”

အားလုံးအဆင်သင့်ဖြစ်ပြီးနောက် ၊ စူးယွင်ယွဲ့က မေးမြန်းလိုက်သည်။

“ မရှိဘူးဆိုလည်း ငါတို့ အမတနယ်မြေကို ချက်ချင်း ထွက်ခွာမယ်”

ထိုစကားများအပြီးတွင် ၊ စူးချန်ကဲသည် ခဏရပ်ကာ ယွင်ရှင်းယန် ၊ ထန်ဝူအာ ၊ ကူလင်အာ ၊ အရိုးဖြူ ပင်လယ် ဘုရင်မ ၊ လီဟောက်ထျန်း ၊ ယဲ့လင်ထျန်း ၊ ပီချင်းရှ စသည့် သူ၏နောက်လိုက်ဟောင်းများကို လှည့်ကြည့်လိုက်သည်။

သူတို့သည် ရှေးဟောင်းဧကရာဇ်နယ်ပယ်ထဲသို့ ဝင်ရောက်ကာစပင် ရှိသေးပြီး ၊ လီဟောက်ထျန်းနှင့် အခြားသော သူတော်စင်ကိုယ်ထည်ပိုင်ရှင်သုံးဦးတို့သည် ကောင်းကင်လမ်းစဉ် လွတ်မြောက်နယ်ပယ်အဆင့်သို့ ရောက်ရှိထားပြီး ဖြစ်သည်။

သို့သော်လည်း၊ သူတို့သည် စစ်မှန်အမတဖြစ်ရန် အလှမ်းဝေးသေးသည်။

စူးချန်ကဲ၏အတွေးများကို မြင်တွေ့ပုံရသော လီဟောက်ထျန်းက အပြုံးမပျက် ဆိုလိုက်သည်။

“ ချန်ကဲထျန်းတိ့ ၊ တိုက်မြေ သုံးထောင်မှာ မင်းနောက်လိုက်ခွင့်ရတာ ငါတို့အတွက် သုံးဘဝစာ ဂုဏ်ယူစရာပါပဲ “

ယွင်ရှင်းယန်ကလည်း ဆိုလိုက်သည်။

“ ချန်ကဲထျန်းတိ့ ဟာ မရေမတွက်နိုင်တဲ့ ဒဏ္ဍာရီတွေကို ဖန်တီးခဲ့ပြီး နောက်ဆုံး တိုက်မြေ သုံးထောင်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ခဲ့တဲ့အထိ ရှင်းယန်ကိုယ်တိုင် မြင်တွေ့ခွင့်ရခဲ့တယ်”

ထို့နောက် ထန်ဝူအာက ဆိုလိုက်သည်။

“ဒီလိုနေ့ရောက်လာတော့မယ်ဆိုတာ ကျွန်မတို့သိပြီးသားပါ အရင်ကတည်းက ပြင်ဆင်ထားပြီးပြီ ၊ ချန်ကဲထျန်းတိ့ ရဲ့ဘုန်းအသရေဟာ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး ၊ ဒီထက်ပိုမြင့်တဲ့ ကမ္ဘာတွေအထိ ထွန်လင်းတောက်ပနေဦးမှာပါ “

ယဲ့လင်ထျန်းကလည်း ဆိုလိုက်သည်။

“ ချန်ကဲထျန်းတိ့ရဲ့နောက်မှာ ကျွန်တော်တို့ နောက်ကောက်ကျန်နေခဲ့ပြီ‌ဆိုပေမယ့် …ဒါပေမဲ့ ချန်ကဲထျန်းတိ့ ကျွန်တော်တို့ကို ယုံကြည်လိုက်.. ကျွန်တော်တို့ အမှီလိုက်နိုင်အောင် ကြိုးစားမယ် “

ပီချင်းရှကလည်း ဆိုလိုက်သည်။

“ ချန်ကဲထျန်းတိ့အနေနဲ့ ဘယ်တော့မှ ရပ်တန့်မသွားဘဲ သတ္တိရှိရှိနဲ့ ရှေ့ဆက်တိုးပါ ၊ ဒေဝလောကတစ်ခွင်ရှိ သက်ရှိသတ္တဝါအားလုံး ချန်ကဲထျန်းတိ့ရဲ့ အမည်နာမကို ချီးမွမ်းသီဆိုကြမယ့်နေ့ကို ကျွန်မတို့ စောင့်နေမယ် “

အပိုင်း(၆၁၁): အမတနယ်မြေမှာ ပြန်ဆုံကြမယ်

စူးချန်ကဲ၏နောက်လိုက်များသည် ၎င်းတို့၏ အတွေးများကို ထုတ်ဖော်ပြောဆိုပြီးနောက်၊

ကွေးယွမ် သူတော်စင် နယ်မြေ၏ မရေတွက်နိုင်သော တပည့်များနှင့်အတူ ၊ စူးချန်ကဲရှိရာ ဦးတည်ရာဘက်ဆီသို့ ဦိးညွှတ်ကာ ကြွေးကြော်ခဲ့ကြသည်။

“ ကျွန်တော်တို့အားလုံး ကြိုးစားအားထုတ်ပြီး တစ်နေ့ အမတနယ်မြေမှာ ချန်ကဲထျန်းတိ့နဲ့ ပြန်ဆုံမယ်လို့ ကတိသစ္စာပြုပါတယ်!”

“ အားလုံး…….”

သူ့အတွက် ရင်းနှီးသော မျက်နှာများကို ကြည့်ရင်း ၊ သူသည် ခံစားချက်များသူ မဟုတ်သော်လည်း ယခုအခါတွင် သူ၏လည်ချောင်းထဲ၌ ဆို့နင့်မှုကို ခံစားနေရသည်။

ဤသည်မှာ ယာယီခွဲခွာခြင်း ဖြစ်နိုင်သလို သို့မဟုတ် ထာဝရလည်း ဖြစ်နိုင်သည်။

သို့သော် သူတို့ပြောသည့်အတိုင်း၊ အမတနယ်မြေသည် ယခုလေးမှ စတင်သည်။ သူတို့သည် ပို၍မြင့်မားသော မဟာလမ်းစဉ်ကို လျှောက်လှမ်းကာ ၊ သူတို့၏မျှော်လင့်ချက်အတိုင်း နေထိုင်သွားသင့်သည်။

ဖြည်းညှင်းစွာ သက်ပြင်းချပြီးနောက် ၊ စူးချန်ကဲသည် ကွေးယွမ်ရှိ တပည့်များအားလုံးကို ပြန်လည်ဦိးညွတ်ကာ နှုတ်ဆက်လိုက်သည်။

“ ညီနောင်တို့ ၊ အမတနယ်မြေမှာ ပြန်ဆုံတွေ့ကြမယ် !”

အမတနယ်မြေသို့ ရောက်ရှိကာ အထွတ်အထိပ်သို့ အောင်မြင်စွာတတ်လှမ်းပြီးသည်နှင့် သူ့ပတ်ဝန်းကျင်ရှိ သူများကို ကူညီနိုင်စွမ်း ပိုရှိလာပေတော့မည်။

သူ မလိုလားသည့်အချက်မှာ မဟာလမ်းစဉ်၏ အထွတ်အထိပ်သို့ တတ်လှမ်းသွားချိန်တွင် သူချစ်ရသော မိတ်ဆွေသူငယ်ချင်းများ ဘေးမှာမရှိတော့မည်ကို ကြောက်မိသည်။

ဤလမ်းသည် အထီးကျန်ဆန်လွန်းသည်။

သူ ရှာဖွေလိုသည်မှာ စစ်မှန်သောလွတ်လပ်မှုနှင့် အမှန်တကယ် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုပင် ဖြစ်သည် ။

……..

နှုတ်ဆက်စကားများအပြီးတွင် ၊

စူးချန်ကဲသည် တားမြစ် စူးမိသားစု၏ နတ်သင်္ဘောပေါ်သို့ တက်ရောက်သွားခဲ့သည်။

သို့သော် ခရီးစဉ်မစတင်မီ၊ သူသည် နောက်ဆုံးအကြိမ်အဖြစ် ယောင်ချီ သူတော်စင်နယ်မြေရှိရာ ဦးတည်ဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။

ယခင်က လော့ရန်ယွီ ဖန်တီးခဲ့သော မဟာလမ်းစဉ်ကြာပန်းသည် ပျောက်ကွယ်သွားပြီဖြစ်ရာ၊ တစ်နည်းအားဖြင့် ဆိုရသော် သူမသည် ချုပ်နှောင်မှုများကို ချိုးဖျက်ကာ ပို၍မြင့်မားသော စွမ်းအားများအဖြစ် ပေါင်းစည်းနိုင်ခဲ့ကြောင်းကို ပြသနေသည်။

ယခုအချိန်တွင် သူမသည် အရေးကြီးသော အခိုက်အတန့်တွင် ရှိနေပုံရပြီး ၊ သူမကို မနှောင့်ယှက်လိုသော စူးချန်ကဲသည် သူ့ခန္ဓာကိုယ်ထဲရှိ အမတအလိုဆန္ဒများကို နှိုးဆော်ကာ သူ၏လက်ချောင်းကို အသာယာ လှုပ်ရှားလိုက်သည်။

ဝီ…!!

