အခန်း (၆၄၅-၆၄၈)
Vol. 49 Ch. 645-648
အပိုင်း(၆၄၅): ဘယ်လောက်ကြာကြာ သူ့ကို စောင့်နိုင်တယ်
လော့ရန်ယွီသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ ချက်ချင်းဆိုသလို ဦးညွှတ်လိုက်သည်။
"ဟမ်...?"
စူးယွင်ယွဲ့သည် သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ရန်ယွီရဲ့ မျက်လုံးက ဘာဖြစ်တာလဲ? ဘာကြောင့် စည်းထားတာလဲ"
" ယွင်ယွဲ့သခင်မလေး က ဒါကို မသိလောက်သေးဘူး .. ရန်ယွီက ကျွန်မတို့ ယောင်ကွမ်အမတဂိုဏ်းရဲ့ 'ယောင်ကွမ်း စိတ်ကူးယဉ် မျက်ဝန်း'ကို ကျင့်ကြံဖို့ သင့်လျော်တယ်"
ရှကွမ်း အမတဧကရီက ရှင်းပြသည်။
"ဒီမျက်ဝန်းကို အသက်သွင်းဖို့ဆိုရင် ၊ မျက်လုံးကို စည်းနှောင်ပြီး ရက်ပေါင်း(၄၉) ရက်ကြာ ကျင့်ကြံရတယ် ၊ အဲ့တော့မှသာ 'ယောင်ကွမ်း စိတ်ကူးယဉ် မျက်ဝန်း' ကို အသက်သွင်းနိုင်လိမ့်မယ် "
ထိုစဉ် ၊ ယွင်ရွှမ်းရုံသည် နူးညံ့စွာ ပြုံးရယ်ကာ သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် လော့ရန်ယွီ၏ ပါးပြင်လေးကို နူးညံ့စွာ ပွတ်သပ်လိုက်ရင်း ။
"မျက်လုံးအကာ စည်းထားတာတောင်... သူမရဲ့ လှပတဲ့အသွင်အပြင်ကို မြင်နေရတယ်..."
" မဆိုးဘူး ...ပင်ကိုယ်ပါရမီ ကောင်းမွန်တဲ့အပြင် မဟာလမ်းစဉ် နတ်ကိုယ်ထည်ကိုလည်း ပိုင်ဆိုင်ထားတယ်...နောက်ပိုင်းမှာ 'ယောင်ကွမ်း စိတ်ကူးယဉ် မျက်ဝန်း' ကိုပါ အသက်သွင်းနိုင်ခဲ့ရင် ...."
" အနာဂတ် အောင်မြင်မှုတွေက အတိုင်းအဆမရှိဘူးပဲ....."
ယွင်ရွှမ်းရုံ၏ လေသံသည် နွေးထွေးပြီး ၊ သူမ၏ နူးညံ့သိမ်မွေ့သော ထိတွေ့ကိုင်တွယ်မှုသည် လူတိုင်းကို အိမ်မက်တစ်ခုသဖွယ် ခံစားရစေသည်။
လော့ရန်ယွီသည် ယွင်ရွှမ်းရုံအတွက် သမီးရင်းတစ်ယောက်ကဲ့သို့ ထင်ရသည်။
အမှန်အားဖြင့် ၊ လူတိုင်း အံ့အားသင့်ခဲ့ရသည်မှာ ရွှမ်ယောင်အမတဧကရီ နှင့် စူးယွင်ယွဲ့တို့ ရောက်ရှိလာကတည်းကပင်။
ယခုတွင်မူ ၊ လော့ရန်ယွီ၏ ပါးပြင်ကို ဤမျှ နူးညံ့စွာ ထိတွေ့ကိုင်တွယ်လိုက်သည်မှာ နေရာတွင် ရှိနေကြသော လူတိုင်း၏ လောကအမြင်ကို လုံးဝ ပြောင်းလဲသွားစေသည်။
"ဘုရားရေ... ငါ အိပ်မက်မက်နေတာများလား...?"
"ရွှမ်ယောင် အမတဧကရီက လော့နတ်ဘုရားမနဲ့ သိကျွမ်းနေတာလား !?"
"လော့နတ်ဘုရားမက အောက်ကမ္ဘာကနေ တတ်ရောက်လာတဲ့သူ မဟုတ်လား ၊ ဘယ်လိုလုပ်ပြီး ရွှမ်ယောင် အမတဧကရီ ၊ သခင်မလေး ယွင်ယွဲ့တို့နဲ့ သိနေရတာလဲ..."
"........"
လူတိုင်း သူသူကိုယ်ကိုယ် ပြောဆိုနေကြစဉ်၊
ယန်လင်းလုံသည် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ရပ်ကြည့်နေမိသည်။
"သူမ... လော့... လော့ရန်ယွီက... ရွှမ်ယောင် အမတဧကရီနဲ့ သိနေတယ်!"
သူမ၏ စိတ်ထဲက ထိတ်လန့်တုန်လှုပ်မှုကို မည်သည့်စကားဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။
သူမ၏ ဆရာသခင်သည် ယောင်ကွမ်းအမတဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သော်လည်း၊ ရွှမ်ယောင်အမတဧကရီနဲ့ ယှဉ်ရင် ၊ ကွာဟချက်မှာ မိုးနှင့်မြေကဲ့သို့ပင်။
ထို့အပြင် ရွှမ်ယောင်အမတဧကရီ၏ အပြုအမူသည် လော့ရန်ယွီနှင့် ကြာရှည်စွာ သိကျွမ်းခဲ့သူနှင့် တူပြီး ၊ သူမသည် လော့ရန်ယွီကို သမီးရင်းတစ်ယောက်ကဲ့သို့ သဘောထားပုံရသည်။
ဤမြင်ကွင်းသည် ယန်လင်းလုံ၏ စိတ်ထဲက မကျေချမ်းမှုများကို လုံးဝပျောက်ကွယ်သွားစေပြီး ၊ ကြောက်ရွံ့ထိတ်လန့်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။
သူမ ဂုဏ်ယူဝင့်ကြွားခဲ့သော ဆက်ဆံရေးနှင့် နောက်ခံသည် လော့ရန်ယွီ၏ ရှေ့မှောက်တွင် တကယ်ကို ယှဉ်နိုင်စရာမရှိပေ။
သို့သော် လူတိုင်း၏ ပဟေဠိမေးခွန်းများနှင့် အံ့အားသင့်မှုများထက် ၊
လော့ရန်ယွီကိုယ်တိုင် ပဟေဠိဖြစ်ခဲ့ရသည်။ သူမသည် မိဘမဲ့တစ်ဦးဖြစ်သည့်အပြင် ယောင်ချီ သူတော်စင်နယ်မြေသို့ ငယ်စဉ်ကတည်းက ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ ၊ ဆွေမျိုးသားချင်းဟူ၍ မရှိ။
ထို့အပြင် ဤပုဂ္ဂိုလ်သည် သံသရာစက်ဝန်း အမတမင်းဆက်မှ အမတဧကရီတစ်ပါးဖြစ်ပြီး ၊ သူမနှင့် လုံးဝ မသိကျွမ်းခဲ့ဖူးသော ပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်သည်။
လော့ရန်ယွီတစ်ယောက် ပဟေဠိဖြစ်နေစဉ် ၊ ယွင်ရွှမ်းရုံက စကားစလိုက်သည်။
"ရန်ယွီ၊ မင်းနဲ့ စူးချန်ကဲက ဆက်ဆံရေးနက်ရှိုင်းတယ်လို့ ငါ ကြားတယ်"
" မင်း စူးချန်ကဲ ကို သဘောကြလား "
ယွင်ရွှမ်းရုံသည် လော့ရန်ယွီအား ပြုံးရွှင်စွာဖြင့် ကြည့်ရင်း မေးမြန်းလိုက်သည်။ လော့ရန်ယွီအနေဖြင့်၊ မိမိသည် သံသရာစက်ဝန်း အမတမင်းဆက်မှ ဖြစ်ကြောင်း သိထားသော်လည်း ၊ တကယ့်သရုပ်မှန်ကိုတော့ သိရှိမထားချေ။
ထို့ကြောင့် ၊ စူးချန်ကဲ၏ အမည်နာမအပြည့်အစုံကို ခေါ်ဆို၍ မေးမြန်းလိုက်ခြင်းသည် သူမ၏ သရုပ်မှန်ကို မမှန်းဆမိစေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။
ထိုစကားသံအဆုံးတွင် ၊ လော့ရန်ယွီ တစ်ဦးတည်းသာမက ဤနေရာရှိ လူတိုင်းကို အလန့်တကြားဖြစ်သွားစေသည်။
သို့သော်၊ လော့ရန်ယွီသည် သူမ၏စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး တွန့်ဆုတ်ခြင်းမရှိ ပြန်ဖြေလိုက်သည်။
" သဘောကျတယ် ၊ အရမ်း သဘောကျတယ်"
ဤစကားများကို ပြောဆိုရင်း၊
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ပုံရိပ်တစ်ခုသည် သူမ၏ မှတ်ဉာဏ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
သူမကိုယ်သူမ ပြန်မေးကြည့်မိသည်။ စူးချန်ကဲအပေါ်တွင် ဘယ်အချိန်ကစပြီး ရင်ခုန်မိသည်ကို သူမကိုယ်တိုင်ပင် မသိ။
သို့သော် ၊ ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်သည် သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ နေရာယူထားခဲ့သည်။
ပထမဆုံးတွေ့ဆုံခဲ့သည်မှာ သူမသည် ညအချိန် တွင် စူးချန်ကဲ၏ သီးသန့်အဆောင်ကို သွားရောက်စုံစမ်းရာမှ ၊ ရလဒ်အနေဖြင့် သူမ၏ရင်ဝတ်သာလျှင် ဆွဲချွတ်ခံလိုက်ရသည်။ ထိုအချိန်မှစ၍ အရာအားလုံး စတင်ခဲ့သည်။
ထို့နောက်တွင် ၊ သူမတို့နှစ်ဦးသည် လျှို့ဝှက်နယ်မြေတစ်ခုတွင် ထပ်မံဆုံတွေ့ခဲ့ကြပြီး ၊ အတူတူလက်တွဲကာ တိုက်ခိုက်ခဲ့ကြသည်။
ဒါတင်မက ခွင်းလွင်တောင်တွင်၊ သူတော်စင်အရှင် အဆင့်သို့ တတ်လှမ်းနိုင်ရန်အတွက် အတူတကွ တိုက်ပွဲဝင်ခဲ့သည်။
