အခန်း (၆၄၉-၆၅၂)
Vol. 49 Ch. 649-652
အပိုင်း(၆၄၉): စူးချန်ကဲ နောက်တစ်ယောက်(Part-1)
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် စိတ်လှုပ်ရှားနေမိသည်။ နယ်ပယ်အဆင့်တစ်ခုတတ်တိုင်း ၊ သူသည် သွေးသားချုပ်နှောင်မှု တစ်ခုကို ချိုးဖျက်နိုင်ခွင့်ရှိပြီး ၊ နောက်ဆုံး အမတ ဧကရာဇ်အဆင့်ကို ရောက်ရှိမှသာလျှင် ကန့်သတ်ချုပ်နှောင်မှုအားလုံးကို အပြည့်အဝ ချိုးဖျက်နိုင်မည်ဖြစ်သည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ၊ သွေးသားစမ်းသပ်မှု၏ ခက်ခဲမှုသည် အလွန်မြင့်မားကြောင်း ပြသနေသည်။
"မင်း သေချာစဉ်းစားပြီးပြီလား ၊ စမ်းသပ်မှုမှာ မအောင်မြင်ခဲ့ရင်၊ မင်းက အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မယ်"
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီပုံရိပ်က လေးနက်စွာဖြင့် ထပ်မံပြောဆိုလိုက်သည် ။
" ငါ မင်းကို နောက်ဆုံးအကြိမ် ထပ်မေးမယ်၊ မင်း ဒီစမ်းသပ်မှုကို လုပ်ချင်သေးလား"
ထိုစကားသံအဆုံးတွင် ၊ စူးချန်ကဲသည် ပြုံးရယ်လိုက်ကာ ဗလာနိတ္ထိ မူလမျှော်စင်ဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားခဲ့သည်။
"ရွေးချယ်ပြီးမှတော့ ချန်ကဲ နောင်တမရဘူး"
သိပ်မကြာမီ၊ စူးချန်ကဲ၏ ပုံရိပ်သည် ဗလာနိတ္ထိ မူလမျှော်စင်၏ တံခါးဝရှေ့တွင် ပျောက်ကွယ်သွားခဲ့လေသည်။
.........
အချိန်အနည်းငယ် ကြာပြီးနောက် ၊
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီသူသည် တစ်စုံတစ်ခုကို တီးတိုးရေရွတ်နေခဲ့သည်။
" ဒါပေမဲ့ ...ဗလာနိတ္ထိ မူလမျှော်စင်ရဲ့ အခက်ခဲဆုံးအဆင့်က နဝမအထပ်ပဲ...."
အဆိုပါ နဝမအထပ်တွင်၊ 'အဖြူရောင်ဝတ်စုံကိုပင် ဆင်မြန်းထားသော ပုဂ္ဂိုလ်တစ်ဦး'ကို တံဆိပ်ခတ်ပိတ်ဆို့ထားသည်။
မဟုတ်ဘူး... အတိအကျဆိုရလျှင်ဖြင့် ၊ သူ၏ အတိတ်ဘဝက 'သူ' ဟု ဆိုနိုင်သည်။
အသိစိတ် ဖြစ်လာခဲ့သော သူ၏ အတိတ်ဘဝခန္ဓာ!
သူနှင့် တစ်ကိုယ်တည်းဖြစ်ပါသော်လည်း ၊ ၎င်းသည် ကိုယ်ပိုင်အသိစိတ်ရှိလာခဲ့ပြီး ၊ သူပိုင်ဆိုင်ထားသော မှော်စွမ်းအားသည် သူ၏မူလကိုယ်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီပုံရိပ်သည်ပင် အတိတ်ဘဝကခန္ဓာသည် စူးချန်ကဲအပေါ်တွင် မိတ်ဖွဲ့ ခြင်း သို့မဟုတ် ရန်ငြိုးထားခြင်း မည်သည့်သဘောထားရှိမည်ကို သူ အတပ်မပြောနိုင်ချေ။
သူသည် စူးချန်ကဲအား ဤစမ်းသပ်မှုကို ပြုလုပ်စေရန် တိုက်တွန်းရသည့် အခြားအကြောင်းရင်းတစ်ခုမှာ စူးချန်ကဲမှတစ်ဆင့် သူ၏ အတိတ်ဘဝကခန္ဓာဖြင့် ဆက်သွယ်ပြောဆိုနိုင်ရန် မျှော်လင့်ထားသောကြောင့် ဖြစ်သည်။
အကြောင်းမှာ အနာဂတ်တွင် ရင်ဆိုင်ရမည့် အန္တရာယ်သည် အလွန်ကြီးမားသည့်အပြင် ထိုလေးဦးကိုပါ ရင်ဆိုင်ရလိမ့်မည်။
သူနှင့်စူးချန်ကဲ နှစ်ဦးတည်းဖြင့် မလုံလောက်သေးပေ။
ဗလာနိတ္ထိ မူလမျှော်စင်ထဲတွင် ၊ စူးချန်ကဲ၏ ကိုယ်ပိုင်အတွေးသာမက အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုအနှီသူ၏ အတိတ်က ကိုယ်ပိုင်အတွေးများလည်း ရှိနေသည်။
ဗလာနိတ္ထိ မူလမျှော်စင်ကို အောင်နိုင်ပြီး၊ မူလစွမ်းအင်ကိုးမျိုးကို ပေါင်းစည်းကာ ၊ မိမိအစစ်အမှန်ကို ကျော်လွန်နိုင်မှသာလျှင် အမြင့်မြတ်ဆုံး မူလစွမ်းအင်ကို ရရှိနိုင်မည်ဖြစ်သည်။
..........
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲသည် မျှော်စင်၏ အတွင်းပိုင်းထဲသို့ ရောက်ရှိလာခဲ့သည်။
အတွင်းပိုင်းတွင် အလင်းရောင်သည် မှိန်ဖျော့ပြီး ၊ မှောင်မိုက်သော ညခင်းထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရသည်။
သို့သော် ဤညဉ့်အမှောင်ထုထဲတွင်၊ ကြီးကျယ်ခမ်းနားပြီး ဝင်းလက်တောက်ပနေသော ကွေးကွေးကောက်ကောက် ကျောက်ဖြူလှေကားထစ်များ ရှိနေသည်။
ကောင်းကင်သို့ ဆန့်တန်းထားသော နဂါးတစ်ကောင်ကဲ့သို့ လှေကားထစ်သည် အဆုံးမရှိသလိုပင် အောက်မေ့ရသည်။
" ကြည့်ရတာ ဒီလှေကားကနေတစ်ဆင့် စမ်းသပ်မှုနယ်မြေထဲကို ရောက်အောင် သွားရမယ့်ပုံပဲ"
စူးချန်ကဲသည် ကျောက်ဖြူလှေကားထစ်ပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင်။
ဝီ!!
ရှေးကျသော စွမ်းအင်တစ်မျိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ၊ ကျောက်ဖြူလှေကားထစ်တစ်ခုလုံးသည် ငြိမ်သက်နေရာမှ နိုးထလာသကဲ့သို့ မရေမတွက်နိုင်သော မှော်သင်္ကေတများစွာ ဖြစ်ပေါ်လာခဲ့သည်။
၎င်းတို့သည် အမှောင်ထဲတွင် မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည့် ကြယ်စင်များကဲ့သို့ စူးချန်ကဲအား ဦးဆောင်လျက် လမ်းညွှန်ပြသနေသည်။
အပေါ်သို့ တက်လေလေ၊ အဆိုပါ ရှေးဟောင်းစွမ်းအင်သည် ပို၍ပြင်းထန်လာပြီး လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် လောကတစ်ခုကို ရှေ့တွင် ဝှက်ထားသကဲ့သို့ ခံစားရသည်။
.......
အချိန်မည်မျှကုန်လွန်သွားလေသလဲ မသိ။
လှေကားထစ်၏အဆုံးတွင် ရှေးဟောင်းတံခါးကြီးတစ်ချပ် ထွက်ပေါ်လာခဲ့သည်။
ခမ်းနားထည်ဝါသော တံခါးကြီးပေါ်တွင် နက်နဲရှုပ်ထွေးသည့် မဟာလမ်းစဉ်ဆိုင်ရာ အမှတ်အသားများကို ထွင်းထုထားပြီး၊ ၎င်းတို့သည် မှန်းဆရန်ခက်ခဲသော ပုံသဏ္ဍာန်များအဖြစ် တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသည်။
၎င်းသည် လူကို အံ့ဩတုန်လှုပ်စေသော မြင်ကွင်းတစ်ခုအဖြစ် ပေးစွမ်းနေသည်။
စူးချန်ကဲသည် ထိုရှေးဟောင်းတံခါးကြီးကို ကြည့်ရှုနေစဉ် ၊
ဝီ!!
တံခါးပေါ်တွင် ငြိမ်သက်နေခဲ့သော မှော်အမှတ်အသားများသည် ရုတ်ချည်းဆိုသလို ဝင်းလက်တောက်ပလာသည်။
တံခါးကြီးတစ်ခုလုံး တဆက်ဆက် တုန်ခါသွားပြီး ၊ အမည်မသိသော စွမ်းအားတစ်ခုဖြင့် ထိန်းချုပ်ခံရကာ သူ့အလိုလိုပွင့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ တံခါးပွင့်သွားသည်နှင့် တပြိုင်နက် ၊
"ဟူး----!!"
