← Chapters

အခန်း (၆၁၉-၆၂၀)

Vol. 46 Ch. 619-620

အခန်း (၆၁၉-၆၂၀)

Vol. 46 Ch. 619-620

အပိုင်း(၆၁၉): စူးချန်ကဲ Vs လူငယ်ပါရမီရှင် ဆယ်ဦး

သို့သော် စူးချန်ကဲသည် သူတော်စင်ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင်ဖွဲ့စည်းပုံ လေးမျိုးကိုလည်း ပိုင်ဆိုင်ထားကြောင်း သတိရသွားပြီး ၊ သူ၏ သံသယများကို လွှတ်ချခဲ့သည်။

ထို့နောက် ကူကယ်ရာမဲ့ အပြုံးဖြင့် ၊ စူးဝူရှန်းသည် စူးချန်ကဲကို ဦိးညွှတ်လျက် ဆိုလိုက်သည်။

“ ချန်ကဲသခင်ငယ်ဆိုတဲ့အတိုင်း တကယ်ကို ထူးခြားပါပေတယ် ၊ ကျွန်တော် ဒီနေ့ အများကြီး သင်ယူခဲ့ပါတယ် “

တစ်ချိန်တည်းမှာပင်။

စူး မိသားစုမှ အဖွဲ့ဝင်များသည် စူးဝူရှန်း၏ ရှုံးနိမ့်မှုကို ကြည့်ရင်း တုန်လှုပ်ခြောက်ခြားနေကြသည်။

“ အမ်... အစ်ကိုဝူရှန်း ရှုံးသွားလိမ့်မယ်လို့ ထင်မထားဘူး... ချန်ကဲသခင်ငယ်ရဲ့ အရည်အချင်းက တကယ့်ကို မယုံနိုင်စရာပဲ!”

“ ငါတို့ ချန်ကဲသခင်ငယ်ရဲ့ ခွန်အားကို လျှော့တွက်ခဲ့ကြတယ် ဒါပေမဲ့ သူ့ကို အများကြီး လျှော့တွက်ခဲ့မိတာပဲ !”

စူးဝူရှန်း၏ အရည်အချင်းအရ ၊ နောင်တွင် သူသည် အတုမရှိသော အမတဘုရင်တစ်ပါး ဖြစ်လာမည်မှာ သေချာသည်။

တံခါးပိတ်ကျင့်ကြံ‌နေကြသော ထိပ်တန်းငါးဆင့် အနွယ်တော်များလောက် မထက်မြက်သေးသော်လည်း ၊

အမတနယ်မြေ၏ မျိုးဆက်သစ် လူငယ်ပါရမီရှင်များကြားတွင် သူသည် ထိပ်ဆုံးက ဖြစ်သည်။

သို့သော် စူးချန်ကဲသည် ၎င်းအား တချက်တည်းဖြင့် အနိုင်ယူပြခဲ့သည်။

“ ချန်ကဲ ၊ မင်းကိုကြည့်ရတာ မင်းရဲ့ အရည်အချင်းအစစ်အမှန်ကို ထုတ်မသုံးရသေးဘူးမလား “

ထိုအခိုက်တွင် ၊ ရွှမ်ယွမ် အမတဧကရာဇ်မင်းက ရုတ်တရက် မေးလိုက်သည် ။

“အမှန်အတိုင်းပြောစမ်း ၊ မင်းရဲ့ခွန်အားကို ဘယ်လောက်ပဲ သုံးခဲ့တာလဲ”

……

ထိုစကားများထွက်လာသည်နှင့် ၊

အရင်ကတည်းက သိမြင်နားလည်ထားပြီးဖြစ်သည့် တားမြစ် စူးမိသားစုဝင် အကြီးအကဲများမှလွဲ၍ ၊

တားမြစ် စူးမိသားစုဝင် လူငယ်ပါရမီရှင်များသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ဘယ်လို?!

အချိန်-အာကာသ မဟာလမ်းစဉ်ကို အသုံးပြုထားတာတောင် ဒါက အကုန်မဟုတ်သေးဘူးတဲ့လား !?

ထိုအမေးကြောင့် စူးချန်ကဲသည် နေရခက်စွာဖြင့် ခေါင်းကုတ်နေလိုက်သည်။

အစွမ်းကုန် တိုက်ခိုက်ရလျှင်ဖြင့် ၊ သူသည် သူတော်စင်ခန္ဓာကိုယ်အုပ်စိုးရှင်ဘုရင် ဖွဲ့စည်းပုံလေးမျိုးကို အသက်သွင်းကာ သူတော်စင်ကိုယ်ထည်များ၏ ပင်ကိုယ်မှော်စွမ်းအားများကို အသုံးပြုရပေမည်။

ထို့အပြင် ၊ မကြာသေးမီက ရရှိခဲ့သော အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားကိုလည်း အသုံးပြုရပေလိမ့်မည်။

ဒါတင်မက ၊ ကောင်းကင်လမ်းစဉ် အာဏာစက်ဓား ၊ ဓားသေတ္တာကိုးလက်အပြင် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်လည်း ရှိသေးသည်။

