အခန်း (၆၃၃-၆၃၆)
Vol. 48 Ch. 633-636
အပိုင်း(၆၃၃): အမတနယ်မြေက မျိုးဆက်သစ် လူငယ်တွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပြီလား
အမတနယ်မြေအသီးသီးမှ စွမ်းအားရှင်တိုင်း အံ့အားသင့်စွာဖြင့် ဆွံ့အနေကြသည်။
နှစ်ကာလပေါင်းများစွာ ရှင်သန်လာပြီး ၊ ကျင့်ကြံအားထုတ်လာခဲ့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
သင်သိထားရမည်မှာ ဤကဲ့သို့အဆင့်အတန်းများထဲမှ တစ်ခုသာ အမတနယ်မြေတွင် ထုတ်ဖော်ခံလိုက်ရပါက ၊ ၎င်းသည် လုံးဝအနိုင်ယူလို့မရနိုင်သည့် နောက်ခံတစ်ခု ဖြစ်လာပေလိမ့်မည်။
အမတနယ်မြေရှိ အင်အားစုပေါင်းများစွာ၊ မျိုးဆက်သစ်သူရဲကောင်းပေါင်းများစွာကိုပင် ထိတ်လန့်တုန်လှုပ်စေကာ ရှောင်ဖယ်သွားစေမည့်အထိ ပြုစားနိုင်သည်။
ခုတော့ ကောင်းရော!
သခင်ငယ် ၊ မင်းသား ၊ ဆက်ခံသူ ဆိုတဲ့ အဆင့်အတန်းတွေက လူတစ်ဦးတည်းကိုပဲ ညွှန်ပြနေသတဲ့လား ?
တားမြစ် စူးမိသားစု၏ သခင်ငယ် ၊ သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ မင်းသား၊ ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ....
ဤအကြောင်းအရာများသည် လူတိုင်းကို တွေးလေ စိတ်ရှုပ်လေ ဖြစ်စေသည်။
သူတို့ကို အနည်းငယ် ရူးသွပ်သွားစေသည့်အထိပင်။
လူတစ်ချို့ဆိုလျှင်ဖြင့် စိတ်ထဲကနေ ဂယောင်ချောက်ချား အော်ဟစ်နေလေ၏ ---
နောက်ထပ်တားမြစ်အင်အားစု တစ်ဖွဲ့ ထပ်ပေါင်းထည့်လိုက်ပါဦးလား !?
လေးဖွဲ့... အို ရှုပ်ပါတယ် ရေတွက်လို့ကောင်းအောင် ငါးဖွဲ့လုပ်လိုက်တော့ !
အမတနယ်မြေအားလုံးကို စူးမျိုးနွယ်ဆိုပြီး နာမည်ပြောင်းလိုက်ရအောင်လား !!
နောင်တစ်ချိန်တွင် ၊ စူးချန်ကဲသည် သူတို့၏ရှေ့တွင် လက်ကိုနောက်ပစ်လျက် ဂုဏ်ယူမှုအပြည့်ဖြင့် ခေါင်းမော့ကာ ၊
ဤသို့ပြောလာခဲ့လျှင်ဖြင့် --
“ ကျုပ် ..စူးချန်ကဲက တားမြစ်စူးမိသားစု၊ သံသရာစက်ဝန်း အမတမင်းဆက်နဲ့ ကွေးယွမ်အမတဂိုဏ်းတို့က ရွေးချယ်ထားတဲ့ ဆက်ခံသူသခင်ပဲ “
“ငါ မင်းတို့ကို အချိန်သုံးစက္ကန့်ပေးမယ် ၊ လစ်တော့ !”
ဒီလိုစကားမျိုး ထွက်လာရင်၊ ဘယ်ကောင်ကများ ရှေ့ထွက်ရဲမှာလဲ !
ရှေ့ထွက်လာတယ်ပဲ ထား ! တဖက်က တပ်ဖွဲ့ကြီး ခေါ်ချလာရင်ရော !
အင်အားစုသုံးဖွဲ့ရဲ့ အမတတပ်ဖွဲ့ကြီးတွေသာ ရောက်ချလာခဲ့ရင် ၊ နတ်ဘုရားနဲ့နတ်ဆိုးတွေတောင် ကြောက်ဒူးတုန်နေရလိမ့်မယ်!
သင့်အနေဖြင့် အမတနယ်မြေတစ်ခွင် လှည့်လည်ပြီး အတွေ့အကြုံ ယူချင်ပါသေးသလား ။
ဂုဏ်ယူပါတယ်၊ သင့်မှာ အတွေ့အကြုံယူလိုတဲ့ ခံစားချက် မရှိတော့သည့်အတွက် ....
စူးချန်ကဲ တစ်ယောက်လုံး ရှိနေတာ ၊ အခွင့်အရေးအတွက် ဘယ်ကောင်ကများ သူနဲ့ ယှဉ်ပြိုင်ရဲမှာလဲ!
“ ဒါ လူကို အရမ်းအနိုင်ကျင့်လွန်းတယ်”
“ ဟုတ်တယ် တကယ်ကို ဗိုလ်ကျလွန်းတယ် ၊ ငါတို့ကို အသက်ရှုချောင်ခွင့်တောင် မပေးဘူး!”
“ ဒီကိစ္စကို အမတသခင်တရားစီရင်ရေးရုံးတော်နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့ဆီ သွားတိုင်ကြားရမယ် “
“မှန်တယ်! အမတနယ်မြေကြီးတစ်ခုလုံးက သူတို့သုံးဖွဲ့ရဲ့ ဘုံပိုင်နက်လို့ ထင်နေကြသလား !? ဒါ လူကို အနိုင်ကျင့်တာပဲ !”
“အမတ သခင်တရားစီရင်ရေးရုံးတော်နဲ့ အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့က ဘယ်ရောက်နေကြတာတုန်း !? ပြောတော့...အမတနယ်မြေရဲ့ အုပ်စိုးရှင်တွေပါဆို ...ဒီလိုလုပ်တာကို ဒီတိုင်း ရပ်ကြည့်နေတာလား “
“……..”
အမတနယ်မြေရှိ အင်အားစုပေါင်းများစွာနှင့် စွမ်းအားရှင်များအားလုံး အတော်လေး စိုးရိမ်ပူပန်နေကြသည်။
ဤသည်မှာ သူတို့၏ တကယ့် စစ်မှန်သော ကြောက်ရွံ့မှုဟု ဆိုနိုင်သည်။
စူးချန်ကဲသည် ဤကဲ့သို့သော အဆင့်အတန်းများကို အခွင့်ကောင်းယူကာ နောင်တွင် အမတနယ်မြေ တစ်ဝှမ်းလုံးအပေါ်တွင်အာဏာရှင်ဆန်စွာ ကျင့်သုံးလာမည်ဆိုပါက ၊
သူတို့၏ မျိုးဆက်သစ်လူငယ်များသည် စူးချန်ကဲ၏ ပရိယာယ်ကြားတွင် ကစားခံရပြီး သေဆုံးသွားနိုင်သည်။
စူးချန်ကဲသည် မည်မျှသန်မာသည်ကို သူတို့ မသိရသေးသော်လည်း ၊
သို့သော် ဤကဲ့သို့ အင်အားကြီးမားသော နောက်ခံနဲ့တင် ၊ သူသည် ဤစကြဝဠာ၌ အတုမရှိ ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။
………..
အခြားတစ်ဖက်တွင် ၊
အမတသခင် တရားစီရင်ရေးရုံးတော်၏ ခေါင်းဆောင် ထျန်းယွီ့ အမတဧကရာဇ်မင်းနှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့၏ ခေါင်းဆောင် တောက်ခွင်း အမတဧကရာဇ်မင်းတို့သည် ကွေးယွမ်အမတဂိုဏ်းရှိရာဘက်သို့ မည်သည့်စကားမျှပင် မဟနိုင်ဘဲ ကြက်သေစွာဖြင့် ရပ်ကြည့်နေသည်။
အမတနယ်မြေရှိ အင်အားစုပေါင်းများစွာနှင့် စွမ်းအားရှင်များသည် စိုးရိမ်ပူပန်လျက် ကြောက်ရွံ့နေကြသည်မှာ သဘာဝကျပေသည်။
အကြောင်းမှာ သူတို့နှစ်ဦးပင် ဤကဲ့သို့နက်ရှိုင်းလှသော စူးချန်ကဲ၏ နောက်ခံအကြောင်းကိုကြားလိုက်ရချိန်တွင် နေပူခေါင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည် ။
လူတိုင်းက ထိုအင်အားစုကြီးသုံးဖွဲ့ကို တိုင်ကြားလိုတောင် ၊ သူတို့နှစ်ဦးသည်ပင် မည်သည့်စကားမျှ ထုတ်ပြောဝံ့မည်မဟုတ်။
တားမြစ် စူးမိသားစုနှင့် သံသရာစက်ဝန်းအမတမင်းဆက်တို့ နှစ်ဖွဲ့သာဆိုလျှင်၊ သူတို့အနေဖြင့် စမ်းသပ်ကြည့်ရန် ဖြစ်နိုင်သေးသည်။ သို့သော် ယခုတွင်မူ ၊ ကွေးယွမ်အမတဂိုဏ်း၏ ပါဝင်လာမှုသည် အခြေအနေကို လုံးဝ ကွဲပြားသွားစေခဲ့သည်။
“ သေသင့်တဲ့ကောင်တွေ ! ဒီကောင်တွေ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ “
ဒေါသတရားများကို ဆက်လက် မထိန်းချုပ်နိုင်တော့သဖြင့် တောက်ခွင်း အမတဧကရာဇ်မင်းက ဦိးစွာ ကျိန်ဆဲလိုက်သည်။
“ ဆက်ခံသူကို တစ်ယောက်တည်း ရွေးချယ်ထားတာ ၊ အဲ့စူးချန်ကဲဆိုတဲ့တစ်ယောက်ကို ဒေဝလောက ပြန်လည်စတင်ရာခေတ်ရဲ့ အခွင့်အရေးအားလုံးကို သူ တစ်ဦးတည်း သိမ်းပိုက်နိုင်ဖို့ ကြံစည်နေကြတာလား !?”
ထျန်းယွီ့အမတဧကရာဇ်မင်းသည် မည်သည့်စကားမှ ပြန်မပြောခဲ့ချေ။ သူသည်လည်း မျက်မှောင်ကြုတ်နေလေ၏။
အင်အားစုကြီးသုံးဖွဲ့၏ ကြေညာချက်သည်
အမတနယ်မြေတစ်ခွင်လုံးအပေါ်တွင် ပြင်းအား အဆင့်ကိုး ရှိသော မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားစေခဲ့သည်ဟု ဆိုရမည်။
……..
