← Chapters

အခန်း (၆၃၇-၆၄၀)

Vol. 48 Ch. 637-640

အခန်း (၆၃၇-၆၄၀)

Vol. 48 Ch. 637-640

အပိုင်း(၆၃၇): သခင်မ ၊ ကျွန်မ ရှင့်ကလေးရဲ့ ကာကွယ်သူ ဖြစ်ပေးလို့ရမလား

စူးချန်ကဲသည် ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်ဖြစ်သည်ဟု ဆိုခဲ့လျှင်ဖြင့် ၊

ဤအချက်သည် ပို၍ မယုံကြည်နိုင်စရာပင်။

သူမသည် သဘာဝအတိုင်း မွေးဖွားလာသော စွမ်းအားရှင်တစ်ဦးဖြစ်ပြီး ၊ ဒေဝလောတစ်ခွင်လုံးတွင် ပထမဆုံးသော ဝိညာဉ်အသိစိတ်ကို ပိုင်‌ဆိုင်ခဲ့သူလည်း ဖြစ်သည်။

ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်သည် သူမထက် များစွာစော၍ ရှိနေခဲ့ပြီး၊ ကမ္ဘာကြီးကို မဖန်ဆင်းခင်ကတည်းက မွေးဖွားလာခဲ့ပုံရသည်။

ကမ္ဘာဦးခေတ်မတိုင်မီ ၊ မည်သည့်အရာများ ရှိခဲ့လေသနည်း။

ထိုအကြောင်းနှင့်ပတ်သတ်၍ မည်သူမျှ သိလိမ့်မည်မဟုတ်။

ထိုခေတ်သည်‌ ကမ္ဘာပေါင်းများစွာ၏ သမိုင်းတွင် အဆုံးသတ်ဖြစ်ပြီး ၊ ယင်း၌ ပါဝင်ပတ်သက်နေသော အရာများသည် အလွန်ကို များပြားပေသည်။

စူးချန်ကဲသည် သူမ၏ မျက်လုံးထဲတွင် ကလေးငယ်တစ်ဦးမျှသာ ဖြစ်နေသေးသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၊ အသက်အရွယ် တစ်ခုတည်းနဲ့တင် သူတို့နှစ်ဦးကြားက ကွာဟမှုသည် အတော်လေးကို ကြီးမားပေသည်။

……..

နတ်မိုးမခပင် အမျိုးသမီးသည် ဆက်လက် အတွေးများနေစဉ် ၊

ဘုန်း !!

ကျယ်လောင်စွာ ထွက်ပေါ်လာသော မိုးခြိမ်းသံနှင့်အတူ ၊

စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော လျို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခု၏ လွှမ်းမိုးမှုအောက်တွင် ၊

သူ၏ ဘေးပတ်ပတ်လည်တွင် ရစ်ဝဲလျက် ရှိနေသော ရောင်ခြည်များသည် လှိုင်းတံပိုးများအဖြစ် ပြောင်းလဲသွားပြီး ၊ သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် စူးချန်ကဲ၏ အသွေးအသားများထဲသို့ ဝင်ရောက်ပေါင်းစပ်သွားသည်။

သူ၏ သွေးသားနှင့် အရိုးအဆစ်များသည် ဘဝသစ်ကို ရရှိသွားသကဲ့သို့ပင် တစ်ကိုယ်လုံး ကြည်လင်တောက်ပလာကာ ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အတိုင်းအဆမရှိသော စွမ်းအားများကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေသည်ကို ခံစားလိုက်ရသည်။

စွမ်းအားများကို အပြည့်အဝ စုပ်ယူပြီးနောက်တွင် ၊ စူးချန်ကဲသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

နတ်မိုးမခပင် အမျိုးသမီး၏ ထူးဆန်းသော အကြည့်ကြောင့် သူသည် မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

“ လူကြီးမင်း ဒါက....?”

အမှန်တွင် စူးချန်ကဲ၏ စိတ်ထဲ၌ သံသယမေးခွန်းများစွာ ရှိနေခဲ့သည်။

အကြောင်းမှာ သူသည် နတ်မိုးမခပင် အမျိုးသမီး၏ ကောင်းချီးများကို လက်ခံရယူခဲ့ပြီးနောက် ၊ တဖက်လူ၏ အငွေ့အသက်သည် သူ့အတွက် အလွန်ရင်းနှီးကျွမ်းဝင်သော ခံစားချက်မျိုးကို ဖြစ်ပေါ်စေခဲ့သည်။

သူသည် သူမနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်သော်လည်း ၊ အဘယ့်ကြောင့် ဤကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုးကို ခံစားခဲ့ရသနည်း ။

စူးချန်ကဲ၏ သံသယမေးခွန်းကို ကြားလိုက်ရချိန်တွင် ၊ ဦးနှောက်ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့သော နတ်မိုးမခပင် အမျိုးသမီးသည် သူမ၏ ရှုပ်ထွေးသောအတွေးများထဲမှ ပြန်လည်ရုန်းထွက်လာခဲ့သည်။

စူးချန်ကဲသည် သူမ၏မူလရင်းမြစ် နှင့် ပဲ့တင်ထပ်ခဲ့သည့်အကြောင်းရင်းကို သူမအနေဖြင့် သေချာ နားမလည်သေးသော်လည်း ၊ စူးချန်ကဲသည် အတိတ်က ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်နှင့် ဆက်စပ်မှုရှိနေသည်ကိုတော့ သူမ အတပ်ပြောနိုင်သည်။

…….

“ချန်ကဲ...မင်း ဘယ်လိုခံစားရလဲ၊ အဆင်ပြေရဲ့လား “

အခမ်းအနား ပြီးဆုံးသွားသည်ကို တွေ့မြင်ပြီးနောက် ၊ စူးယွင်ယွဲ့ နှင့် ယွင်ရွှမ်းရုံတို့သည် စူးချန်ကဲထံသို့ စိုးရိမ်ပူပန်သော အမူအရာများဖြင့် ရောက်ရှိလာကြသည်။

လက်ရှိအချိန်တွင် စူးချန်ကဲသည် သူမတို့အတွက် အရေးပါဆုံးသောသူ ဖြစ်သည်။ အသေးအမွှားကိစ္စလေးဆိုတောင် ၊ စူးချန်ကဲ၏ ဘေးကင်းရေးကို အတည်ပြုချင်သေးသည်။

စူးချန်ကဲ၏ နှလုံးသားထဲတွင်လည်း နွေးထွေးမှုကို ခံစားလိုက်ရပုံပေါ်ကာ သူသည် အပြုံးမပျက် ပြန်ဖြေလိုကိသည်။

“ဘာမှမဟုတ်ပါဘူး ၊ အဆင့်တတ်ချင်သလို ဖြစ်သွားလို့ပါ”

“အမေ... သံသရာစက်ဝန်း အမတမင်းဆက်မှာ တံခါးပိတ်ကျင့်ကြံလို့ကောင်းမယ့် နေရာရှိလား “

အဆိုပါလျို့ဝှက်ဆန်းကြယ်သော အင်အားနှင့် ပေါင်းစပ်အပြီးတွင် ၊ စူးချန်ကဲ၏ ခန္ဓာထဲမှ အမတစွမ်းအင်များသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ရုံသာမက ၊

အမတလမ်းစဉ်နှင့် ပတ်သက်၍ ၊ သူသည် ပိုမိုနက်ရှိုင်းသော ဉာဏ်အလင်းများကို ရရှိလာခဲ့သည်။

“ချန်ကဲ.... မင်းအဆင့်တတ်တော့မှာလား”

ဘေးနားတွင်ရှိနေသော စူးယွင်ယွဲ့ သည် မယုံကြည်နိုင်သော အမူအရာဖြင့် ဆိုလိုက်သည်။

အမတလမ်းစဉ်နှင့် လူသားလမ်းစဉ်သည် လုံးဝကွဲပြားခြားနားသည်။

လူသားလမ်းစဉ်တွင် အလွန်ထူးချွန်ခဲ့သော ပါရမီရှင်များပင်လျှင် ၊ အမတလမ်းစဉ်သို့ ရောက်ရှိလာပါက ထိုအတိုင်း ဆက်လက် ထူးချွန်ဦးမည်ဟု အာမမခံနိုင်ပေ။

အမတလမ်းစဉ်တွင် အဆင့်တတ်လိုပါက ၊ မိမိ၏ ခန္ဓာကိုယ်ထဲက အမတစွမ်းအင်များသည် စံချိန်စံနှုန်းနှင့်အညီ ကိုက်ညီသောအဆင့်တစ်ရပ်ကို ရောက်ရှိမှသာလျှင် နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်မည်။ သို့မဟုတ်ပါက ၊ နောက်အဆင့်ကို တတ်လှမ်းရန် မဖြစ်နိုင်ပေ။

အကြောင်းမှာ စစ်မှန်အမတ အဆင့်သို့ ရောက်ရှိပြီးသူများသည် အဆုံးမရှိသော သက်တမ်းကို ပိုင်ဆိုင်ကြပြီး ၊ ထာဝရ မပျက်စီး မသေနိုင်သော သဘောတရားရှိသည်။

ခန္ဓာကိုယ်ထဲရှိ အမတစွမ်းအင်များကို အထွတ်အထိပ်သို့ ရောက်ရှိစေရန်အတွက် အချိန်အနည်းငယ် လိုအပ်သည်။

ဒါတင်မက ၊အမတလမ်းစဉ်နှင့် ပတ်သက်၍ ဉာဏ်အလင်းသစ်များ ရရှိရန်လိုအပ်ပြီး ၊ ထိုမှသာလျှင် နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်မည်။

