← Chapters

အခန်း (၆၅၃-၆၅၅)

Vol. 49 Ch. 653-655

အခန်း (၆၅၃-၆၅၅)

Vol. 49 Ch. 653-655

အပိုင်း(၆၅၃): နိဗ္ဗာန်နနတ်ဘုရားကျောင်း ၊ ကျန့်ထျန်း အမတ ဧကရာဇ်မင်း

ထို့နောက်တွင် ၊ ဖြူဖျော့ဖျော့ လူမျက်နှာကြီးသည် မည်သို့ ပျောက်ကွယ်သွားခဲ့ပြီး ၊ နောက်ပိုင်းတွင် မည်သို့သော အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်ကို ဤလျို့ဝှက်စာဆောင်ထဲတွင် မှတ်တမ်းတင်ထားခြင်း မရှိပေ။

သို့မဟုတ် အခြားလျှို့ဝှက်မှတ်တမ်းတစ်ခုတွင် မှတ်တမ်းတင်ထားပေလိမ့်မည်။

သို့ရာတွင် ၊ ဤအချက်အလက်များကို ဖတ်ရှုပြီးနောက် လော့ရန်ယွီ၏ စိတ်နှလုံးသားသည် ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသကဲ့သို့ နေရာတွင် ကျောက်ရုပ်သဖွယ် ရပ်နေမိသည်။

.......

အချိန်အတော်တန်ကြာပြီးနောက်၊

လော့ရန်ယွီသည် ပြန်လည်ကောင်းမွန်လာသည်ကို မြင်တွေ့ပြီးနောက် ၊ ယွင်ရွှမ်းရုံသည် ဆက်လက် ပြောကြားလိုက်သည်။

" မင်းလည်း အကုန်ဖတ်ပြီးလောက်ပြီလို့ ငါ ထင်တယ် ၊အဲ့နေ့က ချန်ကဲရဲ့ မွေးနေ့ပဲ "

“ အဲ့ဒီဖြူဖျော့ဖျော့ လူမျက်နှာကြီးဟာ ချန်ကဲဆီကို ရည်ရွယ်ချက်ရှိရှိ ရောက်လာခဲ့တာပဲ"

ထိုစကားကို ကြားလိုက်ရသည်နှင့်၊ လော့ရန်ယွီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မိုးကြိုးပစ်ခံရသကဲ့သို့ ချက်ချင်း တုန်လှုပ်သွားသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လူမျက်နှာကြီးသည် စူးချန်ကဲကို ရည်ရွယ်၍ ရောက်ရှိလာခဲ့လေသလော။

ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လူမျက်နှာကြီးကို ဆွဲဆောင်နိုင်သည့်အထိ စူးချန်ကဲသည် မည်သည့်အရာတွင် ပါဝင်ပတ်သက်မိခဲ့သနည်း။

လော့ရန်ယွီ၏ အဆက်မပြတ် ပြောင်းလဲနေသော အမူအရာများကို ကြည့်ရင်း ၊ ယွင်ရွှမ်းရုံသည် လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

“ရန်ယွီ၊ ငါပြောခဲ့သလိုပဲ...မင်းဟာ ကလေးကောင်းတစ်ယောက်ပဲ"

" မင်း အခုမှ နောင်တရတယ်ဆိုတောင် ၊ ငါတို့သားအမိနှစ်ယောက်က မင်းကို အပြစ်တင်မှာ မဟုတ်ဘူး"

ဤသည်မှာ စိတ်ရင်းဖြင့်ဆိုသော စကားများပင် ဖြစ်သည်။

အနာဂတ်တွင် မည်သို့သော အဖြစ်အပျက်များ ဖြစ်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

ဒေဝလောက ပြန်လည်စတင်ရာခေတ် မစတင်သေးမီ ၊ အနာဂတ်တွင် ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာ အန္တရာယ်ကြီးတစ်ခုက စောင့်ကြိုနေခဲ့ပြီပင်။

ဤအရာကို မည်သူမျှလက်ခံနိုင်လိမ့်မည် မဟုတ်။

လော့ရန်ယွီသည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီးနောက် ၊ ယခင်ကကဲ့သို့ပင် ပြတ်သားစွာဖြင့် ပြန်ဖြေလိုက်သည်။

" အမေ ...ကျွန်မ အရင်ကပြောခဲ့သလိုပဲ... ရန်ယွီ ဘယ်တော့မှ နောင်တမရဘူး"

လော့ရန်ယွီ၏ ပြတ်သားသော အဖြေကိုကြားလိုက်ရချိန်တွင် ၊ သူမတို့နှစ်ယောက်စလုံး အနည်းငယ် အံ့အားသင့်မိသော်လည်း ၊ မည်သို့ပင်ဖြစ်စေ ၊ သူမတို့အနေဖြင့် ဤအခြေအနေကို မျှော်လင့်ထားပြီး ဖြစ်သည်။

ထို့ကြောင့် ၊ သူမတို့သည် လော့ရန်ယွီအား မိသားစုဝင်တစ်ဦးအဖြစ် အပြည့်အဝ လက်ခံခဲ့သည်။

“ကောင်းပြီ၊ အမေ မင်းကို ယုံကြည်ပါတယ်"

“ဒါပေမဲ့ အရင်ဆုံး ငါ့ရဲ့ ကျောက်စိမ်းဆွဲပြားကို လက်ခံလိုက်ဦး"

ယွင်ရွှမ်းရုံသည် သူမ၏ ရင်ဘတ်ထဲမှ တလက်လက်တောက်ပနေသော ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူကာ လော့ရန်ယွီ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒီကျောက်စိမ်းဆွဲပြားက ငါ့ရဲ့ ကိုယ်ပိုင်အမှတ်အသားပဲ ... နောင်တစ်ချိန် မင်းမှာ အခက်အခဲ တစ်စုံတစ်ရာနဲ့ ကြုံတွေ့ခဲ့ရင် ...ဒီကျောက်စိမ်းဆွဲပြားကို သုံးပြီး ငါ့ရဲ့ သံသရာစက်ဝန်း အမတမင်းဆက်မှာ လာရောက်ခိုလှုံနိုင်တယ် "

ထိုကျောက်စိမ်းဆွဲပြားကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိနိုင်သော်လည်း၊ ၎င်းကို ထိကိုင်လိုက်သည်နှင့် လူကို အေးမြသောခံစားမှုကို ရရှိစေသည်။ ၎င်းအပေါ်တွင် သက်ဝင်ပြောင်မြောက်လှသော ဖီးနစ်ဌက်ပုံစံကို ထွင်းထုထားသည်။

ကျောက်စိမ်းပြား၏ ရှေ့မျက်နှာစာတွင် ' ယွင်' ဟူသော စာလုံးကို ရေးထွင်းထားပြီး ၊ နောက်ကျောတွင် "သံသရာစက်ဝန်း အမတမင်းဆက်" ဟူသော စာလုံးလေးလုံးကို ထွင်းထုထားသည်။

လော့ရန်ယွီသည် အနည်းငယ် အံ့အားသင့်သွားပုံရသည်။ အကြောင်းမှာ ဤတံဆိပ်သည် ယွင်ရွှမ်းရုံ၏ ကိုယ်ပိုင်အမှတ်အသား တံဆိပ်ပင် ဖြစ်သည်။

ဤကဲ့သို့သော အင်အားကြီးအုပ်စုထဲတွင် ကိုယ်ပိုင်အမှတ်အသားတံဆိပ်သည် အလွန်ကို အဖိုးတန်သည်။ ဤတံဆိပ်ကို ကိုင်ဆောင်သူသည် လူကိုယ်တိုင်ကို မြင်ရသကဲ့သို့ပင်။

“ အမေ ၊ ဒါက အတော်လေး တန်ဖိုးကြီးတယ်၊ ကျွန်မ လက်မခံ.....”

