အခန်း (၆၆၆-၆၆၈)
Vol. 50 Ch. 666-668
အပိုင်း(၆၆၆): ချန်ကဲ ထျန်းတိ့ရဲ့အမည် လောကတစ်ခွင်သို့ ပျံ့နှံ့သွားချေပြီ
ဝုန်း !!
နတ်ဘုရား၏ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
မမြင်ရသော ပုံရိပ်တစ်ခုသည် မဟာလမ်းစဉ်၏ နတ်ဘုရားစုတ်တံကို ကိုင်ကာ ကြယ်တာရာများဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံတွင် ရွေ့လျားနေပုံရသည်။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် မဟာလမ်းစဉ် နတ်ဘုရားစုတ်တံသည် မဟာလမ်းစဉ် စာရင်းသုံးစောင်အနက် ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်းပေါ်သို့ ရောက်ရှိလာသည်။
ယင်းက မရေမတွက်နိုင်သော စွမ်းအားရှင်များနှင့် ပါရမီရှင်များ၏ စူးစမ်းလိုစိတ်ကို ပို၍ တိုးပွားစေခဲ့သည်။
“ ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်းလား”
“ဒီတိုင်းသာဆို.... သူက အောက်ခြေ လောကကနေ တက်ရောက်လာတဲ့ ပါရမီရှင်တစ်ဦးလား”
“ဟားဟား.... ငါ အထင်အရ ဒီလူဟာ ငါတို့ရဲ့ တစ်ထောင်သောကမ္ဘာလောကမှာ သာလွန်ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်ရမယ်!”
တစ်ထောင်သောကမ္ဘာလောကမှာ တက်ရောက်လာသော ရွှေအမတ အဆင့်ရှိ စွမ်းအားရှင်တစ်ဦးက ရယ်မောကာ ပြောဆိုလိုက်သည်။
“ ငါတို့ တစ်ထောင်သောကမ္ဘာလောကမှာ ခုလိုထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ပေါ်ထွန်းလာမယ်လို့ လုံးဝ မထင်ထားဘူး ! ဒေဝလောက ပြန်လည်စတင်တဲ့ ခေတ်ကြီးမှာ ပထမဆုံးသော မဟာလမ်းစဉ်စာရင်း ရေးထွင်းနိုင်တဲ့သူ ဖြစ်လာတာ ဒါကို သမိုင်းမှာ မှတ်တမ်းတင်ထိုက်သလို ခေတ်အဆက်ဆက် အမည်ကျန်ရစ်မှာ သေချာတယ်”
“ဟွန်း! ဘယ်ကလာ တစ်ထောင်သောကမ္ဘာလောက ဖြစ်ရမှာလဲ ၊ ငါ့အမြင့်အရတော့ သူက ငါတို့ အကန့်သတ်မဲ့ စိတ်ကူးယဉ်နယ်မြေကပဲ “
အောက်ကမ္ဘာမှ အမတနယ်မြေသို့ တတ်ရောက်လာသော ရွှေအမတတစ်ဦးက ပြန်လည်ချေပလိုက်သည်။
“ဘာတွေဟန်ဆောင်နေတာတုန်း ၊ လောကသုံးခုထဲမှာ ခွန်အားအရရော ပါရမီရှင်အရေအတွက်နဲ့ ကြည့်မယ်ဆိုရင် ငါတို့ တစ်ထောင်သောကမ္ဘာလောက က ခေါင်းဆောင်နေရာမှာ ရှိတယ်”
“ မင်း မမေ့လိုက်နဲ့ ၊ ငါတို့ တစ်ထောင်သောကမ္ဘာလောက ကနေ အမတနယ်မြေကို တက်ရောက်လာခဲ့တဲ့ ထျန်းယန်တာအိုသခင်ဆိုရင် လက်ရှိ ခေတ်ပြိုင် အမတနယ်မြေရဲ့ သာလွန်အင်အားစုထဲမှာ ထိပ်ဆုံးသုံးနေရာကနေ ပါဝင်တဲ့ မီးလျှံနယ်မြေရဲ့ ဆက်ခံသူတပည့်တစ်ယောက်ပဲ!”
“ဟမ် ! မင်းတို့ တစ်ထောင်သောလောကမှာပဲ ရှိမယ်ထင်တာလား...ငါတို့ အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေမှာရော မရှိတာကြလို့ .. ငါတို့ အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေက သူတော်စင်မက အခုဆိုရင် တားမြစ် အင်အားစု ကိုးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ယောင်ကွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူတောင် ဖြစ်နေပြီ!”
“ မင်းတို့က အဲ့လိုပြောကြေးဆို ...လာလေ ငါတို့ တစ်ထောင်သောလောက က ကျင့်ကြံသူတွေနဲ့ ကောင်းကောင်းကြီး ဆက်ဆွေးနွေးကြတာပေါ့”
“……..”
မတူညီသော လောကကြီးနှစ်ခုမှ စွမ်းအားရှင်များသည် ဆက်လက်ငြင်းခုံနေကြသည်။
“အောက်ခြေလောက” ဟူသည် အမှန်အားဖြင့် မဟာကမ္ဘာကြီး သုံးခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
တစ်ထောင်သောလောက ၊ အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေ ၊ တိုက်မြေ သုံးထောင်နှင့် အခြားရှေးဟောင်း မဟာကမ္ဘာများစွာလည်း ရှိသေးသည်။
အမတနယ်မြေအောက်ရှိ ဤအောက်ခြေလောကများသည် အရေအတွက်အားဖြင့် များပြားလှပြီး၊ လူအများပြောနေကြသည့် ဒေဝလောကအဖြစ် သတ်မှတ်နိုင်သည်။
လောကကြီးနှစ်ခုမှ စွမ်းအားရှင်များ၏ အငြင်းပွားမှုကို နားထောင်ရင်း။
တိုက်မြေ သုံးထောင်မှ တက်ရောက်လာသော အမတလမ်းစဉ် စွမ်းအားရှင်များမှာ တိတ်ဆိတ်နေကြသည်။
သူတို့သည် ကြွားဝါလိုခြင်း မရှိသောကြောင့် မဟုတ်။
အကြောင်းမှာ ဤလောကကြီးနှစ်ခုနှင့် နှိုင်းယှဉ်လျှင် သူတို့၏ တိုက်မြေ သုံးထောင်သည် အမှန်တကယ်ပင် အားအနည်းဆုံး လောကတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။
ထို့အပြင် ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်မည့် ခေတ်ကို ရောက်ရှိလာသဖြင့် အောက်ခြေလောကမှ ပါရမီရှင်များစွာသည် အမတနယ်မြေသို့ တက်ရောက်လာကြသည်။
