ချုံခိုတိုက်ခိုက်မှု
Vol. 46 Ch. 680
“ဒီနေ့ ညီလာခံမှာ အမတ်တချို့က ဟယ်ယိလင်းရဲ့ အလောင်းကို သူ့မိသားစုဆီ ပြန်ပေးဖို့ လျှောက်တင်ကြပြီး ကိုယ်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ကြတယ်”
ရှောင်းကျဲယွိ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီး သူ့အသံထဲတွင် ဒေါသအရိပ်အယောင်များ ရောပါလာသည်။ စူးချင်းကတော့ ရယ်မောရင်း ခပ်ပေါ့ပေါ့ တုံ့ပြန်လိုက်သည်။
“အရမ်း ကောင်းတယ်၊ ဒီလူတွေက စိတ်မရှည်ဘဲ ခုန်ထွက်လာပြီပေါ့”
"ခမည်းတော်၊ မယ်တော်... ဆရာသခင်ကို အေးအေးချမ်းချမ်း သင်္ဂြိုဟ်ခွင့်ပြုပေးဖို့ သားတော် တောင်းပန်ပါတယ်”
စူးချင်း လှမ်းကြည့်လိုက်ရာ သူမ၏သားလေး ကြမ်းပြင်ပေါ်၌ မျက်ရည်များဖြင့် ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။
"ကျစ်ချီ၊ ထပါဦး၊ မယ်တော် သားကို ပြောစရာရှိသေးတယ်”
စူးချင်းက သူမ၏သားလေးကို ဆွဲထူလိုက်သည်။ သူမက ကလေးလေး ဝမ်းနည်းနေသည်ကို မကြည့်ရက်သည့်အတွက် ဟယ်ယိလင်း အသက်ရှင်နေသေးကြောင်း သူ့ကို တိုးတိုးလေး ပြောပြလိုက်သည်။
သူ့၏ဆရာ အသက်ရှင်နေသေးသည်ဟု ကြားလိုက်ရချိန်တွင် ကျစ်ချီ၏ မျက်လုံးလေးများ ပြန်တောက်ပလာသည်။ ထို့အပြင် သူ့က အလွန်ဉာဏ်ကောင်းသော ကလေးဖြစ်သည်။ သူ့ဆရာက အသက်ရှင်နေသေးသော်လည်း သူ့မယ်တော်က သူဆရာ သေသွားပြီဟု ပြောခဲ့ခြင်းက အစီအစဉ်တစ်ခု ရှိနိုင်ကြောင်း သူ ခန့်မှန်းနိုင်ခဲ့သည်။
သားဖြစ်သူ နားလည်သွားသည်ကို မြင်လိုက်ရသည့် စူးချင်းက သားဖြစ်သူ၏ခေါင်းလေးကို ညင်ညင်သာသာ ပွတ်ပေးပြီး အပြုံးဖြင့် တိုက်တွန်းလိုက်သည်။
"သွား၊ ဗိုက်ပြည့်အောင် သွားစားလိုက်ဦး"
“ဟုတ်ကဲ့”
ကျစ်ချီက စိတ်လှုပ်ရှားနေဟန်လေးဖြင့် ခေါင်းညိတ်လိုက်သည်။ ယခုတကြိမ်တွင်တော့ သူ အမှန်တကယ် စားချင်စိတ်ပေါ်လာပြီး အားရပါးရ စားနေခဲ့သည်။ သူ သူ့၏ပုံရိပ်ကို သိပ်ဂရုမစိုက်ဘဲ အငမ်းမရ စားသောက်သည်က ပထမဆုံးအကြိမ်သာ ဖြစ်သည်။ စူးချင်းက ကျစ်ချီ၏အမူအရာကို စောင့်ကြည့်နေပြီး ကျေကျေနပ်နပ် ပြုံးနေလေသည်။
ဒါကမှ ယောက်ျားလေးတစ်ယောက်မှာ ရှိသင့်တဲ့ အပြုအမူလေ။
စူးချင်းက သူမ၏သားလေးကို နှစ်သိမ့်ပေးပြီးနောက် ရှောင်းကျဲယွိကို ကြည့်ကာ ထပ်မေးလိုက်သည်။
"ရွှေ့ရှန့်၊ ရှင် အဲ့ဒီဝန်ကြီးတွေကို ဘာပြန်ပြောခဲ့လဲ”
