အခန်း (၇၀၅-၇၀၈)
Vol. 54 Ch. 705-708
အပိုင်း (၇၀၅) - စက်ယန္တရား လောကကြီး ၊ ထျန်းချီယန္တရားဂိုဏ်းဖြစ်နေမလား
ဆရာအစ်ကို၏ စကားကို ကြားလိုက်ရသော စူးချန်ကဲသည် အေးဆေးတည်ငြိမ်စွာ ပြုံးရယ်လိုက်သည်။
“ နည်းနည်း သင်ယူခဲ့တာပါ .. ကြွားဝါစရာ မရှိပါဘူး”
ထိုစကားကို ကြားလိုက်ရသော တိ့ကျန့် မဟာဧကရာဇ်မင်းတို့ခမျာ ကောင်းကင်ကြီး ပြိုကျမတတ် ဖြစ်ခဲ့ရသည်။
လက်သီးတစ်ချက်ဖြင့် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင် နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ဤသည်မှာ နည်းနည်းပင်လော။
စူးချန်ကဲသည် ကောင်းကင်ဘုံ လက်သီး၏ အနှစ်သာရကို နားလည်သဘောပေါက်ခဲ့သည်ဟု သူတို့ ယုံကြည်သည်။
တစ်ချိန်တည်းမှာပင်၊ တိ့ကျန့် မဟာဧကရာဇ်မင်းသည် ကွေးယွမ် သူတော်စင်နယ်မြေတွင် ရှိစဉ်က အကြောင်းများကို ပြန်သတိရမိသည်။
ကွေးယွမ် သူတော်စင် နယ်မြေမှ တပည့်များသည် ဤသို့ပြောဖူးသည်။ စူးချန်ကဲ ရှိနေသရွေ့ သူတို့၏ ကျင့်ကြံမှုသည် ဘာအဓိပ္ပာယ်မှ မရှိသည်ဟု ခံစားရသည်။
ယနေ့ အဖြစ်အပျက်တွင် သူတို့သည် အမှန်တကယ်ပင် နက်ရှိုင်းသော ခံစားချက်တစ်ခုကို ရရှိခဲ့သည်။
စူးချန်ကဲ၏ ပါရမီသည် ပုံမှန်မဟုတ်သည်အထိ ထူးခြားလွန်းသည်။ ဤကဲ့သို့သော လူ့ဘီလူးတစ်ကောင် ရှေ့တွင် ကျင့်ကြံခြင်းသည် မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။
သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။ မိမိတို့သည် စူးချန်ကဲ၏ ဆရာတူမောင်နှများ ဖြစ်သည့်အပေါ် အတော်လေး စိတ်အေးရပေသည်။ ဤလူသည် အတော်လေး ကြောက်စရာကောင်းပေသည်။
……
တစ်ချိန်တည်းမှာပင်။
နတ်ဘုရားလက်နက် အမတမျှော်စင် အမွေအနှစ်ဧရိယာအတွင်း။
ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ တပည့်များ နှင့်အတူ စူးစမ်းရှာဖွေနေသည့် ကျီချောင်ကဲသည် ခြေလှမ်းများ ရပ်တန့်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
“အမ်...?”
“အပြင်ဘက်မှာ စောင့်နေတဲ့ ငါ့ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က တပည့်နှစ်ယောက်ရဲ့ ရောင်ဝါတွေ ပျောက်ကွယ်သွားပါ့လား “
ထိုသို့ပြောဆိုရင်း ကျီချောင်ကဲသည် မိမိခန္ဓာကိုယ်အတွင်းရှိ နတ်အသိစိတ် စွမ်းအားကို အသက်သွင်းကာ အပြင်ဘက်ရှိ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ ထိုပါရမီရှင်နှစ်ဦးနှင့် ဆက်သွယ်ကြည့်ရန် ကြိုးစားလိုက်သည်။
သို့သော် ခဏကြာသည်အထိ ပြန်လည်တုံ့ပြန်မှု မရရှိခဲ့ပေ။
“အရှင့်သား ၊ဘာဖြစ်လို့လဲ”
သွက်လက်လှပသည့် အမျိုးသမီးတစ်ဦးသည် ကျီချောင်ကဲထံသို့ ရောက်ရှိလာပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ထျန်းလွင် နဲ့ ထျန်းရှင်း တို့ အခက်အခဲတစ်ခုနဲ့ ကြုံနေပုံရတယ်”
ကျီချောင်ကဲ၏ အမူအရာသည် အနည်းငယ် မှိုင်းညို့လာသည်။
“သူတို့နှစ်ယောက်ရဲ့ ရောင်ဝါတွေ ပျောက်ကွယ်သွားပြီ”
ဤစကားကို ကြားလိုက်ရသည်နှင့် ၊
ထိုနေရာတွင်ရှိနေသည့် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ တပည့်များ အားလုံးသည် ရုတ်တရက်ပင် အံ့အားသင့်သွားကြသည်။
ကျီချောင်ကဲ ပြောနေသည့် ထျန်းလွင် နှင့် ထျန်းရှင်း ဆိုသည်မှာ စူးချန်ကဲ သတ်ဖြတ်လိုက်သည့် လူနှစ်ဦးပင်ဖြစ်သည်။
“အရှင့်သား ၊ ဒါမဖြစ်နိုင်ဘူး...”
“ထျန်းလွင်နဲ့ ထျန်းရှင်း နှစ်ဦးစလုံးက စစ်မှန်အမတနယ်ပယ် အဆင့်(၈) ရှိတယ် .... ကျွန်တော်တို့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က ပါရမီရှင်တပည့်တွေကြားမှာတင် မကဘူး ၊ အမတနယ်မြေတစ်ခုလုံး နဲ့ ယှဉ်ရင်တောင် ထိပ်တန်းအဆင့်မှာ ရှိတယ်”
“ဟုတ်တယ် ! သူတို့နှစ်ဦးကို သတ်နိုင်တဲ့သူရှိတယ်ဆိုရင်တောင် ... သူတို့နှစ်ဦးက ဘာလို့ ကျွန်တော်တို့ကို နတ်အသိစိတ်နဲ့ မဆက်သွယ်ခဲ့တာလဲ”
“……..”
ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်တပည့်များသည် အပြန်အလှန် ဆွေးနွေးနေကြသည်။
အမတနယ်မြေ၏ တားမြစ် အင်အားစုကိုးခုအနက် တစ်ခုအဖြစ် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ ပါရမီရှင်များသည် မာန်မာနကြီးသူများ ဖြစ်ကြသည်။
မည်သူကများ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်မှ ပါရမီရှင်များကို သတ်ဖြတ်ရဲသနည်း။
“ဒီခေတ် အမတနယ်မြေရဲ့ ပါရမီရှင်တွေက မရေမတွက်နိုင်အောင် များပြားပြီး၊ ထိပ်တန်း ပါရမီရှင်တွေ အများကြီး ရှိတယ် “
ကျီချောင်ကဲသည် တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။
“ငါတို့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က ပါရမီရှင်ကို သတ်နိုင်သူ တစ်ဦး ပေါ်ပေါက်လာတာ မဆန်းပါဘူး”
“ ဒါပေမဲ့... အဲ့ဒီလူက ထျန်းရှင်းနဲ့ ထျန်းလွင်တို့က ငါ့ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က တပည့်တွေမှန်း သိလျက်နဲ့ သတ်ဖြတ်ရဲတာ...”
“တကယ်ကို သတ္တိရှိလှပါပေတယ်!”
ကျီချောင်ကဲသည် ဆက်ပြောရင်းဖြင့် သူ၏မျက်နှာသည် ပို၍ အေးစက်လာပြီး ၊ သူ၏ မျက်ဝန်းတစ်စုံ၌ ရွှေကျီးကန်း နတ်ဘုရားမီးလျှံများ တဟုန်းဟုန်း တောက်လောင်နေခဲ့သည်။
မိမိမျိုးနွယ်ဝင်တစ်ဦး၏ သေဆုံးမှုသည် ကျီချောင်ကဲကို ဒေါသထွက်စေခဲ့သည်။
“ ဒီတိုင်းသာဆိုရင်....”
“အဲ့ကောင်က ထျန်းလွင်နဲ့ ထျန်းရှင်းတို့ကို သတ်ပြီးနောက် အာကာသအက်ကြောင်းကနေ တစ်ဆင့် ဒီနေရာထဲကို ဝင်ရောက်လာနိုင်ချေ ရှိတယ်...ငါတို့တွေ ဆုံတွေ့ရနိုင်တယ်”
ကျီချောင်ကဲသည် အေးစက်သော လေသံဖြင့်။
“ ကောင်းကင်ဘုံကို သွားရောက်မယ့် လမ်းရှိပါလျက်နဲ့ မသွားဘဲ ငရဲပြည်ကို တိုးဝင်လာတယ်”
“ငါ့ရွှေကျီးကန်းနတ်ဘုရားမင်းဆက် က တပည့်တွေကို သတ်ဖြတ်ခဲ့တဲ့အတွက် အဆတစ်ရာပေးဆပ်စေရမယ်!”