သို့သော်လည်း စူးချန်ကဲသည် တိုက်မြေ သုံးထောင်မှ ဆင်းသက်လာသူဖြစ်ကြောင်း သူတို့လည်း မသိကြပေ။
မည်သို့ပင်ဖြစ်စေ ၊ သူတို့၏စိတ်ထဲတွင် မျှော်လင့်ချက်အနည်းငယ် ရှိနေဆဲပင် ဖြစ်သည်။
ဤပါရမီရှင်သည် ထိုလောကကြီးနှစ်ခုမှ လုံးဝမဟုတ်ဘဲ သူတို့၏မွေးရပ်မြေ တိုက်မြေ သုံးထောင်မှ ဆင်းသက်လာသူလည်း ဖြစ်နိုင်သည် မဟုတ်လော။
တစ်ချိန်တည်းမှာပင်။
တိုက်မြေ သုံးထောင်၌ ၊
မရေမတွက်နိုင်သော တိုက်မြေအသီးသီးမှ သက်ရှိအပေါင်းတို့နှင့် စွမ်းအားရှင်များသည်လည်း နတ်အလင်းများဖြင့် တောက်ပနေသော မဟာလမ်းစဉ်စာရင်းကို မော့ကြည့်နေကြသည်။
အကြောင်းရင်းကို မသိနိုင်သော်လည်း သူတို့၏စိတ်ထဲတွင် ခံစားချက်တစ်ခု ရှိနေသည်။
ယခင်က တိုက်မြေ သုံးထောင်တစ်ခွင်လုံးကို ထွန်းတောက်စေခဲ့သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကို ယခုအချိန်တွင် ထပ်မံမြင်တွေ့ရမည်ဟု သူတို့ခံစားမိသည်။
အတုမရှိသော ဝတ်ရုံဖြူ အသွင်ပုံရိပ် ၊ ရှုံးပွဲမရှိသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ။
မရေမတွက်နိုင်သော သူတော်စင်နယ်မြေများမှ တပည့်များသည်လည်း မဟာလမ်းစဉ်စာရင်းကို တောက်ပသောမျက်လုံးများဖြင့် စူးစိုက်ကြည့်ရှုနေကြသည်။
စူးချန်ကဲ၏ ယခင်က နောက်လိုက်များဖြစ်ကြသော လီဟောက်ထျန်း၊ ယဲ့လင်ထျန်း၊ ယွင်ရှင်းယန်နှင့် ထန်ဝူအာ စသည့် ...
လူတိုင်း မျက်တောင်ပင်မခတ် ကောင်းကင်ယံပေါ်ရှိ အရာကို စိုက်ကြည့်နေကြသည်။
သူတို့၏ နှုတ်ခမ်းမှ ဤစကားလုံးများကို ရိုသေလေးစားသမှုဖြင့် တသသရွတ်ဆိုနေကြသည်။
“ချန်ကဲထျန်းတိ့ အမည်ဟာ ....”
“ အခုကစ .... ဒေဝလောကတစ်ခွင်လုံးကို ပျံ့နှံ့သွားမယ်.....”
“ချန်ကဲထျန်းတိ့ရဲ့ ဘုန်းအသရေဟာ.... နောက်ဆုံးမှာ ဒေဝလောကတစ်ခွင်လုံးရဲ့ နေရာတိုင်းကို ရောက်ရှိသွားပြီး ထွန်းတောက်သွားစေမယ်....”
……….
တစ်ချိန်တည်းမှာပင်။
ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်းပေါ်သို့ ဆင်းသက်လာသော မဟာလမ်းစဉ် နတ်ဘုရားစုတ်တံသည် စတင်၍ ရေးသားလာခဲ့သည်။
မဟာလမ်းစဉ်၏ နတ်ဘုရားစွမ်းအားများဖြင့် ပြည့်ဝနေသော ရွှေရောင်အက္ခရာကြီးများသည် နောက်ဆုံးတွင် ကောင်းကင်ယံ၌ ရောင်ပြန်ဟပ်လို့လာချေပြီ။
သို့သော် အမတနယ်မြေရှိ လူတိုင်း မျှော်လင့်မထားသည်မှာ ဤမဟာလမ်းစဉ် နတ်ဘုရားစုတ်တံသည် မဟာလမ်းစဉ်၏ မိုးကြိုးပစ်ခတ်မှုတစ်ခုကို ဆောင်ကျဉ်း၍ ထွက်ပေါ်လာခဲ့ခြင်းပင်။
တောက်ပသော အက္ခရာကြီးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် အမတနယ်မြေရှိ လူပေါင်းများစွာတို့သည် သူတို့၏ နားလည်နိုင်စွမ်းကို ဆန့်ကျင်သည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။
ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်းအောက်တွင် ပထမဆုံး မြင်လိုက်ရသည်မှာ ရွှေရောင်တဝင်းဝင်းဖြင့် တောက်ပနေသော စာသားတစ်ခုပင် ဖြစ်သည်။
【အမည်】- စူးချန်ကဲ!
….
တိတ်ဆိတ်ငြိမ်သက်လျက် ။
အမတနယ်မြေ တစ်ခုလုံးသည် အေးခဲသွားသကဲ့သို့ ၊ အချိန် စီးဆင်းမှုသည်ပင် ရပ်တန့်သွားသလား အောက်မေ့ရသည်။
“စူးချန်ကဲ” ဟူသော အက္ခရာသုံးလုံးကို မြင်တွေ့လိုက်ရသော အမတနယ်မြေရှိ ကျင့်ကြံသူများစွာတို့သည် မျက်လုံးများပြူးကျယ်လျက် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
အကြောင်းမှာ ယခင်က အင်အားစုကြီးသုံးဖွဲ့မှ ကြေညာချက် ထုတ်ပြန့်ထားခဲ့သော အမည်တစ်ခု ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
အမတနယ်မြေ တစ်ခွင်တွင် ဤအမည်ကို မကြားဖူးသူ မည်သူရှိမည်နည်း။
တားမြစ် စူးမိသားစု၏ သခင်ငယ်၊ သံသရာစက်ဝန်း အမတမင်းဆက်မှ မင်းသား ၊ ကွေးယွမ်အမတဂိုဏ်း၏ဆက်ခံသူ ...
အမတနယ်မြေမှာ ဒီအမည်နဲ့ အခြားဘယ်သူ ရှိနိုင်ဦးမှာလဲ!?
“ ဒါက... ဒါက... တားမြစ်အင်အားစု သုံးဖွဲ့ရဲ့ တူညီတဲ့ဆက်ခံသူ စူးချန်ကဲပဲ!!”
အမတဘုရင်တစ်ပါးသည် သူ၏ စိတ်ထဲက ကြောက်ရွံ့မှုကိုပင် မထိန်းနိုင်တော့ဘဲ ရုတ်တရက် အော်ဟစ်လိုက်သည်။
ဤကဲ့သို့သော အာမေဋိတ်သံများကြား ၊ မရေမတွက်နိုင်သော ပါရမီရှင်များနှင့် စွမ်းအားရှင်တို့သည် နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။
“ မဟာလမ်းစဉ်စာရင်းပေါ် ပထမဆုံး ရေးထိုးနိုင်ခဲ့တဲ့သူက စူးချန်ကဲဖြစ်မယ်လို့ လုံးဝမထင်ခဲ့ဘူး!”