“သူတို့ကို ဘာမှ ထပ်မပြောဖို့ ခပ်တင်းတင်း အမိန့်ပေးလိုက်တယ်”
ရှောင်းကျဲယွိက သူ့ဇနီးကို ကြည့်ရင်း အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
ဒါကတော့ ဧကရာဇ်ဖြစ်ရတာ ကောင်းတဲ့အချက်တွေထဲက တစ်ချက်ပဲ။ သူ လုပ်ချင်တာ လုပ်လို့ရတယ်၊ ဘယ်သူ့ကိုမှ ဘာမှ ရှင်းပြနေစရာလည်း မလိုဘူး။
“ကိုယ်ဝန်ဆောင်အမျိုးသမီး သေသွားတဲ့ကိစ္စက လူသတ်မှုပဲ၊ သူ(မ) အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့တာ၊ နက်ဖြန်ဆိုရင်တော့ ကျွန်မက ကိုယ်ဝန်ဆောင်တွေကို သတ်ပြီး ဆေးလုံးသန့်စင်နေတယ်ဆိုတဲ ကောလဟာလမျိုးတွေ တမြို့လုံးအနှံ့ ပျံ့နှံ့လာနိုင်တယ်”
ညီလာခံမှ ကိစ္စများကို ပြောပြီးနောက်တွင် စူးချင်းက ရှောင်းကျဲယွိအား တော်ဝင်သားဖွားခန်းအကြောင်း အတိုချုံး ပြောပြလိုက်သည်။
“အရမ်းလောဖို့တော့ မလိုပါဘူး၊ ကိုယ်ဘက်မှာလည်း သဲလွန်စတချို့ ရှိနေပြီ”
ရှောင်းကျဲယွိ၏ အကြည့်များက အေးစက်ပြီး စူးရှနေလေသည်။ သူဘက်တွင် တော်ဝင်ဆေးပညာဌာနမှ သူလျှိုကို ရှာတွေ့ထားပြီးဖြစ်သည်။ သို့သော် သူက ဘာမှ မဖြေရှင်းသေးဘဲ ပိုက်မဆွဲခင် ငါးကြီးများ ဝင်လာရန် စောင့်ဆိုင်းနေခဲ့ခြင်းပင်။
သူတို့ သူလျှိုအကြောင်း ဆွေးနွေးနေကြစဥ်မှာပင် တာဝန်ကျ မိန်းမစိုးက အပြေးအပိုင်း ဝင်လာပြီး ကြမ်းပြင်ပေါ်၌ ဒူးထောက်ကာ သတင်းပို့လာခဲ့သည်။
“မယ်မယ်၊ ကျန်းမိသားစုက တော်ဝင်သမားတော်တစ်ယောက် ပင့်နိုင်ဖို့ လူလွှတ်လိုက်ပါတယ်၊ သခင်မလွမ်ဟုန် လဲကျသွားပြီး လမစေ့ဘဲ ကလေးမွေးရတော့မယ့် အခြေအနေမျိုး ဖြစ်သွားခဲ့ပါတယ်၊ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ သိခဲ့ရပါတယ်”
လွမ်ဟုန် လမစေ့ဘဲ မွေးဖွားရတော့မည်ဟု ကြားလိုက်ရချိန်တွင် စူးချင်းတစ်ယောက် ချက်ချင်း မတ်တပ်ထရပ်လိုက်မိသည်။ ယခုအချိန်တွင် လွမ်ဟုန်၏ကိုယ်ဝန်က ခုနစ်လသာရှိသေးသောကြောင့် လမစေ့ဘဲ မွေးဖွားရန် အလွန်အန္တရာယ်များကြောင်း သူမ နားလည်နေသည်။ စူးချင်းက သူမ၏အပေါ်ဝတ်ရုံကို လှမ်းဆွဲရင်း ရှောင်းကျဲယွိကို အလောတကြီး လှမ်းပြောလိုက်သည်။
"ကျွန်မ သွားကြည့်လိုက်ဦးမယ်"
ရှောင်းကျဲယွိကလည်း မတ်တပ်ထရပ်လိုက်ပြီး စူးချင်းကို ပြန်ပြောလိုက်သည်။
"ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်"
“မလိုဘူး၊ ရှင် သွားတာက မသင့်တော်ဘူး”