သို့သော်လည်း ၊ စူးချန်ကဲသည် အမတနယ်မြေ တွင် အချိန်မည်မျှကြာ နေထိုင်ရသေးသနည်း။

ခန့်မှန်းခြေ နှစ်ပတ်မျှသာ ရှိသေးသည်။

သူသည် ဤမျှမြန်ဆန်စွာဖြင့် နောက်တစ်ဆင့်ကို တတ်လှမ်းတော့မည်လော။

အတိတ်ကာလတစ်လျှောက် သမိုင်းမှတ်တမ်းများကို ကြည့်မည်ဆိုပါက ၊

အောက်ကမ္ဘာမှ တတ်ရောက်လာသော ထိပ်တန်း ပါရမီရှင်များသည် အမတနယ်မြေတွင် အဆင့်တစ်ခုကို တတ်လှမ်းရန် အနည်းဆုံး နှစ်အနည်းငယ်မျှ ကြာမြင့်တတ်သည်။

စူးချန်ကဲမှာမူ ၊ မြင့်မားသော ဉာဏ်အလင်းသစ်များကို ရရှိကာ ယနေ့အတွင်းမှာပင် အဆင့်တတ်လှမ်းတော့မည်။

ဤအချက်သည် စူးယွင်ယွဲ့ ကို အတော်လေး အံ့အားသင့်စေခဲ့ရုံသာမက တစ်ချိန်တည်းမှာပင် ၊ မိမိ၏ မောင်ဖြစ်သူသည် ဤမျှ မယုံကြည်နိုင်လောက်သော ပါရမီစွမ်းရည်များကို ပိုင်ဆိုင်ထားသဖြင့် ကျေနပ်ဝမ်းသာနေမိသည်။

အမတနယ်မြေ၏ လက်ရှိမျိုးဆက်တွင် ပထမဆုံး ပါရမီရှင်သည် ‌စူးချန်ကဲပင် ဖြစ်မည်ဟု သူမ အခိုင်အမာယုံကြည်ထားသည်။

“ နေရာရှိတယ် “

“ ဒါပေမဲ့... ချန်ကဲ မင်း ဉာဏ်အလင်းကို ဒီလောက်မြန်မြန်ဆန်ဆန် ရရှိခဲ့လိမ့်မယ်လို့ အမေ မထင်ထားမိဘူး “

စူးချန်ကဲအား စိုက်ကြည့်နေသည့် ယွင်ရွှမ်းရုံ၏ မျက်ဝန်းများသည် ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။

စူးချန်ကဲသည် အချိန်အတိုအတွင်း ၊ ဉာဏ်အလင်းကို ရရှိခဲ့သည်မှာ သူ၏ မြင့်မားသော ပါရမီစွမ်းရည်ကို ဖော်ပြနေသည်။

ဤကဲ့သို့သော သားတစ်ယောက်ကို ရရှိထားသည့်အတွက် သူမသည် ဂုဏ်ယူနေမိသည်။

“ချန်ကဲ မင်း သံသရာစက်ဝန်း အမတမင်းဆက်ကို လာတာ သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်ကြောင့်လို့ ယွင်ယွဲ့ဆီက ကြားပြီးပြီ”

“ ငါ အခုပဲ မင်းဦးလေးကို ပြောပြီးပြီ မင်းအနေနဲ့ အဲ့ကိုသွားပြီး လေ့ကျင့်လို့ရတယ်”

သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်သည် သူမတို့ သံသရာစက်ဝန်း အမတမင်းဆက်၏ အုတ်မြစ်ဖြစ်ပြီး အလွန်အရေးကြီးသော နေရာဖြစ်သည်။

ထို့ကြောင့် သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်အား ဘယ်သောအခါမှ ကျင့်ကြံအားထုတ်ရာ နေရာအဖြစ် ဖွင့်လှစ်ပေးခဲ့ခြင်း မရှိပေ။

သို့သော် စူးချန်ကဲအတွက် သူတို့ သံသရာစက်ဝန်း အမတမင်းဆက်၏ စည်းမျဉ်းကို ပြောင်းလဲပေးနိုင်သည်။

တကယ်လို့ ဘုရင်မောင်တော်လေးက သဘောမတူခဲ့ရင်ရော?

ဒါဆိုလည်း ငါကိုယ်တော် မင်းသမီးကြီးရဲ့ အမျက်ဒေါသကို ဒင်း ခံနိုင်ရည်ရှိမရှိ ကြည့်ရုံပေါ့ !!

“ချန်ကဲ မင်း ကျင့်ကြံမှုပြီးတာနဲ့ အမတနယ်မြေရဲ့ မျိုးဆက်သစ်လူငယ်တွေကြား လျှောက်လှမ်းရတော့မယ် “

ယွင်ရွှမ်းရုံက နူးညံ့စွာ ဆိုလိုက်သည် ။

“ ချန်ကဲ မင်းဟာ အမတနယ်မြေမှာ တောက်ပတဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ဖန်တီးနိုင်မယ်လို့ အမေယုံကြည်တယ်”

စူးချန်ကဲသည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

“ချန်ကဲ မိဘနှစ်ပါးနဲ့ အစ်မတော်ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး “

ထိုစဉ် ၊ စိတ်သက်သာရာရခဲ့ပြီ ဖြစ်သော နတ်မိုးမခပင် အမျိုးသမီးက ရုတ်တရက် စကားစလိုက်သည်။

“ဟိုလေ.... စူးချန်ကဲ အမတနယ်မြေကို လှည့်လည်ပြီး အတွေ့အကြုံယူတဲ့အခါ... ကာကွယ်ပေးမယ့်သူ တစ်ဦးတော့ လိုအပ်မယ်ထင်တယ် “

“ သခင်မအနေနဲ့ စူးချန်ကဲရဲ့ ကာကွယ်သူအဖြစ် နေဖို့ ကျွန်မကို အခွင့်အရေး ပေးနိုင်မလားမသိဘူး”

လတ်တလောအခြေအနေများမှ နတ်မိုးမခပင် အမျိုးသမီးသည် နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့သည်။

စူးချန်ကဲနှင့် ဆင်တူသော လူဆိုးကောင်သည် ယခင်က သူမကို လှည့်စားခဲ့ဖူးသည်။

ယခုအခါ သူမသည် စူးချန်ကဲနှင့် ဆုံတွေ့ခဲ့ရသည်။

သူမ၏ မကျေနပ်မှုကို ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်ထံမှ ပြန်လည်မရယူနိုင်သော်လည်း ၊ စူးချန်ကဲထံမှ ပြန်လည် တောင်းခံမည်ဆိုလျှင်ဖြင့် ။

ဒါ ယုတ်မာတယ်လို့တော့ ဆိုလိုမရဘူးလေနော် !

မည်သို့ပင်ဖြစ်စေ ၊ သူတို့နှစ်ဦးစလုံးသည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ် ပိုင်ရှင်များဖြစ်ကြပြီး၊ မိုးမခပင် သူမကို စိတ်ရှုပ်အောင်ပြုစားနိုင်သည်မှာလည်း တူညီသည် ။

ဝတ်ရုံဖြူ အသွင်ပုံရိပ်သည် သူမကို လှည့်စားခဲ့သည့်အတိုင်း ၊ ယခု သူမသည် ယနေ့ခေတ်၏ ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ပိုင်ရှင်ကို ပြန်လည်လှည့်စားပေတော့မည်။

ဒီလုပ်ရပ်က သင့်တော်တယ်မလား!

သို့သော်လည်း လွန်လွန်ကျူးကျူး မလှည့်စားဝံ့ပေ။

အကြောင်းမှာ တားမြစ် အင်အားစုသုံးဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကို သူမ ခံနိုင်ရည်ရှိမည် မဟုတ်။

မည်သို့လှည့်စားမည် နှင့် ပတ်သတ်၍ ၊ နောင်တွင် အချိန်ရှိသေးသည်ဖြစ်၍ ထိုအချိန်မှသာ စဉ်းစားပေတော့မည်။

လက်ရှိတွင်မူ ၊ စူးချန်ကဲနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်မည်။ နောက်ပိုင်းတွင် စူးချန်ကဲ၏ ကောင်းကျိုးအတွက်ဟု ‌ဆိုကာ နည်းနည်းချင်းစီ နှိပ်စက်ပေတော့မည်။

ကြည့်စမ်း ! ဘယ်လောက်တောင် အကြံပိုင်လိုက်လဲ!

အပိုင်း(၆၃၈): မျဲ့ရှန်း ရှေးဘိုးဘေး? အဘိုးကြီးတဲ့လား

ထိုအချက်ကို တွေးမိသည်နှင့် ၊

နတ်မိုးမခပင် အမျိုးသမီး၏ စိတ်ထဲတွင် ကျေနပ်ဝမ်းသာသော ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။

အမတနယ်မြေ၏ ထိပ်တန်း စွမ်းအားရှင်များအတွက် ဤကဲ့သို့သော အပြုအမူသည် ကလေးဆန်သည်ဟု ထင်ရသော်လည်း ၊

မိုးမခပင်အတွက်မူ ၊ အတော်လေး သင့်လျော်ပေသည်။

သူမအား ခေတ်ကာလပေါင်းများစွာ စိတ်ဒဏ်ရာရစေခဲ့သော အရိပ်မည်းကြီးကို ယနေ့တွင် အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့ပြီဟု ဆိုရပေတော့မည်။

သို့သော်လည်း၊ ဤအခိုက်အတန့်တွင် သူမ၏ စကားကို ကြားလိုက်ရသော သံသရာစက်ဝန်း အမတမင်းဆက်၏ မရေမတွက်နိုင်သော စွမ်းအားရှင်များ၊ စူးယွင်ယွဲ့ နှင့် ယွင်ရွှမ်းရုံ...

