အခန်း (၂၆၄)
Vol. 26 Ch. 264
"ဘာဖြစ်လို့လဲ အိမ်ရှေ့မင်းသားရဲ့ ဒဏ်ရာက မသက်သာသေးဘူးလား ရွက်ခြောက်လွှာခရမ်းရောင်ဂျင်ဆင်းကို ရှာတွေ့ရင် ရပြီလို့ ပြောထားတယ်မဟုတ်လား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ လော့ရှမြို့စားရဲ့ မိခင်ကို ကုပေးတုန်းက မြို့စားစံအိမ်မှာ အရည်အသွေးကောင်းတဲ့ ရွက်ခြောက်လွှာခရမ်းရောင်ဂျင်ဆင်း ရှိတာကို ငါကိုယ်တိုင် မြင်ခဲ့တာပဲ"
ဆရာကြီးဝမ်က ပြောလိုက်သည်။ သူသည် မဟာကျိုးတော်ဝင်မိသားစုကို အကြည်ညိုမရှိသော်လည်း ယခင်က မိဖုရားကြီးလီနှင့် ခင်မင်ခဲ့ဖူးသူဖြစ်သည်။ သို့သော် မိဖုရားကြီးလီ၏ သားတော်ကို မကုသပေးနိုင်ခဲ့သဖြင့် သူသည် နောင်တစိတ်ဖြင့် တော်ဝင်မိသားစုနှင့် အလှမ်းဝေးခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်တွင် လော့ရှမြို့၌ ဂျင်ဆင်းရှိကြောင်း သတင်းကို ချန်မိသားစုမှတစ်ဆင့် အိမ်ရှေ့မင်းသားသိအောင် ဆရာကြီးဝမ်ကပင် လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ အခြေအနေများမှာ သူထင်ထားသည်ထက် ပိုမိုဆိုးရွားနေပြီဖြစ်သည်။
"နန်းတော်က အခုလေးတင် သတင်းပို့တာပါ။ အိမ်ရှေ့မင်းသားက အသက်ငင်နေပြီ အချိန်မရွေး သေသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဧကရာဇ်နဲ့ မိဖုရားကတော့ အကြီးအကျယ် ဒေါသထွက်နေပြီး အကယ်၍ ဆရာကြီးက အိမ်ရှေ့မင်းသားကို မကယ်နိုင်ရင် ဆေးဧကရာဇ်ခန်းမကို ချိတ်ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်နေပါတယ်"
ချီဖန့်ဖေးက စိုးရိမ်တကြီး ပြောပြသည်။
"ငါပေးထားတဲ့ ဆေးလုံးကတောင် သူ့အသက်ကို မကယ်နိုင်ဘူးလား"
ဆရာကြီးဝမ်၏ မျက်နှာပျက်သွားသည်။ သူပေးခဲ့သော ဆေးလုံးမှာ ရတနာတစ်ရာနှင့် နတ်
ဘုရားအဆင့်ဆေးဖက်ဝင်အပင်များဖြင့် ဖော်စပ်ထားခြင်းဖြစ်ရာ သေလုမျောပါးသူကိုပင် ပြန်ရှင်စေနိုင်သော အစွမ်းရှိသည်။ အကယ်၍ ထိုဆေးကပင် မကယ်နိုင်ပါက သူယခု နန်းတော်သို့ သွားလျှင်ပင် အချိန်မီတော့မည် မဟုတ်ပေ။
"အဖိုးကြီးဝမ်... စိတ်မလောပါနဲ့ဦး။ တကယ်တော့ ငါနဲ့ ငါ့တပည့် ဒီကိုလာတာကလည်း နန်းတော်ထဲမှာ ဖြစ်လာမယ့် ဒီဘေးဒုက္ခအတွက်ပါပဲ"
ကျီယွီက ပြောလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျီယွီသည် ညအခါ ကြယ်တာရာများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မဟာကျိုးနိုင်ငံကို ကိုယ်စားပြုသော ဧကရာဇ်ကြယ်မှာ မှေးမှိန်နေသည်ကို သတိပြုမိခဲ့သည်။ ထို့ကြောင့် မဟာကျိုးတော်ဝင်မိသားစုတွင် ကြီးမားသော ဘေးဒုက္ခတစ်ခု ကျရောက်တော့မည်ကို သူတွက်ချက်မိသဖြင့် ရှာဝမ်ရွှီကို ခေါ်ဆောင်ကာ ဤအကျပ်အတည်းကို ကူညီဖြေရှင်းပေးရန် ရောက်ရှိလာခြင်းဖြစ်သည်။