“အမ်....! တားမြစ်အင်အားစု သုံးဖွဲ့က လူတွေ သူတို့ရဲ့ဆက်ခံသူအပေါ် အခက်အခဲတွေ ပိုတိုးလာစေချင်တာလား!?”
“အမတနယ်မြေ တစ်ခွင်လုံးက ပါရမီရှင်တွေရဲ့ ရန်လိုမှုကို ခံရတာနဲ့တင် မလုံလောက်သေးဘူးလား....သူ့ကို မဟာလမ်းစဉ်စာရင်းပေါ် ပထမဆုံးအမည်တင်သူအဖြစ် ဒေဝလောကတစ်ခွင်လုံးက ပါရမီရှင်တွေရဲ့ ရန်လိုမှုကိုပါ ခံယူစေချင်တာလား”
“တားမြစ်အင်အားစု သုံးဖွဲ့က လူတွေ တကယ်ကို နားမလည်နိုင်စရာပဲ! ဘယ်လိုမှ မှန်းဆလို့မရဘူး!”
“အခြားအင်အားစုတွေကတော့ သူတို့ရဲ့ဆက်ခံသူတွေ ပစ်မှတ်ထားခံရမှာကို ကြောက်နေကြတာ... ဒင်းတို့ကတော့ သူတို့ရဲ့ဆက်ခံသူကို မီးပုံထဲ အတင်းတွန်းချနေတယ်!”
“ ဒီစူးချန်ကဲက အလွန် စွမ်းအားကြီးမားလို့ သူတို့ အဲ့လောက်တောင် ယုံကြည်ချက်ရှိနေတာလား!?”
“………”
အမတနယ်မြေရှိ ပါရမီရှင်များနှင့် စွမ်းအားရှင်များစွာ အငြင်းပွားနေကြစဉ်...
တိုက်မြေ သုံးထောင်မှ သက်ရှိအပေါင်းတို့နှင့် ကျင့်ကြံသူများကြား အလားတူ ဆူညံပွက်လောရိုက်သွားသည်။
“ဒါ.. ချန်ကဲထျန်းတိ့! ချန်ကဲထျန်းတိ့ပဲ!”
“ချန်ကဲထျန်းတိ့က အမတနယ်မြေရဲ့ မဟာလမ်းစဉ်စာရင်းပေါ် ရေးထိုးနိုင်ခဲ့မယ်လို့ ထင်မထားဘူး”
“ ဒါဟာ တိုက်မြေ သုံးထောင်အတွက် ကံကောင်းခြင်းပဲ!!”
“…….”
မရေမတွက်နိုင်သော တိုက်မြေများမှ သက်ရှိအပေါင်းနှင့် ကျင့်ကြံသူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ စူးချန်ကဲဆိုသည့် အမည်သုံးလုံး၏ အရေးပါမှုကို သူတို့အားလုံး နက်ရှိုင်းစွာ နားလည်ထားကြသည်။
ထိုအမည်သည် တိုက်မြေ သုံးထောင်၏ ဒဏ္ဍာရီလာ ။
တိုက်မြေ သုံးထောင်၏ သမိုင်းတွင် ခေတ်အဆက်ဆက်တွင်ကျန်ရစ်မည့် ထျန်းတိ့တစ်ပါးပင်တည်း။
အပိုင်း(၆၆၇): ချန်ကဲထျန်းတိ့၏ ထင်ရှားကျော်ကြားသော အောင်မြင်မှုများ
သူတို့၏ ချန်ကဲထျန်းတိ့သည် အမတတနယ်မြေသို့ ရောက်ရှိပြီးနောက်ပိုင်းတွင်လည်း ၎င်း၏ဘုန်းတန်ခိုးကို ယခုလို ပြန်လည် မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သို့သော်။
အမှန်တရားကို မသိကြသေးသော ဒေဝလောကရှိ စကြဝဠာများမှ ကျင့်ကြံသူများ၊ တစ်ထောင်သောလောက နှင့် အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေမှ လူများသည် စူးချန်ကဲသည် မည်သူဖြစ်မှန်း မသိကြပေ။
အဘယ်ကြောင့်ဆိုသော် ယခင်က တားမြစ်အင်အားစုကြီး သုံးဖွဲ့သည် အမတနယ်မြေကိုသာ ကြေညာထားခဲ့ပြီး ၊ ဒေဝလောကတစ်ခွင်လုံးကို ကြေညာထားခြင်း မရှိသောကြောင့် ဖြစ်သည်။
ထို့အပြင် သူတို့သည် တိုက်မြေ သုံးထောင်မှ ဆင်းသက်လာသူများ မဟုတ်ကြပေ။
တစ်ထောင်သောလောကမှ ကျင့်ကြံသူအချို့က အရှက်မရှိ ပြောဆိုလိုက်ကြသည်။
“စူးချန်ကဲ လား...ငါ သိတယ်၊ သူက ငါတို့ တစ်ထောင်သောလောကရဲ့ ပါရမီရှင်လေ!”
“ဟုတ်တယ်၊ အတုမရှိတဲ့ ပါရမီရှင်ဆိုတာ သူပဲ!”
“ဟမ်! ချီးစကားတွေ..အဲ့ဒီ စူးချန်ကဲ ဆိုတာက ငါတို့ အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေ က လူပဲ!”
အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေမှ ကျင့်ကြံသူများက ပြန်လည်ချေပကြသည်။
“သူက စူးမျိုးနွယ်လေ ..ငါတို့ အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေမှာ စူးမျိုးနွယ်ဆိုတာ ရှိတယ်၊ သူတို့က ငါတို့ အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေရဲ့ အထက်တန်းစား အင်အားစုကြီးလေ “
“ဒီ စူးချန်ကဲ ဆိုတာကလည်း အဲ့မျိုးနွယ်စုကပဲ!”
“……..”