သို့သော် မိမိတို့နောက်ကွယ်တွင် “နတ်ဘုရားတရားစီရင်ရေးအဖွဲ့” အမည်ရှိ အားကိုးစရာနောက်ခံတစ်ခု ရှိသေးသည်ကို သတိရမိသည်။
ထို့အပြင် ၊ နောင်တွင် အခြားသော အုပ်စိုးရှင် အင်အားစုကြီး၁၂ဖွဲ့ ၊ ပြိုင်ဘက်ကင်း အမတဂိုဏ်းကြီး ၃၆ဂိုဏ်း ၊ ထိပ်တန်း ကောင်းကင်ဂူ ၇၂ ဖွဲ့တို့သည်လည်း အသီးသီး ပေါ်ထွန်းလာပေဦးမည်။
ထျန်းယွီ့အမတဧကရာဇ်မင်း၏ တင်းမာနေသော အသွင်အပြင်သည် ဤသို့ဖြင့် အနည်းငယ်ပြေလျော့သွားခဲ့သည်။
“ ကိစ္စမရှိဘူး၊ အဲ့ဒီအင်အားစုတွေ ထွက်ပေါ်လာတာနဲ့ သူတို့အင်အားစုကြီးသုံးဖွဲ့ လက်တွဲထားတောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး “
“ အဲ့ဒီကောင်တွေက မာနကြီးတယ်လို့ အမည်ကျော်ကြားတယ် ၊ အထူးသဖြင့် အရင်က သူတို့နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အုပ်စိုးရှင် အင်အားစုအချို့နဲ့ ပြိုင်ဘက်ကင်း အမတဂိုဏ်းကြီး သုံးဆယ့်ခြောက်ဂိုဏ်း ရှိသေးတယ် “
“ အပင်ကြီးလေ လေတိုက်ဒဏ်ခံရလေပဲ ၊ သူတို့တွေ ထွက်ပေါ်လာတာနဲ့ သူတို့ရဲ့ ဆက်ခံသူက အားလုံးရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ် “
တားမြစ်အင်အားစုကြီးသုံးဖွဲ့၏ လုပ်ရပ်သည် စူးချန်ကဲကို လူတိုင်း၏ပစ်မှတ် ဖြစ်သွားစေခဲ့သည်။
ဤကိစ္စနှင့်ပတ်သတ်၍ မသိသူ၊ မကြားဖူးသူမှာ မရှိသလောက်ပင် ။
သစ်တစ်ပင်သည် အများထက် မြင့်မားစွာ ပေါက်ရောက်နေပါက ၊ လေဒဏ်၏ တိုက်ခတ်ဖျက်ဆီးခြင်းကို ခံရမည်။ သဲသောင်ခုံသည် မြစ်ကမ်းပါးထက် ပိုမိုမြင့်မားနေပါက ရေစီးကြောင်းက ချိုးဖျက်ပေလိမ့်မည်။ ထိုနည်းတူစွာ ၊ မိမိ၏လုပ်ရပ်များသည် သူများထက် သာလွန်နေပါက လူအများ၏ ဝေဖန်ကဲ့ရဲ့ခြင်းကို ခံကြရမည်ဖြစ်သည်။
စူးချန်ကဲ၏ သန်မာသော နောက်ခံ ၊ ပါရမီနှင့် အရည်အချင်းတို့ကြောင့် လူတိုင်း စိုးရိမ်ပူပန်နေကြသည်မှာ သဘာဝကျပေသည်။
သို့သော်လည်း ၊ ဤသည်က ခေတ်ပြိုင်မျိုးဆက်သစ်လူငယ်အားလုံး၏ မနာလိုဝန်တိုမှု နှင့် မကျေနပ်မှုကို လက်ခံရရှိပြီး ၊ လူတိုင်း၏ ပစ်မှတ်တစ်ခု ဖြစ်လာပေတော့မည်။
အနာဂတ်တွင် သူတို့သည် စူးချန်ကဲကို ဖျက်ဆီးရန် အချင်းချင်း ပူးပေါင်းကြပေလိမ့်မည်။
သူတို့တွင်လည်း ပြင်းထန်သော နောက်ခံအင်အားစု ရှိထားသော်လည်း ၊ သို့သော် မျိုးဆက်ဟောင်းများသည် မျိုးဆက်သစ်လူငယ်များ၏ ယှဉ်ပြိုင်မှုတွင် ပါဝင်ပတ်သက်လိမ့်မည် မဟုတ်ပေ ။
အမတနယ်မြေတွင် မျိုးဆက်ဟောင်းများ ဝင်ရောက်မစွက်ဖက်သရွေ့ ၊ မျိုးဆက်သစ်လူငယ်များသည် မည်သည့်နည်းဗျူဟာကို မဆို အသုံးပြုခွင့်ရှိသည်။
ဤသည်မှာ အမတနယ်မြေရှိ စွမ်းအားရှင်များကြား တိတ်တဆိတ် သဘောတူလက်ခံထားသော စည်းမျဉ်းပင် ဖြစ်သည်။
မိမိတို့၏ မျိုးဆက်သစ်လူငယ်များ မကြီးပြင်းလာမီ ၊ အခြားအင်အားစုမှ မျိုးဆက်ဟောင်းများ၏ သတ်ဖြတ်ခြင်းခံရမည်ကို မည်သည့်အင်အားစုကမှ လိုလားကြလိမ့်မည် မဟုတ်။
ထိုနည်းတူစွာ ၊ မိမိတို့၏ မျိုးဆက်သစ်လူငယ်များကို အမတနယ်မြေတစ်ခွင်တွင် လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုကာ အတွေ့အကြုံများမှ တစ်ဆင့် မဟာလမ်းစဉ်၏ အထွတ်အထိပ်ကို ရောက်ရှိစေလိုကြသည်။
တားမြစ်အင်အားစုကြီး သုံးဖွဲ့သည် ၎င်းတို့၏ ဩဇာအာဏာကို အလွဲသုံးစားလုပ်ကာ စူးချန်ကဲအား အကာအကွယ်ပေးထားပါက ၊ ဒါဆို သူသည် လူတိုင်း၏ အထင်သေးခြင်းကို ခံရပေလိမ့်မည်။
သွေးနှင့်မီးကို အတွေ့အကြုံမရှိသော ကျင့်ကြံသူတစ်ဦးသည် အရည်အချင်းပြည့်မီသော စွမ်းအားရှင်တစ်ယောက် ဖြစ်လာမည်မဟုတ်။
ထိုသို့ပြုမူခြင်းသည် စူးချန်ကဲအတွက် အကျိုးမဖြစ်ထွန်းစေရုံသာမက ၊ အမတနယ်မြေတစ်ခွင်လုံး၏ အမျက်ဒေါသကိုပါ ဖြစ်ပေါ်စေနိုင်သည်။
အင်အားစုကြီးသုံးဖွဲ့သည် လွန်စွာမျှ အားကောင်းသည်ဟု ဆိုတောင် ၊ လူတိုင်း၏ဒေါသကို နှိုးဆွမိပါက ရှောင်လွှဲဖို့ခဲယဉ်းပေလိမ့်မည်။
“ ဒီကောင်တွေက လက်တွဲပူးပေါင်းထားမှတော့...”
ထျန်းယွီ့အမတဧကရာဇ်မင်းသည် ရုတ်တရက်ရယ်မောကာ ဆိုလိုက်သည်။
“ငါတို့အင်အားစုက တံဆိပ်ခတ်ထားတဲ့ မျိုးဆက်သစ်လူငယ်တွေ ထွက်ပေါ်လာတာနဲ့ သူတို့ရဲ့ စံနမူနာအတိုင်း လျှောက်လှမ်းပြီး တူညီတဲ့ဆက်ခံသူကို တင်မြှောက်တာပေါ့”
ဤစကားများကို ကြားပြီးနောက်တွင်၊ မူလက အနည်းငယ်ဒေါသထွက်နေသော တောက်ခွင်း အမတဧကရာဇ်မင်း၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့သည်။
“ ဟုတ်တာပဲ ! အဲ့အချိန်ကြရင် ငါတို့တွေ နတ်ဘုရားတရားစီရင်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး တူညီတဲ့ ဆက်ခံသူကို တင်မြှောက်လိုက်ရင် ရပြီပဲ ၊ ဒီကောင်တွေထက် ဘယ်နေရာကမှ နိမ့်မကျတော့ဘူး “
“ပြီးတော့ စည်းကမ်းမဲ့တဲ့ မိစ္ဆာမျိုးနွယ်စုက ကောင်တွေကလည်း ဒီတိုင်းကြည့်နေမယ် မထင်ဘူး”
“ဒါတင်မကဘူး ဂုဏ်သိက္ခာကြီးမားတဲ့ ရှေးမျိုးနွယ်စုက ရက်စက်ကြမ်းကြုတ်တဲ့ ကောင်တွေလည်း ပါဝင်လာနိုင်တယ်..”
ထိုအချက်ကို စဉ်းစားမိသော တောက်ခွင်းအမတဧကရာဇ်မင်း၏ နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု လှစ်ဟသွားသည်။
အကယ်၍ သူတို့ရွေးချယ်ထားသော ဆက်ခံသူသည် အင်အားစုကြီး သုံးဖွဲ့၏ ဆက်ခံသူကို နင်းချေနိုင်ခဲ့လျှင်ဖြင့်၊ ထိုသူ၏ ကျော်ကြားမှုသည် ထာဝရတည်တံ့သွားပေလိမ့်မည်။
အန္တရာယ်သည် ကြီးမားသော်လည်း၊ ရရှိလာမည့်အကျိုးကျေးဇူးမှာ အတော်လေး ကြီးမားလှပေသည်။
ထို့အပြင်၊ မျိုးဆက်သစ်လူငယ်များကြားက ရန်ပွဲသည် ထိုအင်အားစုကြီး သုံးဖွဲ့စလုံး မည်မျှပင် ကြီးစိုးပါစေ ၊ သူတို့အနေဖြင့် ဒေါသထွက်ရန် အကြောင်းပြချက်မရှိပေ။
မင်းတို့ရဲ့ ဆက်ခံသူ အရည်အချင်းမပြည့်မီတာ၊ ငါတို့နဲ့ ဘာဆိုင်လို့တုန်း ဟုတ်ဘူးလား!?
……….