ပင်မမှော်ဘုရားကျောင်း၏ တည်ရှိမှုမှာ နိုင်ငံငါးနိုင်ငံကြား အင်အားချိန်ခွင်လျှာကို ထိန်းညှိရန်ဖြစ်ပြီး ဘုရားကျောင်း၏ စီမင်းအရာရှိများသည် တော်ဝင်မိသားစုများ၏ အထက်တွင်ရှိသကဲ့သို့ တော်ဝင်မိသားစုများကိုလည်း အကျိုးပြုကြရသည်။ သို့သော် ဝမ်ချင်းဖုန်းကမူ သူ၏မိတ်ဆွေဟောင်း၏ လုပ်ရပ်ကို သဘောမတူပေ။
"ကျီယွီ... မင်းကိုယ်တိုင် တကယ်ပဲ ပါဝင်ပတ်သက်တော့မှာလား။ ကောင်းကင်ဘုံရဲ့ ကံကြမ္မာကို ဆန့်ကျင်တာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာပဲလို့ မင်းပြောခဲ့တာကို မေ့သွားပြီလား။ မိဖုရားကြီးလီ ကွယ်လွန်တုန်းကလည်း မင်း တော်ဝင်မိသားစုကိစ္စတွေမှာ မပါတော့ဘူးလို့ ပြောခဲ့တယ်မဟုတ်လား"
ဝမ်ချင်းဖုန်းက မကျေမနပ် ပြောလိုက်သည်။
ဝမ်ချင်းဖုန်းအတွက် မိဖုရားကြီးလီမှာ သူ၏ဘဝတွင် တွေ့ခဲ့ရသမျှ အမျိုးသမီးများထဲ၌ အထူးခြားဆုံး တစ်ဦးဖြစ်သည်။ သို့သော် ထိုစဉ်က ကျီယွီသည် မိဖုရားကြီးလီမှာ တိုင်းပြည်ကို ပျက်စီးစေမည့် နတ်ဆိုးမဖြစ်ကြောင်းနှင့် သူမ မွေးဖွားလာသော မင်းသားမှာလည်း ဘေးဒုက္ခကြယ်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ဟောကိန်းထုတ်ခဲ့သည်။
ထိုဟောကိန်းကြောင့်ပင် ဧကရာဇ်သည် မိဖုရားကြီးအပေါ် အေးစက်သွားခဲ့ပြီး နောက်ဆုံးတွင် မိဖုရားကြီးမှာ ရူးသွပ်ကာ ကွယ်လွန်ခဲ့ရသလို မင်းသားလေးမှာလည်း ရာထူးချခံရပြီး အေးစက်သောနန်းဆောင်တွင် ပိတ်လှောင်ခံခဲ့ရခြင်းဖြစ်သည်။
"လောကကို ဘေးဒုက္ခပေးမယ့် နတ်ဆိုးတစ်ယောက် မွေးဖွားလာတာနဲ့ ပိုင်မင်းမင်းသားရဲ့ အာဏာတက်လာတာဟာ မကောင်းတဲ့ နိမိတ်ပဲ။ ဝမ်ရွှီ... နန်းတော်ကိုသွားပြီး မင်းကူညီနိုင်မလားဆိုတာ ကြည့်လိုက်ပါ။ မဟာကျိုးအိမ်ရှေ့မင်းသားရဲ့ ကံကြမ္မာကတော့ လုံးဝမကုန်သေးဘူး သူ့ကို ဒီတစ်ကြိမ် ကူညီပေးလိုက်ပါ"
ကျီယွီက အမိန့်ပေးလိုက်သဖြင့် ရှာဝမ်ရွှီမှာ ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
"မင်းကတော့ လောကကို ဘေးဒုက္ခပေးမယ့် နတ်ဆိုးလို့ ပြောနေတုန်းပဲ။ ငါ့အမြင်မှာတော့ ပိုင်မင်းမင်းသားက အဲ့ဒီအသုံးမကျတဲ့ အိမ်ရှေ့မင်းသားထက် အများကြီး ပိုတော်ပါတယ်။ မင်းက အဲ့ဒီကလေးရဲ့ ကံကြမ္မာကို ထိုးဖောက်မမြင်နိုင်ရုံနဲ့ သူ့အပေါ် အစွဲအလမ်းမထားသင့်ဘူး"
ဝမ်ချင်းဖုန်းက ရင်နာနာဖြင့် ပြန်ပြောလိုက်သည်။
ထိုကလေး မွေးဖွားလာစဉ်က ဝမ်ချင်းဖုန်း ကိုယ်တိုင် ရှိနေခဲ့သည် မဟုတ်ပါလား။ ယခုအခါ ပညာရှင်ကြီးနှစ်ဦးစလုံးသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက နန်းတွင်း၌ လျှို့ဝှက်စွာ ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုကို မရည်ရွယ်ဘဲ ပြန်လည်အမှတ်ရနေကြတော့သည်။
