အခန်း (၆၅၆-၆၆၀)
Vol. 50 Ch. 656-660
အပိုင်း(၆၅၆): မဟာလမ်းစဉ် စာရင်း
ဤအခိုက်အတန့်တွင်၊ အမတနယ်မြေရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သက်ရှိအပေါင်းတို့သည် ခေါင်းမော့ကာ မယုံကြည်နိုင်သော အကြည့်များဖြင့် ဤမြင်ကွင်းကို ငေးကြည့်နေကြသည်။
ဒဏ္ဍာရီထဲက အံ့ဖွယ်အရာများ ပြန်လည်ရှင်သန်လာသည့် မြင်ကွင်းသည် ဤကဲ့သို့ပင် မဟုတ်ပေလော။
၎င်းတွင် ပါရှိသော မပြတ်မစဲ ရှင်သန်ကြီးထွားနိုင်သည့် စွမ်းအားသည် သူတို့နားလည်ထားသော အတိုင်းအတာထက် သာလွန်နေခဲ့သည်။
“ဟားဟားဟားဟား… နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ၊ ဟောကိန်းထဲကအတိုင်း ဒေဝလောက ပြန်လည်စတင်ရာခေတ် ဆိုက်ရောက်လာခဲ့ပြီ!”
“အမတနယ်မြေကြီး ပြန်လည်ရှင်သန်လာခဲ့ပြီ… ဒေဝလောကကြီးတစ်ခုလုံး နိုးထလာပြီ… ဒီနေ့ခေတ်မှာ ငါတို့ရဲ့ အမတနယ်မြေကြီး အတိတ်က ဂုဏ်ကျက်သရေကို ပြန်လည်ရယူနိုင်တော့မယ်!”
“ပျောက်ဆုံးနေတဲ့ ကမ္ဘာတွေ ၊ ခေတ်ကာလမြစ်ဝှမ်းထဲမှာ ပျောက်ကွယ်သွားတဲ့ ကောင်းကင်ဂူ ၊ အမတဂိုဏ်း..ကနဦးရှေးဟောင်း နယ်မြေတွေ…အားလုံး ဒီခေတ်ကြီးထဲ ပြန်လည်ထွက်ပေါ်လာတော့မယ်”
“အခွင့်အရေးကို ရယူနိုင်တဲ့ မည်သူမဆို ..အနည်းဆုံး အမတဧကရာဇ်မင်းဖြစ်လာနိုင်ပြီး၊ အများဆုံး အမတဧကရာဇ်မင်းထက်တောင် သာလွန်သွားနိုင်တယ်!”
“ဟားဟားဟား…ငါ့သား မင်းဟာ ဒီနေ့ခေတ်မှာ ရန်သူအားလုံးကို အနိုင်ယူပြီး ၊ ထွန်းတောက်လာစေရမယ် ! “
“အခု ဒေဝလောကကြီး တစ်ဖန် ပြန်လည်စတင်တော့မယ် ၊ အမတနယ်မြေရဲ့ မျိုးဆက်သစ် ပါရမီရှင်တွေ ပေါ်ထွက်လာဖို့ အချိန်တန်ပြီ ၊ ငါတို့ အမတနယ်မြေကြီးရဲ့ ဒုတိယမြောက် အမတစိုးစံရာခေတ်ကို အကောင်းဆုံး ကြိုဆိုလိုက်ရအောင် !”
“ ဒေဝလောကကြီး ပြန်လည်စတင်ပြီ ၊ အမတစိုးစံရာခေတ် တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ပြီ ကွ !! “
“……….”
မရေမတွက်နိုင်သော အင်အားစုများမှ စွမ်းအားရှင်များသည် ဝမ်းမြောက်ဝမ်းသာဖြင့် ရွှင်မြူးနေကြသည်။
မိမိတို့၏ အင်အားစုများမှ လူငယ်ပါရမီရှင်များကို အမတနယ်မြေတစ်ခွင်သို့ လှည့်လည်၍ အတွေ့အကြုံရယူကြရန် စီစဉ်နေကြပြီဖြစ်သည်။
ခေတ်ဟောင်း အမတဘုရင် စွမ်းအားရှင်အချို့ဆိုလျှင်ဖြင့် ၊ မိမိတို့၏ တစ်ဦးတည်းသောသားသမီးများကို အိပ်စက်မှုမှ နိုးထစေခဲ့သည်။
ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် ၊ မိမိတို့၏ သားသမီးများကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်မည့် အခွင့်ထူးများကိုရယူ၍ ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်လာစေရန် ရည်ရွယ်ထားကြသည်။
........
တစ်ချိန်တည်းမှာပင်။
ကွေးယွမ်အမတဂိုဏ်း၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ၊
မဟာလမ်းစဉ်၏ နိယာမလှိုင်းတံပိုးများကြား တင်ပြင်ခွေလျက် တရားအားထုတ်နေကြသော ပုဂ္ဂိုလ်နှစ်ဦးသည် ၎င်းတို့၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြသည်။
ထိုပုဂ္ဂိုလ်နှစ်ဦးမှာ မျဲ့ရှန်း ရှေးဘိုးဘေးနှင့် မျဲ့ရှိန် ရှေးဘိုးဘေးတို့ပင် ဖြစ်သည်။
“ဒေဝလောက ပြန်လည်စတင်ရာခေတ် စတင်ခဲ့ပြီ…”
မျဲ့ရှန်း ရှေးဘိုးဘေး၏ အသံသည် ကြည်လင်စွာဖြင့် ထွက်ပေါ်လာခဲ့သည်။
“အိုင်း… အခု ချန်ကဲက သံသရာစက်ဝန်း အမတမင်းဆက်မှာ တံခါးပိတ်ကျင့်ကြံနေတော့ ငါတို့ရဲ့ ကွေးယွမ်အမတဂိုဏ်းကို ပြန်လာဖို့ အချိန်မရတော့ဘူး “
“ ဟားးး…..ကိစ္စမရှိဘူး ၊ ငါတို့ ကွေးယွမ်အမတဂိုဏ်းက တားမြစ် စူးမိသားစုနဲ့ သံသရာစက်ဝန်း အမတမင်းဆက်မှာ ဖြတ်သန်းသွားလာရေးဂိတ်ပေါက်တွေ တည်ဆောက်ထားပြီးပြီပဲ “
မျဲ့ရှိန် ရှေးဘိုးဘေးက ရယ်မောလျက် ဆိုလိုက်သည်။
“ ချန်ကဲ အားလပ်တာနဲ့ ဘယ်အချိန်မဆို ပြန်လာနိုင်ပြီ “
ထိုစကားကို နားထောင်ရင်း၊ မျဲ့ရှန်း ရှေးဘိုးဘေးက ခေါင်းညိတ်လိုက်သည်။
“အခုဆိုရင် ဒေဝလောက ပြန်လည်စတင်ရာခေတ်ကို ရောက်ရှိလာပြီ…အမတနယ်မြေရဲ့ မျိုးဆက်သစ် ပါရမီရှင်တွေ ပေါ်ထွန်းလာတော့မယ် “
“အချိန်ကို တွက်ချက်ကြည့်မယ်ဆိုရင် ၊ သိပ်မကြာခင် မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက်တွေ ထွက်လာတော့မယ်”
“တိ့ကျန့် နဲ့ ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ မျိုးဆက်သစ် ပါရမီရှင်တွေကို အမတနယ်မြေတစ်ခွင် လည်ပတ်ခိုင်းဖို့ အချိန်တန်ပြီ”
မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက် ဆိုသည်မှာ အဘယ့်နည်း။
ဤသည်မှာ အမတနယ်မြေ၏ ကံကြမ္မာမှ ပြန်လည်အကျိုးပြုခြင်းဖြစ်သည်။ အမတနယ်မြေ၏ ဆန္ဒနှင့် မြင့်မြတ်လှသော တာအိုစည်းချက်များ စုစည်းမိခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
မဟာလမ်းစဉ် စာရင်းတွင် ရေးသွင်းခွင့်ရသော မည်သူမဆို အမတနယ်မြေ၏ ကံကြမ္မာစွမ်းအား ထောက်ပံ့မှုကို ရရှိကာ ကြီးမားသော အကျိုးကျေးဇူးများကို ခံစားရရှိမည် ဖြစ်သည်။
သို့သော် မဟာလမ်းစဉ် စာရင်းတွင် အမည်ရေးသွင်းလိုပါက ၊ လက်ရှိခေတ် မျိုးဆက်သစ်ပါရမီရှင်များကြားတွင် ထိပ်တန်းစာရင်း ဝင်ရန်လိုအပ်ပေသည်။
သူတို့တစ်ယောက်ချင်းစီတိုင်းသည် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များဖြစ်လာပြီး ၊ ခေတ်တစ်ခေတ်ကို ဦးဆောင်နိုင်သူများ ဖြစ်လာပေလိမ့်မည်။
ယခုတွင်မူ ၊ ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်လာခဲ့ပြီဖြစ်ရာ မရေမတွက်နိုင်သော နယ်မြေများစွာ ပြန်လည်ကောင်းမွန်လာရုံသာမက ၊ အမတနယ်မြေကြီးသည်လည်း ခေတ်သစ်တစ်ခုဆီသို့ ဝင်ရောက်လာခဲ့ချေပြီ။
ထိုနည်းတူစွာ ၊ ကံကြမ္မာစွမ်းအားသည်လည်း သိပ်သည်းကာ လွန်စွာ အားကောင်းလာခဲ့သည်။
ဤကဲ့သို့သော ခေတ်ကာလကြီးတွင်၊ မဟာလမ်းစဉ် စာရင်းတွင် ပိုင်ဆိုင်ထားသည့် ကံကြမ္မာစွမ်းအားသည်လည်း ပို၍ အားကောင်းလာပေလိမ့်မည်။
သို့သော် ၊ အမတနယ်မြေတွင် ပုန်းအောင်းနေခဲ့သော ရှေးဟောင်းအင်အားစုများလည်း တစ်ပြိုင်နက်တည်း နိုးထလာကာ ၊ ၎င်းတို့၏ ဆက်ခံသူများသည် အမတနယ်မြေတွင် ထွက်ပေါ်လာကြတော့မည်။
ထို့ကြောင့် ပြိုင်ဆိုင်မှုသည် ပြင်းထန်ပြီး၊ ထူးချွန်ထက်မြက်သော ပါရမီရှင်များစွာသည် နေရာအနှံ့အပြားမှ ပေါ်ထွန်းလာတော့မည်ဟု ဆိုရမည်။
ဤအရာသည် စူးချန်ကဲအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ၊ အင်အားစုကြီးသုံးဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကြောင့် စူးချန်ကဲသည် လက်ရှိမျိုးဆက်သစ် ပါရမီရှင်များ၏ ပစ်မှတ်တစ်ခု ဖြစ်လာမည်မှာ ဧကန်မလွဲပင်။
သူ့တွင် ရွေးချယ်စရာနှစ်လမ်းသာ ရှိသည်။
ပထမလမ်းမှာ ဝံပုလွေအုပ်ထဲက တစ်ဦးတည်းသော ဘုရင်တစ်ပါး ဖြစ်လာရန် ၊
ဒုတိယလမ်းမှာ ဝံပုလွေအုပ်စု၏ ကိုက်ဖြတ်ခြင်းကို ခံရပြီး ၊ ခေတ်သစ်၏ စင်မြင်ပေါ်သို့ တတ်လှမ်းမည့် ပါရမီရှင်များ၏ အာဟာရဖြစ်လာရပေမည်။