အစမှ အဆုံး စူးချန်ကဲသည် အရှုံးမရှိသော၊ အတုမရှိ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှိနေခဲ့သည်။
နောက်ပိုင်းတွင် မြေအောက်ကမ္ဘာ၌ အတွေ့အကြုံယူခဲ့စဉ်က ၊ စူးချန်ကဲသည် သူမအပေါ်တွင် တမင်လှည့်စားပြီး သတိလစ်အောင် ရိုက်နှက်ခဲ့သော်လည်း ၊ သူမအနေဖြင့် မမုန်းတီးနိုင်ခဲ့ပေ ။
ထို့နောက် ကျုံယုံ(ငရဲကိုးထပ်) စမ်းသပ်မှုတွင် ၊ သူမတို့နှစ်ဦးသည် ထပ်မံ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၊ မိမိတို့၏ ဂိုဏ်းသားများအတွက် ကျုံယုံ(ငရဲကိုးထပ်)၏ စမ်းသပ်မှုများကို ကျော်ဖြတ်ကာ ဆုလာဘ်များကို အတူတကွ သိမ်းယူခဲ့သည်။
သူမတို့နှစ်ဦး လက်တွဲကာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သော ပွဲစဉ်များသည် လော့ရန်ယွီ၏ နှလုံးသားထဲတွင် ဖျောက်ဖျက်ရန်မဖြစ်နိုင်သော အမှတ်တရတစ်ခုအဖြစ် ရေးထွင်းထားခဲ့သည်။
ဤအရာများသည် အခြားသူများအတွက် သို့မဟုတ် စူးချန်ကဲအတွက် အရေးမပါသော ကိစ္စတစ်ခု ဖြစ်နေနိုင်သည်။
သို့သော်လည်း လော့ရန်ယွီသည် ဤအရာများကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ ဤအရာများသည် သူမအတွက် တန်ဖိုးရှိသော အမှတ်တရများပင် ဖြစ်သည်။
ထို့အပြင် ၊ ဧကရာဇ်လျှောက်လှမ်းပေါ်သို့ မတတ်မီ သူမသည် စူးချန်ကဲအတွက် ပထမဆုံးအကြိမ်အဖြစ် ကပြဖျော်ဖြေပေးခဲ့ပြီး နှစ်ဦးသား သတိသစ္စာပြုခဲ့ကြသည်။
'သင့်အား ကျွန်မရဲ့လှပသော နုပျိုမှုကို ပေးအပ်ကာ မဟာလမ်းစဉ်ရဲ့ အထွက်အထိပ်ထိ အဖော်ပြုမယ် '
စူးချန်ကဲသည် ဤသို့ပြန်ပြောခဲ့သည် ။
" မိုးကောင်းကင်တစ်ဆုံး အေးအတူပူအမျှ အတူရှိနေမယ် "
သူမ၏ မှတ်ဉာဏ်ထဲက ထိုပုံရိပ် ပျောက်ကွယ်သွားမည်ကို သူမ လက်သင့်မခံနိုင်ပေ။
ထို့ကြောင့် သူမသည် စူးချန်ကဲကို သဘောကျမြတ်နိုးကြောင့် ပြတ်ပြတ်သားသား ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
.......
ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကိုပင် ကြားနိုင်လောက်သည့်အထိ တိတ်ဆိတ်ငြိမ်ကျသွားသည်။
လော့ရန်ယွီ၏ အသံသာလျှင် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေခဲ့သည်။
လူတိုင်း၏ စိတ်ရှုပ်ထွေးမှုထက် ရှကွမ် အမတဧကရီသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းတိုးတိုးလေး ချလိုက်သည်။
သူမ၏ စိတ်ထဲတွင် လော့ရန်ယွီကို လက်မထောင်ပြနေသည်။
ကြည့်စမ်း ! ဘယ်လောက်တောင် လှပတဲ့အဖြေမျိုးလဲ !
ထိုစကားကိုကြားပြီးနောက်၊ ယွင်ရွှမ်းရုံနှင့် စူးယွင်ယွဲ့ တို့သည် တစ်ယောက်ကိုတစ်ယောက် အပြုံးချင်းဖလှယ်လိုက်ကြသည်။
မျက်လုံးအကာဖြင့် စည်းနှောင်ထားသောကြောင့် သူမ၏ မျက်ဝန်းထဲက စစ်မှန်သော ခံစားချက်ကို မြင်တွေ့နိုင်ခြင်းမရှိပေ။
သို့သော်လည်း ၊ အမြင့်မြတ်ဆုံး ထိပ်တန်း စွမ်းအားရှင်ကြီးများအဖြစ် ၊ သူမတို့သည် နှစ်ကာလပေါင်း များစွာ ဖြတ်သန်းခဲ့ပြီး လူပေါင်းများစွာဖြင့် ကြုံတွေ့ခဲ့ဖူးသည်။ လော့ရန်ယွီ ပြောခဲ့သော စကားများထဲတွင် စစ်မှန်သော ခံစားချက်များ ပါဝင်ပြီး ၊ သူမသည် စူးချန်ကဲကို အမှန်တကယ် မြတ်နိုးကြောင်း ဖော်ပြနေသည်။
ဤအချက်သည် သူမတို့နှစ်ဦး အတည်ပြုလိုသော အရာပင် ဖြစ်သည်။ တစ်ယောက်ကို တစ်ယောက် နှစ်သက်မြတ်နိုးခြင်း မရှိဘဲ ၊ နောင်တွင် သူတို့နှစ်ဦးသည် မည်သို့အတူတူ ရပ်တည်နိုင်မည်နည်း။
ထိုအချိန်တွင် ယွင်ရွှမ်းရုံက ဆက်ပြောသည်။
" ဒါပေမဲ့ အခု သူက တားမြစ် စူးမိသားစုရဲ့ သခင်ငယ် ဖြစ်ရုံတင်မကဘူး... ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူလည်းဖြစ်သလို ... သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ မင်းသားတစ်ပါးလည်း ဖြစ်နေပြီ"
"မင်းက ယောင်ကွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူတစ်ယောက် ဆိုပေမယ့်..."
" ဒါပေမဲ့ နောင်တစ်ချိန်မှာ... မင်းတို့နှစ်ဦးကြားက ကွာဟချက်က ပိုပြီးကြီးမားလာလိမ့်မယ်"
စူးယွမ်းယွဲ့ က ဖြတ်ဆိုလိုက်သည်။
" အဆုံးမှာ မင်းတို့နှစ်ယောက်က မတူညီတဲ့ကမ္ဘာနှစ်ခုက လူတွေဖြစ်သွားနိုင်တယ် "
" မင်းအနေနဲ့ စူးချန်ကဲကို အမှန်တကယ် သဘောကျတယ်ဆိုတောင် ၊ မင်းတို့နှစ်ယောက် အတူတူရှိနိုင်ဖို့ ခက်ခဲလိမ့်မယ် ၊ မင်း မကြောက်ဖူးလား "
ဤစကားများသည် သားအမိနှစ်ယောက်၏ နောက်ထပ်စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။
စစ်မှန်သော ခံစားချက်သာလျှင် အချိန်၏စမ်းသပ်မှုကို ခံနိုင်ရည်ရှိပေလိမ့်မည်။
အနာဂတ်တွင် ပြီးပြည့်စုံသော ရလဒ် မရရှိမည်ကို ကြောက်ရွံ့နေပါက ၊
ဤနှစ်သက်မြတ်နိုးမှု သို့မဟုတ် အချစ်ဟူသော အရာသည် အချိန်အတိုင်းအတာတစ်ခုအထိသာ စားသုံး၍ရနိုင်သော ထုတ်ကုန်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ထိုအမေးကိုကြားပြီးနောက် လော့ရန်ယွီ၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
သူမသည် ယိမ်းယိုင်မသွားသော ဆုံးဖြတ်ချက်နှင့်အတူ နွေဦးလေပြေကဲ့သို့ နူးညံ့သော လေသံဖြင့် ညင်သာစွာ ဖြေဆိုလိုက်သည်။
"အဆင်ပြေပါတယ်၊ ဘယ်လောက်ကြာကြာ ကျွန်မသူ့ကို စောင့်နိုင်ပါတယ်"
အပိုင်း(၆၄၆): ချစ်မိလို့ နောင်တမရဘူး
သားအမိနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူမတို့နှစ်ဦး၏ လှပသော မျက်ဝန်းများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
ဤအဖြေသည် သူမတို့နှစ်ဦး မျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။
စူးချန်ကဲကို ဘယ်လောက်ကြာကြာ စောင့်နေမယ်တဲ့လား ?
ဒါပေမဲ့ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေကြောင့် ဘယ်တော့မှ ရောက်မလာခဲ့ရင်ရော?
စူးယွင်ယွဲ့ သည် လေးနက်စွာဖြင့် ထပ်မံမေးမြန်းလိုက်သည်။
" မင်း သူ့ကို စောင့်နိုင်တယ်ဆိုတောင်... အဆုံးမှာ မင်း သဘောအတိုင်း ဖြစ်မသွားခဲ့ရင် မင်း နောင်တရမှာမဟုတ်ဘူးလား "
ထိုစကားကိုကြားတော့ လော့ရန်ယွီသည် နူးညံ့စွာ ပြုံးရယ်လိုက်ရင်း ပြန်ပြောလိုက်သည်။
"တကယ်တော့... ရန်ယွီရဲ့ အမြင်မှာ .."
"တစ်စုံတစ်ယောက်ကို စစ်မှန်စွာနဲ့ သဘောကျတယ်ဆိုရင် ... သူ့အတွက် အရာအားလုံးကို ပေးဆပ်လိုက်ရတောင်... ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး..."
" တကယ်လို့ ပေးဆပ်ခဲ့ပေမယ့် ပြန်မရလိုက်တဲ့ အချစ်အတွက် နောင်တရနေခဲ့မယ်ဆိုရင်..."
