အခန်း (၆၄၁-၆၄၄)
Vol. 48 Ch. 641-644
အပိုင်း(၆၄၁): စူးချန်ကဲရဲ့ ဘဝတစ်သက်တာကိစ္စကြီး ?
အမှန်အားဖြင့် ၊ ယောင်ကွမ်အမတဂိုဏ်း၏အင်အားသည် ကွေးယွမ်၊ သံသရာစက်ဝန်း အမတမင်းဆက် ၊ တားမြစ် စူးမိသားစု စသည့် အင်အားစုကြီးသုံးဖွဲ့ထက် အနည်းငယ် အားနည်းသော်လည်း ၊
သို့သော် သူတို့သည် တားမြစ် အင်အာစုကိုးဖွဲ့အနက် တစ်ဖွဲ့ အပါအဝင် ဖြစ်သည်။
အမတနယ်မြေတစ်ခွင်သို့ ကြေညာချက် ထုတ်ပြန်အပြီးတွင် လူတိုင်း၏ အာရုံစူးစိုက်မှုသည် ၎င်းတို့ထံသို့ ကျရောက်သွားပြန်သည်။
“ အမ်.. ယောင်ကွမ်အမတဂိုဏ်းကရော ဘာဖြစ်လို့ အုပ်စုကြီးသုံးဖွဲ့လို ကြေညာချက်ထုတ်ပြန်နေရတာတုန်း”
“ဒီကာလမှာ ကံစွမ်းအား အားကောင်းနေလို့များလား .. ခုလို အမတနယ်မြေကို ကြေညာချက်ထုတ်လိုက်တာဟာ နောက်ထပ် ကောင်းချီးတွေရရှိလာတော့မှာလား “
“ကံစွမ်းအား အားကောင်းလာရင် ၊ ဗဟိုအမတနယ်မြေ ပြန်ပေါ်လာမယ်လို့ မင်းထင်နေတာလား!”
“ ကွေးယွမ်အမတဂိုဏ်းက စောနလေးကပဲ ဆက်ခံသူရာထူးကို ကြေညာလိုက်တာ ၊ ယောင်ကွမ်အမတဂိုဏ်းကလည်း နတ်ဘုရားမ(ဆက်ခံသူ) ကို ကြေညာလိုက်ပြန်ပြီ ... ဒီအုပ်စုကြီးနှစ်ဖွဲ့ တကယ်ပဲ ဘာလုပ်ချင်နေကြတာတုန်း “
“ ဆက်ခံသူ သခင် နဲ့ ဆက်ခံသူ နတ်ဘုရားမ ၊ ဒီအုပ်စုကြီးနှစ်ဖွဲ့မှာ သေချာပေါက် သဘောတူညီချက် တစ်ခုခုတော့ ရှိရမယ် “
“……..”
လူတိုင်း သူသူကိုယ်ကိုယ် မှန်းဆနေကြသည်။
သူတို့အားလုံး ယခုလို ဆက်ဆက်ထိမခံ ဖြစ်နေကြသည်မှာ အကြောင်းရင်းရှိပေသည်။
ဥပမာအားဖြင့် ယခင်က တားမြစ်စူးမိသားစုနှင့် သံသရာစက်ဝန်း အမတမင်းဆက်တို့၏ လက်ထပ်ပွဲသည်လည်း ရုတ်တရက်ဆန်စွာ ဖြစ်ပေါ်ခဲ့သည်။
တားမြစ်စူးမိသားစုမှ သခင်ငယ်နှင့် သံသရာစက်ဝန်း အမတမင်းဆက်မှ မင်းသမီးကြီးတို့သည် ကျင်ကြံဖော်များ ဖြစ်သည်ဟုဆိုကာ ချက်ချင်းပင် လင်မယားစုံတွဲဖြစ်သွားကြသည်။
ထိုစဉ်က အမတနယ်မြေရှိ လူတိုင်း ၊ တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ တားမြစ် အင်အားစုကြီးနှစ်ဖွဲ့သည် ချက်ချင်းဆိုသလို ဆွေမျိုးများ ဖြစ်သွားကြသည်။
ယနေ့တွင်မူ၊ ဆက်ခံသူ နှင့် ဆက်ခံသူ နတ်ဘုရားမသည် တစ်ချိန်တည်း ထွက်ပေါ်လာခဲ့သည်။
ဒါ အတော်လေး မတိုက်ဆိုင်လွန်းဘူးလား !
………
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲသည် ကြယ်စင်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံဆီသို့ တောက်ပသော မျက်ဝန်းများဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
“ရန်ယွီက.... ဆက်ခံသူအဖြစ် ခန့်အပ်ခံရတာလား....?”
စူးချန်ကဲသည် ခဏတာ အံ့အားသင့်သွားသော်လည်း ၊ သို့သော ကျေနပ်ဝမ်းသာသော ခံစားချက်များက အစားထိုး ဝင်ရောက်လာခဲ့သည်။
လော့ရန်ယွီသည် သူ့အတွက် အရင်းနှီးဆုံးသူတစ်ဦးဖြစ်ပြီး ၊ သူတို့နှစ်ဦးကြားက ဆက်ဆံရေးသည် နက်ရှိုင်းသည်။ ယနေ့ အမတနယ်မြေတွင် သူမ၏ အမည်ကို ထပ်မံကြားလိုက်ရပြီး ၊ ထို့အပြင် ယောင်ကွမ်အမတဂိုဏ်း၏ ဆက်ခံသူအဖြစ် ပေါ်ထွက်လာခြင်းသည် စူးချန်ကဲကို အတော်လေး ပျော်ရွှင်သွားစေသည်။
သို့သော် သူသည် လော့ရန်ယွီဆီသို့ ချက်ချင်းသွားရောက်ရန် မဖြစ်နိုင်သေးပေ။ သူ့တွင် လုပ်စရာကိစ္စများ ကျန်ရှိနေသေးသည်။
ဦးစွာ တံခါးပိတ်ကျင့်ကြံအားထုတ်၍ နောက်တစ်ဆင့်ကို ချိုးဖျက်ပြီးနောက်တွင်၊ သူသည် ကွေးယွမ်အမတဂိုဏ်းသို့ သွားရောက်မည် ဖြစ်သည်။
တွေ့ဆုံဖို့အကြောင်းကံပါလာသူများသည် မည်သို့ပင်ဖြစ်စေ ပြန်လည်ဆုံတွေ့ကြမည်သာ။
“ချန်ကဲ....?”
စူးချန်ကဲ၏စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရသော ယွင်ရွှမ်းရုံသည် ပဟေဠိဖြစ်သွားသည်။
အကြောင်းမှာ ယွင်ရွှမ်းရုံသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံအားထုတ်နေခဲ့ပြီး ၊ သားဖြစ်သူ စူးချန်ကဲနှင့် သက်ဆိုင်သော ကိစ္စများမှအပ အခြားသောကိစ္စရပ်များကို လျစ်လျူရှုထားခဲ့သည်။
စူးချန်ကဲ၏ ပျော်ရွှင်နေသော အမူအရာကြောင့် ဤလော့ရန်ယွီသည် သူနှင့် သိကျွမ်းသူတစ်ယောက် ဖြစ်နိုင်သည်။ ထို့အပြင် သူမသည် သားဖြစ်သူ၏ရင်ထဲ၌ နေရာယူထားပုံရကာ ၊ ယင်းက မိခင်တစ်ဦးဖြစ်သော ယွင်ရွှမ်းရုံအား အတော်လေး စပ်စုချင်စိတ် ဖြစ်ပေါ်လာစေသည်။
သို့သော် သူမဘက်မှ မမေးမြန်းရသေးခင် ၊ စူးယွင်ယွဲ့ ၏အသံသည် သူမ၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။
“ အမေက ဒီကာလအတွင်း တံခါးပိတ်ကျင့်ကြံနေတော့ ဒါကို မသိလောက်သေးဘူး ၊ ဒီလော့ရန်ယွီက တကယ်တော့....”
စူးချန်ကဲ၏အစ်မတစ်ယောက်အနေဖြင့် ၊ စူးယွင်ယွဲ့သည် တိုက်မြေသုံးထောင်တွင် ကြုံတွေ့ခဲ့ရသော မောင်ဖြစ်သူ၏ကိစ္စရပ်တိုင်းကို အတော်လေး စိတ်ဝင်စားခဲ့သည်။
ထို့ကြောင့် သူမ၏ ကိုယ်ပိုင်နည်းလမ်းများနှင့် အဆက်အသွယ်များကို သုံးကာ စူးချန်ကဲနှင့် ပတ်သက်သမျှကိစ္စရပ်တိုင်းကို သိရှိထားခဲ့သည်။
………
ရှင်းပြချက်ကို နားထောင်ပြီးနောက်၊ ယွင်ရွှမ်းရုံသည် သဘောပေါက်သွားပုံရကာ တီးတိုးလေး ဆိုလိုက်သည်။
“လော့ရန်ယွီ.... အန္တိမအရိုးနဲ့ ဟွိုင့်တွိုင့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ... ယောင်ချီ သူတော်စင်နယ်မြေရဲ့ နတ်ဘုရားမ ...အမတနယ်မြေကို မတတ်လှမ်းမီ သူမရဲ့ မဟာလမ်းစဉ် ချုပ်နှောင်မှုတွေကို ချိုးဖျက်နိုင်ခဲ့တယ်...”
“ချန်ကဲနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေး ရှိသူ...”
