အခန်း (၆၈၀-၆၈၄)
Vol. 52 Ch. 680-684
အပိုင်း(၆၈၀): ကြယ်စုသခင် ပါရမီရှင်တောင် သူ့ကို စွမ်းအား အပြည့်အဝ ထုတ်သုံးအောင် မလုပ်နိုင်ဘူး
“အယ် အစ်ကိုတို့ရေ.... ဒါဘာဖြစ်သွားတာလဲ တစ်ယောက်လောက် ရှင်းပြပါဦး “
အမှန်တရားကို မသိလိုက်သော တပည့်တစ်ဦးက အံ့အားသင့်စွာ ဆိုလိုက်သည်။
“ ခုနက ချန်ကဲ ဆက်ခံသူရဲ့ တိုက်ခိုက်မှုက အရမ်းမြန်လွန်းတော့ ကြည့်နေတဲ့ ကိုယ်တွေတောင် အခုထိ ခေါင်းမူးနေတုန်းပဲ”
“ငါ မြင်လိုက်တယ်... ချန်ကဲဆက်ခံသူရဲ့ ဒုတိယလက်သီးချက်က ဟော်ယန့် ဆရာတူအစ်ကိုကြီးကို ထိတော့မယ့်အချိန် တမင်သက်သက် လမ်းကြောင်းလွဲလိုက်တာ... အဲ့တာကြောင့် လက်သီးက ဟော်ယန့်ဆရာတူအစ်ကိုကြီးကို ထိမသွားခဲ့ဘူး....”
“ဟုတ်တယ်... ငါလည်း မြင်တယ်၊ ပြီးတော့ အဲဒီ လက်သီးတစ်ချက်ရဲ့ နောက်ဆက်တွဲ လှိုင်းတံပိုးက ဟော်ယန့်ရဲ့ ကောင်းကင်မီးလျှံ အကာအကွယ်ကို ချေမှုန်းပစ်ခဲ့တာ...”
ထိုစကားများ ထွက်လာသည်နှင့် ၊
အမှန်တရားကို မသိလိုက်သော လက်ရွေးစင်တပည့်အချို့သည် နားလည်သွားပြီး၊ သူတို့၏ စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။
လက်သီးတချက် ထိုးနှက်ရုံဖြင့် ဟော်ယန့်၏ ကောင်းကင်မီးလျှံ အကာအကွယ်ကိုပင် ကြေမွသွားစေနိုင်သည်။ ထိုသို့ဖြစ်ရန် ခွန်အားမည်မျှ လိုအပ်မည်နည်း။
“ဒါပေမယ့်... ချန်ကဲ ဆက်ခံသူက အရေးကြီးတဲ့အချိန်မှာ ချိန်ဆပြီး သူ့ရဲ့လက်သီးလမ်းကြောင်းကို သွေဖည်သွားအောင် လုပ်နိုင်တယ်...”
ထို့စဉ် လူတစ်ဦးက သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသော မေးခွန်းကို ထုတ်ဖော်ပြောကြားလိုက်သည် ။
“ဒီလိုလုပ်နိုင်ဖို့ဆိုရင် ထိန်းချုပ်နိုင်စွမ်း ဘယ်လောက်တောင် အားကောင်းလိုက်မလဲ..”
“ မင်း မမေ့နဲ့... အရင်က မဟာလမ်းစဉ်စာရင်းမှာ ချန်ကဲဆက်ခံသူရဲ့ ဂုဏ်သတင်းကျော်ကြားမှုတွေကို ထုတ်ဖော်ပြသခဲ့တယ် “
“ ချန်ကဲဆက်ခံသူရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံက ဒီလောက်များပြားတာ...အပြည့်အဝ ထိန်းချုပ်တာလောက်တော့ အသာလေးပဲ”
“ပြီးတော့ ငါ့အထင် ချန်ကဲဆက်ခံသူက ခုနက စွမ်းအားအပြည့်အဝ ထုတ်မသုံးရသေးဘူး ... ဆက်ခံသူရဲ့ ဒီလိုလက်ရုံးရည်နဲ့သာဆိုရင် ကောင်းကင်အမတနယ်ပယ် ကိုတောင် စိန်ခေါ်နိုင်မယ်လို့ ငါယုံကြည်တယ်!”
“……….”
ရှေ့တွင် ရှိနေကြသော ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်တို့သည် အမျိုးမျိုး ဆွေးနွေးနေကြသည်။
တိုက်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သော်လည်း ၊ စူးချန်ကဲသည် တိုက်ပွဲအစ မှ အဆုံး သူ၏လက်သီးနှစ်ချက်ကိုသာ ထုတ်သုံးခဲ့သည်။
သို့သော် ထိုလက်သီးနှစ်ချက်သည် ကွေးယွမ်အမတဂိုဏ်းရှိ လူတိုင်း၏ စိတ်ထဲတွင် မေ့ပျောက်မသွားနိုင်မည့် အရာတစ်ခုအဖြစ် ကျန်ရစ်နေခဲ့သည်။
ဤသည်မှာ စူးချန်ကဲ၏ ခွန်အားသည် လူတိုင်း ခန့်မှန်းထားသည်ထက် ပို၍ ကြောက်စရာကောင်းသည်ကို ပြသနေသည်။
ထိုစဉ် စူးချန်ကဲသည် ပတ်ဝန်းကျင်ရှိ ကွေးယွမ်အမတဂိုဏ်း၏ တပည့်များကို ကြည့်ကာ ထပ်မံ၍ ပြောဆိုလိုက်သည် ။
“ ငါနဲ့ တိုက်ချင်တဲ့သူ ရှိသေးလား”
“ငါ ဆက်ပြီး တိုက်ခိုက်နိုင်သေးတယ်”
ထိုစကားသံအဆုံးတွင် ၊
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အချိန်အတော်တန် ကြာသည့်အထိ မည်သူမှ ထွက်မလာခဲ့ပေ။
“အစ်ကိုကြီး ဒီတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင်ခရီးစဉ်ရဲ့ ခေါင်းဆောင်ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား....”
လူအုပ်ထဲမှ လှပသော အမျိုးသမီးလေးတစ်ဦးသည် သူမ ဘေးနားက အရပ်ရှည်ရှည် ဗလတောင့်တောင့် အမျိုးသားတစ်ဦးကို ပြောဆိုလိုက်သည်။
“အစ်ကိုကြီး သွားပြီး စိန်မခေါ်....”
သို့သော် သူမစကား မဆုံးခင်မှာပင် ၊ လက်ကြီးတစ်ဖက်က သူမပါးစပ်ကို လှမ်းပိတ်လိုက်သည်။
“အိုင်ယားး.... ငါ့ရဲ့ ဘွားအေလေး.... မင်း ဟင်းကိုကြိုက်တာ စားနိုင်တယ် ဒါပေမဲ့ စကားကိုတော့ လက်လွတ်စပယ် မပြောရဘူးလေ!”
“ဟော်ယန့်အစ်ကိုကြီးတောင် တစ်ချက်တည်းနဲ့ ရှုံးသွားတာ မမြင်ဘူးလား”
“ငါ့ကို သွားပြီး ချန်ကဲဆက်ခံသူနဲ့ ရင်ဆိုင်ခိုင်းနေတာ လက်သီးတစ်ချက်တည်းနဲ့ အမှောက်သိပ်ခံရမှာ မဟုတ်ဘူးလား “
“အင်....”
လက်ဖြင့် ပါးစပ်ပိတ်ခံထားရသော အမျိုးသမီးက ရုန်းကန်ရင်း ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ဆရာတူအစ်ကို အရင်က ဒီလိုမဟုတ်ပါဘူး...”
“ တော်ပြီ မပြောနဲ့တော့! ငါ ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ် ...ငါ မနိုင်ဘူး!”
ထိုအမျိုးသားသည် မြန်မြန်ဆန်ဆန် ပြန်ပြောလိုက်သည်။
စူးချန်ကဲမှ သတိထားမိပြီး စိန်ခေါ်လာခဲ့ပါက ၊ မိမိသည် သူ၏ လက်သီးတချက်တောင် ဒဏ်မခံနိုင်ခဲ့လျှင်ဖြင့် မျက်နှာပျက်ရမည်ကို စိုးရိမ်မိသည်။
လူတိုင်း အလားတူ အတွေးမျိုး ရှိကြသည်။
ဟော်ယန့်သည်ပင် လက်သီးနှစ်ချက်တည်းဖြင့် ချေမှုန်းခံလိုက်ရသည်။ ဟော်ယန့်ထက် အနည်းငယ် သာလွန်သူဆိုလျှင်တောင် အနည်းဆုံး လက်သီးသုံးချက်တည်းဖြင့် ချေမှုန်းခံရနိုင်သည်။
ထို့ကြောင့် ဤတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင်ခရီးစဉ်၏ ခေါင်းဆောင်နေရာကို လက်လျှော့လိုက်ခြင်းက အကောင်းဆုံးဖြစ်ပေမည်။
လူတိုင်း ဆိတ်ငြိမ်နေစဉ် ၊
အမျိုးသမီးတစ်ဦး၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ကျွန်မ ချန်ကဲဆက်ခံသူနဲ့ ယှဉ်ပြိုင်လို့ရမလား “
ထိုစကားများ ထွက်လာသည်နှင့်၊
လူတိုင်း၏ အကြည့်များသည် ထိုအမျိုးသမီးထံသို့ ကျရောက်သွားသည်။
သူမသည် ရိုးရှင်းသော အဖြူရောင် ဂါဝန်ထည်ကို ဝတ်ဆင်ထားပြီး၊ ဆံနွယ်များသည် ရေတံခွန်အလား နူးညံ့စွာ ကျဆင်းနေသည်။သူမ၏ အသွင်အပြင်သည် အလွန်လှပပြီး လောကီအညစ်အကြေးများ ကင်းစင်သော နတ်သမီးတစ်ပါးကဲ့သို့ပင် ။
သူမ၏ ခါးတွင် လှပသိမ်မွေ့သော ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားပြီး ဓားလက်ကိုင်သည် အရည်အသွေးကောင်းသော အဖြူရောင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
အစွန်းအထင်းကင်းစင်သော အဖြူရောင် ဝတ်စုံပေါ်တွင် ဖြူစင်သော ဓားအိမ်နှင့် တွဲဖက်လိုက်ချိန်တွင် နှင်းမုန်တိုင်းထဲက ဓားသမားအလား ထင်မှတ်ရသည်။
သိနားလည်သူ ပါရမီရှင်တစ်ဦးက အံ့အားသင့်ကာ ဆိုလိုက်သည်။
“ဒါ... ဒါက... ကြယ်စုသခင် သုံးဦးထဲက တစ်ဦးဖြစ်တဲ့ ယဲ့ချုံယွဲ့ ဆရာတူအစ်မပဲ!”
ယဲ့ချုံယွဲ့သည် ကွေးယွမ်အမတဂိုဏ်းရှိ ကြယ်စုသခင် သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ သူမသည် စစ်မှန်အမတနယ်ပယ် အဆင့်(၉)သို့ ရောက်ရှိထားရုံသာမက ဓားလမ်းစဉ်တွင် အလွန်မြင့်မားသော ပါရမီရှိသည်။
လွတ်လပ်သော ဓားနှလုံး နှင့် ပုံသဏ္ဌာန်မဲ့ နတ်ဓားကိုယ်ထည်ကို ပိုင်ဆိုင်ထားပြီး၊ အတွေးတစ်ချက်တည်းဖြင့် ကမ္ဘာပေါ်ရှိ အစစ်မှန်ဆုံးသော ကနဦး ဓားစွမ်းအင်ကို စုစည်းနိုင်သည်။
သူမ၏ မွေးရာပါ ဓားစွမ်းအင်နှင့် ထူးချွန်ထက်မြက်သော ဓားရေးပါရမီတို့နှင့် ပေါင်းစပ်လိုက်သောအခါတွင် ယဲ့ချုံယွဲ့အတွက် တိုက်ခိုက်ခြင်းသည် ထမင်းစားရေသောက်ကဲ့သို့ပင်။
“ချန်ကဲဆက်ခံသူကလည်း ဓားလမ်းစဉ်အရာမှာ အတော်လေး ထက်မြက်တယ်လို့ ကြားဖူးတယ်”
ယဲ့ချုံယွဲ့သည် လိုရင်းကိုသာ ပြောဆိုလိုက်သည်။
“ချန်ကဲဆက်ခံသူအနေနဲ့ ဓားလမ်းစဉ်ကို အပြည့်အဝ အသုံးချပြီး ကျွန်မနဲ့ ယှဉ်ပြိုင်ပေးနိုင်လား”
ထိုစကားကို ကြားလိုက်သည်နှင့် စူးချန်ကဲသည် ခဏတစ်ဖြုတ် တွေဝေသွားပြီး ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
သူသည် ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။
“ဓားလမ်းစဉ်ကို သုံးလို့ရတယ်၊ ဒါပေမဲ့ ငါကို အပြည့်အဝ သုံးစေချင်ရင်တော့.....”
