← Chapters

အခန်း (၆၉၃-၆၉၆)

Vol. 53 Ch. 693-696

အခန်း (၆၉၃-၆၉၆)

Vol. 53 Ch. 693-696

အပိုင်း(၆၉၃): အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်

အမှောင်ထု ပေါ်ပေါက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဒေဝလောက၏ ကံအကျိုးဆက် စွမ်းအားကြောင့် ဖြစ်သည်ကို သင် သိထားရမည်။

ဒေဝလောက၏ ကံအကျိုးဆက် ပေါ်ပေါက်ရခြင်း၏ အကြောင်းရင်းမှာ အဆုံးမဲ့ကပ်ဘေးအတွင်း တိုက်ပွဲများ ကျဆုံးကာ ပြန်လည်မွေးဖွားရန် မတတ်နိုင်သော သန်းပေါင်းများစွာသော သက်ရှိအပေါင်းတို့သည် ရာစုနှစ်များစွာ ဆင်းရဲဒုက္ခတွေ့ကြုံရပြီး ထို့နောက်တွင် မကျေနပ်ချက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

နတ်ဘုရားလက်နက် အမတမျှော်စင်သည် ဤဝိညာဉ်အကြွင်းအကျန်များကို ပြန်လည်မွေးဖွားစေနိုင်မည့် အတုမရှိ အမတလက်နက်ကို ဖန်တီးနိုင်ပါက......

ထိုသို့တွေးတောနေစဉ်မှာပင် ၊ စူးချန်ကဲ၏ ဦးနှောက်ထဲတွင် တစ်စုံတစ်ခု ဖြစ်ပေါ်လာကာ သူသည် ရုတ်တရက် ထရပ်လိုက်ပြီး မရည်ရွယ်ဘဲ အော်ဟစ်လိုက်မိသည်။

“ဒေဝလောကတစ်ခုလုံး ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးကို ရှောင်ရှားနိုင်လိမ့်မယ်!”

“အမတနယ်မြေနဲ့ ဒေဝလောကတစ်ခွင်လုံး အဆုံးသတ်ခေတ်ကို ကျရောက်ဖို့ မလိုအပ်တော့ဘူး!”

စစ်ပွဲတွင် ကျဆုံးသွားသော ဝိညာဉ်များကို ပြန်လည်မွေးဖွားစေနိုင်ပါက၊ ဤအဓိကကျသည့် ပြသနာရင်းမြစ်ကို ရှောင်ရှားနိုင်ပေတော့မည်။

ဒေဝလောကကို တုန်လှုပ်စေနိုင်သော မကျေနပ်ချက်များ ဘယ်တော့မှ ဖြစ်လာမည် မဟုတ်သလို ဒေဝလောကကို ဖရိုဖရဲဖြစ်စေနိုင်မည့် ကံအကျိုးဆက် စွမ်းအားများအဖြစ်လည်း ပြောင်းလဲသွားမည် မဟုတ်ပေ။

ထိုအတိုင်းသာ ဆိုလျှင်ဖြင့် ၊ နောင်လာနောက်သားများအတွက် အမှောင်ထုကြီး မွေးဖွားလာစရာ အကြောင်းမရှိတော့ချေ။

…….

ဤအထက်ပါမှတ်တမ်းအရ ဆိုလျှင်၊ နောင်လာနောက်သားများသည် ဤအန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့သင့်သည် မဟုတ်လော။

သို့သော် ရလဒ်မှာ အဘယ်နည်း။

ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးသည် အမှန်တကယ်ပင် ဖြစ်ပွားခဲ့သည်။

ဒေဝလောကတစ်ခွင်လုံး ထိခိုက်ပျက်ဆီးခဲ့ရသည်။

မရေမတွက်နိုင်သော သက်ရှိများနှင့် လမ်းစဉ်များသည် ဘေးဒုက္ခဖြင့် ကြုံတွေ့ခဲ့ရပြီး အမှောင်ထုထဲသို့ ကျရောက်ခဲ့ရသည်။

စူးချန်ကဲသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး၊ သူ၏မျက်လုံးများသည် အရောင်ဝင်းလက်သွားသည်။

“ အဲ့နှစ်က ပြောင်းလဲမှုတစ်ခုခု ဖြစ်ပွားခဲ့တာ သေချာတယ်!”

သူသည် ပုရပိုက်ကို ဆက်လက် ဖတ်ရှုလိုက်သည်။

ကြည့်ရှုဆန်းစစ်ပြီးနောက်၊ သူသည် လူကို အမှန်တကယ်ပင် တုန်လှုပ်သွားစေသည့် အမှန်တရားတစ်ခုကို တွေ့ရှိခဲ့သည်။

မူလက နတ်ဘုရားလက်နက် အမတမျှော်စင်၏ စီမံကိန်းသည် အောင်မြင်တော့မည့်အချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူတို့သည် အမည်မသိ အင်အားစု ကိုးခု၏ တိုက်ခိုက်မှုကိုခံရပြီး ၊ နတ်ဘုရားလက်နက် အမတမျှော်စင်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်။ ကျောက်ဟွ အမတဧကရာဇ်မင်း နှင့် နတ်ဘုရားလက်နက် အမတမျှော်စင်မှ မရေမတွက်နိုင်သော စွမ်းအားရှင်များသည်လည်း သတ်ဖြတ်ခံခဲ့ရသည်။

သူတို့ဂိုဏ်းရှိ အမတဧကရာဇ်အဆင့်ထက် မြင့်မားသော စွမ်းအားရှင်များပင် ထူးဆန်းသော အင်အားစုများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ နတ်ဘုရားလက်နက် အမတမျှော်စင်ကို ကူညီရန်မတတ်နိုင်ခဲ့ပေ။

ဆက်လက် ဖတ်ရှုလိုက်လျှင်ဖြင့် ၊ စာအရေးအသားသည် မိမိကိုယ်ကို ပြန်ပြောသည့်ပုံစံ ဖြစ်ပြီး ၊ လက်ရေးလက်သားမှာ အနည်းငယ်ဖတ်ရခက်သောကြောင့် အလွန်ကြောက်ရွံ့နေသော အနေအထားဖြင့် ရေးသားထားခဲ့ဟန် ရှိသည်။

“ သေသင့်တဲ့ကောင်တွေ! သေသင့်တဲ့ကောင်တွေ!”

“ဒီကောင်တွေက စစ်ပွဲမှာ ကျဆုံးသွားတဲ့ သက်ရှိတွေကို လွတ်မြောက်စေချင်တဲ့ ရည်ရွယ်ချက်မရှိဘူး!”

“ဘာကြောင့်လဲ....”

“ဘာကြောင့်လဲ!?”

“သူတို့ဘာကြောင့် ဒီလို လုပ်ရတာလဲ!?”

“ငါတို့က ဒေဝလောကရဲ့ ကံအကျိုးဆက်ကို သေချာပေါက် သန့်စင်နိုင်ရဲ့သားနဲ့ !”

စကားသံသည် အနည်းငယ် မပီမသ ဖြစ်နေပြီး၊ အလွန်အမင်း ကြောက်ရွံ့နေပုံရသည်။

……….

“ငါနားလည်ပြီ! အဲ့တာပဲ! သေချာပေါက် အဲ့တာကြောင့်ပဲ !”

“သူက ဒေဝလောကတစ်ခုလုံး.... အမတနယ်မြေတစ်ခုလုံးကို လိုချင်နေတာ.....”

စူးချန်ကဲသည် ဆက်လက်ဖတ်ရှုလိုသော်လည်း စာသားများသည် ဤနေရာတွင် ပျောက်ကွယ်သွားသည်။

……….

ထိုအချက်ကို မြင်ပြီးနောက် ၊ စူးချန်ကဲသည် အတော်လေး ရှုပ်ထွေးသွားပြီး သူ၏မျက်နှာမှာ အလွန်လေးနက်နေခဲ့သည်။

ဤစာကြောင်းကို မည်သူက ချန်ထားခဲ့သနည်း။

ဤလျှို့ဝှက်သတင်းကို မည်သူက ရေးသားခဲ့သနည်း။

နတ်ဘုရားလက်နက် အမတမျှော်စင်ရှိ အသက်ရှင်ကျန်ရစ်သူတစ်ဦးမှ ရေးသားခဲ့ခြင်း ဖြစ်နိုင်သလော။

“မူလက ကမ္ဘာ့ကပ်ဘေး စစ်ပွဲကို ရှောင်ရှားနိုင်သလို.... အမှောင်ထုလည်း မွေးဖွားလာစရာ အကြောင်းမရှိဘူး “

“ဒါပေမဲ့.... တစ်စုံတစ်ယောက်က လျှို့ဝှက်စွာနဲ့ ဒီရလဒ်ကို ပြောင်းလဲခဲ့တယ်....”

စူးချန်ကဲ၏ နဖူးသည် တင်းကျပ်လာပြီး၊ သူသည် ဆက်တိုက်စဉ်းစားနေသည်။

“မူလက မဖြစ်သင့်တဲ့ အရာကို.... ဖြစ်သင့်တဲ့ အရာအဖြစ် ပြောင်းလဲခဲ့တယ်တဲ့လား.....”

