← Chapters

အခန်း (၆၉၇-၇၀၀)

Vol. 53 Ch. 697-700

အခန်း (၆၉၇-၇၀၀)

Vol. 53 Ch. 697-700

အခန်း (၆၉၇) : ကောင်းကင်လမ်းစဉ်မှ မျှော်လင့်ထားသော ပြီးပြည့်စုံသည့် ကမ္ဘာ (Part-1)

သို့သော် ထိုတောက်ပနေသော ရုပ်သဏ္ဍာန်၏ ခွန်အားသည်လည်း အားမနည်း‌ချေ။

အကန့်အသတ်မရှိသော အလင်းလှိုင်းတံပိုးများသည် သူ၏ လက်ဝါးထဲမှ ပေါ်ထွက်လာကာ ကြီးမားကျယ်ပြန့်သော စွမ်းအင် မုန်တိုင်းအဖြစ် ပီယွီ့ကောင်းကင်အရှင်၏ တိုက်ခိုက်မှုကို အပြင်းအထန် ပြန်လည်ချေပခဲ့သည်။

သို့သော်လည်း ခက်ခဲစွာ ခုခံနေပုံရသည်။

ထိုတောက်ပနေသော ရုပ်သဏ္ဍာန်သည် ဤ‌နေရာ ကမ္ဘာလောက၏ စွမ်းအားများကို စုဆောင်းလိုက်သည်။

မှော်သင်္ကေတများ၏ အဖျက်စွမ်းအားများသည် ရုတ်တရက်ပင် ပေါက်ကွဲထွက်လာသည်မှာ ကောင်းကင်ကြီးတစ်ခုလို ပြိုကျလာသလိုပင်။

ဝုန်း —

စွမ်းအင်လှိုင်းတံပိုးများသည် နေရာအနှံ့ လွင့်စဉ်ရိုက်ခတ်သွားခြင်းနှင့် အတူ ၊

အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည် ပီယွီ့ကောင်းကင်အရှင်မှ ပစ်လွှတ်လိုက်သော ကြောက်ခမန်းလိလိ တိုက်ခိုက်မှုကို အပြီးအပိုင် ဖြေရှင်းနိုင်ခဲ့သည်။

သို့သော် မှန်ကမ္ဘာသည် ဤကြောက်မက်ဖွယ်ရာ အင်အားကြောင့် ကွဲအက်စပြုလာသည်။

ဘယ်နေရာကိုပင် ကြည့်ကြည့်၊ မရေမတွက်နိုင်သော အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်နေသည်ကို မြင်ရပေလိမ့်မည်။

နန်းဆောင်များ ပျက်ဆီးကာ ၊ တောင်တန်းကြီးများ ပြိုကျလျက် အလွန်ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။

“ချင်ယွမ်!”

“မင်းဟာမင်း ကိုင်တွယ်ပြီးတော့ ၊ အခု ငါတို့အားလုံးကိုပါ သေကြေပျက်စီးအောင် လုပ်ချင်နေတာလား!?”

ယခုအချိန်တွင်၊ ထိုရုပ်သဏ္ဍာန်ကို ဝန်းရံထားသော မှော်သင်္ကေတများ၏ တောက်ပမှုသည် တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုသူ၏ စစ်မှန်သော ပုံသဏ္ဍာန်လည်း ပေါ်လွင်လာခဲ့သည်။

တည်ကြည်သော မျက်နှာထားဖြင့် အမျိုးသားတစ်ဦး ဖြစ်သည်။ ခမ်းနားထည်ဝါသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ထိုးထွင်းသိမြင်နိုင်သော မျက်ဝန်းတစ်စုံ ရှိကာ လောကီထက်သာလွန်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

သူ၏ အမည်မှာ ချန်ဟွမ်ထျန်း ဖြစ်ပြီး၊ ဤအမည်ကို သူကိုယ်တိုင် ပေးထားခြင်းဖြစ်ကာ၊ ဟွမ်ကျီအမတနယ်မြေ၏ ကမ္ဘာ့ဝိညာဉ်၊ တစ်နည်းအားဖြင့် ထိုအမတနယ်မြေ၏ ကောင်းကင်လမ်းစဉ် ဖြစ်သည်။

အော်ဟစ်ခံလိုက်ရသည့် အမျိုးသားမှာ စိမ်းပြာရောင် ဝတ်ရုံကို ဝတ်ဆင်လျက် ၊ ငယ်ရွယ်ပုံပေါ်ပြီး သူ၏ ဆံပင်ဖြူများက အောက်သို့ တွဲလောင်းကျနေကာ အတော်လေး ချောမောပေသည်။

သူ၏ အမည်မှာ ချင်ယွမ် ဖြစ်ပြီး၊ လက်ရှိ အမတနယ်မြေကြီးလေးခုအနက် တစ်ခုဖြစ်သော ကွေးယွမ်အမတဂိုဏ်း၏ ကောင်းကင်လမ်းစဉ် ဖြစ်သည်။

“ဟမ်! အဲ့တော့ ဘာဖြစ်လဲ!?”

ချင်ယွမ်သည်လည်း ဒေါသထွက်နေသည့် ပုံစံဖြင့် ပြန်လည်ခုခံပြောဆိုလိုက်သည်။

“ အဲ့ကောင်က ငါတို့ အစီအစဉ်အတွက် မျှော်လင့်မထားတဲ့ အနှောင့်အယှက်တစ်ခုပဲ ၊ ငါ သူ့ကို အမြန်ဆုံး ဖယ်ရှားပစ်ချင်တာ မှားလား”

“မင်းရော ငါစိတ်ကူးထားတဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးကို အမြန်ဆုံး ပြန်ရချင်တာ မဟုတ်ဘူးလား!?”

“မင်း....”

ထိုစကားများ ထွက်လာသည်နှင့် မူလက ကျိန်ဆဲရန် ဟန်ပြင်နေသော ချန်ဟွမ်ထျန်းသည် စကားပြောမထွက်ဘဲ ဖြစ်သွားပြီး ၊ သူ၏ မျက်နှာအမူအရာမှာ အတော်လေး ကြည့်ရ‌ဆိုးသွားသည်။

အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များ ဖြစ်ကြသော်လည်း ၊ သို့သော် ၎င်းတို့အချင်းချင်း ခံစားချက်များ မရှိကြပေ။

တူညီသော အကျိုးစီးပွားရေးကြောင့်သာ မဟုတ်ပါက၊ သူတို့သည် ယခုလို အုပ်စုဖွဲ့ စုဝေး‌နေကြမည်မဟုတ်ပေ။

၎င်းတို့၏ အကျိုးစီးပွားဟူသည် အမှန်အားဖြင့် ရိုးရှင်းပေသည်။

ဤသည်မှာ အမတနယ်မြေအပေါ် သူတို့၏ အုပ်ချုပ်မှုကို ခိုင်မာစေရန် ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သတ်၍ ၊

ဤအရာအားလုံးသည် ဟိုးအရင်ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပေသည်။

အမတနယ်မြေ ပေါ်ထွန်းလာစဉ်က၊ သူတို့သည် ကောင်းကင်နှင့်မြေကြီးရှိ အရာအားလုံး၏ ဆန္ဒနှင့်အညီ ၊ မိုးမြေ၏ အနှစ်သာရမှ မွေးဖွားလာခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ အမတနယ်မြေ၏ အမြင့်မြတ်ဆုံးသော ဖြစ်တည်မှုအဖြစ် သူတို့သည် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်သင့်သည်။

သို့သော်။

ထိုအချိန်က အမတစိုးစံရာခေတ်ဖြစ်သည်နှင့် အလျောက် ၊ မဟာလမ်းစ‌ဉ်များစွာ ယှဉ်ပြိုင်ထွက်ပေါ်လာပြီး အမတနယ်မြေ တစ်ခုလုံး၏ မဟာလမ်းစဉ် လမ်းကြောင်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။

ထူးချွန်ထက်မြက်သော ပါရမီရှင်များသည် ကြယ်များအလား ပေါများပြီး၊ မဟာလမ်းစဉ် စွမ်းအားရှင်များမှာ မရေမတွက်နိုင်အောင် များပြားလှပေသည်။

ထို့အပြင် အုပ်စိုးရှင် အင်အားစု (၁၂) ဖွဲ့ ၊ ထိပ်တန်း အမတဂိုဏ်း(၃၆) ဂိုဏ်း နှင့် အတုမရှိ ကောင်းကင်ဂူ (၇၂) ခု အစရှိသည့် ကြောက်မက်ဖွယ်ရာ အင်အားစုများပါ ပေါ်ထွက်လာခဲ့သည်။

၎င်းတို့တည်ရှိရာ ဂိုဏ်းအဖွဲ့အစည်းများမှ

အမတ ဧကရာဇ်ထက် သာလွန်သော စွမ်းအားရှင်များ မရေမတွက်နိုင်အောင် ပေါ်ထွက်ခဲ့သည်။

ထို့အပြင် ၎င်းတို့ဂိုဏ်း၏အုတ်မြစ်သည် ကောင်းကင်နှင့်မြေကြီးပမာ တည်တံ့ခိုင်မြဲပြီး၊ နေနှင့်လကဲ့သို့ပင် တောက်ပသည်ဟု ဆိုရမည်။

အကယ်၍ အုပ်စိုးရှင် အင်အားစုများအနေဖြင့် ဆန္ဒရှိပါက ၊ အချိန်မရွေး ကောင်းကင်ဘုံတိုက်ပွဲကိုပင် ဆင်နွှဲနိုင်သည်။

သူတို့သည် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များ ဖြစ်သော်လည်း၊ သုတ်သင်ခံရနိုင်သည်။

အခြားအဆင့်နိမ့်သော ကမ္ဘာများတွင်၊ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ကောင်းကင်လမ်းစဉ်မှ အုပ်ချုပ်သည်ကို သင် သိထားရမည်။

