← Chapters

အခန်း (၆၇၇-၆၇၉)

Vol. 51 Ch. 677-679

အခန်း (၆၇၇-၆၇၉)

Vol. 51 Ch. 677-679

အပိုင်း(၆၇၇): ဆရာကြီးတွေဖြစ်နေကြသော ဘိုးဘေးများ

ကွေးယွမ်အမတဂိုဏ်းသားများ၏ ကြိုဆိုမှုအောက်တွင် ၊

ရုပ်ရည်ချော မောလှသော လူငယ်တစ်ဦးသည် အလင်းတံခါးထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

သူ၏ ခြေလှမ်းတိုင်းသည် ပေါ့ပါးလွတ်လပ်ပြီး၊ မျက်နှာအသွင်အပြင်သည် သဘာဝတရားမှ ထုဆစ်ထား‌သည့်အတိုင်းပင်။ ဝတ်စုံဖြူသည် အစွန်းအထင်းမရှိ ဖြူဖွေးတောက်ပကာ သူ၏ မျက်ဝန်းများသည် ရေကန်ပြင်ကြီးကဲ့သို့ အေးချမ်းငြိမ်သက်နေသည်။

အထူးသဖြင့် နှုတ်ခမ်းထောင့်မှ အပြုံးတစ်ပွင့်နှင့် ပေါင်းစပ်လိုက်သည့်အခါတွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို နှိပ်ကွပ်နိုင်သည့် ယုံကြည်ချက်မျိုး ရှိနေသည်။

ဤလူငယ်သည် လောကီကို ကျော်လွန်သော ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

…….

အာကာသသည် စက္ကန့်အနည်းငယ်ကြာ အေးခဲသွားပုံရပြီး ၊ နောက်ဆုံးတွင် လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

“ချန်ကဲ ဆက်ခံသူက ခုလို ချောမောကြော့ရှင်းတဲ့ လူငယ်တစ်ဦးဖြစ်မယ်လို့ ဘယ်တုန်းကမှ မထင်မိဘူး .. အတွေ့အကြုံရင့်တဲ့ လူကြီးပုံစံမျိုးဖြစ်မယ်လို့ ထင်ခဲ့တာ!”

“ ချစ်စရာကောင်းတဲ့‌ ကောင်လေးတစ်ယောက် မဟုတ်ရင်တောင်မှ ဒါပေမဲ့ ဒီလိုပုံစံမျိုးဆိုလည်း ငါတော့ အရမ်းကြိုက်တယ်!”

“အရင်က အမတနယ်မြေမှာ ချန်ကဲ ဆက်ခံသူရဲ့ ရုပ်ရည်က သာမန်ပဲလို့ ပြောနေကြတာ...ခုလို မြင်လိုက်ရတော့ ဒါတွေက တမင်သက်သက် ယုတ်မာပြီးပြောကြတာပဲ! ဆက်ခံသူ သခင်က ငါမြင်ဖူးသမျှထဲ အချောဆုံးလူသားပဲ !”

“ဒါကမှ ငါ့ စိတ်ကူးယဉ်ပြီး မျှော်လင့်ထားတဲ့ ထျန်းတိ့တစ်ပါးရဲ့ ပုံရိပ်နဲ့ ကိုက်ညီတာ!”

“……”

ပထမဆုံးအကြိမ် စူးချန်ကဲကို မြင်လိုက်ရသော ကွေးယွမ်အမတဂိုဏ်းရှိ ကျင့်ကြံသူအမျိုးသမီးတို့၏ စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမရ စွဲလန်းမှုများ ဖြစ်ပေါ်လာခဲ့သည်။

သူမတို့၏ စွဲလန်းမှုကို အပြစ်တင်လို့မရနိုင်ချေ။

စူးချန်ကဲ၏ ပင်ကိုယ်အလှကို ထည့်မပြောရသေးခင် ၊

စူးချန်ကဲပိုင်ဆိုင်ထားသော ကိုယ်ထည်များသည် သွေးသားဆင့်ကဲပြောင်းလဲမှုကို ဖြစ်စေသည်။ ထို့ကြောင့် သူ၏ ကိုယ်ခန္ဓာမှ လူတိုင်း သဘောကျစေမည့် မဟာလမ်းစဉ်၏ မွှေးကြိုင်သော ရနံ့များကို ထုတ်လွှတ်ပေးလျက် ရှိသည်။

သူ၏ အတုမရှိသော ပါရမီစွမ်းရည်ကို ထည့်မဆိုသေးခင် ၊ ဤကဲ့သို့သော ပြောင်မြောက်လွန်းသည့် ရုပ်ရည်တစ်ခုတည်းဖြင့် သူသည် အမတနယ်မြေတစ်ခွင်လုံးကို စိုးမိုးနိုင်ပေလိမ့်မည်။

“ ဒါက ချန်ကဲ ဆက်ခံသူတဲ့လား ..”

စူးချန်ကဲကို ပထမဆုံးအကြိမ် မြင်လိုက်ရသော အမျိုးသားကျင့်ကြံသူအချို့၏ မျက်လုံးများသည်ပင် ဝင်းလက်တောက်ပလာပြီး ၊ စူးချန်ကဲနှင့် နီးကပ်စွာ ထိတွေ့လိုစိတ် ပြင်းပြလာကြသည်။

ဟေး တလွဲမတွေးနဲ့ ...အဲ့လို ‌ထိတွေ့ချင်တာမျိုး မဟုတ်ဘူးနော် !!

စူးချန်ကဲ ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင် ၊ သူတို့သည် စူးချန်ကဲထံမှ ပျံ့နှံ့ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ဖိအားကို ခံစားမိခဲ့ကြသည်။

အတုမရှိသော ၊ စစ်မှန်သည့် ထူးချွန်သူ ၊ လောကကြီးကို လွယ်လင့်တကူ နှိပ်ကွပ်နိုင်မည့် ပါရမီရှင်တစ်ဦးဆိုသည်မှာ ဤအရာကို ဆိုလိုခြင်း ဖြစ်နိုင်သည်။

မူလက လူအချို့သည် စူးချန်ကဲအပေါ်တွင် မနာလိုဝန်တိုမှုများ မရှိသော်လည်း၊ အလျှော့မပေးလိုသော စိတ်သဘောထားများ ရှိခဲ့ကြသည်။

သို့သော် မကြာသေးမီက မဟာလမ်းစဉ် စာရင်းတွင် ကြေညာခဲ့သော သူ၏ ထင်ရှားကျော်ကြားသည့် အတိတ်က ဖြစ်ရပ်များကို ကြားသိလိုက်ရချိန်တွင် ၊

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စိတ်နှလုံးအကြွင်းမဲ့ ချီးကျူးလာကြပြီး၊ လေးစားခံထိုက်သည်ဟု ခံယူလာကြသည်။

မကြုံစဖူး လွန်စွာ စည်ကားသက်ဝင်နေသော မြင်ကွင်းကြောင့် စူးချန်ကဲတစ်ယောက် အနည်းငယ် ဆွံ့အသွားသော်လည်း ၊ သို့သော် ဤနေ့ရက်များအတွင်း သူသည် ကြီးကျယ်ခမ်းနားသော အခြေအနေများစွာကို ကြုံတွေ့ပြီးဖြစ်သဖြင့် ချက်ချင်းဆိုသလို သဘောပေါက်သွားသည်။

သူသည် လူအုပ်ကြီး‌ဆီသို့ လက်နှစ်ဖက်လျှက်ကာ တလေးတစား ပြောဆိုလိုက်သည်။

“ ချန်ကဲ ညီအစ်ကိုမောင်နှမတွေ နဲ့ အကြီးအကဲအားလုံးကို ဂါရဝပြုပါတယ်”

“ ချန်ကဲ နောက်ဆုံး မင်း ရောက်လာပြီ!”