ထို့နောက်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအင်များကို အပြည့်အဝ ထုတ်လွှတ်ရမည်။ ထိုမှသာလျှင် သူသည် စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်သည်ဟု ဆိုနိုင်မည်။

သေချာပေါက် သေခြင်းရှင်ခြင်းတိုက်ပွဲတွင် တိုက်ခိုက်ရမည်ဆိုပါက ၊ ထိုသို့မဟုတ်နိုင်ပေ။

ခဏတာစဉ်းစားပြီးနောက် ၊ စူးချန်ကဲသည် ကူကယ်ရာမဲ့ အပြုံးဖြင့် ဆိုလိုက်သည်။

“တကယ်တော့လည်း... ချန်ကဲရဲ့ လျို့ဝှက်ကတ်ဖဲကို သုံးပြီးသွားပြီလို့ ဆိုလို့ရပါတယ် “

“စွမ်းအားကိုဘယ်လောက်အထိ အသုံးပြုထားသလဲဆိုရင်တော့... ဆယ်ပုံနှစ်ပုံလောက်ပေါ့”

ထိုစကားများကိုကြားလိုက်ရသည်နှင့် ၊

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျသွားသည်။

လူငယ်ပါရမီရှင်များအားလုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ၊ မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြစ်ကာ စူးချန်ကဲအား မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေကြသည်။

ကြည့်စမ်း! ဒါ လူသားတစ်ယောက်ကနေ ထွက်လာတဲ့ စကားလား?

ထို့အပြင် စူးဝူရှန်းသည် စစ်မှန်အမတနယ်ပယ် ပဉ္စမအဆင့်တွင် ရှိပြီး၊ စူးချန်ကဲသည် စစ်မှန်အမတနယ်ပယ် ပထမအဆင့်သာ ရှိသေးသည်။

သူသည် တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ရုံတင်မက ၊ စွမ်းအား၏ ဆယ်ပုံနှစ်ပုံသာ အသုံးပြုထားသည်။

ဒါ လူရောဟုတ်ရဲ့လား !

ဒီတိုင်းသာဆို နောင်တစ်ချိန် ၊ စူးချန်ကဲသာ အမတဧကရာဇ်မင်း အဆင့်ကို ရောက်သွားခဲ့ရင် ....သူနဲ့အဆင့်တူတဲ့ အမတဧကရာဇ်မင်းတွေကို ဖအေသားကို ရိုက်သလိုမျိုး အသာလေး အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူးလား ?

“ချန်ကဲ ဒီကောင်လေး....”

တားမြစ် စူးမိသားစုဝင် စွမ်းအားရှင်များသည် ထိုမြင်ကွင်း‌ကြောင့် ခေါင်းတယမ်းယမ်းဖြင့် ခါးသီးစွာ ပြုံးရယ်နေလေ၏။

စူးချန်ကဲ၏စကားများတွင် မာန်မာနထောင်လွှားမှု အရိပ်အမြွက်များ မပါဝင်သော်လည်း ၊ သို့သော် ဤဆယ်ပုံနှစ်ပုံဆိုသည့် စကားသည် အတော်လေး စိတ်ကြီးဝင်စရာ ကောင်းပေသည်။

တစ်နည်းအားဖြင့် ၊ သူတစ်ယောက်တည်းနဲ့တင် စူးဝူရှန်းကဲ့သို့သော လူငယ်ပါရမီရှင် ငါးဦးကို တိုက်ခိုက်နိုင်သည်ဟု ဆိုလိုက်ခြင်းပင်။

မသိတဲ့လူတွေကတော့ စူးဝူရှန်းကဲ့သို့သော ထိပ်တန်း လူငယ်ပါရမီရှင်များသည် မှိုလိုပေါများလိမ့်မည်ဟု ထင်ကောင်းထင်ကြလိမ့်မည်။

သို့သော် စူးချန်ကဲ၏စကားကို ကြားလိုက်ရချိန်တွင် ၊ ရွှမ်ယွမ် အမတဧကရာဇ်မင်း၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာခဲ့သည်။

မိမိ၏ တူတော်ကို စမ်းသပ်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

“အို ? ချန်ကဲမင်းမှာ ဒီလိုစွမ်းအားတွေ ရှိနေသေးတယ်ဆိုရင် ...”

“မင်းရဲ့ မျိုးနွယ်စုက ညီအစ်ကိုတွေနဲ့ ထပ်တိုက်ကြည့်ဖို့ စိတ်ဝင်စားလား?”

ထိုစကားသံအဆုံးတွင် ၊ လူအုပ်ကြီးသည် တစ်ဖန် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။

လူတိုင်း၏ သံသယအကြည့်များက မျိုးနွယ်စုခေါင်းဆောင်အပေါ်သို့ ကျရောက်သွားသည်။

ဤစကားသည် စူးချန်ကဲအား တားမြစ် စူးမိသားစု၏ လူငယ်ပါရမီရှင် ဆယ်ဦးနှင့် ယှဉ်ပြိုင်ရန် ဆိုလိုခြင်း မဟုတ်လော။

“ ခေါင်းဆောင် အကြီးအကဲ ဒါက....”