“ ဘယ်နေရာကနေပဲ ကြည့်ကြည့် ၊ စူးချန်ကဲ က ငါတို့ အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေရဲ့ အထူးချွန်ဆုံး ပါရမီရှင်ပဲ”
မဟာကမ္ဘာနှစ်ခုမှ ကျင့်ကြံသူများ အချေအတင် ငြင်းခုံနေကြစဉ် ၊ အမှန်တရားက သူတို့ကို ပါးရိုက်ချလိုက်သည်။
ထိုစဉ် ၊ ပြိုးပျက်စွာ တောက်ပနေသော စာသားတစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။
【လာရာဒေသ】- တိုက်မြေသုံးထောင်
ထိုစာသားများ ပေါ်ထွက်လာသည်နှင့်တပြိုင်နက် တစ်ထောင်သော လောက နှင့် အကန့်အသတ်မဲ့ စိတ်ကူးယဉ်နယ်မြေမှ လူများမှာ အသံတိတ်သွားကြသည်။
စူးချန်ကဲသည် မိမိတို့ကမ္ဘာမှ ပါရမီရှင်ဟု ဂုဏ်ယူစွာ ပြောခဲ့ကြသော်လည်း၊ ရလဒ်အနေဖြင့် စူးချန်ကဲသည် တိုက်မြေသုံးထောင်မှဖြစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။
ဤအဖြေသည် သူတို့ မျှော်လင့်ထားသည်ထက် လုံးဝ ကွဲပြားနေပြီး၊ မျက်နှာမဖော်နိုင်အောင်ပင် ဖြစ်စေသည်။
အမှန်အားဖြင့် သူတို့သည်လည်း စူးချန်ကဲ၏ ဇာစ်မြစ်ကို မသိကြပေ။
အဘယ်ကြောင့်ဆိုသော် အင်အားစုကြီးများသည် စူးချန်ကဲ၏ အချက်အလက်များကို ထိမ်ချန်ထားကြပြီး၊ ထို့အပြင် တားမြစ်အင်အားစုကြီး သုံးဖွဲ့၏ ဆက်ခံသူအကြောင်းကို မည်သူကမှ ပြောင်ပြောင်တင်းတင်း မစုံစမ်းဝံ့ပေ။
တိုက်မြေသုံးထောင်မှ အမတနယ်မြေသို့ ရောက်ရှိလာသော စွမ်းအားရှင်များက ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် အားရပါးရ ရယ်မောလိုက်ကြသည် ။
“ဟားဟား... စူးချန်ကဲ ဆိုတာက ငါတို့ တိုက်မြေသုံးထောင်ကပဲ”
“ ငါတို့ တိုက်မြေသုံးထောင်မှာ ဒီလိုထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာတာ ဒါသုံးဘဝတိုင်တိုင် ကံကောင်းခြင်းပဲ!”
“……..”
“ဒေဝလောက ပြန်လည်စတင်ရာခေတ်မှာ.. မဟာလမ်းစဉ်စာရင်းမှာ ခုလို ပထမဆုံး စာရင်းတင်နိုင်တဲ့ ပါရမီရှင်ဖြစ်လာတာ ဒါ ဂုဏ်ယူစရာပဲ... တိုက်မြေသုံးထောင်က ပြည်သူတွေလည်း ဒီရဲ့ ပျော်ရွှင်မှုကို ဝေမျှခံစားကြလိမ့်မယ်”
သူတို့သည် စူးချန်ကဲ၏ မူလဇာစ်မြစ်ကို မသိကြသော်လည်း၊ သူ၏ အထောက်အထားကို သိရှိထားကြသည်။
အမတနယ်မြေရှိ တားမြစ်အင်အားစုကြီး သုံးဖွဲ့၏ ဆက်ခံသူတစ်ယောက် ဖြစ်ပြီး ၊ နောက်ခံအင်အားမှာ အတုမရှိ ပြိုင်ဘက်ကင်းလှသည်။
သို့သော်၊ တစ်ထောင်သောလောကမှ လူများက မကျေနပ်ဘဲ တီးတိုးပြောဆိုနေကြသည်။
“ဟမ်.. စူးချန်ကဲရဲ့ နောက်ခံအင်အားက ပြင်းထန်ပေမယ့်လည်း ဒါပေမဲ့ သူလည်း အောက်လောက ကနေ အမတနယ်မြေကို တက်လာတဲ့သူပဲလေ”
“သူ့မှာ တောက်ပတဲ့ အောင်မြင်မှုတွေက ဘာရှိဦးမှာလဲ”
“ဟုတ်တယ် ..ငါတို့ မဟာလောက နှစ်ခုရဲ့ ပေါင်းစပ်အင်အားက တိုက်မြေသုံးထောင်ထက် သာလွန်တယ် ၊ အဲ့လိုကမ္ဘာကနေ ပေါ်ထွက်လာတဲ့ ပါရမီရှင်အနေနဲ့ တောက်ပတဲ့ အောင်မြင်မှုတွေ ရှိမယ်မထင်ဘူး”
“…….”
အမတနယ်မြေရှိ မရေတွက်နိုင်သော အင်အားစုတိုင်း ထိုကဲ့သို့အတွေးမျိုး ရှိကြသည်။
စူးချန်ကဲသည် အမတနယ်မြေ၏ ခေတ်ပြိုင် ပါရမီရှင်တစ်ဦးဟု မှတ်ယူထားသော်လည်း၊ အောက်လောကမှ တက်ရောက်လာသူ ဖြစ်ကြောင်း မသိခဲ့ကြပေ။
အောက်လောကဆိုသည့်အတိုင်း ၊ စူးချန်ကဲတွင် ထင်ရှားကျော်ကြားသော အောင်မြင်မှုများ ရှိခဲ့လျှင်တောင် မည်မျှကြီးကျယ်နိုင်မည်နည်း။
အချို့က မိမိသည် တိုက်မြေသုံးထောင်တွင် ရှိနေခဲ့ပါက ၊ ထိုကဲ့သို့ ထင်ရှားသော အောင်မြင်မှုများကို ရရှိနိုင်မည်ဟု တွေးနေကြသည်။
အဘယ်ကြောင့်ဆိုသော် တိုက်မြေသုံးထောင်သည် မဟာလောကသုံးခုအနက် အင်အား အနည်းဆုံးနေရာဖြစ်သောကြောင့်ပင်။
သို့သော်၊ နောက်ပိုင်းဖြစ်ရပ်များက သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးခဲ့လေသည်။
လူ အထက် လူ ၊ ကောင်းကင်အထက် ကောင်းကင်အလွန် ရှိသည်ဟူသော စကားအတိုင်းပင်။
[ ထင်ရှားသော အောင်မြင်မှု တစ် ] - ကျင့်ကြံလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းခဲ့ချိန်မှစကာ သူသည် တိုက်မြေ သုံးထောင်တွင် မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ပြီး ၊ ရန်သူအားလုံးကို အနိုင်ယူခဲ့သည်။
[ ထင်ရှားသော အောင်မြင်မှု နှစ်] - ပထမဆုံး ထာဝရစစ်ပွဲတွင်၊ သူတော်စင်အရှင် အဆင့်ထက်နိမ့်သော ကျင့်ကြံမှုဖြင့် သူသည် သူတော်စင်အရှင် တစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့သည်။
[ ထင်ရှားသော အောင်မြင်မှု သုံး] - တိုက်မြေသုံးထောင်ရှိ ခွင်းလွင်တောင်တွင် သူတော်စင်အရှင် အဆင့်ကို ရောက်ရှိခဲ့ပြီး၊ သူတစ်ယောက်တည်းဖြင့် အဆင့်တူညီသည့် သူတော်စင်အရှင် များကို ထောင်နှင့်ချီ သတ်ဖြတ်ခဲ့သည်။
[ ထင်ရှားသော အောင်မြင်မှု လေး] - သုံးနှစ်အတွင်း ဧကရာဇ်အဆင့်ကို အောင်မြင်ခဲ့ပြီး ၊ ထိုအဆင့်မှာပင် အပြင်းထန်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
…..