“ ချန်ကဲက.. တိုက်မြေ သုံးထောင်မှာ သူ့ရဲ့ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့တယ် ဒါကြောင့် အမတနယ်မြေမှာလည်း ခေတ်ကာလတစ်ခုလုံးကို နှိပ်ကွပ်နိုင်လိမ့်မယ် …”
မျဲ့ရှန်း ရှေးဘိုးဘေးသည် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ ဘာပဲဖြစ်ဖြစ်… တိုက်မြေ သုံးထောင်ဆိုကတာလည်း ဒီလောကရဲ့ ပုံရိပ်ယောင်ပဲ…”
စူးချန်ကဲ အမတနယ်မြေသို့ ရောက်ရှိလာသည့် ကာလအတွင်း…
သူတို့ ကွေးယွမ်အမတဂိုဏ်းသည် တိုက်မြေ သုံးထောင်တွင် ပြုလုပ်နေသည့် စုံစမ်းစစ်ဆေးမှုများကို မည်သည့်အခါမျှ ရပ်တန့်မသွားဘဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။
သူတို့သည် တိုက်မြေ သုံးထောင်ရှိ ကွေးယွမ်သူတော်စင် နယ်မြေ၏အင်အား အားလုံးကို အသုံးပြုကာ ၊ တိုက်မြေသုံးထောင် အတွင်း ပုန်းကွယ်နေသော အံ့ဖွယ်ခြောက်ပါးကို ရှာဖွေခဲ့သည်။
ကြိုးစားအားထုတ်မှုသည် အချည်းနှီးမဖြစ်ခဲ့ပေ။ သူတို့သည် အံ့ဖွယ်ခြောက်ပါးနှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို့အပြင် အလွန်အရေးကြီးသော အချက်အလက်များကိုပါ ရရှိခဲ့သည်။
ယခုတွင်မူ၊ တိုက်မြေသုံးထောင်သည် ဗဟိုအမတနယ်မြေ၏ ပုံရိပ်ယောင်ဖြစ်သည်ကို သူတို့ အာမခံနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ဗဟိုအမတနယ်မြေသည် တိုက်မြေသုံးထောင်၏ မူလရင်းမြစ်အူတိုင်ထဲတွင် ချိတ်ပိတ်ခံထားရနိုင်ချေ ရှိသည်။
အဘယ်ကြောင့် ဗဟိုအမတနယ်မြေသည် ချိတ်ပိတ်ခံထားရသည်ဟု သံသယရှိရသနည်း။
အကြောင်းမှာ အမတနယ်မြေ၏ ရှေးဟောင်းမှတ်တမ်းများအရ ဗဟိုအမတနယ်မြေသည် ယခင်က အမတနယ်မြေ ကိုးခုအနက် အစွမ်းထက်ဆုံး ၊ အင်အားအကြီးမားဆုံး နှင့် အကျယ်ပြန့်ဆုံးသော အမတနယ်မြေဖြစ်ခဲ့သောကြောင့် အမှောင်မူလရင်းမြစ် ကမ္ဘာ၏ အဓိကပစ်မှတ်ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ၊ အမှောင်အမတဧကရာဇ်မင်းများစွာကို ဗဟိုအမတနယ်မြေသို့ အထူးစေလွှတ်ခဲ့သည်။
ဗဟိုအမတနယ်မြေတွင် အမှောင်ထုစစ်မြေပြင်ကို ဖန်တီးခဲ့ပြီး၊ အမှောင်တပ်မတော်ကြိီးအား ဗဟိုအမတနယ်မြေသို့ အဆုံးမရှိ ဆင်းသက်စေခဲ့သည်။ ဒါတင်မက၊ အမတနယ်မြေထက် သာလွန်သော ထူးဆန်းသော စွမ်းအင်များကို ဝင်ရောက်စေကာ ဗဟိုအမတနယ်မြေ၏ အမတရင်းမြစ်အူတိုင်ကို အမှောင်ထုအဖြစ် ညစ်ညမ်းသွားစေရန် ရည်ရွယ်ထားခဲ့သည်။
အမတရင်းမြစ်အူတိုင်ကို စကြဝဠာတစ်ခု၏ မူလစွမ်းအားဝိညာဉ်အဖြစ် နားလည်နိုင်သည်။
ဒေဝလောကတစ်ခွင်လုံးရှိ စကြဝဠာများစွာနှင့် မရေမတွက်နိုင်သော ကြယ်စုနယ်မြေများတွင် ၎င်းတို့၏ ကိုယ်ပိုင်မူလစွမ်းအားဝိညာဉ်များ ရှိကြသည်။
၎င်းတို့ကို သက်ရှိအားလုံးကို ကိုယ်စားပြုသော အသွင်သဏ္ဍာန် ၊ စကြဝဠာ၏ အနှစ်သာရဟုလည်း ဆိုနိုင်သည်။
အပိုင်း(၆၅၇): ကနဦးအစီအစဉ်၊ နောက်ဆုံးအစီအစဉ်
အကယ်၍ အမတရင်းမြစ်အူတိုင်သည် အမှောင်ထု၏ တိုက်စားခြင်းကိုခံလိုက်ရပါက ၊ ဗဟိုအမတနယ်မြေတစ်ခုလုံးသည် အမှောင်ထုထဲသို့ ကျရောက်ကာ အမှောင်နိုင်ငံတော်ကြီးအဖြစ် အပြည့်အဝ ပြောင်းလဲသွားပေလိမ့်မည်။
ထိုအခါ ဗဟိုအမတနယ်မြေ ပျောက်ကွယ်သွားပြီး၊ ၎င်း၏နေရာတွင် အမှောင်အမတနယ်မြေများစွာ ပေါ်ပေါက်ကာ မရေမတွက်နိုင်သော အမှောင်သတ္တဝါများကို မွေးထုတ်ပေးလိမ့်မည် ဖြစ်သည်။
အမတဧကရာဇ်မင်းထက် သာလွန်သော စွမ်းအားရှင်များပင်လျှင် အဆိုပါထူးဆန်းသော စွမ်းအားကို ခုခံတိုက်ခိုက်ခဲ့သော်လည်း၊
သို့သော် ဗဟိုအမတနယ်မြေ၏ အမတရင်းမြစ်အူတိုင်သည် ထိုထူးဆန်းသော အမှောင်စွမ်းအား၏ တိုက်စားခြင်းကို ခံလိုက်ရသည်။
နောက်ပိုင်းတွင်၊ ဗဟိုအမတနယ်မြေရှိ မရေမတွက်နိုင်သော အင်အားကြီးစုများသည် ဗဟိုအမတနယ်မြေကို အမှောင်နိုင်ငံအဖြစ် ပြောင်းလဲမသွားစေရန် ၊ တားမြစ်အစီအရင်တတစ်ခုကို ပူးပေါင်းတည်ဆောက်ခဲ့ကြသည်။
၎င်းကို ပြင်ပကမ္ဘာနှင့် သီးခြားခွဲထုတ်ကာ၊ အခြားသော အမတနယ်မြေများနှင့် ဆက်သွယ်ထားသော လမ်းကြောင်းများကိုလည်း ဖြတ်တောက်ပစ်ခဲ့သည်။ဤသို့ဖြင့် ဗဟိုအမတနယ်မြေ၏ အမတရင်းမြစ်အူတိုင်အား တည်ငြိမ်သွားစေပြီး၊ သူ့အလိုအလျောက် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အမှောင်ထု၏ သက်ရောက်မှုအောက်တွင် ၊ အခြားသော အမတနယ်မြေများအပြင် ဒေဝလောကရှိ စကြဝဠာများစွာနှင့် ဆက်နွယ်မှုကို ဆက်လက် ထိန်းသိမ်းထားဦးမည်ဆိုပါက ၊ အမတရင်းမြစ်အူတိုင်၏ သူ့အလိုအလျောက် ပြန်လည်ကုသနိုင်စွမ်းကို မတည်မငြိမ်ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
ထိပ်တန်း စွမ်းအားရှင်များအနေဖြင့်၊ ဗဟိုအမတနယ်မြေသည် သူ့အလိုအလျောက် ချိတ်ပိတ်သွားခဲ့သည်ကို သိရှိထားကြသော်လည်း ၊
သို့သော် ၊ အတိအကျ မည်သည့်နေရာတွင် ပိတ်ဆို့ခံထားရသည်ကို မည်သူမျှ မသိရှိကြပေ။
လူအတော်များများသည် အမတနယ်မြေအတွင်း (သို့မဟုတ်) ကျယ်ပြောလှသောလောကကြီးထဲတွင် ချိတ်ပိတ်ခံထားရသည်ဟု ယုံကြည်နေကြသည် ။
အချို့က ဗဟိုအမတနယ်မြေသည် တိုက်မြေသုံးထောင်အတွင်း ချိတ်ပိတ်ခံထားရသည်ဟု သံသယရှိကြသည်။
အကြောင်းမှာ ကမ္ဘာ့ကပ်ဘေးစစ်ပွဲမတိုင်မီ ၊ တိုက်မြေသုံးထောင်သည် အမတနယ်မြေပြီးလျှင် ဒုတိယမြောက် အားအကောင်းဆုံး နယ်မြေတစ်ခုဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ပြင်းထန်သောထိုးနှက်မှုကို ခံခဲ့ရပြီး ၊ အမတနယ်မြေကဲ့သို့ပင် ကျဆင်းခဲ့ရသည်။
ကွေးယွမ်အမတဂိုဏ်းအနေဖြင့်၊ ဗဟိုအမတနယ်မြေသည် တိုက်မြေသုံးထောင်အတွင်း ချိတ်ပိတ်ခံထားရသည်ဟု သံသယရှိနေသည်။
ကွေးယွမ်သူတော်စင်နယ်မြေအား တိုက်မြေသုံးထောင်တွင် အခြေချစေခဲ့သည်မှာ အမှန်တကယ်တွင် လောင်းကြေးထပ်ခဲ့ခြင်းသာဖြစ်ပြီး ၊ ဗဟိုအမတနယ်မြေသည် သေမျိုးလောကတွင် ပြန်လည်ပေါ်ထွန်းလာမည်ဟု မျှော်လင့်ထားသည်။
ကွေးယွမ်အမတဂိုဏ်းသည် ကွေးယွမ်သူတော်စင် နယ်မြေမှတစ်ဆင့် ဗဟိုအမတနယ်မြေ၏ ကံကြမ္မာစွမ်းအား ထောက်ပံ့မှုကို ရရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် လောင်းကြေးထပ်ခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် ၊ သူတို့၏စွန့်စားမှုသည် အောင်မြင်ခဲ့သည်ဟု ဆိုရမည်။
ဤသည်မှာ၊ စူးချန်ကဲ ယခင်က သွားရောက်ခဲ့သော ကြေးဝါဗိမ္မာန်မှတဆင့် ကျန်ရှိနေသေးသော အံ့ဖွယ်ငါးပါးနှင့်ပတ်သက်သည့် သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ၎င်းတို့၏တည်နေရာများကို အတည်ပြုနိုင်ခဲ့သည်။
[🍁T/N -အပိုင်း(၁၇၈)မှာ တွေ့ခဲ့တဲ့ ကြေးဝါဗိမ္မာန်ဆိုတာပါပဲ ]
၎င်းတို့မှာ : ရှန်ဟိုင်းတိိုက်မြေ၏ အနောက်ဘက်စွန်းတွင် တည်ရှိသည့် မိုဝမ့်ချိုင့်ဝှမ်း။
ထျန်းယောင်တိုက်မြေ၏ ပိအန့်ကုန်းမြေ ၊ ပင့်ကူခတ္တာပန်းပင်လယ် ။
……….