သူမဘက်မှ မငြင်းဆိုရသေးမီ ၊ ယွင်ရွှမ်းရုံက ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။

" သိပ်မကြာခင် ငါလည်း အမတဧကရာဇ်ရဲ့ အထက်အဆင့်ကို ကျော်ဖြတ်တော့မယ်"

“ ငါတို့ တွေ့ရမယ့်အခွင့်အရေးတွေက နည်းသွားတော့မယ် ၊ ဒီနေ့ ဒီကိုရောက်လာခဲ့တယ်ဆိုတာက မင်းကို သင့်တော်တဲ့ အဆင့်အတန်းတစ်ခု ပေးဖို့အတွက်ပဲ"

ထိုစဉ် ၊ စူးယွင်ယွဲ့ က ပြုံးရွှင်စွာဖြင့် ထောက်ခံပြောဆိုလိုက်သည်။

“အချိန်ကာလအရ တွက်ကြည့်ရင် ဒေဝလောက ပြန်လည်စတင်ရာခေတ်က မကြာတော့ဘူး "

" မင်းဟာ ယောင်ကွမ်အမတဂိုဏ်းရဲ့ နတ်ဘုရားမဆိုပေမယ့် ဒါပေမဲ့ အမတနယ်မြေက မင်းထင်သလောက် မရိုးရှင်းဘူး "

“အဆင့်အတန်းတစ်ခု ထပ်တိုးလာတာနဲ့အမျှ ၊ အကာအကွယ်တစ်ခု ထပ်တိုးသွားတာပေါ့ "

ထိုသို့ပြောရင်း ၊ စူးယွင်ယွဲ့သည်လည်း သူမ၏ရင်ဘက်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူကာ လော့ရန်ယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ထိုကျောက်စိမ်းဆွဲပြား၏ အရည်အသွေးသည်လည်း အတော်လေး ကောင်းမွန်ပေသည်။ ၎င်းပေါ်တွင် မဟာလမ်းစဉ်ဆိုင်ရာ အမှတ်အသားများဖြင့် ရေးထွင်းထားသော ရွှေဝါရောင်' စူး'ဟူသော စကားလုံးသည် အဆုံးမရှိသော အရှိန်အဝါကို ပြသနေသည်။

“ဒေဝလောက ပြန်လည်စတင်ရာခေတ်ဖြစ်လို့..အခြေအနေတွေက မငြိမ်သက်ဘူး "

စူးယွင်ယွဲ့မှ ထပ်မံ သတိပေးပြောကြားလိုက်သည်။

“ပြီးတော့ ချန်ကဲနဲ့ ဆက်နွယ်နေတဲ့ အကြောင်းအရာတွေက များပြားလွန်းတယ်၊ မင်းသာ သူနဲ့အတူ ရှေ့ဆက်သွားချင်တယ်ဆိုရင်၊ မင်းတစ်ယောက်တည်းရဲ့ အင်အားနဲ့တင် မလုံလောက်သေးဘူး"

“နောင်တစ်ချိန် မင်းမှာ ဖြေရှင်းဖို့ခက်ခဲတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာခဲ့ရင် ... ဒီတံဆိပ်နှစ်ခုကို အသုံးပြုပြီး တားမြစ် စူးမိသားစု နဲ့ သံသရာစက်ဝန်း အမတမင်းဆက်ကို လာရောက် အကူအညီတောင်းနိုင်တယ်"

လော့ရန်ယွီသည် ဆက်လက် ငြင်းဆန်မနေတော့ဘဲ ၊ ကျေးဇူးတင်စကားဆိုကာ ထိုကျောက်စိမ်းဆွဲပြားနှစ်ခုလုံးကို လက်ခံယူလိုက်သည်။

........

အနည်းငယ် မှာကြာပြီးနောက် ၊

သားအမိနှစ်ယောက်စလုံး ပြန်လည်ထွက်ခွာရန် ပြင်ဆင်ခဲ့ကြသည်။

မပြန်မီ ၊ ယွင်ရွှမ်းရုံက အပြုံးမပျက် ပြောကြားလိုက်သည်။

"အဲ့ကိစ္စအတွက် စိတ်ထဲမှာ အရမ်းမထားနဲ့"

“ ငါတို့လူကြီးသူ‌မတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီ ၊ အနာဂတ်မှာ ကြုံတွေ့ရမယ့် အန္တရာယ်က မင်းထင်သလောက် ကြောက်စရာကောင်းမှာ မဟုတ်ပါဘူး "

“ သိပ်မကြာခင် မျိုးဆက်သစ်‌ပါရမီရှင်တွေရဲ့ ခရီးစဉ်လာကြတော့မယ် ၊ ရန်ယွီ...ဒီကာလအတွင်း မင်းရဲ့အဆင့်ကို အမြန်ဆုံး တိုးတတ်အောင်လုပ်ရမယ် "

“ဒေဝလောက ပြန်လည်စတင်ရာခေတ်မှာ ကောင်းကင်ဘုံကိုအံတုနိုင်မယ့် အခွင့်အရေးတွေ ရယူနိုင်ဖို့ဆိုရင် ပိုမြင့်မားတဲ့ ဉာဏ်အလင်းကို ရရှိမှသာ နောင်မှာ ချန်ကဲနဲ့ အတူရှိနေနိုင်လိမ့်မယ်"

“ အမေ စိတ်မပူပါနဲ့၊ ရန်ယွီ အမေတို့ကို စိတ်မပျက်စေရပါဘူး "

လော့ရန်ယွီသည် ဦးညွှတ်ကာ ပြန်လည်ဖြေကြားလိုက်သည်။

သားအမိနှစ်ယောက်စလုံး ဘာမှဆက်မပြောတော့ချေ။ ထို့နောက် သူမတို့သည် မှော်စွမ်းအားများကို အသက်သွင်းကာ သက်တံ့ရောင်ခြည်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ယံတွင် ပျောက်ကွယ်သွားလေတော့သည်။

သူမတို့နှစ်ဦး ထွက်သွားသည့်ပုံရိပ်ကို ကြည့်ရင်း ၊ လော့ရန်ယွီ၏စိတ်ထဲတွင် အတိုင်းအတာတစ်ခုထိ မငြိမ်မသက်ဖြစ်နေဆဲပင် ။

လော့ရန်ယွီသည် တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားပုံရကာ တီးတိုးရေရွတ်လိုက်သည်။

“ အန်တီကို ကြည့်ရတာ ....”

“ ဦးလေးက အမတနယ်မြေမှာ မရှိပုံရတယ် ၊ မဟုတ်မှလွဲရော သူလည်း ချန်ကဲအတွက် ပြေးလွှားနေပုံပဲ...."

လော့ရန်ယွီသည် ဉာဏ်ရည်ထက်မြက်သူဖြစ်သည်နှင့်အလျောက် ၊ အချို့သောကိစ္စရပ်များကို ချက်ချင်းလက်ငင်း မှန်းဆနိုင်ခဲ့သည်။

သို့သော်လည်း သူမသည် ဆက်မတွေးတော့ချေ။

မည်သို့ပင်ဖြစ်စေ ၊ သူမသည် စူးချန်ကဲနှင့်အတူ ရှေ့ဆက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် သူမအနေဖြင့် အမြန်ဆုံး သန်မာလာရန် လိုအပ်သည်။

ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် ၊ စူးချန်ကဲပြီးလျှင် ၊ သူမသည် ဒုတိယမြောက် ထွန်းတောက်မည့် ပါရမီရှင်တစ်ဦး ဖြစ်လာရပေမည်။

.......

တစ်ချိန်တည်းမှာပင်။

အမတနယ်မြေ၏ တစ်နေရာရှိ စကြဝဠာကောင်းကင်ပြင်တွင် ၊

ဤနေရာသည် အမတနယ်မြေကြီးလေးခုနှင့် အတော်အတန် ဝေးကွာပြီး လျို့ဝှက်စွာဖြင့် တည်ရှိသော နေရာတစ်နေရာ ဖြစ်သည်။

ကောင်းကင်ပြင်သည် ကျယ်ပြန့်သော်လည်း ၊ မှောင်မိုက်နေကာ ကြယ်ရောင်တစ်စက်မျှပင် မရှိ။

အာကာသ ဟင်းလင်းပြင်၌ မြူခိုးအလွှာများ လွင့်မျောနေပြီး ၊ ကျိုးပဲ့ပျက်စီးနေသော ကြယ်အပိုင်းအစများနှင့် ဥက္ကာခဲများလည်း ရှိနေသည်။ လေထုထဲ၌ ပြင်းထန်သော အဖျက်ဗလာစွမ်းအားများဖြင့် ပြည့်နှက်နေပြီး၊ သက်ရှိများ၏ အငွေ့အသက်ဟူ၍ တစက်မှမရှိ။

