အခန်း (၆၇၃-၆၇၆)
Vol. 51 Ch. 673-676
အပိုင်း(၆၇၃): ချန်ကဲမိခင်ဖြစ်သူ၏ ရတနာသိုက် (Part-1)
ထိုသို့ပြောပြီးနောက် ၊ ယွင်ရွှမ်းရုံသည် ခပ်ဖျော့ဖျော့ တောက်ပနေသော ကျောက်စိမ်းပုရပိုက်တစ်ခုကို ထုတ်ယူကာ လက်ဝှေ့ယမ်းလိုက်သည်။ ထိုကျောက်စိမ်းပုရပိုက်သည် အသက်ဝင်လာသကဲ့သို့ သူ့အလိုအလျောက် စူးချန်ကဲ၏ လက်ထဲသို့ ကျရောက်သွားသည်။
“ဒီကျောက်စိမ်းပုရပိုက်ထဲမှာ အမတနယ်မြေရဲ့ မြေပုံနဲ့ အခြေခံအချက်အလက်တွေ ပါဝင်တယ် ...ပြီးတော့ ဒီကာလအတွင်း ထွက်ပေါ်လာတဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အမေ မင်းအတွက် စုဆောင်းပေးထားတယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ စူးချန်ကဲ သည် ခဏတစ်ဖြုတ် တွေဝေသွားသော်လည်း ချက်ချင်းဆိုသလိုပင် မိခင်ဖြစ်သူအား ကျေးဇူးတင်စကားဆိုလိုက်သည်။
“အမေ့ကို ကျေးဇူးတင်ပါတယ်”
အမတနယ်မြေသည် ကျယ်ပြန့်ကာ အဆုံးမရှိချေ။ အဓိက အမတနယ်မြေကြီးလေးခု မှလွဲ၍ အခြားသော အမတကုန်းမြေ များစွာနှင့် ရှေးဟောင်း ကြယ်စုနယ်မြေများလည်း ရှိသေးသည်။
မိခင်ဖြစ်သူသည် ဤသို့သော အမတနယ်မြေ စွယ်စုံကျမ်း တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည့် ကျောက်စိမ်းပုရပိုက်ကို ပေးခဲ့ခြင်းသည် သူ့အား ဘုရားသခင်၏ အမြင်ကို ဖွင့်ပေးလိုက်သကဲ့သို့ပင် ။
ယွင်ရွှမ်းရုံ က ဆက်လက် ပြောကြားလိုက်သည်။
“ဒေဝလောက ပြန်လည်စတင်ရာခေတ်ကို ရောက်လာပြီဖြစ်လို့ အမတနယ်မြေ ရဲ့ စွမ်းအင်စီးဆင်းမှုတွေက မညီမညွတ် ဖြစ်နေတယ်... အမတဧကရာဇ်မင်း လို စွမ်းအားရှင်တွေကတောင် နောင်ဖြစ်လာမယ့် အရာတွေကို ဟောကိန်းထုတ်လို့ မရနိုင်တော့ဘူး”
“ အခွင့်အလမ်းကောင်းတွေဟာ ကြီးမားလှတဲ့ အန္တရာယ်နဲ့ အမြဲယှဉ်တွဲပြီး ပါလာတတ်တယ်”
“ချန်ကဲ၊ဒီကာကွယ်ရေး ရတနာပစ္စည်းတွေကို သေချာလေး သိမ်းထားနော်.. အန္တရာယ်တစ်ခုခု ကြုံလာရင် မင်းကိုယ်မင်း အနည်းဆုံးတော့ ကာကွယ်နိုင်လိမ့်မယ်”
ထိုသို့ ပြောပြီးသည်နှင့် ယွင်ရွှမ်းရုံသည် သူမ၏ ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်သည်။
ဝီ!!
ရုတ်တရက် နတ်အလင်းများသည် ဟင်းလင်းပြင်ထဲတွင် တောက်ပလာပြီး ၊ ပြိုးပျက်စွာ တောက်ပသော သက်တံအလင်းတို့သည် ကောင်းကင်ယံသို့ ထိုးတက်ကာ စကြဝဠာတစ်ခွင်လုံးကို လင်းလက်သွားစေသည်။
စူးချန်ကဲရှေ့ရှိ အာကာသ ဟင်းလင်းပြင်တွင် အက္ခရာစာလုံးများ ထွက်ပေါ်လာကာ ၊ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသည်။
အဆုံးတွင် ကြယ်တွေလို စုံလင်လှပသော မှော်သင်္ကေတ အခင်းအကျင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ချက်ချင်းဆိုသလိုပင် ၊ ဟင်းလင်းပြင်တွင် လှိုင်းတံပိုးများ ရိုက်ခတ်လာခဲ့သည်။
ဝုန်း ...!!!
တောင်ပြိုခြင်း သို့မဟုတ် ဆူနာမီကဲ့သို့သော ကြီးမားသော မှော်သင်္ကေတလှိုင်းတံပိုးများ ပေါက်ကွဲထွက်လာသည်။ ဤနေရာရှိ မိုးမြေတစ်ခုလုံးသည် ၎င်း၏ သက်ရောက်မှုကို ခံလိုက်ရသကဲ့သို့ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ရွဲ့စောင်းသွားခဲ့သည်။
“အမေ... ဒါက...”
ထိုမြင်ကွင်းကို မြင်ရသော စူးယွင်ယွဲ့ ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤကြောက်ခမမ်းလိလိ ရောင်ဝါအရ ၊ မိခင်ဖြစ်သူသည် သူမ သိမ်းဆည်းထားသော ဘဏ္ဍာတိုက်တစ်ခုလုံးကို ထုတ်ယူလာခဲ့လေသလော။
လင်းလက်တောက်ပနေသော အလင်းတန်းတစ်ချို့ လှုပ်ရှားလာပြီး၊ နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသော ရတနာများစွာသည် မှော်သင်္ကေတ အခင်းအကျင်းထဲမှ ထွက်ပေါ်လာခဲ့လေသည်။
ရှေးဦးခရမ်းရောင်စဉ်များ ဖြာကျနေသော လင်းလုံရတနာမျှော်စင် ။
ဓာတ်ငါးပါးနှင့် ရောယှက်ထားသော မူလကျောက်စိမ်းပေတံ။
မိုးမြေရှိ ယင် နှင့် ယန်ကို အဓိပ္ပာယ်ဖွင့်ဆိုသော ပါးကွသံလိုက်အိမ်မြောင် ။
အမတအလင်းများကို ထုတ်လွှတ်နေသော မဟာလမ်းစဉ် နတ်ကြေးမုံ ။
……..
ဤအမတလမ်းစဉ်ဆိုင်ရာ ရတနာပစ္စည်းများ၏ ထွက်ပေါ်လာမှုနှင့်အတူ ၊ ဤနေရာရှိ မိုးမြေတစ်ခွင်လုံးသည် ရောင်စုံအလင်းများဖြင့် ဖုံးလွှမ်းသွားသည်။
ဤနေရာရှိ အမတစွမ်းအင်များပင် အလွန်အားကောင်းလာခဲ့သည်။
ဤရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းသည် စူးချန်ကဲကိုပါ ဆွံ့အသွားစေသည်။
လေဟာနယ်တွင် မျောလွင့်နေသော ဤအမတလမ်းစဉ်ဆိုင်ရာ ရတနာပစ္စည်းများထဲမှ တစ်ခုကို ကျပန်း ရွေးချယ်လိုက်ရုံဖြင့် ၊ လက်ရှိ သူ၏ခွန်အားထက် အဆပေါင်းများစွာ သာလွန်သော ခွန်အားများကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
အမတနယ်မြေတွင်၊ အမတ လက်နက်၏ အဆင့်များကို အကြမ်းဖျင်းအားဖြင့် အဆင့်ခြောက်ဆင့်ခွဲထားပြီး ၊ ၎င်းတို့သည် အမတနယ်မြေရှိ နယ်ပယ်အဆင့် ခြောက်ဆင့်နှင့်လည်း ကိုက်ညီပေသည်။
ထိုအဆင့်များမှာ -စစ်မှန်အမတ လက်နက်၊ ကောင်းကင်အမတ လက်နက်၊ ရွှေအမတ လက်နက်၊ အမတဘုရင် လက်နက်၊ အမတ ဧကရာဇ် တစ်ပိုင်းအဆင့်လက်နက်၊ အမတ ဧကရာဇ်လက်နက် တို့ ဖြစ်သည်။
၎င်းတို့အတွင်းရှိ သီးခြားအဆင့်များကို အောက်ပါအတိုင်း အပေါ်မှအောက်သို့ ခွဲခြားနိုင်သည်။ ပထမအဆင့်မှ နဝမအဆင့်အထိ ဖြစ်ပြီး ၊ နဝမအဆင့်သည် အမြင့်ဆုံးဖြစ်သည်။ ၎င်းတို့သည် အမတလမ်းစဉ် နယ်ပယ် အဆင့်ငယ် ကိုးဆင့်နှင့် ကိုက်ညီသည်။
ဒါတင်မက ဒဏ္ဍာရီလာ ပုံပြင်များထဲမှ အမတ ဧကရာဇ်လက်နက် ထက်ပင် သာလွန်သည့် နတ်ဘုရား လက်နက်များလည်း ရှိသေးသည်။
…….