စူးချန်ကဲသည်ပင် မျက်လုံးများပြူးကျယ်ကာ ပါးစပ်အဟောင်းသားဖြင့် ရပ်ကြည့်နေသည်။

ဤအခိုက်အတန့်တွင်၊ မိမိတို့၏စိတ်ထဲက ထိတ်လန့်မှုကို မည်သည့်စကားဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။

ဤနတ်မိုးမခပင်၏ မူလအစသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိထားသည်။

ဒေဝလောက တစ်ခွင်လုံးတွင် ပထမဆုံးမွေးဖွားလာခဲ့သော မိုးမခပင် ဖြစ်ပြီး ကမ္ဘာဦးခေတ်ကတည်းက တည်ရှိလာခဲ့သူဖြစ်သည်။ စောနက ထုတ်ဖော်ပြသခဲ့သော နတ်ဘုရားစွမ်းအားများအရ၊ သူမ၏ ကြောက်ခမန်းလိလိ အင်အားကို ပြသရန် လုံလောက်ပေသည်။

ဒီလို အမတနယ်မြေရဲ့ ထိပ်တန်း စွမ်းအားရှင်ကြီးတစ်ဦးက စူးချန်ကဲရဲ့ ကာကွယ်သူအဖြစ် ဆောင်ရွက်ပေးမတဲ့လား !?

ထိုစကားကို ကြားလိုက်ရသူတိုင်း ၊ ခေါင်းတစ်ခုလုံး ပူထူသွားသည်။

လေထုသည် အနည်းငယ် မသက်မသာဖြစ်နေသည်ကို သတိထားမိသော နတ်မိုးမခပင် အမျိုးသမီးသည် ချောင်းဟန့်လိုက်ရင်း ဆက်ပြောသည်။

“အဟမ်း...အဟမ်း..”

“အမှန်တိုင်းပြောရရင် ....ငါ ခုနက ကောင်းချီးပေးတုန်းက တွေ့လိုက်ရတယ်...ချန်ကဲရဲ့ ပါရမီဟာ သာမန်မဟုတ်ပဲ အတော်ထူးခြားတယ်ဆိုတာပဲ”

“ငါ ဒီလောက်နှစ်ကာလကြာရှည်စွာ အားထုတ်လာတာ.... သူ့လောက် အားကောင်းတဲ့ ပါရမီရှင်ကို တခါမှ မတွေ့ဖူးသေးဘူး... “

“ဒါကြောင့် သူ့ကို မြင်လိုက်တာနဲ့... သူ့ရဲ့ အရည်အချင်းအပေါ် တန်ဖိုးထားပြီး... နောင်အနာဂတ်မှာ သူ ဘယ်လို အောင်မြင်မှုတွေကို ခူးဆွတ်လာမလဲဆိုတာ ငါကိုယ်တိုင် သိချင်မိတယ် “

“ ပြီးတော့ ငါကလည်း လက်ရှိမှာ တစ်ကိုယ်တည်းဆိုတော့ ... ဘာပူပန်စရာမှလည်း မရှိဘူး ၊ အချိန်လည်း အများကြီးရှိတာဆိုတော့ ချန်ကဲရဲ့ ကာကွယ်သူလုပ်ဖို့ သခင်မအနေနဲ့ ခွင့်ပြုချက်ပေးစေလိုပါတယ် “

ဤစကားများ ပြောဆိုပြီးသည်နှင့် ၊

နတ်မိုးမခပင် အမျိုးသမီးသည် သူမ၏ ဉာဏ်ပညာ ထက်မြက်မှုအပေါ် ချီးကျူးနေမိသည်။

သူမ၏ ခန္ဓာကိုယ်ထဲတွင် စူးချန်ကဲနှင့် တူညီသော စွမ်းအားတစ်ခု ရှိနေသည်ဟူသော အချက်သည် ဖြစ်နိုင်ခြေမရှိပေ။

အကယ်၍ စူးချန်ကဲသည် ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်နှင့် တကယ်ပင် ဆက်စပ်မှုရှိနေခဲ့ပါက၊ သူမ၏ အကြံဆိုးကြီး မစတင်ရသေးမီ အဆုံးသတ်သွားနိုင်သည်။

ထိုစကားများကို ကြားပြီး ခဏအကြာတွင် ၊ လူတိုင်း၏ စိတ်ထဲက ထိတ်လန့်တုန်လှုပ်မှုသည် အနည်းငယ် ပြေလျော့သွားခဲ့သည်။

ယွင်ရွှမ်းရုံသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ကာ ပြန်ပြောလေသည်။

“ ဒါပေမဲ့ လူကြီးမင်းက လက်ရှိမှာ ကွေးယွမ်အမတဂိုဏ်းနဲ့ နက်နဲတဲ့ ဆက်ဆံရေးရှိနေတာဆိုတော့ ခုလိုကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာ အဆင်ပြေပါ့မလား “

“ကွေးယွမ်အမတဂိုဏ်းနဲ့ နည်းနည်း ညှိနှိုင်းဆွေးနွေးကြည့်ပါဦးလား “

မည်သို့ပင်ဖြစ်စေ ၊ လက်ရှိအချိန်တွင် ကွေးယွမ်အမတဂိုဏ်းနှင့် သူမတို့အင်အားစုနှစ်ဖွဲ့ကြားက ဆက်ဆံရေးသည် သာမန်မဟုတ်သလို တစ်နည်းအားဖြင့် တစ်လှေတည်းစီးနေကြသော မိတ်ဆွေများဖြစ်သည်ဟု ဆိုရမည်။

ဤမျှကြီးမားသော ကိစ္စရပ်အတွက် ၊ ကွေးယွမ်အမတဂိုဏ်းနှင့် တိုင်ပင်ဆွေးနွေးရန် သေချာပေါက် လိုအပ်ပေသည်။

ထို့အပြင် ၊ နတ်မိုးမခပင် အမျိုးသမီးနှင့် ကွေးယွမ်အမတဂိုဏ်းတို့ကြားတွင် နက်ရှိုင်းသော ဆက်ဆံရေးလည်း ရှိသေးသည်။

နတ်မိုးမခပင် အမျိုးသမီးသည်လည်း ယွင်ရွှမ်းရုံ၏စကားကို သဘောတူပုံရကာ ခေါင်းညိတ်လိုက်သည်။

သူမ၏စိတ်ထဲတွင်လည်း ထိုအတွေးရှိသည်။ မည်သို့ပင်ဖြစ်စေ ၊ သူမသည် ကွေးယွမ်အမတဂိုဏ်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။

ယခုလို ဆုံးဖြတ်ချက်ကြီးတစ်ခုကို သူတို့အား အသိပေးခြင်းမရှိဘဲ ချမှတ်လိုက်မည်ဆိုပါက အတော်လေး မသင့်လျော်ရာကျပေတော့မည်။

ဟူး ! !

နတ်မိုးမခပင် အမျိုးသမီးသည် သူမ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ရာ အမတစွမ်းအင်များသည် မြူဆိုင်းများသဖွယ် စုဝေးရောက်ရှိလာသည်။

၎င်းတို့သည် တစ်ခုနဲ့တစ်ခု ရောင်ပြန်ဟပ်ကာ ၊ အဆုံးတွင် အလွန်ကြီးမားသော မှန်တစ်ချပ်အဖြစ်သို့ ဟင်းလင်းပြင်တွင် ပေါ်ထွက်လာခဲ့သည်။

မှန်ကြီးတစ်ခုလုံးသည် ပြိုးပျက်စွာ တောက်ပနေပြီး ၊ ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။ ထိုဖန်သားပြင်အတွင်း၌ ကမ္ဘာသန်းပေါင်းများစွာ ထင်ဟပ်နေသည်။

“ တချက်လေး ဝှေ့ယမ်းလိုက်ရုံနဲ့ အမတဧကရာဇ် လက်နက်ကို ဖန်တီးနိုင်တယ်!”

“ပြီးတော့ အာကာသနိယာမဆိုင်ရာ လက်နက်တစ်ခုဖြစ်နေသေးတယ်!”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော မည်သူမဆို အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

အမတဧကရာဇ် လက်နက်ကို ဖန်တီးလိုပါက ၊ အနည်းဆုံးတော့ သင်သည် အမတ ဧကရာဇ်အဆင့်တွင် ရှိရမည်။

သို့သော် အမတဧကရာဇ် လက်နက်ကို ဖန်တီးသည့်အခါတွင် ၊ ပုံရိပ်တစ်ခုဆိုရင်တောင် စက္ကန့်အနည်းငယ် အချိန်ယူရတတ်သည်။ ဤနတ်မိုးမခပင် အမျိုးသမီးမှာမူ ၊ မျက်စိတမှိတ်အတွင်း အမတဧကရာဇ်လက်နက်ကို ဖန်တီးခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ၊ မဟာလမ်းစဉ်အပေါ် နားလည်သဘောပေါက်ထားသော သူမ၏သိမြင်မှုသည် အမတဧကရာဇ်အဆင့်ထက် သာလွန်နေသည်ကို ပြသနေသည်။

ဝီ!

ချက်ချင်းဆိုသလိုပင် ၊ ကြီးမားသော ဖန်သားပြင်အတွင်းထဲမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

မရေမတွက်နိုင်သော မှော်သင်္ကေတများသည် ဖန်သားပြင်၌ ရိုက်ခတ်လှုပ်ရှားနေပြီး အဆုံးတွင် ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခုကို ဖန်တီးခဲ့လေသည်။

ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို ခံစားမိသည်နှင့် စူးချန်ကဲသည် အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။

“မျဲ့ရှန်း ရှေးဘိုးဘေး!”