ကမ္ဘာလောက၏ ကောင်းကင်လမ်းစဉ်အဖြစ်၊ သူတို့သည် ကောင်းကင်မိုးကြိုးကို ကိုင်စွဲပြီး မဟာလမ်းစဉ်၏ ပြစ်ဒဏ်ပေးမှု အပါအဝင် အရာအားလုံးကို စီမံခန့်ခွဲသည်။

မိမိတို့ အုပ်စိုးသော ကမ္ဘာတွင်၊ သူတို့နှင့် အဆင့်အတန်းတူသော ဖြစ်တည်မှုများ ပေါ်ထွက်လာမည်ကို လုံးဝ ခွင့်မပြုပေ။

သို့သော် ၎င်းတို့နှင့် နှိုင်းယှဉ်လျှင်၊ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များမှာ မည်သို့နည်း။

ပုံမှန်မဟုတ်လောက်အောင်ပင် ထူးခြားနေသည်။

သူတို့ထက် များစွာ သာလွန်သော မဟာလမ်းစဉ် စွမ်းအားရှင်များသည် တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာကြသည်။

ကမ္ဘာ‌လောက၏ အချက်အချာ ဗဟိုဖြစ်သော်လည်း ၊ နေ့စဉ် မိမိတို့၏ ပျက်စီးခြင်းအတွက်သာ စိုးရိမ်နေရသည်

။

သူတို့အား ကြောက်ရွံ့မှုကို ခံစားစေရုံသာမက တစ်ချိန်တည်းမှာပင် အတော်လေး ရှက်ရွံ့မိသည်။

အဆုံးမဲ့ကပ်ဘေး ဖြစ်ပွားလာချိန်တွင် ၊ ထိုအရာသည် သူတို့အတွက် အကောင်းဆုံးအခွင့်အရေးမှန်း သိလိုက်ကြသည်။

အကြောင်းမှာ မဟာလမ်းစဉ် သံသရာစက်ဝန်းသည် ပျက်စီးသွားပြီး၊ သေဆုံးသွားသော သက်ရှိများသည် ပြန်လည်မွေးဖွားနိုင်ခြင်း မရှိခြင်း‌‌ကြောင့်

အချိန်ကြာလာသည်နှင့်အမျှ မကျေနပ်ချက်များ ဖြစ်ပေါ်ကာ အဆုံးတွင် ဒေဝလောက၏ ကံအကျိုးဆက်များအဖြစ် ပြောင်းလဲသွား‌ပေလိမ့်မည်။

သူတို့အနေဖြင့် ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ ကမ္ဘာလောကကြီးတစ်ခုလုံး ပျက်စီးယိုယွင်းသွားမည်ဆို‌တောင် ၊

သူတို့၏ အမြင်တွင် ဤပုပ်သိုးနေသော အမတနယ်မြေကို ပြုပြင်ရန်အတွက် လိုအပ်ပါက အရိုးထုတ်ကုသမှု ပြုလုပ်ရပေမည်။

ဤအင်အားစုများကို ဖျက်ဆီးပစ်နိုင်ပါက၊ သို့မဟုတ် ပြင်းထန်စွာ ထိခိုက်စေနိုင်ပါက သူတို့သည် အမတနယ်မြေ၏ အုပ်ချုပ်မှုစနစ်ကို အပြီးအပိုင် ထိန်းချုပ်နိုင်ပေလိမ့်မည်။

အကြောင်းမှာ အမတစိုးစံရာခေတ်တွင်၊ အင်အားစုပေါင်းများစွာ ထွက်ပေါ်လာ၍ အမတနယ်မြေကို ခွဲဝေယူခဲ့ကြသောကြောင့် စစ်ပွဲများသည် မရေမတွက်နိုင်အောင်ပင် ဖြစ်ပွားခဲ့သည်။

အကယ်၍ အားကောင်းပြီး ညီညွတ်သော အုပ်ချုပ်မှုစနစ် တည်ဆောက်နိုင်သူ တစ်ဦး ရှိပါက၊ ဤကဲ့သို့သော စစ်ပွဲများ ဖြစ်ပွားလာမည် မဟုတ်ပေ။

အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များ အမြင်တွင်၊ သူတို့၏လုပ်ရပ်သည် အမတနယ်မြေ တစ်ခုလုံး၊ ဒေဝလောကတစ်ခုလုံး အတွက် ဖြစ်သည်။

သူတို့သည် အမတနယ်မြေ ကိုးခုရှိ ကောင်းကင်လမ်းစဉ် စွမ်းအားများကို စုစည်းခဲ့သော်လည်း၊

သို့သော် ထိုအုပ်စိုးရှင် အင်အားစုများနှင့် ယှဉ်လျှင်၊ သိသိသာသာ မလုံလောက်သေးပေ။

ထို့ကြောင့်၊ သူတို့သည် အမတနယ်မြေအထက် သဘာဝလွန် တည်ရှိမှုများနှင့် လျှို့ဝှက်စွာ သဘောတူညီမှု ရရှိခဲ့သည်။

ကျားနှင့်အတူ အစီအစဉ်ဆွဲခြင်းနှင့် တူသော်လည်း၊ သူတို့အတွက် အခြားရွေးချယ်စရာ မရှိခဲ့ပေ။

အခန်း (၆၉၇) : ကောင်းကင်လမ်းစဉ်မှ မျှော်လင့်ထားသော ပြီးပြည့်စုံသည့် ကမ္ဘာ (Part-2)

နတ်ဘုရားအမတမျှော်စင် ကိစ္စသည်လည်း သူတို့၏လက်ချက်သာ ဖြစ်သည်။ အကြောင်းမှာ သံသရာစက်ဝန်းစွမ်းအားရှိသော မူလအမတလက်နက် ဖန်တီးခြင်းမှ ကာကွယ်ရန် နှင့် ကျန်ရှိနေသော ဝိညာဉ်များကို သန့်စင်စေပြီး ဒေဝလောက၏ ကံအကျိုးဆက်ကို မဟန့်တားနိုင်စေရန် ဖြစ်သည်။

ဤရလဒ်ကြောင့်၊ အမတစိုးစံရာခေတ်ရှိ အင်အားစုများစွာအပေါ် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

သို့သော် အမတနယ်မြေအထက်ရှိ သဘာဝလွန် တည်ရှိမှုများကလည်း ထိုအရာကို အခွင့်ကောင်းယူကာ အမှောင်ထုကို ဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် ဒေဝလောကတစ်ခွင်ရှိ သက်ရှိအပေါင်းတို့သည် ဒုက္ခမီးလျှံထဲသို့ ရောက်ရှိသွားခဲ့ရသည်။

သူတို့ကိုယ်တိုင်တောင် ကိုယ့်လက်နှင့်ကိုယ် ဒုက္ခရောက်ခဲ့ရသည်။

အမတနယ်မြေ လေးခု ပျက်စီးခဲ့ပြီး၊ သူတို့၏ အဖော်လေးဦးကို ဆုံးရှုံးခဲ့ရသည်။

ဗဟိုအမတနယ်မြေ ပြင်းထန်စွာ ပျက်စီးသွားပြီးနောက် ၊ ဗဟိုအမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

၎င်း၏ စွမ်းအားနှင့် နီးကပ်စွာ ဆက်စပ်နေသော အမတနယ်မြေများသည်လည်း အမှောင်ထု၏ တိုက်စားမှုကို ခံရကာ ၊

ရလဒ်အနေဖြင့် ကောင်းကင်လမ်းစဉ်၏ လက်ရှိအစွမ်းသည် ယခင်ကထက် များစွာနိမ့်ကျသွားခဲ့သည်။

သို့သော်၊ ဤအရာများသည် အမတနယ်မြေရှိ ကောင်းကင်လမ်းစဉ်များ၏ အမြင်တွင် ဘာမှမဟုတ်ဟု ယူဆထားသည်။

အမတနယ်မြေကို ပေါင်းစည်းထားသော အုပ်ချုပ်မှုစနစ်အဖြစ် ပြန်လည်ရောက်ရှိနိုင်မှသာလျှင် ပြီးပြည့်စုံသော ကမ္ဘာကြီး ဖြစ်လာပေမည်။

သို့သော် ထိုပန်းတိုင်သို့ နီးကပ်လာနေချိန်တွင်၊ စူးချန်ကဲ တည်ရှိမှုကို မမျှော်လင့်ဘဲ သိရှိခဲ့ရသည်။

ယုတ္တိကျကျ ဆိုရလျှင်ဖြင့် ၊ သူတို့သည် ကောင်းကင်လမ်းစဉ်များ ဖြစ်သည့်အတွက် လောကီရှိ အရာအားလုံးကို မြင်နိုင်စွမ်းရှိသည်ဟု ပြောလို့ရသည်။

သို့သော် စူးချန်ကဲကိုမူ ၊ လုံးဝမှ မမြင်နိုင်ပေ။

၎င်းသည် ဤလောက၌ မရှိသော လူတစ်ဦးနှင့် တူပေသည်။

အမတနယ်မြေအထက် သဘာဝလွန် တည်ရှိမှုများက သူတို့ထံ သတင်းပို့ကာ၊ ဤလောကတွင် စူးချန်ကဲ ဆိုသူ တည်ရှိကြောင်း ပြောပြမှသာ သိရှိခဲ့ရသည်။

ဤပုံမှန်မဟုတ်သော အရာသည် လောကကြီးတွင် ရှိနေနိုင်သည်မှာ အတော်လေး မယုံနိုင်စရာကောင်းပေသည်။

ထို့ကြောင့် စူးချန်ကဲသည် တိုက်မြေ သုံးထောင်၌ ဧကရာဇ်အဆင့်အတန်းသို့ အောင်မြင်ချိန်တွင် သူတို့သည် မိမိတို့၏ လက်အောက်ခံ စွမ်းအားရှင်များကို စေလွှတ်၍ အချိန်မြစ်ကို ဖြတ်သန်းကာ သူ့ကို အပြီးအပိုင် သုတ်သင်ပစ်ရန် ကြိုးစားခဲ့ဖူးသည်။

သို့သော် ကွေးယွမ်အမတဂိုဏ်းရှိ ဘိုးဘေးများ၏ တားဆီးခြင်းကိုခံလိုက်ရသည်။

သိပ်မကြာခင်က ချန်ဟွမ်ထျန်းသည် နှစ်ကာလကြာမြင့်သော ထိုလျှို့ဝှက်ချက်ကို စူးချန်ကဲ သိရှိသွားကြောင်း သတိပြုမိခဲ့ပြီး၊ ချင်ယွမ်အား စမ်းသပ်ရန် စီစဉ်ခဲ့သည်။

သို့သော် အသုံးမကျသော ချင်ယွမ်သည် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ရုံသာမက လောက၏ ပုံရိပ်ယောင်အမှတ်အသားကိုပင် ထားရစ်ခဲ့သည်။

ထို့ကြောင့် ပီယွီ့ကောင်းကင်အရှင်သည် ကျန်ရစ်ခဲ့သော ခြေရာများနောက် လိုက်လံရင်းဖြင့် သူမ၏ မဟာလမ်းစဉ် နတ်ဘုရားစွမ်းအားကို အသုံးပြုခဲ့ကာ သူတို့ပုန်းအောင်းနေသော ကမ္ဘာကို ထိုးနှက်တိုက်ခိုက်ခဲ့လေသည်။

….