သို့သော် ယခုအချိန်တွင် သူ၏ကျင့်ကြံမှု အဆင့်သည် စစ်မှန်အမတ နယ်ပယ် ဆဌမအဆင့်တွင်သာ ရှိသေးသည်။ လေဟာနယ်တွင် မျောလွင့်နေသည့် ဤအမတလမ်းစဉ် ရတနာပစ္စည်းများမှာ အနိမ့်ဆုံးအဆင့်ပင် ကောင်းကင်အမတ လက်နက် ဖြစ်နေသည်။
ထို့အပြင် ယင်းတို့အနက် ရွှေအမတ လက်နက် များစွာလည်း ပါဝင်နေသေးသည်။
ပြောတော့ အတွေ့အကြုံယူဖို့ဆိုပြီး အမတနယ်မြေတစ်ခွင်ကို လှည့်လည်ခိုင်းတာ မဟုတ်ဘူးလား?
ဒီလိုနတ်လက်နက်တွေ ယူဆောင်သွားပြီး သူရဲ့ခွန်အားနဲ့သာ ပေါင်းစပ်လိုက်ရင် ၊ ဘယ်သူကများ သူနဲ့ ယှဉ်ပြိုင်ရဲတော့မှာလဲ?
“အမေ ဒါက....”
သို့သော် စူးချန်ကဲ စကားဆက်မပြောမီ၊ ယွင်ရွှမ်းရုံက ဆက်ပြောလေသည်။
“ချန်ကဲ ..ဒီအမတလမ်းစဉ် ရတနာပစ္စည်းတွေက မင်းအတွက် မလုံလောက်သေးဘူးလို့ မင်းထင်နေတာလား”
ယွင်ရွှမ်းရုံသည် နူးညံ့စွာ ပြုံးရယ်လိုက်ပြီး ၊ ချစ်မေတ္တာများ ပြည့်လျှံနေသော အကြည့်ဖြင့် ကြည့်လိုက်ရင်း။
“ စိတိမပူနဲ့ ၊ အမေမှာ ဒီထက်ပိုကောင်းတဲ့ဟာတွေ ရှိသေးတယ်”
ထိုသို့ ပြောပြီးသည်နှင့် ၊ သူမ၏ နှုတ်ခမ်းပေါ်က အပြုံးကို ပြန်လည်ရုတ်သိမ်းလိုက်ရင်း လေဟာနယ်တွင် မျောလွင့်နေသော အမတလမ်းစဉ် ရတနာပစ္စည်းများကို ဒေါတသကြီးဖြင့် ပြောဆိုလိုက်သည်။
“ ကိုယ့်အဆင့်ကို သိ ၊ နည်းနည်း ပိုကောင်းတဲ့ဟာတွေ ထွက်လာခဲ့စမ်း!”
မူလက မိမိတို့၏ တန်ခိုးအစွမ်းများကို ပြသရန် လျှို့ဝှက်ယှဉ်ပြိုင်နေကြသော အမတလမ်းစဉ် ရတနာပစ္စည်းများသည် လူသားဆန်စွာ ကြောက်ရွံ့သော အမူအရာများကို ထုတ်ဖော်ပြသခဲ့သည်။
၎င်းတို့သည် မှော်သင်္ကေတ အခင်းအကျင်းထဲသို့ အလျင်အမြန် ပြန်လည်ဝင်ရောက်သွားကြသည်။
ဝုန်း ...!!!
ဤအမတလမ်းစဉ် ရတနာပစ္စည်းများ ပျောက်ကွယ်သွားပြီးနောက် ၊ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းတစ်ခုက ထပ်မံ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
အဆုံးမရှိသော နီညိုရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး၊ ဤလောကကြီးတစ်ခုလုံးကို ရွှေရောင် လွင်ပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဤတစ်ကြိမ် ထွက်ပေါ်လာခဲ့သော ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုသည် စူးချန်ကဲကိုပင် ခေါင်းနားပန်းကြီးသွားစေသည်။
ယခင်က အမတလမ်းစဉ် ရတနာပစ္စည်းများမှ ထုတ်လွှတ်ခဲ့သော ရောင်ဝါထက် နှစ်ဆပိုပြင်းထန်သည်။
ဥပမာအားဖြင့် ၊ ဒေဝလောကတစ်ခုလုံးကို ဖိနှိပ်နိုင်သည့် ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသော နတ်ဘုရားဓားတစ်လက်။
သို့မဟုတ် - ကောင်းကင်ဘုံကိုပင် ဖောက်ထွင်းနိုင်သည့် အင်အားရှိသော နတ်ဘုရား ကောင်းကင်လှံတံ ။
သို့မဟုတ် - မိုးခြိမ်းသံများနှင့်အတူ နတ်မီးတောက်များဖြင့် တောက်လောင်နေသော မဟာလမ်းစဉ် အဆောင်လက်ဖွဲ့....
.....
အပိုင်း(၆၇၃): ချန်ကဲမိခင်ဖြစ်သူ၏ ရတနာသိုက် (Part-2)
၎င်းတို့၏ ရောင်ဝါသည် နှစ်ဆတိုးလာရုံသာမက ပမာဏလည်း တိုးပွားလာခဲ့သည်။
အနိမ့်ဆုံးအဆင့်ရှိ ပစ္စည်းများပင်လျှင် ရွှေအမတ လက်နက် နှင့် နှိုင်းယှဉ်နိုင်သည့် အရည်အသွေးမျိုး ရှိပေသည်။
အချို့သော ရတနာပစ္စည်းများသည် အမတဘုရင် လက်နက်ကိုပင် ကျော်လွန်ကာ၊ အမတ ဧကရာဇ် တစ်ပိုင်းအဆင့်လက်နက်၏ အတိုင်းအတာအထိ ရောက်ရှိထားသညိ။
အကယ်၍ အပြင်လောကမှ ကျင့်ကြံသူများသာ ဤမြငိကွင်းကို မြင်တွေ့ခဲ့မည်ဆိုပါက ၊ မေးရိုးကျွတ်ကျမတတ် အံ့အားသင့်သွားကြမည်မှာ ဧကန်မလွဲပင်။ ပြင်ပလောကတွင်မူ၊ ဤပစ္စည်းများသည် အလွန် ရှားပါးသော မဟာလမ်းစဉ် ရတနာပစ္စည်းများ ဖြစ်ပေသည်။
ယွင်ရွှမ်းရုံသည် ဤကဲ့သို့သော ရှားပါးပစ္စည်းများကို လွယ်လင့်တကူ အသာလေး ထုတ်ယူပြနေသည်။
ဤကဲ့သို့သော မိခင်တစ်ဦးရှိပါက၊ မည်သူကများ ကျင့်ကြံအားထုတ်ရန် ရွေးချယ်လိမ့်မည်နည်း။
ဒီတိုင်း အသာလေး လှဲလျောင်းနေရင်ကို အဆင်ပြေပြီ မဟုတ်လား?!
“အမ်....”
စူးချန်ကဲ၏ ရင်ထဲ၌ပင် အတော်လေး တုန်လှုပ်သွားသည်။
မိခင်ဖြစ်သူမှ ပိုင်ဆိုင်ထားသော ဤအမတလမ်းစဉ် ရတနာပစ္စည်းများသည် လျှို့ဝှက်နယ်မြေ တစ်ခုစာမျှ ရှိလိမ့်မည် မဟုတ်လော။
ထိုအရာများကို လိုချင်တပ်မက်မှု ရှိသော်လည်း၊ သို့သော် သူသည် စစ်မှန်အမတ နယ်ပယ်အဆင့်သာ ရှိသေးပြီး ၎င်းတို့ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု အာမ မခံနိုင်ပေ။
ထို့အပြင် ဤပစ္စည်းအားလုံးကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး၊ စိတ်ခံစားချက်ဆိုင်ရာ ဆက်နွယ်မှုလည်း မရှိသေးပေ။ မိခင်ဖြစ်သူ၏ ရှေ့မှောက်တွင် သူ၏စကားကို နားထောင်ပေလိမ့်မည်။
သို့သော် အမတနယ်မြေတစ်ခွင်သို့ လှည့်လည်စဉ် ကာလအတွင်း ၊ ဤအမတလမ်းစဉ် ရတနာပစ္စည်းများသည် သူ၏စကားကို နားမထောင်ခဲ့ပါက ၊ အရေးကြီးသော အခိုက်အတန့်တွင် ပြသနာကြုံရပေတော့မည်။
ထိုအချိန်တွင်၊ ယွင်ရွှမ်းရုံ က ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
“ချန်ကဲ၊ မင်း ဘယ်ဟာကို ကြိုက်သလဲ ..ကြိုက်တာ ရွေးလိုက်”
“များများလိုချင်လည်း အားမနာနဲ့ .. အကုန်လုံးကို လိုချင်ရင်တောင် အမေက မင်းကို ပေးနိုင်တယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့်၊ စူးချန်ကဲမှ ပြန်မပြောရသေးခင် စူးယွင်ယွဲ့ က ကြားဖြတ် ဆိုလိုက်သည်။
“အမေ.... ချန်ကဲ အပြင်မှာ အန္တရာယ်တွေ့မှာကို အမေ စိုးရိမ်နေတယ်ဆိုတာ ကျွန်မ သိပါတယ်....”
“ဒါပေမဲ့ သူ့ရဲ့ အစောင့်အရှောက်အဖြစ် ပီယွီ့ ကောင်းကင်အရှင် ရှိတယ်မဟုတ်လား”
“ပြီးတော့ ချန်ကဲ က စစ်မှန်အမတ နယ်ပယ်အဆင့်ပဲ ရှိသေးတယ်... အမေ သူ့ကို ပေးနေတဲ့ ဒီအမတလမ်းစဉ် ရတနာပစ္စည်းတွေရဲ့ အဆင့်တွေက....”