" အဲ့လိုချစ်ခြင်းမျိုးက ကိုယ်ကိုယ်တိုင်ရော ကိုယ့်ရဲ့ချစ်ရသူကိုရော သစ္စာဖောက်လိုက်တာနဲ့ အတူတူပဲ "
"ဒါကြောင့်မို့လို့... ရန်ယွီအနေနဲ့ နောက်ဆုံးအချိန်ထိ စူးချန်ကဲကို မတွေ့ခဲ့ရဘူးဆိုတောင် ကျွန်မ နာကျည်းမှာမဟုတ်သလို နောင်တလည်း ရမှာမဟုတ်ဘူး "
.........
ကောင်းကင်နှင့် မြေကြီးသည် တိတ်ဆိတ်ငြိမ်သက်လျက်။
လော့ရန်ယွီ၏ အသံသာလျှင် ဤတိတ်ဆိတ်သော နေရာတွင် ပျံ့လွင့်နေခဲ့သည်။
ထိုစကားများသည် လူတိုင်း၏ နှလုံးသားထဲသို့ စီးဝင်ကာ ၊ လူ၏နှလုံးသားကို အရည်ဖျော်ချလိုက်သလိုပင်။
စက္ကန့်ပိုင်းအကြာတွင် ၊ ယွင်ရွှမ်းရုံ၏ နှုတ်ခမ်းသားများသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
" အဲ့လိုလား ၊ ငါ သိပြီနဲ့တူတယ် "
ထို့နောက် ယွင်ရွှမ်းရုံသည် လော့ရန်ယွီကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး ၊ တိုးတိုးလေး ဆိုညည်းလိုက်သည်။
" ဒါဆို ... ချန်ကဲကို မင်းဆီကိုပဲ အပ်နှံရတော့မှာပဲ "
ဘေးနားတွင် ရပ်နေသော စူးယွင်ယွဲ့ သည် ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်နေသည်။
စူးချန်ကဲ၏ အစ်မတစ်ယောက်အဖြစ် ၊ လော့ရန်ယွီ၏ စကားများသည် သူမ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပုံရသည်။
သို့သော်၊ လော့ရန်ယွီသည် ထိုစကားများကို ကြားလိုက်ရချိန်တွင် ၊ သူမသည် ကြောင်အမ်းစွာဖြင့် မလှုပ်မယှက်ဖြစ်နေခဲ့သည်။
ယွင်ရွှမ်းရုံ၏စကားများက သူမ၏ ဦးနှောက်ထဲတွင် အကြိမ်ကြိမ် အဖန်ဖန် ပဲ့တင်ထပ်နေခဲ့သည်။
ချက်ချင်းဆိုသလို ၊ လော့ရန်ယွီသည် သတိပြန်ကပ်လာပြီး မေးမြန်းလိုက်သည်။
" မဟုတ်မှလွဲရော ရှင်က...."
စကားမဆုံးသေးခင် ၊ ယွင်ရွှမ်းရုံသည် " ရှူး" ဟူ၍ တားမြစ်လိုက်သည်။
ပွေ့ဖက်ထားသော သူမ၏လက်များကို ဖြေလျော့လိုက်ပြီးနောက် ၊ လော့ရန်ယွီအား ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။
"ရန်ယွီ... မင်းရဲ့အဖြေကို ငါ အလွန်ကျေနပ်တယ်... မင်း ငါတို့သားအမိနဲ့အတူ လမ်းလျှောက်ရင်း စကားပြောကြမလား "
ယွင်ရွှမ်းရုံ၏စကားထဲတွင် အဓိပ္ပာယ်အချို့ ရှိနေခဲ့သည်။ ဤနေရာတွင် စောင့်ကြည့်နေသော မျက်လုံးများ ရှိသည်။
သို့ဖြစ်ရာ ၊ စူးချန်ကဲသည် သူမ၏သားဖြစ်ကြောင်း လျှို့ဝှက်ထားရန် လိုအပ်သည်။
ဒါဆို စူးယွင်ယွဲ့ က ယောင်ကွမ်အမတဂိုဏ်းရဲ့ အကြီးအကဲတွေရှေ့ ထုတ်ဖော်ပြောဆိုမိတာကြရော .....?
သူမတို့အားလုံးသည် နှစ်ကာလပေါင်းများစွာ ကျင့်ကြံအားထုတ်လာသူများ ဖြစ်သည်နှင့်အလျောက် ၊ မည်သည့်အရာက ထုတ်ဖော်ပြောဆိုရန် မသင့်ကြောင်း အရိပ်အကဲသိသူများ ဖြစ်သဖြင့် စိုးရိမ်စရာမရှိချေ။
သို့သော် ဤနေရာတွင် မျိုးဆက်သစ် လူငယ်များစွာ ရှိသောကြောင့် ဤသတင်းကို ဆက်လက် ဖုံးကွယ်ထားရန် လိုပေသည်။ သို့မဟုတ်ပါက ၊ အပြင်သို့ ပေါက်ကြားသွားနိုငိသည်။
သို့သော် ၊ လော့ရန်ယွီသည် ယခုထိတိုင် အံ့ဩတုန်လှုပ်နေဆဲပင်။
ယခင်ကအသံထက် သူမ၏ အသံသည် အနည်းငယ် တုန်ယင်နေခဲ့သည်။
"အာ... ကောင်းပါပြီ... ရွှမ်းယောင် လူကြီး...."
သူမ စကားမဆုံးခင် ၊ ယွင်ရွှမ်းရုံက ပြုံးရွှင်စွာဖြင့် စနောက်လိုက်သည်။
" ငါ့ကို ဘယ်လိုခေါ်တယ် "
ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ လော့ရန်ယွီ၏ လှပသောမျက်နှာပြင်တစ်ခုလုံး နီမြန်းသွားခဲ့ပြီး ၊ နားရွက်များပင်လျှင် နီရဲသွားခဲ့သည်။
သူမသည် ယွင်ရွှမ်းရုံနှင့် မျက်နှာချင်းဆိုင်ရန် မဝံ့မရဲဖြစ်နေသကဲ့သို့ ခေါင်းငုံ့ထားသည်။
ငယ်ရွယ်လှပသော ယွင်ရွှမ်းရုံသည် စူးချန်ကဲ၏ အစ်မဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တန်းတွင် စူးချန်ကဲ၏ မိခင်တစ်ယောက် ဖြစ်နေခဲ့သည်။
သူမ ဖြေဆိုခဲ့သော စကားများကို ပြန်စဉ်းစားမိပြီး လော့ရန်ယွီ၏ မျက်နှာသည် ပို၍ နီမြန်းလာကာ အနည်းငယ် မူးဝေလာသည်ဟုပင် ခံစားရသည်။
ထို့နောက် အားတင်းကာ တိုးတိုးလေး ညည်းရှာသည်။
"အ... အမေ...."
ယွင်ရွှမ်းရုံသည် ကျေနပ်သောအပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ သူမသည် လော့ရန်ယွီကို အသိအမှတ်ပြုပုံရသည်။
ထို့နောက် ၊ ယွင်ရွှမ်းရုံသည် ရှကွမ်းဧကရီထံသို့ လှည့်ကာ ဆိုလိုက်သည်။
"ယောင်ကွမ်ဂိုဏ်းချုပ်... ရှင်တို့ရဲ့ ဆက်ခံသူကို ကျွန်မတို့သားအမိနှစ်ယောက် နဲ့အတူ အတိတ်ကအကြောင်းတွေ ပြောဖို့ခွင့်ပြုပေးနိုင်မလား"
" ဒါပေါ့... မင်းသမီးကြီး သဘောအတိုင်းပါ"
ရှကွမ်အမတဧကရီသည် ချက်ချင်းသဘောတူလိုက်သည်။ ဤကဲ့သို့ တားမြစ် အင်အားစုကြီး နှစ်ဖွဲ့နှင့် ရင်းနှီးခွင့်ရနိုင်မည့် အခွင့်အရေးကြီးကို ငြင်းဆန်သူသည် အရူးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ၊
ယွင်ရွှမ်းရုံသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ၊ အမတရောင်ခြည်အလင်းများသည် လူသုံးဦးပေါ်သို့ လွှမ်းခြုံသွားပြီး အလင်းတန်းတစ်ခုအဖြစ် ယောင်ကွမ်အမတဂိုဏ်း၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေတော့သည်။
အချိန်အနည်းငယ် ကြာမြင့်ပြီးနောက်မှသာလျှင် ၊ လူတိုင်း သတိပြန်ကပ်လာပြီး ဆိတ်ညံနေခဲ့သော လူအုပ်ကြီးသည် ရုတ်ချည်းဆိုသလို ဆူညံပွက်လောရိုက်သွားသည်။
"ငါ အမြင်မှားတာ မဟုတ်ဘူးမလား....?"
"ရွှမ်ယောင် အမတဧကရီက နတ်ဘုရားမအပေါ် နူးနူးညံ့ညံ့နဲ့ဆက်ဆံရုံတင်မကဘူး... သူမကို ပွေ့ဖက်ပြီး တီးတိုးစကားတွေ ပြောနေခဲ့တာပဲ...."
"ပြီးတော့ အတိတ်ကကိစ္စတွေကို ပြန်ပြောမယ်ဆိုတော့ ...ဒီပုဂ္ဂိုလ်နှစ်ယောက်နဲ့ နတ်ဘုရားမက အရင်ကတည်းက သိနေကြတာလား!?"
" အိုင်း... နတ်ဘုရားမရဲ့ နောက်ခံအာဏာက အတော်လေး တောင့်တင်းသကိုး!"
" ပြီးတော့... ပိုပြီး အံ့ဩစရာကောင်းတာက ဒီပုဂ္ဂိုလ်နှစ်ယောက်က ခုလိုလာရောက်တာ စူးချန်ကဲကို သဘောကျလားဆိုတဲ့ မေးခွန်းအတွက်လား "
"ဒီပုဂ္ဂိုလ်တွေက စူးချန်ကဲနဲ့ ဘာတော်တာလဲ"
“..........”