ထိုစဉ်က မဟာကျိုးဧကရာဇ်သည် အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခံရချိန်တွင် မိဖုရားချီကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ရန် အလွန်စိတ်အားထက်သန်ခဲ့သည်။ လီမိသားစုက မကျေမနပ်ဖြစ်ခဲ့သော်လည်း အခြေအနေအရ မိဖုရားလီသည် မိဖုရားချီအပေါ် လူမြင်ကွင်းတွင် ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။
ဆယ်လအကြာတွင် မိဖုရားချီက ယီပိုင်လျန်ကို မွေးဖွားခဲ့ပြီး နောက်ထပ် ခြောက်လအကြာတွင်မှ မိဖုရားလီက ယီပိုင်မင်းကို မွေးဖွားခဲ့ခြင်းဖြစ်သည်။
ယီပိုင်မင်းမှာ မွေးစတွင် ပါးပြင်လေးများ နီမြန်းကာ အလွန်ချစ်စရာကောင်းလှသဖြင့် ဖခင်
ဖြစ်သူ ယီချန်ထျန်းက အလွန်ပင် သဘောကျခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာတွင် ယီပိုင်မင်းမှာ မျက်စိမမြင်ရသည့် မျက်မမြင်လေးဖြစ်ကြောင်း သိလိုက်ရသောအခါ ယီချန်ထျန်းသည် ထိုသားအမိအပေါ် တဖြည်းဖြည်း အေးစက်လာခဲ့တော့သည်။
နောက်တစ်နှစ်အကြာတွင် ယခင်ဧကရာဇ် ကွယ်လွန်သွားပြီးနောက် ယီချန်ထျန်း နန်းတက်လာခဲ့သည်။ မိဖုရားလီကို မိဖုရားကြီးအဖြစ် တင်မြှောက်ကာ သူမ၏သား ယီပိုင်မင်းကို အတိုက်အခံများကြားမှပင် အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့ပြီး မိဖုရားချီကိုမူ မြင့်မြတ်သော ကိုယ်လုပ်တော်အဖြစ်သာ ရာထူးပေးခဲ့သည်။
ယီပိုင်မင်း၏ မျက်မမြင်ဘဝကြောင့် မှူးမတ်များကြားတွင် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ပါးနပ်ထက်မြက်လှသော မိဖုရားကြီးလီသည် ထိုအတားအဆီးအားလုံးကို ဖယ်ရှားကာ သူမသား၏ ရာထူးကို မြဲမြံအောင် လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် ယီပိုင်မင်း ၅ နှစ်အရွယ်တွင် မိဖုရားကြီးလီသည် နန်းတွင်း၌ မှောင်မိုက်မှော်ပညာကို လေ့ကျင့်နေကြောင်း ဖော်ထုတ်ခံလိုက်ရသည်။ ဤသတင်းကြောင့် ဧကရာဇ်မှာ အကြီးအကျယ် ဒေါသထွက်ကာ သူမကို ရာထူးမှနုတ်ပယ်၍ တားမြစ်နန်းဆောင်ထဲသို့ ပို့ဆောင်ကာ ပိတ်လှောင်ထားခဲ့တော့သည်။
ထိုနေ့မှစ၍ မိဖုရားကြီးလီမှာ စိတ်ကျန်းမာရေး ချို့ယွင်းကာ ရူးသွပ်သွားပြီး သူမ၏သား ယီပိုင်မင်းကိုပင် မမှတ်မိတော့ပေ။ ယီပိုင်မင်းကိုမူ မိဖုရားချီက ဆက်လက် ပြုစုစောင့်ရှောက်ရန် လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။
တစ်နေ့တွင် မိဖုရားချီ နိုးလာသောအခါ အိမ်ရှေ့မင်းသား ယီပိုင်မင်း ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် နန်းတွင်းအစေခံများကို အလျင်အမြန် ရှာခိုင်းလိုက်ရာ ယီပိုင်မင်းကို ရာထူးချခံထားရသော မိဖုရားကြီးလီ၏ အဆောင်တွင် ပြန်လည်တွေ့ရှိခဲ့သည်။
သို့သော် သူတို့တွေ့ရှိချိန်တွင် မိဖုရားကြီးလီမှာ သေဆုံးနေပြီဖြစ်ပြီး အသက် ၅ နှစ်အရွယ် ယီပိုင်မင်းမှာ သူမ၏ အလောင်းဘေးတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