ထိုအခိုက်အတန့်တွင်၊ လူအုပ်ထဲမှ ဆွဲမက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုသည် စူးချန်ကဲ‌ဆီသို့ ပြေးဝင်လာခဲ့သည်။

မျှော်လင့်မထားသော အခြေအနေဖြစ်ပေရာ ၊ စူးချန်ကဲသည် သူ၏မျက်နှာတစ်ခုလုံးမှာ နူးညံ့ပျော့ပျောင်းသော အရာဝတ္ထုတစ်ခုထဲသို့ စိုက်ဝင်သွားတာကို ခံစားလိုက်ရသည်။

“ ချန်ကဲ ...မမ မင်းကို စောင့်နေတာ ကြာပြီ!”

ရွှမ်ယွီ ဧကရီသည် နေရာတွင် ရှိနေသော လူများကို လုံးဝဂရုမစိုက်ဘဲ၊ စူးချန်ကဲ၏ မျက်နှာတစ်ခုလုံးကို သူမ၏ ကြီးမားကျယ်ပြန့်သော တောင်တန်းထဲသို့ နှစ်ဝင်စေခဲ့သည်။

“မင်း ဘာလို့ ခုမှလာတာလဲဆို!”

ဤမြင်ကွင်းသည် ထိုနေရာတွင် ရှိနေကြသော ကွေးယွမ်အမတဂိုဏ်းသား အားလုံး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

ကျင့်ကြံသူ အမျိုးသားများပင် ဖြစ်စေ ၊ အမျိုးသမီးများပင် ဖြစ်စေ ၊ ၎င်းတို့၏ စိတ်ထဲ၌ မနာလိုဝန်တိုမှုများ တဖွားဖွား ဖြစ်ပေါ်လာကြသည်။

“ငါလည်း ချန်ကဲ ဆက်ခံသူကို ဒီလိုပွေ့ဖက်ချင်တယ်လေ!”

“ငါလည်း ချန်ကဲ ဆက်ခံသူရဲ့ ဒီလိုပွေ့ဖက်မှုကို ခံယူချင်တယ်လေ!”

ယခင်က အံ့အားသင့်မှုနှင့် ခံစားချက်များသည် လုံးဝပျောက်ကွယ်သွားပြီး၊ ယင်းအစား အားကျမှုနှင့် မနာလိုဝန်တိုမှုများက အစားထိုးဝင်ရောက်လာခဲ့သည်။

လူချင်းအတူတူ အဘယ်ကြောင့် ဤမျှကွာဟချက် ကြီးမားရသနည်း။

“ ရွှမ်ယွီ မြန်မြန် လက်လွှတ်လိုက်စမ်း ...ချန်ကဲကို အသက်ရှုကျပ်သေအောင် လုပ်နေတာလား”

ထိုအခိုက်အတန့်တွင်၊ မိုးကောင်းကင်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုစကားကို ကြားလိုက်ရပြီးမှသာလျှင် ၊

စူးချန်ကဲကို တင်းကျပ်စွာ ပွေ့ဖက်ထားသော ရွှမ်ယွီ ဧကရီသည် ရုတ်တရက် သတိပြန်ကပ်လာပြီး ၊ သူမ၏ ပွေ့ဖက်မှုကို ဖြေလျှော့လိုက်သည်။

“ အဟွတ် အဟွတ် ....”

စူးချန်ကဲသည် တဖက်လူ၏ ရင်ခွင်ထဲမှ လွတ်မြောက်သွားသည်နှင့် လေကို လွတ်လပ်စွာ ရှုရှိုက်လိုက်သည်။

ယခင်က အစ်မဖြစ်သူ၏ လက်ထဲတွင် အသက်ပါလုနီးပါး အသက်ရှုကျပ်ခဲ့ရသေးသည်။ ယခုလည်း ရွှမ်ယွီ ဧကရီ၏ ပွေ့ဖက်မှုထဲတွင် သေလုနီးပါးဖြစ်ခဲ့ရပြန်သည်။

“ချန်ကဲ... မင်း ဘာမှမဖြစ်ဘူးမလား!?”

ရွှမ်ယွီ ဧကရီသည် အနည်းငယ် ထိတ်လန့်သွားသည်။ သူမ၏ အသံထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

“ခုနက အစ်မက သိပ်ပျော်လွန်းသွားလို့ ခဏတာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားတာပါ....”

“ရပါတယ် နားလည်ပါတယ်....”

စူးချန်ကဲသည် ခါးသီးစွာဖြင့် ပြုံးလိုက်ရင်း ခေါင်းခါလိုက်သည်။

သူ့အနေဖြင့် နောက်ပိုင်း လော့ရန်ယွီနှင့် ပြန်ဆုံတွေ့သည့်အခါ ဤကဲ့သို့အဖြစ်မျိုး ထပ်မကြုံရစေဖို့သာ ဆုတောင်းနေမိသည်။

ဝီ !!

ထိုအခိုက်အတန့်တွင်၊ ကောင်းကင်ယံမှ နတ်အလင်းများ ရုတ်တရက် တောက်ပလာပြီး၊ မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော သက်တံ့တံတားတစ်စင်းသည် ကွေးယွမ်အမတဂိုဏ်း၏အတွင်းပိုင်းထဲမှ ထွက်ပေါ်လာခဲ့သည်။

“ဒီရောင်ဝါက....”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော ဂိုဏ်းသားများစွာသည် မျက်နှာအရောင်များ ပြောင်းလဲသွားကြသည်။

“ဖော့ကျွင်းဘိုးဘေး!”

ထိုစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ဖော့ကျွင်းဘိုးဘေး?

“ ဖော့ကျွင်းဘိုးဘေးက တိုက်မြေ သုံးထောင်မှာ ရှိနေတာမဟုတ်လား...”

စူးချန်ကဲသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ ကွေးယွမ်အမတဂိုဏ်းကို ဘယ်လိုလုပ် ရောက်လာတာလဲ?”

ကွေးယွမ် သူတော်စင် နယ်မြေ၏ ဘိုးဘေးကြီးသည် သူ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားပြီး နောက်ဆုံးတွင် သူ၏ မူလကျင့်ကြံမှုကို ပြန်လည်ရရှိစေရန် အမတဖျောက်ဖျက်ကျိန်စာကို အသက်သွင်းခဲ့သည်ကို သူ မသိခဲ့ချေ။

မူလက သူသည် နောင်တစ်ချိန်တွင် အချိန်ရပါက တိုက်မြေ သုံးထောင်သို့ ပြန်သွားပြီး ၊ ယခင်က ဘိုးဘေးကြီးများနှင့် ပြန်လည်တွေ့ဆုံရန် စဉ်းစားထားခဲ့သည်။

သို့သော် ယခုတွေ့လိုက်ရသည်မှာ ကွေးယွမ် သူတော်စင် နယ်မြေရှိ ဘိုးဘေးကြီးသည် အမတနယ်မြေတွင် သူ့ကိုစောင့်ဆိုင်းနေခဲ့ဟန်နှင့် တူပေသည်။

“ ချန်ကဲ “

ထိုအချိန်တွင်၊ စင်ကြယ်သော အဖြူရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော ဖော့ကျွင်းဘိုးဘေးသည် သက်တံ့တံတားပေါ်မှ လျှောက်လှမ်းလာပြီး စူးချန်ကဲရှေ့သို့ ရောက်ရှိလာသည်။

ထိုအခိုက်အတန့်တွင် ဖော့ကျွင်းဘိုးဘေးထံမှ အေးချမ်းသော စိတ်သဘောထားကို တွေ့မြင်နေရပြီး ၊ တိုက်မြေ သုံးထောင်ရှိနေစဉ်က အခြေအနေနှင့် လုံးဝကွဲပြားနေသည်။