ကြီးမားသော ဖိနှိပ်စွမ်းအားကို သယ်ဆောင်လာသော လေပြင်းတစ်ခုသည် အတွင်းဘက်မှ တိုက်ခတ်လာခဲ့သည်။
ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ ဤနေရာတစ်ခုလုံး ဖုံးလွှမ်းထားသော ထူထပ်သော မြူခိုးထုကြီးကိုသာ မြင်နိုင်ပေလိမ့်မည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ၊ အတွင်း၌ ဆန်းကြယ်သော ဗလာနိတ္ထိစွမ်းအားများဖြင့် ပြည့်နှက်နေပြီး၊ ဤထူထပ်သော မြူခိုးထုကြီးနှင့် ပေါင်းစပ်လိုက်သည့်အခါတွင် ပျောက်ဆုံးနေသော ကမ္ဘာတစ်ခုရှိနေသည့်အလား ထင်မှတ်ရသည်။
" စမ်းသပ်မှုနယ်မြေက ဒီထဲမှာရှိရမယ်..."
အသက်ပြင်းပြင်းရှူရှိုက်ပြီးနောက် ၊ စူးချန်ကဲသည် ဝင်ရောက်လာခဲ့သည်။
ဝီ!!
သို့သော် ၊ အထဲသို့ ခြေလှမ်းချလိုက်သည့် အခိုက်အတန့်မှာပင် မူလက ငြိမ်သက်နေခဲ့သော ဟင်းလင်းပြင်သည် ရုတ်ချည်းဆိုသလို ထိန်လင်းတောက်ပသော အလင်းတန်းများစွာ ပွင့်ဖူးလာခဲ့သည်။
ကောင်းကင်နှင့်မြေကြီးသည် သံသရာလည်ပတ်နေသကဲ့သို့ ၊ နေ့နှင့်ည အလှည့်ကျပြောင်းလဲနေသကဲ့သို့ပင်။
အလင်းရောင်သည် ရုတ်တရက် ကြီးထွားလာပြီး၊ စူးချန်ကဲတစ်ကိုယ်လုံးကို လုံးဝ ဖုံးအုပ်သွားပြီး သူ၏အမြင်အာရုံကိုပင် နေ့အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ၊
အလင်းသည် ဒီရေအလား တဖြည်းဖြည်း ပြေလျော့သွားပြီး၊ စူးချန်ကဲ၏ မျက်လုံးအမြင်သည်လည်း တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။
သို့သော် ရှေ့ကမြင်ကွင်းသည် သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာချိန်တွင် ၊ စူးချန်ကဲ၏စိတ်နှလုံးကို ထပ်မံ တုန်လှုပ်သွားစေခဲ့သည်။
မူလ ထူထပ်သော မြူခိုးထုကြီးသည် လေပြေလေညှင်းအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားခဲ့သည်။
ယင်းအစား၊ အဖြူအမည်းကမ္ဘာတစ်ခုက အစားထိုးဝင်ရောက်လာခဲ့သည်။ မှင်ရည်ဖြင့် ရေးခြယ်ထားသော ကမ္ဘာတစ်ခုလိုပင်။
စူးချန်ကဲ၏ ခြေထောက်အောက်တွင် အဖြူအမည်း လှိုင်းတံပိုးများ ရိုက်ခတ်လှုပ်ရှားနေသည်။ သူ၏ခေါင်းထက်တွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ထင်ဟပ်စေသော ကြည်လင်သော မှန်တစ်ချပ်ရှိနေခဲ့သည်။
"ငါ မင်းကို စောင့်နေတာ အတော်ကြာပြီ"
ရုတ်တရက်၊ အေးစက်သောအသံတစ်သံသည် အရှေ့အရပ်မှ ထွက်ပေါ်လာခဲ့သည်။
အသံလားရာကို ကြည့်လိုက်ရာ၊ စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။
"ဒါက....."
မှင်ကမ္ဘာ၏ဗဟိုတွင် အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ပုံရိပ်တစ်ခုသည် လက်ကို နောက်ပစ်လျက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ လှုပ်ရှားမှုတိုင်းက လောကကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်သော အရှိန်အဝါများကို ထုတ်လွှတ်ပြသနေသည်။
အနီးကပ်ကြည့်လိုက်မည်ဆိုပါက ၊ ထိုအနှီသူသည် အဖြူရောင်ဝတ်စုံနှင့် နက်မှောင်သော ဆံနွယ်များရှိပြီး ၊ နောက်ကနေကြည့်လျှင်ဖြင့် စူးချန်ကဲနှင့် အလွန်ဆင်တူသည်။
စူးချန်ကဲသည် နောက်ပြန်လှည့်ကြည့်လိုက်ရာ ထိုအနှီသူ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရင်းနှီးသော မျက်နှာသွင်ပြင် ၊ ရင်းနှီးသော အေးစက်စက် မျက်ဝန်းများ ၊ ဤသည်မှာ သူကိုယ်တိုင်ပင် မဟုတ်လော။
စူးချန်ကဲကို ထိတ်လန့်စေခဲ့သည့်အရာမှာ တဖက်လူမှ ဖြာထွက်နေသော ရောင်ဝါသည် သူနှင့် တစ်ထေရာတည်း ထပ်တူကျနေခဲ့ခြင်းပင် ဖြစ်သည်။
မှန်ရိပ်ထဲတွင် ပေါ်နေသကဲ့သို့။
"ဒါက စမ်းသပ်မှုဆိုတာလား....?"
"ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်ပြီး ၊ ကိုယ့်ရဲ့ ချုပ်နှောင်မှုတွေကို ချိုးဖျက်ပစ်ရမယ်.."
စူးချန်ကဲသည် တီးတိုးရေရွတ်လိုက်ရင်း၊ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။
.....
အပိုင်း(၆၅၀): စူးချန်ကဲ နောက်တစ်ယောက် (Part-2)
ကိုယ့်ကိုယ် အနားလည်ဆုံးသူမှာ ကိုယ်ကိုယ်တိုင် ဖြစ်သလို ၊ ကိုယ့်အပေါ်တွင် အနိုင်ယူနိုင်သော တစ်ဦးတည်းသောသူမှာလည်း ကိုယ်တိုင်ပင် ဖြစ်သည်။
ယခုတွင်မူ၊ စူးချန်ကဲသည် ထိုအနှီပုဂ္ဂိုလ်၏ စကားကို နားလည်သွားခဲ့ပြီဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်ခြင်းသည် ကိုယ်ကိုယ်တိုင် ပျောက်ဆုံးသွားခြင်းပေတည်း။
ထိုစဉ် ၊ စူးချန်ကဲ နောက်တစ်ယောက်သည် သူ့နည်းတူ နောက်ပြန်လှည့်ကြည့်လာကာ သူနှင့် မျက်နှာချင်းဆိုင် ရပ်ကြည့်နေခဲ့သည်။
ထိုရင်းနှီးလွန်းသော အသွင်အပြင်ကို ကြည့်ရင်း၊ စူးချန်ကဲ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တို့ဖြစ်ပေါ်လာကာ မေးမြန်းလိုက်သည်။
" မင်းက တကယ်ပဲ ဘယ်သူလဲ"
"ငါ့ရဲ့ နောက်ထပ်ကိုယ်ပွားတစ်ခုလား "
"ငါက မင်းပဲ၊ ဒါပေမယ့် မင်းမဟုတ်ဘူး"
"အချိန်- အာကာသတို့ရဲ့ ပြန်လည်စတင်ခြင်း ၊ ဗလာနိတ္ထိမှ ဖန်ဆင်းခြင်းဟာ မင်းနဲ့ ငါ့ကို ဆုံတွေ့စေခဲ့တာပဲ "
မျက်နှာချင်းဆိုင်ရပ်နေသော စူးချန်ကဲ၏ အသံသည် အေးစက်လွန်းပြီး၊ သူ၏ အေးစက်စက် မျက်ဝန်းများက ခံစားချက်ကင်းမဲ့နေသကဲ့သို့ပင်။
"ဗလာနိတ္ထိဟာ အရာအားလုံးရဲ့ အစ၊ အရာအားလုံးရဲ့ ဖြစ်စဉ် ၊ အရာအားလုံးရဲ့ အဆုံးသတ်ပဲ "
"အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဒါတွေအားလုံးဟာ အဆုံးမှာတော့ ဗလာနိတ္ထိ ဆိုတဲ့ ထာဝရအခြေအနေကိုပဲ ပြန်ရောက်ကြမှာပဲ "
တစ်ချိန်တည်းမှာပင်၊ အယောင်ဆောင်ထားသော စူးချန်ကဲသည် အာကာသ ဟင်းလင်းပြင်ထဲသို့ သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
ဝုန်း !!
