အခန်း (၆၆၁-၆၆၅)
Vol. 50 Ch. 661-665
အပိုင်း(၆၆၁): လွှမ်းမိုးနိုင်သော တည်ရှိမှု
ထိုသို့ပြောရင်း ၊
ဝူကျီအောက်ထျန်းသည် သူ့ရဲ့ဝတ်ရုံထဲက စာအုပ်အသစ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
စာအုပ်ပေါ်တွင် ရေးထားသည်မှာ --
《 ကုံ ကျမ်းစာ : အမတနယ်မြေ အခန်းဆက် 》
“မိတ်ဆွေဟောင်း... ခရီးသစ်တစ်ခု စတင်လာခဲ့ပြီ...”
“ ငါတို့တွေ ထျန်းဟိုင်ဓားဂိုဏ်းကို ကုံလမ်းစဉ် ကျင့်သုံးတဲ့ သူတော်စင်နယ်မြေအဖြစ် အတူတကွ ပြောင်းလဲကြပါစို့...”
သူ၏ လက်ရှိအတွေးသည် နောင်တစ်ချိန်တွင် အမတနယ်မြေ၏ နောက်မျိုးဆက်များအပေါ်တွင် လွှမ်းမိုးနိုင်ခဲ့သည်ကို ဝန်ခံရပေမည်။
တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့သော အမတဂိုဏ်း(၃၆)ဂိုဏ်းမှ ကြောင်တောင်တောင်ဖြင့် လျို့ဝှက်ဆန်းကြယ်သော အဆင့်၆ ဂိုဏ်းတစ်ခု ဖြစ်လာခဲ့သည်။
ဓားကျင့်ကြံသူများသည်လည်း ဓားသမားတစ်ယောက်နှင့် မတူတော့ချေ။
သူတို့အားလုံးသည် အားနည်းသူအပေါ် အမြတ်ထုတ်၍ အားကြီးသူကို ကြောက်ရွံတတ်ကာ ၊ အဖွဲ့လိုက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရသည်ကို နှစ်သက်ကြသူများ ဖြစ်လာပေသည်။
နောင်တစ်ချိန်တွင် ‘ ရှက်ရွံ့မှု’ ဆိုသော အရာကို အစွန်းရောက်အောင် လုပ်နိုင်ခဲ့သည့် ‘ဝူကျီ’ အမည်ရှိ ဂိုဏ်းခေါင်းဆောင်ကြီးက ဤသို့ သင်ကြားပေးခဲ့သည်။
အဲ့တာကို အရှက်မရှိဘူးလို့ ခေါ်တာမဟုတ်ဘူး ၊ ကုံလမ်းစဉ်လို့ ခေါ်တာကွ !
……..
တစ်ချိန်တည်းမှာပင်။
သံသရာစက်ဝန်း အမတမင်းဆက် ၊ သံသရာ ယန်ထျန်းကွင်းပြင် ။
ဝုန်း !!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊ တောက်ပလွန်းသော အလင်းလှိုင်းတံပိုးများသည် ဤအခိုက်အတန့်တွင် ပေါက်ကွဲဖြာထွက်လာခဲ့သည်။
အလင်းလှိုင်းတံပိုးများ ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ မှင်ကမ္ဘာကြီးတစ်ခုလုံးသည် ကြီးမားသော ဆူနာမီလှိုင်းကြီးအဖြစ် ပေါက်ကွဲထွက်သွားသည်။
ဝုန်း ...!!
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ အဖြူနှင့်အမည်း ရောစပ်နေသော နိယာမမိုးစက်များသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။
ထိုအချိန်တွင် ၊ ဝတ်ရုံဖြူ ပုံရိပ်တစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရပုံပေါ်သည်။
လှိုင်းတံပိုးများထဲမှ လွှင့်ထွက်သွားပြီး ၊ မြေပေါ်တွင် ကြိမ်ပေါင်းများစွာ လူးလှိမ့်၍ ပြုတ်ကျသွားခဲ့သည်။
“ အဟွတ်...အဟွတ် “
စူးချန်ကဲ၏ လက်သီးကြောင့် လွှင့်ထွက်သွားခဲ့သော အယောင်ဆောင်ထားသူသည် လူးလိမ့်ထလာကာ တင်းမာသော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။
“ဘာဖြစ်လို့လဲ...ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ...”
“မင်းမှာရှိတဲ့ ပါရမီ ငါ့မှာလည်းရှိတယ်....မင်းပိုင်ဆိုင်ထားတဲ့ အတတ်တွေကို ငါလည်း တတ်မြောက်ထားတာပဲ “
“ဒါပေမဲ့ ဘာဖြစ်လို့ မင်းကို အနိုင်မယူနိုင်တာလဲ”
အယောင်ဆောင်ထားသူသည် မယုံကြည်နိုင်သော အမူအရာများဖြင့် ရှိနေသည်။
သူသည် စူးချန်ကဲနှင့် အချိန်အတော်ကြာ ထိုးနှက်ခဲ့ကြသည်။ သို့သော် ဆယ်ရက်ကျော်ကြာ တိုက်ခိုက်ခဲ့ကြပြီးနောက် သူသည် ပို၍ အားနည်းလာခဲ့သည်။
ယခုအချိန်တွင် ၊ သူသည် စူးချန်ကဲ၏ လက်သီးထိုးနှက်ချက်ကြောင့် တိုက်ရိုက် လွှင့်ထွက်သွားခဲ့သည်။
သို့သော် သူသည် စူးချန်ကဲ မကျော်လွှားနိုင်သော အနာဂတ်တစ်ခုပင် မဟုတ်ပေလော။
အဘယ့်ကြောင့် စူးချန်ကဲ၏ ကန့်သတ်ချုပ်ချယ်မှုကို ခံခဲ့ရသနည်း။
“ မင်းပြောတဲ့ အနာဂတ်ဆိုတာ၊ မင်းကိုယ်တိုင် သတ်မှတ်ထားတဲ့ အနာဂတ်ပဲ မဟုတ်လား”
ထိုအချိန်တွင် အယောင်ဆောင်ထားသူ၏ တင်းမာနေသော အမူအရာနှင့်ယှဉ်လျှင် ၊ စူးချန်ကဲ၏ အမူအရာသည် အေးဆေးတည်ငြိမ်နေပြီး သူသည် လှိုင်းထနေသော မြူမှုန်များထဲမှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
အယောင်ဆောင်ထားသူ၏ စိတ်ထဲရှိ အတွေးကို သိမြင်မိပုံရသည့်အလား စူးချန်ကဲသည် ပြုံးရယ်လိုက်သည်။
“ကျော်လွှားလို့မရနိုင်တဲ့ အနာဂတ်ဆိုတာ မရှိဘူး...ဘာလို့လဲဆိုတော့ အနာဂတ်ကို ပြောင်းလဲလို့ရတယ်”
ဤရက်များအတွင်း ၊ စူးချန်ကဲသည် အယောင်ဆောင်ထားသူနှင့် ထိပ်တိုက်ရင်ဆိုင်ရင်း ချည်နှောင်မှုဆိုသည့်အရာကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။
အမှန်အားဖြင့် ၊ ၎င်းသည် “ဗလာနိတ္ထိ” ဆိုသော စကားလုံးနှင့် ဆက်နွယ်မှုမကင်းပေ။ ဗလာနိတ္ထိသည် အရာအားလုံး၏ အစ၊ အရာအားလုံး၏ ဖြစ်စဉ်တစ်ခုသာပင်။
ထို့ကြောင့် ဗလာနိတ္ထိစွမ်းအားကို မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းနှင့် ပေါင်းစပ်ကာ အသွေးကို ပြောင်းလဲခြင်းအားဖြင့် သွေးသားကန့်သတ်ချက်ကို နောက်တစ်ကြိမ် ချိုးဖျက်နိုင်ပေလိမ့်မည်။
ဤနည်းလမ်းသည် မှန်ကန်ခဲ့သည်။ အကြောင်းမှာ စူးချန်ကဲသည် မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းနှင့် ပဲ့တင်ထပ်သည့်ဖွဲ့စည်းပုံအသစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် အယောင်ဆောင်ထားသူနှင့် တိုက်ခိုက်နေစဉ်အတွင်း ၊ သူ၏အားနည်းချက်များကို ဖာထေးနိုင်ခဲ့သည်။
အယောင်ဆောင်ထားသူသည် လွန်စွာအားကောင်းပြီး ၊ စူးချန်ကဲနောက်တစ်ယောက်ဟု ဆိုနိုင်သည်။
သို့သော် တစ်ခုတည်းသော အားနည်းချက်နှင့် ချို့ယွင်းချက်မှာ တိုက်ပွဲအတွင်း မိမိကိုယ်ကို မြှင့်တင်နိုင်ခြင်း မရှိခြင်း သို့မဟုတ် စူးချန်ကဲကို အနိုင်ယူနိုင်မည့် နည်းလမ်းကို နားလည်သဘောမပေါက်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် စူးချန်ကဲမှာမူ ၊ သူ၏ ထက်မြက်လွန်းသော ဉာဏ်ရည်နှင့် ပါရမီကြောင့် တိုက်ပွဲအတွင်း မိမိကိုယ်ကို ဆက်လက်မြှင့်တင်နိုင်ခဲ့သည်။
“အချိန်ကြာပြီ၊ အဆုံးသတ်သင့်ပြီ”
ယခုအခါ သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ရန် နောက်ဆုံးနည်းလမ်းကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်ရာ ၊ ဤစမ်းသပ်မှုသည်လည်း အဆုံးသတ်ရန် အချိန်တန်ခဲ့ချေပြီ။
စူးချန်ကဲသည် ရှေ့တစ်လှမ်းတိုးလိုက်ပြီး အေးစက်စွာ ရေရွတ်လိုက်သည်။
“ ထာဝရ ကောင်းကင်ပြာ ၊ အတွေးတစ်ချက်နဲ့တင် ဖွဲ့ !”
ဝုန်း !!
အဆုံးမရှိသော အာကာသနိယာမတရားများစွာ ပေါကိကွဲထွက်လာခဲ့ပြီး ထောင်ပေါင်းများစွာသော မှော်သင်္ကေတများသည် စူးချန်ကဲ၏ ခန္ဓာကိုယ်ပေါ်တွင် အချိန်မြစ်တစ်စင်းကဲ့သို့ ဖြတ်သန်းစီးဆင်းသွားသည်။
ဤနေရာတစ်ခုလုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ ကန့်သတ်ချုပ်လှောင်မှုကို ခံလိုက်ရသဖြင့် ကောင်းကင်နှင့်မြေကြီးသည် ကျုံ့သထက် ပိုကျုံ့လာသည်။
စူးချန်ကဲသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ၊ အယောင်ဆောင်ထားသူ၏ နောက်တွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်မြှောက်ကာ ခုတ်ပိုင်းလိုက်သည်။
သို့ရာတွင် အယောင်ဆောင်ထားသူသည်လည်း စူးချန်ကဲ၏ ဓားရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ သူသည် လျင်မြန်စွာဖြင့် တုံ့ပြန်လိုက်သည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ သူ၏ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။
ချွင် !!