“ ဒီပုရပိုက်ထဲမှာ မှတ်တမ်းတင်ထားတဲ့ အမည်မသိ အင်အားစု ကိုးခုဆိုတာ ဘာကို ရည်ညွှန်းတာလဲ “

ထိပ်တန်း အမတဂိုဏ်းကြီး ၃၆ ဂိုဏ်းပင်လော သို့မဟုတ် အတုမရှိ ကောင်းကင်ဂူ( ၇၂ )ခုသော အင်အားစုများပင်လော။

အုပ်စိုးရှင် အင်အားစု ၁၂ ခုနှင့် ပတ်သက်၍ ၊ သူတို့နှင့် သက်ဆိုင်မည် မဟုတ်ကြောင်း စူးချန်ကဲ ယူဆမိသည်။

အမှန်တရားကို မသိသေးသည့် စူးချန်ကဲသည် သူ၏မိသားစုနှင့် ကွေးယွမ်အမတဂိုဏ်းတို့သည် အုပ်စိုးရှင် အင်အားစုများ ဖြစ်ကြောင်း မသိရှိသေးပေ။

သူ၏ ခန့်မှန်းချက်အရ၊ အုပ်စိုးရှင် အင်အားစုများသည် ဒေဝလောက၏ ကံအကျိုးဆက်ကို ပိုမိုဆိုးရွားစွာ ခံစားခဲ့ရပြီး ၊ ကံအကျိုးဆက်ကို အပြီးတိုင် ရှင်းလင်းပစ်လိုကြသည်။

နတ်ဘုရားလက်နက် အမတမျှော်စင်ကို ဖျက်ဆီးပစ်ခြင်းသည် လုံးဝအကျိုးမဲ့သော ကြိုးပမ်းမှုသာ ဖြစ်ပေမည်။

ဤသည်မှာ မိမိကိုယ်ကို ဒုက္ခရောက်အောင် လုပ်လိုက်ခြင်းပင် မဟုတ်ပေလော။

စူးချန်ကဲသည် ဤဖြစ်နိုင်ခြေကို တိုက်ရိုက် ပယ်ချလိုက်သည်။

“ ဒီအတိုင်းသာဆို အမတနယ်မြေအပြင် ၊ ထိပ်တန်း အမတဂိုဏ်း ၃၆ ခုထဲက တစ်ခုကို ဖျက်ဆီးပစ်နိုင်တဲ့ အရည်အချင်းရှိတဲ့ အခြားအင်အားစု ဘာများရှိနေဦးမလဲ”

ဤအချက်သည် စူးချန်ကဲ၏ စိတ်ထဲက သံသယကို ပို၍ ကြီးထွားစေပြီး၊ အမည်မသိ မြူထုတစ်ခုက သူ့ကို ဖုံးလွှမ်းလိုက်သကဲ့သို့ပင်။

ဤကိစ္စသည် လျှို့ဝှက်သော အရာတစ်ခု ဖြစ်နိုင်ပြီး ၊ မှတ်တမ်းမတင်ထားသည့် လျှို့ဝှက်ချက်တစ်ခုနှင့် သက်ဆိုင်နေပုံရသည်။

တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသကဲ့သို့ပင် ။

စူးချန်ကဲ၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဖြစ်ပေါ်နေသည်။

ရုတ်တရက်၊ စူးချန်ကဲသည် တစ်စုံတစ်ရာ ကို သတိရသွားပုံရသည်။

သူ၏ မျက်လုံးအိမ်များသည် ရုတ်တရက် မှေးကျဉ်းသွားပြီး၊ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

“အမတ ရှေးစာပေမှတ်တမ်းတွေအရ.... အရင်က အမတနယ်မြေမှာ အုပ်စိုးရှင် အင်အားစု ၁၂ ဖွဲ့ ၊ ထိပ်တန်း အမတဂိုဏ်း( ၃၆ ) ဂိုဏ်း နဲ့ အတုမရှိ ကောင်းကင်ဂူ(၇၂)ခု အပြင်...

“ သီးခြားရပ်တည်နေတဲ့ အင်အားစု ကိုးခု ရှိသေးတယ်.....”

“ သူတို့က အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ် ကိုးခုပဲ !”

ကောင်းကင်လမ်းစဉ်၊ ကမ္ဘာတစ်ခု၏ မူလဝိညာဉ်ဖြစ်ပြီး၊ မဟာလမ်းစဉ်နှင့် သက်ရှိအားလုံး၏ ပုံရိပ်ဖြစ်သည်။ မရေမတွက်နိုင်သော ခေတ်ကာလများအတွင်း နိယာမတရားများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အောက်တွင်။

၎င်းတို့သည် လောကတစ်ခု၏ သဘောတရားများကို ပေါင်းစည်းကာ ထာဝရကာလအတွင်း ဆက်တိုက်ပြောင်းလဲနေပြီး၊ မဟာလမ်းစဉ်၏ မူလရင်းမြစ်ကိုပင် ဖန်တီးနိုင်ကာ နောက်ဆုံးတွင် မိမိကိုယ်ပိုင် သိမြင်မှုကို ဖြစ်ပေါ်စေနိုင်သည်။

ကောင်းကင်နှင့် မြေကြီး၏ ပုံရိပ်အနေဖြင့် ၎င်းတို့သည် သဘာဝအတိုင်း ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး အဖျက်စွမ်းအားကို ထိန်းချုပ်ကာ အစွမ်းထက်သော အမတဂိုဏ်းကိုပင် ဆန့်ကျင်တိုက်ခိုက်နိုင်သည်။

စူးချန်ကဲသည် ကောင်းကင်လမ်းစဉ်ဟု ခန့်မှန်းရခြင်းမှာ ပုရပိုက်ပေါ်ရှိ သတင်းအချက်အလက်များကြောင့် ဖြစ်သည်။

အမည်မသိ အင်အားစု ကိုးခု!

ဤသည်မှာ အမတနယ်မြေ ကိုးခုနှင့် ကိုက်ညီနေသည် မဟုတ်လော။

အမတနယ်မြေ ကိုးခု၊ နယ်မြေတစ်ခုစီတွင် ကောင်းကင်လမ်းစဉ် တစ်ခုစီရှိပြီး၊ အတိအကျအားဖြင့် ကိုးခု ရှိသည်။

ထို့အပြင်၊ အမတစိုးစံရာခေတ်မှ အမွေဆက်ခံလာသော ထိပ်တန်း အမဂိုဏ်း( ၃၆ )ဂိုဏ်းကို တိုက်ရိုက် ဖျက်ဆီးနိုင်ရန်နှင့် ၊

သတင်း လုံးဝမထွက်စေဘဲ အမတသမိုင်းမှတ်တမ်းတွင် မှတ်တမ်းတင်ခံရခြင်းမှ ရှောင်ရှားရန်မှာ ပို၍ အစွမ်းထက်သော နည်းလမ်းများနှင့် စွမ်းအားများ လိုအပ်သည်။

ကောင်းကင်လမ်းစဉ် ကိုးခုမှ ထိန်းချုပ်ထားသော အာဏာစက်သည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

“ ဒါပေမဲ့ ဒါဟာ တကယ်ပဲ ကောင်းကင်လမ်းစဉ်ရဲ့ လုပ်ရပ်ဆိုရင်....”

“ ကမ္ဘာ့ကပ်ဘေး စစ်ပွဲပြီးနောက်၊ ဗဟိုအမတနယ်မြေလည်း ပိတ်ဆို့ခံလိုက်ရသလို အခြားအမတနယ်မြေ လေးခုလည်း ပျက်စီးသွားခဲ့ရတယ်.... ဒါဟာ သူတို့အတွက် ဘာအကျိုးကျေးဇူးမှ မရှိနိုင်ဘူးလေ”

“ ဒီလို အကျိုးမဲ့တဲ့ လုပ်ရပ်ကို လုပ်တာ ရူးနေတာပဲ မဟုတ်လား”

ဤအတွေးအခေါ်သည် မဖြစ်နိုင်သည်ဟု ထင်ရသော်လည်း၊ ဤသည်မှာ အသင့်တော်ဆုံးနှင့် ဖြစ်နိုင်ခြေ အရှိဆုံးလည်း ဖြစ်နေသည်။

ဤအကြောင်းရင်းမှအပ၊ စူးချန်ကဲသည် အခြားသော အကြောင်းရင်းကို နည်းနည်းမှ စဉ်းစားမရခဲ့ပေ။

ဝုန်း !

သို့သော် ထိုအချိန်တွင်။

အာကာသလမ်းကြောင်း တစ်ခုလုံးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး၊ ပြင်းထန်သော အာကာသမုန်တိုင်းသည် မြင့်သထက် မြင့်တက်လာသည်။

ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားတစ်ခုသည် အာကာသဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ဤနေရာသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာပုံရသည်။

အာကာသလမ်းကြောင်းအတွင်း ဖြတ်သန်းနေသော မရေမတွက်နိုင်သော နတ်သင်္ဘောများသည် ဤကြောက်မက်ဖွယ် စွမ်းအားကြောင့် အပြင်းအထန် လှုပ်ခါနေသည်။

ကြီးမားသော လှိုင်းလုံးကြီးများကြား လှော်ခတ်နေသော လှေငယ်လေးများသည် အချိန်မရွေး ဝါးမြိုခံရနိုင်သကဲ့သို့ပင်။

အပိုင်း(၆၉၄): ထူးဆန်းသော မျက်လုံးကြီး (Part-1)

တစ်ချိန်တည်းမှာပင်။

ကွေးယွမ်အမတဂိုဏ်း အတွင်းပိုင်းတွင် တင်ပြင်ခွေထိုင်လျက် ရှိနေပြီး ၊ ခန္ဓာကိုယ်အတွင်းရှိ မဟာလမ်းစဉ်၏ မူလအရင်းအမြစ် စွမ်းအင်ကို စုစည်းကာ ကံကြမ္မာရွှေရေကန်ကို ပို၍ ခိုင်မာစေရန် အားဖြည့်နေသော တုံထျန်းအဝေးဘိုးဘေးသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ နက်ရှိုင်းသော မျက်ဝန်းတစ်စုံတွင် ထောင်ပေါင်းများစွာသော နတ်အလင်းများ လှုပ်ခတ်နေပြီး ထူးဆန်းသော အပြောင်းအလဲတစ်ခုကို သတိထားမိသကဲ့သို့ ဖြစ်နေသည်။

“ဒီရောင်ဝါက.... အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်....?”

“ဟားးး.... နားမလည်နိုင်လောက်အောင် ဒီလောက် နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့တာ ဒါပေမဲ့ အရိပ်ထဲမှာတော့ အမတနယ်မြေမှာ ပြဿနာတွေ ဖန်တီးပြီး သမိုင်းကြောင်းကို ခြယ်လှယ်နေခဲ့တာပဲ....”