အမှန်တွင် ၊ နတ်မိုးမခပင် အမျိုးသမီးသည် အသံထုတ်လွှင့်ပြီး ပြောဆိုဆက်ဆံရာ၌ ကြားထဲကနေ အလုပ်ရှုပ်မည်ကို ပျင်းလွန်းလှသည်။

ထို့အပြင် ၊ ကွေးယွမ်အမတဂိုဏ်းမှ သဘောတူကြောင်းကို ကောင်းကောင်း သက်သေပြနိုင်ရန်အတွက် ဤမှန်ကြီးကနေတစ်ဆင့် မျဲ့ရှန်း ရှေးဘိုးဘေး၏ ပုံရိပ်ကို ဖိတ်ခေါ်ကာ မျက်နှာချင်းဆိုင် ဖြေရှင်းခိုင်းလိုက်ခြင်းပင် ဖြစ်သည်။

စူးချန်ကဲသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ အလျင်အမြန် ဦးညွှတ်လိုက်သည်။

“ မျဲ့ရှန်း ရှေးဘိုးဘေးကို ဂါရဝပြုပါတယ် “

သံသရာစက်ဝန်း အမတမင်းဆက်မှ စွမ်းအားရှင်များ ၊ စူးယွင်ယွဲ့ နှင့် ယွင်ရွှမ်းရုံတို့အပါအဝင် ၊ လူတိုင်း တညီတညွတ်တည်း ဦိးညွှတ်ကာ နှုတ်ခွန်းဆက်သခဲ့ကြသည်။

“ လူကြီးမင်းကို ဂါရဝပြုပါတယ်”

တစ်ချိန်တည်းမှာပင် ၊ မျဲ့ရှန်း ရှေးဘိုးဘေး၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာသည်။ မူလက သူသည် တရားအားထုတ်နေရင်း ၊ နတ်မိုးမခပင် အမျိုးသမီး၏ အတင်းအကျပ်ခေါ်ယူမှုကြောင့် ဤနေရာသို့ ရုတ်တရက် ရောက်ရှိလာရခြင်း ဖြစ်သည်။

သူ့ဘက်ကနေတောင် စကား စမပြောရသေးခင် ၊ နတ်မိုးမခပင် အမျိုးသမီးက ဦးစွာ ပြောဆိုလိုက်သည်။

“ဟေ့ အဘိုးကြီး...ငါ နင်တို့ ကွေးယွမ်အမတဂိုဏ်းက ဆက်ခံသူရဲ့ ကာကွယ်စောင့်ရှောက်သူ လုပ်ချင်တယ် ၊ အဆင်ပြေတယ်မလား”

ထိုစကားလုံးများ ထွက်လာသည်နှင့် ၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။

လူတိုင်း မိမိတို့၏စိတ်ထဲက ထိတ်လန့်မှုကြီးကို မည်သည့်စကားဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။

“ဒါ.....”

စူးချန်ကဲသည်ပင် မျက်နှာတစ်ခုလုံး အရောင်ပြောင်းသွားပြီး ခြေထောက်များပင် ယိုင်ခွေမတတ် ဖြစ်ခဲ့ရသည် ။

နတ်မိုးမခပင် အမျိုးသမီးသည် သူ၏ စောင့်ရှောက်သူ ဖြစ်ချင်သည် ဟူသော စကားသည် သူ့အား ဤမျှတုန်လှုပ်သွားစေသည်အထိ မဖြစ်ခဲ့ချေ။

ဤစကားများကသာ စူးချန်ကဲကို လုံးဝ ဆွံ့အသွားစေခဲ့သည်။

မျဲ့ရှန်း ရှေးဘိုးဘေးကို ‘အဘိုးကြီး’ တဲ့လား !?

စူးချန်ကဲသည် မျဲ့ရှန်း ရှေးဘိုးဘေးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသော်လည်း၊ သို့သော် မျဲ့ရှန်း ရှေးဘိုးဘေး၏ ခွန်အားအတိအကျနှင့် မည်သည့်ခေတ်ကတည်းက မွေးဖွားလာခဲ့သည်ကိုတော့ မသိထားပေ။ မည်သို့ပင်ဆိုစေကာမူ ၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် အလွန်ကြောက်စရာကောင်းမှန်း သူ သိသည်။

ယခုတွင်မူ၊ နတ်မိုးမခပင် အမျိုးသမီးသည် ဤကဲ့သို့ ပုဂ္ဂိုလ်ကြီးအား ‘အဘိုးကြီး’ ဟု ပေါ့ပေါ့ပေါ့ပါးပါး ခေါ်ဆိုလိုက်သည်။

လူကို အတော်လေး အမြင်ကျယ်သွားစေတာပဲ !

သို့သော် ၊ သူတို့၏ ထိတ်လန့်အံ့သြမှုထက် မျဲ့ရှန်း ရှေးဘိုးဘေး၏ ထိတ်လန့်အံ့ဩမှုက ပို၍ ကြီးမားသည်။ သူ၏ မျက်နှာအမူအရာကို ထိန်းထားရန်ပင် ခဲယဉ်းသွားခဲ့သည်။

နတ်မိုးမခပင် အမျိုးသမီးသည် သူ့ကို အဘိုးကြီးဟု ခေါ်ဆိုသည့်အပေါ် သူ စိတ်ထဲမထားချေ။

အကြောင်းမှာ သူမသည် ဒေဝလောကရှိ ပထမဆုံးသော ကနဦးသက်ရှိမျိုးဆက်ဖြစ်ပြီး ၊ သူ့ထက် မွေးဖွားချိန်စောသည်ဖြစ်၍ ဤကဲ့သို့ မလေးမစားခေါ်ဆိုခြင်းသည် သဘာဝကျပေသည်။

ထို့အပြင် ၊ သူမ၏ ခွန်အားသည် အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင် ကွေးယွမ်အမတဂိုဏ်း၏ တုံထျန်းအဝေးဘိုးဘေးနှင့်‌ပင် လက်ရည်ချင်း ယှဉ်ပြိုင်နိုင်သည်။

သူ့ကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ မာန်မာနကြီးပြီး လွှမ်းမိုးတတ်သော အကျင့်စရိုက်ရှိကာ လူတိုင်းကို အထင်သေးစွာဖြင့် ကြည့်ရှုတတ်သော သူမထံမှ ဤစကားများကို ကြားလိုက်ရခြင်းပင် ဖြစ်သည်။

နှစ်ကာလပေါင်းများစွာ ရှင်သန်ခဲ့ပြီး၊ ခေတ်ကာလ အပြောင်းအလဲများကို ငြီးငွေ့စွာဖြင့် ကြည့်ရှုခဲ့ရသူတစ်ယောက်အနေဖြင့် ၊ သူမသည် ဤကိစ္စများအပေါ်တွင် စိတ်ဝင်စားခြင်းမရှိပေ။

သို့သော် ယခုတွင်မူ ၊ သူမသည် စူးချန်ကဲ၏ ကာကွယ်သူအဖြစ် တောင်းဆိုနေလေသလော။

နေမင်းကြီး အနောက်အရပ်ကနေ ထွက်လာပြီလား !?

ဤသည်မှာ စူးချန်ကဲအတွက် အကျိုးကျေးဇူးရှိပြီး သူ့အနေဖြင့် ချက်ချင်းလက်ငင်း သဘောတူချင်သော်လည်း ၊ သို့သော် သူသည် ထိုအကြောင်းကို တုံထျန်းအဝေးဘိုးဘေးအား အရင်ဆုံး တင်ပြရန် လိုသေးသည်။

“ လူကြီးမင်း ခဏစောင့်ပေးပါဦး.. ဒီကိစ္စကို ဂိုဏ်းရဲ့အဝေးဘိုးဘေးထံ တင်ပြဖို့လိုသေးတယ်”

“ အလုပ်ရှုပ်လိုက်တာ ... အဲ့အဘိုးကြီကိုပါ ပြောရဦးမှာလား ကောင်းပြီ၊ ကောင်းပြီ...”

သူမသည် စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

“ အာ့ဆိုလည်း သွားပြောလိုက် “

ထိုစကားများကို ကြားလိုက်ရသော စူးချန်ကဲမှာ တစ်ခေါင်းလုံး ပူထူသွားပြီး ၊ ကျောက်ရုပ်ကဲ့သို့ မှင်သေစွာဖြင့် ရပ်နေမိသည်။

သူသည် ဤနတ်မိုးမခပင် အမျိုးသမီးမှာ ရှေးဘိုးဘေးနှင့် မျိုးဆက်တူရမည်ဟု ထင်ထားခဲ့သည်။

သို့သော် စကားအသွားအလာအရ ၊ သူမသည် ရှေးဘိုးဘေးထက်ပင် ရှေးကျသည်ကို ဖော်ပြနေသည်။

သူမသည် တုံထျန်း အဝေးဘိုးဘေးနှင့်ပင် နှိုင်းယှဉ်ပြောဆိုနိုင်သည့် အဆင့်တွင် ရှိနေခဲ့သည်။

ထို့ကြောင့် စူးချန်ကဲသည် မယုံနိုင်စွာဖြင့် ညည်းညူလိုက်သည်။

“ဒီလူကြီးမင်းရဲ့ နောက်ကြောင်းကဘာများလဲ”

အပိုင်း(၆၃၉): ပီယွီ့ ကောင်းကင်အရှင် !

သူသည် နတ်မိုးမခပင် အမျိုးသမီးကို လျှော့တွက်မိခဲ့ပုံရသည်။ သူမ၏ စကားများကို ကြားပြီးနောက်တွင် ၊

လောကကြီးအပေါ်တွင် ထားရှိသည့် သူ၏အမြင်သည် အသစ်တဖန် ပြောင်းလဲသွားခဲ့ချေပြီ။

မျဲ့ရှန်း ရှေးဘိုးဘေးနှင့် တုံထျန်းအဝေးဘိုးဘေးတို့ကို ‘အဘိုးကြီး ‘ ဟု ခေါ်ဝေါ်သုံးနှုန်းလိုက်ခြင်းသည် သူမတို့သည် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြောင်း ညွှန်ပြနေသည်။

တုံထျန်းအဝေးဘိုးဘေးနှင့်ပင် ယှဉ်ပြိုင်နိုင်သော ဖြစ်တည်မှုသည် သူ့ကို ကာကွယ်ပေးနေရုံမျှဖြင့် ၊ သူ ရရှိလာမည့် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမှာ အလွန်ကို ကြီးကျယ်ခမ်းနားပေတော့မည်။

….