ယောင်ကွမ်းအမတဂိုဏ်းသည် ကျင့်ကြံသူအမျိုးသမီးများဖြစ်သည်နှင့်အလျောက် ၊ ခံစားချက်နှင့် ပတ်သတ်သည့် အရေးကိစ္စများတွင် အတော်လေး ဂရုတစိုက်ရှိကြသည်။
တစ်ချိန်တည်းမှာပင် ၊ သားအမိနှစ်ယောက်၏ သရုပ်မှန်ကို မှန်းဆနေကြသည်။
သူမတို့သည် စူးချန်ကဲ၏ ဆွေမျိုးသားချင်းများဖြစ်မည်ဟု ယူဆထားကြသည်။
အချို့က စူးချန်ကဲ၏ မိခင် သို့မဟုတ် အစ်မဖြစ်နိုင်သည်ဟု သံသယရှိသော်လည်း ၊ သို့သော် ဤဖြစ်နိုင်ခြေမှာ နည်းပါးသည်။
အကြောင်းမှာ အမတနယ်မြေရှိ လူတိုင်း သိထားကြသည့်အတိုင်း လွန်ခဲ့သောနှစ်ကာလပေါင်းများစွာကတည်းက သေဆုံးသွားခဲ့သော စူးချန်ချင်သာလျှင် ဤအဆင့်အတန်းနှင့် ကိုက်ညီပေလိမ့်မည်။
သို့သော် ၊ ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သော ယန်လင်းလုံမှာ ကြက်သေသေလျက် ရှိသည်။
ယောင်ကွမ်းအမတဂိုဏ်းရှိ မျိုးဆက်သစ် လူငယ်ပါရမီရှင်များကြားထဲတွင် သူမမှလွဲ၍ လူတော်တော်များများသည် ဤအမှန်တရားကို သိရှိမထားကြပေ။
သူမသည် မယုံနိုင်စရာကောင်းသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် ၊ သူမ၏အတွေးများ ဆက်လက်နယ်မချဲ့မီ ရှကွမ်အမတဧကရီ၏အသံသည် သူမ၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ယန်လင်းလုံ... မင်းနဲ့ မင်းဆရာ ဘေးကင်းရေးအတွက်..."
"နောင်လာမယ့် နေ့ရက်တွေမှာ... မင်းတို့နှစ်ယောက်စလုံး ယောင်ကွမ် တားမြစ်နယ်မြေအတွင်း နေထိုင်ရမယ်... ခွင့်ပြုချက်မရှိဘဲ... လွတ်လပ်စွာ သွားလာခွင့် မရှိဘူး "
တစ်ချိန်တည်းမှာပင် ၊ အာကာသ ဟင်းလင်းပြင်၌ အလင်းတန်းများ လှိုင်းထလာခဲ့သည်။
အမတဘုရင် နယ်ပယ်အဆင့်ရှိသော စွမ်းအားရှင်နှစ်ဦး ထွက်ပေါ်လာခဲ့ပြီး ၊ ၎င်းတို့သည် ယန်လင်းလုံအား ယောင်ကွမ်းတားမြစ် နယ်မြေဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ယန်လင်းလုံ၏ ဆရာသခင် လျုံယွင်သည်လည်း ထိုနည်းတူစွာ ကြုံတွေ့ခဲ့ရပြီး ၊ ယောင်ကွမ်၏ဘိုးဘေးနှစ်ပါး ရောက်ရှိလာကာ သူမအား ယောင်ကွမ်တားမြစ်နယ်မြေဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤပြဿနာရှာတတ်သူ နှစ်ယောက်စလုံး အပြီးအပိုင် ပိတ်ပင်တားမြစ်ခံလိုက်ရချေပြီ။
စေတနာအရဆိုရလျှင်ဖြင့် ၊ ဤသည်မှာ သူမတို့၏ အသက်အန္တရာယ်အတွက် ဖြစ်သည်။
သာမန် စိတ်ခံစားချက်အရ ဖော်ပြရမည်ဆိုပါက ၊ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် သူမတို့နှစ်ဦးကို အပြီးအပိုင် ပိတ်ထားခဲ့ခြင်းပင် ဖြစ်သည်။
ဤအဖြစ်အပျက်နှင့်ပတ်သတ်၍ အမှန်အတိုင်း သိရှိထားကြသော အခြားအကြီးအကဲများကိုလည်း ယောင်ကွမ်းအမတဂိုဏ်းမှ ဘိုးဘေးများက တိုက်ရိုက် သတိပေးခဲ့သည်။
လိုအပ်ခဲ့လျှင်ဖြင့် ၊ မှတ်ဉာဏ်များကိုပင် ဖျက်ဆီးပစ်နိုင်သည်။
အကြောင်းမှာ ဤကိစ္စသည် အလွန်အရေးကြီးပြီး နည်းနည်းလေးမှ အမှားအယွင်းဖြစ်ခွင့် မရှိချေ။
အပိုင်း(၆၄၇): ဝတ်ရုံဖြူ အသွင်ပုံရိပ် (Part-1)
ထို့အပြင် ရှကွမ်အမတဧကရီသည် ဂိုဏ်းသားအားလုံးကို ကြေညာခဲ့သည်။
"ဒီနေ့ရဲ့ အဖြစ်အပျက်ကို ဆွေးနွေးတာ ၊ ဒါမှမဟုတ် ဂိုဏ်းအပြင်ကို ပေါက်ကြားစေခဲ့ရင် "
" ကြီးလေးတဲ့ပြစ်ဒဏ်ကို ခံစားရလိမ့်မယ်!"
ဤကြေညာချက်သည် ယောင်ကွမ်အမတဂိုဏ်းမှ တပည့်အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ သူမတို့သည် ဤအကြောင်းနှင့်ပတ်သတ်၍ ထပ်မံ ဆွေးနွေးမိပါက ၊ တိုက်ရိုက် အသတ်ခံရမည်ကို ကြောက်ရွံ့မိသည်။
ယောင်ကွမ်အမတဂိုဏ်းမှ တပည့်များသည် ချက်ချင်းဆိုသလို ဦိးညွှတ်ကာ တညီတညွှတ်တည်း ပြန်လည် လျှောက်တင်ခဲ့သည်။
"ဂိုဏ်းချုပ် စိတ်ချပါ ၊ ကျွန်မတို့ ဒီကိစ္စကို လျို့ဝှက်ထားမှာပါ"
ရှကွမ် ဧကရီသည် ကျေနပ်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာက..."
" ငါတို့ ယောင်ကွမ်းအမတဂိုဏ်းရဲ့ ဆက်ခံသူ နတ်ဘုရားမကိုတောင် တစ်သက်လုံး စောင့်ဆိုင်းဖို့ ဆန္ဒရှိစေတဲ့အထိ သဲသဲလှုပ်ချစ်ရတဲ့လူက ဘယ်လိုလူမျိုးပါလိမ့်"
.......
တစ်ချိန်တည်းမှာပင်။
သံသရာစက်ဝန်း အမတမင်းဆက်၊ သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင် ။
သမိုင်းမတင်မီ ရှေးကတည်းက ကျန်ရစ်ခဲ့သော တရားကျင့်ကြံရာ နေရာတစ်ခုအဖြစ်...
၎င်းတွင် ပါဝင်သော သံသရာစက်ဝန်း နိယာမများသည် အမတနယ်မြေ တစ်ခုလုံးသာမက၊ ဒေဝလောကတစ်ခွင်လုံးတွင်ပါ ပြီးပြည့်စုံသော ဖြစ်တည်မှုဖြစ်သည်။
ဤနေရာတွင် တရားကျင့်ကြံသူများသည် သံသရာစက်ဝန်း နိယာမများမှတစ်ဆင့် အတိတ်နှင့် အနာဂတ်ကို ချိတ်ဆက်နိုင်ပြီး၊ နောက်ဆုံးတွင် မိမိကိုယ်ပိုင် ချုပ်နှောင်မှုများကို အဆက်မပြတ် ချိုးဖျက်နိုင်ပေလိမ့်မည်။
ဤနေရာတွင် ကောင်းကင်နှင့်မြေကြီးရှိ ထောင်ပေါင်းများစွာသော လမ်းစဉ်များ နှင့် ဖြစ်စဉ်များအားလုံး တည်ရှိပြီး ၊ မဟာလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများသည် ကြယ်စင်များကဲ့သို့ မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည်။
ထို့အပြင် ၊ ဤနေရာတွင် စိုက်ထူထားသော နိယာမတရားများဖြင့် စုစည်းဖန်တီးထားသည့် ကျောက်တိုင်များ ရှိနေပြီး ၊ ၎င်းတို့၏ကိုယ်ပိုင် စကြဝဠာများကို ဖန်တီးနေပုံရသည်။
ဤမျှလျှို့ဝှက်ဆန်းကြယ်သော စကြဝဠာလောကထဲတွင် သံသရာစက်ဝန်း စွမ်းအားများသည် တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသည်။
ကျယ်ပြောလှသော ကောင်းကင်ပြင်တွင် ကြယ်များဖြင့် ပြည့်နှက်နေပြီး ၊ စကြဝဠာကြီးသည် လည်ပတ်နေသည်။
ရှင်သန်ခြင်း နှင့် သေဆုံးခြင်း ၊ ကြွယ်ဝချမ်းသာခြင်းနှင့် ကျရှုံးခြင်းတို့သည် စက်ဝန်းသဖွယ် မပြတ်စတမ်း အလှည့်ကျပြောင်းလဲနေသကဲ့သို့ပင်။
ဤမျှကြီးကျယ်ခမ်းနားသော သံသရာစက်ဝန်း စွမ်းအားများ စုဝေးရာဗဟိုတွင်...၊
အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသော ပုံရိပ်တစ်ခုသည် လှိုင်းထနေသော စွမ်းအားများ၏ အလယ်ဗဟိုတွင် ထိုင်လျက်ရှိနေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မဟာလမ်းစဉ်၏ မြူဆိုင်းများက လွှမ်းခြုံထားပြီး ၊ သူ၏ ဝင်လေထွက်လေ တစ်ချက်တိုင်းသည် မိုးမြေကို တုန်လှုပ်သွားစေသည့် စွမ်းအားများကို ထုတ်လွှတ်နေသည်။
စူးချန်ကဲ၏ မျက်ခုံးနှစ်ခုကြားတွင် အမတ ၊ နတ်ဘုရား ၊ နတ်ဆိုး စသည့် လမ်းစဉ်သုံးရပ်၏ အမှတ်သင်္ကေတသုံးခုသည် ထင်ရှားစွာ ဖြစ်ပေါ်လာပြီး ၊ ၎င်းတို့၏မူလအစဝိညာဉ် ဖြစ်သော ပုံရိပ်ငယ်သုံးပါးသည် တရားထိုင်အားထုတ်နေကြသည်။
မူလရင်းမြစ် ဖြစ်သော သံသရာစက်ဝန်းစွမ်းအား၏ ကူညီပံ့ပိုးမှုအောက်တွင် ၊ စူးချန်ကဲ၏ ရောင်ဝါသည် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်နေရုံသာမက ၊ သူသည် စစ်မှန်အမတ နယ်ပယ် စတုတ္ထအဆင့်ထိ ရောက်ရှိနိုင်ခဲ့သည်။
သို့သော် ဤနေရာတွင် ရပ်တန့်မသွားဘဲ ဆက်လက် မြင့်တတ်နေဆဲပင် ဖြစ်သည်။
စူးချန်ကဲသည် စိတ်ပါဝင်စားစွာဖြင့် ကျင့်ကြံအားထုတ်နေစဉ် ၊
နက်နဲသိမ်မွေ့သော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ဖြည်းညှင်းစွာ နိုးထလာခဲ့သည်။
" မင်း ထပ်ပြီး အားကောင်းလာပြီပဲ"
အသံတစ်သံသည် စူးချန်ကဲ၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။
ထိုအသံကြောင့် စူးချန်ကဲသည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။
"ဘယ်သူလဲ... ဘယ်သူပြောတာလဲ!?"