စွန့်ပစ်နတ်ဘုရားနယ်မြေ တည်ရှိရာ ယောင်ရစ်တိုက်မြေ မူလမြို့တော်တွင် ။
အံ့ဖွယ်ခြောက်ပါး၏ တည်နေရာကို ရှာဖွေတွေ့ရှိပြီးနောက်၊ ထိုအံ့ဖွယ်ခြောက်ပါးတွင် ထွင်းထုထားသော လျှို့ဝှက်ဆန်းကြယ်သော အမတရင်းမြစ်အစီအရင်များကို တွေ့ရှိခဲ့ရသဖြင့် သူတို့အားလုံး အံ့အားသင့်သွားကြသည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိပြီး ၊ ကြီးမားသောအစီအရင်ကြီးတစ်ခုကို ထွင်းထုထားပုံရသည်။
အံ့ဖွယ်ခြောက်ပါး၏ တည်နေရာများမှ ကြည့်မည်ဆိုပါက၊ စီရင်ထားသော ပုံစံသည် ဆဋ္ဌဂံ ကြယ်ပုံသဏ္ဍာန်တစ်ခု ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်ရပေလိမ့်မည်။
ထိုဆဋ္ဌဂံ၏ ဗဟိုချက်သည် တိုက်မြေသုံးထောင်၏ ရင်းမြစ်အူတိုင် တည်ရှိရာနေရာပင်ဖြစ်သည်။
သူတို့၏ စုံစမ်းစစ်ဆေးမှုများအရ၊ ထိုနေရာသည် မတည်ရှိသင့်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိခဲ့ရသည်။
ထိုနေရာသည် ဗဟိုအမတနယ်မြေ၏ ဝင်ပေါက်ဖြစ်နိုင်မည်ဟု သူတို့ ခန့်မှန်းထားသည်။
ထိုရင်းနှီးသောစွမ်းအားကို သူတို့ ဘယ်သောအခါမှ အမှတ်မှားမည်မဟုတ်။
ယခင်က တိုက်မြေသုံးထောင်သည် ရွှေခေတ်သို့ ရောက်ရှိလာနိုင်ခဲ့သည်မှာ ဗဟိုအမတနယ်မြေမှ ထုတ်လွှတ်လိုက်သော စွမ်းအားသက်ရောက်မှုကြောင့် ဖြစ်သည်။
ယင်းက ကျိုးပဲ့ပျက်စီးနေသော နိယာမတရားများကို ပြန်လည်စုစည်းစေမိပြီး၊ရလဒ်အနေဖြင့် နယ်မြေတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ အရာအားလုံး၏ အမှန်တရားပင် ဖြစ်သည်။
…….
စိတ်ထဲက အတွေးများ ငြိမ်သက်သွားပြီးနောက်၊ မျဲ့ရှန်း ရှေးဘိုးဘေးသည် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
“ အခု ဒေဝလောကကြီး ပြန်လည်စတင်လာပြီ ဖြစ်လို့ အမတနယ်မြေကြီးလည်း ပြန်လည်နိုးထလာခဲ့ပြီ ... ဗဟိုအမတနယ်မြေရဲ့ အတားအဆီးတွေ မကြာခင်အတွင်း ပြေလျော့သွားမယ်လို့ ယုံကြည်တယ်”
“ဗဟိုအမတနယ်မြေ ပြန်လည်ပေါ်ထွန်းလာတာနဲ့ ဒီထက်ကြောက်မက်ဖွယ်ကောင်းတဲ့ ကံကြမ္မာစွမ်းအားတွေကို ယူဆောင်လာလိမ့်မယ်.... ဗဟိုအမတနယ်မြေထဲ ပထမဆုံးဝင်ရောက်သူက ချန်ကဲသာ ဖြစ်လာခဲ့ရင်...”
“ဗဟိုအမတနယ်မြေတစ်ခုလုံးရဲ့ ကံကြမ္မာစွမ်းအားတွေဟာ ချန်ကဲဆီကို ရောက်ရှိသွားလိမ့်မယ်”
“ဒီလိုသိပ်သည်းတဲ့ ကံကြမ္မာစွမ်းအားရဲ့ ထောက်ပံ့မှုနဲ့သာဆိုရင်... ချန်ကဲဟာ အမှောင်ထုကြီး ပြန်လည်နိုးထမလာခင် အမတဧကရာဇ်မင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်!”
သူတို့သည် စူးချန်ကဲအား တိုက်မြေသုံးထောင် ၏ ထာဝရ ထျန်းတိ့အဖြစ် သက်ရှိအပေါင်းတို့၏ ချီးကျူးဂုဏ်ပြုမှုကို ခံယူစေခဲ့သည်နှင့် အလျောက် ၊
နောင်တွင် ဗဟိုအမတနယ်မြေ ပေါ်ထွန်းလာသည့်အချိန်တွင်လည်း ကံကြမ္မာစွမ်းအား၏ ထောက်ပံ့မှုကို ရရှိစေဦးမည် ဖြစ်သည်။
သို့သော်လည်း ၊ ဒါနဲ့တင် မလုံလောက်သေးချေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိ တိုက်မြေ သုံးထောင်သည် ဗဟိုအမတနယ်မြေ၏ ပုံရိပ်ယောင်တစ်ခုမျှသာ ရှိသေးသည်။
သူတို့ ကွေးယွမ်သူတော်စင်နယ်မြေမှ အလိုရှိသည်မှာ ဗဟိုအမတနယ်မြေတစ်ခုလုံး၏ ကံကြမ္မာစွမ်းအားပင် ဖြစ်သည်။
အမတနယ်မြေတစ်ခုလုံး၏ ကံကြမ္မာစွမ်းအားကို စူးချန်ကဲအပေါ် သို့ ကျရောက်စေကာ စူးချန်ကဲအား ဗဟိုအမတနယ်မြေ၏ သခင်တစ်ပါး ဖြစ်လာရန်ပင်။
အမတနယ်မြေကို ဦးဆောင်ပြီး ၊ အဆုံးတွင် ဒေဝလောကတစ်ခွင်လုံးကို ဦးဆောင်လိုသည်။ဤသည်မှာ သူတို့ ကွေးယွမ်အမတဂိုဏ်း၏ ရည်မှန်းချက်ပေတည်း။
စူးချန်ကဲ ပထမဆုံးအကြိမ် ကွေးယွမ်သူတော်စင်နယ်မြေသို့ ရောက်ရှိလာချိန်မှစ၍ ၊ စူးချန်ကဲသည် သူတို့စောင့်မျှော်နေသူဖြစ်ကြောင်း သိရှိခဲ့သည်။
ဤအရာကို ကွေးယွမ်သူတော်စင် နယ်မြေ၊ တစ်နည်းအားဖြင့် ကွေးယွမ်အမတဂိုဏ်း၏ ကနဦးအစီအစဉ်နှင့် အဆုံးသတ် အစီအစဉ်ဟု နားလည်နိုင်သည်။
မူလက ကွေးယွမ်အမတဂိုဏ်းသည် သူတို့ကိုယ်ပိုင်အင်အားဖြင့် ဤအစီအစဉ်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခဲ့သည်။
သို့သော် စူးချန်ကဲ၏နောက်တွင် အခြားတားမြစ်အင်အားစုကြီး နှစ်ဖွဲ့ရှိနေသည့်အပြင် ၊ အံ့ဩဖွယ်ရာကောင်းသော ညီမတစ်ဦးလည်း ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဤအရာက သူတို့၏မူလအစီအစဉ်အပေါ် ပို၍ယုံကြည်မှု ရှိလာခဲ့စေသည်။
စူးချန်ကဲကို ဗဟိုအမတနယ်မြေ၏ သခင်အဖြစ် ရည်ရွယ်ထားခြင်းသည် သူတို့၏ အစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။
အဘယ်ကြောင့်ဆိုသော် အမတနယ်မြေထက် သာလွန်သော အရာများသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး၊ ထိုထူးဆန်းသော မူလဇာတ်မြစ်လည်း ရှိသေးသည်။
ဒေဝလောကကြီးတစ်ခုလုံးအတွက် ၊ သက်ရှိအားလုံးအတွက် သခင်တစ်ဦး လိုအပ်နေသည်။
“ မျိုးဆက်သစ် ပါရမီရှင်တွေ ထွက်ပေါ်လာတာနဲ့ အခြားအုပ်စိုးရှင်အင်အားစုတွေရဲ့ တားဆီးမှုကိုလည်း ကြုံတွေ့ရလိမ့်မယ်....”
မျဲ့ရှန်း ရှေးဘိုးဘေးသည် သူ့ကိုယ်သူ ညည်းညူလိုက်သည်။
“ ဒါပေမဲ့... ခေတ်သစ်နဲ့အညီ အမတနယ်မြေဟာ စနစ်သစ်ကို လိုအပ်နေတယ်.... ဒေဝလောကတစ်ခွင်လုံး စနစ်သစ်ကို လိုအပ်တယ်....”
“ချန်ကဲဟာ ဒီအရာအားလုံးရဲ့ ဦးဆောင်သူဖြစ်လာလိမ့်မယ်....”
ဤသည်မှာ သူတို့၏ ဆန္ဒသာမက၊ ကွေးယွမ်အမတဂိုဏ်း၊ သံသရာစက်ဝန်း အမတမင်းဆက်နှင့် တားမြစ် စူးမိသားစုတို့၏ ဆန္ဒလည်း ဖြစ်ပေသည်။
ခေတ်သစ်ကို ဆိုက်ရောက်လာသည်နှင့်အမျှ ၊ မျိုးဆက်သစ် ပါရမီရှင်များလည်း ပေါ်ထွက်လာပေတော့မည်။
ထိုနည်းတူစွာ၊ နောင်ဖြစ်လာနိုင်သည့် စစ်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ရပေမည်။
ခေတ်သစ်ကို အပြည့်အဝ မြှင့်တင်လိုပါက၊ စစ်ပွဲကြီးတစ်ခုကို မလွဲမသွေ ဆင်နွှဲရပေလိမ့်မည်။
စူးချန်ကဲအတွက် အတားအဆီးအားလုံးကို သွေးစွန်းသော နည်းလမ်းဖြင့် ဖယ်ရှားရန်အတွက် သူတို့သည် ဝန်လေးနေမည်မဟုတ်။
ဤခေတ်သစ်တွင် စူးချန်ကဲသည် မျိုးဆက်သစ် ပါရမီရှင်များကို နှိပ်ကွပ်ရန် တာဝန်ရှိပေသည်။
သူတို့လို လူအိုကြီးများသည် စူးချန်ကဲ၏ အခိုင်ခံ့ဆုံးသော နောက်ခံအင်အားအဖြစ် ရပ်တည်မည်။ စူးချန်ကဲကို ဟန့်တားလိုသော မည်သည့်အင်အားစုမဆို ၊ သူတို့ကိုယ်တိုင် ရှေ့ထွက်ကာ ရင်ဆိုင်ဖြေရှင်းပေမည် ဖြစ်သည်။
“ချန်ကဲ... မင်းရဲ့ခေတ်ကို ရောက်လာခဲ့ပြီ”
အပိုင်း(၆၅၈): အင်အားစုအသီးသီးမှ ထူးချွန်ထက်မြက်သော ပါရမီရှင်များ နိုးထလာကြပြီ
တစ်ချိန်တည်းမှာပင် ၊ အမတနယ်မြေ၏ အခြား တားမြစ်အင်အားစုကြီး ကိုးဖွဲ့နှင့် သာလွန်အင်အားစုကြီး ဆယ့်ရှစ်ဖွဲ့သည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။
ရွှေအဆင်းရှိသော ကြာပန်းတို့သည် ၎င်းတို့၏ နယ်မြေများအတွင်း၌ ပွင့်ဖူးလာကြပြီး ၊ တာအိုစည်းချက်များသည် အမတနယ်မြေရှိ ကြယ်တာရာကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်နေသည်။
အချိန်၏ အမတရင်းမြစ်အတွင်း၌ အိပ်မောကျနေသော သူများသည်လည်း ဤအခိုက်အတန့်တွင် နိုးထလာကြပုံရသည်။
အခြေခံအုတ်မြစ် နက်ရှိုင်းသော မည်သည့်အင်အားစုမဆို ၊ သူတို့မျိုးနွယ်စု၏ အရည်အချင်းအရှိဆုံး ပါရမီရှင်များကို အမတရင်းမြစ်ထဲသို့ ချိတ်ပိတ်ကာ ဒေဝလောကကြီးတစ်ခုလုံး ပြန်လည် အသစ်တဖန်မွေးဖွားသည့် ဤနေ့ရက်ကို စောင့်မျှော်ခဲ့ကြသည်။
ကောင်းကင်မိစ္ဆာအမတနယ်မြေ ။
ရွှေကျီးကန်းနတ်ဘုရားမင်းဆက် အုပ်စိုးရာ နယ်မြေ၌ ။
ရှေးဆန်သော မြေအောက်နန်းတော်တစ်ခု၏ ရှေ့မှောက်၌ ကျင်းဝူအမတဧကရာဇ်မင်းသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
ဤနေရာသည် သူ၏သားတော် အိပ်စက်ရာနေရာ ဖြစ်သည်။
သူ၏သားတော်ကို အမတရင်းမြစ်အတွင်း၌ ချိတ်ပိတ်ကာ အိပ်စက်စေခဲ့ပြီး ၊ ဒေဝလောကတစ်ခွင် အသစ်ပြန်လည် မွေးဖွားသည့်အချိန် ကျရောက်မှသာလျှင် နိုးထလာကာ ကြီးမားသောအခွင့်အရေးများကို ယှဉ်ပြိုင်ရယူစေမည်။
အမှန်အားဖြင့်၊ ယင်း၌ အမတဧကရာဇ် နယ်ပယ်အဆင့်ထက် သာလွန်သော ကြီးကျယ်ခမ်းနားသည့် အခွင့်အလမ်းများ ပါဝင်နေခြင်းကြောင့် ဖြစ်သည်။
၎င်းသည် မည်သည့် အင်အားစုအတွက်မဆို၊ မည်သူတစ်ဦးတစ်ယောက်အတွက်မဆို ခံနိုင်ရည်မရှိမည့် ဆွဲဆောင်မှုကြီးတစ်ခု ဖြစ်ပေသည်။
“အချိန်ကျပြီ ၊ ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်တော့မယ်”
ကျင်းဝူအမတဧကရာဇ်မင်း၏ လက်ဖဝါးပေါ်တွင် ကျင်းဝူကောင်းကင်မီးတောက်တစ်ခုသည် တဟုန်းဟုန်း တောက်လောက်နေသည်။
“ ငါ့သား... မင်းရဲ့ထွန်းတောက်မယ့် ခေတ်ကာလကို ရောက်ရှိလာပြီ “
ကျွီ! !