စကားသည် ထိုနေရာတွင်ပင် ရပ်တန့်သွားသည်။ ထိုပစ္စည်းများအနက် ပြင်းထန်သော ရောင်ဝါများကို ထုတ်လွှတ်နေသည့် အမတ ဧကရာဇ် တစ်ပိုင်းအဆင့်လက်နက် အနည်းငယ်မှာ စူးချန်ကဲ အတွက်သာမက၊
သူမ ကိုယ်တိုင်ပင် ထိန်းချုပ်နိုင်မည်ဟု အာမ မခံနိုင်ပေ။
ဤပစ္စည်းများကို အသုံးပြုခွင့် ပေးလိုက်မည်ဆိုပါက၊ ဤအမတလက်နက် များသည် စူးချန်ကဲအား လမ်းလွဲသွားစေမည်ကို မည်သူမှ မသိနိုင်ပေ။
ထိုစကားများ ထွက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ၊ ယွင်ရွှမ်းရုံ သည် ပြန်လည် သတိကပ်လာခဲ့သည်။
သူမ၏ နီမြန်းသော နှုတ်ခမ်းသားများကို လက်ဖြင့် ပိတ်လိုက်ရင်း ၊ အံ့ဩစွာဖြင့် ပြောလိုက်သည်။
“ ချန်ကဲ က အခုမှ စစ်မှန်အမတ နယ်ပယ်အဆင့်ပဲ ရှိသေးတယ်ဆိုတာ ငါ ဘယ်လိုလုပ် မေ့သွားပါလိမ့်...”
ယွင်ရွှမ်းရုံသည် သူမကိုယ်သူမ အပြစ်တင်လိုက်သည်။
“အိုင်းယား.... ခဏလောက် လောလိုက်တာနဲ့ အမှားကြီးတစ်ခု လုပ်မိတော့မလို့ နည်းနည်းပဲ လိုတော့တယ်! “
ထိုမြင်ကွင်းကြောင့် စူးချန်ကဲသည် ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်သည်။
သို့သော် ဤသည်မှာ သဘာဝကျပေသည်။ မိခင်ဖြစ်သူသည် သူ့အပေါ်တွင် စိုးရိမ်လွန်ကဲကာ တဒင်္ဂ သတိလက်လွတ် ဖြစ်သွားခဲ့သည်။
စူးချန်ကဲသည် ယွင်ရွှမ်းရုံထံသို့ လက်နှစ်ဖက်လျှက်ကာ တရိုတသေ ပြန်ပြောလိုက်သည်။
“အမေရဲ့ ဆန္ဒကို ချန်ကဲ နားလည်ပါတယ် ၊ ဒါပေမယ့် ဒီပစ္စည်းတွေက နောက်ဆုံးတော့ ပြင်ပအင်အားသက်သက်ပဲ “
“အမတနယ်မြေ တစ်ခွင် အတွေ့အကြုံယူပြီး အောင်မြင်ဖို့အတွက် ပြင်ပအင်အားကို အားကိုးမယ်ဆိုရင် ၊ ဒါဟာ မကောင်းတဲ့ အကြံအစည်ရှိတဲ့ သူတွေကို အခွင့်ရေးပေးရာ ရောက်ပြီး နောက်ဆုံးမှာတော့ ကောလဟာလနဲ့ အသရေဖျက်မှုကို ဦးတည်သွားနိုင်တယ်”
“ပြီးတော့၊ ဒီအမတလမ်းစဉ် ရတနာပစ္စည်းတွေထက် တိုက်မြေ သုံးထောင်မှာ ကျွန်တော်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အဖော်တွေကို ချန်ကဲ ပိုပြီး ယုံကြည်တယ် “
ထိုသို့ပြောရင်း၊ စူးချန်ကဲသည် လက်သင်္ကေတ တစ်ခုကို ဖော်ဆောင်လိုက်သည်။
ဝီ...!!!
အဆုံးမရှိသော မှော်သင်္ကေတများသည် တစ်ခုနှင့်တစ်ခု ရောယှက်ကာ အဆုံးတွင် ပြိုးပျက်စွာ တောက်ပသော အာကာသအစီအရင်သုံးခု ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၊ ဓားသေတ္တာကိုးလက်၊ ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ်စသည့် မဟာလမ်းစဉ် ရတနာ သုံးမျိုးသည် ဟင်းလင်းပြင်မှ ပျံထွက်လာပြီး၊ နူးညံ့သိမ်မွေ့သော နတ်အလင်းများကို ထုတ်လွှတ်လျက်၊ စူးချန်ကဲ၏ ဘေးတဝိုက်တွင် ပျံဝဲနေကြသည်။
၎င်းတို့သည် လူသားဆန်စွာပင် ချစ်ခင်ရင်းနှီးစွာဖြင့် စူးချန်ကဲကို ပွတ်သပ်နေကြသည်။
“ဒီရတနာ သုံးမျိုးက အမေရဲ့ အမတလမ်းစဉ် လက်နက်တွေလောက် မမီပေမယ့်၊ ချန်ကဲ အတွက်တော့ အကောင်းဆုံး အဖော်တွေပဲ”
ဥပမာအားဖြင့် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် သူ ကျင့်ကြံလမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းချိန်မှ စကာ ၊ သူနှင့်အတူ တိုက်ပွဲဝင်ရင်း လိုက်ပါခဲ့သည်။
အမှတ်တရများစွာ ရှိခဲ့ရုံသာမက၊ ညီမဖြစ်သူနှင့် ရင်းနှီးခွင့်ရခဲ့သည်။
ဓားသေတ္တာကိုးလက် ဆိုလျှင်ဖြင့် ၊ ပြောစရာပင် မလိုတော့ချေ။ ဤသည်မှာ သူ၏ဆရာ တစ္စေဓားအမတရှင်၏ အဖိုးတန် ရတနာပစ္စည်းတစ်ခု ဖြစ်ပေသည်။
တိုက်ပွဲများစွာကို ဖြတ်သန်းရင်း၊ ယင်း၌ ကျန်ရှိသော နတ်ဘုရားစွမ်းအားများသည်ပင် ပျောက်ဆုံးသွားခဲ့သည်။ သို့သော်လည်း ၎င်းတွင် စူးချန်ကဲ၏ တစ္စေဓားအမတရှင် အပေါ် ထားရှိသည့် ရိုသေလေးစားမှုနှင့် လွမ်းဆွတ်မှုတို့ကို သယ်ဆောင်ထားသည်။
ကိုးသင်္ချိုင်း ဓားတောင်တန်းသည် အတိတ်ကအရာတစ်ခု ဖြစ်လာပြီး ၊ လူသားတိုင်း မေ့လျော့သွားခဲ့ချေပြီ။
သူသည် ဤဓားသေတ္တာကိုးလက်ကို သယ်ဆောင်ကာ ဒေဝလောကတစ်ခွင်လုံးရှိ လူသားတိုင်းကို သိစေလိုသည်။
တစ်ချိန်က၊ တိုက်မြေ သုံးထောင်ရှိ မြေအောက်ကမ္ဘာတွင် ထူးချွန်ထက်မြက်သော ဓားအမတ တစ်ဦး ရှိခဲ့ဖူးသည်။ သူ၏အမည်မှာ တစ္စေဓားအမတရှင် ဖြစ်ပြီး၊ သူ၏ဆရာပင် ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ် နှင့် သူ၏ဆက်ဆံရေးသည် အချိန်တိုတောင်းခဲ့သော်လည်း ၊ ဧကရာဇ်တစ်ပါးအဖြစ် အောင်မြင်ခဲ့ခြင်းကို မြင်တွေ့ခဲ့ရသည်။
သူနှင့်အတူ နယ်မြေပြင်ပ နှင့် ဇီဝတားမြစ်နယ်မြေတို့ကို တိုက်ခိုက်ခဲ့ပြီး၊ နောက်ဆုံးတွင် အမတလမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းခဲ့သည်။
“ချန်ကဲ....”
ထိုမြင်ကွင်းကို မြင်ပြီး ယွင်ရွှမ်းရုံ၏စိတ်ထဲတွင်လည်း ကျေနပ်ဝမ်းသာနေမိသည်။
သို့သော်လည်း သူမ စိတ်မချနိုင်သေးပေ။ အကယ်၍ အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပြီး ပီယွီ့ ကောင်းကင်အရှင်သည် စူးချန်ကဲအား မစောင့်ရှောက်နိုင်ခဲ့ပါက မည်သို့လုပ်သင့်သနည်း။
စိတ်ထဲ၌ အတွေးများနေစဉ် ၊ သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားခဲ့ပုံရသည်။
သူမ၏ရင်ဘတ်ထဲမှ နတ်အလင်းများဖြင့် တလက်လက် တောက်ပနေသော ရတနာပုလဲလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။
နေမင်း၏အလင်းကဲ့သို့ ထွန်းလင်းတောက်ပကာ၊ အလင်းလှိုင်းတံပိုးများသည် ဒီရေအလား သက်ဝင်လှုပ်ရှားနေပြီး ဤနေရာတစ်ခုလုံးကိုပင် အနည်းငယ် လျှို့ဝှက်ဆန်းကြယ်သွားစေသည်။
အပိုင်း(၆၇၄): ကောင်းကင်ရတနာပုလဲလုံး
ကောင်းကင်ရတနာပုလဲလုံး!
