← Chapters

အခန်း (၇၀၁-၇၀၄)

Vol. 53 Ch. 701-704

အခန်း (၇၀၁-၇၀၄)

Vol. 53 Ch. 701-704

အခန်း (၇၀၁) - စနစ် ပြန်လည်ပေါ်ထွက်ခြင်း! ကျောက်ဟွ အမတဧကရာဇ်မင်း၏ ဆန္ဒ!

“ကွေးယွမ်အမတဂိုဏ်း က လူတွေ ရောက်လာပြီ!”

ရုတ်တရက်၊ ကျင့်ကြံသူတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လူပေါင်းများစွာ၏ မျက်လုံးများသည် သဘာဝအလျောက် မိုးကောင်းကင်ပေါ်သို့ စုဝေးသွားကြသည်။

“အိုင်း.... ကွေးယွမ်အမတဂိုဏ်းမှာ မဟာလမ်းစဉ် စာရင်းဝင် ပါရမီရှင်တွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်.... ဒီတစ်ခေါက် ခေါင်းဆောင် က ဘယ်သူများဖြစ်မလဲ”

“ကွေးယွမ်အမတဂိုဏ်း က ခေတ်ပြိုင် ကြယ်စုသခင် ပါရမီရှင် သုံးဦးထဲကတစ်ဦး ဖြစ်နိုင်လောက်တယ် ယဲ့ချုံယွဲ့ ၊ ဝမ်မင် ဒါမှမဟုတ် ကျန်းဖန်ပေါ့ ... သူတို့ထဲက ဘယ်သူမဆို ထိပ်တန်းအဆင့်မှာ ရှိတယ်”

“ နာမည်ကြီးနေတဲ့ စူးချန်ကဲရော မဖြစ်နိုင်ဘူးလား... သူက ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ မဟုတ်လား”

“မဖြစ်နိုင်ဘူး! စူးချန်ကဲက တားမြစ် စူးမိသားစုရဲ့ သခင်ငယ်ဖြစ်ရုံသာမက၊ သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ မင်းသားလည်း ဖြစ်တယ်.. အခြား အမွေအနှစ်တွေဆီ သွားနေနိုင်တယ်၊ ဒီကိုလာမယ်ဆိုတာ မသေချာဘူး!”

“………”

ပါရမီရှင်များစွာသည် ကွေးယွမ်အမတဂိုဏ်း၏ သင်္ဘောကို မြင်ပြီးနောက်၊ သူသူကိုယ်ကိုယ် ဆွေးနွေးနေကြသည် ။

“ဒါက နတ်ဘုရားလက်နက် အမတမျှော်စင် တည်ရှိရာ ကမ္ဘာလား....”

အောက်က လူများ၏ အကြည့်များကို ဂရုမစိုက်ဘဲ စူးချန်ကဲသည် သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

ဤရှေးဟောင်းကမ္ဘာသည် အကန့်အသတ်မရှိ ကျယ်ပြန့်ကာ ၊ မြင်ကွင်းများသည် အလွန်ထူးဆန်းလှသည်။

ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ ပျက်စီးယိုယွင်းနေသော မြေပြင်ပေါ်တွင် ရှေးဟောင်း အမတလက်နက် အပိုင်းအစများဖြင့် ပြည့်နှက်နေသည်။

ပို၍ အံ့သြဖွယ်ရာကောင်းသည်မှာ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် စက်ယန္တရားများစွာသည် ပျက်စီးနေသော ကျင်းများအတွင်း၌ ပြန့်ကျဲနေခြင်းဖြစ်သည်။

၎င်းတို့ပေါ်တွင် နားလည်ရခက်သော မဟာလမ်းစဉ် ကမ္ပည်းစာများကို ရေးထိုးထားပြီး၊ မဟာလမ်းစဉ်၏ ထူးခြားသော ဘာသာစကားတစ်ခုလိုပင်။

စာလုံးတိုင်းသည် ထူးဆန်းသော ပုံသဏ္ဍာန်များ ရှိကြပြီး ၊ အချို့က ကြီးမားသည် ၊ အချို့က သေးငယ်သည်၊ အချို့က တောင်ကြီးတစ်ခုလိုပင် ကြီးမားလွန်းသည်။

ထို့အပြင် စက်ယန္တရားများ၊ ပုံသဏ္ဍာန်များလည်း မတူညီကြပေ။ နဂါး နဲ့ ဖီးနစ်ကဲ့သို့ သံမဏိဖြင့် ပြုလုပ်ထားသော သားရဲတိရစ္ဆာန်များ ၊ လူသား ကျင့်ကြံသူကဲ့သို့ ပြုလုပ်ထားသော ရုပ်သေးရုပ်များ ရှိနေသည်။

ဤထူးဆန်းသော ပုံသဏ္ဍာန်များကို ကြည့်ရလျှင်ဖြင့် ၊ အမတနယ်မြေတွင် ရှိသင့်သော ထွက်ကုန်များနှင့် လုံးဝမတူဘဲ အခြားကမ္ဘာတစ်ခုနှင့် တူနေသည်။

သို့သော် ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဆွေးမြေ့ပျက်စီးသွားပုံရသည်။ အချိန်၏ အညစ်အကြေးများနှင့်အတူ ရေညှိများဖြင့် ဖုံးလွှမ်းကာ ဟောင်းနွမ်းနေသည်။

“တုံထျန်း အဝေးဘိုးဘေး ပေးတဲ့ ကျောက်စိမ်းပုရပိုက်မှာ ရေးထားတာနဲ့ တစ်ထေရာတည်းပဲ”

စူးချန်ကဲသည် တီးတိုးရေရွတ်ဆိုလိုက်သည်။

“ ကြေးနီ စက်ယန္တရားတွေနဲ့ သက်ဆိုင်တဲ့ ကမ္ဘာတစ်ခု တည်ဆောက်ထားတာလား....”

ကျောက်စိမ်းပုရပိုက်ပေါ်ရှိ အကြောင်းအရာအရ၊ နတ်ဘုရားလက်နက် အမတမျှော်စင်သည် အမတနယ်မြေ ထိပ်တန်း အမတဂိုဏ်းကြီး(၃၆)ခု အနက်၊ တစ်ခုတည်းသော လက်မှုပညာဂိုဏ်း ဖြစ်သည်။

ဂိုဏ်း၏ အမွေအနှစ်သည် အခြား အမတဂိုဏ်းများနှင့် လုံးဝမတူညီပေ။

သူတို့သည် လက်မှုပညာ လက်နက်ပြုလုပ်ခြင်းကိုသာမက၊ စက်ယန္တရားများ ပြုလုပ်ခြင်းကိုလည်း နှစ်သက်ကြသည်။

ဤကမ္ဘာကြီးသည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ အမွေအနှစ်နှင့် ဂိုဏ်းသားများစွာ၏ စွမ်းအားများ စုစည်းကာ တည်ဆောက်ထားသော “ဧဒင်ဥယျာဉ်” ဖြစ်သည်။

အကြောင်းမှာ နတ်ဘုရားလက်နက် အမတမျှော်စင်သည် မိမိကိုယ်တိုင် အမတလက်နက်များကို ပြုလုပ်နိုင်ရုံသာမက၊ ထူးခြားသော နည်းလမ်းဖြင့် အထူးစက်ယန္တရားအချို့ကိုလည်း ပြုလုပ်နိုင်သည်။

ဤစက်ယန္တရားများသည် ဒေဝလောကတစ်ခွင်ရှိ မည်သည့်အရာထက်မဆို မနိမ့်ကျပေ။

နတ်ဘုရားလက်နက် အမတမျှော်စင်၏ အယူအဆတွင် ကမ္ဘာပေါ်ရှိ အရာအားလုံးတိုင်းတွင် ဝိညာဉ်တစ်ခုရှိကြပြီး စက်ယန္တရားသည်လည်း ခြွင်းချက် မရှိပေ။

ဤစက်ယန္တရားများသည် အေးစက်သော နတ်သံကိုယ်ထည်ကို ပိုင်ဆိုင်ထားသော်လည်း ၊သို့သော် သူတို့၏ စိတ်အားထက်သန်မှုနှင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ဤစက်ယန္တရားများကိုလည်း လောကကြီးကို ချစ်မြတ်နိုးသော စိတ်နှလုံးသားတစ်ခုကို ပိုင်ဆိုင်စေလိုသည်။ သူတို့သည် မိမိတို့ ပြုလုပ်ထားသော စက်ယန္တရားများသည် တစ်နေ့တွင် အမတနယ်မြေရှိ ကျင့်ကြံသူများနှင့် အတူယှဉ်တွဲ နေထိုင်ကာ ရွှေခေတ်သစ်တစ်ခုကို ဖန်တီးနိုင်ရန် လိုလားခဲ့ကြသည်။

သို့သော် အိပ်မက်သည် လှပသော်လည်း၊ အမှန်တရားသည် ကြမ်းတမ်းလှသည်။

အမည်မသိသော ဘေးအန္တရာယ်အောက်တွင်၊ သူတို့ တန်ဖိုးထားခဲ့ရသော ဆန္ဒသည် တစ်ဝက်သာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ အပြီးအပိုင် ပျောက်ကွယ်သွားခဲ့သည်။