“ ဆရာတူအစ်မ တစ်ယောက်တည်းနဲ့တော့ မလုံလောက်ဘူး ထင်တယ်”
……..
ထိုစကားသံအဆုံးတွင်၊
ဤနေရာရှိ အချိန်နှင့် အာကာသသည် အေးခဲသွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရှေ့မှာရှိနေသူအားလုံးသည် စူးချန်ကဲကို ငူငူငိုင်ငိုင် စိုက်ကြည့်နေကြပြီး ၊ ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာများသည် ၎င်းတို့၏ မျက်နှာပေါ်တွင် အတိုင်းသား မြင်နေရသည်။
“ ဆရာတူအစ်မ ယဲ့ချုံယွဲ့ က ချန်ကဲဆက်ခံသူကို စွမ်းအား အပြည့်အဝ ထုတ်သုံးရလောက်တဲ့အထိ မလုံလောက်ဘူး ဟုတ်လား....!?”
“ချန်ကဲဆက်ခံသူ က အတော်လေး ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ဘူးလား”
“ချန်ကဲဆက်ခံသူရဲ့ ဓားလမ်းစဉ်ပါရမီက အင်မတန်မှ အားကောင်းတယ်ဆိုပေမဲ့လည်း...ဆရာတူအစ်မ ယဲ့ချုံယွဲ့ရဲ့ ဓားလမ်းစဉ်ပါရမီကလည်း အထင်သေးလို့မရဘူး!”
“ဟုတ်တယ်! ဆရာတူအစ်မ ယဲ့ချုံယွဲ့က ဓားလမ်းစဉ်ပါရမီမှာ အမတနယ်မြေတစ်ခုလုံးနဲ့ ယှဉ်ရင်တောင် လုံးဝ ထိပ်တန်းအဆင့်မှာ ရှိတယ်!”
“ပြီးတော့၊ အကြီးအကဲတွေ ပြောတာကြားဖူးတယ် ... ဆရာတူအစ်မ ယဲ့ချုံယွဲ့အနေနဲ့ ဒီအခြေအနေအတိုင်း ဆက်ပြီး သွားမယ်ဆိုရင် ဓားလမ်းစဉ်အရာမှာ ဧကရီတစ်ပါး ဖြစ်နိုင်တယ်လို့တောင် ပြောကြတယ်....”
“ဒီလောက်တောင် ဓားလမ်းစဉ်အရာမှာ အရည်အချင်းရှိတာ... ဒါတောင် ချန်ကဲဆက်ခံသူကို စွမ်းအားအပြည့်အဝ ထုတ်သုံးရလောက်တဲ့အထိ တွန်းအားမပေးနိုင်ဘူးတဲ့လား!? “
“……….”
လူတိုင်း အမျိုးမျိုးဆွေးနွေးနေကြသည်။
သာမန်တပည့်များသာမက ကြယ်ပွင့် ပါရမီရှင်များပင်လျှင် မယုံကြည်နိုင်ဖြစ်နေကြသည် ။
မိမိတို့၏ ဆက်ခံသူသည် ယဲ့ချုံယွဲ့ကိုပင် မျက်စိထဲထည့်မထားသည်ဟု ယူဆမိသည်။
သူမသည် စစ်မှန်အမတ နယ်ပယ် အဆင့်(၉) ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထို့အပြင် သူတို့ ကွေးယွမ်အမတဂိုဏ်း၏ ကြယ်စုသခင် ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။
ဒါတင်မက သူမသည် ဓားလမ်းစဉ်တွင် အထူးချွန်ဆုံး အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။
သူမသာ စွမ်းအားအပြည့်အဝ ထုတ်သုံးလာမည်ဆိုပါက ၊ ကောင်းကင်ဘုံကိုပင် ပိုင်းဖြတ်နိုင်စွမ်းရှိပေသည် ။
ဤမျှ သန်မာသော ကြယ်စုသခင် ပါရမီရှင်တစ်ပါးသည် စူးချန်ကဲကို စွမ်းအားအပြည့်အဝ ထုတ်သုံးစေနိုင်အောင် မလုပ်နိုင်လေသလော။
ဤသည်မှာ ယုံကြည်မှုလွန်ကဲခြင်းလော သို့မဟုတ် မိမိကိုယ်ကိုယ် အကြွင်းမဲ့ ယုံကြည်ခြင်းပေလော။
အပိုင်း(၆၈၁): ကောင်းကင်နှင့် မြေကြီးကို အရောင်ပြောင်းလဲသွားစေသော ဓားစွမ်းအင်၏ ဖိနှိပ်မှု
တုန်လှုပ်အံ့အားသင့်ရာမှ သတိပြန်ဝင်လာသော ယဲ့ချုံယွဲ့၏ မျက်နှာအမူအရာသည် အနည်းငယ် မှောင်မည်းသွားသည်။
“ကျွန်မ တစ်ယောက်တည်းနဲ့ကို မလုံလောက်သေးဘူးလား....”
အေးစက်စက် နေတတ်သော ယဲ့ချုံယွဲ့သည်ပင် ဤအခိုက်အတန့်တွင်၊ သူမ၏ လေသံထဲ၌ ဒေါသအနည်းငယ် ပါဝင်နေခဲ့သည်။
ဓားလမ်းစဉ် ၊ ဤသည်မှာ သူမ ဂုဏ်အယူရဆုံး လမ်းစဉ်ပင် ဖြစ်သည်။
ဓားလမ်းစဉ်ကို စတင် လျှောက်လှမ်းခဲ့ချိန်မှစကာ သူမသည် တစ်ကြိမ်မှ ရှုံးနိမ့်ခြင်းမရှိခဲ့သလို ဤလမ်းစဉ်နှင့်ပင် ကြယ်စုသခင် ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။
ယခု စူးချန်ကဲသည် သူမတစ်ယောက်တည်းနဲ့ သူ့ကို ခွန်အားအပြည့်အဝ အသုံးပြုလာအောင် လုပ်နိုင်မည် မဟုတ်ကြောင်း ပြောလာခဲ့သည်။
သူမ၏ စိတ်ထဲက မကျေနပ်မှုကို မြင်မိသော စူးချန်ကဲသည် ယဲ့ချုံယွဲ့ ဆက်မပြောခင်မှာပဲ ဆက်ပြောလိုက်သည်။
“ ဟုတ်လားမဟုတ်လား ဆိုတာ ဆရာတူအစ်မ ကြည့်လိုက်ရင် သိသွားမှာပါ “
ထိုသို့ပြောပြီးနောက် စူးချန်ကဲသည် ဆက်မပြောတော့ချေ။
သူ့ညာလက်ကို ဖြေးဖြေးချင်း ဆန့်ထုတ်လိုက်ပြီး လှုပ်ခါလိုက်သည်။
ဝုန်း !!
ရုတ်တရက်ဆိုသလို၊ အဆုံးမရှိ ကြီးမားကျယ်ပြန့်သော ဓားစွမ်းအင်များဖြင့် အသွင်ပြောင်းလဲထားသော ဓားအလင်းတန်းများသည် အရပ်ရပ်မှ စုဝေးရောက်ရှိလာခဲ့သည်။
လပြည့်ဝန်း၏ အလင်းရောင်ပမာ အေးမြသော အလင်းတန်းများသည် ရောင်ပြန်ဟပ်ကာ လှုပ်ရှားလာသည်နှင့် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် စူးချန်ကဲ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
“ဒီနတ်ဘုရားဓားက ချန်ကဲဆက်ခံသူရဲ့ ကိုယ်ပိုင်ဓားလား!?”
“အိုင်းယား... ကြောက်စရာကောင်းတဲ့ ဓားအငွေ့အသက်! တကယ်ကို ထူးချွန်တဲ့ နတ်ဘုရားလက်နက်တစ်ခုပဲ!”
“ ဒါပေမဲ့ ... ဒီဓားပေါ်မှာ ငါဘာလို့ ကောင်းကင်လမ်းစဉ်ရဲ့ စွမ်းအားကို ခံစားမိနေရတာလဲ....”
“ဓားလမ်းစဉ်ကို ကျင့်သုံးတာ ဒီလိုအဆင့်ထိတောင် ရောက်သွားပြီလား”
“……….”
လူတိုင်း အံ့အားသင့်ဖို့ အချိန်ပင်မရလိုက်ချေ။
ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ဆုပ်ကိုင်ထားသော စူးချန်ကဲသည် အေးစက်စွာဖြင့် အော်ဟစ်လိုက်သည် ။
“ဓားသေတ္တာကိုးလက်၊ လာခဲ့!”
ဝီ !!
မျက်စိတမှိတ်အတွင်းမှာပင် ၊ ကောင်းကင်ပြင်၌ အလင်းရောင်များ ထပ်မံလှုပ်ရှားလာခဲ့သည်။
ဓားသေတ္တာကိုးလက်သည် အာကာသကို ဖြတ်ကျော်ကာ ဤနေရာသို့ ဆင်းသက်ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် သူ၏ လက်ညှိုးနဲ့ လက်ခလယ်ကို ညွှန်ကြားသော ပုံစံတစ်ခုအဖြစ် ပူးကပ်ကာ မိုးကောင်းကင်ကို ချိန်ရွယ်လိုက်သည်။
“ထ!”
ကြေးဝါ နှင့် နတ်ဘုရားသံမဏိတို့ဖြင့် ပြုလုပ်ထားသော ဓားသေတ္တာသည် မဟာလမ်းစဉ်ကြာပန်းကဲ့သို့ ပွင့်လန်းလာလေသည်။
ချွင်——!!
ဓားမြည်သံသည် နဂါးဟောက်သံသဖွယ် အရပ်ရှစ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်နေစဉ် ၊
ဓား ကိုးလက်သည် ဓားသေတ္တာထဲမှ ထွက်လာကာ မိုးကောင်းကင်ပေါ်သို့ ပျံတတ်သွားလေသည်။
သူတို့ တစ်ဦးချင်းစီတိုင်းသည် ထူးခြားဆန်းကြယ်သော ဓားရောင်ဝါများကို ထုတ်လွှတ်နေကြပြီး ၊ တောက်ပနေသော ဓားရောင်ခြည်များ၏ ရောင်ပြန်ဟပ်မှုအောက်တွင် မိုးမြေတစ်ခွင်လုံး လှုပ်ခတ်နေကာ ၎င်းတို့သည် စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် နဂါးတစ်ကောင်သဖွယ် လှည့်ပတ်နေကြသည်။
ဓားကိုးလက်၏ ဆင်းသက်လာမှုနှင့်အတူ ၊ ဤနေရာတစ်ခုလုံးသည် ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေသော လောကထဲသို့ ဆွဲသွင်းခံလိုက်ရသကဲ့သို့ပင်။
ဤအခိုက်အတန့်တွင် စူးချန်ကဲသည် တသိမ့်သိမ့် ရိုက်ခတ်နေသော ဓားစွမ်းအင်၏ အလယ်ဗဟိုတွင် ရပ်နေသည်မှာ ဓားအမတရှင် တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။
ဓားစွမ်းအင်အလင်းများ၏ ထွန်းလင်းတောက်ပမှုအောက်တွင် သူ၏တစ်ကိုယ်လုံးသည် ထိန်လင်းတောက်ပနေသည်။
သို့သော် အရာအားလုံးသည် ဤနေရာမှာတင် မပြီးဆုံးသေးချေ။
“ဓား ထလော့!”
