← Chapters

အခန်း (၂၆၅)

Vol. 26 Ch. 265

အခန်း (၂၆၅)

Vol. 26 Ch. 265

နန်းတော်ညီလာခံခန်းမ၏ ပလ္လင်ထက်တွင် မဟာကျိုးဧကရာဇ် ယီချန်ထျန်းသည်လည်း ဒေါသများဖြင့် တောက်လောင်နေသည်။

"ပိုင်မင်း... ဒါတွေအားလုံးက ဘာတွေလဲ ငါ့ကို ရှင်းပြစမ်း"

အိမ်ရှေ့မင်းသားမှာ ဒဏ်ရာပြင်းထန်ရုံတင်မက သူ၏ မှော်ဝိညာဉ်ပါ ပျက်စီးသွားပြီး အသက်ပင် အာမခံချက်မရှိတော့ကြောင်း သိလိုက်ရသောအခါ ဧကရာဇ်မှာ အလွန်အမင်း စိုးရိမ်ပူပန်သွားရသည်။

ယီချန်ထျန်းသည် ကွယ်လွန်သူ မိဖုရားကြီးလီနှင့် အလွန်တူလှသော ယီပိုင်မင်းအပေါ်တွင် ဖော်ပြမပြနိုင်သော ခံစားချက်မျိုးစုံ ရှိနေသူဖြစ်သည်။

သို့သော် မကြာသေးမီနှစ်များအတွင်း ယီပိုင်မင်း၏ တိုက်ပွဲဝင်ရဲစွမ်းသတ္တိနှင့် သိုင်းပညာတိုးတက်မှုများကြောင့် သူ့အပေါ်တွင် အသိအမှတ်ပြု လေးစားစိတ်လည်း အနည်းငယ် ရှိနေခဲ့သည်။

သို့သော်လည်း အိမ်ရှေ့မင်းသားမှာ ယခုကဲ့သို့ အခြေအနေဆိုးနေပြီး ချန်လျန်လျန်မှာလည်း ပျောက်ဆုံးနေချိန်တွင် ယီပိုင်မင်း တစ်ဦးတည်း ဘာဒဏ်ရာမျှမရဘဲ ပြန်ရောက်လာခြင်းမှာ ဧကရာဇ်အတွက် သံသယဖြစ်စရာ ဖြစ်လာခဲ့သည်။

ယီပိုင်မင်းသည် အိမ်ရှေ့မင်းသားက လော့ရှမြို့တွင် ခရမ်းရောင်ဂျင်ဆင်းကို ရှာဖွေရန် သာမန်အမဲလိုက်စစ်သည်များကို ငှားရမ်းခဲ့သည့်အကြောင်းကို ထုတ်ဖော်တင်ပြလိုက်သည်။

သို့သော် ကောင်းကင်အမဲလိုက်အဖွဲ့ကို အမှုထဲတွင် မပါဝင်စေရန်အတွက် သူသည် အိမ်ရှေ့မင်းသား၏ ဘေးကင်းရေးကို စိုးရိမ်သဖြင့် သာမန်အမဲလိုက်အဖွဲ့အချို့ကို ငှားရမ်းကာ နောက်မှ လိုက်ပါသွားခဲ့ခြင်းဖြစ်ကြောင်းသာ လျှောက်တင်ခဲ့သည်။

ယခုအချိန်တွင် ဧကရာဇ်နှင့် မိဖုရားကြီးတို့ အစိုးရိမ်ဆုံးမှာ ယီပိုင်လျန်၏ ဒဏ်ရာပင်။

နန်းတွင်းသမားတော်အားလုံးနှင့် ဆေးဧကရာဇ်ခန်းမမှ သမားတော်များ စုဝေးကာ ကုသနေကြသော်လည်း မည်သည့်ထိရောက်သော နည်းလမ်းမျှ ရှာမတွေ့ကြသေးပေ။

"ပိုင်မင်းမင်းသား... လော့ရှမြို့ကို သွားတာက အိမ်ရှေ့မင်းသားရဲ့ ဆန္ဒဆိုဦးတော့။ သူ့ရဲ့ တော်ဝင်အဆင့်အတန်းနဲ့ အရှိန်အဝါအရ မင်းက ဘာလို့ အဆင့်နိမ့်အမဲလိုက်အဖွဲ့လေးနဲ့ပဲ သူ့ကို လိုက်ပါပို့ဆောင်ခွင့်ပြုခဲ့ရတာလဲ"