လူငယ်ပါရမီရှင်များ၏ မျက်နှာအရောင်မှာ သိသိသာသာ ပြောင်းလဲသွားကြသည်။ စူးချန်ကဲပိုင်ဆိုင်ထားသော အချိန်နှင့်အာကာသကို ရပ်တန့်စေနိုင်သည့် စွမ်းအားအကြောင်းကို ထည်မပြောရသေးခင် ၊

သူတို့အားလုံး စုပေါင်းတိုက်ခိုက်ပြီး စူးချန်ကဲကို အနိုင်ယူနိုင်ခဲ့လျှင်တောင် ၊ ထိုတိုက်ပွဲသည် ဂုဏ်သိက္ခာမဲ့စွာဖြင့် မတရားသဖြင့် ရလာသော အောင်ပွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။

လူငယ်ပါရမီရှင်များ၏ စိတ်ထဲက အတွေးများကို သိမြင်နေပုံရသော ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ပြုံးရယ်ကာ ဆိုလိုက်သည်။

“ ဒီလိုဆိုရင်ရော ၊ ငါ မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမည်နာမအဖြစ်နဲ့ ကျိန်ဆိုတယ်”

“မင်းတို့ ချန်ကဲ သခင်ငယ်ကို အနိုင်ယူနိုင်ရင်၊ မင်းတို့တွေ ဘဏ္ဍာတိုက်ထဲက မဟာလမ်းစဉ် နတ်ပစ္စည်းတစ်ခုကို စိတ်ကြိုက်ယူနိုင်တယ် “

“ဘာပဲလိုချင်လိုချင် ယူနိုင်တယ် ၊ ဘယ်လိုလဲ”

ထိုစကားများကို ကြားလိုက်ရသည်နှင့် ၊ မူလက အနည်းငယ် အင်တင်တင်ဖြစ်နေကြသော တားမြစ် စူးမိသားစုမှ လူငယ်ပါရမီရှင်များ၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာကြသည်။

‘ ခင်‌ဗျားပြောတာနော် ၊ ဒါဆို ကျုပ် အားမနာတော့ဘူးနော် ‘ ဆိုသည့်ဟန်ဖြင့်။

ချက်ချင်းဆိုသလို၊ တားမြစ် စူးမိသားစုမှ လူငယ်ပါရမီရှင်များသည် ထိုအဆိုပြုချက်ကို သဘောတူညီခဲ့ကြသည်။

လူအရေအတွက် များပြားလွန်းသောကြောင့်၊ ရွှမ်ယွမ် အမတဧကရာဇ်မင်းကိုယ်တိုင် ကန့်သတ်ချက်များ ချမှတ်ခဲ့ရသည်။

လူများစွာ အတူတကွ တိုက်ခိုက်မည်ဆိုပါက၊ စူးချန်ကဲ ခံနိုင်ရည်ရှိမရှိကို ထည့်မပြောခင်၊

ခံစားချက်များ လွန်ကဲသွားလျှင်ဖြင့် ၊ ရင်နင့်စရာဖြစ်သွားနိုင်သည်။

……..

ပြင်ဆင်မှုအချို့ ပြုလုပ်ပြီးနောက် ၊

လူဆယ့်တစ်ဦးသည် ပြိုင်ကွင်းတွင် အတူတကွ ရပ်နေကြသည်။

စူးချန်ကဲသည် တစ်ဘက်တွင် ရပ်နေပြီး၊ ကျန်ဆယ်ဦးသည် ကျန်တစ်ဘက်တွင် စုပြုံရပ်နေကြသည်။

လူအရေအတွက် ကွာဟမှုရှိသော်လည်း၊ နှစ်ဖက်စလုံးမှ ဖြာထွက်နေသော ရောင်ဝါတို့သည် နဂါးနှင့်ကျားတို့၏တိုက်ပွဲပမာ ခံစားရသည်။

“ချန်ကဲ သခင်ငယ်၊ အပြစ်ပြုမိရင် ခွင့်လွှတ်ပါ”

ဟင်းလင်းပြင်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသော စူးမိသားစုမှ လူငယ်ပါရမီရှင်တစ်ဦးက တရိုတသေ ဆိုလိုက်သည်။

“ ကိစ္စမရှိဘူး”

စူးချန်ကဲကလည်း အပြုံးမပျက် ပြန်ပြောသည်။

“ သက်ညှာဖို့မလိုဘူး ၊ အစွမ်းကုန်တိုက်ခိုက်မှသာ တိုက်ပွဲက အဓိပ္ပာယ်ရှိတာ “

သို့သော် ဤစကားများသည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်နှင့်၊ ၎င်းတို့၏ နဖူးတွင် ချွေးပြန်လာကြသည်။

အရင်ကလည်း စူးချန်ကဲသည် ဤကဲ့သို့ပင် ပြောခဲ့ဖူးပြီး၊ ရလဒ်အနေဖြင့် သူသည် စွမ်းအား၏ ဆယ်ပုံနှစ်ပုံကိုသာ အသုံးပြုခဲ့သည်။

ဒီလိုစကားတွေပြောပြီး ၊ လူကိုထပ်ပြီး လှည့်စားဖို့လုပ်နေတာလားဆိုတာ ဘယ်သူကသိမှာလဲ!