ကြင်နာပြီး ခင်မင်ရင်းနှီးသော အဘိုးကြီးတစ်ယောက်ကဲ့သို့ လူ၏ မသိစိတ်ကနေ ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်ပေါ်စေသည်။

“ ဖော့ကျွင်းဘိုးဘေးကို ဂါရဝပြုပါတယ်”

စူးချန်ကဲသည် ဝမ်းသာပျော်ရွှင်စွာဖြင့် အရိုအသေပြုလိုက်သည်။

“ဟားး.... ချန်ကဲ ၊ မတွေ့တာတောင် ကြာပြီ မင်းရဲ့ ရောင်ဝါက ပိုပြီး အားကောင်းလာတာပဲ”

ဖော့ကျွင်းဘိုးဘေး၏ မျက်လုံးထဲတွင် ကြင်နာသော အရိပ်အမြွက်များကို ‌မြင်တွေ့နေရပြီး ၊ သူသည် စူးချန်ကဲ၏ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။

“ကောင်းတယ်၊ ငါတို့ ကွေးယွမ်အမတဂိုဏ်းအတွက် တကယ့်ကို ဂုဏ်ယူစရာပဲ!”

ထိုစကားကို ကြားတော့ စူးချန်ကဲသည် ကူကယ်ရာမဲ့စွာ ပြုံးရယ်လိုက်သည်။

တိုးတက်လာသည်ဟု ဆိုရာတွင်၊ ဖော့ကျွင်းဘိုးဘေးကသာ လောကကြီးတစ်ခုလုံးကို မြေလှန်လိုက်သကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး ၊ သူ၏ရှေ့မှောက်တွင် မိမိသည် သာမန်လူသားတစ်ယောက်ကဲ့သို့ ခံစားမိသည်။

ဤခံစားချက်သည် သူ၏ အဖေ့ဘက်က ဦးလေး၊ အမေ့ဘက်က ဦးလေးနှင့် မိခင်တို့၏ရှေ့တွင်လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

ဒါဘာကိုဆိုလိုတာလဲ ?

တစ်နည်းအားဖြင့် ဖော့ကျွင်းဘိုးဘေးသည် အမတ ဧကရာဇ်မင်းတစ်ပါး ဖြစ်နိုင်သည်။

သို့သော်၊ သူ၏မှတ်ဉာဏ်ထဲတွင် ဖော့ကျွင်းဘိုးဘေးသည် မဟာဧကရာဇ်မင်းတစ်ပါးပင် မဟုတ်လော။

ဒါဆို ဘယ်လိုလုပ်ပြီး အမတ ဧကရာဇ်မင်း ဖြစ်လာတာတုန်း?

အပိုင်း(၆၇၈): အရည်အချင်းတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြဖို့ပဲ လိုတယ်(Part-1)

ထိုအခိုက်အတန့်တွင်၊ စူးချန်ကဲသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဦးနှောက်ထဲတွင် အလင်းရောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။

“ခဏနေစမ်းပါဦး....”

“ ဖော့ကျွင်းဘိုးဘေးက ကွေးယွမ်အမတဂိုဏ်းမှာ ရှိနေတယ်ဆိုတော့... ဒါဆို တခြားဘိုးဘေးတွေလည်း....”

စူးချန်ကဲသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည်။ ကွေးယွမ် သူတော်စင်နယ်မြေတွင် သိကျွမ်းခဲ့သော ဘိုးဘေးများသည် သိုဝှက်စွာဖြင့် နေထိုင်ခဲ့ကြသော ဆရာကြီးတွေ ဖြစ်နေခဲ့လေသလော။

မဟုတ်မှလွဲရော သူတို့အားလုံးက အမတ ဧကရာဇ်မင်းတွေလား!?

စူးချန်ကဲ၏ စိတ်ထဲက အတွေးများကို မြင်တွေ့ပုံရသော ဖော့ကျွင်းဘိုးဘေးသည် ပြုံးရယ်ကာ ပြောဆိုလိုက်သည်။

“ ချန်ကဲ ဒီကိစ္စက ပြောရင် ရှည်တယ်”

“သိတာ မသိတာက ပြဿနာ မဟုတ်ဘူး၊ ဒီအမတနယ်မြေ ကို တိုက်မြေ သုံးထောင်လိုပဲ သဘောထားလိုက်”

“စိုးရိမ်စရာ မရှိဘူး၊ ရဲရဲတင်းတင်းနဲ့သာ ရှေ့ဆက်လျှောက် “

“ငါတို့ လူကြီးတွေက အမြဲတမ်း မင်းအတွက် အခိုင်မာဆုံး နောက်ခံအင်အား ဖြစ်နေပေးဦးမှာ”

ကွေးယွမ်အမတဂိုဏ်းရှိ လူတိုင်း သိကြသည်။ စူးချန်ကဲ၏ ဆန္ဒသည် သူတို့ ကွေးယွမ်အမတဂိုဏ်း၏ ဆန္ဒပင်ဖြစ်သည်။

သို့သော်လည်း ဖော့ကျွင်းဘိုးဘေး၏ စကားများသည် ဂိုဏ်းသားအားလုံးကို အံ့အားသင့်စေခဲ့သည်။

ဖော့ကျွင်းဘိုးဘေးသည် သူတို့၏အမြင်တွင် တင်းကျပ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်သည် စူးချန်ကဲ၏ ရှေ့မှောက်တွင် အဘိုးရင်းတစ်ယောက်ကဲ့သို့ ကြင်နာနွေးထွေးစွာ ဆက်ဆံပြနေသည်။

ဤမျှကြီးမားသော ကွဲပြားမှုကြီးသည် တကယ်ကို အံ့အားသင့်စရာ ကောင်းပေသည်။

ထိုအခိုက်အတန့်တွင်။

ဖော့ကျွင်းဘိုးဘေးသည် ပြုံးရယ်ကာ ဆက်ပြောသည်။

“ ချန်ကဲ.. မင်းအမေ့ဆီက ကြားထားတယ် ..မင်း ငါတို့ ကွေးယွမ် အမတနယ်မြေ ရဲ့ နတ်ဘုရား အမတမျှော်စင်ကို သွားမလို့ဆို?”

“ အတော်ပဲ ဒီအမတဂိုဏ်းရဲ့ အမွေအနှစ်အတွက် ငါတို့ ကွေးယွမ်အမတဂိုဏ်း အနေနဲ့လည်း ခေတ်ပြိုင် ပါရမီရှင် အချို့ကို စေလွှတ်ပြီး အတွေ့အကြုံယူဖို့ စီစဉ်ထားတယ်”

“မင်း ရောက်လာပြီဆိုတော့၊ ချန်ကဲ မင်းကို ဦးဆောင်ခွင့်ပေးပြီး လမ်းညွှန်ခိုင်းမယ်၊ ဘယ်လိုလဲ?”