မိဖုရားကြီးချီက ဧကရာဇ်၏ဘေးတွင် ထိုင်နေရင်း သူမ၏ မျက်ဝန်းအလှများထဲမှ မုန်းတီးမှုများကို ထုတ်ဖော်ပြသလိုက်သည်။

ယီပိုင်မင်းက မိဖုရားကြီးချီကို လှောင်ပြောင်လိုသော အကြည့်ဖြင့် ကြည့်ကာ "မိဖုရားကြီး ပြောသလိုပါပဲ... သူက အိမ်ရှေ့မင်းသားလေ။ ကျွန်တော့်လို အောက်ခြေလူတစ်ယောက်အနေနဲ့ သူ့ရဲ့ အမိန့်ကို ဘယ်လိုလုပ် ငြင်းဆန်ဝံ့ပါ့မလဲ။ ငြင်းဆန်မိရင် ဒါက မောက်မာစော်ကားမှု မြောက်သွားမှာပေါ့" ဟု အေးစက်စွာ ပြန်လည်ဖြေကြားလိုက်သည်။

"မိဖုရား... စိတ်မပူပါနဲ့။ ဆရာကြီးဝမ်ကို ခေါ်ဖို့ လူလွှတ်ထားပြီးပြီ။ သူရောက်လာတာနဲ့ အိမ်ရှေ့မင်းသားရဲ့ ဝေဒနာက သေချာပေါက် ပျောက်ကင်းသွားမှာပါ"

ဧကရာဇ်က မိဖုရားကြီးကို နှစ်သိမ့်လိုက်သည်။ သူတို့နှစ်ဦးမှာ ငယ်သူငယ်ချင်းများဖြစ်ခဲ့ကြသလို ဆယ်စုနှစ်ပေါင်းများစွာ လက်တွဲလာခဲ့ကြသော်လည်း သူတို့၏ အချစ်မှာ ယနေ့တိုင် အသစ်အတိုင်းပင် ရှိနေသေးသည်။

ယီပိုင်မင်းအတွက်မူ သူ၏ရှေ့မှောက်တွင် မြင်တွေ့နေရသော ဤမြင်ကွင်းမှာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသော လှောင်ပြောင်မှုတစ်ခုသာ ဖြစ်သည်။

လူမြင်ကွင်းတွင်ရော တိတ်တဆိတ်ပါ မိဖုရားကြီးချီအပေါ် ဤမျှ ကြင်နာပြတတ်သော ဤအမျိုးသားသည် သူနှင့် သူ၏မိခင်ရှေ့တွင်မူ တစ်ခါမျှ ဂရုစိုက်ကြင်နာမှု မပြခဲ့ဖူးပေ။ ယီပိုင်မင်းသည် ယနေ့တိုင် ထိုအတိတ်များကို အထင်အရှား မှတ်မိနေဆဲ ဖြစ်သည်။

တစ်ချိန်က သူသည် သူ၏ဖခင်နှင့် မိခင်တို့ကြားတွင်လည်း ချစ်ခင်မြတ်နိုးဖွယ် အချိန်များ ရှိခဲ့လိမ့်မည်ဟု ယုံကြည်ခဲ့ဖူးသည်။

မိဖုရားကြီးလီကို ငယ်စဉ်က ပြုစုခဲ့သော အစေခံအိုကြီးတစ်ဦးက ပြောပြဖူးသည်မှာ မဟာကျိုးနယ်စပ်တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားစဉ်က ဧကရာဇ်သည် မိဖုရားကြီးလီ၏ နန်းဆောင်တွင် ညစဉ်လိုလို ရှိနေတတ်ပြီး သူမနှင့်အတူ တိုင်းရေးပြည်ရာများကို တိုင်ပင်ဆွေးနွေးလေ့ရှိသည်ဟူ၍ ဖြစ်သည်။