ရုတ်တရက်၊ လူတိုင်း၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များအောက်တွင် စူးချန်ကဲသည် ထပ်မံ အော်ဟစ်လိုက်သည်။
သူ၏ညာလက်ဖြင့် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ဆုပ်ကိုင်လျက် ထို့နောက် မိုးကောင်းကင်ဆီသို့ ချိန်ရွယ်လိုက်သည်။
ဝီ!!
တစ်ချိန်တည်းမှာပင် အဆုံးမရှိသော ဓားစွမ်းအင် မိုးတိမ်များသည် ဖြည်းညှင်းစွာ ဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ ဓားစွမ်းအင် မိုးတိမ်များသည် အလွှာ တစ်လွှာပြီးတစ်လွှာ ထွန်းလင်းတောက်ပလာသည်နှင့် အမျှ ၊ ကောင်းကင်လမ်းစဉ် အာဏာစက်ဓား တစ်ချောင်းလုံးသည် ရုတ်တရက် ပို၍ပင် တောက်ပသော ဓားရောင်ခြည်များကို ထုတ်လွှတ်လေသည်။
မူလက စူးချန်ကဲ၏ ခန္ဓာကိုယ်ထဲတွင် ငြိမ်သက်နေခဲ့သော သူတော်စင် ခန္ဓာကိုယ်၏ အသွေးတို့သည် ဤအခိုက်အတန့်တွင် ကျယ်လောင်စွာ ဆူပွက်လာခဲ့သည်။
စူးချန်ကဲ၏ အရှိန်အဝါသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် မြင့်တတ်လာခဲ့ပြီး ရှေးလွန်ခဲ့သော မီးတောင်ကြီးတစ်ခုက ဤအခိုက်အတန့်တွင် နိုးထလာသကဲ့သို့ပင် လောကရှိ အရာအားလုံးကို အရောင်မှိန်ဖျော့သွားစေသည်။
ဝုန်း !!
တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲနောက်တွင် မျောလွင့်နေသော ရှေးဟောင်းဓားကိုးလက်သည် သူ၏ စွမ်းအားပေါက်ကွဲမှုနှင့် အတူ ပဲ့တင်ထပ်နေကြသည်။
အဆုံးတွင် ကောင်းကင်မြေကြီးကို လင်းလက်တောက်ပစေသော နတ်ဘုရားအလင်းတန်းကိုးခု အဖြစ်ပြောင်းလဲသွားပြီး၊ စူးချန်ကဲကို ဗဟိုပြုကာ မိုးကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
ဖော့ကျွင်းဘိုးဘေးမှ ဖွဲ့စည်းထားသော အကာအရံသည် ဓားစွမ်းအင်များကို ဖိနှိပ်ထားသော်လည်း၊ သို့သော် ဖော်ပြ၍မရသော အလွန်သိမ်မွေ့သော ဓားစွမ်းအင်တစ်ခုသည် ၎င်းမှ ပျံ့နှံ့ကာ ထွက်ပေါ်လာနေဆဲပင် ဖြစ်သည်။
ဤဓားစွမ်းအား၏ ထွက်ပေါ်လာမှုနှင့်အတူ ၊ မူလက ဖရိုဖရဲဖြစ်နေသော အာကာသထဲတွင် တသိမ့်သိမ့် ရိုက်ခတ်နေသော မှော်သင်္ကေတများသည် ဓားစွမ်းအင်၏ ဖိနှိပ်မှုကို ခံလိုက်ရသကဲ့သို့ ထူးဆန်းပြီး တိတ်ဆိတ်သော အခြေအနေထဲသို့ ကျရောက်သွားပုံရသည်။
လူတိုင်း အေးစက်သော ဖိနှိပ်မှုတစ်ခုက သူတို့၏ နှလုံးသားထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
စိတ်ဝိညာဉ်ကို တုန်လှုပ်စေပြီး ၊ ဦးခေါင်းအရေပြားများကိုပင် ထုံကျဉ်သွားစေသည်။
“ဒါက.....”
စူးချန်ကဲနှင့် အနီးကပ်ဆုံးရှိနေသော ယဲ့ချုံယွဲ့သည် အခြားသူများထက် ပို၍ကြီးမားသော ဖိအားကို ရင်ဆိုင်ခဲ့ရပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်၏ဖိနှိပ်မှုသည် ပို၍ စစ်မှန်လာခဲ့သည်။
ပြင်းထန်သော မုန်တိုင်းတစ်ခုသည် သူမ၏ခန္ဓာကိုယ်ကို အဆက်မပြတ် တိုက်ခတ်နေကာ သူမ၏ခြေလက်များကို အေးစက်လာစေပြီး တကိုယ်လုံး မွှေးညှင်းထသလို ခံစားရစေသည်။
ဓားလမ်းစဉ်ကို ဤမျှနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သူ တစ်ယောက်အဖြစ် ၊ သူမသည် မျိုးဆက်သစ် လူငယ်များကြားတွင် ဤမျှ ကြောက်စရာကောင်းသော ဓားလမ်းစဉ်၏ ဖိနှိပ်စွမ်းအားကို တစ်ခါမျှပင် မခံစားဖူးခဲ့ချေ။
လူ့လောကရှိ မြစ်တစ်စင်းသည် ကျယ်ပြောလှသော သမုဒ္ဒရာကို ပထမဆုံးအကြိမ် မြင်လိုက်ရပြီးမှ သမုဒ္ဒရာ၏ ခမ်းနားထည်ဝါမှုကို သဘောပေါက်သွားသကဲ့သို့ပင်။
……..
ရှေ့တွင်ရှိနေသော ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်တပည့်များသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤကြောက်စရာကောင်းသော မြင်ကွင်းကို မည်သည့်စကားလုံးများဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။
ပါရမီရှင် တော်တော်များများ၏ ကျင့်ကြံမှုအဆင့်သည် စူးချန်ကဲထက်စာရင် မြင့်မားကြသည်။
စစ်မှန်အမတနယ်ပယ် အဆင့်(၉)ရှိသော ပါရမီရှင်များမှာ မနည်းမနောပင်။
သို့သော် ၎င်းတို့သည်ပင် စူးချန်ကဲမှ ပေါက်ကွဲထွက်လာသော ဓားလမ်းစဉ်၏ ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုကို ထုံထိုင်းစွာဖြင့် ရပ်ကြည့်နေမိသည်။
စိတ်ထဲက တုန်လှုပ်မှုကို သက်သာစေဖို့ ကိုယ့်တံတွေးမျိုချရင်း၊ စကားများပင် ပြောမထွက်ကြချေ။
အရင်က စူးချန်ကဲပြောခဲ့သော စကားများသည် သူတို့အားလုံး၏ အမြင်တွင် ယုံကြည်ချက်လွန်ကဲကာ ဟိတ်ဟန်ကြီးသည် ဟု ယူဆခဲ့ကြသည်။
သို့သော် စူးချန်ကဲသည် ယခု သူ၏ ဓားလမ်းစဉ်ကို ပြသခဲ့ပြီးနောက်တွင် ၊
သူတို့သည် ဤစကားများကို ပြောလိုကြသည်။
“တောင်းပန်ပါတယ်! ကျွန်တော်တို့ ချန်ကဲဆက်ခံသူရဲ့ အရည်အချင်းကို သံသယဝင်ခဲ့မိတယ် ...ကျွန်တော်တို့ မှားပါပြီ!”
“ကျွန်တော်တို့ အမြင် ကျဉ်းမြောင်းသွားခဲ့တယ်!”
……
စက္ကန့်အနည်းငယ် ကြာပြီးနောက်
စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို အောက်ချလိုက်သည်နှင့်၊
ဤနေရာတွင် ပျံ့နှံ့နေသော ကြောက်မက်ဖွယ်ရာ ဓားလမ်းစဉ်၏ ဖိနှိပ်မှုသည် ဒီရေအလား ဆုတ်ခွာသွားခဲ့သည်။
စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်ဆောင်ထားပြီး ၊ ရှေးဟောင်းဓားကိုးလက်က သူ့ကို ဝန်းရံထားသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် လောကတစ်ခွင်လုံးကို လွှမ်းမိုးနိုင်သော အမတဓား၏ အရှိန်အဝါကို ထုတ်လွှတ်ပြသနေခဲ့သည်။
သူသည် ယဲ့ချုံယွဲ့ကို ပြုံးရယ်ပြရင်း မေးမြန်းလိုက်သည်။
“ဆရာတူအစ်မ... ကျွန်တော့်ဘက်က အပြည့်အဝ ထုတ်သုံးလာတဲ့ ဓားစွမ်းအင်ကို မင်းတစ်ယောက်တည်း ခံနိုင်ရည်ရှိမယ်ဆိုတာ သေချာပြီလား”
ထိုစကားများကို ကြားပြီးနောက် ၊
ယဲ့ချုံယွဲ့သည် နီမြန်းနေသော သူမ၏ နှုတ်ခမ်းများကို ခပ်တင်းတင်း စေ့လိုက်ပြီး အကြည့်လွဲလိုက်သည်။
စူးချန်ကဲ၏ ဓားလမ်းစဉ်သည် သူမထက် အများကြီးသာလွန်မှန်း ဝက်တစ်ကောင်တောင် သိနိုင်သည်။
မိုးကောင်းကင်ကိုတောင် အရောင်ပြောင်းလဲသွားစေသော ဤဓားလမ်းစဉ်၏ အရှိန်အဝါကို ခံနိုင်ရည်ရှိမရှိ သူမကိုယ်တိုင် ပြန်မေးကြည့်မိသည်။
ကံကောင်းထောက်မစွာဖြင့်၊ ဓားချက် အနည်းငယ် ခံနိုင်ရင်တောင်မှ နောက်ပိုင်းတွင်မူ၊ သူမသည် လုံးဝ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်။
အပိုင်း(၆၈၂): ချန်ကဲ ဆက်ခံသူ Vs ကြယ်စုသခင် ပါရမီရှင်သုံးဦး
ထိုအချိန်၌ ဘေးတစ်ဖက်တွင် ရပ်နေသော ဖော့ကျွင်းဘိုးဘေးသည် ခဏတဖြုတ် ထွက်လာကာ ပြောကြားလိုက်သည်။
“ချန်ကဲ၊ မင်းသာ ကိုယ့်ရဲ့အရည်အချင်းကို လုံးဝ ယုံကြည်ချက်ရှိတယ်ဆိုရင်”
“ ဒါဆို ငါတို့ကွေးယွမ်အမတဂိုဏ်းရဲ့ ကြယ်သခင် ပါရမီရှင် သုံးဦးကို စိန်ခေါ်ကြည့်ပါ့လား ... ဘယ်လိုလဲ”
အမှန်အားဖြင့် ၊
ဖော့ကျွင်းဘိုးဘေး၏ အမြင်အရ၊ ကွေးယွမ်အမတဂိုဏ်းတွင် ထူးချွန်ထက်မြက်သော ပါရမီရှင်များသည် မရေမတွက်နိုင်အောင်ပင် ရှိသည်။
စူးချန်ကဲသည် ဟော်ယန့်ကို အနိုင်ရယူခဲ့သော်လည်း သို့သော် သူသည် ကွေးယွမ်အမတဂိုဏ်းရှိ ကြယ်စုပါရမီရှင် ကိုးဦးထဲက တစ်ဦးမျှသာ ဖြစ်သည်။
ကွေးယွမ်အမတဂိုဏ်း၏ ခေတ်ဟောင်း ပါရမီရှင်များမှလွဲ၍ ၊ တကယ့် အသန်မာဆုံး ပါရမီရှင်များမှာ ကြယ်စုသခင်ပါရမီရှင် သုံးဦးသာ ဖြစ်သည်။
ဤသုံးဦးသည် ယနေ့ခေတ်၏ မျိုးဆက်သစ် ပါရမီရှင်များထဲတွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေပြီး၊ ထူးချွန်လှပေသည်။
သို့သော်လည်း ဤနှစ်များအတွင်း သူတို့အားလုံးသည် ကွေးယွမ်အမတဂိုဏ်းတွင် ကျင့်ကြံအားထုတ်ကာ ဂိုဏ်းသားအချင်းချင်း ပညာဖလှယ်ခြင်းမှအပ ပြင်ပလောက၏ အခြေအနေကို မသိရှိကြပေ။
အချိန်ကြာသည်နှင့်အမျှ ပြိုင်ဖက်မရှိ ဖြစ်လာပြီး၊ ထူးချွန်သော အရည်အချင်းများကို ပိုင်ဆိုင်ထားသောကြောင့် သူတို့၏ အတွင်းစိတ်တွင် မာန်မာနတရားများ ဖြစ်ပေါ်လာကြသည်။
ထိုကဲ့သို့သော စိတ်သဘောထားကို ရင်ဝယ်ပိုက်ထားသ၍ ဝေးဝေးသွားနိုင်မည် မဟုတ်။
ထို့ကြောင့် ဤအခြေအနေကို အခွင့်ကောင်းယူကာ အကောင်အထည်ဖော်လိုက်ခြင်းသည် အကောင်းဆုံးပင် မဟုတ်ပေလော။
တစ်ချိန်တည်းမှာပင် စူးချန်ကဲ၏ ဂုဏ်သတင်းကို တည်ဆောက်ပြီးသား ဖြစ်သလို ၊ ဤကြယ်စုသခင် ပါရမီရှင် သုံးဦးကိုလည်း သတိပေးနိုင်မည်။ လူ့အထက်တွင် လူရှိပြီး၊ ကောင်းကင်အထက်တွင် ကောင်းကင်အလွန် ရှိပေသည်။
ဒါဆို စူးချန်ကဲရဲ့ မာန်မာနနဲ့ ယုံကြည်ချက်ကို ချိုးနှိမ်ဖို့ကရော ?