သို့သော်၊ လူကို ထူးဆန်းစေသည်မှာ ဤမျှတိတ်ဆိတ်ငြိမ်သက်နေသော ကြယ်တာရာကွင်း၏ အလယ်ဗဟိုတွင် ။

မည်းမှောင်သော ရှေးဟောင်းဘုရားကျောင်းတစ်ခုသည် ထူထပ်သောမြူခိုးများကြောင့် တစ်စိတ်တစ်ပိုင်း မှုန်ဝါးနေသည်။

ကြောက်မက်ဖွယ် ကောင်းသော အဖျက်ဗလာစွမ်းအားသည် ဘုရားကျောင်းတစ်ခုလုံးကို ဝန်းရံထားသည်မှာ ခမ်းနားကြီးကျယ်သလောက် ၊ ထိုနေရာရှိ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်မြည်ဟည်းစေသည်။

ထိုနတ်ဘုရားကျောင်းပေါ်တွင် " နိဗ္ဗာန်နနတ်ဘုရားကျောင်း" ဟူသော ရှေးဟောင်းစာလုံးလေးလုံးကို ခမ်းနားထည်ဝါစွာ ရေးထိုးထားသည်။

စူးချန်ကဲသာ ဤနေရာတွင် ရှိနေခဲ့ပါက ၊ ဤရှေးဟောင်းနတ်ဘုရားကျောင်းကို သေချာပေါက် သိပေလိမ့်မည်။

ဤသည်မှာ ဧကရာဇ်လျှောက်လှမ်းသို့ ဝင်ရောက်စဉ်က ၊ စုမျဲ့ နှင့် ချန်းဟွမ်းကျီတို့သည် ၎င်းတို့၏ နတ်ရင်းမြစ်ကို စတေးကာ ဆင့်ခေါ်ခဲ့သည့် နိဗ္ဗာန်နနတ်ဘုရားကျောင်းပင် မဟုတ်ပေလော။

🍁T/N - အပိုင်း(၄၅၂)အခန်းမှာ ပြန်ဖတ်နိုင်ပါတယ် 🍁

ထိုစဉ် ၊ ရှေးဟောင်းနတ်ဘုရားကျောင်း၏ ဗဟိုခန်းမဆောင်တွင် ၊

ရွတ်နောက်နောက် အသံတစ်သံထွက်ပေါ်လာသည်။

"ကမ္ဘာကျော် ကျန့်ထျန်း အမတဧကရာဇ်မင်းက ဘာအကြောင်းကြောင့်များ ကျွန်တော့်ရဲ့ နိဗ္ဗာန်နနတ်ဘုရားကျောင်းကို ရောက်လာတာလဲ"

အပိုင်း(၆၅၄): အမတ ဧကရာဇ်မင်း(၁၃)ပါး

ဤအခိုက်အတန့်တွင်၊ ဗဟိုခန်းမဆောင်တစ်ခုလုံးသည် အေးစက်ငြိမ်သက်နေသည်။

ထိုနေရာတွင် မျက်နှာချင်းဆိုင်ထိုင်နေသော လူနှစ်ယောက်မှလွဲ၍ မည်သူမှမရှိ။

ဘယ်ဘက်အစွန်းရှိ ပုဂ္ဂိုလ်ထံမှ အဖျက်ဗလာစွမ်းအားများ ဖြာထွက်နေပြီး ၊ ၎င်း၏ နဖူးအလယ်တွင် ထူးဆန်းသော အမှတ်အသားတစ်ခု ရှိသည်။

ထိုအရာသည် နတ်ဆိုးစွမ်းအင်များ လှိုင်လှိုင်ထနေသော မျက်လုံးတစ်လုံးနှင့် တူပေသည်။

ဤပုဂ္ဂိုလ်၏အမည်မှာ ကျီ့မျဲ့တာအိုသခင် ဖြစ်ပြီး ၊ သူသည် လက်ရှိ နိဗ္ဗာန်နနတ်ဘုရားကျောင်း၏ အရှင်သခင်ဖြစ်သည်။

နိဗ္ဗာန်နနတ်ဘုရားကျောင်းသည် လက်ရှိ အမတနယ်မြေ၏ အဓိက အင်အားစုကြီး ၁၈ ဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည်။

အပုန်းကောင်းသော်လည်း ၊ သို့သော် တားမြစ် စူးမိသားစုက တွေ့ရှိခဲ့သည်။

အမှန်အားဖြင့်၊ နိဗ္ဗာန်နနတ်ဘုရားကျောင်းသည် ယခင်က အမတစိုးစံရာခေတ်၏ ထိပ်တန်းကောင်းကင်ဂူ ၇၂ ခုအနက်မှ တစ်ခုဖြစ်ခဲ့သည်။

၎င်းတို့သည် ထိပ်တန်းကောင်းကင်ဂူ ၇၂ ခုအနက်မှ တစ်ခုဖြစ်သော်လည်း ၊ သို့သော် ၎င်းတို့သည် လွန်စွာအားကောင်းသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။

လက်ရှိခေတ်အရ ၊ သူတို့သည် တားမြစ် အင်အားစုများကိုပင် ယှဉ်ပြိုင်နိုင်သည်။

အကယ်၍ ၎င်းတို့၏အင်အားကို အပြည့်အဝ အသုံးပြုမည်ဆိုပါက ၊ တားမြစ် အင်အားစုအချို့ကိုပင် ကျော်တတ်နိုင်ပေလိမ့်မည်။

ယခုတွင် ဒေဝလောကကြီး ပြန်လည် စတင်တော့မည်ဖြစ်ရာ ၊ အခြေအနေမှာ မငြိမ်မသက်ဖြစ်နေသည်။ တစ်ချိန်က အင်အားကြီးမားခဲ့သော အဖွဲ့အစည်းများစွာသည် ပုန်းကွယ်ကာ အချိန်ကောင်းကို စောင့်မျှော်နေကြသည်။

........

ထိုပုဂ္ဂိုလ်၏ မျက်နှာချင်းဆိုင်အရပ်တွင် အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ယောက်ျားတစ်ဦးရှိသည်။

သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို အမတအလင်းရောင်များဖြင့် ဝန်းရံထားပြီး၊ မြူဆိုင်းများက သူ၏မျက်နှာအမူအရာကို ဖုံးကွယ်ထားသဖြင့် သေချာ မြင်တွေ့န်ိုင်ခြင်း မရှိပေ။

နှင်းပမာ ဖြူဖွေးသော ဆံနွယ်များက ရေတံခွန်ကဲ့သို့ ကျဆင်းနေပြီး၊ နတ်မြူဆိုင်းများက ဖုံးကွယ်ထားသဖြင့် စကြဝဠာကဲ့သို့ နက်ရှိုင်းသော သူ၏မျက်ဝန်းတစ်စုံကိုသာ တွေ့မြင်ရသည်။

သူ၏နောက်ကျောတွင် ရှေးဟောင်း ဓားရှည်တစ်လက်ကို ထမ်းပိုးထားသည်။

ဓားအိမ်ထဲတွင် ရှိနေသောကြောင့် ဓား၏ပုံသဏ္ဍာန်ကို အတိအကျ မမြင်နိုင်ပေ။

သို့သော်၊ ဓား၏လက်ကိုင်ပေါ်တွင် "ကျန့်ထျန်း"ဟူသော စာလုံးနှစ်လုံးကို ထွင်းထုထားသည်။

ဤစကားလုံးနှစ်လုံးကို မြင်လိုက်ရသူတိုင်း၊ စိတ်ထဲ၌ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ရိုတ်ခတ်မှုကို ခံစားရစေကာ ၊ တစ်ဖန် လေးစားအားကျရသော ခံစားချက်ကို ဖြစ်ပေါ်လာစေလိမ့်မည်။

ဤပုဂ္ဂိုလ်မှာ တစ်ချိန်က အမတနယ်မြေ၏ အထွန်းတောက်ဆုံး ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည့် ကျန့်ထျန်း အမတဧကရာဇ်မင်း ၊ တစ်နည်းအားဖြင့် စူးချန်ကဲ၏ ဖခင်ဖြစ်သူ စူးရွှမ် ပင်ဖြစ်သည်။

သူသည် နေရာတွင် တည်ငြိမ်စွာထိုင်နေပြီး ၊ ဓားသည်လည်း ဓားအိမ်ထဲတွင် ရှိနေဆဲပင်။

သို့သော် သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာသော ရောင်ဝါတို့သည် လူကို ထိတ်လန့်တုန်လှုပ်စေပြီး ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အဆုံးမဲ့စွမ်းအားများဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားရသည်။

နိဗ္ဗာန်နနတ်ဘုရားကျောင်း၏ အရှင်သခင် ကျိ့မျဲ့ တာအိုသခင်ပင်လျှင် ၊ သူ၏ရှေ့မှောက်တွင် ကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားခဲ့ရသည်။

အချိန်အတိုင်းတာတစ်ခု ကြာပြီးနောက်တွင်၊

စူးရွှမ်၏ အေးစက်သောအသံကို ကြားလိုက်ရသည်။

" နန်းဆောင်သခင် ၊ ကျုပ် ဒီကိုလာရတဲ့အကြောင်းအရင်းက တစ်ခုတည်းပဲ "

“ ချန်ကဲ အမတနယ်မြေတစ်ခွင် လှည့်လည်သွားလာပြီး သူ့ကိုယ်ပိုင် အင်အားစုကို တည်ဆောက်တဲ့အခါ...”