ဤအကြောင်းကို စဉ်းစားမိသည်နှင့် ၊ ချန်ဟွမ်ထျန်းသည် ပို၍ ဒေါသထွက်လာသည်။

“မင်းရဲ့ မိုက်မဲတဲ့လုပ်ရပ်အတွက် ဒါက ဆင်ခြေမဟုတ်ဘူး!”

ချန်ဟွမ်ထျန်းက ဒေါသတကြီး ပြောလိုက်သည်။

“ချင်ယွမ်! ငါတို့က မင်းကို စမ်းသပ်ကြည့်ဖို့ပဲ ပြောတာ!”

“ဘယ်သူက မင်းကို ထင်ရာစိုင်းခိုင်းခွင့်ပေးလိုက်လို့လဲ!?”

“ အရူး! ခြေရာတွေတောင် ချန်ထားခဲ့သေးတယ် ...ကောင်းကင်လမ်းစဉ်ဖြစ်တဲ့ မင်းက ဒီလောက်တောင် မိုက်မဲရသလား!?”

ဝီ-!!

ထိုအချိန်တွင်ပင်။

လေထဲတွင် ပျံ့နှံ့ထွက်ပေါ်လာသော နိယာမတရားများနှင့်အတူ ၊ နတ်အလင်းများ ထွန်လင်းတောက်ပလာသည်။ အဆုံးမရှိသော မဟာလမ်းစဉ် မြူဆိုင်းများသည် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများကို ထုတ်လွှတ်နေသည့် ရုပ်သဏ္ဍာန်နှစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

သေချာ ကြည့်လျှင်ဖြင့် ၊ အမျိုးသားတစ်ယောက် နှင့် အမျိုးသမီးတစ်ယောက်ကို မြင်တွေ့နိုင်သည်။

အမျိုးသားသည် အတော်လေး ငယ်ရွယ်ပြီး ကလေးငယ်မျက်နှာကဲ့သို့ ဖြစ်နေကာ သူ၏ အရပ်အမောင်း နှင့် ပေါင်းစပ်လိုက်ချိန်တွင် ကောင်လေးငယ်တစ်ယောက်နှင့် တူနေသည်။

ဤသူ၏ အမည်မှာ ဟောက်ယွင် ဖြစ်ပြီး၊ သံသရာစက်ဝန်းအမတနယ်မြေ၏ ကောင်းကင်လမ်းစဉ် ဖြစ်သည်။

သူ၏ ဘေးနားတွင် အစိမ်းရောင် ဇာဂါဝန်ထည်ကို ဝတ်ဆင်ထားပြီး ၊ နတ်အလင်းများ ဝန်းရံတောက်ပလျက် ခန္ဓာကိုယ်သွယ်လျလှပသော အမျိုးသမီးငယ်တစ်ဦး ရပ်နေသည်။

အပြင်ပန်းသဏ္ဍာန်ကို ကြည့်ရုံဖြင့် ၊ ပထမဆုံး ထင်မြင်ချက်မှာ သူမသည် နုပျိုလှပသော အမျိုးသမီးငယ် တစ်ယောက်နှင့် တူသည်ဟု ဆိုရပေမည်။

ဤအမျိုးသမီးသည် အမတနယ်မြေ လေးခုအနက်၊ ကောင်းကင်မိစ္ဆာအမတ နယ်မြေ၏ ကောင်းကင်လမ်းစဉ် ဖြစ်ပြီး၊ အမည်မှာ ရွှမ်ယောင် ဖြစ်သည်။

“ တော်လောက်ပြီ...ကိစ္စက ဖြစ်ပြီးနေပြီ၊ ဒီနေရာမှာ ဆက်နေထိုင်ဖို့မသင့်ဘူး “

ရွှမ်ယောင်က ဆိုလိုက်သည်။

“အာကာသ ရွှေ့ပြောင်းခြင်း အစီအရင် တည်ဆောက်ပြီးသွားပြီ၊ နင်တို့တွေ အသင့်ပြင်ထားကြတော့.. ငါတို့ ဒီနေရာကနေ အမြန်ထွက်ခွာမယ်”

ထို့နောက် ရွှမ်ယောင်သည် ဟောက်ယွင်ဘက်သို့ ပြန်လှည့်၍ မေးမြန်းလိုက်သည်။

“ ကျန်ခဲ့တဲ့ အမှတ်အသားတွေ ရှင်းပြီးသွားပြီလား “

“စိတ်ချလိုက်”

ဘေးနားက ဟောက်ယွင်က အေးစက်စွာ ပြန်ပြောလိုက်သည်။

“ငါ အမြန်ဆုံး ရှင်းလင်းပြီးပြီ ၊ ပီယွီ့ကောင်းကင်အရှင်အနေနဲ့ အများဆုံး ကြယ်စုနယ်မြေတစ်ခုပဲ ချိတ်ဆက်မိနိုင်တယ်”

“ကောင်းပြီ၊ လက်အောက်ငယ်သားတွေကို အသင့်ပြင်ထားဖို့ သွားပြောလိုက်တော့ “

ချန်ဟွမ်ထျန်းသည်လည်း ဆက်လက် အငြင်းအခုံ မဖြစ်ပွားတော့ချေ။ တုံးအလွန်းသော ချင်ယွင် ဆိုသည့် လက်တွဲဖော်ကြောင့် ဒုက္ခရောက်ခဲ့ရပြီ ဖြစ်ရာ လက်ရှိတွင် သူတို့အဖို့ နေရာပြောင်းရွှေ့ရန် မှလွဲ၍ အခြားနည်းလမ်းမရှိတော့ပေ။

အကယ်၍ ပီယွီ့ကောင်းကင်အရှင်သည် သူတို့ တည်ရှိရာ ကမ္ဘာကို ဖျက်ဆီးပစ်ခဲ့လျှင်၊ ထိုအခါမှသာ ဒုက္ခအကြီးအကျယ် ဆိုက်ရောက်ပေတော့မည်။

….

တစ်ချိန်တည်းမှာပင်။

အာကာသ လမ်းကြောင်းအတွင်း။

မိမိ၏တိုက်ခိုက်မှုသည် တဖက်လူ၏ တားဆီးခံရသည်ကို သတိပြုမိသော ပီယွီ့ကောင်းကင်အရှင်၏ လှပသော မျက်ဝန်းတစ်စုံသည် အနည်းငယ် လှုပ်ခတ်သွားသည်။

“အို...? ဒီအုပ်စု လှုပ်ရှားတာ သိပ်မြန်သကိုး “

“ငါရဲ့ တိုက်ခိုက်မှုကို ပယ်ဖျက်နိုင်တဲ့အပြင် ပြီးတော့ သူတို့ ချန်ထားခဲ့တဲ့ အမှတ်အသားတွေကိုပါ ဒီလောက်မြန်မြန် ရှင်းပစ်သတဲ့လား”

“ဒါပေမယ့်၊ နင်တို့ ဘယ်လောက်ပဲ မြန်မြန်ပြေးပြေး၊ နောက်ဆုံးတော့ ဒီကြယ်စုကနေ ထွက်ပြေးရမှာပဲ မဟုတ်လား”

ပီယွီ့ကောင်းကင်အရှင်၏ အသံတွင် သရော်သံများ ပါဝင်နေခဲ့သည်။

“ငါကတော့ အဲ့လူအိုကြီးကို ပြောတောင် ပြောပြီးသွားပြီ....”

“ လူအိုကြီးရဲ့ စိတ်အခြေအနေအရ၊ ဒီကြယ်စုတစ်ခုလုံးကို အပြီးအပိုင် ဖျက်ဆီးပစ်မှာ သေချာတယ်”

“နင်တို့အုပ်စု... လွတ်မြောက်နိုင်မလားတော့ ငါလည်း မသိဘူး”

သူကိုယ်တိုင် ထိုကြယ်စုကို မဖျက်သိမ်းရသည့် အကြောင်းရင်းမှာ အဘယ့်နည်း။

အဖြေမှာ - ပျင်းလွန်းတယ် !

သူကိုယ်တိုင် စူးချန်ကဲအတွက် ထူးဆန်းတဲ့မျက်လုံးကြီးရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပေးခဲ့ပြီးပြီ.. ပြီးတော့လည်း တစ်ချက်ပြန်ရိုက်ပြီး ကျေးဇူးဆပ်ပြီးပြီ !

ကျန်တဲ့ကိစ္စတွေကတော့ အဲ့ဒီလူအိုကြီးတွေလက်ထဲ ထည့်ထားလိုက်ရုံပဲ!