အပိုင်း(၆၃၄): အုပ်စိုးရှင် အင်အားစု၁၂ဖွဲ့ အနက်မှ မူလမိစ္ဆာခန်းမဆောင် နှင့် ကနဦးတည်ထောင်သူ
တစ်ချိန်တည်းမှာပင်။
ကောင်းကင်မိစ္ဆာအမတနယ်မြေရှိ မိစ္ဆာမျိုးနွယ်စုဖြစ်သည့် တားမြစ်အင်အားစုနှစ်ဖွဲ့ ။
ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ ခေါင်းဆောင် ကျင်းဝူအမတဧကရာဇ်မင်း နှင့် သုံဟွမ်မိစ္ဆာမဟာမိတ်၏ ခေါင်းဆောင် သုံဟွမ်အမတဧကရာဇ်မင်းတို့သည် ယခုအခိုက်အတန့်တွင် ကွေးယွမ်အမတဂိုဏ်းရှိရာ ဦးတည်ရာဘက်သို့ စိတ်ဝင်စားဖွယ်ဟန်ဖြင့် လှမ်းကြည့်နေကြသည်။
“ဟား.. ဒီကောင်တွေ တူညီတဲ့ဆက်ခံသူတစ်ဦးကို ခန့်အပ်လိုက်တာ ... ဒါ ကြီးမားတဲ့အကြံအစည်တစ်ခုရှိရမယ် “
သုံဟွမ်အမတဧကရာဇ်မင်းက ရယ်မောကာ ဆိုလိုက်သည်။
“ဒါပေမဲ့ ငါကတော့ ဒီစူးချန်ကဲဆိုတဲ့သူကို စိတ်ဝင်စားမိတယ်”
“သရဖူကိုဆောင်းချင်ရင် ဝန်ကို ခံနိုင်ရမယ် ၊ ဒီလိုတောက်ပတဲ့သရဖူကို ဆောင်းထားပြီဆိုမှတော့ ဒီစူးချန်ကဲဆိုတဲ့တစ်ယောက်က လက်ရှိ အမတနယ်မြေက မျိုးဆက်သစ်လူငယ်တွေကို ဖိနှိပ်နိုင်မလား ဆိုတာ တွေးမိတယ် “
သို့သော် ဘေးနားက ကျင်းဝူအမတဧကရာဇ်မင်းသည် ထိုအကြောင်းကို စိတ်မဝင်စားပုံရသည်။
“ဒီလိုတောက်ပတဲ့အရာကို ဖန်တီးလိုက်တာဟာ ဘေးဒုက္ခကို အကြောင်းမဲ့ လက်ယက်ခေါ်လိုက်သလိုပဲ “
“တောက်ပမှုက အသက်ဘေးကို ယူဆောင်လာတတ်တယ် “
“ဆိုရိုးစကားအတိုင်း အရာအားလုံးက အစွန်းဘက်ကို ရောက်လွန်းရင် ဆန့်ကျင်ဘက်အဖြစ် ပြောင်းလဲသွားမှာ မလွဲဧကန်ပဲ၊ အမြင့်ရောက်လေလေ ပြိုလဲတဲ့အခါ အထိနာလေလေပဲ”
စူးချန်ကဲအကြောင်းနှင့် ပတ်သတ်၍ ၊ ကျင်းဝူအမတဧကရာဇ်မင်းသည် အနည်းငယ် ကြားဖူးထားသည်။
အကြောင်းမှာ ယခင်က တိုက်မြေသုံးထောင်ရှိ ကောင်းကင်ဘုံ မကောင်းဆိုးဝါးတောင်တန်းကြောင့် ဖြစ်သည်။ ၎င်းသည် တိုက်မြေ သုံးထောင်တွင် သူ မွေးမြူထားသော အင်အားစုဖြစ်သည်။
သို့ရာတွင် စူးချန်ကဲ၏ အတိတ်အကြောင်းကို အင်အားစုကြီးများက ကောင်းစွာ ဖုံးကွယ်ထားသဖြင့် သူ သိရှိထားသည့် အချက်အလက်များမှာ သိပ်မများပေ။
သို့သော်လည်း သူ့အနေဖြင့် ဤအချက်ကိုတော့ အာမခံနိုင်သည်။
စူးချန်ကဲသည် တိုက်မြေသုံးထောင်ရှိ လူသားမျိုးနွယ်အတွက် အစွမ်းအထက်ဆုံး ၊ အတုမရှိသော မျိုးဆက်သစ်သူရဲကောင်းဖြစ်သည်ဟု ဆိုရမည်။
“သူက သန်မာပေမယ့် ၊ ငါ့ရဲ့ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က မျိုးဆက်သစ်သူရဲကောင်းတွေကလည်း မညံ့ပါဘူး”
“အင်အားစုကြီးသုံးဖွဲ့ဆိုလည်း ဘာဖြစ်လဲ”
ကျင်းဝူအမတဧကရာဇ်မင်းက အေးစက်စွာ ရယ်မောလိုက်ရင်း ဆက်ပြောသည်။
“မကြာတော့ပါဘူး၊ ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံး တည်ရှိမှု ၊ မူလမိစ္ဆာခန်းမဆောင်လည်း အမတနယ်မြေထဲ တစ်ဖန် ထွက်ပေါ်လာတော့မယ် “
“ဒီအင်အားစုကြီးသုံးဖွဲ့က ဒေဝလောက ပြန်လည်စတင်ရာခေတ်ရဲ့ အခွင့်အလမ်းတွေကို မောင်ပိုင်စီးချင်နေတာ ...ရူးသွပ်လွန်းတယ်!”
မူလမိစ္ဆာ ခန်းမဆောင် ။
အုပ်စိုးရှင် အင်အားစု ၁၂ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်ပြီး ၊ မိစ္ဆာမျိုးနွယ်များဖြင့် ဖွဲ့စည်းထားသော အင်အားစုဖြစ်သည်။
၎င်းတွင် ပါဝင်သော ဖြစ်တည်မှုများသည် စကြဝဠာစတင်ချိန်ခေတ်မှ တည်ရှိလာခဲ့ကြသော ရှေးဟောင်းအမတမိစ္ဆာများ ဖြစ်ကြပြီး ၊ လက်ရှိ ဒေဝလောကတစ်ခွင်ရှိ မိစ္ဆာမျိုးနွယ်အားလုံး၏ ခန္ဓာကိုယ်တွင်း၌ ၎င်းတို့၏သွေးများ စီးဆင်းနေသည်ဟု ဆိုနိုင်သည်။
‘ မူလမိစ္ဆာ’ ဟူသော အမည်အတိုင်းပင် ၊ ၎င်းတို့သည် မိစ္ဆာမျိုးနွယ်အားလုံး၏ မူလအစ ဖြစ်သည်။
ဒေဝလောကတစ်ခွင်ရှိ မိစ္ဆာမျိုးနွယ်အားလုံး၏ ဇစ်မြစ်ဖြစ်ပြီး ၊ မိစ္ဆာအားလုံးသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။
ထို့အပြင်၊ အရေးအကြီးဆုံးအချက်မှာ ၎င်းတို့၏ မူလမိစ္ဆာခန်းမဆောင်သည် ဒဏ္ဍာရီလာ အုပ်စိုးရှင် အင်အားစု၁၂ဖွဲ့အနက် လျို့ဝှက်ဆန်းကြယ်သည့် ကနဦးတည်ထောင်သူ အင်အားစုနှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိသည်။
ကနဦးတည်ထောင်သူ ။
ဤသည်မှာ ကောင်းကင်နှင့် မြေကြီးနှင့်အတူ မွေးဖွားလာသည်ဟု အဆိုရှိသည့် ကနဦးသက်ရှိများမှ တည်ထောင်ထားခြင်းဖြစ်သည်။
ကနဦးသက်ရှိဆိုသည်မှာ အဘယ့်နည်း။
၎င်းတို့သည် ဒေဝလောကတစ်ခွင်လုံးတွင် အစောဆုံးပေါ်ပေါက်ခဲ့သော သက်ရှိမျိုးဆက် ဖြစ်သည်။
အရေအတွက်အားဖြင့် ရှားပါးလှသော်လည်း၊ သို့သော် ၎င်းတို့ တစ်ဦးချင်းစီတိုင်းက အတိုင်းအဆမဲ့သော စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး ၊ ကောင်းကင်ဘုံနှင့်တန်းတူ အသက်ရှည်ကြသည်။
တားမြစ်အင်အားစုကြီးသုံးဖွဲ့သည် စွမ်းအားကြီးမားကြသည်မှာ မှန်သော်လည်း ၊ သို့သော် သူတို့၏ မူလမိစ္ဆာခန်းမဆောင်သည်လည်း အားမနည်းချေ။ အကယ်၍ ပြဿနာတစ်စုံတရာပေါ်ပေါက်ခဲ့ပါက ၊ ၎င်းတို့သည် ‘ကနဦးတည်ထောင်သူ’ အင်အားစုထံမှ အကူအညီတောင်းခံနိုင်သည်။
ထို့ကြောင့် ဤအင်အားစုကြီးသုံးဖွဲ့ နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းသည် ကျင်းဝူအမတဧကရာဇ်မင်း၏အမြင်တွင် မဖြစ်နိုင်သော အရာမဟုတ်။
“ဒါပေမဲ့ မတော်တဆ မဖြစ်လာစေဖို့ စူးချန်ကဲဆိုသူနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေကို သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်”
ကျင်းဝူအမတဧကရာဇ်မင်းသည် သုံဟွမ်အမတဧကရာဇ်မင်းကို ကြည့်ကာ ဆက်ပြောပြန်သည်။
“ဒီလူငယ်ကြောင့်နဲ့ ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ အကြီးမားဆုံးအစီအစဉ်ကို ထိခိုက်ခွင့်မပြုနိုင်ဘူး “
“စိတ်ချ “
သုံဟွမ်အမတဧကရာဇ်မင်းက ရယ်မောစွာဖြင့် ပြန်ပြောလိုက်သည်။
“တစ်ချိန်က မိစ္ဆာမျိုးနွယ်ရဲ့ခေတ်ဖြစ်ခဲ့သလိုပဲ ၊ အနာဂတ်ခေတ်မှာလည်း ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ ခေတ်ကာလကို ပြန်ရောက်နိုင်စေရမယ် “
……….
တစ်ချိန်တည်းမှာပင်။
လျို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းနယ်မြေတစ်ခုတွင်....
မိုးကောင်းကင်၏ မျက်နှာကြက်တွင် စင်ကြယ်သန့်စင်သော ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။
ဤနေရာရှိ အမတလမ်းစဉ်ဆိုင်ရာ သန့်ရှင်းစင်ကြယ်သော ဝိညာဉ်စွမ်းအားတို့သည် တသိမ့်သိမ့် ရိုက်ခတ်နေပြီး ၊ ၎င်းတို့သည် တားမြစ်စူးမိသားစု ၊ ကွေးယွမ်အမတဂိုဏ်းတို့နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
ကြီးမားကျယ်ပြန့်ပြီး အတုမရှိ မြင့်မြတ်သော နတ်ဘုရားနိုင်ငံတော်ကြီးသည် မိုးမြေကြားတွင် ခမ်းနားထည်ဝါစွာ တည်ရှိနေသည်။ မရေမတွက်နိုင်သော နန်းဆောင်များ၊ မျှော်စင်များနှင့် ဗိမ္မာန်တို့သည် ရွှေရောင်တဖိတ်ဖိတ်ဖြင့် အပြိုင်အဆိုင် တောက်ပနေကြပြီး ၊ မည်သူမှ မယှဉ်ပြိုင်နိုင်မည့် အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။
လက်ရှိခေတ်၏ မင်းဖြစ်သူ ၊ ပိုင်ယင်အမတဧကရာဇ်မင်းသည် ကျောက်မျက်ရတနာနှင့် ခြယ်သထားသော ပလ္လင်ပေါ်တွင် စံမြန်းလျက်ရှိသည်။
ဤအခိုက်အတန့်တွင်၊ သူသည် အံ့အားသင့်နေသော အမူအရာဖြင့် တသသရွတ်ဆိုနေမိသည်။
“စူးချန်ကဲ.... ထျန်းရှီဘုရင်မကြီးရဲ့ အစ်ကိုတော် .....”
“ တားမြစ်စူးမိသားစုရဲ့ သခင်ငယ်.... သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ မင်းသား...... ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ.....”
အမတနယ်မြေတွင် ဤမျှကြီးမားသော အဖြစ်အပျက်များ ဖြစ်ပွားနေသည်ကို ထျန်းကျီနတ်ဘုရားနိုင်ငံတော်လည်း သေချာပေါက် ကြားသိပေသည်။
သို့သော် ဤအရာအားလုံး၏ မူလအစသည် စူးချန်ကဲ ဖြစ်ကြောင်း သိရှိလိုက်ရချိန်တွင် ၊ ထျန်းကျီနတ်ဘုရားနိုင်ငံတော် တစ်ခုလုံး လှုပ်ခတ်သွားခဲ့ရသည်။
ဤသည်မှာ အဘယ်ကြောင့်နည်း။
အကြောင်းမှာ ၎င်းတို့၏ ထျန်းရှီဘုရင်မကြီးသည် အမတနယ်မြေ၏ အထက်လောကသို့ မတက်လှမ်းမီ ၊ အမိန့်တစ်ခု ချမှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
“ငါ ထျန်းရှီဘုရင်မဟာ ထျန်းကျီနတ်ဘုရားနိုင်ငံတော်တစ်ခုလုံးကို ကြေညာလိုက်တယ်!”