ရွှေကျီးကန်းနတ်ဘုရားမင်းဆက်ရှိ အမတ ဧကရာဇ်မင်း၏ သားတော်တစ်ပါး ဖြစ်သည့် ကျီချောင်ကဲသည်
ယနေ့ခေတ် အမတနယ်မြေ၏ ထိပ်တန်း ပါရမီရှင် ဖြစ်သည်နှင့် အလျောက် ၊ သူသည် တဖက်လူကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။
“ ဒါပေမဲ့... အဲ့မတိုင်မီ၊ အဲ့ကောင်စုတ်လေး ယန္တရားတွေရဲ့အောက်မှာ မသေဖို့ မျှော်လင့်တယ်”
ကျီချောင်ကဲ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု လှစ်ဟသွားသည်။
“မဟုတ်ရင်... ငါ မင်းကို တကယ်ပဲ လျှော့တွက်မိသွားပြီ “
နတ်ဘုရားလက်နက် အမတမျှော်စင်ထဲသို့ ပထမဆုံး ဝင်ရောက်လာသူများ ဖြစ်သည်နှင့်အလျောက် ၊ သူတို့သည် ဤနေရာရှိ ဧရိယာပုံစံများကို သိရှိထားပြီး ဖြစ်သည်။
ဤအပျက်အစီး ကမ္ဘာကြီးကို အကြမ်းဖျင်းအားဖြင့် ဧရိယာကြီး ၅၆ ခုအဖြစ် ပိုင်းခြားထားသည်။
ယခင်က နတ်ဘုရားလက်နက်အမတမျှော်စင်တွင် မရေမတွက်နိုင်အောင် ရှိခဲ့သော တပည့်များ၏ နေထိုင်ရာ ဧရိယာများနှင့် သတ္တုတွင်းဧရိယာအချို့ လည်း ပါဝင်သည်။
ဤနေရာတွင် ကျီချောင်ကဲသည် စက်ယန္တရားများ နှင့် စက်ရုပ်များကို မြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုကိုပင် မြင်ဖူးခဲ့သည်။
ထိုနေရာတွင် နတ်ဘုရားလက်နက် အမတမျှော်စင်မှ ဖန်တီးထားသော စက်ယန္တရားများနှင့် စက်ရုပ်များစွာ ရှိပြီး ၊ အချို့မှာ ဆွေးမြေ့သံချေးတတ်နေကာ အသုံးမဝင်တော့ချေ။ သို့သော် အချို့က ယခုထိတိုင် နောက်ဆုံးစွမ်းအင်များ ကျန်ရှိနေဆဲ ဖြစ်သည်။
စက်ရုပ်များသည် ထိုဧရိယာအတွင်း ရည်မှန်းချက်မရှိ လှည့်လည်သွားလာနေပုံရပြီး ၊ ထိုနေရာသို့ ဝင်ရောက်လာသူတိုင်းကို တက်တက်ကြွကြွ တိုက်ခိုက်ကြပေလိမ့်မည်။
“ငါ ထင်တာ မမှားဘူးဆိုရင်... ဒီစက်ရုပ်စုထဲမှာ ကောင်းကင်အမတ နယ်ပယ်အဆင့်ကိုတောင် ယှဉ်နိုင်တဲ့ စက်ရုပ်သားရဲတစ်ကောင် ရှိပုံရတယ်”
“ စောနက တိုက်ပွဲရဲ့လှုပ်ရှားမှုကြောင့် သူတို့လည်း နိုးလာလောက်ပြီ ...”
“တကယ်လို့များ အဲ့ကောင်သာ ကံဆိုးပြီး သူတို့နဲ့ ရင်ဆိုင်ခဲ့ရရင် ..ငါကိုယ်တိုင် သူ့ကို သတ်ဖြတ်ခွင့် မရမှာကို စိုးမိတယ် “
…….
အခြားတစ်ဖက်တွင် ။
အာကာသ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်လာသည်နှင့် ၊
စူးချန်ကဲသည် ရှေးကျသော ရောင်ဝါလှိုင်းများသည် သူ့ဆီသို့ တိုးဝှေ့လာပြီး ၊သူ့မျက်စိရှေ့က ကမ္ဘာကြီးသည် လှည့်ပတ်နေသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် မြန်မြန်ဆန်ဆန်ပင်၊ ဤထူးဆန်းသော ခံစားချက်သည် ပျောက်ကွယ်သွားသည်။
ထို့နောက် ဆန်းပြားသော ရောင်ခြည်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ၊
စူးချန်ကဲတို့သည် အမြင်အာရုံ ပြန်လည်ကြည်လင်လာပြီး၊ သူတို့ရှေ့က မြင်ကွင်းကြောင့် အံ့သြမှင်သက်ကာ စကားမပြောနိုင်ဘဲ ဖြစ်သွားကြသည်။
ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ ကျယ်ပြန့်လှသော လောကကြီးတစ်ခုကိုသာ မြင်ရပေလိမ့်မည်။
ဤလောကကြီးတွင် ရှေးဟောင်း သစ်ပင်ကြီးများလည်း မရှိသလို အမတမြက်ပင်များနှင့် နတ်ဆေးပင်များလည်း မရှိချေ။
မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ စက်ယန္တရားများ၏ အပျက်အစီးများ နှင့် ရိုးရိုးရှင်းရှင်း မြေဆီလွှာမဟုတ်သော မြေပြင်သာ ဖြစ်သည်။
မြေပေါ်တွင် ပုံစံအမျိုးမျိုးရှိသော ဂီယာဘီးများ၊ ထူးဆန်းသော သံမဏိအပိုင်းအစများ ၊ အမတလက်နက် အကြွင်းအကျန်များဖြင့် ပြည့်နှက်နေသည်။
နှစ်ကာလအပိုင်းအခြားများစွာ ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း၊ ဤသံမဏိ အပိုင်းအစများ၏ မျက်နှာပြင်သည် ကြယ်များကဲ့သို့သော တောက်ပကာ ရောင်ပြန်ဟပ်လျက်ရှိသည်။
ထို့ပြင် ထူးဆန်းသော ပုံသဏ္ဍာန်များရှိသည့် ကြီးမားသော အမတနန်းဆောင်များနှင့် မုခ်ဦးများလည်း ရှိနေသေးသည်။
သို့သော် အပြင်ဘက်ရှိ အဆောက်အအုံများနှင့် မတူညီသည်မှာ အပြင်ဘက်ရှိ အမတနန်းဆောင်များနှင့် မုခ်ဦးများပေါ်တွင် နဂါးနှင့် ဖီးနစ်ဌက်များကို ထွင်းထုထားပြီး ကျောက်မျက်ရတနာများဖြင့် တန်ဆာဆင်ထားသဖြင့် ရိုးရှင်းပြီး ကြော့ရှင်းသော ဆွဲဆောင်မှုကို ပေါ်လွင်စေသည်။
ဤနေရာရှိ အမတနန်းဆောင်နှင့် မုခ်ဦးများမှာမူ လုံးဝကွဲပြားသည်။
ထိုအဆောက်အအုံများပေါ်တွင် မဟာလမ်းစဉ် မှော်သင်္ကေတများ ၊ နတ်ဘုရားငှက်နှင့် မိုးပြာနဂါးပုံများကို ထွင်းထုထားသော်လည်း ၊
သို့သော် ၎င်းတို့အားလုံးကို သံသတ္တုဖြင့် ပြုလုပ်ထားသည်။ ထိုသံသတ္တုများသည် အေးစက်သော ရောင်ဝါများကို ထုတ်လွှင့်နေသည်မှာ လူကို မတူညီကွဲပြားသော အခြားလောကအတွင်းသို့ ရောက်ရှိသွားသည့်အတိုင်း ခံစားရစေသည်။
ဤကျိုးပဲ့ပျက်စီးနေသော အပျက်အစီးများအတွင်း၌ ၊ မရေမတွက်နိုင်သော ဧရာမ သံမဏိသားရဲသတ္တဝါများသည် ထိုနေရာတွင် လဲလျောင်းနေကြပြီး ၎င်းတို့၏ ကိုယ်ထည်များသည် တောင်ကုန်းကြီးသဖွယ် ကြီးမားပေသည်။
ပို၍ထူးဆန်းသည်မှာ၊ ထိုကြီးမားသော သံမဏိသားရဲသတ္တဝါများ၏ ခန္ဓာကိုယ်ပေါ်တွင် ဓါး ၊ လှံများစသည့် လက်နက်များဖြင့် ပြည့်နှက်နေပြီး၊ အလွန်ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ကြုံတွေ့ခဲ့ရဟန်တူသည်။
“ဒါက နတ်ဘုရားလက်နက် အမတမျှော်စင်ရဲ့ အကြွင်းအကျန် ကမ္ဘာကြီးလား...?”
ရွှမ်ယွီဧကရီသည် သူမရှေ့ရှိ မြင်ကွင်းကို ကြောင်အမ်းစွာဖြင့် စိုက်ကြည့်နေမိသည်။
ဤအခြေအနေသည် သူမ မျှော်လင့်ထားသည့်အတိုင်း ဟုတ်မနေခဲ့ချေ။
နတ်ဘုရားလက်နက်အမတမျှော်စင်သည် အမတဂိုဏ်း (၃၆ )ခုအနက် တစ်ခုဖြစ်ခဲ့သည်နှင့် အလျောက် ၊ ဤကမ္ဘာကြီးမှာလည်း အလွန်လှပမည်ဟု သူမ ထင်ခဲ့သည်။
သို့သော် ဤနေရာထဲသို့ ရောက်ရှိလာပြီးနောက်၊ အလွန်ပင် အံ့အားသင့်စရာ ကောင်းသော အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည်။
ဒဏ္ဍာရီထဲက နတ်ဘုရားလက်နက် အမတမျှော်စင်သည် စက်ယန္တရား စက်ရုပ်များ၏ လောကကြီးတစ်ခု ဖြစ်နေခဲ့သည်။
သို့သော်၊ လူတိုင်း၏ အံ့အားသင့်မှုနှင့် နှိုင်းယှဉ်ပါက၊
ဤအခြေအနေကို မြင်တွေ့လိုက်ရသည့် စူးချန်ကဲမှာ မျက်မှောင်ကြုတ်နေပြီး ၊ သူသည် မြေပြင်ပေါ်မှ ဂီယာဘီးတစ်ခုကို ပေါ့ပေါ့တန်တန် ကောက်ယူလိုက်သည်။
၎င်းပေါ်ရှိ များပြားလှသော ယန္တရား မှော်သင်္ကေတများကို ကြည့်ရင်း စူးချန်ကဲသည် ပို၍ မျက်မှောင်ကြုတ်သွားသည်။ သူသည် ထိုအရာမှ ရင်းနှီးနေသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။
“ ငါ ဒါကို ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ....ဘယ်နေရာမှာ တွေ့ဖူးပါလိမ့်”
စူးချန်ကဲ၏ စိတ်ထဲတွင် အတွေးများဖြင့် ရှုပ်ထွေးနေခဲ့သည်။ သူ့မျက်စိရှေ့က ဤအရာအားလုံးကို တစ်ချိန်က မြင်ဖူးခဲ့သကဲ့သို့ ရင်းရင်းနှီးနှီး ခံစားမိနေသည်။
ရုတ်တရက်ပင် ၊ သူသည် တစ်စုံတစ်ခုကို မှတ်မိသွားသကဲ့သို့ သူ၏မျက်လုံးအိမ်များသည် ကျဉ်းမြောင်းသွားသည်။
ဤသည်မှာ တိုက်မြေ သုံးထောင်တွင် ယန္တရားအတတ်ပညာဖြင့် ကျော်ကြားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေခဲ့သည်။
တိုက်မြေ၏ သမိုင်းတွင် တည်ရှိခဲ့သည့် အချိန်မှာ တိုတောင်းသော်လည်း၊ သမိုင်းတွင် အလွန်ထင်ရှားသော အမှတ်အသားတစ်ခုကို ချန်ရစ်နိုင်ခဲ့သည့် ထျန်းချီယန္တရားဂိုဏ်းပင်တည်း။
အပိုင်း (၇၀၆) - သံမဏိသင်္ချိုင်းမြေ၊ အသက်ရှင်နေသော သံမဏိသားရဲများ (Part-1)
ထိုအမည်ကို စဉ်းစားမိသည်နှင့် တပြိုင်နက်၊
စူးချန်ကဲသည် စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီး ထျန်းချီယန္တရားဂိုဏ်း၏ ထျန်းချီယန္တရားအတတ်ကို သတိရလိုက်သည်။
“မိုးမြေကို ယန္တရားများအဖြစ် ပုံသွင်းလျက် ၊မိုးမြေရဲ့ နိယာမတို့ကို အူတိုင်အဖြစ်ထားရှိကာ လောကအံ့ဖွယ်ရာများကို ဖန်တီးလေသည်....”