စူးရွှမ်သည် အပြုံးမပျက် ဆက်ပြောလိုက်သည်။

“ခင်ဗျားရဲ့ နိဗ္ဗာန်နနတ်ဘုရားကျောင်းလည်း ပါဝင်လာဖို့ကို ကျုပ် မျှော်လင့်တယ်"

ထိုစကားသံထွက်လာသည်နှင့်၊

လေထုသည် ချက်ချင်း တိတ်ဆိတ်သွားသည်။

စူးရွှမ်၏ ရှေ့တွင် ထိုင်နေသော ကျိ့မျဲ့တာအိုသခင်သည် ‌မျက်မှောင်ကြုတ်သွားသည်။

သူသည် စိတ်ထဲကဒေါသကို အတင်းမျိုသိပ်ရင်း မကျေနပ်သောလေသံဖြင့် ဆိုလိုက်သည်။

“စူးရွှမ်... မင်းရဲ့ တားမြစ် စူးမိသားစုဟာ အင်အားကြီးမားတယ်ဆိုပေမယ့်... ငါ့ရဲ့ နိဗ္ဗာန်နနတ်ဘုရားကျောင်းကလည်း ပေါ့သေးသေး မဟုတ်ဘူး"

"ဒီနေ့ခေတ်မှာ၊ အမတစိုးစံရာခေတ်ကနေ ရှင်သန်ကျန်ရစ်ခဲ့တဲ့ အင်အားစုတွေထဲမှာ ဘယ်သူ့မှာရော အခြေခံအုတ်မြစ် မရှိလို့လဲ "

"ငါ့ရဲ့ နိဗ္ဗာန်နနတ်ဘုရားကျောင်းက အခြားသူရဲ့ လက်အောက်မှာ နေစရာလား!?"

" ပြီးတော့ မင်း မမေ့နဲ့ ၊ မင်းရဲ့သား စူးချန်ကဲက အခုမှ စစ်မှန် အမတအဆင့်ပဲ ရှိသေးတယ်!"

ကျိ့မျဲ့တာအိုသခင်၏ လေသံထဲတွင် ဒေါသသံပါဝင်နေသည်။

ယခင်က တိုက်မြေ သုံးထောင်တွင် ၊ စူးချန်ကဲအား သူ ကူညီပေးခဲ့သည့် အကြောင်းရင်းမှာ သူ၏ နိဗ္ဗာန်နနတ်ဘုရားကျောင်း ကနဦးတည်ထောင်သူသည် ကံကြမ္မာနတ္ထိ ကိုယ်ထည်၏ မူလပိုင်ရှင်နှင့် ရင်းနှီးမှုအနည်းငယ် ရှိခဲ့သောကြောင့်ဖြစ်သည်။

ထိုပုဂ္ဂိုလ်သည် သူတို့၏ကနဦးတည်ထောင်သူ သခင်အား အလွန်ကြောက်မက်ဖွယ်ကောင်းသော အဖျက်ဗလာစွမ်းအားကို ပိုင်ဆိုင်စေခဲ့သည်။ သို့ဖြစ်ရာ ၊ ထိုအချိန်က ကျေးဇူးဆပ်သည့် အနေဖြင့် သက်ညှာပေးခဲ့ခြင်း ဖြစ်သည်။

အတိတ်က ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ပြီးဖြစ်သဖြင့် ၊ သူ၏ နိဗ္ဗာန်နနတ်ဘုရားကျောင်းကို စူးချန်ကဲ၏လက်အောက်သို့ ဝင်ရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။

ထို့အပြင် ၊ သူ၏ နိဗ္ဗာန်နနတ်ဘုရားကျောင်းတွင်လည်း ကိုယ်ပိုင်မာန ရှိသေးသည်။

တဖက်လူ၏ သဘောထားကို မြင်တွေ့ပြီးသည့်တိုင်အောင် ၊ စူးရွှမ်သည် ဒေါသထွက်မသွားဘဲ အပြုံးမပျက် ဆိုလိုက်သည်။

" အမတနယ်မြေတစ်ခုလုံးမှာ တားမြစ် စူးမိသားစု၊ သံသရာစက်ဝန်း အမတမင်းဆက် နဲ့ မကြာသေးမီက ပူးပေါင်းပါဝင်လာတဲ့ ကွေးယွမ်အမတဂိုဏ်းကလွဲပြီး "

" ကျုပ်သား ချန်ကဲရဲ့ တားမြစ်ကိုယ်ထည်အကြောင်းကို ဘယ်သူမှ မသိသင့်ဘူး "

"ဒါပေမယ့်၊ ခင်ဗျားရဲ့ နိဗ္ဗာန်နနတ်ဘုရားကျောင်းကိုတော့ ခြွင်းချက်ထားပေးမယ်"

" ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်တို့နဲ့ မပူးပေါင်းချင်ဘူး၊ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ သဘောထားမျိုးနဲ့ ရပ်တည်မယ်ဆိုရင်တော့..."

စူးရွှမ်သည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး၊ အေးစက်သော အကြည့်ဖြင့် ဆိုလိုက်သည်။

" ဒါဆို ကျုပ်တို့ကလည်း ခင်ဗျားတို့ကို ဖယ်ရှားပစ်ရုံကလွဲပြီး အခြားနည်းမရှိတော့ဘူး"

ဝုန်း !!

စူးရွှမ်၏ စကားသံအဆုံးတွင် ။

နိဗ္ဗာန်နနတ်ဘုရားကျောင်း တည်ရှိရာ နယ်မြေတစ်ခုလုံးသည် လျို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုကြောင့် တဆက်ဆက် တုန်ခါလာသည်။

တောက်ပသော ကြယ်တာရာများဖြင့် ပြည့်နှက်နေသော ကောင်းကင်တွင် အလင်းတွင်းကြီး ဆယ့်သုံးခုသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့သည် အခြား လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာတစ်ခုနှင့် ချိတ်ဆက်ထားဟန်ရှိသည်။

မှော်သင်္ကေတများ၏ တုန်လှုပ်မြည်ဟည်းသံများကြား ၊ အဆိုပါအလင်းတွင်းများထဲမှ လျို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော စွမ်းအင်များ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော အမတ ဧကရာဇ်မင်း ၁၃ ပါးသည် ဤနေရာသို့ ဆင်းသက်လာခဲ့ချေပြီ။

သူတို့အားလုံးသည် ခမ်းနားသော အမတဝတ်ရုံများကို ဝတ်ဆင်ထားသည်။ ၎င်းတို့၏ အေးစက်သော မျက်ဝန်းများက အရာရာကို ထိုးထွင်းသိမြင်နိုင်ပုံရသည်။

၎င်းတို့ထဲတွင် အမတဓားရှည်များကို ကိုင်ဆောင်ထားသော ပုဂ္ဂိုလ်များလည်း ရှိပြီး၊ ဓား၏အငွေ့အသက်သည် လူကို ထိတ်လန့်စေသည်အထိ ပြင်းထန်လွန်းသည်။

လက်ထဲတွင် ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပသော ရတနာကို ‌ကိုင်ဆောင်ထားသော ပုဂ္ဂိုလ်လည်း ရှိသည်။

ဒါတင်မက၊ ဒေဝလောကတစ်ခွင်လုံးကို ရောင်ပြန်ဟပ်နိုင်စွမ်း ရှိပုံရသော ပြိုးပျက်စွာ တောက်ပနေသည့် အမတကြေးမုံကို ကိုင်ဆောင်ထားသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ရှိ‌ပြန်သည်။

.........