တစ်ချိန်တည်းမှာပင်၊

အမတ နယ်မြေ၏ အထက်လောကတွင်၊

ဤကမ္ဘာသည် အကန့်အသတ်မရှိ ကျယ်ပြန့်သည်။ ဤနေရာတွင် ထာဝရတည်ရှိလာသော အမြတ်‌မြတ်ဆုံးသော အချိန်မြစ်သည် ကောင်းကင်ပြင်တွင် စုဝေးတည်ရှိကာ လှိုင်းထနေပြီး ၊ အချိန်နှင့်အာကာသ အပိုင်းအစများသည် တဖျပ်ဖျပ် လွင့်မျောနေသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် မရေမတွက်နိုင်သော ရှေးဦးရောင်ခြည်များသည် ပြန်လည်ပုံသွင်းခြင်းနှင့် ဆင့်ကဲဖြစ်စဉ်များ ဖြစ်ပေါ်လျက် ရှိသည်။

ဒုန်း! ဒုန်း !ဒုန်း!

ရုတ်တရက် ၊ နှလုံးသားခုန်သံကဲ့သို့သော အသံသည် ဤနေရာ၌ ပဲ့တင်ထပ်လို့နေသည်။ အင်အားတစ်ခု၏ လွှမ်းမိုးမှုအောက်တွင် ၊ အဆုံးမရှိသော နိယာမဆိုင်ရာ မှော်သင်္ကေတတို့သည် တစ်နေရာတည်းသို့ လှိမ့်ဝင်၍ စုစည်းနေကြသည်။

ပရမ်းပတာ မြူဆိုင်းများကြား အလွန်တရာမျှ ကြီးကျယ်ခမ်းနားပြီး၊ တစ်ဖန် ကိုးရောင်ခြယ် တိမ်တိုက်များ၏ ဖုံးလွှမ်းမှုအောက်တွင် ရှိနေသော မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်တစ်ဦးသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ၊ အေးစက်ပြီး နက်ရှိုင်းသော သူ၏ မျက်ဝန်းတစ်စုံသည် ဒေဝလောကတစ်ခွင်လုံးရှိ ကမ္ဘာပေါင်းများစွာကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်ကာ ကြည့်နိုင်ပုံရသည်။

ယခင်က ငြိမ်သက်နေခဲ့သောကြောင့် ဤနေရာရှိ စွမ်းအင်စီးဆင်းမှုသည် အလွန်တည်ငြိမ်နေခဲ့သော်လည်း၊

သို့သော် မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်မှ သူ၏ မျက်လုံးများကို ဖွင့်လိုက်သော အခါတွင် ၊ တဖျပ်ဖျပ် တောင်ပနေသော ရောင်စဉ်အလင်းများကြား မဟာလမ်းစဉ်ဆိုင်ရာ မြူဆိုင်းများကဲ့သို့ အလင်းမိုးလေးများသည် နေရာအနှံ့ လွင့်စဉ်ရိုက်ခတ်သွားသည်။

ထို့အပြင်၊ မိုးမြေ၏စည်းမျဉ်းကို ကိုယ်စားပြုပြီး အမတဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်ပုဂ္ဂိုလ်များထက် များစွာသာလွန်သော ရောင်ဝါတစ်ခုသည် နေရာအနှံ့ ပျံ့နှံ့ကာ လှိုင်းထသွားသည်။

ဤမှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်သည် ကွေးယွမ်အမတဂိုဏ်း၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ် တုံထျန်းအဝေးဘိုးဘေးပင် ဖြစ်သည်။

ဝီ!!

ဝေးလံသောနေရာမှ လာသည့် အချိန်ခရီးသွားကဲ့သို့ အလင်းတန်းတစ်ခုသည် အာကာသဟင်းလင်းပြင်ကို ဖောက်ထွင်းဝင်ရောက်လာကာ တုံထျန်းအဝေးဘိုးဘေး၏ လက်ချောင်းထိပ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။

ထိုအလင်းထဲမှ ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရချိန်တွင် တုံထျန်းအဝေးဘိုးဘေး၏ အေးစက်သောမျက်လုံးများသည် အနည်းငယ် လှုပ်ခတ်သွားသည်။

“ ဒါမျဲ့ရှန်းဆီကနေ ရောက်လာတဲ့ သတင်းပဲ...”

ထိုသတင်းကို လက်ခံရရှိပြီးနောက်၊ တုံထျန်းအဝေးဘိုးဘေး၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ရွဲ့စောင်းသွားသည်။

“ ပီယွီ့ကောင်းကင်အရှင်က စူးချန်ကဲရဲ့ ကာကွယ်သူ ဖြစ်ချင်သတဲ့လား!?

သူပြောသော ပီယွီ့ ကောင်းကင်အရှင်ဆိုသည်မှာ နတ်မိုးမခပင် အမျိုးသမီးပင် ဖြစ်သည်။

ထိုခေတ်ကာလတုန်းက၊ သူမ၏ ကျင့်ကြံမှုသည် အလွန်ကိုမြင့်မားပြီး ၊ ကနဦးသက်ရှိ ဖြစ်သည်နှင့် အလျောက် ကာယစွမ်းအားသည်လည်း အလွန်ကို ကြီးမားကာ တုံထျန်းအဝေးဘိုးဘေးကို အနိုင်ယူနိုင်အောင်ပင် တိုက်ခိုက်နိုင်သည်။

ထို့ကြောင့် လောကသားများက သူမကို ပီယွီ့ ကောင်းကင်အရှင်ဟု ရည်ညွှန်းခေါ်ဆိုခဲ့ကြသည်။ ပီယွီ့သည် မိုးမခပင်အတွက် ကြော့ရှင်းသောအမည်ကို ဆောင်ပြီး ၊ ‘ ကောင်းကင်အရှင်’ သည် သူမ၏ ကြီးမားသော တန်ခိုးစွမ်းအားကို အသိအမှတ်ပြုသော ဘွဲ့အမည်ဖြစ်သည်။

ကောင်းကင်ဘုံနှင့် ကြာရှည်သော သက်တမ်းကို ပိုင်ဆိုင်ထားပြီး ၊ ကောင်းကင်ဘုံကဲ့သို့ လေးစားခံရသောကြောင့် ‘ ကောင်းကင်အရှင် ‘ ဟု အမည်တွင်ခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ၊ နတ်မိုးမခပင် အမျိုးသမီးသည် ထိုခေတ်ကာလက စွမ်းအားမည်မျှ ကြီးမားခဲ့ကြောင်းကို ပြသနေသည်။

သို့သော်လည်း၊ သူမသည် နောက်ပိုင်းတွင် ‌အမည်မသိအကြောင်းအရင်းကြောင့် မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုကို ခံခဲ့ရပြီး ယနေ့ထိတိုင် မူလအတိုင်း ပြန်လည်ကောင်းမွန်လာခြင်း မရှိခဲ့ပေ။

ထို့အပြင် တုံထျန်းအဝေးဘိုးဘေးသည် ဆက်လက် ကျင့်ကြံအားထုတ်လာမှုကြောင့် သူသည် အမတနယ်မြေ၏ အထက်လောကထက်ပင် မြင့်မားသောနယ်ပယ်အဆင့်ထိ ရောက်ရှိသွားပြီဖြစ်ရာ ၊ သူ၏ခွန်အားသည် သူမ၏အထက်တွင် ရှိသည်။

ကွေးယွမ်အမတဂိုဏ်းရှိ ရှေးဘိုးဘေးနှစ်ပါး၏ ခွန်အားသည်လည်း လက်ရှိအချိန်တွင် ပီယွီ့ ကောင်းကင်အရှင်ထက် အနည်းငယ်မျှ သာလွန်နေပြီ ဖြစ်သည်။

သို့ဆိုတောင် ၊ သူမ၏ခွန်အားကို လျှော့တွက်လို့မရချေ။ အကယ်၍ သူမသည် အရင်လို ပြန်လည်ကောင်းမွန်လာပါက ၊ သူမ၏ကနဦးဝိညာဉ်ခန္ဓာကိုယ်သည် အမတနယ်မြေ၏ နယ်နိမိတ်ကို ဖောက်ထွက်ကာ အမတနယ်မြေ၏ အထက်လောကသို့ တက်ရောက်နိုင်ပေလိမ့်မည်။

စိတ်ထဲက အတွေးများ တည်ငြိမ်သွားပြီးနောက် ၊ တုံထျန်းအဝေးဘိုးဘေးသည် တီးတိုးရေရွတ်လိုက်သည်။

“ ဒါပေမဲ့...ပီယွီ့ ကောင်းကင်အရှင်က ကနဦးမူလတည်ထောင်သူက လူပဲ...”

“ငါ အမှတ်မမှားဘူးဆိုရင် အရင်က ပီယွီ့ ကောင်းကင်အရှင်နဲ့ အတူ ကနဦးမူလတည်ထောင်သူအဖွဲ့အစည်းကို တည်ထောင်ခဲ့တဲ့သူတွေကလည်း အမတစိုးစံရာခေတ်မှာကတည်းက အမတနယ်မြေရဲ့အထက်လောကကို တတ်လှမ်းသွားခဲ့ပြီနဲ့ တူတယ်...”

“တကယ်လို့သာ ပီယွီ့ ကောင်းကင်အရှင် က စူးချန်ကဲရဲ့ စောင့်ရှောက်သူဖြစ်တဲ့အကြောင်းကို ဒီကောင်တွေ သိသွားရင်....”

အမှန်အားဖြင့်၊ ဤသဘာဝအလျောက်မွေးဖွားလာသော ကနဦးသက်ရှိများသည် မာနကြီးသူများအဖြစ် ကျော်ကြားသည်။

ဒေဝလောကတစ်ခွင်တွင် ပထဆုံး မွေးဖွားလာပြီး ဝိညာဉ်အသိစိတ်ရှိသော သက်ရှိများအဖြစ် ၊ သူတို့သည် မာန်မာနထောင်လွှားပြီး နောက်မှဖြစ်ပေါ်လာသော သက်ရှိအပေါင်းတို့ကို အထင်သေးစွာဖြင့် ကြည့်ရှုတတ်သူများ ဖြစ်ကြသည်။

ကနဦးသက်ရှိများအဖြစ် သူတို့သာလျှင် ဤလောကကြီး၏ စစ်မှန်သော သခင်များဖြစ်သည်ဟု အမြဲတမ်းယူဆထားကြသည်။

ယခင်က တုံထျန်းအဝေးဘိုးဘေးသည် ၎င်းတို့နှင့် သဘောထားကွဲလွှဲမှုဖြစ်ကာ တစ်ပွဲတစ်လမ်း ဆင်နွှဲခဲ့ဖူးသည်။

ဘယ်လိုဖြစ်သွားလဲ ဟုတ်လား ?