ရွှေကျီးကန်း၏ မြည်သံသည် ထိုနယ်မြေတစ်ခွင်တွင် ပဲ့တင်ရိုက်ခတ်သွားသည်။ ကျင်းဝူ အမတဧကရာဇ်မင်း၏ လက်ထဲမှ မီးတောက်သည် အတောင်ခတ်လှုပ်ရှားနေသော ရွှေကျီးကန်းငှက်တစ်ကောင်၏ အသွင်အဖြစ် ပြောင်းလဲသွားကာ မြေအောက်နန်းတော်ထဲသို့ ဝင်ရောက်သွားလေသည်။
ဝုန်း !
ရွှေကျီးကန်း၏ တဟုန်းဟုန်း တောက်လောက်နေသော မီးလျှံများသည် ဤကမ္ဘာကြီးတစ်ခုလုံးကို လောင်ကျွမ်းတော့မည့်အတိုင်း ခြိမ်းခြောက်နေသည်။
မူလက မှောင်ဝေနေသော ကောင်းကင်ကြီးသည် နီရဲလာပြီး၊ ကောင်းကင်ပြင်ကြီးတစ်ခုလုံး မီးလောင်နေသကဲ့သို့ပင်။
သို့သော်၊ ယင်းမီးတောက်ထဲတွင် ပါဝင်သည်မှာ အဖျက်စွမ်းအားများ မဟုတ်ဘဲ မီးထဲမှ ပြန်လည်မွေးဖွားလာသကဲ့သို့ အသက်စွမ်းအင်များ ပါဝင်နေသည်။
တဟုန်းဟုန်း တောက်လောက်နေသော မီးတောက်များအတွင်း ၊ ရွှေဝါရောင် အလင်းတန်းများသည် ကောင်းကင်ပြင်ပေါ်သို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
မိုးမြေတစ်ခုလုံးကို လောင်မြိုက်နေသော ရွှေကျီးကန်းမီးတောက်များထဲမှ လူငယ်တစ်ဦးသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။
သူသည် ရွှေနီရောင်အဆင်းရှိသည့် ခမ်းနားထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ သူ၏ ကိုယ်ဟန်အနေအထားသည် ဖြောင့်မတ်ကာ ခန့်ညားချောမောသည်။ သူ၏ အနီရောင်တောက်တောက် ဆံနွယ်များသည် လောင်မြိုက်နေသော မီးလျှံများကဲ့သို့ ဝင်းလက်တောက်ပနေသည်။
ခြေလှမ်းလိုက်တိုင်း ၊ သူ၏ ဘေးတဝိုက်ရှိ ရောင်ဝါတို့သည် ပို၍အားကောင်းလာသည်။
မူလက မိုးကောင်းကင်ကို လောင်မြိုက်နေခဲ့သော ရွှေကျီးကန်း၏ နတ်မီးလျှံများသည် မျက်ဝါးထင်ထင် သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။
ဇာမဏီငှက်ကဲ့သို့ပင် မီးထဲမှပြန်လည်မွေးဖွားလာပြီး အသစ်တစ်ဖန်ရရှိထားသော ခန္ဓာကိုယ်နှင့်တူသည်ဟု ဆိုရပေမည်။
ကျီချောင်ကဲ!
ကျင်းဝူအမတဧကရာဇ်မင်း၏ သားတော်ဖြစ်ပြီး၊ သူ၏အငယ်ဆုံးသားလည်း ဖြစ်သည်။
အဆင့်အားဖြင့် ၊ သူသည် စစ်မှန်အမတ နဝမအဆင့်သာ ရှိသေးသော်လည်း၊ ရွှေကျီးကန်း အဖျက်ကိုယ်ထည် နှင့် ရွှေကျီးကန်း လောင်မြိုက်ကောင်းကင်မျက်လုံးတို့ကို ပိုင်ဆိုင်ထားသူဖြစ်သည်။
သူ၏ မျက်လုံးထဲတွင် ထင်ဟပ်နေသော တမူထူးခြားသည့် နတ်မီးလျှံများကို ကြည့်ရုံမျှဖြင့်၊ သူပိုင်ဆိုင်ထားသော စွမ်းအားသည် မည်မျှကြီးမားကျယ်ပြန့်သည်ကို သိနိုင်ပေသည်။
သူသည် တစ်ခေတ်တစ်ခါက အမတနယ်မြေ၏ အထွတ်အထိပ် ပါရမီရှင်တစ်ဦးဖြစ်ခဲ့ပြီး ၊ ကျင်းဝူအမတဧကရာဇ်မင်းသည် လျှို့ဝှက်နည်းလမ်းဖြင့် ဤမြေအောက်နန်းတော်ထဲ၌ ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်မည့် ခေတ်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ၊ သူသည်လည်း နိုးထရန်အချိန်တန်ခဲ့ချေပြီ။
………..
အခြားတစ်ဖက်တွင် ။
သုံဟွမ် မိစ္ဆာမဟာမိတ်။
တားမြစ်အင်အားကြီး ကိုးဖွဲ့ထဲမှ တစ်ဖွဲ့အပါအဝင်ဖြစ်သည့် မိစ္ဆာမျိုးနွယ် အင်အားစုသည် ဤအခိုက်အတန့်တွင် လှုပ်ရှားမှုကြီးတစ်ခုကို ဆောင်ရွက်လျက်ရှိသည်။
လေထဲတွင် မျောလွင့်နေသော နတ်ကျွန်းများကြား ၊ ပြင်းထန်သော မိစ္ဆာစွမ်းအင်များသည် ကောင်းကင်ယံထိ ထိုးဖောက်ဝင်ရောက်ကာ စကြဝဠာတစ်ခွင်တွင် ဖြတ်သန်းသွားလာနေသည်။
ဧရာမကျောက်တံခါးကြီး တစ်ခု၏ ရှေ့တွင် သုံဟွမ်အမတ ဧကရာဇ်မင်းသည် အမတအလင်းများ ဖိတ်ဖိတ်တောက်ပလျက်၊ မိစ္ဆာစွမ်းအင်များ စီးဆင်းနေသော ကျောက်စိမ်းဖြူ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ဧရာမကျောက်တံခါးကြီး၏ ရှေ့တွင် ၊ အေးစက်စက်နိုင်သော သုံဟွမ်အမတ ဧကရာဇ်မင်းသည် ယခုအခိုက်အတန့်တွင် ပြုံးရွှင်စွာဖြင့် ရှိနေသည်။
ဘိုးဘေးနဂါး သွေးသားကို ပိုင်ဆိုင်ထားသော မိစ္ဆာမျိုးနွယ်၏ အမတဧကရာဇ်မင်းတစ်ဦးအနေဖြင့် ၊ သုံဟွမ်အမတဧကရာဇ်မင်းသည် သားသမီးရရှိရန် ခဲယဉ်းပေသည်။
သို့သော် ဤခန်းမကြီးအတွင်း၌မူ ၊ သုံဟွမ်အမတ ဧကရာဇ်မင်း၏ သမီးတော် လိန်ချင်းယွဲ့သည် နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့သည်။
အချိန်အမတရင်းမြစ်အတွင်း ချိတ်ပိတ်ခံထားရစဉ်ကတည်းက ၊ သူမသည် စစ်မှန်အမတနယ်ပယ် နဝမအဆင့်ထိ ရောက်ရှိထားပြီးဖြစ်သည်။
ထို့အပြင် ၊ သူမသည် သုံဟွမ်အမတ ဧကရာဇ်မင်း၏ ထူးခြားသော ‘အဖျက်ရေခဲ ဘိုးဘေးနဂါး သွေးသား’ ကိုလည်း ပိုင်ဆိုင်ထားကာ ၊ ကမ္ဘာပေါ်ရှိ ရေခဲဒြပ်စင်အားလုံးကို ထိန်းချုပ်နိုင်သည်။
အကယ်၍ အရွယ်မတိုင်မီ သေဆုံးမသွားဘဲ ကြီးပြင်းခွင့်ရခဲ့မည်ဆိုပါက ၊ သူမ၏ ထူးချွန်ပြောင်မြောက်သော ပါရမီရှင်ကြောင့် သူမသည် အမတဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
“ချင်းယွဲ့... ခေတ်သစ်ကို ကျရောက်လာခဲ့ပြီ”
“မင်း နိုးထဖို့ အချိန်တန်ပြီ”
စကားသံအဆုံးတွင်၊ သုံဟွမ်အမတဧကရာဇ်မင်း၏ လက်ထဲက တံဆိပ်ပြားသည် ပြင်းထန်စွာ ဝင်းလက်တောက်ပလာခဲ့သည်။
အဆုံးတွင် ကျောက်စိမ်းပြားသည် သူ့အလိုလို ပျံတတ်သွားပြီး၊ ဧရာမကျောက်တံခါးကြီး၏ အပေါက်ထဲသို့ ကွက်တိ ဝင်ရောက်သွားခဲ့သည်။
ကရက်....!!!
ကျောက်တံခါးပွင့်သံသည် မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားသည်။
လောကကြီးတစ်ခုလုံးကို အေးခဲသွားစေနိုင်သော အေးစက်သော အငွေ့အသက်တစ်ခုသည် ဤအခိုက်အတန့်တွင် ဖြည်းညှင်းစွာ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရိုက်ခတ်လှုပ်ရှားနေသော ရေခဲသလင်း မြူဆိုင်းများကြား ၊ နတ်သမီးတစ်ပါးကဲ့သို့ သွယ်လျလှပသော အသွင်သဏ္ဍာန်တစ်ခုသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
သို့သော် ၊ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ဖြာထွက်နေသော အေးစက်စက် ရောင်ဝါသည် လူတို့ကို ကြောက်ရွံ့တုန်လှုပ်စေရန် လုံလောက်ပေသည်။
……..