စူးချင်းက ပြောရင်းဆိုရင်း ထွက်သွားပြီ ဖြစ်ကာ စကားမဆုံးခင် ခန်းမအပြင်ဘက်သို့ ရောက်နေပြီ ဖြစ်သည်။
ရှောင်းကျဲယွိက စူးချင်း လိုအပ်နိုင်မည့် အသက်ကယ်ဆေးများကို ကျန်းအိမ်တော်သို့ ပို့ဆောင်ရန် မိန်းမစိုးအား အမြန် အမိန့်ပေးလိုက်သည်။ စူးချင်းက တော်ဝင်ဝေါယာဥ်ကို နှေးကွေးလွန်းသည်ဟု တွေးလိုက်ပြီး သူမ၏ ကိုယ်ပိုင်မိန်းမစိုးများနှင့် နန်းတွင်းအစေခံများကို ချန်ထာခဲ့ကာ သူမ၏မြင်းနက်ကြီးကို စီးနှင်လာခဲ့သည်။ ရွှေဓားကိုင် သက်တော်များကတော့ သူမကို ကာကွယ်ရန် သူမနောက်မှ အနီးကပ်လိုက်ပါလာကြသည်။ သို့သော်လည်း သူတို့၏မြင်းများက တာ့ဟေးလောက် မသန်မာသဖြင့် နောက်တွင် ကျန်ရစ်နေခဲ့ကြသည်။
ကျန်းအိမ်တော်က အဓိက လမ်းမကြီးဖြစ်သည့် ဝမ်ဖူလမ်းပေါ်တွင် တည်ရှိသည်။ ညအချိန်မတော် ဖြစ်နေသောကြောင့် ကင်းလှည့်တပ်သားများမှလွဲ၍ လမ်းပေါ်၌ လူသူကင်းမဲ့နေသည်။ ဤတိတ်ဆိတ်သောအခြေအနေကြောင့် ကျောက်ခင်းလမ်းပေါ်မှ မြင်းခွာသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ထိုအခိုက်အတန့်တွင် စူးချင်းက တစ်ခုခုမှားနေသလို ရုတ်တရက် ခံစားလိုက်ရသည်။ သူမက ဘယ်ဘက်ခြမ်းမှ ခေါင်မိုးတစ်ခုပေါ်သို့ ရုတ်တရက် မော့ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဘယ်ဘက်ခေါင်မိုးပေါ်မှ မြှားတစ်စင်း ပြေးထွက်လာပြီး စူးချင်းဆီသို့ ဦးတည်လာသည်။
စူးချင်းက မြင်းနှင်တံအဖြစ် သုံးသည့် ကြာပွတ်ကို ဝှေ့ယမ်းကာ ထိုမြှားကို ရစ်ပတ်ဖမ်းယူလိုက်သည်။ ထို့နောက် သူမက မြင်းနက်ကြီး၏ကျောကို နင်းကာ အားယူပြီး လေထဲသို့ ခုန်တက်လိုက်သည်။ စူးချင်းက ထိုအမိုးဆီသို့ ဦးတည်ရွေ့လျားနေရင်း ကြာပွတ်ကို ထပ်ဝှေ့ယမ်းကာ မြှားကို ထိုအမိုးပေါ်မှ အရိပ်မည်းဆီသို့ ပြန်ပစ်လိုက်သည်။
သူ၏ မြှားလွဲချော်သွားပြီး စူးချင်းက သူ့ကို ဖမ်းရန် ပြေးလာနေသည်ကို မြင်နေရသည့်တိုင် ဝတ်ရုံနက်လူက ထွက်မပြေးဘဲ ထိုနေရာ၌ ရပ်စောင့်နေသည်။ စူးချင်း အိမ်ခေါင်မိုးပေါ်သို့ ဆင်းခါနီးတွင် ကောင်းကင်မှ ပိုက်ကွန်တစ်ခု ပြုတ်ကျသွားသည်။ ထိုပိုက်ကွန်တွင် ဓားမြှောင်များဖြင့် ပြည့်နေပြီး ထိုဓားမြှောင်များ၏ အဖျားများကို အဆိပ်များ လိမ်းကျံထားပုံသည်။ ထိလိုက်သည်နှင့် အဆိပ်ကြောင့် ချက်ချင်း သေဆုံးသွားပေလိမ့်မည်။