စိတ်ထဲက အတွေးများ ငြိမ်သက်သွားပြီးနောက်၊ စူးချန်ကဲသည် သက်ပြင်းချလိုက်သည်။

“ဒီလို ကြီးကျယ်တဲ့ ဆန္ဒရှိခဲ့တဲ့ အမတဂိုဏ်းတစ်ခုဟာ ဒီလိုမျှော်လင့်မထားတဲ့ ဘေးအန္တရာယ်နဲ့သာ မကြုံခဲ့ရရင် ဒဏ္ဍာရီလာ အုပ်စိုးရှင် အင်အားစု (၁၂) ဖွဲ့ထက် နိမ့်ကျမယ် မထင်ဘူး”

စူးချန်ကဲသည် နှမြောတဿဖြစ်နေပြီး ၊တစ်ချိန်တည်းမှာပင် သိလိုစိတ်ဖြစ်လာသည်။

ယုတ္တိကျကျ ဆိုရလျှင်ဖြင့် ၊ နတ်ဘုရားလက်နက် အမတမျှော်စင်သည် အတုမရှိသော အမတလက်နက်များကို ပြုလုပ်နိုင်ရုံသာမက၊ ဤကဲ့သို့ အင်အားကြီးသော စက်ယန္တရားများကိုလည်း ပြုလုပ်နိုင်သည်။

အမတစိုးစံရာခေတ်မှ လက်ဆင့်ကမ်း

လာခဲ့သော ဤကဲ့သို့ အင်အားကြီးမားသော အင်အားစုသည် မည်သို့ ရုတ်တရက် ပျောက်ကွယ်သွားနိုင်သနည်း။

ထိုနှစ်က မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။

စူးချန်ကဲ မှ အတွေးများနေစဉ် ၊

[ ဒင်း ! စနစ်မှ တာဝန်အသစ်ကို စစ်ဆေးတွေ့ရှိခဲ့သည်]

[ကျေးဇူးပြု၍ ပိုင်ရှင်သည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်ပြီး၊ ကျောက်ဟွ အမတ ဧကရာဇ်မင်းရဲ့ ဆန္ဒကို ပြီးမြောက်အောင် လုပ်ဆောင်ပါ ။ ဆုလာဘ်- ကောင်းကင်ရတနာ ဖန်ဆင်းခြင်း အတတ် (ပြည့်စုံသောဗားရှင်း)]

စနစ်၏ အသံ ထွက်ပေါ်လာခြင်းနှင့်အတူ ၊

စူးချန်ကဲမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“စနစ်?”

သံသရာစက်ဝန်း အမတမင်းဆက်တွင် ရှိစဉ်က သူသည် စနစ်ထံမှ ရင်းနှီးသော ဗလာနိတ္ထိစွမ်းအားကို ခံစားခဲ့ရသဖြင့် ၊ စနစ်သည် သူ့ကို ပို၍ အားကောင်းလာစေရန် တမင် လမ်းပြပေးနေသည်ဟု ခံစားမိသည်။

ယခုတစ်ခါ ပြန်လည်ပေါ်ထွက်လာခြင်းနှင့် အတူ ၊ သူ့တွင် ရှင်းမပြနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသည် နတ်ဘုရားလက်နက် အမတမျှော်စင်သို့ လာရောက်ခြင်း၏ ရည်ရွယ်ချက်မှာ ဤကောင်းကင်ရတနာ ဖန်ဆင်းခြင်းအတတ်ကို ရရှိရန်ဖြစ်ပြီး၊ သူ၏ ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၊ ဓားသေတ္တာကိုးလက်နှင့် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ်ကို နောက်ထပ် ပြောင်းလဲနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်ဖြစ်သည်။

ယခု သူတောင် အထဲသို့ မဝင်ရသေးခင်၊ စနစ်သည် သူ့ကို တံခါးအရောက် ပို့ပေးနေသည်။

ဤသည်မှာ အတော်လေး တိုက်ဆိုင်ပေသည်။

ထို့အပြင် ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊ စနစ်သည် သူ့အား ရွေးချယ်မှု ပေးသင့်သည် မဟုတ်လော။

ဤတစ်ကြိမ်တွင် သူ့အား အဘယ့်ကြောင့် ဤကဲ့သို့ တာဝန်ပေးခဲ့သနည်း။

သူ့ကို ပြီးမြောက်စေရန် တွန်းအားပေးနေသကဲ့သို့ပင်။

“ ထားပါလေ.. ဒီစနစ်လည်း ငါနဲ့ အကြာကြီး ရှိလာခဲ့တာ.. ဒီဆုလာဘ်ကလည်း သုံးရတာ အဆင်ပြေနေတာပဲ”

“ အကျိုးမယုတ်ဘူး”

စူးချန်ကဲသည် ထပ်မံ မတွေးတော့ချေ။ သူသည် မူလ ဗလာနိတ္ထိစွမ်းအားကို အပြီးအပိုင် ထိန်းချုပ်နိုင်သော တစ်နေ့တွင် စနစ်ကို ပညာပေးနိုင်မည်ဟု ယုံကြည်ထားသည်။

……….

ထိုအချိန်တွင်။

ကွေးယွမ်အမတဂိုဏ်း၏ မရေမတွက်နိုင်သော ရတနာသင်္ဘောများသည် အထက်တွင် ဆိုင်းငံ့လျက်ရှိနေသည်။

ထို့နောက် ကွေးယွမ်အမတဂိုဏ်းမှ တပည့်များစွာသည် ၎င်းတို့၏စွမ်းအားကို ခြယ်လှယ်ကာ ကောင်းကင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာကြသည်။

အင်အားစုအသီးသီးမှ တပည့်များစွာ၏ မျက်လုံးများသည် ထိုနေရာတွင် စုဝေးနေကြသည်။

“အိုင်း .... ဒီတစ်ကြိမ် နတ်ဘုရားလက်နက် အမတမျှော်စင်ကို လာတဲ့ ကွေးယွမ်အမတဂိုဏ်းက ပါရမီရှင်တွေက အများကြီးပဲ!”

“ သွားပြီ ! ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က လူတွေက အထဲကို ဝင်သွားကြပြီ .. အခု ကွေးယွမ်အမတဂိုဏ်းက လူတွေ အများကြီး ရောက်ချလာတာ ... ငါတို့ ဘယ်လိုလုပ် အခွင့်အရေးရ‌‌တော့မလဲ”

“ဒါပေမယ့်.... သူတို့ရဲ့ ခေါင်းဆောင်တွေက ဘယ်သူ‌‌တွေလဲ “

“ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က နာမည်ကျော်ကြားတဲ့ မင်းသား ၊ တိ့ကျွင်း အမတဧကရာဇ်မင်းရဲ့ သားတော် ကျီချောင်ကဲ ပဲ!”

“ကွေးယွမ်အမတဂိုဏ်းကရော ? ယဲ့ချုံယွဲ့ လား၊ ဝမ်မင် လား၊ ကျန်းဖန် လား”

“……..”

နတ်ဘုရားလက်နက် အမတမျှော်စင်၏ အခွင့်အရေးသည် သေးငယ်သောအရာ မဟုတ်ပေ။

အင်အားစုအသီးသီးသည် ၎င်းတို့၏ လူငယ်ပါရမီရှင်များထဲမှ ထူးချွန်သူများကို ဤတစ်ခေါက် ခရီးစဉ်၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ကြသည်။

အတူတကွ ရှာဖွေကြမည် မဟုတ်သော်လည်း၊ ခေါင်းဆောင်ဖြစ်သူသည် နောက်ဆုံး ဂုဏ်သိက္ခာဖြစ်ပေသည်။

အကယ်၍ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်ပွားပါက၊ ခေါင်းဆောင်ဖြစ်သူသည် အချိန်မီ ကယ်ဆယ်နိုင်လိမ့်မည် မဟုတ်လော။

လူတိုင်း အမျိုးမျိုး မှန်းဆနေစဉ်။

ဝီ-!!

ရုတ်တရက်။

ကောင်းကင်ပေါ်တွင် နတ်အလင်းများ ထိန်လင်းတောက်ပကာ ၊ အမတလမ်းစဉ် မှော်သင်္ကေတများသည် လျှောက်လှမ်းတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး မြေပြင်ဆီသို့ ဖြန့်ကျက်ဆင်းသက်လာခဲ့သည်။

ဤမြင်ကွင်းသည် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံရပြီး ၊ လူတိုင်း ထိုနေရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။

“ ဘုရားရေ! ဒါ ဘယ်သူလဲ? ဒီလောက်ထိ ခန့်ညားစွာ ထွက်ပေါ်လာတာလား”

“အမတလမ်းစဉ် မှော်သင်္ကေတနဲ့ လမ်းခင်းတယ်! ဒီလိုလုပ်ဖို့ အမတစွမ်းအင် အမြောက်အမြား လိုအပ်တယ်.. ခေတ်ပြိုင် လူငယ်ပါရမီရှင်တွေထဲမှာ ဘယ်သူကများ ဒါကို လုပ်နိုင်မှာလဲ”

“မြန်မြန်ကြည့်စမ်း ! အမတလမ်းစဉ် လျှောက်လှမ်းပေါ်မှာ ဝတ်ရုံဖြူပုံရိပ် တစ်ခုရှိနေတယ်!”