အမတသခင် တရားစီရင်ရေးရုံးတော် ။
ရှေးဟောင်း အမတဂူတစ်ခုအတွင်း၌ အမတအလင်းများက တဖျပ်ဖျပ် တောက်ပလျက်၊ မဟာလမ်းစဉ်ဆိုင်ရာ မှော်သင်္ကေတများက တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသည်။
နိယာမသင်္ကေတများသည် အလင်းတန်းများဖြာထွက်နေသည့် ပလ္လင်များစွာအဖြစ် စုစည်းဖွဲ့တည်နေသည်။
ထိုပလ္လင်ပေါ်တွင် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များစွာ ထိုင်နေကြသည်။
သူတို့၏နောက်ဘက်တွင် ကုဋေတသန်းမက အတိုင်းအဆမရှိသော ရောင်ခြည်များ ထွက်ပေါ်နေပြီး ၊ ကြီးကျယ်ခမ်းနားသော ယဇ်ပူဇော်သံအမျိုးမျိုးနှင့် လောကကြီးရှိ အသံများသည် အရပ်ရှစ်မျက်နှာတစ်ခွင်သို့ ပဲ့တင်ထပ်လျက် ရှိသည်။
ဤနေရာရှိ အမတလမ်းစဉ်ဆိုင်ရာ သင်္ကေတများသည်ပင် ၎င်းတို့အား ဦးညွှတ်လျက်ရှိသည်။
“ဟားး...ဒီလောက်နှစ်ပေါင်းကြာမြင့်စွာ အိပ်ပျော်နေပြီးနောက်မှာတောင် ထျန်းအယ်ရဲ့ ရောင်ဝါက ပိုပြီးတော့တောင် ပြင်းထန်လာပါ့လား “
ထျန်းယွီ့ အမတဧကရာဇ်မင်းသည် ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည် ။
“ငါတို့ အမတသခင် တရားစီရင်ရေးရုံးတော်လည်း ထွန်းတောက်ဖို့ မျှော်လင့်ချက်ရှိလာပြီ”
မြင်ကွင်းကို အကျယ်ချဲ့ကြည့်ရှုလျှင်ဖြင့်၊
ထိုနေရာတွင် တင်ပြင်ခွေထိုင်နေသော ပြင်းထန်သော ရောင်ဝါတို့ဖြင့် အမျိုးသားတစ်ဦးကို မြင်တွေ့ရပေလိမ့်မည်။
သူ၏မျက်နှာသည် ချောမောလှပပြီး၊ ရွှေဝါရောင်ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။ သူ့ကို ဝန်းရံထားသော တောက်ပသောအလင်းပုံရိပ်များသည် နေ၊ လ ၊ ကြယ်စင်များနှင့် အမှတ်အသားပြုထားသကဲ့သို့ ရှိနေပြီး ၊ သက်ရှိသတ္တဝါအားလုံးကို ဖော်ကျူးပြသနေသည်။
………
အန္တိမတာအို တရားစီရင်ရေးအဖွဲ့နှင့် အခြားသော တားမြစ်အင်အားစုများတွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပေါ်နေသည်။
တားမြစ် စူးမိသားစု ။
ဝုန်း !!
အကန့်အသတ်မရှိသော အမတအလင်းနှင့် လွင့်မျောနေသော ခရမ်းရောင်စဉ်တန်းတို့သည် မိုးကောင်းကင်နှင့် ပေါင်းစည်းသွားပြီး ခရမ်းရောင်ပင်လယ်ပြင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်မှာ ကြီးကျယ်ခမ်းနားလှပေသည်။
စူးချန်ကဲသည် တားမြစ် စူးမိသားစုမှ အသိအမှတ်ပြုထားသော သခင်ငယ်တစ်ယောက် ဖြစ်သော်လည်း၊ သူသည် တားမြစ် စူးမိသားစု၏ ပင်မသွေးကြောသုံးခုအနက်မှ တစ်ခုဖြစ်သည့် လူငယ်မျိုးဆက်သစ် ဖြစ်ပေသည်။
ယခုတွင်မူ ၊ ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်ပြီဖြစ်ရာ ကျန်သွေးကြောနှစ်ခု၏ မျိုးဆက်သစ်များသည်လည်း နိုးထလာပေတော့မည်။
ဝုန်း !
ရုတ်တရက် တောက်ပစွာဖြင့် ထွက်ပေါ်လာသော အလင်းတန်းတစ်ခုနှင့်အတူ၊ မဟာလမ်းစဉ်၏ နိယာမအလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
နိယာမလှိုင်းတံပိုးများသည် ကောင်းကင်ပြင်တွင် ပျံ့နှံ့ရိုက်ခတ်သွားပြီးနောက်၊ တစ်ခုနှင့်တစ်ခု ရစ်ပတ်ဆက်နွယ်ကာ ဒဏ္ဍာရီထဲက မိုးကောင်းကင်ထိ ထိုးတတ်သွားသော ကြီးမားသော သစ်ပင်တစ်ပင်၏အသွင်အဖြစ် ဖွဲ့တည်သွားသည်။
၎င်း၏အရွက်များသည် နိယာမများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေရာ ၊ လေတိုက်ခတ်သည့်အခါတိုင်း မဟာလမ်းစဉ်၏ ခမ်းနားထည်ဝါသော ရောင်ဝါကို ထုတ်လွှတ်တတ်သည်။
“ ဖန်ထျန်း အစ်ကိုကြီး နိုးထလာပြီ!”
စူးဖန်ထျန်းသည် တားမြစ် စူးမိသားစု၏ ကျန်ပင်မသွေးကြောနှစ်ခုထဲမှ တစ်ခု၏ မျိုးဆက်သစ် ဖြစ်သည်။
တစ်ချိန်က တောက်ပသော ပါရမီရှင်တစ်ဦးဖြစ်ခဲ့ပြီး ၊ ချိတ်ပိတ်ခံထားရစဉ်ကတည်းက သူသည် စစ်မှန်အမတနယ်ပယ် နဝမအဆင့်ထိ ရောက်ရှိထားပြီးဖြစ်သည်။
ထိုက်ချူးနတ်ကိုယ်ထည်ကို ပိုင်ဆိုင်ထားရုံသာမက၊ မွေးရာပါ ကမ္ဘာလောကသစ်ပင်၏ ဓမ္မကိုယ်ထည်ကိုလည်း ပိုင်ဆိုင်ထားသည်။
စကြဝဠာရှိ မဟာလမ်းစဉ်အားလုံးကို နားလည်သဘောပေါက်နိုင်သည့်အပြင်၊ ဒြပ်စင် ငါးပါး၏ စွမ်းအားများကိုပါ ကိုယ်ကျိုးအတွက် အသုံးချနိုင်ကာ၊ ဉာဏ်ပညာ အလွန်ထက်မြက်ပြီး မွေးရာပါ ပြိုင်ဘက်ကင်းသူ တစ်ယောက် ဖြစ်ပေသည်။
ထိုသို့သော ရုပ်ခန္ဓာနှင့် ပါရမီကို ပိုင်ဆိုင်ထားသူသည် အချိန်မတိုင်မီ မသေဆုံးခဲ့ပါက ၊ နောင်တွင် ထိပ်တန်း အမတဧကရာဇ်မင်းတစ်ဦး ဖြစ်လာမည်မှာ ဧကန်မလွဲပင်။
အပိုင်း(၆၅၉): စာရင်းသုံးခု ထွက်ရှိလာခြင်း
တားမြစ်စူးမိသားစုဝင် ပါရမီရှင်များ၏ ရူပါရုံမြင်ကွင်းများ ပျောက်ကွယ်မသွားခင် ၊
ဝုန်း ...!!!
ရုတ်တရက်...
နောက်ထပ် ဝင်းလက်တောက်ပသော နတ်အလင်းတန်းတစ်စင်းသည် ကောင်းကင်ယံဆီသို့ ထိုးတတ်သွားသည် ။
ထို့နောက်တွင် ၊ လျှို့ဝှက်ဆန်းကြယ်သော ရှေးအငွေ့အသက်များ ပျံ့နှံ့ထွက်ပေါ်လာပြီး၊ ရွှေဝါရောင်လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
ထိုလှိုင်းတံပိုးများ ဖြတ်သန်းသွားရာ နေရာတိုင်း ၊ လေထုအပူချိန်သည်လည်း ရုတ်တရက် ကျဆင်းသွားခဲ့သည်။
မိုးတိမ်မည်းများ ဝင်ရောက်လာသည်နှင့်အမျှ ၊ ဆီးနှင်းပွင့်များ ကြွေကျလာသည် ။ တားမြစ် စူးမိသားစုရှိရာ နယ်မြေတစ်ခုလုံးကိုပင် ရေခဲပြင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ကောင်းကင်ကြီးတစ်ခုလုံး တုန်လှုပ်မြည်ဟည်းလျက် ၊ ကြယ်စင်အလင်းတန်းများသည် တစ်နှင့်တစ်ခု ရောယှက်ကာ သွယ်တန်းနေကြသည်။
ပြန့်ကျဲနေသော ဆီးနှင်းပွင့်များသည် ကောင်းကင်တမန်၏ ငှက်မွှေးများကဲ့သို့ ကောင်းကင်မှ ကျဆင်းလာကြသည်။
တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ကမ္ဘာကြီးသည် ယခုအခါတွင် ဆီးနှင်းဖြူများဖြင့် ပြည့်နှက်သွားခဲ့သည်။
“ချင်းဟွမ်မျိုးနွယ်စုက မမလေး နိုးထလာပြီ!”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော တားမြစ်စူးမိသားစုမှ သူများသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
စူးချင်းဟွမ် - တားမြစ်စူးမိသားစု၏ အခြားသော ပင်မသွေးကြောမှ အမွေဆက်ခံသူတစ်ဦး ဖြစ်သည်။
အချိန်ကာလ၏ အမတရင်းမြစ်အတွင်း ၊ ချိတ်ပိတ်ခံထားရစဉ်က သူမသည် စစ်မှန်အမတနယ်ပယ် နဝမအဆင့်ထိ ရောက်ရှိထားပြီးဖြစ်သည်။
အမတနယ်မြေ၏ အပြင်းထန်ဆုံးသော ရေခဲဓာတ် နိယာမကိုယ်ထည် ဖြစ်သည့် ထျန်းရွှယ်လင်းလုံနှလုံးသားကို ပိုင်ဆိုင်ထားသဖြင့် စကြဝဠာတစ်ခွင်ရှိ ရေခဲစွမ်းအားများကို အသုံးချနိုင်သည်။
ထို့အပြင် နှစ်ပေါင်း တစ်သန်းလျှင် တစ်ကြိမ်သာ ပေါ်ထွန်းလေ့ရှိသော နေလနတ်ကိုယ်ထည်ကိုလည်း ပိုင်ဆိုင်ထားကာ နေ၊လ နှင့် ကြယ်စင်တို့၏ စွမ်းအားများကို ထိန်းချုပ်နိုင်ပြီး စကြဝဠာတစ်ခွင်ရှိ ကြယ်တာရာများကို စိုးမိုးအုပ်ချုပ်နိုင်စွမ်း ရှိပေသည်။
တစ်ချိန်တည်းမှာပင်။
မိုးမြေတစ်ခွင်လုံး မနားတမ်း တုန်လှုပ်မြည်ဟည်းနေသည်။
တားမြစ် စူးမိသားစု၏ မျိုးနွယ်ခွဲများမှ ထိပ်တန်း ပါရမီရှင်များသည်လည်း တစ်ပြိုင်နက်ထဲ နိုးထလာကြသည်။
လောကကြီးတစ်ခုလုံးကို ခြိမ်းခြောက်စေသည့် ခမ်းနားထည်ဝါသော စွမ်းအားများကို ထုတ်လွှတ်နေကြသဖြင့် တားမြစ် စူးမိသားစုရှိရာ တည်ရှိရာတွင် ရွှေရောင်မိုးတိမ်များဖြင့် ပြည့်လျှံနေခဲ့သည်။
အဆုံးမရှိသော နိယာမစွမ်းအားများသည် ဤနေရာတွင် စုဝေးလာကာ ၊ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ရန် ကြိုးစားနေသကဲ့သို့ပင်။
သို့သော်လည်း ၊ ထိုသူများသည် စွမ်းရည်မြင့်မားကြသော်လည်း သူတို့၏ ချန်ကဲ သခင်ငယ်နှင့် ယှဉ်လျှင် မပြောပလောက်ပေ။
အကြောင်းမှာ စူးချန်ကဲသည် သူတို့အားလုံး၏ အမြင်တွင် ကြောက်စရာကောင်းသော လူ့ဘီလူးတစ်ကောင်ပင် ဖြစ်သည်။
…….