အမတဧကရာဇ်မင်း ၁၃ ပါးတို့သည် ကြယ်တာရာ အတားအဆီးများကို ချိုးဖောက်ကာ ဆင်းသက်လာကြသည်။ ၎င်းတို့ထံမှ ဖြာထွက်လာသော ရောင်ဝါသည် ဤနေရာတစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။

ဤနေရာတစ်ခုလုံးသည် အမတဧကရာဇ်မင်း ၁၃ ပါး၏ ချုပ်ကိုင်မှုအောက်တွင် ရောက်ရှိသွားပုံရသည်။

အမတ ဧကရာဇ်မင်း ၁၃ ပါး၏ ဝိုင်းရံမှုကို ခံထားရသော နိဗ္ဗာန်နနတ်ဘုရားကျောင်းသည် လက်ရှိတွင် လှိုင်းလုံးကြီးများကြား လွင့်မျောနေသော လှေငယ်လေးတစ်စင်းကဲ့သို့ပင်။

ဤအမတ ဧကရာဇ်မင်း ၁၃ ပါးသည် တားမြစ် စူးမိသားစု၊ သံသရာစက်ဝန်း အမတမင်းဆက် နှင့် ကွေးယွမ်အမတဂိုဏ်းတို့မှ ဖြစ်သည်။

သူတို့၏ ရည်ရွယ်ချက်မှာ ဤစစ်ဆင်ရေးသည် တားမြစ် အင်အားစုကြီး သုံးဖွဲ့၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြလိုခြင်း ဖြစ်သည်။

အကယ်၍ နိဗ္ဗာန်နနတ်ဘုရားကျောင်းသည် ကမ်းလှမ်းမှုကို သဘောမတူပါက၊ ဒါဆို သူတို့သည် တားမြစ် အင်အားစုကြီးသုံးဖွဲ့နှင့် ရင်ဆိုင်ရပေလိမ့်မည်။

"စူးရွှမ် မင်း...."

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် ၊ ကျိ့မျဲ့ တာအိုသခင်၏ စိတ်ထဲတွင် ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသည်။

စောနက ပြောခဲ့သော စူးရွမ်၏စကားထဲတွင် အဓိပ္ပာယ်ပါပြီးဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာန်နနတ်ဘုရားကျောင်း၏ ကနဦးတည်ထောင်သူသည်

ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏မူလပိုင်ရှင်နှင့် ရင်းနှီးမှုရှိခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့်သာလျှင် သူ၏ နိဗ္ဗာန်နနတ်ဘုရားကျောင်းသည် ဗလာနိတ္ထိစွမ်းအားနှင့် ဆက်နွယ်နေသော အဖျက်ဗလာစွမ်းအားကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဖျက်ဗလာစွမ်းအားကို ပိုင်ဆိုင်သူသည် ဗလာနိတ္ထိစွမ်းအား၏ တည်ရှိမှုကို ခံစားသိရှိနိုင်သည်။

အခြားသူများသည် စူးချန်ကဲ၏ တားမြစ်ကိုယ်ထည်အကြောင်း မသိနိုင်သော်လည်း ၊ သို့သော် သူတို့သည် စူးချန်ကဲတွင် ဒဏ္ဍာရီလာ တားမြစ်ကိုယ်ထည်ဖြစ်သော ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်ရှိကြောင်း ခံစားသိရှိနိုင်ခဲ့သည်။

စူးရွှမ်သည် ယခုလို နိဗ္ဗာန်နနတ်ဘုရားကျောင်းသို့ ရောက်ရှိလာရခြင်းမှာ နောင်တွင် အပြောင်းအလဲများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်လိုသောကြောင့် ဖြစ်သည်။

ပြသနာဖြစ်လာနိုင်သည့် နိဗ္ဗာန်နနတ်ဘုရားကျောင်း၏ အရေးကိစ္စကို ကြိုတင်ဖြေရှင်းကာ စူးချန်ကဲအတွက် ကောင်းမွန်သော လမ်းကြောင်းတစ်ခုကို ခင်းကျင်းပေးလိုခဲ့သည်။

သို့သော်၊ ဤတားမြစ် အင်အားစုကြီး သုံးဖွဲ့သည် အတော်လေးကို အာဏာရှင်ဆန်လွန်းသည်။

လက်အောက်မခံရင် ၊ သေရမယ်!

ဒါလူကို သိပ်အနိုင်ကျင့်လွန်းတာပဲ!

အပိုင်း(၆၅၅): ဒေဝလောကကြီးတစ်ခုလုံး အသစ်ပြန်လည်စတင်တော့မယ် (Part-1)

" ခင်ဗျားကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်"

ထိုစဉ် ၊ စူးရွှမ်က အေးစက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။

" ဒါကို မှတ်ထား ၊ နောက်ထပ်အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး"

ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ ကျိ့မျဲ့ တာအိုသခင်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူ၏ နိဗ္ဗာန်နနတ်ဘုရားကျောင်းသည် ယခင်က ထိပ်တန်းကောင်းကင်ဂူ အင်အားစုထဲတွင် ပါဝင်ခဲ့သော အင်အားစုတစ်ခု ဖြစ်ခဲ့သော်လည်း၊ ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးအပြီးတွင် သူတို့၏အင်အားမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

လက်ရှိအချိန်တွင် ၊ သူတို့တွင် ပိုင်ဆိုင်ထားသော အမတဧကရာဇ်မင်း အရေအတွက်သည် ဆယ်ယောက်ထက် မပိုချေ။

တားမြစ် စူးမိသားစုနှင့် ကွေးယွမ်အမတဂိုဏ်းတို့သည် ယခင်ကတည်းက ကြီးကျယ်ခမ်းနားသော အုပ်စိုးရှင်အင်အားစုများ ဖြစ်ခဲ့ကြပြီး ၊

မိမိတို့အနေဖြင့် သူတို့ထဲက တစ်ယောက်ကိုပင် အနိုင်ယူနိုင်စွမ်း မရှိ။

ယခုအခါ နှစ်ဖွဲ့စလုံး တစ်ပြိုင်နက်တည်း ရောက်ရှိလာရုံသာမက ၊ ယခင်က အမတ ဂိုဏ်းကြီး (၃၆)ဂိုဏ်းတွင် ခေါင်းဆောင်ဖြစ်ခဲ့သော သံသရာစက်ဝန်း အမတမင်းဆက်ပါ ပါဝင်လာခဲ့သည်။

တကယ်တန်း တိုက်ခိုက်ကြမည်ဆိုပါက ၊ ထိုအင်အားစုကြီးသုံးဖွဲ့၏ တိုက်ခိုက်မှုအောက်တွင် မိမိ၏ နိဗ္ဗာန်နနတ်ဘုရားကျောင်းသည် အမှန်တကယ်ပင် ပျက်သုန်းရပေတော့မည်။

အတွေးများစွာဖြင့် ခေါင်းရှုပ်နေစဉ် ၊

ဝီ!!

ရုတ်တရက်ပင် ၊ နိဗ္ဗာန်နနတ်ဘုရားကျောင်းတစ်ခုလုံးသည် တဆက်ဆက် တုန်ခါလာသည်။

အဆုံးမရှိသော အဖျက်ဗလာ နိယာမတရားများသည် အာကာသဟင်းလင်းပြင်တွင် အဖျက်ဗလာစွမ်းအားများဖြင့် ပြည့်နှက်နေသော တွင်းနက်ကြီးတစ်ခုအသွင်အဖြစ် ထွက်ပေါ်လာခဲ့သည်။

ထိုအဖျက်ဗလာစွမ်းအား တွင်းနက်ကြီးသည် ပို၍ မြင်မြင်ထင်ထင်ရှိလာသည်နှင့်အမျှ ၊ အထဲမှ မှုန်ဝါးဝါးအသွင်ပုံရိပ်ဖြင့် ပုဂ္ဂိုလ်တစ်ဦး ထွက်လာခဲ့သည်။

၎င်းသည် နတ်ဘုရားဝိညာဉ်တစ်ခု၏ ပုံရိပ်တစ်ခုမျှသာဖြစ်သော်လည်း ၊ သူ၏ခန္ဓာကိုယ်ပေါ်၌ ဖြန့်ကျတ်ထားသော အဖျက်ဗလာစွမ်းအားသည် ကျိ့မျဲ့ တာအိုသခင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။

ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရသည်နှင့် ၊ ကျိ့မျဲ့ တာအိုသခင်၏ မျက်နှာသည် ပြုံးရွှင်သွားပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

" ကနဦးတည်ထောင်သူ အရှင်သခင်?"