ပြီးတော့ စူးချန်ကဲနောက်ကွယ်မှာ လူအိုကြီးတွေရှိနေတာ ....ကိုယ်တွေအနေနဲ့ နေကြာစေ့စားရင်း ပွဲကြည့်ရုံပဲ ကောင်းဘူးလား ?

….

အခြားတစ်ဖက်တွင် ၊

ကွေးယွမ်အမတဂိုဏ်း၏ အနက်ရှိုင်းဆုံး အတွင်းပိုင်း၌ ၊

ကံကြမ္မာ ရွှေရေကန်ကို အားဖြည့်ပြုပြင်ပြီးသော တုံထျန်းအဝေးဘိုးဘေးသည် လေတစ်ချက် မှုတ်ထုတ်ပြီးနောက် ၊ လောကရှိ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သော သူ၏ မျက်လုံးတစ်စုံသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

“ကံကြမ္မာ ရွှေရေကန်ကို အားဖြည့်ပြီးပြီ.. ငါ့ကွေးယွမ်အမတဂိုဏ်းနဲ့ ရှုပ်ထွေးနေတဲ့ ကံအကျိုးဆက်တွေဟာ နောက်နှစ်တစ်ရာအတွင်း ထပ်မံ မပေါ်ပေါက်နိုင်တော့ဘူး...”

တစ်ချိန်တည်းမှာပင်၊ သူသည် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အခုတော့... အဲ့လူတွေကို စာရင်းရှင်းဖို့ အချိန်တန်ပြီ “

အခန်း (၆၉၈ ) : ကြယ်စုနယ်မြေကို ဖျက်ဆီးရန် အမိန့်တော် ကျရောက်လာခြင်း

တုံထျန်းအဝေးဘိုးဘေးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မဟာလမ်းစဉ် ရောင်ဝါများကို ထုတ်လွှတ်လိုက်သည်။

ဝီ-!!

ရုတ်တရက်ပင် မဟာလမ်းစဉ် မှော်သင်္ကေတများသည် သူ၏ ဘေးတဝိုက်တွင် ထွက်ပေါ်လာကာ အဆုံးတွင် မူလမဟာလမ်းစဉ်၏ ရှေးဟောင်း အက္ခရာစာလုံးများအဖြစ် စုစည်းသွားခဲ့သည်။ ၎င်းသည် စကြဝဠာတစ်ခွင်ရှိ နယ်မြေအားလုံးတွင် သက်ရောက်နိုင်စွမ်းရှိသည်ဟု ထင်ရသည်။

ပီယွီ့ကောင်းကင်အရှင် ပေးသော သတင်းအချက်အလက်အရ ၊

တုံထျန်းအဝေးဘိုးဘေး၏ မျက်ဝန်းတစ်စုံသည် အတိုင်းအဆမရှိသော အာကာသကို ထိုးဖောက်သွားသကဲ့သို့၊ ကျယ်ပြန့်လှသော စကြဝဠာ အာကာသအတွင်း အဆက်မပြတ် ရှာဖွေနေခဲ့သည်။

နောက်ဆုံးတွင်၊ အဆိုပါ နက်ရှိုင်းသော မျက်ဝန်းတစ်စုံသည် အစွန်းရောက်ကာ လူသူကင်းမဲ့သော ကြယ်စုနယ်မြေတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။

“ဟားးး... နေရာရွေးတာ အတော် တော်သကိုး ၊ ဒီလို အစွန်းရောက်ပြီး လူသူကင်းမဲ့တဲ့ ကြယ်စုနယ်မြေမှာ ပုန်းအောင်းနေတာ”

တုံထျန်းအဝေးဘိုးဘေးက သရော်သံဖြင့် ပြောဆိုလိုက်သည်။

“ဒါကြောင့်လည်း ဒီနှစ်ပေါင်းများစွာအတွင်း အမတနယ်မြေက မင်းတို့ကောင်တွေကို ရှာမတွေ့နိုင်ခဲ့တာပဲ”

အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်တွင် ကြီးမြတ်သော နတ်ဘုရားစွမ်းအားတစ်ခု ရှိသည်။ ဤသည်မှာ ကောင်းကင်ဘုံ လျို့ဝှက်ချက် နဲ့ ကံကြမ္မာကို ကာကွယ်ပိတ်ဆို့နိုင်သည့် အတတ်ပညာပင် ဖြစ်သည်။

မည်သည့် မဟာလမ်းစဉ် စွမ်းအားရှင်မဆို ၊ သူတို့၏ တိကျသော တည်နေရာကို ရှာဖွေမတွေ့ရှိနိုင်ပေ။ သူတို့ကိုယ်တိုင် ထွက်ပေါ်မလာသရွေ့ လောကရှိ မည်သူမဆို ရှာဖွေတွေ့ရှိမည် မဟုတ်ချေ။

အမတ ဧကရာဇ်ထက် သာလွန်သော စွမ်းအားရှင်များပင် သမိုင်းကို ပြောင်းပြန်လှန်ကာ တွက်ချက်မှုများပြုလုပ်လျှင်ပင် ၊ သူတို့၏ အရိပ်အယောင်ကို အနည်းငယ်မျှပင် ရှာတွေ့မည်မဟုတ်။

အကြောင်းမှာ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ် ဟူသည် ကမ္ဘာလောက၏ ဆန္ဒနှင့် သက်ရှိအပေါင်းတို့၏ ဆန္ဒများမှ ပူးပေါင်းဖန်တီးထားသော မူလဝိညာဉ် ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာခြင်းဖြစ်ပြီး ဤလောက၏ အစိတ်အပိုင်းတစ်ခုဟု ဆိုနိုင်သည်။

စကြဝဠာအတွင်းသို့ ဝင်ရောက်ပုန်းအောင်းကာ ၊ မိမိ၏ ရောင်ဝါကို သက်ရှိအပေါင်း ၊ နေ ၊ လ ကြယ်များနှင့် ပေါင်းစပ်ထားသရွေ့ တစ်စုံတစ်ယောက်က ဆွဲထုတ်ဖို့ ကြိုးစားရင်တောင် ရှာတွေ့နိုင်မည်မဟုတ်ပေ။

“သူတို့ကို ရှာတွေ့ပြီ!”

“အဲ့တော့လည်း တိုက်ရိုက် ဖျက်ဆီးလိုက်ရုံပေါ့ “

ထိုစကားသံအဆုံးတွင် ၊

တုံထျန်းအဝေးဘိုးဘေး၏ မျက်ဝန်းတစ်စုံ၌ နတ်အလင်းလှိုင်းများ လှုပ်ခတ်သွားပြီး သူ့လက်ကို တချက်ဝှေ့ယမ်းလိုက်သည်။

ဝီ-!!

တခဏအတွင်း။

အလင်းမိုးများ ပေါ်ထွက်လာကာ၊ ၎င်းတို့သည် သူ၏ ရှေ့မှောက်တွင် တစ်ခုနှင့်တစ်ခု ယှက်နွယ်ကာ ပြိုးပျက်စွာ တောက်ပသော ကြယ်မြေပုံ တစ်ခု ဖြစ်လာခဲ့သည်။

မရေမတွက်နိုင်သော နဂါးငွေ့တန်း ကြိုးမျှင်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆွဲရေးဆွဲရင်းဖြင့် အဆုံးတွင် ကြယ်မြေပုံပေါ်ရှိ မြင်ကွင်းများသည် ပို၍ ထင်သာမြင်သာ ရှိလာခဲ့ပြီး နေ၊ လနှင့် ကြယ်များစွာ ပေါ်ထွက်လာခဲ့သည်။

ဤမြင်ကွင်းကို ကြည့်လျှင်ဖြင့် ၊ ၎င်းသည် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များ ပုန်းအောင်းနေသော ထိုကြယ်စုဖြစ်ကြောင်း ထင်ရှားပေသည်။

ထို့နောက် တုံထျန်းအဝေးဘိုးဘေးသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။

သူ၏လက်ချောင်းသည် ကြယ်မြေပုံပေါ်တွင် ရွေ့လျားနေကာ တစ်စုံတစ်ရာကို ရေးသားနေသဟန်ရှိသည်။

…….

အခြားတစ်ဖက်တွင် ၊

အာကာသ ရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ပြင်ဆင်နေသော ကောင်းကင်လမ်းစဉ် လေးပါးသည် ရုတ်တရက် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။

သူတို့လေးဦးစလုံးသည် ကြောက်မက်ဖွယ် အင်အားတစ်ခုသည် ဤနေရာသို့ ဖြည်းဖြည်းချင်း ကျရောက်လာနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

“ဒီရောင်ဝါက....”

ဝီ-!!

ကြယ်စုနယ်မြေ တစ်ခုလုံး၏ မိုးကောင်းကင်သည် ရုတ်တရက် တဆက်ဆက် တုန်ခါလာသည်။

ကြယ်တာရာများ ၊ မှော်သင်္ကေတများ ၊ နိယာမတရားများ အားလုံးသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်နေသည်။

ဤကြောက်မက်ဖွယ်ရာ အင်အား ကျရောက်လာသည်နှင့်အမျှ အချိန်မရွေး ပေါက်ကွဲတော့မည့်အလား ထင်ရသည်။

ဤခွန်အားကို နယ်ပယ်အဆင့်ဖြင့် ဖော်ပြရန် ခဲယဉ်းပေသည်။ ဤကမ္ဘာ၏ အချိန်နှင့် အာကာသသည်ပင် ရပ်တန့်လုမတတ် ဖြစ်ပေါ်နေသည်။

ကောင်းကင်လမ်းစဉ် လေးဦးစလုံး၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များအောက်တွင် ၊

အက္ခရာစာလုံး တစ်ခုအဖြစ် ဖွဲ့စည်းထားဟန်ရှိသော တောက်ပသည့် မှော်သင်္ကေတအလင်းများသည် ဟင်းလင်းပြင်အထက်တွင် အဆုံးမရှိ မျောလွင့်လာသည်ကို တွေ့မြင်လိုက်ရသည်။

ထိုအရာ ကြည့်လျှင်၊ အလွန်ကြောက်မက်ဖွယ် ကောင်းသော ရုပ်သဏ္ဍာန်တစ်ခုသည် မဟာလမ်းစဉ်ကို စုတ်တံအဖြစ် အသုံးပြုကာ ဤကမ္ဘာအပေါ်သို့ အမိန့်တော်တစ်ခု ချမှတ်လိုက်ပုံရသည်။

“ သေသင့်တဲ့လူကြီး ! အဲ့အဖိုးအိုကြီး တိုက်ခိုက်လာပြီ!”