အခြားတစ်ဖက်တွင်။
သံသရာစက်ဝန်း အမတမင်းဆက်၊ ကွေးယွမ်အမတဂိုဏ်း၊ ယောင်ချီ သူတော်စင်နယ်မြေ အပါအဝင် မရေမတွက်နိုင်သော အင်အားစုများမှ အိပ်စက်နေကြသည့် ပါရမီရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြသည်။
မရေမတွက်နိုင်သော နတ်အလင်းတန်းများသည် မိုးကောင်းကင်သို့ ထိုးတတ်လာကြသည်မှာ ကောင်းကင်ကြီးနှင့် သွယ်တန်းထားသကဲ့သို့ပင်။
ကြီးကျယ်ခမ်းနားသော မဟာလမ်းစဉ်၏ပုံရိပ်များသည် ကောင်းကင်ပြင်တွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
တောက်ပသော အလင်းရောင်များသည် လျို့ဝှက်ဆန်းကြယ်ပြီး ကောင်းကင်ပြင်ကြီးကိုပင် နှိပ်ကွပ်နိုင်သည်အထိ ပြင်းထန်လွန်းလှသည်။
ပရမ်းပတာအလင်းများသည် ရှေးဦးခရမ်းရောင်စဉ်တန်းများနှင့် ရောယှက်ဖွဲ့စည်းလျက် ၊ နတ်ဘုရားပုံရိပ်များအဖြစ် ကောင်းကင်ယံတွင် ဖြစ်တည်နေသည်မှာ ခေတ်သစ်တစ်ခု၏ မွေးဖွားခြင်းကို ကောင်းချီးပေးနေသကဲ့သို့ပင်။
ဤမျှများပြားလှသော မဟာလမ်းစဉ်၏ ရူပါရုံမြင်ကွင်းများသည် တစ်ချိန်တည်းမှာပင် ပေါ်ပေါက်လာသည်မှာ မယုံနိုင်လောက်အောင် ခမ်းနားလှပေသည်။
မရေမတွက်နိုင်သော စွမ်းအားရှင်များသည် ရွှေရောင်ပင်လယ်ပြင်အဖြစ် ပြောင်းလဲသွားသော ကောင်းကင်ကြီးကို ငေးမောတွေဝေစွာဖြင့် ကြည့်နေကြသည်။
ဤအရာများသည် မရေမတွက်နိုင်သော ခေတ်ကာလများကတည်းက အမွေဆက်ခံလာသည့် သဘောတရားများပင် ဖြစ်သည်ကို သင်သိထားရမည်။
၎င်းတို့အနက်မှ နိုးထလာကြသည့် ပါရမီရှင်များသည် ပင်ကိုစွမ်းရည် မြင့်မားကြပြီး ၊ မည်သည့်ခေတ်ကာလတွင် မဆို ပြိုင်ဘက်ကင်းသူတစ်ယောက်အဖြစ် သတ်မှတ်ခံနိုင်သည်။
၎င်းတို့သာ အရွယ်မတိုင်မီ မသေဆုံးပါက ၊အနည်းဆုံး အနာဂတ်တွင် အမတဘုရင် ဖြစ်လာနိုင်သည်။
သို့ဆိုတောင်၊ ၎င်းတို့ထဲမှ တစ်စုံတစ်ဦးသည် ခေတ်ကာလကြီးကို နှိပ်ကွပ်နိုင်မည့် ပါရမီစွမ်းရည်များကို ပိုင်ဆိုင်ထားကောင်းထားနိုင်သည်။
အမတနယ်မြေကြီးများသာမက၊ မရေမတွက်နိုင်သော အမတနယ်မြေများမှ ကုန်းမြေများ ၊ ဒေဝလောကတစ်ခွင်လုံးရှိ နယ်မြေအသီးသီးမှ ပါရမီရှင်များလည်း တစ်ပြိုင်နက်ထဲ နိုးထလာကြသည်။
ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းမျိုးသည် ဧကရာဇ်လျှောက်လှမ်း သို့မဟုတ် အမတလျှောက်လှမ်းတွင် ဖြစ်ခဲ့သော မြင်ကွင်းများထက်ပင် ပိုမိုကြီးကျယ်ခမ်းနားလှပေသည်။
“ အရင်က ငါ အမတနယ်မြေမှာ လှည့်လည်သွားလာရင်း ပြုစုထားတဲ့ မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက်က ပါရမီရှင်တွေရဲ့ စွမ်းရည်အပေါ် မူတည်ပြီး သတ်မှတ်ခဲ့တာပဲ”
အချို့သော မဟာလမ်းစဉ် စွမ်းအားရှင်များက ညည်းတွားပြောဆိုနေကြသည်။
“ အခု ဒေဝလောကကြီးတစ်ခုလုံး ပြန်လည် စတင်လာခဲ့ပြီဆိုတော့ ခေတ်သုံးခေတ်နဲ့ နေရာမျိုးစုံက ပါရမီရှင်တွေ အမတနယ်မြေမှာ တွေ့ဆုံကြတော့မယ် .. အဲ့လိုသာဆို မဟာလမ်းစဉ်ရဲ့ စာရင်းလည်း ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မလား”
“ မင်းပြောတာ ထောက်ခံတယ် ၊ ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်လာပြီဆိုတော့ ကံကြမ္မာက ရောထွေးပြီး ကောင်းချီးစွမ်းအားတွေက အလျှံအပယ်ပဲ”
“ တစ်ချိန်က မဟာလမ်းစဉ်ရဲ့ အဆင့်သတ်မှတ်ချက်စာရင်းတောင် အပြောင်းအလဲဖြစ်သွားနိုင်တယ်...”
အကြောင်းမှာ၊ ယနေ့ခေတ်တွင် အမတနယ်မြေရှိ မျိုးဆက်သစ်ပါရမီရှင်များသာမက အခြားသော စကြဝဠာများမှ ပါရမီရှင်များလည်း ပါဝင်လာမည် ဖြစ်သည်။
ထို့အပြင် အောက်ခြေလောကမှ တတ်ရောက်လာကြသော ပြိုင်ဘက်ကင်းသည့် ပါရမီရှင်များလည်း ရှိသေးသည်။
အချိန်အမတရင်းမြစ်အတွင်း ၊ ချိတ်ပိတ်ခံထားရသည့် ခေတ်ဟောင်း ပါရမီရှင်များလည်း ပါဝင်လာဦးမည် ဖြစ်သည်။
မတူညီသည့် ခေတ်ကာလများနှင့် နေရာအသီးသီးမှ ပါရမီရှင်တို့သည် အမတနယ်မြေ၏ စင်မြင့်ပေါ်တွင် ထိပ်တိုက်တွေ့ဆုံကြပေတော့မည်။ ယနေ့ခေတ်သည် အတောက်ပဆုံး ခေတ်ကာလတစ်ခု ဖြစ်လာပေတော့မည်။
ဝုန်း....!!!
မူလက အနန္တရောင်ခြည်များဖြင့် ခြယ်လှယ်ထားသော အမတနယ်မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားပြန်သည်။
မိုးမြေတစ်ခွင်ရှိ အမတလမ်းစဉ်ဆိုင်ရာ အလိုဆန္ဒသည် ရုပ်လုံးပေါ်လာသကဲ့သို့ ၊ အဆုံးမရှိသော ပရမ်းပတာအလင်းများသည် တဟုန်ထိုး ပွင့်လန်းလာလေ၏။
မူလကတည်းက ပြိုးပျက်စွာ တောက်ပနေခဲ့သော ကောင်းကင်ပြင်ကြီးသည် ဤကြောက်မက်ဖွယ် စွမ်းအားကြောင့် ခဏအတွင်းမှာပင် ရွှေရောင်ပင်လယ်ပြင်ကြီးအသွင်အဖြစ် ပြောင်းလဲသွားသည်။
“ဒါက....”
ခေတ်ဦး အမတဧကရာဇ်များပင်လျှင် ဤရုတ်တရက် ပေါ်ပေါက်လာသော မဟာလမ်းစဉ် စွမ်းအားကြောင့် နိုးထလာကြပြီး ၊ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြသည်။
“မဟာလမ်းစဉ် စွမ်းအား....!?”
မဟာလမ်းစဉ် စွမ်းအား ဆိုသည်မှာ အဘယ်နည်း။
ဒေဝလောကတစ်ခွင်ရှိ အမတနယ်မြေဖြစ်စေ၊ စကြဝဠာငယ်များဖြစ်စေ မဟာလမ်းစဉ် စွမ်းအားသည် နေရာတိုင်းတွင် တည်ရှိသည်။
မဟာလမ်းစဉ်သည် ဆုပ်ကိုင်ပြစရာမရှိသော်လည်း၊ သို့သော် ကျင့်ကြံသူတိုင်း နက်နက်နဲနဲ သိရှိကြသည်။
ဤသည်မှာ လူသားကျင့်ကြံသူများသည် အသက်ရှည်ခြင်းကို လိုက်စားပြီး၊ အမတလမ်းစဉ် ကျင့်ကြံသူများသည် အဆုံးစွန်သော လွတ်မြောက်မှုကို လေ့လာလိုက်စားသော အရာတစ်ခုပင် ဖြစ်သည်။
မဟာလမ်းစဉ် ထွက်ပေါ်လာသည်နှင့်အမျှ ၊ ကမ္ဘာကြီးသည် ပြောင်းလဲသွားပေမည်။
ဝုန်း ....!!!
ထိုအချိန်တွင်၊ အမတနယ်မြေရှိ ကောင်းကင်ယံထက်တွင် တည်ရှိနေသော ရွှေဝါရောင်ပင်လယ်ပြင်အလား ထင်မှတ်ရသော လှိုင်းတံပိုးများသည် တသိမ့်သိမ့် ရိုက်ခတ်လာသည်။
အမတနယ်မြေနှင့် စကြဝဠာတစ်ခွင်ရှိ မရေမတွက်နိုင်သော သက်ရှိအပေါင်းတို့၏ ကြည့်ရှုမှုအောက်တွင် ....
ကနဦးစွမ်းအားဖြင့် ဖန်တီးထားသော မဟာလမ်းစဉ် စာလိပ်သုံးစောင်သည် ကောင်းကင်ပြင်တွင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ဤစာလိပ်တိုင်းတွင် မတူညီသော ရှေးအငွေ့အသက်များ ရှိနေသည် ---
ခေတ်ပြိုင် အမတနယ်မြေ ကြယ်တာရာစာရင်း!
ခေတ်ဟောင်း အမတနယ်မြေ ပါရမီရှင်စာရင်း!
ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်း!
လူတိုင်း ကောင်းကင်ပြင်ပေါ်က စာလိပ်သုံးစောင်ကို ပြူးကျယ်စွာဖြင့် စိုက်ကြည့်နေကြသည်။ စကြဝဠာတစ်ခွင်လုံး ဤအခိုက်အတန့်တွင် ချုပ်ငြိမ်းသွားသလား အောက်မေ့ရသည်။
အမတနယ်မြေတွင် ခေတ်အဆက်ဆက် ဆင်းသက်လာသော မဟာလမ်းစဉ်စာရင်းသည် စာလိပ်သုံးစောင်အဖြစ် တိုက်ရိုက်ကွဲထွက်သွားမည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ပေ။
“အမ်....!!”
သတိပြန်ကပ်လာသော စွမ်းအားရှင်များစွာသည် အသက်ပြင်းပြင်း ရှုရှိုက်ကာ ညည်းညူလိုက်ကြသည်။
“စာရင်းက သုံးခုတောင်! ဒါမတူညီတဲ့ ပါရမီရှင် သုံးမျိုးကို ကိုယ်စားပြုတာပဲ! ဒီလိုကိစ္စမျိုး ဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး!”