“ငါ့ရဲ့ အမိန့်ပြားကို ငါ့ရဲ့အစ်ကိုတော် စူးချန်ကဲကို ပေးအပ်ခဲ့ပြီးပြီ ၊ နောင်တစ်ချိန် ငါ့ရဲ့ အစ်ကိုတော် အမတနယ်မြေကို ရောက်ရှိလာတဲ့အခါ ..”
“ အမိန့်ပြားကို မြင်တာ ငါ့ကို မြင်တာနဲ့ အတူတူပဲ ! သူ ဘာကိုပဲ တောင်းဆိုတောင်းဆို...ထျန်းကျီနတ်ဘုရားနိုင်ငံတော်က အစွမ်းကုန် ကူညီဆောင်ရွက်ပေးရမယ်!”
………
အတိတ်က အကြောင်းအရာများထဲ ရုန်းထွက်လာပြီးနောက်တွင် ၊ ပိုင်ယင် အမတဧကရာဇ်မင်း၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာသည်။
ထျန်းရှီဘုရင်မကြီး ရည်ညွှန်းခဲ့သည့် ပုဂ္ဂိုလ်မှာ စူးချန်ကဲဆိုသူပင် ဖြစ်ကြောင်း သူ သေချာသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် မေးမြန်းစုံစမ်းမှုမျိုးစုံ ပြုလုပ်ပြီးနောက်တွင် ၊ စူးချန်ကဲသည် အောက်ကမ္ဘာဖြစ်သော တိုက်မြေ သုံးထောင်မှ အမတနယ်မြေသို့ တက်ရောက်လာသူဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။
ဤသည်မှာ ထျန်းရှီဘုရင်မကြီး၏ အစ်ကိုတော် စူးချန်ကဲမှလွဲ၍ အခြားမည်သူဖြစ်နိုင်ဦးမည်နည်း ။
ပိုင်ယင် အမတဧကရာဇ်မင်းတစ်ယောက် ခေါင်းကိုက်နေသည်။
အကြောင်းမှာ တားမြစ်အင်အားစုကြီးသုံးဖွဲ့သည် တစ်ယောက်ပြီးတစ်ယောက် ကြေညာချက်ထုတ်ပြန်ခဲ့သဖြင့် လက်ရှိအမတနယ်မြေတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။
ထို့အပြင် ဤအင်အားစုကြီးသုံးဖွဲ့၏ ထောက်ပံ့မှုအောက်တွင် ၊
စူးချန်ကဲ၏ လက်ရှိအဆင့်အတန်းသည် အလွန်ပင် တောက်ပလွန်းလှသဖြင့် ၊ အမတနယ်မြေရှိ အင်အားစုအားလုံး၏ အာရုံစိုက်မှုကို ခံနေရသည့်အပြင် လူတိုင်း၏ပစ်မှတ်ထားခြင်းကို ခံနေရပြီ ဖြစ်သည်။
ထိပ်တန်းစွမ်းအားရှင်တစ်ဦးအနေဖြင့် ၊ အပင်မြင့်လေ လေတိုက်ခံရလေဆိုသော သဘောတရားကို သူ ကောင်းကောင်းနားလည်သည်။
ယခုအချိန်တွင် ၊ သူ၏ ထျန်းကျီနတ်ဘုရားနိုင်ငံတော် ပေါ်ထွက်လာပြီး အမတနယ်မြေတစ်ခွင်လုံးကို ကြေညာချက် ထုတ်ပြန်လိုက်မည်ဆိုပါက၊
အင်အားစုအားလုံး ရူးသွပ်သွားကြမည်ကို စိုးရိမ်မိသည်။
“ အရာအားလုံးက အစွန်းဘက်ကို ရောက်လွန်းရင် ဆန့်ကျင်ဘက်အဖြစ် ပြောင်းလဲသွားမှာ မလွဲဧကန်ပဲ၊ စူးချန်ကဲရဲ့ အဆင့်အတန်းက အတော်လေးကို တောက်ပလွန်းနေပြီ....”
ပိုင်ယင် အမတဧကရာဇ်မင်းသည် သူ့ကိုယ်သူ ရေရွတ်နေသည်။
“ ငါ ထျန်းကျီနတ်ဘုရားနိုင်ငံတော်ရဲ့ အထူးအဆင့်အတန်းကိုပါ ထပ်မံ ပေါင်းထည့်လိုက်ရင် ...”
ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ ဒေဝလောကတစ်ခွင်လုံး တုန်လှုပ်ကာ ရူးသွပ်သွားနိုင်သည်။
“ ဒါပေမဲ့ ..ငါ ဘာမှမလုပ်ပြန်ရင်လည်း...”
“ တကယ်လို့ ထျန်းရှီဘုရင်မကြီး သိသွားခဲ့ရင် ...”
နောက်ထပ် ဆက်ပြောမည့်စကားများသည် သူ့လည်ချောင်းတွင် အလိုအလျောက် တစ်ဆို့သွားသည်။
ထျန်းရှီဘုရင်မကြီးသည် သူမ၏အစ်ကိုတော်အပေါ်တွင် ရူးသွပ်စွဲလမ်းသူဟူ၍ နာမည် ကျော်ကြားသည်။
စူးချန်ကဲနှင့် ပတ်သတ်၍ ၊ သူမသည် လုံးဝမှ အထိအခိုက်ခံမည်မဟုတ်။
သူ၏ ထျန်းကျီနတ်ဘုရားနိုင်ငံတော်သည် သူမ၏အစ်ကိုတော်အပေါ်တွင် “ နစ်နာစေ” ခဲ့သည်ကို သိရှိသွားခဲ့မည်ဆိုပါက ၊ အမတနယ်မြေ၏ နယ်နိမိတ်ကို ချက်ချင်း ဖောက်ထွက်ကာ ထျန်းကျီနတ်ဘုရားနိုင်ငံတော်သို့ တိုက်ရိုက်ဆင်းသက်လာပြီး သူ့ကို အသေရိုက်နှက်မည်ကို ကြောက်မိသည်။
“အိုင်း....”
“ ငါ အဲ့ဒီအင်အားစုကြီးသုံးဖွဲ့ဆီကို သွားရောက်တွေ့ဆုံမှ ဖြစ်တော့မယ်...”
ဘယ်တတ်နိုင်မလဲ !
ထျန်းရှီဘုရင်မကြီးသည် အလွန်ကို အစွမ်းထက်သည်။ ဒုတိယမျိုးဆက် ဧကရီတစ်ပါးအနေဖြင့် ၊ သူမ၏လက်ထဲတွင် ထျန်းကျီနတ်ဘုရားနိုင်ငံတော်၏ ဂုဏ်ကျက်သရေကို ထွန်းတောက်အောင် ဦးဆောင်နိုင်ခဲ့သည်။
ထူးခြားသော အရည်အချင်းများရှိပြီး၊ ကံကြမ္မာဘွဲ့ကို ပထမဆုံးပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။
သူမ၏ အစ်ကိုဖြစ်သူအပေါ်တွင် အချစ်ကြီးသော တန်ခိုးကြီးမားသည့် ဧကရီတစ်ပါးလည်း ဖြစ်ပြန်သည်။
အိုင်း....သူတို့ ထျန်းကျီနတ်ဘုရားနိုင်ငံတော်ကြီးက စူးချန်ကဲကို သဘောမကျဘူးဆိုတောင် ၊ ဘာများလုပ်နိုင်မှာလဲ ဟုတ်ဘူးလား !?
……..
အပိုင်း(၆၃၅): ကမ္ဘာဦိးခေတ်တွင် ရှိခဲ့ဖူးသူ ၊ အသွင်ပြောင်းလဲလာခဲ့သော နတ်မိုးမခပင် သူမ
အခြားတစ်ဖက်တွင် ၊
သံသရာစက်ဝန်း အမတမင်းဆက် ။
အမတနယ်မြေတစ်ခွင်လုံးသို့ ကြေညာချက် ထုတ်ပြန်ခဲ့သော မျဲ့ရှန်း ရှေးဘိုးဘေး၏ လုပ်ရပ်ကို ကြားသိလိုက်ရသော စူးချန်ကဲသည် အချိန်အတော်ကြာမှ သူ့စိတ်ကို ပြန်လည်ထိန်းထားနိုင်ခဲ့သည်။
“ကွေးယွမ်အမတဂိုဏ်းက... ငါ့ကို ဆက်ခံသူ အဖြစ် ခန့်အပ်လိုက်တာလား”
စူးချန်ကဲ၏စိတ်ထဲတွင် သံသယမေးခွန်းအချို့ ရှိလာခဲ့သည်။
မျဲ့ရှန်း ရှေးဘိုးဘေး၏ ယခင်က ပြောကြားချက်များအရ၊ သူသည် ကွေးယွမ်အမတဂိုဏ်းသို့ ရောက်ရှိလာသည့်အခါမှသာ ဆက်ခံသူရာထူးကို ခန့်အပ်မည် ဖြစ်သည်။
သို့သော် လက်ရှိတွင် သူသည် သံသရာစက်ဝန်း အမတမင်းဆက်တွင်သာ ရှိသေးသည်။
“ကွေးယွမ်အမတဂိုဏ်းက ချန်ကဲ မင်းကို ဆက်ခံသူအဖြစ် ခန့်အပ်ဖို့ ခုလို ကြေညာလိုက်တာက ....”