ရုတ်တရက် အော်ဟစ်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့်၊ လူတိုင်း အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

အခန်း (၇၀၂) : ချန်ကဲကိုယ်တိုင် ထွက်လာခဲ့မယ်

တောက်ပနေသော လျှောက်လှမ်းထက်တွင် ၊

ဝတ်ရုံဖြူပုံရိပ်ယောင် တစ်ခုသည် ပေါ့ပါးစွာ လျှောက်လှမ်းရင်း ဆင်းသက်လာသည်။

အမတအလင်းများက တဖိတ်ဖိတ် တောက်ပလျက် သူ၏ဘေးတဝိုက်တွင် သက်ဝင်လှုပ်ရှားနေပြီး ၊ သူ၏ လှုပ်ရှားမှုတိုင်းက တမူထူးခြားသော အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။

ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသော အနုပညာလက်ရာတစ်ခုဟု ထင်မှတ်ရသော ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားပြီး ၊ ကြယ်စင်များကဲ့သို့ ပြိုးပျက်စွာ တောက်ပနေသော မျက်လုံးများမှ တဆင့် သူ၏အကြွင်းမဲ့ ယုံကြည်မှုနှင့် အရှုံးမပေးသော စိတ်ဓာတ်ကို မြင်နေရသည်။

ဘဝတစ်လျှောက် အရှုံးမရှိသော တိုက်ပွဲများကို ဆင်နွှဲလာပြီး ၊ မွေးဖွားလာချိန်မှစကာ ဤလောကတွင် အတုမရှိ ၊ ရန်သူအားလုံးကို နှိပ်ကွပ်နိုင်စွမ်းရှိသော ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ပင်။

အောက်က ကျင့်ကြံသူများစွာသည် စူးချန်ကဲကို မြင်လိုက်ရသည်နှင့် ၊ ၎င်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် သူတို့သည် အလွန်ပင် ကြောက်ရွံ့သွားပြီး နေရာတွင်ပင် ကြောင်အမ်းသွားကြသည်။

စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ဝင်ရောက်လာသည် ။

ဤလူသည် အတော်လေး အင်အားကြီးပေသည်။

လူတိုင်း၏ ကြည့်ရှုမှုအောက်တွင် စူးချန်ကဲသည် မြေပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များစွာသည် သူ၏ ရှေ့သို့ရောက်ရှိလာကြသည်။

ဝမ်မင်က စူးချန်ကဲအား ဦးညွှတ်ကာ ဆိုလိုက်သည်။

“ဆက်ခံသူ၊ အခြား အင်အားစုက လူတွေ အားလုံး အထဲကို ဝင်ကြသွားပြီ”

“ကျွန်တော်တို့ ဘယ်အချိန် ထွက်ခွာမလဲ”

စူးချန်ကဲသည် ဤနတ်ဘုရားအမတမျှော်စင် ခရီးစဉ်၏ ခေါင်းဆောင် ဖြစ်သည်။

အသေးစိတ် မည်သို့စီစဉ်မည်ကို စူးချန်ကဲ၏ ဆုံးဖြတ်ချက် လိုအပ်သည်။

ထိုစကားများ ထွက်လာချိန်တွင် ၊ နားစွင့်နေကြသော အခြား အင်အားစုများမှ တပည့်များစွာသည် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ပြီး၊ ကြောက်စရာကောင်းသော အရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

“ငါ နားကြားမမှားဘူးမလား....? ဝမ်မင် ခုနက ဒီလူကို ဆက်ခံသူလို့ ခေါ်လိုက်သလားလို့ “

“ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ.... ဒါဆို သူများလား “

“တားမြစ် စူးမိသားစုရဲ့ သခင်ငယ်၊ သံသရာစက်ဝန်း အမတမင်းဆက်ရဲ့ မင်းသား၊ စူးချန်ကဲ!?”

မိမိတို့၏စိတ်ထဲက မှန်းဆချက်ကို အတည်ပြုပြီးနောက်တွင် ၊ လူတိုင်း ကြက်သေသေသွားသည်။

စူးချန်ကဲသည် လက်ရှိတွင် နာမည်ကျော်ကြားပြီး ၊ သူသည် တားမြစ်အင်အားစု သုံးဖွဲ့၏ ဆက်ခံသူ ဖြစ်သည်ကို ထည့်မဆိုခင် ၊

အရေးအကြီးဆုံး အချက်မှာ စူးချန်ကဲသည် မဟာလမ်းစဉ် စာရင်းပေါ်သို့ ပထမဆုံး တက်ရောက်ခဲ့သူဖြစ်ပြီး၊ ဘယ်တုန်းကမှ မရှိဖူးသော ကိုယ်ထည်အမျိုးအစား ခြောက်မျိုးကို ပိုင်ဆိုင်ထားသည်။

ဤကဲ့သို့သော အရည်အချင်းများဖြင့် ၊ အမတနယ်မြေရှိ မည်သူကများ စူးချန်ကဲကို မသိရှိမည်နည်း။

“ဒီလူက ဒဏ္ဍာရီလာ စူးချန်ကဲဖြစ်မှန်း မသိခဲ့ဘူး! ခုလိုတွေ့လိုက်ရတော့ တကယ်ကို ထူးကဲပါပေတယ်”

“ဟုတ်တယ်..... စစ်မှန်အမတနယ်ပယ် အဆင့်(၆) နဲ့တင် ဒီလောက် သိပ်သည်းတဲ့ မဟာလမ်းစဉ် ရောင်ဝါကို ဖြန့်ကျက်နိုင်တယ်.....”

ပါရမီရှင်အချို့က သက်ပြင်းချလိုက်ကြသည်။

“ပြီးတော့ ခုနက သူ ဖွဲ့စည်းလိုက်တဲ့ လျှောက်လှမ်း..... ဒါကို ထိန်းသိမ်းဖို့ အမတစွမ်းအင် ဘယ်လောက်တောင် လိုအပ်လိုက်မလဲ”

ရုတ်တရက်၊ အခြား ပါရမီရှင်တစ်ဦးက အဆိုပြုလိုက်သည်။

“ နောက်ကြမှ အမွေအနှစ်ထဲ ဝင်သွားပြီး သူ့ကို စိန်ခေါ်ကြည့်ကြမလား “

သူတို့သည် ဤအမတနယ်မြေကို လှည့်လည်ရန် မထွက်ခွာမီ ၊ သူတို့၏ ဂိုဏ်းအဖွဲ့အစည်း သို့မဟုတ် မျိုးနွယ်စုများသည် စူးချန်ကဲနှင့် ပတ်သတ်၍ မည်သို့မည်ပုံပြောသည်ကို တစ်ခါမှ မကြားဖူးကြပေ။

သူတို့အားလုံးသည် အမတနယ်မြေ၏ ခေတ်ပြိုင် ပါရမီရှင်များ ဖြစ်သည်နှင့် အလျောက် ၊ မာန်မာနရှိကြသူများလည်း ဖြစ်ပေသည်။

သူများနောက်တွင် ကျန်ရစ်မည်ကို မနှစ်သက်ပေရာ စူးချန်ကဲကို မြင်သည်နှင့် စိတ်ထဲတွင် တိုက်ပွဲဝင်စိတ်ဓာတ်များ လောင်ကျွမ်းလာကာ၊ သူနှင့် ယှဉ်ပြိုင်လိုကြသည်။

……..

ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များနှင့် ဆွေးနွေးမှုများအတွက်၊ စူးချန်ကဲသည် ဂရုမစိုက်ပုံရသည်။ ဤလူများမှ သူ့ကို လာရောက် မစိန်ခေါ်သရွေ့၊ သူသည် မျက်စိပိတ်နားပိတ် နေမည်သာ။

စူးချန်ကဲသည် ကွေးယွမ်အမတဂိုဏ်းရှိ တပည့်များအား ပြန်လည်ပြောဆိုလိုက်သည်။

“နတ်ဘုရားအမတမျှော်စင် အမွေအနှစ်က ကြီးမားတယ် .. လူစုပြီး ရှာဖွေရင် ဘေးကင်းနိုင်ပေမယ့် အခွင့်အရေး ရဖို့က နည်းပါးလိမ့်မယ်”

“ ဒါပေမဲ့လည်း အရမ်း တကွဲတပြား ဖြစ်နေရင် ...အခြားအင်အားစုက လူတွေရဲ့ သားကောင်ဖြစ်သွားနိုင်ပြီး မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်တယ်’

“ ဒါ့ကြောင့် လူတိုင်း သူ့အုပ်စုနဲ့သူ ခွဲပြီး ရှာဖွေကြမယ်”

“ထိရောက်မှုလည်း ရှိနိုင်သလို .. တစ်ဦးနဲ့ တစ်ဦး ကူညီစောင့်ရှောက်မှုလည်း ရှိနိုင်မယ်”

“ ဒါပေမဲ့လည်း ကျင့်ကြံမှုမြင့်တဲ့သူတွေက ကိုယ့်ဟာကို သီးခြားရှာဖွေချင်တယ် ဆိုရင်လည်း ရှာဖွေနိုင်တယ် ဒါပေမဲ့ အရေးကြီးဆုံးက ကိုယ့်ရဲ့ဘေးကင်းမှုက ဦးစားပေးပဲ “

ထိုစကားသံအဆုံးတွင် ၊

ကွေးယွမ်အမတဂိုဏ်း မှ တပည့်များသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး၊ အားလုံးသည် သဘောတူ ခေါင်းညိတ်လိုက်ကြသည်။

စူးချန်ကဲ၏ အဆိုပြုချက်သည် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ပေသည်။

ကွေးယွမ်အမတဂိုဏ်းမှ တပည့်များသည် အုပ်စုများ ကိုယ်စီကိုယ်စီ ဖွဲ့စည်းလိုက်ကြသည်။

ကွေးယွမ်အမတဂိုဏ်းမှ အမျိုးသမီးများသည် စူးချန်ကဲနှင့် အုပ်စုဖွဲ့ရန် တတ်ကြွစွာ ပါဝင်လာကြသည်။

သို့သော်၊ တစ်ခါတည်း ငြင်းပယ်ခံလိုက်ရသည်။

အကြောင်းမှာ၊ တိ့ကျန့် မဟာဧကရာဇ်မင်း နှင့် ရွှမ်ယွီဧကရီတို့အဖွဲ့သည်လည်း ဤတစ်ခေါက် နတ်ဘုရားအမတမျှော်စင်ခရီးတွင် ပါဝင်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

တိုက်မြေ သုံးထောင်မှ တက်ရောက်လာသည့်အတွက် အမတနယ်မြေရှိ ခေတ်ပြိုင်ပါရမီရှင်များထက်စာရင် အားနည်းသည်။

ထို့အပြင် နတ်ဘုရားလက်နက် အမတမျှော်စင်ကဲ့သို့ အန္တရာယ်ရှိသော နေရာသို့ ရောက်ရှိလာခြင်းကြောင့် အောင်မြင်လာသော ညီငယ်တစ်ယောက်အနေဖြင့် သူသည် အကြီးတန်း ညီအစ်ကိုမောင်နှမများကို ဂရုစိုက်ပေးရမည် မဟုတ်လော။

“ချန်ကဲ! မင်းက ငါတို့အပေါ် သိပ်ကောင်းတာပဲ!”

ရွှမ်ယွီဧကရီက စူးချန်ကဲ၏ အနားနားလေးသို့ တိုးကပ်သွားရင်း ဆိုလိုက်သည်။

ဘေးနားရှိ တိ့ကျန့် မဟာဧကရာဇ်မင်း နှင့် ဟွမ်ထျန်း မဟာဧကရာဇ်မင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခါးသီးသော အမူအရာများဖြင့် ပြုံးရယ်လိုက်ကြသည်။

“ဒီနတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ်မှာ ချန်ကဲကိုပဲ အားကိုးရတော့မှာပဲ....”

မတတ်နိုင်ချေ။ သူတို့ထဲတွင် အောင်မြင်ကျော်ကြားဆုံးသူမှာ စူးချန်ကဲတစ်ယောက်သာ ရှိသည်။

သူတို့ကိုယ်တိုင် ဝင်ရောက်ရှာဖွေနိုင်သော်လည်း ၊ အန္တရာယ်အချို့ နှင့် ကြုံတွေ့ပါက အခက်အခဲရှိနိုင်သည်။

ထင်ရှားသည်မှာ စူးချန်ကဲလည်း စိတ်မချပုံရပေသည်။ ဤခရီးစဉ်အတွင်း အတူတကွ ရှိနေစဉ် ၊ သူသည် မိမိ၏ အကြီးတန်း ညီအစ်ကိုမောင်နှမများကို ကူညီပေးနိုင်လိမ့်မည်။

နောက်ပိုင်းတွင် သူ တစ်ယောက်တည်း လှည့်လည်သွားလာသည့်အခါ ၊ အမွေအနှစ်များကို အတူတကွ ရှာဖွေရန် ဤကဲ့သို့ အခွင့်အရေးရရှိတော့မည် မဟုတ်ချေ။

………..

ကွေးယွမ်အမတဂိုဏ်း ရှိ တပည့်များအားလုံး အဖွဲ့ကိုယ်စီဖြင့် ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

စူးချန်ကဲက ထပ်မံ သတိပေးလိုက်သည်။

“ကျောက်စိမ်းပုရပိုက်ထဲက သတင်းအချက်အလက်အရ၊ နတ်ဘုရားလက်နက် အမတမျှော်စင်ထဲမှာ အချိန်နဲ့ အာကာသက တစ်ထပ်တည်းကျပြီး အကန့်အသတ်မရှိ ကျယ်ပြန့်လွန်းတယ်”

“ တကယ်လို့ လူတိုင်း အန္တရာယ်နဲ့ကြုံတွေ့ပြီး ဖြေရှင်းလို့မရခဲ့ရင် လက်ထဲက ကျောက်စိမ်းပြားကို ‌ခွဲပြီး အခြား ကွေးယွမ်အမတဂိုဏ်းက တပည့်တွေထံ အကူအညီ တောင်းခံနိုင်တယ်”

“တကယ်လို့ အန္တရာယ်က ကြီးမားရင် ...စိတ်မပူနဲ့ ..ချန်ကဲ ကိုယ်တိုင် ထွက်လာခဲ့မယ်”

ထိုစကားများ ထွက်လာချိန်တွင် ၊

ကွေးယွမ်အမတဂိုဏ်း မှ တပည့်များသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ဤစကားများသည် သူ့တို့အား လုံခြုံစေသည့် ခံစားချက်ကို ရရှိစေသည်။

ထို့အပြင် သူတို့သည် စူးချန်ကဲ၏ အင်အားကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

“ချန်ကဲ ဆက်ခံသူကို ကျေးဇူးတင်ပါတယ်!”

ကွေးယွမ်အမတဂိုဏ်းမှ တပည့်များသည် နောက်ဆုံးအနေဖြင့် ဦးညွှတ်လိုက်ကြပြီး အဆုံးတွင် နတ်အလင်းများအဖြစ် ပြောင်းလဲသွားပြီး၊ နတ်ဘုရားလက်နက် အမတမျှော်စင် အမွေအနှစ်ဆီသို့ ထွက်ခွာသွားကြသည်။

……..

လူတိုင်း ထွက်ခွာသွားပြီးနောက်၊

စူးချန်ကဲသည် ရွှမ်ယွီဧကရီတို့နှင့်အတူ အထဲသို့ ဝင်ရောက်ရန်ပြင်ဆင်လိုက်သည်။

“ချန်ကဲ.... မင်း ခုနက ပြောတဲ့ စကားတွေက လွန်လွန်ကြူးကြူး မဖြစ်နေဘူးလား “

ရွှမ်ယွီဧကရီက စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။

“ဒီနတ်ဘုရားလက်နက် အမတမျှော်စင်က ပုံမှန်မဟုတ်ဘူး...ထိပ်တန်း အမတဂိုဏ်း (၃၆)ခုထဲက တစ်ခုပဲ... အထဲမှာ အန္တရာယ်များလွန်းတယ်”

“အခြားတပည့်တွေ အထဲမှာ အန္တရာယ်နဲ့ကြုံလို့ မင်း အကူအညီပေးဖို့ သွားရင်း တော်ကြာ...”

စူးချန်ကဲက အေးဆေးတည်ငြိမ်စွာ ပြုံးရယ်လျက် ပြန်ဖြေလိုက်သည်။

“ရွှမ်ယွီမမ စိတ်ချပါ.. ချန်ကဲကိုယ်တိုင် ကိုယ့်ရဲ့ ဘေးကင်းမှုကို အရင်ဦးစားပေးမှာပါ “

“ကျွန်တော်က ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူလေ ...အခြားတပည့်တွေ အသက်အန္တရာယ်နဲ့ ကြုံတွေ့နေတာကို မြင်ရက်သားနဲ့ မကူညီဖို့ မဖြစ်နိုင်ဘူး”

ထိုသို့ ပြောရင်း၊ စူးချန်ကဲသည် နတ်ဘုရားလက်နက် အမတမျှော်စင် အမွေအနှစ်ဆီသို့ ဝင်ရောက်သွားလေသည်။

တစ်ချိန်တည်းမှာပင် ၊ သူသည် နောက်သို့ ပြန်လှည့်ကြည့်ကာ ရွှမ်ယွီဧကရီအစရှိသည့် သူမတို့အဖွဲ့အား အပြုံးမပျက် ဆိုလိုက်သည်။

“ တကယ်လို့ ဆရာတူအစ်ကိုတွေနဲ့ အစ်မတို့ တစ်နေ့ အသက်အန္တရာယ်ကြုံခဲ့ရင် ..”