“ဘုရားရေ...! အရင်က စာရင်းတစ်ခုပဲ ရှိခဲ့တာ.. အဲဒီစာရင်းမှာ အမည်တင်ခံရသူတိုင်း သာမန်မဟုတ်တဲ့ ကောင်းချီးစွမ်းအားကို ရရှိနိုင်တယ်!”
“အခုကျတော့ ရုတ်တရက် စာရင်း သုံးခုတောင် ဖြစ်သွားပြီ! ဒါဆို နောက်ပိုင်းမှာ ထိပ်ဆုံးသုံးဦး ပေါ်ထွက်လာမှာလား”
“ဒါ တကယ်ကို မတွေးရဲစရာပဲ ... နောက်ပိုင်းမှာ ဒီစာရင်းသုံးခုရဲ့ ထိပ်ဆုံးသုံးဦးက တစ်ယောက်ကိုတစ်ယောက် တိုက်ကြဦးမယ်ထင်လား ..အဲ့လိုသာဆို ဘယ်က အားသာသွားမလဲ”
“ဒီစာရင်းသုံးခုက မတူညီတဲ့ ခေတ်ကာလ၊ မတူညီတဲ့ ဒေသတွေကလာတဲ့ အတုမရှိတဲ့ ပါရမီရှင်တွေကို ကိုယ်စားပြုတယ်....”
“ဒေဝလောက ပြန်လည်စတင်ရာခေတ်မှာ...နယ်ပယ်အသီးသီးက ပါရမီရှင်တွေအားလုံး ဇာတ်ခုံတစ်ခုတည်းမှာ ဆုံဖို့ဖြစ်လာပြီပဲ “
“……..”
များပြားလှသော စွမ်းအားရှင်များသည် အပြန်အလှန် ဆွေးနွေးနေကြပြီး ၊ ဤအခိုက်အတန့်တွင် မိမိတို့၏စိတ်ထဲက စိတ်လှုပ်ရှားမှုကိုပင် ထိန်းချုပ်ရန် ခက်ခဲနေကြသည်။
ကမ္ဘာ့ကပ်ဘေးစစ်ပွဲအပြီး၊ ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် အမတနယ်မြေများနှင့် မရေမတွက်နိုင်သော စကြဝဠာလောကများအတွက် အတောက်ပဆုံးနှင့် အခမ်းနားဆုံးသော ခေတ်တစ်ခေတ် ဖြစ်လာမည်မှာ ဧကန်မလွဲပင်။
စကြဝဠာရှိ ပါရမီရှင်အားလုံးသည် ဤခေတ်၏ ဇာတ်ခုံပေါ်တွင် အတောက်ပဆုံးသော နေမင်းကြီးဖြစ်လာရန် ပြိုင်ဆိုင်ကြရပေမည်။
အကယ်၍ ယနေ့ခေတ်၏ဇာတ်ခုံပေါ်တွင် အတောက်ပဆုံးသော နေမင်းကြီးအဖြစ် ထွန်းတောက်လာခဲ့မည်ဆိုပါက ၊
အမတ ဧကရာဇ်မင်းပင် မဆိုနှင့် ၊ဤဒေဝလောကကြီးတစ်ခုလုံး၏ အရှင်သခင်တစ်ပါး ဖြစ်လာပေလိမ့်မည်။
…….
အပိုင်း(၆၆၀): ငါ ဝူကျီအောက်ထျန်း စူးချန်ကဲရဲ့ ခြေကိုဆွဲဖက်ထားတော့မယ်
မဟာလမ်းစဉ် စာရင်းသုံးစောင်၏ ရုတ်တရက် ထွက်ပေါ်လာခြင်းနှင့်အတူ ၊
အမတနယ်မြေတစ်ခွင်လုံး ဆူညံပွက်လောရိုက်သွားခဲ့ပြန်သည်။
မရေမတွက်နိုင်သော အင်အားစုများနှင့် စွမ်းအားရှင်များအနေဖြင့် ၊ ၎င်းတို့၏အင်အားစုမှ လူငယ်ပါရမီရှင်များသည် မဟာလမ်းစဉ် စာရင်းသုံးခုတွင် ပါဝင်ခွင့်ရပြီး နောက်ဆုံးတွင် မဟာလမ်းစဉ်၏ ကောင်းချီးမင်္ဂလာများကို ခံစားရမည်ဟု ယုံကြည်နေကြသည်။
အကြောင်းမှာ ၊ မဟာလမ်းစဉ် စာရင်းတွင် အမည်ရေးထိုးနိုင်သူမှာ တစ်နည်းအားဖြင့် ထိုပါရမီရှင်၏ ပါရမီနှင့် စွမ်းရည်သည် ဒေဝလောက၏ မဟာလမ်းစဉ်မှ အသိအမှတ်ပြုကြောင်း ကြေညာလိုက်သလိုပင်။
အဆင့်မြင့်မြင့်မားမား ရရှိသူများသည် ကောင်းချီးစွမ်းအားများကို ရရှိနိုင်ရုံသာမက၊
အမတဧကရာဇ်အဆင့်သို့ အောင်မြင်ခဲ့ပါက ၊ မဟာလမ်းစဉ်၏ အထူးဆုလာဘ်ကိုပင် ရရှိနိုင်သည်။
များပြားလှသော အကျိုးကျေးဇူးများရရှိမည်ကို ထည့်မပြောခင် ၊ သမိုင်းတွင် အမည်ကျန်ရစ်ခဲ့မည့် ဂုဏ်သိက္ခာတစ်ခုနှင့်ပင် လုံလောက်ပေသည်။
အကြောင်းမှာ၊ ဒေဝလောက ပြန်လည်စတင်ရာခေတ်၏ မဟာလမ်းစဉ် စာရင်းတွင် မိမိ၏အမည်ကို ကမ္မည်းထိုးနိုင်ပါက ၊ ခေတ်အဆက်ဆက်တိုင်း မှတ်မိနေကြမည်မှာ သေချာသည်။
……..
တစ်ချိန်တည်းမှာပင် ၊
ပိုမိုများပြားလာသော ပါရမီရှင်များသည် အိပ်စက်ခြင်းမှ တစ်ပြိုင်နက်ထဲ နိုးထလာကြသည်။
၎င်းတို့၏ ကြောက်ခမန်းလိလိ ရူပါရုံမြင်ကွင်းများကို ထုတ်လွှတ်ပြသနေကြပြီး၊ မဟာလမ်းစဉ် စာရင်းမှ အသိအမှတ်ပြုခံရကာ ထာဝရကျော်ကြားလိုကြသည်။
သို့သော်၊ အချိန်မြစ်ထဲတွင် ပုန်းကွယ်နေသော အုပ်စိုးရှင်အင်အားစုများ၊ ပြိုင်ဘက်ကင်း အမတဂိုဏ်း ၃၆ဂိုဏ်း သို့မဟုတ် ထိပ်တန်း ကောင်းကင်ဂူ ၇၂ ခုတို့သည် အခြေအနေကို တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေကြဆဲပင်ဖြစ်သည်။
အကြောင်းမှာ၊ ဒေဝလောက ပြန်လည်စတင်ရာခေတ်သည် ယခုမှ အစသာ ရှိသေးသည်။
ယခင်က ပျောက်ဆုံးနေခဲ့သော နယ်မြေများစွာ လူ့လောကထဲသို့ ပြန်လည်မရောက်ရှိသေးသ၍ အချိန်ကောင်းဟု မဆိုနိုင်သေးပေ။
ထို့အပြင်၊ လက်ရှိတွင် စာရင်းသုံးခုသာလျှင် စတင်ထွက်ပေါ်လာသေးသည်။ စာရင်းပေါ်တွင် မည်သူတစ်ဦးတစ်ယောက်၏ အမည်ကိုမျှ ရေးထိုးထားခြင်း မရှိသေးပေ။
အမတနယ်မြေ၏ ယခင်ကသမိုင်းမှတ်တမ်းအရ ၊
မဟာလမ်းစဉ်၏ စာရင်းပေါ်တွင် အမည်ရေးထိုးနိုင်သူ ဖြစ်ပါက၊ မဟာလမ်းစဉ်၏စာရင်းသည် ထိုအမည်ရေးထိုးသူ၏ တိကျသော ကျင့်ကြံဆင့်ကို ဖော်ပြရုံသာမက၊ သူ၏ မဟာလမ်းစဉ် ကိုယ်ထည်ကိုလည်း ပြသပေးလိမ့်မည်။
ဒါတင်မက ၊ အမည်ရေးထိုးသူ၏ ကြီးကျယ်ခမ်းနားသော လုပ်ရပ်အချို့ကိုလည်း ဖော်ပြပေးမည်ဖြစ်သည်။
စာရင်းသုံးခု ပြီးပြည့်စုံစွာ ထွက်ပေါ်လာသည်နှင့် သူတို့သည် ခေတ်ပြိုင် ပါရမီရှင်များနှင့် ပတ်သတ်သော အချက်အလက်များကို လျို့ဝှက်စွာဖြင့် စုဆောင်းထားပေမည်။
သို့သော် ဤခေတ်တွင် စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်သော ခြွင်းချက်တစ်ခု ပေါ်ထွက်လာပေတော့မည်။
အကြောင်းမှာ မဟာလမ်းစဉ်၏ တားမြစ်ကိုယ်ထည်သည် မူလကတည်းက စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်သော ဖြစ်တည်မှုတစ်ရပ် ဖြစ်သည်။
မဟာလမ်းစဉ် စာရင်းပင် ဖြစ်စေကာမူ၊ ထိုကဲ့သို့သော ကိုယ်ထည်ကို စာရင်းပေါ်တွင် ဖော်ပြနိုင်ခြင်း မရှိပေ။
………
တစ်ချိန်တည်းမှာပင်။
အမတ ကုန်းမြေတစ်ခုတွင်။
ဤကမ္ဘာလောကသည် အမတမြူများဖြင့် ဝေဆိုင်းလျက် ၊ တောင်တန်းများ ထူထပ်စွာ တည်ရှိပြီး ဝါးပင်များဖြင့် ဖုံးလွှမ်းနေသည်။
လေထုထဲတွင် ဓားလမ်းစဉ် သင်္ကေတများက အဆုံးမရှိ ရိုက်ခတ်လှုပ်ရှားနေကြပြီး ၊ တစ်ခုနှင့်တစ်ခု အပြန်အလှန် ရောင်ပြန်ဟပ်လျက်ရှိသည်။
မိုးတိမ်များကြား မရေမတွက်နိုင်သော ဓားမျှော်စင်နှင့် နန်းဆောင်များသည် ခမ်းနားထည်ဝါစွာဖြင့် တည်ရှိနေသည်။
ဤနေရာသည် သာလွန်အင်အားစု ၁၈ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည့် ထျန်းဟိုင်းဓားဂိုဏ်းတည်ရှိရာ နယ်မြေပင်ဖြစ်သည်။
တစ်နည်းအားဖြင့် ၊ တိုက်မြေ သုံးထောင်ရှိ လော့ဟယ်ဓားဂိုဏ်းလည်း ဟုတ်ပေသည်။
သာလွန်အင်အားစု ၁၈ဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သော်လည်း ၊ အထင်သေးလို့မရပေ။ ၎င်းတို့သည် နိဗ္ဗာန်နနတ်ဘုရားကျောင်းကဲ့သို့ပင် လျို့ဝှက်စွာဖြင့်နေထိုင်သော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပေသည်။
သူတို့သည် နိဗ္ဗာန်နနတ်ဘုရားကျောင်းကဲ့သို့ပင်၊ ယခင်က အမတစိုးစံရာခေတ်တွင် ပြိုင်ဘက်ကင်းခဲ့သော အမတဂိုဏ်းကြီး (၃၆)ဂိုဏ်းထဲမှ တစ်ခုဖြစ်ခဲ့သည်။
ပညာရှိများသည် မြို့ပြတွင် နေထိုင်ကြပြီး၊ ရဟန်းငယ်များမှာ တောရိုင်းထဲတွင် နေထိုင်ကြသည်။ ဤဆိုရိုးစကားအတိုင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဓားစွမ်းအင်များ စုဝေးရာနေရာဖြစ်သည့် ဓားတောင်တစ်ခုပေါ်တွင်။
ညိုးငယ်စွာဖြင့် ပူဆွေးနေသူ ဝူကျီအောက်ထျန်းသည် သူ့ဘဝသူ မေးခွန်းပြန်ထုတ်နေသည်။
အမတနယ်မြေအတွင်း ပေါ်ပေါက်နေသော မဟာလမ်းစဉ် ရူပါရုံမြင်ကွင်းများနှင့် နတ်အလင်းများဖြင့် ပြိုးပျက်စွာ တောက်ပနေသည့် စာရင်းသုံးခုကို ကြည့်ရှုရင်း၊ ဝူကျီအောက်ထျန်း၏စိတ်ထဲတွင် သေချင်စိတ်များ ဖြစ်ပေါ်နေလေ၏။
“အိုင်း...ဒီအမတနယ်မြေထဲမှာတော့... ငါတော့တစ်ရက်လေးမှကို ထပ်ပြီး မနေနိုင်တော့ဘူး!”