တုံထျန်းအဝေးဘိုးဘေးသည်လည်း ထိုပုရပိုက်ထဲက အကြောင်းအရာများကို ဖတ်ရှုပြီး ဖြစ်ရာ ၊ ထိုလျှို့ဝှက်ချက်ကို သူ နားလည်ခဲ့သည်။

မူလက သူသည် စူးချန်ကဲအား ဤကိစ္စကို စုံစမ်းစစ်ဆေးစေလိုခဲ့ပြီး၊ အထူးစမ်းသပ်မှုတစ်ခုအဖြစ် မှတ်ယူစေချင်ခဲ့သည်။

လျင်မြန်စွာ အင်အားကြီးမားလာလိုပါက၊ လောကအတွင်းသို့ အပြည့်အဝ ဝင်ရောက်ပြီး လှိုင်းတံပိုးထဲသို့ ကျရောက်ကာ ဆန့်ကျင်ဘက် ကူးခတ်ခြင်းအားဖြင့် လောက၏ အမှန်တရားကို စူးစမ်းမှသာ မဟာလမ်းစဉ်၏ အထွတ်အထိပ် စွမ်းအားရှင်တစ်ဦး ဖြစ်လာနိုင်သည်။

သို့သော် မျှော်လင့်မထားသည်မှာ ထိုအမှောင်ထဲတွင် ပုန်းကွယ်နေသော သူများသည် သည်းမခံနိုင်တော့ဘဲ ဤမျှ မြန်မြန်ဆန်ဆန် လှုပ်ရှားလာခြင်းပင် ဖြစ်သည်။

“ ကြည့်ရတာ... ချန်ကဲက ပုရပိုက်ထဲက အကြောင်းအရာကို ဖတ်ပြီး အမှန်တရားအချို့ကို ခန့်မှန်းမိပြီနဲ့ တူတယ်....”

တုံထျန်းအဝေးဘိုးဘေးက ခန့်မှန်းလိုက်သည်။

“ ဒါ့ကြောင့် ဒီလူတွေ သတိထားမိသွားတာလား”

“ အခု ချန်ကဲကို တိုက်ခိုက်ဝံ့တာ.... ဒီလူတွေ အတော်ကို သတ္တိရှိတာပဲ.....”

တုံထျန်းအဝေးဘိုးဘေး၏ အသံသည် အေးစက်နေသည်။

လက်ရှိတွင် သူသည် ကံကြမ္မာရွှေရေကန်၏ စွမ်းအားကို အားဖြည့်ရာတွင် အရေးကြီးသော အချိန်ကို ရောက်နေခဲ့ပြီး ၊ သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်မှန်း တွက်ချက်ထားဟန်ရှိသည်။

ဤအချိန်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်ခြင်းသည် သူ၏နယ်နိမိတ်ကို စမ်းသပ်လိုခြင်းပင် မဟုတ်လော။

သို့သော်၊ စူးချန်ကဲသည် သူတို့ ကွေးယွမ်အမတဂိုဏ်း၏ နဂါးလည်အကြေးခွံနှင့်တူသော အားနည်းချက်ဖြစ်သည်။

(T/N - နဂါးတစ်ကောင်ရဲ့ အားနည်းချက်က သူတို့ရဲ့ လည်ပင်းအောက်က အကြေးခွံတဲ့)

အကယ်၍ ဤလူများသည် ကစားပွဲ၏ စည်းမျဉ်းကို လိုက်နာခြင်းမရှိဘဲ သူတို့၏ အားနည်းချက်ကို ထိပါးလာက ၊ အပြင်းထန်ဆုံး တုံ့ပြန်ရပေလိမ့်မည်။

တုံထျန်းအဝေးဘိုးဘေးသည် သူ၏ လက်ချောင်းတစ်ချောင်းကို ကွေးညွှတ်လိုက်ပြီး ၊ နတ်အသိစိတ် ထုတ်လွှတ်မှုသည် သူ၏ လက်ချောင်းထိပ်မှ ထွက်ပေါ်လာခဲ့သည်။

ထိုအရာသည် ပီယွီ့ကောင်းကင်အရှင်ထံသို့ ပေးပို့သော စာတစ်စောင်ဖြစ်ပြီး၊ စကားလုံး နှစ်လုံးသာ ပါဝင်သည် - သတ်ပစ်!

…….

အခြားတစ်ဖက်တွင်၊ အာကာသလမ်းကြောင်းအတွင်း။

“ဒါ ဘာဖြစ်သွားတာလဲ....!?”

ဤလှုပ်ရှားမှုကြောင့်၊ ကွေးယွမ်အမတဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်များသည် သင်္ဘောအတွင်းရှိ အဆောင်ခန်းထဲမှ အပြေးအလွှား ထွက်လာကြပြီး သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်ရှိလာကြသည်။

သို့သော် မျက်စိရှေ့ကမြင်ကွင်းသည် လူတိုင်းကို အသက်ရှူကျပ်သွားစေပြီး သူတို့၏ လောကအမြင်သည် ပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

ပြင်းထန်လှသော ဟင်းလင်းပြင်အတားအဆီးသည် ယခုအချိန်တွင် ပင့်ကူအိမ်ကဲ့သို့ ဖြည်းဖြည်းချင်း ကွဲအက်လာနေသည်ကို မြင်လိုက်ရသည်။

အလွန်ပြင်းထန်သော ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုသည် အာကာသဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ဤနေရာသို့ ဆင်းသက်လာပုံရသည်။

အထူးသဖြင့် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်မှာ အင်အားကြီးမားသော နိယာမတရားများဖြင့် ပြည့်နှက်နေသော အာကာသလမ်းကြောင်းသည် အက်ကြောင်းများ ဖြစ်ပေါ်နေပြီဖြစ်သည်။

၎င်းအတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာသော ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် အဆုံးစွန်သော အဖျက်စွမ်းအားများကို သယ်ဆောင်လာပုံရသည်။

၎င်းထံမှ အနည်းငယ် ပြန့်ကျဲသွားရုံမျှဖြင့် အမျက်ဒေါသ ထွက်နေသော အာကာသမုန်တိုင်းကြီးကို ရပ်တန့်သွားစေပြီး၊ တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသော အာကာသ‌မှော်သင်္ကေတများကိုပင် ပျောက်ကွယ်သွားစေသည်။

စူးချန်ကဲသည်လည်း သူ၏အဆောင်မှ ထွက်လာကာ သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

မျက်မှောက်မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးအိမ်များသည် အနည်းငယ် မှေးကျဉ်းသွားပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပုံပေါ်သည်။

“ဒါက....”

ကွဲအက်နေသော အာကာသအပေါက်ထဲတွင် လျို့ဝှက်ဆန်းကြယ်သော ရောင်ဝါများ ဖြာထွက်နေသည့် အရာဝတ္ထုတစ်ခုသည် ဖြည်းဖြည်းချင်း လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။

၎င်းအတွင်းရှိ အရာဝတ္ထုသည် တစ်ကြိမ်စီ လှုပ်ရှားတိုင်း၊ ဤအာကာသလမ်းကြောင်းသည် အချိန်အရွေး ပြိုကျတော့မည့်အတိုင်း ပိုပို၍ အက်ကွဲလာသည် ။

လူကို ပို၍ ကြောက်မက်ဖွယ် ဖြစ်စေသည်မှာ ဤမျှကြီးမားသော အဖျက်စွမ်းအား ဆင်းသက်လာသည်နှင့်အမျှ ဤနေရာတစ်ခုလုံးသည် လုံးဝ အေးခဲသွားသကဲ့သို့ ထင်ရသည်။

မူလက ကောင်းကင်ပြင်တွင် ဆက်တိုက်ဖြတ်သန်းနေသော နတ်သင်္ဘောများသည်ပင် အဆိုပါ စွမ်းအားကြောင့် နေရာတွင် အေးခဲသွားပြီး၊ တစ်လက်မပင် မရွေ့လျားနိုင်တော့ချေ။

“ချန်ကဲ ဆက်ခံသူ!”

ထိုအချိန်တွင်၊ ကွေးယွမ်အမတဂိုဏ်းရှိ တပည့်သားအချို့သည် ၎င်းတို့၏ ကျင့်ကြံစွမ်းအားကို အလျင်အမြန် အသက်သွင်းကာ ၊ လူတိုင်း စူးချန်ကဲကို ဝိုင်းရံကာကွယ်ထားကြသည်။

သူတို့သည် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော လေသံဖြင့် ဆိုလိုက်ကြသည်။

“ဒီနေရာက အန္တရာယ်ရှိတယ်! ချန်ကဲဆက်ခံသူ ကျေးဇူးပြုပြီး အဆောင်ထဲကို အမြန် ပြန်ဝင်နေလိုက်ပါ!”

ကွေးယွမ်အမတဂိုဏ်း၏ တပည့်များအဖြစ်၊ သူတို့သည်လည်း ယခုလို ကြီးကျယ်ခမ်းနားသော မြင်ကွင်းများကို မြင်တွေ့ဖူးသော်လည်း၊ သို့သော် ယခုဖြစ်ပေါ်နေသော ဤထူးဆန်းသော မြင်ကွင်းသည် သူတို့၏စိတ်ကူးကို လုံးဝကျော်လွန်နေခဲ့သည်။

တစ်စုံတစ်ယောက်သည် အာကာသဟင်းလင်းပြင်ကို ‌ဆုတ်ဖြဲ၍ ဤနေရာသို့ ဆင်းသက်လာရန် ၊ ကြောက်ခမမ်းလိလိ စွမ်းအားများ မည်မျှလိုအပ်လေသနည်း။

အနည်းဆုံး အမတဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်မျိုး ဖြစ်ရမည်။

သူတို့စိတ်ထဲတွင်လည်း ကြောက်ရွံ့မှုရှိနေသော်လည်း၊ မည်သို့ပင်ဆိုစေကာမူ စူးချန်ကဲသည် သူတို့ ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူတစ်ပါး ဖြစ်သည်။

မိုးပြိုကျလာသည့်တိုင်၊ သူတို့သည် စူးချန်ကဲ၏ လုံခြုံရေးကို ကာကွယ်ပေးရမည်သာ။

သို့သော်၊ ကွေးယွမ်အမတဂိုဏ်း၏ ဆက်ခံသူတစ်ယောက်အဖြစ် ၊ သူသည် သာမန်တပည့်များ၏နောက်တွင် ပုန်းကွယ်နေမည်ဆိုပါက ဆက်ခံသူ ဆိုသည့် နာမည်သည် ရှက်စရာကောင်းပေတော့မည်။

“ချန်ကဲ ဆက်ခံသူ!”