ချန်ဟွမ်ထျန်းက အော်ဟစ်လိုက်သည်။

“မြန်မြန်လုပ် ! အာကာသ ရွှေ့ပြောင်းခြင်း အစီအရင်ကို စတင်လိုက်တော့”

ကြောက်ရွံ့စွာ ပြောဆိုလိုက်သော ချန်ဟွမ်ထျန်း၏ စကားသံအပြီးတွင် ၊

ဝီ !!

ထိုစဉ် မရေမတွက်နိုင်သော အလင်းတန်းများစွာ ပေါက်ကွဲထွက်ပေါ်လာပြီး ၊ မိုးကောင်းကင်တွင် အသင့်စောင့်နေသော အက္ခရာစာလုံးတိုင်းသည် အသက်ဝင်လာသကဲ့သို့ လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

နောက်ဆုံးတွင် မိုးနှင့်မြေကြား ရှေးဟောင်းအက္ခရာတစ်လုံးကို ဖွဲ့စည်းခဲ့လေသည်။

“ဖျက်ဆီး!”

ဤရှေးဟောင်း အက္ခရာစာလုံး ပေါ်လာသည့် အခိုက်အတန့်မှာပင်။

ဝုန်း !!

ထိုအရာမှ ယှဉ်နိုင်စရာမရှိသည့် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ အဖျက်စွမ်းအားများသည် အဖျက်မြစ်တစ်စင်းသဖွယ် စီးဆင်းလာပြီး ဤလောကကြီးတစ်ခုလုံးကို ဖုံးအုပ်သွားလေ၏။

ကွဲအက်သံ!

ဤအဖျက်စွမ်းအားများ ထွက်ပေါ်လာသည်နှင့် ၊ ဤကြယ်စုနယ်မြေ တစ်ခုလုံးသည် ဖရိုဖရဲဖြစ်နေကာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းသော အက်ကွဲရာများ ထွက်ပေါ်လာခဲ့သည်။

ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်မြည်ဟည်းနေပြီး ပြိုကွဲသွားမည့်အလားအလာ ရှိနေသည်။

ပင့်ကူအိမ်ပုံစံ ကဲ့သို့သော အာကာသ အက်ကြောင်းများသည် တစ်စက္ကန့်အတွင်းမှာပင် မိုးကောင်းကင်၏ ထောင့်တိုင်းဆီသို့ ပျံ့နှံ့သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ၊ ကမ္ဘာကြီးတစ်ခုလုံးသည် ကမ္ဘာပျက်တော့မည် မြင်ကွင်းများဖြင့် ဖုံးလွှမ်းနေသည်။

“မြန်မြန်! အာကာသ ရွှေ့ပြောင်းခြင်း အစီအရင်ကို ဖွင့်လိုက်!”

ချန်ဟွမ်ထျန်းသည် ကြောက်ရွံ့တုန်လှုပ်နေသော လေသံဖြင့် အော်ဟစ်လိုက်သည်။

ဘုန်း !!

ထိုစကားသံထွက်ပေါ်လာပြီး နောက်အခိုက်အတန့်တွင်ပင် ၊

အဖျက်စွမ်းအားများသည် တသိမ့်သိမ့် ရိုက်ခတ်လှုပ်ရှားနေသော ကပ်ဘေးမိုးကြိုးသဖွယ် ပြောင်းလဲသွားပြီး ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မည့် ရောင်ဝါများကို ထုတ်လွှတ်လာခဲ့သည်။

မိုးနှင့်မြေ ၊ ကြယ်တာရာ ၊ မှော်သင်္ကေတ၊ နိယာမတရား၊ အမတစွမ်းအင် စသည့် အရာအားလုံးသည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အမြန်ဆုံး ပြိုကွဲပျက်စီးလာကြသည်။

ကြောက်မက်ဖွယ် ကောင်းသော အာကာသမုန်တိုင်းများ တိုက်ခတ်လာပြီး ၊ ဖြတ်သန်းသွားလေရာ နေရာတိုင်းတွင် ဟင်းလင်းပြင်အလွှာများ ပုံပျက်ကာ ကြောက်မက်ဖွယ်ကောင်းသော အမဲရောင်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

ဤကောင်းကင်လမ်းစဉ် ကမ္ဘာကြီးသည်လည်း၊ အဆိုပါ ကြောက်မက်ဖွယ်ရာ အင်အားကြောင့် အပြီးအပိုင် ဖျက်ဆီးခံလိုက်ရသည်။

အပြင်ဘက်မြင်ကွင်းသည် ပို၍ပင် ကြောက်စရာကောင်းပေသည်။

ဤနယ်မြေတစ်ခုလုံးသည် ကြောက်ခမန်းလိလိ အဖျက်မုန်တိုင်းကြောင့် ပျက်သုဉ်းသွားပုံရပေသည်။

ဝုန်း ! !

ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသကဲ့သို့ ကျယ်လောင်သံသည် မည်မျှဝေးကွာသော နေရာထိ ကြားရသည်ကိုပင် မသိနိုင်ချေ။

ဤနေရာမှ မိုင်သန်းပေါင်းများစွာ ဝေးကွာသော ကြယ်စုနယ်မြေများမှ သက်ရှိများပင် ဤကြောက်မက်ဖွယ်ရာ ကောင်းသော ကမ္ဘာ‌မြေ ပျက်စီးသံကို ကြားလိုက်ရသည်။

သူတို့အားလုံး၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး ၊ မိုးကုပ်စက်ဝိုင်း တစ်နေရာကို သူ့အလိုလို မော့ကြည့်လိုက်ကြသည်။

“ဒါက....”

မိုးကုပ်စက်ဝိုင်းပေါ်ရှိ ကောင်းကင်သည် ပင့်ကူအိမ်ပုံစံအဖြစ်သို့ အက်ကွဲရာများ ဖြစ်ပေါ်နေပြီး ၊ အနက်ရောင် လျှပ်စီးမိုးကြိုးများသည် ဖြတ်သန်းလှုပ်ရှားနေသည်မှာ ထိုနေရာတစ်ခုလုံးနှင့် ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်နေသယောင် ထင်ရသည်။

မည်မျှ ဝေးကွာသော နေရာတွင် ဖြစ်ပွားနေမှန်း မသိရသော်လည်း၊ ရိုက်ခတ်သွားသော ဖျက်ဆီးခြင်း အရှိန်အဝါသည် လူတိုင်းကို အရိုးထဲထိ အေးစိမ့်သွားစေသည်။

သူတို့သည် အမတဧကရာဇ် စွမ်းအားရှင်တစ်ဦးမှ လက်နက်ကိုင် တိုက်ခိုက်နေသည်ဟူ၍ပင် သံသယဝင်မိကြသည်။

အခန်း (၆၉၉ ) : ကြယ်စုနယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ခြင်း

အချိန်မည်မျှ ကြာမြင့်သွားလေသလဲ မသိ။

အာကာသ၏ တုန်လှုပ်မြည်ဟည်းသံသည် တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။

ကောင်းကင်လမ်းစဉ်များ ပုန်းအောင်းနေသော ကမ္ဘာသည်လည်း ဖုန်မှုန့်အဖြစ် အပြီးအပိုင် ပျောက်ကွယ်သွားခဲ့လေသည်။

ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ အရာအားလုံးသည် မှောင်မိုက်နေသော ဗလာတစ်ခုသာပင်။

နှစ်ကာလပေါင်းများစွာ ငြိမ်သက်နေခဲ့သော ကြယ်တာရာများသည် အပြီးအပိုင် ပျောက်ကွယ်သွားခဲ့ပြီး ဖုန်မှုန့်မျှပင် မကျန်တော့ချေ။

ဝီ !!

ထိုစဉ် ၊ မှောင်မိုက်နေသော ဗလာဟင်းလင်းပြင်အတွင်းမှ ရုတ်တရက်ပင် ထွန်းလင်းတောက်ပနေသော နတ်အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် အာကာသသည် ဖြည်းဖြည်းချင်း အက်ကွဲသွားကာ ၊ ထိုအက်ကွဲကြောင်းမှ အရာအားလုံးကို ထိုးဖောက်မြင်နိုင်သော မျက်ဝန်းတစ်စုံ ပေါ်ထွက်လာခဲ့သည်။

“ဟားး.... ဒီကောင်တွေ ခုခံတိုက်ခိုက်ကြမယ်လို့ ထင်ခဲ့တာ...ဘယ့်နှယ် ထွက်ပြေးသွားသတဲ့လား”

တုံထျန်းအဝေးဘိုးဘေး၏ ခမ်းနားထည်ဝါသောအသံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

“တကယ်ကို ပျင်းစရာပဲ “

အမတနယ်မြေရှိ ကောင်းကင်လမ်းစဉ်များ၏ လက်ရှိခွန်အားသည် အရင်ကထက် များစွာ နိမ့်ကျနေသော်လည်း ၊

သို့သော် သာမန်အမတ ဧကရာဇ်မင်းထက် များစွာ ပိုအစွမ်းထက်သည်မှာ အသေအချာပင် ။ ထို့အပြင် ၎င်းတို့သည် အမတနယ်မြေနှင့် ဆက်သွယ်နိုင်ပြီး၊ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ် စွမ်းအားကိုလည်း ခေါ်ယူအသုံးပြုနိုင်သည်။

ဤတစ်ကြိမ်တွင် တုံထျန်းအဝေးဘိုးဘေး၏ ကိုယ်ခွဲဖြင့် တိုက်ခိုက်သည်ကို ထည့်မဆိုနှင့်၊ ၎င်းတို့ကို အပြီးတိုင်ချေမှုန်းရန်ပင် မလွယ်ကူချေ။

သို့ဆိုတောင်၊ တုံထျန်းအဝေးဘိုးဘေးသည် ထိုအရာကို ဂရုမစိုက်ပေ။

အကြောင်းမှာ ၊ ဤသကောင့်သားများသည် လက်ရှိတွင် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များ ဖြစ်နေသည့်အတွက် ၎င်းတို့ကို ဖယ်ရှားရန် ကြိုးစားအားထုတ်မှု အနည်းငယ် လိုအပ်ပေလိမ့်မည်။

ဤတစ်ကြိမ် တိုက်ခိုက်မှုမှာ ထိုလူလေးဦးကို သတိပေးလိုက်ခြင်းသာ ဖြစ်သည်။

ညစ်ပတ်တဲ့ လှည့်ကွက်တွေကို အသုံးပြုပြီး စူးချန်ကဲကို ထိခိုက်အောင် လုပ်ရဲတယ် ဟုတ်လား ?