ထိုအချိန်တွင် ယွင်ရွှမ်းရုံက နူးညံ့စွာဖြင့် ဆိုလိုက်သည်။
“ မင်းအတွက် မလိုအပ်တဲ့ ဘေးအန္တရာယ်အချို့ကို ဖြေရှင်းပေးလိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်တယ် “
စူးချန်ကဲသည် စူးချန်ချင်ဖြစ်ကြောင်းနှင့် ပတ်သက်၍ ၊ သံသရာစက်ဝန်း အမတမင်းဆက်နှင့် တားမြစ် စူးမိသားစုတို့မှအပ ဒေဝလောကတစ်ခွင်လုံးတွင် မည်သူမျှ မသိထားပေ။
သို့ရာတွင် ၊ သူတို့သည် ဆက်တိုက် ကြေညာချက်များ ထုတ်ပြန်ခဲ့သဖြင့် အချို့သူများအနေဖြင့် အဖြေအချို့ကို မှန်းဆပြီးသားဖြစ်မည်မှာ သေချာသည်။
ထို့ကြောင့် ကွေးယွမ်အမတဂိုဏ်း၏ ကြေညာချက်သည် စူးချန်ကဲ၏သရုပ်မှန်ကို ထပ်မံ ဖုံးကွယ်ရန် ဖြစ်နိုင်သည်။
စူးချန်ချင်သည် တားမြစ် စူးမိသားစု၊ သံသရာစက်ဝန်း အမတမင်းဆက်တို့နှင့် ဆက်နွယ်မှုရှိနိုင်သော်လည်း ၊ ကွေးယွမ်အမတဂိုဏ်းနှင့် ဆက်နွယ်စရာအကြောင်းမရှိပေ။
ကွေးယွမ်အမတဂိုဏ်း၏ အပြုအမှုသည် ယွင်ရွှမ်းရုံ၏ စိတ်နှလုံးသားကို နွေးထွေးသွားစေသည်။
အဘယ့်ကြောင့်ဆိုသော် ကွေးယွမ်အမတဂိုဏ်းသည် စူးချန်ကဲ၏အကျိုးအတွက် ဤကဲ့သို့လုပ်ဆောင်ပေးခဲ့သည်။ စူးချန်ကဲသည် သူမအတွက် အရေးကြီးဆုံး သားတစ်ယောက်ပင် ဖြစ်သည်။
ဝုန်း ---
သူမသည် ကွေးယွမ်အမတဂိုဏ်းအား မည်သို့ကျေးဇူးတင်ရမည်ကို တွေးတောနေစဉ် ၊
သံသရာစက်ဝန်း အမတမင်းဆက်၏ အထက်မိုးကောင်းကင်တွင် ရုတ်တရက် မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့သည်။
တဖျပ်ဖျပ် ဝင်းလက်တောက်ပနေသော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတတို့သည် မိုးကောင်းကင်ပမာ ကြီးမားလှသော နတ်မိုးမခပင်၏ ပုံသဏ္ဍာန်တစ်ခုအဖြစ် ရစ်ပတ်ဖွဲ့စည်းသွားသည်။
၎င်း၏ကိုယ်ထည်သည် ကြီးမားလွန်းသဖြင့် ကောင်းကင်ပြင်ကြီး တစ်ခုလုံးကိုပင် ဖုံးလွှမ်းထားသည်။
ကောင်းကင်ယံမှ ဆင်းသက်လာသော တိမ်တိုက်များကဲ့သို့ အောက်သို့ ကျဆင်းလာသည့် မိုးမခပင်၏တောက်ပသော အမြစ်များသည် အလွန်ကြီးမားကျယ်ပြန့်လွန်းသဖြင့် သံသရာစက်ဝန်း အမတမင်းဆက်တစ်ခုလုံးကိုပင် လွှမ်းခြုံထားလေသလားဟု ထင်မှတ်ရသည်။
ဤကဲ့သို့ကြီးကျယ်ခမ်းနားပြီး အံ့ဩဖွယ်ရာကောင်းသော မြင်ကွင်းသည် အမတမင်းဆက်ရှိ မရေမတွက်နိုင်သော စွမ်းအားရှင်များ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
အပြင်ရန်သူတစ်ယောက် ရောက်ရှိလာသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ၊ သို့သော် ၎င်းမှ ဖြာထွက်လာသော ကြောက်ခမန်းလိလိ အငွေ့အသက်ကို ခံစားမိသည့်အခါ ၊
လူတိုင်း ထိန်းမနိုင်သိမ်းမရ ထိတ်လန့်အံ့ဩသွားကြသည်။
“ဒါက.... ကွေးယွမ်အမတဂိုဏ်းက နတ်မိုးမခပင် မဟုတ်လား”
“နတ်မိုးမခပင်က ဘာလို့ ငါတို့ သံသရာစက်ဝန်း အမတမင်းဆက်ကို ရောက်လာတာလဲ “
“……….”
တော်ဝင်သင်္ချိုင်းသို့ ပြန်သွားရန် ပြင်ဆင်နေသော ဧကရာဇ်ဟောင်းပင်လျှင် ထိုကြောက်ခမမ်းလိလိ စွမ်းအားကြောင့် တုန်လှုပ်သွားသည်။
“ ဒါက ဒေဝလောကရဲ့ ပထမဆုံး မဟာလမ်းစဉ်ရဲ့ နတ်သစ်ပင်....”
“ကွေးယွမ်အမတဂိုဏ်းက နတ်မိုးမခပင်ကို ပူဇော်အခမ်းအနားလုပ်ခဲ့တာလား....”
ဧကရာဇ်ဟောင်းသည်လည်း ဤနတ်မိုးမခပင်နှင့်ပတ်သတ်၍ အရင်ကတည်းက ကြားသိထားသည်။
သူ၏ဖခင်၊ တစ်နည်းအားဖြင့် စူးချန်ကဲ၏ ဘိုးဘေးဖြစ်သူသည် တစ်ချိန်က ပြောပြခဲ့ဖူးသည်။
ဤနတ်မိုးမခပင်မှ ပိုင်ဆိုင်ထားသော ပင်ကိုယ်မှော်စွမ်းအားများသည် ဒေဝလောကတစ်ခုလုံးတွင် အရှားပါးဆုံးဖြစ်သည်ဟု ဆိုသည်။
သူ၏ဖခင်ကြီးကိုတောင် ထိုကဲ့သို့မှတ်ချက်ပေးစေနိုင်သည့်အထိ ဤနတ်မိုးမခပင်၏ မှော်စွမ်းအားများသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေသည်။
ထိုစဉ် ၊ ကောင်းကင်ပြင်မှ နူးညံ့သိမ်မွေ့ပြီး စွဲမက်ဖွယ်ရာကောင်းသော အမျိုးသမီးတစ်ဦး၏ အသံသည် အောက်သို့ကျဆင်းလာခဲ့သည်။
“ငါဟာ ကွေးယွမ်အမတဂိုဏ်းရဲ့ တောင်းဆိုချက်ကို လက်ခံပြီး...”
“ စူးချန်ကဲအတွက် ကောင်းချီးမင်္ဂလာပေးဖို့ ရောက်ရှိလာခဲ့တာပဲ “
တစ်ချိန်တည်းမှာပင်။
နတ်မိုးမခပင် အမျိုးသမီး၏ အသွင်ပုံရိပ်သည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
ထိုစကားသံအဆုံးတွင် ၊ သံသရာစက်ဝန်း အမတမင်းဆက်မှ လူတိုင်း၏ နှလုံးသားထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ အတိုင်းအဆမရှိသော အံ့အားသင့်မှုလှိုင်းဂယက်များ ပေါ်ပေါက်လာခဲ့သည်။
စူးချန်ကဲသည် ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူ ဖြစ်လာမည်ကို သူတို့အားလုံး သိထားကြသော်လည်း ၊ သို့သော် ကွေးယွမ်အမတဂိုဏ်းသည် မိုးမခနတ်ဘုရားကို အထူးယဇ်ပူဇော်သည်အထိ ဤမျှကြီးစွာသော ကြိုးစားအားထုတ်မှုမျိုး ပြုလုပ်ခဲ့လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားကြပေ။
ယင်း၌ သုံးစွဲရမည့် မဟာလမ်းစဉ် အရင်းအမြစ်များမှာ အလွန်ကိုများပြားပြီး ၊ ထို့အပြင် ကွေးယွမ်အမတဂိုဏ်းမှ ပါဝင်ပတ်သက်နေသော အကျိုးအကြောင်းများသည် မှန်းဆရန်မလွယ်ကြောင်းကို ပြသနေသည်။
သို့သော်လည်း ဤသည်မှာ ထူးဆန်းသည်ဟု မဆိုနိုင်ပေ။ ဤနတ်မိုးမခပင်သည် သူတို့ သံသရာစက်ဝန်း အမတမင်းဆက်၏ ပိုင်ဆိုင်မှုဖြစ်ခဲ့ပါက ၊ သူတို့သည်လည်း စူးချန်ကဲအတွက် နတ်မိုးမခပင်ကို ပူဇော်ပသသည့် အခမ်းအနားကြီးကို ကျင်းပပေလိမ့်မည်။
“ ကျွန်တော် စူးချန်ကဲ၊ လူကြီးမင်းကို ဂါရဝပြုပါတယ် “
ယွင်ရွှမ်းရုံ ဘေးတွင် ရပ်နေသော စူးချန်ကဲသည် ရှေ့သို့တက်လာပြီး နတ်မိုးမခပင် အမျိုးသမီးထံသို့ တရိုတသေ ဦးညွှတ်ကာ ဂါရဝပြုခဲ့သည်။
သူ၏မျက်နှာအမူအရာသည် ရိုသေလေးစားမှုအပြည့် ရှိသည်။ အကြောင်းမှာ မိခင်ဖြစ်သူ၏ တုံ့ပြန်မှုများအရ ၊ ဤအမျိုးသမီးသည် သာမန်စွမ်းအားရှင်တစ်ဦး မဟုတ်ကြောင်း ထင်ရှားသည်။
စူးချန်ကဲ၏ ခန့်မှန်းချက်အရ ၊ သူမသည် မျဲ့ရှန်း ရှေးဘိုးဘေးနှင့်ပင် ယှဉ်ပြိုင်နိုင်လောက်သည်။
စူးချန်ကဲသည် နတ်မိုးမခပင် အမျိုးသမီးကို ကြည့်နေသည့် တစ်ချိန်တည်းမှာပင် ၊ နတ်မိုးမခပင် အမျိုးသမီးကလည်း စူးချန်ကဲကို စစ်ဆေးကြည့်ရှုနေခဲ့သည်။
ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှတစ်ဆင့် ၊ သူမသည် စူးချန်ကဲ၏ စစ်မှန်သော သရုပ်မှန်ကို အပြည့်အဝ သိရှိသွားခဲ့သည်။
ထိုအချက်က သူမကို အတော်လေး ထိတ်လန့်သွားစေမိသည်။
သူမ ကောင်းချီးပြုမည့်သူမှာ တားမြစ် စူးမိသားစု၏ သခင်ငယ်၊ သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသား၊ ဒါတင်မက ယခုတွင် ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝမှ ထင်မထားခဲ့ပေ။
“ အရင်က တားမြစ် စူးမိသားစုရဲ့လူ မဟုတ်ဘူးလို့ထင်ခဲ့တာ....”