ဒါဆိုလည်း တစ်ယောက်ယောက်က သူ့ကို အနိုင်ယူနိုင်မယ်ဆိုလည်း စမ်းကြည့်ပေါ့...
ဖော့ကျွင်းဘိုးဘေးသည် ဤကိစ္စနှင့်ပတ်သတ်၍ မှတ်ချက်မရှိပေ။
သို့သော် စူးချန်ကဲသည် တိုက်ပွဲများကို ဖြတ်ကျော်တိုက်ခိုက်လာရင်း ၊ သူသည် ပို၍ သန်မာလာရုံသာမက သူ၏ အရည်အချင်းသည်လည်း ပိုမိုထူးကဲလာခဲ့သည်။
ဤအချက်နှင့်ပတ်သတ်၍ ဖော့ကျွင်းဘိုးဘေးသည်လည်း ဘာမှမလုပ်နိုင်ချေ။
တိုက်ပွဲမျိုးစုံ တွေ့ကြုံခဲ့သော စူးချန်ကဲ၏ စိတ်သဘောထားသည် အမတဂိုဏ်းတွင် နေထိုင်ပြီး အချိန်ကြာမြင့်စွာ ကျင့်ကြံအားထုတ်လာခဲ့သော သူများထက် များစွာသာလွန်သည်။
မည်သို့ပင်ဖြစ်စေ ၊ လွတ်လပ်စွာ ကျက်စားသော တိရစ္ဆာန် နှင့် အိမ်မွေးတိရစ္ဆာန်သည် အဆုံးသတ်တွင် ကွဲပြားခြားနားပေသည်။
…….
သို့သော် အမှန်တရားကို မသိသေးသော တပည့်များ၏ မျက်နှာအမူအယာတို့သည် အကြီးအကျယ် ပြောင်းလဲသွားကြသည်။
“အယ်..... ငါ နားကြားများမှားသလား... ဖော့ကျွင်းဘိုးဘေး က ချန်ကဲဆက်ခံသူကို ငါတို့အမတဂိုဏ်းရဲ့ ကြယ်စုသခင် ပါရမီရှင် သုံးဦးနဲ့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခိုင်းနေတာ မဟုတ်လား....”
“ဒါ အတော်လေး ခက်ခဲမယ်နဲ့တူတယ် ... ချန်ကဲဆက်ခံသူက ဘယ်လောက်ပဲ သန်မာပါစေ၊ ကြယ်စုသခင် ပါရမီရှင် သုံးဦးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး!”
“ အဲ့လိုလည်း ပြောမရဘူး... ချန်ကဲဆက်ခံသူရဲ့ ခွန်အားက အတော်လေး အားကောင်းတယ်”
တပည့်တစ်ဦးက ကန့်ကွက်ပြောဆိုလိုက်သည်။
“တကယ်လို့များ သူ့ရဲ့ ဓားရေးနဲ့ ပေါင်းစပ်ပြီး သတ်ဖြတ်ရေးအကွက်တွေ သုံးလာခဲ့မယ်ဆိုရင်... ကြယ်စုသခင် ပါရမီရှင် သုံးဦးတောင် မခံနိုင်လောက်ဘူး ထင်တယ်!”
“……….”
တပည့်များစွာသည် အမျိုးမျိုး ဆွေးနွေးနေကြရင်း ၊ သူတို့အားလုံး၏ အကြည့်များက စူးချန်ကဲပေါ်သို့ ကျရောက်သွားသည်။
သူ၏ အဖြေကို စောင့်ဆိုင်းနေသကဲ့သို့ပင်။
ထိုအခြေအနေကို မြင်တော့ စူးချန်ကဲသည် ဂရုမထားဘဲ ပြုံးရယ်ကာ ပြန်ဖြေလိုက်သည် ။
“ တကယ်လို့ ဆရာတူအစ်ကိုနဲ့ ဆရာတူအစ်မ သုံးဦးက လက်ခံမယ်ဆိုရင် ချန်ကဲကလည်း စမ်းကြည့်ဖို့ သဘောတူပါတယ် “
ထိုစကားများထွက်လာသည်နှင့် မူလကတည်းက ဆိတ်ငြိမ်နေခဲ့သော လေထုသည် ပို၍ တိတ်ဆိတ်သွားခဲ့သည်။
သူတို့အားလုံးသည် စူးချန်ကဲအား နားမလည်နိုင်စွာ စိုက်ကြည့်နေကြသည်။
သူတို့၏ ဆက်ခံသူသည် အမှန်တကယ်ပင် ရဲရင့်ပေသည် ။
သူ တစ်ယောက်တည်းဖြင့် ကွေးယွမ်အမတဂိုဏ်း၏ ခေတ်သစ် ကြယ်စုသခင် သုံးဦးကို တစ်ပြိုင်နက် တိုက်ခိုက်ရဲသည်။ ဤလုပ်ရပ်ကို စူးချန်ကဲကလွဲရင် မည်သူမျှ လုပ်ရဲကြလိမ့်မည် မဟုတ်။
……
တစ်ချိန်တည်းမှာပင် ၊ လူအုပ်ထဲတွင် ရှိနေခဲ့သော အမျိုးသားနှစ်ယောက်သည် ခါးသီးသော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ပြဇာတ်ကြည့်နေရင်း မြှားဦးက သူတို့ဘက်ကို လှည့်လာမယ်လို့ ဘယ်သူက ထင်မှာတုန်း!!
“အော်.... ဘိုးဘေးကြီးရဲ့ အမိန့်ဆိုတော့လည်း လိုက်နာရုံပေါ့!”
“သွားကြစို့ ညီငယ် ၊ ငါတို့လည်း ချန်ကဲဆက်ခံသူနဲ့ တွေ့ဆုံကြည့်ကြရအောင် “
“ ကောင်းပြီ”
အမှန်အားဖြင့် စောနက စူးချန်ကဲ ပြသခဲ့သော ဓားလမ်းစဉ် ပါရမီသည် သူတို့ နှစ်ယောက်စလုံးကို အံ့အားသင့်စေခဲ့သည်။
မျိုးဆက်သစ် လူငယ်တွေကြားထဲ ဓားလမ်းစဉ်၏ အရှိန်အဝါကို ဤမျှကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်ထိ ထုတ်လွှတ်နိုင်သည့် ပါရမီရှင်ကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။
မျိုးဆက်သစ် ပါရမီရှင်များအနေဖြင့် ၊ ဘိုးဘေးကြီးမပြောရင်တောင် သူတို့သည် အခွင့်အရေးရှိပါက စူးချန်ကဲနှင့် ပညာချင်းဖလှယ်ရန် ဆန္ဒရှိခဲ့ကြသည်။
ဝီ!!
ထိုအချိန်တွင် အလင်းတန်းနှစ်ခုသည် လူအုပ်ကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး စူးချန်ကဲ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
ထိုလူအရိပ်နှစ်ခုကို ရှင်းလင်းစွာ မြင်လိုက်ရသည်နှင့် လူအုပ်ကြီးသည် တစ်ဖန် ဆူပွက်သွားသည်။
“ဝမ်မင်အစ်ကိုကြီးနဲ့ ကျန်းဖန် အစ်ကိုကြီးပဲ!”
ဝမ်မင် ။
ကြယ်စုသခင် ပါရမီရှင် သုံးဦးထဲက တစ်ဦးဖြစ်ပြီး စစ်မှန်အမတနယ်ပယ် အဆင့်(၉) သို့ ရောက်ရှိထားပြီးဖြစ်သည်။ သူသည် ကိုးကွေ့ စစ်နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ထိုနတ်ဘုရားခန္ဓာသည် နှစ်ပေါင်းသန်းချီ ရှာတွေ့ရန်ခက်ခဲပြီး လမ်းစဉ်ကို သက်သေပြရန် မွေးဖွားလာခြင်း ဖြစ်သည်။
စစ်အမတရှင် ၊ စစ်နတ်ဘုရား နှင့် ကောင်းကင်ဘုံစစ်သခင် စသည့် မတူညီသော မဟာလမ်းစဉ် ဓမ္မပုံရိပ်ကိုးမျိုးကို ပိုင်ဆိုင်ထားသည်။
ကျန်းဖန်။
ကြယ်စုသခင် ပါရမီရှင် သုံးဦးထဲက တစ်ဦး ဖြစ်ကာ စစ်မှန်အမတနယ်ပယ် အဆင့်(၉)သို့ ရောက်ရှိထားပြီး ဖြစ်သည်။ သူသည် အမတစိုးစံရာခေတ်တွင်သာ ပေါ်ပေါက်ခဲ့သော ထိုက်ရွှမ် ဉာဏ်အလင်းတာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး လမ်းစဉ်ကို သက်သေပြရန် မွေးဖွားလာခြင်း ဖြစ်သည်။
တမူထူးခြားသော နားလည်နိုင်စွမ်းဖြင့် မွေးဖွားလာသူ ဖြစ်သောကြောင့် မိုးမြေရှိ မဟာလမ်းစဉ်ကို နားလည်နိုင်သည်။ ထိုကိုယ်ထည်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်နှင့် မဟာလမ်းစဉ်ကို နားလည်သဘောပေါက်ကာ အဆုံးတွင် မိမိကိုယ်ပိုင် အမတအလိုဆန္ဒ စည်းမျဉ်းများကိုတောင် ဖန်တီးနိုင်ပေလိမ့်မည်။
ကျန်းဖန်သည် သူ့ကိုယ်ပိုင် အာကာသအချိန် စည်းမျဉ်းများကိုပင် ဖန်တီးနိုင်ကောင်းနိုင်ပေလိမ့်မည်။ နောင်တွင် သူသည် တားမြစ် စူးမိသားစု၏ ထျန်းမင် အမတ ဧကရာဇ်မင်းကဲ့သို့ အချိန်အာကာသ မဟာလမ်းစဉ်ကို ထိန်းချုပ်နိုင်မည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သည်။
ဤကြယ်စုသခင် ပါရမီရှင်သုံးဦးသည် အမတနယ်မြေတွင် ထိပ်တန်းအဆင့်မှ ရပ်တည်နိုင်သူများ ဖြစ်ပေသည်။
ယခုတွင် သူတို့ သုံးဦးစလုံးကို တစ်ယောက်တည်း တိုက်ခိုက်ခြင်းသည် သူတို့၏ လောကအမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။
ထိုအချိန်တွင် ဖော့ကျွင်းဘိုးဘေးသည် ယဲ့ချုံယွဲ့ကို ကြည့်ကာ အပြုံးမပျက် ထပ်မေးလိုက်သည်။
“ ချုံယွဲ့၊ မင်းဘယ်လိုထင်လဲ”
“ဝမ်မင်နဲ့ ကျန်းဖန်တို့နဲ့အတူ ချန်ကဲကို တိုက်ခိုက်ဖို့ စိတ်ကူးရှိလား၊ ဒါမှမဟုတ် တော်ပြီလား “
ထိုစကားများ ထွက်လာသည်နှင့် ၊
ယဲ့ချုံယွဲ့သည် အသက်ပြင်းပြင်း ရှူရှိုက်ကာ ပြန်ဖြေလိုက်သည်။
“ချုံယွဲ့အနေနဲ့ အရင်ကတည်းက သိပြီးသားပါ၊ ချန်ကဲဆက်ခံသူသာ စွမ်းအားအပြည့် ပေါက်ကွဲရင် ကျွန်မဟာ သူ့ရဲ့ပြိုင်ဘက် မဟုတ်ပါဘူး”
“ချန်ကဲဆက်ခံသူက ကျွန်မတို့သုံးယောက်ကို စိန်ခေါ်ဖို့ ယုံကြည်ချက်ရှိနေမှတော့ ချုံယွဲ့ လည်း နောက်မဆုတ်တော့ပါဘူး”
ထိုစကားကို ကြားတော့ ဖော့ကျွင်းဘိုးဘေးသည် ဘာမှပြန်မပြောတော့ဘဲ ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင်၊ ဖော့ကျွင်းဘိုးဘေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝီ!!