ယွင်ရွှမ်းရုံ၏အမြင်တွင် စူးချန်ကဲသည် အသက်အားဖြင့် မငယ်တော့ချေ။ ထို့အပြင် သူသည် အမျိုးသမီးများကို လုံးဝစိတ်မဝင်စားပုံပေါက်နေသည်။
နောက်တစ်ချိန်တွင် သားဖြစ်သူသည် ကျင့်ကြံရေးတွင်သာ အာရုံစိုက်ထားသော အကြင်နာမဲ့သူတစ်ယောက် ဖြစ်သွားမှာကို သူမ အတော်လေး စိုးရိမ်နေခဲ့သည်။
မူလက ယွင်ရွှမ်းရုံသည် စူးချန်ကဲအတွက် ကျင့်ကြံဖော်ရှာဖွေရန် စဉ်းစားနေခဲ့သည်။ သို့သော် ယခုအခါတွင် ၊ လော့ရန်ယွီဆိုသော မိန်းကလေးငယ်တစ်ဦး ထွက်ပေါ်လာခဲ့ချေပြီ။
ယင်းက ယွင်ရွှမ်းရုံကို ဆန္ဒတစ်ခုဖြစ်ပေါ်စေခဲ့သည်။
လက်ရှိတွင် သူမသည် ကပ်ဘေးကိုးပါး အမတဧကရာဇ်နယ်ပယ်အဆင့်ကို ဖြတ်ကျော်ကာ အမတနယ်မြေ၏ အထက်လောကသို့ မကြာခင် တတ်လှမ်းတော့မည် ဖြစ်သည်။
ထိုမတိုင်ခင်၊ သူမ၏ တစ်ခုတည်းသော ဆန္ဒမှာ စူးချန်ကဲအတွက် တစ်သက်တာ ဘဝလက်တွဲဖော်ကို ရှာဖွေပေးရန်သာ ဖြစ်သည်။
“ဒီလော့ရန်ယွီကတော့.... စဉ်းစားကြည့်လို့ဖြစ်တယ်....”
“အမေ ဘာကို စဉ်းစားကြည့်မှာလဲ”
စူးချန်ကဲသည် သိလိုစိတ်ဖြင့် ရုတ်တရက် မေးမြန်းလိုက်သည်။
သူပဲ စိတ်ထင်တာလား မသိဘူး... လော့ရန်ယွီဆိုတဲ့ စကားလုံးသုံးလုံးကို ကြားလိုက်ရသလိုပဲ!
“အဟမ်း.... အမေ ပြောနေတာက ချန်ကဲအတွက် နတ်ပစ္စည်းတွေရှာဖို့ စဉ်းစားကြည့်ဖို့ပါ၊ မင်းလည်း နောက်တစ်ဆင့်ကို ဖြတ်ကျော်ရတော့မယ် မဟုတ်လား “
ယွင်ရွှမ်းရုံသည် ချက်ချင်းဆိုသလို ခေါင်းစဉ်ပြောင်းလိုက်ပြီး ၊ သူမ၏ရင်ဘတ်ထဲကနေ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ စူးချန်ကဲလက်ထဲသို့ ပေးအပ်လိုက်သည်။
“ အချိန်ကြတာနဲ့ မင်း ကွေးယွမ်အမတဂိုဏ်းကိုလည်း သွားရဦးမယ်၊ အခု ဒီတံဆိပ်ကိုယူပြီး သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်ကို အမြန်သွားပြီး ကျင့်ကြံလိုက်တော့! “
“အမေမှာ ကိစ္စလေးရှိသေးလို့ အရင်သွားလိုက်ဦးမယ်”
“အမေ ကျွန်မလည်း ယောင်ကွမ်....”
စူးယွင်ယွဲ့တစ်ယောက် အလျင်အမြန် စကားပြန်ထိန်းလိုက်သည်။
“ကျွန်မလည်း ချန်ကဲအတွက် အဖိုးတန်ပစ္စည်းတွေ ရှာဖို့ လိုက်ခဲ့မယ်လေ!”
ယွင်ရွှမ်းရုံ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူမဘက်မှ မငြင်းဆန်ရသေးခင် ၊ စူးယွင်ယွဲ့က ဆက်လက် ပြောလိုက်သည်။
“အမေက ခွင့်မပြုရင် ဒါဆို ကျွန်မ...ကျွန်မ.....”
စူးယွင်ယွဲ့သည် စူးချန်ကဲရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
သူမ၏ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။ ယွင်ရွှမ်းရုံသည် သူမကိုလည်း တစ်ပါးတည်း ခေါ်ဆောင်မသွားပါက ၊
ဒါဆို သူမရဲ့ အာချောင်မှုအတွက် အပြစ်ပြောလို့ မရနိုင်ဘူးလေနော် !
ဘာပဲဖြစ်ဖြစ်၊ မောင်ဖြစ်သူရဲ့ ဘဝတစ်သက်တာ ကိစ္စကြီးကို ဒီအစ်မကြီးက သေချာပေါက် ပါဝင်ရမှာပေါ့ !
ယွင်ရွှမ်းရုံသည် သူမကို မတားဆီးနိုင်မှန်း သိလိုက်ပြီး ၊ ကူကယ်ရာမဲ့စွာဖြင့် သဘောတူလိုက်ရသည် ။
“ကောင်းပြီ၊ ဒါပေမယ့် ငါ့ဘေးမှာ ငြိမ်ငြိမ်ကုပ်ကုပ်လေးလိုက်ခဲ့ !”
“ဟုတ်ကဲ့ အမေ!”
နှစ်ယောက်သား သဘောတူညီမှုယူပြီးသည်နှင့် ၊ ယွင်ရွှမ်းရုံသည် စူးယွင်ယွဲ့ကို ဆွဲကိုင်လိုက်သည်။
ဝီ !!
အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် ယွင်ရွှမ်းရုံ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ၊ အလင်းကန့်လန့်ကာတစ်ခုသဖွယ် သူမတို့နှစ်ဦးစလုံးကို လွှမ်းခြုံသွားခဲ့သည်။
သူမတို့သည် ယောင်ကွမ်အမတဂိုဏ်းသို့ အမြန်ဆုံးရောက်ရှိရန်အတွက် ယွင်ရွှမ်းရုံသည် သူမ၏မှော်စွမ်းအားဖြင့် အာကာသ ဟင်းလင်းပြင်ကို ချိုးဖျက်ကာ စူးယွင်ယွဲ့ ကို ခေါ်ဆောင်သွားမည် ဖြစ်သည်။
အမတဧကရာဇ်မင်း တစ်ပါးသည် သူ၏အတွေးတစ်ချက်ဖြင့် မိုင်ပေါင်းများစွာကို ခရီးနှင်နိုင်သည်။ အာကာသစကြာဝဠာကို တိုက်ရိုက် ဖြိုခွဲလျက် အမတနယ်မြေများကို ဖြတ်ကျော်နိုင်သလို မရေမတွက်နိုင်သော ကမ္ဘာများအထိပင် ရောက်ရှိနိုင်သည်။
သို့ရာတွင် ၊ ဤခရီးစဉ်အတွင်း ကြုံတွေ့ရမည့် အာကာသ မုန်တိုင်းဒဏ်သည် အလွန်ကို ပြင်းထန်ပေသည်။ အမတဧကရာဇ်အဆင့်၏အထက် ပုဂ္ဂိုလ်များမှအပ အခြားမည်သူမှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
အခြားသူများအနေဖြင့် ၊ အာကာသစီးတော်ယာဉ်များဖြင့်သာ ခရီးသွားလာနိုင်သည်။
“ချန်ကဲ၊ မင်း စိတ်ချလက်ချသာ အားထုတ်နေ၊ အမေနဲ့ အစ်မက မကြာခင်ပြန်လာခဲ့မယ်”
ယွင်ရွှမ်းရုံသည် ထိုသို့မှာကြားပြီးသည်နှင့် ၊ သူမသည် အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံဆီသို့ ထိုးတတ်သွားသည်။
နောက်ဆုံးတွင် အာကာသဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ပျောက်ကွယ်သွားလေတော့သည်။
စူးချန်ကဲမှာ ပဟေဠိဖြစ်စွာဖြင့် ကျန်ရစ်နေခဲ့သည်။
“ငါ့အတွက် အဖိုးတန်ပစ္စည်းတွေ ပြင်ဆင်ပေးမလို့ဆို... ?”
“ဘယ်အဖိုးတန်ပစ္စည်းမျိုးက အမတစွမ်းအားကိုတောင် အသုံးပြုပြီး ၊ ခုလိုအာကာသ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ခရီးသွားရတဲ့အထိတုန်း”
သူမတို့နှစ်ဦး ပျောက်ကွယ်သွားသည့် ဦးတည်ရာဘက်သို့ ကြည့်ရင်း စူးချန်ကဲသည် တီးတိုးရေရွတ်လိုက်သည်။
“ ငါ အမှတ်မမှားဘူးဆိုရင်... အမေနဲ့ အစ်မ သွားတဲ့ဦးတည်ရာဘက်က ယောင်ကွမ်အမတဂိုဏ်းဘက်နဲ့ တူနေသလားလို့ “
အပိုင်း(၆၄၂): ကောင်းကင်အရှင်၏ ကောင်းချီးမင်္ဂလာ၊ မနာလိုမှုမီးလျှံများ
စိတ်ထဲတွင် သံသယမေးခွန်းများရှိနေခဲ့သော်လည်း ၊
သို့သော် စူးချန်ကဲသည် အများကြီးမစဉ်းစားတော့ချေ။
လော့ရန်ယွီအတွက်နဲ့ ယောင်ကွမ်အမတဂိုဏ်းကို အထူးတလည်သွားမယ်ဆိုတာ ဖြစ်နိုင်လို့လား !?
“လာစမ်း !”
ဝီ...!
စူးချန်ကဲ၏ ခေါ်ဆိုသံအပြီးတွင် ၊ အာကာသ ဟင်းလင်းပြင်၌ လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။
ရွှေအမတအဆင့်ရှိ စစ်သည်တစ်ဦး ထွက်ပေါ်လာသည်။ ထိုအနှီလူသည် ဒူးတစ်ဖက်ထောက်လျက် လက်နှစ်ဖက်လျှက်ကာ ဦးညွှတ်လိုက်သည်။
“ချန်ကဲမင်းသားကြီးကို ဂါရဝပြုပါတယ်”
“ငါ့ကို သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်ကို ခေါ်သွားပေး၊ ငါမင်းသား တံခါးပိတ်ကျင့်ကြံမယ်”
“ဟုတ်ကဲ့!”