“ တကယ်ကို ထင်မထားဘူး “
နတ်မိုးမခပင် အမျိုးသမီးသည် သူ့ကိုယ်သူ ညည်းညူလိုက်သည်။
ဤတားမြစ် အင်အားစုသုံးဖွဲ့သည် တူညီသော ဆက်ခံသူတစ်ဦးကို ခန့်အပ်ခဲ့ကြသည့်အပေါ် သူမသည်ပင် နားမလည်နိုင်ဖြစ်မိသည်။
တားမြစ် အင်အားစုကို ပိုင်ဆိုင်ထားသည့် နောက်ခံ အပြင် မဟာလမ်းစဉ်၏ တားမြစ်ကိုယ်ထည်ကိုလည်း ပိုင်ဆိုင်ထားပြန်သည်။
မိဘနှစ်ပါးကို ထည်မပြောရသေးခင် ၊ နောက်ကွယ်က ဘိုးဘေးများမှာဖြင့် မရေမတွက်နိုင်အောင် များပြားလွန်းသည်။
ယနေ့ခေတ်မျိုးဆက်သစ် ပါရမီရှင်များအတွက် သူမသည်ပင် သနားစိတ်ဝင်မိသည်။
ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် အဆုံးမရှိသော အခွင့်အလမ်းများ ထွက်ပေါ်လာပေတော့မည်။ သို့သော်လည်း ၊ ဤလူ့ဘီလူးကောင် စူးချန်ကဲနှင့် ယှဉ်ပြိုင်ပြီး မလုယူရန် အကြံပြုချင်သေးသည်။
တစ်ချိန်တည်းမှာပင် ၊ သူမသည် အတော်လေး ကံကောင်းခဲ့သည်ဟု ဆိုရမည်။
သူမသည် အစောပိုင်းခေတ်တွင် မွေးဖွားခဲ့ပြီး၊ ထိုခေတ်က ဝိညာဉ်စွမ်းအားများ အလွန်ကြွယ်ဝရုံသာမက လူဦးရေနည်းပါးပြီး ပြိုင်ဆိုင်မှုများလည်း နည်းပါးခဲ့သည်။
ဒေဝလောက၏ ပထမဆုံးသော မိုးမခပင်အဖြစ် ၊ သူမသည် မွေးရာပါ စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့ပြီး အမတနယ်မြေ၏ ခေတ်ကာလအသီးသီးကို ကျော်ဖြတ်ခဲ့သူလည်း ဖြစ်သည်။
သို့သော် ၊ ကံကြမ္မာနတ္ထိကိုယ်ထည် အကြောင်းနှင့် ပတ်သတ်၍ ပြောရလျှင်ဖြင့် ၊ သူမ၏ ဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့သူတစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည့် အကြောင်းများကို ပြန်လည် သတိရမိသွားသည်။
ပြောရရင်လည်း အံ့ဩစရာကောင်းပေသည်။ သူမသည် ဝတ်ရုံဖြူကို ဆင်မြန်းထားသော စူးချန်ကဲကို မြင်တွေ့လိုက်ရချိန်တွင် ထိုအနှီသူ၏အကြောင်းကို ပြန်လည် စဉ်းစားမိသွားသည်။
ထိုအနှီသူ၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပေမယ့် ၊ သူသည် စူးချန်ကဲ ကဲ့သို့ပင် အဖြူရောင်ဝတ်စုံကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ကြောင်း မှတ်မိသေးသည်။
သိို့သော်လည်း ၊ သူတို့နှစ်ဦးကြားက ကွာခြားချက်သည် အတော်လေး ကြီးမားပေသည်။ စူးချန်ကဲ၏ လက်ရှိကျင့်ကြံမှုသည် သူမ၏ မျက်လုံးထဲတွင် ကြက်ကလေးတစ်ကောင်သာပင်။
ထိုအနှီလူမှာမူ ၊ သူ၏ အရိပ်တစ်ခုတည်းဖြင့် ဒေဝလောကတစ်ခွင်လုံးကို လင်းလက်တောက်ပစေနိုင်ပြီး ၊ မဟာလမ်းစဉ်၏ ယင်းယန် စက်ဝန်းကို လည်ပတ်စေနိုင်သည်။
စကြဝဠာထဲသို့ တစ်ကိုယ်တည်း လျှောက်လှမ်းရင်း ၊ သူသည် ကမ္ဘာပေါင်းများစွာကို ဖန်တီးခဲ့သည်။
သူသည် ပထမဆုံးသော ကံကြမ္မာနတ္ထိကိုယ်ထည် ပိုင်ရှင်ပင် ဖြစ်သည်။
အပိုင်း(၆၃၆): အရင်းအမြစ် တူညီခြင်း (Part-1)
ဒေဝလောကတစ်ခွင်လုံး ၊ အမတနယ်မြေ၏ အထက်လောက၌ပင် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်သည်။
သူမ၏ မှုန်ဝါးဝါး မှတ်ဉာဏ်ထဲတွင် ၊ ထိုအနှီသူသည် မိမိနှင့်စကားပြောရတာကို အတော်လေး နှစ်သက်ပုံရသည်။
ဤလောကကြီးသည် ပျင်းစရာကောင်းသည်ဟု သူ ပြောဖူးသည်။
သူ၏အတွေးတစ်ချက်တည်းဖြင့် ထောင်ပေါင်းများစွာသော လမ်းစဉ်များကို ဖန်တီးနိုင်ပြီး ၊
အတွေးတစ်ချက်တည်းဖြင့် ထိုအရာအားလုံးကို ဗလာနိတ္ထိအဖြစ် ပြန်လည်ဖျက်ဆီးပစ်နိုင်သည်။
ဖြစ်ခြင်းမှ ပျက်ခြင်းသို့ ၊ တစ်ဖန် ပျက်ခြင်းမှ ဖြစ်ခြင်းသို့ ၊ ဤကဲ့သို့ သံသရာသည် အဆုံးမရှိ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသဖြင့် သူ့အတွက် ကမ္ဘာကြီးသည် ပျင်းစရာကောင်းနေခဲ့သည်။
ဤသို့ဖြင့် နှစ်ပေါင်းရာချီကြာအောင် ၊ မိုးမခပင်သူမသည် အတော်လေး နားပူခံခဲ့ရသည်။
ဘယ့်နှယ် ! တခြားသူတွေက နွားကို ဗျပ်စောင်းတီးပြီး ဖျော်ဖြေပြတာ ၊ ဒင်းကတော့ ကောင်းရော ...မိုးမခပင်ကို လာပြီး ညည်းညူပြနေလေရဲ့ !
အဲ့တုန်းက ဘယ်လိုတောင် သည်းခံပြီး ကျော်လွှားခဲ့ရလဲဆိုတာ ရှင်တို့သိကြရဲ့လား !?
အဲ့နှစ်က သူမသာ အသွင်ပြောင်းနိုင်စွမ်းရှိခဲ့ရင်... သေချာတယ် ဒင်း လက်ဝါးစာမိနေပြီ!
ဘယ်လောက်တောင် စိတ်ရှုပ်စရာကောင်းလိုက်လဲ !
သို့သော် သူ ထွက်ခွာသွားပြီးနောက် ၊ သူမသည် နောင်တရခဲ့သည်။
သူ၏ညည်းညူမှုများကို နားထောင်ပေးခဲ့သည့်အတွက် သူမအား အခွင့်အရေးတစ်ခု ပေးသနားခဲ့သည်။ သူသည် သူမအား မဟာလမ်းစဉ်၏ မူလရင်းမြစ်ဖြစ်သော စွမ်းအင်အနည်းငယ်ကို ချီးမြှင့်ခဲ့ပြီး ၊ ဤသို့ဖြင့် သူမသည် မဟာလမ်းစဉ်၏ အခြေခံအုတ်မြစ်ကို ဆောက်တည်နိုင်ခဲ့ပြီး မြင့်မားသော ဉာဏ်အလင်းများကို ရရှိလာခဲ့သည်။
ထို့ကြောင့် သူမသည် နောက်ပိုင်းကာလတွင် ဒေဝလောကတစ်ခုလုံးကိုပါ တုန်လှုပ်စေသည့် ကြောက်ခမန်းလိလိ စွမ်းအားများကို ပိုင်ဆိုင်နိုင်ခဲ့သည်။
သူမသည် အရမ်းသန်မာလွန်းသဖြင့် အမတနယ်မြေသည်လည်း သူမအတွက် ပျင်းစရာကောင်းသော အရာတစ်ခု ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ရုတ်တရက် အတွေးတစ်ချို့ဖြစ်ပေါ်လာကာ သူမ၏ ကနဦးစွမ်းအားရှင် မိတ်ဆွေတချို့နဲ့အတူ အဖွဲ့အစည်းတစ်ခုကို ထူထောင်ခဲ့သည်။
သူမသည် တိုးတိုးလေးရေရွတ်လိုက်သည်။
“အဲ့အင်အားစု အမည်ကို ဘယ်လိုခေါ်ပါလိမ့်..”
“ငါ စဉ်းစားကြည့်ပါဦးမယ်...”
“ ကနဦး ဘာဆိုလား... “
“ ကနဦးတည်ထောင်သူ !”
ဒေဝလောကရှိ ပထမဆုံးသော မိုးမခပင်အဖြစ် ၊ သူမသည်လည်း ကနဦးသက်ရှိမျိုးဆက်၏ စွမ်းအားရှင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူမတည်ထောင်ခဲ့သော အဖွဲ့အစည်းသည်လည်း အစဉ်အလာအားဖြင့် ကနဦးသက်ရှိ စွမ်းအားရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
သို့သော် ဤနှစ်ကာလပေါင်းများစွာ ကြာသည့်တိုင်အောင် ၊ သူမသည် ကနဦးတည်ထောင်သူမှ သူများနှင့် အဆက်အသွယ် မပြုခဲ့ပေ။
အကြောင်းမှာ ထိုနှစ်က အဖြစ်အပျက်ကြောင့် သူမ၏ အတိတ်က မှတ်ဉာဏ်အများစုသည် မှေးမှိန်သွားခဲ့ပြီး ၊ ကနဦးမူလတည်ထောင်သူ အဖွဲ့အစည်းနှင့် မည်သို့ဆက်သွယ်ရမည်ကိုပင် မေ့သွားခဲ့သည်။
တစ်နည်းအားဖြင့်ဆိုရသော် ၊ လက်ရှိအချိန်တွင် သူမသည် ကွေးယွမ်အမတဂိုဏ်းတွင် အလကားစားသောက်ကာ သေမည့်နေ့ကို ထိုင်စောင့်နေသူတစ်ယောက်လိုပင်။
မဟာလမ်းစဉ်၏ ကောင်းချီးပေးခြင်းကို အမည်ခံ၍ လှည့်စားခြင်းအားဖြင့် လူများ၏ပူဇော်သက္ကာရရှိမှသာ ရှင်သန်နေထိုင်နိုင်သော ဘဝတစ်ခုဟု ဆိုရပေမည်။
ထိုအဖြစ်အပျက်နှင့်ပတ်သတ်၍ ပြောရလျှင်ဖြင့် ၊ ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်နှင့် ဆက်စပ်နေသည်။
ထိုနှစ်က ။
မိမိသည် ဤလောကတွင် အတုမရှိ ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်ပြီဟု ခံယူခဲ့သော နတ်မိုးမခပင် အမျိုးသမီးသည် အမတနယ်မြေ၏ အထက်လောကသည် စိတ်ဝင်စားစရာကောင်းသည် ဟူသော ဝတ်ရုံဖြူ အသွင်ပုံရိပ်၏စကားကို ပြန်သတိရမိသွားသည်။
ထိုကြောင့် သူမသည် ဝတ်ရုံဖြူ အသွင်ပုံရိပ်ကို ရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် အမတနယ်မြေ၏ အထက်လောကသို့ စိတ်အားထက်သန်စွာ ရောက်ရှိလာခဲ့သည်။
သို့သော် ရလဒ်အနေဖြင့်...
သူမသည် အကြောင်းအရင်းမဲ့စွာဖြင့် မှတ်ဉာဏ်များကို ဆုံးရှုံးခဲ့ရသည်။
အမတနယ်မြေ၏ အထက်လောကသို့ ရောက်ရှိသွားပြီးနောက် ၊ ဘယ်အရာကို မြင်ခဲ့သည် ၊ ဘယ်အရာတွေ ဖြစ်ခဲ့သည်ကိုပင် သူမ လုံးဝ မမှတ်မိတော့ချေ။
သူမသည် အလွန်အရေးကြီးသော မှတ်ဉာဏ်များကို ဆုံးရှုံးလိုက်ရပုံပေါ်သည်။
မည်သို့ပင်ဖြစ်စေ၊ သူမသည် မဟာလမ်းစဉ်၏ အလွန်ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်သက်ရောက်မှုကို ကြုံတွေ့ခဲ့သည်မှာ သေချာသည်။
ယခုအခါတွင် ၊ နတ်မိုးမခပင် အမျိုးသမီးသည် သူမ၏ စွမ်းအင်များကို ထိန်းသိမ်းကာ ပြန်လည်ကောင်းမွန်ရန်အတွက် အိပ်စက်ခြင်းမှအပ အခြားမည်သည့်အရာကိုမှ လုပ်နိုင်စွမ်းမရှိချေ။
ယခု စူးချန်ကဲကို မြင်တွေ့လိုက်ရချိန်တွင် ၊
သူမ၏စိတ်ထဲတွင် တစ်ချိန်က စွဲလမ်းခဲ့ရသော ဝတ်ရုံဖြူအသွင်ပုံရိပ်ကို သူ့အလိုလို ပြန်လည် သတိရလာခဲ့သည်။
“ဟမ်! ဒီကောင်စုတ်လေးကို ကြည့်ရတာ အဲ့တုန်းက မုန်းစရာကောင်းတဲ့ ကောင်နဲ့ တော်တော်ဆင်သလိုပဲ !”