သူ၏လက်ထဲ၌ အဆုံးမရှိသော ဓားစွမ်းအင်များ စုဝေးလာပြီး ၊ ၎င်းတို့သည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားအသွင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
"ငါကတော့ မင်းမေ့နေတဲ့ အတိတ်ဖြစ်နိုင်တယ်"
အယောင်ဆောင်ထားသော စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်မြှောက်လိုက်သည်နှင့် ၊
ကြီးကျယ်ခမ်းနားပြီး အံ့သြဖွယ်ရာ မြင်ကွင်းတစ်ခု ကျဆင်းလာခဲ့သည်။
တောက်ပသော နဂါးငွေ့တန်းတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ဆုတ်ဖြဲကာ ဆင်းသက်လာပုံရသည်။
ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သည့် ရေစီးကြောင်း၏ ဟိန်းဟောက်သံအတိုင်း ကြားနေရသည်။ အနီးကပ်ကြည့်မည်ဆိုပါက၊ ထိုအရာသည် ဓားစွမ်းအင် မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများပင် ဖြစ်သည် ။
"ဒါမှမဟုတ် မင်း မကျော်လွှားနိုင်တဲ့ အနာဂတ်လည်း ဖြစ်နိုင်တယ်"
ရွှမ်း !!
အယောင်ဆောင် စူးချန်ကဲ၏ စကားသံအဆုံးတွင် ၊
နဂါးငွေ့တန်းပမာ ထင်မှတ်ရသော ဓားအလင်းတန်းများသည် ကုန်ခမ်းခြင်းမရှိသည့်အတိုင်း ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။
အယောင်ဆောင်ထားသော ဤစူးချန်ကဲသည် မူလစူးချန်ကဲ၏ ဓားအတတ်ပညာကို ပြီးပြည့်စုံစွာ ပုံတူကူးယူထားသည်။
သူ၏ ဓားတစ်ချက်သည် ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းကွဲစေကာ ၊ တောင်တန်းများနှင့် မြစ်များကို တိုက်စားနိုင်စွမ်းရှိသကဲ့သို့ ခံစားရစေသည်။
စူးချန်ကဲအနေဖြင့် ၊ အခြားသူများသည် မိမိ၏ဓားချက်အောက်တွင် မည်သို့တွေ့ကြုံခံစားခဲ့ရသည်ကို ပထမဆုံးအကြိမ်အဖြစ် သူ သိရှိခဲ့ရသည်။
ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေပြီး ဝိညာဉ်များကိုပင် ငိုကြွေးစေနိုင်သည့် ဤဓားတစ်ချက်ကို မည်သူမှ ရပ်တန့်နိုင်လိမ့်မည် မဟုတ်။
သို့ဆိုတောင် ၊ စူးချန်ကဲ၏ မျက်လုံးများသည် ဝင်းလက်တောက်ပနေသည်။
အကန့်အသတ်မရှိသော ဓားစွမ်းအင်များသည် သူ၏ခြေအောက်မှ တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
"အတိတ်... အနာဂတ်ဟုတ်လား..."
"အနာဂတ်ပဲ ဖြစ်ဖြစ်၊ အတိတ်ပဲ ဖြစ်ဖြစ်....."
အလားတူပင် ၊ စူးချန်ကဲသည် ကောင်းကင်လမ်းစဉ်အာဏာစက်ဓားကို ဆုပ်ကိုင်ထားပြီး ၊ တဟုန်းဟုန်း တောက်လောက်နေသော ဓားစွမ်းအင်များက နားမလည်နိုင်လောက်အောင် နက်ရှိုင်းပေသည် ။
"ငါသာလျှင်...ဒီဒေဝလောကကြီးတစ်ခုလုံးကို အုပ်စိုးမယ့်.. ထာဝရထျန်းတိ့ စူးချန်ကဲပဲ!"
ဘုန်း !!
အစွန်းရောက်ဓားလောကနှစ်ခု ထိပ်တိုက်တွေ့ဆုံခဲ့လေရာ ၊
စူးရှတောက်ပသော ဓားစွမ်းအင်အလင်းတန်းများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားပြီး၊ မိုးမြေတစ်ခွင်ရှိ အရာအားလုံးကို နေ့ခင်းဘက်သဖွယ် ပြောင်းလဲပစ်လိုက်သည်။
"ဓားအသွင်ကိုးမျိုး !"
" ဖော့ထျန်းကျုံရှင် ! "
ကြွေးကြော်သံနှစ်ခုသည် တစ်ပြိုက်နက်တည်း ထွက်ပေါ်လာသည်။
အလင်းတန်းများ ပေါက်ကွဲရာဗဟိုချက်တွင်၊
စွမ်းအားကြီးမားသော ပုံရိပ်များစွာသည် ၎င်းတို့၏ အပြင်းထန်ဆုံး လှုပ်ရှားမှုများဖြင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။
ဝုန်း !!
နှစ်ဦးနှစ်ဖက် အဆက်မပြတ် တိုက်ခိုက်နေကြပြီး ပြင်းထန်သော ပေါက်ကွဲသံများကို ဆက်တိုက် ကြားနေရသည်။
တစ်ကြိမ် တိုက်မိသည်နှင့် ၊ လွင့်စဉ်ရိုက်ခတ်သွားသည့် လှိုင်းတံပိုးများသည် ဤမှင်ကမ္ဘာလောကကြီးကို လှုပ်ခတ်သွားစေသည်။
နှစ်ဖက်စလုံးသည် ကျင့်ကြံဆင့် တူညီသည်နှင့်အလျောက် ၊ တူညီသော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားကြသည်။ တိုက်ပွဲ၏ အစမှာတင် ၊ သူတို့နှစ်ဦးသည် ကြောက်ခမန်းလိလိ အစွန်းရောက်တိုက်ကွက်များဖြင့် တိုက်ခိုက်ခဲ့ကြသည်။
အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော်ကို အသက်သွင်းရန် ဟန်ပြင်လိုက်သော စူးချန်ကဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ အကြောင်းမှာ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းမှလွဲ၍ အခြားသူတော်စင် ကိုယ်ထည်များကို အသုံးမပြု၍မရနိုင်ခဲ့ပေ။
၎င်းတို့သည် လျို့ဝှက်ဆန်းကြယ်သော အင်အားတစ်ရပ်၏ ကန့်သတ်မှုကို ခံထားရသကဲ့သို့ပင်။
"မွေးရာပါ သူတော်စင် တာအိုသန္ဓေသားလောင်း ကလွဲပြီး... အခြားကိုယ်ထည်တွေကို သုံးလို့မရတာလား"
" ဒါဆို မွေးရာပါ သူတော်စင် တာအိုသန္ဓေသားလောင်းကနေ တစ်ဆင့် ချုပ်နှောင်မှုတွေကို ချိုးဖျက်ရမယ်ဆိုတဲ့ သဘောလား "
"မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၊ ဖွင့်!"
ဝီ!!
အလားတူပင်၊ အယောင်ဆောင်ထားသော စူးချန်ကဲသည်လည်း သူ့ခန္ဓာကိုယ်အတွင်းရှိ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းကို အသက်သွင်းလိုက်သည်။
ချက်ချင်းဆိုသလိုပင် ၊ မှော်သင်္ကေတများထဲမှ သူတော်စင်ကိုယ်ထည်ဖြစ်သော ဓမ္မကာယကိုယ်ထည်ကြီးနှစ်ခုသည် ဖန်တီးခံရကာ ထွက်ပေါ်လာခဲ့သည်။
မျက်တောင်တစ်ချက်ခတ်တိုင်း၊ အဖျက်သဘောဆောင်သော အလင်းတန်းများသည် ကြယ်တာရာများဖြင့် ပြည့်နှက်နေသော စကြဝဠာကို ထိုးဖောက်ကာ ဤနေရာသို့ ကျဆင်းလာကြသည်။
မကုန်ခမ်းနိုင်သော အဖျက်စွမ်းအား အလင်းတန်းများကြား ၊ တူညီသော ပုံရိပ်နှစ်ခုသည် တစ်ယောက်နှင့်တစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
အမတလမ်းစဉ်ဆိုင်ရာ အဖျက်စွမ်းအား အလင်းတန်းများသည် ဆက်တိုက်ဆိုသလို ပွင့်လန်းနေကြပြီး၊ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ဤကမ္ဘာကြီးကို အပြီးအပိုင် လက်စသတ်ရန် ကြိုးစားနေသကဲ့သို့ပင်။
သို့သော်၊ နှစ်ဖက်စလုံးက တူညီသော နည်းစနစ်များကို ပိုင်ဆိုင်ထားသဖြင့် တစ်ဦးနှင့်တစ်ဦး၏ ချဉ်းကပ်နည်းများကို နားလည်ထားကြသည်။
တိုက်ပွဲ၏အစမှာပင် အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း ၊ ယခုထိတိုင် တစ်ယောက်ကို တစ်ယောက် ထိခိုက်အောင် မလုပ်နိုင်သေးပေ။
"ငါပြောပြီးပြီ၊ ငါက မင်းရဲ့ မကျော်လွှားနိုင်တဲ့ အတိတ်ပါဆို "
အယောင်ဆောင်ထားသော စူးချန်ကဲက ဆိုလိုက်သည်။
"မင်း ငါ့ကို အနိုင်ယူဖို့မဖြစ်နိုင်ဘူး"
"မကျော်လွှားနိုင်တဲ့ အတိတ် ဟုတ်လား"
ထိုစကားကိုကြားတော့ စူးချန်ကဲက ပြုံးရယ်သည်။
"ကောင်းကင်ဘုံကတောင် ငါ့ကို မတားဆီးနိုင်ဘူး "
"ငါကိုယ်တိုင် မရပ်တန့်သရွေ့ ၊ ငါ ကျော်မလွှားနိုင်တဲ့အရာ ဘာရှိဦးမှာလဲ"
" နတ်ဘုရားအဖျက် အလင်း!"