သတ္ထုချင်းထိခတ်သံနှင့်အတူ ၊ မီးပွားများသည် မီးရှူးမီးပန်းကဲ့သို့ ပေါက်ကွဲဖြာထွက်လာခဲ့သည်။
သို့သော် မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ ချည်နှောင်မှုကို ချိုးဖျက်ပြီးဖြစ်သည့် စူးချန်ကဲသည် ယခုတစ်ကြိမ်တွင် ယခင်ကထက် များစွာသာလွန်သော စွမ်းအားများကို ထုတ်လွှတ်အသုံးပြုခဲ့သည်။
အယောင်ဆောင်ထားသူအနေဖြင့် ခံနိုင်ရည်မရှိခဲ့ပေ။
သို့သော် အယောင်ဆောင်ထားသူသည် သူ၏အားနည်းမှုကို မဖော်ပြဘဲ အစွမ်းကုန် ပေါက်ကွဲထွက်လာပြီး စူးချန်ကဲအား ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။
သို့သော် သူ၏လက်ရှိအရှိန်သည် စူးချန်ကဲ၏ မျက်လုံးထဲတွင် အတော်လေး နှေးကွေးနေခဲ့သည်။
စူးချန်ကဲသည် ခန္ဓာကိုယ်အနည်းငယ် တိမ်းစောင်းကာ ခြေလှမ်းအနည်းငယ် ရွေ့လျားလိုက်ရုံဖြင့် တဖက်လူ၏တိုက်ခိုက်မှုကို လွယ်လင့်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။
“သိပ်နှေးလွန်းတယ်”
စူးချန်ကဲ၏ မျက်ဝန်းများသည် လျစ်လျူရှုမှုအပြည့်ဖြင့် ။
အယောင်ဆောင်ထားသူမှာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားခဲ့သည်။
စူးချန်ကဲ၏ ပိုင်ဆိုင်မှုမှန်သမျှ သူသည်လည်း ပိုင်ဆိုင်ထားသည် မဟုတ်လော။
သို့သော် အဘယ့်ကြောင့် စူးချန်ကဲ၏ ပြိုင်ဘက် မဖြစ်ခဲ့သနည်း။
သို့သော် သူသည် စိတ်တည်ငြိမ်မှု မရရှိသေးခင်မှာပဲ ၊ စူးချန်ကဲသည် ရုတ်တရက် သူ့နောက်ကနေ ထပ်မံ ပေါ်ထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ စူးချန်ကဲ၏ ဓားလှုပ်ရှားမှုသည် သူတို့၏မျက်စိရှေ့တွင် ရှိနေပါလျက်ဖြင့် ဓား၏ လှုပ်ရှားမှုလမ်းကြောင်းကို သူသည် မှန်းဆ၍မရနိုင်ခဲ့ပေ။
သို့သော် အယောင်ဆောင်ထားသူသည်လည်း အရှုံးမပေးလိုသူတစ်ဦး ဖြစ်သည်။
“ ဓားတစ်လက်မှ ဗလာအဖြစ်သို့!”
သူသည် ယခင်က စူးချန်ကဲ ဉာဏ်အလင်းရထားသော အတတ်ပညာကို ထပ်မံအသုံးပြုလိုက်သည်။ အကန့်အသတ်မဲ့ ဓားအလင်းများသည် မိုးမြေကို ဖန်တီးလေသကဲ့သို့ ဝင်းလက်တောက်ပသွားသည်။
ဤရုတ်တရက် ထွက်ပေါ်လာသော စွမ်းအားကို စူးချန်ကဲသည်ပင် မျှော်လင့်မထားခဲ့သဖြင့် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် ထိုကြောက်မက်ဖွယ် ဓားအလင်း၏ တိုက်ခိုက်မှုကြောင့် လွင့်စင်သွားပြီး လေဟာနယ်ထဲတွင် လည်ပတ်နေခဲ့သည်။
“အမ်....?”
စူးချန်ကဲ၏ အေးစက်နေသော မျက်ဝန်းများထဲတွင် အံ့အားသင့်သွားသော အရိပ်အမြွက်များ ဖြစ်ပေါ်ခဲ့သော်လည်း မကြာမီပင် အေးဆေးတည်ငြိမ်သွားသည်။
သူသည် ဘေးတစ်ဖက်ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် မျက်စိတမှိတ်အတွင်းမှာပင် အယောင်ဆောင်ထားသူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
ထို့အပြင် စူးချန်ကဲသည် တဖက်လူ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ ပခုံးပေါ်ကနေ ပစ်ချလိုက်သည်။
ဝုန်း -!!
ကျယ်လောင်သောအသံနှင့်အတူ ၊ ဖုန်မှုန့်များထောင်းထောင်း ထသွားသည်။
တဖက်လူမှ ပြန်လည်ရုန်းမထနိုင်သေးခင်၊
စူးချန်ကဲ၏ ပုံရိပ်သည် လျှပ်တပြတ် တောက်ပသွားပြီး မျက်စိတမှိတ်အတွင်းမှာပင် အယောင်ဆောင်ထားသူ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ပြန်လည်တုံ့ပြန်ချိန်မပေးဘဲ စူးချန်ကဲသည် အယောင်ဆောင်ထားသူ၏ ဝမ်းဗိုက်ကို ခြေဖြင့် အပြင်းအထန် ကန်ကျောက်လိုက်သည်။
ဘုန်း!!
သာမန် ကန်ချက်တစ်ချက်သာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ကျယ်လောင်သံသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားလေသည်။
ပြင်းထန်သော ကန်ကျောက်မှုကြောင့် အယောင်ဆောင်ထားသူသည် အဖြူအမည်း လှိုင်းတံပိုးများထဲသို့ ပစ်ချခံလိုက်ရသည်နှင့် ၊
ထွက်ပေါ်လာသော အလင်းလှိုင်းတံပိုးများသည် ကမ္ဘာမြေတစ်ခုလုံးကို တုန်ခါသွားစေသော လှိုင်းလုံးကြီးများကို ဖန်တီးပေးလေသည်။
သို့သော် ထိုအရာနဲ့တင် မပြီးသေးပေ။ စူးချန်ကဲသည် သူ၏ညာဘက်လက်ကို မြှောက်လိုက်သည်နှင့် စောနက လေဟာနယ်ပေါ်တွင် လွှင့်စင်သွားသော ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် သူ၏လက်ထဲသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။
ထို့အပြင် သူသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်မြှောက်လိုက်သည်။
ဝုန်း !!
ကောင်းကင်လမ်းစဉ် အာဏာစက်ဓားမှ အကန့်အသတ်မဲ့ တောက်ပနေသော ဓားအလင်းသည် ကောင်းကင်ယံပေါ်သို့ ထိုးတတ်သွားသည်။
မရေတွက်နိုင်သော ဓားမှော်သင်္ကေတများသည် သူ၏ ဘေးတဝိုက်တွင် တသိမ့်သိမ့် ရိုက်ခတ်နေသည်မှာ ဓားနယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပုံရသည်။
ဤကဲ့သို့သော ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ဗလာနိတ္ထိစွမ်းအားနှင့် ပေါင်းစပ်လိုက်သည့်အခါတွင် ရှိရင်းစွဲစည်းမျဉ်းများကို ချိုးဖျက်ကာ ပြိုင်ဘက်ကို အရှုံးပေးရစေသော တိုက်ကွက်ဖြင့် ထပ်မံ ထိုးနှက်လိုက်သည်။
“ ခုတ် !”
အပိုင်း(၆၆၂): အနာဂတ်နဲ့ အတိတ်ဟာ အဆုံးမှာ ပြန်လည်တွေ့ကြလိမ့်မယ် ၊ လျို့ဝှက်ဆန်းကြယ်သော ပုံရိပ်
တဒင်္ဂအတွင်းမှာပင်....
မှင်ကမ္ဘာလောကတစ်ခုလုံးသည် ထိုစွမ်းအား၏ ဆင်းသက်လာမှုကြောင့် လျို့ဝှက်ဆန်းကြယ်သော နယ်ပယ်တစ်ခုထဲသို့ ရောက်ရှိသွားခဲ့ပုံရသည်။
၎င်းတွင် သူတော်စင် ခန္ဓာ၏ လွှမ်းမိုးနိုင်သော စွမ်းအား၊ ဓားစွမ်းအင်၏ ထက်မြက်မှုများအပြင် ဗလာနိတ္ထိစွမ်းအား၏ လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေသည်။
စွမ်းအားကြီးမားသော အင်အားသုံးရပ်သည် တစ်ခုနှင့်တစ်ခု ရောယှက်လျက်ရှိကာ ၊ မိုးမြေလောကကြားတွင် ပွင့်ဖူးနေသော မဟာလမ်းစဉ် ကြာပန်းတစ်ပွင့်နှင့် တူပေသည်။
ဤကဲ့သို့ ပြင်းထန်သော အဖျက်စွမ်းအားအောက်တွင် အသွင်ဆောင်ထားသူ၏ အမာကြောဆုံး ခန္ဓာကိုယ်သည်လည်း ပင့်ကူမျှင်ကဲ့သို့ အက်ရာများစွာ ဖြစ်ပေါ်လာခဲ့သည်။
သို့သော် လူကို ထူးဆန်းစေသည်မှာ... အသွင်ဆောင်ထားသူ၏ နှုတ်ခမ်းထောင့်တွင် နားလည်ရခက်သော အပြုံးတစ်ခု လှစ်ဟသွားခြင်းပင် ဖြစ်သည်။
စူးချန်ကဲ၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့သော်လည်း၊ သူသည် နောင်တရခြင်း မရှိဘဲ သူ၏မျက်လုံးများသည် ကျေနပ်နေပုံရသည်။
ဤသည်မှာ လွတ်မြောက်မှုတစ်ခုကဲ့သို့ ၊ တစ်ဖန် စိတ်သက်သာရာ ရသွားသကဲ့သို့ပင်။
“ ဒီခေတ်ရဲ့ စူးချန်ကဲက... အတိတ်က စူးချန်ချင်းထက် ပိုပြီး အားကောင်းမယ်ဆိုတာ သေချာတယ်...”
“ဖြစ်နိုင်တာက .. ကျော်လွှားလို့မရနိုင်တဲ့ အနာဂတ်ဆိုတာ... တကယ်ပဲ ပြောင်းလဲသွားလိမ့်မယ်....”
……..
တစ်ချိန်တည်းမှာပင်။
ဗလာနိတ္ထိ မူလမျှော်စင်၏ အပြင်ဘက်တွင်။
အဆုံးစွန်သော ဓားဆန္ဒ လှိုင်းတံပိုးများကို ခံစားမိလိုက်သော အဖြူရောင်ဝတ်စုံဖြင့် ပုံရိပ်တစ်ခုသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။
စကြဝဠာတစ်ခွင်လုံးကို ထိုးထွင်းမြင်နိုင်သော သူ၏မျက်ဝန်းတစ်စုံသည် အာကာသ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဗလာနိတ္ထိ မူလမျှော်စင်အတွင်းသို့ ဆင်းသက်သွားသည်။
“ဗလာနိတ္ထိ မူလမျှော်စင်ရဲ့ ပထမအထပ်ကို သူ အောင်မြင်သွားပြီလား....”
ထိုအနှီလူသည် အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။
“ဒီလောက်ထိ ကြောက်မက်ဖွယ်ကောင်းတဲ့ အနေအထားနဲ့ အောင်မြင်သွားမယ်လို့ မထင်ထားခဲ့ဘူး....”
“ဒါပေမဲ့.... ဒါဟာ အစပဲရှိသေးတယ်၊ ဗလာနိတ္ထိ မူလမျှော်စင်ဆိုတာ အထပ်ကိုးထပ်အထိ ရှိတယ်....”