တုံထျန်းအဝေးဘိုးဘေးသည် ဤကဲ့သို့ဖော်ပြသွားသည် ---

သန်မာပြီး ခံနိုင်ရည်ရှိတာကလွဲလို့ ဘယ်ကောင်မှ တိုက်ခိုက်နိုင်စွမ်းမရှိဘူး !

“ တကယ်လို့ ဒီကောင်တွေသာ ပီယွီ့ ကောင်းကင်အရှင်က စူးချန်ကဲရဲ့ စောင့်ရှောက်သူအဖြစ် ရှိနေတယ်ဆိုတာကို သိသွားခဲ့ရင် ၊ ဒီကောင်တွေရဲ့ အမူအရာ ဘယ်လိုဖြစ်သွားမလဲ သိချင်မိသား ...”

ထိုအကြောင်းကို တွေးမိသွားပြီး၊ တုံထျန်းအဝေးဘိုးဘေး၏ မျက်လုံးများတွင် ပျော်စရာကောင်းသော အရိက်အမြွက်များ လှစ်ဟသွားသည်။

သို့သော်၊ သူသည် ထိုကိစ္စနှင့်ပတ်သတ်၍ အာရုံမထားချေ။ အကယ်၍ ထိုလူများသည် မကျေနပ်ချက်များကို ထုတ်ဖော်ပြသလာပါက ၊ ဒါဆို သူသည် ၎င်းတို့ထံ ကိုယ်တိုင်သွားရောက်၍ မည်သည့်အသံမှမထွက်အောင် ရိုက်နှက်လိုက်ရုံပင်။

ယခုအချိန်သည် ဒေဝလောက ပြန်လည်စတင်ရာခေတ် ဖြစ်ပြီး၊ ခေတ်ကာလ၏ကံကြမ္မာသည် ရောထွေးနေသည်။ အနာဂတ်တွင် မည်သည့်အရာများ ဖြစ်ပေါ်လာမည်ကို မည်သူမျှ ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။

ကာကွယ်စောင့်ရှောက်သူတစ်ဦး သေချာပေါက်လိုအပ်ပြီး ၊ ယင်းက စူးချန်ကဲ၏ ဘေးကင်းလုံခြုံရေးကို ပိုမိုကောင်းမွန်စွာ အာမခံနိုင်ပေလိမ့်မည်။

“ ဒါပေမဲ့... သူမနဲ့ ဒီအချက်သုံးချက်ကိုတော့ သဘောတူညီမှု ယူထားရလိမ့်မယ်...”

“ အမတနယ်မြေရဲ့ လူအိုကြီးတွေ လှည့်ကွက်သုံးလာခဲ့ရင် ..သူမ‌အနေနဲ့ ရန်သူကို အပြီးအပိုင်ဖယ်ရှားပစ်ရမယ်...”

“ ဒါပေမဲ့ အခြားရွေးချယ်စရာ လုံးဝမရှိတော့တဲ့ အခြေအနေကလွဲလို့ ကျန်တာ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး ... ချန်ကဲကိုယ်တိုင် ဖြေရှင်းခွင့်ပေးရမယ် ....”

တုံထျန်းအဝေးဘိုးဘေး၏ အမြင်တွင် ၊

ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် အထင်ရှားဆုံးသော ပုဂ္ဂိုလ်ဖြစ်လိုပါက၊ အားကောင်းသော ပြိုင်ဘက်များကို စိန်ခေါ်ရန်လိုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် စားသောက်ခြင်းကဲ့သို့ပင် ပုံမှန်အလေ့အထတစ်ခုလို ဖြစ်နေရမည်။

ခေတ်ဟောင်း စွမ်းအားရှင်များ ဝင်ရောက်မစွက်ဖက်သရွေ့ ၊ စူးချန်ကဲထက် နယ်ပယ် နှစ်ဆင့်မြင့်သော ပြိုင်ဘက်ဖြစ်လျှင်တောင် သူကိုယ်တိုင် ဖြေရှင်းရမည်။

အဘယ့်ကြောင့်ဆိုသော် ၊ စောင့်ရှောက်သူ၏ အဓိကတာဝန်သည် စူးချန်ကဲ၏ နောက်ဆုံးအသက်ဘေးကို အာမခံရန်အတွက်သာ ဖြစ်သည်။ အနည်းငယ်ခက်ခဲသော စိန်ခေါ်မှုတစ်ခုနှင့် ကြုံတွေ့တိုင်း ဝင်ရောက်ဖြေရှင်းပေးနေပါက ၊ အမတနယ်မြေတစ်ခွင် လှည့်လည်၍ အတွေ့အကြုံယူခြင်းသည် ဘာအဓိပ္ပာယ်မှ ရှိတော့မည် မဟုတ်။

ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ စူးချန်ကဲသည် သူ၏ကိုယ်ပိုင်စွမ်းရည်ကို အပြည့်အဝထုတ်သုံး၍မရနိုင်ဘဲ၊ နောင်တွင် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမည်မဟုတ်ပေ။

စိတ်ထဲတွင် ထိုသို့သတ်မှတ်ပြီးနောက် ၊ တုံထျန်းအဝေးဘိုးဘေးသည် သူ၏လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။ တောက်ပသော ရောင်ခြည်မျှင်သည် သူ၏လက်ချောင်းထိပ်၌ ရစ်ပတ်ကာ ဝန်းရံနေသည်။

သူ၏လက်ချောင်းကို အာကာသဟင်းလင်းပြင် တစ်နေရာဆီသို့ ညင်သာစွာချိန်ရွယ်လိုက်သည်နှင့် ဤနေရာရှိ စည်းမျဉ်းများကို လျစ်လျူရှူထားပုံရသော အလင်းတန်းတစ်စင်းသည် ရုတ်ချည်းဆိုသလို ထွက်ပေါ်လာသည်။

ဝီ....!!!

ချက်ချင်းဆိုသလိုပင် ၊ အတိုင်းအဆမရှိသော စွမ်းအားများ ပါဝင်သည့် စိတ်စွမ်းအားမှ အသွင်ပြောင်းဖြစ်ပေါ်လာသော အလင်းတန်းတစ်စင်းသည် အာကာသဟင်းလင်းပြင်ကို ဖြတ်သန်း၍ အမတနယ်မြေ၏ နယ်နိမိတ်ကို ဖောက်ထွင်းဝင်ရောက်လာကာ သံသရာစက်ဝန်း အမတမင်းဆက်ရှိရာဘက်သို့ ဆင်းသက်လာသည်။

တစ်ချိန်တည်းမှာပင် ။

မျဲ့ရှန်း ရှေးဘိုးဘေးသည် တုံထျန်းအဝေးဘိုးဘေး၏ အသံထုတ်လွှင့်မှုကို လက်ခံရရှိခဲ့သည်။

တုံထျန်းအဝေးဘိုးဘေး၏ ဆန္ဒကို နားလည်သဘောပေါက်ပြီးနောက်၊

မျဲ့ရှန်း ရှေးဘိုးဘေးသည် နတ်မိုးမခပင် အမျိုးသမီးအား ပြန်ပြောကြားခဲ့သည်။

“ အဝေးဘိုးဘေးကလည်း သဘောတူလိုက်ပါပြီ”

“ဒါပေမဲ့ အဓိကအချက်အနေနဲ့ အတွေ့အကြုံယူဖို့ ချန်ကဲကိုယ်တိုင် ဦးဆောင်စေပြီး ၊ မလိုအပ်ဘဲနဲ့ ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ပါ”

“အရေးကြီးတဲ့အခြေအနေမှာ ချန်ကဲရဲ့ အသက်အန္တရာယ်အတွက် အာမခံနိုင်ရင်ကို လုံလောက်ပါပြီ”

ထိုစကားကို ကြားပြီးနောက် ၊ နတ်မိုးမခပင် အမျိုးသမီးသည် သူမ၏ရင်ဘက်ကို ပုတ်ပြလျက် ရဲရဲကြီး အာမခံလိုက်သည်။

“စိတ်မပူနဲ့၊ ကျွန်မမှာ ချင့်ချိန်နိုင်စွမ်းရှိပါတယ် ..လူအိုကြီးတွေ ဝင်မစွက်ဖက်သရွေ့ ၊ ဒီကောင်လေးမှာ အသက်မျော့မျော့ပဲ ကျန်တော့တယ်ဆိုတောင် ကျွန်မ ဘယ်တော့မှ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး!”

ထိုစကားကို ကြားပြီးနောက် ၊ စူးချန်ကဲ၏ ခေါင်းထဲတွင် သံသယမေးခွန်းတစ်ခု ဝင်ရောက်လာလေသည်။

ဒီကာကွယ်သူက...တကယ်ပဲ ယုံကြည်လို့ရရဲ့လား!?

အပိုင်း(၆၄၀): ယောင်ကွမ်အမတဂိုဏ်း၏ ကြေညာချက်

အသက်မျော့မျော့ပဲ ကျန်တော့တယ်ဆိုတောင် ဝင်မစွက်ဖက်ဘူးတဲ့လား !?

ဒါဆို ကာကွယ်သူဆိုတဲ့ ရာထူးကြီးက ဘာအသုံးဝင်တော့မှာလဲ !