သို့သော် သူ၏ဦးလေးဖြစ်သူ ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ထိုရလဒ်ကို ကြိုမြင်နေပုံရသည်။

ထို့ကြောင့် စူးချန်ကဲနှင့် တိုက်ခိုက်ရန် လူဆယ်ဦးကို ခွင့်ပြုခဲ့ပြီး ၊ အရေအတွက်ကို နှစ်ဆတိုးမြှင့်ခဲ့သည်။

တားမြစ် စူးမိသားစုမှ လူငယ်ပါရမီရှင်များအနေဖြင့်၊ သူတို့သည် ပူးပေါင်းတိုက်ခိုက်ရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ မျက်လုံးအကြည့်ဖြင့် ချိတ်ဆက်ပြီးနောက်တွင် ၊

၎င်းတို့ဆယ်ဦး၏ စိတ်ထဲတွင် အစီအစဉ်တစ်ခုကို ချမှတ်ထားပြီး ဖြစ်သည်။

အစီအစဉ်အရ ၊ သူတို့သည် သုံးဖွဲ့ခွဲကာ အရှေ့ဘက်၊ ဘယ်ဘက်နှင့် ညာဘက်ဟူ၍ မတူညီသော ရှုထောင့်သုံးခုမှ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ရှေ့ဘက်မှ တိုက်ခိုက်ရန် တာဝန်ယူမည့်သူများမှာ ဟင်းလင်းပြင်ကိုယ်ထည်ပိုင်ရှင် စူးမင်နှင့် ဟုန်မုန်ထိုက်ယီ ကိုယ်ထည်ပိုင်ရှင် စူးယွမ်တို့ဖြစ်သည်။ သူတို့သည် ဤအဖွဲ့ထဲတွင် အားအကောင်းဆုံး ပါရမီရှင်များပင် ဖြစ်သည်။

စိတ်ထဲတွင် သေချာပြင်ဆင်ပြီးနောက် ၊

၎င်းတို့ဆယ်ဦးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။

ထောင်ပေါင်းများစွာသော မှော်သင်္ကေတများသည် တစ်စစီပေါ်ထွက်လာပြီး၊ အဆုံးတွင် ကြီးကျယ်ခမ်းနားသော ဓမ္မကာယကိုယ်ထည်များအဖြစ် ဖန်တီးပြလေသည်။

ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ရှိသော နတ်ဘုရားရုပ်သွင် ။

စကြာဝဠာတစ်ခွင် ဟိန်းဟောက်လျက်ရှိသော နတ်နဂါး ။

သို့မဟုတ် ကောင်းကင်ယံတွင် ထိုးဖောက်၍ထွက်ပေါ်လာသော နတ်လှံတံ ။

“အတူတူ တတ်!”

လူငယ်ပါရမီရှင်ဆယ်ဦးသည် သတိလက်လွတ်မဖြစ်ဝံ့ဘဲ အစီအစဉ်အတိုင်း ချက်ချင်း တိုက်ခိုက်လာကြသည်။

ဝုန်း ——!!

စူးမင် နှင့် စူးယွမ်တို့သည် ကြောက်ခမန်းလိလိ ရောင်ဝါများဖြင့် ပေါက်ကွဲထွက်လာပြီး ၊ လျင်မြန်သော အရှိန်နှုန်းဖြင့် စူးချန်ကဲထံသို့ ပြေးဝင်တိုက်ခိုက်လာသည်။

၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှုအရှိန်နှုန်းသည် မြန်ဆန်လွန်းသဖြင့် ၊ ၎င်းတို့၏အသွင်ပုံရိပ်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်တွေ့ရချေ။

အထူးသဖြင့် ဟင်းလင်းပြင်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသော စူးမင်သည် ပေတစ်ရာအကွာတွင်ရှိသော်လည်း ၊ စက္ကန့်ပိုင်းအတွင်း စူးချန်ကဲ၏နောက်သို့ ရောက်ရှိလာသည်။

သို့သော်လည်း ၊ အခြားသူများအတွက် လျင်မြန်သည်ဟု ထင်ရသော်လည်း စူးချန်ကဲ၏ မျက်လုံးထဲတွင် ၊ တဖက်လူ၏ လှုပ်ရှားမှုတိုင်းသည် သူ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေဆဲပင် ဖြစ်သည်။

ဤသည်မှာ အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား၏ ပင်ကိုယ်စွမ်းရည်ကြောင့် ဖြစ်သည်။ ယင်းက စူးချန်ကဲ၏ အာရုံငါးပါးနှင့် စိတ်ဝိညာဉ်ကို များစွာတိုးတက်စေခဲ့သည်။

