အခန်း (၂၅၉)
Vol. 26 Ch. 259
လေပြင်းများမှာ သူတို့ပတ်ဝန်းကျင်တွင် တဝူးဝူးတဝါးဝါး တိုက်ခတ်နေပြီး မြေပြင်ပေါ်ရှိ သဲနှင့် ကျောက်ခဲငယ်များကို မနားမနေ လွင့်စင်စေတော့သည်။
ကောင်းကင်ယံသို့ မော့ကြည့်လိုက်သောအခါ ကြည်လင်နေသော မိုးကုတ်စက်ဝိုင်းမှာ ပိန်းပိတ်အောင် မှောင်မည်းသွားပြီး ကိုယ့်လက်ဝါးကိုယ်ပင် ပြန်မမြင်ရလောက်အောင် ဖြစ်သွားသည်။
ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်း၏ တည့်တည့်အပေါ်တွင်မူ မည်းမှောင်နေသော တိမ်တိုက်များမှာ ဝဲဂယက်သဖွယ် လျင်မြန်စွာ လည်ပတ်နေသည်ကို ယွင်ရှန်း မြင်လိုက်ရသည်။
ထိုဝဲဂယက်ကြီးသည် ဘေးပတ်ဝန်းကျင်ရှိ တိမ်တိုက်အားလုံးကို စုပ်ယူနေပြီး လက်ဝါးကြီးတစ်ဖက်က ငြိမ်သက်နေသော ရေပြင်ကို မွှေနှောက်နေသကဲ့သို့ပင်။
လေထုမှာ ပိုမိုလေးလံလာပြီး တိမ်တိုက်များမှာလည်း မြေပြင်နှင့် နီးကပ်လာသည်။ မိုးချိန်းသံများ ပေါ်ထွက်လာသောအခါမှ ရှိနေသူအားလုံး ရုတ်တရက် သဘောပေါက်သွားကြတော့သည်။
၎င်းမှာ ရွက်ကိုးလွှာ ခရမ်းရောင်ဂျင်ဆင်းသည် မြင့်မြတ်ဆေးပင်အဆင့်မှ နတ်ဘုရားအဆင့် ဆေးပင်အဖြစ်သို့ ကူးပြောင်းမည့် အဆုံးအဖြတ် အခိုက်အတန့်ပင်။
ရှားပါးရတနာများ ပေါ်ထွန်းလာတိုင်း ကမ္ဘာမြေနှင့် ကောင်းကင်ယံအကြား ထူးခြားဆန်းပြားသော ဖြစ်ရပ်များ ဖြစ်ပေါ်လေ့ရှိရာ ယခု ခရမ်းရောင်ဂျင်ဆင်း၏ အဆင့်တက်မှုက ဖိတ်ခေါလိုက်သည်မှာ ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ပင်။
"ကြောင်မလေး... မြန်မြန်ပြေးတော့"
ယီပိုင်မင်း၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။
သဘာဝဘေးအန္တရာယ်များထဲတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားမှာ အကြောက်ရဆုံးပင်။ အထွတ်အထိပ် အစွမ်းရှိသူများပင်လျှင် သဘာဝတရား၏ အမျက်ဒေါသကို ယှဉ်နိုင်ရန် ခဲယဉ်းလှသည်။
စောစောက ယွင်ရှန်း ဘေးကင်းသည်ကို မြင်၍ ဝမ်းသာနေသော ယီပိုင်မင်းမှာ ယခုမူ နတ်ပြည်မှ ငရဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုမိုးကြိုးအရှိန်အဟုန်ကသာ ယွင်ရှန်းကဲ့သို့ သွေးသားခန္ဓာကိုယ်ကို ထိမှန်သွားပါက သူမ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ယွင်ရှန်းသည်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကိုယ်တိုင်တစ်ခါမျှ မကြုံဖူးခဲ့သလို ဆေးပင်တစ်ပင် ခူးရုံနှင့် ဤမျှ ကြီးမားသော ဘေးဒုက္ခ ကျရောက်လာမည်ဟုလည်း မထင်ထားခဲ့ပေ။
ထိုလျှပ်စီးလက်သည့် စက္ကန့်ပိုင်းအတွင်း ယွင်ရှန်း၏ စိတ်ထဲတွင် အစီအစဉ်များစွာ ဖြတ်ပြေးသွားသည်။ ခွဲစိတ်ကုသမှု စားပွဲပေါ်တွင် သွေးလွန်ခြင်း သို့မဟုတ် နှလုံးရပ်ခြင်းကဲ့သို့ အရေးပေါ် အခြေအနေများကို ရင်ဆိုင်ရသကဲ့သို့ပင် သူမသည် တည်ငြိမ်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။
မြေလျှိုးမှော်ပညာကို အသုံးပြု၍ ချက်ချင်း ထွက်ပြေးခြင်းမှာ အကောင်းဆုံး အစီအစဉ် ဖြစ်သော်လည်း ထိုသို့လုပ်ပါက ကောင်းကင်မိုးကြိုးသည် ခရမ်းရောင်ဂျင်ဆင်းကို အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်အောင် ဖျက်ဆီးပစ်ပေလိမ့်မည်။
ဂျင်ဆင်းမရှိဘဲနှင့် သူမဦးလေး၏ လက်က...