ကနဦးတည်ထောင်သူသည် နိဗ္ဗာန်နနတ်ဘုရားကျောင်းတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲကို သတိထားမိခဲ့ပုံရသည်။ တစ်ချိန်က သူ၏ နိဗ္ဗာန်နနတ်ဘုရားကျောင်းတွင် ချန်ရစ်ခဲ့သော နတ်ဘုရားဝိညာဉ်အမှတ်အသားသည် ဤအခိုက်အတန့်တွင် နိုးထလာခဲ့ခြင်း ဖြစ်ပေမည်။

" ကနဦးတည်ထောင်သူ အရှင်သခင်?"

ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရချိန်တွင် ၊ စူးရွှမ်သည် မျက်ခုံးပင့်လိုက်သည်။

"ကျိချန်ရှန်း လား?"

ကျိချန်ရှန်းသည် အမတစိုးစံရာခေတ်တွင် ထိပ်တန်းစွမ်းအားရှင်တစ်ဦး ဖြစ်ပြီး၊ နိဗ္ဗာန်နနတ်ဘုရားကျောင်း၏ တည်ထောင်သူလည်း ဖြစ်သည်။

ထို့အပြင် အမတနယ်မြေ သမိုင်းတစ်လျှောက်တွင် ပထမဆုံးသော အဖျက်ဗလာစွမ်းအားကို ထိန်းချုပ်နိုင်သူ ဖြစ်သည်။

သူသည် တစ်ချိန်က အမတနယ်မြေတွင် အဖျက်ဗလာအမတဧကရာဇ်မင်းဟု လူသိများခဲ့ပြီး ၊ ခေတ်ကာလတစ်ခုလုံးကို ကြီးစိုးခဲ့သူဖြစ်သည်။

စီနီယာအရဆိုလျှင် ၊ ကျီချန်ရှန်းသည် စူးရွှမ်ထက် များစွာစီနီယာကျသော်လည်း ၊

သို့သော် အဆင့်အတန်းအားဖြင့် ၊ ကျီချန်ရှန်းသည် စူးရွှမ်၏ရှေ့တွင် ဩဇာကြီးမားခြင်း မရှိချေ။

ခဏကြာပြီးနောက်...

ကျိချန်ရှန်းသည် အသက်ပြင်းပြင်း ရှုသွင်းကာ၊ မေးခွန်းထုတ်လိုက်သည်။

" အခြားရွေးချယ်စရာ ရှိသေးလား "

"မရှိဘူး နှစ်လမ်းပဲရှိတယ်"

စူးရွှမ်သည် အေးဆေးတည်ငြိမ်စွာဖြင့် ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

"ပြီးတော့ ကျုပ်တို့ အင်အားစုကြီးသုံးဖွဲ့ကလည်း ကြင်နာမှုကို အတတ်နိုင်‌ဆုံး ပြသပေးခဲ့ပြီးပြီ "

ဤစကားထဲတွင် အဓိပ္ပာယ်အချို့ ပါဝင်နေသည်။

ထိပ်တန်း စွမ်းအားရှင်ကြီးများအဖြစ် ၊ သူတို့သည် တဖက်လူ၏ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း နားလည်ပေသည်။

တားမြစ်အင်အားစုကြီး သုံးဖွဲ့သည် နိဗ္ဗာန်နနတ်ဘုရားကျောင်းကို လွယ်လင့်တကူ ချေမှုန်းနိုင်စွမ်း ရှိပေသည်။ သူတို့အား ယခုလို ရွေးချယ်ခွင့်ပေးခဲ့ခြင်းသည် ကြီးမားသော မျက်နှာသာပေးရာကျသည်ဟုပင် ဆိုရမည်။

ထို့အပြင် ၊ တစ်ချိန်က သူတို့သည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ မူလပိုင်ရှင်နှင့် ဆက်နွှယ်မှုရှိခဲ့သောကြောင့် ယခုလိုရွေးချယ်ခွင့်မပေးဘဲ တိုက်ရိုက်ဖျက်ဆီးရန်မှာ နှမြောစရာကောင်းပေသည်။

ကျိချန်ရှန်းသည်လည်း မည်သည့်စကားကိုမှ မဆိုတော့ချေ။ မပြောင်းလဲနိုင်ပါက၊ လက်ခံရုံသာ ရှိတော့သည်။

ထို့အပြင် သူတို့သည် ကံကြမ္မာနတ္ထိ ခန္ဓာကိုယ်၏ မူလပိုင်ရှင်နှင့် ဆက်ဆံရေးရှိခဲ့ဖူးသည်။ စူးချန်ကဲသည် လက်ရှိအချိန်တွင် အားနည်းနေသော်လည်း ၊ နောင်တွင် ဒေဝလောကတစ်ခွင်လုံးကို အုပ်ချုပ်မည့် ထိပ်တန်း စွမ်းအားရှင်တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

အင်အားစုကြီးသုံးဖွဲ့၏ ထောက်ခံမှုကိုပါ ထည့်တွက်ရလျှင်ဖြင့် ၊ သူ၏အနာဂတ်အောင်မြင်မှုမှာ မှန်းဆ၍မရနိုင်ပေ။

"ကောင်းပြီ၊ ဒီကိစ္စကို သဘောတူတယ်"

ထိုအဖြေကိုကြားပြီးနောက် ၊ စူးရွှမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။

"ဒါဟာဉာဏ်ပညာရှိတဲ့ ရွေးချယ်မှုပဲ"

" ဒီအတွက် ခင်ဗျား နောင်တရမှာ မဟုတ်ပါဘူး"

လက်ရှိနေရာတွင် ရှိနေသော စူးရွှမ်သည် အမှန်အားဖြင့် သူ၏ပုံရိပ်တစ်ခုမျှသာ ဖြစ်သည်။

ဤကာလအတွင်း ၊ စူးရွှမ်သည် စူးချန်ကဲထံ ပြန်မသွားဘဲ အမတနယ်မြေတစ်ခွင်တွင် လှည့်လည်ကာ တစ်ချိန်က ထိပ်တန်းကောင်းကင်ဂူ (၇၂ )ဖွဲ့ကို ရှာဖွေနေခဲ့သည်။

၎င်းတို့အား တတ်နိုင်သမျှ 'သဘောတူစေရန်' ဖျောင်းဖျပြီး ၊ စူးချန်ကဲအတွက် နောင်တွင် အင်အားစုသစ်တစ်ခု တည်ထောင်ရန် ပြင်ဆင်နေခဲ့သည်။

အကယ်၍ ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်တော့မည့် ခေတ်သစ်တစ်ခုကို အပြည့်အဝ ရောက်ရှိလာပါက၊

ပျောက်ဆုံးနေသော ကမ္ဘာများ၊ ရှေးဟောင်းနယ်မြေများ ၊ အမတစိုးစံရာခေတ်က အင်အားစုများ၏ အကြွင်းအကျန်များသည် ဤလောကထဲသို့ တစ်ဖန် ထွက်ပေါ်လာပေတော့မည်။

တစ်နည်းအားဖြင့်ဆိုရသော် ၊ အခွင့်အလမ်းများသည် နေရာအနှံ့ပေါ်ပေါက်လာပြီး ပါရမီရှင်များသည်လည်း ပန်းပွင့်များကဲ့သို့ ဖူးပွင့်လာကြပေမည်။

ဤသို့ဖြင့် ၊ အမတနယ်မြေတစ်ခုလုံးသည် ခေတ်သစ်၏အစသို့ ဝင်ရောက်လာပေတော့မည်။

သို့သော်လည်း ၊ ထိုကဲ့သို့သော အခွင့်အလမ်းများနှင့်အတူ အမတနယ်မြေတစ်ခုလုံး၏ ကံကြမ္မာသည် ရှုပ်ထွေးသွားနိုင်သည်။