အထပ်မြင့်လာသည်နှင့်အမျှ ခက်ခဲမှုသည် ပို၍ တိုးမြှင့်လာပေလိမ့်မည်။
စူးချန်ကဲ အနေဖြင့် ကိုးကြိမ်စလုံးကို အောင်မြင်ရန် လိုအပ်ပြီး ၊ တစ်ကြိမ်ကျရှုံးလိုက်ရုံဖြင့် သူသည် ဗလာနိတ္ထိ မူလမျှော်စင်ထဲတွင် လုံးဝပျောက်ဆုံးသွားပေလိမ့်မည်။
ထို့အပြင် ဤဗလာနိတ္ထိ မူလမျှော်စင်ထဲရှိ အသွင်ဆောင်ထားသူများသည် သာမန်လူတစ်ယောက်မဟုတ်ချေ။
သူတို့ကို စူးချန်ကဲ နောက်တစ်ယောက်လို့ ပြောလို့ရသလို ..
စူးချန်ကဲ၏ အတိတ်ဘဝလို့လည်း ပြောလို့ရပေသည်။
…….
အချိန်ကာလ မည်မျှကြာမြင့်သွားလေသလဲ မသိချေ။
တောက်ပသော အလင်းရောင်များသည် ဒီရေအလား တဖြည်းဖြည်း ဆုတ်ခွာသွားကြသည်။
စက္ကန့်ပိုင်းအတွင်း ၊ မှင်ကမ္ဘာကြီးသည် လုံးဝငြိမ်သက်သွားသည်။
အမြင်အာရုံ ပြန်လည် ကြည်လင်လာပြီးနောက်၊ မှင်ကမ္ဘာ၏ ဗဟိုချက်တွင် ရှိနေသော စူးချန်ကဲ သည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်ဆောင်ထားပြီး အက်ရာများဖြစ်ပေါ်နေသော အသွင်ဆောင်ထားသူ၏ ကိုယ်ထည်ကို ဓားချွန်ဖြင့် ထိုးသွင်းထားရင်း။
“ ခင်ဗျား ဆက်ပြောစရာရှိသေးလား”
စူးချန်ကဲသည် အေးစက်စွာ မေးမြန်းလိုက်သည်။
“ဟားး... ကိုယ်ကမှ သူများလို မတော်မှတော့... ရှုံးတာကို ဝန်ခံရမှာပဲ...”
အသွင်ဆောင်ထားသူသည် ပေါ့ပါးစွာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“ဒေဝလောက ပြန်လည်စတင်ရာခေတ်ဟာ အခု စတင်လာခဲ့ပြီ...”
“အနာဂတ်နဲ့ အတိတ်ဟာ အဆုံးမှာ ပြန်လည်တွေ့ကြလိမ့်မယ်....”
အသွင်ဆောင်ထားသူ၏ နောက်ဆုံးစကားများ အဆုံးတွင် ၊
ကရက်!!
ရုတ်တရက် အသွင်ဆောင်ထားသူ၏ ကိုယ်ထည်သည် ကွဲထွက်သွားပြီး နိယာမ အလင်းမိုးများအဖြစ် ပြောင်းလဲသွားကာ မှင်ကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက်လျက် ပျောက်ကွယ်သွားလေတော့သည်။
မျက်စိရှေ့က လွင့်မျောနေသော နိယာမ အလင်းမိုးများကို ကြည့်ရှုရင်း...
စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။ ဤနားမလည်နိုင်သော စကားလုံးများသည် စူးချန်ကဲအား စိတ်ရှုပ်ထွေးသွားစေသည်။
“အနာဂတ်နဲ့ အတိတ်ဟာ အဆုံးမှာ ပြန်လည်တွေ့ကြလိမ့်မယ်....”
“ ဘာကိုဆိုလိုတာလဲ”
သို့သော် သူ အတွေးများနေစဉ် ၊
ဝုန်း !!
ဗလာနိတ္ထိ မူလမျှော်စင်သည် ရုတ်တရက် အလွန်အမင်း တုန်ခါသွားပြီး ၊ ဤမှင်ကမ္ဘာကြီးသည် လှိုင်းများထနေသကဲ့သို့ လှုပ်ခါသွားသည်။
လှိုင်းတံပိုးများဖြတ်သန်းရာ နေရာတိုင်းတွင်၊ မူလက ထူထပ်စွာဖြင့် ရှိနေခဲ့သော အဖြူအမည်းရောင် မှင်ပုံရိပ်များသည် မျက်ဝါးထင်ထင် ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးတွင် ဟင်းလင်းပြင်ကွက်လပ်နှင့် ပေါင်းစပ်သွားသည်။
စူးချန်ကဲပင် အံ့အားသင့်ချိန်မရလိုက်ချေ။ ဟင်းလင်းပြင်တွင် လွှင့်မျောနေခဲ့သော ဗလာနိတ္ထိစွမ်းအင်များသည် ညွှန်ကြားချက်တစ်ခုကို ရရှိခဲ့ပုံရသည်။
၎င်းတို့သည် ပြိုးပျက်စွာ တောက်ပသော အလင်းအမျှင်များအဖြစ်သို့ ပြောင်းလဲသွားကာ စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
လျို့ဝှက်ဆန်းကြယ်သော ဗလာနိတ္ထိစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် ၊ စူးချန်ကဲသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော ပြောင်းလဲမှုများကို ချက်ချင်းခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏ အသွေးတို့သည် အံ့သြဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ပြန့်ကားလာသည်။
၎င်းတို့သည် သူ၏သွေးပြန်ကြောတိုင်းကို စီးဆင်းသွားပြီး ၊ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အချက်အချာ လမ်းကြောင်း၇၂ခုကို ကြီးမားသော စွမ်းအားများဖြင့် ပြည့်ဝသွားစေခဲ့သည်။
ဗလာနိတ္ထိစွမ်းအင်နှင့် မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်း၏အသွေးများ ပေါင်းစပ်သွားသည်နှင့်အမျှ ၊ မူလက ငြိမ်သက်နေသော စွမ်းအားတစ်ရပ်သည် ပြန်လည်နိုးထလာသည်ကို သူ ခံစားမိလိုက်သည်။မိမိတွင် မူလကတည်းက ရှိနေခဲ့သော ခွန်အားတစ်ခုကို ပြန်လည်ရရှိလိုက်သကဲ့သို့ပင်။
ဤမျှလျို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ အားဖြည့်မှုသည် စူးချန်ကဲအား ယစ်မူး၍မနေနိုင်လောက်အောင် ဖြစ်စေသည်။
သို့သော် စူးချန်ကဲသည် သူ၏မျက်လုံးများကို အလျင်အမြန် ဖွင့်လိုက်သည်။
သူသည် မိုးတိမ်တိုက်ကြီးတစ်ခုပေါ်တွင် ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ လေထဲတွင် တောက်ပသော ဂီတသင်္ကေတများ လွင့်မျောနေပြီး၊ ဘယ်နေရာကိုပင် ကြည့်ကြည့် တိမ်ပင်လယ်ကြီးကို တွေ့ရပေမည်။
“ဒါက....?”
စူးချန်ကဲမှာ မေးခွန်းထုတ်ဖို့ အချိန်မရလိုက်ချေ။
ဝီ !!
ဤနေရာတွင် စုဝေးနေသော ဂီတအလင်းတန်းထောင်ပေါင်းများစွာ ပွင့်လန်းလာပြီး ၊ မျက်စိရှေ့က တိမ်ပင်လယ်ကြီးသည် တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားလာသည်။
ဝုန်း !!
ရုတ်တရက် ရှေးဟောင်းနတ်တောင်ကြီးတစ်ခုသည် တိမ်ပင်လယ်ထဲမှ ထိုးဖောက်ထွက်လာသည်။ ၎င်း၏ပုံပန်းသဏ္ဍာန်သည် ထောင်မတ်ထားသော ဗျပ်စောင်းတစ်လက်နှင့် တူပေသည်။
မျက်မှောက်မြင်ကွင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသဖြင့် ၊ စူးချန်ကဲ၏မသိစိတ်က ထိုဗျပ်စောင်းတောင်ကြီးကို ကြည့်ရှုလိုက်သည်။
သို့သော် နောက်အခိုက်အတန့်တွင်၊ စူးချန်ကဲ၏ မျက်လုံးအိမ်များသည် ကျုံ့ဝင်သွားသည်။ သူသည် အလွန်ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ပုံရသည်။
ထိုနေရာကို ကြည့်လိုက်မည်ဆိုပါက၊ တိမ်တိုက်များကြား မြင့်မားစွာ တည်ရှိသည့် ဗျပ်စောင်းသဏ္ဍာန် တောင်ထိပ်ပေါ်တွင် ၊
ဂီတအလင်းတန်းများဖြင့် တောက်ပနေသော ရုပ်သွင်တစ်ခုသာ ဖြစ်သည်။
ထိုအနှီသူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တိမ်စိုင်များကြား တင်ပြင်ခွေလျက် ရှိနေပြီး၊ ရှေးအငွေ့အသက်များကို ထုတ်လွှတ်နေသော ဗျပ်စောင်းတစ်လက်ကို တီးခတ်နေပုံရသည်။
ထိုဗျပ်စောင်းပေါ်တွင် “ဖူးရှစ်” ဟူသော စာလုံးနှစ်လုံးကို ထွင်းထုထားသည်။
ဤစကားလုံးနှစ်လုံးသည် သာမန်ဖြစ်ပြီး ဆွဲဆောင်နိုင်သော အငွေ့အသက်ပင် မရှိဟု ခံစားရသည်။
သို့သော် ဗျပ်စောင်းတောင်ထိပ်မှ ပျံ့နှံ့စီးဆင်းလာသော တေးဂီတနှင့် ပေါင်းစပ်လိုက်သည့်အခါတွင် စူးချန်ကဲ၏ စိတ်နှလုံးသားကိုပင် ရိုက်ခတ်သွားစေကာ သူ၏စိတ်ဝိညာဉ်ကိုတောင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။
နက်ရှိုင်းသိမ်မွေ့သည့် ခံစားချက်တစ်ခုက သူ၏အတွင်းစိတ်၌ ဖြစ်ပေါ်လာသည်။ ဝမ်းနည်းပူဆွေးခြင်း ၊ အထီးကျန်ခြင်း စသည့် အမျိုးမျိုးသော ခံစားချက်များသည် တိမ်တိုက်များကဲ့သို့ အဆက်မပြတ် ပြောင်းလဲနေသလိုပင်။
“ ဒီစောင်းကို တီးခတ်နေတဲ့သူက ဘယ်သူလဲ”
စူးချန်ကဲ၏ စိတ်နှလုံးသားထဲ၌ တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များကို ပေါ်လွင်နေခဲ့သည်။
တီးခတ်နေသူကို ဝန်းရံထားသော တောက်ပသည့် နတ်အလင်းတန်းများကြောင့် စူးချန်ကဲသည် ထိုအနှီလူ၏ ပုံပန်းသဏ္ဍာန်ကို မြင်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ထိုတောက်ပသော မျက်ဝန်းများမှတစ်ဆင့် စူးချန်ကဲသည် ရင်းနှီးကျွမ်းဝင်စွာ ခံစားမိခဲ့သည်။
တဖက်လူသည် စူးချန်ကဲ၏ အကြည့်ကို ခံစားမိပုံရပေသည်။
ထိုအနှီသူ၏ နှုတ်ခမ်းထောင့်တွင် လျို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု လှစ်ဟသွားသည်။
ထိုသူသည် စကားလုံးလေးလုံးကို ထုတ်ဖော်ပြောကြားလိုက်သည်။ ၎င်း၏အသံကို မကြားရသော်လည်း ၊
နှုတ်ခမ်း၏ပုံဖော်မှုမှ တစ်ဆင့် စူးချန်ကဲသည် ထိုစကားလုံးများကို မှန်းဆမိခဲ့သည်။
“ နောက်ဆုံး... ငါတို့တွေ့ဆုံကြမယ်...?”