လူတိုင်း၏ အော်ဟစ်သံများကြား ၊ စူးချန်ကဲသည် တဖက်လူ၏ ပြင်းထန်သောဖိအားကို ခံနိုင်ရည်ရှိရှိဖြင့် ရှေ့ထွက်လာခဲ့သည်။

မျက်ဝန်းများသည် တည်ငြိမ်နေပြီး၊ သူ၏ လျှောက်လှမ်းလာသော ခြေလှမ်းနှင့်အတူ သိပ်သည်းသော အမတလမ်းစဉ် အလိုဆန္ဒများသည် သူ့ကို ဝန်းရံထားပြီး အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ် ရိုက်ခတ်သွားသည်။

ဝုန်း ဝုန်း —

ဟင်းလင်းပြင်တစ်ခုလုံး တုန်လှုပ်မြည်ဟည်းနေပြီး ၊ စူးချန်ကဲ၏ ခန္ဓာအတွင်းမှ ဖြာထွက်လာသော ရောင်ဝါသည် အဆိုပါ ကြောက်ခမန်းလိလိ ဖိအားကို ခုခံယှဉ်ပြိုင်နေသကဲ့ ထင်ရသည်။

သင်္ဘောဦးခေါင်းသို့ ရောက်ရှိပြီးနောက်၊ စူးချန်ကဲသည် ခေါင်းမော့ကာ အာကာသအက်ကြောင်းထဲရှိ ထူးဆန်းသော အရာဝတ္ထုကို စိုက်ကြည့်လျက် အေးစက်စွာ မေးလိုက်သည်။

“ လူကြီးမင်းက ဘယ်သူများလဲ”

“ ဘာကြောင့်များ ကျွန်တော်တို့ရဲ့ ခရီးလမ်းကို တားဆီးနေရတာလဲ”

ဝုန်း !!

ထိုစကားသံအဆုံးတွင် ၊

အာကာသအက်ကြောင်းထဲတွင် လှုပ်ရှားနေသော ထူးဆန်းသော အရာဝတ္ထုသည် ထိုအခိုက်အတန့်တွင် မိုးကောင်းကင်ကို ထိုးဖောက်လာသည့် ကြယ်စင်များအလား ထိန်လင်းတောက်ပစွာ ထွက်ပေါ်လာသည်။

အဆုံးမရှိသော မဟာလမ်းစဉ် အမှတ်အသားများသည် တစ်ခုနှင့်တစ်ခု ဖြည်းဖြည်းချင်း ပေါင်းစပ်သွားကာ အာကာသတွင်းနက်သဖွယ် ဖြစ်ပေါ်လာသည် ...မဟုတ်သေးဘူး... ထိုအရာသည် ထူးဆန်းသော မျက်လုံးကြီးတစ်လုံး ဖြစ်နေခဲ့သည်။

၎င်းကို မျက်လုံးဟု ခေါ်ဆိုရခြင်းမှာ စူးချန်ကဲသည် ထိုအရာပေါ်၌ အေးစက်စက် အကြည့်တစ်ခုနှင့် တူသော ခံစားချက်တစ်ခုကို ခံစားမိသောကြောင့် ဖြစ်သည်။

ထိုစဉ် အာကာသ အက်ကြောင်းထဲမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျား၊ မ မဟုတ်ဘဲ အသံပေါင်းများစွာ ရောနှောနေသော ပဲ့တင်ထပ်သံနှင့်တူပြီး ၊ ထိုအသံသည် စိတ်နှလုံးသားထဲသို့ ကျရောက်သွားသည်နှင့် လူကို တုန်လှုပ်ချောက်ချားသွားစေနိုင်သည်။

“ခေတ်အဆက်ဆက်မှာ မကြုံစဖူး ထူးခြားတဲ့ တည်ရှိမှုတစ်ခုဖြစ်တဲ့ မင်းက ဒီကိစ္စထဲမှာ ဝင်မပါခဲ့သင့်ဘူး...”

“ထူးခြားတဲ့ တည်ရှိမှုဖြစ်တဲ့ မင်းက .. ငါတို့ရဲ့ဟာကွက်တစ်ခု... ငါတို့ရဲ့အစီအစဥ်တွေထဲက အပြစ်အနာအဆာတစ်ခုပဲ...”

“ မင်းဟာ ငါတို့ စီမံကိန်းအတွက် အကြီးမားဆုံး အဟန့်အတားပဲ ......”

အပိုင်း(၆၉၄): ထူးဆန်းသော မျက်လုံးကြီး (Part-2)

နားမလည်နိုင်သော စကားများ အဆုံးသတ်သွားသည်နှင့် ၊

ဝုန်း !!

လောကတစ်ခုလုံးကို မှောက်ခုံလုပ်ပစ်နိုင်သော အဖျက်စွမ်းအားများသည် ထိုမျက်လုံးကြီးထဲမှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲသည် သူ့ပတ်ဝန်းကျင်ရှိ အာကာသဟင်းလင်းပြင်သည် ကြောက်မက်ဖွယ် အင်အားတစ်ခု၏ ဖျစ်ညှစ်ခြင်းကို ခံရပြီး အေးခဲသွားသည်ကို ခံစားလိုက်ရသည်။ ဖော်ပြ၍မရသော ကြောက်မက်ဖွယ် အင်အားတစ်ခုသည် ဤနေရာသို့ ဆင်းသက်လာသဟန်ရှိသည်။

အခြေအနေအရ ၊ ထိုအရာသည် စူးချန်ကဲကို ပျောက်ကွယ်သွားစေရန် ရည်ရွယ်ထားပုံရသည်။

ထိုအချက်ကို မြင်လိုက်ရချိန်တွင် စူးချန်ကဲသည် မျက်မှောင်ကြုတ်လိုက်သည်။

တဖက်လူသည် ရန်ငြိုးဖွဲ့ရန် လာရောက်ခြင်းဖြစ်ပေရာ ၊ သူ့အနေဖြင့် မည်သည့်စကားမှ ထပ်ပြောစရာ မလိုတော့ပေ။

ဘုန်း !!

တခဏအတွင်းမှာပင်၊ လျို့ဝှက်ဆန်းကြယ်သော ဓားဆန္ဒများသည် ရုတ်တရက် မြင့်တက်လာသည်။

အဆုံးမရှိသော ဓားအလင်းများသည် နဂါးငွေ့တန်းပမာ ပေါင်းစည်းသွားပြီး နောက်ဆုံးတွင် သူ၏လက်ထဲ၌ ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၏ ပုံသဏ္ဍာန်အဖြစ် ဖြည်းဖြည်းချင်း စုဝေးရောက်ရှိလာခဲ့သည်။

“ချန်ကဲဆက်ခံသူက ဒီထူးဆန်းတဲ့ မျက်လုံးကြီးကို တိုက်ခိုက်တော့မှာလား....!?”

ဤမြင်ကွင်းကို မြင်လိုက်ရသော ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များစွာ၏ အမူအရာတို့သည် သိသိသာသာ ပြောင်းလဲသွားကြသည်။

ထူးဆန်းသော မျက်လုံးကြီး၏ ဆင်းသက်လာခြင်းနှင့်အတူ။

သူတို့အားလုံးသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုကို ခံစားရခဲ့ရသည်။ ဤသည်မှာ သူတို့ နားလည်ထားသော နယ်ပယ်ထက် လုံးဝကျော်လွန်နေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤထူးဆန်းသော မျက်လုံးကြီး၏ ကျင့်ကြံမှုသည် အလွန်မြင့်မားကြောင်း ဖော်ပြနေသည်။

သူတို့၏ ဆက်ခံသူမှာ အမတလမ်းစဉ်ထဲသို့ ရောက်ရှိကာစ ရှိသေး၏။

“ဟားး.... စိတ်ဝင်စားစရာလေးပဲ၊ သတ္တိတော့ ရှိသားပဲ”

ထူးဆန်းသော မျက်လုံးကြီးသည် လှောင်ပြောင်သော လေသံဖြင့် ပြောဆိုလိုက်သည်။ သူသည် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ် ကိုးပါးထဲမှ တစ်ခုဖြစ်သည်။

သူ၏ မူလအစစ်အမှန်သည် အမတ ဧကရာဇ်နယ်ပယ်အဆင့်သို့ ရောက်ရှိပြီးဖြစ်ပြီး၊ ဤမျက်လုံးသည် သူ၏ ပုံရိပ်မျှသာ ဖြစ်သော်လည်း အမတလမ်းစဉ်ထဲသို့ ရောက်ရှိကာစ စူးချန်ကဲ ကဲ့သို့သော အတွေ့အကြုံမရှိသေးသူ တစ်ယောက်က ယှဉ်ပြိုင်နိုင်မည့်အရာ မဟုတ်ပေ။

ဒါကို တဖက်လူက ရင်ဆိုင်ဖို့သတ္တိရှိနေသတဲ့လား !?

ယင်းက ထိုထူးဆန်းသော မျက်လုံးကြီး၏ စိတ်ထဲက ပျော်ရွှင်မှုကို ပို၍ တိုးမြင့်လာစေသည်။

“ပုရွက်ဆိတ် သေးသေးလေး တစ်ကောင်က နတ်ဘုရားကို စိန်ခေါ်ဖို့ အိပ်မက်မက်နေတာလား”

“ပုရွက်ဆိတ်လေး..မင်းရဲ့ သတ္တိနဲ့ စိတ်ဓာတ်ကို ငါ လေးစားတယ်.. မင်းကို ဓားဆွဲထုတ်ဖို့ အခွင့်အရေး တစ်ကြိမ်ပေးမယ်”

တဖက်လူ၏ လှောင်ပြောင်သော လေသံကို နားထောင်ရင်း၊ စူးချန်ကဲ၏ မျက်လုံးများသည် အေးစက်နေသည်။

အမှန်အားဖြင့်၊ တဖက်လူ၏ ရောင်ဝါသည် အမှန်တကယ်ပင် ပြင်းထန်လွန်းပြီး ၊ မကြောက်ဘူးဟု ဆိုလျှင် လိမ်ရာကျပေမည်။

သို့သော်၊ ယခု သူ၏စိတ်ထဲတွင် တောက်လောင်နေသော တိုက်ပွဲဝင်စိတ်ဓာတ်များသာ ရှိသည်။

စစ်မှန်သော ဓားသမားသည် မိမိနားလည်နိုင်စွမ်းထက် များစွာသာလွန်သော စွမ်းအားရှင်ကို ရင်ဆိုင်ရသည့်တိုင် ၊ မိမိ၏ ဓားကို ယုံကြည်ချက်ရှိရှိ ဆွဲထုတ်နိုင်ရမည်။

စိတ်ထဲတွင် ဓားရှိနေသရွေ့ အရာအားလုံးကို ပိုင်းဖြတ်နိုင်သည်။

ရှောင်လွဲ၍ မရပါက၊ ရဲရဲဝံ့ဝံ့ ရှေ့ဆက်သင့်သည်။

“အိုင်ယိုး ! အတော်လေး ယုံကြည်ချက်ရှိနေတာပဲ”

စူးချန်ကဲသည် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်ကို မြင်ပြီး ထိုထူးဆန်းသော မျက်လုံးကြီးသည် လှောင်ပြောင်သံဖြင့် ဆိုလိုက်သည်။

“ ငါ ဒီနေရာမှာတင် မရှောင်ဘဲ ရပ်နေမယ် ..မင်း...”