သို့သော် သူမြင်လိုက်ရသည့် မြင်ကွင်းမှာ သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်၏ ပတ်ဝန်းကျင် မဟုတ်ခဲ့ပေ။
ဤအခိုက်အတန့်တွင်၊ သူသည် အဆုံးမရှိသော အာကာသအတွင်းသို့ ရောက်ရှိသွားပုံရသည်။
"စိတ်လှုပ်ရှားစရာမလိုဘူး ၊ ငါ မင်းအပေါ် ထိခိုက်စေလိုတဲ့ဆန္ဒ မရှိဘူး "
ဤအသံကို သူ ထပ်မံကြားခဲ့ရပြန်သည်။ ဩဇာအာဏာအပြည့်ရှိသော အသံဖြစ်ပါလျက်နဲ့ ကြားရသူမှာ လေပြေတိုက်ခတ်သံကဲ့သို့ပင်။
စူးချန်ကဲမှ အံ့အားသင့်စွာဖြင့် ပဟေဠိဖြစ်နေစဉ် ၊
ဝီ !!
ကြယ်တာရာများဖြင့် ပြည့်နှက်နေသော မိုးကုပ်စက်ဝိုင်းမှ အတိုင်းအဆမဲ့ ရောင်ခြည်များ ထွက်ပေါ်လာခဲ့သညိ။
ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲစေသော စွမ်းအားတစ်ခုသည် ဤအခိုက်အတန့်တွင် ဖြည်းဖြည်းချင်း နိုးထလာပုံရသည်။
ထိုသူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ၊ ၎င်း၏ကိုယ်ခန္ဓာတစ်ခုလုံးသည် လောကရှိ လမ်းစဉ်အားလုံးကို ချုပ်ကိုင်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ ထိန်လင်းတောက်ပနေသည်။
ပို၍အံ့ဩဖွယ်ရာကောင်းသည်မှာ သူ၏နက်ရှိုင်းပြီး ရှေးကျသော မျက်ဝန်းအစုံသည် စကြဝဠာများစွာကို လွှမ်းမိုးချုပ်ကိုင်ထားသကဲ့သို့ပင်။
စူးချန်ကဲ စဉ်းစားထားသည်ထက် များစွာသာလွန်သော မဟာလမ်းစဉ်၏ နက်နဲသော အခြေခံမူများသည် ထိုတောက်ပသော မျက်ဝန်းတစ်စုံတွင် ထွင်းထုထားသကဲ့သို့ သက်ဝင်လှုပ်ရှားနေပြီး ၊ အချိန်-အာကာသ အပိုင်းအစတို့သည် ထိုမျက်ဝန်းထဲ၌ လှည့်ပတ်နေသည်။
မျက်တောင်တစ်ချက် ခတ်လိုက်ရုံဖြင့် ၊ ဒေဝလောကရှိ ခေတ်ကာလများကို ထင်ဟပ်စေပြီး ကမ္ဘာပေါ်ရှိ မဟာလမ်းစဉ်၏ မူလအစကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိပုံရသည်။
သို့သော် ဤအရာသည် စူးချန်ကဲကို အံ့အားသင့်သွားစေသည့်အရာ မဟုတ်ခဲ့ချေ။
သူသည် ထိုမျက်ဝန်းတစ်စုံ၌ အလွန်ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားခဲ့ရခြင်းကြောင့် ဖြစ်သည်။
အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်!
စူးချန်ကဲ ပိုင်ဆိုင်ထားသည်ထက် ပို၍ အဆင့်မြင့်သော မျက်ဝန်းတစ်စုံဖြစ်သည်ဟု ဆိုနိုင်သည်။
အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်နှင့် ပတ်သတ်၍ ၊ သူနားလည်ထားသည်ထက် များစွာ သာလွန်သော မျက်ဝန်းတစ်စုံ ဖြစ်ပေသည်။
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီသူ၏ ရှေ့မှောက်တွင် ၊ စူးချန်ကဲသည် သဲပွင့်လေးတစ်ခုကဲ့သို့ပင် သေးနုပ်သည်ဟု ခံစားရသည်။
ထို့အပြင် စူးချန်ကဲသည် ဤလောကမှာ ပုံရိပ်ယောင်လောကတစ်ခုသာ ဖြစ်ကြောင်း သူ အတပ်ပြောနိုင်သည်။
ဤပုံရိပ်သည်လည်း ဝိညာဉ်ပုံရိပ်တစ်ခုမျှသာ ဖြစ်ပြီး ၊ စိတ်ဝိညာဉ်စွမ်းအင်ဟူ၍ နည်းနည်းမျှပင် မရှိ။
သို့သော်ငြားလည်း ၊ ၎င်းမှ ဖြာထွက်နေသော ရောင်ဝါသည် ဒေဝလောကတစ်ခုလုံးကို ဖိနှိပ်စွမ်းရှိပေသည်။
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ဤပုံရိပ်၏မူလပိုင်ရှင်မှ ပိုင်ဆိုင်ထားသော ကြီးမြတ်သော စွမ်းအားများသည် မည်မျှထိ ကြောက်စရာကောင်းလိုက်မည်နည်း။
စူးချန်ကဲ အံ့အားသင့်နေစဉ် ၊ သူသည် ကိစ္စတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။
ယခင်က သူသည် ဗလာနိတ္ထိမျက်လုံးတော်ကို အသက်သွင်းနိုင်ခဲ့စဉ်က ၊ လျို့ဝှက်ဆန်းကြယ်သော လောကတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
ထိုလျို့ဝှက်ဆန်းကြယ်သော လောကထဲတွင် မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်တစ်ဦးကို မြင်တွေ့ခဲ့ရပြီး ၊ သူ့အား အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကို နိုးကြားစေရန် ကူညီပေးခဲ့သည်။
စိတ်ထဲရှိ အတွေးများ ငြိမ်သက်သွားပြီးနောက်၊ စူးချန်ကဲသည် မေးမြန်းလိုက်သည်။
" အသင်က... အရင်က ကျွန်တော့်ကို အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကို နိုးကြားအောင် ကူညီပေးခဲ့တဲ့လူကြီးမင်းလား"
"ဟုတ်တယ်... မင်း ငါ့ကို မှတ်မိနေသေးတာပဲ"
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီပုဂ္ဂိုလ်သည် ခေါင်းညိတ်ပြလိုက်ပြီး ၊ စူးချန်ကဲ၏ စကားကို ထောက်ခံလိုက်သည်။
သို့သော် ၊ ဤစကားများကို ကြားလိုက်ရချိန်တွင် စူးချန်ကဲ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ဤပုဂ္ဂိုလ်၏ မူလဇာတ်မြစ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ယခင်က သူသည် အကြောင်းရင်းအား တစ်ဖက်လူကို မေးမြန်းခဲ့သော်လည်း ၊ သူ့အား အခွင့်အရေးမပေးခဲ့ချေ။
ဤအရာသည် စူးချန်ကဲ၏ စိတ်ထဲတွင် အထုံးတစ်ခု ဖြစ်လာခဲ့သည်။
ယခုတွင်မူ ၊ တဖက်လူသည် သူ့အား တုံ့ပြန်မှုပေးခဲ့သည်။ ဆိုလိုသည်မှာ သူတို့သည် ယခု စကားပြောဆိုနိုင်ပြီမှန်း ထင်ရှားပေသည်။
" အသင်က တကယ်ပဲ ဘယ်သူလဲ "
အပိုင်း(၆၄၇): ဝတ်ရုံဖြူ အသွင်ပုံရိပ် (Part-2)
"ဘာကြောင့် ကျွန်တော့်ကို အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကို နိုးကြားစေဖို့ ကူညီပေးခဲ့တာလဲ "
စူးချန်ကဲသည် သူ၏စိတ်ထဲက သံသယမေးခွန်းများကို ချက်ချင်းမေးမြန်းလိုက်သည်။
" အခု ဘာလို့ ကျွန်တော့်ကို ဒီနတ်ဘုရားဝိညာဉ်နယ်ပယ်ထဲကို ဆွဲခေါ်လာခဲ့တာလဲ"
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီပုံရိပ်သည် စူးချန်ကဲအား စိမ်းသက်စေပြီး၊ တစ်ဖန် ရင်းနှီးသော ခံစားချက်ကို ရရှိစေသည်။
ရင်းနှီးသည်မှာ ထိုအနှီသူ၏ရောင်ဝါသည် သူနှင့် ဆင်တူပြီး၊ တစ်ထပ်တည်းကျသည်ဟုပင် ဆိုနိုင်သည်။
စိမ်းသက်သည်မှာ သူသည် ဤပုဂ္ဂိုလ်ကို လုံးဝ မသိခြင်းပင် ဖြစ်သည်။
ထိုအနှီသူသည် မည်သူဖြစ်သည်ကို သူ အတော်လေး သိချင်မိသည်။
ထိုစကားကို ကြားပြီးနောက် ၊ ထိုအနှီသူသည် မရေရာသော အဖြေတစ်ခုကို ပေးခဲ့သည်။
"ငါဘယ်သူဆိုတာထက်... မင်းကိုယ်မင်း ဘယ်သူလဲဆိုတာကို သိဖို့က အရေးကြီးဆုံးပဲ"
ဤအဖြေသည် စူးချန်ကဲကို အနည်းငယ်ရှုပ်ထွေးသွားစေခဲ့သည်။
"ငါဘယ်သူလဲဆိုတာ သိရမယ်?"