အပိုင်း(၆၆၃): လောကကြီး၏ အမှန်တရား ၊ စနစ်၏ အမှန်တရား (Part-1)
သို့သော် စူးချန်ကဲအနေဖြင့် စဉ်းစားချိန်တောင် မရလိုက်ပေ။
ဝီ....!!!
ရုတ်တရက် ဤနေရာတစ်ခုလုံးသည် ထိန်လင်းတောက်ပလာပြီး ၊ နိယာမ မှော်သင်္ကေတများက အဆုံးမရှိ ထွက်ပေါ်လာသည်။
စူးချန်ကဲသည် ဤနေရာရှိ ကမ္ဘာကြီးမှာ လည်ပတ်နေသည်ဟု ခံစားလိုက်ရပြီး ၊ အဆုံးမရှိ ပြောင်းလဲနေသော လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်များက ပရမ်းပတာများထဲမှ ထွက်ပေါ်ကာ တစ်ခုနှင့်တစ်ခု ယှက်နွယ်နေကြသည်။
သို့သော် အမြင်အာရုံ တစ်ဖန် ကြည်လင်လာပြီးနောက် ၊ စူးချန်ကဲသည် သံသရာ ယန်ထျန်းကွင်းပြင် အတွင်း၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသော စွမ်းအားသစ်တစ်မျိုးကို ခံစားမိလိုက်ပြီး ထိုမှသာလျှင် ဤဖြစ်ရပ်ဆန်းကို အိမ်မက်တစ်ခုလို သဘောထားနိုင်တော့သည်။
[ဒင်!... ပိုင်ရှင်ရဲ့ မွေးရာပါ သူတော်စင် တာအို သန္ဓေသားလောင်းရဲ့ အသွေးဟာ သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ပြီး မွေးရာပါ နတ္ထိတာအိုခန္ဓာ အဖြစ် အောင်မြင်စွာ ပြောင်းလဲသွားတာကို စနစ်မှ ထောက်လှမ်းမိခဲ့ပါသည်]
[ကျေးဇူးပြုပြီး သူတော်စင်ခန္ဓာကိုယ် ဘုရင်ဖြစ်တဲ့ ဖွဲ့စည်းပုံလေးမျိုးရဲ့ သွေးသားကန့်သတ်ချက်များကို ချိုးဖျက်ဖို့ ကြိုးစားပါ ၊ စနစ်ရဲ့ ဆုလာဘ်အဖြစ် : မူလဗလာ မှော်စွမ်းအားကို ရရှိမည် ]
ထိုအသံကို ကြားလိုက်ရချိန်တွင် စူးချန်ကဲ သည် ခဏတာ ကြောင်အမ်းသွားသည်။
ဤသည်မှာ ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးကတည်းက ၊ စနစ်၏အချက်ပေးသံကို အတော်ကြာမှ ပြန်လည်ကြားလိုက်ရခြင်း ဖြစ်ပေသည်။
ထို့အပြင် ယခုအကြိမ်တွင် စနစ်သည်
သူ့အား ရွေးချယ်စရာများမပေးဘဲ ထူးဆန်းသော တာဝန်တစ်ခုကို ထမ်းဆောင်ရန် ညွှန်ကြားနေခဲ့သည်။
ယင်းက စူးချန်ကဲကို မျက်မှောင်ကြုတ်သွားစေသည်။
ဤစနစ်သည် သူ့အား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် တမင်သက်သက် လမ်းညွှန်နေသည်ဟု ခံစားမိသည်။
၎င်းသည် သူ့အား အဆုံးစွန်သောကမ္ဘာ၊ လောကကြီး၏ နောက်ဆုံးအမှန်တရားဆီသို့ ပို့ဆောင်ပေးလိုသည်ဟု သံသယဝင်မိသည်။
“ပြီးတော့.... ဗလာနိတ္ထိ မူလမျှော်စင်ထဲက အဲဒီ ရင်းမြစ်စွမ်းအင်ကို စုပ်ယူလိုက်တဲ့ အချိန်ကစပြီး....”
“ စနစ် ပေါ်လာတဲ့အချိန်ထိ... ရင်းနှီးတဲ့ အငွေ့အသက်ကို ခံစားမိတယ်... အဲ့တာက မူလဗလာနိတ္ထိ စွမ်းအင်နဲ့ တူသလိုလိုပဲ”
စူးချန်ကဲသည် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
အရင်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များနှင့် စူးချန်ကဲ ကိုယ်တိုင် စူးစမ်းရှာဖွေမှုများမှ တစ်ဆင့် ၊
ဗလာနိတ္ထိ ဟူသည် အရာအားလုံး၏ အစ၊ အရာအားလုံး၏ ဖြစ်စဉ်တစ်ခုလည်း ဖြစ်နိုင်သည်။
သို့ဖြစ်၍ ၊ ဤစနစ်သည် ဗလာနိတ္ထိနှင့် ဆက်စပ်မှုရှိနေမည်လော။
သို့မဟုတ် ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်နှင့် ဆက်နွယ်မှု ရှိနေသလော။
“မဖြစ်နိုင်ဘူး....”
စူးချန်ကဲသည် ခေါင်းယမ်းကာ သူ့စိတ်ထဲက အတွေးများကို ချက်ချင်း ပယ်ချလိုက်သည်။
သူသည် ထိုပုဂ္ဂိုလ်ကို လုံးဝမသိသလို ၊ ထို့အပြင် ထိုအနှီလူသည် တစ်စုံတစ်ခုကို အလိုရှိနေပါက ၊ သူနှင့် တိုက်ရိုက် ပြောဆိုနိုင်သည် မဟုတ်လော။
ခုလို စနစ်တစ်ခုကို တည်ဆောက်ဖို့ဆိုတာ ဒါ လုံးဝ အပိုအလုပ်ကြီးပဲ မဟုတ်လား!?
“ကဲပါလေ ကျင့်ကြံတာ အချိန်လည်းကြာသွားပြီ ၊ အပြင်ထွက်ဖို့ အချိန်တန်ပြီ”
စူးချန်ကဲသည် ထပ်ပြီး စဉ်းစားမနေတော့ဘဲ သံသရာယန်ထျန်းကွင်းပြင် အပြင်ဘက်သို့ဦးတည်ကာ လျှောက်လှမ်းလိုက်သည်။
…….
သို့သော် စူးချန်ကဲ ထွက်ခွာသွားပြီး မကြာမီ ၊
သံသရာ ယန်ထျန်းကွင်းပြင် အတွင်းရှိ မဟာလမ်းစဉ် မြူဆိုင်းများသည် ရုတ်တရက် ထူးဆန်းစွာ လှုပ်ခတ်လာသည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု စုစည်းသွားပြီး ယခင်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုပုဂ္ဂိုလ်၏ အသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲသွားသည်။
သူ၏မျက်နှာကို ထူထပ်သော မဟာလမ်းစဉ်၏ မြူဆိုင်းများက ဖုံးလွှမ်းထားသော်လည်း ၊သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်လွင်နေသော အပြုံးတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
“ အစကတော့ ... ဒီပစ္စည်းနဲ့... ဒီကောင်လေးကို နည်းနည်း ဆက်တွန်းအားပေးဖို့ ကြံစည်ထားတာ....”
“ဒီကောင် နည်းနည်း အနံ့ခံမိသွားမယ်လို့ မထင်ထားဘူး....”
“ဒါကလည်း ဒီကောင်လေးရဲ့ ကြောက်စရာကောင်းတဲ့ ပါရမီစွမ်းရည်ကို သိသိသာသာ မီးမောင်းထိုးပြပေမယ့်....အမှန်တရားကို စောစောသိသွားရင် အကျိုးရှိတာထက် အန္တရာယ်ပိုများနိုင်တယ် ..”
“ပြီးတော့... ခုနက ငါရောက်လာတာ ဟိုလေးကောင် အနံ့ခံမိသွားမယ်ထင်တယ်....”
“အထူးသဖြင့် အဲ့သကောင့်သား... နောက်ကွယ်ကနေ လှုပ်ရှားနေလောက်ပြီ “
“ ကြည့်ရတာ သတိထားရမယ်၊ ဒီပစ္စည်းလေးကိုပဲ ဆက်သုံးပြီး သူ့ကို လမ်းညွှန်ပေးရမယ်ထင်တယ်....”
“နှစ်တစ်ထောင်ဆိုတာ... သာမန်လူတွေအတွက်တော့ ကြာမြင့်တဲ့အချိန်ဆိုပေမဲ့..”
“ဒါပေမယ့်... အမတ နဲ့ အမတထက် သာလွန်သူတွေအတွက်ကတော့... မျက်တောင်တခက်စာမျှပဲ ရှိဦးမယ်....”
“ဒီဘဝမှာတော့ သံသရာစက်ဝန်းထဲ မကျရောက်မိစေဖို့ မျှော်လင့်မိတယ်...”
ထိုသို့ ရေရွတ်ရင်း ၊ ဝတ်ရုံဖြူ အသွင်ပုံရိပ်သည်လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
မူလက ထိုအနှီသူနှင့် ပဲ့တင်ထပ်လျက်ရှိသည့် သံသရာရင်းမြစ် စွမ်းအားတို့သည်လည်း မည်သူမှ ထွက်ပေါ်လာခြင်းမရှိသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
အကယ်၍ စူးချန်ကဲသည် သံသရာ ယန်ထျန်းကွင်းပြင်အတွင်းသို့ မဝင်ရောက်မီက မိခင်ဖြစ်သူ၏ စကားကို ပြန်လည် မှတ်မိခဲ့ပါက ၊ ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်သည် အဘယ့်ကြောင့် ဤနေရာသို့ ဆင်းသက်လာသည်ကို သိနိုင်ပေလိမ့်မည်။
သံသရာ ယန်ထျန်းကွင်းပြင်မှာ ကျင့်ကြံတဲ့သူက အတိတ်နဲ့အနာဂတ်ကို ချိတ်ဆက်နိုင်ပြီး ၊ အဆုံးမှာ ကိုယ်ကိုယ်တိုင်ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်လိမ့်မယ် .....