စူးချန်ကဲသည် ထျန်းချီယန္တရားအတတ်၏ ကျင့်ကြံမှုအခြေခံမူများကို တသသရွတ်ဆိုလိုက်သည်။
“သံမဏိကို အသစ်တစ်ဖန် မွေးဖွားစေကာ ယန္တရားစက်များကို အသက်သွင်းသည်.....”
ထိုသို့ရွတ်ဆိုနေရင်း ၊ စူးချန်ကဲ၏ စိတ်မှာ ပို၍ပင် မတည်ငြိမ်နိုင်တော့ချေ။
ထျန်းချီယန္တရားအတတ်တွင် ဆိုထားသည့် ယန္တရားစက်များကို စဉ်းစားကြည့်ပါက၊ ၎င်းတို့သည်လည်း သံမဏိဖြင့် ပြုလုပ်ထားသော စက်ရုပ်များပင် မဟုတ်လော။
စူးချန်ကဲသည် သူ့အနားရှိ သံချေးတတ်ကာ ဆွေးမြေ့နေသော သံမဏိစက်ရုပ်တစ်ခုကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
သူ ကြည့်လေလေ၊ ဤအရာသည် ထျန်းချီယန္တရားအတတ်၌ မှတ်တမ်းတင်ထားသည့် ယန္တရားစက်ရုပ်နှင့် တူသည်ဟု ခံစားရလေလေ ဖြစ်သည်။
“ မဟုတ်မှလွဲရော... တိုက်မြေ သုံးထောင်မှာ ယာယီပေါ်ထွက်ခဲ့တဲ့ ထျန်းချီယန္တရားဂိုဏ်းက... တကယ်တော့ အမတနယ်မြေက နတ်ဘုရားလက်နက် အမတမျှော်စင်နဲ့ ဆက်စပ်မှုရှိနေခဲ့တာလား...!?”
စူးချန်ကဲ၏ စိတ်ထဲတွင် အတွေးများဖြင့် ရှုပ်ထွေးနေခဲ့သည်။ ယခင်က သူ စုဆောင်းရရှိခဲ့သော ထျန်းချီယန္တရားဂိုဏ်းမှ အချက်အလက်များကို ပြန်သတိရသွားသည်။
ထျန်းချီယန္တရားဂိုဏ်းသည် တိုက်မြေ သုံးထောင်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထို့ပြင် သူသည် ထျန်းချီယန္တရားဂိုဏ်း၏ လျှို့ဝှက်ချက်များကိုလည်း သိထားသေးသည်။ ၎င်းတို့သည် အမည်မသိ အင်အားစုတစ်ဖွဲ့၏ လိုက်လံသတ်ဖြတ်မှုကို ရှောင်တိမ်းနေဟန်ရှိသည် ဟူသော အချက်သာပင်။
“နတ်ဘုရားလက်နက် အမတမျှော်စင်ကို အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်က ဖျက်ဆီးခဲ့တာပဲ...”
“ တကယ်လို့များ....ထျန်းချီယန္တရားဂိုဏ်းက နတ်ဘုရားလက်နက် အမတမျှော်စင်နဲ့ ဆက်စပ်မှု ရှိနေခဲ့တယ်ဆိုရင် ...ဒါဆို ထျန်းချီယန္တရားဂိုဏ်းကို လိုက်လံသတ်ဖြတ်နေတာက အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်များ ဖြစ်နေမလား....”
လက်ထဲက ဂီယာဘီးကို ကြည့်ရင်း၊ ဤအခိုက်အတန့်တွင် စူးချန်ကဲ၏ စိတ်တွင် အနည်းငယ် မငြိမ်မသက် ဖြစ်နေခဲ့သည်။
ထူးဆန်းသော ယန္တရားအတတ်ပညာ၊ သံမဏိကို သွန်းလုပ်နိုင်သည့် အထူးစွမ်းရည်များကို ပိုင်ဆိုင်ထားခြင်း၊ ဤနှစ်ခုပေါင်းလိုက်သည့်အခါ မတူညီသော လောကမှ ကျင့်ကြံမှုစနစ်တစ်ခု ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
ဤအရာသည် စူးချန်ကဲကို အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်စေသည်။
ထျန်းချီယန္တရားဂိုဏ်းသည် နတ်ဘုရားလက်နက် အမတမျှော်စင်၏ လက်အောက်ခံ အင်အားစုဖြစ်ခဲ့ပါက၊ အဘယ်ကြောင့် တိုက်မြေ သုံးထောင်တွင် ပေါ်ထွက်လာရသနည်း။
သူတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
ထို့ပြင် ထျန်းချီယန္တရားဂိုဏ်းသည် ဖျက်ဆီးခံရသည့် လက္ခဏာမျိုး မတွေ့ရချေ။ ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ပင်။ သို့မဟုတ် သူတို့သည် ယခုထိတိုင် ရှင်သန်နေသေးသလော။
သို့ဖြစ်ပါက ၊ နတ်ဘုရားလက်နက် အမတမျှော်စင်သည် တကယ်တမ်းတွင် မပျက်စီးသေးဘဲ တည်ရှိနေသေးသည်ဟု ဆိုရပေမည်။
“ချန်ကဲ၊ ဘာတွေ တွေးနေတာလဲ”
ရွှမ်ယွီဧကရီသည် စူးချန်ကဲဘေးနားသို့ ရောက်လာပြီး ဆိုလိုက်သည်။
“ ငါတို့ ဒီဧရိယာကို ရှာဖွေပြီးသွားပြီ ..သံချေးတတ်နေတဲ့ အပိုင်းအစတွေကလွဲလို့ တစ်ခုမှ ရှာမတွေ့ဘူး”
“ရွှေကျီးကန်းနတ်ဘုရားမင်းဆက် အုပ်စုက ငါတို့ထက် စောရောက်နေတာ ...တွေ့ခဲ့ရင်လည်း သူတို့ ယူပြီးသွားလောက်ပြီ “
စူးချန်ကဲသည် ပြုံးလိုက်သည်။
“ကျွန်တော်တို့ ဒီလမ်းအတိုင်း ဆက်သွားကြမယ်...တကယ်လို့ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က အုပ်စုနဲ့ ကြုံခဲ့ရင်လည်း....”
“တခါတည်း ဖြေရှင်းလိုက်ပြီး၊ သူတို့လက်ထဲက အခွင့်အရေးကို သိမ်းယူလိုက်ကြတာပေါ့”
ထိုသို့လုပ်ရုံမှတစ်ပါး မတတ်နိုင်ပေ။ ထိုအုပ်စုသည် အခွင့်အရေးများကို သိမ်းယူသွားပြီး ဖြစ်ကာ သူ့အနေဖြင့် ၎င်းတို့လက်ထဲမှ တိုက်ရိုက် ရယူရုံသာ ရှိတော့သည်။
ဤစကားကို ကြားလိုက်ရသည်နှင့် တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် ရွှမ်ယွီဧကရီတို့ အုပ်စုသည် ခဏတာ ဆွံ့အသွားပြီး ထို့နောက် သူသူကိုယ်ကိုယ် ရယ်မောမိကြသည်။
ကြည့်စမ်း ! ဘယ်လောက်တောင် လူမဆန်တဲ့လုပ်ရပ်တုန်း!
ထို့ပြင်၊ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ လက်ထဲမှ အခွင့်အရေးကို သိမ်းယူရန် တွေးဝံ့သူမှာ ဤအမတနယ်မြေတစ်ခွင်တွင် စူးချန်ကဲအပြင် အခြားသူ ရှိမည်မထင်။
………
အပျက်အစီးများဖြင့် ပြည့်နှက်နေသော ဤကမ္ဘာကြီးသည် လူသူကင်းမဲ့နေပြီး ဘယ်နေရာကိုပင် ကြည့်ကြည့် ၊ သတ္တုအလင်းရောင်တောက်ပနေသော သံမဏိအပိုင်းအစများဖြင့် ပြည့်နှက်နေသည်။
ဤနေရာမှ ကောင်းမွန်သော သီးနှံများကို ရိတ်သိမ်းမည်ဟု ပြင်ဆင်ထားခဲ့သော ရွှမ်ယွီဧကရီကိုပင် အနည်းငယ် စိတ်ပျက်သွားစေသည်။
“ဒါ ဘယ်လိုစွန့်ပစ်ထားတဲ့ နေရာလဲ .. သံမဏိအပိုင်းအစတွေကလွဲလို့ ဘာမှမရှိဘူး”
“ကျွန်မတို့ တိုက်မြေ သုံးထောင်ရဲ့ လျှို့ဝှက်နယ်မြေတွေမှာတောင် ဆေးပင်လေးတွေ မြင်ရဦးမယ်...”