ဝတ်ရုံနက်လူက ထိုလှုပ်ရှားမှုဖြင့် စူးချင်းကို သတ်ပစ်နိုင်မည်ဟု ထင်ထားခဲ့သော်လည်း စူးချင်းက ပိုက်ကွန်ကို ကြာပွတ်ဖြင့် ပတ်ပြီး သူ့ဆီသို့ ပြန်ပစ်လိုက်ရာ သူ အလွန်အမင်း အံ့အားသင့်သွားပုံရသည်။ ဝတ်ရုံနက်လူက မှင်သက်နေပြီး မရှောင်တိမ်းနိုင်တော့ဘဲ စူးချင်းကို သတ်ရန် ပြင်ဆင်ထားသည့် ပိုက်ကွန် သူ့ဆီသို့ ပြေးဝင်လာသည်ကို ကြောင်တက်တက် ကြည့်နေခဲ့သည်။ အဆိပ်လိမ်းကျံထားသည့် ဓားမြှောင်များက သူ့အဝတ်အစားများနှင့် သူ့မျက်နှာကို ဖြတ်တောက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်လည်း ချက်ချင်း ထုံကျင်လာကာ မလှုပ်ရှားနိုင်တော့ပေ။
သူ အဆိပ်ကြောင့် မသေဆုံးမီမှာပင် စူးချင်းက သူ့ကို အဆိပ်ဖြေဆေးတစ်လုံး အမြန်တိုက်လိုက်သည်။ သက်တော်စောင့်များက သူတို့၏ဧကရီကို ကယ်တင်ရန် ခေါင်မိုးပေါ်သို့ ခုန်တက်လာကြသော်လည်း သူတို့၏ဧကရီက ရန်သူကို ဖမ်းထားပြီး ဖြစ်နေသည်။ ထိုအရာက သက်တော်စောင့်များအား အရှက်ရသွားစေပြန်သည်။
အချိန်တိုင်း ဒီလိုပါပဲ၊ ဧကရီမယ်မယ်က သူတို့ရဲ့ အကာအကွယ်ကို လုံးဝ မလိုအပ်ဘူး။
“သူ့ကို နန်းတော် ပြန်ခေါ်သွားပြီး သေသေချာချာ စစ်ဆေးမေးမြန်းထားလိုက်”
စူးချင်းက သက်တော်စောင့်များကို အမိန့်ပေးလိုက်ပြီး မြင်းပေါ်သို့ ချက်ချင်း ပြန်ခုန်ဆင်းက ကျန်းအိမ်တော်ဘက်သို့ ထွက်ခွာသွားသည်။ သူမ၏လှုပ်ရှားမှုများ အားလုံးက မြန်ဆန်တိကျပြီး နှောင့်နှေးမှု မရှိ သေသပ်လှပလွန်းလှသည်။
သက်တော်စောင့်များကတော့ သူတို့၏ဧကရီကို ကြည့်ကာ အလွန် လေးစားအားကျနေကြသည်။
ဧကရီမယ်မယ့်ရဲ့ လျင်မြန်ဖျတ်လတ်မှုက တကယ်ကို အံ့မခန်းပဲ။
စူးချင်းက ကျန်းအိမ်တော်သို့ အပြေးအလွှား သွားနေခဲ့သည်။ သူမ ကျန်းအိမ်တော်သို့ ရောက်သွားချိန်တွင် အိမ်တံခါးပွင့်နေပြီး တံခါးမှူးက အပြင်ဘက်သို့ စိုးရိမ်တကြီး လှမ်းကြည့်နေသည်။
စူးချင်းက အပြင်တွင် ရပ်မနေတော့ဘဲ လွမ်ဟုန်၏ခြံဝင်းဆီသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။ စူးချင်းကို မြင်လိုက်ရသည့် အိမ်တော်ထိန်း၏မျက်လုံးများက ချက်ချင်း တောက်ပလာပြီး စူးချင်းကို အစီရင်ခံရန် အပြေးရောက်လာခဲ့သည်။
“ကျွန်တော်မျိုးတို့ရဲ့ သခင်မ.... သခင်မက ချော်လဲသွားခဲ့ပါတယ်၊ သားဖွားဆရာမ ပြောတာက ကလေးက အပြည့်အဝ မဖွံ့ဖြိုးသေးလို့ အန္တရာယ်များတဲ့ အခြေအနေ ဖြစ်နေပါတယ်တဲ့၊ မမွေးနိုင်ရင် ကလေးရော မိခင်ပါ အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး”