…………
တစ်ချိန်တည်းမှာပင်။
အပြင်ဘက်ခြမ်းတွင် ၊
ကျရောက်လာသော ဒေဝလောက ပြန်လည်စတင်ရာခေတ် နှင့်အတူ ၊
ရှေးဟောင်းလျို့ဝှက်နယ်မြေများ ၊ ပျောက်ဆုံးနေသော ကမ္ဘာများ ၊ ပြိုင်ဘက်ကင်း အမတဂိုဏ်း၏ အကြွင်းအကျန်များသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထောင်ပေါင်းများစွာသော နတ်အလင်းတန်းများ ၊ နိယာမအလင်းတန်းများစွာတို့သည် ကြယ်တာရာများဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံတွင် အဆက်မပြတ် ဖြတ်သန်းသွားလာနေကြသည်။
စွမ်းအားရှင်ကြီးအချို့က မရပ်မနား ဆွေးနွေးနေကြသည်။
“ ကြားရသလောက် ပရမ်းပတာကြယ်ပင်လယ်မှာ ရှေးဟောင်းနယ်မြေ လျှို့ဝှက်နယ်မြေတစ်ခု ထွက်ပေါ်လာပြီး .. အဲ့နယ်မြေကနေ ထုတ်လွှတ်လိုက်တဲ့ အငွေ့အသက်အရ အမတဧကရာဇ်တစ်ပါးရဲ့ ဂူသင်္ချိုင်း ဖြစ်နိုင်ခြေရှိတယ်ဆိုပဲ “
“ ငါ ကြားတာတော့ အဲ့လိုမဟုတ်ဘူး ၊ အမတကုန်းမြေမှာ ပြောင်းလဲမှုတွေ ဖြစ်ခဲ့ပြီး .. ရောင်ခြည်တွေက ကောင်းကင်ကို ထိုးတတ်သွားပြီး သက္ကတသံစဉ်တွေကို ကြားရတယ်ဆိုပဲ ... ပြောတာတော့ အရင်က ထိပ်တန်း ကောင်းကင်ဂူတစ်ခု၏ အကြွင်းအကျန်ဆိုပြီး ပြောနေကြတယ်”
“ ငါပြောမယ်...မင်းတို့ရထားတဲ့ သတင်းတွေက ခေတ်နောက်ကျလွန်းတယ်”
အမတဘုရင်တစ်ပါးက ရုတ်တရက် ပြောဆိုလိုက်သည်။
“ ကွေးယွမ်အမတနယ်မြေမှာ ထိပ်တန်းအမဂိုဏ်းတစ်ခုရဲ့ အကြွင်းအကျန်တစ်ခု ပေါ်ထွက်လာခဲ့တယ် ..သတင်းတွေအရတော့ အဲ့တာက ဟိုတုန်းက တည်ရှိခဲ့တဲ့ နတ်ဘုရားလက်နက် အမတမျှော်စင်ပဲ “
ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အမတနယ်မြေရှိ စွမ်းအားရှင်များကြားတွင် ပြင်းထန်သော ဆွေးနွေးမှုများကို ချက်ချင်းပင် ဖြစ်ပေါ်စေခဲ့သည်။
နတ်ဘုရားလက်နက် အမတမျှော်စင်။
ထိုအရာသည် အမတစိုးစံရာခေတ်တွင် ထိပ်တန်း အမတဂိုဏ်းတစ်ခုမှ ပိုင်ဆိုင်ခဲ့သော အရာဖြစ်သည်။
ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီး၏ အကြောင်းရင်းကြောင့်၊ ထိုအရာသည် အချိန်ကာလ၏ရွေ့လျားမှုနှင့်အတူ ပျောက်ကွယ်သွားခဲ့ရသည်။
ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် ယခင်က ပျောက်ဆုံးနေခဲ့သော အရာများသည် တစ်ဖန် ပြန်လည် ပေါ်ထွက်လာလ်ိမ့်မည်ဟု မျှော်လင့်မထားကြပေ။
ထိုအရာသည် အမတစိုးစံရာခေတ်တွင် တည်ရှိခဲ့သော အင်အားစုကြီးတစ်ခု၏ ပိုင်ဆိုင်မှုဖြစ်ပေသည်။
အပိုင်း(၆၆၃):လောကကြီး၏ အမှန်တရား ၊ စနစ်၏ အမှန်တရား (Part-2)
ထိုခေတ်ကာလတွင် ထိပ်တန်းကောင်းကင်ဂူ အင်အားစု ဖြစ်ခဲ့ဖူးသော အဖွဲ့အစည်းတိုင်းသည် အမတဧကရာဇ်မင်းအထက် မြင့်မားသော ဖြစ်တည်မှုများကို မွေးထုတ်ပေးနိုင်ခဲ့သည်။
ပြိုင်ဘက်ကင်း အမတဂိုဏ်းကြီး ၃၆ ဂိုဏ်းစသည့် အဖွဲ့အစည်းများသာဆိုလျှင်ဖြင့် ပြောစရာမလိုအောင်ပင် ။ ၎င်းတို့၏အတွင်း၌ လျှို့ဝှက်ထားသော အခွင့်အလမ်းများသည် ကောင်းကင်ဘုံကိုပင် အံတုဖို့ လုံလောက်ပေသည်။
အကယ်၍ မိမိတို့၏ အင်အားစုမှ မျိုးဆက်သစ် ပါရမီရှင်သည် ထိုအခွင့်အလမ်းကို ရယူနိုင်ခဲ့မည်ဆိုပါက၊
အနာဂတ်တွင် ထိပ်တန်းစွမ်းအားရှင်ကြီး တစ်ဦး ဖြစ်လာရုံသာမက၊ ၎င်း၏နောက်ခံအင်အားစုအတွက်ပါ များစွာ အကျိုးရှိလာပေတော့မည်။
ကွေးယွမ်အမတနယ်မြေမှာ ကွေးယွမ်အမတဂိုဏ်းက စောင့်ကြပ်နေတာ မဟုတ်လား ?
ဤအချက်နှင့်ပတ်သတ်၍ ဂရုစိုက်စရာ မလိုပေ။
အဘယ့်ကြောင့်ဆိုသော် ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် ထွက်ပေါ်လာသော အခွင့်အလမ်းအားလုံး၊ အကြွင်းအကျန်အားလုံးကို ခေတ်ပြိုင်အမတနယ်မြေ၏ မျိုးဆက်သစ် ပါရမီများအား ၎င်းတို့၏ကိုယ်ပိုင်အင်အားဖြင့် ယှဉ်ပြိုင်ရယူစေရန် စည်းကမ်းသတ်မှတ်ထားသောကြောင့် ဖြစ်သည်။
ဤသည်မှာ ရှေးကတည်းက ချမှတ်ထားသော စည်းမျဉ်းတစ်ရပ်ဖြစ်သည်။
အကယ်၍ အင်အားစုကြီးများသည် ဤကဲ့သို့ ကောင်းကင်ဘုံကို အံတုနိုင်မည့် အခွင့်အရေး များကြောင့် တစ်ဦးနှင့်တစ်ဦး စစ်မက်ဖြစ်ပွားမည်ဆိုပါက ၊
ခေတ်ပြိုင်အမတနယ်မြေ၏ အင်အားစုများအပေါ် ဆုတ်ယုတ်စေနိုင်ရုံသာမက၊ အမှောင်ထုသည်လည်း အချိန်ကာလစော၍ နှိုးထလာနိုင်သည်။
အကယ်၍ ဒုတိယအကြိမ် ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီး ဖြစ်ပွားခဲ့မည်ဆိုပါက၊ သူတို့သည် အမှောင်ထု၏ အင်အားစုများကို ရင်ဆိုင်ရာတွင် အရှုံးပေးလိုက်ရသည်အထိ ဖြစ်သွားနိုင်သည်။
ထို့ကြောင့် အမတနယ်မြေရှိ လူငယ်များ၏ ပြိုင်ဆိုင်မှုကို လူအိုကြီးများ သို့မဟုတ် အင်အားစုများက ဝင်ရောက်မစွက်ဖက်ရန် စည်းကမ်းသတ်မှတ်ထားသည်။
သို့သော်လည်း၊ မျိုးဆက်သစ်တို့၏ ပြိုင်ဆိုင်မှုထက် အမတနယ်မြေ၏ ကောင်းကင်ယံထက်တွင် ပေါ်ထွန်းနေသော မဟာလမ်းစဉ် စာရင်း သုံးစောင်သည် လူတိုင်း၏ စိတ်ဝင်စားမှုကို ပို၍ ဆွဲဆောင်နေခဲ့သည်။
“ဒီ မဟာလမ်းစဉ် စာရင်းပေါ်မှာ ပထမဆုံးအမည်တင်မယ့်သူက ဘယ်သူဖြစ်မလဲ....”
စွမ်းအားရှင်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။
“ခေတ်စားနေတဲ့ စူးချန်ကဲဆိုတဲ့တစ်ယောက်ကရော ဒီမဟာလမ်းစဉ် စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မလား”
“ မပြောတတ်ဘူး..စူးချန်ကဲဆိုတဲ့သူရဲ့ တကယ့် အရည်အချင်း အစစ်အမှန်ကို ဘယ်သူကမှ မသိကြသေးဘူး”
“ပြီးတော့ အမတနယ်မြေမှာ ထူးချွန်တဲ့ လူငယ်ပါရမီရှင်တွေ ဒီလောက်များပြားတာ ဒါတင်မကဘူး ပြန်လည်နိုးထလာကြတဲ့ ခေတ်ဟောင်း ပါရမီရှင်တွေလည်း ရှိသေးတယ်”
“သူတို့ကလည်း စူးချန်ကဲထက် ညံ့မယ်လို့ မပြောနိုင်ဘူး”
“မှန်တယ်! ဥပမာ ငါ့သားလေးကိုပဲ ကြည့်.. ဒီကလေးက မဟာလမ်းစဉ်ရဲ့ စာရင်းမှာ နာမည်ရေးထိုးနိုင်မယ်လို့ ငါ ယုံကြည်တယ်!”
ထိုစကားများ ထွက်လာပြီး၊ ချက်ချင်းဆိုသလိုပင် အခြားသူများ၏ ကန့်ကွက်သံများ ထွက်ပေါ်လာလေသည်။
“ ဟမ် ! ခင်ဗျားတောင် အမတဘုရင် အဆင့်ပဲ ရှိသေးတယ် ၊ မျက်နှာပြောင်လှချည်လား”
“ခင်ဗျားသား ဒီလောက် နှစ်နဲ့ချီပြီး သင်ယူကျင့်ကြံလာတာ ခုထိ စစ်မှန်အမတ နယ်ပယ်ရဲ့ ပထမအဆင့်ပဲ ရှိသေးတယ်!”
“ ဒါကို မဟာလမ်းစဉ်ရဲ့ စာရင်းမှာ ပါချင်နေသေးတာလား ... အသိစိတ် ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်း သိရဲ့လား?!”
….
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲသည် သံသရာ ယန်ထျန်းကွင်းပြင်မှ ထွက်လာခဲ့သည်။
သူ၏ရောင်ဝါသည် စစ်မှန်အမတနယ်ပယ်၏ ဆဌမအဆင့်တွင် တည်ငြိမ်လျက်ရှိသည်။
“ချန်ကဲ... ကျင့်ကြံတာ ပြီးသွားပြီလား”
ထိုအချိန်တွင် စူးယွင်ယွဲ့နှင့် ယွင်ရွှမ်းရုံတို့သည် စူးချန်ကဲ၏ ရောင်ဝါကို သတိပြုမိခဲ့ပြီး ၊ နန်းဆောင်အပြင်ဘက်မှ ဝင်ရောက်လာကြသည်။
စူးချန်ကဲ၏ ရောင်ဝါကို ရှင်းရှင်းလင်းလင်း ခံစားသိရှိလိုက်ရချိန်တွင် သားအမိနှစ်ယောက်စလုံး မယုံကြည်နိုင်ဖြစ်လို့နေသည်။
“ချန်ကဲ... မင်း ဘယ်လိုလုပ်....”