“ ဘာရတနာမှ မပြောနဲ့ မြက်ပင်တစ်ပင်တောင် မရှိဘူး “
“ ရှိတယ်ဆိုရင်တောင်၊ ဒီလို ပတ်ဝန်းကျင်မှာ ပေါက်ရောက်နေတဲ့ အပင်ကလည်း သံချေးတက်နေမှာ သေချာတယ် “
ရွှမ်ယွီဧကရီ၏ လေသံထဲတွင် စိတ်ဆိုးနေသော အငွေ့အသက်များ ပါဝင်နေသည်။
“နတ်ဘုရားလက်နက်အမတမျှော်စင်က လူတွေ ဘယ်လိုတောင် နေထိုင်ခဲ့ကြသလဲ မသိဘူး....”
တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် ဟွမ်ထျန်း မဟာဧကရာဇ်မင်းတို့၏ မျက်နှာအရောင်မှာလည်း သိပ်မကောင်းပေ။
ဤနေရာသို့ နာရီဝက်ကျော်ကြာ လမ်းလျှောက်လာခဲ့သော်လည်း ၊ မြင်ရသည်မှာ အဆုံးမရှိသော သံမဏိအပိုင်းအစများသာ ဖြစ်သည်။
အမတဂိုဏ်း (၃၆)ခုအနက် တစ်ခုဖြစ်ပါလျက်နဲ့ ၊ သူတို့ မူလက တွေးထားသည့်အတိုင်း ဆိုရလျှင်ဖြင့် ဤနေရာတွင် ထူးဆန်းသော အပင်နှင့် ပန်းများ ပေါက်ရောက်နေကာ၊ အပုံလိုက် ဖြစ်နေသော ကျောက်မျက်ရတနာများကို တွေ့ရသင့်သည်။
နေရာတိုင်းတွင် ကြီးမားသော သစ်ပင်များဖြင့် ထူထပ်နေပြီး၊ လေထဲတွင် အမတစွမ်းအင်များဖြင့် ပြည့်နှက်နေကာ ထို့ပြင် အမျိုးမျိုးသော အမတသားရဲတိရစ္ဆာန်များ နှင့် နတ်ဘုရားငှက်များ ရှိနေသည့် လျို့ဝှက်ဆန်းကြယ်သော လောကကြီးတစ်ခု ဖြစ်နေသင့်သည် မဟုတ်လော။
သို့သော် ဤနေရာတွင်မူ၊ သံမဏိ အပိုင်းအစများမှလွဲ၍ ဘာမှမရှိချေ။
နတ်ဘုရားလက်နက် အမတမျှော်စင်တွင် အခွင့်အရေး အမြောက်အမြားရှိသည်ဟု ပြောကြသော်လည်း၊ သူတို့အနေဖြင့် ဤသည်မှာ လိမ်လည်မှု တစ်ခုသာ ဖြစ်ကြောင်း ပြောလိုက်ချင်သည်။
သို့သော် ၊ ရှေ့ဆုံးနေရာမှ လျှောက်နေသော စူးချန်ကဲမှာမူ ပတ်ဝန်းကျင်ရှိ အခြေအနေများကို လေ့လာကြည့်ရှုနေသည်။
ဤလမ်းတစ်လျှောက်လုံး သူသည် တိုက်ခိုက်ထားသော လက္ခဏာများစွာကို တွေ့ရှိခဲ့သည်။
ထို့ပြင် အနက်ရှိုင်းဆုံးသော ချောက်နက်များကဲ့သို့ အက်ကြောင်းများစွာ ရှိနေပြီး၊ မည်သည့်အချိန်က ဖြစ်ခဲ့သည်ကို မသိနိုင်သော်လည်း၊ လူကို ထိတ်လန့်စေနိုင်သော မဟာလမ်းစဉ် စွမ်းအားများကို ထုတ်လွှတ်နေဆဲပင် ဖြစ်သည်။
နတ်ဘုရားလက်နက် အမတမျှော်စင်ရှိ ဤကမ္ဘာကြီးကို ဂိုဏ်းဝင်များဖြစ်သော မဟာလမ်းစဉ် စွမ်းအားရှင်များစွာက ၎င်းတို့၏ မူလရင်းမြစ် စွမ်းအားများကို အသုံးပြု၍ တည်ဆောက်ထားသော အထူးလောကတစ်ခု ဖြစ်သည်ကို သင် သိထားရမည်။
ဤနေရာတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲအမှတ်အသားများကို ချန်ထားနိုင်ရန်မှာ အနည်းဆုံး သင်သည် အမတဘုရင် နယ်ပယ်အဆင့်နှင့်အထက် ရှိရန် လိုအပ်သည်။
ဤနေရာသည် ယခုလိုကြီးမားသော ထိုးနှက်မှုများ ခံထားရသည်ကို ကြည့်လျှင်ဖြင့် ၊ ဤနေရာသည် ယခင်က နတ်ဘုရားလက်နက် အမတမျှော်စင်၏ အလွန်အရေးကြီးသော နေရာဖြစ်ခဲ့သည်ဟု ညွှန်ပြနေသည်။
“ ဒီလောက်ထိ အရေးပါခဲ့တဲ့ နေရာမှာ... အခွင့်ကောင်းတွေ မရှိဘဲ မနေနိုင်ဘူး “
စူးချန်ကဲသည် သူဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
“ မဟုတ်မှလွဲရော ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က လူတွေကပဲ အားလုံးကို ယူချသွားသလား...”
မကြာမီပင် ၊ နာရီဝက်ခန့် အချိန်ကုန်ဆုံးလာခဲ့သည်။
သူတို့သည် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
အပိုင်း (၇၀၆): သံမဏိသင်္ချိုင်းမြေ၊ အသက်ရှင်နေသော သံမဏိသားရဲများ (Part-2)
ရှေ့တွင် မိုးတိမ်များသဖွယ် စုပုံနေခဲ့သော ထိုသံမဏိ အပိုင်းအစများသည် ယခုအခါတွင် မရှိတော့ချေ။
ယင်းအစား စက်ယန္တရားများ၏ အကြွင်းအကျန်များဖြင့် ပြည့်နှက်နေသော အဆုံးမရှိသည့် တွင်းကြီးတစ်ခုသာ ကျန်ရှိတော့သည်။ဤနေရာသည် သံမဏိစက်ရုပ်များ၏ သင်္ချိုင်းမြေပမာ ထင်ရသည်။
ပုံသဏ္ဍာန်အမျိုးမျိုးရှိသော သံမဏိ သားရဲတိရစ္တာန်များ၊ သံမဏိစက်ရုပ်များ သို့မဟုတ် အမတလက်နက် အပိုင်းအစများသည် တောင်ကြီးသဖွယ် ပုံအောကာ ရှိနေလေ၏။
လူကို ပို၍ထူးဆန်းစေသည်မှာ မည်သည့်ခေတ်ကာလမှ ယိုယွင်းပျက်စီးနေခဲ့သည်ကို မသိနိုင်သော ဤသံမဏိ စက်ရုပ်များ၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော မှော်သင်္ကေတများ ရှိနေပြီး ၊ စည်းချက်မှန်မှန် အသက်ရှူနေသကဲ့သို့ တချက်တချက် တောက်ပသွားတတ်သည်။
ဝုန်း !
ဝုန်း !
ဝုန်း !
သို့သော် သူတို့အားလုံး ကြည့်ရှုနေစဉ်မှာပင်၊
မြေပြင်သည် ပြင်းထန်စွာ တုန်ခါလာပြီး၊ ဤလောကရှိ မှော်သင်္ကေတများပါ ရိုက်ခတ် လှုပ်ရှားလာသည်။
တောင်လိုစုပုံနေသော သံမဏိအပျက်အစီးများမှ ရံဖန်ရံခါ လိမ့်ကျလာသော သံမဏိအပိုင်းအစများသည် စူးချန်ကဲနှင့် အခြားသူများကို အနည်းငယ် ထိတ်လန့်စေသည်။
“ဒါက......”
လူတိုင်း၏ မျက်လုံးအိမ်များသည် ကျုံ့ဝင်သွားကြသည်။
ဤကြီးမားသော သံမဏိသင်္ချိုင်းမြေအတွင်း၊ သူတို့သည် ကြီးမားသော အရိပ်များစွာကို မြင်လိုက်ရပြီး၊ ၎င်းတို့သည် စက်ကိရိယာများမှ သက်ဝင်လှုပ်ရှားနေခြင်း ဖြစ်သည်။
ထင်ရှားစွာ မြင်ရလိုက်သည်မှာ ယခု သက်ဝင်လှုပ်ရှားနေသော အရာမှာ သံမဏိစက်ရုပ်များပင် ဖြစ်သည်။
စူးချန်ကဲ၏ အမြင်အာရုံသည် အလွန်ကောင်းပြီး၊ ချက်ချင်းဆိုသလိုပင် သူသည် ရွေ့လျားနေသော အရိပ်မည်းကြီးကို မြင်လိုက်ရသည်။
ယခင်က ဆွေးမြေ့ပျက်စီးနေခဲ့သော သံမဏိစက်ရုပ်များနှင့် မတူချေ။ ဤသံမဏိစက်ရုပ်များ၏ ခန္ဓာကိုယ်မှ ဆူညံသံများ ထွက်ပေါ်နေသည်။
အဆစ်နေရာများတွင် ဂီယာဘီးအမျိုးမျိုးနှင့် သူသည်ပင် အမည်မဖော်ပြနိုင်သော အခြားသော စက်ကိရိယာများဖြင့် ပြည့်နှက်နေကာ၊ ထိုအရာများမှ ဆူညံစွာ လည်ပတ်နေသော အသံများ ထွက်ပေါ်လို့နေလေသည်။
ဤကဲ့သို့ စွမ်းအင်ဖြင့် မောင်းနှင်ထားသော ဧရာမ သံမဏိသားရဲများသည် ဖြည်းဖြည်းချင်း လှုပ်ရှားနေပြီး၊ ၎င်းတို့၏ ခြေလှမ်းတိုင်းသည် မိုးမြေကို တုန်လှုပ်သွားစေသည့် မြည်ဟည်းသံများကို ဖန်တီးလို့နေ၏။
သံမဏိသားရဲ တစ်ကောင်ချင်းစီတိုင်း၏ ပုံသဏ္ဍာန်များသည် အတော်လေး ထူးဆန်းပေသည်။
နဂါး သို့မဟုတ် ကျားသစ်နှင့် တူပြီး၊ တစ်ချို့က ဆင်နှင့် လင်းယုန်သဖွယ် ပုံစံမျိုးရှိသည်။ အမျိုးမျိုးသော အမတသားရဲတိရစ္ဆာန်များနှင့် နတ်ဘုရားငှက်များကို ပေါင်းစပ်ထားသည့် သံမဏိသားရဲများလည်း ရှိသည်။
သို့သော် သေချာသည်မှာ စူးချန်ကဲတို့ အုပ်စုသည် ရှေ့ကို ဆက်သွားလိုပါက၊ ဤသံမဏိသားရဲကြီးများကို မလွဲမရှောင် ကိုင်တွယ် ဖြေရှင်းရပေမည်။
တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် ရွှမ်ယွီဧကရီတို့သည် စူးချန်ကဲဘက်သို့ လှည့်ကြည့်လိုက်ပြီး၊ သူ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေဟန်ရှိသည်။
စူးချန်ကဲသည် လေကို ပြင်းထန်စွာရှုသွင်းလိုက်ရင်း ။
သူ၏ မျက်လုံးများသည် တောက်ပနေကာ သံမဏိသားရဲများ ရှိရာဘက်သို့ ဦးတည်လျှောက်လှမ်းလိုက်သည်။
စူးချန်ကဲသည် တည်ငြိမ်သော လေသံဖြင့် ဆိုလိုက်သည်။
“ ဒီနေရာကို ရောက်လာပြီးမှတော့ နောက်လှည့်စရာ အကြောင်းမရှိဘူး”
“ အကုန်သာ ဖျက်ဆီးပစ်လိုက်!”