ထိုအနှီသူ၏ စကားများကြောင့် စူးချန်ကဲသည် အနည်းငယ် ရှုပ်ထွေးသွားပြီး သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
သူသည် ကမ္ဘာမြေမှ ကူးပြောင်းလာသော အချိန်ခရီးသွားတစ်ယောက် ဖြစ်သည်။
ယခုအခါတွင် ၊ သူသည် ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူ ၊ တားမြစ် စူးမိသားစု၏ သခင်ငယ် ၊ သံသရာစက်ဝန်း အမတမင်းဆက်၏ မင်းသား ..
သူ၏အခြားသော ယခင်ဘဝကိုပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက ၊ သူသည် အမတနယ်မြေ၏ ဒဏ္ဍာရီလာ ပါရမီရှင် စူးချန်ချင်းလည်း ဖြစ်ခဲ့ဖူးသည်။
ဤသည်မှာ သူ သိရှိထားသမျှအကုန်ဖြစ်ပြီး ၊ သူသိထားသော သူ၏အထောက်အထားများလည်း ဖြစ်သည်။
သို့သော် ထိုအနှီသူ၏ မေးခွန်းသည် စူးချန်ကဲကို အတော်လေး စိတ်ရှုပ်သွားစေခဲ့သည်။
သို့သော်လည်း ၊
စူးချန်ကဲ၏ အမြင်တွင်၊ သူသည် အတိတ်က မည်သူပင် ဖြစ်ခဲ့ပါစေ ၊ အနာဂတ်တွင်လည်း မည်သူပင် ဖြစ်လာပါစေ ဤအရာများသည် အရေးမကြီးပေ ။
စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက်၊ စူးချန်ကဲသည် မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ထိုပုဂ္ဂိုလ်ထံသို့ လက်နှစ်ဖက်လျှက်ကာ တရိုတသေ လျှောက်တင်လိုက်သည်။
"ကျွန်တော့်ရဲ့ အရင်ဘဝက ဘယ်သူပဲဖြစ်ခဲ့ဖြစ်ခဲ့ ၊ အတိတ်တုန်းက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့.. ကျွန်တော်အတွက်တော့ အရေးမကြီးပါဘူး"
" ကျော်ကြားသည်ဖြစ်စေ ၊ သာမန်ပဲဖြစ်စေ အားလုံးက လေပြေလေညှင်းလိုပဲ ပျောက်ကွယ်သွားရမှာပဲ "
"အခု ကျွန်တော့်မှာ နာမည်တစ်လုံးပဲ ရှိတယ် ၊ အဲ့တာက စူးချန်ကဲပဲ "
ဤမေးခွန်းအတွက် အဖြေရှာရန်မလိုအပ်ပေ။
နောင်အနာဂတ်တွင် ရရှိလာမည့် သူ၏အောင်မြင်မှုများသည် အကောင်းဆုံးအဖြေတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤစကားများကို ကြားပြီးနောက် ၊ ထိုအနှီပုံရိပ်သည် ခဏတာ တုန်လှုပ်သွားသည်။ သူသည် စူးချန်ကဲ၏ ယုံကြည်ချက်ပြင်းထန်သော အမူအရာနှင့် သူထံမှ ဖြာထွက်လာသော စိတ်အားထက်သန်မှုကို ကြည့်ရှုလိုက်သည်။
ထို့နောက်တွင် ၊ ထိုသူ၏အကြည့်များသည် ရုတ်တရက် သိမ်မွေ့လာသည်။
အကယ်၍ သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသော အခိုးအငွေ့များသည် သူ၏မျက်နှာသွင်ပြင်ကို ဖုံးကွယ်မထားခဲ့ပါက ၊
သူ၏ နှုတ်ခမ်းထောင့်တွင် လှစ်ဟသွားသော အပြုံးတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပေလိမ့်မည်။
"ငါတော့...."
ထိုသူသည် သူသာလျှင် ကြားနိုင်သော အသံဖြင့် ရေရွတ်လိုက်သည်။
" အတိတ်က ငါကိုယ့်ငါ ပြန်မြင်နေရပြီပဲ..."
သူ၏မျက်လုံးများသည် ရှေးအငွေ့အသက်များကို ထုတ်ဖော်ပြသနေပြီး၊ မဟာလမ်းစဉ်ဆိုင်ရာ အလင်းတန်းများသည် မှုန်ဝါးဝါး လူသားပုံရိပ်တစ်ခုအဖြစ် တစ်ခုနှင့်တစ်ခု ရစ်ဖွဲ့ထားသည်။
အသွင်အပြင်သည် ငယ်ရွယ်နုပျိုပြီး ၊ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ နက်မှောင်သော ဆံနွယ်များက လေထဲတွင် လွင့်မျောနေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒေဝလောကတစ်ခွင်လုံးကို လွှမ်းမိုးနိုင်သော အရှိန်အဝါများကို ထုတ်ဖော်ပြသနေပြီး ၊ ကောင်းကင်နှင့်မြေကြီးရှိ လမ်းစဉ်အားလုံးသည် သူ၏တည်ရှိမှုကြောင့် အရောင်အသွေး ပျောက်ကွယ်သွားပုံရသည်။
အကြောင်းမှာ၊ ထိုငယ်ရွယ်သော ပုံရိပ်သည် အတုမရှိသော ပြိုင်ဘက်ကင်းသူအဖြစ် မွေးဖွားလာခဲ့သလို ၊ အရာအားလုံး၏ ပုံရိပ်အဖြစ် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ထိုငယ်ရွယ်သော ပုံရိပ်သည် မျက်စိရှေ့က အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီသူနှင့် တစ်သားတည်းကျသွားခဲ့ပြီး ၊ စူးချန်ကဲ၏ ပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
......
စိတ်ခံစားချက်များ ပြေလျော့သွားပြီးနောက်၊
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီသူသည် ဆက်လက် ပြောကြားလိုက်သည်။
"တကယ်တော့... ငါ မင်းကို ဒီလောကထဲဆွဲခေါ်ခဲ့ရတဲ့အကြောင်းရင်းက မင်းရဲ့ကိုယ်ပိုင် ချုပ်နှောင်မှုတွေကို နောက်တစ်ကြိမ် ချိုးဖျက်ဖို့အတွက် ကူညီပေးဖို့ပဲ"
" မင်းရဲ့ မူလ သူတော်စင်ခန္ဓာကိုယ်နဲ့ အသွေးအသားကို နောက်တစ်ကြိမ် ပြောင်းလဲပစ်ပြီး... ပိုပြီးအားကောင်းတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်လာစေဖို့ပဲ"
ထိုစကားသံအဆုံးတွင် ၊
စူးချန်ကဲသည် ပဟေဠိဖြစ်ကာ ရေရွတ်လိုက်သည်။
" ငါ့ရဲ့ ချုပ်နှောင်မှုတွေကို နောက်တစ်ကြိမ် ချိုးဖျက်ဖို့အတွက် ကူညီပေးမယ်?"
"ဒါပေမဲ့ လူကြီးမင်း ကျွန်တော်က..."
စူးချန်ကဲ၏ စကားမဆုံးခင် ၊ ထိုအနှီသူက စကားဆက်လိုက်သည်။
" ငါ သိတယ်.... မင်းမှာ လျှို့ဝှက်ထားတဲ့ မဟာလမ်းစဉ်ရဲ့ တားမြစ်ခန္ဓာကိုယ်နဲ့ပါ ထည့်တွက်ရင်... စုစုပေါင်း ကိုယ်ထည် ခုနစ်မျိုး ရှိနေပြီ"
" ဒေဝလောကတစ်ခွင်လုံးမှာ... မင်းတစ်ယောက်တည်း... ဒါမျိုးရှိနိုင်လိမ့်မယ်"
"ဒါပေမဲ့... ငါပြောချင်တာက"
"မင်းမှာ သူတော်စင်ကိုယ်ထည်တွေအပြင် မဟာလမ်းစဉ်ရဲ့ နတ်ကိုယ်ထည် ရှိနေတယ်ဆိုတောင် ... အနာဂတ်မှာကြုံရမယ့် အန္တရာယ်တွေအတွက်ဆိုရင်... ဒါတွေက မလုံလောက်သေးဘူး"
"အမတနယ်မြေ... ဒေဝလောကကြီးတစ်ခုလုံးက... မင်းထင်သလောက် မရိုးရှင်းဘူး"
"မင်းအနေနဲ့ အမတနယ်မြေရဲ့ ဒဏ္ဍာရီ ပုံပြင်အချို့ကို သိထားမယ်လို့ ငါယုံကြည်တယ်"
"ဒါပေမဲ့... မင်းတွေးဖူးသလား... အဆုံးမဲ့ကပ်ဘေးကြီး ဘာကြောင့်ပေါ်ပေါက်လာရတာလဲ"
"အမှောင်ထုကရော ဘယ်လိုဖြစ်ပြီး ဆင်းသက်လာရတာလဲ"
"အမှောင်မူလရင်းမြစ် ကမ္ဘာဆိုတာ ဘာလဲ"
"အမတနယ်မြေရဲ့ အထက်မှာ 'မူလရင်းမြစ် လောက'လို့ ခေါ်တဲ့ ကမ္ဘာတစ်ခုရှိတယ်ဆိုတာ မင်းသိလား "
" ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးမတိုင်ခင် ၊ ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီး ဘာကြောင့်ဖြစ်ရတာလဲ"
"မင်းတွေးဖူးလား... တကယ်တော့ အမှောင်မူလရင်းမြစ် ကမ္ဘာဆိုတာ ကောင်းကင်ဘုံလို ဖြစ်တည်တဲ့ အရှင်သခင်တစ်ပါးက 'မူလရင်းမြစ် လောက 'ကနေ ဖြတ်ထုတ်ယူလိုက်တဲ့ အပိုင်းဖြစ်နေမလားဆိုတာ "
" အမှောင်ရဲ့ မူလအစက... အမတနယ်မြေရဲ့ အထက် လောကမှာရှိနေပြီး... ဒေဝလောကတစ်ခွင်လုံးမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို လျှို့ဝှက်စွာနဲ့ ခြယ်လှယ်နေခဲ့တာလားဆိုတာ မင်း တွေးဖူးလား"
အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသော ထိုအနှီပုံရိပ်၏မေးခွန်းများသည် စူးချန်ကဲကို လုံးဝ ရှုပ်ထွေးသွားစေခဲ့သည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ အမတနယ်မြေသို့ ရောက်ရှိလာစဉ်ကတည်းက ..