မည်သို့ပင်ဖြစ်စေ၊ စူးချန်ကဲသည် ဤအတွက် အာရုံမထားပေ။

လူအိုကြီးများ၏ လှည့်ကွက်များမှ ကာကွယ်ပေးနိုင်သရွေ့ ၊ မျိုးဆက်သစ် လူငယ်များ၏ အကြံအစည်များအတွက် သူသည် နည်းနည်းမှ မစိုးရိမ်ချေ ။

အမှန်အားဖြင့်၊ ဤသည်မှာ နတ်မိုးမခပင် အမျိုးသမီး လိုချင်သောအချက်ပင် ဖြစ်သည်။

သူမအနေဖြင့် စူးချန်ကဲ၏ ကာကွယ်ပေးသူအဖြစ် တာဝန်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ဤသကောင့်သားလေးအား ‘ လှောင်ပြောင်လိုသော’ ဆန္ဒကြောင့်ပင် ဖြစ်သည်။

အကယ်၍ အရာရာတိုင်းကို သူမကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေးနေရမည်ဆိုပါက၊ ယခင်ကအတိုင်း အိပ်စက်နေခြင်းက ပို၍ ကောင်းပေလိမ့်မည်။

အလွန်တရာမျှ စွမ်းအားကြီးမားသော ရန်သူများနှင့် ကြုံတွေ့လာရပါက ၊ “လေ့ကျင့်ပေးခြင်း” ဟူသော အမည်ခံဖြင့် သူ့အတွက် ကောင်းကျိုးရှိသည်ဟု အကြောင်းပြကာ စူးချန်ကဲအား ခါးသီးမှုဒုက္ခကို ဦိးစွာ မြည်းစမ်းခိုင်းပြီး ၊

သူမသည် ပွဲကြည့်ပရိတ်သတ်အဖြစ် အားဖြည့်ကူညီ‌သွားမည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမှသာလျှင် ၊ သူမ ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းမည်ဖြစ်သည်။

ကိစ္စရပ်များ သဘောတူညီမှု ရရှိသွားပြီးနောက်၊ နတ်မိုးမခပင် အမျိုးသမီးသည် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။

မူလက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသော မြူဆိုင်းများသည် ဒီရေပမာ ဆုတ်ခွာသွားပြီး ၊ လှိုင်းထနေသော ပရမ်းပတာအလင်းရောင်များသည်လည်း တဖြည်းဖြည်း ငြိမ်သက်သွားကာ၊ အဆုံးတွင် သူမ၏ မူလသွင်ပြင်ကို ထုတ်ဖော်ပြသခဲ့သည်။

တစ်ချိန်တည်းမှာပင် ၊

ထိုမြင်ကွင်းသည် စူးချန်ကဲ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး ၊ သူ၏ မသိစိတ်က ထိုနေရာကို လှမ်းကြည့်လိုက်သည်။

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လေထဲတွင် ပျံဝဲနေသည်။

သလင်းကျောက်ပမာ လှပသော မျက်ဝန်းတစ်စုံသည် အပေါ်စီးကနေ စူးချန်ကဲကို ငုံ့ကြည့်နေသည်။

သူမ၏ အဆင်းသဏ္ဍာန်သည် ပုံပြင်ထဲက နတ်သမီးတစ်ပါးအတိုင်း ချောမောလှပသည်။ အသားအရေသည် စင်ကြယ်ဖြူစင်ပြီး ၊ နှုတ်ခမ်းများက နီရဲကာတောက်ပနေသည်။

သူမ၏ စရိုက်လက္ခဏာသည် လူသားများနှင့် မတူကွဲပြားပြီး၊ သန့်ရှင်းစင်ကြယ်သော ဒဏ္ဍာရီလာ လနန်းတော်မှ နတ်သမီးတစ်ပါးကဲ့သို့ပင် လောကီအညစ်အကြေးဟူ၍ နည်းနည်းလေးမှ စွန်းထင်ခြင်း မရှိ။

မူလက စူးချန်ကဲသည် ဤနတ်မိုးမခပင် အမျိုးသမီး၏ ပုံပန်းသွင်ပြင်မှာ အသက်အရွယ်အားဖြင့် အတော်လေး ကြီးရင့်နေမည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ အမှန်တကယ်တွင် လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။

သူမ၏ အသွင်အပြင်သည် အတော်လေး ငယ်ရွယ်နုနယ်ပြီး ၊ အပြင်ပန်းအရ စူးချန်ကဲနှင့် သက်တူရွယ်တူဟု ထင်ရသည်။ လူကို ဆန်းကြယ်သည်ဟု ခံစားရစေသည့်အချက်မှာ စိမ်းလဲ့ကာတောက်ပနေသော နတ်ဘုရားရောင်ခြည်များသည် သူမ၏ ဘေးပတ်ပတ်လည်၌ ကျဆင်းနေခြင်း ဖြစ်သည်။

၎င်းတို့သည် မိုးမခပင်၏ အကိုင်းအခက်များကဲ့သို့ပင် လေပြေ၏တိုက်ခတ်မှုအောက်တွင် ညင်သာစွာ ယိမ်းနွဲ့နေသည်မှာ အိမ်မက်သဖွယ် လှပလွန်းလှသည်။

သို့သော် ၊ ဤကဲ့သို့ ခမ်းနားလှပသော မြင်ကွင်း နှင့် လူတိုင်း၏နှလုံးသားကို ဖမ်းစားနိုင်သော အလှတရားတို့ကို သံသရာစက်ဝန်း အမတမင်းဆက်မှ လူတိုင်း ပြောင်ပြောင်တင်းတင်း မကြည့်ဝံ့ကြပေ။

သူတို့သည် ရူးမိုက်သူများမဟုတ် ။ ဤအရာများသည် နတ်မိုးမခပင် အမျိုးသမီး၏ ခွန်အားနှင့် အဆင့်အတန်းမှာ ဤနေရာရှိ လူတိုင်းထက် သာလွန်နေကြောင်းကို မီးမောင်းထိုးပြနေသည်။

“ငါကိုယ်တော်က... ပီယွီ့ ကောင်းကင်အရှင်ပဲ “

အေးစက်သော်လည်း နူးညံ့သိမ်မွေ့သော အသံသည် အာကာသဟင်းလင်းပြင်တွင် ပဲ့တင်ထပ်သွားသည်။

“သဘောတူညီချက် ရပြီးပြီဆိုတော့ ဒီနေ့ကစပြီး ငါကိုယ်တော်က မင်းကို ကာကွယ်စောင့်ရှောက်ပေးမယ့်သူပဲ “

ထိုသို့ ပြောပြီးသည်နှင့်၊ ပီယွီ့ ကောင်းကင်အရှင်သည် သူမ၏ လက်ကိုဝှေ့ယမ်းလိုက်သည်။

ဝီ!!

သူမ၏ လက်ဝါးထဲသို့ နတ်အလင်းများသည် အဆုံးမရှိ စုဝေးရောက်ရှိလာခဲ့ပြီး၊ ယခင်က သူမ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ကျဆင်းနေသော စိမ်းလဲ့တောက်ပနေသည့် ရောင်ခြည်များသည်လည်း တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားလာသည်။

အဆုံးတွင် စိမ်းပြာရောင် မိုးမခရွက်တစ်ရွက်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး၊ သူမ၏ လက်ပေါ်တွင် မျောလွှင့်နေသည်။

တလက်လက် တောက်ပနေသော စိမ်းပြာရောင်မိုးမခရွက်သည် ကြီးကျယ်ခမ်းနားပြီး အကန့်အသတ်မရှိသော ၎င်း၏အသက်စွမ်းအားကို ထုတ်ဖော်ပြသနေသည်။

အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သော်လည်း ၊ ၎င်းသည် မိုးမြေတစ်ခွင်ရှိ အရာအားလုံးကို ပြန်လည်ရှင်သန်စေနိုင်ပုံရသည်။

လူတိုင်း သူသူကိုယ်ကိုယ် အံ့အားသင့်နေစဉ် ၊

ပီယွီ့ကောင်းကင်အရှင်သည် သူမ၏လက်ထဲက မိုးမခရွက်ကို သူမ၏ အနီရောင် နှုတ်ခမ်းသားများဖြင့် ညင်သာစွာ မှုတ်ထုတ်လိုက်သည်။

ယခင်က သူမ၏လက်ပေါ်တွင် မျောလွှင့်နေသော မိုးမခရွက်သည် အသက်ဝင်လာသကဲ့သို့ စူးချန်ကဲရှိရာဘက်သို့ ‌ကူးပြောင်းသွားသည်။

“ ဒါက မိုးပြာမိုးမခရွက်ပဲ ၊ ဒီဟာက ငါ့ရဲ့ မူလရင်းမြစ်စွမ်းအင်ကနေ အသွင်ပြောင်းလဲထားတာ ...ဒီထဲမှာ သက်ရှိအရာအားလုံးရဲ့ အသက်စွမ်းအင်ရင်းမြစ် ပါဝင်တယ် “

ပီယွီ့ကောင်းကင်အရှင်က ဆက်လက်ရှင်းပြသည်။

“ အသက်မသေစေနိုင်တဲ့ ဒဏ်ရာမျိုးဆိုရင် ဒီမိုးမခရွက်က စုပ်ယူသွားပြီး မင်းကို အထွတ်အထိပ်အဆင့်ကို ချက်ချင်းပြန်လည်ရောက်ရှိစေလိမ့်မယ်”

“ ဒီပစ္စည်းကို တွေ့ဆုံလက်ဆောင်အဖြစ် မင်းကို ပေးလိုက်မယ် “

သူမသည်လည်း အသက်အရွယ်ကြီးရင့်သော အကြီးအကဲများထဲမှ စွမ်းအားရှင်တစ်ဦးဖြစ်သောကြောင့် ၊ စူးချန်ကဲသည် သူမ၏မျက်လုံးထဲတွင် ငယ်ရွယ်သော ကလေးအဖြစ်သာ ရှိသေးသည်။

ယခုတွင် သူမသည် စူးချန်ကဲ၏ ကာကွယ်သူဖြစ်လာသောကြောင့် တွေ့ဆုံလက်ဆောင်ပေးရန် သင့်တော်သည်။ မိုးမခပင် ဖြစ်သော်ငြားလည်း ၊ သူမတွင်လည်း ဂုဏ်သိက္ခာရှိသေးသည်။