ထိုစကားသံအဆုံးတွင် ၊
တိ့ကျန့် မဟာဧကရာဇ်မင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
စူးချန်ကဲ၏ အတွေးသည် သူတို့၏ အတွေးနှင့် တိုက်ဆိုင်နေသည်။ မဟာလမ်းစဉ်၏ လမ်းကြောင်းသည် မူလကတည်းက ရဲရင့်စွာ ရှေ့ဆက်ရမည့်လမ်းပင် ဖြစ်သည်။
အကယ်၍ ဤအရာကို ကြောက်ရွံ့ပြီး ထွက်ပြေးမည်ဆိုပါက၊ အစကတည်းက အဘယ်ကြောင့် ဤကျင့်ကြံမှုလမ်းစဉ်ကို ရွေးချယ်ခဲ့သနည်း။
ဤတစ်ကြိမ်တွင်၊ သူတို့သည် နတ်ဘုရားလက်နက် အမတမျှော်စင်သို့ ကိုယ်တိုင်သွားရောက်၍ အတွေ့အကြုံယူရန် ရည်ရွယ်ခဲ့ကြသော်လည်း၊ သို့သော် သူတို့၏ ကျင့်ကြံမှုအဆင့်မှာ စစ်မှန်အမတနယ်ပယ် အဆင့်(၅) သာ ရှိသေးသောကြောင့် နတ်ဘုရားလက်နက် အမတမျှော်စင် ထဲသို့ ဝင်ရောက်ခြင်းက အရမ်းအန္တရာယ်များလွန်းသည်။
စူးချန်ကဲသည် စိတ်မချသောကြောင့် သူတို့နှင့်အတူ အုပ်စုဖွဲ့၍ လေ့လာရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ၊ စူးချန်ကဲ၏ အစ်ကိုကြီးအစ်မကြီးများအဖြစ် သူတို့သည် စူးချန်ကဲ၏ ခြေကိုဖက်၍ လိုက်ပါရန် ဆန္ဒမရှိချေ။
“ချန်ကဲ ဒီသံမဏိသားရဲကြီးတွေက စုစုပေါင်းလေးကောင်ရှိတယ်”
တိ့ကျန့် မဟာဧကရာဇ်မင်းက စူးချန်ကဲကို ပြောလိုက်သည်။
“ချန်ကဲ မင်း အနစ်နာခံလိုက်ဦး ၊ တစ်ကောင်ကို မင်းတစ်ယောက်တည်းနဲ့ ဖြေရှင်းလိုက်တော့ “
“ကျန်သုံးကောင်ကိုတော့ ငါတို့ခြောက်ယောက်က ဖြေရှင်းမယ်၊ ဘယ်လိုလဲ”
သူတို့ထဲတွင် စူးချန်ကဲသည် အင်အားအကြီးဆုံး ဖြစ်သည်။ အကယ်၍ သူတို့သည် အစ်ကိုကြီးအစ်မကြီးများ ဖြစ်သည်ဟူသော အချက်ဖြင့် မာန်မာနထားပြီး မျက်နှာသာရဖို့ ကြိုးစားမည်ဆိုပါက ၊ ပိုကြီးမားသော အကျပ်အတည်းများကို ဖြစ်ပေါ်စေပြီး စူးချန်ကဲအတွက် ပြဿနာအပို ဖြစ်စေနိုင်သည်။
ဤစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် အနည်းငယ် အံ့အားသင့်သွားသည်။
တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများ၏ မျက်နှာအမူအရာကို ကြည့်လျှင်၊ သူတို့သည် မိမိအပေါ်တွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုကြောင်း ထင်ရှားသည်။
ဤအတွေ့အကြုံယူခြင်းသည် သူတို့၏ ကန့်သတ်ချက်များကို ချိုးဖျက်ရန်အတွက် အခွင့်အလမ်းတစ်ခုဟု ဆိုနိုင်သည်။
အကယ်၍ အရာအားလုံးကို စူးချန်ကဲတစ်ယောက်တည်းကိုသာ ဖြေရှင်းခိုင်းနေမည်ဆိုပါက ၊ ယင်းသည် မိမိ၏ မဟာလမ်းစဉ်ကို ချိုးဖောက်ရာ ကျပေမည်။
ထို့အပြင် တိုက်မြေ သုံးထောင်၏ တစ်ချိန်က ထိပ်တန်း မဟာဧကရာဇ်မင်းများအဖြစ် ၊ တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများသည် တစ်ချိန်က အတုမရှိသော ပါရမီရှင်များဖြစ်ကြသည်။
ယခုအခါတွင် ကျင့်ကြံမှုအဆင့်ကြောင့် သူတို့၏ ယခင်က အလင်းရောင်များကို ခေတ္တခဏ ဖုံးကွယ်သွားခဲ့သော်လည်း၊ သို့သော်၊ သူတို့၏ မာန်မာနသည် ဘယ်သောအခါမှ မှေးမှိန်မသွားခဲ့ပေ။
စူးချန်ကဲသည်လည်း ဤအရာကို တိ့ကျန့် မဟာဧကရာဇ်မင်း နှင့် အခြားသူများ၏ မျက်လုံးများထဲတွင် မြင်တွေ့ခဲ့ရသည်။
“အစ်ကိုကြီး၊ ကျွန်တော့်ကို မြှောက်ပင့်နေတာပဲ...ချန်ကဲအနေနဲ့ ဘယ်လိုလုပ် နစ်နာမှုရှိမှာတုန်း “
စူးချန်ကဲသည် ပြုံးကာ ပြန်ပြောလိုက်သည်။
“ဒီလိုအရေးပေါ်အခြေအနေမှာ အစ်ကိုတို့အစ်မတို့ရဲ့ အကူအညီမပါဘဲနဲ့ ချန်ကဲတစ်ယောက်တည်း ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး”
ဤအရာကို မြင်လိုက်ရသော တိ့ကျန့် မဟာဧကရာဇ်မင်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
စူးချန်ကဲ၏ စကားများကို သူတို့ယုံကြည်မည် မဟုတ်ပေ။
ဤသံမဏိသားရဲလေးကောင်သည် ခိုင်ခံ့ပြီး ဖြိုခွင်းမရသော သံမဏိကိုယ်ထည်များကို ပိုင်ဆိုင်ထားသော်လည်း၊ စူးချန်ကဲရှေ့တွင်မူ မလုံလောက်သေးပေ။ သူတစ်ယောက်တည်း ဓားတစ်လက်တည်းဖြင့်ပင် ရှင်းလင်းပစ်နိုင်သည်။
မိမိညီငယ်၏ စကားသည် သူတို့၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားပေးခြင်းသာ ဖြစ်သည်။
သို့သော်လည်း တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများ၏ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားခဲ့ရသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
တိုက်မြေ သုံးထောင်တွင် စူးချန်ကဲအပေါ် ချစ်ခင်မြတ်နိုးခဲ့သည့် သူတို့၏ ခံစားချက်များမှာ အချည်းနှီးမဖြစ်ခဲ့ပေ။
……….