ဝီ!!
စကြဝဠာတစ်ခွင်လုံးကို အလင်းပေးနိုင်လောက်အောင် တောက်ပသောအလင်းရောင်သည် ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအလင်းရောင် ဖြတ်သန်းသွားလေရာ နေရာတိုင်းတွင် မိုးမြေရှိ အရာအားလုံးသည် အရောင်ကင်းမဲ့သွားပုံရသည်။
သို့သော်၊ စူးချန်ကဲသည် နတ်ဘုရားအဖျက် အလင်းကို အသုံးပြုလိုက်သည့် အခိုက်အတန့်မှာပင် ၊ အယောင်ဆောင်ထားသော စူးချန်ကဲသည်လည်း အလားတူ နတ်ဘုရားအဖျက် အလင်းကို ထုတ်လွှတ်လိုက်သည်။
နှစ်ဖက်စလုံး ထိပ်တိုက်တွေ့ဆုံခဲ့လေရာ ၊ ကြောက်မက်ဖွယ်ရာ ကောင်းသော ပေါက်ကွဲစွမ်းအားများ ထွက်ပေါ်လာသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ သူတို့နှစ်ဦးသည် အပြင်းထန်ဆုံး သတ်ဖြတ်မှုများဖြင့် တစ်ဦးနှင့်တစ်ဦး ထပ်မံတိုက်ခိုက်ခဲ့ကြပြန်သည်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာ လှိုင်းတံပိုးများသည် မိုးမြေတစ်ခွင် လွင့်စဉ်ရိုက်ခတ်လျက် ၊ လူငယ်နတ်ဘုရားနှစ်ပါးသည် အာကာသထဲ၌ ရန်ပွဲဆင်နွှဲနေကြသလိုပင်။
အပိုင်း(၆၅၀): စူးချန်ကဲ နောက်တစ်ယောက်(Part-3)
အကယ်၍ ဤနေရာတွင် ကြည့်ရှုသူတစ်ဦး ရှိနေခဲ့မည်ဆိုပါက ၊ စစ်မှန်အမတ နယ်ပယ်အဆင့်နှင့် ပတ်သတ်၍ သိရှိထားသည့် အသိပညာသည် လုံးဝ ပျက်ပြားသွားမည်မှာ သေချာသည်။
ဤသတ်ဖြတ်မှုများနှင့် ထုတ်လွှတ်လိုက်သော စွမ်းအားများသည် စစ်မှန်အမတအဆင့်တွင် ရှိသင့်သည်ထက် များစွာသာလွန်သည်။
" ဖြတ် !"
ကျယ်လောင်သော ကြွေးကြော်သံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် တောက်ပသော ဓားအလင်းနှစ်ခု ထပ်မံ ပေါက်ကွဲထွက်လာခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်၊ တစ်ဖက်နှင့်တစ်ဖက် တည်ဆောက်ထားသော ခံစစ်ကို နှစ်ဖက်စလုံးက တစ်ပြိုင်နက်တည်း ထိုးဖောက်ဝင်ရောက်ခဲ့လေရာ ၊ လက်ထဲက ဓားရှည်များဖြင့် ရင်ဘက်ကို အချင်းချင်း ထိုးစိုက်ထားကြသည်။
ဖြန်း!!
သွေးများက ပန်းထွက်လျက်၊ ဓားအလင်းတို့သည် ပြင်းထန်စွာ ပေါက်ကွဲလေသည်။
ပုံရိပ်နှစ်ခုသည် ပေရာပေါင်းများစွာ နောက်ပြန်ဆုတ်သွားကြသည်။
စူးချန်ကဲနှင့် အယောင်ဆောင်ထားသော စူးချန်ကဲတို့သည် လက်ရှိအချိန်တွင်မူ ၊ နတ်သတ္တုဖြင့် သွန်းလုပ်ထားပုံရသော ၎င်းတို့၏ခန္ဓာကိုယ်ပေါ်၌ သွေးစွန်းနေသော ဒဏ်ရာတစ်ခု ရှိနေခဲ့သည်။
ထိုဒဏ်ရာမှ သွေးများ အဆက်မပြတ် စီးကျနေသည်မှာ အတော်လေး ကြောက်စရာကောင်းပေသည်။
သို့သော်၊ သူတို့နှစ်ဦးသည် တည်ငြိမ်စွာဖြင့် ရှိနေပြီး ဒဏ်ရာများကို လုံးဝ လျစ်လျူရှုထားသည်။
သူတို့နှစ်ဦးသည် ကြီးမားသော စွမ်းအားများဖြင့် နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာကြသည်။
ဥက္ကာခဲနှစ်လုံး အချင်းချင်း ထိတိုက်မိသကဲ့သို့ ၊ သေစေနိုင်သော အကွက်မျိုးစုံဖြင့် တိုက်ခိုက်ကြပြန်သည်။ ဒဏ်ရာများက ပြတ်တောက်ခြင်းမရှိ ဆက်တိုက် ရရှိနေပြီး ၊ သူတို့နှစ်ဦး၏ အဖြူရောင်ဝတ်ရုံသည် သွေးများဖြင့် ညစ်ပတ်နေသည်။
သွေးသံရဲရဲဖြင့် ကြမ်းတမ်းသော ဤမြင်ကွင်းကြီးသည် မြင်ရသူအဖို့ ထိတ်လန့်ကြောက်ရွံ့ကြမည်မှာ သေချာသည်။
ပို၍ကြောက်စရာကောင်းသည်မှာ၊ နှစ်ဖက်စလုံးက လက်ရည်ကျမသွားဘဲ တိုက်ပွဲသည် ပို၍ အားကောင်းလာခြင်းပင် ။
တိုက်ပွဲအငွေ့အသက်သည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသည်။
သို့သော် ၊ ဤမျှပြင်းထန်သော တိုက်ပွဲအတွင်း၌ စူးချန်ကဲသည် တိုက်ခိုက်ရေးအတွေ့အကြုံများကို အဆက်မပြတ် စုဆောင်းနေခဲ့ပြီး ၊ တိုက်ခိုက်နေစဉ်အတွင်း သူ့ကိုယ်ပိုင် ချုပ်နှောင်မှုများကို ချိုးဖျက်နေခဲ့သည်။
မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းတွင် မနိုးထသေးသော လျှို့ဝှက်စွမ်းအားတစ်ခုသည် အသံတိတ်စွာဖြင့် ရေမြင့်တတ်လာသော မြစ်တစ်စင်းကဲ့သို့ တိတ်တဆိတ် အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည်။
မူလက အနက်ရှိုင်းဆုံး အပိုင်း၌ ငြိမ်သက်နေခဲ့သော ဗလာနိတ္ထိစွမ်းအားသည် ဤအခိုက်အတန့်တွင်၊ နိုးထလာသည်ကို စူးချန်ကဲ ခံစားမိလိုက်သည်။
၎င်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ အသွေးများနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်နေပုံရသည်။ တစ်နည်းအားဖြင့် ဆိုရသော် ၊ ဤကိုယ်ထည်နှင့် သက်ဆိုင်သော ရှေးဟောင်းစွမ်းအားတစ်ခုကို နိုးထစေရန် ကြိုးပမ်းနေသကဲ့သို့ပင်။
" မဟုတ်မှလွဲရော... သွေးသားချုပ်နှောင်မှုကို ချိုးဖျက်တာက ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗလာနိတ္ထိစွမ်းအားနဲ့ ဆက်စပ်နေတာလား..."
စူးချန်ကဲသည် အယောင်ဆောင်ထားသော စူးချန်ကဲ၏ ပြောစကားကို သတိရသွားသည်။
"ဗလာနိတ္ထိဟာ အရာအားလုံးရဲ့ အစ၊ အရာအားလုံးရဲ့ ဖြစ်စဉ် ၊ အရာအားလုံးရဲ့ အဆုံးသတ်ပဲ "
ထိုအတိုင်းဆိုရလျှင်ဖြင့် ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ ဗလာနိတ္ထိစွမ်းအားကို သူတော်စင်ကိုယ်ထည်နှင့် ချိတ်ဆက်ကာ အတွင်း၌ အိပ်မောကျနေခဲ့သော စွမ်းအားများကို နိုးထစေမည်လော။
စိတ်ထဲရှိ အတွေးများ ငြိမ်သက်သွားပြီးနောက်၊ စူးချန်ကဲသည် ထိုနည်းလမ်းဖြင့် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် စူးချန်ကဲ၏ အမြင်တွင် ၊ ဤသည်မှာ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်သည်။
စူးချန်ကဲ တွေးထားသကဲ့သို့ပင် ၊ အယောင်ဆောင်ထားသော စူးချန်ကဲကလည်း ထိုအတိုင်း လှုပ်ရှားပေလိမ့်မည်။
ဤလျှို့ဝှက်နယ်မြေအတွင်း၌ စွမ်းအားအသစ်တစ်ရပ်ကို နားလည်သဘောပေါက်မှသာလျှင်၊ ကန့်သတ်ခံထားရသော ဤအခြေအနေမှ အပြီးတိုင် လွတ်မြောက်နိုင်မည် ဖြစ်သည်။
" ဒါပေမဲ့... ဒီစွမ်းအားကို အပြည့်အဝ ပေါင်းစည်းဖို့ဆိုရင်... အချိန်ကြာနိုင်တယ်"
"ငါ သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်မှာ အချိန်ကြာနေရင် ...အမေနဲ့ အစ်မတို့ စိုးရိမ်နေကြမလား "
"ဒီစမ်းသပ်မှုကို အမြန်ဆုံးပြီးအောင် လုပ်ရမယ်...."