တောက်ပသော အလင်းတန်းတစ်ခုသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး ၊ ယောင်ချီ သူတော်စင်နယ်မြေရှိရာ အတွင်းပိုင်းဆီသို့ ဦိးတည်ကာ ကျရောက်သွားလေတော့သည်။

“ ရန်ယွီ… ငါတို့နှစ်ယောက် အမတနယ်မြေမှာ ပြန်ဆုံတွေ့ကြမယ်လို့ မျှော်လင့်ပါတယ်…”

နောက်ဆုံးအကြိမ်အဖြစ် ၊ စူးချန်ကဲသည် ကွေးယွမ် သူတော်စင် နယ်မြေကို ပြန်လည်ကြည့်ရှုလိုက်သည်။ ဤနေရာသည် သူ့အတွက် အရင်းနှီးဆုံးနေရာတစ်ခုပင် ဖြစ်သည်။ ထို့နောက် သူသည် ပြတ်သားသော ဆုံးဖြတ်ချက်တို့ဖြင့် ရေရွတ်လိုက်သည်။

“ငါ ဒီထက်ပိုမြင့်မားတဲ့ နေရာကို ရောက်တာနဲ့ မင်းတို့ကို စစ်မှန်အမတဖြစ်အောင် ငါ ကူညီမယ် ၊ မင်းတို့ကို ဒီထက်ပိုမြင့်မားတဲ့ နယ်ပယ်အဆင့်ကို တတ်လှမ်းနိုင်အောင် ငါ သေချာပေါက် …”

သို့သော် စူးချန်ကဲ၏ အတွေးစကားများ မပြီးဆုံးခင် ၊

မျဲ့ရှန်း ရှေးဘိုးဘေး၏ အသံသည် သူ၏ စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။

“ဟေ့ကောင်..အမတနယ်မြေကို သွားဖို့အရေး ၊ ဘာတွေ ဒီလောက်ထိဒရမ်မာချိုးနေတာလဲ”

“ခဏနေရင် ကွေးယွမ် သူတော်စင်နယ်မြေနဲ့ ကွေးယွမ်အမတဂိုဏ်းကို ဆက်သွယ်နိုင်တဲ့ လျို့ဝှက်နည်းလမ်းကို သင်ပေးမယ်၊ မင်း အချိန်မရွေး သူတို့ကို လာကြည့်လို့ရတယ်”

“ပြီးတော့ နောက်ပိုင်း တိုက်မြေသုံးထောင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာတဲ့အခါ မင်း ကျိန်းသေပေါက် ပြန်လာရဦိးမှာပဲ “

“နောက်ပြီး ယောင်ချီ သူတော်စင်နယ်မြေကိုလည်း စိုးရိမ်စရာမလိုဘူး၊ ယောင်ကွမ်အမတဂိုဏ်းကလည်း အမတနယ်မြေမှာ ရှိတယ် ၊ လော့ရန်ယွီလည်း နောက်ပိုင်းကျရင် အမတနယ်မြေကို ရောက်လာမှာပဲ”

ဤစကားများကို ကြားပြီးသည်နှင့်…

မူလက ဝမ်းနည်းပူဆွေးနေသော စူးချန်ကဲခမျာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

အစကတည်းက ပြောလေ ၊ အဲ့လိုသာဆို သူအစောကြီးကတည်းက စိတ်အေးလက်အေးနဲ့ ထွက်သွား‌နှင့်ပြီ မဟုတ်လား!

“ကဲ အားလုံး… နောက်မှတွေ့ကြမယ်”

နောက်ဆုံးအကြိမ် နှုတ်ဆက်ပြီးနောက်၊ ကြိုဆိုရေးအဖွဲ့ သုံးဖွဲ့၏ သင်္ဘောများသည် ပြိုးပျက်စွာ တောက်ပသော အလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာကြသည်။

မရေမတွက်နိုင်သော မဟာလမ်းစဉ်၏ မှော်သင်္ကေတများသည် သင်္ဘော၏မျက်နှာပြင်ပေါ်တွင် စုဝေးလာပြီး ၊ တစ်ခုပြီးတစ်ခု ချိတ်ဆက်ကာ နိယာမဆိုင်ရာ အမှတ်အသားများအဖြစ် အသွင်ဖော်ကျူးလို့နေလေသည်။ ထိုမှော်အစီအရင်များပေါ်တွင် ‌‌အသံကျယ်လောင်စွာ မြည်ဟည်းလျက်ရှိသည်။

သင်္ဘောကြီးသည် ဤကြောက်စရာကောင်းသော အင်အား၏ ပံ့ပိုးမှုအောက်တွင်၊ ကောင်းကင်ကို ဖြတ်ကာ ဖြည်းညှင်းစွာ ထွက်ခွာနေသည်။

မရေမတွက်နိုင်သော တိုက်မြေသုံးထောင်မှ သက်ရှိသတ္တဝါအားလုံးသည် သမိုင်းတွင် မှတ်တမ်းတင်ထိုက်သော ဤမြင်ကွင်းကို ကြည့်ရှုနေကြသည်။

သင်္ဘောပေါ်တွင် ရပ်နေသော ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို ကြည့်ရင်း ၊ သူတို့၏စိတ်နှလုံးသားထဲ၌ မရေမတွက်နိုင်သော အတွေးများ ဝင်ရောက်လို့နေလေသည်။

သူတို့သည် စူးချန်ကဲ၏ နောက်လိုက်များလည်းမဟုတ်၊ ကွေးယွမ် သူတော်စင်နယ်မြေ၏ တပည့်သားချင်းများ မဟုတ်သော်လည်း၊ သို့သော် စူးချန်ကဲနှင့်ပတ်သက်သော ဒဏ္ဍာရီလာပုံပြင်များကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြသူများဖြစ်သည်။

ရှုံးပွဲမရှိဖူးသော ဆက်ခံသူသခင် ၊ တိုက်မြေပြင်ပကိုပင် စုစည်းသိမ်းသွင်းကာ ဇီဝတားမြစ်နယ်မြေကို ချေမှုန်းခဲ့သော ကာလအဆက်ဆက် နာမည်တွင်ကျန်ရစ်မည့် ထျန်းတိ့တစ်ပါး ၊ အဆုံးတွင် သူသည် ပို၍မြင့်မားသော ကမ္ဘာတစ်ခုဆီသို့ ခရီးနှင်ပေတော့မည်။

ဤအခိုက်အတန့်တွင်၊ မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့သည် ကောင်းကင်ပြင်တွင် ပြည့်နှက်နေသော အာကာသသင်္ဘောများဆီသို့ ဦးညွှတ်လျက်။

“ချန်ကဲ ထျန်းတိ့အား ပို့ဆောင်ပါတယ် !”

“ချန်ကဲ ထျန်းတိ့အား ပို့ဆောင်ပါတယ် !”

တိုက်မြေသုံးထောင်ရှိ မရေမတွက်နိုင်သော သက်ရှိသတ္တဝါအားလုံးတို့သည် အားအင်အပြည့်ဖြင့် အော်ဟစ်ကြွေးကြော်လိုက်ကြသည်။ အသံလှိုင်းများသည် ကျယ်လောင်စွာ ထွက်ပေါ်နေသော သင်္ဘောများ၏ မြည်ဟည်းသံကိုပင် ကျော်လွန်သွားခဲ့သည်။

နောင်ကာလများတွင် သူတို့သည် ဤဒဏ္ဍာရီကို ပြန်လည်အောက်မေ့ကြလိမ့်မည် ။

နေရောင်ခြည်ဖြာကျသော ကောင်းကင်ပြင်အောက်တွင်၊ မိမိတို့၏ မျိုးဆက်သစ်များအား တစ်ချိန်က စူးချန်ကဲနှင့်ပတ်သက်သည့် ဇာတ်လမ်းများကို ပြန်လည် ပြောပြကြလိမ့်မည်။

“တစ်ချိန်က ငါတို့ တိုက်မြေသုံးထောင်မှာ ဒဏ္ဍာရီတစ်ခု ပေါ်ထွန်းခဲ့ဖူးတယ်၊ သူက အလွန်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ပေမယ့် တစ်ခါမှ ရှုံးပွဲမရှိခဲ့ဘူး ၊ နောက်ဆုံးမှာတော့ ခေတ်ကာလအဆက်ဆက် ကျန်ရစ်ခဲ့မယ့် ထျန်းတိ့အဖြစ် တိုက်မြေသုံးထောင်ရဲ့ ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရတယ်”

“သူ့နာမည်ကတော့ စူးချန်ကဲ တဲ့ “

မြည်ဟည်းသံများကြား ၊ ကြိုဆိုရေးအဖွဲ့ သုံးဖွဲ့၏ သင်္ဘောများသည် အာကာသအတွင်း၌ ပျောက်ကွယ်သွားလေတော့သည်။

[ အမတနယ်မြေ၏ ဇာတ်လမ်းသည် ဤအချိန်မှစ၍ ဖွင့်လှစ်ခဲ့လေပြီ ……….]

လော့ဟယ်ဓားတောင်ထွဋ်ပေါ်တွင်၊ ဝူကျီအောက်ထျန်းသည် သူ၏《 ကုံကျမ်းစာ : တိုက်မြေသုံးထောင်၏ အခန်းဆက်》စာအုပ်၏ နောက်ဆုံးခန်းကို ကျေနပ်စွာဖြင့် အပြီးသတ်ရေးသားလိုက်သည်။

မည်သူများသိရှိအံ့ ။ စူးချန်ကဲသည် နောက်ဆုံးအချိန်ထိ အကျွန်ုပ်အား ကြီးကြီးမားမား အံ့အားသင့်ရသည့်အထိ ပြသသွားခဲ့သည်။ ထိုအနှီသူသည် အမတနယ်မြေရှိ အင်အားအတောင့်ဆုံး အင်အားစုကြီး သုံးဖွဲ့၏ ဆက်‌ခံသူ ဖြစ်နေလေသည်။ ဤသည်မှာ လူကို အတော်လေး မွန်းကျပ်စေသည်…

နောက်ခံနှင့် ပါရမီသည် အထွတ်အထိပ် ဖြစ်သော်ငြား ၊ ကောင်းကျိုးရှိသည်နှင့်အမျှ ဆိုးကျိုးလည်းရှိစမြဲပင် ဖြစ်သည် ။ စူးချန်ကဲနှင့် ဆက်နွှယ်နေသော အကြောင်းအကျိုးတရားသည် ‌မှန်းဆရန်ခက်ပေသည် ….