“ချန်ကဲ တွန့်‌ဆုတ်နေမှာ မဟုတ်ဘူး”

စူးချန်ကဲ၏ အမြင်တွင်၊ သူ လျှောက်လှမ်းလာသော ကျင့်ကြံလမ်းကြောင်းသည် သူ့ဘေးနားက လူများကို ကာကွယ်နိုင်သည့်အထိ အင်အားကြီးမားလာရန် ဖြစ်သည်။

အကယ်၍ သူ့ဘေးနားက လူများကို မကာကွယ်နိုင်ပါက ၊ အတုမရှိသော လမ်းစဉ် ဟူသည် မည်သည့်အဓိပ္ပာယ် ရှိတော့မည်နည်း။

အခန်း (၇၀၃): ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က လမ်းပိတ်ရဲတာလား

နတ်ဘုရားလက်နက် အမတမျှော်စင် အမွေအနှစ်သည် လမ်းကြောင်းများစွာရှိသော ကွန်ရက်တစ်ခုဟု ဆိုနိုင်သည်။

အပျက်အစီးပေါ်တွင်၊ အာကာသအက်ကြောင်းများစွာ ရှိသည်။

ဤအာကာသအက်ကြောင်းများ အားလုံးသည် နတ်ဘုရားလက်နက် အမတမျှော်စင် အမွေအနှစ်၏ အတွင်းပိုင်းကမ္ဘာဆီသို့ ဦးတည်နေသည်။

စူးချန်ကဲ စုဆောင်းရရှိထားသော သတင်းများအရ၊ ဤအာကာသအက်ကြောင်းများသည် အာကာသလမ်းကြောင်းများ ဖြစ်သည်။

အထဲသို့ ဝင်ရောက်လိုက်သည်နှင့် ၊ နတ်ဘုရားလက်နက် အမတမျှော်စင် အမွေအနှစ်အတွင်းရှိ မည်သည့်နေရာမဆို ပို့ဆောင်ပေးနိုင်သည်။

အဆုံးစွန်ပိုင်း နေရာတစ်ခုလည်း ဖြစ်နိုင်သလို ၊ ဗဟိုအချက်အချာ နေရာလည်း ဖြစ်နိုင်သည်။ အထဲသို့ ဝင်လိုက်သည်နှင့် နတ်ဘုရားလက်နက် အမတမျှော်စင်၏ သိုဝှက်ထားသော ဘဏ္ဍာတိုက်များကို ချက်ချင်း ကြုံတွေ့ရနိုင်သည်။

စူးချန်ကဲသည် ရွှမ်ယွီဧကရီ အစရှိသူများကို ခေါ်ဆောင်ကာ အတွင်း၌ ဆက်လက် ရှာဖွေနေခဲ့သည်။

နောက်ဆုံးတွင် သူတို့သည် သင့်တော်သော အာကာသ အပေါက်ကြီးတစ်ခုကို တွေ့ရှိခဲ့သည်။

ဤအာကာသအက်ကြောင်းသည် အလွန်လျှို့ဝှက်ပြီး ၊ ပျက်စီးယိုယွင်းနေသော စက်ယန္တရားတစ်ခု၏ အောက်တွင် ရှိနေသည်။

“ဒီထဲကနေ ဖြာထွက်လာတဲ့ မဟာလမ်းစဉ် ရောင်ဝါက...အခြား အာကာသအက်ကြောင်းတွေထက် ပိုပြီး သိပ်သည်းတယ်.....”

စူးချန်ကဲ၏ မျက်လုံးများမှာ အရောင်တောင်ပလာသည်။

“ဒီအာကာသအက်ကြောင်း က နတ်ဘုရားလက်နက် အမတမျှော်စင် အတွင်းပိုင်းကမ္ဘာရဲ့ အဓိကနေရာကို ဦးတည်နေနိုင်တယ်......”

“ ဆရာတူအစ်ကို ၊ အစ်မ...ကျွန်တော်တို့ ဒီအာကာသအက်ကြောင်းထဲ ဝင်လိုက်ရအောင်”

“ ကောင်းပြီ ချန်ကဲပြောသလို လုပ်ကြမယ်”

တိ့ကျန့် မဟာဧကရာဇ်မင်းတို့သည်လည်း မကန့်ကွက်ခဲ့ကြ‌ပေ။

သို့သော် စူးချန်ကဲတို့သည် အဆိုပါ အာကာသအက်ကြောင်းဆီသို့‌ ခြေလှမ်းများ နီးကပ်လာချိန်တွင် ၊

ရုတ်တရက်၊ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အမြန်ဖယ်ကြစမ်း... ဒီအာကာသအက်ကြောင်းက ငါတို့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်ကလူတွေ အတွက်ပဲ ...အသိဉာဏ်ရှိရင် အမြန်ဖယ်စမ်း!”

ဝုန်း !!

တခဏအတွင်းမှာပင်၊ မိုးကောင်းကင်သည် မီးလျှံအလား နီမြန်းလာခဲ့သည်။

အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသော မီးလျှံနှစ်စင်းသည် စူးချန်ကဲတို့ရှိရာ နေရာဆီသို့ ကျရောက်လာခဲ့သည်။

“ဟမ်! သေချင်နေတာပဲ!”

စူးချန်ကဲသည် အေးစက်စွာ အသံပြုလိုက်ပြီး သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဝုန်း !!

သိပ်သည်းသော အမတအလင်းများသည် ပင်လယ်လှိုင်းများကဲ့သို့ မီးလျှံမုန်တိုင်းများဆီသို့ ပြေးဝင်သွားသည်။

ဘုန်း !

မိုးမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံနှင့်အတူ ၊ လောကကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသော နတ်မီးလျှံများသည် မျက်စိတမှိတ်အတွင်းမှာပင် မီးပွားများအဖြစ် ပျောက်ကွယ်သွားခဲ့သည်။

“အို... မင်းက အရည်အချင်းတော့ ရှိသားပဲ”

“နောက်ဆုံး အခွင့်အရေးတစ်ကြိမ် ပေးမယ်.. ဒီနေရာက ငါတို့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်ရဲ့ အပိုင်ပဲ ... သိတတ်ရင် အမြန်ဆုံး ထွက်သွားပြီး အခြား အာကာသအက်ကြောင်းတွေကို ရှာလိုက်!”

မြူခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ။

စူးချန်ကဲတို့သည် တဖက်အဖွဲ့က လူများ၏ ပုံရိပ်များကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

စစ်မှန်အမတနယ်ပယ် အဆင့်(၈) ကျင့်ကြံသူနှစ်ဦး ရှိနေပြီး ၊ သူတို့၏ နောက်ကျောဘက်တွင် မီးလျှံများ တောက်လောင်လျက်ရှိကာ ကြီးမားသော မီးလျှံတောင်ပံများအဖြစ် ပြောင်းလဲသွားပုံရသည်။

၎င်းတို့နှစ်ဦး၏ နဖူးအလယ်တွင် တူညီသော အမှတ်အသားတစ်ခု ရှိနေပြီး၊ မီးလျှံများကြား ရေချိုးနေသော နတ်ဘုရားငှက်တစ်ကောင်ကဲ့သို့ပင်။

၎င်းတို့အနက်မှ တစ်ဦး၏ လက်ထဲတွင် မီးလျှံများ တောက်လောင်လျက် ရှိပြီး ၊ အလှမ်းဝေးသော်လည်း စူးချန်ကဲသည် ၎င်းမှ ထုတ်လွှတ်လိုက်သော အပူချိန်ကို ခံစားမိနိုင်သည်။

“ရွှေကျီးကန်းနတ်ဘုရားမင်းဆက်? အမတနယ်မြေရဲ့ တားမြစ်အင်အားစု ကိုးဖွဲ့ထဲက တစ်ဖွဲ့....?”

စူးချန်ကဲသည် တိီးတိုးရေရွတ်လိုက်သည်။

“ဒီကောင်တွေတောင် နတ်ဘုရားလက်နက် အမတမျှော်စင်ကို လာမယ်လို့ မထင်မိဘူး “

ဤအရာအတွက် စူးချန်ကဲသည် မမျှော်လင့်ထားချေ။ အမတနယ်မြေတွင် ပျောက်ဆုံးနေသော နယ်မြေများစွာ ပေါ်ထွက်လာသည်ကို သူသိသည်။

မျှော်လင့်မထားသည်မှာ ဤရွှေကျီးကန်းနတ်ဘုရားမင်းဆက်သည် ကြယ်စုများကို ဖြတ်ကျော်ကာ ဤနေရာသို့ ရောက်ရှိလာခြင်းပင်။

ထို့အပြင် ဤလူနှစ်ဦး၏ အနေအထားကို ကြည့်လျှင်ဖြင့် ၊ သူတို့သည် အခြားသူများအား အာကာသအက်ကြောင်းများမှ တစ်ဆင့် နတ်ဘုရားလက်နက် အမတမျှော်စင် အမွေအနှစ်အတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးလိုသည်မှာ ထင်ရှားသည်။

အကြောင်းမှာ အာကာသအက်ကြောင်းတစ်ခုစီသည် မတူညီသော နယ်မြေတစ်ခုဆီသို့ ဦးတည်နေသည်။

ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ လူများသည် ဤနေရာများကို ကြိုတင်ခွဲယူပြီး တခြားသူများ မဝင်နိုင်အောင် တားဆီးခြင်းဖြင့် ဤနေရာရှိ အခွင့်အရေးအားလုံးကို လက်ဝါးကြီးအုပ်ရန် ကြံစည်နေခဲ့ကြသည်။

“ကောင်လေး! မင်း နားပင်းနေသလား!?”