စူးချန်ကဲ၏ ထင်ရှားကျော်ကြားခဲ့သော အောင်မြင်မှုများသည် မရေမတွက်နိုင်အောင်ပင်။ ယင်းတို့သည် စူးချန်ကဲ၏ အတုမရှိ ပြိုင်ဘက်ကင်းသော အတိတ်ကာလနှင့် သူ၏ ကြီးကျယ်ခမ်းနားသော မဟာလမ်းစဉ် ခရီးကို ဖော်ကျူးပြသနေသည်။
အထူးသဖြင့် အောက်ဖော်ပြပါ စာပိုဒ်နှစ်ပိုဒ်ကို ဖတ်ရှုလိုက်ရချိန်တွင် ဒေဝလောကရှိ မရေမတွက်နိုင်သော သက်ရှိအပေါင်းတို့ကိုပင် အတိုင်းမသိသော ရိုသေလေးစားမှုများ ဖြစ်ပေါ်လာစေသည်။
[ထင်ရှားသော အောင်မြင်မှု ကိုး] - စစ်သည် ထောင်ပေါင်းများစွာကို ဦိးဆောင်လျက် ၊ တိုက်မြေ သုံးထောင်၏ ပြင်ပနယ်မြေသို့ သွားရောက်ကာ မိမိအင်အားထက် အဆပေါင်းများစွာ သာလွန်သော ပြင်ပတပ်မတော်ကြီးကို အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် ကျန်ရှိသော တပ်ဖွဲ့သားများကို ကာကွယ်ရန်အတွက် သူနှင့် အဆင့်တူညီသည့် မဟာဧကရာဇ်မင်းဆယ်ပါးကို ဦးဆောင်ကာ ပြင်ပတပ်သား ထောင်ပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၊ တိုက်မြေပြင်ပနှင့် စည်းလုံးညီညွတ်ရေး ကိစ္စတွင် အဓိကအကျဆုံးအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ဤရွှေရောင် စာသားများကို မြင်တွေ့လိုက်ရသည်နှင့်၊
မရေမတွက်နိုင်သော သက်ရှိသတ္တဝါများနှင့် စွမ်းအားရှင်များ၏ စိတ်နှလုံးသားထဲတွင် ထိုစိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းများ ထွက်ပေါ်လာခဲ့သည်။
သွေးများဖြင့် စွန်းထင်းနေသော အဖြူရောင်ဝတ်စုံဖြင့် အမျိုးသားတစ်ဦးသည် သွေးများဖြင့် ပေကျံနေသော ဓားရှည်တစ်လက်ကို သူ့လက်တွင် ဆုပ်ကိုင်ထားသည်။
ဓားတစ်လက်ဖြင့် မိုးကုတ်စက်ဝိုင်းပေါ်တွင် ရပ်နေပြီး ၊ အဖြူရောင် ဝတ်ရုံထည်သည် တဖျပ်ဖျပ်လွင့်ကာ ဆံနွယ်များက လေနှင့်အတူ ဝဲပျံနေသည်။
သူ၏ ဘေးပတ်ပတ်လည်တွင် မရေတွက်နိုင်သော တပ်ဖွဲ့များနှင့် ရန်သူစစ်သည်များ ဝိုင်းရံနေသော်လည်း၊ သူသည် ခြေတစ်လှမ်းမျှ ဆုတ်ခွာမသွားဘဲ ဓားတစ်လက်နှင့်အတူ သူတစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်နေသည်။
ဓားလှံများ၏ ဖောက်ထွင်းမှုကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ဒဏ်ရာများစွာ ရထားသော်လည်း သူသည် နောက်သို့ တစ်လှမ်းမျှ ဆုတ်ခွာမသွားခဲ့ပေ။
ဓားတစ်လက်ကို ကိုင်ဆောင်ရင်း သူတစ်ဦးတည်းဖြင့် တိုက်မြေသုံးထောင်အတွက် မျှော်လင့်ချက် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးခဲ့သည်။
[ ထင်ရှားသော အောင်မြင်မှု တစ်ဆယ်] - တိုက်မြေပြင်ပ ကို ပေါင်းစည်းပြီးနောက် ၊ တိုက်မြေသုံးထောင်မှ မရေမတွက်နိုင်သော စစ်သည်တော်များကို ဦးဆောင်ကာ ဇီဝ တားမြစ်နယ်မြေကို ချီတက်တိုက်ခိုက်ခဲ့သည်။ လူသားလမ်းစဉ် ကျင့်ကြံမှုအဆင့်သာ ရှိသေးသော်လည်း ဧကရာဇ်လမ်းစဉ် လွတ်မြောက်သူခြောက်ဦးကို သူ တစ်ဦးတည်းဖြင့် ရင်ဆိုင်တိုက်ခိုက်ကာ အောင်မြင်မှု ရရှိခဲ့သည်။ နောက်ပိုင်းတွင် တိုက်မြေသုံးထောင်ရှိ မရေတွက်နိုင်သော သက်ရှိအပေါင်းတို့နှင့် စွမ်းအားရှင်များက သူ့အား ‘ ထာဝရ ထျန်းတိ့’အဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
အဆိုပါ ထင်ရှားသော အောင်မြင်မှုကြီးကို ဖတ်ရှုပြီးသည့်အခါတွင် ၊
လူတိုင်း၏ အမြင်အာရုံထဲ၌ နောက်ထပ် မြင်ကွင်းတစ်ခု ပေါ်ထွက်လာပြန်သည်။
မြင်းစစ်သည်များ၏ ထိပ်တိုက်တွေ့ဆုံနှင့် အတူ၊ ဓားလှံတို့၏ ပွတ်တိုက်သံများကြားတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦး၏ ဦးဆောင်မှုအောက်တွင် စစ်သည်အပေါင်းတို့သည် ဇီဝတားမြစ်နယ်မြေဆီသို့ ကြီးကျယ်ခမ်းနားစွာ ချီတတ်ကြလေသည်။
ထိုအဖြူရောင်ဝတ်ရုံဖြင့် ပုဂ္ဂိုလ်သည် အတုမရှိ ပြိုင်ဘက်ကင်းပုံရပြီး ၊ မရေမတွက်နိုင်သော စစ်သားထောင်ပေါင်းများစွာနှင့် သံချပ်ကာများကို ကွပ်ကဲအုပ်ချုပ်နေသည်မှာ လွန်စွာ ခမ်းနားထည်ဝါပေသည်။