သူ၏နောက်ကွယ်က နောက်ခံအာဏာသည် မည်မျှ ကြောက်စရာကောင်းသည်ကို သိလာခဲ့ရသည်။
တားမြစ်အင်အားစုများ ၊ အမတ ဧကရာဇ်မင်းများပင်လျှင် ပါဝင်လာကြပြီး ၊ ဘိုးဘေးများကိုပင် ယှဉ်ပြိုင်နိုင်သည့် အမတနယ်မြေထက် သာလွန်သော စွမ်းအားရှင်ပုဂ္ဂိုလ်များလည်း ရှိသေးသည်။
ဤမျှအားကောင်းသော နောက်ခံအာဏာရှိခြင်းကြောင့် ၊ သူသည် အနာဂတ်တွင် ဖြစ်လာမည့်ကိစ္စရပ်များကို အနည်းငယ် လစ်လျူရှုမိခဲ့သည်။
ဤကဲ့သို့ နောက်ခံအင်အားကို ပိုင်ဆိုင်ထားသူ မည်သူမဆို ၊ ပျင်းရ်ိလိုစိတ်သည် မတားဆီးနိုင်လောက်အောင် ဖြစ်ပေါ်လာကြမည်မှာ သေချာသည်။
သို့သော် ယခုတွင်မူ ၊ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီပုံရိပ်၏ ထင်မှတ်မထားသော မေးခွန်းများကြောင့် စူးချန်ကဲသည် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
အထူးသဖြင့် အမတ နယ်မြေအထက်တွင် 'မူလရင်းမြစ်လောက' ရှိသည်ဟူသော အချက်ပင်။
ထို့အပြင် 'အမှောင်မူလရင်းမြစ်ကမ္ဘာ'ဟူသည် မြင့်မြတ်သော အရှင်သခင်တစ်ပါးမှ 'မူလရင်းမြစ် လောက'မှ ဖြတ်ယူကာ အမတနယ်မြေထဲသို့ အတင်းအကျပ် ပေါင်းထည့်ခဲ့ခြင်းပေလော။
ထိုသို့ပြုလုပ်ရန်အတွက် မည်မျှကြီးမားသော စွမ်းအားများကို လိုအပ်မည်နည်း။
ထိုစွမ်းအားများဖြင့် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရ သိမ်းပိုက်ကာ ၊ ယင်နှင့်ယန်၏ သဘောတရားကို ပြောင်းပြန်လှန်ခြင်းဖြင့် ကမ္ဘာကြီးကို အသွင်ပြောင်းလဲခဲ့သည်ဟု ဆိုနိုင်သည်။
အပိုင်း(၆၄၈): ဗလာနိတ္ထိ မူလမျှော်စင်
စူးချန်ကဲ၏ အဆက်မပြတ် ပြောင်းလဲနေသော မျက်နှာအမူအရာကို ကြည့်ရှုရင်း ၊ ထိုအနှီသူသည် သူ၏ရည်မှန်းချက် ဖြစ်မြောက်ကြောင်းကို သိလိုက်သည်။
သူသည် စူးချန်ကဲအား ဤလျို့ဝှက်ဆန်းကြယ်သော လောကထဲသို့ ဆွဲခေါ်လာခဲ့ခြင်းမှာ သူပြောမည့် စကားများသည် ကြီးမားသော အကြောင်းအကျိုးဆက်နွယ်မှုများ ရှိပေသည်။
ထိုသူများသာ မတော်တဆ သိရှိသွားခဲ့လျှင်ဖြင့် ၊ သူ ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးသည် သဲထဲရေသွန်ဖြစ်ရပေတော့မည်။
သူ မျှော်လင့်ထားသကဲ့သို့ပင် စူးချန်ကဲသည် အမတနယ်မြေသို့ ရောက်ရှိလာသည်နှင့် ၊ သူ၏ အထောက်အထားများသည် ဖော်ထုတ်ခံလိုက်ရသည်။
အားကောင်းလွန်းသော နောက်ခံအာဏာသည် လုံခြုံစေသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ အကယ်၍ ထိုခံစားမှုသည် အလွန်အမင်း အားကောင်းသွားပါက ၊ အနာဂတ်တွင် ဖြစ်လာနိုင်မည့် အန္တရာယ်များကို လျစ်လျူရှုထားရာ ရောက်သွားနိုင်သည်။
သူသည် ယခုလိုထွက်ပေါ်လာရသည်မှာ စူးချန်ကဲအား ကြိုတင်သတိပေးရန် ဖြစ်သည်။
စူးချန်ကဲ၏ လက်ရှိပါရမီသည် အမတနယ်မြေတစ်ခွင်လုံးတွင် ထိပ်တန်းအဆင့်မှ ပါဝင်နေပြီ ဖြစ်သော်လည်း ၊
သို့သော် နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် အမှောင်နိုးထမှုအပြင် ဒုတိယအကြိမ်မြောက် အဆုံးမဲ့ကပ်ဘေးကြီးကို ရင်ဆိုင်ရပါက ၊
မိမိကိုယ်ကို ကာကွယ်ရန်နှင့် မိမိအတွက် အရေးပါသော သူများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပေသည်။
ထိုသို့ဖြစ်လာရန် ၊ သူ၏လက်ရှိအရည်အချင်းနှင့် မလုံလောက်သေးပေ။
သို့မဟုတ်ပါက နောင်အနာဂတ်တွင် ကြီးမားသော အပြောင်းအလဲနှင့် ကြုံတွေ့ခဲ့ရပါက ၊ စူးချန်ကဲ၏ ကံကြမ္မာသည် သူ့ကံကြမ္မာနည်းတူ ဖြစ်သွားနိုင်သည်။
ကောင်းကင်ဘုံ၏အလယ်တွင် အထီးကျန်စွာဖြင့် ၊ လောကကြီး၏ သံသရာလည်ပတ်မှုကို တစ်ယောက်တည်း ကြည့်ရှုနေခဲ့ရသည်။
ထိုအနှီပုဂ္ဂိုလ်၏ မေးခွန်းများအပြီးတွင်...
စူးချန်ကဲသည် လေးနက်စွာဖြင့် လက်နှစ်ဖက်လျှက်ကာ တရိုတသေ မေးမြန်းလိုက်သည်။
" လူကြီးမင်းအနေနဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင် ချုပ်နှောင်မှုတွေကို ချိုးဖျက်ဖို့ ဘယ်လိုများကူညီပေးမှာလဲ မသိဘူး"
အမှန်အားဖြင့် ၊ စူးချန်ကဲသည် ကျင့်ကြံအားထုတ်ရာတွင် ဘယ်သောအခါမှ ပေါ့လျော့ခြင်း မရှိခဲ့ပေ။
သူ လက်ခံထားသည်မှာ စစ်မှန်သော လွတ်လပ်မှုကို ရယူကာ ၊ မိမိပတ်ဝန်းကျင်ရှိသူများကို ကာကွယ်စောင့်ရှောက်လိုပါက၊
သူသည် အတုမရှိသော ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်ရန်လိုအပ်ပေသည် ။
သို့သော် ၊ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုပုဂ္ဂိုလ်၏ စကားအရ ၊ နောင်လာမည့် အနာဂတ်တွင် ကြုံတွေ့ရမည့် အန္တရာယ်သည် သူ ထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းသည်ကို ညွှန်ပြနေသည်။
လက်ရှိအခြေအနေဖြင့် ရင်ဆိုင်ပါက ၊အရာအားလုံး လက်လွတ်ဆုံးရှုံးရပေလိမ့်မည်။
"အရင်က မင်းက မင်းကိုယ်ပိုင် ချုပ်နှောင်မှုတွေကို ချိုးဖျက်ပြီးခဲ့ပြီ ၊ နောက်တစ်ကြိမ် ထပ်ပြီး ချိုးဖျက်ဖို့ဆိုရင် အထူးစမ်းသပ်မှုတစ်ခုကို ဖြတ်သန်းရလိမ့်မယ်"
" ဒါပေမဲ့ ဒီတစ်ခေါက် စမ်းသပ်မှုရဲ့ အခက်အခဲက ကြီးမားတယ်"
"ဒီလမ်းကို လျှောက်လိုက်ပြီဆိုတာနဲ့ ရလဒ်တစ်ခုတည်းပဲ ရှိရမယ် ၊ အောင်မြင်စွာ ဖြတ်ကျော်နိုင်ရမယ် "
"မဟုတ်ရင်...."