ယွင်ရွှမ်းရုံပင်လျှင် အံ့အားသင့်သွားပြီး၊ သူမ၏စိတ်ထဲက တုန်လှုပ်မှုကို မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ချေ။
စစ်မှန်အမတနယ်ပယ်တွင် အဆင့်ငယ် ကိုးဆင့်ရှိသည်။
စူးချန်ကဲသည် ယခင်က စစ်မှန်အမတနယ်ပယ်၏ ပထမအဆင့်သာရှိခဲ့သော်လည်း၊ တံခါးပိတ်ကျင့်ကြံပြီးနောက်တွင် စစ်မှန်အမတနယ်ပယ်၏ ဆဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အဆင့်ငယ်များ ဟူ၍ အထင်မသေးနှင့် ။ အမတများထဲတွင်ပင် ယင်းသည် ကောင်းကင်ဘုံကိုပင် အံ့တုနိုင်သည့် ထူးချွန်သော ပါရမီဟု ဆိုနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် အမတလမ်းစဉ်သည် လူသားလမ်းစဉ်ကဲ့သို့ တံခါးပိတ်ကျင့်ကြံလိုက်ရုံဖြင့် အဆင့်တတ်နိုင်သော အရာမဟုတ်ပေ။
အမတလမ်းစဉ်တွင် အဆင့်တက်ရန်အတွက် မဟာလမ်းစဉ်အပေါ် အလွန်နက်ရှိုင်းသော နားလည်နိုင်စွမ်းလိုအပ်သလို ၊ အဆင့်ကို လျင်မြန်စွာ ချိုးဖျက်နိုင်ခြင်းသည် အခြေခံအုတ်မြစ်ကို မတည်ငြိမ်မှု ဖြစ်စေသည်။
ယွင်ရွှမ်းရုံသည် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် စူးချန်ကဲရှေ့သို့ ချက်ချင်းရောက်လာပြီး သူမ၏ နူးညံ့ဖြူဖွေးသော လက်ကို စူးချန်ကဲ၏ ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ထို့နောက် သူမ၏ နတ်အသိစိတ်ကို ထုတ်လွှတ်ပြီး စူးချန်ကဲ၏ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးကြည့်ရှုလိုက်သည်။
ဤရုတ်တရက် လုပ်ဆောင်မှုကြောင့် စူးချန်ကဲသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
“ အမေ......”
သို့သော်၊ စူးချန်ကဲသည် မည်သည့်ခုခံမှုမျှ မပြုဘဲ ယွင်ရွှမ်းရုံ၏စွမ်းအင်များကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက်၊ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသော ထိုစွမ်းအင်များသည် ဒီရေအလား ပြန်ဆုတ်ခွာသွားခဲ့သည်။
“ အမတရင်းမြစ် တည်ငြိမ်တယ်.... အခြေခံအုတ်မြစ်လည်း ခိုင်ခံ့တယ် .... ပြီးတော့ အတွင်းမှာရှိတဲ့ အနှစ်သာရဟာလည်း ရုပ်လုံးပေါ်လာပြီပဲ....”
တီးတိုးရေရွတ်ရင်း ၊ ယွင်ရွှမ်းရုံ စိတ်ထဲတွင် လှိုင်းတံပိုးများ လှုပ်ခတ်သွားလေသည်။
အဆင့်ငယ် ငါးဆင့်ကို ဆက်တိုက် ချိုးဖျက်လာခဲ့သော်လည်း စူးချန်ကဲ၏ အခြေခံအုတ်မြစ်သည် ယိမ်းယိုင်မသွားဘဲ သူမမြင်ဖူးသမျှ အခြေခံအုတ်မြစ်များထက်ပင် ပို၍ ခိုင်ခံ့နေသည်။
စူးချန်ကဲ၏အခြေခံအုတ်မြစ်သည် မူလကတည်းက ဤသို့ပင်ဖြစ်သည်ဟု ထင်ရသည်။
ခဏကြာပြီးနောက်၊ ယွင်ရွှမ်းရုံ၏ စိုးရိမ်ပူပန်နေသော နှလုံးသားသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
“ချန်ကဲ.... အဆင့်မြန်မြန် တတ်တာက အဲ့လောက်ထိ ကောင်းတဲ့အရာတော့ မဟုတ်ဘူး...”
ယွင်ရွှမ်းရုံသည် စူးချန်ကဲ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း၊ နူးညံ့သောအသံဖြင့် ဆိုလိုက်သည်။
“ချန်ကဲ မင်းအနေနဲ့ အမြန်ဆုံး သန်မာချင်တယ်ဆိုတာ အမေ သိတယ် ဒါပေမဲ့ ကိုယ်တတ်နိုင်သမျှပဲ လုပ်ဆောင်သင့်တယ်...”
“မင်းကိုယ်မင်း ဖိအားတွေ အရမ်းမပေးနဲ့.... ဟုတ်ပြီလား”
ထိုစကားကို ကြားလိုက်ရသည်နှင့်၊ စူးချန်ကဲသည် မိခင်ဖြစ်သူ၏ လုပ်ရပ်ကို နားလည်သွားခဲ့သည်။
အဆင့်တက်မှု အလွန်မြန်ဆန်ပါက၊ မဟာလမ်းစဉ်၏ တန်ပြန်တိုက်ခိုက်မှု ဖြစ်ပေါ်မည်ကို စိုးရိမ်ပူပန်နေပုံရသည်။
ဤစကားများကို နားထောင်ရင်း ၊ စူးချန်ကဲ၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
အပိုင်း(၆၆၄): ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ကို အလိုရှိတယ်
ထိုစဉ် စူးယွင်ယွဲ့ကလည်း ထဆိုလိုက်သည်။
“ ချန်ကဲ အခု ဒေဝလောက ပြန်လည်စတင်ရာခေတ်ကို စတင်ပြီဆိုတော့ မင်းကိုယ်မင်း ဖိအားတွေ အရမ်းမပေးနဲ့ ဟုတ်ပြီလား”
“မကြာတော့ဘူး၊ မင်းအစ်မ ငါလည်း အမတဧကရာဇ်အဆင့်ကို ကျော်ဖြတ်နိုင်တော့မယ်”
“ မင်းကို အနိုင်ကျင့်ရဲတဲ့သူရှိရင် ၊ အစ်မကိုယ်တိုင် ဒင်းတို့ကို မြေမြှုပ်ပစ်မယ်!”
ထိုစကားကို ကြားပြီး ၊ စူးချန်ကဲ၏ နှုတ်ခမ်းပေါ်တွင် ခါးသက်သောအပြုံးတစ်ခု လှစ်ဟသွားသည်။
မနိုင်လို့ အစ်မကိုခေါ်ရင် ၊ တိုက်မြေ သုံးထောင်ရဲ့ ထာဝရ ထျန်းတိ့ဆိုတဲ့ပုဂ္ဂိုလ်က အစ်မကို အားကိုးနေရတဲ့လူမျိုး ဖြစ်သွားတော့မယ် မဟုတ်လား ?
သို့သော် တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် အရေးကြီးသော သတင်းတစ်ခုကို ဖမ်းယူနိုင်ခဲ့သည်။
“ ဒေဝလောက ပြန်လည်စတင်ရာခေတ်က စနေပြီလား “
“ ဟုတ်တယ် မနေ့ကပဲ “
စူးယွင်ယွဲ့သည် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
“ အမတနယ်မြေက များပြားလှတဲ့ ခေတ်ပြိုင် ပါရမီရှင်တွေ၊ ပြီးတော့ ချိတ်ပိတ်ခံထားရတဲ့ ခေတ်ဟောင်း ပါရမီရှင်တွေအားလုံး ထွက်ပေါ်လာကြပြီ”
“ဒီနေ့အထိ၊ ကောင်းကင်ယံမှာ မဟာလမ်းစဉ်ရဲ့ အံ့မခမ်းလှတဲ့ ရူပါရုံမြင်ကွင်းတွေနဲ့ ပြည့်နှက်နေတုန်းပဲ... အရမ်းကို ကြည်နူးဖို့ကောင်းတယ်”
ထိုစကားများသည် စူးချန်ကဲ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့သည်။
သူသည် ချက်ချင်းလက်ငင်း နန်းဆောင်အပြင်ဘက်သို့ ထွက်ကြည့်လိုက်ပြီး ၊ အမှန်ပင် ကောင်းကင်ယံထက်က မြင်ကွင်းများသည် စူးချန်ကဲကို အံ့အားသင့်သွားစေသည်။
သူ့ကို ပထမဆုံး ဆွဲဆောင်ခဲ့သည့်အရာမှာ အဆုံးမရှိသော မဟာလမ်းစဉ်၏ အမှတ်အသားများပင် ဖြစ်သည်။
ကောင်းကင်ကြီးတစ်ခုလုံးမှာ ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်နေပြီး ၊ ဘယ်နေရာကိုပင်ကြည့်ကြည့် ရိုက်ခတ်လှုပ်ရှားနေသော မှော်သင်္ကေတများနှင့် မဟာလမ်းစဉ်၏ ရောင်စဉ်အလင်းတန်းများကိုသာ မြင်တွေ့ရပေမည်။
မဟာလမ်းစဉ်၏ ကြီးကျယ်ခမ်းနားသော မြင်ကွင်းများသည် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေပြီး ၊ ကောင်းကင်ယံမှ ကောင်းခြင်းလက္ခဏာများ ဆင်းသက်လာကာ မြေပြင်မှ ရွှေကြာပန်းများ ပေါက်ဖွားလာကြသည်။ မဟာလမ်းစဉ်၏ ကြာပန်းတို့သည် ကောင်းကင်တွင် တောက်ပစွာ ပွင့်လန်းနေကြပြီး ကြွေလွင့်နေသော ပွင့်ဖက်များနှင့်အတူ ကောင်းကင်ကြီးတစ်ခုလုံး တောက်ပနေသည်။
များပြားလှသော နိယာမတံခါးများ ပေါ်ပေါက်လာပြီး၊ နတ်ဘုရားများက ထိုအတွင်း၌ တရားထိုင်လျက်ရှိကာ ထူးခြားဆန်းကြယ်သော ရွတ်ဖတ်သံများက ဒေဝလောကတစ်ခွင်လုံးသို့ ပဲ့တင်ထပ်လျက် ရှိနေသည်။
စစ်မှန်သော နဂါးတစ်ကောင်သည် ဟင်းလင်းပြင်တွင် ကွေးညွှတ်အိပ်စက်လျက်၊ ဖီးနစ်များသည် ကောင်းကင်ထက်တွင် ပျံသန်းနေကြသည်။ ၎င်းတို့၏ ဟစ်အော်ကြွေးကြော်သံများက ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။
မဟာလမ်းစဉ်၏ ဆန်းကြယ်သော မြင်ကွင်းများက အဆက်မပြတ် ပေါ်ပေါက်နေသည်။
မဟာလမ်းစဉ်၏ အံ့ဖွယ်ဖြစ်စဉ်များသည် ကောင်းကင်တွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်နေကြသည်မှာ အလွန် အံ့အားသင့်စရာကောင်းပေသည်။
“ ဒီလောက်များပြားတဲ့ မဟာလမ်းစဉ်ရဲ့ ရူပါရုံမြင်ကွင်းတွေပါ့လား...”