သို့သော် မိဖုရားကြီးလီတွင် ယီပိုင်မင်းကို ကိုယ်ဝန်ရှိပြီး မကြာမီမှာပင် ပင်မမှော်ဘုရားကျောင်းမှ စီမင်းအရာရှိသည် နန်းတော်သို့ ရောက်ရှိလာခဲ့သည်။ သူသည် မိဖုရားကြီးလီကို မြင်သည်နှင့် သူမ၏ဝမ်းဗိုက်ထဲတွင် လောကကို ပျက်စီးစေမည့် မိစ္ဆာတစ်ကောင် ကိန်းအောင်းနေသည်ဟု အကြောင်းပြချက်မရှိဘဲ ဟောကိန်းထုတ်ခဲ့သည်။

ထိုစကားကို ကြားသည်နှင့် ဧကရာဇ်သည် မိဖုရားကြီးလီအား ထိုကလေးကို ဖျက်ချရန် အမိန့်ပေးခဲ့သော်လည်း မိဖုရားကြီးက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။

ထိုနေ့မှစ၍ ဧကရာဇ်၏ မိဖုရားကြီးအပေါ် ထားရှိသော မေတ္တာတရားမှာ တဖြည်းဖြည်း အေးစက်လာခဲ့သည်။ ယီပိုင်မင်း မွေးဖွားလာချိန်တွင် အခြေအနေမှာ ပိုမိုဆိုးရွားသွားခဲ့ပြီး ဆန့်ကျင်ဘက်အနေဖြင့် မိဖုရားကြီးချီ၏ သားယီပိုင်လျန်မှာမူ ပိုမိုမျက်နှာသာပေးခြင်း ခံခဲ့ရသည်။

ယီပိုင်မင်း သုံးနှစ်အရွယ်တွင် မိဖုရားကြီးလီသည် အငြင်းပွားမှုတစ်ခုကြောင့် မိဖုရားချီကို ရေကန်ထဲသို့ တွန်းချခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဧကရာဇ်က သူမကို တားမြစ်နန်းဆောင်သို့ ပို့ဆောင်ရန် အမိန့်ပေးခဲ့သည်။ ထိုစဉ်က ယီပိုင်မင်းသည် ကလေးငယ်တစ်ဦးသာ ရှိသေးသော်လည်း တားမြစ်နန်းဆောင်မှာ ရက်စက်လှသော နေရာဖြစ်ကြောင်း သိသဖြင့် ဖခင်၏ ဒူးကိုဖက်ကာ အတင်းအဓမ္မ တောင်းပန်ခဲ့ဖူးသည်။

ကလေးငယ်၏ သနားစဖွယ် ငိုယိုတောင်းပန်သံများမှာ ဧကရာဇ်၏ နှလုံးသားကို မလှုပ်ခတ်နိုင်ခဲ့ပေ။ ထိုစဉ်က ယီပိုင်မင်းသည် ဖခင်၏ မျက်နှာအမူအရာကို မမြင်ရသော်လည်း သူ၏ အေးစက်လှသော အသံကိုမူ ယနေ့တိုင် မှတ်မိနေဆဲဖြစ်သည်။

ဧကရာဇ်သည် သုံးလေးနှစ်သား အရွယ်သာရှိသေးသော ယီပိုင်မင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ အားနည်းလှသော ကလေးငယ်၏ အရိုးများမှာ ထိုခဏ၌ပင် ကျိုးကြေသွားတော့မတတ် ခံစားခဲ့ရသည်။

"မင်းကိုယ်မင်းပဲ အပြစ်တင်ပါ၊ မင်းက ဒီလောကမှာ မရှိသင့်တဲ့ ဘေးဒုက္ခကြယ်ပဲ။ မင်းအမေက မင်းကိုကာကွယ်ချင်တယ်ဆိုရင် ဒါက သူခံစားရမယ့် ရလဒ်ပဲ"

ဘေးဒုက္ခကြယ် ဖြစ်စေ မဖြစ်စေ သူသည် ယခုအခါ အရွယ်ရောက်လာပြီဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း သူသည် သွေးတိမ်သားရဲအမြောက်အမြားကို သုတ်သင်ခဲ့ပြီးနောက် မည်သူကမျှ သူ့ကို ဘေးဒုက္ခကြယ်ဟု မခေါ်ရဲကြတော့ပေ။