အပိုင်း ( ၇၀၇) - သံမဏိသားရဲကို ရင်ဆိုင်ခြင်း
ရိုးရှင်းစွာ အုပ်စုဖွဲ့ပြီးနောက် ၊
သူတို့သည် သံမဏိသားရဲလေးကောင်ကို အသီးသီး တာဝန်ယူကာ ချဉ်းကပ်လိုက်ကြသည်။
မပြောမဖြစ် ပြောရမည်။ ဤသံမဏိသားရဲများသည် သက်ရှိသတ္တဝါများကဲ့သို့ အတော်လေး အသက်ဝင်လှပေရာ သူတို့အားလုံးကို အမှန်တကယ်ပင် အံ့အားသင့်စေခဲ့သည်။
ဤသံမဏိသားရဲများ၏ ကြီးမားသော ကိုယ်ထည်များ နှင့် နှိုင်းယှဉ်ရလျှင်ဖြင့် ၊ စူးချန်ကဲတို့အုပ်စုမှာ အတော်လေး သေးငယ်ပုံရသည်။
ဤသားရဲကြီးများ၏ နင်းခြေမှုကို ခံလိုက်ရရုံဖြင့် သူတို့သည် သေဆုံးသွားနိုင်သည်။
ခိုင်ခံ့ပြီး ဖြိုခွင်းမရသော သံမဏိလက်သည်းများသည် အပြင်းထန်ဆုံးသော စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး၊ ကျပန်းတိုက်ခိုက်မှု တစ်ခုတည်းဖြင့် ကမ္ဘာကြီးကိုပင် ချေမှုန်းနိုင်စွမ်း ရှိပုံရသည်။
မည်သည့် စစ်မှန်အမတနယ်ပယ်အဆင့်ရှိ ကျင့်ကြံသူမဆို ၊ ၎င်းတို့၏ရှေ့တွင် သွေးမှုန်များအဖြစ် ဖျက်ဆီးခံရကာ ပျောက်ကွယ်သွားနိုင်သည်။
၎င်းတို့၏ ကြီးမားသော သံမဏိကိုယ်ထည်ပေါ်တွင် ရှုပ်ထွေးသော မဟာလမ်းစဉ် မှော်သင်္ကေတများကို ထွင်းထုထားပြီး၊ မောင်းနှင်နိုင်သော အစီအရင်တစ်ခုနှင့် တူပေသည်။
၎င်းတို့၏ ဝမ်းဗိုက်အလယ်ဗဟိုတွင်၊ အလွန်ပူပြင်းသော စွမ်းအင်ကို ထုတ်လွှင့်နေသည့် တောက်ပသော မှော်သင်္ကေတ အလင်းလုံးတစ်ခုစီ ရှိနေသည်။
ဤစွမ်းအင်သည် ဖော်ပြ၍မရနိုင်အောင်ပင် ကြီးမားပြီး မဟာလမ်းစဉ်၏ အမတစွမ်းအင်နှင့် ဆင်တူဟန်ရှိသော်လည်း၊ သို့သော် သာမန် မဟာလမ်းစဉ်၊ အမတစွမ်းအင်ထက် ပို၍ သိပ်သည်းသည်။
စူးချန်ကဲ၏ မှန်းဆချက်အရ ၊ ဤသည်မှာ ၎င်းတို့၏ စွမ်းအင်ဗဟိုချက် ဖြစ်ဟန်ရှိသည်။
၎င်း၏စွမ်းအင်ဖြင့် မောင်းနှင်သော ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် သံမဏိသားရဲ၏ အဆစ်နေရာရှိ ဂီယာဘီးများကို လည်ပတ်စေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သူတို့သည် ထိုသံမဏိသားရဲများ၏ ကိုယ်ပေါ်တွင် မှော်သင်္ကေတ အစီအရင်များစွာရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။
၎င်းတို့ကို နတ်ဘုရားစစ်ပွဲများအတွက် သီးသန့်ဒီဇိုင်းထုတ်ထားသော စစ်လက်နက်ဟု ခေါ်ဆိုလျှင်လည်း မမှားချေ။
ဤသံမဏိသားရဲ တစ်ကောင်တည်းကပင် အတုမရှိသော တပ်မတော်ကြီး တစ်ဖွဲ့နှင့် အင်အားညီမျှနိုင်ချေ ရှိသည်။
ဤသံမဏိသင်္ချိုင်းမြေအတွင်းတွင် သံမဏိသားရဲများစွာကို မြှုပ်နှံထားသည်။ အကယ်၍ ၎င်းတို့အားလုံးသည် ပုံမှန်အတိုင်း လည်ပတ်ပြီး ထွက်လာကြမည်ဆိုပါက ၊ အမတနယ်မြေ၏ အင်အားစု တဝက်ကျော်လောက်ကို ဖျက်ဆီးနိုင်ပေလိမ့်မည်။
“ ဒီလောက်ထိ အင်အားကြီးမားတဲ့ အမတဂိုဏ်းက ခုလို ဖျက်ဆီးခံလိုက်ရတာ.. အမတနယ်မြေရဲ့ သမိုင်းမှာတောင် မှတ်တမ်းတင်ခြင်းမခံခဲ့ရဘူး....”
“အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ် ပိုင်ဆိုင်ထားတဲ့ အင်အားက... ဘယ်လောက်ထိတောင် ကြီးမားနေမလဲ...”
တစ်ကိုယ်တည်း ရေရွတ်ရင်း၊ စူးချန်ကဲသည် အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ ထို့နောက် သူ၏ ညာလက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
ချွင်!!
ဤလူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်သော ကမ္ဘာပေါ်တွင် ဓားသွားသံ တချက်သည် ရုတ်တရက် မြည်ဟည်းထွက်ပေါ်လာခဲ့သည်။
ဤသံမဏိသားရဲများ၏ ဆူညံသံများနှင့် ယှဉ်လျှင်၊ ဓားသွားသံသည် ခြင်တစ်ကောင်၏ အော်သံကဲ့သို့ တိုးတိုးလေး ဖြစ်နိုင်သည်ဟု ထင်နိုင်ဖွယ်ရှိသော်လည်း ၊
သို့သော် အမှန်တရားမှာ လူတိုင်း စိတ်ကူးထားသည်ထက် ကျော်လွန်ပေသည်။
ဆူနာမီလှိုင်းသဖွယ် ထွက်ပေါ်လာပြီး ၊ မိုးမြေတစ်ခုလုံးကို တုန်လှုပ်သွားစေကာ ယှဉ်နိုင်စရာမရှိသော အင်အားတစ်ခုကို ထုတ်ဖော်ပြသနေခဲ့သည်။
မျက်စိရှေ့က ကြီးမားသော ချီလင်သံမဏိသားရဲကြီးသည် ထိုအသံကို သတိထားမိဟန်ရှိပြီး၊ ၎င်း၏ စက်ကိရိယာခန္ဓာကိုယ်သည် ခေတ္တခဏ ရပ်တန့်သွားသည်။
သို့သော် ချီလင်သံမဏိသားရဲကြီးသည် စူးချန်ကဲဘက်သို့ လှည့်မကြည့်ခင်မှာပဲ ...
ရွှမ်း!!
ငရဲမီးကဲ့သို့ ပူပြင်းတောက်ပသော ဓားအလင်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
၎င်းသည် အလွန်ပြင်းထန်သော ဓားစွမ်းအင်မုန်တိုင်း တစ်ခုကို ဆောင်ကျဉ်းလျက် ချီလင်သံမဏိသားရဲ၏ ဝမ်းဗိုက်ရှိ စွမ်းအင်ဗဟိုချက်ဆီသို့ တန်းတန်းမတ်မတ် ထိုးဖောက်သွားသည်။
ဤဓားထိုးနှက်ချက်သည် လျှပ်စီးဝင်းလက်သွားသကဲ့သို့ပင် ၊ ထိုအချိန်တွင် အာကာသဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်လှုပ်စပြုလာသည်။
ချီလင်သံမဏိသားရဲသည် မရေမတွက်နိုင်သော ခေတ်ကာလများစွာကတည်းက ယိုယွင်းပျက်စီးနေပြီ ဖြစ်ကာ အတွင်းရှိ စွမ်းအင်သည်လည်း နည်းပါးနေသောကြောင့် တစ်ချိန်တည်းတွင် တုံ့ပြန်မှု မလုပ်နိုင်ဘဲ စူးချန်ကဲ၏ ထိုးနှက်မှုကို ခံလိုက်ရသည်။
ဘုန်း!
ကျယ်လောက်သော ပေါက်ကွဲသံသည် နားစည်ကွဲမတတ် ထွက်ပေါ်လာသည်။
ဆက်လက်ပြီး ၊ ပြင်းထန်သော ဓားစွမ်းအင်လှိုင်းတံပိုးများသည် ၎င်းကို ဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
ဤတိုက်ခိုက်မှုတွင် စူးချန်ကဲသည် အလွန်ကြီးမားသော စွမ်းအားကို အသုံးပြုထားခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်လှိုင်းတံပိုးများသည် ချီလင်သံမဏိသားရဲ၏ ကိုယ်ထည် ထက်ဝက်ပိုင်းကို မျိုချပစ်လိုက်သည်။
ဓားစွမ်းအင်ပေါက်ကွဲသည့် တစ်ချိန်တည်းမှာပင်။
အခြား သံမဏိသားရဲသုံးကောင်သည်လည်း ထိတ်လန့်သွားကြသည်။
ဝေါင်း !!
ရုတ်တရက် မိုးမြေကိုတုန်လှုပ်စေနိုင်သည့် ဟောက်သံများကို ထုတ်လွှတ်လိုက်ပြီး စူးချန်ကဲအား တိုက်ခိုက်ရန် ကြိုးစားလာကြသည်။
သို့သော် တိ့ကျန့် မဟာဧကရာဇ်မင်းတို့သည် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဝုန်း !!
သူတို့အားလုံးသည် ကြောက်မက်ဖွယ် ကောင်းသော အမတလမ်းစဉ် စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။
“ဒီကောင်တွေကို ချန်ကဲဆီ မသွားစေနဲ့!”
“အားလုံး အတူတူတတ်ကြ!”
….
ထိုစကားသံအဆုံးတွင် ၊
ချွင် !
နဂါးဟောက်သံသဖွယ် ဓားသွားသံသည် မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားသည်။
တိ့ကျန့် မဟာဧကရာဇ်မင်း၏ လက်ထဲတွင် ဘယ်အချိန်ကတည်းက ရောက်လာမှန်း မသိနိုင်သည့် အမည်းရောင် တိုက်ပွဲဝင်ဓားတစ်ချောင်းက်ို ဆုပ်ကိုင်ထားပြီး ဖြစ်သည်။
“တိ့ယွမ် ခုတ်ပိုင်းခြင်း!”
သူ၏ အော်ဟစ်သံနှင့်အတူ ၊
ရွှမ်း!!
တိ့ကျန့် မဟာဧကရာဇ်မင်း၏ ဓားအရှိန်သည် အလွန် မြန်ဆန်သည်။
သူ၏ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင်၊ အဆုံးစွန်သော စွမ်းအားများဖြင့် ပြည့်နှက်နေသော ဓားသွားသည် လှုပ်ရှားသွားခဲ့ပြီ ဖြစ်သည်။
ခဏလေးအတွင်းမှာပင် ၊ ဓားသွားသည် လခြမ်းသဖွယ် တောက်ပသွားပြီး ပြင်းထန်စွာ ကျဆင်းသွားသည်။
တိ့ကျန့် မဟာဧကရာဇ်မင်းမှ လှုပ်ရှားလိုက်သည့် တစ်ချိန်တည်းမှာပင်။
ချွင်!!