ထိုသို့ဖြစ်လာပါက၊ ပုန်းကွယ်နေသော အင်အားစုများကို အထူးလျှို့ဝှက်နည်းလမ်းများဖြင့် ရှာဖွေရန် မဖြစ်နိုင်တော့ပေ။

အမတနယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်သည်။ ကျပန်းရှာဖွေခြင်းသည် ပင်လယ်ထဲ အပ်တစ်ချောင်း ရှာဖွေခြင်းနှင့် တူပေသည်။

ထို့ကြောင့် စူးရွှမ်သည် ခေတ်သစ်မစတင်မီ ၊ ဤအင်အားစုများကို စူးချန်ကဲ၏ မဟာမိတ်အဖြစ် တတ်နိုင်သမျှ ဆွဲသွင်းလိုခဲ့သည်။

သို့သော်ငြားလည်း ၊ အင်အားစုကြီးသုံးဖွဲ့သည် တွေ့ရာလူတိုင်းကို လက်ခံလိမ့်မည် မဟုတ်။

အမတဂိုဏ်း(၃၆)ဂိုဏ်းနှင့် ပတ်သက်၍၊ ထိုအင်အားစုများသည် အလွန်မောက်မာကြသည်။

အတင်းအကျပ် သိမ်းပိုက်မည်ဆိုပါက၊ နောင်တွင် သစ္စာဖောက်နိုင်သဖြင့် အန္တရာယ်ပိုများသည်။

ထို့ကြောင့် စူးရွှမ်သည် ၎င်းတို့ထက် နိမ့်ကျသော ထိပ်တန်းကောင်းကင်ဂူ အင်အားစုများကိုသာ ရှာဖွေလေ့ရှိသည်။

အဓိကအချက်အနေဖြင့် ၊ အနာဂတ်တွင် ဖြစ်လာမည့် အကျပ်အတည်းများကို ကျော်လွှားရန် ယုံကြည်မှုမရှိသော အင်အားစုများကို ရှာဖွေ၍ မဟာမိတ်ဖွဲ့စေခဲ့သည်။

အဘယ်ကြောင့်ဆိုသော်၊ ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးအပြီးတွင်

ထိပ်တန်းကောင်းကင်ဂူ အင်အားစုများ၏ တစ်ဝက်နီးပါးသည် ဖျက်ဆီးခံလိုက်ရပြီး ၊ အမှောင်မူလရင်းမြစ် ကမ္ဘာထဲသို့ ကျရောက်သွားသူများလည်း ရှိသည်။

လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်ခဲ့သူများမှာလည်း ၎င်းတို့၏အခြေခံအုတ်မြစ်ကို ယခင်ကတည်းက ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

ယခုအခါ တားမြစ်အင်အားစုကြီးသုံးဖွဲ့သည် ကူညီထောက်ပံ့ရန် လက်ကမ်းကြိုဆိုခဲ့ပြီး၊ အနာဂတ်တွင် စူးချန်ကဲအတွက် အင်အားဖြစ်ပေးရန် ကမ်းလှမ်းခဲ့သည်။

ထိုအချက်ကို မနှစ်သက်သော်လည်း ၊ သို့‌သော် ငြင်းဆန်ဖို့ မလွယ်ကူပေ။

ယနေ့အချိန်ထိ စူးရွှမ်သည် နိဗ္ဗာန်နနတ်ဘုရားကျောင်းအပါအဝင် ထိပ်တန်းကောင်းကင်ဂူ အင်အားစုကြီး ခြောက်ဖွဲ့ကို ဆွဲဆောင်နိုင်ခဲ့သည်။

နိဗ္ဗာန်နနတ်ဘုရားကျောင်းသည် ထိပ်တန်းကောင်းကင်ဂူ အင်အားစုများအနက် အင်အားအကြီးမားဆုံးဖြစ်သလို မာနအကြီးဆုံး အင်အားစုလည်း ဖြစ်ပြန်သည်။

သို့သော်လည်း၊ ၎င်းတို့သည် စူးချန်ကဲနှင့်သက်ဆိုင်သော လျှို့ဝှက်ချက်များကို သိရှိထားသောကြောင့် ကမ်းလှမ်းမှုကို သဘောမတူပါက ၊ သူတို့ကို ဖျက်ဆီးပစ်ရန်ကလွဲ၍ တခြားရွေးချယ်စရာ မရှိပေ။

အပိုင်း(၆၅၅): ဒေဝလောကကြီးတစ်ခုလုံး အသစ်ပြန်လည်စတင်တော့မယ် (Part-2)

သို့သော် နိဗ္ဗာန်နနတ်ဘုရားကျောင်း၏ လှည့်စားမှုကို ကာကွယ်နိုင်ရန်အတွက် ၊

စူးရွှမ်သည် ကျိ့မျဲ့တာအိုသခင်အား သစ္စာဆိုစေခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် ပင်မခန်းမဆောင်၌ ဆက်သွယ်ရေးအစီအရင်တစ်ခုကို တည်ဆောက်ခဲ့သည်။

အကယ်၍ နောင်တွင် မျှော်လင့်မထားသော အခြေအနေနှင့် ကြုံတွေ့ခဲ့ရပါက ၊ မည်သည့်အချိန်တွင်မဆို ဆက်သွယ်သွားလာနိုင်ရန် ဖြစ်သည်။

" ဒါဆို လူကြီးမင်းတို့ ကျုပ်ရဲ့ သဘောတူညီချက်ကို မေ့မသွားဖို့ မျှော်လင့်ပါတယ်"

စူးရွှမ်သည် အပြုံးမပျက် ပြောလိုက်ရင်း ၊ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ၊ သူသည် ဤနေရာသို့ ရောက်ရှိလာခဲ့သော အမတဧကရာဇ်မင်း ဆယ့်သုံးပါးနှင့်အတူ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည်လည်း ဘာမျှမဖြစ်ခဲ့သလိုပင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

စူးရွှမ်ပျောက်ကွယ်သွားသော ကြယ်တာရာကောင်းကင်ကြီးကို ငေးကြည့်ရင်း ၊ ခဏအကြာတွင် ကျိ့မျဲ့ တာအိုသခင်သည် ကျိချန်ရှန်းအား မှုန်ကုတ်ကုတ် အမူအရာဖြင့် မေးမြန်းလိုက်သည်။

" ချန်ရှန်းလူကြီးမင်း ... နိဗ္ဗာန်နနတ်ဘုရားကျောင်းရဲ့ အနာဂတ်ကို အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ရဲ့ လက်ထဲကို ထည့်လိုက်တာ..."

" မိုက်ရူးရဲမဆန်ဘူးလား "

ထိုစကားကိုကြားတော့ ကျိချန်ရှန်းသည် ခေါင်းခါလိုက်သည်။

"တကယ်တော့ နိဗ္ဗာန်နနတ်ဘုရားကျောင်းအနေနဲ့ ၊ နည်းနည်းမျက်နှာပျက်ရတာကလွဲလို့ အခြားအရေးကြီးတဲ့အရာတွေ ရရှိခဲ့တယ်"

"ဒီကိစ္စကနေတဆင့် အင်အားစုကြီးသုံးဖွဲ့နဲ့ ဆက်သွယ်ခွင့်ရတာ တကယ်ကို ရှားပါးတဲ့ အခွင့်အလမ်းကောင်းတစ်ခုပဲ "

"ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ ဘယ်လိုအရာတွေနဲ့ ကြုံရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

"ပြီးတော့ အချိန်အားဖြင့် တွက်ချက်ကြည့်ရင် သိပ်မကြာခင်အတွင်း ဒေဝလောကကြီးတစ်ခုလုံး ခေတ်သစ်ကို စတင်တော့မယ်"

" အဲ့အချိန်ကြရင် စူးချန်ကဲရဲ့ စွမ်းဆောင်ရည်ကို ငါတို့တွေ အကဲခတ်လို့ရပြီ"

"တကယ်လို့ သူ့ရဲ့ပါရမီက သူရထားတဲ့ အဆင့်အတန်းနဲ့ လုံးဝမကိုက်ညီဘူးဆိုရင်......"