ထိုစကားများကို ကြားလိုက်ရချိန်တွင် ၊

စူးချန်ကဲသည် အနည်းငယ် ကြောင်အမ်းသွားသည်။ သူသည် ဤနေရာသို့ ရောက်ရှိလာစဉ်ကတည်းက သူ့ပတ်ဝန်းကျင်တွင် ရှိနေသော ပြင်းထန်သော စွမ်းအင်လှိုင်းများကို ခံစားမိသည်။

ဤခေတ်ပြိုင် ပါရမီရှင်များသည် ယနေ့ခေတ်၏ အထူးချွန်ဆုံး ပါရမီရှင်များ ဖြစ်သည်နှင့် အလျောက် ၊ သူ့ကိုပင် ဖိအားဖြစ်စေသည့် ပြင်းထန်သော စွမ်းအားအချို့ကို ခံစားမိခဲ့သည်။

သူ့အနေဖြင့် ဦးဆောင်ရန် ပြသနာမရှိသော်လည်း သို့သော် ဤလူများ၏ စိတ်ထဲတွင် သဘောမကျမှုများ ဖြစ်လာမည်ကို စိုးရိမ်မိသည်။ ဤအရာသည် အမတဂိုဏ်း၏ စည်းလုံးမှုကို အနည်းငယ် ထိခိုက်စေနိုင်သည်။

သေချာပေါက် ဖော့ကျွင်းဘိုးဘေးတွင်လည်း ဤအချက်အတွက် ဖြေရှင်းနည်း ရှိထားသည်။

သူသည် လည်ချောင်းရှင်းလိုက်ပြီး တပည့်များကို ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်သည်။

“ တရားမျှတသွားအောင် ၊ ဒီနတ်ဘုရား အမတမျှော်စင် ခရီးစဉ်ကို ဦးဆောင်လိုသူတွေက ချန်ကဲ ဆက်ခံသူကို အနိုင်ယူရမယ် ... အနိုင်ရသူဟာ ဒီခရီးစဉ်ရဲ့ ဦးဆောင်သူ ဖြစ်လာလိမ့်မယ်”

ဖော့ကျွင်းဘိုးဘေး၏ ကြေညာသံသည် အသံလှိုင်းတစ်ခုအဖြစ် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။

စူးချန်ကဲကို အနိုင်ယူနိုင်ရင် ၊ နတ်ဘုရား အမတမျှော်စင်ခရီးစဉ်ကို ဦးဆောင်ခွင့်ရမယ်တဲ့လား!?

သင် သိထားရမည်မှာ၊ ဤနတ်ဘုရား အမတမျှော်စင် ခရီးစဉ်သည် သာမန်မဟုတ်ပေ။ ထိုအရာသည် အမတဂိုဏ်းကြီး (၃၆)ဂိုဏ်း၏ အမွေအနှစ်များနှင့် ဆက်နွယ်နေသောကြောင့် ဖြစ်သည်။

ယင်း၌ ပါဝင်သော အခွင့်အလမ်းများသည် မည်မျှ နက်ရှိုင်းသည်ကို ထည့်မပြောခင် ၊ ဤခရီးစဉ်တွင် အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်မည်ဆိုပါက ၊ အထူးသဖြင့် ဦးဆောင်သူသည် ကြီးမားတဲ့ ဂုဏ်သိက္ခာကို ရရှိပေလိမ့်မည်။

ဤသည်မှာ အောင်မြင်မှု နှစ်ထပ်ကွမ်းဟု ဆိုနိုင်သည်။

အဘယ်ကြောင့်ဆိုသော်၊ ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် အမတနယ်မြေ သို့မဟုတ် ဒေဝလောက တစ်ခွင်ရှိ လူတိုင်း အခွင့်အလမ်းနှင့် အောင်မြင်မှုကို လိုလားကြပေသည်။

လူတစ်ယောက်သည် နောင်လာနောက်သားများ ထာဝရအမှတ်ရနေမည့် အခွင့်အရေးမျိုး ရှိလျက်ဖြင့် မဆုပ်ကိုင်ပါက ၊ ထိုအရာသည် အလဟဿ ဖြစ်ပေတော့မည် မဟုတ်လော။

ထို့အပြင် သူတို့အားလုံးသည် အလွန်ထူးချွန်သော ပါရမီရှင်များ ဖြစ်သောကြောင့် မိမိတို့၏ ဂုဏ်သိက္ခာကို ပို၍ အလေးထားကြသည်။

ထိုစကားများကို ကြားလိုက်ရသော စူးချန်ကဲသည် မနေနိုင်တော့ဘဲ ခေါင်းတယမ်းယမ်းဖြင့် ပြုံးလိုက်မိတော့သည်။

အပေါ်ယံက ကြည့်လျှင်ဖြင့် ဤအရာသည် တရားမျှတမှုရှိသည်ဟု ထင်ရသည်။

သို့သော် တကယ်တမ်းတွင် ဖော့ကျွင်းဘိုးဘေးသည် သူ့ဘက်ကနေရှိနေခဲ့သည်။

ကွေးယွမ်အမတဂိုဏ်းသည် တားမြစ် စူးမိသားစု နှင့် သံသရာစက်ဝန်း အမတမင်းဆက် ကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် မည်သည့် သွေးသားတော်စပ်မှုမျိုးမှ မရှိချေ။

ဤသည်မှာ ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး၊ လူတော်လူကောင်းများ စုဝေးရာနေရာ ဖြစ်သည်။ ပါရမီရှင်များသည် ကြယ်ပေါင်းများစွာကဲ့သို့ များပြားလှသည်။

ဘိုးဘေးကြီး၏ ထောက်ခံမှုဖြင့် သူသည် ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူတစ်ဦး ဖြစ်လာခဲ့သော်လည်း ၊

ထိုပါရမီရှင်များအနေဖြင့် မည်သည့်ထင်မြင်ချက်မှ ထုတ်ဖော်မပြောဝံ့သော်လည်း ၊ အတွင်းစိတ်ထဲတွင် မကျေနပ်မှုများ ရှိမည်မှာ သေချာပေသည်။

သူတို့အားလုံးသည် ပြိုင်ဘက်ကင်းသော အရည်အချင်းများဖြင့် ပြည့်စုံသည့် ပါရမီရှင်များဖြစ်ပေရာ ၊ သူတို့သည်လည်း အဘယ့်ကြောင့် ဆက်ခံသူတစ်ဦး မဖြစ်နိုင်ရမည်နည်း။

စူးချန်ကဲ၏ အဆက်အသွယ်နှင့် နောက်ခံသည် လွန်စွာ အင်အားတောင့်တင်းသောကြောင့် ဆက်ခံသူ ဖြစ်နိုင်သည်ဟု ဆိုလိုသလော။

ထို့အပြင် အချို့သူများ၏ အမြင်တွင်၊ စူးချန်ကဲသည် ကိုယ်ထည် ခြောက်မျိုးကို ပိုင်ဆိုင်ထားသော်လည်း၊ ပိုင်ဆိုင်မှုများရုံဖြင့် အများထက် အားကောင်းသည်ဟု မဆိုလိုပေ။

အဘယ်ကြောင့်ဆိုသော်၊ မွေးရာပါ ပါရမီသည် အနာဂတ် စွမ်းဆောင်နိုင်မှု၏ ပြယုဂ်သာဖြစ်ပြီး၊ စစ်မှန်သော အရည်အချင်းသာလျှင် တကယ့်အခြေခံ ဖြစ်ပေသည်။

ဖော့ကျွင်းဘိုးဘေးသည် ကွေးယွမ်အမတဂိုဏ်း၏ မရေမတွက်နိုင်သော တပည့်များ ရှိနေသည့် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဆင်းသက်လာခဲ့ပြီး ၊ သူ၏ ဂုဏ်သတင်းကို ထင်ရှားစေရန် လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။

စိတ်ထဲက အတွေးများ ငြိမ်သက်သွားပြီးနောက်၊ စူးချန်ကဲသည် ဖော့ကျွင်းဘိုးဘေး၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားသည်။

သူသည် ခပ်ဖျော့ဖျော့ ပြုံးကာ ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ကျယ်လောင်စွာဖြင့် ကြေညာလိုက်သည်။

“ဖော့ကျွင်းဘိုးဘေး မိန့်ကြားတဲ့အတိုင်း၊ တရားမျှတသွားအောင် ၊ အမတနယ်မြေတစ်ခွင်ကို လှည့်လည်မယ့် ဘယ်ပါရမီရှင်မဆို ကျွန်တော့်ကို အနိုင်ယူနိုင်ရင် ..”