ဒါဆို ဒီအဖိုးအိုကြီးတွေရဲ့ အဆုံးမရှိတဲ့ အမျက်ဒေါသကို ခံယူပေတော့!!

……….

တစ်ချိန်တည်းမှာပင်။

ဤပြိုကွဲသွားသော ကြယ်စုမှ မိုင်သန်းပေါင်းများစွာ ဝေးကွာသော လျှို့ဝှက်ကမ္ဘာတစ်ခုတွင်၊

ဝီ !!

များပြားလှသော မဟာလမ်းစဉ် မှော်သင်္ကေတများသည် ကောင်းကင်ပြင်ပေါ်တွင် ပေါ်ထွက်လာပြီး ၊ အဆုံးတွင် ကြီးမားသော အာကာသ အစီအရင်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ဖွဲ့စည်းသွားသည်။

အစီအရင်သည် သက်ဝင်လှုပ်ရှားသွားသည်နှင့် ၊

ရှက်ရွံ့နေပြီး အနည်းငယ် ကြောက်ရွံ့နေသော အမူအရာများဖြင့် ရှိနေသော လူလေးဦးသည် အစီအရင်အတွင်း ယိုင်ထိုးကာ ထွက်ပေါ်လာကြသည်။

“သေသင့်တဲ့ကောင်!”

မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေသော ချင်ယွမ်က ဒေါသတကြီး ဆဲဆိုလိုက်သည်။

“ဒီအဖိုးအိုကြီး တကယ်ကို ရူးသွားပြီပဲ!”

“သူ့ရဲ့ ကိုယ်ခွဲအင်အားကို အသုံးပြုပြီး ကြယ်စု နယ်မြေတစ်ခုလုံးကို ဖျက်သိမ်းပစ်လိုက်တယ်!”

“မဟာလမ်းစဉ်ရဲ့ တန်ပြန်မှုကို ခံရမှာ မကြောက်ဘူးလား!?”

“ မင်းအပေါက် ပိတ်စမ်း!”

“မင်းသာ ထင်ရာစိုင်းပြီး လျှောက်မလုပ်ခဲ့ရင် .. ငါတို့ ဒီလို ဒုက္ခရောက်မှာမဟုတ်ဘူး”

ချန်ဟွမ်ထျန်းသည် အလွန်အမင်း အမျက်ထွက်ကာ ၊ ချင်ယွမ်၏ လည်စကို ဆုပ်ကိုင်လျက် ဆဲဆိုလိုက်သည်။

“ငါတို့ နှစ်ပေါင်းများစွာ ကြိုးစားပြီး တည်ဆောက်ခဲ့ရတဲ့ မှန်ကမ္ဘာက ဒီကိစ္စကြောင့် တစ်ဝက်လောက် ဖျက်ဆီးခံလိုက်ရတယ်!”

“တစ်ဝက်တော့ ကျန်သေးတယ် မဟုတ်လား”

ချင်ယွမ်သည် ဂရုမစိုက်သကဲ့သို့ မျက်နှာထားဖြင့် ။

“ ဘာမှမဖြစ်ဘူး ..ပြန်တည်ဆောက်တဲ့အခါ ငါ အားပိုထည့်လိုက်မယ်”

“မင်း.....!”

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ဟွမ်ထျန်းခမျာ ပို၍ပင် ဒေါသထွက်သွားသည်။

ယခုအခါ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များတွင် သူတို့လေးဦးတည်းသာ ကျန်ရှိနေခြင်းမရှိပါက ၊ ချန်ဟွမ်ထျန်းသည် ဤသကောင့်သားကို သတ်ပစ်ပြီး ဖြစ်ပေမည်။

“ကဲပါ...ငါတို့ အများကြီး ဆုံးရှုံးခဲ့ရပေမယ့် အရေးကြီးတဲ့ အရာတချို့ကိုတော့ မဆုံးရှုံးလိုက်ရဘူး”

ဘေးနားက ရွှမ်ယောင်က ဝင်ပြောလိုက်သည်။

“ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တော့ .. ဒီတစ်ခေါက် ကိစ္စနဲ့ ငါတို့ အဲ့လူအိုကြီးရဲ့ အတိုင်းအတာကို သိခဲ့ရပြီးပြီ”

“ အကောင်းဆုံးကတော့ စူးချန်ကဲကို သွားမထိဖို့ပဲ!”

ထိုစကားများအဆုံးတွင် ၊

အခြား ကောင်းကင်လမ်းစဉ် သုံးဦး၏ မျက်နှာအမူအရာတို့သည် ကြည့်ရဆိုးနေခဲ့သည်။

ဟောက်ယွင် က အသက်ပြင်းပြင်းရှူလိုက်ပြီး၊ မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။

“ဒါပေမယ့်.... ဒီစူးချန်ကဲဟာ ငါတို့ အစီအစဉ်အတွက် အနှောင့်အယှက်တစ်ခုပဲ ၊ အကယ်၍ ဒီတိုင်းပစ်ထားလိုက်ရင် အနာဂတ်မှာ ငါတို့နဲ့ တိုက်ပွဲဖြစ်လာမှာ သေချာတယ်”

“ သူ့ကို ပိုပြီးသန်မာလာအောင် ဒီတိုင်းပဲ လွှတ်ထားလိုက်မှာလား “

“မဟုတ်ဘူး၊ ရွှမ်ယောင်ရဲ့ သဘောက ဒီတားမြစ်အင်အားစု သုံးဖွဲ့နဲ့ ပဋိပက္ခဖြစ်နေတာ၊ ငါတို့တွေချည်းပဲ မဟုတ်ဘူး”

ဘေးနားက ချန်ဟွမ်ထျန်းက စကားဆက်လိုက်သည်။

“မေ့မထားနဲ့၊ အုပ်စိုးရှင် အင်အားစုအချို့ ပြီးတော့ ထိပ်တန်း အမတဂိုဏ်းတွေနဲ့ အတုမရှိ ကောင်းကင်ဂူတွေမှာလည်း သူတို့နဲ့ မသင့်မြတ်တဲ့ အင်အားစုတွေ အများကြီးရှိသေးတယ်”

“သူတို့တွေ ပေါ်ထွက်လာတာနဲ့ အဲ့တားမြစ်အင်အားစု သုံးခုနဲ့ ပဋိပက္ခ ဖြစ်ပွားမှာ အသေအချာပဲ....အဲ့ချိန်ကြရင် ငါတို့က ဓားဌားပြီး လူသတ်ရုံပဲ “

“ပြီးတော့၊ လက်ရှိ အမတနယ်မြေ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကိုလည်း မင်းတို့ မေ့မထားကြနဲ့”

“အမှောင်ထု မူလနယ်မြေက ငါတို့နဲ့လည်း ရန်သူဖြစ်ပေမယ့်၊ အမှောင်ထု ပြန်လည်ထွက်ပေါ်လာတဲ့အခါ သူတို့လည်း အဲ့ဒီတားမြစ်အင်အားစု သုံးဖွဲ့ နဲ့ ပဋိပက္ခ ဖြစ်မှာ သေချာတယ်”

“ နှစ်ဖက်စလုံး ဒဏ်ရာရတာနဲ့ ငါတို့က ဝင်ပြီး ပွဲသိမ်းလိုက်ရုံပဲ “

ထိုစကားများအပြီးတွင် ၊ ရွှမ်ယောင်သည် သဘောတူသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။

“ကျွန်မကို သိတဲ့သူက ချန်ဟွမ်ထျန်း ရှင်ပဲရှိတယ်!”

တစ်ချိန်တည်းမှာပင်၊ သူမသည် ချင်ယွမ် ဘက်သို့ ပြန်လှည့်ကာ မှာကြားလိုက်သည်။

“ နောက်ထပ် ထင်ရာမစိုင်းနဲ့.. ထပ်ပြီး အမှားလုပ်မိရင် အဲ့ကြရင်တော့ သည်းမခံတော့ဘူး”

ထိုသို့ပြောပြီးနောက် ၊ ရွှမ်ယောင်သည် ကြောက်မက်ဖွယ် ကောင်းသော အဖျက်စွမ်းအားများကို ထုတ်လွှတ်လိုက်သဖြင့် သူမ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် အနည်းငယ် ပုံပျက်သွားပြီး တုန်လှုပ်မြည်ဟည်းသံများ ထွက်ပေါ်နေခဲ့သည်။

“ဟွန်း!”