ဤသည်မှာ အလွန်အံ့ဩဖွယ်ကောင်းသော မဟာလမ်းစဉ် ရတနာတစ်ခု ဖြစ်သည်။
ကောင်းကင်အမတ လက်နက် အဆင့်သာ ရှိသော်လည်း၊ ယင်း၌ အလွန်နက်ရှိုင်းသော ကာကွယ်ရေး အစီအရင်ပုံစံနှင့် မူလ သံသရာစက်ဝန်းစွမ်းအား တစ်မျှင် ပါရှိသည်။
အသက်သေစေနိုင်သော တိုက်ခိုက်မှုကိုမဆို ကာကွယ်နိုင်ရုံသာမက၊ ယခင်က ခံစားခဲ့ရသော ပြင်းထန်သော ဒဏ်ရာများကိုလည်း ပြန်လည် ကောင်းမွန်စေနိုင်ပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိစေနိုင်သည်။
ဤပစ္စည်းကို ကျင့်ကြံသူ၏ ဒုတိယအသက်ဟုပင် ခေါ်ဆိုကြသည်။
ထိုကောင်းကင်ရတနာ ပုလဲလုံးကို မြင်လိုက်ရသည်နှင့် စူးယွန်ယွဲသည် အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်သည်။
“အမေ.... ဒါက အဖေ ပေးတဲ့....”
သူမ စကားမပြီးဆုံးမီ၊ ယွင်ရွှမ်းရုံ သည် ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
“ဒီအရာကို ကောင်းကင်ရတနာ ပုလဲလုံးလို့ ခေါ်တယ်၊ ငါတို့ ငယ်ရွယ်စဉ်တုန်းက...မင်း အဖေက အမေ့ကို ကာကွယ်ရေးရတနာတစ်ခု အဖြစ် ပေးထားတာ..မင်းအဖေရဲ့ ချစ်သက်လက်ဆောင်ဆိုလည်း ဟုတ်တယ်”
“ ချစ်သက်လက်ဆောင်.....?”
ဒါဆို ဒီပစ္စည်းက အမေအတွက် အရေးကြီးတဲ့ အမှတ်တရတစ်ခု မဟုတ်လား ...ဒီလိုသာဆို သူ ဘယ်လိုလုပ် လက်ခံလို့ဖြစ်မလဲ ဟုတ်ဘူးလား?
သို့သော် စူးချန်ကဲမှာ ငြင်းဆန်ရန် အချိန်ပင် မရလိုက်ဘဲ ယွင်ရွှမ်းရုံသည် သူ့ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ သူမသည် စူးချန်ကဲအား စကားပြောခွင့် မပေးခဲ့ချေ။
“ချန်ကဲ၊ မင်းအဖေက ကောင်းကင်ရတနာပုလဲလုံးကို အမေကို ပေးခဲ့တယ်ဆိုတာက ..သူ မရှိတဲ့အတောအတွင်း ဒီကောင်းကင်ရတနာပုလဲလုံးက အမေကို ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ပါ “
“ဒါပေမယ့် အခုအချိန်မှာ မင်းအဖေက အမတနယ်မြေရဲ့ အထက်လောက ကို ရောက်ရှိသွားပြီ... အမေလည်း မကြာခင်မှာ တတ်လှမ်းတော့မယ်”
ယွင်ရွှမ်းရုံသည် စူးချန်ကဲအား နူးညံ့သိမ်မွေ့စွာဖြင့် ကြည့်လိုက်ရင်း ဆက်ပြောလိုက်သည်။
“ ငါတို့ မင်းနဲ့အတူ မရှိပေးနိုင်တဲ့အချိန်မှာ ဒီကောင်းကင်ရတနာ ပုလဲလုံးက ငါတို့အစား မင်းကို ကာကွယ်ပေးနိုင်ဖို့ကို မျှော်လင့်တယ်”
“ဘာလို့လဲဆိုတော့ ချန်ကဲ၊ မင်းဟာ အမေတို့အတွက် အဖိုးထိုက်တန်ဆုံး ရတနာမို့လေ....”
ထိုသို့ပြောရင်း၊ ယွင်ရွှမ်းရုံ သည် ကောင်းကင်ရတနာ ပုလဲလုံးကို စူးချန်ကဲ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
စူးချန်ကဲ သည် ခဏတာ တွေဝေသွားသော်လည်း သူသည် လက်ခံလိုက်သည်။
မိခင်ဖြစ်သူ၏ စကားများသည် သူ၏ စိတ်နှလုံးသားတစ်ခုလုံးသည် နွေးထွေးသွားစေသည်။
ဤခံစားချက်မျိုးကို တိုက်မြေ သုံးထောင်တွင် သူ တစ်ခါမျှ မတွေ့ကြုံဖူးခဲ့ပေ။
ဤသည်မှာ မိခင်မေတ္တာ၏ ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
“အမေ့ကို ကျေးဇူးတင်ပါတယ်”
စူးချန်ကဲသည် ထပ်မံ ငြင်းဆန်ခြင်း မပြုတော့ဘဲ လက်ခံကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ရှုနေသော စူးယွင်ယွဲ့ သည် သက်ပြင်းချလိုက်သည်။
မူလက သူမ ကိုယ်တိုင်လည်း မောင်ဖြစ်သူအား ကာကွယ်ရေးလက်နက်အချို့ ပေးရန် ဆန္ဒရှိခဲ့သော်လည်း ၊
မိခင်ဖြစ်သူသည် သံသရာစက်ဝန်း ကောင်းကင်ရတနာကြေးမုံကိုပင် ထုတ်ချလာသဖြင့် သူမ၏ လက်ဆောင်ပစ္စည်းသည် မသင့်လျော်သလို ဖြစ်နေမည်ဟု စိုးရိမ်မိသည်။
……….
အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။
ဝီ...!!!
သံသရာစက်ဝန်း အမတမင်းဆက်၏ ဗဟိုကွင်းပြင်တွင်၊ ပြိုးပျက်စွာ တောက်ပသော အလင်းတိုင်တစ်ခုသည် ကောင်းကင်ယံသို့ ထိုးဖောက်တတ်သွားပြီး၊ နဂါးနှစ်ကောင်အသွင်အဖြစ် အထက်ကောင်းကင်ယံတွင် လှည့်လည်သွားလာနေသည်။
နောက်ဆုံးတွင် ၎င်းတို့သည် ကြီးမားသော အာကာသအချိန်ခရီးသွား အစီအရင်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသည်။
“ချန်ကဲ၊ မင်းရဲ့ အရင်က လက်နက်တွေကို ပိုပြီး အဆင့်မြင့်ချင်တယ်ဆိုရင် ကွေးယွမ်အမတနယ်မြေမှာ ခုလတ်တလော ထွက်ပေါ်လာတဲ့ နတ်ဘုရားလက်နက် အမတမျှော်စင်ကို သွားနိုင်တယ်”
“ နတ်ဘုရားလက်နက် အမတမျှော်စင်က တစ်ချိန်က ထိပ်တန်း အမတဂိုဏ်းကြီး(၃၆)ဂိုဏ်းထဲက အမတလက်နက်တွေ ထုတ်လုပ်ရာမှာ နာမည်အကြီးဆုံး အမတဂိုဏ်းတစ်ခု ဖြစ်ခဲ့တယ်”
ယွင်ရွှမ်းရုံသည် ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
“အဲ့နေရာမှာ မင်းရဲ့ ရတနာတွေကို အဆင့်မြင့်နိုင်မယ့် နည်းလမ်းတွေ ရှိနေနိုင်တယ်”
“ပြီးတော့၊ ကွေးယွမ်အမတဂိုဏ်းကလည်း ကွေးယွမ် အမတနယ်မြေထဲမှာပဲ ရှိတယ်.. မင်း ဒီအချိန်ခရီးသွား အစီအရင်ကနေတဆင့် ကွေးယွမ်အမတဂိုဏ်းကို ရောက်အောင် သွားလိုက်...ပြီးမှ ဒီနတ်ဘုရားလက်နက် အမတမျှော်စင်ကို သွားရမှာပဲ”
“ ကျွန်တော် သိပါပြီ အမေ”
စူးချန်ကဲသည် ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အချိန်ခရီးသွား အစီအရင်ထဲသို့ မဝင်မီ၊ စူးချန်ကဲသည် မိခင်နှင့် အစ်မတို့ကို နောက်တစ်ကြိမ် ပြန်လှည့်ကြည့်ကာ ပြောလိုက်သည် ။
“အစ်မ၊ အမေ...ဒါဆို ကျွန်တော်သွားပြီ”
သူမတို့နှစ်ဦးသည် ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်ကြရင်း၊
စူးချန်ကဲ၏ ပုံသဏ္ဍာန်သည် အချိန်ခရီးသွား အစီအရင်ပုံစံထဲတွင် လုံးဝ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်လိုက်ကြသည်။
ဤတစ်ခါခွဲခွာပြီးနောက် ၊ နောက်တစ်ကြိမ် ပြန်ဆုံရန် အချိန်အတော်ကြာမြင့်မည်ကို သူမတို့ သိပေသည်။
ဤထွက်ခွာမှုနှင့်အတူ စူးချန်ကဲသည် အမတနယ်မြေ၏ ဇာတ်ခုံပေါ်သို့ စတင် လျှောက်လှမ်းခဲ့ချေပြီ။
ဤလမ်းတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေပေမည်။
သို့သော်၊ ဤသည်မှာ ခွန်အားကြီးမားသူတိုင်း လျှောက်လှမ်းရမည့် လမ်းကြောင်းပင် ဖြစ်သည်။
ယွင်ရွှမ်းရုံ၏ မျက်ဝန်းတစ်စုံတွင် အဆုံးမဲ့ မျှော်လင့်ချက် ၊ တောင့်တမှုများဖြင့် ပြည့်နှက်နေပုံ ရသည်။
“ချန်ကဲ.... မင်းဟာ အမေ့ရဲ့ ဂုဏ်ယူစရာအဖြစ် အမြဲရှိနေမှာပါ...”