တော််သေးသည်မှာ အကျွန်ုပ်သည် စူးချန်ကဲနှင့် ခပ်ဝေးဝေးနေခဲ့ပြီး ၊ သို့မဟုတ်ပါက အကျွန်ုပ်သည်လည်း ဤသကောင့်သား၏လက်ချက်ဖြင့် ဧကန်မုချ ဒုက္ခရောက်ပေမည်…

ပျောက်ကွယ်သွားပြီဖြစ်သော အာကာသသင်္ဘောများကို ကြည့်ရင်း ၊ ဝူကျီအောက်ထျန်းသည် သက်ပြင်းရှည်ချလိုက်သည်။

တိုက်မြေသုံးထောင်၏ လှည့်စားသူအစ်ကိုကြီး ထွက်ခွာသွားချေပြီ။ သူ၏ ကုံကျမ်းစာအုပ်သည် ဤနေရာမှာတင် မပြီးဆုံးသေးချေ ။ သို့သော် ဤသည်မှာ အသေးစား အောင်မြင်မှုအဖြစ် မှတ်ယူနိုင်သည်။

ယခင်က စူးချန်ကဲနှင့် ရင်ဆိုင်ဖူးသူအားလုံး သေဆုံးသွားခဲ့ကြသည်။ သူတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး၊ ယနေ့ထိတိုင် အသက်ရှင်နေထိုင်နိုင်ဆဲပင် ဖြစ်သည်။

ဤသည်မှာ ကံအကောင်းဆုံးဟု ဆိုရပေမည်။

ဝူကျီအောက်ထျန်းတစ်ယောက် အပျော်မဆုံးသေးခင် ၊ သူ၏ဆရာသခင် ခိုင်းထျန်းဓားအရှင်သည် ရုတ်ချည်းဆိုသလို ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

“ အောက်ထျန်း မင်းက အခုဆို လွတ်မြောက်နယ်ပယ်အဆင့်ကို ရောက်ရှိလာပြီ၊ ဒီကာလအတွင်း စစ်မှန်အမတဖြစ်အောင် ကြိုးစားပေတော့”

“အချိန်ကျတာနဲ့ ငါတို့ရဲ့လော့ဟယ်ဓားဂိုဏ်းရဲ့ အဓိကဂိုဏ်းဖြစ်တဲ့ ထျန်းဟိုင်ဓားဂိုဏ်း နဲ့ မိတ်ဆက်ပေးမယ် “

“ ငါတို့ ထျန်းဟယ်ဓားဂိုဏ်းက အမတစိုးစံရာခေတ်မှာ အမတဂိုဏ်း ၃၆ ဂိုဏ်းထဲက တစ်ခုအပါအဝင် ဖြစ်ခဲ့တာ ၊ မင်း ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချရမယ် ၊ ဆရာ့ကို စိတ်မပျက်စေနဲ့ ၊ မင်းရဲ့အရည်အချင်းနဲ့သာဆို ထျန်းဟိုင်ဓားဂိုဏ်းမှာ နေရာတစ်ခု သေချာပေါက် ရမယ်လို့ ငါ ယုံကြည်တယ်….”

ဆရာဖြစ်သူ၏ နောက်ပိုင်းစကားများသည် ဝူကျီအောက်ထျန်း၏ နားထဲတွင် တစ်လုံးမှ ဝင်ရောက်မသွားခဲ့ချေ။

အထူးသဖြင့် သူ့ကို ထျန်းဟိုင်ဓားဂိုဏ်းသို့ ပို့ဆောင်မည့်ကိစ္စကြောင့် ပြောစရာစကားမဲ့လို့ နေလေ၏။

ဘယ့်နှယ် ! စူးချန်ကဲ က စောနလေးကမှ အမတနယ်မြေကို ရောက်သွားတာလေ …အခု သူက စူးချန်ကဲနောက်ကနေ တပ်ကြပ်မကွာ လိုက်ရတော့မတဲ့လား ?

စူးချန်ကဲဆိုသော ကံကြမ္မာ၏ဇာတ်ဆောင်မင်းသားအား နှင်ထုတ်နိုင်ခဲ့ပြီဟူသော အတွေးဖြင် ဝမ်းသာလို့မဆုံးသေးခင် ၊ ယခု သူကိုယ်တိုင် နောက်ကနေလိုက်ပါသွားရမည့်အဖြစ်သို့ ရောက်ရှိခဲ့ရသည်။

ဒါနဲ့တင်မပြီးသေးဘူး နောက်ထပ် ဂိုဏ်းအသစ်တဲ့လား !

“ကံဆိုးမသွားရာမိုးလိုက်လို့ရွာ…”

ဝူကျီအောက်ထျန်း၏ မျက်လုံးထဲတွင် ခိုကိုးရာမဲ့သော အရိပ်အယောင်များ ထွက်ပေါ်လာပြီး တစ်ကိုယ်တည်း ညည်းညူရှာလေသည်။

“ အမတနယ်မြေကြရင်.. ငါ့ရဲ့ ကုံလမ်းစဉ်ကို အသိအမှတ်ပြုကြလိမ့်မလား ဟင်..”

……..

အပိုင်း(၆၁၂): အမတနယ်မြေကို ပထမဆုံးမြင်ဖူးခြင်း

တစ်ချိန်တည်းမှာပင်။

ယောင်ချီ သူတော်စင်နယ်မြေ ၊

ခရမ်းရောင်စဉ်တန်းများသည် နေရာအနှံ့ ဖြန့်ကျတ်ကာ ကျဆင်းနေလေသည်။

အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် စိတ်ဝိညာဉ်ဖြင့် ပေးပို့လိုက်သော သတင်းစကားကို လက်ခံရရှိခဲ့ပုံရသည်။

လော့ရန်ယွီ၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာသည်။ သူမ၏ ပန်းနုရောင်နှုတ်ခမ်းများက အနည်းငယ် ပွင့်ဟသွားပြီး စမ်းရေအလား ငြိမ့်ညောင်းသာယာသော အသံဖြင့် ရေရွတ်လိုက်သည်။

“ ချန်ကဲ‌ တိုက်မြေကနေ ထွက်သွားပြီး အမတနယ်မြေကိုတောင် ရောက်သွားပြီတဲ့လား…”

သိပ်မကြာမီ ၊ ပဲ့တင်ထွက်ပေါ်လာသော အသံသည် မြူမှုန်များကြား တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

ဤအခိုက်အတန့်တွင်၊ လော့ရန်ယွီသည် တုနှိုင်းမယှဉ်နိုင်သော အလှတရားတို့ဖြင့် ပြည့်စုံကာ ၊ သူမ၏ အသားအရေသည် ရေခဲအလား စင်ကြယ်ဖြူစင်ပြီး၊ မြင့်မြတ်သော သူတော်စင်ရောင်ဝါများကို သယ်ဆောင်ထားသည်။ သူမသည် မဟာလမ်းစဉ်၏ သမုဒ္ဒရာကြီးအတွင်း၌ ပွင့်လန်းနေသော အစွန်းအထင်းဟူ၍ တစိုးတစိမျှ ကပ်ငြိတွယ်ခြင်းမရှိသော ပရမ်းပတာကြာပန်း တစ်ပွင့်နှင့် တူပေသည်။

လော့ရန်ယွီသည် အန္တိမအရိုးနှင့် ဟွိုင့်တွိုင့်ကိုယ်ထည်ကို အပြည့်အဝ ပေါင်းစပ်နိုင်ခဲ့ပြီး ၊ ကမ္ဘာပေါ်တွင် တခါမှပင်မရှိခဲ့ဖူးသော ကိုယ်ထည်တစ်ခုကို ရရှိခဲ့သည်။ ၎င်းကို မဟာလမ်းစဉ်၏ ကွဲလွဲမှုအမျိုးအစားအဖြစ် မှတ်ယူနိုင်ပြီး ၊ ဤသည်မှာ ပရမ်းပတာအန္တိမ နတ်ကိုယ်ထည်ပင် ဖြစ်သည်။

ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ ပကတိအခြေအနေကို ပြောင်းလဲစေနိုင်ကာ၊ မဟာလမ်းစဉ်အားလုံးကို ခြယ်လှယ်နိုင်ပြီး ၊ ၎င်းတို့ထဲတွင် အမြင့်မြတ်ဆုံးဖြစ်သည်။ ကျင့်ကြံမှု အထွတ်အထိပ်သို့ ရောက်ရှိသူများသည် မဟာလမ်းစဉ်သုံးထောင်အနက်မှ အမြင့်မြတ်ဆုံးဖြစ်သော ပရမ်းပတာမဟာလမ်းစဉ်ကိုပင် လက်ဝယ်ပိုင်ဆိုင်နိုင်ပြီး၊ အလုံးစုံသော ပရမ်းပတာတို့၏အရှင်သခင်အဖြစ်သို့ ရောက်ရှိနိုင်သည်။

🍁 T/N - ပရမ်းပတာလမ်းစဉ် : စကြဝဠာမဖြစ်ပေါ်မီက ရှိခဲ့သော မူလကနဦးစွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်း ( ဖန်ဆင်းနိုင်စွမ်း+ ဖျက်ဆီးနိုင်စွမ်း) 🍁

“ရန်ယွီ အဆင်သင့်ဖြစ်ပြီလား”

ရုတ်တရတ်၊ ခန်းမအပြင်ဘက်မှ ယောင်ချီဘိုးဘေး၏ အသံကို ကြားလိုက်ရသည်။

“ ငါတို့ယောင်ကွမ်အမတဂိုဏ်းက ရောက်လာပြီ ၊ အမတနယ်မြေရောက်တာနဲ့ မင်းကို အမတအဖြစ် တိုက်ရိုက်တတ်လှမ်းနိုင်အောင် ကူညီပေးမယ် ၊ အဆင့်သင့်ဖြစ်ပြီဆို ခုချက်ချင်း ထွက်ခွာကြစို့ “

“ဟုတ်ကဲ့ ဘိုးဘေး “

လော့ရန်ယွီသည် ပြန်လည်ဖြေဆိုလိုက်သည်။ သူမသည် ခပ်ဖျော့ဖျော့ ပြုံးရယ်လိုက်ရင်း မိုးကောင်းကင်ပေါ်ကို မော့ကြည့်ကာ ညည်းညူလိုက်သည် ။

“ ချန်ကဲ ငါတို့ အမတနယ်မြေမှာ ထပ်တွေ့ကြမယ် “

…….