“နတ်ဘုရား အမတမျှော်စင် ခရီးစဉ်ကို ဦးဆောင်ခွင့်ရမယ် “

“သင်တို့အနေနဲ့ ကျွန်တော့်ကို စိန်ခေါ်ဖို့ စိတ်ပူနေစရာမလိုဘူး ..ကျွန်တော် ရှုံးနိမ့်ခဲ့တယ်ဆိုတောင် ဆက်ခံသူအဖြစ် ဘာမကျေနပ်ချက်မှ ညည်းညူမှာ မဟုတ်ပါဘူး!”

ထိုစကားများ ပြီးဆုံးသွားချိန်တွင်၊ ဂိုဏ်းသားများစွာ၏ စိတ်နှလုံးထဲတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်သွားသည်။

သူတို့သည် တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်း ဆုံကြည့်လိုက်ကြပြီး၊ ၎င်းတို့၏ မျက်လုံးထဲတွင် စိတ်အားထက်သန်မှုများ ရှိနေခဲ့သည်။

စူးချန်ကဲ မှန်းဆထားသည့် အတိုင်းပင်၊ သူတို့အားလုံးသည် ဤနတ်ဘုရား အမတမျှော်စင် ခရီးစဉ်၏ ဦးဆောင်သူတစ်ယောက် ဖြစ်လိုကြသည်။

သူသည် အဆင့်အတန်းကို အကြောင်းပြု၍ ဤခရီးစဉ်၏ ဦးဆောင်သူတစ်ဦး ဖြစ်လာပါက ၊ သူတို့အားလုံး၏ စိတ်ထဲတွင် အနည်းနဲ့အများ မကျေနပ်မှုများ ရှိကြပေလိမ့်မည်။

“ ဆက်ခံသူ သခင် ၊ ကျွန်တော် စိန်ခေါ်လို့ရမလား “

ရုတ်တရက်၊ လူအုပ်ထဲမှ လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

အပိုင်း(၆၇၈): အရည်အချင်းတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြဖို့ပဲ လိုတယ် (Part-2)

လူတိုင်း၏ ရှေ့မှောက်သို့ ထွက်ပေါ်လာသူမှာ ရွှေနီရောင် တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ရှည်လျားဖြောင့်မတ်သော ကိုယ်ခန္ဓာအသွင်အပြင်ရှိသည့် ချောမောလှပသော ယောက်ျားတစ်ဦး ဖြစ်ပေသည်။

သူ၏ခြေလှမ်းများသည် ရှေ့သို့ တိုးလာသည်နှင့်အမျှ၊ ဟင်းလင်းပြင်တွင် မီးပွားများ ဖြစ်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို တမင်တကာ ထိန်းချုပ်ထားသော်လည်း၊ သို့သော် သူ့ကို ဗဟိုပြုလျက် ပေအနည်းငယ် အတွင်းရှိ နေရာတွင် ပူပြင်းတောက်လောင်နေသည်မှာ ကောင်းကင်မီးလျှံနယ်မြေကဲ့သို့ပင်။

“အမ်.... ဒါက ကြယ်ကိုးပွင့် ပါရမီရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဆရာတူအစ်ကိုကြီး ဟော်ယန့်ပဲ!”

ကွေးယွမ်အမတဂိုဏ်း တွင်၊ ခေတ်ပြိုင် ပါရမီရှင်များကို ကြယ်ကိုးပွင့် နှင့် ကြယ်စုသခင် သုံးဦး အဖြစ် ခွဲခြားထားသည်။

ရှေးဟောင်း ပါရမီရှင်များနှင့် ပတ်သက်၍မူ၊ ယခုအချိန်သည် သင့်တော်သော အချိန်ကာလ မဟုတ်သေးသဖြင့် သူတို့သည် ထွက်ပေါ်လာခြင်း မရှိသေးပေ။

သို့သော် ကြယ်ကိုးပွင့် ပါရမီရှင်များသည်လည်း အလွန်အားကောင်းပြီး၊ သူတို့တစ်ဦးချင်းစီတိုင်းက မဟာလမ်းစဉ်၏ ကိုယ်ထည်များကို ပိုင်ဆိုင်ထားကြသည်။

ကြယ်စုသခင် သုံးဦးနှင့် ပတ်သက်၍မူ၊ အမည်အတိုင်းပင် ၎င်းတို့သည် ကြယ်၁၂ပွင့်ထက် သာလွန်ပြီး ပါရမီရှင်များထဲတွင် အထူးချွန်ဆုံး ပါရမီရှင်များ ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့ဆိုတောင် ဤကြယ်ကိုးပွင့် ပါရမီရှင်များကို အထင်သေးလို့ မရချေ။

ဟော်ယန့်သည် ကြယ်ကိုးပွင့် ပါရမီရှင်များထဲတွင် အလယ်အလတ်အဆင့်သာ ရှိသော်လည်း၊ သူသည် စစ်မှန်အမတနယ်ပယ် အဆင့်(၇)ထိ ရောက်ရှိထားပြီး ဖြစ်သည်။

(T/N - ပထမ ၊ အဋ္ဌမ တွေ သုံးမနေတော့ဘဲ မျက်စိမရှုပ်အောင် (၁-၉) လို့ပဲ သုံးလိုက်ပြီ )

သူသည် ကောင်းကင်မီးလျှံ နတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားပြီး၊ မဟာလမ်းစဉ်၏ မီးစွမ်းအားကို ထိန်းချုပ်နိုင်သည်။ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် မီးလျှံပင်လယ်ပြင်ကြီး တစ်ခုကို ဖန်တီးနိုင်လေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူသည် ကောင်းကင်မီးလျှံ နတ်ဘုရားခန္ဓာ ၏ ပင်ကိုယ်မှော်စွမ်းအားဖြစ်သည့် ကောင်းကင်မီးလျှံ အကာအကွယ်ကို နားလည်သဘောပေါက်ထားသည်။

မူလရင်းမြစ် ကောင်းကင်မီးလျှံကို တိုက်ပွဲသံချပ်ကာအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ကို အကာအကွယ်ပေးခြင်းဖြင့်၊ သူ၏တိုက်ခိုက်ရေးစွမ်းအားကို နှစ်ဆတိုးမြှင့်နိုင်သည်ဟု ဆိုနိုင်သည်။

စွမ်းအားအပြည့် ထုတ်လွှတ်ပါက သူသည် စစ်မှန်အမတနယ်ပယ် အဆင့်(၉) ထိ ယှဉ်ပြိုင်နိုင်ပြီး၊ ၎င်းထက်ပင် ပို၍မြင့်နိုင်သည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကြယ်ကိုးပွင့် ပါရမီရှင်များ၏ ခွန်အားသည် မည်မျှကြီးမားကြောင်း သိနိုင်သည်။

“ဒါပေမဲ့.... ချန်ကဲ ဆက်ခံသူက စစ်မှန်အမတ နယ်ပယ် အဆင့်(၆)ပဲ ရှိသေးတာ မဟုတ်လား....”