ချင်ယွမ်သည် အေးစက်စွာ ပြောဆိုလိုက်သည်။

“မင်းပြောစရာမလိုဘူး... ငါ့အတိုင်းအတာ ငါ သိတယ်”

သူကိုယ်တိုင်လည်း သိသည်။ အကယ်၍ စူးချန်ကဲကို ထပ်မံ တိုက်ခိုက်ပါက၊ သူ၏ နောက်ကွယ်က လူအိုကြီးများသည် အမတနယ်မြေတစ်ခုလုံးကို မြေလှန်ပစ်ရဲသည့်အထိ သူ့ကို ရှာဖွေပေလိမ့်မည်။

တစ်ခါမှားရင် အမှား ၊ နှစ်ခါထပ်မှားလျှင်ဖြင့် ဤသည်မှာ မိုက်ရူးရဲဆန်ခြင်း ဖြစ်သည်ဟု ဆိုရပေတော့မည်။

….

အခြားတစ်ဖက်တွင် ၊

အာကာသလမ်းကြောင်း အတွင်း။

“ငါ အဲဒီကြယ်စုမှာ တမင်ထားခဲ့တဲ့ အမှတ်အသားတွေက ပျောက်ကွယ်သွားပြီပဲ....”

ပီယွီ့ကောင်းကင်အရှင်သည် နှုတ်မှ တီးတိုးရွတ်ဆိုလိုက်သည်။

“ကြည့်ရတာ အဲ့အဖိုးကြီး လက်ချက်နဲ့ တူတယ်”

တစ်ချိန်တည်းမှာပင်၊ သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေသော စူးချန်ကဲသည်လည်း အံ့အားသင့်ရာမှ ပြန်လည် သတိကပ်လာခဲ့သည်။

သူ၏အတွေ့အကြုံများမှ တဆင့် ၊ သူ၏ စိတ်ထဲတွင် အကြမ်းဖျင်း မှန်းဆထားပြီး ဖြစ်သည်။

သူသည် ကျောက်စိမ်းပုရပိုက်ပေါ်မှ လျှို့ဝှက်ချက်သည် အမတနယ်မြေရှိ ကောင်းကင်လမ်းစဉ်များပင် ဖြစ်နိုင်သည်ဟု မှန်းဆလိုက်သည်နှင့်၊

ထူးဆန်းသော မျက်လုံးတစ်လုံးသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ဤနေရာသို့ ဆင်းသက်လာခဲ့သည်။

ဤအရာကြောင့် သူသည် သံသယဝင်ရခြင်း ဖြစ်သည်။ သူသည် မသိသင့်သော အရာအချို့ကို သိရှိသွားသောကြောင့် နောက်ကွယ်မှ လက်မည်းကြီးသည် သူ့ကို ဖျက်ဆီးပစ်ရန် ကြံရွယ်ခဲ့လေခြင်း မဟုတ်လေသလော။

အခန်း (၇၀၀): နတ်ဘုရားအမတမျှော်စင်သို့ ဆင်းသက်ခြင်း!

“လူကြီးမင်း.... ခုနက ထူးဆန်းတဲ့ မျက်လုံးကြီးက.... အဲ့တာက အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်က ...”

စူးချန်ကဲ စကားမဆုံးမီ ၊ ပီယွီ့ကောင်းကင်အရှင်က ဖြတ်ပြောလိုက်သည်။

“မင်းက အခုမှ အမတလမ်းကြောင်းထဲကို ဝင်ရောက်ကာစ ပုစွန်ဆိတ်သာသာပဲ ရှိဦးမယ် “

“အမတနယ်မြေ ရဲ့ ရှေးဟောင်းလျှို့ဝှက်ချက်ကို ဆွေးနွေးဖို့ အလျင်လိုနေပြီလား”

“တုံထျန်း အဖိုးကြီး ရူးတာ ထားဦး ... မင်းလည်း လိုက်ရူးမလို့လား”

“ပြီးတော့၊ နောက်ဆို ဘယ်သူ့ကိုမဆို တွေ့တာနဲ့ ဓားနဲ့ ဖြေရှင်းဖို့ မစဉ်းစားနဲ့ “

“ငါပြောပြီးပြီ ၊ မျိုးဆက်သစ် လူငယ်တွေကို မင်းကိုယ်တိုင် ဖြေရှင်း... မျိုးဆက်ဟောင်း လူအိုကြီးတွေကိုတော့ ငါ မင်းအစား ဖြေရှင်းပေးမယ် “

ဆူပူသတိပေးပြီးနောက်၊ ပီယွီ့ကောင်းကင်အရှင်သည် စူးချန်ကဲအား ထပ်မေးခွန်းထုတ်ရန် အခွင့်မပေးသော ပုံစံဖြင့် ရှိနေသည်။

ဝီ !!

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းမြူများဖြင့် လွှမ်းခြုံသွားပြီး ခဏလေးအတွင်းမှာပင် ကြယ်မှုန်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

ဤကိစ္စကို ဖြေရှင်းပြီးခဲ့ပြီ ဖြစ်သောကြောင့် ပီယွီ့ကောင်းကင်အရှင်သည် အခြား အာကာသကမ္ဘာတစ်ခုထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

“ပီယွီ့ကောင်းကင်အရှင် လူကြီးမင်း....?”

ဤမြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲမှာ အနည်းငယ် ရှုပ်ထွေးသွားသော်လည်း၊ မည်သည့်စကားမှ ထပ်မပြောတော့ချေ။

မိမိ၏ ကာကွယ်သူသည် အတော်လေး ထူးခြားသော စရိုက်လက္ခဏာရှိပုံရသည်။

သူ့အတွက် လူအိုကြီးများကို ရိုက်နှက်ပေးသည့် ကိစ္စမှလွဲ၍ အခြားကိစ္စများကို စိတ်မဝင်စားပုံရသည်။

“ကဲပါ ... ငါ အဆင့်တတ်လာတာနဲ့ သိသင့်သိထိုက်တာတွေကို သိလာရမှာပဲ”

စူးချန်ကဲသည် ဆက်မတွေးတော့ဘဲ ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များအားလုံးကို မှာကြားလိုက်သည်။

“အားလုံး ကိုယ့်အဆောင်ကို ပြန်သွားလို့ရပြီ.. ဆက်ပြီး ခရီးနှင်ကြမယ်”

သို့သော် စူးချန်ကဲ၏ အေးဆေးတည်ငြိမ်မှုနှင့် ယှဉ်လျှင် ၊ ကွေးယွမ်အမတဂိုဏ်းရှိ တပည့်တိုင်း၏ စိတ်ထဲတွင် အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။

စူးချန်ကဲ၏ နောက်ကျောပုံရိပ်သည် မြင်ကွင်းမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးနောက်မှသာလျှင် ၊

ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များသည် တိုးတိုးတိတ်တိတ် ဆွေးနွေးရဲကြသည်။

“ဟား.... ခုနက မင်းတို့ အားလုံး မြင်ခဲ့တယ်မဟုတ်လား..ချန်ကဲဆက်ခံသူရဲ့ ခန့်ညားမှုနဲ့ စိတ်ဓာတ်က ငါတို့နဲ့ နှိုင်းယှဉ်မရတာတော့ အမှန်ပဲ “

“ထူးဆန်းတဲ့မျက်လုံးကြီးကနေ ထုတ်လွှတ်လိုက်တဲ့ မဟာလမ်းစဉ် ရောင်ဝါက အမတ ဧကရာဇ်အဆင့် ရှိတယ်”

“ဒါပေမယ့် ချန်ကဲ ဆက်ခံသူက မကြောက်မရွံ့ ဓားနဲ့တောင် ချိန်ရွယ်လိုက်သေးတယ်”

စောနက မြင်ကွင်းကို မြင်တွေ့ခဲ့ကြသူတိုင်း ၊ စိတ်လှုပ်ရှားနေကြသော လေသံဖြင့် တစ်ယောက်နှင့် တစ်ယောက် ပြောဆိုနေလေ၏။

“ချန်ကဲ ဆက်ခံသူက ထာဝရ နတ်ဘုရားတစ်ပါးဆိုတာ ငါ ပြောနိုင်တယ်!”

“…….”

ထို့အပြင်၊ သူတို့ကို ပို၍ အားကျစေခဲ့သည်မှာ သူတို့ ကွေးယွမ်အမတဂိုဏ်း၏ နတ်ဘုရား မိုးမခပင်ဖြစ်သော ပီယွီ့ကောင်းကင်အရှင်သည် စူးချန်ကဲ၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်နေခြင်းပင်။

သူတို့၏ အမြင်တွင် ပီယွီ့ကောင်းကင်အရှင်သည် တပ်မက်မှုကင်းသော ပုဂ္ဂိုလ်အဖြစ် ကျော်ကြားပြီး ၊ အခြားကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် စိတ်မဝင်စားချေ။

သို့သော် ခုနက သူတို့အားလုံးသည် ပီယွီ့ကောင်းကင်အရှင်ထံမှ စိတ်ဆိုးနေဟန် နှင့်တူသော စိတ်ခံစားမှုကို ထင်ရှားစွာ ခံစားခဲ့ရသည်။

ထူးဆန်းသော မျက်လုံးကြီးသည် စူးချန်ကဲအား မဆင်မခြင် တိုက်ခိုက်ခဲ့သည်အတွက် စိတ်ဆိုးနေသကဲ့သို့ပင်။

ဤအချက်ကြောင့် ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များစွာ၏ စိတ်ထဲတွင် အံ့အားသင့်မှုများ ဖြစ်ခဲ့ရသည်။

“မင်းတို့ ပြောကြည့်စမ်း .. ချန်ကဲဆက်ခံသူက ပီယွီ့ကောင်းကင်အရှင် လူကြီးမင်းအတွက် အရေးကြီးတဲ့ လူတစ်ယောက် ဖြစ်နေမလား..”