တစ်ချိန်တည်းမှာပင်၊

တိုက်မြေသုံးထောင်၏ ကောင်းကင်အလွန်တွင်၊

စူးချန်ကဲသည် သင်္ဘောထိပ်တွင် လေညင်းခံကာ ရပ်နေလေ၏။

ပြိုးပြိုးပျက်ပျက် တောက်ပနေသော မှော်သင်္ကေတများသည် ကူးခတ်နေသော ငါးကလေးများသဖွယ် သူ၏ဘေးနားကနေ ဖြတ်သန်းသွားကြသည်။

သူ၏မြင်ကွင်းထဲက တိုက်မြေသုံးထောင်သည် ပို၍သေးသထက် သေးငယ်လာပြီး အဆုံးတွင် ကြယ်ရောင်စုံ စကြဝဠာကောင်းကင်ထဲ၌ ကြယ်ပွင့်တစ်ပွင့်အဖြစ် အပြီးတိုင် ပျောက်ကွယ်သွားလေတော့သည်။

အချိန်အားဖြင့် တစ်ရက်တာကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၊ သူ၏စိတ်နှလုံးသားထဲတွင် နှမြောတသမှု အနည်းငယ် ရှိနေသေးသည်။ အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ အစိမ်းသက်သက် အမတနယ်မြေထက် တိုက်မြေသည် သူ့အတွက် ရင်းနှီးကျွမ်းဝင်သော နေရာတစ်ခုဖြစ်ခဲ့သည်။

“ချန်ကဲ...”

ထိုအချိန်တွင် စူးယွင်ယွဲ့ သည် နူးညံ့စွာ ပြုံးရယ်ရင်း ၊ စူးချန်ကဲထံသို့ ချဉ်းကပ်လာခဲ့သည်။

“မင်းက ပထမဆုံးအကြိမ်အဖြစ် အမတနယ်မြေကို ရောက်လာတာဆိုတော့ အမတနယ်မြေက အင်အားစုတွေအကြောင်း မသိလောက်သေးဘူး ၊ အတော်ပဲ အချိန်ရတုန်းလေး မင်းကို ငါ ရှင်းပြပေးမယ်”

“ကောင်းပြီ၊ အစ်မ ယွင်ယွဲ့ကို ဒုက္ခပေးရတော့မှာပဲ “

စူးချန်ကဲသည် ယဉ်ကျေးမှုအရ ဦးညွတ်ရန်ဟန်ပြင်လိုက်စဉ် ၊ စူးယွင်ယွဲ့ က ချက်ချင်းဆိုသလို တားဆီးလိုက်သည်။

“အားလုံးက တစ်မိသားစုတည်းပဲလေ.. ခုလိုလုပ်နေရင် ၊ အစ်မ စိတ်ဆိုးမိမှာနော် “

စူးယွင်ယွဲ့ က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဆိုလိုက်သည်။

“ ပုံမှန်အတိုင်းပဲ နေ ၊ ဟုတ်ပြီလား “

စူးချန်ကဲသည် ခဏတာမျှ ကြောင်အမ်းသွားသော်လည်း ၊ ခေါင်းညိတ်သဘောတူလိုက်သည်။

ကျုံ့ထားသော စူးယွင်ယွဲ့ ၏ မျက်ခုံးများသည် ထိုမှသာလျှင် ပြေလျော့သွားပြီး၊ နူးညံ့သိမ်မွေ့သော လေသံဖြင့် ဆက်လက်ရှင်းပြပေးခဲ့သည်။

“ “တကယ်တော့ အမတနယ်မြေမှာ နယ်မြေကိုးနယ်မြေ ရှိခဲ့တာ ၊ နောက်ပိုင်းမှာ စစ်ပွဲကြီးကြောင့် လေးခုပျက်စီးသွားပြီး ခုလက်ရှိ ရှိနေတဲ့ ပရမ်းပတာ ကြယ်ပင်လယ်ဆိုပြီး ဖြစ်လာခဲ့တာပဲ”

“ ပရမ်းပတာ ကြယ်ပင်လယ်က အဆုံးမရှိနိုင်အောင် ကျယ်ပြန့်လွန်းတယ် ၊သူက ဖျက်ဆီးခံလိုက်ရတဲ့ အမတနယ်မြေလေးခုရဲ့ အပျက်အစီးတွေနဲ့ ဖွဲ့စည်းထားတာပဲ ...ဒါ့ကြောင့်လည်း အဲ့မှာ မရေမတွက်နိုင်တဲ့ အမတပြည်တိုက်မြေတွေ ရှိနေသေးတယ် “

“ အမတပြည်တိုက်မြေလို့ ခေါ်ပေမယ့် တကယ်တော့ လွတ်လပ်တဲ့ သီးသန့်ကမ္ဘာတစ်ခုလို့ ဆိုလိုရတယ် ၊ အဲ့တိုက်မြေတွေက တစ်ချိန်က အမတနယ်မြေရဲ့ အစိတ်အပိုင်းတွေဖြစ်ခဲ့တယ် ၊ အဲ့မှာ မရေမတွက်နိုင်တဲ့ သီးသန့်ရပ်တည်နေတဲ့ အင်အားစုတွေ ရှိနေသေးတယ်”

“လက်ရှိ အမတနယ်မြေရဲ့ အင်အားစုအဆင့်တွေကို ခွဲခြားသတ်မှတ်ထားတာကတော့ တားမြစ် အင်အားစုကြီး ကိုးဖွဲ့ ၊ တသီးတခြား အင်အားစုကြီး ၁၈ ဖွဲ့ပဲ “

“ဒါတောင် အမတနယ်မြေ ကြယ်ပင်လယ်ထဲမှာ သိုဝှက်စွာနေထိုင်တဲ့ လျှို့ဝှက်အင်အားစုတွေကို မတွက်ချက်ရသေးဘူး၊ သူတို့ထဲက အင်အားစုကြီးတစ်ချို့က တားမြစ်အင်အားစုတွေနဲ့တောင် ရင်ပေါင်တန်းနိုင်တယ် ၊ ခုခေတ် တားမြစ် အင်အားစုတွေထက်တောင် သာလွန်‌နိုင်သေးတယ်”

“ဒီကြယ်ပင်လယ်ထဲမှာ ပုန်းကွယ်နေတဲ့ ရှေးဟောင်းအင်အားစုတွေထဲမှာ အမတစိုးစံရာခေတ်ကတည်းက ဆင်းသက်လာတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိနေသေးတယ် ၊ သူတို့ရဲ့ အခြေခံအုတ်မြစ်တွေက လက်ရှိရှိနေတဲ့ အဖွဲ့အစည်းတွေထက်တောင် သာလွန်တယ်”

ထိုစကားများကို နားထောင်ပြီးနောက် ၊ စူးချန်ကဲ၏ မျက်လုံးများသည် နားလည်သော အရိပ်အမြွက်များရှိပုံရကာ သူသည် မေးခွန်းထုတ်လိုက်သည်။

“ အမတနယ်မြေ လေးခုက ပျက်စီးသွားတယ်ဆိုတော့... ဒါဆို အခု ငါးခုကျန်သေးတာပေါ့?”

“မဟုတ်ဘူး၊ လေးခုပဲ ကျန်တော့တယ်၊ အဲ့တာတွေက ဟွမ်ကျီအမတနယ်မြေ ၊ လင်ဟွေအမတနယ်မြေ ၊ ကွေးယွမ် အမတနယ်မြေ နဲ့ ကောင်းကင်မိစ္ဆာအမတ နယ်မြေတို့ပဲ “

“တစ်ချိန်က အမတနယ်မြေ ကိုးနယ်မြေအနက် တန်ခိုးအကြီးမားဆုံး ဖြစ်ခဲ့တဲ့နယ်မြေက ဗဟိုအမတနယ်မြေပဲ ၊ ဒါပေမဲ့ ဘာကြောင့်မှန်းမသိပေမယ့် ချိတ်ပိတ်ခံလိုက်ရပြီး ယနေ့အထိတိုင် ပြန်လည် ထွက်ပေါ်လာခြင်းမရှိခဲ့ဘူး “

ထိုစကားအဆုံးတွင် ၊ စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။

“ဗဟိုအမတနယ်မြေ ? ချိတ်ပိတ်ခံလိုက်ရတယ် ဟုတ်လား “

အမတနယ်မြေ ကိုးနယ်မြေအနက် တန်ခိုးအကြီးမားဆုံး အမတနယ်မြေအဖြစ် ဗဟိုအမတနယ်မြေသည် အဘယ်ကြောင့် ချိတ်ပိတ်ခံလိုက်ရသနည်း။

အမှောင်ခေတ်အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြောင့်လော။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းအရာတွေ အများကြီးတယ် ၊ လက်ရှိမှာ မင်းရဲ့ကျင့်ကြံဆင့်က အားနည်းသေးတယ် ဒီထက်ပိုပြီး အားကောင်းလာတဲ့တစ်နေ့ကြရင် မင်းပိုပြီး သိလာလိမ့်မယ်”

စူးယွင်ယွဲ့ က ဆက်လက်ရှင်းပြခဲ့သည် ။

“ ပြီးတော့ တားမြစ် စူးမိသားစုရဲ့ အကြီးအကဲတွေ ခန့်မှန်းထားတာတော့ ဒီခေတ်မှာ ဒေဝလောကကြီးတစ်ခုလုံး အသစ်ပြန်လည်စတင်လိမ့်မယ် “

“ ချိတ်ပိတ်ခံထားရတဲ့ ဗဟိုအမတနယ်မြေကလည်း ဒီခေတ်မှာ ပြန်လည်ပေါ်ထွန်းလာနိုင်တယ် “

ထိုစကားကိုကြားလိုက်ရသည်နှင့် စူးချန်ကဲသည် အံ့အားသင့်သွားသည်။

ခုနကတင် ချိတ်ပိတ်ခံရပြီး ပျောက်ဆုံးနေတာလို့ ပြောလိုက်တယ်မဟုတ်လား ၊ ခုကြ ပြန်လည်ထွက်ပေါ်လာမယ်တဲ့လား !?