သူ၏ကြွေးကြော်မှုနှင့်အတူ ၊ စစ်သင်္ဘောများသည် တုန်လှုပ်မြည်ဟည်းလျက် သံချပ်ကာ စစ်သည်တို့သည် အပြင်းအထန် ချီတတ်တိုက်ခိုက်လျက် ရှိသည်။
ဓားတစ်ချက် ထုတ်လိုက်သည်နှင့် မိုးမြေတို့သည် တုန်လှုပ်လျက် ၊ ရန်သူစစ်သည်များစွာ ကျဆုံးရသည်။
အေးစက်သော အပြုံးတစ်ပွင့်သည် ရန်သူ၏တပ်စခန်းများကို မီးတောက်များနှင့်အတူ ပြာကျသွားစေသည်။
ထိုအဖြူရောင်ဝတ်ရုံဖြင့် ပုဂ္ဂိုလ်သည် တိုက်မြေသုံးထောင်ရှိ မရေမတွက်နိုင်သော သက်ရှိအပေါင်းတို့၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်သကဲ့သို့၊ သူတို့၏မျက်လုံးထဲတွင် ထာဝရ ထျန်းတိ့တစ်ပါးအဖြစ် မှတ်ယူထားသည်။
ဒေဝလောကရှိ သက်ရှိအပေါင်းတို့သည် ယနေ့တွင် စူးချန်ကဲ၏ ထင်ရှားသော အောင်မြင်မှုများကို မျက်မြင်ကိုယ်တိုင် မတွေ့ခဲ့ရပါက ၊
ဒေဝလောကတစ်ခွင်တွင် ဤကဲ့သို့ စိတ်ဓာတ်ပြင်းထန်သော ပုဂ္ဂိုလ်တစ်ယောက် ရှိနေမည်ကို သူတို့ စိတ်ကူးကြည့်နိုင်မည်မဟုတ်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော တိုက်မြေသုံးထောင်မှ သက်ရှိအပေါင်းတို့နှင့် ကျင့်ကြံသူတို့သည် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များပင် ဝဲလာကြသည်။
သူတို့၏စိတ်ထဲတွင် ခေတ်သစ်ကို ဦးဆောင်ပေးခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးကို ပြန်လည်အောက်မေ့နေမိသည်။
အဖြူရောင် ဝတ်ရုံထည်သည် တဖျပ်ဖျပ်လွင့်လျက် ၊ ထိုပုဂ္ဂိုလ်သည် လောကအထက်တွင် ရပ်ကာ တည်ငြိမ်အေးချမ်းသော အမူအရာကို ထိန်းသိမ်းထားသည်။
ထိုပုဂ္ဂိုလ်သည် သူတို့၏ နှလုံးသားထဲတွင် အနက်ရှိုင်းဆုံး ရေးထိုးထားသည့် ရှုံးပွဲမရှိသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သကဲ့သို့၊
တိုက်မြေသုံးထောင်၏ ယုံကြည်ကိုးကွယ်ရာ၊ ထာဝရထျန်းတိ့ တစ်ပါးလည်း ဖြစ်ပေသည်။
အပိုင်း(၆၆၈): အမည်မသိ ကိုယ်ထည်များ
မျက်စိတစ်ဆုံး ဆက်လက်ကြည့်ရှုမည်ဆိုပါက ၊
စူးချန်ကဲ၏ ထင်ရှားကျော်ကြားသော အောင်မြင်မှုများကို တစ်ခုပြီးတစ်ခု တွေ့ရပေလိမ့်မည်။
[ ထင်ရှားသော အောင်မြင်မှု တစ်ဆယ့်သုံး] - အမတလျှောက်လှမ်းတွင် လူသားလမ်းစဉ် အဆင့်သာ ရှိသေးသော်လည်း၊ သူ တစ်ဦးတည်းဖြင့် ကြွင်းကျန် အမတကိုးဦးကို သတ်ဖြတ်ခဲ့သည်။
ဤဖြစ်ရပ်သည် အမတနယ်မြေရှိ မရေမတွက်နိုင်သော အမတများကို အံ့အားသင့်သွားစေခဲ့သည်။
လောကကြီးကို စတင်ဖွဲ့စည်းကတည်းက၊ အမတလမ်းစဉ် နှင့် လူသားလမ်းစဉ်တို့သည် မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်ကို သင် သိရမည်။
လူသားလမ်းစဉ် အဆင့်တွင်ပင် အမတလမ်းစဉ် ကျင့်ကြံသူများကို အမှန်တကယ်ပင် သတ်ဖြတ်ခဲ့လေသလော။
ယခင်က စူးချန်ကဲ၏ အောင်မြင်မှုများသည် ချဲ့ကားထားသည်ဟု ဆိုပါက ၊ ယခုဖြစ်ရပ်သည် မယုံနိုင်လောက်အောင် ဆန်းကြယ်ပေသည်ဟု တင်စားရပေမည်။
ကြွင်းကျန် အမတများဖြစ်သော်လည်း၊ စစ်မှန်သော အမတများဖြစ်သည်ဟု မဆိုနိုင်လျှင်တောင် မည်သို့ပင်ဖြစ်စေ သူတို့သည် အမတလမ်းစဉ်ပေါ်သို့ ခြေတစ်ဖက်လှမ်းပြီးသား စွမ်းအားရှင်များဟု ခေါ်ဆိုနိုင်သည်။
ဒါကို လူသားလမ်းစဉ် ကျင့်ကြံသူတစ်ဦးက ကိုးဦးတိတိ သတ်ဖြတ်ခဲ့သတဲ့လား!?
ဤအရာသည် လုံးဝကို မယုံနိုင်စရာပင်။
နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော အမတဘုရင်အဆင့်ရှိ စွမ်းအားရှင်များပင်လျှင် မယုံကြည်နိုင်ဖြစ်နေကြသည်။
အမတလမ်းစဉ်နှင့် လူသားလမ်းစဉ်၏ ကွာဟချက်သည် မည်မျှကြီးမားသည်ကို သူတို့ အသိဆုံး ဖြစ်သည်။
သို့သော် ဤအချက်အလက်များသည် မဟာလမ်းစဉ်၏ နတ်ဘုရားစုတ်တံ ကိုယ်တိုင် ရေးသားထားခြင်းဖြစ်ပြီးး ၊ မှားယွင်းနိုင်ခြေ လုံးဝမရှိပေ။
သူတို့၏စိတ်ထဲတွင် မည်မျှပင် မယုံကြည်နိုင်ပါစေ ၊ ဤအမှန်တရားကို လက်ခံရမည်သာဖြစ်သည်။
“ဟမ် ! ကြွင်းကျန် အမတအဆင့်နဲ့ ဘာဖြစ်တုန်း ...စစ်မှန်တဲ့ အမတ တွေမှ မဟုတ်တာ “
“ ချီ နဲ့ သွေးစွမ်းအင် ချို့တဲ့လို့.. ဟိုမဟုတ် ဒီမဟုတ်အဆင့်ဖြစ်နေတာများ....”