အိမ်တော်ထိန်းက အစီရင်ခံနေရင်း စူးချင်းနောက်မှ လိုက်ပါလာသည်။ ရလဒ်အနေဖြင့် သူ အသက်ရူရပ်လုနီးပါး ပြေးလိုက်နေသော်လည်း စူးချင်းကို မီအောင်မလိုက်နိုင်ခဲ့ပေ။ သူ့စကားများကို ဧကရီ ကြား မကြားပင် သူ မဝေခွဲနိုင်တော့ပေ။
စူးချင်းက သူမ၏မြင်းကို အိမ်နောက်ဖေးအထိ စီးသွားပြီးမှ မြင်းပေါ်မှ ခုန်ဆင်းပြီး လွမ်ဟုန်၏အခန်းဆီသို့ ပြေးသွားလိုက်သည်။ ကျန်းသခင်မကြီးက မြေးဖြစ်သူ၏လက်ကို ဆုပ်ကိုင်ထားပြီး ချွေးမဖြစ်သူ၏အခန်းဆီသို့ စိုးရိမ်တကြီး လှမ်းကြည့်နေသည်။ သူမ၏နောက်တွင် အစေခံများနှင့် အထိန်းတော်များ ရှိနေသော်လည်း ကျန်းကျင့်လင်းကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရပေ။
"ဧကရီမယ်မယ် ကြွချီလာပြီ"
လွမ်ဟုန်၏ အနီးကပ်အစေခံ ဖျင်အာက စူးချင်းကို မြင်သွားပြီး အံ့အားတကြီး အော်ဟစ်လိုက်သည်။
“ငါတို့သခင်မ ကယ်တင်ခံရပြီ”
ဧကရီ ရောက်လာကြောင်း ကြားလိုက်ရသောကြောင့် ခြံဝင်းထဲတွင် ဒူးထောက်နေသည့်လူများ ပြည့်နှက်သွားသည်။ စူးချင်းက ထိုနေရာတွင် ရပ်မနေဘဲ လွမ်ဟုန်၏အခန်းထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။ အခန်းထဲမှ သားဖွားဆရာမ နှစ်ယောက်လည်း ချွေးများ တသီသကြီး စီးကျနေရှာသည်။ လွမ်ဟုန် သွေးသွန်နေသည်ကို မြင်နေရသောကြောင့် သူတို့က လွမ်ဟုန်ကို အားပိုသုံးရန် တိုက်တွန်းအားပေးနေကြသည်။
“မင်းတို့ ထွက်သွားကြတော့၊ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနဲ့”
စူးချင်းက အခန်းထဲသို့ ဝင်ဝင်ချင်း အားလုံးကို မောင်းထုတ်လိုက်သည်။ လွမ်ဟုန်က အလွန်အားနည်းနေပြီဖြစ်ကာ စကားပင် မပြောနိုင်တော့ပေ။ စူးချင်းကို မြင်လိုက်ရချိန်တွင်တော့ သူမ၏ မှိုင်းညှို့နေသောမျက်ဝန်းလေးများ ချက်ချင်း ပြန်တောက်ပလာသည်။ သူမက တပါးသူအိမ်က အနှိမ်ခံနေရသည့် ကလေးလေး မိခင်ကို ပြန်မြင်လိုက်ရသလို ပြုမူနေပြီး တိတ်တဆိတ် မျက်ရည်ကျနေပြန်သည်။
"စိတ်အေးအေးထားပါ၊ ငါ မင်းကို ကယ်တင်ပေးနိုင်ပါတယ်"
စူးချင်းက လွမ်ဟုန်ကို နှစ်သိမ့်ပေးပြီး သူမ သွေးများ ထပ်မဆုံးရှုံးစေရန် သွေးတိတ်ဆေး အရင်တိုက် လိုက်သည်။ သွေးသွန်ရပ်သွားသည်နှင့်တပြိုင်နက် လွမ်ဟုန်ကို မေ့ဆေးပေးလိုက်သည်။