မဟာလမ်းစဉ်၏ အမတအလင်းများသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး မူလက ဖွဲ့စည်းထားသော အကာနံရံကို ပို၍ ခိုင်မာတောင့်တင်းအောင် ပြုလုပ်လိုက်သည်။
စူးချန်ကဲတို့၏ ခွန်အားများသည် အလွန်ကို အားကောင်းလွန်းသဖြင့် ၎င်းတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာမည့် သက်ရောက်မှုသည် ပြင်းထန်မည်မှာ သေချာသည်။ ထို့ကြောင့် အကာအကွယ်ကို ပို၍ ခိုင်မာတောင့်တင်းအောင် လုပ်ရခြင်း ဖြစ်ပေသည်။
အပိုင်း(၆၈၃): သုံးယောက်စလုံး ပြိုင်တူတတ်ခဲ့ပါ့လား (Part-1)
အသင့်ပြင်ဆင်ပြီးနောက်။
သူတို့လေးဦးသည် ကျယ်ပြောလှသော ဟင်းလင်းပြင်တွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။
တဖက်တွင် စူးချန်ကဲသည် သူတစ်ဦးတည်း ရပ်နေပြီး ၊ ကျန်တစ်ဖက်တွင်မူ ကြယ်စုသခင် ပါရမီရှင်သုံးဦး ရပ်နေသည်။
“ ကြယ်စုသခင်ပါရမီရှင် သုံးဦးက ချန်ကဲဆက်ခံသူကို အတူတကွ တိုက်ခိုက်ကြမယ်ဆိုတာ တကယ်ကို မထင်ထားဘူး!”
“ဒီလို သမိုင်းဝင်ဖြစ်ရပ်က ငါတို့ ကွေးယွမ်အမတဂိုဏ်းမှာ အတော်လေး ဂုဏ်ယူစရာကောင်းတာပဲ”
“ မင်းတို့ပြောကြည့်စမ်း.... ချန်ကဲဆက်ခံသူနဲ့ ကြယ်စုသခင် သုံးဦး ဘယ်သူနိုင်မလဲ”
“ငါထင်တာက ချန်ကဲဆက်ခံသူ က သန်မာပေမယ့် ကြယ်စုသခင် သုံးဦးကို ရင်ဆိုင်ရမှာဆိုတော့ နိုင်ဖို့က သိပ်မသေချာဘူး!”
“ဟင့်အင်း! မင်းက အမြင်ကျဉ်းတာပဲ .. ချန်ကဲဆက်ခံသူ တစ်လျှောက်လုံး တည်ငြိမ်နေတာကို မင်း မမြင်ဘူးလား...ဒါက သူ့ကိုယ်သူ လုံးဝယုံကြည်မှုရှိနေတာကို ပြသနေတာပဲ”
“ငါထင်တာတော့ ချန်ကဲဆက်ခံသူ နိုင်လိမ့်မယ်!”
“……….”
တပည့်များသည် သူတို့၏ကိုယ်ပိုင် အတွေးအမြင်များကို ထုတ်ဖော်ကာ ဆွေးနွေးနေကြသည်။
ဆွေးနွေးမှုသည် ပြင်းထန်သော်လည်း သို့သော် လူတိုင်းသည် မျက်တောင်ပင်မခတ် စူးစိုက်ကြည့်နေကြသည်။ အသက်ကိုပင် ကောင်းစွာ မရှုဝံ့ဘဲ ၎င်းတို့၏ လှုပ်ရှားမှု တစ်ခုတစ်လေ လွတ်သွားမည်ကို စိုးရိမ်နေကြဟန်ရှိသည်။
ဤသည်မှာ ထိပ်တန်း ပါရမီရှင်များ၏ တိုက်ပွဲတစ်ခု ဖြစ်ပေသည်။
အကယ်၍ သူတို့သည် ဤပုဂ္ဂိုလ်များ၏ တိုက်ပွဲမှတဆင့် မဟာလမ်းစဉ်၏ စစ်မှန်သော နားလည်နိုင်စွမ်းကို အနည်းငယ်ကို သင်ယူနိုင်ရုံဖြင့် အကျိုးကျေးဇူး များစွာ ရရှိပေလိမ့်မည်။
ကြယ်စုသခင် ပါရမီရှင် သုံးဦးသည် အသီးသီး ခေါင်းညိတ်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများသည် နတ်အလင်းများ တောက်ပသွားကာ ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
“ အစွမ်းကုန် တိုက်ကြမယ်!”
……
ထိုစကားသံအဆုံးတွင် ၊
ဝုန်း ———!!
အမတလမ်းစဉ်စွမ်းအားတို့သည် ၎င်းသုံးဦးတို့၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။ ထိုစွမ်းအားကြောင့် ကောင်းကင်နှင့် မြေကြီးတို့သည် တဒုန်းဒုန်း မြည်ဟည်းနေလေသည်။
ဖော့ကျွင်းဘိုးဘေးမှ ဖန်တီးထားသော အကာနံရံပင်လျှင် ထိုစွမ်းအားကြောင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ မတည်မငြိမ် ဖြစ်နေသည်။
“ငါ အရင်စမယ်!”
ဝမ်မင်သည် ရှေ့သို့ ရဲရဲတင်းတင်း ခြေတစ်လှမ်းထုတ်ကာ ‘ နတ်ဘုရားကိုးပါး ဆင်းသက်ခြင်း ‘ ဟု ဟစ်ကြွေးလိုက်သည်။
ဝီ—-!!
ချက်ချင်းဆိုသလိုပင် ၊ သူ၏ခန္ဓာကိုယ်မှ အမတအလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။
ကြယ်ရောင်စဉ်တန်းများကဲ့သို့သော အလင်းတန်းကိုးခု ကျဆင်းလာပြီး ၊ ဝမ်မင်၏ ဘေးပတ်ပတ်လည်တွင် ရှေးဟောင်းသင်္ကေတ ကိုးခုအဖြစ် ရစ်ပတ်နေသည်။
သင်္ကေတများသည် တစ်ခုနှင့်တစ်ခု မတူညီကြသော်လည်း သို့သော် ၎င်းတို့အားလုံးသည် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဟန်တူပြီး ရှေးအငွေ့အသက်များကို ထုတ်ဖော်ပြသနေသည်။
အပြန်အလှန် ဆက်စပ်နေသော သင်္ကေတကိုးခုမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ကောင်းကင်မြေကြီးကိုပင် လှုပ်ခါစေနိုင်သည့် ကြီးမားသောစွမ်းအားကို ပြသနေသည်။
“ဒါ...ဒါမဖြစ်နိုင်ဘူး....”
“ ဝမ်မင်အစ်ကိုကြီးက တိုက်ပွဲအစမှာကတည်းက ဟော်ယန့်အစ်ကိုကြီးလို သူ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးတော့မှာလား”
“အိုင်း...နတ်ဘုရားကိုးပါး ဆင်းသက်ခြင်း ..ငါအမှတ်မမှားဘူးဆိုရင်...”
သတိထားမိသော ပါရမီရှင်တပည့်တစ်ဦးက ဝင်ပြောလိုက်သည်။
“ဝမ်မင်အစ်ကိုကြီးက ကိုးကွေ့ စစ်နတ်ဘုရားခန္ဓာကိုယ်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်ပြီး ၊ စစ်အမတရှင် ၊ စစ်နတ်ဘုရား နဲ့ ကောင်းကင်ဘုံစစ်သခင် စတဲ့ မတူညီတဲ့ ဓမ္မကိုယ်ထည် ကိုးမျိုးကို ဖွဲ့စည်းလိုက်ပြီပဲ ..”
“ဝမ်မင်အစ်ကိုကြီးက ဒီအကွက်နဲ့ ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ ပါရမီရှင် ရာပေါင်းများစွာကို အနိုင်ယူခဲ့တာ! ချန်ကဲဆက်ခံသူအနေနဲ့ ဘယ်လိုခုခံမလဲဆိုတာ သိချင်မိတယ်”
“…….”
လူတိုင်း သူသူကိုယ်ကိုယ် အပြန်အလှန်ဆွေးနွေးနေကြစဉ် ၊
ထိုအချိန်တွင် ဝမ်မင်သည် သူ၏ လက်နှစ်ဖက်ဖြင့် မန္တာန်တစ်ခုကို ဖော်ဆောင်လိုက်သည်။
မူလက သူ၏ ဘေးပတ်ပတ်လည်တွင် မျောလွင့်နေသော ရှေးဟောင်းသင်္ကေတ ကိုးခုသည် ရုတ်တရက် ထိန်လင်းတောက်ပလာပြီး ကြောက်မက်ဖွယ်ရာ အလင်းလှိုင်းတံပိုးများကို ထုတ်လွှတ်ခဲ့လေသည်။
ထိုရှေးဟောင်းသင်္ကေတ ကိုးခုသည် ဖြေးညှင်းစွာ ကွဲအက်ပျက်စီးသွားပြီး၊ ၎င်းတို့အတွင်းမှ အမတအလင်းများ ပေါက်ကွဲထွက်ပေါ်လာကာ နောက်ဆုံးတွင် မဟာလမ်းစဉ် ပုံရိပ်ကိုးခုအဖြစ် ဖွဲ့စည်းသွားသည်။
၎င်းတို့၏ ပုံပန်းသဏ္ဌာန်သည် မရှင်းလင်းဘဲ မျက်နှာကို မြင်တွေ့ရန်ခက်ခဲသော်လည်း ၊ သို့သော် အဆိုပါ မဟာလမ်းစဉ် ပုံရိပ်ကိုးခု ပေါ်ထွက်လာသည့် အခိုက်တန့်မှာပင် ၊
ကမ္ဘာကြီးသည် အချိန်နဲ့အမျှ အေးခဲသွားပုံရကာ ၊ လေးလံသော တောင်ကြီးတစ်လုံးကဲ့သို့ ဖိအားတစ်ရပ်သည် အောက်သို့ ကျဆင်းလာသည်ကို လူတိုင်း ခံစားလိုက်ရသည်။
“ဒါက မဟာလမ်းစဉ်ရဲ့ ဓမ္မပုံရိပ် ဆိုတာလား”
ထိုမြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲသည် မျက်လုံးများ ဝင်းလက်တောက်ပသွားသည်။
“ပြီးတော့ ကိုးခုတောင်...?”