ဦးလေး ယန်ချန်းလန်၏ ညာလက်ကို တွေးမိသည်နှင့် ထွက်ပြေးမည့် အစီအစဉ်မှာ ယွင်ရှန်း၏ စိတ်ထဲမှ ပျောက်ကွယ်သွားသည်။ သူမ မထွက်သွားနိုင်ပေ။
ဤဂျင်ဆင်းကို သူမ မဖြစ်မနေ ခူးယူရမည်ပင်။ သူမ လက်ထဲရှိ ရှန်းနုန်ဆေးဘက်ဆိုင်ရာ လက်ပတ်၏ စွမ်းအားကို ယုံကြည်ပြီး လောင်းကြေးထပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ယွင်ရှန်းသည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ဂျင်ဆင်းကို အားကုန်ဆွဲနုတ်လိုက်တော့သည်။ ဂျင်ဆင်းမြေပေါ်မှ ကျွတ်ထွက်လာသည့် တစ်ခဏမှာပင် ကမ္ဘာမြေကို တုန်လှုပ်စေသော ကောင်းကင်မိုးကြိုးကြီးမှာ အရှိန်အဟုန်ဖြင့် ဆင်းသက်လာတော့သည်။
လျှပ်စီးတန်းကြီးမှာ နတ်ဘုရားဆေးပင်ကို စော်ကားသူအား အပြစ်ပေးရန်အတွက် ယွင်ရှန်း၏ ဦးခေါင်းတည့်တည့်သို့ ပစ်မှတ်ထားကာ ဆင်းသက်လာစဉ်မှာပင်...
မိုးကြိုး မထိမှန်မီ စက္ကန့်ပိုင်းအတွင်း ယွင်ရှန်းမှာ သန်မာသော ခန္ဓာကိုယ်ကြီးတစ်ခု၏ ဖိချခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ဤမြင်ကွင်းသည် သူမအတွက် အလွန်ပင် ရင်းနှီးနေခဲ့သည်။
ယီပိုင်မင်း၏ ရင်းနှီးနေသော ရနံ့သည် သူမကို ဝန်းရံသွားပြီး သမိုင်းမှာ နောက်ပြန်လည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ငှက်ပျောဖက်ရွာတွင် ဒဏ်ရာရထားသော ယီပိုင်မင်းက သူမကို ဖိချခဲ့စဉ်ကအတိုင်းပင်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့ ရင်ဆိုင်နေရသည်မှာ မှော်ဆရာကြီးယန် မဟုတ်ဘဲ ခုခံနိုင်
စွမ်းမရှိသော ကောင်းကင်မိုးကြိုးဖြစ်သည်။
"ဘာလို့လဲ"
ယွင်ရှန်း၏အသံမှာ ခြင်တစ်ကောင်၏ အော်သံကဲ့သို့ တိုးညင်းလွန်းလှသည်။
ဒီလိုလုပ်ရင် သူသေသွားမယ်ဆိုတာ သူ မသိဘူးလား။
သူမ မြင်လိုက်ရသည်မှာ ယီပိုင်မင်း၏ နှုတ်ခမ်းထောင့်စွန်းမှ ဖျော့တော့သော အပြုံးတစ်ခုသာ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ၏ မီးခိုးရောင်မျက်ဝန်းများမှာ တဖျတ်ဖျတ် တောက်ပနေပြီး သူ၏ ပါးလွှာသော နှုတ်ခမ်းများ လှုပ်ရှားသွားသည်ကိုသာ သူမ မြင်လိုက်ရသည်။
"ငါက မင်းရဲ့ အစေခံပဲ... မင်းအသက်ရှင်ရင် ငါရှင်မယ် မင်းသေရင် ငါသေမယ်"
သေခြင်းနှင့် ရှင်ခြင်းကြားတွင် ယွင်ရှန်းမှာ အတိတ်မှ ဖြစ်ရပ်တစ်ခုကို မမျှော်လင့်ဘဲ ပြန်လည်သတိရမိသွားသည်။ ၎င်းမှာ သူမ ဝူကျိတိုက်ကြီးသို့ မရောက်ရှိမီ ကမ္ဘာပေါ်၌ ရှိစဉ်က ဖြစ်ရပ်တစ်ခုပင်။