အခြားတစ်ဖက်တွင်လည်း မိုးကောင်းကင်ကိုပင် တုန်လှုပ်သွားစေသော ဓားသွားသံ တစ်ချက် ထွက်ပေါ်လာ၏။
ဟွမ်ထျန်း မဟာဧကရာဇ်မင်းသည်လည်း သူ၏နောက်ကျောတွင် သယ်ပိုးထားသော ကြေးဝါ နတ်ဘုရားဓားကို ရှေ့သို့ ဆွဲယူလိုက်ပြီး၊ သူ၏မျက်လုံးများသည် အေးစက်သွားကာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။
ထို့အပြင် လူကို ထိတ်လန့်တုန်လှုပ်စေသည့် ဓားစွမ်းအင်လေမုန်တိုင်းတစ်ခုသည် သူ၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံကာ ပေါ်ထွက်လာလေသည်။
ဟွမ်ထျန်း မဟာဧကရာဇ်မင်းသည် အသက်ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး ၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမတလမ်းစဉ် စွမ်းအားကို လည်ပတ်စေကာ ဟင်းလင်းပြင်ဆီသို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့်တပြိုင်နက် ၊
သူ့လက်ထဲက ကြေးဝါနတ်ဘုရားဓားသည် သက်တံ့ရောင်စဉ်တန်းသဖွယ် ထိန်လင်းတောက်ပကာ ထွက်ပေါ်လာလေ၏။
“လကို ခုတ်ပိုင်းခြင်း!”
ဝုန်း !!
ပြင်းထန်သော ဓားစွမ်းအင်သည် လျှပ်စီးကြောင်းများသဖွယ် မိုးမြေတစ်ခွင်ကို ဖုံးလွှမ်းသွားပြီး နိယာမတရားများကို ချိုးဖျက်ကာ အာကာသကို ဆွဲဖြဲပစ်လိုက်သည်။
ရွှမ်း!!
သူတို့နှစ်ဦး၏ ပူးပေါင်းမှုအောက်တွင် ၊ ၎င်းတို့၏လက်မှ ထွက်ပေါ်လာသော ဓားစွမ်းအင်နှင့် ဓားအလင်းတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသည်။
ယှဉ်နိုင်စရာမရှိသော စွမ်းအားများကို ဆောင်ကျဉ်းလျက် ရှေးဟောင်း နွားထီးကြီးတစ်ကောင်သဖွယ် ဧရာမ သံမဏိသားရဲကြီးတစ်ကောင်နှင့် ထိပ်တိုက် ဆုံတွေ့ခဲ့သည်။
အံ့ဩဖွယ်ရာကောင်းသည်မှာ ဤဓားစွမ်းအင်နှင့် ဓားအလင်းအတွင်းတွင် ပေါင်တစ်ထောင် အင်အားနှင့်ညီသော စွမ်းအားတစ်ခုက သိုဝှက်စွာဖြင့် ပါဝင်နေပုံရသည်။
ဘုန်း ——!!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ သံမဏိသားရဲကြီး၏ ခန္ဓာကိုယ်သည် တိမ်းစောင်းသွားပြီး တစ်ဖက်သို့ ပြင်းထန်စွာ ပစ်လဲကျသွားသည်။
….
တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် ဟွမ်ထျန်း မဟာဧကရာဇ်မင်းတို့မှ လှုပ်ရှားသည်နှင့် တပြိုင်နက် ၊
ရွှမ်ယွီဧကရီနှင့် ပိုင်ကျန့် မဟာဧကရာဇ်မင်းတို့သည်လည်း အတူတကွ လှုပ်ရှားလာကြသည်။
အပိုင်း (၇၀၈) - လူလူချင်း ဒီလောက်တောင် ကွာခြားချက် ကြီးရသလား
ရွှမ်ယွီဧကရီ၏ ဘေးပတ်ပတ်လည်တွင် တဟုန်းဟုန်း တောက်လောင်နေသော နတ်မီးလျှံများ ဝန်းရံနေပြီး၊ ဆံနွယ်များသည် နီမြန်းကာ တောက်ပနေသည် ။ သူမ၏ နဖူးတွင် ရှိသည့် ဖီးနစ်အမှတ်အသားသည် မီးလျှံများဖြင့် လောင်ကျွမ်းနေပုံရသည်။
မိုးထိအောင် မြင့်မားသော နတ်မီးလျှံများ၏ ရောင်ပြန်ဟပ်မှုအောက်တွင် ၊ မီးနတ်ဘုရားမတစ်ပါးသည် သူမ၏ ကြီးကျယ်လှသော အရှိန်အဝါကို ထုတ်ဖော်ပြသနေသလိုပင်။
“ကောင်းကင်မီးလျှံ နတ်ဘုရားဖိီးနစ်!”
ရွှမ်ယွီဧကရီသည် ထိုသို့ရေရွတ်ပြီးနောက် ၊ သူမ၏လက်ကို မြင့်မြင့် မြှောက်တင်လိုက်သည်။
ဝုန်း !!
တောက်ပလွန်းသော အနီရောင် မီးတောက်မိုးများ ထွက်ပေါ်လာပြီး ၊ နောက်ဆုံးတွင် သူမ၏ နောက်ကျောတွင် ကြီးမားပြီး လျို့ဝှက်ဆန်းကြယ်သော မီးလျှံဖီးနစ်တစ်ကောင် အဖြစ် စုစည်းသွားသည်။
၎င်း၏ တောင်ပံများကို ဖြန့်ကာ ရိုက်ခတ်လိုက်သည်နှင့် မီးတောက်များသည် နေရာအနှံ့ ကျဲလွင့်ကာ ကောင်းကင်ပြင်တစ်ခုလုံးကို လင်းလက်တောက်ပသွားစေသည်။
“သွား!”
ထို့နောက် ရွှမ်ယွီဧကရီသည် သွယ်လျသော လက်ချောင်းဖြင့် သူမ၏ ရှေ့က သံမဏိသားရဲကို ညွှန်ပြလိုက်သည်။
မီးလျှံဖီးနစ်၏ စူးရှသော အော်မြည်သံတစ်သံ ထွက်ပေါ်လာပြီး သူ၏တောင်ပံများကို ရိုက်ခတ်လျက် ထိုနေရာဆီသို့ တည့်တည့် ပြေးဝင်သွားသည်။
အခြားတစ်ဖက်တွင်၊ ပိုင်ကျန့် မဟာဧကရာဇ်မင်း၏ မျက်လုံးများတွင် နတ်အလင်းများ ဝင်းလက်တောက်ပသွားသည်။
သူ၏ လက်သီးနှစ်ဖက်စလုံးသည် အဖျက်စွမ်းအားများဖြင့် တဟုန်းဟုန်း တောက်လောင်လျက် ရှိသည်။
ဘုန်း ! ဘုန်း ! ဘုန်း !
သူ၏ လက်သီးများသည် မုန်တိုင်းတစ်ခုလို ပြင်းထန်ပြီး လျှင်မြန်စွာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ဟင်းလင်းပြင်ထဲတွင် နေမင်းသဖွယ် ကြီးမားသော လက်သီးအရိပ်များသည် တစ်ခုနှင့်တစ်ခု ထပ်နေပြီး၊ အလွန်ပြင်းထန်ကာ အဆုံးစွန်ထိ မြှင့်တင့်ထားပုံရသည်။
မိုးမြေကို လောင်မြိုက်စေနိုင်သော နတ်ဘုရားမီးလျှံများနှင့် ပေါင်းစပ်လိုက်သည့်အခါ ဤနေရာတစ်ခုလုံးကို အဖျက်စွမ်းအား သမုဒ္ဒရာကြီးထဲသို့ ဆွဲသွင်းလိုက်သကဲ့သို့ပင်။
………
“နျဲ့ထျန်း နတ်ဘုရားဆင်းသက်ခြင်း!”
“ တောက်ရှစ် လက်ဝါး!”
အခြားတစ်ဖက်တွင် ၊
ထျန်းတု မဟာဧကရာဇ်မင်းနှင့် ယွီ့ထျန်း မဟာဧကရာဇ်မင်းတို့သည်လည်း စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်ကြသည်။
ယွီ့ထျန်း မဟာဧကရာဇ်မင်းသည် လက်သင်္ကေတ အစီအရင်တစ်ခုကို ပြုလုပ်နေကာ ၊ ပါးစပ်မှ ရှေးဟောင်းမန္တာန်များကို ရွတ်ဆိုနေသည်။
ဝီ!!
ဟင်းလင်းပြင်တွင် ရွှေဝါရောင် မဟာလမ်းစဉ် လှိုင်းတံပိုးများ ဖြစ်ပေါ်လာပြီး ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ ဖြစ်နေကာ၊ နေ၊ လနှင့် ကြယ်များသည် ၎င်းအတွင်း၌ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
အဆုံးမရှိသော မဟာလမ်းစဉ် မှော်သင်္ကေတများသည် သူ၏ ဘေးပတ်ပတ်လည်တွင် ပေါ်ထွက်လာပြီး၊ ရှေးဦးနတ်ဘုရား အသွင်ကို ဖန်တီးနေသကဲ့သို့ပင်။
ယင်း၌ ယင်နှင့်ယန်၏ လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါဝင်ပြီး၊ ၎င်း၏ ရောင်ခြည်သည် ဓာတ်ငါးပါး၏အလင်းများ ပြန့်ကျဲနေသကဲ့သို့ တောက်ပနေသည်။
ထျန်းတု မဟာဧကရာဇ်မင်းမှ ပစ်လွှတ်လိုက်သော လက်ဝါးရိုက်ချက်သည်လည်း ကောင်းကင်နှင့် မြေကြီးကို မှောက်ခုံလှန်နိုင်စွမ်းရှိသကဲ့သို့ ကြီးကျယ်ခမ်းနားလှပြီး ဆန်းကြယ်လွန်းပေသည်။
နတ်သားတစ်ပါးသည် ကြယ်များကို ဖမ်းဆုပ်လိုက်သကဲ့သို့၊ နတ်ဘုရားတစ်ပါးသည် လူ့လောကထဲသို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။
.........
ဝုန်း !!