သံသရာစက်ဝန်း အမတမင်းဆက်၏ အချိန်ခရီးသွား အစီအရင်သည် ကွေးယွမ်အမတဂိုဏ်း နှင့် သံသရာစက်ဝန်း အမတမင်းဆက် အဖွဲ့အစည်း နှစ်ခုမှ ပူးပေါင်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အမတနယ်မြေသည် အဆုံးမရှိ ကျယ်ပြန့်လွန်းသည်။ ထိုနည်းတူစွာ အမတနယ်မြေ နှစ်ခုကြား အကွာအဝေးမှာလည်း လွန်စွာ ကွာဝေးလှပေသည်။
အချိန်ခရီးသွား အစီအရင်ကို အသုံးပြု၍ ကူးသန်းသွားလာမည်ဆိုတောင် ကွေးယွမ်အမတဂိုဏ်းသို့ ရောက်ရှိရန် အနည်းဆုံး နာရီပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။
…..
စူးချန်ကဲသည် အချိန်ခရီးသွားနေစဉ် အတောအတွင်း၊
ပြင်ပလောကတွင် လေမုန်တိုင်းထန်လျက် ရှိသည်။
ငယ်ရွယ်သော ပါရမီရှင်များသည် မတူညီသော အဓိကအင်အားစုများမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြပြီး ၊ ခေတ်ဟောင်း ပါရမီရှင်များသည်လည်း ၎င်းတို့၏ အမည်များကို မဟာလမ်းစဉ် စာရင်းတွင် ဆက်တိုက်ဆိုသလို ရေးထိုးနေသည်။
အထူးသဖြင့် ၊ တားမြစ် အင်အားစုကြီး ကိုးဖွဲ့မှ ခေတ်ပြိုင် ပါရမီရှင်များနှင့် ခေတ်ဟောင်း ပါရမီရှင်တို့သည် အမှန်တကယ်ပင် အံ့ဩဖွယ်ရာ ကောင်းပြီး ထူးချွန်ထက်မြက်ကြသည်။
၎င်းတို့ထဲမှ မည်သူမဆို သမိုင်းတစ်လျှောက် အတုမရှိသော အရည်အချင်းများကို ပိုင်ဆိုင်ထားသူများအဖြစ် ဖော်ပြနိုင်သည်။
“ကျီချောင်ကဲ.... ရွှေကျီးကန်းနတ်ဘုရားမင်းဆက်.... တိ့ကျွင်း အမတဧကရာဇ်မင်းရဲ့ သားတော်....”
“အိုင်း.... မွေးရာပါ ရွှေကျီးကန်းနတ်မီးလျှံကို ထိန်းချုပ်နိုင်ရုံသာမက၊ ရွှေကျီးကန်း အဖျက်နတ်ဘုရားကိုယ်ထည် နဲ့ ရွှေကျီးကန်း လောင်မြိုက်ကောင်းကင် မျက်လုံးကိုပါ ပိုင်ဆိုင်ထားတယ်ဆိုပဲ...”
အပိုင်း(၆၇၅): အမှောင်မူလရင်းမြစ် ကမ္ဘာမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့ပြီ
လူငယ်ပါရမီရှင်အချို့က သက်ပြင်းချကာ ဆိုလေသည်။
“ဒါမျိုးက ရွှေကျီးကန်းရဲ့ သန့်စင်သွေးပါတဲ့သူပဲ ဖြစ်နိုင်မယ်မဟုတ်လား”
“ဒါပေမဲ့.... စူးချန်ကဲမှာက ကိုယ်ထည်အမျိုးအစား ခြောက်မျိုးတောင် ရှိတာလေ”
ပါရမီရှင်တစ်ဦးက ရှက်ရွံ့စွာဖြင့် ပြန်ပြောလိုက်သည်။
“ပြီးတော့ နှစ်ခုက အမည်မသိတဲ့...”
သို့သော် စိတ်အားထက်သန်နေကြသော ထိုပါရမီရှင်များသည် ၎င်း၏စကားကို လုံးဝလျစ်လျူရှုထားပြီး ၊ ကောင်းကင်ယံရှိ မဟာလမ်းစဉ် စာရင်းကို ဆက်လက် ကြည့်ရှုနေကြသည်။ ၎င်းတို့၏ ဆွေးနွေးသံများက ပို၍ပင် ကျယ်လောင်လာသည်။
“ဒါပေမယ့်.... သုံဟွမ်မိစ္ဆာမဟာမိတ် ရဲ့ လိန်ချင်းယွဲ့ကလည်း အတော်သန်မာတာပဲ..”
“အမတ ဧကရီတစ်ပါးရဲ့ သမီးတော် ဖြစ်ရုံတင်မကဘူး ..’အဖျက်ရေခဲ ဘိုးဘေးနဂါး သွေးသား’ကိုလည်း ပိုင်ဆိုင်ထားသေးတယ်.. ရေခဲလမ်းစဉ်မှာ သူမကို ဘယ်သူကမှ ယှဉ်နိုင်မယ် မထင်ဘူး”
“ဒါပေမဲ့.... စူးချန်ကဲမှာက ကိုယ်ထည်အမျိုးအစား ခြောက်မျိုးတောင် ရှိတာလေ ...ပြီးတော့ နှစ်ခုက အမည်မသိတဲ့...”
“ ငါ့အမြင်အရ အမတသခင် တရားစီရင်ရေးရုံးတော် ရဲ့ သခင်ငယ် ဝူရှန်ထျန်းကလည်း မယုံနိုင်လောက်အောင် သန်မာတယ်..ရှေးဦးနတ်ဘုရားခန္ဓာ ကို ပိုင်ဆိုင်ထားတဲ့အပြင် မွေးရာပါ နတ်ဘုရားနှလုံးပါ ပေါင်းစပ်လိုက်ရင် ...သူ့ကို ဘယ်သူကမှ ယှဉ်နိုင်မယ် မထင်ဘူး...”
“ ဒေဝလောကတစ်ခွင်မှ ပါရမီရှင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ယောင်ကွမ်အမတဂိုဏ်းက နတ်ဘုရားမကိုလည်း မင်းတို့ မြင်ပြီးပြီလား..သူမရဲ့ ပါရမီကလည်း အရမ်းကြောက်ဖို့ကောင်းတာပဲ”
“ ပရမ်းပတာ အန္တိမခန္ဓာကိုယ်တဲ့ ကြားတောင်မကြားဖူးဘူး! တစ်ချိန်က ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့တဲ့ ယောင်ကွမ်းစိတ်ကူးယဉ် မျက်ဝန်းကိုပါ နှိုးဆော်နိုင်ခဲ့တယ်ဆိုပဲ “
“ တားမြစ် စူးမိသားစု၊ ကွေးယွမ်အမတဂိုဏ်း နဲ့ သံသရာစက်ဝန်း အမတမင်းဆက်တို့ရဲ့ ဆက်ခံသူ စူးချန်ကဲတင်မကဘူး ၊ ဒီလောက်များပြားတဲ့ ပါရမီရှင်တွေပါ ထွက်ပေါ်လာကြပြီလား “
“ အိုင်း! တော်ပြီ ငါတော့ မသွားတော့ဘူး!”
“ဒါပေမဲ့.... စူးချန်ကဲမှာက ကိုယ်ထည်အမျိုးအစား ခြောက်မျိုးတောင် ရှိတာလေ ...ပြီးတော့ နှစ်ခုက အမည်မသိတဲ့...”
ထိုပါရမီရှင်က ရှက်ရွံ့စွာဖြင့် ထပ်ပြောပြန်သည်။
“ တော်လိုက်တော့ ! ငိုးမသား!”
မူလက အကြိတ်အနယ် ဆွေးနွေးနေကြသော ပါရမီရှင်များသည် ရုတ်တရက် ဒေါသတကြီးဖြင့် အော်ငေါက်လိုက်သည်။
“တစ်ချိန်လုံး စူးချန်ကဲ စူးချန်ကဲချည်းပဲ! အဲ့စူးချန်ကဲ က တော်တယ်ဆိုတာ ငါတို့ မသိဘဲနေမလား!?”
“ မင်းက ကိုယ်ထည် နှစ်မျိုးနဲ့ ခြောက်မျိုးကို နှိုင်းယှဉ်နေတာလား “
“အဲ့တာ နှိုင်းယှဉ်လို့ရမယ့်အရာလား!?”
“ အေးလေ ! ညီအစ်ကိုတွေကို နည်းနည်းလေး ပျော်ခွင့်ပေးလိုက်ပါဦးလား .. စူးချန်ကဲဆိုတဲ့ကောင်နဲ့ လာလာပြီး နှိုင်းယှဉ်နေတာ...မင်းမေကြီးတော်ပဲ!”
“သူ့မှာ ကိုယ်ထည် ခြောက်မျိုးရှိတာ၊ နောင်ဆို ခုနစ်မျိုး...ရှစ်မျိုးအထိတောင် ရှိလာလိမ့်မယ်”
“မင်းက ဒီလို လူ့ဘီလူးတစ်ကောင်ကို ယူလာပြီး ငါတို့ အမတနယ်မြေက ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်နေတာ၊ ငါ မင်းကိုမေးမယ်.. အဲ့တာ နှိုင်းယှဉ်လို့ ရမယ့်အရာလား!?”