ထိုအရာက သူ့ကို စိတ်ဝင်စားမှု ဖြစ်ပေါ်လာစေသည်။
အကြောင်းမှာ၊ သူသည် တိုက်မြေ သုံးထောင်တွင် သဘောပေါက်ခဲ့သော ‘ ဖော့ထျန်းကျုံရှင်’ နှင့် ’ ဓားကိုးကြိမ်အသွင်ပြောင်းလဲခြင်း’ တို့သည်လည်း တဖက်လူ၏အကွက်နှင့် ဆင်တူသောကြောင့် ဖြစ်သည်။
စူးချန်ကဲသည်လည်း ထိုနည်းတူစွာ မတူညီသော မဟာလမ်းစဉ် ဓမ္မပုံရိပ်ကိုးခုကို ဖန်တီးကာ စိန်ခေါ်တိုက်ခိုက်မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင်၊ မဟာလမ်းစဉ်
ပုံရိပ်ကိုးခုကို ဖန်တီးပြီးသွားသော ဝမ်မင်သည် သူ၏လက်ညိုးဖြင့် စူးချန်ကဲဆီသို့ ညွှန်ပြလိုက်သည်။
“သွား!”
ထိုစကားသံအဆုံးတွင် ၊ မဟာလမ်းစဉ် ပုံရိပ်ကိုးခုသည် ဤအခိုက်အတန့်တွင် အသက်ဝင်လာသကဲ့သို့ ပြုမှုလာခဲ့သည်။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ၊
မဟာလမ်းစဉ် ပုံရိပ်ကိုးခုသည် လင်းထိန်သွားပြီး ၊ ချက်ချင်းပင် ကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်လာသော နတ်အလင်းတန်း ကိုးစင်းကဲ့သို့ ၎င်းတို့သည် မတူညီသော ဦးတည်ရာဘက်မှ စူးချန်ကဲပေါ်သို့ တညီတညွှတ်တည်း ကျရောက်လာသည်။
“မကောင်းတော့ဘူး! ချန်ကဲဆက်ခံသူ ဒါကို ရှောင်လွှဲနိုင်မှာမဟုတ်ဘူး!”
တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
ဖြစ်ပျက်မှုသည် အလွန်လျင်မြန်လွန်းပြီး၊ လျှပ်တစ်ပြက် အခိုက်အတန့်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။
လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် မဟာလမ်းစဉ် ပုံရိပ်ကိုးခုသည် ကြောက်ခမန်းလိလိ အဖျက်စွမ်းအားများကို ဆောင်ကျဉ်းလျက် စူးချန်ကဲနှင့် နီးကပ်စွာ ရောက်ရှိနေပြီဖြစ်သည်။
စူးချန်ကဲအနေဖြင့် ရှောင်တိမ်းရန် နည်းလမ်းမရှိသလို အတင်းအကြပ်လက်ခံယူဖို့ကလွဲ၍ ရွေးချယ်စရာပေ။
ထိုအခိုက်တွင်၊ စူးချန်ကဲ၏ အေးစက်သော အသံသည် ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
“ ဖော့ထျန်းကျုံရှင် !”
ဝုန်း ——!!
ကြီးမားသော နိယာမလှိုင်းတံပိုးများသည် မြစ်တစ်စင်းအဖြစ် နောက်ပြန်စီးဆင်းသွားပြီး၊ နောက်ဆုံးတွင် ကောင်းကင်ဘုံနှင့် ချိတ်ဆက်သွားသကဲ့သို့ မိုးကောင်းကင်ပေါ်သို့ စုန်ဆန်တတ်သွားသည်။
“ဒါက....”
တစ်ချိန်တည်းမှာပင်၊ တပည့်များစွာ၏ အံ့အားသင့်နေသော ကြည့်ရှုမှုအောက်တွင် ...
စူးချန်ကဲ၏ နောက်ကွယ်တွင်လည်း ထိန်လင်းတောက်ပနေသော ပုံရိပ်ကိုးခု ပေါ်ထွက်လာခဲ့သည်။ ရွှေရောင် စစ်နတ်ဘုရားများကဲ့သို့ပင် ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကို ယှဉ်ပြိုင်နိုင်သည့်အပြင် နေနှင့်လတို့နှင့်ပင် အလင်းပြိုင်နိုင်သည်။
“ပေါင်းစည်း!”
သူ၏ လက်ငါးချောင်းကို လက်သီးဆုပ်လိုက်သည်နှင့် ကုန်ခမ်းခြင်းမရှိသော အလင်းရောင်များသည် နေမင်းကြီးကဲ့သို့ ပွင့်ဖူးလာသည်။
သူ၏နောက်ကွယ်ရှိ စစ်နတ်ဘုရား အသွင်ပုံရိပ်ကိုးခုသည်လည်း တပြိုင်နက်တည်း လက်သီးဆုပ်ကာ ထိုးနှက်လာခဲ့သည်။
အဆိုပါ စစ်နတ်ဘုရား အသွင်ပုံရိပ်ကိုးခုမှ လှုပ်ရှားအသုံးပြုလာခဲ့သော မှော်စွမ်းအားများသည် တစ်ယောက်နှင့် တစ်ယောက် မတူညီကြပေ။
တစ်ဦးချင်းစီ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှု မှော်အတတ်များသည် မတူညီရုံသာမက ကိုင်စွဲထားသည့် မှော်စွမ်းအားများမှာလည်း အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
မိုးကောင်းကင်ကို ချိုးဖျက်ကာ၊ မြစ်ကို ဖြတ်တောက်လျက်၊ နဂါးငွေ့တန်းကိုတောင် ကွဲကြေသွားစေနိုင်သည်။
ဝုန်း——!!
နောက်အခိုက်အတန့်တွင် ၊ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဆုံးစွန် ရောက်ရှိနေသော အင်အားနှစ်ရပ်၏ ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသော အလင်းလှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားလေတော့သည်။
အပိုင်း(၆၈၃): သုံးယောက်စလုံး ပြိုင်တူတတ်ခဲ့ပါ့လား (Part-2)
၎င်းတို့နှစ်ဦးကို ဗဟိုပြုလျက် ကောင်းကင်တစ်ခွင်လုံး အလင်းမိုးများ ရွာသွန်းကာ၊ ထောင်သောင်းမကသော နိယာမတရား ကြေမွပျက်စီးသွားသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
မြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင်မှာပဲ ၊
“ဘုန်း “ ဟူသော ကျယ်လောင်သံသည် ထိုဧရိယာအတွင်းမှ ဟိန်းထွက်လာသည်။
တသိမ့်သိမ့် ရိုက်ခတ်နေသော မှော်သင်္ကေတမုန်တိုင်းအတွင်း၊ ဝမ်မင် ဖန်တီးထားသော ဓမ္မပုံရိပ်ကိုးခုသည် စူးချန်ကဲ၏ စစ်နတ်ဘုရားပုံရိပ် ကိုးခုနှင့်အတူ ကြေမွပျက်စီးသွားခဲ့သည်။
သူကိုယ်တိုင်ပင် ဤကြီးမားသော စွမ်းအား၏ သက်ရောက်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ထိန်းမနိုင်သိမ်းမရ နောက်သို့ တွန်းကန်ခံလိုက်ရသည်။
ခွပ် ! ခွပ်! ခွပ်!
နောက်သို့ ခြေလှမ်း ဆယ်လှမ်းခန့် ပြန်ဆုတ်ပြီးနောက်၊ ဝမ်မင်၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ကာ ဆက်ပြီးမထိန်းနိုင်တော့ဘဲ ဒူးတစ်ဖက်ထောက်ချလိုက်သည်။
သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်လိုက်ပြီး သွေးတစ်လုပ်စာ အန်ချလိုက်သည်။
“အဟွတ်......”
သွေးများက အင်္ကျီကို နီမြန်းပေကျံသွားစေသည်။
တစ်ချိန်တည်းမှာပင်၊ သူ၏ မျက်နှာအမူအရာမှာ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
“ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ.......”
…..
အခြားတစ်ဖက်တွင် ယဲ့ချုံယွဲ့နှင့် ကျန်းဖန် တို့အပြင် ဝန်းရံကြည့်ရှုနေသော တပည့်သားများစွာတို့၏ မျက်နှာထားများသည် ကြောက်လန့်တုန်လှုပ်နေကြသည်။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”
“ဝမ်မင်အစ်ကိုရဲ့ နတ်ဘုရားကိုးပါး ဆင်းသက်ခြင်း က....ချန်ကဲ ဆက်ခံသူရဲ့ လက်သီးတစ်ချက်တည်းနဲ့ ကြေမွပျက်စီးသွားတယ်တဲ့လား...”
ဤရလဒ်သည် ကြည့်ရှုသူတိုင်းကို ရှုပ်ထွေးသွားစေသည်။
‘နတ်ဘုရားကိုးပါး ဆင်းသက်ခြင်း ‘ ဆိုသည်မှာ သူ ဂုဏ်ယူဝင့်ကြွားရသော မှော်စွမ်းအားဖြစ်သည်။
ဝမ်မင်သည် ဤအကွက်ဖြင့် မရေမတွက်နိုင်သော တပည့်များစွာကို အနိုင်ယူခဲ့ဖူးပြီး၊ ယခု စူးချန်ကဲနှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းခံလိုက်ရလေသလော။
ဤအရာက လူတိုင်းကို အံ့အားသင့်စေသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးများကိုပါ တုန်လှုပ်သွားစေသည်။
လူတိုင်း၏ ထိတ်လန့်အံ့အားသင့်မှုများကို ဂရုမစိုက်ဘဲ စူးချန်ကဲသည် ယဲ့ချုံယွဲ့နှင့် ကျန်းဖန်ဘက်သို့ လှည့်ကာ အပြုံးမပျက် ဆိုလိုက်သည်။
“ ဆရာတူအစ်ကို နဲ့ ဆရာတူအစ်မတို့လည်း သိလောက်မှာပါ”
“တစ်ဦးချင်းစီ တိုက်ခိုက်တာက ကျွန်တော့်အတွက် အကျိုးမရှိဘူးလို့ ထင်တယ်...အချိန်မရှိလို့ မင်းတို့ အားလုံး ပူးပေါင်းပြီး အပြည့်အဝ တိုက်ခိုက်ပေးစေချင်တယ်”
စူးချန်ကဲ၏ အသံမှာ အေးစက်ပြီး အမှန်တရားကို ဖော်ပြနေသကဲ့သို့ပင်။
ထိုစကားများထွက်လာသည်နှင့် ၊
တပည့်များစွာ၏ စိတ်နှလုံးသားထဲတွင် နောက်ထပ် ကြီးမားသော လှိုင်းတံပိုးများ ရိုက်ခတ်သွားလေသည်။
သူတစ်ဦးတည်း ကြယ်စုသခင် ပါရမီရှင် သုံးဦးကို တစ်ပြိုင်နက် စိန်ခေါ်နေရုံသာမက၊ ထိုသုံးဦးကို သူ့အား အပြည့်အဝ တိုက်ခိုက်ရန် ပြောနေပြန်သည်။
တစ်ချိန်တည်းမှာပင်၊ ယဲ့ချုံယွဲ့နှင့် ကျန်းဖန်တို့၏ မျက်နှာအမူအရာများလည်း သိပ်မကောင်းလှပေ။
သူတို့သည် စူးချန်ကဲနှင့် တစ်ယောက်ချင်းစီ အလှည့်ကျ တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။
အကြောင်းမှာ ကြယ်စုသခင် ပါရမီရှင် သုံးဦးအဖြစ်၊ သူတို့တွင်လည်း မာန်မာန ရှိသေးသည်။
သုံးဦးတစ်ပြိုင်နက် တိုက်ခိုက်ပြီး အနိုင်ရခဲ့မည်ဆိုတောင် ဂုဏ်သိက္ခာမရှိပေ။
သို့သော် ယခုအခါတွင် စူးချန်ကဲသည် ဝမ်မင်ကို လက်သီးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
အကယ်၍ သူတို့သည် အလှည့်ကျ တိုက်ခိုက်ပါက၊ အနိုင်ရနိုင်ခြေ လုံးဝမရှိချေ။
ယဲ့ချုံယွဲ့သည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး ပြောလိုက်သည် ။
“ မောင်လေး ကျန်းဖန် ၊ အစ်ကိုကြီး ဝမ်မင်တို့ နှစ်ဦးက ဘေးတိုက် ကာကွယ်ပေးပါ”
ယဲ့ချုံယွဲ့၏ အသံမှာ အေးစက်နေသည်။
“ရှေ့ပိုင်း အဓိက တိုက်ခိုက်မှုကို ကျွန်မ ကိုယ်တိုင် တာဝန်ယူမယ်”
…..