“ ဒါမှမဟုတ် နောင်ကြရင် သူလည်း အဲ့မုန်းစရာကောင်းတဲ့ ကောင်လို ဖြစ်လာပြီး မိုးမခပင်ကို လာပြီးလှည့်စားမှာကို စိုးရိမ်ရတယ်!”
အတိတ်က ထိုအနှီသူ၏ အကြောင်းကို တွေးမိတိုင်း ၊ သူမ၏ စိတ်ထဲတွင် မကျေနပ်ချက်များ ဖြစ်ပေါ်လာခဲ့သည်။
ပြောတော့ ... အမတနယ်မြေရဲ့ အထက်လောကကြီးက ပျော်စရာကောင်းတယ်ဆို !?
သူမကိုယ်တိုင် သွားကြည့်တာနဲ့ မှတ်ဉာဏ်ပျောက်သွားရောသတဲ့လား !
ဒါက နုနယ်သေးတဲ့ မိုးမခပင်လေးရဲ့ ခံစားချက်ကို လှည့်စားခဲ့တာပဲ!
တစ်ချိန်တည်းမှာပင် ။
နတ်မိုးမခပင် အမျိုးသမီးကို ကြည့်နေခဲ့သည့် စူးချန်ကဲသည် ရုတ်တရက် နှလုံးတုန်သွားသည်။
“ ဒီအကြီးအကဲ လူကြီးမင်းရဲ့ အကြည့်တွေက ဘာလို့ပြောင်းလဲသွားပါလိမ့်...”
သူ့ကို ကြည့်နေသော ထိုနတ်မိုးမခပင် အမျိုးသမီး၏ အကြည့်များသည် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်ကို သူ ခံစားမိခဲ့သည်။
အတိတ်က အသိအကျွမ်းကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
သူမ စိတ်ဆိုးနေသည့် အသိအကျွမ်းကို မြင်လိုက်ရသည့် အကြည့်မျိုးဆိုရင် ပိုမှန်လောက်သည်။
ဤအချက်ကြောင့် စူးချန်ကဲ၏ခေါင်းတစ်ခုလုံး ပူထူသွားကာ ၊ သူ၏ မသိစိတ်က မေးလိုက်မိသည်။
“ လူကြီးမင်း....အရင်က ချန်ကဲကို တွေ့ဖူးလို့လား “
ဤစကားများထွက်လာသည်နှင့် ၊
သူ့ဘေးတွင် ရှိနေသော စူးယွင်ယွဲ့ နှင့် ယွင်ရွှမ်းရုံတို့သည် စူးချန်ကဲကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။
ဤနတ်မိုးမခပင် အမျိုးသမီးထံမှ ဖြာထွက်နေသော စွမ်းအားများသည် အလွန်ရှေးကျပြီး ထူးကဲသည်။
ကြီးကျယ်ခမ်းနားသော မြင်ကွင်းများကို ကြိမ်ဖန်များစွာ ကြုံတွေ့ဖူးသော ယွင်ရွှမ်းရုံသည်ပင် ဤနတ်မိုးမခပင် အမျိုးသမီးသည် ကမ္ဘာဦိးခေတ်နှင့် ဆက်စပ်မှုရှိသည်ဟု အတပ်ပြောနိုင်သည်။
ထိုခေတ်က မျိုးဆက်များသည် ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို ယူဆောင်၍ အချိန်ကာလ၏ ယင်းယန်စက်ဝန်းကို ဖန်တီးနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။
သူမ၏သားသည် “အတိတ်ဘဝ” ရှိခဲ့ဖူးသော်လည်း ၊ မည်သို့ပင်ဖြစ်စေ စူးချန်ကဲသည် သူမ၏သားပင် ဖြစ်သည်။
“အရေးမကြီးပါဘူး ၊ မင်းကို မြင်တော့ ငါ အရင်တုန်းက သိခဲ့တဲ့လူတစ်ယောက်ကို သတိရမိသွားလို့ပါ “
သို့သော်လည်း ၊
စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲမှ ရင်းနှီးသော အငွေ့အသက်တချို့ကို ခံစားလိုက်ရချိန်တွင်၊ သူမ၏ စိတ်ထဲ၌ မျှော်လင့်ချက်အသစ်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်ကြောင့် သူမသည် ကံဆိုးမိုးမှောင်ကျခဲ့ပြီး ၊ မှတ်ဉာဏ်များစွာကို ဆုံးရှုံးခဲ့ရသော်လည်း ၊
သို့ဆိုတောင် ၊ ထိုပုဂ္ဂိုလ်သည် သူမ၏ ကံကြမ္မာကို ပြောင်းလဲစေခဲ့သူ ဖြစ်သည်။
ထို့အပြင် ၊
သူမ၏ မှတ်ဉာဏ်ထဲက ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် မဟာလမ်းစဉ်အပေါ် သူမ နားလည်ထားသော အရာများထက် များစွာသာလွန်သော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သည်။
ဤလောကထဲတွင် ၊ ဤမျှ ကြီးမားလှသော တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသူ အမှန်တကယ်ပင် ရှိနိုင်သလော။
သူမစိတ်ထဲတွင် သံသယမေးခွန်းအချို့ ရှိနေခဲ့သည်။ ဤအမတနယ်မြေကြီး ကိုးခု သို့မဟုတ် ကမ္ဘာသန်းပေါင်းများစွာသည် ထိုပုဂ္ဂိုလ်၏ အတွေးတစ်ချက်မှ ဖန်တီးခဲ့လေသလော။
ထိုအနှီသူသည် ဤသို့ ပြောဖူးခဲ့သည်---
သူသည် ‘ ဖြစ်ခြင်း’ မှ ‘ပျက်ခြင်း’ သို့ ၊ ‘ ပျက်ခြင်း’ မှ ‘ ဖြစ်ခြင်း’ သို့ ၊ ‘ ဗလာ’ မှ ‘ရှိခြင်း’ သို့ ၊ ‘ ရှိခြင်း ‘ မှ ‘ ဗလာ’ သို့ ၊ ကမ္ဘာသန်းပေါင်းများစွာ၏ မရပ်မနား သံသရာလည်ပတ်မှုကို ကြည့်နေရသည်မှာ ငြီးငွေ့လွန်းလှသည် ဟု ဆိုခဲ့သည်။
အပိုင်း(၆၃၆): အရင်းအမြစ် တူညီခြင်း (Part-2)
တစ်နည်းအားဖြင့် ဆိုရသော် ၊
အတွေးတစ်ချက်တည်းဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို အသက်ဝင်လာအောင် လုပ်နိုင်သည်ဟု ဆိုလိုသည်။
ဤကဲ့သို့သော ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားသည် လူသားတို့အဖို့ ၊ စိတ်ကူးဖြင့် မှန်းဆရန် ခဲယဉ်းလှသည်။
“ဒီကောင်လေးလည်း ကြီးပြင်းလာရင် ... သူ့လို ကြီးမြတ်တဲ့သူ ဖြစ်လာမလားမသိဘူး...”
“မဖြစ်နိုင်ပါဘူးလေ.... လောကကြီးမှာ သူ့လိုလူတစ်ယောက် ရှိနေတာနဲ့တင် အံ့ဩဖို့ကောင်းနေပြီ “
“ဒီလိုမျိုး နောက်ထပ် တစ်ယောက် ဘယ်လိုလုပ် ရှိလာနိုင်မှာလဲ?”
အဓိပ္ပာယ်မရှိသော အတွေးများသည် မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားခဲ့သည်။
သူမသည် ဆက်ပြီး အတွေးနယ်မချဲ့ရန် ဆုံးဖြတ်လိုက်သည်။
ကောင်းချီးမင်္ဂလာ ချီးမြှင့်သည့်အလုပ်ကို အမြန်ဆုံးပြီးအောင် လုပ်ပြီး ၊ ပြန်အိပ်ခြင်းကသာ အရသာရှိပေဦးမည်။
ဝီ!!
နတ်မိုးမခပင် အမျိုးသမီးသည် သူမ၏လက်များဖြင့် အစီအရင်တစ်ခုကို ပြုလုပ်လိုက်ပြီး ၊ မန္တာန်များကို ရွတ်ဆိုလိုက်သည်။
“ငါသည် နတ်မိုးမခပင်အမည်ဖြင့် ၊ မဟာလမ်းစဉ်၏ စွမ်းအားများကို ဆွဲငင်ယူဆောင်လျက် မိုးမြေသဘာဝ၏ မူလအရင်းအမြစ်နှင့် ပေါင်းစပ်ကာ အမြင့်မြတ်ဆုံး ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသည် “
ဝီ !!
ထိုစကားသံအဆုံးတွင် ၊ ကောင်းကင်ပြင်တွင် အမြစ်တွယ်နေသော မိုးမခပင်၏ အကိုင်းအခက်များသည် ရွှေရောင်မီးလျှံများဖြင့် ဖုံးအုပ်ခံလိုက်ရပြီး ၊ တောက်ပသော မှော်သင်္ကေတများစွာ ထွက်ပေါ်လာခဲ့သည်။
ဤနေရာရှိ အမတစွမ်းအင်များသည် ကြီးမြတ်သော အားအင်တစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသကဲ့သို့ ရောင်ခြည်မျှင်များသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကြသည်။
“စိတ်ကို လျော့ထား ၊ ဘာမှမခုခံနဲ့ “
နတ်မိုးမခပင် အမျိုးသမီးသည် သတိပေးစကား ပြောလိုက်သည်။
“ဒါက ငါ့ရဲ့ မဟာလမ်းစဉ် ကောင်းချီးမင်္ဂလာတွေပဲ ၊ ဒါတွေကို စုပ်ယူလိုက်တာနဲ့... မင်းအတွက် များစွာ အကျိုးရှိလိမ့်မယ် “
ထိုစကားကို ကြားပြီးနောက် ၊စူးချန်ကဲသည် သူ၏ မျက်လုံးနှစ်လုံးကို မှိတ်လိုက်ပြီး ၊ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်နေသော စွမ်းအားများကို ဖြေဖျော့ကာ ငြိမ်သက်အောင် ထိန်းညှိလိုက်သည်။
တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် သူ၏ခန္ဓာကိုယ်ထဲ၌ ပြင်းထန်ပြီး နွေးထွေးသော စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။
ထိုစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများအတိုင်း စီးဆင်းလည်ပတ်နေပြီး ၊ မဟာလမ်းစဉ်၏ ကြွယ်ဝသော စွမ်းအားများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်အနှံ့အပြားတိုင်းတွင် ရှိနေသည်။
ထိုစဉ် ၊ သူ၏ ခန္ဓာကိုယ်ထဲမှ အမည်အသိ စွမ်းအင်တစ်ခုသည် ဤအခိုက်အတန့်တွင် နိုးထလာသည်ကို ခံစားလိုက်ရသည်။ အဆိုပါ စွမ်းအင်သည် နတ်မိုးမခပင် အမျိုးသမီးမှ သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခဲ့သည့် မဟာလမ်းစဉ် စွမ်းအားနှင့် အပြန်အလှန် ပဲ့တင်ထပ်နေခဲ့သည်။
သို့သော်လည်း စူးချန်ကဲသည် ထိုအကြောင်းနှင့် ပတ်သတ်၍ ၊ များများစားစား မစဉ်းစားခဲ့ချေ။ နတ်မိုးမခပင် အမျိုးသမီး၏ ကျင့်ကြံမှုအဆင့်သည် မြင့်မားလွန်းသဖြင့် သူ့ကို ကောင်းချီးပြုနေစဉ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲက သွေးကြောများကို တစ်ဖန်ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ရမည်ဟုသာ သဘောထားလိုက်သည်။
ဝီ!!