တစ်စုံတစ်ဦးက ပြောဆိုလိုက်သည်။

“ဒီတိုက်ပွဲက ချန်ကဲ ဆက်ခံသူအတွက် မတရားသလို ဖြစ်နေမလား”

ထိုစကားသံအဆုံးတွင် ၊ လူအုပ်ထဲတွင်လည်း တသမတ်တည်း ပဲ့တင်ထပ်နေခဲ့သည်။

လူတိုင်း ဤအတိုင်း ထင်မြင်ယူဆနေကြသည်မှာ ထင်ရှားပေသည်။

အဘယ်ကြောင့်ဆိုသော် အမတလမ်းစဉ်တွင်၊ အဆင့်တစ်ခုချင်းစီတိုင်း၏ ကွာဟချက်သည် မိုးနှင့်မြေကဲ့သို့ ကွာခြားချက်ကြီးမားသောကြောင့် ဖြစ်သည်။

အဆင့်ကျော်တိုက်ခိုက်ခြင်းသည် တကယ်ကို ခက်ခဲပေသည်။

ဟော်ယန့်သည် အဆင့်ကျော်တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိသည်ကို ထည့်ပြောစရာပင် မလိုတော့ချေ။

သို့သော် ပတ်ဝန်းကျင်ရှိ လူများ၏ ဆွေးနွေးမှုများကို စူးချန်ကဲသည် လုံးဝ ဂရုမစိုက်ချေ။

အဆုံးစွန်သော မီးလျှံစွမ်းအားများကို ထုတ်လွှတ်နေသည့် ဟော်ယန့်ကို ကြည့်ရှုရင်း ၊ စူးချန်ကဲ၏ မျက်လုံးများသည် တုန်လှုပ်သွားခြင်း မရှိဘဲ သူသည် ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။

“သေချာပေါက် ရတာပေါ့”

စူးချန်ကဲသည် ကြိုဆိုဟန်ဖြင့် လက်ဟန်ပြလိုက်သည်။

“ကျေးဇူးပြုပြီး သင်ကြားပေးပါဦး”

“ကောင်းပါပြီ”

ဤအချက်နှင့်ပတ်သက်၍ ဟော်ယန့်အနေဖြင့် မည်သည့်စကားမှ ပြောစရာမရှိချေ။

သူ၏ပင်ကိုယ်စရိုက်သည် အေးစက်သည်။

ထို့အပြင်၊ သူ၏အမြင်တွင် ယောက်ျားလေးများကြား အကောင်းဆုံးသော ဆက်သွယ်ရေးနည်းလမ်းသည် စိတ်လွတ်ကိုယ်လွတ် တိုက်ပွဲတစ်ခုကို ဆင်နွှဲခြင်းပင် ဖြစ်သည်။

ဝုန်း !!

မျက်စိတမှိတ်အတွင်းမှာပင် ၊ ဟော်ယန့် ဖိနှိပ်ထားခဲ့သော မဟာလမ်းစဉ် စွမ်းအားများသည် ရေတံခွန်ပြိုကျသကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

သူ၏ နောက်ကွယ်ဘက်တွင် ပြင်းထန်စွာ လောင်မြိုက်နေသော မီးလျှံများက ဟိန်းဟောက်နေသော မီးနဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်သို့ ထိုးတက်သွားပြီး ၊ ဤနေရာရှိ အရာအားလုံးကို အပြီးတိုင် အရည်ဖျော်ပစ်ရန် ကြံစည်နေသလိုပင်။

ဤမြင်ကွင်းကို မြင်တွေ့သည်နှင့် ၊ ဂိုဏ်းသားများစွာသည်လည်း သူ့အလိုအလျောက် နောက်‌ဆုတ်သွားကြသည်။

“စုစည်း”

ဖော့ကျွင်းဘိုးဘေးသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ဂိုဏ်းသားများကို ထိခိုက်မှုမရှိစေရန် ပြုလုပ်ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် တောက်ပသော အတားအဆီးတစ်ခုကို တည်ဆောက်ပေးခဲ့ပြီး ၊ သူတို့နှစ်ဦးရှိရာ ဧရိယာတစ်ဝိုက်ကို ယာယီပိတ်ဆို့ထားလိုက်သည်။

“ဟားး.... ချန်ကဲ ဟော်ယန့်ကို ဘယ်လိုရင်ဆိုင်မလဲ မသိဘူး..”

ဖော့ကျွင်းဘိုးဘေးသည် သူ၏ မုတ်ဆိတ်ကို သပ်ချရင်း ဤမြင်ကွင်းကို ပြုံးရွှင်စွာဖြင့် ကြည့်ရှုနေသည်။

မိမိအစွမ်းရှိသမျှ ချပြသင့်ပြီး ၊ ဖုံးကွယ်ရန် မလိုအပ်ချေ။

စူးချန်ကဲ အနေဖြင့် သူ၏ အရည်အချင်းကို ရဲရဲဝံ့ဝံ့ ပြသကာ ၊ လူတိုင်းကို လက်နက်ချစေပြီး ၊ လူတိုင်း၏ အရောင်ကို မှေးမှိန်သွားစေရန် လုပ်ဖို့သာ လိုသည်။

လူအချို့သည် စူးချန်ကဲ၏ အရည်အချင်းကို သတိထားမိပြီး ၊ သူ့ကို ဖျက်ဆီးဖို့ ကြိုးစားမည်ကို သူတို့ မကြောက်ပေ။

တစ်စုံတစ်ယောက်သည် မကောင်းသော အရာကို ကြံစည်ဝံ့ပါက ၊ ဒါဆို သူတို့သည် အမတနယ်မြေ တစ်ခုလုံးကို မြေလှန်ပစ်ဖို့ ဆန္ဒရှိပေသည်။

ဝုန်း !!

ထိုအချိန်တွင်၊ စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်သော ဟော်ယန့်၏ သွေးစွမ်းအင်တို့သည် ပြင်းထန်စွာ ဆူပွက်လျက် ၊ ဟင်းလင်းပြင်တွင် မျှောလွင့်နေသော မီးလျှံနိယာမများသည် ၎င်းနှင့်အတူ ပဲ့တင်ထပ်နေပုံရသည်။

ပူလောင်စွာ တောက်လောင်နေသော မီးလျှံများသည် မီးနဂါးအသွင်သို့ ပြောင်းလဲသွားပြီး ၊ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ ထိုအခိုက်အတန့်တွင် ဟော်ယန့်သည် အတုမရှိသော နတ်မီးလျှံစစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။

“ကောင်းကင်...ကောင်းကင်မီးလျှံ အကာအကွယ်...!?”

ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များစွာသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် ၎င်းတို့၏ မျက်နှာအမူအရာတို့သည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

ကောင်းကင်မီးလျှံ အကာအကွယ် ၊ ဤသည်မှာ ဟော်ယန့်အနေဖြင့် အချိန်ကြာမြင့်စွာ အားစိုက်ထုတ်ပြီးမှ နားလည်သဘောပေါက်ခဲ့သော ကောင်းကင်မီးလျှံ နတ်ဘုရားခန္ဓာ၏ မွေးရာပါ ပင်ကိုယ်စွမ်းရည် တစ်ခု ဖြစ်သည်။

လက်ရှိတွင် ဟော်ယန့်သည် စစ်မှန်အမတ နယ်ပယ် အဆင့်(၇)တွင်သာ ရှိသေးသော်လည်း၊ ဤအခြေအနေအောက်တွင် သူသည် သာမန် စစ်မှန်အမတ နယ်ပယ် အဆင့်(၉) ရှိသူကိုပင် အပြည့်အဝ တိုက်ခိုက်နိုင်သည်။

ဤမျှကြီးမားသော ဝှက်ဖဲကို ဟော်ယန့်သည် ပွဲအစမှာတင် စတင် အသုံးပြုခဲ့လေသလော။

လူတိုင်း၏ ဆွေးနွေးမှုများကို ဟော်ယန့်သည် လုံးဝ လျစ်လျူရှူထားသည်။ စစ်မှန်သော အင်အားကြီးသူများ၏ တိုက်ပွဲသည် ပွဲအစကတည်းက စွမ်းအားအပြည့်အဝ ထုတ်သုံးရန် လိုအပ်ပေသည်။

“ ချန်ကဲ ဆက်ခံသူ အပြစ်ပြုမိပါပြီ “

အပိုင်း(၆၇၉): လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းခံလိုက်ရခြင်း

ဟော်ယန့်၏ စကားသံအဆုံးတွင် ၊ သူ့ခန္ဓာကိုယ်တွင် တွယ်ကပ်နေသော ကောင်းကင်မီးလျှံများသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူ့တစ်ကိုယ်လုံးသည် မီးလျှံများဖြင့် လောင်မြိုက်နေသော ဥက္ကာခဲတစ်လုံးအလား ထင်မှတ်ရသည်။

“ကောင်းကင်မီးလျှံ နေမင်းကို ထိုးဖောက်မည့် လက်သီး !”