ထိုရွှေအမတအဆင့်ရှိ စွမ်းအားရှင်သည် စူးချန်ကဲအား ပြန်လည်မေးခွန်း မထုတ်ဝံ့ခဲ့ချေ။ အကြောင်းမှာ စူးချန်ကဲ၏ အဆင့်အတန်းသည် သံသရာစက်ဝန်းအမတမင်းဆက်တွင် အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုရမည်။
ထို့အပြင် ၊ သူတို့၏ တိုင်းပြည်ဘုရင်ကပင် သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်အား စူးချန်ကဲ၏ အားထုတ်ရာနေရာအဖြစ် အပ်နှင်းထားပြီးဖြစ်သည်။
ထိုရွှေအမတအဆင့်ရှိ စွမ်းအားရှင်သည် သူ့လက်ကို တချက်ဝှေ့ယမ်းလိုက်သည်နှင့် အမတရောင်ခြည်အလင်းများဖြင့် တောက်ပနေသော မှော်သင်္ကေတများသည် တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားလာပြီး ၊ ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်၌ တောက်ပသော အလင်းတံခါးပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
စူးချန်ကဲသည် အထဲသို့ ဝင်ရောက်သွားသည်နှင့် သူ၏ ပုံရိပ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေတော့သည်။
………
တစ်ချိန်တည်းမှာပင်။
ကွေးယွမ်အမတနယ်မြေ၊ ယောင်ကွမ်အမတဂိုဏ်း။
တားမြစ် အုပ်စုကြီး ကိုးဖွဲ့အနက် တစ်ဖွဲ့ဖြစ်ပြီး ၊ တစ်ချိန်က ထိပ်တန်းအမတဂိုဏ်း ၃၆ဂိုဏ်းတွင် ပါဝင်ခဲ့သောအင်အားစု ဖြစ်သည်။
ကွေးယွမ်အမတဂိုဏ်းနှင့် နယ်မြေတစ်ခုတည်းတွင် တည်ရှိသော်လည်း ၊
သို့သော် ၎င်းတို့သည် အကန့်အသတ်မရှိသော နယ်မြေဒေသများကို အုပ်ချုပ်ပြီး ၊ အမတနယ်မြေရှိ လောကသားများ မျှော်ကြည့်ရသော အင်အားစုလည်း ဖြစ်ပေသည်။
လက်ရှိ အချိန်တွင် ယောင်ကွမ်အမတဂိုဏ်းသည် လွန်စွာအားကောင်းသော အမတ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ယံမှ အလင်းတန်းများ ဖြာကျနေပြီး၊ မရေမတွက်နိုင်သော နတ်ကျွန်းများနှင့် အဆောက်အဦးများက လေထဲတွင် ညီညာစွာ မျောလွှင့်နေသည်။
မရေမတွက်နိုင်သော အမတလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများ၏ ပေါင်းစည်းပဲ့တင်ရိုက်ခတ်သံများကြား ၊
ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခုရှိနေပြီး ၊ မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့်သာ မြင်နိုင်သော်လည်း သို့သော် ထိုပုဂ္ဂိုလ်သည် အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဍာန်နှင့် ဆင်တူသည်။
သူမ၏လှုပ်ရှားမှုတိုင်းက လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေသည့် အရှိန်အဝါများကို ထုတ်လွှတ်နေပြီး ၊ သူမပတ်ဝန်းကျင်ရှိ အရာတိုင်းကို မှိန်ဖျော့သွားစေသည်။
ဤပုဂ္ဂိုလ်မှာ ယောင်ကွမ်အမတဂိုဏ်း၏ ပထမဆုံး ခေါင်းဆောင်ဖြစ်ပြီး ၊ ယောင်ကွမ်အမတဂိုဏ်း၏ တည်ထောင်သူဟု ဆိုရမည်။
အမတစိုးစံရာခေတ်တွင် ၊ အမတနယ်မြေရှိ လောကသားများက သူမအား “ယောင်ကွမ်းကောင်းကင်အရှင်”ဟု ခေါ်ဆိုကြသည်။
ထိုခေတ်ကာလမှာပင် ၊ သူမသည် အမတနယ်မြေ၏ အထက်လောကသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ယနေ့တွင် သူမသည် ဤနေရာသို့ ကြွရောက်လာရခြင်းမှာ လော့ရန်ယွီအား ဆက်ခံသူအဖြစ် ခန့်အပ်မည့်အရေးကြီးကိစ္စကြောင့် ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့်၊ လော့ရန်ယွီ၏ ပင်ကိုယ်ပါရမီသည် ထူးချွန်လှပြီး သမိုင်းတစ်လျှောက်တွင် ပရမ်းပတာအန္တိမကိုယ်ထည်ကို ပိုင်ဆိုင်ထားသော တစ်ဦးတည်းသောသူဖြစ်သောကြောင့် ၊ သူမသည် ကွေးယွမ်အမတဂိုဏ်း၏ ယောင်ကွမ် စိတ်ကူးယဉ်အမတမျက်ဝန်းကို ဆက်ခံရန် သင့်တော်ခဲ့သည်။
၎င်းထက် ပိုအရေးကြီးသည်မှာ တိုက်မြေ သုံးထောင်ရှိ ယောင်ချီ သူတော်စင်နယ်မြေမှ ဘိုးဘေးများ၏ ပြောဆိုချက်အရ လော့ရန်ယွီသည် စူးချန်ကဲနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိသည်ဟု ကြားသိခဲ့ရသည်။
တားမြစ် အင်အားစုကြီး သုံးဖွဲ့မှ ဆက်တိုက် ထုတ်ပြန်လာခဲ့သော ကြေညာချက်များကိုလည်း သူမကိုယ်တိုင် ကြားသိခဲ့ပြီး ၊ အများနည်းတူ အတော်လေး အံ့အားသင့်ခဲ့ရသည်။
သူမ၏ အမြင်အရ ၊ စူးချန်ကဲသည် သာမန်လူတို့ မှန်းဆ၍မရနိုင်သော ပါရမီစွမ်းရည်များကို ပိုင်ဆိုင်ထားသည်မှာ ဧကန်မလွဲပင် ။ထို့ကြောင့်သာလျှင် တားမြစ် အင်အားစုသုံးဖွဲ့မှ ဤကဲ့သို့အဆင့်အတန်းကို ပေးအပ်ခဲ့ခြင်း ဖြစ်နိုင်သည်။
သို့မဟုတ်ပါက သူတို့သည် ဤကဲ့သို့ လူသိရှင်ကြား ဂယက်ထသော အခြေအနေထိ ရောက်အောင် တွန်းပို့ခဲ့လိမ့်မည် မဟုတ်ပေ။ အမတနယ်မြေရှိ ပါရမီရှင်များကို နှိပ်ကွပ်နိုင်သည့် ခွန်အားမျိုးမရှိပါက ၊ သူတို့၏ ဆက်ခံသူသည် လူတိုင်းအတွက် ဟာသဖြစ်လာပေလိမ့်မည်။
ထို့အပြင် ၊ ၎င်းတို့၏ ဆက်ခံသူသည် သူမ၏ ယောင်ကွမ်အမတဂိုဏ်းမှ လော့ရန်ယွီနှင့် ရင်းနှီးသော ဆက်ဆံရေးရှိထားသည်။
ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ ယောင်ကွမ်အမတဂိုဏ်းသည် ဤကိစ္စကို အခွင့်ကောင်းယူကာ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို မြှင့်တင့်သင့်သည် မဟုတ်လော။
အနာဂတ်တွင် ဆွေမျိုးဖြစ်လာပါက ၊ သူမတို့ ယောင်ကွမ်အမတဂိုဏ်းသည် တားမြစ်အင်အားစု သုံးဖွဲ့နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ပေတော့မည်။
ထိုအကြောင်းကို စဉ်းစားမိသည်နှင့် ၊ ယောင်ကွမ်းကောင်းကင်အရှင်သည် အနည်းငယ် စိတ်လှုပ်ရှားလို့နေသည်။
မျိုးဆက်ဟောင်းတိုင်း ထိုသူတို့၏ အခြေခံအုတ်မြစ်သည် မည်မျှနက်ရှိုင်းကြောင်း သိကြသည်။
“ငါ ယောင်ကွမ်အမတဂိုဏ်းရဲ့ အမည်နာမနဲ့ ကောင်းချီးမင်္ဂလာကို ချီးမြှင့်ပြီး ကံကောင်းခြင်းတွေကို ပေးသနားတော်မူတယ် “
ယောင်ကွမ်းကောင်းကင်အရှင်သည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ၊
တောက်ပသော အလင်းမိုးများသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ၊ ၎င်းတို့သည် ဦးတည်ဘက်တစ်နေရာဆီသို့ သွားရောက်နေကြသည်။
တစ်ချိန်တည်းမှာပင်၊ ကျက်သရေရှိသော ပုံရိပ်များစွာသည် ကောင်းကင်တွင် ပျံဝဲနေကြပြီး ၊ ၎င်းတို့သည် ရောင်စုံဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ယိမ်းနွဲ့ကခုန်နေသည်။
သူမတို့အကုန်လုံးသည် ကြော့ရှင်းသော ခန္ဓာကိုယ်အချိုးအစားဖြင့် ရောင်စုံဖီးနပ်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး၊ အံ့ဩဖွယ်ရာ အလှတရားများကို ပိုင်ဆိုင်ထားကြသည်။
ယောင်ကွမ်အမတဂိုဏ်းမှ အမျိုးသမီးလေးများသည် ၎င်းတို့၏ ရောင်စုံဝတ်ရုံများကို ဝတ်ဆင်ကာ လှပစွာ ကခုန်နေကြပြီး ၊