မိခင်ရင်းကို ကိုယ်တိုင်သတ်ခဲ့သည့် လူသတ်သမားမှာ တခြားသူမဟုတ်... လက်ထဲတွင် ဓားမြှောင်တစ်စင်းကို ကိုင်ထားသည့် အသက် ၅ နှစ်အရွယ် ယီပိုင်မင်းပင်။
နန်းတွင်း၌ ပျံ့နှံ့နေသော ကောလာဟလများအရ မိဖုရားကြီးလီသည် ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိရန်အတွက် ငယ်စဉ်ကပင် မှောင်မိုက်မှော်ပညာကို လျှို့ဝှက်သင်ကြားခဲ့သည်ဟု ပြောကြသည်။ ထိုမှော်ပညာ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့်ပင် ယီပိုင်မင်းသည် မွေးရာပါ မျက်မမြင်အဖြစ် မွေးဖွားလာခဲ့ရခြင်း ဖြစ်သည်။
ယီပိုင်မင်း၏ ခန္ဓာကိုယ်အတွင်း၌ မှောင်မိုက်ဒြပ်စင်အချို့ ကိန်းအောင်းနေပြီး သူသည် မွေးရာပါ နတ်ဆိုးကလေးတစ်ဦးဖြစ်ကြောင်း ထို့ကြောင့်ပင် သူ၏မိခင်ရင်းကို ပြန်လည်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လူပြောများခဲ့သည်။
ဤသတင်းကို ကြားလိုက်ရသောအခါ မဟာကျိုးဧကရာဇ်သည် အကြီးအကျယ် ဒေါသထွက်ကာ ယီပိုင်မင်းအား နေမကောင်းဖြစ်သည်ဟု အကြောင်းပြ၍ အေးစက်သောနန်းဆောင်တွင် ပိတ်လှောင်ထားခဲ့ပြီး ပြင်ပမှလည်း မှော်အစီအရင်များဖြင့် ခိုင်ခံ့စွာ ဝန်းရံတားဆီးထားခဲ့သည်။
"သူကသာ နတ်ဆိုးမျိုးစေ့မဟုတ်ရင် မိခင်ရင်းကို သတ်ရက်တဲ့ ဒီလောက်ရက်စက်တဲ့ အမှုကို ဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ"
ကျီယွီက မကျေမနပ် ပြောလိုက်သည်။
"မဟာကျိုးနိုင်ငံရဲ့ တရားဝင် အမွေဆက်ခံသူက ယီပိုင်လျန်ပဲ ဖြစ်ရမယ်"
နန်းတွင်းညီလာခံခန်းမအတွင်း၌ ယီပိုင်မင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ဧကရာဇ် ယီချန်ထျန်းနှင့် မိဖုရားကြီးချီတို့သည် ပလ္လင်ထက်၌ ထိုင်နေကြသည်။ မိဖုရားကြီးချီမှာ သားဖြစ်သူ ယီပိုင်လျန်၏ ဒဏ်ရာပြင်းထန်မှုအားလုံးမှာ ယီပိုင်မင်းကြောင့်ဟု ယူဆကာ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
"အရှင်မင်းကြီး... အိမ်ရှေ့မင်းသား ပျောက်ဆုံးနေတာကို ပိုင်မင်းမင်းသားက သိရဲ့သားနဲ့ အမှန်အတိုင်း တင်ပြဖို့ ပျက်ကွက်ခဲ့တယ်။ အခုတော့ အိမ်ရှေ့မင်းသားက သတိမေ့မြောနေပြီး အခြေအနေက အလွန်စိုးရိမ်ရပါတယ်။ အကယ်၍ အိမ်ရှေ့မင်းသားသာ တစ်ခုခုဖြစ်သွားရင် ကျွန်မ ဘယ်လိုဆက်ပြီး အသက်ရှင်ရတော့မှာလဲ"
မိဖုရားကြီးချီက ငိုယိုကာ ပြောလိုက်သည်။
သူမ၏ နုနယ်လှပသော မျက်ဝန်းများထဲတွင် ယခုအခါ အဆိပ်ပြင်းလှသော အကြည့်များ ကိန်းအောင်းနေသည်။ မိခင်ရင်းကို သတ်ခဲ့သည့် ဤတိရစ္ဆာန်ကလေးမှာ သူမကို ဒူးထောက်စေခဲ့ဖူးသည့် မိဖုရားကြီးလီနှင့် အလွန်ပင် ဆင်တူလှသည်။
မိဖုရားကြီးချီသည် သူမ၏သား ခံစားနေရသော ဝေဒနာများအတွက် ယီပိုင်မင်းကို အဆမတန် ပြန်လည်ပေးဆပ်စေမည်ဟု စိတ်ထဲတွင် ကျိန်ဆိုနေတော့သည်။