အိမ်ရှေ့မင်းသားနှင့်အတူ ဖြစ်ပျက်ခဲ့သမျှကို ဧကရာဇ်ထံ တင်ပြပြီးနောက် ဖုန်လိုင်နိုင်ငံမှ ဆင့်ခေါ်ပညာရှင် ပါဝင်ပတ်သက်နေကြောင်း သိလိုက်ရသဖြင့် မိဖုရားကြီးချီသည်ပင် ယီပိုင်မင်းကို တိုက်ရိုက်အပြစ်တင်ရန် အခက်တွေ့သွားသည်။

မိဖုရားကြီးချီသည် မျက်ရည်ကျလုဆဲဆဲ အခြေအနေသို့ ရောက်နေစဉ်မှာပင် အမှုထမ်းတစ်ဦးက သတင်းလာပို့သည်။

"ပင်မမှော်ဘုရားကျောင်းရဲ့ တရားစီရင်ရေးကဏ္ဍက ရှာဝမ်ရွှီရောက်ရှိလာပြီး ဂါရဝပြုဖို့ တောင်းဆိုနေပါတယ်"

ပင်မမှော်ဘုရားကျောင်းမှ လူရောက်လာသည်ဟု ကြားလိုက်ရချိန်တွင် မိဖုရားကြီးချီ၏ စိုးရိမ်စိတ်များမှာ ပျော်ရွှင်မှုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။

ပင်မမှော်ဘုရားကျောင်းလား။

"ဒါ ငါ့သားအတွက် ကောင်းကင်ကပေးတဲ့ ဆုလာဘ်ပဲ။ သူတို့က ပင်မမှော်ဘုရားကျောင်းကလေ... မြန်

မြန် ဖိတ်လိုက်ပါ"

မိဖုရားကြီးချီက အသက်ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ ဝမ်းသာအားရ ပြောလိုက်သည်။

ဤခရီးစဉ်တွင် ဝိညာဉ်ဆေးဖက်ဝင် ရွက်ကိုးလွှာဂျင်ဆင်းကို ရှာမတွေ့ခဲ့ခြင်းကြောင့် အိမ်ရှေ့မင်းသား၏ အခြေအနေမှာ အသက်ရှင်ရန် မျှော်လင့်ချက် နည်းပါးနေခဲ့သည်။

သို့သော် ပင်မမှော်ဘုရားကျောင်းက ကူညီမည်ဆိုပါက အခြေအနေမှာ လုံးဝပြောင်းလဲသွားနိုင်သည်။ ပင်မမှော်ဘုရားကျောင်း၏ မှော်ပညာမှာ သေသူကိုပင် ပြန်ရှင်စေနိုင်သည်ဟု သတင်းကြီးသော်လည်း တော်ဝင်မိသားစုများပင်လျှင် သူတို့၏ အကူအညီကို ရရှိရန် ခဲယဉ်းလှသည်။

ရှာဝမ်ရွှီမှာ တိုက်ကြီးပေါ်တွင် လူသိများသော နောင်တော်စီမင်းတစ်ဦးဖြစ်ပြီး မှော်ကုသမှုတွင် ထူးခြားသော ပါရမီရှိရုံသာမက ဆေးပညာတွင်လည်း ကျော်ကြားသူဖြစ်သည်။

ပင်မမှော်ဘုရားကျောင်းဟူသော အမည်ကို ကြားလိုက်ရသောအခါ ယီပိုင်မင်း၏ မျက်မှောင်များမှာ ပိုမိုတွန့်ချိုးသွားပြီး တည်ငြိမ်လေးနက်သွားသည်။

ပင်မမှော်ဘုရားကျောင်းသည် တိုက်ကြီးပေါ်ရှိ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခဲလှရာ ယခု ရှာဝမ်ရွှီ ရောက်ရှိလာခြင်းမှာ ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်နိုင်ပေ။

"ကျွန်တော်မျိုး ရှာဝမ်ရွှီ... ဆရာသမားရဲ့ အမိန့်အရ ဂါရဝပြုဖို့ ရောက်ရှိလာပါတယ်"

နွေဦးလေပြေကဲ့သို့ နူးညံ့ချိုသာသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ မဟာကျိုးနန်းတော်အတွင်းရှိ တင်းမာနေသော အခြေအနေများကို ချက်ချင်းပင် ပြေလျော့သွားစေသည်။