ဟောက်ယန့်သည် စူးချန်ကဲထံသို့ ပြေးဝင်လာစဉ် အခိုက်အတန့်မှာပင် ၊ သူသည် လက်သီးဆုပ်လိုက်ရာ ကျယ်ပြန့်လှသော နတ်မီးလျှံစွမ်းအားများသည် လှိုင်းတံပိုးသဖွယ် သူ၏လက်ဝါးထဲသို့ စုစည်းဝင်ရောက်လာခဲ့သည်။

ဝုန်း !!

လက်သီးတစ်ချက်၏ ထွက်ပေါ်မှုသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည် ။

ကြီးမားတောက်ပသော နေမင်းကြီးသည် ရုတ်တရက် ပေါ်ထွန်းလာခဲ့ပြီး ၊ ၎င်း၏ ပြင်းထန်သော အပူချိန်သည် ဤနေရာရှိ အာကာသ ဟင်းလင်းပြင်တစ်ခုလုံးကို ဖရိုဖရဲဖြစ်‌စေကာ မီးတောက်များသည် အရာအားလုံးကို ဝါးမျိုမတတ် ခြိမ်းခြောက်နေခဲ့သည်။

ထိုလက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည့် အခိုက်အတန့်တွင်ပင် ၊ နေရာတွင် ရှိနေသော ကွေးယွမ်အမတဂိုဏ်း၏ ပါရမီရှင်များစွာသည် ကြီးမားသော ဖိနှိပ်စွမ်းအားတစ်ခုကို သူတို့အား လွှမ်းခြုံထားသည်ကို ခံစားလိုက်ရပြီး၊ အသက်ရှုကျပ်လုနီးပါး ဖြစ်ခဲ့ရသည်။

“အမ်.... ဆရာတူအစ်ကို ဟော်ယန့်က စစချင်း သူ့ရဲ့ အပြင်းထန်ဆုံး မှော်စွမ်းအားကို အစွမ်းကုန် အသက်သွင်းလိုက်တာပဲ....”

“ချန်ကဲ ဆက်ခံသူအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲ မသိဘူး....”

သို့သော် သူတို့၏ အကြည့်များသည် စူးချန်ကဲထံသို့ မကျရောက်သေးမီ ၊

ဝုန်း !!

စူးချန်ကဲသည်လည်း သူ၏ လက်သီးကို ထုတ်လိုက်သည်။

မီးလျှံများဖြင့် ဖုံးလွှမ်းနေသော မြေပြင်သည် ရုတ်တရက် ထွက်ပေါ်လာသော နေရောင်ခြည်၏ ပေါက်ကွဲမှုအောက်တွင် ကောင်းကင်ပြင် တစ်ခုလုံးသည် ရွှေဝါရောင် သမုဒ္ဒရာကြီးတစ်ခုသဖွယ် တူနေခဲ့သည်။

စူးချန်ကဲ လက်သီး၏ အရှိန်အဝါသည် မိုးမြေတစ်ခွင်ကို တုန်လှုပ်စေသည်။ ယင်း၌ လျို့ဝှက်စွာဖြင့် ပါဝင်နေသော ဗလာနိတ္ထိစွမ်းအားသည် တဟုန်းဟုန်း တောက်လောက်နေသော နတ်မီးလျှံများနှင့် ထိတွေ့သည့်အခိုက်တန့်တွင်ပင်၊ မီးလျှံများသည် မျက်ဝါးထင်ထင် အရည်ပျော်ကာ ကွယ်ပျောက်သွားခဲ့သည်။

ထိုလက်သီးတစ်ချက်သည် နဂါးငွေ့တန်းကြယ်တာရာ ပေါက်ကွဲထွက်လာသကဲ့သို့၊ အဆက်မပြတ် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။

ဝုန်း —!!

မိုးမြေတစ်ခွင်ကို တုန်လှုပ်သွားစေသော မြည်ဟည်းသံသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်နှင့် အမျှ ၊

ရှေးဟောင်း သားရဲကြီးများသဖွယ် လောင်မြိုက်နေသော နတ်မီးလျှံလှိုင်းများသည် စူးချန်ကဲ၏ လက်သီးတစ်ချက်အောက်တွင်၊ မီးပွားများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့သွားလေတော့သည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....!?”

ယခင်က အေးစက်သော အမူအရာဖြင့် ရှိနေခဲ့သော ဟော်ယန့်သည် ဤအခိုက်အတန့်တွင် မျက်နှာအရောင် ပြောင်းသွားပြီး၊ သူ၏ မျက်လုံးများသည် မယုံကြည်နိုင်ဖြစ်လို့နေသည်။

သူသည် ကောင်းကင်မီးလျှံ အကာအကွယ်ဖြင့် အပြည့်အဝ တိုက်ခိုက်ခဲ့သော်လည်း ၊ သို့သော် စူးချန်ကဲ၏ ကျပန်းလက်သီး တစ်ချက်စာသည် ဤကဲ့သို့ ပေါ့ပေါ့ပေါ့ပါးပါး ချေမှုန်းခဲ့လေသလော။

သို့သော် သူသည် အံ့အားသင့်ရာမှ ပြန်သတိကပ်လာချိန်တွင် စူးချန်ကဲ၏ ခန္ဓာကိုယ်သည် ဥက္ကာခဲ၏အလျင်ပမာ ရွေ့လျားနေသည်ကို မြင်တွေ့လိုက်ရသည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊ သူသည် ဟော်ယန့်ရှေ့တွင် ထွက်ပေါ်လာပြီး၊ သူ့အား တုံ့ပြန်ရန် အချိန်အနည်းငယ်မျှပင် မပေးဘဲ စူးချန်ကဲသည် သူ၏လက်သီးဖြင့် နောက်တစ်ဖန် ထိုးနှက်လိုက်သည်။

“နေမင်း နတ်လက်သီး !”

“နတ်မီးလျှံ စစ်ဝတ်တန်ဆာ၊ ဖွဲ့ !”

ဝုန်း !!

ကျယ်လောင်သော ဟိန်း‌ဟောက်သံများကြားတွင် ၊ အာကာသ ဟင်းလင်းပြင်ထဲတွင် မျောလွင့်နေသော အမတစွမ်းအားများသည် ဒီရေလှိုင်းပမာ စူးချန်ကဲ၏လက်သီးပေါ်သို့ စုဝေးရောက်ရှိလာကြသည်။

အဆုံးစွန်သော စွမ်းအားများသည် မိုးကောင်းကင်ကြီးတစ်ခုလုံး ကျဆင်းလာသကဲ့သို့ပင်။

ဟော်ယန့်သည် သူ၏ စွမ်းအားအလုံးစုံကို ကာကွယ်ရန် လှုံ့ဆော်ထားသော်လည်း၊ သို့သော် ဤအထွတ်အထိပ် စွမ်းအားရှေ့မှောက်တွင် သူ ဖွဲ့စည်းထားသော ကာကွယ်ရေး မှော်အတတ်သည် အချည်းနှီးဖြစ်ကာ မျက်စိတမှိတ်အတွင်းမှာပင် ကြေမွသွားခဲ့သည်။

ဘုန်း—!!