အင်္ကျီလက်များကို လှုပ်ခါလိုက်သည်နှင့်အမျှ ၊ စိတ်ကို လှုပ်ခတ်သွားစေသည့် ပလွေသံ နှင့် ဗျပ်စောင်းသံတို့သည် ကျယ်လောင်စွာ ထွက်ပေါ်လာတတ်သည်။
မဟာလမ်းစဉ်၏ ရောင်ခြည်မှ ဖြစ်ပေါ်လာသော ပွင့်ဖတ်လေးများသည် စိတ်ကို ယစ်မူးစေသော ပန်းရနံ့များကို သယ်ဆောင်ရင်း လေထဲမှ ဖြည်းဖြည်းချင်း ကျဆင်းလာသည်။
ဤနေရာရှိ မြင်ကွင်းတို့သည် အလွန်ကို လှပပြီး ၊ ဒဏ္ဍာရီထဲက ပန်းကြဲနေသော နတ်မိမယ်များကဲ့သို့ပင်။
အမတစင်မြင့်အလယ်ဗဟိုတွင် တောက်ပစွာဖြင့် ရိုက်ခတ်လှုပ်ရှားနေသော ရောင်စုံတိမ်တိုက်များကြား ၊
အဖြူရောင်အဝတ်စားဖြင့် နတ်သမီးကဲ့သို့ လှပသော အမျိုးသမီးလေးတစ်ဦးသည် ပွင့်လန်းနေသော ကြာပန်းသဖွယ် လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားသည်။
သူမသည် ပန်းမိုးများ၏ရောင်ပြန်ဟပ်မှုအောက်တွင် ရှိနေသည်မှာ အိပ်မက်သဖွယ် လှပလွန်းပေသည်။
ဤသည်မှာ ယောင်ကွမ်အမတဂိုဏ်း၏ ကောင်းချီးမင်္ဂလာ အခမ်းအနားပင် ဖြစ်သည်။
အမျိုးသမီးဂိုဏ်းတစ်ခု ဖြစ်သည်နှင့်အလျောက် ၊ သူမတို့၏ ထုံတမ်းအစဉ်အလာ အခမ်းအနားသည် အလွန်ကို ချစ်စရာကောင်းပေသည်။
ကောင်းချီးမင်္ဂလာကို လက်ခံသူသည် အမတရောင်ခြည်အလင်းများနှင့် ပန်းမိုးများ၏ သန့်စင်သွန်းလောင်းမှုအောက်တွင် ၊ ကြော့ရှင်းလှပစွာ ကခုန်ရန်လိုအပ်သည်။
အကြောင်းမှာ သူမတို့၏ အမြင်တွင်၊ လှပသော ကကွက်များသည် မဟာလမ်းစဉ်၏ မျက်နှာသာပေးမှုကို ပိုမိုရရှိပြီး ကောင်းချီးများစွာ ရရှိစေနိုင်သည်ဟု ယုံကြည်ထားကြသည်။
လော့ရန်ယွီသည် ပေါ့ပါးသော ဂါဝန်ထည်ကို ဝတ်ဆင်ထားပြီး၊ သူမ၏ ဖြူဖွေးနုနယ်သော အသားအရေကို အထည်မှတစ်ဆင့် ဖောက်ထွင်းမြင်နေရသည်။
မျက်လုံးစည်းကို ယခုထိတိုင် ချည်နှောင်ထားသဖြင့် ၊ သူမ၏ ပြီးပြည့်စုံသော အလှအပကို တွေ့မြင်ရန် ခက်ခဲသော်လည်း၊ သို့သော် ဤမြူဆိုင်းများကြား ပုန်းကွယ်နေသော အလှအပသည် ပို၍ပင် ဆွဲဆောင်မှုရှိနေခဲ့သည်။
သူမ၏ခန္ဓာကိုယ်သည် သွယ်လျပြီး ၊ လှပသော ကောက်ကြောင်းလေးများ ရှိကာ ၊ ကြော့ရှင်းလှပသော ကကွက်များကို ဆက်တိုက် ကပြနေသည်။
ဤမြင်ကွင်းသည် လူတိုင်းကို အိမ်မက်တစ်ခုအလား ယစ်မူးသွားစေသည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ လော့ရန်ယွီသည် အသက်ရှုဖို့ကိုပင် မေ့ပျောက်သွားစေသည်အထိ လှပလွန်းသည်။
လူတိုင်း လော့ရန်ယွီ၏ ဆွဲဆောင်မှုရှိသော ကပြဖျော်ဖြေမှု၌ နစ်မြုပ်နေကြစဉ် ၊
လူအုပ်စုထဲမှ အပြာရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အေးစက်စွာဖြင့် ကြည့်ရှုနေသည်။
သူမ၏ အေးစက်သော အကြည့်ထဲတွင် လော့ရန်ယွီကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုသည့် စိတ်ဆန္ဒများကို ဖုံးကွယ်ထားသည်။
“ သေသင့်တယ်... ဘာကြောင့်လဲ...!?”
“ ယောင်ကွမ်အမတဂိုဏ်းက ဒီလောက်အဖိုးတန်တဲ့ ‘နတ်ဘုရားမ’ ဘွဲ့ကို အဆင့်နိမ့်လောက ကနေ တတ်လာတဲ့လူကို ဘာကြောင့်ပေးလိုက်ရတာလဲ!?”
“ ယောင်ကွမ်အမတဂိုဏ်းရဲ့ ခေတ်ပြိုင်ပါရမီရှင်တွေထဲမှာ ငါကသာ အထူးချွန်ဆုံး ပါရမီရှင်လေ!”
“ ဘာလို့ ငါ မဟုတ်ရတာလဲ !?”
သူမသည် ယောင်ကွမ်အမတဂိုဏ်း၏ မျိုးဆက်သစ် လူငယ်ပါရမီရှင်ဖြစ်ပြီး ၊ နောင်တွင် အမတနယ်မြေတစ်ခွင်၌ လှည့်လည်အတွေ့အကြုံယူမည့် ထူးချွန်သောပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။
သူမ၏ အမည်မှာ ယန်လင်းလုံဖြစ်သည်။ သူမသည် မွေးရာပါ လင်းလုံ နှလုံးသားကို ပိုင်ဆိုင်ထားသောကြောင့် မဟာလမ်းစဉ်နှင့် သဘာဝအတိုင်း သဟဇာတဖြစ်ပြီး ၊ အဆင့်ချိုးဖျက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲမှာ နည်းပါးသည်။
သူမ၏ လက်ရှိကျင့်ကြံမှုအဆင့်သည် စစ်မှန်အမတ သတ္တမအဆင့်သို့ ရောက်ရှိထားသည်။
ဤအရာသည် နောင်တွင် အမတနယ်မြေတစ်ခွင် အတွေ့အကြုံယူကြမည့် လူငယ်ပါရမီရှင်များကြားတွင် အတော်မြင့်သည်ဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် အမတနယ်မြေတစ်ခွင် အတွေ့အကြုံယူကြမည့် မျိုးဆက်သစ် လူငယ်ပါရမီရှင်များသည် စစ်မှန်အမတ နယ်ပယ်အဆင့် အတွင်း၌သာရှိပြီး ၊ အများဆုံး စစ်မှန်အမတနယ်ပယ် နဝမအဆင့်ထိသာ ရှိသည်။
သူတို့အားလုံးသည် အတွေ့အကြုံယူခြင်းဖြင့် ပို၍မြင့်မားသော အဆင့်ကို ချိုးဖျက်ကြပေမည်။
ဤအရာကိုကြည့်ခြင်းအားဖြင့် ယန်လင်းလုံ၏ ပါရမီ နှင့် ကျင့်ကြံမှုသည် အခြားသော မျိုးဆက်သစ် လူငယ်ပါရမီရှင်များထက် သာလွန်သည်ဟု ဆိုရပေမည်။
သို့သော် မိမိတွင် ဤမျှမြင့်မားသော ပါရမီနှင့် ကျင့်ကြံမှုရှိပါလျက်နဲ့ ၊
ယောင်ကွမ်အမတဂိုဏ်းသည် ဤမျှအဖိုးတန်သော ‘နတ်ဘုရားမ’ ရာထူးကို အဆင့်နိမ့်လောကမှ တတ်ရောက်လာသော လော့ရန်ယွီကို ပေးအပ်လိုက်ခြင်းသည် ယန်လင်းလုံအတွက် လက်ခံနိုင်စရာမရှိပေ။
ထို့ကြောင့် သူမစိတ်ထဲတွင် မကျေနပ်မှုများနှင့် မုန်းတီးမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။
သူမကို ပို၍ ဒေါသထွက်စေခဲ့သည်မှာ-
သူမ၏ဆရာသည် ယောင်ကွမ်အမတဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သည်။
သူမ၏ဆရာသခင်သည် ကွေးယွမ်အမတဂိုဏ်း၏ ဘိုးဘေးများနှင့် ဂိုဏ်းချုပ်ပြီးလျှင် အကြီးဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ဤမျှနက်ရှိုင်းသော နောက်ခံအာဏာရှိပါလျက်နဲ့ ၊
သူမ၏ အဆက်အသွယ်များကို အသုံးပြုကာ ပြသနာကို မဖြေရှင်းနိုင်ခြင်းသည် သူမအတွက် အလွန် ဒေါသထွက်စရာကောင်းနေခဲ့သည်။
အပိုင်း(၆၄၃): သားအမိနှစ်ယောက် ယောင်ကွမ်အမတဂိုဏ်းကို ရောက်ချလာခြင်း (Part-1)
အမှန်အားဖြင့် ၊ ယောင်ကွမ်အမတဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဘိုးဘွားများမှလွဲ၍ လော့ရန်ယွီသည် စူးချန်ကဲနှင့် ဆက်နွယ်နေသည်ကို မည်သူမျှ မသိကြပေ။
အကယ်၍ ထိုကိစ္စကို အလွယ်တကူ ထုတ်ဖော်ပြောဆိုမိပါက ၊ မလိုအပ်သော ဒုက္ခများကို ဖြစ်ပေါ်လာစေနိုင်သည်။
သို့သော်လည်း ၊ ဤသည်မှာ ဘိုးဘေးများနှင့် ဂိုဏ်းချုပ်ကိုယ်တိုင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် ယောင်ကွမ်အမတဂိုဏ်းမှ မည်သူမှ ဝင်ရောက်မစွက်ဖက်ဝံ့ပေ။
လူတိုင်း၏ အာရုံစူးစိုက်မှုကို ရရှိထားသော လော့ရန်ယွီ၏ ခန္ဓာကိုယ်သည် ကြည်လင်ကာ ဝင်းလက်တောက်ပနေသည်ကို မြင်ရသည်နှင့်အမျှ ၊
ယန်လင်းလုံ၏ စိတ်ထဲက အငြိုးအတေးများသည် ပို၍ နက်ရှိုင်းလာခဲ့သည်။
“ ဒီအရှက်မရှိတဲ့ မိန်းမက ငါတို့ ယောင်ကွမ်အမတဂိုဏ်းရဲ့ နတ်ဘုရားမ ဖြစ်လာတယ်ဆိုရင်..”
“ ဒါဆိုလည်း ဒီမိန်းမက ဒီရာထူးကိုရရှိဖို့ ထိုက်တန်တဲ့ အရည်အချင်းမရှိဘူးဆိုတာ လူတိုင်းကို သိသွားစေရမယ် !”