ဝူကျီအောက်ထျန်းတစ်ယောက် အဆက်မပြတ် ညည်းတွားနေလေ၏။
ထိုကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ ရူပါရုံမြင်ကွင်းများသည် ဝူကျီအောက်ထျန်း၏အမြင်ထဲတွင် စူးချန်ကဲနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် ဖြစ်တည်မှုများ ဖြစ်ပေသည်။
ဒါ ဘာကိုဆိုလိုတာလဲ?
ဆိုလိုတာက.. စူးချန်ကဲ တစ်ယောက်မကပဲ အများကြီးရှိနေတယ်ဆိုတဲ့ သဘောပေါ့ !
ဇာတ်လမ်းအစကတည်းက ရှင်သန်ခဲ့ရသည့် ဇာတ်ပို့တစ်ယောက်အနေဖြင့် ၊ ဝူကျီအောက်ထျန်းသည် ဤလောကကြီး၏ အရှိတရားကို မြင်နိုင်ခဲ့ပေသည်။
အခြားသော ပါရမီရှင်များသည် သမိုင်းတွင် ထာဝရကျော်ကြားလိုကြသော်လည်း၊ သူသည် ၎င်းတို့နှင့် မတူ ၊ ပုန်းအောင်းနေရန်သာ ဆန္ဒရှိသည်။
အဆုံးအထိ အသက်ရှင်မယ် ၊ ထာဝရ အသက်ရှင်နိုင်တဲ့အထိ အသက်ရှင်မယ်!
အခုမှ အသက်ရှုချောင်လို့ နားမယ်လို့ကြံပါတယ်...ဘယ့်နှယ် !
အမတနယ်မြေကို သွားဖို့ အတင်းအကျပ် ခိုင်းစေခံလိုက်ရတဲ့အပြင် ...ခုလည်း ဒီလူ့ဘီလူးတွေရဲ့ တိုက်ပွဲကြားမှာ ပါဝင်ဖို့ အတင်းအကျပ် ခိုင်းစေနေပြန်ပြီ....
“ ဒါတွေအားလုံး မသေနိုင်တဲ့ အဲ့လူအိုကြီးကြောင့် ဖြစ်ရတာ!”
“ အမတနယ်မြေကို မလာချင်ပါဘူးဆို ... အတင်းအကျပ် သွားခိုင်းတယ်!”
“ငါ့ကို မိတ်ဆက်ပေးဖို့တောင် အစွမ်းကုန် ကြိုးစားလိုက်သေးတယ်ဆိုပဲ !”
ဝူကျီအောက်ထျန်းသည် ဆရာဖြစ်သူ ခိုင်းထျန်းဓားအရှင်အပေါ်တွင် ဆက်တိုက် ပြစ်တင်ပြောဆိုနေသည်။
“ ထွီ..အဲ့လူအိုကြီး ! ငါသာ အမတနယ်မြေကနေ အသက်ရှင်လို့ပြန်လာတဲ့တစ်နေ့ ခင်ဗျားဖင်ကို ကောင်းကောင်းကြီး ကန်ပစ်မယ်!”
ဤအရာအားလုံးသည် ကျေးဇူးကြီးမားလှသော ဆရာသခင်၏ ကြိုးစားအားထုတ်မှုသာ ဖြစ်သည်။ မူလက သူသည် တိုက်မြေ သုံးထောင်ရှိ လော့ဟယ်ဓားဂိုဏ်းတွင် အေးအေးလူလူ နေထိုင်ရန် ကြံစည်နေခဲ့သည်။
သို့သော် သူ၏ မသေနိုင်သေးသော ဆရာသခင်သည် သူ့အား ထျန်းဟိုင်းဓားဂိုဏ်းဖြင့် အထူးမိတ်ဆက်ပေးခဲ့သည်။
ဘာတဲ့ ..သူ ဝူကျီအောက်ထျန်းက လော့ဟယ်ဓားဂိုဏ်းရဲ့ ဂုဏ်ရောင်ဆိုပဲ !
ဤသို့ဖြင့် ထျန်းဟိုင်းဓားဂိုဏ်းရှိ အကြီးအကဲများသည် ဝူကျီအောက်ထျန်းဆိုသည့် အမည်ကိုကြားသည်နှင့် ၊ သူသည် ‘ ကြီးကျယ်ခမ်းနားသော ‘ လူတစ်ယောက်ဟု မှတ်ယူလေတော့သည်။
ချက်ချင်းပင် သူ့အား ထျန်းဟိုင်းဓားဂိုဏ်း၏ လက်ရွေးစင်တပည့်အဖြစ် ခန့်အပ်လိုက်ပြီး၊ ထျန်းဟိုင်းဓားဂိုဏ်း၏ မျိုးဆက်သစ်ပါရမီရှင်များနှင့်အတူ အမတနယ်မြေအား လှည့်လည်စေခဲ့သည်။
အဲ့လိုဆိုတောင် သူ ဆိုတဲ့ ဝူကျီအောက်ထျန်းက ဘယ်သူလဲ!?
ကုံလမ်းစဉ်မှာ ဘုရင်ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားသူလေ !
သူ့ဘဝ၏ဆောင်ပုဒ်မှာ :
ပုန်းအောင်နိုင်သူများထဲမှ အပုန်းအကောင်းဆုံး ၊ ကုံ လမ်းစဉ်၏ ဘုရင်တစ်ပါး ဖြစ်ကိုဖြစ်စေရမယ်!
ဒါကို ဘုရားသခင်က သူ့ကို အမတနယ်မြေမှာ လှည့်လည်ပြီး အတွေ့အကြုံယူခိုင်းနေသတဲ့လား !
စူးချန်ကဲ နဲ့ အဲ့လောက်တောင် ရေစက်ဆုံခိုင်းနေတာလား ?
တိုက်မြေသုံးထောင်တွင် သူသည် စူးချန်ကဲကိုရှောင်ရန် အတော်လေး ကြိုးစားခဲ့ရသည်။ ယခု အမတနယ်မြေတွင် စူးချန်ကဲ ကဲ့သို့သော လူ့ဘီလူးများကို ရှောင်ရှားရန် ဉာဏ်ကုန်အောင် ကြိုးစားရပြန်သည်။
ဤကိစ္စနှင့်ပတ်သက်၍ ဝူကျီအောက်ထျန်းသည် ယခုလိုပြောလေသည်။
ငါ့ကိုသာ အသေသတ်လိုက်ပါတော့လား!
ထို့အပြင်၊ ဝူကျီအောက်ထျန်းကို ပို၍စိတ်ရှုပ်စေခဲ့သည်မှာ မဟာလမ်းစဉ် စာရင်းသုံးခု ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။
ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်း ဆိုသည်မှာ၊ “အောက်ကမ္ဘာ” မှ အမတနယ်မြေသို့ တတ်ရောက်လာသော အတုမရှိ ပါရမီရှင်များအတွက်ပင် မဟုတ်ပေလော။
အကယ်၍ နောက်ပိုင်းတွင် ဤဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်း၌ သူ၏အမည်ကို ထွင်းထုမိပြီး မိမိ၏ အချက်အလက်များကို ထုတ်ဖော်ခဲ့ပါက ၊ သူသည် မည်သို့ ဆက်လက် ပုန်းအောင်းနိုင်ဦးမည်နည်း။
ဘာပဲဖြစ်ဖြစ် ..အမတနယ်မြေကို လှည့်လည်ပြီး အတွေ့အကြုံယူဖို့က ဒီတသက်တော့ လုံးဝပဲ!!
တိုက်လည်း အနိုင်မယူနိုင်မယ့်အစား ၊ ကုံလမ်းစဉ်ကို ကျင့်သုံးခြင်းက ထာဝရရှင်သန်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ!
“တကယ်လို့ ထျန်းဟိုင်းဓားဂိုဏ်း က အဖိုးကြီးတွေ ငါ့ကိုအတင်းအကျပ် လုပ်ခိုင်းမယ်ဆိုရင်....”
“ အဲ့လိုဆိုရင်တော့....”
ဝူကျီအောက်ထျန်း၏ မျက်လုံးထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ စူးချန်ကဲ ရဲ့ ညီငယ်လေးလုပ်ရုံပေါ့!”
စူးချန်ကဲအကြောင်း အကျွမ်းတဝင်ဆုံး ဇာတ်ပို့တစ်ဦးအနေဖြင့်၊ ဝူကျီအောက်ထျန်းသည် “ မနိုင်ရင် ပူးပေါင်း” ဆိုသည့် စကားကို လက်ကိုင်ထားသည်။
စူးချန်ကဲရဲ့ ခြေကိုဖက်ပြီး ....မှားလို့ ၊ စူးချန်ကဲရဲ့ ညီငယ်လေး ဖြစ်ရတာလည်း မဆိုးတော့မဆိုးပါဘူး ....
ငါ့ကို ကုံလမ်းစဉ်ကို မကျင့်သုံးခိုင်းဘူးဟုတ်လား?
ဒါဆို စူးချန်ကဲရဲ့ ညီငယ်လေး ဖြစ်သွားရင် ၊ သူ့ကိုလာပြီး အပြစ်မပြောနဲ့!
ပါရမီရှင်တိုင်း၏ ပေါ်ထွက်လာမှုသည် လောကကြီးတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
သို့သော် ဝူကျီအောက်ထျန်း၏ မျက်လုံးထဲတွင်မူ ၊ စူးချန်ကဲသာလျှင် အပြင်းထန်ဆုံး နှင့် အစွမ်းထက်ဆုံးသူ ဖြစ်ပေသည်။
အကြောင်းမှာ တိုက်မြေ သုံးထောင်တွင် ဝူကျီအောက်ထျန်းသည် ဇာတ်လိုက်ဖြစ်သူ စူးချန်ကဲ၏ အရှိန်အဝါကို နက်နက်နဲနဲ နားလည်သဘောပေါက်ထားခြင်းကြောင့် ဖြစ်သည်။
“ဒါပေမယ့်... ဒါကသာ အကောင်းဆုံးနဲ့ နောက်ဆုံးနည်းလမ်းပဲ...”
“ထျန်းဟိုင်ဓားဂိုဏ်းမှာလည်း ငါ့ရဲ့ ကုံလမ်းစဉ် မြှင့်တင်ရေး မဟာဗျူဟာကို ကြိုးစားရဦးမှာပဲ...”
တစ်ချိန်တည်းမှာပင်၊ ဝူကျီအောက်ထျန်းသည် သက်ပြင်းချလိုက်သည်။
“ ကုံလမ်းစဉ်ကို ကျင့်သုံးတာက ထာဝရရှင်သန်နိုင်မယ့် နည်းလမ်းပဲကို ဘာကြောင့်များ သတ်ဖြတ်ချင်နေကြမှန်းကို မသိဘူး”
“လူငယ်တွေများ အသက်ရှင်သန်ရခြင်းရဲ့ တန်ဖိုးကို မသိကြဘူးပဲ ၊ ပြိုင်ဘက်ကင်းတာကိုပဲ ရတနာလို့ အထင်မှားနေကြတာ!”