သို့သော် ၎င်း၏စကား မပြီးဆုံးမီ။

ဝုန်း !!

ရုတ်တရက်။

တောက်ပလွန်းသော နတ်အလင်းတန်းတစ်ခုသည် စူးချန်ကဲနောက်ရှိ အာကာသ ဟင်းလင်းပြင်ထဲမှ ထိုးဖောက်ထွက်လာခဲ့သည်။

ဘုန်း !

၎င်းသည် ထိုထူးဆန်းသော မျက်လုံးကြီးပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားပြီး၊ ပေါက်ကွဲမှု လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။

“အား အား အား!!”

ထိုထူးဆန်းသော မျက်လုံးကြီးသည် ဒဏ်ရာ အပြင်းအထန် ရသွားပုံရကာ အော်ဟစ်ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။

“မင်း လုပ်ရမှာက မျိုးဆက်သစ် လူငယ်အားလုံးကို အနိုင်ယူရှင်းလင်းပစ်ဖို့ပဲ”

နတ်ဘုရားမ အသံအလား ခမ်းနားထည်ဝါသော အမျိုးသမီးအသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ အိုကြီးအိုမတွေကိုတော့ ငါ မင်းအတွက် ရှင်းလင်းပေးမယ်”

ဝီ!!

ထိုစကားသံ အဆုံးတွင်၊

စူးချန်ကဲ၏ ဦးခေါင်းထက်ရှိ အာကာသ ဟင်းလင်းပြင်သည် မျက်စိဖြင့် တွေ့မြင်နိုင်သော အရှိန်ဖြင့် ရွဲ့စောင်းသွားပြီး ၊ အထဲမှ ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ် မှော်သင်္ကေတများ ရစ်ပတ်ထွက်ပေါ်လာသည်။

ပြိုးပျက်စွာ တောက်ပနေသော ရောင်ခြည်များကြား ၊ စိမ်းစိုတောက်ပနေသည့် မရေမတွက်နိုင်သော မိုးမခပင်အမြစ်များ ကျဆင်းလာပြီး ပြင်းထန်စွာ ရိုက်ခတ်နေသော အာကာသမုန်တိုင်းသည် ထိုအခိုက်အတန့်တွင် ငြိမ်သက်သွားသည်။

တလက်လက် တောက်ပနေသော ထောင်ပေါင်းများစွာသော မှော်သင်္ကေတများသည် အဆက်မပြတ် စုဝေးလာပြီး ၊ နောက်ဆုံးတွင် ကြက်သွေးရောင် အလင်းတန်းများ ဖြာထွက်နေသော လှပသော အမျိုးသမီးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

အကြမ်းဖျင်းသာ မြင်ရသော်လည်း ၊ ဖြာထွက်လာသော ရောင်ဝါကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ဤပုဂ္ဂိုလ်မှာ စူးချန်ကဲ၏ ကာကွယ်စောင့်ရှောက်သူ ပီယွီ့ကောင်းကင်အရှင်ပင်တည်း။

ပီယွီ့ကောင်းကင်အရှင်၏ ထွက်ပေါ်လာမှုနှင့်အတူ ၊ ထိုဖော်ပြရန်ခက်ခဲသော အဖျက်စွမ်းအားတို့သည် မျက်စိဖြင့် တွေ့မြင်နိုင်သော အရှိန်ဖြင့် ပျောက်ကွယ်သွားသည်။

“ပီယွီ့ကောင်းကင်အရှင် လူကြီးမင်း.....?”

ထိုမြင်ကွင်းကြောင့် စူးချန်ကဲသည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

ပီယွီ့ကောင်းကင်အရှင်သည် သူ၏ ကာကွယ်စောင့်ရှောက်သူဖြစ်ကြောင်း သူလည်း သိ‌သည်။

သို့သော် သံသရာစက်ဝန်း အမတမင်းဆက်တွင် ခွဲခွာပြီးနောက်၊ သူမကို မတွေ့ခဲ့ရသည်မှာ အချိန်ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ယခုတွင်မူ ၊ သူမသည် မည်သို့ ရုတ်တရက် ရောက်ချလာလေသနည်း။

စူးချန်ကဲအား ညင်သာစွာ ခေါင်းညိတ်ပြလျက် တုံ့ပြန်ပြီးနောက် ၊ ပီယွီ့ကောင်းကင်အရှင်၏ လှပသောမျက်ဝန်းများသည် အာကာသအက်ကွဲကြောင်းဆီသို့ ထပ်မံ လှည့်ကြည့်လိုက်သည်။

ထို့နောက် သူမ၏ အေးစက်သော လေသံကို ကြားလိုက်ရသည်။

“ တကယ်ကို ထင်မထားဘူး...နင်တို့ လူအိုကြီးတွေရဲ့ စိတ်ဓာတ်က အရင်ကအတိုင်း ညစ်ပတ်နေတုန်းပဲ”

“ပီယွီ့.... မင်းက ဒီကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲ!?”

ပီယွီ့ကောင်းကင်အရှင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသော ထိုထူးဆန်းသော မျက်လုံးကြီးသည် ပြင်းထန်စွာ ဒဏ်ရာရသွားပုံရသည်။

၎င်း၏ မျက်လုံးများသည် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများစွာ ဖြစ်ပေါ်နေပြီး၊ အချိန်မရွေး ပြိုကွဲသွားနိုင်သည့်ပုံပေါက်သည်။

သူသည် စူးချန်ကဲကို အထင်သေးကာ သတိလက်လွတ်ဖြင့် နေခဲ့ပြီး ၊ အောင်ပွဲသည် သေချာပြီဟု ယူဆနေစဉ် ပီယွီ့ကောင်းကင်အရှင်သည် ဘယ်ကမှန်းမသိ ရုတ်တရက် ရောက်ချလာသည်။

ထို့နောက် တစ်ချက်တည်းဖြင့် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ထိုထူးဆန်းသော မျက်လုံးကြီးသည် ဒေါသထွက်နေသော လေသံဖြင့် ပြောဆိုလိုက်သည်။

“ ကောင်းလိုက်တဲ့ ပီယွီ့ကောင်းကင်အရှင်..စည်းမျဉ်းကို မလိုက်နာဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရသလား”

“အရူး!”

ပီယွီ့ကောင်းကင်အရှင်၏လေသံထဲတွင် မထီမဲ့မြင်‌မှုများ ပါဝင်နေသည်။

အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ် ကိုးပါးတွင် မည်သူမဆို ကောက်ကျစ်ကြသည်။

၎င်းတို့သည် မရေမတွက်နိုင်သော ခေတ်ကာလများအတွင်း ပုန်းကွယ်ကာ နေထိုင်ခဲ့သည်။

ယခုတစ်ခေါက် ထွက်ပေါ်လာသည်နှင့် ၊ စူးချန်ကဲ ကဲ့သို့သော လူငယ်တစ်ဦးကို သတ်ဖြတ်ရန် ကြံစည်လာခဲ့သည်။

ဒီလိုလူမျိုးနဲ့ ဘာစည်းမျဉ်းမှ ဆွေးနွေးစရာမရှိဘူး!

ပီယွီ့ကောင်းကင်အရှင်သည် ခန္ဓာကိုယ်အတွင်းရှိ မဟာလမ်းစဉ် နတ်စွမ်းအားကို တိုက်ရိုက် အသက်သွင်းလိုက်ပြီး သူမ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း—!!

မျက်စိတမှိတ်အတွင်းမှာပင် အလင်းလှိုင်းတံပိုးများ လှုပ်ရှားထကြွလာသည်။

မဟာလမ်းစဉ် မှော်သင်္ကေတများသည် စကြဝဠာလောကများကို ဖောက်ထွင်းနိုင်သော မိုးမခပင်အမြစ်များစွာအဖြစ် စုဝေးသွားပြီး ကြောက်ခမန်းလိလိ စွမ်းအားများကို ဆောင်ကျဉ်းလျက် ထိုထူးဆန်းသော မျက်လုံးကြီးဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားလေသည်။

အပိုင်း(၆၉၅): ထူးဆန်းသော မျက်လုံးကြီးကို ပြာချမယ် ၊ လောကီခြောက်သွယ်လမ်းစဉ် နတ်ဘုရားအတတ်

ဤမြင်ကွင်းသည် ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များစွာကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

“ပီယွီ့ လူကြီးမင်း! သူမက စကားနည်းပြီး ရက်စက်ကြမ်းကြုတ်တဲ့လူပဲ! “

ထိုထူးဆန်းသော မျက်လုံးကြီးပင် အနည်းငယ် ရှုပ်ထွေးသွားသည်။

သူသည် ပီယွီ့ကောင်းကင်အရှင်၏ ကျော်ကြားသော ဂုဏ်သတင်းကို ရှင်းရှင်းလင်းလင်း သိရှိထားသော်လည်း သို့သော် သူမသည်လည်း ကနဦးသက်ရှိမျိုးဆက်ပင် မဟုတ်ပေလော။

အဘယ်ကြောင့် ကွေးယွမ်အမတဂိုဏ်းနှင့် ပါဝင်ပတ်သတ်နေသနည်း ။

“ပီယွီ့! မင်းလည်း ဒီရေညစ်ထဲကို ဆင်းချင်တာလား!?”

ထူးဆန်းသော မျက်လုံးကြီးက ထပ်မံ အော်ဟစ်လိုက်သည်။

“ငါတို့နဲ့ ရန်သူလုံးလုံး ဖြစ်ချင်နေတာလား!?”