သူမ ကလေးဘဝတုန်းက သူမ၏အဖိုး ဖွင့်ထားသော ဆေးခန်းငယ်လေးသို့ လူနာတစ်ဦး ရောက်လာခဲ့ဖူးသည်။ ထိုသူမှာ ခန္ဓာကိုယ်အောက်ပိုင်း လုံးဝနီးပါး သေနေသော မိခင်တစ်ဦး ဖြစ်သည်။
မြို့ပေါ်ရှိ ဆေးရုံကြီးများမှာပင် မပျောက်ကင်းနိုင်တော့သဖြင့် ယန်မိသားစု၏ ဆေးခန်းသို့ လာရောက်ပြသခြင်း ဖြစ်သည်။
အဖိုးယွင်က သူမ၏ ဒဏ်ရာမှာ ကုသရန် ခဲယဉ်းကြောင်း ပြောပြစဉ် ထိုအမျိုးသမီးက သူမ၏ ဒဏ်ရာမှာ သူမ၏ သားငယ်ကို ကယ်တင်ရင်း ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြန်ပြောပြခဲ့သည်။
၅ နှစ်အရွယ် သားငယ်လေးမှာ ၆ ထပ်တိုက် ပြတင်းပေါက်မှ ပြုတ်ကျလာချိန်တွင် သူမသည် အကျိုးအပြစ်ကို မစဉ်းစားဘဲ လက်ဗလာဖြင့် လှမ်းဖမ်းခဲ့ခြင်း ဖြစ်သည်။
ဆေးပညာအရ ကြည့်လျှင် အမြင့်မှ ကျလာသော အရာဝတ္ထုတစ်ခု၏ အရှိန်မှာ ပေါင်ပေါင်းများစွာသော အားကို ဖြစ်ပေါ်စေသဖြင့် လက်ဗလာဖြင့် ဖမ်းခြင်းမှာ အလွန်အန္တရာယ်များလှသည်။ သို့သော် ထိုမိခင်က သူမ နောင်တမရကြောင်းနှင့် ထိုအချိန်တွင် နောက်ဆက်တွဲရလဒ်များကို စဉ်းစားရန် အချိန်မရှိခဲ့ကြောင်း ပြောခဲ့သည်။
သူမ၏ မျက်နှာတွင် ပေါ်ထွက်လာသော အပြုံးမှာ မိခင်မေတ္တာနှင့် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ယခု ယီပိုင်မင်း၏ အပြုံးမှာလည်း ထိုမိခင်၏ အပြုံးကဲ့သို့ပင် ချစ်ခြင်းမေတ္တာနှင့် စွန့်လွှတ်ပေးမှုများဖြင့် ပြည့်နှက်နေသည်ကို ယွင်ရှန်း မြင်လိုက်ရသည်။
ဒါပေမဲ့ ယီပိုင်မင်းက ဘာလို့ ငါ့အပေါ် ဒီလိုခံစားချက်တွေ ရှိနေရတာလဲ။
ယခင်က မခံစားဖူးသော ထူးဆန်းသည့် ခံစားချက်တစ်ခု ယွင်ရှန်း၏ နှလုံးသားထဲတွင် အမြစ်တွယ်သွားသည်။
သူမသည် ယီပိုင်မင်းကို သူမ၏ ရှိသမျှ အင်အားအားလုံးဖြင့် အတင်းတွန်းဖယ်လိုက်သည်။ သူ သူမကို အသေမခံလိုသကဲ့သို့ သူမသည်လည်း အခြားသူတစ်ဦးကို ဒုက္ခမပေးလိုပေ။
လန်နှင့် အထူးအကျော်အမော်စခန်းမှ မှော်ဆရာများသည်လည်း ဤမြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြတော့သည်။
တစ်ဦးကိုတစ်ဦး ကယ်တင်ရန်အတွက် သူတို့၏ အသက်ကိုပင် ပဓာနမထားသော ထိုနှစ်ဦး၏ လုပ်ရပ်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေရသည်။