ကျိချန်ရှန်း၏စကားသည် ထိုနေရာတွင် ရပ်တန့်သွားသည်။ လိမ္မာပါးနပ်ပြီး ဉာဏ်ရည်ထက်မြက်သူတစ်ဦးအနေဖြင့် ၊ ကျိ့မျဲ့ တာအိုသခင်သည် ၎င်း၏ဆိုလိုရင်းကို နားလည်လိုက်သည်။

စူးချန်ကဲ၏ပါရမီသည် သူရရှိထားသော အဆင့်အတန်းနှင့် မကိုက်ညီပါက ၊ ဒါဆို သူသည် သူတို့အားလုံး၏ သခင်တစ်ပါး ဖြစ်လာရန် အရည်အချင်းမရှိပေ။

........

အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးလျက်ရှိသည်။ ဤသို့ဖြင့် ရက်သတ္တပတ်အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ၊ အဆုံးမရှိသောသက်တမ်းကို ပိုင်ဆိုင်ထားသော အမတပုဂ္ဂိုလ်များအတွက် ထိုအချိန်ကာလသည် မျက်စိတမှိတ်အတွင်းမျှသာပင်။

ဤကာလအတွင်း စူးချန်ကဲသည် သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်တွင် အယောင်ဆောင်ထားသော စူးချန်ကဲနှင့် အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

အမတနယ်မြေရှိ အင်အားစုများမှာမူ ၊ အမတနယ်မြေအတွင်း လှုပ်ရှားမှုများကို တပြေးညီ စောင့်ကြည့်နေကြသည်။

ဤကာလအတွင်း အမတနယ်မြေသည် မမြင်နိုင်သော လှိုင်းတံပိုးများ ရိုက်ခတ်နေခဲ့ပြီး၊ ယခင်က ငြိမ်သက်နေခဲ့သော အရာများသည် ဖြည်းဖြည်းချင်း နိုးထလာကြသည်။

ထိုနည်းတူစွာ၊ သံသရာစက်ဝန်း ယန်ထျန်းကွင်းပြင်တွင် ။

ဗလာနယ်အတွင်း တင်ပြင်ခွေထိုင်နေသော ဝတ်ရုံဖြူနှင့် ပုဂ္ဂိုလ်တစ်ဦးသည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

အမတနယ်မြေထက် များစွာသာလွန်သော တည်ရှိမှုဖြစ်သည့် ထိုပုဂ္ဂိုလ်သည် အမတနယ်မြေ၏ စွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို သတိပြုမိခဲ့သည်။

တစ်ချိန်က ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သော ကောင်းကင်ဘုံ၏ လျို့ဝှက်ချက်များသည် ယခုအချိန်တွင် ရုတ်တရက် ဝေဝါးသွားသည်။

ဤကာလအတွင်း ငြိမ်သက်နေခဲ့သော စွမ်းအင်များသည် အပြည့်အဝ နိုးကြားလာခဲ့ပြီဖြစ်သည်။

"ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်တော့မယ့် ခေတ်ကို ရောက်ရှိလာခဲ့ပြီပဲ !"

......

ဝုန်း !!

ကြောက်မက်ဖွယ်ကောင်းသော တုန်ဟည်းသံသည် အမတနယ်မြေတစ်ခွင် ပဲ့တင်ထပ်ကာ ၊ စကြဝဠာအနှံ့အပြားသို့ ပျံ့နှံ့သွားလေသည်။

ယခင်က ငြိမ်သက်နေခဲ့သော အမတနယ်မြေကြီးသည် ဤအခိုက်အတန့်တွင် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

မိုးမြေလောကထဲရှိ အမတစွမ်းအင်များသည် တဟုန်ထိုး မြင့်တတ်လာခဲ့ပြီး ၊ လျှို့ဝှက်ဆန်းကြယ်သော နိယာမတရားများသည် အာကာသဟင်းလင်းပြင်တွင် အရောင်အသွေးစုံလင်စွာ တောက်ပနေသော ကျောက်မျက်ရတနာများသဖွယ် ရောယှက်ပေါင်းစပ်လျက်ရှိသည်။

မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် နေရာအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိသွားသည်။

ဝုန်း.....!!!

ဤအခိုက်အတန့်တွင်၊ စကြဝဠာတစ်ခုလုံး တုန်ခါသွားသည်။

ကြိုတင်အသိပေးခြင်းမရှိဘဲ စကြဝဠာတစ်ခုလုံးသည် တောက်ပသောအလင်းရောင်များဖြင့် ပေါက်ကွဲထွက်လာပြီး၊ မိုးမြေတစ်ခွင်လုံးကို ချက်ချင်းလက်ငင်း ထိန်လင်းတောက်ပသွားစေသည်။

ထို့အပြင် အာကာသထဲတွင် ပဲ့တင်ထပ်နေသော သက္ကတသံစဉ်များကို ကြားနေရပြီး ၊ လောကရှိ အရာအားလုံးတို့သည် အလွန်တရာမျှ မြင့်မြတ်သော သဘောတရားများဖြင့် သက်ဝင်နေပုံရသည်။

အလုံးစုံသော စကြဝဠာနှင့် အမတနယ်မြေတို့သည် ပြီးပြည့်စုံစွာ ချိတ်ဆက်သွားသည်နှင့် အမျှ ၊ ငြိမ်သက်နေခဲ့သော စွမ်းအင်များသည် ပြန်လည် နိုးကြားလာခဲ့သည်။ ဤအခိုက်အတန့်တွင်၊ မိုးမြေလောကရှိ အရာအားလုံးသည် စွမ်းအားသစ်များကို သယ်ဆောင်လာသဟန် ရှိသည်။

အလုံးစုံသော ကောင်းကင်နှင့် မြေကြီးသည် စိတ်အားထက်သန်သော ဆန္ဒများ၏ လွှမ်းခြုံမှုကိုခံထားရပုံပေါ်သညိ။

စိတ်အားထက်သန်သော ဆန္ဒများ၏ လွှမ်းခြုံမှုအောက်တွင်၊ ယခင်က အမတနယ်မြေထဲတွင် ပုန်းအောင်းနေခဲ့သော ပျောက်ဆုံးနေသည့် နယ်မြေများသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။

တုန်ဟည်းနေသော ဟောက်သံများကြား၊

ရှေးကျပြီး အတိုင်းအဆမရှိ ကျယ်ပြန့်သော ကမ္ဘာပေါင်းများစွာသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းကာ အသစ်စက်စက် ကမ္ဘာတစ်ခု ဖွဲ့စည်းနေသလိုပင်။

ထိုအခိုက်အတန့်တွင် ၊

ကမ္ဘာလောကများစွာ ၊ အမတနယ်မြေတစ်ခုလုံးနှင့် စကြဝဠာကောင်းကင်ကြီးတစ်ခုလုံးသည် တောက်ပစွာ ထွန်းလင်းနေခဲ့သည်။

တိုက်မြေ သုံးထောင်နှင့် အမတနယ်မြေတို့ ချိတ်ဆက်သွားသော မြင်ကွင်းထက်ပင် အဆပေါင်းများစွာ ခမ်းနားပေသည်။

ယခင်က တိုက်မြေ သုံးထောင်သည် အမတနယ်မြေနှင့် ပြန်လည်ချိတ်ဆက်နိုင်ခဲ့သည်။

သို့သော် ထိုအရာနှင့် မတူညီသည့်အချက်မှာ၊

အမတရောင်ခြည်များသည် အတိုင်းအဆမရှိ ပွင့်လန်းလာပြီး ၊ စကြဝဠာအားလုံးနှင့် အမတနယ်မြေကို ကောင်းစွာ ချိတ်ဆက်ပေးသည့် အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒသစ်တစ်ခုကို မွေးဖွားပေးခဲ့ခြင်းပင် ဖြစ်သည်။

တောက်ပသော အမတရောင်ခြည် အလင်းတန်းများသည် စကြဝဠာတစ်ခုလုံးကို ဖြန့်ကျတ်ထားသည်။

ကာလကြာရှည်စွာ ငြိမ်သက်နေခဲ့သော အမတနယ်မြေကြီးသည် အင်အားအထွတ်အထိပ်ကာလသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။

ဤအရာကို ဒေဝလောက ပြန်လည်စတင်ရာခေတ် ၊ တစ်နည်းအားဖြင့် ဒုတိယမြောက် အမတစိုးစံရာခေတ်၏ အစဟု နားလည်နိုင်သည်။

All Chapters