သို့သော်၊ ဤတစ်ကြိမ်တွင် ၎င်း၏အသံသည် ယခင်ကကဲ့သို့ အေးစက်ခြင်းမရှိဘဲ ကြောက်ရွံ့နေသကဲ့သို့ အနည်းငယ် တုန်ယင်နေခဲ့သည်။

သို့သော် ထူးဆန်းသော မျက်လုံးကြီး၏ ခြိမ်းခြောက်မှုနှင့် ရက်စက်ကြမ်းကြုတ်သော စကားများကို ပီယွီ့ကောင်းကင်အရှင်သည် လုံးဝ မျက်ကွယ်ပြုထားပြီး၊ သူမ၏ စွမ်းအားကို ထပ်မံ ထုတ်လွှတ်လိုက်သည်။

ဝုန်း !

လောကကြီးတစ်ခုလုံးကို မှောက်ခုံလှန်ပစ်နိုင်သော မိုးမခအမြစ်များသည် မျက်စိတမှိတ်အတွင်းမှာပင် အာကာသအက်ကြောင်းကို ဖောက်ထွက်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ် စွမ်းအားများသည် ဤနေရာရှိ အာကာသလမ်းကြောင်းကို လှုပ်ရှားစေကာ လှိုင်းထန်သွားစေသည်။

တစ်ချိန်တည်းမှာပင် ဤကြောက်မက်ဖွယ်ရာ အာကာသမုန်တိုင်းကို စူးချန်ကဲအပါအဝင် ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များကို မထိခိုက်စေရန်၊

ပီယွီ့ကောင်းကင်အရှင်သည် အလင်းကာတစ်ခုကို ဖွဲ့စည်းပေးခဲ့သည်။ထိုအရာသည် ရိုက်ခတ်လှုပ်ရှားနေသော အာကာသမုန်တိုင်းများကို တားဆီးပေးထားခဲ့သည်။

“ ရေညစ်ထဲ ဆင်းချင်တာ ဟုတ်လား”

ပီယွီ့ကောင်းကင်အရှင်က အေးစက်စွာ ရယ်မောလိုက်သည်။

“ ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်ချင်လဲ”

ထို့နောက် သူမ၏ လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။

ဝုန်း ! ဝုန်း ! ဝုန်း !

မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာ မိုးမခအမြစ်များသည် ကောင်းကင်ပေါ်သို့ ထိုးတတ်သွားသည်။

၎င်းတို့သည် လောကကြီးတစ်ခုလုံးကို အရောင်ပြောင်းလဲစေနိုင်သော စွမ်းအားများကို ဆောင်ကျဉ်းလျက် အာကာသအက်ကြောင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

မိုးမခအမြစ်များ၏ လှုပ်ရှားမှုနှင့်အတူ၊ အာကာသလမ်းကြောင်း တစ်ခုလုံးသည် တုန်လှုပ်မြည်ဟည်းနေပြီး အချိန်မရွေး ပြိုကွဲတော့မည့်အတိုင်းပင်။

ပီယွီ့ကောင်းကင်အရှင်သည် တုံထျန်းအဝေးဘိုးဘေး၏ သတင်းပေးပို့မှုကို လက်ခံရရှိခဲ့သည်။

သတ်ပစ်!

ဒါ ရှင်းနေတာပဲ မဟုတ်လား?

အပိုတွေ ပြောနေဖို့မလိုဘူး .. ဒီလူအိုကြီးရဲ့ အရိုးပြာကို ကြဲချလိုက်ရုံပဲ!

“ရူးနေတဲ့ အဘွားကြီး!”

“ဒီမျက်လုံးက ငါ့ရဲ့ အရိပ်တစ်ခုပဲ ရှိသေးတယ်... ငါ စွမ်းအားအပြည့်နဲ့ ပေါက်ကွဲရင်တောင် သူမရဲ့ ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး!”

သူ့အနေဖြင့် အစွမ်းကုန် ပေါက်ကွဲမည်ဆိုတောင် ပီယွီ့ကောင်းကင်အရှင်၏ ကြောက်ခမန်းလိလိ တိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။

ထူးဆန်းသော မျက်လုံးကြီးသည် ဒေါသထွက်နေပြီး တစ်ချိန်တည်းမှာပင် အတော်လေး စိတ်ပျက်နေပုံရသည်။

သူတို့ စုဆောင်းရရှိခဲ့သော သတင်းအချက်အလက်များအရ၊ ပီယွီ့ကောင်းကင်အရှင်သည် မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားသည် မဟုတ်လော။

၎င်းသည် သူမ၏ ကျင့်ကြံမှုကိုပင် တန်ပြန်သက်ရောက်မှု ဖြစ်ခဲ့သောကြောင့် ရလဒ်အနေဖြင့် သူမသည် မှတ်ဉာဏ်အများစုကို ဆုံးရှုံးခဲ့ရသည်။

ယနေ့တွင်မူ ၊ အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်သနည်း။

“ပီယွီ့.... မင်းနဲ့ငါ ရန်ငြိုးမရှိဘူး”

ထူးဆန်းသော မျက်လုံးကြီးသည် နှောင့်နှေးစေမည့် နည်းဗျူဟာကို အသုံးပြုလိုက်သည်။

“ အဲ့အစား ဒီမှာပဲ ရပ်တန့်ပြီး ငါ အစားပြန်လျော်ပေးမယ်”

“ရန်ငြိုးမရှိဘူး ဟုတ်လား”

“ဟမ်...?”

“ငါ့အိမ်က ချန်ကဲက အဲ့တုန်းက လျှို့ဝှက်ချက်အချို့ကို သိရုံနဲ့ နင်တို့က ဒီကလေးတွေ အားလုံးကို သုတ်သင်ဖို့ ကြံစည်ရဲတယ်”

“ကောင်းလိုက်တဲ့ ရန်ငြိုးမရှိလေခြင်း!”

လက်ရှိအချိန်တွင် ပီယွီ့ကောင်းကင်အရှင်သည် အလွန် ဒေါသထွက်နေခဲ့သည်။

သူမသည် လက်ရှိတွင် စူးချန်ကဲ၏ ကာကွယ်စောင့်ရှောက်သူဖြစ်သည်။

ဤလူသည် သူမ ကာကွယ်စောင့်ရှောက်ထားသော စူးချန်ကဲကို ပျောက်ကွယ်သွားရန် ကြံရွယ်ဝံ့လေသလော။

အကယ်၍ စူးချန်ကဲတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက ၊ မိမိသည် တားမြစ်အင်အားစုသုံးဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကို မလွဲဧကန် ခံရပေ‌တော့မည်။

ထိုအရာများထက် စူးချန်ကဲသည် ထိုဝတ်ရုံဖြူ အသွင်ပုံရိပ်၏ ကိုယ်စားဖြစ်မည်ဟု သူမ ယူဆသည်။

အနိုင်ကျင့်မယ့်ကျင့် ကိုယ်ပဲကျင့်မှာပေါ့....အခြားလူကို အနိုင်ကျင့်ခွင့်ပြုစရာလား !

အနိုင်ကျင့်ရဲတယ်နော် ..ဒါဆို အသက်ရှင်ဖို့ မစဉ်းစားနဲ့တော့!!

“မင်းအိမ်က ချန်ကဲ....?”

ထိုစကားကို ကြားလိုက်ရချိန်တွင် ထူးဆန်းသော မျက်လုံးကြီးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်။

သူတို့ လျှို့ဝှက်စွာ စုဆောင်းရရှိခဲ့သော အချက်အလက်များအရ စူးချန်ကဲသည် ကွေးယွမ်အမတဂိုဏ်း၊ တားမြစ် စူးမိသားစုနှင့် သံသရာစက်ဝန်း အမတမင်းဆက်တို့၏ အမွေဆက်ခံသူသာ ဖြစ်သည်။

သို့သော် အဘယ်ကြောင့် ပီယွီ့ကောင်းကင်အရှင်နှင့် ဆက်စပ်နေရပြန်သနည်း။

သို့သော် ထူးဆန်းသော မျက်လုံးကြီးသည် စဉ်းစားရန်ပင် အချိန်မရလိုက်ချေ။

ဘုန်း !!

မျက်စိတမှိတ်အတွင်းမှာပင် ၊

ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ် ဖိအားတစ်ခုသည် ဤနေရာတစ်ခုလုံးကို ပိတ်ဆို့ထားသကဲ့သို့ ဆင်းသက်လာသည်။ အဆိုပါ ကြီးကျယ်ခမ်းနားလှသော အင်အားသည် အချိန်စီးဆင်းမှုကိုပင် ပြောင်းပြန်လှန်နိုင်စွမ်းရှိပုံရသည်။

တစ်ချိန်တည်းမှာပင် ၊ မိုးမခပင်ကြီး၏ အသွင်ပုံရိပ်သည် ပီယွီ့ကောင်းကင်အရှင်၏ နောက်တွင် ပေါ်ထွက်လာပြီး အကိုင်းအလက်များက သံကြိုးများသဖွယ် ပြုမူလှုပ်ရှားလာသည်။

၎င်းပေါ်ရှိ ကြယ်စင်များသည် တလက်လက်တောက်ပနေပြီး ၊ စကြဝဠာတစ်ခုချင်းစီတိုင်းကို ထမ်းပိုးထားသကဲ့သို့ ဖြစ်နေသည်။

မည်သည့်နေရာမှ တိုက်ခတ်လာသည်ကို မသိနိုင်သော လေတိုက်မှုကြောင့် မိုးကောင်းကင်တစ်‌ဆုံးမြင့်မားသော မိုးမခပင်ကြီးသည် ယိမ်းနွဲ့သွားပြီး ကြယ်မိုးများက အဆက်မပြတ် မျောလွင့်နေသည်။

ထိုအချိန်တွင်၊ ပီယွီ့ကောင်းကင်အရှင်သည် သူမ၏ လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်လိုက်သည်။

အကန့်အသတ်မရှိသော စွမ်းအားများသည် သူမ၏ခန္ဓာဆီသို့ အဆက်မပြတ် စုဝေးရောက်ရှိလာသည်။ ထိုအရာသည် ဒေဝလောကရှိ စကြဝဠာများကိုပင် မှောက်ခုံလှန်နိုင်စွမ်း ရှိပုံရသည်။

“ပီယွီ့ မင်း ရူးနေပြီလား!?”

ထူးဆန်းသော မျက်လုံးကြီး၏ မျက်နှာသည် ကြီးကြီးမားမား ပြောင်းလဲသွားသည်။ ပီယွီ့ကောင်းကင်အရှင်သည် သူ့ကို သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

“ငါက ကိုးခုထဲက....”