စူးချန်ကဲသည် ယခင်က သူ နားလည်ထားသော အယူအဆများနှင့် ပေါင်းစပ်ကာ ၊ ပို၍ ပြင်းထန်သော စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာပြီး အယောင်ထားသော စူးချန်ကဲနှင့် ထပ်မံ တိုက်ခိုက်ခဲ့ပြန်သည်။
......
ထိုအချိန်တွင် ၊
ယောင်ကွမ်းအမတဂိုဏ်း၊ အမတဂိုဏ်း ပန်းခြံအတွင်း ။
ဤနေရာရှိ ပတ်ဝန်းကျင်သည် အလွန် တိတ်ဆိတ်ငြိမ်သက်လှသည်။ စိမ်းလန်းသော ဝါးပင်များကို စိုက်ထူထားပြီး ၊ ကြည်လင်တောက်ပနေကာ ပန်းရနံ့များက နေရာအနှံ့ သင်းပျံ့နေသည်။
တံတားများ တည်ရှိရာနေရာတွင် ၊ စမ်းရေများက ပြေပြစ်စွာ စီးဆင်းလျက် ၊ ထိုအတွင်း၌ စိမ်းဖန့်ဖန့် ကြာပန်းများစွာ ပေါက်ရောက်နေသည်။
မကြာခဏဆိုသလို အမျိုးသမီးလေးများ၏ ရယ်သံများကို ကြားနေရပြီး၊ ကြားရသူတိုင်းကို လွမ်းဆွတ်ဖွယ် ခံစားချက်များ ဖြစ်ပေါ်စေသည်။
"မထင်မိဘူး၊ ချန်ကဲက တိုက်မြေ သုံးထောင်မှာ ဒီလောက်များတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ရတာပဲ"
ယွင်ရွှမ်းရုံသည် လက်ဝါးလေးဖြင့် အုပ်ရယ်ရင်း ၊ အပြုံးမပျက် ဆိုလိုက်သည်။
"ရန်ယွီ မပြောဘူးဆိုရင်၊ ငါ တကယ်ပဲ သိမှာမဟုတ်ဘူး"
"ဟုတ်တယ်၊ အဲ့တုန်းက မှတ်မိသေးတယ် ချန်ကဲ သူ....
သို့သော် လော့ရန်ယွီတစ်ယောက် စကားမဆုံးခင် ၊ သူမ၏ရင်ဘက်ကို လက်တစ်စုံက အကြောင်းမဲ့ ဆုပ်နယ်နေသကဲ့သို့ နာကျင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။
ဤရုတ်တရက်ဆန်လွန်းသော လုပ်ရပ်သည် လော့ရန်ယွီအား နွေပူခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်သွားစေပြီး ၊ ကြောက်လန့်သွားသော ကြောင်ပေါက်လေးတစ်ကောင်လို ခုန်ထွက်လုနီးပါး ဖြစ်သွားစေသည်။
သို့သော် သူမဘက်မှ စကားမစမီ ၊ စူးယွင်ယွဲ့ ၏ ပြုံးရယ်သံကို ကြားလိုက်ရသည် ။
" အရင်ကတည်းက ဒီအရွယ်အစားကို မြင်ပြီး ငါအတော်လေး သိချင်နေတာ.."
"အမတနယ်မြေမှာ ဒီလောက်နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံနေခဲ့ပေမယ့် ဒီလောက်ထိ ပြည့်ဖြိုးတဲ့အရာမျိုးကို ငါ တစ်ခါမှ မကြုံဖူးသေးဘူး..."
"အခု လက်တွေ့စမ်းကြည့်လိုက်တော့ ဝန်ခံရမယ် ! ဒါ တကယ့်ကို နည်းနည်းနောနော မဟုတ်ဘူးပဲ"
"လူကြီး...."
သို့သော် လော့ရန်ယွီ၏ ခေါ်ဆိုသံမဆုံးခင် ၊ ထိုလက်တစ်စုံသည် အားပြင်းပြင်းဖြင့် ဆုပ်နယ်လိုက်သောကြောင့် လော့ရန်ယွီတစ်ယောက် အော်လုမတတ် ဖြစ်ခဲ့ရသည်။
" ငါ့ကို ဘယ်လိုခေါ်လိုက်တယ် ”
စူးယွင်ယွဲ့ က ဆိုလိုက်သည်။
" ငါ့ကို လူကြီးမင်းလို့ပဲ ခေါ်ဦးမလို့လား"
ထိုစကားကိုကြားသည်နှင့်၊ လော့ရန်ယွီ၏ မျက်နှာလေးသည် နီမြန်းသွားပြီး သူမသည် ခေါင်းလေးငုံ့ကာ တိုးတိုးလေး ဆိုလိုက်သည်။
" မမ ယွင်ယွဲ့ ..."
ရှက်သွေးဖြာနေသော လော့ရန်ယွီကို ကြည့်ရင်း ၊ စူးယွင်ယွဲ့ ၏ အပြုံးသည် ပို၍ တောက်ပလာသည်။ သူမသည် ဤညီမငယ်လေးကို အသိအမှတ်ပြုထားပြီးဖြစ်သဖြင့် သူမအပေါ်တွင် သဘာဝအတိုင်း အခွင့်ကောင်းယူလိုခဲ့သည်။
ကိုင်လို့ကောင်းသော ခံစားချက်ကို ထည့်မပြောခင် ၊ ယခု အခွင့်ကောင်းမယူခဲ့လျှင်ဖြင့် နောင်တွင် ဤကဲ့သို့ အခွင့်အရေး ရနိုင်တော့မည် မဟုတ်။
ဤပစ္စည်းသည် နောင်တစ်ချိန်တွင် မောင်ဖြစ်သူ၏ သီးသန့်ပစ္စည်းဖြစ်ပေတော့မည်။
အဲ့လိုသာဆို ၊ ဒီအစ်မကြီးက ခုလို ဘယ်ကစားလို့ ရတော့မှာတုန်း ဟုတ်ဘူးလား .....
ဖြန်း!!
ဘေးနားရှိ ယွင်ရွှမ်းရုံမှာ ဤမြင်ကွင်းကို ဆက်ပြီး မကြည့်နေနိုင်တော့ဘဲ စူးယွင်ယွဲ့ ၏ခေါင်းကို ရိုက်ချလိုက်သည်။
"အိုင်းယို့" ဟူသော အသံတစ်ချက်နှင့်အတူ၊ စူးယွင်ယွဲ့ သည် ခေါင်းကိုပွတ်သပ်ရင်း နေရာတွင် ပြန်ထိုင်လိုက်သည်။
အပိုင်း(၆၅၁): ဓားတစ်လက်ဖြင့် ကောင်းကင်ကို ထက်ဝက်ခြမ်းကာ ၊ ကောင်းကင်ပြာကို လှုပ်ခါစေ၏။
သူမ၏မိခင်ကြီးသည် စည်းမျဉ်းကို မလိုက်နာဘဲ ရုတ်တရက် တိုက်ခိုက်ခဲ့သည်။
ဒါ မတရားဘူး !
" လေးလေးနက်နက် နေစမ်း!"
ယွင်ရွှမ်းရုံက စိတ်မရှည်သော လေသံဖြင့် ပြောဆိုလိုက်သည်။
"ရန်ယွီက မင်းကို အစ်မလို့ ခေါ်လိုက်တာနဲ့ မင်းက သူမအပေါ် အခွင့်ကောင်းယူနေတာ ၊ မရှက်တတ်ဘူးလား"
ထိုစကားကို ကြားသည်နှင့် စူးယွင်ယွဲ့ သည် မကျေနပ်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
" အမေ.ကလည်း.. အခွင့်ကောင်းယူတယ်ဆိုတာကလည်း ခုလိုအချိန်လေး ယူရတာ..."