တိုက်မြေသုံးထောင်တွင် ရွှေခေတ်ကာလရှိသကဲ့သို့၊ အမတနယ်မြေတွင်လည်း ရွှေခေတ်ဟူ၍ ရှိလာလိမ့်မည်လော။

ဤအချက်က စူးချန်ကဲကို စိတ်ရှုပ်စေသော်လည်း၊ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားမိသည်။ ကမ္ဘာကြီးသည် ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ၊ စွမ်းဆောင်မှုနယ်ပယ်သည်လည်း ပိုမိုကျယ်ပြန့်လာပေလိမ့်မည်။

တိုက်မြေသုံးထောင်တစ်လျှောက် ယနေ့အချိန်အထိ တိုက်ခိုက်လာသည့် တိုက်ပွဲတိုင်းတွင် သူသည် ရှုံးပွဲဟူ၍ တစ်ခါမျှပင်မရှိ။ ဤမျှကြီးမားကျယ်ပြန့်သော အမတနယ်မြေတွင် သူ့အား အမှန်တကယ် ယှဉ်ပြိုင်နိုင်သူများ ရှိလာလိမ့်မည်ဟု သူ ယုံကြည်သည်။

“ကြည့်လိုက် ! ဟိုဟာက အမတနယ်မြေကို ဝင်ရောက်မယ့် တံခါးပဲ !

ရုတ်တရက် ၊ စူးယွင်ယွဲ့ သည် အရှေ့တစ်နေရာဆီသို့ လက်ညိုးထိုးပြလိုက်သည်။

စူးချန်ကဲသည် သူမညွှန်ပြရာနေရာကို လှမ်းကြည့်လိုက်သည်။

အရှေ့က မြင်ကွင်းသည် အလွန်တရာမျှ ကြည်နူးဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခုဟု ဆိုရမည်။

ကောင်းကင်ပြင်သည် ကျယ်ပြန့်လှပြီး၊ ကြယ်ပွင့်များက ထူထပ်များပြားစွာ ထွန်းတောက်ပလျက်ရှိသည်။ အမတစွမ်းအင် လှိုင်းတံပိုးများသည် ယင်းအတွင်း၌ စီးမျောပျံ့လွင့်လို့နေသည်။

ခပ်ဝေးဝေးမှကြည့်လျှင် ကောင်းကင်ပြင်တွင် အမြစ်တွယ်နေသော ရှေးဟောင်း မဟာလမ်းစဉ်သစ်ပင်များအပြင် ၊ ၎င်းတို့၏ အမြစ်များအောက်တွင် တောက်ပစီးဆင်းနေသော နဂါးငွေ့တန်းကိုလည်း တွေ့မြင်နေရသည်။

ရှေးကျသော တာအိုစည်းချက်များကို သယ်ဆောင်ရင်း ၊ မည်သည့်အရပ်သို့ စီးဆင်းသွားသည်ကို မသိနိုင်ပေ။

အုံ့ဆိုင်းနေသော အမတမြူမှုန်များကြားတွင် မရေမတွက်နိုင်သော မျှော်စင်များနှင့် နန်းဆောင်များစွာကို မြင်တွေ့‌‌ နေရသည်။ ရွှေပုလဲများ၊ စိမ်းလဲ့သောကျောက်မျက်ရတနာများဖြင့် တင့်တယ်စွာဆင်ယင်ထားသော ဤအဆောက်အဦးများသည် ကောင်းကင်ပြင်ထဲတွင် ခမ်းနားထည်ဝါစွာ ရှိနေလေ၏။

မရေမတွက်နိုင်သော ‌နန်းဆောင်မျှော်စင်များကြား ကြယ်စင်များက မှိတ်တုတ်မှိတ်တုတ် တောက်ပလျက် ၊ တစ်ခုနှင့်တစ်ခု စုဝေးလှည့်ပတ်နေကြသည်မှာ အလွန်တရာမျှ လှပသော ကောင်းကင်တိမ်တိုက်ကြီးတစ်ခုကို ဖွဲ့စည်းထားသလိုပင်။

အိပ်မက်အလားထင်မှတ်ရသော နဂါးငွေ့တန်းများသည် ကြယ်ရောင်စုံစကြာဝဠာကြီးအတွင်း၌ ကျရောက်လျက်ရှိသည်။

ဤများပြားလှသော ကြယ်ဝင်ရိုးစွန်းများအတွင်း၌၊ တိုက်မြေသုံးထောင်ကဲ့သို့သော ကျယ်ပြန့်သော ကမ္ဘာတစ်ခုလည်း ရှိနေခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့်၊ အမတနယ်မြေသည် မည်မျှကျယ်ပြောပြီး ကြီးမားသည်ကို မှန်းဆရန် မခက်ခဲပေ။

ဤကြီးကျယ်ခမ်းနားသောမြင်ကွင်းကို ပထမဆုံးအကြိမ်မြင်ခဲ့ရသော စူးချန်ကဲသည်ပင် ထိတ်လန့်သွားခဲ့ရသည် ။

ဘိုးဘေးများသည် သူ့အား အလွန်ကြီးမားသော ကမ္ဘာများ ရှိသေးကြောင်း မကြာခဏ ပြောပြတတ်သည့် အကြောင်းရင်းကို ယခုတွင် သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခြေအနေအရ ၊ သူတို့၏စကားသည် မှန်ကန်ပုံရသည်။

တိုက်မြေသုံးထောင်သည် ဤစကြဝဠာလောကကြီးတွင် တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးသည်။

………

တစ်ချိန်တည်းမှာပင်။

အမှောင်မူလရင်းမြစ် ကမ္ဘာ ၊ အမှောင်ထု အမတခန်းမဆောင် တည်ရှိရာကမ္ဘာ၌ ၊

ဝုန်း !!

ထူထပ်မှောင်မိုက်သော တိမ်တိုက်များသည် ဝဲဂယက်ကြီးသဖွယ် လှည့်ပတ်နေကာ ၊ ထူးဆန်းပြီး ဆိုးသွမ်းသောအငွေ့အသက်များကို ထုတ်လွှတ်နေပြီး ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။

မရေမတွက်နိုင်သော မှော်နက်သင်္ကေတများသည် သက်ဝင်လှုပ်ရှားနေပြီး ၊ အမှောင်ထု အမတခန်းမဆောင်အတွင်းမှ နန်းဆောင်တစ်ခုဆီသို့ လွင့်မျောနေသည်။

ထိုနန်းတော်တစ်ဝိုက်တွင် ‌အမှောင်စွမ်းအင်များက ဒီရေအလား စုဝေးရိုက်ခတ်နေသည်မှာ အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို မွေးထုတ်နေသလိုပင်။

ဝုန်း !!

သို့သော် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ အမှောင်ထု အမတခန်း‌မဆောင်၏ ကောင်းကင်တွင် မူလကစုဝေးနေခဲ့ကြသော တိမ်မည်းများသည် ဒီရေအလား ပျောက်ကွယ်သွားပြီး ၊ မှော်နက်သင်္ကေတများသည်လည်း အစအနမကျန် ကွယ်ပျောက်သွားသည်။

ထို့နောက် ချက်ချင်းပင်၊ အမှောင်ထု အမတခန်းမဆောင်ထဲရှိ ရှစ်ထျန်းတိ့၏ ကျိန်ဆဲသံသည် ချက်ချင်းလက်ငင်း ထွက်ပေါ်လာခဲ့သည်။

“ သေသင့်တဲ့ကောင်‌ ! အမှောင်ထုမူလရင်းမြစ် သွေးကို သုံးတာတောင် ပျက်စီးသွားတဲ့ အမတ ဧကရာဇ်ရုပ်သေးတွေကို ပြန်ပြီးမဖွဲ့စည်းနိုင်သေးဘူး”

“ခွေးကောင် စူးရွှမ် ! အသည်းနှလုံးမရှိတဲ့ ကောင်! ငါ့အမတဧကရာဇ်ရုပ်သေးရဲ့ မူလရင်းမြစ်ကို သူ့ရဲ့ ဓားတစ်လက်တည်းနဲ့ ဖျက်ဆီးသွားတယ် ခွေးကောင်!!”

အပိုင်း(၆၁၃): တားမြစ် စူးမိသားစု ၊ ဟွမ်ကျီအမတနယ်မြေ (Part-1)

ဒေါသထွက်ဆဲဆိုရင်း ၊ သူ၏စိတ်ထဲမှာလည်း လှိုင်းတံပိုးများ ရိုက်ခတ်လို့နေလေ၏။

သင် သိထားရမည်မှာ ယခင်က စူးရွှမ်သည် သူ၏ ပြိုင်ဘက်တစ်ဦး မဟုတ်ခဲ့ပေ။ သို့သော် ယခုအခါတွင် သူ၏ ဓားချက်တစ်ခုတည်းဖြင့် မိမိ၏ရုပ်သေးကို ချေမှုန်းပစ်ခဲ့သည်။

“ ဒါနဲ့ ငါသတိပြုမိသလောက် ငါရင်းနှီးတဲ့ ရောင်ဝါတစ်ခုက အမတနယ်မြေကို ဆင်းသက်လာသလိုပဲ...စူးချန်ကဲ အဲ့ကောင်လေးနဲ့ တူသလိုပဲ...”

ရှစ်ထျန်းတိ့၏ မျက်လုံးထဲတွင် အဆုံးမရှိသော အမှောင်ထုများက တရိပ်ရိပ်တတ်လို့နေလေ၏။

ဒီခွေးသားကို မီးသွေးခဲဖြစ်သွားရင်တောင် သူမှတ်မိတယ် !