“………”
သူတို့သည် စူးချန်ကဲအပေါ်တွင် အနည်းငယ် မကျေနပ်ကြသော်လည်း ၊
သူတို့ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိထားကြသည်။
ကိုယ်ထည်အမျိုးအစား ခြောက်မျိုး ရှိရုံသာမက ၊ ယခင်က ထွန်းတောက်ခဲ့သော အောင်မြင်မှုများကို ကြည့်လျှင်ဖြင့် ၊ အတုမရှိ ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ယောက်ဟု ခေါ်ဆိုနိုင်သည်။
ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် ၊ ဤကဲ့သို့သော လူ့ဘီလူးတစ်ကောင် ပေါ်ထွန်းလာခြင်းသည် ယနေ့ခေတ် လူငယ် ပါရမီရှင်အားလုံး၏ စိတ်နှလုံးသားထဲတွင် မကျော်လွှားနိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ပင်။
လူတိုင်းက သူ့ကို ရိုသေလေးစားကြသည်။
သို့သော်လည်း လူတိုင်းက တောင်တက်သမား ဖြစ်လိုကြပြီး ၊ ဤတောင်ကြီးကို ခြေနဲ့နင်းကာ နောင်လာနောက်သားများထိတိုင် နာမည်ကျော်ကြားလိုကြသည်။
….
အမတနယ်မြေ အပြင် ဒေဝလောက တစ်ခွင်ရှိ လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ကြည့်လျှင်ဖြင့် ၊
လက်ရှိ အမှောင်ထု မူလရင်းမြစ်ကမ္ဘာတွင်လည်း ထိုနည်းတူစွာပင်။
အဆုံးမရှိသော မှော်နက်သင်္ကေတများသည် ဤလောကနှင့်အတူ တသိမ့်သိမ့် ရိုက်ခတ်လျက် ၊ ကောင်းကင်သည်ပင် အမှောင်ထု၏ တိုက်စားမှုကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေပြီး အချိန်မရွေး ပြိုကျသွားနိုင်သကဲ့သို့ ကြောက်မက်ဖွယ် ပုံစံတစ်ခု ဖြစ်နေသည်။
မိုးမြေကြားတွင် လနှင့် နေကို မတွေ့ရသကဲ့သို့၊ အလင်းရောင် အနည်းငယ်မျှပင် မရှိ ။
ငရဲပြည်ကဲ့သို့ အေးစက်သော ဖိအားမှလွဲ၍၊ အသက်ရှိခြင်း လက္ခဏာဟူ၍ လုံးဝမှ မတွေ့ရချေ။
အမှောင်ကောင်းကင်နှင့် သွယ်တန်း ဆက်စပ်နေပုံရသော ထူးဆန်းသည့် ခန်းမဆောင်အတွင်း၌ ။
အမှောင်ထု မူလရင်းမြစ်ကမ္ဘာရှိ အဓိက အင်အားစုကြီးများ၏ ခေါင်းဆောင်များ နှင့် ရှစ်ထျန်းတိ့သည် ဤအခိုက်အတန့်တွင် ထပ်မံ စုဝေးလျက် တွေ့ဆုံနေကြသည်။
“လူကြီးမင်းတို့ အခု ဒေဝလောက ပြန်လည်စတင်ရာခေတ်ကို စတင်လာခဲ့ပြီ၊ အမတနယ်မြေ နဲ့ ဒေဝလောက တစ်ခွင်လုံးက ပါရမီရှင်တွေလည်း လောကကြီးထဲ ထွက်ပေါ်လာကြပြီ”
ခန်းမအတွင်းပိုင်းမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ရာ ၊ လေထဲရှိ မှော်နက်သင်္ကေတများသည်ပင် ပုံပျက်ကာ တဆက်ဆက် တုန်ခါနေသည်။
ကြီးမားကျယ်ပြန့်သော ခန်းမဆောင်အတွင်း၌၊ ရောင်ဝါများ ပြင်းထန်သော အမှောင်ပုံရိပ်ကိုးဦးသည် စက်ဝိုင်းပုံ ဖွဲ့ကာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
၎င်းတို့ထဲမှ ရင်းနှီးကျွမ်းဝင်သော မျက်နှာတစ်ခု ရှိနေသည်။ ၎င်းသည် နဂါးနက်ဧကရာဇ် ဝတ်ရုံကို ဝတ်ဆင်ထားကာ၊ ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအင်များကို ထုတ်လွှတ်နေသည်။ ထိုလူမှာ ရှစ်ထျန်းတိ့ ပင်တည်း။
ရှစ်ထျန်းတိ့သည် အေးစက်စက် ပြုံးရယ်ရင်း ဆိုလိုက်သည်။
“ အမှောင်ထု ပြန်လည်ရှင်သန်ဖို့ နှစ်ပေါင်းရာချီ စောင့်ဆိုင်းရဦးမယ်ဆိုပေမယ့် ..အခုက ဒေဝလောက တစ်ခုလုံး ပြန်လည်စတင်လာပြီ ဖြစ်လို့ စွမ်းအင်စီးဆင်းမှုတွေက ဖရိုဖရဲဖြစ်နေတယ် “
“ဒါဟာ ငါတို့ ဟေးရွှီတွေ ပြင်ပလောကမှာ သွားရောက်လှုပ်ရှားဖို့ အချိန်ကောင်းတစ်ခုပဲ “
“ အားလုံးရဲ့ စိတ်ကူးကရော ဘယ်လိုလဲ”
‘ဟေးရွှီ’ ဆိုသည်မှာ ယခင်က ရှစ်ထျန်းတိ့ စတင်ခဲ့သော အမှောင်ထုစုစည်းရေး မဟာမိတ်အစီအစဥ် ဖြစ်သည်။
အမှောင်ထု အင်အားကြီး ကိုးဖွဲ့ကို မဟာမိတ်အဖွဲ့ တစ်ခုအဖြစ် ဖွဲ့စည်းခြင်းဖြင့် ၊ ၎င်းကို ဟေးရွှီ ဟု တရားဝင်ခေါ်ဆိုခဲ့သည်။
သီးခြားစီရပ်တည်နေသော အမတနယ်မြေရှိ တားမြစ် အင်အားစုကြီး ကိုးဖွဲ့နှင့် နှိုင်းယှဉ်ပါက၊ ဤမဟာမိတ်ဖွဲ့ထားသော အမှောင်ထု အင်အားစုများသည် အမှောင်မူလရင်းမြစ် ကမ္ဘာတစ်ခုလုံး၏ အင်အားကို ပိုမိုစုစည်းနိုင်ပြီး၊ အနာဂတ်တွင် အမတနယ်မြေ တစ်ခုလုံးကို ဖြုတ်ချရန် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။
ဤသည်မှာ ဟေးရွှီ ထူထောင်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
“ဒါပေမယ့်.... အမတနယ်မြေမှာ မထွက်ပေါ်လာသေးတဲ့ ရှေးဟောင်း အင်အားစုတွေ အများကြီး ရှိသေးတယ်....”
ယုံမင်နတ်ဘုရားနန်းဆောင်၏ ခေါင်းဆောင် က ဆိုလိုက်သည်။
“အကယ်၍ ငါတို့က သူတို့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရရင် ...အမှောင်ထု ပြန်လည်မရှင်သန်လာခင် အမှောင်မူလရင်းမြစ် ကမ္ဘာကြီးက သူတို့ကို ယှဉ်နိုင်ဖို့မဖြစ်နိုင်ဘူး”
“မှန်တယ် .. ဒီကိစ္စကို သေချာစဉ်းစားရမယ်၊ ပြီးတော့ တကယ်လို့များ အမတနယ်မြေက အင်အားစု တစ်ခုကို ငါတို့တွေအတွက် အသုံးချနိုင်ခဲ့ရင် ပိုပြီး အဆင်ပြေလိမ့်မယ်”
ကျုံယုံနန်းဆောင်ကိုးခု၏ ခေါင်းဆောင် က ဝင်ပြောလိုက်သည်။
“ဒါဆိုရင်တော့ မဆိုးဘူး”
ထိုစကားသံအဆုံးတွင် ၊ အခြားသော အမှောင်ထု အင်အားစုများမှ ခေါင်းဆောင်များသည်လည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ရှစ်ထျန်းတိ့ ၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု လှစ်ဟသွားသည်။ သူသည် ၎င်းတို့၏ အတွေးကို ကြိုတင်ခန့်မှန်းမိပုံ ရပေသည်။
“စိတ်မပူနဲ့၊ မကြာသေးခင်က ငါ့ရဲ့ ယုံကြည်ရတဲ့ လူယုံတွေကို အမတနယ်မြေက အင်အားစု တစ်ခုကို တိတ်တဆိတ် တိုက်စားဖို့ စေလွှတ်ခဲ့ပြီးပြီ”
ထိုစကားများ ထွက်လာသည်နှင့် ၊ အမှောင်ထု အင်အားစု ခေါင်းဆောင်များသည် အံ့အားသင့်သော မျက်နှာထားများဖြင့် ရှစ်ထျန်းတိ့ ကို လှမ်းကြည့်လိုက်ကြသည်။
ရှစ်ထျန်းတိ့၏ အပြုံးသည် ပို၍ တောက်ပလာသည်။
“ပြီးတော့ အဲဒါက ခေတ်ပြိုင် အမတနယ်မြေ တားမြစ်အင်အားစုကြီး ကိုးဖွဲ့ ထဲက တစ်ဖွဲ့ဖြစ်တဲ့ ယောင်ကွမ်အမတဂိုဏ်းရဲ့ လက်အောက်ခံ အင်အားစုပဲ “
အပိုင်း(၆၇၆): လော့ရန်ယွီကို ပစ်မှတ်ထားခြင်း