ယန်လင်းလုံ၏ အမြင်တွင် ၊ သူမ၏ ပင်ကိုယ်ပါရမီသည် လော့ရန်ယွီထက် အားမနည်းကြောင်း ယုံကြည်ထားသည်။
ထို့အပြင်၊ နောက်ခံနှင့် အဆက်အသွယ်အရ၊ သူမသည် လော့ရန်ယွီထက် သာလွန်သည်။
လော့ရန်ယွီသည် တိုက်မြေ သုံးထောင်တွင် ထင်ရှားသော အဆင့်အတန်းရှိသူတစ်ဦးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်နေခဲ့သည်။
သို့သော်လည်း ယန်လင်းလုံသည် ထိုသတင်းများကို မထီမဲ့မြင်ပြုကာ လျစ်လျူရှုထားခဲ့သည်။
တိုက်မြေ သုံးထောင် ဟုတ်လား ?
အဲ့လိုနိမ့်ကျတဲ့ နေရာမျိုးမှာ ဘယ်လိုထူးခြားတဲ့ ပုဂ္ဂိုလ်မျိုး ထွက်လာနိုင်မှာလဲ ?
သူမရဲ့ ယောင်ကွမ်အမတဂိုဏ်းနဲ့ ယှဉ်ရင် ၊ အဲ့လောက်ကတော့ ဘာဖြစ်လဲ !
.........
တစ်ချိန်တည်းမှာပင်။
ရွှေရောင်တဖိတ်ဖိတ် တောက်ပနေသော ခန်းမကြီးအတွင်း၌ ၊
ခန်းမကြီး၏အလယ်ဗဟိုတွင် ၊
နတ်အလင်းများဖြင့် တောက်ပနေသော မှန်တစ်ချပ်သည် လေထဲတွင် မျောလွှင့်နေသည်။
ဖန်သားပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသည့် မြင်ကွင်းမှာ ပွင့်ဖက်များကြား ကပြဖျော်ဖြေနေသော လော့ရန်ယွီ၏ ရုပ်သဏ္ဍာန်ပင် ဖြစ်သည်။
ယောင်ကွမ်အမတဂိုဏ်းမှ အကြီးအကဲများစွာသည် ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင် အစီအရီထိုင်နေကြသည်။
တစ်ဦးနှင့်တစ်ဦး ရယ်မောပြောဆိုရင်း ၊ လေထုသည် အတော်လေး သက်ဝင်စည်ကားနေခဲ့သည်။
သို့ရာတွင် သူမတို့အားလုံးသည် လှပသောအမျိုးသမီးများ ဖြစ်ကြသည်။
အသက်အရွယ်အားဖြင့် ငယ်ရွယ်နုပျိုသည်ဟုထင်ရပြီး ၊ သူမတို့၏ရုပ်ရည်မှတဆင့် သူမတို့၏ အသက်အရွယ်အမှန်ကို အတိအကျ ဆုံးဖြတ်ရန် မဖြစ်နိုင်ချေ။
အသက်အကြီးဆုံးသူမှာ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်နှင့်တူပြီး ၊ သူမထံမှ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါကို ခံစားရသည်။
“ကောင်းတယ် ၊ အခမ်းအနားပြီးဆုံးသွားတာနဲ့ ရန်ယွီက ကောင်းချီးမင်္ဂလာကို အပြည့်အဝရရှိသွားလိမ့်မယ် “
“ ဒီနေ့ခေတ် ငါတို့ ယောင်ကွမ်အမတဂိုဏ်းမှာ ခုလို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်မထားဘူး ၊ အရင်က တစ်ခါမှ မကြားဖူးမကြုံဖူးတဲ့ မဟာလမ်းစဉ်ရဲ့ နတ်ကိုယ်ထည်ကို နိုးထစေရုံသာမက ယောင်ကွမ် စိတ်ကူးယဉ်အမတမျက်ဝန်းနဲ့လည်း လုံးဝ ကိုက်ညီနေခဲ့တယ်”
“ အချိန်တန်ရင် ရန်ယွီရဲ့ အောင်မြင်မှုတွေက အံ့မခန်းဖြစ်လာမှာ သေချာတယ်...”
လူတိုင်း စိတ်ရင်းဖြင့် ချီးကျူးနေကြစဉ် ၊ အချိန်အခါ မသင့်လျော်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ သူက အဆင့်နိမ့်လောက ကနေ တတ်ရောက်လာတဲ့သူပဲ “
“သူမရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်တယ် ၊ သူမကို ခုလို ဆက်ခံသူအဖြစ် တင်မြောက်လိုက်တာက လူအများ လက်မခံနိုင်မှာကို စိုးရတယ်”
ထိုစကားသံအဆုံးတွင် ၊
မူလက ချီးမွမ်းစကားပြောဆိုနေသူများသည် ချက်ချင်းဆိုသလို ရပ်တန့်သွားပြီး ၊ အသံလာရားကို လှမ်းကြည့်လိုက်ကြသည်။
စကားပြောသူမှာ စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။
သူမ၏ ဆံနွယ်များသည် နှင်းပမာ ဖြူဖွေးဆွတ်နေပြီး ၊ရုပ်ရည်သည် အတော်လေး ချောမောလှပပေသည်။ သူမ၏အသွင်အပြင်သည် ယန်လင်းလုံနှင့် အနည်းငယ်ဆင်တူသည်။
သူမ၏အမည်မှာ လျူံယွင် ဖြစ်ပြီး ၊ ယန်လင်းလုံ၏ ဆရာသခင်ဖြစ်ရုံသာမက ယောင်ကွမ်အမတဂိုဏ်း၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်။ သူမသည် ကပ်ဘေးကိုးပါး အမတဧကရာဇ်တစ်ပိုင်းအဆင့်ထိ ရောက်ရှိထားသူ ဖြစ်သည်။
လော့ရန်ယွီအား ဆက်ခံသူအဖြစ် တင်မြှောက်ခြင်းနှင့်ပတ်သက်၍ ၊ သူမသည်လည်း အတိုင်းအတာတစ်ခုအထိ မကျေမနပ်ဖြစ်နေခဲ့သည်။
သို့သော်လည်း ဂိုဏ်း၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန်မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤနေရာတွင် မိမိ၏မကျေနပ်ချက်ကို ထုတ်ဖော်ပြောဆိုရုံသာ တတ်နိုင်သည်။
ဒါဆို ဂိုဏ်းမှာ ပျံ့နှံ့နေတဲ့ လော့ရန်ယွီနဲ့ ပတ်သတ်တဲ့ ကောလဟာလသတင်းတွေကရော?
သေချာပေါက် လျုံယွင်၏ သဘောထားမှာလည်း ယန်လင်းလုံနှင့် အတူတူပင်ဖြစ်သည်။
ဤကိစ္စသည် အကြောင်းအရင်းမရှိဘဲ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၊ ယောင်ကွမ်အမတဂိုဏ်းမှ ဘိုးဘေးများသည် လော့ရန်ယွီအတွက် ဂုဏ်သတင်းမြှင့်တင်ရန် ဖန်တီးထားသည့် အကြောင်းအရာများသာ ဖြစ်သည်ဟု ယူဆထားကြသည်။
“အော်...?”
“ အကြီးအကဲ လျုံယွင်က ဂိုဏ်းရဲ့ဆုံးဖြတ်ချက်ကို ထင်မြင်ချက်ရှိနေတာလား”
ထိုစဉ် ၊ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လူတိုင်း၏ အကြည့်များက ထိုအသံလားရာဘက်သို့ ထပ်မံ ရောက်ရှိသွားပြန်သည်။
ထိုသူမှာ ထိပ်ဆုံးနေရာတွင် ထိုင်နေသော အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။
တောက်ပသော ရောင်ခြည်အလင်းတန်းများက သူမ၏ ဘေးပတ်ပတ်လည်တွင် ဖြာထွက်လျက် ၊ အမတအလိုဆန္ဒများက တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသည်။
သူမ၏မျက်နှာကို ပါးလွှာသော ပိုးပုဝါဖြင့် ဖုံးအုပ်ထားပြီး ၊ ဖီးနစ်အဖြူထည် ဝတ်ရုံကို ဆင်မြန်းထားသည်။ ထို့ကြောင့် သူမ၏ အေးစက်စက်နိုင်သော မျက်ဝန်းတစ်စုံကိုသာ မြင်တွေ့နိုင်သည်။
မည်သည့်စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ ၊ အကြည့်တစ်ချက်တည်းဖြင့် ၊ နတ်ဘုရားမတစ်ပါးကဲ့သို့ သူမ၏ မြင့်မြတ်သော ဂုဏ်အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။
သူမသည် ယောင်ကွမ်အမတဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ရှကွမ်း အမတဧကရီပင် ဖြစ်သည်။
“ဒါဆို မင်းရဲ့ သဘောအရ “
“ ဘယ်လို ဆောင်ရွက်သင့်တုန်း”
ရှကွမ်း အမတ ဧကရီ၏ စကားသံအဆုံးတွင် ၊
မမြင်နိုင်သော ဖိအားတစ်ခု ပျံ့နှံ့ထွက်ပေါ်လာရာ အကြီးအကဲလျုံယွင်အား အသက်ရှုလို့မရနိုင်အောင် ဖြစ်သွားစေသည်။
အမတဂိုဏ်းမျိုးဆက်တစ်ခု၏ ဂိုဏ်းခေါင်းဆောင်တစ်ယောက် အနေဖြင့် ကျင့်ကြံမှုအဆင့်သည် သဘာဝအားဖြင့် သူများထက်အလွန်မြင့်မားပြီး ၊ ဘိုးဘေးများပြီးလျှင် သူမသည် အင်အားအကြီးမားဆုံး ဖြစ်သည်။
အကြီးအကဲ လျုံယွင်သည်ပင် သူမ၏ရှေ့တွင် နည်းနည်းမှ မယှဉ်ပြိုင်နိုင်ခဲ့ပေ။