အနည်းငယ်သော လှုပ်ရှားမှုများကိုပင် စူးချန်ကဲသည် သတိပြုနိုင်ပြီး ၊ နောက်လှုပ်ရှားမှုများကိုလည်း ကြိုတင်ခန့်မှန်းနိုင်သည်။

ဗလာနိတ္ထိမျက်လုံးတော်၏ ပင်ကိုယ်စွမ်းရည်ဖြစ်သော ‘မဟာလမ်းစဉ်၏ မူလအစကို ခွဲခြမ်းစိတ်ဖြာခြင်း’အတတ်နှင့် ပေါင်းစပ်လိုက်လျှင်ဖြင့် ၊

သူ့ထက် ကျင့်ကြံဆင့်နှစ်ဆင့်မြင့်သော သူများကိုပင် ၎င်းတို့အသုံးပြုမည့် အတတ်များနှင့် လမ်းစဉ်များကို အခက်အခဲမရှိ မြင်တွေ့နိုင်သည်။

ထို့ကြောင့် လူငယ်ပါရမီရှင် ဆယ်ဦး၏ လှုပ်ရှားမှုတိုင်းသည် နည်းနည်းမျှပင် ဖုံးကွယ်ထားနိုင်ခြင်းမရှိဘဲ စူးချန်ကဲရှေ့တွင် ဖော်ထုတ်ခံလိုက်ရသည်။

အပိုင်း(၆၂၀) : အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား ၊ ဖွင့် !

သို့သော် လူအားလုံး၏ မျက်လုံးထဲတွင်၊ စူးချန်ကဲသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အေးအေးလူလူ ရပ်နေပြီး၊ ခန္ဓာကိုယ်သည် မည်သည့် လှုပ်ရှားမှုမှ မရှိချေ။

လူတိုင်း သံသယဖြစ်နေတုန်း ၊

စူးချန်ကဲ၏အရိပ်သည် ဖျက်ခနဲ့ ပျောက်ကွယ်သွားသည်။ ထို့နောက် မမြင်နိုင်သော အမြန်နှုန်းဖြင့် လက်သီးဆုပ်ကာ၊ နောက်ဘက်သို့ လှည့်လိုက်ပြီး ထိုးနှက်လိုက်သည်။

“နေကိုးစင်းချိုးဖျက် လက်သီး!”

ဝုန်း !

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခုနှင့်အတူ၊ မရေမတွက်နိုင်သော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် ဆည်ရေကျိုးပေါက်သကဲ့သို့ စုဝေးလာသည်။

နောက်ဆုံးတွင် စွမ်းအင်မှိုတိမ်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ပေါက်ကွဲထွက်သွားသည်။

တစ်ချိန်တည်းတွင်၊ စူးချန်ကဲ၏ နောက်ကျောဘက်မှ ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားနေခဲ့သော စူးမင်းသည် ဤကြောက်မက်ဖွယ်ရာ လက်သီးချက်ကြောင့် နောက်ပြန်လွင့်ထွက်သွားသည်။

သို့သော် ဒါနဲ့တင် ရပ်တန့်မသွားပေ။ စူးချန်ကဲ၏ညာဘက်ခြေထောက်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများ စုပြုံရောက်ရှိလာပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားများသည် တဟုန်းဟုန်း တောက်လောက်လာသည်။

နောက်အခိုက်အတန့်တွင် ၊ စူးချန်ကဲသည် တဖက်လူ၏ လှုပ်ရှားမှုကို ကြိုတင်သိရှိထားသကဲ့သို့ သူ၏ ခန္ဓာကိုယ်သည် အလွန်မြန်ဆန်သော အရှိန်ဖြင့် လှည့်သွားပြီး ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

ဝုန်း!!!

လူကို တုန်လှုပ်သွားစေသော နောက်ထပ် ပေါက်ကွဲသံတချက် ထွက်ပေါ်လာပြန်သည်။

အလင်းလှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်နှင့်အမျှ ၊ စူးယွမ်သည် စူးချန်ကဲ၏ ခြေထောက်ကန်ချက်အောက်တွင် ကြိုးပျက်ကျသော စွန်ကဲ့သို့ပင် နောက်ပြန်လွင့်ထွက်သွားသည်။

အဝေးတစ်နေရာသို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ၊ ဖုန်မှုန့်များသည် အပေါ်သို့ တလိပ်လိပ် တတ်သွားလေသည်။

စူးချန်ကဲ၏ ထိုးနှက်ကန်ကျောက်မှုများသည် ရှေ့တန်း တိုက်ခိုက်မှုအတွက် တာဝန်ယူထားသော လူနှစ်ဦးကို အဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးသည့်နောက်တွင် ၊ စူးချန်ကဲသည် အေးဆေးတည်ငြိမ်စွာဖြင့် ရှိနေသည်။ သူ့အတွက် ဤအရာသည် အသေးအဖွဲကိစ္စတစ်ခုလိုပင်။

ဤမြင်ကွင်းသည် ပွဲကို ကြည့်ရှုနေကြသော လူငယ်ပါရမီရှင်များအား ခေါင်းကြီးသွားစေသည်။

“ဒါ ဘယ်လိုဖြစ်တာလဲ....!?”