ထိုပုဂ္ဂိုလ်သည် သက်ပြင်းချလိုက်ရင်း ၊
"မင်းက စမ်းသပ်မှုထဲမှာ လမ်းပျောက်ပြီး ၊ ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး"
"ဒီလိုဆိုတောင်... မင်း ရှေ့ဆက်သွားမှာလား"
ထိုစကားသံအဆုံးတွင်၊
စူးချန်ကဲသည် အနည်းငယ် မျက်မျက်မှောင်ကြုတ်သွားသည်။
" မအောင်မြင်ရင် ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူးတဲ့လား"
ဤစမ်းသပ်မှုသည် အန္တရာယ်များသော်လည်း ၊ ရရှိလာမည့် အကျိုးခံစားခွင့်မှာ အတော်လေး ကြီးမားပေသည်။
သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများကို ထပ်မံ ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးသည် ဤစကြဝဠာတစ်ခွင်လုံးတွင် ရနိုင်ရန် ခဲယဉ်းပေသည်။
အကယ်၍ သူသည် ယခုထက်ပို၍ အားကောင်းလာခြင်း မရှိခဲ့လျှင်ဖြင့် ၊ နောင်အနာဂတ်တွင် သူ၏ချစ်ရသူများကို မည်သို့ ကာကွယ်ပေးနိုင်လိမ့်မည်နည်း။
စိတ်ထဲကအတွေးများ ငြိမ်သက်သွားပြီးနောက်၊ စူးချန်ကဲသည် အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။
ထို့နောက် ၊ သူသည် ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားသော လေသံဖြင့် ပြန်လည်ဖြေဆိုလိုက်သည်။
"ချန်ကဲ ဒီစမ်းသပ်မှုကို လက်ခံပါတယ်"
"ကောင်းပြီ "
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအသွင်ပုံရိပ်သည် မည်သည့်အပိုစကားမှ မဆိုဘဲ ၊ သူ၏ နှုတ်ခမ်းမှ ' စုစည်း' ဟူသော စကားတစ်လုံးကို ညင်သာစွာ ရွတ်ဆိုလိုက်သည်။
ဝူး!!
ထိုစကားသံအဆုံးတွင် ၊
မူလက မှောင်မိုက်နေသော အာကာသဟင်းလင်းပြင်တွင် နေနှင့်လ အလှည့်ကျလှည့်ပတ်နေသကဲ့သို့ ၊ ကုန်ဆုံးခြင်းမရှိသော အချိန်နှင့် အာကာသလှိုင်းများသည် တလိပ်လိပ် တတ်ကြွလာသည်။ မဟာလမ်းစဉ်၏ ကြာပွင့်များသည် ရိုက်ခတ်လှုပ်ရှားနေသော နိယာမမြစ်ထဲတွင် တိတ်တဆိတ် ပွင့်ဖူးလာကြသည်။
သူ၏ စကားတစ်ခွန်းဖြင့်၊ အာကာသတစ်ခုလုံးသည် လုံးဝ ပြောင်းလဲသွားပြီး ၊ အဆုံးမရှိသော နိယာမတရားများသည် တစ်နေရာတည်းသို့ အရူးအမူး စုဝေးလာကြသည်။
ယင်း၌ ပြည့်နှက်နေသော စွမ်းအားများသည် မယုံကြည်နိုင်လောက်အောင်ပင် လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲသိမ်မွေ့သည်။
"ဒါက ....."
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် စူးချန်ကဲသည်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
စကားတစ်ခွန်းတည်းဖြင့် နိယာမတရားများကို လိုက်နာဆောင်ရွက်စေကာ ၊ ကောင်းကင်နှင့် မြေကြီးသည် စိတ်၏အလိုဆန္ဒအတိုင်း ပြောင်းလဲရသည်။ တစ်နည်းအားဖြင့် ဆိုရသော် ၊ သူ၏ စကားတစ်ခွန်းတည်းဖြင့် ကမ္ဘာကြီးသည် လည်ပတ်နေသည်။
အကယ်၍ ဤနေရာတွင် ပိယွီ့ကောင်းကင်အရှင်သာ ရှိနေခဲ့လျှင်ဖြင့် ၊ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ဤသူအား ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမည်မှာ ဧကန်မလွဲပင်။
မှန်၏။ ထိုနှစ်က မိန်းမပျိုလေး၏ နှလုံးသားကို လှည့်စားခဲ့သူမှာ သူပင်။
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီသူသည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ မူလပိုင်ရှင်ပင် ဖြစ်သည်။
သူသည် ကမ္ဘာဦးအစကတည်းက တည်ရှိလာခဲ့ပြီး ၊ ဒဏ္ဍာရီလာ လောကဖန်ဆင်းရှင် နတ်ဘုရားငါးပါးအနက်မှ တစ်ပါးဖြစ်သည်။
"ဗလာနိတ္ထိ မူလမျှော်စင် ၊ ထွက်ပေါ်စေ!"
တစ်ချိန်တည်းမှာပင်၊ ထိုအနှီပုဂ္ဂိုလ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
မဟာလမ်းစဉ်ဆိုင်ရာ မြူဆိုင်းများထဲမှ ရှေးဟောင်း နတ်တောင်ကြီးထက်ပင် ကြီးမားသော မျှော်စင်တစ်ခုသည် တိမ်ပင်လယ်ကို ဖြိုခွဲကာ တောက်ပစွာ ပေါ်ထွက်လာသည်။
ထို့နောက်တွင် ၊ နတ်ရောင်ခြည်များကို ဖြန့်ကျတ်လျက် ခမ်းနားထည်ဝါသော အရှိန်အဝါနှင့်အတူ ၊ တိမ်ပင်လယ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။
.......
တစ်ချိန်တည်းမှာပင်၊
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီပုံရိပ်က ဆက်ရှင်းပြသည်။
" ဒီမျှော်စင်ကို ဗလာနိတ္ထိ မူလမျှော်စင်လို့ ခေါ်တယ် ၊ အတွင်းပိုင်းမှာ မူလစွမ်းအင် ကိုးမျိုးရှိပြီး ၊ တစ်ခုချင်းစီတိုင်းက ဗလာနိတ္ထိ မူလမျှော်စင်ရဲ့ အဆင့်ကိုးထပ်နဲ့ ကိုက်ညီတယ်"
"အထပ်တိုင်းမှာ မင်းရဲ့ အစစ်မှန်ဆုံး ကိုယ်ပိုင်ဟန် ၊ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိတယ် ၊ ဒါတွေကို ချိုးဖျက်နိုင်မှသာ မင်းရဲ့ အသွေးအသားတွေကို ပြောင်းလဲစေနိုင်လိမ့်မယ်"
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီပုံရိပ်က စူးချန်ကဲအား ဆက်ရှင်းပြသည်။
"ဗလာနိတ္ထိ မူလမျှော်စင်ရဲ့ အဆင့်တစ်ခုကို ဖြတ်သန်းပြီးတိုင်း မင်းရဲ့သွေးသားချုပ်နှောင်မှုကို ကျပန်း ချိုးဖျက်နိုင်လိမ့်မယ်"
"စည်းမျဉ်းအရ၊ အဆင့်တစ်ခုစီမှာ အလွှာတစ်ထပ်ကိုသာ ဖြတ်ကျော်ခွင့်ရှိတယ် ၊ ဆိုလိုတာက စစ်မှန်အမတ နယ်ပယ်အဆင့်မှာ မင်းရဲ့ သွေးသားချုပ်နှောင်မှုတစ်ခုသာလျှင် ချိုးဖျက်နိုင်လိမ့်မယ်"
" အဲ့အတိုင်းပဲ ကောင်းကင်အမတအဆင့်ကို ရောက်ရှိပြီးမှသာ မင်းအနေနဲ့ နောက်ထပ် သွေးသားချုပ်နှောင်မှုကို ချိုးဖျက်နိုင်လိမ့်မယ်"
"ဒီနည်းအတိုင်း ဆက်သွားပြီး၊ အမတဧကရာဇ်အဆင့်ကို ရောက်ရှိသွားရင် ၊ မင်းအနေနဲ့ နောက်ဆက်တွဲ အဆင့်တွေကို တစ်ပြိုင်နက်တည်း စိန်ခေါ်နိုင်မှာဖြစ်တယ်"
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီပုံရိပ်၏ စကားများ ပြီးဆုံးသွားချိန်တွင်၊ စူးချန်ကဲက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
" လူကြီးမင်း ၊ ကျွန်တော်အားလုံးကို တစ်ပြိုင်နက်တည်း ချိုးဖျက်လို့ မရဘူးလား"
ထိုစကားကို ကြားပြီးနောက်၊ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီပုံရိပ်သည် ခေါင်းတယမ်းယမ်းဖြင့် ပြုံးရယ်လိုက်သည်။
စူးချန်ကဲသည် ငယ်ရွယ်စဉ်က သူနှင့် အတော်လေး တူပေသည်။
" ရတယ် ဒါပေမဲ့ ငါတော့ အဲ့တာကို မထောက်ခံဘူး ၊ လက်ရှိမှာ မင်းရဲ့ ကျင့်ကြံအဆင့်က အရမ်း နိမ့်နေသေးတယ်"
"ဗလာနိတ္ထိ မူလမျှော်စင်ကို တစ်ပြိုင်နက်တည်း ဖြတ်သန်းဖို့ ဆိုတာ..."
"ဖြစ်နိုင်ပေမယ့်၊ ဒါပေမဲ့ အချိန်ကုန်တယ်"
"အဲ့အချိန်ကြရင် အမတနယ်မြေတစ်ခွင်ကို သွားလာပြီး အတွေ့အကြုံယူမယ့်ခေတ်က ကုန်လွန်သွားလောက်ပြီ ၊ မင်းအနေနဲ့ ဗလာနိတ္ထိ မူလမျှော်စင်ထဲမှာ သွေးသားချုပ်နှောင်မှုကိုသာ ချိုးဖျက်နိုင်လိမ့်မယ် အဆင့်တတ်လာမှာတော့ မဟုတ်ဘူး"
"မင်းဟာ သွေးသားချုပ်နှောင်မှုကို အပြည့်အဝ ချိုးဖျက်ပြီး အတုမရှိတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်ဆိုတောင် ၊ ကျင့်ကြံဆင့် မမြင့်မားရင် နောက်ဆက်တွဲ အန္တရာယ်တွေကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်မှာလဲ "
ထိုစကားများကို နားထောင်ပြီးနောက်တွင် ၊ စူးချန်ကဲသည် အနည်းငယ် နားလည်သွားပုံရကာ ခေါင်းညိတ်လိုက်သည်။