စူးချန်ကဲသည် အချိန်ကြာမြင့်စွာ နှုတ်‌ဆိတ်နေသဖြင့် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်က ဆဲဆိုလိုက်သည်။

“တကယ်လို့ မင်းမသွားဘူးဆိုရင် ဒါဆို ငါ့ကို အပြစ်.....”

၎င်း၏ စကားမပြီးဆုံးမီ ၊

ဝုန်း !!

စူးချန်ကဲသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အမတလမ်းစဉ် စွမ်းအားကို အသက်သွင်းကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ကြောက်မက်ဖွယ်ရာ လက်သီးအလင်းသည် နေဝန်းသဖွယ် ထွက်ပေါ်လာပြီး ၊ မိုးနှင့်မြေကို တုန်လှုပ်စေနိုင်သော ကြောက်ခမန်းလိလိ စွမ်းအားများကို ဆောင်ကျဉ်းလျက် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်နှစ်ဦးဆီသို့ ကျရောက်သွားသည်။

“သေသင့်တယ်!”

စူးချန်ကဲသည် သူတို့အား တိုက်ခိုက်ဝံ့သည်ကို မြင်လိုက်ရသောကြောင့် ၊ ၎င်းတို့နှစ်ဦးသည် ပြင်းထန်စွာ ဒေါသထွက်သွားကြသည်။

တားမြစ်အင်အားစု သုံးဖွဲ့သည် စူးချန်ကဲ၏ သတင်းကို ကောင်းကောင်းကြီး ပိတ်ဆို့ထားသဖြင့် အင်အားစု တော်တော်များများသည် စူးချန်ကဲ၏ ပုံပန်းသဏ္ဍာန်ကို မသိရှိကြပေ။

ဤနှစ်ဦးသည် စူးချန်ကဲမှာ အင်အားစုတစ်ခုမှ မသိနားမလည်သော ဆက်ခံသူတစ်ဦးဖြစ်မည်ဟု ယူဆထားကြသည်။

ကျော်ကြားလှသော စူးချန်ကဲမှလွဲ၍ သူတို့သည် မည်သူ့ကို ကြောက်ရွံ့မည်နည်း။

သူတို့သည် အမတနယ်မြေ၏ တားမြစ်အင်အားစု ကိုးဖွဲ့အနက် တစ်ဖွဲ့ဖြစ်သော ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ တပည့်များ ဖြစ်သည်။

“ရွှေကျီးကန်း ကောင်းကင်မီးလျှံ!”

သူတို့နှစ်ဦးသည် တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။

ထို့နောက်၊ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံများသည် ရူးသွပ်စွာ တောက်လောင်လာကြသည်။

သူတို့နောက်ကျောရှိ မီးလျှံတောင်ပံများသည် တစ်ပြိုင်နက်တည်း ဖြန့်ကျက်သွားပြီး၊ မျောလွင့်နေသော မီးလျှံ မှော်သင်္ကေတများသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ဝင်ရောက်လာကြသည်။

တခဏအတွင်းမှာပင်၊ ၎င်းတို့နှစ်ဦး၏ နောက်ဘက်တွင် စူးရှသော အော်ဟစ်သံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ရွှေကျီးကန်းပုံရိပ်ယောင်များ ပေါ်ထွက်လာသည်။

“ဒါက.... ရွှေကျီးကန်းပုံရိပ်ယောင်တွေလား!?”

တစ်စုံတစ်ခုကို မှတ်မိသွားပုံရသော ရွှမ်ယွီဧကရီက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

တိုက်မြေ သုံးထောင်တွင်၊ သူမကိုယ်တိုင်သည်လည်း နတ်ဘုရားဖီးနစ်သွေးမျိုးဆက် ဖြစ်သည်။

မူလအားဖြင့် ဤကဲ့သို့ မီးလျှံသားရဲတိရစ္ဆာန်များကို ခံစားမှု အလွန် အားကောင်းသည်။

ရွှေကျီးကန်းသည် ဒဏ္ဍာရီလာ မီးလျှံ သားရဲတိရစ္ဆာန်ဖြစ်ပြီး၊ ကောင်းကင်မီးလျှံ စွမ်းအားကို ထိန်းချုပ်ကြသည်။

စစ်မှန်သော ရွှေကျီးကန်းသည် နေမင်း၏ ပုံရိပ်ယောင် ဖြစ်သည်ဟု ဆိုနိုင်ပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော ရွှေကျီးကန်း မီးလျှံသည် လောကရှိ အရာအားလုံးကို လောင်မြိုက်စေနိုင်သည်။

“မြန်မြန်! အားလုံး အသင့်ပြင်ထားကြ၊ ချန်ကဲကို ကူညီကြမယ်!”

တိ့ကျန့် မဟာဧကရာဇ်မင်းက အော်ဟစ်လိုက်သည်နှင့် ဟွမ်ထျန်း မဟာဧကရာဇ်မင်းတို့သည် အတူတကွ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

“ အစ်ကိုတို့ စိတ်မပူကြနဲ့ “

စူးချန်ကဲက တိုက်ရိုက် ငြင်းပယ်လိုက်သည်။

“ကျွန်တော်ကိုယ်တိုင် ဖြေရှင်းနိုင်တယ်”

“ဟမ်! မာန်တတ်နေတာ !”

ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင် နှစ်ဦးသည် အထင်မြင်သေးသော လေသံဖြင့် ပြောဆိုလိုက်သည်။

တဖက်လူသည် အင်အားကြီးမားသော အင်အားစု၏ ဆက်ခံသူဖြစ်ပြီး၊ အတုမရှိသော ခွန်အားကို ပိုင်ဆိုင်ထားသည် ဆိုတောင် ၊

သို့သော် သူတို့နှစ်ဦး၏ ပူးပေါင်း တိုက်ခိုက်မှုကို စစ်မှန်အမတနယ်ပယ် အဆင့်(၆) ရှိသူ တစ်ဦးက မည်သို့ခံနိုင်ရည် ရှိမည်နည်း။

ဝုန်း !

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ၊ မီးလျှံများဖြင့် နီရဲတောက်ပနေသော ကောင်းကင်ယံအထက်တွင် ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ပျက်စီးသွားသော ဟင်းလင်းပြင်အတွင်းမှ ရွှေကျီးကန်း နတ်မီးလျှံများ ပေါက်ကွဲထွက်လာပြီး ဤကမ္ဘာကြီးတစ်ခုလုံးကို အရည်ပျော်ကျသွားအောင် လောက်မြိုက်နေသလိုပင်။

“အရင်က အမတဂိုဏ်းမှာ အမတကျင့်စဉ် တချို့ကို သင်ခဲ့ဖူးတယ်”

“ အတော်ပဲ မင်းတို့နဲ့ စမ်းကြည့်ရမှာပဲ”

စူးချန်ကဲသည် ရှောင်တိမ်းခြင်း မပြုဘဲ ယင်းအစား၊ မြင့်မားစွာ တောက်လောင်နေသော မီးတောက်များကို ရင်ဆိုင်ရန် လှုပ်ရှားလိုက်သည်။

တသိမ့်သိမ့် ရိုက်ခတ်နေသော မီးလျှံများနှင့် လက်လှမ်းလုနီးပါး ရောက်ရှိချိန်တွင် စူးချန်ကဲသည် သူ၏ ညာဘက်သီးကို ဆုပ်ကာ အားယူလိုက်သည်။

ဝုန်း!!

အဆုံးမရှိသော အမတလမ်းစဉ် မှော်သင်္ကေတများသည် သူ၏ လက်ဝါးထဲ၌ စုဝေးလာသည်မှာ လောကရှိ အရာအားလုံးကိူ အရောင်မှိန်ဖျော့စေနိုင်သည့် စွမ်းအားများကို စုစည်းနေသကဲ့သို့ပင်။

ဤလှုပ်ရှားမှုမှာ တုံထျန်း အဝေးဘိုးဘေးမှ စူးချန်ကဲအား လက်ဆင့်ကမ်းခဲ့သော အမတကျင့်စဉ် ဖြစ်သည်။

အချိန်အကန့်အသတ်ကြောင့်၊ တုံထျန်း အဝေးဘိုးဘေးသည် အဓိကအပိုင်းကိုသာ စူးချန်ကဲထံ လွှဲပြောင်းပေးခဲ့သည်။

ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခြင်း ဖြစ်ပြီး ၊ သူ့ကိုယ်သူ လုံးဝ ယုံကြည်မှု ရှိသည်။

“ ကောင်းကင်ဘုံလက်သီး!”