လျုံယွင်၏ မျက်နှာသည် ဖြူဖျော့သွားပြီး ချက်ချင်းဆိုသလို ဦးညွှတ်ကာ ပြန်လည်လျှောက်တင်လိုက်သည်။
“ မဟုတ်ရပါဘူး ၊ ဂိုဏ်းရဲ့အမိန့်ကို လျုံယွင်အနေနဲ့ ဘာထင်မြင်ချက်မှ မရှိပါဘူး”
ထိုသို့ ပြောကြားခဲ့သော်လည်း ၊ လျုံယွင်၏ စိတ်ထဲတွင် မကျေနပ်သေးပေ။
သူမ၏အမြင်တွင် ၊ လော့ရန်ယွီသည် အဆင့်နိမ့်လောကမှ လာသူဖြစ်ပြီး ၊ သူမ၏ အဆင့်အတန်းသည် မိမိ၏တပည့်ထက် အဆင့်အတန်းမရှိချေ။
လော့ရန်ယွီအနေဖြင့် ဆက်ခံသူဖြစ်ခဲ့လျှင်တောင် ၊ အကြီးအကဲတစ်ယောက်အနေဖြင့် သူမတွင် လော့ရန်ယွီကို ဖိနှိပ်နိုင်မည့် နည်းလမ်းများစွာ ရှိသေးသည်။
ဆက်ခံသူ၏နေရာကို မိမိ၏တပည့်က မဆက်ခံနိုင်ခဲ့လျှင်ဖြင့် ၊ ဒါဆို သူမသည် အခြားသူများကို ထိုနေရာ၌ သက်တောင့်သက်သာထိုင်ခွင့်ပြုမည် မဟုတ်။
လျုံယွင်သည် အများရှေ့တွင် နောက်ဆုတ်သွားသည့်ပုံပေါက်သော်လည်း၊ သို့သော် ရှကွမ်း အမတ ဧကရီသည် သူမ၏စိတ်ကူးကို နားလည်သဘောပေါက်ထားပုံရသည်။
သို့သော် သူမဘက်မှ သတိပေးချက် မထုတ်ပြန်ရသေးခင် ၊
လူတစ်ယောက်သည် စိုးရိမ်ပူပန်သော အမူအရာဖြင့် အပြင်ဘက်မှ အလျင်အမြန်ပြေးဝင်လာကာ လျှောက်တင်ခဲ့သည်။
“အကြီးအကဲတို့ကို အစီရင်ခံပါတယ်”
“ သံသရာစက်ဝန်း အမတမင်းဆက်က မင်းသမီးကြီး ယွင်ရွှမ်းရုံ ၊ တားမြစ် စူးမိသားစုက စူးယွင်ယွဲ့ တို့ က ယောင်ကွမ်အမတဂိုဏ်းကို အထူးတလည် လာရောက်လည်ပတ်တာဆိုပြီး အပြင်မှာ စောင့်နေပါတယ်”
အပိုင်း(၆၄၃): သားအမိနှစ်ယောက် ယောင်ကွမ်အမတဂိုဏ်းကို ရောက်ချလာခြင်း(Part-2)
ထိုစကားများကို ကြားလိုက်ရသည်နှင့်၊
လူတိုင်း၏စိတ်ထဲတွင် ထိတ်လန့် တုန်လှုပ်သွားကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေပြီး ၊ လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေကြသော အမူအရာများက ဖုံးထား၍မရနိုင်အောင်ပင်။
အချိန်အနည်းငယ်ကြာပြီးနောက် ၊ ဆွေးနွေးငြင်းခုံသံများ ထွက်ပေါ်လာခဲ့သည်။
“ သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ မင်းသမီးကြီး နဲ့ တားမြစ် စူးမိသားစုရဲ့ အကြီးဆုံး သခင်မလေးတို့က ယောင်ကွမ်အမတဂိုဏ်းကို အထူးတလည် လာရောက်လည်ပတ်တယ် ဟုတ်လား “
“ဟား.... ဒိီပုဂ္ဂိုလ်နှစ်ဦးက တားမြစ် အင်အားစုနှစ်ဖွဲ့မှာ မြင့်မားတဲ့အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်တွေပဲ ...သူတို့က ယောင်ကွမ်အမတဂိုဏ်းကို ဘယ်လိုလုပ်ပြီး အထူးတလည် လာရောက်လည်ပတ်တာတုန်း”
“ မဟုတ်မှလွဲရော ငါတို့ရဲ့ဆက်ခံသူကို ဂုဏ်ပြုဖို့ အထူးလာရောက်တာများလား “
“ ဒါပေမဲ့ ငါတို့ရဲ့ ဆက်ခံသူက အဲ့အုပ်စုကြီးနှစ်ဖွဲ့နဲ့ ဘယ်တုန်းကမှ မဆက်ဆံဖူးတာ”
“…….”
လူတိုင်း သူသူကိုယ်ကိုယ် ဆွေးနွေးနေကြသည်။
သူတို့သည်လည်း တားမြစ် အင်အားစုအဖွဲ့အစည်းထဲတွင် ပါဝင်သော်လည်း ၊ သို့သော် ထိုအုပ်စုကြီးနှစ်ဖွဲ့၏အင်အားသည် ယောင်ကွမ်အမတဂိုဏ်းထက် သာလွန်သည်။
သူမတို့နှစ်ဦး၏ အထူးအဆင့်အတန်းသည် မည်မျှအလေးချိန်ပါသည်ကို စကားနှင့်ပင် ထည့်ပြောစရာမလိုတော့ချေ။
ယောင်ကွမ်အမတဂိုဏ်းမှ အကြီးအကဲများသည် သူမတို့နှစ်ဦးပေါ်တွင် အရိုအသေတန်မဲ့ မပြုမှုဝံ့ပေ။
ဝှစ် ဝှစ် !!
ချက်ချင်းဆိုသလို အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ သူမတို့နှစ်ဦးအား အပြေးအလွှား ကြိုဆိုလေတော့သည်။
သို့သော် ၊ အနောက်ကနေ ကျန်နေခဲ့သော အကြီးအကဲ လျုံယွင်သည် အဆက်မပြတ် ခန့်မှန်းနေကာ တီးတိုးရေရွတ်လိုက်သည်။
“ အရင်က ယောင်ကွမ်အမတဂိုဏ်းက သူတို့နဲ့အတူ တားမြစ်ကုန်းပြင်မြင့်ကို တိုက်ခိုက်ခဲ့တယ် မဟုတ်လား”
“ အဲ့တာကြောင့် ကျေးဇူးတင်စကားဆိုဖို့ လာရောက်တာများလား “
…….
သူမတို့နှစ်ဦး၏ စောင့်ဆိုင်းမှုသည် အချိန်ကြာမြင့်သွားမည်ကို စိုးရိမ်သောကြောင့် ၊
ရှကွမ်း အမတဧကရီနှင့် အကြီးအကဲများသည် စွမ်းအားအပြည့်အဝ ထုတ်သုံးကာ စက္ကန့်ပိုင်းအတွင်းမှာပင် ရောက်ရှိသွားသည်။
ဦးဆောင်သူ ရှကွမ်း အမတဧကရီသည် ပြုံးရွှင်စွာဖြင့် ဦးညွှတ်ကာ ကြိုဆိုလိုက်သည်။
“ ယွင် မင်းသမီးကြီး နဲ့ စူး သခင်မလေးတို့ကို ဂါရဝပြုပါတယ်”
“ အသင်တို့နှစ်ဦးက ဘာအကြောင်းကိစ္စများရှိလို့ ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းကို ရောက်ရှိလာတာလဲ”
ဤပုဂ္ဂိုလ်နှစ်ဦး၏ အဆင့်အတန်းသည် တားမြစ် အင်အားစုကြီးနှစ်ဖွဲ့စလုံးတွင် အလွန်အရေးပါသည်။
အဆင့်အတန်းအရ ၊ သူမတို့သည် ယောင်ကွမ်အမတဂိုဏ်း၏ ဂိုဏ်းချုပ်ထံမှ ဦးညွှတ်ခြင်းကို ခံယူဖို့ အရည်အချင်းပြည့်မီသည်။
ထိုမြင်ကွင်းကြောင့် ယွင်ရွှမ်းရုံသည် အပြုံးမပျက် ပြန်လည်နှုတ်ခွန်းဆက်သခဲ့ပြီး အချိန်ဆွဲမနေဘဲ လိုရင်းကိုသာ ဆိုလိုက်သည်။
“ ဒီနေ့ ကျွန်မတို့နှစ်ယောက် လာခဲ့တယ်ဆိုတာက လူတစ်ယောက်ကို တွေ့ဖို့ပါ “
ထိုစကားများကို ကြားလိုက်ရသည်နှင့် ၊ အမှန်တရားကို မသိရှိကြသေးသော ယောင်ကွမ်အမတဂိုဏ်းမှ အကြီးအကဲများသည် သံသယ မေးခွန်းများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
လူတစ်ယောက်ကို တွေ့ဖို့လာတာ?
ယောင်ကွမ်အမတဂိုဏ်းမှာ ဒီလိုပုဂ္ဂိုလ်ကြီးနှစ်ယောက်နဲ့ သိကျွမ်းတဲ့သူရှိလို့လား?
သို့သော် အကြောင်းအရာ၏ တစ်စိတ်တစ်ပိုင်းကို နားလည်သဘောပေါက်ထားသော ရှကွမ်း အမတဧကရီ၏ မျက်လုံးများသည် ဝင်းလက်တောက်ပသွားသည်။
ထိုအချိန်တွင် ၊ ယွင်ရွှမ်းရုံက ဆက်ပြောသည်။
“ ကျွန်မတို့သားအမိက ဂိုဏ်းရဲ့ဆက်ခံသူ နတ်ဘုရားမ လော့ရန်ယွီကို တွေ့ဆုံဖို့လာခဲ့တာပါ”
……
ထိုစကားများ ထွက်လာသည်နှင့်၊
ယောင်ကွမ်အမတဂိုဏ်းရှိ လူတိုင်း အံ့အားသင့်သွားကြသည်။
ဤအဆင့်မြင့်ပုဂ္ဂိုလ်ကြီးနှစ်ဦးသည် သူတို့၏ ဆက်ခံသူကို တွေ့ဆုံရန် အထူးတလည် လာရောက်ခဲ့လေသလော။
သို့သော် ၊ လော့ရန်ယွီသည် အဆင့်နိမ့်လောကမှ တတ်ရောက်လာသူဖြစ်သည်။
ပတ်သတ်ရမည့် အကြောင်းရင်း သေချာပေါက် မရှိပါလျက်နဲ့ ၊ သူမသည် သံသရာစက်ဝန်း အမတမင်းဆက် နှင့် တားမြစ် စူးမိသားစု မည်သို့ဆက်စပ်မှု ရှိနေခဲ့သနည်း။
ထိုအချိန်၊ လူအုပ်ကြီးထဲတွင် ရှိနေခဲ့သော လျုံယွင်သည် နွေပူခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ခေါင်းလုံး ပူထူသွားသည်။
သူမ၏ ခေါင်းထဲတွင် “ လော့ရန်ယွီ” ဟူသော အမည်သုံးလုံးက နေရာယူထားခဲ့သည်။
“ဒါ.... မဖြစ်နိုင်ဘူး!”