သို့သော် ထိုအချိန်တွင် ၊
တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုသည် ရုတ်ချည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်အလင်းတန်းသည် နားလည်ရန် ခက်ခဲသော မဟာလမ်းစဉ်၏ စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ၊ ဗလာနတ္ထနှင့် ဆက်သွယ်ထားသကဲ့သို့ သဘောတရားများကို သယ်ဆောင်ထားသည်။
ဤတောက်ပသော ရွှေရောင်အလင်းတန်းသည် နတ်မိုးမခပင် အမျိုးသမီး၏ စွမ်းအားနှင့် ပဲ့တင်ထပ်နေပြီး ၊ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကာ လွန်စွာရှေးကျသော စွမးအားတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
“ဒါ ဘာဖြစ်တာလဲ”
“ချန်ကဲ မင်းသားရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာလို့ ဒီလိုထူးဆန်းတဲ့ စွမ်းအင်တွေ ထွက်ပေါ်လာရတာလဲ “
“အမ်.... ဒါ ဘယ်လို စွမ်းအားလဲ? ငါ ဒီလောက် နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံလာခဲ့တာ ဘာလို့ ဒီလိုမျိုး တစ်ခါမှမတွေ့ဖူးတာလဲ “
“……..”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော သံသရာစက်ဝန်း အမတမင်းဆက်မှ စွမ်းအားရှင်များသည် အံ့အားသင့်စွာဖြင့် ပြောဆိုနေကြသည်။
အချို့သော အမတဧကရာဇ်မင်းများပင်လျှင် အံ့အားသင့်စွာဖြင့် ရှိနေကြသည်။ အမတဧကရာဇ်မင်းများသည် လက်ရှိ အမတနယ်မြေတွင် အထွတ်အထိပ်ရောက်နေသူများဟု ဆိုနိုင်သော်လည်း ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော ထိုစွမ်းအားသည် သူတို့ကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်စေခဲ့သည်။
ထိုအရာသည် အမတနယ်မြေမှ မဟုတ်ဘဲ မြင့်မားသောကမ္ဘာတစ်ခုမှ လာသည့်အလား ခံစားရသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော နတ်မိုးမခပင် အမျိုးသမီးပင်လျှင် နွေပူခေါင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ၊ စိတ်ရှုပ်ထွေးသွားခဲ့ရသည်။
သူမကို မဟာလမ်းစဉ်ဆိုင်ရာ မြူဆိုင်းများက ဝန်းရံထားသဖြင့် ၊ သူမ၏ မျက်နှာအမူအရာကို အသေးစိတ် မမြင်နိုင်သော်လည်း ၊ လက်ရှိအချိန်တွင် သူမသည်လည်း ထိတ်လန့်တုန်လှုပ်နေမည်မှာ သေချာသည်။
“မူလရင်းမြစ် ပဲ့တင်ထပ်ခြင်း...!?”
“ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ မူလရင်းမြစ်နဲ့ ပဲ့တင်ထပ်ခြင်း ဖြစ်ပေါ်နိုင်ရတာလဲ “
“သူဟာ သာမန် စစ်မှန်အမတအဆင့်ပဲ ရှိသေးတယ်လေ ၊ ငါက အရင်ကတည်းက အမတဧကရာဇ် အဆင့်ထက် ကျော်လွန်နေခဲ့ပြီးပြီ ၊ ဒါ ဘယ်လိုဖြစ်တာလဲ!?”
မူလရင်းမြစ် ပဲ့တင်ထပ်ခြင်းဆိုသည်မှာ အဘယ့်နည်း။
ဤအတွက်အကြောင်းရင်း နှစ်ချက် ရှိသည်။
ပထမအချက် မှာ နှစ်ဦးနှစ်ဖက်စလုံးသည် မဟာလမ်းစဉ်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး ၊ အဆင့်မြင့်လာသည်နှင့်အမျှ မိမိတို့မဟာလမ်းစဉ်၏ မူလရင်းမြစ် စွမ်းအားများသည် တူညီလာတတ်သည်။
အဘယ့်ကြောင့်ဆိုသော် မိုးမြေတစ်ခွင် မဟာလမ်းစဉ်သည် လမ်းကြောင်းများ ကွဲပြားသော်လည်း မူလအစသည် တူညီသည်။ အထွတ်အထိပ်ကို ရောက်ရှိထားသူတိုင်း ဤစကားကို နက်နက်ရှိုင်းရှိုင်း နားလည်ကြသည်။
ဒုတိယအချက်မှာ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ မဟာလမ်းစဉ်၏ သဘောတရားသည် အလွန်ကိုက်ညီနေသည်။
တစ်နည်းအားဖြင့် ဆိုရသော် ၊ နတ်မိုးမခပင် အမျိုးသမီး သို့မဟုတ် စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော မဟာလမ်းစဉ်၏ သဘောတရားများသည် တူညီကြသည်။
ခြုံငုံပြီး ဖော်ပြရမည်ဆိုပါက ၊ သူတို့နှစ်ဦးစလုံးသည် တူညီသော မူလအရင်းအမြစ်မှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။
…..
ဤမြင်ကွင်းသည် သူမတွေးထားသည်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
နှစ်ကာလပေါင်းများစွာ ရှင်သန်လာခဲ့သော သူမအဖို့၊ မြင်ဖူးခဲ့သမျှ အရာအားလုံးထဲတွင် ဤသည်မှာ ဒုတိယမြောက် မယုံကြည်နိုင်စရာ အဖြစ်အပျက်ပင် ဖြစ်သည်။
ပထမမြောက် မယုံကြည်နိုင်စရာကို ဆိုရလျှင်ဖြင့် ၊ စူးချန်ကဲသည် ပုန်းကွယ်နေသော ရှေးကျသည့် စွမ်းအားရှင်တစ်ဦးဖြစ်နိုင်ပြီး ၊ သူ၏ ကျင့်ကြံမှုအဆင့်သည် သူမနှင့် တူညီနိုင်သည်။
ထို့ကြောင့်သာလျှင် သူမ၏ မူလရင်းမြစ်နှင့် ပဲ့တင်ထပ်ခြင်း ဖြစ်နိုင်သည်။
ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?
နွားစားခွက်ထဲက ခွေးလို လုပ်နေစရာမှမလိုတာ !
(T/N - မျိုးဆက်သစ်တွေကို နေရာမပေးဘဲ ဗိုလ်ကျခြင်း )
ဒုတိယအချက်နှင့် ပတ်သက်၍ ၊ ထိုအရာသည် လုံးဝမှ ဖြစ်နိုင်ချေမရှိ။
သူမနှင့် မူလရင်းမြစ်တူညီသည်ဟု ဆိုရလျှင်ဖြင့် ၊ တစ်နည်းအားဖြင့် စူးချန်ကဲသည် သူမကဲ့သို့ပင် နတ်မိုးမခပင် ဖြစ်နေရမည်။
သူမ မွေးဖွားစဉ်က အခြားသော နတ်မိုးမခပင်များအား မမြင်ခဲ့ရသည်ကို ထည့်မဆိုခင် ၊
စူးချန်ကဲ၏ မိခင်နှစ်ပါးသည် ယခုထိတိုင် အကောင်းအတိုင်းကြီး ရှိနေသေးသည်။
မဟုတ်မှလွဲရော.. ဒါဆို စူးချန်ကဲရဲ့ မိခင်က မိုးမခပင်ကနေ မွေးဖွားလာတဲ့သူလား !?
ဘယ့်နှယ် ! အဓိပ္ပာယ်မရှိလိုက်တာ !
သူမသည် မည်သို့ပင် စဉ်းစားပါစေ ၊အကြောင်းရင်းကို မှန်းဆ၍ မရနိုင်ခဲ့ပေ။
“ ဒါ အတော်လေးကို ခေါင်းကိုက်စရာပဲ”
သူမ၏စိတ်ထဲ၌ မနေနိုင်ဘဲ ညည်းတွားလိုက်သည်။
“အရင်က အဲ့ဒီလူဆိုးကောင် နဲ့ တစ်ထေရာတည်းပဲ!”
“ငါ ....”
ထိုသို့ညည်းညူနေစဉ် ၊ သူမ၏စိတ်ထဲ၌ အတွေးတစ်ခုက လျှပ်တပြတ် ဝင်ရောက်လာကာ လူတစ်ယောက်ကို ရုတ်တရက် သတိရမိသွားခဲ့သည်။
“ဟုတ်သားပဲ...... အဲ့တုန်းက အဲ့လူဆိုးကောင် သူ ထွက်သွားခါနီး ငါ့ကို မဟာလမ်းစဉ်ရဲ့ မူလရင်းမြစ်စွမ်းအင် အနည်းငယ်ကို ချီးမြှင့်ပေးခဲ့တယ် မဟုတ်လား ..”
“ သူကလည်း ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ပိုင်ရှင်ပဲ....ဒီကောင်လေးကလည်း ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ပဲ ...”
သူမသည် ထပ်ပြီး ကောက်ချက်ချလိုက်သည်။
“ ဒါဆို ..သူ ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ချန်ထားခဲ့တဲ့ မဟာလမ်းစဉ်ရဲ့ မူလရင်းမြစ်က ဒီကောင်လေးနဲ့ ပဲ့တင်ထပ်နေခဲ့တာလား “
ဤအချက်သာလျှင် ယုတ္တိရှိပေတော့မည်။
နှစ်ကာလပေါင်းများစွာ ကြာမြှင့်ခဲ့ပြီဖြစ်သောကြောင့် ၊ ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်မှ ချန်ရစ်ခဲ့သော မဟာလမ်းစဉ်၏ မူလရင်းမြစ်စွမ်းအင်သည် ဟိုးအရင်ကတည်းက နတ်မိုးမခပင် အမျိုးသမီး၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့ပြီး ဖြစ်သည်။
တစ်နည်းအားဖြင့် ၊ သူမ၏ ခန္ဓာကိုယ်ထဲတွင်လည်း ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်မှ ဆင်းသက်လာသော စွမ်းအားအနည်းငယ် ရှိနေခဲ့သည်ဟု ဆိုနိုင်သည်။
အနည်းငယ်မျှသာ ဖြစ်သော်လည်း ၊ သို့သော် စူးချန်ကဲနှင့် မူလရင်းမြစ် တူညီသည်ဟု ဆိုရမည်။
“ ဒါပေမဲ့..... ဒေဝလောကတစ်ခွင်လုံး ဘယ်နတ်ခန္ဓာကိုယ်မဆို ကိုယ်ထည်အမျိုးအစား တူညီတယ်ပဲ ထား ... မူလရင်းမြစ် အချင်းချင်း ပဲ့တင်ထပ်ခြင်း ဖြစ်နိုင်လို့လား “
“ မဟုတ်မှလွဲရော ... သူတို့က လူတစ်ဦးတည်း ဖြစ်နေမလား..”