"နောင်တစ်ချိန်မှာ ဒါက ချန်ကဲရဲ့ သီးသန့်ပစ္စည်း ဖြစ်သွားတော့မှာလေ ဟုတ်ဘူးလား"
ထိုစကားများကို ကြားလိုက်ရချိန်တွင် ၊ လော့ရန်ယွီ၏ လှပသောမျက်နှာပြင်တစ်ခုလုံးသည် နီမြန်းသွားပြီး ၊ ရှက်သွေးဖြာကာ မျက်နှာမဖော်နိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။
သူမသည် စူးချန်ကဲနှင့် ကတိသစ္စာပြုထားသော်လည်း၊ သို့သော် စူးချန်ကဲသည် လက်ရှိတွင် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားသောကြောင့် သူမနှင့် မည်သည့်လက်တွေ့အဆင့်မျှ မရှိခဲ့ချေ။
သူမ၏ပစ္စည်းသည် စူးချန်ကဲ၏ သီးသန့်ပိုင်ပစ္စည်းဖြစ်သည်ဟု ရုတ်တရက် ပြောဆိုခံလိုက်ရခြင်းသည် လော့ရန်ယွီအား မျက်နှာမဖော်နိုင်လောက်အောင်ပင် ရှက်ရွံ့သွားစေသည်။
တစ်ချိန်တည်းမှာပင်၊ စူးယွင်ယွဲ့ သည် လော့ရန်ယွီ၏ စိတ်ထဲက အတွေးများကို မြင်လိုက်ရသကဲ့သို့ အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။
"ရန်ယွီ.... မင်းပုံစံကို ကြည့်ရတာ.... မင်းနဲ့ ချန်ကဲတို့ အဲ့အဆင့်ထိ မရောက်သေးဘူးလား...."
"အယ်.... ဟို.... အဲ့တာက ချန်ကဲက ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်ထားတာဆိုတော့လေ..."
"ပြီးတော့ ရန်ယွီကလည်း ချန်ကဲကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေချင်ဘူး... ဒါကြောင့်...."
ထိုစကားများကို ပြောဆိုရင်း ၊လော့ရန်ယွီခမျာ ဘာဆက်ပြောရမှန်း မသိတော့ချေ။ သူမ၏ မျက်နှာပေါ်က နီမြန်းမှုသည် ဖြူဖွေးသော လည်တံအထိ ပျံ့နှံ့လာခဲ့သည်။
အမှန်တိုင်းဆိုရလျှင်ဖြင့် ၊ သူမသည် ထိုကိစ္စနှင့်ပတ်သတ်၍ တစ်ခါမှ မစဉ်းစားဖူးချေ။
"အိုင်းယား... ရန်ယွီရေ ၊ အဲ့တာနဲ့ ပတ်သက်ပြီး ဒီမမကြီးက စကားနှစ်ခွန်းလောက်တော့ ပြောရလိမ့်မယ် "
"မင်းက အမတနယ်မြေက မဟုတ်တော့ ဒါကို သိလောက်မှာမဟုတ်ဘူး ၊ အမတတွေက ကျင့်ကြံမှုအဆင့် မြင့်မားလာတာနဲ့ သားသမီးရဖို့ ခက်ခဲလေပဲ "
"အမတဧကရာဇ် အဆင့်ကို ရောက်ပြီးတာနဲ့ သားသမီးထပ်ရဖို့ဆိုတာ အတော်လေး ခက်သွားပြီ!"
ထိုစကားကို ကြားလိုက်ရချိန်တွင်၊ လော့ရန်ယွီသည် အနည်းငယ် အံ့ဩသွားပြီး ၊ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
" ဒါပေမဲ့ မမယွင်ယွဲ့ ...အစ်မက အမတဧကရာဇ်အဆင့်ကို မကြာခင် ဖြတ်ကျော်တော့မှာ မဟုတ်ဘူးလား "
" မင်း ဒီအစ်မကြီးနဲ့ မနှိုင်းယှဉ်နဲ့၊ မမက မျှော်လင့်ချက်အားလုံးကို မင်းနဲ့ ချန်ကဲဆီမှာ ပုံအောထားတာ "
"ငါတို့မိသားစုရဲ့ မျိုးဆက်ကို ရန်ယွီ မင်းကနေတဆင့် ဆက်ခံရမှာ!"
ထိုစကားများကို နားထောင်နေသော ယွင်ရွှမ်းရုံသည် မျက်မှောင်ကြုတ်သွားသည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ မိမိ၏သမီးသည် အတော်လေး ထူးချွန်ပြီး၊ ရုပ်ရည်လည်း အတော်လှသည်။
သို့သော်လည်း၊ နှစ်ကာလများသာ ကုန်လွန်သွားသည်။ သူမသည် ယခုထိတိုင် fa ဖြစ်နေဆဲပင်။
သို့ဖြစ်ရာ ၊ ယွင်ရွှမ်းရုံသည် သမီးဖြစ်သူအပေါ်တွင် မျှော်လင့်ချက်မရှိချေ။
သူမသည် ယခုလို ယောင်ကွမ်အမတဂိုဏ်းသို့ အထူးလာရောက်ခဲ့ရခြင်းမှာ စူးချန်ကဲ၏နောင်ရေးအတွက် စီစဉ်ပေးလိုသော ဆန္ဒကြောင့် ဖြစ်သည်။
အကယ်၍ ဤမောင်နှမနှစ်ယောက်စလုံးတွင် သားသမီးမရှိခဲ့ပါက ၊ သူတို့၏မျိုးဆက်သည် အပြီးတိုင် ပြတ်တောက်သွားပေတော့မည်။
ထိုစဉ် ၊ ယွင်ရွှမ်းရုံက ပြုံးရွင်စွာဖြင့် ဆိုလိုက်သည်။
"တကယ်တော့ ယွင်ယွဲ့ ပြောသလောက် မဆိုးသေးပါဘူး ၊ အရင်က ငါ ချန်ကဲကို ကိုယ်ဝန်ဆောင်တုန်းကလည်း အမတဧကရီအဆင့်ကို ရောက်နေပြီ "
"ဒါပေမဲ့ အထူး မဟာလမ်းစဉ်နတ်ပစ္စည်းတွေကိုတော့ အသုံးပြုရတာပေါ့ ၊ မင်းတို့နှစ်ယောက် မဟာလမ်းစဉ်ရဲ့ အထွပ်အထိတ်ကို ရောက်မှ ဒီကိစ္စကို ဆွေးနွေးလည်း နောက်မကျသေးပါဘူး "
"ပြီးတော့၊ မင်းရဲ့ အဖေကလည်း မင်းကို တွေ့ချင်နေတယ်၊ ဒါပေမဲ့လည်း ဒီကိစ္စက လောလောဆယ် အရေးမကြီးသေးပါဘူး"
ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ လော့ရန်ယွီသည် အနည်းငယ် အံ့အားသင့်သွားကာ မေးမြန်းလိုက်သည်။
" အဖေ....?"
"ဟုတ်တယ်၊ မင်း အဖေကလည်း အတော်ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ "
ထိုသို့ပြောရင်း ၊ ယွင်ရွှမ်းရုံသည် လေးလေးနက်နက် အောက်မေ့သတိရနေပုံရသည်။
"သူ့နာမည်က စူးရွှမ်တဲ့ ၊ အမတနယ်မြေက လူတွေကတော့ သူ့ကို ကျန့်ထျန်းအမတဧကရာဇ်မင်းလို့ ခေါ်ကြတယ်"
ထိုစကားသံအဆုံးတွင် ၊
မူလက သိလိုစိတ်ပြင်းပြနေခဲ့သော လော့ရန်ယွီသည် ရုတ်တရက် သဘောပေါက်သွားပုံရသည်။
ကျန့်ထျန်း အမတဧကရာဇ်မင်း!
ကျန့်ထျန်း အမတဧကရာဇ်မင်းသည် အမတရှေးဟောင်းသမိုင်းတွင် ဒဏ္ဍာရီဆန်သော ဖြစ်တည်မှုဖြစ်သည်။
အမတနယ်မြေရှိလူတိုင်း ထိုနာမည်ကို ကြားဖူးကြသည်။
ကမ္ဘာ့ကပ်ဘေး စစ်ပွဲတွင် အထင်ရှားဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။
တစ်ချိန်က၊ သူသည် အမတဧကရာဇ်မင်း ဆယ်ဦိးကို ဦးဆောင်ကာ အမှောင်မူလရင်းမြစ် ကမ္ဘာထဲသို့ ဝင်ရောက်စီးနင်းခဲ့ပြီး နောက်ပိုင်း အောင်ပွဲများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အမတနယ်မြေ၌ ခေတ်အဆက်ဆက် ဆင်းသက်လာသော ကျော်ကြားသော စကားပုံတစ်ခု ရှိခဲ့သည်။
ဓားတစ်လက်ဖြင့် ကောင်းကင်ကို ထက်ဝက်ခြမ်းကာ ၊ ကောင်းကင်ပြာကို လှုပ်ခါစေ၏။
ရွှေချပ်ဝတ်တန်ဆာကို ဆင်မြန်းကာ ၊ ရာချီတိုက်ပွဲ ရှုံးပွဲမရှိ အနိုင်ပိုင်း၏။
အတိတ်ကာလ က မျက်ရည်များဟာ အောင်ပွဲဆင်နွှဲ ပြေလျော့ခဲ့လေပြီ။
ဤသည်မှာ ဒဏ္ဍာရီလာ ကျန့်ထျန်းအမတဧကရာဇ်မင်းအကြောင်းကို ဖော်ပြထားခြင်းပင် ဖြစ်သည်။
.....
ယွင်ရွှမ်းရုံ၏ စကားများသည် လိုရင်းတိုရှင်းဖြစ်သော်လည်း ၊
သို့သော် ဤစကားထဲ၌ ပါဝင်သော အချက်အလက်သည် လော့ရန်ယွီ မျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။
စူးချန်ကဲ၏ ဖခင်သည် အမတနယ်မြေ၏ အထွန်းတောက်ဆုံး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည့် ကျန့်ထျန်း အမတဧကရာဇ်မင်း ဖြစ်နေခဲ့သည်။
ဒါဆို စူးချန်ကဲက သူရဲကောင်းကြီးရဲ့ မျိုးဆက်ပေါ့ !?