သူ၏လက်ဝါးထဲတွင် မျောလွှင့်နေသော မိုးမခရွက်ကို ကြည့်ရင်း စူးချန်ကဲသည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“ သေစေနိုင်တဲ့ဒဏ်ရာမဟုတ်သရွေ့ အားလုံးကို ကုသပေးနိုင်တယ်ပေါ့ “

တီးတိုးပြောဆိုရင်း ၊ သူသည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ တစ်နည်းအားဖြင့် ၊ ခြေကျိုးလက်ကျိုး ၊ သို့မဟုတ် ယခင်ကကဲ့သို့ နှလုံးဖောက်ထွင်းခံရခြင်း အစရှိသည်တို့ကို တိုက်ရိုက် ကုသနိုင်တော့မည် မဟုတ်လော။

ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ ဤမိုးမခရွက်သည် ထိပ်တန်းအဆင့်ရှိ မဟာလမ်းစဉ်၏ နတ်ပစ္စည်းတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

စိတ်ထဲရှိ အတွေးများ တည်ငြိမ်သွားပြီးနောက်၊ စူးချန်ကဲသည် ပီယွီ့ ကောင်းကင်အရှင်ထံသို့ ဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

“ လူကြီးမင်းရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”

ပီယွီ့ ကောင်းကင်အရှင်သည် ခေါင်းညိတ်ပြလိုက်ပြီး ဆက်လက် ပြောကြားခဲ့သည်။

“ ဒီလိုဆိုမှတော့ ကိစ္စတွေကို ဒီအတိုင်းပဲသတ်မှတ်လိုက်ပြီ .. မင်း အမတနယ်မြေတစ်ခွင် အတွေ့အကြုံယူတဲ့အခါ ... ငါ့ကတိအတိုင်း ငါ ဆောင်ရွက်ပေးမယ်”

ထိုသို့ပြောပြီးနောက်၊ အလင်းမိုးပေါက်ကလေးများသည် ကောင်းကင်ပြင်ပေါ်တွင် တဖြည်းဖြည်း ကွယ်ပျောက်သွားသကဲ့သို့ ပီယွီ့ ကောင်းကင်အရှင်သည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေသည်။

……….

အချိန်အနည်းငယ်ကြာပြီးနောက် ၊

လူတိုင်း သတိပြန်ကပ်လာကြသည်။

ယနေ့သည် သံသရာစက်ဝန်း အမတမင်းဆက်ရှိ လူတိုင်းအတွက် အမြင်ကျယ်စေခဲ့သောနေ့တစ်နေ့ ဖြစ်ခဲ့သည် ။

ထို့အပြင် ၊ စူးချန်ကဲသည် သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသားတစ်ပါး ဖြစ်လာခဲ့ခြင်းကြောင့် ပို၍ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြရသည်။

ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်ကြီးသည် သူတို့၏ မင်းသားအတွက် ကာကွယ်စောင့်ရှောက်သူအဖြစ် တာဝန်ယူခဲ့သည့်အပြင် ကောင်းချီးမင်္ဂလာများကိုပါ ချီးမြှင့်ခဲ့သည်။

စူးချန်ကဲ၏ မွေးရာပါပါရမီနှင့် ခွန်အားများကိုသာ ပေါင်းစပ်လိုက်လျှင်ဖြင့် သူ၏ အနာဂတ် အောင်မြင်မှုမှာ မခန့်မှန်းဝံ့ပေ။

ပီယွီ့ ကောင်းကင်အရှင် ပျောက်ကွယ်သွားပြီးနောက် ၊ စူးယွင်ယွဲ့ သည် မနေနိုင်ဘဲ ညည်းတွားလိုက်သည်။

“ လူကြီးမင်းရဲ့ ဒီလုပ်ရပ်က ဘာအဓိပ္ပာယ်ရှိလို့လဲ “

“ မဟုတ်မှလွဲရော ချန်ကဲအပေါ် အခြား ရည်ရွယ်ချက်များ ရှိနေတာလား ...”

“ ဒါပေမဲ့လည်း... သူမက ကွေးယွမ်အမတဂိုဏ်းမှာ နေထိုင်နေမှတော့ ချန်ကဲအပေါ် မကောင်းတာတော့ မလုပ်လောက်ပါဘူး...”

“ ဒါဆို....”

စူးယွင်ယွဲ့ သည် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့ပုံရသည်။

သူမ၏ မောင်ဖြစ်သူသည် ရုပ်ရည်ရူပကာအရ ၊ အလွန်ချောမောသော ကောင်ချောလေးဖြစ်သည်ဟု ဆိုနိုင်သည်။

ဤအမတနယ်မြေ တစ်ခွင်လုံးတွင်သာမက ၊ ကမ္ဘာသန်းပေါင်းများစွာ ရှာမည်ဆိုတောင် သူ့မောင်ထက် သာလွန်သူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်။

အရင်က သူမ၏ ဖခင်နှင့် မိခင်သည် ထိုခေတ်အခါက အမတနယ်မြေတွင် ချောမောလှပသော စုံတွဲအဖြစ် နာမည်ကြီးခဲ့ပြီး ၊ ငယ်ရွယ်စဉ်ကတည်းက မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ပိုးပန်းမှုကိုလက်ခံရရှိခဲ့သည်။

ယခုအခါ စူးချန်ကဲသည် မိဘနှစ်ပါး၏ဗီဇကို အပြည့်အဝ ဆက်ခံရရှိထားရုံသာမက သူတော်စင်ကိုယ်ထည်များ၏ ဆင့်ကဲပြောင်းလဲမှုကိုလည်း လက်ခံရရှိထားသည်။

ဤကဲ့သို့ ရင်ခုန်စေနိုင်သည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည်မှာ သဘာဝကျပေသည်။

ထို့အပြင် ဤနတ်မိုးမခပင်မှ ပြောင်းလဲထားသော ပုံသဏ္ဍာန်မှာ အမျိုးသမီး ဖြစ်နေပြန်သည်။

ဤအချက်က စူးယွင်ယွဲ့ ကို သံသယဖြစ်စေခဲ့သည်။

မဟုတ်မှလွဲရော ..တဖက်လူက သူ့မောင်လေးကို မျက်စိကျနေတာများလား!?

“နင့်ဦးနှောက်ထဲ ဘာတွေတွေးနေတာတုန်း “

ဖြန်း!

မျှော်လင့်မထားသည့်အချိန်တွင် ၊ ယွင်ရွှမ်းရုံ၏လက်ဝါးသည် စူးယွင်ယွဲ့ ၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။

“အမေ.....”

စူးယွင်ယွဲ့ သည် သူမ၏ဦးခေါင်းကို ပွတ်သပ်ရင်း ၊ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် နှုတ်ခမ်းစူလိုက်သည်။

ထိုစဉ်၊ ယွင်ရွှမ်းရုံက စိတ်မရှည်သောလေသံဖြင့် ငေါက်ငမ်းလိုက်သည်။

“ မဟုတ်တဲ့အတွေးတွေ မတွေးစမ်းနဲ့ !”

စူးယွင်ယွဲ့ ၏ မိခင်တစ်ယောက်အဖြစ် ၊ သမီးဖြစ်သူ၏မဟုတ်တရုတ် အတွေးများကို သူမသည် ချက်ချင်း ခန့်မှန်းမိသည်။

“ အဲ့ပုဂ္ဂိုလ်ရဲ့ ကျင့်ကြံမှုက နင့်အမေ ငါ့ထက်တောင် သာလွန်နေသေးတယ် ၊ ဒီလိုလုပ်တာ သူ့မှာ အကြောင်းအရင်းတစ်ခု ရှိလိမ့်မယ်လို့ ငါ ယုံကြည်တယ်”

“ အရင်က ချန်ကဲကို ကောင်းချီးပေးတုန်းက သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ချန်ကဲနဲ့ အလွန်ဆင်တူသော စွမ်းအားတစ်ခု ရှိနေတာကို ငါ ခံစားမိခဲ့တယ်”

“ ဒါ့ကြောင့်လည်း ချန်ကဲ နဲ့ ဆက်နွယ်မှုရှိတယ်လို့ ခံစားမိပြီး ချန်ကဲရဲ့ ကာကွယ်သူအဖြစ် တာဝန်ယူခဲ့တာ ဖြစ်မယ်”

စူးယွင်ယွဲ့ သည် သူမ၏ဦးခေါင်းကို ဆက်လက်ပွတ်သပ်ရင်း ၊ မကျေနပ်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ မောင်လေးက တကယ်ကို ချောတာလေ ...အစ်မတစ်ယောက်အနေနဲ့ အဲ့လူကြီးမင်းများ ကိုယ့်မောင်လေးကို မျက်စိကျသွားလားဆိုပြီး စိုးရိမ်တာပေါ့ဆို....”

ဤစကားများကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။

သူ၏ အစ်မသည် အတော်လေး ဖြောင့်မတ်ဟန်ရှိသော်လည်း ခေါင်းထဲမှာတော့ ထူးဆန်းသော အတွေးများသာ ရှိနေပုံရသည်။

ခေါင်းခါလိုက်ရင်း ၊ စူးချန်ကဲသည် သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်တွင် ကျင့်ကြံအားထုတ်ရန် မိခင်ဖြစ်သူအား ခွင့်တောင်းရန်ဟန်ပြင်လိုက်စဉ် ၊

မိုးကုပ်စက်ဝိုင်းပေါ်တွင် ထိန်လင်းတောက်ပသော ရောင်ခြည်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ကြီးကျယ်ခမ်းနားသော အသံတစ်ခုသည် ကောင်းကင်ပြင်တစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားသည်။

“ ဒီနေ့... ငါတို့ ယောင်ကွမ် အမတဂိုဏ်းက အမတနယ်မြေတစ်ခွင်လုံးကို ကြေညာလိုက်တယ်”

“ လော့ရန်ယွီကို ငါတို့ ယောင်ကွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူအဖြစ် ခန့်အပ်လိုက်တယ်”

“ ဆက်ခံသူ နတ်ဘုရားမရဲ့ ဆန္ဒက ငါတို့ အမတဂိုဏ်းရဲ့ ဆန္ဒပဲ!”

All Chapters