“စူးမင်ညီနောင်မှာ ဟင်းလင်းပြင်ကိုယ်ထည် ရှိတယ်လေ ၊ သူ့ရဲ့ အရှိန်က ဒီလောက်မြန်တာ ရွှေအမတအဆင့်ရှိတဲ့သူတောင် သူ့ကို အမှီမလိုက်နိုင်ဘူး ၊ ချန်ကဲ သခင်ငယ်က တချက်တည်းနဲ့တင် သူ့ကို တိုက်ခိုက်နိုင်ခဲ့တယ်ပေါ့!”

“ဒါကဘယ်လို ပါရမီမျိုးပါ့လိမ့် ၊ ဒါမျိုး ဘယ်တုန်းကမှ မကြားဖူးဘူး!”

“……”

တားမြစ် စူးမိသားစု၏ ပါရမီရှင်များသည် တအံ့တဩဖြစ်လို့နေသည်။

လူငယ်တပည့်များ၏ အံ့အားသင့်မှုထက်၊ တားမြစ် စူးမိသားစုမှ အကြီးအကဲတို့သည် အတွေးလွန်ကဲနေကြသည်။

စောနက စူးချန်ကဲ၏လက်သီးချက်သည် ပစ်မှတ်ကို တည့်တည့်မတ်မတ် ထိမှန်နိုင်ခဲ့သည်။

စူးမင်၏ နောက်ဘက်မှ ချောင်းမြောင်းတိုက်ခိုက်မှုကို သူသည် ကြိုတင်သိရှိထားပုံရသည်။

ယင်းက သူတို့ကို ပို၍ သံသယဖြစ်စေသည်။ စူးချန်ကဲသည် ကြိမ်ဖန်များစွာ တိုက်ခိုက်ဖူးသောကြောင့် ၊ သူသည် ဤကဲ့သို့လက်တွေ့ကျသော အတွေ့အကြုံမျိုး ရှိနေခဲ့လေသလော။

လူတိုင်း သူသူကိုယ်ကိုယ် ဆွေးနွေးနေစဉ် ၊

ဝီ!!

ပြိုင်ကွင်းထဲတွင် ၊ ရောင်စဉ်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ၊ အမျိုးမျိုးသော မှော်အတတ်များသည် ကောင်းကင်ပြင်၌ ရောယှက်ကာ ပေါ်ထွက်လာသည်။

ပြိုးပျက်စွာတောက်ပသော မဟာလမ်းစဉ်၏ ဓမ္မကိုယ်ထည်များ ။

ကောင်းကင်ကို တုန်လှုပ်စေသော အတုမရှိသော နတ်ဓားများ။

ထို့အပြင် ကျယ်ပြောလှသော ဓားအလင်း အခင်းအကျင်းတစ်ခု ရှိနေပြီး ၊ ရှေးဟောင်း သားရဲကောင်များ၏ ဟိန်းဟောက်သံများကိုလည်း ကြားနေရသည်။

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ရှုပါရုံမြင်ကွင်းများသည် ဤအခိုက်အတန့်တွင်၊ ထင်ထင်ရှားရှား ထွက်ပေါ်လာကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ဤစွမ်းအားများ၏ ရှေ့မှောက်တွင်၊ ကောင်းကင်အမတအဆင့်ရှိ ထိပ်တန်းပုဂ္ဂိုလ်များပင်လျှင် လက်နက်ချရုံသာ တတ်နိုင်သည်။

သို့သော် ဤမြင်ကွင်းကို မြင်သည့်တိုင်အောင် ၊ စူးချန်ကဲသည် ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ လှိုင်းနည်းနည်းမှ လှုပ်ခတ်မသွားဘဲ တည်ငြိမ်စွာဖြင့် ရှိနေသည်။

ခရီးစဉ်တစ်လျှောက်လုံး၊ သူ၏စိတ်သဘောထားသည် ယခင်ကထက် များစွာပြောင်းလဲခဲ့သည်။

တားမြစ် စူးမိသားစု၏ လူငယ်ပါရမီရှင်များကို ရင်ဆိုင်ရသည့်တိုင် ၊ ၎င်းတို့အား သူတစ်ဦးတည်းဖြင့် နှိမ်နင်းနိုင်မည်ဟု ယုံကြည်မှုရှိပုံရသည်။

ဝုန်း !!

ချက်ချင်းဆိုသလို၊ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ သူတော်စင်ခန္ဓာကိုယ် အုပ်စိုးရှင်ဘုရင် ဖွဲ့စည်းပုံလေးမျိုး၏ စွမ်းအားများသည် တပြိုက်နက်တည်း ပေါက်ကွဲထွက်လာကြသည်။

သူတော်စင်ကိုယ်ထည်များ၏ ပြိုးပျက်စွာ တောက်ပသော အလင်းရောင်သည် မိုးကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်သွားပြီး ၊ မျက်စိစူးရှစေသော သက်တံ့ပမာ ရောင်ခြည်များသည် အရပ်လေးမျက်နှာတစ်ခွင် ဖြန့်ကျက်ကာ အံ့ဩဖွယ်ရာ လှပသော မြင်ကွင်းတစ်ခုအဖြစ် ပြသလေသည်။