လော့ရန်ယွီကို ပို၍ ဂုဏ်ယူဝင့်ကြွားဖြစ်စေခဲ့သည့်အရာမှာ ဤကဲ့သို့ဒဏ္ဍာရီလာ ကျန့်ထျန်းအမတဧကရာဇ်မင်းသည် သူမ၏ ယောက္ခထီးလောင်း ဖြစ်လာခဲ့ခြင်းပင်။
ခဏအကြာတွင် လော့ရန်ယွီသည် အံ့အားသင့်ရာမှ ပြန်လည်သတိကပ်လာခဲ့ပြီး ၊ သူမသည် အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဒါဆို အခု ဦးလေးက ဘယ်မှာလဲ"
လော့ရန်ယွီ၏ မေးခွန်းသည် ယွင်ရွှမ်းရုံအား အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်စေကာ၊ သူမ၏စိတ်ထဲက လွမ်းဆွတ်သော အတွေးများသည် ဒီရေအလား ပြန်ဆုတ်သွားခဲ့သည်။
ထူးဆန်းသည်မှာ၊ ယွင်ရွှမ်းရုံသည် အရေးကြီးသော အရာတစ်ခုကို သတိရသွားသကဲ့သို့ သူမ၏ အမူအရာသည် လေးနက်လာခဲ့သည် ။
တစ်ချိန်တည်းမှာပင်၊ မိခင်ဖြစ်သူ၏ အမူအရာကို တွေ့မြင်ပြီးနောက် စူးယွင်ယွဲ့ သည်လည်း သူမ၏ အပြုံးတို့ကို ပြန်လည်ရုပ်သိမ်းကာ လေးနက်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လော့ရန်ယွီသည် စူးချန်ကဲနှင့် အတူရှိရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် ၊ စူးချန်ကဲ၏ မိသားစုဝင်အဖြစ် ၊ သူမသည်လည်း ဤကိစ္စကို တာဝန်ယူရပေမည်။
သို့ဖြစ်၍ ၊ လော့ရန်ယွီအား စူးချန်ကဲနှင့် သက်ဆိုင်သော လျှို့ဝှက်ချက်များကို ပြောပြရန်လိုအပ်ပေသည်။
"ရန်ယွီ၊ မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါနဲ့ ယွင်ယွဲ့ မြင်တွေ့ခဲ့ရပြီးပြီ "
"မင်းဟာ ကလေးကောင်းတစ်ယောက်ပဲ၊ ဒါကြောင့် ချန်ကဲနဲ့ပတ်သတ်တဲ့ အရင်က လျှို့ဝှက်ချက်တချို့ကို မင်းကို ငါ ပြောပြချင်တယ် "
ယွင်ရွှမ်းရုံသည် လော့ရန်ယွီအား လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"ဒီကိစ္စရဲ့ ပါဝင်ပတ်သတ်မှုက နယ်ပယ်ကျယ်ပြန့်လွန်းတယ်၊ အမတနယ်မြေရဲ့ အထက်လောကနဲ့တောင် ဆက်စပ်မှုရှိနေနိုင်တယ် "
"ဒီကိစ္စက တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက် ဖြစ်လို့ အမတနယ်မြေတစ်ခုလုံးမှာ တားမြစ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်လာခဲ့တယ်"
"ငါပြောတဲ့အရာတွေကို နားထောင်ပြီးသွားရင်၊ မင်းအနေနဲ့ နောင်တရတယ်ဆိုတောင် အမေ မင်းကို အပြစ်မတင်ဘူး"
အပိုင်း(၆၅၂): တားမြစ်ထားသော လျို့ဝှက်ချက်
အမတ ဧကရီတစ်ယောက်ဖြစ်သော ယွင်ရွှမ်းရုံ၏ လေးနက်သွားသော အမူအရာကြောင့် လော့ရန်ယွီသည် စိတ်အနည်းငယ် တုန်လှုပ်သွားသော်လည်း၊ သူမသည် ပြတ်သားစွာ ဆိုလိုက်သည်။
" အမေ စိတ်ချပါ ၊ ဒါက ရန်ယွီ ရွေးချယ်ထားတဲ့ လမ်းပဲ ၊ ရှေ့မှာ ချောက်နက်ကြီး ရှိနေတယ်ဆိုတောင် ရန်ယွီ ဘယ်တော့မှ နောင်တမရဘူး"
ယွင်ရွှမ်းရုံသည် ကျေနပ်စွာဖြင့် ပြုံးရယ်ကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူမ၏ရင်ဘက်ထဲက ဖန်ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်။ ယင်းအပေါ်၌ လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ်ဆိုင်ရာ အမှတ်အသားများကို ထွင်းထုထားသည်။
"စုစည်း"
ယွင်ရွှမ်းရုံ၏ နှုတ်မှ မန္တာန်တစ်လုံးရွတ်ဆိုလိုက်သည်နှင့် ၊ ဖန်ပုလဲသည် ရုတ်ချည်းဆိုသလို ဝင်းလက်တောက်ပလာသည်။
ထို့နောက် သူ့အလိုအလျောက် လေပေါ်သို့ ပျံတတ်သွားပြီး အကန့်အသတ်မရှိသော နတ်အလင်းများ ထွက်ပေါ်လာခဲ့ပြီး အဆုံးတွင် အပြင်လောကကို ပိတ်ဆို့ထားသော အလင်းကန့်လန့်ကာ ကာကွယ်ရေးအစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
သူမပြောဆိုမည့် ကိစ္စများသည် တားမြစ် စူးမိသားစုနှင့် သံသရာစက်ဝန်း အမတမင်းဆက်တို့၏ ထိပ်တန်း လျှို့ဝှက်ချက်ဖြစ်သည်။
ထို့ကြောင့် တစ်စုံတစ်ဦး၏ ခိုးယူနားထောင်ခြင်းမှ ကာကွယ်ရန်၊ အပြင်ဘက်ရှိ အရာအားလုံးကို ပိတ်ဆို့ထားရန် လိုအပ်ပေသည်။
ဤအရာများ ပြီးဆုံးသွားပြီးနောက်၊ ယွင်ရွှမ်းရုံက စကားဆက်ဆိုလိုက်သည်။
" ယောင်ကွမ်းအမတဂိုဏ်းရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ ၊ မင်းလည်း ချန်ကဲနဲ့ပတ်သက်တဲ့ ကောလာဟလတချို့ကို ကြားဖူးမယ်လို့ ယုံကြည်တယ်"
"အမတနယ်မြေက အင်အားစု အုပ်စုတွေနဲ့ စွမ်းအားရှင်တွေက ချန်ကဲဟာ အရင်က စူးချန်ချင်းဖြစ်ခဲ့တယ်လို့ ခန့်မှန်းကြတယ်"
"အခု အမေ မင်းကိုပြောပြမယ်၊ ၊ ချန်ကဲဟာ တကယ်ကို စူးချန်ချင်းပဲ "
"အမတနယ်မြေက လူအားလုံးရဲ့ မျက်လုံးထဲမှာ ဟိုးအရင်ကတည်းက သေသွားပြီဖြစ်တဲ့ စူးချန်ချင်းပဲ "
ထိုစကားသံအဆုံးတွင်၊
နေရာတစ်ခုလုံး ရုတ်တရက် ဆိတ်ငြိမ်သွားခဲ့သည်။
လော့ရန်ယွီ၏ မျက်ဝန်းများသည် အနည်းငယ် လှိုင်းထသွားသည်။ သူမသည် အရင်ကတည်းက ခန့်မှန်းထားခဲ့သော်လည်း ၊
ယခုမူ ၊ ယွင်ရွှမ်းရုံကိုယ်တိုင် ဝန်ခံသည်ကို ကြားလိုက်ရသည်။ ယင်းက သူမ၏စိတ်နှလုံးသားကို အနည်းငယ် ရိုက်ခတ်သွားစေခဲ့သည်။
သူမကို ပို၍ ထိတ်လန့်အံ့အားသင့်စေခဲ့သည်မှာ စူးချန်ကဲသည် စူးချန်ချင်းဖြစ်ခဲ့ပါက ၊ သူသည် အမတနယ်မြေတွင် ရှိနေခဲ့သင့်သည် မဟုတ်လော။
အဘယ်ကြောင့် တိုက်မြေ သုံးထောင်တွင် ကျင့်ကြံအားထုတ်နေရသနည်း။
လော့ရန်ယွီ၏ စိတ်ထဲက အတွေးများကို တွေ့မြင်နေပုံရကာ ယွင်ရွှမ်းရုံက ဆက်ပြောလိုက်သည်။
"မင်းသိချင်တာတွေအားလုံး ဒီလျှို့ဝှက်စာစောင်ထဲမှာ ရှိတယ်"
ထိုသို့ပြောရင်း ၊ ယွင်ရွှမ်းရုံသည် သူမ၏ လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