ထိုစကားသံအဆုံးတွင် ၊
ကျန်းဖန်နှင့် ပြင်းထန်စွာ ဒဏ်ရာရထားသော ဝမ်မင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များထဲတွင် ရှုပ်ထွေးမှုများ ပါဝင်နေသည်။
အမှန်စင်စစ်၊ မိမိတို့ ဂုဏ်ယူဝင့်ကြွားခဲ့သော အရာများသည် စူးချန်ကဲရှေ့တွင် တန်ဖိုးမရှိသလောက်ပင် ဖြစ်နေသည်။
သူတို့အားလုံး တစ်ပြိုင်နက်တည်း မတိုက်ခိုက်ပါက၊ ရှုံးနိမ့်မည်မှာ ဧကန်မလွဲပင်။
မြေကြီးပေါ်မှ ရုန်းကန်ထလာသော ဝမ်မင်သည်လှမ်းသတိပေးလိုက်သည်။
“ဆရာတူညီမ သတိထားနော်!”
ယဲ့ချုံယွဲ့သည် ခေါင်းညိတ်လိုက်ပြီး စူးချန်ကဲရှိရာဘက်သို့ ဦးတည်လိုက်သည်။
ချွင်——-
ကြည်လင်သော ဓားသွားသံသည် မိုးမြေတစ်ခွင်သို့ ပျံ့နှံ့သွားသည်။
ယဲ့ချုံယွဲ့သည် ဓားအိမ်ထဲမှ သုံးပေရှည်လျားသော ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
ထိုနူးညံ့သိမ်မွေ့သော အဖြူရောင်ဓားသည် အေးစက်စွာ တောက်ပနေပြီး ၊ လရောင်ခြည်ပမာ ပြင်းထန်သော ဓားရောင်ဝါသည် ဓားကိုယ်ထည်တစ်ဝိုက်တွင် လှည့်ပတ်နေသည်မှာ နတ်ဘုရားလက်နက်၏ တောက်ပမှုကို ဖော်ပြနေသည်။
“ ဒီဓားကို ‘ မျောလွင့်အလင်း ‘ လို့ ခေါ်တယ် .. ကျွန်မနဲ့အတူ နှစ်ပေါင်းရာနဲ့ချီ ရှိခဲ့တယ်...ဒီနှစ်ရာပေါင်းများစွာအတွင်း ကျွန်မဟာ သူနဲ့အတူ ဓားနှလုံးသားကို စင်ကြယ်စွာ ကျင့်ကြံအားထုတ်ခဲ့ပြီး ယနေ့ထိ နှစ်ပေါင်း၆၀ကျော်ကြာ အသုံးမပြုခဲ့ဖူးဘူး”
“ ဒီနေ့မှာတော့ ‘ မျောလွင့်အလင်း’က ဓားအိမ်ထဲကနေ ထွက်လာခဲ့ပြီ...ချန်ကဲ ဆက်ခံသူအနေနဲ့ သင်ကြားပေးဖို့ တောင်းဆိုပါတယ်”
ဝုန်း !!
ရုတ်တရက်။
ကြောက်မက်ဖွယ်ရာ ဓားစွမ်းအင်တို့သည် သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မိုးကောင်းကင်ဆီသို့ ဆန်တတ်သွားသည်။
တစ်ချိန်တည်းမှာပင် ၊ လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည့် အေးစက်သော အလင်းတန်းတစ်ခုသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံကာကွယ်ပေးထားသည်။
ယဲ့ချုံယွဲ့၏ မျက်ဝန်းများထဲတွင် အဆုံးမရှိသော ဓားဆန္ဒများက ရိုက်ခတ်လှုပ်ရှား ထကြွလာသကဲ့သို့ ဖြစ်နေသည်။
ဓားအမတရှင် တစ်ပါးကဲ့သို့ အေးစက်ပြီး၊ နေ နှင့် လ တို့ကိုပင် ပိုင်းဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းစွမ်းအားတို့သည် တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
“ချုံယွဲ့ ဆရာတူအစ်မ ဓားထုတ်ပြီ!”
“သူမလည်း ပွဲအစမှာကတည်းက အပြည့်အဝ ထုတ်သုံးလာခဲ့ပြီပဲ “
“ထိပ်တန်း ဓားသမားတွေရဲ့ တိုက်ပွဲ! တကယ်ကို မျှော်လင့်စရာကောင်းတဲ့ တိုက်ပွဲတစ်ခုပဲ !”
“………”
ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင် တပည့်အားလုံး၏ မျက်လုံးများသည် အရောင်တောက်လို့ နေသည်။ ယဲ့ချုံယွဲ့၏ ဓားလမ်းစဉ် ပါရမီသည် သံသရာဖြစ်စရာ မရှိချေ။
သူတို့အမြင်တွင်၊ သူမသည် စူးချန်ကဲထက် အားနည်းသော်လည်း သိပ်မကွာခြားလှပေ။
ချွင်!!
ထိုအခိုက်တန့်တွင်၊ နောက်ထပ် ကြည်လင်သော ဓားသွားသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်လမ်းစဉ် အာဏာဓားသည်လည်း စူးချန်ကဲ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ၊ သူ၏ ရောင်ဝါသည်လည်း ဤအခိုက်အတန့်တွင် လိုက်လျောညီထွေစွာ ပြောင်းလဲသွားသည်။
သဏ္ဍာန်မဲ့ ဓားစွမ်းအင်များသည် သူ့ကို ဝန်းရံထားလေရာ အဖြူရောင် ဝတ်ရုံထည်သည် လေမတိုက်ဘဲ လွင့်မျော ရိုက်ခတ်လို့နေသည်။ လွှမ်းမိုးနိုင်ပြီး ပြင်းထန်သော စွမ်းအားတစ်ရပ်သည် သူ့ကိုဗဟိုပြု၍ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
ဤအခိုက်အတန့်တွင် စူးချန်ကဲသည် ဝတ်ရုံဖြူကို ဆင်မြန်းလျက် လောကကို ဆင်းသက်လာသော ဓားအမတရှင် တစ်ပါးကဲ့သို့ပင်။
“ဒီဓားကို မူလက ကောင်းကင်ဘုံလို့ အမည်ပေးခဲ့တယ်. ကျွန်တော့်နဲ့ အတူ ယနေ့ထိ တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ပြီး၊ အင်အားကြီးမားတဲ့ ရန်သူများစွာ သုတ်သင်ခဲ့တယ် ..ယနေ့ထိတိုင် ရှုံးနိမ့်ခြင်း မရှိသေးဘူး “
ဘုန်း !!
စူးချန်ကဲ၏ စကားကို ပြန်လည်ဖြေကြားသကဲ့သို့၊
ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် မိုးကောင်းကင်ရှိ အပြာရောင်နှင့် တူသော ဓားစွမ်းအင်ကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်။
တောက်ပသော ဓား၏ သက်တံ့ရောင်စဉ်သည် ရောင်စုံအလင်းတန်းများကဲ့သို့ ဖြာထွက်လာကာ စူးချန်ကဲအပေါ် သို့ ကျရောက်လာခဲ့ပြီး၊ သူ၏ ခန္ဓာကိုယ်ကို ပို၍ပင် ထူးခြားစွာ ထင်ဟပ်သွားစေသည်။
“ဒီနေ့ ဘယ်သူက အောင်နိုင်မလဲဆိုတာ ဆုံးဖြတ်ဖို့ ဒီဓားကို သုံးမယ်!”
အပိုင်း(၆၈၄): တစ်ယောက်တည်းဖြင့် ကြယ်စုသခင် ပါရမီရှင်သုံးဦးကို စိန်ခေါ်တိုက်ခိုက်ခြင်း
ထိုစကားသံအဆုံးတွင်၊
စူးချန်ကဲ၏ မျက်လုံးများသည် ဝင်းလက်တောက်ပသွားကာ သူ၏ လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ၊ သူ့လက်ထဲက ကောင်းကင်လမ်းစဉ် အာဏာစက်ဓားနဲ့ ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။
ရွှမ်း——!!
သာမန် ဓားလွဲချက်တစ်ချက်မျှသာ ဖြစ်သော်လည်း၊ ကြယ်တာရာမြစ်တစ်စင်းကဲ့သို့ တောက်ပလွန်းသဖြင့် လောကရှိ အရာအားလုံးကို အရောင်မှေးမှိန်သွားစေသည်။
ကျရောက်လာသော ဤကြောက်မက်ဖွယ် ဓားချက်သည် ယဲ့ချုံယွဲ့၏ မျက်လုံးကို ဖမ်းစားသွားပြီး သူမကို ရုတ်တရက် သဘောပေါက်သွားစေသည်။
ဤသိပ်သည်းလှသော ဓားစွမ်းအင်များသည် ထိုးဖောက်၍ မရနိုင်လောက်အောင်ပင်။
“ ဒါပေမဲ့.... ကျွန်မရဲ့ ဓားကလည်း အားမနည်းဘူး”
ယဲ့ချုံယွဲ့၏ မျက်ဝန်းများသည် ဝင်းလက်တောက်ပသွားပြီး ၊သူမ၏ လက်ကောက်ဝတ်ကို လှည့်လိုက်သည်နှင့် ဓားသွားသည် လျှပ်စီးမိုးကြိုးများဖြင့် ဝင်းလက်နေသော အဖြူရောင်နဂါးတစ်ကောင် ကူးခတ်လာသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ဝုန်း !!
မျက်စိတမှိတ်အတွင်းမှာပင် ၊ ကောင်းကင်ပေါ်၌ ကြောက်မက်ဖွယ်ရာ ဓားစွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ပိုးချည်မျှင်များကဲ့သို့ ဓားမိုးစက်များ ရွာသွန်းကာ ၊ ကြယ်စင်များကဲ့သို့ စူးရှ တောက်ပပြီး ဆီးနှင်းပွင့်များပမာ အေးစက်လွန်းလှသည်။
ဓားလွှဲချက် နှစ်ခုသည် လှပသော ပန်းချီကားတစ်ချပ်နှင့် တူသော်လည်း သို့သော် ယင်း၌ သေစေနိုင်သည့် အရာများ ပုန်းကွယ်နေသည်။
လောကအတွင်းရှိ အသက်ရှင်သန်မှုများကိုပင် ညှိုးနွမ်းပျက်စီးစေနိုင်သည်ဟု ထင်မှတ်ရသည်။
ဝုန်း ——!!