အမတနယ်မြေမှ ထူးချွန်ထက်မြက်သော ပါရမီရှင်အချို့က အေးစက်စွာ ဆိုလေသည်။
“ ကြက်ကန်းဆန်အိုး တိုးသွားတာ နေမှာပေါ့... အဲ့တာကြောင့်လည်း ဒီစူးချန်ကဲက ဒီလောက်ထိ ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်မှုကို ရခဲ့တာ ဖြစ်မယ်”
ထိုနည်းတူစွာ ၊ ဒေဝလောကရှိ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များသာမက၊ အမတနယ်မြေမှ မရေမတွက်နိုင်သော ထူးချွန်ထက်မြက်သည့် ပါရမီရှင်များလည်း ဤကဲ့သို့ အတွေးမျိုးရှိကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် အထွတ်အထိပ်ရှိ မျိုးဆက်သစ်ပါရမီရှင်များ ဖြစ်သည်နှင့်အလျောက် ကောင်းကင်ဘုံကို ဆန့်ကျင့်နိုင်သည့် ပါရမီများကို ပိုင်ဆိုင်ထားကြသည်။
စူးချန်ကဲ၏နောက်ခံအင်အားသည် အမှန်တကယ်ပင် ပြင်းထန်သော်လည်း ၊ မည်သို့ပင်ဖြစ်စေ ပါရမီနှင့် အရည်အချင်းအရ သူတို့သည်လည်း အားမနည်းချေ။
ထို့အပြင်၊ စူးချန်ကဲ၏ “ထာဝရထျန်းတိ့” ဟူသော ဘွဲ့အမည်ကို သူတို့သည် ရန်လိုသောသဘောထားဖြင့် ရှုမြင်ကြသည်။
သူတို့အားလုံးထဲတွင် အမတနယ်မြေ၏ ခေတ်ပြိုင် ပါရမီရှင်များနှင့် ခေတ်ဟောင်း ပါရမီရှင်များလည်း ပါဝင်ပေသည်။
အဆင့်နိမ့်ကမ္ဘာကနေ တက်ရောက်လာတဲ့ ပါရမီရှင်တစ်ယောက် ကိုယ့်ကိုယ်ကို “ထာဝရထျန်းတိ့” လို့ ခေါ်ဝံ့သတဲ့လား!?
“ဟမ် ... စူးချန်ကဲက တကယ်ကို သန်မာပြီး၊ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်နိုင်တယ်ဆိုပေမဲ့ ...”
“ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ‘ထာဝရထျန်းတိ့’ အဖြစ် သတ်မှတ်တာ သိပ်မောက်မာလွန်းတယ်”
“မှန်တယ် ...ငါတို့အမတနယ်မြေမှာ ရှိတဲ့ အမတဧကရာဇ်မင်းတွေတောင်မှ ဒီလိုဘွဲ့အမည်ကို မခံယူရဲဘူး...ဒီ စူးချန်ကဲက အမတဧကရာဇ် အဆင့်တောင် မဟုတ်ဘူး... ဘာအခွင့်အရေးနဲ့ သူ့ကိုယ်သူ ‘ထာဝရထျန်းတိ့’ လို့ သမုတ်ရဲတာလဲ”
“ တကယ်ကို မောက်မာလွန်းတယ်!”
“ ဒီစူးချန်ကဲက ဘယ်လိုခန္ဓာတွေ ပိုင်ဆိုင်ထားလဲ ဆိုတာ ငါ ကြည့်လိုက်ဦးမယ်.. မဟာလမ်းစဉ်ရဲ့ သာမန် သူတော်စင်ခန္ဓာကိုယ်လောက်နဲ့ ‘ထာဝရထျန်းတိ့’ လို့ ဝံကြွားရဲသလား”
“အဲ့အတိုင်းသာဆို လူရယ်စရာဖြစ်တော့မှာပဲ”
“……..”
အမတနယ်မြေ နှင့် ဒေဝလောကရှိ ပါရမီရှင်များစွာတို့၏ စိတ်ထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် စိတ်ကို ပြန်လည်စုစည်းကာ ကောင်းကင်ယံ၌ ဆက်လက်ရေးသားနေသော မဟာလမ်းစဉ်၏ နတ်ဘုရားစုတ်တံကို ကြည့်လိုက်ကြသည်။
[ ကျင့်ကြံဆင့် ] - စစ်မှန်အမတ နယ်ပယ် ဆဋ္ဌမအဆင့်။
ဤရွှေဝါရောင်စာသားများ ထွက်လာသည်နှင့် ၊
မရေမတွက်နိုင်သော ပါရမီရှင်များနှင့် စွမ်းအားရှင်များက ဟက်ဟက်ပက်ပက် ရယ်မောကြလေသည်။
“ဟားးး... ငါကတော့ ပြိုင်ဘက်ကင်းတဲ့ အဆင့်လောက်ရှိမယ်လို့ ထင်ထားတာ”
“အစကတော့ စစ်မှန်အမတ နယ်ပယ်ရဲ့ နဝမအဆင့်ထိ ရောက်လောက်ပြီလို့ ထင်နေတာ ...အခုမှ ဆဋ္ဌမအဆင့်ပဲ ရှိဦးမယ်လို့ ဘယ်သူက ထင်မှာလဲ”
“ဟားဟားဟား....စူးချန်ကဲ ငါ အရမ်းအထင်ကြီးသွားခဲ့တယ်.. စိတ်တောင်မကောင်းဘူး”
“ ဆဋ္ဌမအဆင့်တဲ့လား ...ငါဆို အဋ္ဌမအဆင့်တောင် ရောက်နေပြီ..ငါက စူးချန်ကဲထက် အဆင့်နှစ်ဆင့် သာတာပဲ ..ဒီတိုင်းသာဆို ငါက သူ့ထက် ပိုတော်တယ်လို့ ဆိုလို့ရတယ်မလား”
“ဒီလောက် နိမ့်ကျတဲ့အဆင့်..တကယ်ကို စိတ်ပျက်စရာပဲ.. ဒီစူးချန်ကဲမှာ အများဆုံး မဟာလမ်းစဉ် သူတော်စင်ခန္ဓာဆိုလို့ တစ်ခုပဲ ရှိပုံရတယ်”
“မူလက ငါနဲ့လက်ရည်တူ ပြိုင်ဘက်ကောင်း တစ်ယောက်ရှိပြီလို့ ထင်ခဲ့တာ...အိုင်း... တကယ်ကို စိတ်ပျက်စရာကြီးပါလား!”
“……..”