လွမ်ဟုန်က သွေးအလွန်အကျွံ ဆုံးရှုံးခဲ့ပြီးဖြစ်ကာ သွေးသွင်းရန်လည်း လိုအပ်နေသည်။ စူးချင်းက လွမ်ဟုန်၏ သွေးအမျိုးအစားကို စမ်းသပ်ပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။ အပြင်ဘက်၌ အစေခံများနှင့် ကျေးကျွန်များအား စုဝေးစေကာ သွေးအမျိုးအစား စစ်ဆေးလိုက်သည်။ လွမ်ဟုန်နှင့် သွေးအမျိုးအစားတူသည့်လူသုံးယောက် ရှိပြီး စူးချင်းက သူတို့တစ်ယောက်ချင်းစီမှ သွေး 300 cc ထုတ်ယူလိုက်ရာ လွမ်ဟုန်အတွက် သွေးလုံလောက်သွားသည်။ သွေးထုတ်ခံရသည့် အစေအပါးများက သေရမည်ကို ကြောက်နေကြပြီး အလွန်စိတ်လှုပ်ရှားနေကြသောကြောင့် ခေါင်းမူးပြီး ရီဝေဝေ ဖြစ်နေကြသည်။ စူးချင်းအတွက်လည်း သူတို့ကို ရှင်းပြရန်ပင် အချိန်မရှိဘဲ သွေးယူပြီးနောက် လွမ်ဟုန်ကို ဗိုက်ခွဲ မွေးပေးရန် အခန်းထဲသို့ အမြန် ပြန်ဝင်လာခဲ့ရသည်။
“အရီးတော်ဧကရီ၊ လွေ့အာ့ရဲ့အမေကို ကယ်ပေးပါနော်”
ကျန်းချီလွေ့က ပြေးလာပြီး မျက်ရည်များဖြင့် တောင်းပန်နေသည်။
"အရီးတော် ကယ်ပေးမှာပေါ့၊ လွေ့အာက ဒီမှာ လိမ်လိမ်မာမာနဲ့ စောင့်နေနော်"
စူးချင်းက ခေါင်းညိတ်လိုက်ပြီး သွေးအိတ်ကို ကိုင်ကာ အထဲသို့ ဝင်သွားပြီး တံခါးကို အတွင်းမှ သော့ခတ်လိုက်သည်။
ခြံတွင်းရှိ လူများက တင်းကျပ်စွာ ပိတ်သွားည့် တံခါးကို ကြည့်ရင်း အသက်ပင် မရှူရဲအောင် ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေကြသည်။
စူးချင်းက လွမ်ဟုန်ကို သွေးသွင်းပေးနေရင်း စနစ်ထဲမှ ခွဲစိတ်ကိရိယာများကို ထုတ်နေသည်။ ဤခွဲစိတ်မှုက အသေးစားခွဲစိတ်မှု ဖြစ်ပြီး မခက်ခဲသော်လည်း လွမ်ဟုန်က သွေးအလွန်အကျွံဆုံးရှုံးခဲ့သောကြောင့် အန္တရာယ်ရှိနေဆဲ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူမ အချိန်မီရောက်လာခဲ့သောကြောင့် နောက်ဆုံးတွင် ကလေးကို ကယ်တင်ပေးနိုင်ခဲ့သည်။ ကလေးလေးက မိန်းခလေးဖြစ်ပြီး ကလေးက လမစေ့သေးဘဲ အလွန်အားနည်းရှာသည်။ ကလေးလေးက မိခင်၏ဝမ်းဗိုက်ထဲတွင် အချိန်အကြာကြီး ရုန်းကန်ခဲ့ပြီး အသက်ရှူမဝ ဖြစ်နေကာ တစ်ကိုယ်လုံး ပြာနှမ်းနေသည်။
စူးချင်းက ကလေးကို စနစ်ထဲသို့ အရင် ထည့်ထားလိုက်ပြီး လွမ်ဟုန်၏ဝမ်းဗိုက်ကို အရင်ပြန်ချုပ်ပေးလိုက်သည်။
ခြံဝင်းထဲတွင်တော့ တစ်စုံတစ်ယောက်က သခင်မကြီးကျန်းကို တစ်စုံတစ်ခု တီးတိုးပြောလိုက်ရာ အဘွားကြီး၏အမူအရာက ချက်ချင်း ပြောင်းသွားသည်။