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ဓားစွမ်းအင်နှစ်ရပ်သည် ပြင်းထန်စွာ တိုက်မိကြလေသည်။
အဖျက်သဘောဆောင်သော ဓားစွမ်းအင်လှိုင်းများကို ပေါက်ကွဲထုတ်လွှတ်လိုက်ပြီး ၊ အာကာသ ဟင်းလင်းပြင်အတွင်းရှိ မရေမတွက်နိုင်သော မှော်သင်္ကေတများသည် မီးပွှားများနှင့် ဓားမိုးများ ရွာသွန်းသကဲ့သို့ အလွှာလိုက် ပေါက်ကွဲထွက်လာသည်။
နှစ်ဖက်စလုံးသည် ဓားသမားများ ဖြစ်ကြသော်လည်း၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် သိသိသာသာ ကွာခြားနေသည်။
ယဲ့ချုံယွဲ့သည် တံတောင်ဆစ်ကို ကွေးကာ ဓားကို အလျားလိုက် ကိုင်ထားပြီး ၊ သူမ၏ ခန္ဓာကိုယ်ထဲမှ ဓားစွမ်းအင်ကို အသုံးပြုကာ ဖြာထွက်လာသော နောက်ဆက်တွဲ ဓားစွမ်းအင်လှိုင်းများကို ကာကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော်၊ စူးချန်ကဲ၏ ဓားစွမ်းအင်သည် အလွန်ပြင်းထန်သည်။
အစွမ်းကုန် ကြိုးစားသည့်တိုင် ၊ အပြည့်အဝ မကာကွယ်နိုင်ခဲ့ပေ။
ဝုန်း !!
ကျယ်လောင်သံတစ်ချက် ထွက်ပေါ်လာပြီး၊ မှော်သင်္ကေတ လှိုင်းတံပိုးများသည် ကမ်းစပ်ကို ရိုက်ခတ်သကဲ့သို့ ပြင်းထန်စွာ ကျဆင်းလာသည်။
ယဲ့ချုံယွဲ့၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ၊ ထိန်းချုပ်မရတော့ဘဲ နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားစေသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”
“ချုံယွဲ့အစ်မရဲ့ ဓားစွမ်းအင်က ကနဦး ဓားစွမ်းအင် မဟုတ်ဘူးလား!?”
“အစွမ်းထက်ဆုံး ဓားစွမ်းအင်မဟုတ်ဘူးလား!?”
ဤမြင်ကွင်းသည် ပါရမီရှင် တပည့်များစွာ၏ မျက်နှာထားကို ရုတ်တရက် ပြောင်းလဲသွားစေခဲ့သည်။
“ချုံယွဲ့အစ်မက ချန်ကဲဆက်ခံသူရဲ့ ဓားတစ်ချက်ကိုတောင် မတားဆီးနိုင်ဘူးလား...!?”
သို့သော် လူတိုင်း အံ့အားသင့်လို့ မပြီးဆုံးခင် ၊
အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပင်၊ အခြားကြယ်စုသခင် ပါရမီရှင်ဖြစ်သော ကျန်းဖန်သည်လည်း သူ့ကိုယ်ပိုင် စွမ်းအားကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်။
သူသည် ထိုက်ရွှမ် ဉာဏ်အလင်းတာအိုခန္ဓာကိုယ်ကို အသက်သွင်းလိုက်ရာ ၊ ကြောက်မက်ဖွယ် စွမ်းအားများက သူ၏ခန္ဓာကိုယ်ကို အပြည့်အဝ ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်။
သူသည် လက်အစီအရင်တစ်ခုကို ပုံဖော်လိုက်ပြီး၊ ပါးစပ်မှ ရှေးဟောင်း မန္တန်များကို ရွတ်ဖတ်လိုက်သည်။
“အပြာရောင် ကောင်းကင်သေ၊ အဝါရောင်ကောင်းကင် နိုးထလေခြင်း ...”
“ကောင်းကင်မိုးကြိုး နတ်ဘုရားကျိန်စာ ၊ ဆင်းသက်စေ!”
ဂျိန်း !!
မိုးမြေတစ်ခွင်ကို တုန်လှုပ်စေသော မိုးချုန်းသံများ ထွက်ပေါ်လာပြီး ၊ မိုးမြေတစ်ခွင်လုံး ဝင်းလက်သွားသည်။
အဆုံးစွန်သော အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသော မဟာလမ်းစဉ်၏ လျှပ်စီးကြောင်းသည် မိုးကောင်းကင်မှ ရုတ်တရက် စူးချန်ကဲအပေါ်သို့ ပစ်ခတ်ကျရောက်လာသည်။
“ဟမ်!”
စူးချန်ကဲက အေးစက်စွာ နှာမှုတ်လိုက်ပြီး ၊ သူ့ခန္ဓာကိုယ်ကို တဖက်လှည့်ကာ လျှပ်စီးကြောင်းကို သူ၏ ဓားဖြင့် မဆိုင်းမတွ ခုတ်ပိုင်းလိုက်သည်။
ဝုန်း !!
ချက်ချင်းဆိုသလိုပင်၊ နေမင်းကြီးကဲ့သို့ တောက်ပသော ဓားစွမ်းအင်သည် ကောင်းကင်လျှပ်စီးကို ရင်ဆိုင်ကာ စုန်ဆန်တက်လာသည်။
ကွဲအက်သံ ——
ထိတ်လန့်တုန်လှုပ်နေကြသော အကြည့်များအောက်တွင် ၊ ကြီးမားသော လျှပ်စီးကြောင်းသည် မျက်စိနှင့်မြင်နိုင်သော အရှိန်ဖြင့် အက်ကြောင်းများ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ၎င်းသည် ဓားစွမ်းအင်ဖြင့် စုတ်ဖြဲခံလိုက်ရပြီး အလင်းမီးပွားလေးများ အဖြစ် ကောင်းကင်တစ်ခွင်လုံးသို့ ပြန့်ကျဲသွားလေတော့သည်။
“ဓားဖြင့် မိုးမြေကို ပျက်စီးစေခြင်း....”
တစ်ချိန်တည်းမှာပင်၊ သူ၏လှုပ်ရှားမှု မရပ်တန့်သေးဘဲ လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် လှည့်ကာ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို မြှောက်တင်လိုက်သည်။
“ခုတ်!”
စကားလုံးတစ်လုံး ပြောပြီးသည်နှင့်၊ စူးချန်ကဲသည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ နောက်တစ်ကြိမ် ခမ်းနားထည်ဝါသော ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...!?”
မူလ အခြားတစ်ဖက်မှ တိုက်ခိုက်ရန် ရည်ရွယ်ထားသော ဝမ်မင်၏မျက်နှာသည် ဆိုးရွားစွာ ပြောင်းလဲသွားသည်။
သူ၏ကိုယ်ပိုင် ရောင်ဝါကို ကွယ်ဝှက်ထားသော်လည်း အဘယ့်ကြောင့် ရှာဖွေတွေ့ရှိခံခဲ့ရသနည်း။
သို့သော် သူသည် အများကြီး မစဉ်းစားရဲဘဲ တိုက်စစ်မှ ခံစစ်အဖြစ် အလျင်အမြန် ပြောင်းလဲလိုက်သည်။
ဝီ!!
ဟင်းလင်းပြင်တစ်ခုလုံး တဒိန်းဒိန်း မြည်ဟည်းလျက် နတ်အလင်းများ ပွင့်ထွက်လာခဲ့သည်။
ဧရာမ ရွှေဒိုင်းကာတစ်ခုသည် သူ့ရှေ့တွင် မျက်စိတမှိတ်အတွင်း ပေါ်ထွက်လာခဲ့သည်။
၎င်းပေါ်တွင် မဟာလမ်းစဉ် မှော်သင်္ကေတများစွာ ခင်းကျင်းထားပြီး တွန်းလှန်၍ မရနိုင်သော အင်အားးကို ဖော်ပြနေသည်။
ဝုန်း !
ထိုအခိုက်အတန့်တွင်၊ အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသော ဓားစွမ်းအင်သည် အရပ်ရှစ်မျက်နှာကို ဖြတ်ကျော်ကာ ဝေဟင်မှ အောက်သို့ ထိုးဆင်းလာခဲ့သည်။
ကွဲအက်သံ——!!
လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသော ကွဲအက်သံတစ်ချက် ပေါ်ထွက်လာခဲ့သည်။
လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင်၊
ဝမ်မင် ဖန်တီးထားသော မဟာလမ်းစဉ် ဒိုင်းအကာသည်လည်း ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းခွဲဖြတ်ခံလိုက်ရသည်။
“ အဟွတ်....”
မူလကတည်းက ပြင်းထန်ဒဏ်ရာ ရထားပြီးဖြစ်သော ဝမ်မင်သည် နောက်ထပ် သွေးတစ်လုပ်စာ အန်ထုတ်လိုက်ရပြန်သည်။
မူလက ဖြူဖပ်ဖြူရော်နေသော ပါးပြင်များသည် ဤအခိုက်အတန့်တွင် ဖွေးဖွေးဖြူဖြူ ဖြစ်သွားသည်။
“ဆီးနှင်းပွင့် ဓားဆယ့်နှစ်စင်း !”
အခြားတစ်ဖက်တွင်၊ ယဲ့ချုံယွဲ့သည် သူမ၏စွမ်းအားကို နောက်တစ်ကြိမ် ပေါက်ကွဲရန် ရွေးချယ််လိုက်သည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေးကနေ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ဖြစ်သွားပြီး ဓားကို ကိုင်ဆောင်ကာ စူးချန်ကဲရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။
ယဲ့ချုံယွဲ့၏ အရှိန်သည် အလွန်လျင်မြန်လှသဖြင့်၊ စစ်မှန်အမတနယ်ပယ် အဆင့်(၉)ရှိသော ပါရမီရှင်များပင်လျှင် သူမ၏ လှုပ်ရှားမှုကို လိုက်မမှီနိုင်ချေ။
သူမ၏ ပုံသဏ္ဍာန်ကို ရှင်းလင်းစွာ မြင်နိုင်သည့် အခိုက်အတန့်တွင်၊ သူမသည် စူးချန်ကဲ၏ ကျောနောက်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဝှစ်! ဝှစ်! ဝှစ်!
သူမ၏လက်ထဲရှိ ဓားရှည်သည် မျက်စိတမှိတ်အတွင်းမှာပင် ဓားဆယ့်နှစ်ချက် ဆက်တိုက် ထိုးဖောက်လာသည်။
တစ်ချက်ပြီးတစ်ချက် ပို၍ မြန်ဆန်လာပြီး၊ ဆက်တိုက် ဝင်းလက်သွားသော ဓားအလင်း၏ အရိပ်များမှလွဲ၍ သူမ၏ ဓားလှုပ်ရှားမှုကို လုံးဝမှ မမြင်ရချေ။
“ဆီးနှင်းပွင့် ဓားဆယ့်နှစ်စင်း “ ဟူသည်မှာ ယဲ့ချုံယွဲ့၏ ထူးကဲသော ဉာဏ်ပညာဖြင့် နားလည်သဘောပေါက်ခဲ့သော မူလဇာတ်မြစ် ဓားလမ်းစဉ် မှော်စွမ်းအားတစ်ခု ဖြစ်သည်။
“ လာတာ ကောင်းတယ်!”
ထိုအရာကို မြင်လိုက်ရသော စူးချန်ကဲ၏ မျက်လုံးများသည် တောက်ပသွားပြီး၊ အဆုံးမရှိသော တိုက်ခိုက်လိုစိတ်များဖြင့် တောက်လောင်လာသည်။
သူသည် ရှောင်တိမ်းခြင်းမရှိ ရှေ့တစ်လှမ်း တိုးလိုက်ပြီး ဓားကို လေကဲ့သို့ လှုပ်ရှားစေကာ လျင်မြန်စွာ တိုက်ခိုက်လာသော ဓားအလင်း ဆယ့်နှစ်ခုကို ခုတ်ချလိုက်သည်။
ရွှမ်း ရွှမ်း ရွှမ်း——
ချွင် ချွင် !!
ဝုန်း ! ဝုန်း!
သတ္တု တိုက်မိသံနှင့်အတူ ၊ ဓားစွမ်းအင် ပေါက်ကွဲသံတို့သည် ရုတ်တရက် ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာပင်၊ ထိပ်တိုက်တွေ့ဆုံမှုမှ မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေသော ဓားစွမ်းအင်လှိုင်းတံပိုးများ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
ကောင်းကင်တစ်ခွင်လုံးတွင် ဓားအလင်းပန်းများ ပွင့်ဖူးလာသကဲ့သို့၊ ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံး၏ အရောင်များကို မှိန်ဖျော့သွားစေသည်။