အမတလျှောက်လှမ်းတံခါးတွင် သူ့ကို စိန်ခေါ်ခဲ့ရုံသာမက ၊ အမှောင်ထုကို ဖြန့်ကျတ်မည့် သူ၏အစီအစဉ်များကိုလည်း အပြီးတိုင် ဖျက်ဆီးပစ်ခဲ့သည်။

ယခု သူသည် စူးချန်ကဲ၏ ရောင်ဝါကို ထပ်မံ သတိပြုမိခဲ့သည်။ ဤသကောင့်သားကို ချက်ချင်းလက်ငင်း သွားရောက်ဖျက်ဆီးပစ်ချင်သည့်အထိ စိတ်မထိန်းနိုင်ဘဲ ဖြစ်နေလေ၏။

သို့သော်လည်း၊ သူ သတ္တိမရှိပေ။

အကြောင်းမှာ ထိုအင်အားစု သုံးဖွဲ့သည် အလွယ်တကူ ထိပါးလို့မရသည့် အင်အားစုများပင် ဖြစ်သည်။ တစ်ချက်မှားယွင်းသွားသည်နှင့် အမှောင်ထု အမတခန်းမဆောင်သာမက အမှောင်ထု မူလရင်းမြစ်လောကတစ်ခုလုံးပါ ပျက်စီးသွားနိုင်သည်။

“ လက်ရှိမှာ အမှောင်ထုရဲ့ နိယာမတရားတွေ ပြန်လည်ကောင်းမွန်လာဖို့က နှစ်ပေါင်း ရာနဲ့ချီ ကျန်သေးတယ် ၊ အဲ့အစား အမတနယ်မြေက အင်အားစုအချို့ကို အရင် ကျူးကျော်ဖို့ နည်းလမ်းရှာတာက ပိုကောင်းလိမ့်မယ်”

“ အတော်ပဲ အမတနယ်မြေရဲ့ အချက်အလက်တွေအားလုံး ငါ စုဆောင်းထားပြီးပြီ ၊ လိုအပ်တာရှိရင် ၊ ငါ့ရဲ့ အမြောက်စာအဖြစ် အသုံးပြုနိုင်ပြီ!”

စိတ်ထဲတွင် ထိုသို့ဆုံးဖြတ်ပြီးနောက် ၊ ရှစ်ထျန်းတိ့သည် ချက်ချင်းဆိုသလို ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင်၊ သူ၏စိတ်ထဲတွင် စူးချန်ကဲကို အမှောင်ထုထဲသို့ ဆွဲချလိုသည့် စိတ်ဆန္ဒသည် ဂနာမငြိမ်အောင် ဖြစ်လို့နေသည်။

စူးရွှမ်ကို မယှဉ်နိုင်ရင်တောင် ၊ သူ့သားလောက်တော့ မယှဉ်နိုင်စရာလား ?

ဖခင်၏အကြွေး သားကပြန်ဆပ်ရမည် ဆိုသောစကားအတိုင်း ၊ ထိုနှစ်က စူးရွှမ်သည် အမှောင်ထု မူလရင်းမြစ်လောက၌ အကြွေးတင်ထားခဲ့သည်။သို့ဖြစ်ရာ ၊ သားဖြစ်သူ စူးချန်ကဲသည် ဤအကြွေးအတွက် ပြန်ပေးဆပ်ရမည်။

ထို့အပြင် သူသည် အမတဧကရာဇ် နယ်ပယ်အဆင့်ထက် သာလွန်သော ပုဂ္ဂိုလ်များ ဝင်ရောက်စွက်ဖက်လာမည်ကို မစိုးရိမ်ပေ။

သူရဲ့ အမှောင်ထု မူလရင်းမြစ်လောကမှာရော လူမရှိတာကြလို့ ....

အမှောင်ထု မူလရင်းမြစ်လောကကြီးကို တည်ထောင်နိုင်ခဲ့သည့် အကြောင်းရင်းမှာ ထိုနှစ်က ဒေဝလောကတစ်ခွင်လုံးကို ဖုံးလွှမ်းထားခဲ့သော ဖြူဖျော့ဖျော့ မျက်နှာကြောင့်ပင် ဖြစ်သည်။

ထို‌နေ့ရက်ကို ဒေဝလောကတစ်ခွင်လုံး မေ့ပျောက်သွားခဲ့သော နေ့တစ်နေ့အဖြစ် လောကသားများ သိထားကြသည်။

သို့သော် ၊ ဒေဝလောကတစ်ခွင်လုံး မေ့ပျောက်သွားခဲ့သော ထိုနေ့ရက်သည် အမှောင်ထုကြီး စတင်ခဲ့သည့်နေ့ဖြစ်မှန်း သူတို့အားလုံး ဘယ်တော့မှ သိကြလိမ့်မည်မဟုတ်ပေ။

…..

တစ်ချိန်တည်းမှာပင်။

ကြိုဆိုရေးအဖွဲ့ သုံးဖွဲ့၏ အာကာသယာဉ်များသည် အမတနယ်မြေ တည်ရှိရာ စကြဝဠာထဲသို့ ရောက်ရှိလာပြီး အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီးနောက်တွင် ၊ ၎င်းတို့နှင့် သက်ဆိုင်ရာ အမတနယ်မြေများဆီသို့ ပြန်သွားခဲ့ကြသည်။

စူးချန်ကဲအနေဖြင့် ပထမဦးစွာ တားမြစ် စူးမိသားစုသို့ ပြန်သွားကာ ဘိုးဘေးများ၏ အသိအမှတ်ပြုမှုကို လက်ခံရပေမည်။ ဤလုပ်ငန်းစဉ်ပြီးမှသာ သူသည် အခြားအင်အားစုကြီး နှစ်ဖွဲ့ထံ သွားရောက်လည်ပတ်နိုင်မည် ဖြစ်သည်။

ကြိုဆိုရေးယာဉ်နှစ်ဖွဲ့ ထွက်ခွာသွားပြီးနောက်။

စူးယွင်ယွဲ့ သည် သင်္ဘောထိပ်ဆုံးတွင် ရပ်ကာ ၊ သူမ၏ အာကာသသိုလှောင်ခန်းထဲမှ အမည်မသိ ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းတစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းပေါ်တွင် ရွှေရောင်တောက်ပနေသော “စူး” ဟူသော အက္ခရာတစ်လုံးကို ထွင်းထုထားသည်။

“ဖွင့်!”

စူးယွင်ယွဲ့ ၏စကားသံအဆုံးတွင် ၊

ဝီ......!!

အဆုံးမရှိသော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် ကောင်းကင်ယံတွင် စုဝေးရောက်ရှိလာပြီး ၊ ထို့နောက်တွင် ရှေးကျသော အာကာသလမ်းကြောင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

စူးချန်ကဲသည် သူ့ရှေ့ရှိ ဤအလင်းတံခါးသည် မဟာလမ်းစဉ် ဝင်‌ပေါက်တစ်ခုလိုမျိုး ခံစားမိသည်။

သူ့ရှေ့ကမြင်ကွင်းသည် အလွန်ပင် ဆန်းကြယ်သော်လည်း ၊ စူးချန်ကဲသည် ဤအရာအတွက် အရမ်းတုန်လှုပ်မသွားပေ။

အဘယ်ကြောင့်ဆိုသော် တားမြစ် စူးမိသားစု ကဲ့သို့သော အင်အားကြီးမားသော မျိုးနွယ်စုသည် အမတနယ်မြေအတွင်းရှိ လျှို့ဝှက်ကမ္ဘာတစ်ခုထဲတွင် တည်ရှိမည်မှာ သဘာဝကျသော ကိစ္စရပ်ပင် ဖြစ်သည်။

အမြန်သွားရောက်လိုပါက၊ ဤကဲ့သို့ သွားလာရေးမုခ်တံခါးပေါက်ကို အသုံးပြုရပေမည်။

“ဒါက တားမြစ် စူးမိသားစုရဲ့ သီးသန့် ‌ကမ္ဘာ့လမ်းကြောင်းပဲ ၊ ဘာလို့လဲဆိုတော့ အမတနယ်မြေနဲ့ တိုက်မြေကြားက နိယာမစည်းမျဉ်းတွေက အပြည့်အဝ မပြည့်စုံသေးလို့ပဲ “

စူးယွင်ယွဲ့ က စူးချန်ကဲအား ရှင်းပြလိုက်သည်။

“ဒါကြောင့် လတ်တလော တိုက်မြေ သုံးထောင်မှာ ဖွင့်မရဘဲ အမတနယ်မြေမှာပဲ ဖွင့်လို့ရသေးတယ် “

ထိုစကားကို ကြားလိုက်ရသည်နှင့် စူးချန်ကဲသည် အနည်းငယ် အံ့အားသင့်သွားပုံရသည်။ အမတနယ်မြေသို့ ရောက်ရှိလာပြီးနောက်တွင် ၊ အာကာသထဲရှိ နိယာမစည်းမျဉ်းများ၏ကြွယ်ဝမှုကို သူ သတိပြုမိခဲ့သည်။

၎င်းတို့သည် တိုက်မြေ သုံးထောင်ရှိ အာကာသဟင်းလင်းပြင်ကိုပင် ဖျက်စီးပစ်နိုင်စွမ်းရှိမည်ကို ကြောက်မိသည်။ သို့သော် ဤနေရာတွင် ၎င်းသည် အက်ကြောင်းတစ်ခုမျှသာ ဖြစ်ပေါ်နိုင်သည်။

အာကာသထဲ၌ အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများဖြင့် ပြည့်နှက်နေပြီး ၊ ၎င်းတို့သည် ရုပ်လုံးတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

သို့သော် ဤကဲ့သို့ အာကာသစွမ်းအားများ ခိုင်မာတောင့်တင်းသည့် အမတနယ်မြေတွင် ယာဉ်များကို ဖြတ်သန်းသွားလာနိုင်စေရန်အတွက် ကမ္ဘာတစ်ခွင်လုံးကို ဆက်သွယ်ထားသော ကမ္ဘာ့လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်ခြင်းသည် တားမြစ်စူးမိသားစု၏ ခိုင်မာတောင့်တင်းသော အုတ်မြစ်ကို မီးမောင်းထိုးပြနေသည်။

“သွားကြမယ် အိမ်ပြန်ကြစို့”

မရေမတွက်နိုင်သော အာကာသယာဉ်များ ဝင်ရောက်သွားပြီးနောက်တွင် ၊ အဆိုပါ ကမ္ဘာ့လမ်းကြောင်းသည် လျင်မြန်စွာ ပြန်ပိတ်သွားသည်။

အတွင်းသို့ ဝင်ရောက်လာပြီးနောက် ၊ စူးချန်ကဲသည် အနန္တ စကြဝဠာနှင့် ကြယ်ပေါင်းများစွာသည် သူ့ဘေးကနေ လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။

၎င်း၏အတွင်း၌ အချိန်နှင့်အာကာသ နိယာမတရားများသည် တသိမ့်သိမ့် ရိုက်ခတ်နေသည်မှာ အာကာသ အတားအဆီးအလွှာများကို ဖွင့်လှစ်နေသကဲ့သို့ပင်။

……..