ကြောက်မက်ဖွယ်ရာ ကောင်းသော နေမင်းလက်သီး အလင်းသည် ကောင်းကင်မီးလျှံ အကာအကွယ်ကို ချိုးဖျက်ပစ်ခဲ့ပြီး၊ နောက်ဆုံးတွင် ဟော်ယန့်၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားခဲ့သည်။

ယှဉ်နိုင်စရာမရှိသည့် ကြီးမားသော စွမ်းအားအောက်တွင် ဟော်ယန့်သည် ကြိုးပြတ်သွားသော စွန်ပမာ လွင့်ထွက်သွားခဲ့ပြီး ၊ မြေပြင်ပေါ်သို့ အကြိမ်ကြိမ်အခါခါ လူးလှိမ့်သွားရင်း အဆုံးတွင် အဝေးက မြေပြင်နှင့် ပြင်းပြင်းထန်ထန် ဆောင့်ကျသွားခဲ့သည်။

ဝုန်း !!!!

ဖုန်မှုန့်များထောင်းထောင်း ထသွားပြီး ၊ ကျောက်တုံးများ လွင့်စင်သွားကာ ကမ္ဘာမြေကြီးသည် ဤကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ချောက်ကမ်းပါးများကဲ့သို့ အက်ကြောင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။

“ဒါ..... ဒါ ငါမှားမြင်တာ မဟုတ်ဘူးမလား....?”

“ အစွမ်းကုန် တိုက်ခိုက်လာတဲ့ ညီအစ်ကို ဟော်ယန့်က ...ချန်ကဲ ဆက်ခံသူရဲ့ လက်သီးချက်ကြောင့် အဝေးကိုတောင် လွင့်ထွက်သွားသတဲ့လား “

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကွေးယွမ်အမတဂိုဏ်းမှ တပည့်များစွာသည် မျက်လုံးများ ပြူးကျယ်သွားပြီး၊ မယုံကြည်နိုင်ဖြစ်နေကြသည်။

ဟော်ယန့် ဆိုတာက သူတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ကြယ်ကိုးပွင့် ပါရမီရှင်တွေထဲက တစ်ဦးလေ!

ထို့အပြင် ပွဲအစမှာကတည်းက သူ၏ အကြီးမားဆုံး ဝှက်ဖဲဖြစ်သော ကောင်းကင်မီးလျှံ အကာအကွယ် ကို ထုတ်သုံးလာခဲ့သည်။ ထိုအခြေအနေအောက်တွင် သူသည် စစ်မှန်အမတ နယ်ပယ် အဆင့်(၉) ရှိသူကိုတောင် တိုက်ခိုက်နိုင်သည်။ တစ်နည်းအားဖြင့် သူသည် စူးချန်ကဲထက် အဆင့်(၃)ဆင့်တောင် မြင့်သည်။

ဒါတောင်မှ ဒင်းက ဆက်ခံသူသခင်ရဲ့ လက်သီးနှစ်ချက်စာတည်းနဲ့ အဝေးကို လွင့်ထွက်သွားသတဲ့လား!?

ယင်းက သူတို့၏ လောကအမြင်ကို လုံးဝ ပြောင်းလဲပစ်ခဲ့သည်။

“ချန်ကဲက ... ပိုပိုပြီး ကြောက်စရာကောင်းလာတာပဲ....”

လူအုပ်ထဲတွင် ရပ်ကြည့်နေသော ရွှမ်ယွီ ဧကရီတို့ အုပ်စုသည်လည်း တောက်ပသော မျက်ဝန်းများဖြင့် အံ့အားသင့်နေကြသည်။

အကယ်၍ သူတို့ကိုသာ ဟော်ယန့်နှင့် ရင်ဆိုင်ခိုင်းမည်ဆိုပါက ၊

၎င်း၏ တိုက်ခိုက်မှုကို သုံးကြိမ်ဆက်တိုက် ခံနိုင်ခဲ့ရင်ကို အတော်လေး အောင်မြင်ပြီဟု ဆိုရမည်။

သို့သော် စူးချန်ကဲသည် ပထမလက်သီး တစ်ချက်ဖြင့် ဟော်ယန့်၏ အစွမ်းကုန် တိုက်ခိုက်မှုကို ချေမှုန်းပစ်ခဲ့ပြီး၊ ဒုတိယလက်သီး တစ်ချက်တွင် ၎င်းအား မြေပေါ်သို့ လဲကျသွားစေသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီအရည်အချင်းများ ရှိပေရာ ၊ တိုက်မြေ သုံးထောင်မှ ညီအစ်ကိုမောင်နှမများသည် နောင်တစ်ချိန်တွင် ဤညီငယ်လေး၏ ခြေကိုဖက်၍ လိုက်ပါရပေတော့မည်။

……

“ အဟွတ်...အဟွတ်......”

ချောင်းဆိုးသံနှင့်အတူ ၊ စူးချန်ကဲ၏ လက်သီးကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့သော ဟော်ယန့်သည် အပျက်အစီးများထဲမှ ရုန်းကန်ထထလာခဲ့သည်။

ယခင်က အေးစက်သော တည်ငြိမ်မှုနှင့် နှိုင်းယှဉ်ပါက၊ ယခုအချိန်တွင် ဟော်ယန့်၏ မျက်နှာသည် အံ့အားသင့်နေပုံရသည်။

အကယ်၍ စူးချန်ကဲသည် နောက်ဆုံးအခိုက်အတန့်တွင် အလျှော့မပေးဘဲ သူ၏ ကြောက်ခမန်းလိလိ လက်သီးကို သူ့ခန္ဓာကိုယ်ပေါ်သို့ အပြည့်အဝ ကျရောက်စေခဲ့ပါက ၊

သူသည် ယခုအချိန်တွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့မည်မှာ သေချာသည်။

ထင်ရှားသည်မှာ စူးချန်ကဲသည် ဂိုဏ်းသားအချင်းချင်း သက်ညှာမှုပေးခဲ့ပြီး ၊ သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးခဲ့သည်။

ဟော်ယန့်သည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး ၊ စူးချန်ကဲအား ဦးညွှတ်လျက် ဆိုလေသည်။

“ ချန်ကဲ ဆက်ခံသူရဲ့ သက်ညှာမှုအတွက် ကျေးဇူးတင်ပါတယ် ၊ ‌ဒီတိုက်ပွဲမှာ ကျွန်တော် ဟော်ယန့် လုံးဝမယှဉ်နိုင်ဘူး ...ကျွန်တော် ရှုံးနိမ့်သွားပြီ “

ထိုမြင်ကွင်းကြောင့် စူးချန်ကဲသည်လည်း ပြန်လည် အရိုအသေပေးခဲ့သည်။

သို့သော် သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို ကြားလိုက်ရသော ကွေးယွမ်အမတဂိုဏ်းမှ တပည့်များစွာသည် မျက်နှာအရောင်များ တစ်ဖန် ပြောင်းလဲသွားကြပြီး၊ မူလက ငြိမ်သက်သွားခဲ့သော စိတ်နှလုံးထဲ၌ တစ်ဖန် လှိုင်းလုံးကြီးများ ပေါ်ပေါက်လာခဲ့သည်။

ဟော်ယန့်၏ စကားအရ ၊ ဟော်ယန့်သည် ချန်ကဲ ဆက်ခံသူ၏ လက်ထဲတွင် ပြင်းပြင်းထန်ထန် ရှုံးနိမ့်ခဲ့ရုံသာမက ၊

ထို့အပြင် ချန်ကဲ ဆက်ခံသူသည် သူ့အား သက်ညှာပေးခဲ့သည်ဟု ဆိုလိုခဲ့လေသလော။

All Chapters