စူးချန်ကဲ၏ လက်ထဲက အလင်းများသည် ပြင်းထန်စွာ တောက်လောင်လာပြီး၊ တဟုန်းဟုန်း လောင်မြိုက်နေသော မီးလျှံများဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။

အခန်း (၇၀၄) : လက်သီးတစ်ချက်နှင့် တိုက်ပွဲကို အဆုံးသတ်လိုက်တယ်

ဘုန်း !!!!

မိုးမြေကို တုန်လှုပ်သွားစေနိုင်သော ပေါက်ကွဲသံနှင့် အတူ ၊ ပြင်းထန်သော လက်သီးအလင်းသည် ဤနေရာတစ်ခုလုံးကို ခဏတာ နေ့ခင်းဘက်သဖွယ် ပြောင်းလဲသွားစေသည်။

မီးလျှံလှိုင်းတံပိုးများသည် စူးချန်ကဲ၏ လက်သီးတစ်ချက်အောက်တွင် ပေါက်ကွဲသွားသည်။

ကြောက်မက်ဖွယ် ကောင်းသော လက်သီးအလင်းသည် ဒီရေလှိုင်းကဲ့သို့ အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားပြီး ၊ ပေရာပေါင်းများစွာ အကွာအဝေးထိ လွှမ်းခြုံသွားသည်။

အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အခြား အင်အားစုများမှ တပည့်များသည်လည်း ဤမြင်ကွင်းကို သတိပြုမိခဲ့ကြသည်။

အဝေးမှ ကြည့်လျှင်ဖြင့် ၊ ကောင်းကင်ထိ ထိုးတတ်သွားသော မီးလျှံများသည် ယှဉ်နိုင်စရာမရှိသော အင်အားတစ်ခုကြောင့် ပေါက်ကွဲသွားပုံရသည်။

အပြင်ပန်းအရ ၊ အမျက်ဒေါသများဖြင့် ပွင့်ဖူးနေသော မီးလျှံကြာပန်းတစ်ပွင့်နှင့် တူပြီး ၊ ၎င်း၏ ပွင့်ချပ်တစ်ခုစီတိုင်းသည် ကောင်းကင်ဧကရာဇ်ကိုပင် လောင်မြိုက်နိုင်စွမ်း ရှိသော ရွှေကျီးကန်းနတ်ဘုရားမီးလျှံဖြင့် တောက်လောင်နေသည်။

“အား-အား-အား!!”

ပေါက်ကွဲထွက်သွားသော မီးလျှံကြာပန်းအတွင်းမှ မြေအောက်ငရဲမှလာသည်နှင့် တူသော ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။

ထိုအသံကို ကြားလိုက်ရသူတိုင်း စိတ်ထဲတွင် ချမ်းစိမ့်မှုတစ်ခုကို မလွဲမသွေ ခံစားလိုက်ရသည်။

“ဒါဒါ..... ဒါက ရွှေကျီးကန်းနတ်ဘုရားမင်းဆက်ရဲ့ ရွှေကျီးကန်းမီးလျှံတွေလား!?”

“ဒါက ဘာဖြစ်နေတာလဲ...တစ်စုံတစ်ဦးက ရွှေကျီးကန်းနတ်ဘုရားမင်းဆက်ရဲ့ ပါရမီရှင်တွေနဲ့ တိုက်ခိုက်နေတာလား”

“အိုင်း..... ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က တားမြစ်အင်အားစု ကိုးခုထဲက တစ်ခုလေ!”

“ဘယ်သူကများ သူတို့နဲ့ တိုက်ခိုက်ရဲတာလဲ “

လူတိုင်း ဆွေးနွေးနေစဉ်၊ ပါရမီရှင်တစ်ဦးက ရုတ်တရက် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

“ မဟုတ်မှလွဲရော....ငါ အစောတုန်းက ချန်ကဲဆက်ခံသူကို သူ့အဖွဲ့သားတွေနဲ့ မြင်လိုက်ရတယ်”

“သူနဲ့များ ဖြစ်နေမလား”

ထိုစကားများ ထွက်လာသည်နှင့် ၊

မရေမတွက်နိုင်သော ပါရမီရှင်များသည် ချက်ချင်းပင် ထိတ်လန့်သွားကြသော်လည်း၊ အချို့က တုံ့ပြန်လာကြသည်။

“ဟုတ်သားပဲ ငါ ခုမှ သတိရမိတယ်၊ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က အာကာသအက်ကြောင်းထဲကို မဝင်ခင် ...စစ်မှန်အမတနယ်ပယ် အဆင့်(၈) စွမ်းအားရှင် နှစ်ဦးကို အထူးတလည် ချန်ထားခဲ့ကြတယ်......”

ပါရမီရှင်တစ်ဦး တိီးတိုးရွတ်ဆိုလိုက်သည်။

“ အဲ့နှစ်ကောင်က ဒီနယ်မြေကို သူတို့အပိုင်ဆိုပြီး တမင် လုပ်နေသလိုပဲ..အခြား အင်အားစုက လူတွေ မဝင်ရအောင်!”

“ဒီကိစ္စကို ငါလည်း သိတယ်! အရင် ငါတို့ဂိုဏ်းက တပည့်တွေ အဲ့ထဲကို ဝင်ဖို့လုပ်ကြသေးတယ်.. အဲ့နှစ်ကောင်ရဲ့ ရိုက်နှက်တာကို ခံလိုက်ရတယ် .. တကယ်ကို ဗိုလ်ကျလွန်းတယ်”

တပည့်တစ်ယောက်က ထောက်ခံပြောဆိုလိုက်သည်။

သို့သော် ၎င်းတို့နှစ်ဦး၏ စကားပြောဆိုမှုကို နားထောင်ရင်း ၊ ထိုနေရာရှိ အင်အားစုများစွာမှ တပည့်များသည် ကြည့်ရဆိုးသော အမူအရာများဖြင့် ရှိနေလေ၏။

“မဖြစ်နိုင်ဘူးမလား....ငါ မှတ်မိသလောက်ဆို၊ ချန်ကဲ ဆက်ခံသူက စစ်မှန်အမတနယ်ပယ် အဆင့်(၆) ပဲရှိသေးတယ် မဟုတ်လား”

“သူက စစ်မှန်အမတနယ်ပယ် အဆင့်(၈) နှစ်ဦးကို တိုက်နိုင်မှာလား...ပြီးတော့ တဖက်က ရွှေကျီးကန်းနတ်ဘုရားမင်းဆက်ရဲ့ ပါရမီရှင်တွေလေ!”

ထိုစကားများကို ပြောလိုက်ချိန်တွင်၊ လူတိုင်း တိတ်ဆိတ်သွားကြသည်။

အကယ်၍ စူးချန်ကဲသည် အမှန်တကယ်ပင် စစ်မှန်အမတနယ်ပယ် အဆင့်(၈) နှစ်ဦးကို သူတစ်ဦးတည်း ရင်ဆိုင်နိုင်ခဲ့မည်ဆိုပါက ၊

လူတိုင်းသည် စူးချန်ကဲကို လျှော့တွက်ခဲ့ကြသည်ဟု ဆိုရပေတော့မည်။

သူ၏ ခွန်အားသည် အမတနယ်မြေရှိ ပါရမီရှင်များ မျှော်မှန်းထားသည်ထက် ပို၍ ကြောက်စရာကောင်းနိုင်သည်။

………

တစ်ချိန်တည်းမှာပင်။

စူးချန်ကဲ၏ လက်သီးအောက်တွင် ၊

ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ စစ်မှန်အမတနယ်ပယ် အဆင့်(၈) ပါရမီရှင် နှစ်ဦးသည်၊ တစ်ချက်လေးတောင် ခံနိုင်ရည်မရှိခဲ့ပေ။

ကြောက်မက်ဖွယ် ကောင်းသော လက်သီးအလင်းမုန်တိုင်းသည် ၎င်းတို့ နှစ်ဦး၏ တိုက်ခိုက်မှုကို ချေမှုန်းပြီးနောက်တွင် ၊ သူတို့နှစ်ဦးသည် အဝေးသို့ လွင့်ထွက်သွားကြပြီး အဆုံးတွင် မြေ‌ပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာခဲ့သည်။

သူတို့၏နောက်ကျောတွင် တစ်ချိန်က ခမ်းနားထည်ဝါပြီး တောက်ပနေခဲ့သော မီးလျှံတောင်ပံများသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ယခင်က မောက်မာမှုထက် စာရင်၊ လက်ရှိမြင်ကွင်းသည် အတော်လေး ရှက်စရာကောင်းနေခဲ့သည်။

စူးချန်ကဲကို အရင်ဆုံး စိန်ခေါ်တိုက်ခိုက်ခဲ့သော ရွှေကျီးကန်းနတ်ဘုရားမင်းဆက် မှ ပါရမီရှင်တစ်ဦးသည် ရှေ့သွားနှစ်ချောင်း ကျိုးပဲ့သွားခဲ့ပြီး ၎င်း၏ ပုံသဏ္ဍာန်မှာ အနည်းငယ် ရယ်စရာကောင်းနေသည်။

“မင်း....”