“ လော့ရန်ယွီက အဆင့်နိမ့်လောက ကနေ တတ်လာတဲ့သူတစ်ယောက်ပဲ...တားမြစ် အုပ်စုကြီးနှစ်ဖွဲ့ နဲ့ ဘယ်လိုလုပ်ပြီး သိကျွမ်းမှာလဲ...!?”
လျုံယွင်၏ စိတ်ထဲတွင် မယုံကြည်နိုင်ခြင်း နှင့် လက်မခံနိုင်ခြင်းတို့က ရောထွေးစွာ ဝင်ရောက်လာခဲ့ပြီး ၊ သူမ၏ လောကအမြင်ကို တစ်ဖန် ပြောင်းလဲသွားစေခဲ့သည်။
သူမ အထင်သေးခဲ့သော လော့ရန်ယွီသည် တားမြစ် စူးမိသားစု ၊ သံသရာစက်ဝန်း အမတမင်းဆက်တို့နှင့် အဘယ်ကြောင့် ဆက်နွယ်မှု ရှိနေခဲ့သနည်း။
လျုံယွင်သည် သူမ၏စိတ်ထဲက ထိတ်လန့်တုန်လှုပ်မှုကိုပင် မထိန်းနိုင်တော့ဘဲ လူအုပ်ထဲကနေ ရှေ့သို့တိုးထွက်လာခဲ့သည်။
သူမသည် ယွင်ရွှမ်းရုံကို ဦးစွာ ဦးညွှတ်လိုက်ပြီး သံသယရှိစွာဖြင့် ပြောဆိုလိုက်သည်။
“ ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ လော့ရန်ယွီက တိုက်မြေ သုံးထောင်ကနေ တတ်လှမ်းလာတဲ့သူပါ ၊ အသင်တို့နှစ်ဦးနဲ့ ဘယ်လိုလုပ်ပြီးများ သိကျွမ်းခဲ့တာလဲ”
“ ကျွန်မတို့အိမ်က ချန်ကဲက တိုက်မြေ သုံးထောင်မှာ ရှင်တို့ဂိုဏ်းရဲ့ ဆက်ခံသူနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးရှိခဲ့ဖူးတယ်”
စူးယွင်ယွဲ့ က အေးစက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ သူ့ရဲ့ အစ်မတစ်ယောက်အနေနဲ့ ၊ အမေနဲ့အတူ မောင်ဖြစ်သူရဲ့ ချစ်သူကို လာရောက်တွေ့ဆုံတာ ၊ မရဘူးလား”
စူးယွင်ယွဲ့ ၏ လေသံထဲတွင် မကျေနပ်မှုများ ပါဝင်နေသည်။
သူမ၏မိခင် ယွင်ရွှမ်းရုံသည် အစောကတည်းက စကားကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီး ဖြစ်သည်။
သူမတို့သည် လော့ရန်ယွီကို လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။ သို့သော် ဤလူသည် ဆက်လက် မေးခွန်းထုတ်နေဆဲပင် ဖြစ်သည်။
ဘယ်လောက်တောင် အရိုအသေမဲ့တုန်း!
“စူးချန်ကဲရဲ့ အမေ နဲ့ အစ်မ....?”
“ ချစ်သူ.... လော့ရန်ယွီက!?”
မူလက မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့သော အကြီးအကဲလျုံယွင်သည် ထိုစကားများကို ကြားပြီးနောက် မျက်လုံးများပြူးကျယ်စွာဖြင့် ဘာမှပြန်မပြောနိုင်လောက်အောင်ပင်။
သူမ၏စိတ်ကူး၊ မျှော်လင့်ချက်အားလုံးတို့သည် ယခုအချိန်တွင် စူးယွင်ယွဲ့ ၏ စကားနှင့်အတူ လုံးဝပျောက်ကွယ်သွားခဲ့ချေပြီ။
စူးချန်ကဲဟူသော အမည်သုံးလုံးကို လက်ရှိ အမတနယ်မြေတွင် မည်သူကများ မသိရှိမည်နည်း။
တားမြစ် စူးမိသားစု၏ သခင်ငယ် ၊ သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသားတစ်ပါး ၊ ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူ !
တားမြစ် အင်အားစုကြီးသုံးဖွဲ့ ၏ နောက်ခံအင်အားကို ပိုင်ဆိုင်ထားသူ ၊ ဤကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်သည် လူတိုင်း၏ အမြင်တွင် ဤလောက၏ အတုမရှိသော ပြိုင်ဘက်ကင်းသူတစ်ယောက်ဟု သမုတ်ကြပေလိမ့်မည်။
ထို့အပြင် လော့ရန်ယွီသည် ထိုအနှီသူ၏ ချစ်သူတစ်ယောက် ဖြစ်နေခဲ့လေသလော။
သူမ၏ ယခင်က မထီမဲ့မြင်ဆက်ဆံခဲ့သော အပြုအမှုများနှင့် နောက်ပိုင်းတွင် လော့ရန်ယွီကို ဒုက္ခပေးရန် ကြံစည်ထားသည်ကို ပြန်သတိရသွားသည်။
ထိုအကြောင်းများကို တွေးမိပြီး ၊ လျုံယွင်၏ စိတ်ဝိညာဉ်တစ်ခုလုံး တုန်လှုပ်သွားသည်။
သူမသည် ငရဲသို့သွားရောက်ရန် အသင့်လက်မှတ်ဖြတ်ထားသူ တစ်ဦးနှင့် တူပေသည်။
ထိုစဉ် ၊ ရှကွမ်း အမတဧကရီက အပြုံးမပျက် ဆိုလိုက်သည်။
“ သေချာပေါက် ရတာပေါ့ ၊ ခုလေးတင်ပဲ ရန်ယွီက အခမ်းအနားကို လက်ခံပြီးစီးသွားတာ၊ သင်တို့နှစ်ဦး ကျွန်မရဲ့နောက်ကို လိုက်ခဲ့ပါ”
အပိုင်း(၆၄၄): ယောင်ကွမ်အမတဂိုဏ်းတစ်ခုလုံးကို အံ့အားသင့်သွားစေသည်
ထိုသို့ပြောပြီးနောက် ၊
ရှကွမ်း အမတဧကရီသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝီ! !
မဟာလမ်းစဉ်၏ ကြွယ်ဝသော ရောင်ခြည်များကို သယ်ဆောင်ထားသော သက်တံ့တံတားတစ်စင်း ထွက်ပေါ်လာခဲ့ပြီး ၊ ၎င်းသည် ယောင်ကွမ်အမတဂိုဏ်း၏ အတွင်းပိုင်းဆီသို့ သွယ်တန်းဆက်သွယ်ထားသည်။
“ လူကြီးမင်းတို့ နှစ်ဦး ကြွပါ “
ရှကွမ်း အမတဧကရီသည် ဦးဆောင်လမ်းပြကာ သူမတို့နှစ်ဦးကို တံတားပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။
ယောင်ကွမ်အမတဂိုဏ်း၏ အကြီးအကဲများသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကာ ၊ နေရာမှာတင် ကြောင်အမ်းစွာဖြင့် ကျန်ရစ်နေခဲ့လေသည်။
သူတို့သည် လျုံယွင်နှင့် သူမ၏တပည့်ကဲ့သို့ပင် လော့ရန်ယွီကို မနှစ်သက်ကြသော်လည်း ၊
ဤရုတ်တရက်ဆန်သော အဖြစ်အပျက်ကြီးသည် လူတိုင်းကို လုံးဝ အံ့အားသင့်သွားစေသည်။
ထိုစဉ် နေရာမှမထွက်ခွာမီ ၊
ရှကွမ်း အမတဧကရီက လူတိုင်းကို မိန့်ကြားလိုက်သည်။
“ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတိုင်းကို ဘယ်သူမှ ဖော်ထုတ်ပြောဆိုခွင့်မရှိဘူး ၊ တကယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့သူ ရှိခဲ့ရင် ငါနဲ့ ဘိုးဘေးတို့က ခွင့်လွှတ်မှာမဟုတ်ဘူး!”
အထူးသဖြင့် လျုံယွင်ကို ကြည့်ကာ ရှကွမ်း အမတဧကရီက ဆိုလိုက်သည်။
“ ရန်ယွီက ဘာလို့ ယောင်ကွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူဖြစ်ဖို့ အရည်အချင်းရှိလဲဆိုတာ မင်း သိသွားပြီမလား”
“ဒါနဲ့ မင်းရဲ့အဖိုးတန်တပည့်လေးကိုလည်း အမြန်ဆုံးသတိပေးလိုက်ဦး “
“အကယ်၍ သူတို့နှစ်ဦးကို ဒေါသထွက်စေခဲ့ရင် ငါတို့ ယောင်ကွမ်အမတဂိုဏ်းကလည်း မင်းတို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး “
ထိုစကားများထွက်လာသည်နှင့် ၊
မူလက စိတ်ရှုပ်ထွေးနေခဲ့သော လျုံယွင်သည် ရုတ်တရက် သတိပြန်ကပ်လာပြီး ၊ သူမ၏မျက်နှာသည် သိသိသာသာ ဖြူဖျော့သွားသည်။
သူမ၏တပည့် ယန်လင်းလုံသည် လော့ရန်ယွီအပေါ်တွင် နက်ရှိုင်းသော မကျေနပ်ချက်များရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ယခုတွင်မူ ၊ လော့ရန်ယွီ၏နောက်ခံအမှန်ကို သိလိုက်ရချိန်တွင် သူမတို့ဆရာတပည့်နှစ်ယောက်စလုံးအတွက်သာမက ၊
ယောင်ကွမ်အမတဂိုဏ်းတစ်ခုလုံးကပင် လော့ရန်ယွီကို မပစ်မှားဝံ့မှန်း သိလိုက်ရချေပြီ။
………
တစ်ချိန်တည်းမှာပင်။
လော့ရန်ယွီကို ဒေါတသကြီးဖြင့် ကြည့်နေသော ယန်လင်းလုံသည် ဆရာဖြစ်သူ၏ အသံထုတ်လွှင့်မှုကို ကြားလိုက်ရသည်။
“လင်းလုံရေ.... နောင်ကြရင် ရန်ယွီနတ်ဘုရားမကို ဘယ်တော့မှ မပုတ်ခတ်မိစေနဲ့.... သူမကို ဘယ်တော့မှ မဆန့်ကျင်နဲ့!”