၎င်း၏စကားသံမဆုံးမီ ၊

ပီယွီ့ကောင်းကင်အရှင်၏ အသံကို ကြားလိုက်ရသည်။

“လောကီခြောက်သွယ်လမ်းစဉ် နတ်ဘုရားအတတ်၊ ကောင်းကင်နှင့်မြေကြီးကို စိန်ခေါ်ခြင်း!”

ပီယွီ့ကောင်းကင်အရှင်၏ ရေရွတ်သံအပြီးတွင်၊

ဝုန်း !!

သူမ၏နောက်ကွယ်မှ မိုးမခပင်ကြီးသည် တစ်ခဏချင်းပင် တိုင်းတာမရနိုင်သော ကြောက်ခမန်းလိလိ စွမ်းအားများကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်။

အာကာသလမ်းကြောင်း တစ်ခုလုံး ပြိုကွဲသွားပြီး မရေမတွက်နိုင်သော စွမ်းအင်အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားကာ နေရာအနှံ့ ပြန့်ကျဲသွားသည်။

ဤမျှ ကြောက်စရာကောင်းသော စွမ်းအားများသည် ရှေးယခင်ကတည်းက တည်ရှိခဲ့ပုံရပြီး ၊ ၎င်းသည် ယင်နှင့်ယန်ကို ပြောင်းပြန်လှန်နိုင်ပြီး စကြဝဠာကမ္ဘာကို လည်ပတ်စေနိုင်သည်။

အဆုံးအစမရှိသော ရွှေရောင်လှိုင်းတံပိုးများသည် ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီတစ်ခုသဖွယ် ထူးဆန်းသော မျက်လုံးကြီးရှိရာဘက်သို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့သည်။

ပီယွီ့ကောင်းကင်အရှင်၏ ရည်ရွယ်ချက်မှာ သူ့ကို သတ်ရန်ဖြစ်ကြောင်း သိလိုက်ရသည်နှင့် ထူးဆန်းသော မျက်လုံးကြီးသည် ဟိန်းဟောက်လိုက်ပြီး အားအင်အပြည့်ဖြင့် ချက်ချင်း တုံ့ပြန်လိုက်သည်။

တခဏအတွင်းမှာပင် ယှဉ်နိုင်စရာမရှိသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရွှေရောင်လှိုင်းတံပိုးများနှင့် ထိပ်တိုက်တွေ့ဆုံလေသည်။

ဤကမ္ဘာပျက်မြင်ကွင်းကြီးကို စူးချန်ကဲနှင့် ကွေးယွမ်အမတဂိုဏ်းမှ တပည့်သားများစွာတို့သည်လည်း မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။

လောကကြီးကို ဖျက်ဆီးပစ်နိုင်သော ဤစွမ်းအားများ၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်ဝိညာဉ်များမှာ တုန်လှုပ်ချောက်ချားသွားပြီး မည်သည့်စကားနှင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။

“ ဒါက... အမတနယ်မြေရဲ့ အဆုံးစွန်သော စွမ်းအားပဲလား”

အပိုင်း(၆၉၆): အရင်းအမြစ်ကို တိုက်ခိုက်ခြင်း

စူးချန်ကဲ၏ မျက်ဝန်းတစ်စုံမှ ရိုက်ခတ်လှုပ်ရှားနေသော နတ်အလင်းတန်းများကို တွေ့မြင်ရပေလိမ့်မည်။ ဤကဲ့သို့သော စွမ်းအားသည် လောကကြီးတစ်ခုလုံးကို အရောင်ဖျော့သွားစေပြီး ၊ အရာအားလုံးကို မူလသို့ ပြန်လည်ပို့ဆောင်နိုင်စွမ်း ရှိပုံရသည်။

ဤအချိန်မှစ၍ စူးချန်ကဲသည် နားလည်သွားခဲ့သည်။ အမတလမ်းစဉ်ကို စတင်ခြင်းသည် အခြားသော အစပြုမှုတစ်ခုသာ ဖြစ်သည်။

မိမိသည် လူသားလောက၏ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုချေ။ အမတလမ်းစဉ်၏ ပုရွက်ဆိတ်ငယ်အဆင့်သို့ ရောက်ရှိရန်ပင် သူသည် များစွာ လျှောက်လှမ်းရပေဦးမည်။

“ပီယွီ့ !!”

ထိုအချိန်တွင်၊ ထူးဆန်းသော မျက်လုံးကြီးသည် နောက်ဆုံးအကြိမ်အဖြစ် ဟစ်အော်လိုက်သည်။

ထို့နောက်တွင်မူ အဖျက်စွမ်းအားများကို ဆောင်ကျဉ်းလာသော ရွှေရောင်အလင်းတန်းများ၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၊ ထိုထူးဆန်းသော မျက်လုံးကြီးသည် ပူကျစ်တောက်သော နေရောင်အောက်က နှင်းခဲသဖွယ် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် သာမန်မျက်စိဖြင့် မြင်နိုင်သည့်အမြန်နှုန်းဖြင့် အလင်းအက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ အာကာသမုန်တိုင်းတစ်ခု တိုးဝှေ့လိုက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းသည် လေထဲက ဖုန်မှုန့်သဖွယ် ပျောက်ကွယ်သွားလေတော့သည်။

ထိုကဲ့သို့ ချောက်ချားဖွယ်ရာ ကောင်းသော စွမ်းအားများသည် ကြည့်ရှုနေသော ကွေးယွမ်အမတဂိုဏ်း၏ တပည့်များစွာကို အံ့အားသင့်စေခဲ့သည်။

သို့ရာတွင်၊ သူတို့သည်လည်း စူးချန်ကဲ ကဲ့သို့ပင် စိတ်နှလုံးအတွင်း၌ အဆုံးမရှိသော ဆန္ဒတစ်ခု ပေါက်ဖွားလာခဲ့သည်။

သူတို့သည်လည်း ပီယွီ့ကောင်းကင်အရှင် ကဲ့သို့ပင်၊ လက်ညှိုးတစ်ချက် လှုပ်ရုံဖြင့် ကြောက်စရာကောင်းသော ရန်သူကို ပြာချပစ်နိုင်သည့် စွမ်းအားရှင်တစ်ဦး ဖြစ်လိုသည်။

ဒေဝလောကတစ်ခွင်လုံး၏ အထွထ်အထိပ် ၊မဟာလမ်းစဉ်၏ ထိပ်ဆုံးနေရာတွင် ရပ်တည်ကာ ၊ လူတိုင်း ဖူးမျှော်ရသည့် သမိုင်းတွင် အမြဲတမ်း တွင်ကျန်ရစ်မည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိုကြသည်။

ဝှစ်——!!

သို့ရာတွင်၊ ပီယွီ့ကောင်းကင်အရှင်၏ တိုက်ခိုက်မှုမှာ ရပ်တန့်သွားခြင်း မရှိပေ။ ကြောက်မက်ဖွယ် ကောင်းသော နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံးကို ရွှေရောင်အလင်းများဖြင့် တောက်ပသွားစေသည်။

ထူးဆန်းသော မျက်လုံးကြီးသည် သူမ၏ ကြောက်ခမန်းလိလိ တိုက်ခိုက်မှုကြောင့် ပျောက်ကွယ်သွားခဲ့သော်လည်း၊ သို့သော် ထိုအရာသည် သူ၏ ပုံရိပ်မျှသာ ဖြစ်သည်။

ထိုသကောင့်သားအား သင်ခန်းစာမပေးရင် ၊ နောက်တွင် ထပ်မံ၍ ညစ်ပတ်သော လှည့်ကွက်များဖြင့် ကြိုးစားလာမည်ကို စိုးရိမ်ရသည်။

ပီယွီ့ကောင်းကင်အရှင်သည် အေးစက်သော အသံဖြင့် အော်ဟစ်လိုက်သည်။

“ လောကီခြောက်သွယ်လမ်းစဉ် နတ်ဘုရားအတတ် ၊ မူလသို့ ပြန်လည်ရောက်ရှိခြင်း!”

ထို့နောက် သူမ၏လက်ကို‌ ဝှေ့ယမ်းလိုက်သည်။

ဘုန်း ! ဘုန်း!

ပီယွီ့ကောင်းကင်အရှင်၏ နောက်တွင် တည်ရှိနေသော မိုးမခပင်ကြီးသည် ရုတ်တရက် လှုပ်ယမ်းလာသည်။

သူ၏အမြစ်တိုင်းသည် စီးဆင်းနေသော ကြယ်တာရာမြစ်တစ်စင်းသဖွယ် ကြီးမားသော ပရမ်းပတာစွမ်းအင်များကို ဆောင်ကျဉ်းလျက် အာကာသကို ထိုးဖောက်ဝင်ရောက်သွားသည်။

၎င်းပေါ်ရှိ မိုးမခရွက် တစ်ရွက်စီတိုင်းသည် အသက်စွမ်းအားများဖြင့် ပြည့်ဝနေသော အကန့်အသတ်မဲ့ စကြဝဠာကြီး တစ်ခုလိုပင်။

သူမ၏ လက်ဝါးတစ်ချက်အောက်တွင်၊ ထိုမျှ ကြီးမားကျယ်ပြန့်သော စွမ်းအင်များသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပေါ်ထွက်လာလေသည်။

လူးလိမ့်ရိုက်ခတ်နေသော နတ်အလင်းတန်းများသည် အာကာသလမ်းကြောင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။ တစ်နည်းအားဖြင့် ၊ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ဤကမ္ဘာလောက၏ ဒိုင်မန်းရှင်းကို ဖြတ်သန်းကာ အမည်မသိနိုင်သော နေရာတစ်ခုဆီသို့ ကျရောက်သွားပုံရသည်။

…..