မူလက ငြိမ်သက်နေသော ကွက်လပ်တွင် ရုတ်တရက် လှိုင်းတံပိုးများရိုက်ခတ်လာသည်။ ယွင်ရွှမ်းရုံသည် လက်ဗလာဖြင့် အထူးနေရာတစ်ခုကို ဖွင့်လှစ်လိုက်ပုံရသည်။
ချက်ချင်းဆိုသလိုပင် ၊ ထိုအထူးနေရာထဲမှ စိမ်းပြာရောင် တောက်ပနေသော ကျောက်စိမ်းပေလွှာတစ်ချပ်ကို ထုတ်ယူလာခဲ့သည်။
လော့ရန်ယွီ၏ လက်ထဲသို့ မပေးမီ ၊ ယွင်ရွှမ်းရုံသည် လေးနက်စွာ ဆိုလိုက်သည်။
" ရန်ယွီ... မင်းရဲ့ စိတ်အခြေအနေကို ပြင်ဆင်ထားရမယ်"
"ဒီလျှို့ဝှက်စာစောင်ကို ဖတ်ပြီးတာနဲ့... နောက်ပြန်လှည့်လို့ မရတော့ဘူး"
ယွင်ရွှမ်းရုံသည် ဤကဲ့သို့ အဆက်မပြတ် အတည်ပြုနေရခြင်းမှာ ယင်း၌ မယုံနိုင်စရာကောင်းလွန်းသော အကြောင်းအရာများ ပါဝင်နေသောကြောင့်ပင် ဖြစ်သည်။
စစ်မှန်အမတအဆင့်သာ ရှိသေးသော လော့ရန်ယွီပင် မဆိုနှင့် ၊ အမတဧကရာဇ်အဆင့်ရှိသော ပုဂ္ဂိုလ်များပင်လျှင် ထိုနှစ်က ဖြစ်ပျက်ခဲ့သော လျှို့ဝှက်ချက်နှင့် ရင်ဆိုင်ရချိန်တွင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားပေလိမ့်မည်။
ထိုစကားကို ကြားပြီးနောက် ၊ လော့ရန်ယွီသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကာ ပြတ်သားသော အကြည့်ဖြင့် ပြန်ဖြေလိုက်သည်။
"ရန်ယွီ... ဘယ်တော့မှ နောင်တမရဘူး "
လော့ရန်ယွီသည် လေးနက်သော အမူအရာဖြင့် ယွင်ရွှမ်းရုံ၏လက်ထဲမှ ကျောက်စိမ်းပေလွှာကို လက်ခံယူလိုက်သည်။
သူမသည် ကျောက်စိမ်းပေလွှာကို ဂရုတစိုက်ဖြင့် ကြည့်ရှုလိုက်သည်။
စစချင်းမြင်လိုက်ရသော ပထမဆုံးစာကြောင်းနှင့်ပင် ၊ လော့ရန်ယွီ၏ စိတ်ဝိညာဉ်သည် ပြင်းထန်သော ရိုက်ခတ်မှုကိုခံစားခဲ့ရသည်။
"ဒေဝလောကတစ်ခုလုံး မေ့ပျောက်ခံလိုက်ရတဲ့ နေ့ !"
လော့ရန်ယွီသည် သူမ၏စိတ်ထဲက ကြောက်ရွံ့မှုကို မျိုသိပ်ကာ ဆက်လက်ဖတ်ရှုခဲ့သည်။
.......
အမတနယ်မြေ သက္ကရာဇ် ၂၆၈၀၀၊ ၁၂လပိုင်း ၁၃ ရက်။
ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးအပြီး ၊ ရာစုနှစ်များစွာ ကုန်လွန်ပြီးနောက် ။
ဤနေ့သည် စူးချန်ကဲ၏ မွေးနေ့ဖြစ်သကဲ့သို့၊ စူးချန်ကဲ၏ "အတိတ်ဘဝ" ဖြစ်သော စူးချန်ချင်း၏ မွေးနေ့လည်းဖြစ်သည်။
အသက် ၁၀ နှစ်သာ ရှိသေးသော စူးချန်ချင်းသည် ရွှေအမတအဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ၊ သူသည် အမတနယ်မြေ၏ သမိုင်းတွင် အပြင်းထန်ဆုံးနှင့် အသက်ငယ်ဆုံး အမတဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။
သို့သော် ထိုနေ့တွင်မူ...
စူးချန်ချင်း၏ မွေးနေ့ကျင်းပရာနေ့ဖြစ်သည်။ နေ့တဝက်အရောက်တွင် ၊ ဒေဝလောကတစ်ခွင်လုံး ထူးဆန်းသော အခြေအနေဖြင့် ကြုံတွေ့ခဲ့ရသည်။ မူလက ပြိုးပျက်စွာ တောက်ပနေသော အလင်းလှိုင်းတံပိုးများသည် ရိုက်ခတ်လှုပ်ရှားနေရာမှ ရုတ်ချည်းဆိုသလို ငြိမ်သက်သွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင်၊ အချိန်မြစ်သည် ရပ်တန့်သွားပြီး ဒေဝလောကတစ်ခွင်လုံး ထူးဆန်းသော ငြိမ်သက်ခြင်းအဖြစ်သို့ ကျရောက်သွားသည်။
သို့သော်၊ အမတဧကရာဇ်အဆင့်ထက် သာလွန်သော စွမ်းအားရှင်ကြီးအချို့သည် ၎င်းတို့၏ မှော်စွမ်းအားများဖြင့် ဤထူးဆန်းသော အခြေအနေကို ရှောင်ရှားနိုင်ခဲ့သည်။
သို့သော် နောက်ပိုင်းမြင်ကွင်းသည် ပိရမစ်ထိပ်တွင် ရပ်တည်နေသော စွမ်းအားရှင်ကြီးများကိုပင် ထိန်းမနိုင်သိမ်းမရ ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
ကောင်းကင်ပြင်တွင် ဖြူဖျော့ဖျော့ မျက်နှာတစ်ချပ် ထွက်ပေါ်လာခဲ့ပြီး ၊ ၎င်းသည် စကြဝဠာတစ်ခွင်လုံးကို ဖုံးလွှမ်းထားခဲ့သည်။
ထိုအရာသည် အမတနယ်မြေ၏ အထက်လောကမှ ဆင်းသက်လာပုံရသည်။
၎င်းသည် အမတနယ်မြေရှိ သက်ရှိအားလုံးကို ငုံ့ကြည့်နေပြီး၊ ထူးခြားဆန်းပြားသော ရောင်ဝါများ ဖြာထွက်နေသည်။
ထိုဖြူဖျော့ဖျော့ မျက်နှာဖြင့် ဖုံးလွှမ်းထားသည့် နေရာတိုင်းတွင် ၊ များပြားလှသော နယ်မြေများနှင့် အမတနယ်မြေများ၌ ကြောက်မက်ဖွယ် ကောင်းသော ဘေးအန္တရာယ်များ ပေါ်ပေါက်လာခဲ့သည်။
ကြယ်တာရာများ ကြွေကျခြင်း၊ တောင်နှင့်မြစ်ချောင်းများ ပြိုကျခြင်း ၊ အမတမြစ်ရေတို့သည် ပွက်ပွက်ဆူလျက် အရာအားလုံးသည် ထိန်းချုပ်၍မရနိုင်သော အခြေအနေထိ ရောက်ရှိသွားခဲ့သည်။
ဤရုတ်တရက် ပေါ်ပေါက်လာသော မြင်ကွင်းကြောင့် အမတ ဧကရာဇ်အထက်ရှိ စွမ်းအားရှင်များစွာသည် ထိုဖြူဖျော့ဖျော့ မျက်နှာ၏ မူလအစကို စုံစမ်းရန် ကြိုးစားခဲ့ကြသည်။
သူတို့သည် အမတ်ဧကရာဇ်အဆင့်ထက် သာလွန်သော စွမ်းအားရှင်များဖြစ်သော်လည်း၊ သို့သော် ထိုဖြူဖျော့ဖျော့ မျက်နှာကို စုံစမ်းရန် ကြိုးစားသူတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရသည်။
ထိုသူတို့သည် ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ တန်ပြန်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး၊ အနှစ်တစ်သောင်းကြာအောင် တံခါးပိတ်ကျင့်ကြံရန် မဖြစ်မနေ လိုအပ်ခဲ့သည်။
ကံဆိုးစွာဖြင့် ၊ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူများသည် အမတနယ်မြေ၏ အထက်လောကမှ အမတနယ်မြေသို့ ပြန်လည် ကျဆင်းလာခဲ့သည်။
ထိုနေ့ကို မေ့သွားရုံသာမက၊ ၎င်းတို့၏ မှတ်ဉာဏ်အများစုကိုပင် ဆုံးရှုံးခဲ့ရသည်။
အမတဧကရာဇ်အထက်ရှိ ပုဂ္ဂိုလ်များမှအပ ၊ လူတိုင်း ထိုကြောက်မက်ဖွယ်ရာနေ့ကို မေ့သွားခဲ့ကြသည်။
ထိုနေ့သည် ဒေဝလောကတစ်ခွင်တွင် မတည်ရှိသော နေ့တစ်နေ့ဖြစ်ခဲ့ပြီး ၊ သက်ရှိအားလုံး၏ မှတ်ဉာဏ်များထဲမှ ပျောက်ကွယ်သွားသော နေ့တစ်ရက်တာ ဖြစ်ခဲ့သည်။