ဤမြင်ကွင်းကို မြင်တွေ့လိုက်သည်နှင့် မရေမတွက်နိုင်သော ပါရမီရှင်များနှင့် စွမ်းအားရှင်များသည် မထီမဲ့မြင်ပြုံးလေသည်။
မိုးကောင်းကင်၌ ထိန်လင်းတောက်ပစွာ ဝင်းလက်နေသော နေမင်းကြီးသည် ဖျော့တော့စွာဖြင့် တောက်ပနေသော ကြယ်စင်များ၏ မနာလို ဝန်တိုခြင်းကို ခံရတတ်ပေသည်။
မည်သူမဆို မိုးမြေလောကတစ်ခွင်လုံးကို အလင်းပေးနိုင်သော နေမင်းကြီးတစ်စင်း ဖြစ်လိုကြသည်။
ယခု စူးချန်ကဲ၏ ကျင့်ကြံမှုမှာ နိမ့်ကျသည်ကို မြင်တွေ့လိုက်ရချိန်တွင် မရေမတွက်နိုင်သော ပါရမီရှင်များသည် ၎င်းတို့၏ပျော်ရွှင်မှုကို မထိန်းနိုင်တော့ဘဲ ကဲ့ရဲ့ပြောဆိုခြင်းများ ပြုလုပ်လာခဲ့သည်။
သို့သော်၊ မဟာလမ်းစဉ်၏ နတ်ဘုရား စုတ်တံသည် ထိုအကြောင်းများကို ဂရုမစိုက်ဘဲ ဆက်လက်ရေးသားနေသည်။
[ ကိုယ်ထည် ] - မွေးရာပါ နိတ္ထိတာအိုခန္ဓာ ...
ဤရွှေရောင်စာသားကို မြင်တွေ့လိုက်ရသော ပါရမီရှင်များသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“မွေးရာပါ နိတ္ထိ တာအိုခန္ဓာ?”
“ဒါက ဘယ်လို ကိုယ်ထည်မျိုးလဲ .. အရင်က တစ်ခါမှ မကြားဖူးဘူး”
“ အဲ့တာ ဘာအရေးကြီးမှာလဲ ..ကြည့်ရတာ ဒါက စူးချန်ကဲရဲ့ တစ်ခုတည်းသော ဂုဏ်ယူစရာ ခန္ဓာ ဖြစ်မယ်”
လူငယ်ပါရမီရှင်များသည် ဤသည်မှာ စူးချန်ကဲ ပိုင်ဆိုင်ထားသော တစ်ခုတည်းသော ကိုယ်ထည်ဖြစ်မည်ဟု ယူဆလိုက်ကြသည်။
သို့သော် မဟာလမ်းစဉ်၏ နတ်ဘုရား စုတ်တံမှာ ဆက်လက်ရေးသားနေဆဲပင် ဖြစ်ပြီး၊ နောက်ထပ် စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာခဲ့သည် -- စုပ်ယူ သူတော်စင် ခန္ဓာကိုယ်။
ဤရုတ်တရက် ပေါ်ထွက်လာသော မြင်ကွင်းသည် ၎င်းတို့၏ ပါးကို ပြင်းပြင်းထန်ထန် ရိိုက်နှက်လိုက်သကဲ့သို့ ခံစားရစေခဲ့သည်။
ယခင်က ကဲ့ရဲ့ပြောဆိုခဲ့သူများက အလျင်အမြန် တုံ့ပြန်ပြောဆိုလိုက်ကြသည်။
“ဘာအံ့ဩစရာရှိတုန်း .. စူးချန်ကဲဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် တိုက်မြေသုံးထောင်ရဲ့ ဒဏ္ဍာရီလာ ပုဂ္ဂ်ိုတစ်ဦးလေ ဒီလောက်အရည်အချင်းတော့ ရှိရမှာပေါ့”
“ ကြည့်ရတာ ဒီနှစ်မျိုးပဲ ရှိမယ်နဲ့တူတယ်....”
သို့သော် သူ၏စကား မပြီးဆုံးခင် ၊ သူသည် နောက်တစ်ကြိမ် ပါးရိုက်ခံလိုက်ရပုံပေါ်သည်။
နောက်ထပ် ရွှေဝါရောင် စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာခဲ့သည် --- ချန်ရှန်းတာအိုအရိုး ။
စုစုပေါင်း ကိုယ်ထည် သုံးမျိုး!!
လူတိုင်း ထိတ်လန့်သွားသည်။
ကိုယ်ထည် နှစ်မျိုး ပိုင်ဆိုင်ထားခြင်းသည် အလွန်ပင် ရှားပါးသည်ဟု ဆိုနိုင်သည်။သို့သော် စူးချန်ကဲသည် ကိုယ်ထည်သုံးမျိုးတောင် ပိုင်ဆိုင်ထားလေသလော။
သို့သော် ဤနေရာတွင် အဆုံးသတ်မသွားပေ။ ဆက်လက်၍ ‘ရှေးကောင်းကင်ဘုံ အာဏာရှင်နတ်ဘုရားကိုယ်ထည်’ ဟူသော ရွှေရောင်တလက်လက်ဖြင့် စာလုံးများ ပေါ်ထွက်လာခဲ့သည်။
ယင်းက အမတနယ်မြေရှိ မရေမတွက်နိုင်သော စွမ်းအားရှင်များကို လုံးဝ ဆွံ့အသွားစေသည်။
“ဒါ...ဒါ လေးမျိုးတောင်....!?”
“ဘုရားရေ!? စူးချန်ကဲမှာ ကိုယ်ထည်လေးမျိုးတောင် !?”
“ဒီလိုမျိုး ဘယ်တုန်းကမှ မကြားဖူးဘူး!”
“ခဏနေစမ်း....”
ရုတ်တရက် တစ်စုံတစ်ယောက်က ထအော်လိုက်သည်။
“ မဟာလမ်းစဉ်ရဲ့ နတ်ဘုရား စုတ်တံက ဆက်ပြီး ရေးနေတုန်းလား “
ထိုအသံထွက်လာသည်နှင့် လူတိုင်း ထပ်မံ ထိတ်လန့်သွားကြပြီး မယုံကြည်နိုင်သော အမူအရာများဖြင့် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ကြသည်။
သို့သော် ဆက်ပြီး ထွက်ပေါ်လာသော စာသားနှစ်ကြောင်းက အမတနယ်မြေ သာမက ဒေဝလောကရှိ လူတိုင်းကို ရှုပ်ထွေးသွားစေခဲ့သည်။
အမည်မသိ ကိုယ်ထည်။
အမည်မသိ ကိုယ်ထည်။
အမည်မသိနိုင်တဲ့ ကိုယ်ထည်နှစ်မျိုးတောင်!!
ယင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
သူတို့အားလုံးကို ထိတ်လန့်စေခဲ့သည့်အရာမှာ စူးချန်ကဲတွင် ကိုယ်ထည် ခြောက်မျိုး ရှိခြင်းကြောင့် မဟုတ်။
အကြောင်းမှာ၊ မဟာလမ်းစဉ်၏စာရင်းသည် အရာအားလုံးကို သိနိုင်သည်မဟုတ်လော။
သို့သော် အမည်မသိ ဆိုသော စကားလုံးကို အဘယ့်ကြောင့် နှစ်ကြိမ်ဆက်တိုက် ပြသနေရသနည်း။
စူးချန်ကဲမှ ပိုင်ဆိုင်ထားသော ဤကိုယ်ထည်နှစ်မျိုးသည် မဟာလမ်းစဉ်စာရင်း၏ ဖော်ပြနိုင်စွမ်းထက်ပင် ကျော်လွန်နေခဲ့လေသလော။