တစ်ချိန်တည်းမှာပင်။

မဟာလမ်းစဉ်၏စွမ်းအားများဖြင့် ပြင်းထန်စွာဖုံးလွှမ်းနေသော ကမ္ဘာလောက တစ်ခုအတွင်း၌ ၊

ဤကမ္ဘာလောကသည် စိတ်ကူးယဉ်ဆန်သော တောရိုင်းလောကတစ်ခုနှင့် တူသည်။ ထုထည်ကြီးမားသော ဧရာမတောင်ကြီးများ၊ မတ်စောက်သော တောင်ထိပ်များနှင့် ခမ်းနားထည်ဝါသော နန်းဆောင်များစွာ ရှိသည်။

အဆုံးမရှိသော အမတအလင်းတန်းများသည် အာကာသဟင်းလင်းပြင်ထဲသို့ ကျရောက်ကာ ရိုက်ခတ်လှုပ်ရှားနေလေ၏။

သို့ရာတွင်၊ လူကို ခြောက်ခြားစေသည်မှာ ဤကမ္ဘာလောကသည် မှန်တစ်ချပ်လိုပင်။

မိုးကောင်းကင်ပေါ်တွင် ဖြစ်စေ၊ မြေကြီးပေါ်တွင် ဖြစ်စေ၊ ထပ်တူကျသော မြင်ကွင်းများကို တွေ့မြင်နေရသည်။

ထိုကဲ့သို့ လျို့ဝှက်ဆန်းကြယ်သော မှန်ကမ္ဘာထဲတွင် အထူးသဖြင့် မျက်စိကျစရာကောင်းသော နတ်တောင်ကြီး ကိုးလုံး ရှိနေသည်။

ယင်းတို့ကို ဗဟိုပြု၍ မိုင်ထောင်ပေါင်းများစွာအကွာရှိ ဟင်းလင်းပြင်ထဲတွင် လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

လူကို ပို၍ အံ့အားသင့်စေသည်မှာ ထိုတောင်ကိုးလုံးအနက် ငါးလုံးသည် ရှေးကတည်းက နတ်စွမ်းအားများကို ဆုံးရှုံးခဲ့ပုံရကာ ၎င်းတို့၏ ရောင်ခြည်သည် မှိန်ဖျော့ဖျော့ ဖြစ်နေသည်။

ကျန်လေးလုံးမှာမူ အသက်ရှူနေသကဲ့သို့ မှိန်တုတ်မှိတ်တုတ် ဖြစ်နေသည်။

ထိုအချိန်တွင် ၊ နတ်တောင်လေးလုံးအနက် ဘယ်ဘက်အဆုံးတွင် တည်ရှိသော တောင်တစ်လုံးအတွင်း၌...

ကောင်းကင်လမ်းစဉ် စွမ်းအားများသည် မြူခိုးများဖုံးလွှမ်းနေသော နဂါးငွေ့တန်းသဖွယ် ရွှေ့လျားကျဆင်းလျက်ရှိသည်။ စွမ်းအင်တစ်မျှင်စီတိုင်းသည် တောက်ပသော နတ်ရောင်ခြည်များဖြင့် တင့်တယ်နေပြီး၊ အလွန်ကြီးမားသောအလေးချိန်ကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။

ကောင်းကင်လမ်းစဉ် သမုဒ္ဒရာကြီးအတွင်းသို့ သေချာကြည့်ရှုလိုက်ပါက ၊

တစ်ကိုယ်လုံးကို နတ်အလင်းရောင်များဖြင့် ဖုံးလွှမ်းထားပြီး ကြီးကျယ်ခမ်းနားသော မဟာလမ်းစဉ် အမှတ်အသားများဖြင့် ပြည့်နှက်နေသော ပုံရိပ်တစ်ခုသည် ရုတ်တရက်ပင် သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ဝီ——!

ကောင်းကင်လမ်းစဉ် စွမ်းအားလှိုင်းများသည် ထိုပုံရိပ်ကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာတစ်ခွင်သို့ လွင့်စဉ်ရိုက်ခတ်သွားသည်။

“ သေသင့်တဲ့ ပီယွီ့!”

“ ဒီရန်ငြိုးကို ဘယ်တော့မှ မမေ့...”

သို့သော် ၎င်း၏အပြစ်တင်စကား မဆုံးခင် ရုတ်တရက် ရပ်တန့်သွားသည်။

သူသည် မိမိဆီသို့ လာရောက်နေသည့် အလွန်ကြောက်မက်ဖွယ် ကောင်းသော အင်အားတစ်ရပ်ကို ခံစားမိခဲ့ပုံရသည်။

“ ဒိရောင်ဝါ က.....?”

“ပီယွီ့....!?”

ဝုန်း !!

မှန်ကမ္ဘာသည် ပြင်းထန်စွာ တုန်လှုပ်လာသည်။

မိုးကုပ်စက်ဝိုင်းတွင်၊ ဟင်းလင်းပြင်သည် ပုံပျက်သွားပြီး အချိန်နှင့်အာကာသ အပိုင်းအစများ လွင့်မျောနေသည်။ အစွမ်းထက်သော အင်အားတစ်ခုသည် အတားအဆီးများကို ဖြတ်ကျော်ကာ ဤကမ္ဘာပေါ်ကို အတင်းဆင်းသက်လာပုံရသည်။

ကွဲအက်သံ!

နောက်အခိုက်အတန့်တွင် ဟင်းလင်းပြင်သည် မှန်ချပ်ကြီးတစ်ချပ်သဖွယ် အားကောင်းလှသော အင်အားတစ်ရပ်၏ ဖြိုခွဲမှုကိုခံရကာ ကြေမွကုန်သည်။

ပင့်ကူအိမ်ပုံစံကဲ့သို့ အာကာသအက်ကြောင်းများသည် ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုနောက် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး တစ်ချိန်တည်းမှာပင်။

ဝုန်း !

လောကကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော မြစိမ်းရောင် အလင်းတန်းကြီးတစ်ခုသည် ယင်းအတွင်းမှ တိုက်ရိုက် ထိုးဖောက်ထွက်လာသည်။

ဤသည်မှာ ပီယွီ့ကောင်းကင်အရှင် မှ ပစ်လွှတ်လိုက်သော ထိုးနှက်တိုက်ခိုက်မှုပင် ဖြစ်သည်။

ဤကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုသည် အမှန်အားဖြင့် အာကာသနံရံကို တိုက်ရိုက် စုတ်ဖြဲချလိုက်ပြီး၊ အဆုံးမရှိသော အချိန်မြစ်ကို ဖြတ်ကျော်ကာ၊ ထူးဆန်းသော မျက်လုံးကြီးမှ ကျန်ရစ်ခဲ့သော သဲလွန်စတစ်လျှောက် ခြေရာခံလိုက်ရင်းဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“ သေသင့်တဲ့ ချင်းယွင်! မိုက်မဲတဲ့ကောင်!”

“ ရေအနက်သိရအောင် စမ်းသပ်ဖို့ လွှတ်လိုက်တာ ကိုယ့်အမြီးကိုတောင် ကောင်းကောင်း မဖျောက်တတ်ဘူးလား!?”

ကောင်းကင်လမ်းစဉ် နတ်တောင်လေးလုံးအနက် တစ်လုံး၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

“ မင်းတို့ ချက်ချင်း ဒီကမ္ဘာရဲ့ ကောင်းကင်လျှို့ဝှက်ချက်ကို ပိတ်ဆို့လိုက်ကြ!”

“ ချင်းယွင် ဒီကောင် ကျန်ခဲ့တဲ့ ခြေရာအားလုံးကို အမြန်ဆုံး ဖျက်ဆီးပစ်လိုက်ကြ!”

“အာကာသ ပြောင်းရွေ့မှု အစီအရင်ကို အသင့်ပြင်လိုက်တော့ ! ငါတို့ ဒိီနေရာမှာ ကြာကြာနေလို့မရတော့ဘူး ဆုတ်ခွာဖို့ အသင့်ပြင်ကြ!”

“ အဲ့လူတွေ ငါတို့ရဲ့တည်နေရာကို သိသွားရင် ၊ ငါတို့ တကယ် ပြီးဆုံးသွားလိမ့်မယ် !”

တစ်ချိန်တည်းမှာပင်၊ ဤကောင်းကင်လမ်းစဉ် နတ်တောင်သည် နေမင်းထက်ပင် ပိုမို တောက်ပလောင်မြိုက်သော အလင်းရောင်များကို ပေါက်ကွဲထုတ်လွှတ်လိုက်သည်။ ပြိုးပျက်စွာ တောက်ပနေသော နတ်အလင်းတန်းများကြား ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုပုံရိပ်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ကြောက်မက်ဖွယ် ကောင်းသော မဟာလမ်းစဉ်စွမ်းအားကို စုစည်းကာ၊ သူ၏လက်ဖဝါးဖြင့် တဖက်လူ၏ ကြောက်ခမန်းလိလိ မြစိမ်းရောင်အလင်းဘက်သို့ တိုက်ရိုက် ဖိနှိပ်လိုက်သည်။

“ မဟာလမ်းစဉ်ရဲ့ တန်ပြန်မှုကို ခံရပြီး အဆင့်ကျသွားတဲ့ကောင်ကများ!”

“ နှိပ်ကွပ်!”

၎င်း၏ ဟစ်ကြွေးသံနှင့်အတူ၊ သူ၏ လက်ဝါးထဲမှ အမတအလင်းတန်းများ မရေမတွက်နိုင်အောင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အမတအလင်းတန်း တစ်ခုစီတိုင်းသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော စွမ်းအားများကို သယ်ဆောင်လျက် တဖက်လူ၏ အဖျက်စွမ်းအားများ ပါဝင်သော မြစိမ်းရောင်အလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ဝုန်း ——!!

နားစည်ကွဲလုနီးပါး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၊

အာကာသ ဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ၊ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ရှေးဟောင်းမီးတောင်ကြီးတစ်ခု ပေါက်ကွဲလာသကဲ့သို့ ထွက်ပေါ်လာသည်။

နိယာမလှိုင်းတံပိုးများသည် စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်မှာ လောကကြီးတစ်ခုလုံးကို ထိန်လင်းတောက်ပသွားစေသည်။

ထိုအရာထက် လူကို ပို၍ ခြောက်ခြားစေသည်မှာ ဤမှန်ကမ္ဘာသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် အပိုင်းပိုင်း ကွဲအက်ပျက်စီးလာခြင်းပင် ဖြစ်သည်။

နိယာမစွမ်းအားများ၏ ပေါက်ကွဲမှုကို ဗဟိုပြု၍ ပျံ့နှံ့ထွက်ပေါ်လာသော စွမ်းအင်မုန်တိုင်းသည် ဤကမ္ဘာ၏ ပုံသဏ္ဍာန်ကို ပျက်ဆီးသွားစေခဲ့ပြီး အချိန်မရွေး ပြိုလဲတော့မည့်အတိုင်းပင်။

All Chapters