အချိန်မည်မျှကြာမြင့်သွားသည်ကို မသိနိုင်သော်လည်း ၊ ရှေ့တွင် ဧရာမအလင်းဂူကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ယာဉ်များသည် အချိန်-အာကာသ နိယာမတရားများကို ဖြတ်ကျော်လာသည်နှင့် အမျှ ၊ မျက်စိရှေ့က မြင်ကွင်းတို့သည် ရုတ်တရက် ကြည်လင်တောက်ပလာသည်။

မျကိစိတစ်ဆုံးကြည့်ရှုလိုက်လျှင်ဖြင့် ၊ တလိပ်လိပ် ရိုက်ခတ်နေသော အမတရောင်စဉ်အလင်းတန်းများနှင့် မြူဆိုင်းနေသော အနန္တမြေပြင်ကျယ်ကြီးကို တွေ့ရပေလိမ့်မည်။

သန်းပေါင်းများစွာသော နတ်ကျွန်းများနှင့် ကျောက်စိမ်းများဖြင့် တည်ဆောက်ထားသော မျှော်စင် နန်းဆောင်များသည် ကောင်းကင်တွင် မျောလွင့်လျက်ရှိသည်။

အမတရောင်ခြည်အလင်းတန်းများသည် ကောင်းကင်မှ အောက်သို့ဖြာကျနေပြီး ၊ နတ်ငှက်မျိုးစုံနှင့် ထူးဆန်းသော သားရဲကောင်တို့သည် ပျော်မြူးစွာ ပျံသန်းနေလေ၏။

လကိုဝန်းရံထားသော ကြယ်စင်များကဲ့သို့ပင် ထိုနတ်ဘုရားကျွန်းများသည် ကြီးမားသော ကြယ်စင်မြို့တော်ကြီးကို ဝန်းရံထားသည်။

မြို့ရိုးများထက်တွင် ၊ မရေမတွက်နိုင်သော မဟာလမ်းစဉ်ဆိုင်ရာ မှော်အက္ခရာတို့သည် ရွှေဝါရောင် တဖိတ်ဖိတ် တောက်ပလျက် သက်ဝင်လှုပ်ရှားနေကြသည်။

နတ်ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် ဧရာမတံတိုင်းကြီးသည် ကောင်းကင်ဘုံထိ ထိုးဖောက်ထားပုံရပြီး ၊ တားမြစ် စူးမိသားစုဝင် စစ်သည်တော်တို့သည် ထိုနေရာတွင် ကင်းလှည့်ကာ စောင့်ကြပ်နေကြသည်။

မြို့ရိုးများအတွင်း၌ ၊ ကြီးမားသော အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်သို့ တည့်တည့်မတ်မတ် ပစ်ခွင်းဝင်ရောက်လျက် ရှိသည်မှာ ကောင်းကင်ဘုံ၏အတားအဆီးကိုပင် ဖြတ်ကျော်၍ အမတနယ်မြေ၏အထက်လောကအထိ တိုးဝင်သွားပုံရသည်။

အပိုင်း(၆၁၃): တားမြစ် စူးမိသားစု ၊ ဟွမ်ကျီအမတနယ်မြေ (Part-2)

ပြိုးပျက်စွာ တောက်ပနေသော ကြယ်များဖြင့် ဖွဲ့စည်းထားသလား အောက်မေ့ရသည့် ဖန်ပန်းကန်လုံးနှင့်ဆင်တူသော မှော်ဖွဲ့စည်းပုံကြီးသည် နတ်ကျွန်းများအားလုံးကို အုပ်မိုးထားသည်။ ၎င်း၏တောက်ပမှုသည် နေ့ရောညပါ ထွန်းလင်းတောက်ပနေသည်ဟု ထင်မှတ်ရသည်။

ဤကျယ်ပြောလှသော ကြယ်ရောင်စုံမြို့တော်ကြီးသည် တားမြစ် စူးမိသားစု အုပ်စိုးရာနယ်မြေ ဖြစ်သည့် ဟွမ်ကျီအမတနယ်မြေပင်တည်း။

တားမြစ် စူး မိသားစုမှ တိုက်ရိုက်ဆင်းသက်လာသော သားစဉ်မြေးဆက်များအပြင် အကြီးအကဲ ပုဂ္ဂိုလ်များနှင့် ဘိုးဘေးများပင်လျှင် ဤမြို့အတွင်း၌ နေထိုင်ကြသည်။

ဘေးပတ်ဝန်းကျင်ရှိ သန်းပေါင်းများစွာသော နတ်ကျွန်းများနှင့် မျှော်စင်နန်းဆောင်များသည် အခြားတားမြစ် စူးမိသားစုဝင်များနှင့် ၎င်းတို့၏ အကိုင်းအခက်များနေထိုင်ရာ နေရာဖြစ်သည်။

ဧရာမ နတ်သင်္ဘောကြီးများသည် ဟွမ်ကျီအမတ မြို့တော်ကြီး၏ ဝေဟင်ထက်ဝယ် ဖြတ်ကျော်ဝင်ရောက်လာသည်နှင့် အမျှ၊

သူ့ရှေ့က မြင်ကွင်းသည် တစ်ဖန် ပြောင်းလဲသွားပြန်သည်။

အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတတို့သည် နေရာပေါင်းစုံမှ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ စုပြုံဝင်ရောက်လာသည်။ အသက်ပြင်းပြင်း တချက်ရှုရုံမျှဖြင့် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများသည် သိပ်သည်းလွန်းသော အမတစွမ်းအင်များကြောင့် ပေါက်ကွဲထွက်သွားမည်ကို စိုးရိမ်မိသည်။

ဟွမ်ကျီအမတမြို့တော်သည် မုန်ညင်းစေ့အတွင်း၌ စကြဝဠာကြီးတစ်ခု တည်ရှိနေသကဲ့သို့ပင် အတွင်းပိုင်းသည် အကန်အသတ်မရှိ ကျယ်ပြောလှသည်။ ကောင်းကင်ယံတွင် နှင်းဆီရောင်တိမ်တိုက်များနှင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော နန်းဆောက်များ၊ မျှော်စင်များသည် ကြီးကျယ်ခမ်းနားစွာ တည်ရှိနေလေ၏။

တစ်လွှာပြီးတစ်လွှာ ထပ်နေသော ကောင်းကင်အလွန်ရှိ ကောင်းကင်ဘုံ၃၃ထပ်နှင့် ဆင်တူသည်။

“ ချန်ကဲသခင်ငယ်ကို ကြိုဆိုပါတယ်!”

ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသော အသံလှိုင်းများသည် ဒီရေပမာ ရိုက်ခတ်သွားပြီး၊ ထိုနေရာတစ်ခုလုံးကို တုန်ခါသွားစေသည်။

တခဏအတွင်းမှာပင် ၊ ဟွမ်ကျီအမတမြို့တော်ရှိ နေရာပေါင်းစုံမှ အလင်းတန်းမျိုးစုံ ပျံသန်းထွက်ပေါ်လာကြသည်။

ထိုသူတိုင်းသည် ထူးခြားသော ပင်ကိုယ်လက္ခဏာများ ရှိကြပြီး ၊ ၎င်းတို့၏ ရောင်ဝါများသည် လွန်စွာ အားကောင်းလှသည်။ နတ်ဘုရားများ ဆင်းသက်လာသကဲ့သို့ပင် တာအိုစည်းချက်များသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်ပေါ်လျက်ရှိသည်။

သို့ရာတွင် ၎င်းတို့အားလုံးသည် ခေါင်းငုံ့ကာ စူးချန်ကဲအား အရိုအသေပေးခဲ့ကြသည်။

၎င်းတို့အားလုံးသည် စူးချန်ကဲအပေါ်တွင် စူးစမ်းလိုစိတ်ရှိသော်လည်း၊ သို့သော် စူးချန်ကဲ၏ အဆင့်အတန်းကြောင့် မည်သူမျှ မေးမြန်းဝံ့ခြင်းမရှိပေ။

စူးချန်ကဲအနေဖြင့် ကသိကအောက် ဖြစ်မသွားစေရန် စူးယွင်ယွဲ့ က ဆိုလိုက်သည်။

“ သွားမယ် ချန်ကဲ ၊ ငါအခု တားမြစ် စူးမိသားစုရဲ့ မျိုးနွယ်စု ခေါင်းဆောင် ၊ မင်းရဲ့ဦးလေးလည်း ဟုတ်တယ် .... သူနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”

“ ကောင်းပြီ “

စူးချန်ကဲသည် ချက်ချင်း သဘောတူလိုက်သည်။ ဤခရီးစဉ်တစ်လျှောက်လုံး စူးယွင်ယွဲ့ သည် မျိုးနွယ်စုနှင့်ပတ်သတ်သည့် အချက်အလက်များကို ရှင်းပြပေးခဲ့သည်။

လက်ရှိ တားမြစ် စူးမိသားစု၏ မျိုးနွယ်စုခေါင်းဆောင် ရွှမ်ယွမ် အမတ ဧကရာဇ်မင်းသည် ဖခင်ဖြစ်သူ၏ ညီအရင်း ဖြစ်ပြီး ၊ တစ်နည်းအားဖြင့်ဆိုရသော် သူနှင့်ဦးလေးရင်းချာ တော်စပ်သည် ။

ထိုသို့ပြောပြီးနောက် ၊ စူးယွင်ယွဲ့ သည် စူးချန်ကဲကိုခေါ်ဆောင်ကာ ဟွမ်ကျီအမတမြို့တော်၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ ပျံသန်းထွက်ခွာသွားလေသည်။

……..