သတိလစ်မသွားသေးသော ၎င်းတို့နှစ်ဦးအနက်မှ ပါရမီရှင်တစ်ဦးသည် သွားကြိတ်ကာ ရုန်းကန်ထလာခဲ့သည်။

စူးချန်ကဲ၏ လက်သီးတစ်ချက်ကို ခံယူလိုက်ရပြီးနောက်တွင် ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်မှုကြောင့် ပြိုကွဲလုနီးပါး ခံစားရနေရပြီး ထိန်းမနိုင်သိမ်းမရ တုန်ရီနေကာ ၊ မျက်နှာသည် စက္ကူလို ဖြူဖျော့နေသည်။

သူသည် အတွင်းဒဏ်ရာ ရသွားသည်မှာ သေချာသည်။

သို့သော် သူသည် ဤရလဒ်ကို လက်မခံနိုင်ပုံရသည်။

သူသည် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ ခေတ်ပြိုင် ပါရမီရှင် ဖြစ်ပြီး၊ စစ်မှန်အမတနယ်ပယ် အဆင့်(၈) သို့ ရောက်ရှိထားပြီး ဖြစ်သည်။ သူ့ရှေ့က လူသည် စစ်မှန်အမတနယ်ပယ် အဆင့်(၆) သာ ရှိသေးသည်။

နယ်ပယ်အဆင့်တိုင်းသည် မိုးနှင့်မြေအလား ကွာခြားသည်ဟု ‌ဆိုကြသော်လည်း ၊သို့သော် သူသည် အဘယ့်ကြောင့် ဤမျှ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံလိုက်ရသနည်း။

ဒါ မဟာလမ်းစဉ်ရဲ့ သဘောတရားကို ချိုးဖောက်လိုက်တာပဲ!

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း ‌ဆိုလိုက်သည်။

“ ဘယ်လောက်များ သန်မာလိမ့်မလဲလို့ တွေးနေတာ ... ဒီလောက်ပဲလား”

ထိုစကားကို ကြားလိုက်သော ရွှေကျီးကန်းနတ်ဘုရားမင်းဆက် ပါရမီရှင်သည် အပြင်းအထန် ဒေါသထွက်သွားသည်။

စူးချန်ကဲ၏ စကားများသည် သူ၏ ယခင်က ရိုင်းစိုင်းစွာ ပြော‌ဆိုခဲ့ခြင်းအတွက် တစ်ထေရာတည်း ပြန်ဆပ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

“ဟားး.... မင်း ဝင်ချင်တယ်ဆိုလည်း ဝင်လိုက်ပါ!”

ဤရွှေကျီးကန်းနတ်ဘုရားမင်းဆက် ပါရမီရှင်သည် စူးချန်ကဲ၏ ခွန်အားနှင့် ပတ်သက်၍ စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေပြီး ဆက်လက် မတားဆီးဝံ့တော့ပေ။

အကယ်၍ သူသည် မောက်မာသော စကားများကို ထပ်မံ ပြောဆိုပါက ၊ မြေမြှုပ်စရာ နေရာမရှိမှာကိုပင် ကြောက်မိသည်။

တောင်တန်းများ ရှိနေသရွေ့ ထင်းမီးအတွက် စိုးရိမ်စရာမလိုပေ။

သူ၏ စိတ်ထဲက အတွေးကို မြင်နိုင်ပုံရသော စူးချန်ကဲသည် အေးစက်စွာ ပြုံးရယ်လိုက်သည်။

“ကောင်းပြီ၊ မင်းကို အရင် ပို့ဆောင်ပေးမယ်”

ရွှေကျီးကန်းနတ်ဘုရားမင်းဆက် ပါရမီရှင်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားသည်။

“ ငါက....”

တဖက်လူ၏ စကားကို ပြီးဆုံးအောင်ပင် အချိန်မပေးတော့ဘဲ စူးချန်ကဲသည် ရုတ်ချည်းဆိုသလိုပင် ၎င်း၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် မည့်သည့်အပိုစကားမှ မပြောဘဲ၊ ၎င်း၏ နှလုံးနေရာအား လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဘုန်း !!

ကြောက်မက်ဖွယ် ကောင်းသော မှော်သင်္ကေတမုန်တိုင်းသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ အလင်းလှိုင်းတံပိုးများသည် ဤနေရာတစ်ခုလုံးကို အပြီးအပိုင် ဖျက်ဆီးပစ်တော့မည့် အတိုင်း ပြေးဝင်သွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံအဆုံးတွင်၊

ဤနှစ်ဦး၏ ခန္ဓာကိုယ်များသည် မီးခိုးငွေ့အဖြစ် ပျောက်ကွယ်သွားခဲ့ပြီး၊ ဝိညာဉ်ပင် မကျန်ရစ်ခဲ့ချေ။

သူ့တွင် အရေးကြီးသော လုပ်ငန်းဆောင်တာများ ရှိနေသေးသောကြောင့် ဤငအ နှစ်ကောင်နှင့် ဆော့ကစားရန် အချိန်မရှိပေ။

စူးချန်ကဲ၏ ကိုယ်ပိုင်စည်းမျဉ်အရ ၊ အကယ်၍ တစ်စုံတစ်ယောက်သည် သူ့အား လာရောက်တိုက်ခိုက်ရဲပါက ၊ ဒါဆို သူသည် ရန်သူကို အပြီးအပိုင် သုတ်သင်ပစ်ပေမည်။

အကြောင်းမှာ ရန်သူကို ကရုဏာထားခြင်းသည် မိမိကိုယ်ကို ရက်စက်စေခြင်းပင် ဖြစ်သည်။

“ဆရာတူအစ်ကို၊ အစ်မ ကျွန်တော်တို့ သွားကြရအောင်”

စူးချန်ကဲ၏ စကားကို ကြားပြီး‌နောက်မှသာ ၊ တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် ရွှမ်ယွီဧကရီ အစရှိသူများသည် အာရုံပျံ့လွင့်ရာမှ နိုးထလာခဲ့ကြသည်။

သူတို့အားလုံးသည် သူ့အလိုလို ‌တစ်ယောက်နှင့် တစ်ယောက် ကြည့်မိလိုက်ကြပြီး ၊ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။

“ ငါ အမှတ်မမှားဘူးဆိုရင်၊ ခုနက ချန်ကဲ သုံးလိုက်တဲ့ လက်သီးက...”

တိ့ကျန့် မဟာဧကရာဇ်မင်းသည် မယုံကြည်နိုင်သော အမူအရာဖြင့် သူ့တံတွေးသူမျိုချလိုက်ရင်း ဆက်ပြောလိုက်သည်။

“ ငါတို့ ကွေးယွမ်အမတဂိုဏ်းရဲ့ အခြေခံလက်သီးကျင့်စဉ်.... ကောင်းကင်ဘုံလက်သီး မဟုတ်လား”

ဤသည်မှာ စစ်မှန်အမတနယ်ပယ် ရှိ ကျင့်ကြံသူများ လေ့ကျင့်သော လက်သီးကျင့်စဉ်ဖြစ်ပြီး၊ ထိုးစစ်သီးသန့် လက်သီးအတတ် ဖြစ်သည်။ ၎င်းကို ပြီးပြည့်စုံစွာ ကျင့်ကြံနိုင်သူသည် ကောင်းကင်ဘုံ၏ လက်သီးအတွေးကိုပင် ထိန်းချုပ်နိုင်သည်။

လက်သီးတစ်ချက် ထိုးနှက်ရုံဖြင့် ၊ နည်းလမ်းပေါင်းများစွာကို ချိုးဖျက်နိုင်သည်။

ကွေးယွမ်အမတဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်တွင် တိ့ကျန့် မဟာဧကရာဇ်မင်းတို့သည်လည်း ဤကျင့်စဉ်ကို သင်ယူခဲ့ကြသည်။

သို့သော် ဤမျှကြာအောင် ကျင့်ကြံခဲ့သော်လည်း ၊ ‌မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်စေနိုင်သော လက်သီးတစ်ချက်ကို ဖန်တီးဖို့ နေနေသာသာ ၎င်း၏ အနှစ်သာရကိုပင် ရှာမတွေ့ခဲ့ပေ။

စူးချန်ကဲသည် ကွေးယွမ်အမတဂိုဏ်းသို့ နှစ်ရက် သုံးရက်သာ နေထိုင်ခဲ့ပြီး ၊ အချိန်တိုအတွင်း ဤလက်သီးကျင့်စဉ်ကို သင်ယူနိုင်ခဲ့သည်။

ဤသည်မှာ အတော်လေး ကြီးကျယ်လွန်းသည် မဟုတ်လော။

All Chapters