“မဖြစ်နိုင်တာ....ပီယွီ့ကောင်းကင်အရှင် လူကြီးမင်းက မိုးမခပင် တစ်ပင်ပဲ မဟုတ်လား”

“ ငါတို့လို လူသားတွေကို စိတ်ဝင်စားစရာလား”

“ အဲ့လိုလည်း ဘယ်ဟုတ်မလဲ.. ချန်ကဲ ဆက်ခံသူရဲ့ ခန့်ညားမှုက.... ငါတောင်....”

“ အဟွတ် အဟွတ်....”

အခြား ပါရမီရှင်တစ်ဦးသည် မျက်နှာများ နီမြန်းသွားပြီး ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ပီယွီ့ကောင်းကင်အရှင် လူကြီးမင်း က သူ့ကို စွဲလမ်းသွားတယ်ဆိုလည်း ဒါပုံမှန်ပဲလေ “

“မိုးမခပင်နဲ့ လူသားကြားမှာ ခံစားချက်ရှိနိုင်တာ ပဲလေ!”

ထိုစကားများ ထွက်လာချိန်တွင် ၊ ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များသည် သူသူကိုယ်ကိုယ် ထောက်ခံလိုက်ကြသည်။

သူတို့ ပြောနိုင်သည်မှာ ချန်ကဲဆက်ခံသူသာလျှင် ဖြစ်နိုင်သည်။

သူတို့၏ နတ်ဘုရားမိုးမခပင် လူကြီးမင်းကိုပင် စွဲလမ်းသွားစေနိုင်သည်။

တစ်ချိန်တည်းမှာပင်၊ သူတို့ကိုယ်တိုင်ပင် မသိလိုက်ဘဲ စူးချန်ကဲ နှင့် ပီယွီ့ ကောင်းကင်အရှင်တို့ကြားက နှောင်ကြိုးသည် တစ်ဖန် ပြန်လည်နက်ရှိုင်းလာခဲ့သည်။

………

နတ်ဘုရားအမတမျှော်စင်။

တစ်ချိန်က ထိပ်တန်း အမတဂိုဏ်းကြီး (၃၆)ဂိုဏ်း အနက်မှ တစ်ခုဖြစ်ခဲ့ပြီး ၊ လက်ရှိတွင် ပျက်စီးယိုယွင်းနေသော အမွေအနှစ်ဖြစ်နေသော်လည်း၊ ၎င်းအတွင်း ပုန်းကွယ်နေသော အခွင့်အရေးများမှာ မနည်းမနောပင်။

အကယ်၍ ၎င်းအတွင်းရှိ ပုန်းကွယ်နေသော အခွင့်အရေးများကို ကံကောင်းထောက်မစွာဖြင့် ဦးစွာ ရှာဖွေတွေ့ရှိပါက၊ တွေ့ရှိသူအား ချက်ချင်းပင် ထိပ်ဆုံးနေရာသို့ တင်မြှောက်နိုင်ပေလိမ့်မည်။

ဤအချက်က အင်အားစုများစွာမှ ပါရမီရှင်များစွာကို မျက်စိကျစေသည်။

ဝုန်း !!

အထက်ကောင်းကင်ယံတွင် မရေမတွက်နိုင်သော သင်္ဘောများ ၊ သားရဲတိရစ္ဆာန်များသည် အာကာသကို ဖြတ်ကျော်ကာ ဤအမွေအနှစ် နေရာဆီသို့ ရောက်ရှိလာကြသည်။

၎င်းတို့ပေါ်တွင် ရှိနေသူများသည် ငယ်ရွယ်သော်လည်း အစွမ်းထက်သော ပုဂ္ဂိုလ်များဖြစ်ပြီး ၊ တစ်နည်းအားဖြင့် အမတနယ်မြေရှိ အင်အားစုများမှ ပါရမီရှင်များ ဖြစ်သည်ကို မြင်နိုင်သည်။

“ ဒါပေမဲ့ ဒီအမွေအနှစ်က အင်အားစုများစွာက ပါရမီရှင်တွေကို မျက်စိကျစေမယ့်အမွေအနှစ် ဆိုပေမယ့် လူတွေအများကြီး မရောက်လာသေးသလိုပဲ”

“ဒါက ထိပ်တန်း အမတဂိုဏ်းကြီး (၃၆)ဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ နတ်ဘုရားအမတမျှော်စင်ပဲ! မလာတဲ့သူတွေက ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံးရမှာကို မကြောက်ကြဘူးလား”

“ဟမ်! အခု ဒေဝလောက ပြန်လည်စတင်ရာခေတ် ရောက်လာပြီလေ... အမတနယ်မြေရဲ့ ကွယ်ပျောက်သွားတဲ့ ကမ္ဘာတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ က တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေတယ် “

ပါရမီရှင်တစ်ဦးက မထီမဲ့မြင်ပုံစံဖြင့် ခုခံပြောဆိုလိုက်သည်။

“ငါ သိရသလောက်ဆို၊ နတ်ဘုရားအမတမျှော်စင်နဲ့ ယှဉ်နိုင်တဲ့ အမွေအနှစ်တွေက အမတနယ်မြေမှာ အများကြီး ရှိနေပြီ “

“အခြားနေရာတွေမှာ သွားရှာဖွေတာ မကောင်းဘူးလား”

“ပြီးတော့၊ အမတနယ်မြေမှာ အင်အားကြီးမားတဲ့ အင်အားစုတွေ အများကြီးရှိတယ်.. တကယ်လို့ သူတို့အကုန်လုံး ဒီမှာ စုရုံးလာရင် မင်းနဲ့ငါ ဟင်းချိုတစ်ပန်းကန်လောက်တောင် သောက်နိုင်ပါ့မလား “

“ဟုတ်တယ်! ပြီးတော့ ဒီတစ်ခေါက် ပါရမီရှင်တွေက မနည်းမနောပဲ....”

“မဟာလမ်းစဉ်စာရင်းဝင် ပါရမီရှင်တွေတောင် ဒီမှာရှိနေတယ်၊ ဒီလူတွေဆီက အခွင့်အရေး ခိုးယူဖို့ဆိုတာ...ကောင်းကင်ဘုံကို တက်ဖို့ထက် ခက်ခဲလွန်းတယ်!”

“ဒါပေမယ့် ပါရမီရှင်တော်တော်များများက နတ်ဘုရားအမတမျှော်စင် အမွေအနှစ်ထဲကို ဝင်ရောက်နေကြပြီ....”

နောက်ထပ် မျိုးဆက်သစ် ပါရမီရှင်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒါပေမယ့်.... ငါတို့ ကွေးယွမ်အမတ နယ်မြေရဲ့ တားမြစ်အင်အားစု၊ ကွေးယွမ်အမတဂိုဏ်းရဲ့ ပါရမီရှင်တွေက ဘာလို့ မရောက်လာသေးတာလဲ”

ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊

ကွေးယွမ်အမတဂိုဏ်းသည် ကွေးယွမ်အမတ နယ်မြေ၏ အုပ်စိုးရှင်ဖြစ်သည်။

နတ်ဘုရားအမတမျှော်စင်နှင့် အနီးကပ်ဆုံး အင်အားစုလည်း ဖြစ်ပေသည်။

အခြား အင်အားစုများ၏ ပါရမီရှင်များသည် နတ်ဘုရားအမတမျှော်စင်ထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ လူများပင် မိုင်ပေါင်းများစွာ ခရီးနှင်ကာ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

သို့သော် နတ်ဘုရားအမတမျှော်စင်နှင့် အနီးဆုံးဖြစ်သော ကွေးယွမ်အမတဂိုဏ်းမှာမူ၊ နောက်ကျနေဆဲ ဖြစ်သည်။

သူတို့သည် ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို အဆုံးရှုံးခံရန် ကြံရွယ်နေလေသလော။

“ဟမ်! သူတို့ မလာတာက အကောင်းဆုံးပဲ! ကွေးယွမ်အမတဂိုဏ်းက ပါရမီရှင်တွေအားလုံး က လူ့ဘီလူးတွေချည်းပဲ!”

အခြား ဆက်ခံသူတစ်ဦးက ပြောဆိုလိုက်သည်။

“ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က လူတွေတောင် ရောက်လာပြီ ... ကွေးယွမ်အမတဂိုဏ်း က ထပ်လာမယ်ဆိုရင် ၊ ငါတို့အတွက် နေရာရှိပါဦးမလား”

“………..”

လူတိုင်း ဆွေးနွေးနေကြစဉ် ၊

ဝုန်း ——!!

အာကာသသည် ရုတ်တရက် အပြင်းအထန် တုန်ခါလာခဲ့ပြီး၊ ကျင့်ကြံသူများစွာ၏ အံ့အားသင့်တုန်လှုပ်သော အကြည့်များအောက်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပြင်းထန်သော အာကာသမုန်တိုင်းများ တိုက်ခတ်လာခြင်းနှင့်အတူ ၊

မရေမတွက်နိုင်သော နတ်သင်္ဘောများ၊ သားရဲတိရစ္ဆာန်များနှင့် ဧရာမငှက်များသည် ကောင်းကင်ပြင်အနှံ့ ပေါ်ထွက်လာကြသည်။

“အဲ့တာက....”

အောက်ဘက်ရှိ လူတိုင်း၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြပြီး၊ အားလုံးသည် ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများဖြင့် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။

လေနှင့်အတူ ရိုက်ခတ် လွင့်မျောနေသော မျိုးနွယ်အလံများသည် ကောင်းကင်ကြီးကို တုန်လှုပ်သွားစေပြီး ၊ မိုင်ထောင်ပေါင်းများစွာရှိ အာကာသကိုပင် ပုံပျက်စေနိုင်သော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

လေနှင့်အတူ လွင့်မျောနေသော အလံပေါ်တွင် ဘယ်သောအခါမှ မပျက်စီးမယိုယွင်းနိုင်သည့် စာလုံးလေးလုံးကို ရေးထွင်းထားသည် -- ကွေးယွမ်အမတဂိုဏ်း ။

All Chapters