ကြယ်များကဲ့သို့ တောက်ပနေသော သူ၏မျက်ဝန်းတွင် အဆုံးမရှိသော နတ်အလင်းများ ပေါ်ထွက်လာသည်နှင့် ၊ ဗလာနိတ္ထိမျက်လုံးတော်၏ ပင်ကိုယ်စွမ်းရည်ဖြစ်သော ‘မဟာလမ်းစဉ် မူလရင်းမြစ်ခွဲခြမ်းစိတ်ဖြာခြင်း’ အတတ်သည် စတင်သက်ဝင်လှုပ်ရှားလာခဲ့သည်။

တချက် ကြည့်လိုက်ရုံမျှဖြင့်၊ စူးချန်ကဲသည် တဖက်လူများ၏ နိယာမလှိုင်းများအတွင်းရှိ အားနည်းချက်များကို ချက်ချင်းလက်ငင်း မြင်လိုက်ရသည်။

အတိအကျ ဆိုရလျှင်ဖြင့် ၊ အားနည်းချက် လေးနေရာ ရှိသည်။

စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ထို့နောက် ၊ ထိုအားနည်းချက်လေးနေရာအား ကြောက်မက်ဖွယ်ကောင်းသော သူ၏လက်သီးလက်ဝါး ရိုက်ချက်များဖြင့် လျင်မြန်စွာ ထိုးနှက်လိုက်သည်။

ဝုန်း ! ဝုန်းး!

ဖြန်း! ဖြန်း ! !

ကြောက်မက်ဖွယ်ရာ လက်သီးအလင်းနှင့် လက်ဝါးပုံရိပ်သည် လူအများရှေ့တွင် ရုတ်တရက်ပင် ပေါ်ထွက်လာပြီး၊ အဆိုပါ အားနည်းချက် နေရာလေးခုကို တိုက်ရိုက် ဖြိုခွင်းပစ်လိုက်သည်။

သားသတ်သမားသည် အမဲဖျက်နေသကဲ့သို့ ထူးခြားဆန်းကြယ်လှသည်။

ဝုန်း !!

ကျယ်လောက်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ၊ တဖက်လူ၏ တိုက်ခိုက်မှုသည် စူးချန်ကဲ၏ ပြန်လည်ထိုးနှက်မှုအောက်တွင် ပူလောင်သော နေရောင်ခြည်ဖြင့် ထိတွေ့ကာ အရည်ပျော်ကျသွားရသော နှင်းစက်ပမာ အလင်းမိုးပေါက်ကလေးများအဖြစ်သို့ ပျောက်ကွယ်သွားခဲ့ရသည်။

“ဒါ....”

စူးချန်ကဲ၏ လက်သီးလက်ဝါးတစ်ချက်ချင်းစီတိုင်းက မိမိတို့၏ မှော်စွမ်းအားများကို ချိုးဖျက်နေခဲ့သဖြင့် လူငယ်ပါရမီရှင်များမှာ မယုံကြည်နိုင်သော အမူအရာများဖြင့် ကြောင်တတ်တတ် ရပ်ကြည့်နေလေ၏။

သို့သော် ၊ စူးချန်ကဲ၏ ထိုးနှက်တိုက်ခိုက်မှုသည် သူတို့၏ တိုက်ခိုက်မှုထက် မပြင်းထန်ကြောင်းကို သူတို့ အတပ်ပြောနိုင်သည်။

ယင်း၌ ပါဝင်သော စွမ်းအားသည် သူတို့၏ မှော်စွမ်းအားများကို ချေမှုန်းနိုင်လောက်အောင်ပင် စွမ်းဆောင်နိုင်စွမ်းမရှိချေ။

သို့သော်လည်း ၊ မျက်စိရှေ့က မြင်ကွင်းတွင် စူးချန်ကဲသည် သူတို့၏ တိုက်ခိုက်မှုများကို စက္ကန့်ပိုင်းအတွင်း ချေမှုန်းပစ်နိုင်ခဲ့သည်။

“ ဘုရားရေ.... အံ့အားသင့်စရာပဲ! ချန်ကဲရဲ့ ထိုးနှက်ချက်တွေက လူငယ်ပါရမီရှင်တွေရဲ့ အားနည်းချက်တွေကို တည့်တည့်မတ်မတ် ထိမှန်သွားခဲ့တာပဲ “

“ဒါကြောင့် ခဏလေးအတွင်း ၊ သူတို့ရဲ့ ပေါင်းစပ်တိုက်ခိုက်မှုက ပျောက်ကွယ်သွားတာပဲ....!”

“ဒီလို ထိုးထွင်းသိမြင်မှုနဲ့ မြန်ဆန်တဲ့ စစ်မြေပြင်တုံ့ပြန်မှု အရှိန်အရ ၊ ချန်ကဲရဲ့ တိုက်ခိုက်မှုစွမ်းရည်က အတော်လေး မြင့်မားတယ်ဆိုတာကို ပြသနေတာပဲ!”