တစ်ချိန်တည်းမှာပင်။

ဟွမ်ကျီအမတမြို့တော် ပင်မခန်းမဆောင်အတွင်း။

လက်ရှိအချိန်တွင် ခန်းမဆောင်ကြီးသည် အရောင်အဝါစုံလင်ကာ လူသူစည်ကားလျက်ရှိသည်။

ခန်းမဆောင်အတွင်း၌ မရေမတွက်နိုင်သော ပလ္လင်များကို ၎င်းတို့၏ သတ်မှတ်ချက်များနှင့် ရာထူးအဆင့်များအလိုက် သပ်ရပ်စွာ စီစဉ်ထားသည်။

ထိုပလ္လင်များပေါ်တွင် သမုဒ္ဒရာပမာ နက်ရှိုင်းသော စွမ်းအားရှိသူများက သူ့နေရာအလိုက် နေရာယူထားကြသည်။

၎င်းတို့အနက် အနိမ့်ဆုံးအဆင့်မှာ အမတဘုရင် နယ်ပယ်အဆင့်ရှိသည်။ ၎င်းတို့၏ ရောင်ဝါတို့သည် လွန်စွာအားကောင်းလွန်းသဖြင့် မိမိတို့ကိုယ်တွင်းရှိ စွမ်းအားများကိုပင် အပြင်းအထန် ချုပ်တည်းထားကြရသော ပုဂ္ဂိုလ်အချို့လည်း ရှိပေသည်။

ဤအခိုက်အတန့်တွင် တားမြစ် စူးမိသားစု၏ ဘိုးဘေးများသာမက ထိပ်တန်း အကြီးအကဲများအားလုံးသည် ဤနေရာတွင် စုဝေးနေကြသည်။

အကြောင်းမှာ စူးချန်ကဲသည် ပထမဆုံးအကြိမ်အဖြစ် မျိုးနွယ်စုသို့ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သဖြင့် အချင်းချင်း အနေမခက်စေရန် ဆက်ဆံသင့်သည်ဟု ယူဆထားကြသည်။

သို့သော်လည်း ၊ သူတို့အားလုံးသည် စူးချန်ကဲနှင့် မျက်နှာချင်းဆိုင် ပြောဆိုလိုကြသည်။

အဘယ့်ကြောင့်ဆိုသော် စူးချန်ကဲ၏ ဖြစ်ရပ်မှန်သမျှ ကိစ္စရပ်တိုင်းကို သူတို့အားလုံးအသေးစိတ် သိရှိထားကြသည်။

ထိုကဲ့သို့သော တားမြစ် ပါရမီရှင်၊ ဒဏ္ဍာရီဝင်ခဲ့သော ဒဏ္ဍာရီလာပုဂ္ဂိုလ်သည် အဆုံးမှာတော့ မျိုးနွယ်စုဆီသို့ ပြန်လည်ရောက်ရှိလို့လာချေပြီ။ သို့ဖြစ်၍ ယနေ့တွင် သူနှင့် မျက်နှာချင်းဆိုင်တွေ့ကာ ကြိုဆိုလိုကြသည်။

“ ဒီနေ့တော့ တကယ်ကိုမင်္ဂလာရှိတဲ့နေ့ပဲ၊ ငါတို့ တားမြစ် စူးမိသားစုရဲ့ ထူးချွန်ထက်မြက်တဲ့ သခင်ငယ်လေး နောက်ဆုံးတော့ မျိုးနွယ်စုထဲကို ပြန်ရောက်လာခဲ့ပြီ!”

“ ဒါနဲ့ မင်းတို့တွေ ချန်ကဲအတွက် ပြင်ဆင်ထားတဲ့ ကြိုဆိုလက်ဆောင်တွေ ဘယ်လိုနေလဲ”

လူအိုကြီးတစ်ဦးက သူ၏ မုတ်ဆိတ်ကို အေးအေးလူလူ သပ်ချရင်း ပြုံးကာဆိုလိုက်သည်။

“ သေချာပေါက် အစောကြီးကတည်းက ပြင်ဆင်ထားပြီးသား ...အဆင့်ကိုးဆင့် သန့်စင်ထားတဲ့ မဟာလမ်းစဉ် နတ်မြက်ပင် !”

“မဟာလမ်းစဉ် နတ်မြက်ပင် ဆိုတာက ခန္ဓာကိုယ်ထဲက အမတစွမ်းအားကို သန့်စင်ပေးပြီး ပိုပြီးမြင့်မားတဲ့အဆင့်ကို ရောက်ရှိစေနိုင်တယ်၊ အဆင့်ကိုးဆင့် သန့်စင်ထားပြီးသားဆိုတော့ အမတဘုရင်တစ်ပါးအတွက် အတော်လေး အကျိုးရှိတယ် “

“ဟမ် ! မဟာလမ်းစဉ် နတ်မြက်ပင်ပဲလား? ငါဘာပြင်ဆင်ထားလဲဆိုတာ ကြည့်လိုက်!”

အခြားအကြီးအကဲတစ်ဦးက မခန့်သောလေသံဖြင့် ဆိုလိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သက်တံ့ရောင်ခြည်ငါးမျိုး ဖြာထွက်နေသော သွေးအနှစ်သာရသည် သူ၏လက်ဝါးပေါ်တွင် မျောလွင့်လျက်ထွက်ပေါ်လာသည်။

ထိုသွေးစက် ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ သွေးစွမ်းအားသည် ဆူနာမီလှိုင်းသဖွယ် မြည်ဟည်းလာကာ ဘေးတဝိုက်တွင် နဂါးပုံရိပ်များ ပေါ်ထွက်လာသည်။

“ဒါ... ဒါက... နတ်နဂါးဘုရင်ရဲ့သွေး.... ဒါက သုံဟွမ်မိစ္ဆာမဟာမိတ်ရဲ့ ကောင်းကင်နဂါး အမတဘုရင်ရဲ့ လက်ထဲမှာပဲ ရှိတာမဟုတ်လား...မင်း ဘာပစ္စည်းနဲ့ သွားလဲထားတာလဲ”

“လဲတယ်? ဟမ်! မင်း ငါ့ကိုသိပ်အထင်သေးလွန်းတာပဲ အဲ့ကောင်လေးကရော ပေးမှာတဲ့လား ..ငါ သူ့ကိုယ်ပေါ်ကနေ တိုက်ရိုက်စုပ်ယူထားတာလေ!”

“ပြောရရင် ၊ ငါလည်း ချန်ကဲအတွက် ရတနာလေးတွေ ပြင်ဆင်ထားတယ်!”

ဘိုးဘေးတစ်ဦးက သူ၏ရင်ဘတ်ထဲကနေ ထိန်လင်းကာ ကြည်လင်တောက်ပနေသော သလင်းကျောက်တစ်တုံးကို ထုတ်ယူလိုက်သည်။

“ဘုရားရေ... ဒါ... ဒါက အမတသခင်တရားစီရင်ရေးရုံးတော်မှာပဲ ရှိတဲ့ ကောင်းကင်အမိန့်တော် သလင်းကျောက်မလား !? ခင်ဗျား ဒါက...”

“ ငါ့ကိုဒီလိုကြည့်နေတာ ရပ်လိုက် ၊ ဘာပဲဖြစ်ဖြစ် ငါက တားမြစ်စူးမိသားစုရဲ့ ဘိုးဘေးတစ်ယောက်ပဲလေ...ဘယ်လိုလုပ်ပြီး သူများဆီက အတင်းအဓမ္မယူတာမျိုး လုပ်မှာလဲ ၊ ဒါက ငါ့ခွန်အားကို သုံးပြီး ယူလာတာ”

“……..”

တားမြစ်စူးမိသားစုထဲမှ အကြီးအကဲများသည် ချန်ကဲအား မည်သည့်လက်ဆောင်ပေးမည်ကို အပြန်အလှန်ဆွေးနွေးနေကြစဉ်။

ခန်းမဆောင် အပြင်ဘက်မှ အော်ဟစ်သံကို ကြားလိုက်ရသည်။

“ချန်ကဲ သခင်ငယ် ရောက်လာပြီ!”

ထိုစကားများ ထွက်လာသည်နှင့် ၊

ယခင်က ဆူညံနေခဲ့သော ခန်းမကြီးသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ တားမြစ် စူးမိသားစု၏ အကြီးအကဲအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး မိမိတို့၏အသွင်အပြင်ကို ကြည့်ကောင်းစေရန် ၎င်းတို့၏ အမတမှော်အတတ်များ စတင်အသုံးပြုလာကြသည်။

သူတို့သည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ၊ သို့သော် တားမြစ် စူးမိသားစု၏ အကြီးအကဲများအဖြစ် သူတို့၏ ဂုဏ်သိက္ခာနှင့် ပုံစံကို ထိန်းသိမ်းရန် လိုအပ်သေးသည် ။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ၊ စူးယွင်ယွဲ့ ၏ ဦးဆောင်မှုအောက်တွင် စူးချန်ကဲသည် ပင်မ ခန်းမဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

All Chapters