အကြောင်းရင်းမှန်ကို မသိဘဲ ထိုစကားကို ကြားလိုက်ရသော ယန်လင်းလုံ၏ ဒေါသသည် ပို၍ ဆိုးရွားလာခဲ့သည်။
သူမရဲ့ ဆရာက လော့ရန်ယွီကို ရန်ယွီနတ်ဘုရားမလို့တောင် ခေါ်နေပြီလား!?
ဒါက ဆရာကတောင် သူမကို သစ္စာဖောက်သွားပြီ မဟုတ်လား!?
သူမဘက်မှ ပြန်လည်မေးခွန်းမထုတ်မီ ၊ လျုံယွင်သည် စိုးရိမ်ပူပန်စွာဖြင့် ဆက်ပြောလာသည်။
“ ရန်ယွီနတ်ဘုရားမက မကြာခင်သေးက အမတနယ်မြေကို ဆူဆူညံညံဖြစ်စေခဲ့တဲ့ စူးချန်ကဲရဲ့ ချစ်သူတဲ့ .... သူတို့ကြားက ဆက်ဆံရေးက အတော်လေး နက်ရှိုင်းတယ်”
“မင်းသူမရဲ့ ဒေါသကို နှိုးဆွမိရင်.... ဆရာကိုယ်တိုင်တောင် မင်းကို မကာကွယ်နိုင်ဘူး!”
ထိုစကားများကိုကြားလိုက်ရသည်နှင့် ၊ ယန်လင်းလုံ၏ စိတ်နှလုံးသားသည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသည်။
မူလက ပြင်းပြင်းထန်ထန် တောက်လောင်နေခဲ့သော အမျက်ဒေါသသည် ရေခဲရေတစ်ပုံးလောင်းချခံလိုက်ရသကဲ့သို့ ရုတ်တရက် ငြိမ်သက်သွားသည်။
ထိတ်လန့်မှုမှ ဖြစ်ပေါ်လာသော အေးစက်မှုသည် ခေါင်းမှ ခြေအဆုံး ခိုက်ခိုက်တုန်အောင် ပျံ့နှံ့သွားသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ယင်နေပြီး မနည်းအားယူကာ ရေရွတ်လိုက်သည်။
“ လော့ရန်ယွီက....စူးချန်ကဲရဲ့ ချစ်သူ ဟုတ်လား....!?”
လက်ရှိတွင် အမတနယ်မြေ၏ အခြားသော ပါရမီရှင်များကို မသိရင်တောင် ရသေးသည်။ သို့သော် စူးချန်ကဲကိုတော့ မသိလို့မဖြစ် ။
အဲ့ဒီပုဂ္ဂိုလ်ကြီးက တားမြစ် အင်အားစုကြီး သုံးဖွဲ့စလုံးရဲ့ ဆက်ခံသူလေ !
ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ၊ မကြာခင်မှာပင် ယန်လင်းလုံသည် သတိပြန်ကပ်လာသည်။
စူးချန်ကဲသည် နောက်ခံအင်အားကောင်းသော်လည်း ၊ သို့သော် သူမကဲ့သို့ပင် မျိုးဆက်သစ် လူငယ်ပါရမီရှင်တစ်ဦးဖြစ်သည်။
ထူးချွန်သော ပါရမီရှင်တစ်ဦးအနေဖြင့်၊ သူမသည်လည်း မာန်မာနရှိသည်။
စူးချန်ကဲ၏နောက်ခံသည် အားကောင်းသော်လည်း ၊ သို့သော် ကောင်းကင်ကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်နိုင်မည် မဟုတ်။ ထိုနည်းတူစွာ ၊ သူ၏နောက်ခံအာဏာဖြင့် သူမတို့ ယောင်ကွမ်အမတဂိုဏ်း၏ကိစ္စကို ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ချေ။
စိတ်ထဲတွင် ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်ပေးလိုက်ပြီး ၊ ယန်လင်းလုံသည် ဆရာဖြစ်သူထံ စကားပြန်လိုက်သည်။
“စူးချန်ကဲဆိုတော့ရော ဘာဖြစ်လဲ”
“ ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းက လူမှမဟုတ်တာ ၊ နောက်ခံအင်အားကောင်းတော့ရော ဘာဖြစ်လဲ “
“သူ့ရဲ့ ပါရမီနဲ့ ကျင့်ကြံမှုကို ကျွန််မတို့မှ မသိရသေးတာ ၊ ကျွန်မထက်တောင် အားနည်းနေနိုင်သေးတယ်”
ယန်လင်းလုံသည် ခေါင်းမာစွာဖြင့် ပြောလိုက်သည်။
“ ပြီးတော့၊ သူက တားမြစ်အင်အားစုကြီး သုံးဖွဲ့ရဲ့ ဆက်ခံသူလေ”
“ လော့ရန်ယွီရဲ့ ဂုဏ်သတင်းကိုမြှင့်တင်ဖို့အတွက်နဲ့ ထိပ်တန်းစွမ်းအားရှင်ကြီးတွေကို စေလွှတ်ပေးမှာတဲ့လား “
တပည့်ဖြစ်သူ၏ စကားကြောင့် လျုံယွင်ခမျာ ရင်ဘက်အောင့်ယူရသည့်အထိ ဒေါသထွက်လာသည်။
ဒိီတပည့်အတွက် ဆေးမရှိတော့ဘူး!
“ ဟဲ့ ... တားမြစ် စူးမိသားစု နဲ့ သံသရာစက်ဝန်း အမတမင်းဆက်ကလူတွေ တကယ်ကို ရောက်ချလာတာအေ့ “
လျုံယွင်သည် ဆူပူကြိမ်းမောင်းလိုက်သည်။
“ ရိုးရိုးတောင် မဟုတ်ဘူး.. စူးချန်ကဲရဲ့ အမေနဲ့ သူအစ်မကိုယ်တိုင် ရောက်လာတာဟဲ့!”
ဂျိန်း !!
ဤစကားများသည် ယန်လင်းလုံ၏ စိတ်ထဲတွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်။
မူလက ထိန်းချုပ်ထားသော အံ့အားသင့်မှုများ ထပ်မံပေါ်ထွက်လာပြီး ၊ သူမ၏မျက်နှာသည် သိသိသာသာ ဖြူဖျော့သွားသည်။
ထိုအချိန်တွင်။
ဝီ !!
သက်တံ့တံတားတစ်စင်းသည် ဤနေရာရှိ ခန်းမဆောင်ထဲသို့ ကျရောက်လာသည်။
စွမ်းအားကြီးမားပြီး လှပသော အမျိုးသမီးသုံးဦးသည် သက်တံ့တံတားပေါ်တွင် လျှောက်လှမ်းလို့လာကြသည်။
ထိုမြင်ကွင်းသည် ယောင်ကွမ်အမတဂိုဏ်းရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး ၊ အားလုံး၏ မသိစိတ်က အံ့ဩတုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်ကြသည်။
“ အဲ့တာက.. ဂိုဏ်းချုပ်...”
“သူမရဲ့ဘေးက ....?”
လူတိုင်း မျက်တောင်ပင်မခတ် စိုက်ကြည့်နေကြသည်။
ထိုပုဂ္ဂိုလ်သုံးဦးသည် နီးကပ်စွာ ရောက်ရှိလာသည်နှင့်အမျှ ၊
လူတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
“တားမြစ် စူးမိသားစုက ယွင်ယွဲ့ သခင်မလေး ၊ သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ ရွှမ်းယောင် အမတဧကရီ!”
ရွှမ်းယောင် အမတဧကရီဆိုသည်မှာ ယွင်ရွှမ်းရုံ၏ အမတဧကရီဘွဲ့အမည်ဖြစ်သည်။
တစ်ဦးမှာ ယခင်က အမတနယ်မြေတွင် အဆင့်တစ် ပါရမီရှင်ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ခေတ်ပြိုင်အမတဧကရီများထဲတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ဤပုဂ္ဂိုလ်နှစ်ဦးသည် ယောင်ကွမ်အမတဂိုဏ်းသားများ၏ မျက်စိထဲတွင် မိုးကောင်းကင်ပမာ မြင့်မားသော ဖြစ်တည်မှုများ ဖြစ်ကြသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများသည် သူတို့ရှေ့သို့ ရောက်ရှိလာခြင်းသည် မည်သူမှမျှော်လင့်မထားသော အရာပင်ဖြစ်သည်။
လူတိုင်း အံ့အားသင့်နေကြသလို ၊ မေးခွန်းများစွာ ရှိနေကြသည်။
အလွန်မြင့်မြတ်သော အဆင့်အတန်းရှိသည့် ဤသားအမိနှစ်ဦးသည် အဘယ်အကြောင်းကြောင့် ယောင်ကွမ်အမတဂိုဏ်းသို့ ရောက်ရှိလာသနည်း။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ၊
သူမတို့သည် လော့ရန်ယွီ၏ ရှေ့သို့ တိုက်ရိုက် ဆင်းသက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။
ယောင်ကွမ်အမတဂိုဏ်း၏ ကျင့်ကြံသူအမျိုးသမီးလေးများသာမက ၊ လော့ရန်ယွီကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။
သူမသည် မျက်လုံးအကာကို စည်းနှောင်ထားခြင်းကြောင့် လူသုံးယောက်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ရသော်လည်း ၊ သို့သော် သူမ၏ နတ်အသိစိတ်မှ တစ်ဆင့် ထိုပုဂ္ဂိုလ်များထံမှ ဖြာထွက်လာသော ကြောက်ခမန်းလိလိ ရောင်ဝါကို ခံစားမိသည်။
“ ရန်ယွီ လူကြီးမင်းတို့ကို ဂါရဝပြုပါတယ်”