“……”

ဤအချက်ကို သိမြင်သဘောပေါက်ခဲ့သည့် တားမြစ် စူးမိသားစုမှ အကြီးအကဲများသည် အံ့အားသင့်စွာဖြင့် ဆွေးနွေးပြောဆိုနေကြသည်။

စူးချန်ကဲ၏လှုပ်ရှားမှုများသည် လွန်စွာ လက်ရာမြောက်သည်။ အားနည်းချက်ကို ထိုးနှက်တိုက်ခိုက်ခြင်းသည် အင်အားအနည်းငယ်မျှ သုံးရုံးဖြင့် ကြီးမားသော အကျိုးသက်ရောက်မှုကို ရရှိစေသည်။

တစ်ချိန်တည်းမှာပင် ၊

၎င်းတို့၏တိုက်ခိုက်မှုကို ချိုးဖျက်ပစ်ပြီး အခိုက်အတန့်တွင် ၊

ယခင်က စူးချန်ကဲ၏ ထိုးနှက်ကန်ကျောက်မှုကြောင့် နောက်သို့လွင့်ထွက်သွားသော စူးမင်နှင့် စူးယွမ်တို့သည် သတိပြန်ရလာကြသည်။

“မြန်မြန်! ငါတို့နှစ်ယောက်က ချန်ကဲ သခင်ငယ်ကို တားဆီးမယ်!”

“မင်းတို့ က နောက်တိုက်ခိုက်မှုအတွက် ဆက်ပြီးပြင်ထားကြ !”

၎င်းတို့နှစ်ဦးသည် ပေါ့ပေါ့တန်တန် မလှုပ်ရှားဝံ့ပေ။ ဘေးပတ်ပတ်လည်ရှိ အမ‌တရောင်ခြည်များသည် ဒီရေပမာ ရုတ်တရက် တုန်ခါသွားသည်။

အဆုံးမရှိသော နိယာမလှိုင်းတံပိုးများသည် တောင်ကြီးများပြိုကျလာသကဲ့သို့ ပေါက်ကွဲထွက်လာပြီး၊ အလွန်တရာမျှ လှပသော ရူပါရုံမြင်ကွင်းများအဖြစ် ထပ်မံစုဝေးသွားပြန်သည်။

သို့သော်။

စူးချန်ကဲသည် ကြိုတင်သိရှိထားသကဲ့သို့ ရှိနေပြီး၊ သူ၏ နှုတ်ခမ်းထောင့်တွင် ယုံကြည်ချက်ရှိသော အပြုံးတစ်ချက် လှစ်ဟသွားသည်။

“ အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား ၊ ဖွင့် ! “

ရုတ်တရက်။

စူးချန်ကဲ၏ ရေရွတ်သံ အပြီးတွင် ၊

သူ့ကို ဗဟိုပြုလျက် ၊ အမတ နတ်ဘုရား နတ်ဆိုးစသော လမ်းစဉ်သုံးရပ်မှ ဖြစ်ပေါ်လာသော နိယာမအကာအရံတစ်ခုသည် ရေလှိုင်းပမာ ပြန့်ကျဲသွားလေသည်။

တစ်ချိန်တည်းမှာပင် ၊ ဤကမ္ဘာကြီးသည် မဟာလမ်းစဉ်နှင့် ပဲ့တင်ထပ်လျက်ရှိသော စည်းချက်များဖြင့် ပြည့်နှက်သွားသည်။

မူလက ကြည်လင်တောက်ပလျက်ရှိသော ကမ္ဘာကြီးသည် အုံ့မှိုင်းနေသော မြူဆိုင်းများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

မရေမတွက်နိုင်သော တီကောင်များ၏ တွားသွားနေသဟန်နှင့်တူသော မဟာလမ်းစဉ်ဆိုင်ရာ အမှတ်အသားများသည် ဟင်းလင်းပြင်ကွက်လပ်အတွင်း တဖြည်းဖြည်း ပေါင်းစပ်သွားပြီး ပုံသဏ္ဍာန်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

အမတအတတ်၏ နက်နဲမှု၊ နတ်ဘုရားအတတ်၏ မြင့်မြတ်မှု ၊ နတ်ဆိုးအတတ်၏ ထူးဆန်းမှုများ ပေါင်းစပ်‌နေသကဲ့သို့ပင်။

အမတ၊ နတ်ဘုရား၊ နတ်ဆိုးစသော လမ်းစဉ်သုံးရပ်၏ ပဲ့တင်သံသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်။ စကားဖြင့် ဖော်ပြရန်မဖြစ်နိုင်သော စကြာဝဠာတစ်ခုသည် ဤအခိုက်အတန့်တွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာပုံရသည်။

ဤစွမ်းအား၏ ဖုံးလွှမ်းခြင်းကိုခံလိုက်ရသော လူငယ်ပါရမီရှင်များသည် ချက်ချင်းဆိုသလိုပင် စိတ်ကူးယဉ်ကမ္ဘာတစ်ခုထဲသို့ ဆွဲငင်ခံလိုက်ရသည်။

All Chapters