မိုးမြေတစ်ခွင်ကို တုန်လှုပ်သွားစေသည့် ပေါက်ကွဲသံများသည် အရပ်ရှစ်မျက်နှာမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ဓားစွမ်းအင် အလင်း ၊ မီးလျှံလက်သီးအလင်း ၊ လက်ဝါးအလင်းနှင့် မှော်အစီအရင်တို့သည် ဤမိုးမြေကြားတွင် မရပ်မနား ပေါက်ကွဲနေပြီး၊ မိုးကောင်းကင်မှ ကျရောက်လာသော ဥက္ကာမိုးများ ရွာသွန်းနေသကဲ့သို့ပင်။
ဤမြင်ကွင်းကို မြင်လိုက်ရသော စူးချန်ကဲမှာ အနည်းငယ် ငေးမောနေမိသည်။
“ ငါ့အစ်ကိုအစ်မတွေက ဒီလောက်တောင် ရဲရင့်ကြတာလား”
တိ့ကျန့် မဟာဧကရာဇ်မင်းတို့၏ ကျင့်ကြံမှုအဆင့်သည် စစ်မှန်အမတနယ်ပယ် အဆင့်(၅) သာ ရှိသေးသော်လည်း ၊ ယခု ထုတ်ဖော်ပြသနေသော မှော်စွမ်းအားများသည် စစ်မှန်အမတနယ်ပယ် အဆင့်(၇) သို့မဟုတ် အဆင့်(၈) နှင့် ယှဉ်နိုင်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် သံမဏိသားရဲ သုံးကောင်ကို လုံးဝ ဖိနှိပ်ချုပ်ကိုင်နိုင်ခဲ့သည်။
သို့သော် စဉ်းစားကြည့်ပါက မှန်ပေသည်။ တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများ၏ ပါရမီသည် တိုက်မြေ သုံးထောင်တွင် ရှိခဲ့စဉ်က ကြောက်မက်ဖွယ်ကောင်းအောင် ဂုဏ်သတင်းကျော်ကြားပြီး၊ အလွန် တောက်ပခဲ့သည်။
ယခုအခါတွင် ဒေဝလောကကြီးတစ်ခုလုံး ပြန်လည်စတင်လာပြီး ပါရမီရှင်များစွာ ထွက်ပေါ်လာနေသော်လည်း ၊
သို့သော်၊ သူတို့သည်လည်း မိမိတို့ပိုင်ဆိုင်ထားသည့် အလင်းရောင်ကို ဖြန့်ကျက်နိုင်မည်ဟု ယုံကြည်သည်။
ဘုန်း!!!
ထိုစဉ်၊ ဟင်းလင်းပြင်သည် ရုတ်တရက် ပေါက်ကွဲသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ စူးချန်ကဲဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ပြေးဝင် တိုက်ခိုက်လာခဲ့သည်။
ဤအနီရောင် စွမ်းအင်အလင်းတန်းသည် ယခင်က စူးချန်ကဲ၏ ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသော ချီလင်သံမဏိသားရဲကြီးမှ ထုတ်လွှတ်လိုက်သော ကြောက်ခမန်းလိလိ စွမ်းအင်ပင် ဖြစ်သည်။
ယင်း၌ ပါဝင်သော အမတစွမ်းအင်သည် စစ်မှန်အမတနယ်ပယ် အဆင့်(၉)ပင် ဖြစ်သည်။
ထို့ပြင် ၎င်းသည် အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် ဖောက်ထွက်လာခဲ့ပြီး ၊ စက္ကန့်ပိုင်းအတွင်းမှာပင် စူးချန်ကဲနှင့် နီးကပ်လာခဲ့သည်။
“မကောင်းတော့ဘူး! ချန်ကဲ အန္တရာယ်ရှိနေပြီ!”
ထိုမြင်ကွင်းကို မြင်လိုက်ရသော တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများ၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားကြသည်။
သူတို့အမြင်တွင်၊ စူးချန်ကဲသည် ဤတိုက်ခိုက်မှုကို ရှောင်ရှားနိုင်မည် မဟုတ်ကြောင်း ထင်မှတ်ထားခဲ့သည်။
စစ်မှန်အမတနယ်ပယ် အဆင့်(၉) နှင့် ညီမျှသော ဤတိုက်ခိုက်မှုအောက်တွင် စူးချန်ကဲ၏ ခန္ဓာကိုယ်သည် မည်မျှပင် သန်မာပါစေ ခံနိုင်ရည်ရှိနိုင်မည် မဟုတ်ချေ။
သို့သော်၊ နောက်ပိုင်းမြင်ကွင်းသည် သူတို့အားလုံးအတွက် မျှော်လင့်မထားသော အရာတစ်ခု ဖြစ်နေခဲ့သည်။
စူးချန်ကဲသည် တဖက်လူ၏ တိုက်ခိုက်မှုကို လုံးဝ မရှောင်တိမ်းသလို ၊ ရှောင်ရှားရန် စိတ်ကူးလည်း မရှိပုံရသည်။
ဤကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများကို သတိပြုမိသည်နှင့် တပြိုင်နက် ၊
စူးချန်ကဲကို ဝန်းရံထားသော ရောင်ဝါသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်နေပြီး၊ သူ၏မျက်ဝန်းထဲ၌ အဆုံးမရှိသော ဓားစွမ်းအင်မုန်တိုင်းများ တဟုန်းဟုန်း ထလာကာ ပွင့်လန်းလာလေသည်။
သူ၏လက်ထဲရှိ ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည်လည်း တချွင်ချွင်ဖြင့် တုန်လှုပ်မြည်ဟည်းလာသည်။
မည်သည့်အပိုစကားမှ မဆိုသလို ၊ ပြောင်မြောက်လှပသော ဓားကွက်များကိုလည်း ထုတ်သုံးခြင်းမရှိဘဲ စူးချန်ကဲသည် သူ့ရှေ့က ဟင်းလင်းပြင်ကို လျင်မြန်စွာဖြင့် ပြတ်ပြတ်သားသား ခုတ်ပိုင်းလိုက်သည်။
သူသည် စကားတစ်ခွန်းကိုသာ ရေရွတ်လိုက်သည်။
“ဓားတစ်လက် မှ ဗလာ အဖြစ်သို့ !”
ဘုန်း !!
ရုတ်တရက်၊ ပြင်းထန်သော ဓားစွမ်းအင်မုန်တိုင်းသည် မိုးမြေတစ်ခွင်လုံးကို ဝါးမျိုထားပြီး ၊ အဆုံးမရှိသော ဓားလမ်းစဉ် မှော်သင်္ကေတများသည် ဟင်းလင်းပြင်ထဲတွင် တစ်ခုနှင့်တစ်ခု ယှက်နွယ်လျက် ရှိသည်။ ယင်းအတွင်း၌ လျို့ဝှက်ဆန်းကြယ်သော နိယာမတရားများ ပါဝင်နေခဲ့သည်။
ပျက်သုန်းခြင်းနှင့် ဗလာ ၊ ဖန်ဆင်းခြင်းနှင့် ပြန်လည်မွေးဖွားခြင်း ၊ ကောင်းကင်နှင့် မြေကြီး၏ သံသရာစက်ဝန်း သဘောတရားများ ပါဝင်သည့် တုနှိုင်းယှဉ်နိုင်စရာ မရှိသော အမြင့်မြတ်ဆုံး နတ်ဘုရားစွမ်းအားများသည် သက်ရှိအားလုံးအတွက် တံခါးတစ်ချပ်ကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်တူကျနေသည်။
ဘုန်း !!
ဤကြောက်ခမမ်းလိလိ ဓားစွမ်းအင်မုန်တိုင်းရှေ့တွင်၊ အရာအားလုံးကို ဖောက်ထွင်းနိုင်စွမ်း ရှိသော အနီရောင် အလင်းတန်းသည် တဒင်္ဂအတွင်းတွင် ကွဲအက်ပျက်စီးသွားသည်။
သို့သော် ဓားစွမ်းအင်သည် ရပ်တန့်မသွားဘဲ ချီလင်သံမဏိသားရဲ၏ ဦးခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
ထို့နောက်တွင် မယုံနိုင်စရာ ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကောင်းကင်အမတ နယ်ပယ်အဆင့်ရှိသူပင် ဖျက်ဆီးရန် ခက်ခဲသော သံမဏိကိုယ်ထည်သည် စူးချန်ကဲ၏ ဓားစွမ်းအင်ကြောင့် နေရောင်ခြည်အောက်တွင် အရည်ပျော်ကျသွားသော ဆီးနှင်းခဲများကဲ့သို့ အလွှာလိုက် ကွာကျလာသည်။
ဓားစွမ်းအင်အလင်းများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားချိန်တွင်...
တိ့ကျန့် မဟာဧကရာဇ်မင်းနှင့် အခြားသူများမှာ လုံးဝ အံ့အားသင့်သွားခဲ့ကြသည်။
ချီလင်သံမဏိသားရဲ၏ ကြီးမားသော ခန္ဓာကိုယ်သည် နေရာတွင် ရပ်နေဆဲပင်။
သို့သော် ၎င်း၏ ကြီးမားသော ခြေသည်းများနှင့် ဦးခေါင်းကို ကြည့်လိုက်လျှင်ဖြင့် ၊
ခေါင်းနှင့် လည်ပင်း ဆက်သွယ်ထားသော နေရာတွင် ညီညာသော အက်ကြောင်းရာအပြင် အပူချိန်မြင့်မားသော ဓားစွမ်းအင်ကြောင့် အရည်ပျော်သွားသော သံရည်ပျော်များ တစက်စက် ကျဆင်းနေသည်ကို မြင်လိုက်ရသည်။
သံမဏိဖြင့် ပြုလုပ်ထားသော ဦးခေါင်းမှာ အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားပြီးဖြစ်သည်။
ဤမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော ရွှမ်ယွီဧကရီတို့မှာ “ O “ပုံသဏ္ဍာန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
သူတို့၏ တိုက်ပွဲမှာ ယခုလေးတင်မှ စတင်ခဲ့ခြင်း ဖြစ်သော်လည်း စူးချန်ကဲမှာမူ ၊ သံမဏိသားရဲ တစ်ကောင်ကိုပင် ကိုင်တွယ်ဖြေရှင်းပြီးခဲ့လေသလော။
လူလူချင်း ဒီလောက်တောင် ကွာခြားချက် ကြီးရသလား !?