“ ဒီမြင်ကွင်းတစ်ခုချင်းစီတိုင်းက ပါရမီရှင်တစ်ဦးချင်းစီကို ကိုယ်စားပြုနေတယ်.... ဒီလိုသာဆို ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေ ဘယ်လောက်တောင်များလဲ “
သို့သော်လည်း၊ ထိုမြင်ကွင်းများကို ကြည့်ရှုရင်း စူးချန်ကဲသည် စိုးရိမ်ထိတ်လန့်မှု အနည်းငယ်မျှ မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ၊ သူ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု လှစ်ဟသွားပြီး ၊ မျက်ဝန်းများထဲတွင် တိုက်ပွဲဝင်စိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်။
ကျင့်ကြံလမ်းကြောင်းသို့ စတင်လျှောက်လှမ်းချိန်မှစကာ သူသည် တိုက်ပွဲကြီးငယ်အားလုံးကို ကြုံတွေ့ခဲ့ရသည်။
ဤခရီးစဉ်တစ်လျှောက်လုံး သူသည် ရှုံးပွဲမရှိ ချီတတ်ခဲ့သည်။
တိုက်မြေ သုံးထောင်၏ ထူးချွန်ထက်မြက်သော ပါရမီရှင်များစွာတို့သည် သူ၏အင်အားဖြင့် ချေမှုန်းခံခဲ့ရသည်။
သို့သော် သူသည် မိမိနှင့်တန်းတူ ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်ကို ပို၍ တောင့်တမိသည်။
သို့မဟုတ်ပါက ဤကမ္ဘာကြီးသည် အလွန်ပျင်းစရာကောင်းပေမည်။
အဆင့်မြင့် ပြိုင်ဘက်နှင့် ယှဉ်ပြိုင်ခြင်းသည်သာလျှင် သူအလိုရှိသော စစ်မှန်သောလမ်းကြောင်းတစ်ခု ဖြစ်ပေသည်။
ယခုအခါ အမတနယ်မြေဟူသော ဤဇာတ်ခုံပေါ်တွင်၊ စူးချန်ကဲသည် သူ၏အိပ်မက်ကို အကောင်အထည် ဖော်နိုင်ပေတော့မည်။
ပြင်းထန်သော ပြိုင်ဘက်ကို မကြောက်ဘဲ၊ သူ့ကို ဖိအားပေးနိုင်မည့် ပြိုင်ဘက် မရှိမှာကိုသာ ကြောက်မိသည်။
စူးချန်ကဲ၏စိတ်ထဲရှိ အကြံအစည်ကို သိမြင်မိနေပုံရသော သားအမိနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
သူမတို့သည် စူးချန်ကဲထံမှ လူတစ်ယောက်၏ အရိပ်အယောင်ကို မြင်တွေ့ခဲ့ရသည်။ ထိုသူသည် တစ်ချိန်က အမတနယ်မြေကို လွှမ်းမိုးနိုင်ခဲ့သော အဖြူရောင်ဝတ်စုံဖြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
အမတနယ်မြေ၏ စည်ကားသော ခေတ်ကာလတွင် အမှောင်ထုကို တိုက်ခိုက်ခဲ့သော ထူးချွန်ထက်မြက်သည့် အမတဧကရာဇ်မင်းတစ်ပါး။
အမတနယ်မြေ၏ သမိုင်းတစ်လျှောက်တွင် အထူးချွန်ဆုံးနှင့် အရည်အချင်းအရှိဆုံး ဓားအမတ ။
ထိုသူမှာ သူမ၏ချစ်ရသူ၊ တစ်နည်းအားဖြင့် စူးချန်ကဲ၏ ဖခင်လည်းဖြစ်သည်။
လက်ရှိ စူးချန်ကဲနှင့် ငယ်ရွယ်စဉ်က စူးရွှမ်းတို့သည် အလွန်ပင် ထပ်တူကျသည်။
“ချန်ကဲ၊ မင်း ပြိုင်ဘက်ရှာချင်တယ်ဆိုရင် မဟာလမ်းစဉ် စာရင်းကို မင်းရဲ့စွမ်းအားတွေကို ထုတ်ပြလိုက်”
ယွင်ရွှမ်းရုံက ဆက်ပြောသည်။
“မင်းရဲ့စွမ်းအားနဲ့ဆိုရင် မဟာလမ်းစဉ် စာရင်းပေါ် အမည်ရေးထိုးနိုင်မယ်လို့ အမေ ယုံကြည်တယ်”
“အဲဒီပေါ်မှာ အမည်ရေးထိုးနိုင်သူဟာ အမတနယ်မြေ ပြီးတော့ ဒေဝလောက တစ်ခွင်လုံးရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်လာလိမ့်မယ်”
ထိုစကားများသည် စူးချန်ကဲအား အတွေးလွှင့်ပျံခြင်းမှ လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိစေခဲ့သည်။
“မဟာလမ်းစဉ် စာရင်း?”
“ဟုတ်တယ်၊ အဲဒါပဲ”
ယွင်ရွှမ်းရုံသည် ကောင်းကင်ပေါ်၌ ဝင်းလက်တောက်ပနေသော အရာတစ်ခုကို ညွှန်ပြလိုက်သည်။
ညွှန်ပြရာနေရာကို ကြည့်လိုက်ရာ ၊ စူးချန်ကဲသည် အမတအလင်းများဖြင့် ဝင်းလက်တောက်ပနေသော စာလိပ်များကို မြင်တွေ့လိုက်ရသည်။
“ခေတ်ပြိုင် အမတနယ်မြေ ကြယ်တာရာစာရင်း”
“ ခေတ်ဟောင်း အမတနယ်မြေ ပါရမီရှင်စာရင်း”
“ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်း”
ယခင်က ကောင်းကင်ယံတွင် လွန်စွာ ဆန်းကြယ်သည့် မျိုးစုံသော ရူပါရုံမြင်ကွင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့ကြောင့် စူးချန်ကဲသည် ဤမဟာလမ်းစဉ် စာရင်းသုံးခုကို အမတနယ်မြေရှိ ပါရမီရှင်များကြောင့် ဖြစ်ပေါ်လာသော ရူပါရုံမြင်ကွင်းတစ်ခုအဖြစ် မှတ်ယူထားခဲ့သည်။
မဟာလမ်းစဉ် စာရင်းသုံးခုအောက်ရှိ စာလုံးငယ်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရမှသာလျှင် ၊ သူသည် မဟာလမ်းစဉ် စာရင်း၏ အဓိပ္ပာယ်ကို နားလည်ခဲ့သည်။
“ ရောင်ဝါတချက် လွှတ်ထုတ်ရုံနဲ့တင် မဟာလမ်းစဉ် စာရင်းမှာ အမည်တင်နိုင်တယ်ပေါ့”
စူးချန်ကဲသည် မိခင်ဖြစ်သူကို မေးမြန်းလိုက်သည်။
“ဟုတ်တယ်၊ မင်းရဲ့ ကျင့်ကြံမှုကို အသက်သွင်းပြီး စိတ်စွမ်းအားနဲ့ ပြန်လည်တုံ့ပြန်လိုက်ရုံပဲ..”
သို့သော် ယွင်ရွှမ်းရုံ၏ စကားမပြီးဆုံးမီ....
ဝီ.....!!!
ကောင်းကင်ယံ၌ ငြိမ်သက်စွာ ရှိနေခဲ့သော မဟာလမ်းစဉ် စာရင်းသုံးစောင်သည် ရုတ်တရက် ထိန်လင်းတောက်ပလာသည်။
ထွက်ပေါ်လာသော အလင်းတန်းများသည် ကြယ်တာရာများ၏ ရောင်ခြည်များ ကျဆင်းလာသကဲ့သို့ပင်။
မဟာလမ်းစဉ်၏ မှော်သင်္ကေတများသည် တစ်ခုနှင့်တစ်ခု ရစ်ပတ်စုဝေးကာ အဆုံးတွင် ကြောက်မက်ဖွယ်ရာ မဟာလမ်းစဉ် နယ်ပယ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် လူတိုင်း ကောင်းကင်ပေါ်သို့ မျက်နှာမူ၍ ကြည့်ရှုနေကြသည်။
အပိုင်း(၆၆၅): မဟာလမ်းစဉ်ရဲ့ နတ်ဘုရားစုတ်တံ
“အမ်.... ဒါ ဘယ်လိုဖြစ်တာလဲ ၊ မဟာလမ်းစဉ် စာရင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ထိတ်လန့်ဖွယ်ကောင်းတဲ့ မဟာလမ်းစဉ် စွမ်းအားကို ရုတ်တရက်ကြီး ထုတ်လွှတ်နေတာလဲ”
“တစ်စုံတစ်ယောက်ကများ သူ့ရဲ့ရောင်ဝါကို ထုတ်လွှတ်လိုက်လို့ မဟာလမ်းစဉ် စာရင်းမှာ မှတ်တမ်းတင်ခံရတာလား”
“မဖြစ်နိုင်ဘူး! ငါ မဟာလမ်းစဉ် စာရင်းကို အမြဲတမ်းစောင့်ကြည့်နေတာ၊ ဘယ်သူကမှ သူတို့ရဲ့ရောင်ဝါကို ထုတ်လွှတ်လိုက်တာမျိုး လုံးဝ မရှိဘူး!”
“ဒါဆို မဟာလမ်းစဉ် စာရင်း ဘာကြောင့် ဒီလိုထူးဆန်းတဲ့ အပြောင်းအလဲ ဖြစ်နေရတာလဲ”
“ဒါကို ငါ့လာမေးနေတာလား .. ငါလည်း ဘယ်လိုလုပ် သိမှာတုန်း!”
“……”
အမတနယ်မြေမှ လူတိုင်း အပြန်အလှန် ဆွေးနွေးကြပြီး ၊ အချို့မှာ မျက်နှာများ နီမြန်းလာသည်အထိ အပြင်းအထန် ဆွေးနွေးနေကြသည်။
တစ်စုံတစ်ဦးသည် ၎င်း၏ရောင်ဝါကို လျှို့ဝှက်စွာ ထုတ်လွှတ်လိုက်သဖြင့် ယခုလို မဟာလမ်းစဉ်စာရင်းတွင် မှတ်တမ်းတင်ခံရသည်ဟု ခိုင်ခိုင်မာမာ ဆိုကြသည်။
ထိုအချိန်တွင် စွမ်းအားရှင်တစ်ဦးက ဆိုလိုက်သည်။
“ငါထင်တာက... မဟာလမ်းစဉ်စာရင်းက သူ့ဘာသာသူ မဟာလမ်းစဉ် စွမ်းအားတွေကို ထုတ်လွှတ်လိုက်တာများလား”
ထိုစကားများ ထွက်လာသည်နှင့် အပြင်းအထန် ငြင်းခုံနေကြသော စွမ်းအားရှင်များမှာ ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
မဟာလမ်းစဉ်စာရင်းက သူ့အလိုအလျောက် မှတ်တမ်းတင်နေသတဲ့လား ?
ယခင်က မဟာလမ်းစဉ်စာရင်းသည် အမတနယ်မြေရှိ ပါရမီရှင်များမှ မိမိတို့၏ရောင်ဝါကို လွှတ်ထုတ်၍ မဟာလမ်းစဉ်စာရင်းနှင့် ပဲ့တင်ထပ်ရန် လိုအပ်သည်ကို သင် သိရပေမည်။
အသိအမှတ်ပြုခံရသူများသာလျှင် မဟာလမ်းစဉ်စာရင်းမှ မဟာလမ်းစဉ်၏စွမ်းအားများကို ထုတ်လွှတ်တတ်သည်။
ဤသို့သော အခြေအနေမျိုးသည် သမိုင်းတစ်လျှောက်လုံး မပြောင်းလဲပဲ ရှိခဲ့သော သဘောတရားဖြစ်သည်။ မဟာလမ်းစဉ်စာရင်းမှ သူ့အလိုလို တုံ့ပြန်လေသလော။
ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး !
လူတိုင်း ထိုအချက်ကို ငြင်းပယ်လိုက်ကြသည်။
“ ဒါပေမဲ့... မဟာလမ်းစဉ်စာရင်းပေါ်မှာ ဘယ်သူကများ ဒီလောက်ထိ အမြန်ရေးထိုးနိုင်ဖို့ လုပ်နေလဲဆိုတာ ကြည့်ရသေးတာပေါ့”
စွမ်းအားရှင်တစ်ဦးက အေးစက်စွာ ဆိုလိုက်သည်။
မဟာလမ်းစဉ်စာရင်းပေါ် ရေးထိုးနိုင်ခြင်းသည် အကျိုးကျေးဇူးများစွာ ရရှိနိုင်သော်လည်း၊ သို့သော် မိမိ၏ ကျင့်ကြံမှုနှင့် ပိုင်ဆိုင်ထားသော ကိုယ်ထည်များအကြောင်းကို လူအများ သိရှိသွားကြမည်ဖြစ်သည်။
ဤကဲ့သို့ မိမိ၏စွမ်းအားများကို အခြားသူများအား ထုတ်ဖော်ပြသခြင်းသည် မိမိကိုယ်ကို အန္တရာယ်ထဲသို့ ပစ်သွင်းလိုက်ခြင်းနှင့် တူပေသည်။
၎င်းသည် မနာလိုသူများကို ဆွဲဆောင်ရုံသာမက ခေတ်ပြိုင် ပါရမီရှင်များစွာ၏ ရန်လိုမှုကိုလည်း ခံရပေလိမ့်မည်။
အထူးသဖြင့် မဟာလမ်းစဉ် စာရင်းပေါ်သို့ ပထမဆုံး ရေးထိုးသူသည် ဤကဲ့သို့သော အခြေအနေမျိုးကို ပို၍ ရင်ဆိုင်ရနိုင်သည်။
လူတိုင်း မေးခွန်းထုတ်နေမိသည်။
ဒီလူ သေရမှာကို မကြောက်ဖူးလား?
အမတနယ်မြေတစ်ခုလုံးက ပါရမီရှင်တွေရဲ့ ပစ်မှတ်ဖြစ်လာမှာကို တကယ်ပဲ မကြောက်ဘူးလား!?
……..
တစ်ချိန်တည်းမှာပင်
သံသရာစက်ဝန်း အမတမင်းဆက်တွင် ၊
ရုတ်တရက် ဖြစ်ပေါ်လာသော မဟာလမ်းစဉ် စာရင်း၏ အပြောင်းအလဲကြောင့် စူးယွင်ယွဲ့ နှင့် ယွန်ရွှမ်းရုံတို့မှာ အံ့အားသင့်သွားကြသည်။
စူးယွင်ယွဲ့က အံ့ဩတုန်လှုပ်စွာဖြင့် ဆိုလိုက်သည်။
“ အမေ... ကျွန်မ မမှားဘူးဆိုရင်.... ဒါ မဟာလမ်းစဉ် စာရင်းက ကျွန်မမောင်ကို တုံ့ပြန်နေတာမလား”
“ဒါပေမယ့်.... ကျွန်မ အရင်က မဟာလမ်းစဉ် စာရင်း နာမည်ရေးထိုးနိုင်ဖို့အတွက် ကိုယ့်ရဲ့ရောင်ဝါကို ထုတ်လွှတ်ပြီးမှ တုံ့ပြန်မှုရခဲ့တာပါ”
“ဒါပေမယ့် ချန်ကဲကျတော့....”
ဤအချိန်တွင် စူးယွင်ယွဲ့သည် မည်သည့်စကားကို ဆက်ဆိုရမည်ကိုပင် မသိတော့ချေ။ ဤမြင်ကွင်းသည် သူမ နားလည်ထားသော အတိုင်းအတာထက် ကျော်လွန်နေခဲ့သည်။
“ကြည့်ရတာ... ချန်ကဲက မယုံနိုင်စရာကောင်းတဲ့ ကိစ္စတစ်ခုကို ထပ်ပြီး ဖန်တီးလိုက်ပုံပဲ...”
ဘေးမှ ယွန်ရွှမ်းရုံသည် စကားဆက်မပြောဘဲ ထိုမြင်ကွင်းကို ပြုံးရွှင်စွာဖြင့်သာ ကြည့်နေလိုက်သည်။
မဟာလမ်းစဉ်စာရင်းမှ မဟာလမ်းစဉ်စွမ်းအားများကို သူ့အလိုအလျောက် ထုတ်လွှတ်၍ တုံ့ပြန်နေခြင်းသည် မိခင်တစ်ယောက်အနေဖြင့်၊ သားဖြစ်သူ၏ အနာဂတ်အောင်မြင်မှုအပေါ် မျှော်လင့်မိစေသည်။
ဝီ.....!!!
တောက်ပသော အလင်းတန်းများ ကျဆင်းလာပြီး စူးချန်ကဲတစ်ကိုယ်လုံးကို လွှမ်းခြုံလေသည်။
သို့သော် စူးချန်ကဲအနေဖြင့် အံ့အားသင့်ချိန်တောင်မရလိုက်ဘဲ ထိုစွမ်းအားများထဲမှ ရင်းနှီးကျွမ်းဝင်သော စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။
“ဒါက.... မူလ ဗလာနိတ္ထိစွမ်းအား မဟုတ်လား....”
ထိုစကားကို ပြောလိုက်ချိန်တွင် စူးချန်ကဲ၏ စိတ်ထဲ၌ အနည်းငယ် ရိုက်ခတ်သွားသည်။
မူလ ဗလာနိတ္ထိစွမ်းအားသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ထိုအနှီပုံရိပ်၏ သီးသန့်စွမ်းအား ဖြစ်သင့်သည် မဟုတ်လော။
ဗလာနိတ္ထိ မူလမျှော်စင်မှ ထွက်ခွာလာပြီးနောက် ၊ သူသည် မူလဗလာနိတ္ထိစွမ်းအား နှစ်မျိုးကို ခံစားမိခဲ့သည်။
ပထမတစ်မျိုးမှာ စနစ်မှလာပြီး ၊
ယခု တစ်မျိုးမှာ မဟာလမ်းစဉ်စာရင်းမှ ထွက်ပေါ်လာခြင်းပင်။
“ဒါ ဘယ်လိုဖြစ်တာလဲ”
ဗလာနိတ္တိဟူသည် အရာအားလုံး၏ ဖြစ်စဉ်ဖြစ်ပြီး အရာအားလုံး၏ အစဖြစ်သည်။သို့ဆိုလျှင် ဤမဟာလမ်းစဉ် စာရင်းသည်လည်း ၎င်းနှင့် ဆက်စပ်မှုရှိနေသလော။
သို့ဖြစ်ပါက အမတနယ်မြေ တစ်ခုလုံးနှင့် ဒေဝလောကရှိ စကြဝဠာများသည်လည်း ဗလာနိတ္ထိမှ ဖန်တီးထားခြင်းပင် မဟုတ်လော။
ဘုန်း!!
ရုတ်တရက် ကောင်းကင်ယံသည် ပြင်းထန်စွာ တုန်ခါသွားသည်။
မဟာလမ်းစဉ်၏ ကြီးမားသော နတ်ဘုရားစွမ်းအားများ ကျဆင်းလာပြီး ဤအခိုက်အတန့်တွင် ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုက နိုးထလာသည့်ပုံရသည်။
ရှေးဦးခရမ်းရောင်စဉ်တန်းများသည် အလွှာလိုက် အထပ်လိုက် စုဝေးလာပြီး ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသော နတ်ဘုရားစုတ်တံတစ်ခုအဖြစ် ဖြည်းဖြည်းချင်း စုစည်းသွားသည်။
နတ်ဘုရားစုတ်တံ တစ်ခုလုံးသည် အမတအလင်းများဖြင့် ဝင်းလက်တောက်ပနေပြီး ၊ ထောင်ပေါင်းများစွာသော မဟာလမ်းစဉ်၏ မှော်သင်္ကေတများသည် ၎င်း၏ဘေးပတ်ပတ်လည်တွင် ကခုန်နေသည်မှာ လွန်စွာ ဆန်းကြယ်လှပေသည်။
နတ်ဘုရား စုတ်တံ၏ ဆင်းသက်လာခြင်းနှင့်အတူ ၊ ယခင်က ကောင်းကင်ယံတွင် တည်ရှိခဲ့သော မဟာလမ်းစဉ်၏ ရူပါရုံမြင်ကွင်းများသည် ကြောက်မက်ဖွယ် ကောင်းသော ဖိနှိပ်မှုကို ခံလိုက်ရသကဲ့သို့ မျက်ဝါးထင်ထင် ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ယံပေါ်မှ ဆင်းသက်လာသော နတ်ဘုရားစုတ်တံကို လူတိုင်း မြင်တွေ့ခဲ့သည်။
“အမ်... ဒါက... မဟာလမ်းစဉ်ရဲ့ နတ်ဘုရား စုတ်တံမလား....”
မဟာလမ်းစဉ် နတ်ဘုရားစုတ်တံသည် မဟာလမ်းစဉ်စာရင်း စတင်သည်နှင့် ၊ မဟာလမ်းစဉ်၏စွမ်းအားများဖြင့် ဖန်တီးထားသော မဟာလမ်းစဉ်၏ဓမ္မပုံစံ ဖြစ်သည်။
သို့သော် ယခင်က လုပ်ထုံးလုပ်နည်းများအရ၊ ရှုပ်ထွေးသောအဆင့်များစွာကို ကျော်ဖြတ်ရဦးမည် မဟုတ်လော။
မဟာလမ်းစဉ် စာရင်း၏ ရုတ်ချည်းဖြစ်ပေါ်လာသော ပြောင်းလဲမှုနှင့်အတူ ၊ ယခုတွင် မဟာလမ်းစဉ်၏ နတ်ဘုရားစုတ်တံလည်း ထွက်ပေါ်လာခဲ့ချေပြီ။
“ဘုရားရေ... ဒီမဟာလမ်းစဉ်စာရင်းပေါ် ပထမဆုံး ရေးထွင်းမယ့်သူက မဟာလမ်းစဉ်နဲ့ ဘာအမျိုးတော်တုန်း”
“ဘာလှုံ့ဆော်မှုမှ မရှိပဲ ဘယ်လိုလုပ်ပြီး မဟာလမ်းစဉ်ရဲ့ နတ်ဘုရားစုတ်တံက ထွက်ပေါ်လာတာတုန်း “
“ ဘုရားရေ ! လုပ်ထုံးလုပ်နည်း အများကြီးကိုတောင် လျစ်လျုရှူနိုင်တာ ...မသိတဲ့သူဆို မဟာလမ်းစဉ်ရဲ့ ညီအစ်ကိုလားတောင် မေးယူရနိုင်တယ်”
“အငြင်းပွားမနေနဲ့တော့! မြန်မြန် ကြည့်လိုက်ကြ...မဟာလမ်းစဉ် နတ်ဘုရားစုတ်တံက လှုပ်ရှားလာပြီ ! မဟာလမ်းစဉ်စာရင်းရဲ့ ပထမဆုံး နာမည်ရေးထွင်းတော့မယ်!”
“……..”
ထိုစကားများနှင့်အတူ ၊ လောကကြိီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဒေဝလောကတစ်ခွင်မှ သက်ရှိသတ္တဝါများနှင့် ကျင့်ကြံသူတိုင်းသည် အသက်ပင်အောင့်လျက်၊ ကောင်းကင်ယံပေါ်တွင် ဖြည်းဖြည်းချင်း ရေးသားနေသော မဟာလမ်းစဉ်၏ နတ်ဘုရားစုတ်တံကို မျက်တောင်ပင်မခတ် စိုက်ကြည့်နေကြသည်။
ဒေဝလောကတစ်ခွင်ရှိ ပါရမီရှင်များ၏ ရန်လိုမှုကိုပင် မကြောက်ပဲ ၊ မဟာလမ်းစဉ်စာရင်းပေါ်တွင် ပထမဆုံးအမည်တင်ရန် ကြိုးစားသူမှာ မည်သူဖြစ်ကြောင်း သိရှိလိုသည်။