အမတနယ်မြေ၏ တားမြစ်အင်အားစု တစ်ခုအဖြစ် ၊
ယောင်ကွမ်အမတဂိုဏ်းသည် ကျယ်ပြန့်သော နယ်မြေကို အုပ်စိုးလျက်၊ ၎င်းတွင် လက်အောက်ခံ အင်အားစုပေါင်း မရေမတွက်နိုင်အောင် ရှိသည်။
ရှစ်ထျန်းတိ့သည် ၎င်း၏လက်အောက်ရှိ အင်အားစုတစ်ဖွဲ့ကို လျှို့ဝှက်စွာဖြင့် တိုက်စားထားသည့်တိုင်အောင် တဖက်လူသည် သတိမထားမိခဲ့ပေ။
အမှောင်ထု အင်အားစု ခေါင်းဆောင်များ၏ နားမလည်နိုင်သော အကြည့်များကို သတိပြုမိဟန်ရှိသည့် ရှစ်ထျန်းတိ့သည် ဆက်လက်ရှင်းပြသည်။
“ ကျုပ် ကြားရသလောက် ယောင်ကွမ်အမတဂိုဏ်းမှာ အံ့ဩစရာကောင်းတဲ့ နတ်ဘုရားမတစ်ပါး ထွက်ပေါ်လာခဲ့တယ်ဆိုပဲ”
“ ခင်ဗျားတို့ ဒါကို မမေ့သင့်ဘူး..ယောင်ကွမ်းစိတ်ကူးယဉ် မျက်ဝန်းက ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးကို ဆင်နွှဲစဉ်က အလွန်ထင်ရှားခဲ့ပြီး၊ အမှောင်ထုရဲ့ နိယာမကိုတောင် ပြင်းထန်စွာ ဟန့်တားနိုင်စွမ်းရှိခဲ့တယ် “
“တကယ်လို့ လော့ရန်ယွီသာ အမှောင်ထုရဲ့ တိုက်စားမှုကို ခံရရင် ..ဒီယောင်ကွမ်းစိတ်ကူးယဉ် မျက်ဝန်းရဲ့ စွမ်းအားကို ကျုပ်တို့အမှောင်ထုရဲ့ အကျိုးအတွက် အသုံးချရုံသာမက၊ အမှောင်ထုရဲ့ နိယာမကို ဟန့်တားနိုင်တဲ့ အကြောင်းရင်းကိုပါ ဖော်ထုတ်နိုင်ကောင်း နိုင်လိမ့်မယ်”
ဤစကားကို ကြားပြီးမှသာလျှင် ယခင်က ဝေခွဲမရဖြစ်နေခဲ့ကြသော ခေါင်းဆောင်များသည် ရုတ်တရက် နားလည်သဘောပေါက်သွားကြသည်။
ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီး ကာလအတွင်း၊ အမှောင်ထုနိယာမအား အထူး ဟန့်တားနိုင်စွမ်းရှိသော စွမ်းအားများသည် သူတို့ကို အလွန်ပင် ခေါင်းခြောက်စေခဲ့ပြီး၊ အမှောင်ထု၏ ပျံ့နှံ့မှုကိုသိသိသာသာ နှေးကွေးစေခဲ့သည်။
ယောင်ကွမ်းစိတ်ကူးယဉ် မျက်ဝန်းသည် အတော်လေးကို ထူးခြားပေသည်။
ဒေဝလောက တစ်ခွင်တွင် အစစ်မှန်ဆုံးသော သန့်စင်စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။
မျိုးဆက်ဟောင်း ယောင်ကွမ်းစိတ်ကူးယဉ် မျက်ဝန်း ပိုင်ဆိုင်သူသည် ၎င်း၏ ကြောက်မက်ဖွယ် သန့်စင်စွမ်းအားဖြင့်၊ သူတို့၏ အမှောင်ထုတပ်တော် သန်းပေါင်းများစွာကို လုံးလုံးလျားလျား ချေမှုန်းနိုင်ခဲ့သည်။
ပိုဆိုးသည်မှာ၊ အမှောင်မူလရင်းမြစ် ကမ္ဘာ၏ အမှောင်ထု အမတဧကရာဇ်မင်း သုံးပါးကိုပင် ဆုံးရှုံးခဲ့ရသည်။
ဤမျှကြီးမားသော တန်ကြေးကို ပေးဆပ်ခဲ့ရသော်လည်း ၎င်းကို သတ်နိုင်ခြင်းမရှိဘဲ ၊ အမှောင်မူလရင်းမြစ် ကမ္ဘာ၏ မေ့ပျောက်၍ မရနိုင်သော အရှက်ရစရာတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။
ယခုအခါတွင်၊ လော့ရန်ယွီ အား အမှောင်ထုသို့ နစ်မြှုပ်စေပြီး ၎င်း၏ ယောင်ကွမ်းစိတ်ကူးယဉ် မျက်ဝန်းကို ဖြေရှင်းနိုင်မည်ဆိုပါက ၊ သူတို့ အမှောင်မူလရင်းမြစ် ကမ္ဘာ အနေဖြင့် ဒေဝလောကတစ်ခွင်လုံးကို ဖြုတ်ချနိုင်ဖို့ ပို၍ ယုံကြည်ချက် ရှိလာပေတော့မည်။
“ ဒါပေမဲ့.... အရင်က တားမြစ်ကုန်းပြင်မြင့် ပျက်သုဉ်းခဲ့တဲ့ကိစ္စမှာ “
ကျုံယုံ နန်းဆောင်ကိုးခု၏ ခေါင်းဆောင်က ဆိုလေသည်။
“ ယောင်ကွမ်အမတဂိုဏ်းက အခြားတားမြစ်အင်အားစုကြီး သုံးဖွဲ့နှင့် ပူးပေါင်းပြီး တားမြစ်ကုန်းပြင်မြင့်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တယ်”
“ လော့ရန်ယွီကို အမှောင်ထုထဲ ဆွဲသွင်းဖို့ ကြိုးစားရင် ယောင်ကွမ်အမတဂိုဏ်းကို ထိတ်လန့်မှုဖြစ်စေမှာ သေချာတယ် ..အဲ့ထက် တားမြစ် အင်အားစုကြီး သုံးဖွဲ့ကိုပါ နှောင့်ယှက်မိပြီး.... တော်ကြာ....”
ထိုစကားများ ထွက်လာသည်နှင့် ပတ်ဝန်းကျင်သည် တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အမှောင်ထု အင်အားစု ခေါင်းဆောင် အချို့သည် တိတ်ဆိတ်နေကြပြီး၊ ၎င်းတို့၏ မျက်နှာအမူအရာမှာလည်း ကြည့်ရဆိုးနေသည်။
ဒေဝလောကတစ်ခွင်လုံးကို ဖြုတ်ချဖို့ ကြိုးစားနေသော သူတို့ကို လူအများက စိတ်ကူးယဉ်နေသော အရူးတစ်သိုက်ဟု ခေါ်ဆိုကြသော်လည်း၊ သူတို့၏ အမြင်တွင်မူ တားမြစ် စူးမိသားစု နှင့် ကွေးယွမ်အမတဂိုဏ်းတို့သာလျှင် စစ်မှန်သော ရူးသွပ်သူများ ဖြစ်ကြသည်။
အမှန်အားဖြင့် ပထမဆုံး ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီး ကျရှုံးခဲ့ရသည့် အကြောင်းရင်းမှာ ထိုအင်အားစု နှစ်ဖွဲ့နှင့် ပတ်သတ်မှုမကင်းချေ။
“ စိတ်ပူစရာမရှိဘူး .. ယောင်ကွမ်အမတဂိုဏ်းက အဲ့ဒီတားမြစ် အင်အားစုကြီး သုံးဖွဲ့နဲ့ ဆက်နွယ်မှု မရှိဘူး”
ရှစ်ထျန်းတိ့က ခိုင်မာစွာ ပြောဆိုလိုက်သည်။
{ T/N - ကိုယ်တွေတော့ ဒီရှစ်ထျန်းတိ့ကို အတော်လေး သနားမိတယ် (˃ ⌑ ˂ഃ ) }
“ အရင်က ယောင်ကွမ်အမတဂိုဏ်းက တားမြစ်ကုန်းပြင်မြင့်ကို တပ်တွေ စေလွှတ်ခဲ့တယ်ဆိုတာက တားမြစ် အင်အားစုကြီး သုံးဖွဲ့ရဲ့ သဘောကျမှုကို ရယူဖို့အတွက်ပဲ”
“ သူတို့တွေ အဆက်အသွယ်မရှိတာ သေချာတယ် “
“ လော့ရန်ယွီ နဲ့ ပတ်သက်ပြီး ပြောရရင် သူမက ယောင်ကွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ ဆိုပေမယ့် ...ကြားရသလောက် သူမက တိုက်မြေ သုံးထောင်ကနေ တတ်ရောက်လာတဲ့သူတဲ့ “
“ဒီလို အဆင့်အတန်း ပေးအပ်တယ်ဆိုတာက ကောင်းမွန်တဲ့ ဂုဏ်သတင်းတစ်ခုကို ရယူနိုင်ဖို့ အတွက်ပဲ”
စကားသံအဆုံးတွင် ၊
အစည်းအဝေးတွင် ရှိနေကြသော အမှောင်ထု ခေါင်းဆောင်များသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ၊ သံသယဖြင့် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
လတ်တလော အမတနယ်မြေတွင် ဟိုးလေးတစ်ကျော် ဖြစ်နေသည့် စူးချမ်းကဲသည်လည်း တိုက်မြေ သုံးထောင်မှ အမတနယ်မြေသို့ တက်ရောက်လာသူပင် မဟုတ်လော။
“ရှစ်ထျန်းတိ့.... ကျူပ် ကြားရသလောက် တားမြစ် အင်အားစုကြီး သုံးဖွဲ့ရဲ့ ဆက်ခံသူ စူးချန်ကဲကလည်း တိုက်မြေ သုံးထောင်ကနေ တက်ရောက်လာတာလို့ ကြားတယ်..”
“အခု ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ အဖြစ် ခန့်အပ်ခံထားရတယ်...”
ယုံမင်နတ်ဘုရားနန်းဆောင် ၏ ခေါင်းဆောင်သည် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
“ ပြီးတော့ လော့ရန်ယွီကလည်း ယောင်ကွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူဆိုတော့ သူတို့ကြားမှာ ဆက်နွယ်မှုများ ရှိနေနိုင်မလား....”
“မဖြစ်နိုင်ဘူး! “
တဖက်လူ၏ စကားအဆုံးကို မစောင့်တော့ဘဲ ရှစ်ထျန်းတိ့က တိုက်ရိုက် ကန့်ကွက်လိုက်သည်။
“ လုံးဝ မဖြစ်နိုင်ဘူး!”
“ ဒီလောကမှာ ဒီလောက်ထိ အံ့သြဖွယ်ကောင်းတဲ့ တိုက်ဆိုင်မှုမျိုး ရှိမယ်မထင်ဘူး “
လော့ရန်ယွီ အား အမှောင်ထုသို့ ဆွဲချမည့်ကိစ္စကို ရှစ်ထျန်းတိ့သည် ယတိပြတ် ဆုံးဖြတ်ထားသည်မှာ ထင်ရှားပေသည်။
စူးချန်ကဲကို အမှောင်ထုထဲ ဆွဲမသွင်းနိုင်ရင်တောင် ၊ ဒီလော့ရန်ယွီတစ်ယောက်ကိုတော့ မရနိုင်စရာလား !?
ရှစ်ထျန်းတိ့၏ သဘောထားကို မြင်တွေ့ပြီးနောက် အမှောင်ထု ခေါင်းဆောင်များသည်လည်း နောက်ထပ် ဆက်မပြောတော့ချေ။
သို့သော်၊ စူးချန်ကဲ နှင့် လော့ရန်ယွီတို့နှစ်ယောက်စလုံး အပေါ် တွင် သတိထားစောင့်ကြည့်မှုများ ပိုမို ပြုလုပ်လာကြသည်။
အထူးသဖြင့် စူးချန်ကဲသည် ကိုယ်ထည်ခြောက်မျိုး ရှိပြီး ၊ ၎င်းတို့အနက် နှစ်မျိုးမှာ အမည်မသိ ဖြစ်နေသည်။
ဤမျှနှစ်ပေါင်းကြာမြင့်စွာ ရှင်သန်ခဲ့ကြသော သူတို့ပင်လျှင် ၊ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီစွမ်းရည်ကို တစ်ခါမျှပင် မမြင်ဖူးကြပေ။
၎င်းအား ကြီးထွားရှင်သန်ခွင့်ပြုမည်ဆိုပါက ၊ ဒုတိယအကြိမ် အမှောင်ထု စစ်ပွဲကြီးကို သူတစ်ဦးတည်းဖြင့် လှန်ပစ်နိုင်သည်အထိ ဖြစ်လာနိုင်သည်။
ယနေ့ တွင် ဤကိစ္စနှင့်ပတ်သတ်၍ မပြောခဲ့လျှင်တောင် ရှစ်ထျန်းတိ့သည် စူးချန်ကဲအား အချိန်မတိုင်မီ ရှင်းပစ်ရန် ကြိုးစားပေလိမ့်မည်။
သို့သော် သူတို့ မသိခဲ့သည်မှာ စူးချန်ကဲကို ကြံစည်ခြင်းပင် ဖြစ်စေ ၊ လော့ရန်ယွီကို ပစ်မှတ်ထားခြင်းပင် ဖြစ်စေ ၊
ထိုသို့သော အတွေးအခေါ် ပေါ်ပေါက်လာသည့် အခိုက်အတန့်မှာပင် ၊ သူတို့သည် သေခြင်းတရားကို ဖိတ်ခေါ်နေခဲ့ချေပြီ။
……….
တစ်ချိန်တည်းမှာပင်။
ကွေးယွမ်အမတဂိုဏ်း။
စူးချန်ကဲ ပြန်လာမည့် သတင်းသည် ကွေးယွမ်အမတဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
မရေမတွက်နိုင်သော ဂိုဏ်းသားများ နှင့် အကြီးအကဲများသည် စူးချန်ကဲ ဆင်းသက်လာမည်ကို အသင့်စောင့်ဆိုင်းလျက် ရှိနေသည်။
တစ်ချိန်တည်းမှာပင် ၊ လူအုပ်ထဲတွင် ရပ်နေကြသော တိ့ကျန့် မဟာဧကရာဇ်မင်း ၊ ရွှမ်ယွီ ဧကရီ စသော သူမတို့သည်လည်း မျက်မှောက်ရှိ မြင်ကွင်းကို ကြည့်ရှုရင်း အတိုင်းမသိ ဝမ်းသာနေကြသည်။
“ ချန်ကဲ က တကယ်ကို အထင်ကြီးစရာကောင်းတာပဲ ...”
တိ့ကျန့် မဟာဧကရာဇ်မင်းက ဆိုလိုက်သည်။
“ဒီအခြေအနေကို ကြည့်ရင် ၊ ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းသားတွေ တစ်ဝက်နီးပါးလောက် ရောက်လာကြတာပဲ!”
“ ဒီလောကကြီးသာ ဒီလောက်စွမ်းအားရှင် လူအများကြီးရဲ့ ဒဏ်ကို ခံနိုင်မယ်ဆိုရင် ...”
ဘေးနားရှိ ရွှမ်ယွီ ဧကရီက ဝင်ပြောလိုက်သည်။
“အရေအတွက်က နှစ်ဆ ပိုများသွားနိုင်သေးတယ် “
“ ငါတို့များကြ ရှေးဟောင်း အမတလမ်းကြောင်းကနေ ကွေးယွမ်အမတဂိုဏ်းကို အမောစို့ရင်း ပြေးလာခဲ့ရတာ ၊ ဂိုဏ်းရောက်လို့ ရေတစ်စက်တောင် မသောက်ရသေးဘူး ဂိုဏ်းဝင်ခွင့် စမ်းသပ်မှုထဲ ပစ်ထည့်ခံလိုက်ရတယ်....”
“ ဒီအစ်မကြီးတော့ သေလုနီးပါးပဲ...”
“ဒါပေမယ့် ချန်ကဲ ကြတော့၊ ကြိုဆိုယာဉ် သုံးစီးတောင် လွှတ်ပြီး လာကြိုတာ ..လူတောင် မရောက်သေးဘူး ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ ဖြစ်သွားပြီ....”
“လူချင်းချင်း ကွာခြားချက်က ဒီလောက်တောင် ကွာခြားရသလား “
“ ကိုယ်တွေမှာတော့ အနည်းဆုံး ဂိုဏ်းအတွက် အသက်သွေးချွေးတွေ ကျပြီး အားထုတ်ခဲ့ရတာ”
ရွှမ်ယွီ ဧကရီမှာ စကားပြောရင်း ပို၍ မကျေမနပ် ဖြစ်လာသည်။ သူမကို ကြည့်ရသည်မှာ မူလက ကြီးကျယ်ခမ်းနားသော ဧကရီတစ်ပါးသည် ယခုတွင်မူ မတရားခံရသော ဇနီးသည်လေးတစ်ယောက်နှင့် တူနေသည်။
ဘေးက ပိုင်ကျန့် မဟာဧကရာဇ်မင်း နှင့် ဟွမ်ထျန်း မဟာဧကရာဇ်မင်းတို့ကလည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခါးသီးစွာဖြင့် ပြုံးလိုက်ကြသည်။
သူတို့သည် တိုက်မြေ သုံးထောင်တွင် ကြီးကျယ်ခမ်းနားသော မဟာဧကရာဇ်မင်းများ ဖြစ်ခဲ့ကြသော်လည်း ၊
ကွေးယွမ်အမတဂိုဏ်းသို့ ရောက်ရှိလာချိန်တွင် သူတို့၏ လက်ရှိခွန်အားသည် အောက်ဆုံးအဆင့်မှာပင် ရှိနေမှန်း သိလိုက်ရသည်။
သို့ဖြစ်ရာ ၊ သူတို့သည်လည်း အခြားသော ပါရမီရှင်များနည်းတူ အမတနယ်မြေတစ်ခွင်သို့ လှည့်ပတ်၍ အတွေ့အကြုံယူရန်မှတပါး မတတ်နိုင်ချေ။
ဝီ !!
မူလက တိတ်ဆိတ်နေသော အစီအရင်သည် ရုတ်တရက် တောက်ပသော နတ်အလင်းများဖြင့် ပေါက်ကွဲထွက်လာသည်။ မဟာလမ်းစဉ်၏ မှော်သင်္ကေတများ ထွက်ပေါ်လာပြီး ၊ ၎င်း၏ လျို့ဝှက်ဆန်းကြယ်သော ရောင်ဝါသည် ကမ္ဘာမြေကို တုန်လှုပ်သွားစေသည်။
ထို့နောက် အလင်းတံခါး တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး ၊ အာကာသဆိုင်ရာ မှော်သင်္ကေတများစွာ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
အမတ အလင်းများဖြင့် တောက်ပနေသော တံခါးထဲမှ အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားသော ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
ဤမြင်ကွင်းကို မြင်တွေ့ကြသည်နှင့် ကွေးယွမ်အမတဂိုဏ်းဝင် အများအပြားသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ၊ ထိုတံခါးပေါက်ရှိရာသို့ ရိုသေစွာ လက်အုပ်ချီမိုးကြပြီး ၊ မိုးကောင်းကင်တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်သော အသံများဖြင့် ကြွေးကြော်လိုက်ကြသည်။
“ချန်ကဲ ဆက်ခံသူ ကို ကြိုဆိုပါတယ်!”