အမှောင်ထု ဖုံးလွှမ်းနေသော ထောင့်စွန်းတစ်ခုသို့ နေရောင်ခြည် ရုတ်တရက် ကျရောက်လာသကဲ့သို့ပင်။

မှော်ဝတ်ရုံဖြူကို ဆင်မြန်းထားသော ရှာဝမ်ရွှီသည် ဘုရားကျောင်းတော်မှ ဝေယျာဝစ္စကလေးနှစ်ဦးနှင့်အတူ နန်းတော်အတွင်းသို့ ဖြည်းညှပ်စွာ လှမ်းဝင်လာသည်။

၎င်းမှာ ယီပိုင်မင်းအနေဖြင့် ရှာဝမ်ရွှီကို အမှန်တကယ် မြင်တွေ့ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ယခင်က ဆုံဖူးခဲ့သော်လည်း ထိုစဉ်က ယီပိုင်မင်းမှာ မျက်စိမမြင်ရသဖြင့် ရှာဝမ်ရွှီ၏ ရုပ်သွင်ကို သတိမပြုမိခဲ့ပေ။

ပြင်ပလောကမှ ကောလာဟလများအတိုင်းပင် ပင်မမှော်ဘုရားကျောင်း၏ နောင်တော်စီမင်း ရှာဝမ်ရွှီမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သားတစ်ပါးကဲ့သို့ သန့်ရှင်းစင်ကြယ်သော အရှိန်အဝါရှိနေသည်။

သူသည် အသက်ငယ်ငယ်နှင့်ပင် ကောင်းကင်အဆင့် မှော်ဆရာအဆင့်သို့ ရောက်ရှိနေပြီဟု သတင်းကြီးသော်လည်း သူ၏ ပတ်ဝန်းကျင်တွင် မှော်လှိုင်းထွက်ပေါ်မှုတစ်စုံတစ်ရာ မရှိပေ။ ၎င်းမှာ သူ၏မှော်စွမ်းအားကို စိတ်ကြိုက်ထိန်းချုပ်နိုင်သည့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခြင်းကို သက်သေပြနေသည်။

ပင်မမှော်ဘုရားကျောင်းမှ ပုဂ္ဂိုလ်များသည် တော်ဝင်မိသားစုအား ဒူးထောက်အလေးပြုရန် မလိုအပ်သဖြင့် ရှာဝမ်ရွှီသည် ဧကရာဇ်နှင့် မိဖုရားကြီးကို လေးစားစွာ ဦးညွှတ်ရုံသာ ပြုလုပ်ခဲ့သည်။

"မင်းက ဆရာကြီးကျီရဲ့ ထူးချွန်တဲ့ တပည့်ပဲ။ မြန်မြန်လာပါဦး... အခုတော့ ငါ့သားအတွက် မျှော်လင့်ချက် ရှိသွားပြီ"

မိဖုရားကြီးချီသည် သူမ၏ ဝမ်းနည်းမှုများကို ဘေးဖယ်ကာ ရှာဝမ်ရွှီအား အတွင်းနန်းဆောင်ဆီသို့ ချက်ချင်း ဦးဆောင်ခေါ်သွားတော့သည်။

ရှာဝမ်ရွှီသည် ဘေးနားတွင် ရှိနေသော ယီပိုင်မင်းကိုလည်း သတိထားမိလိုက်သည်။

ပိုင်မင်းမင်းသားလား။

သူ၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ပြီးခဲ့သည့် တစ်နှစ်အတွင်း သွေးတိမ်သားရဲများကို အမဲလိုက်ရာတွင် နာမည်ကျော်ကြားခဲ့သည့် ဤလူငယ်သည် နာကျည်းမှုနှင့် သွေးချောင်းစီးမှုများကြားတွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ လူသတ်အငွေ့အသက်များ ဖုံးလွှမ်းနေမည်ဟု ထင်ရသော်လည်း အမှန်တကယ် မြင်တွေ့ရချိန်တွင်မူ သူ၏ ခန့်ညားထည်ဝါလှသော ရုပ်ရည်ကြောင့် တစ်ချက်ထက်မက ပြန်ကြည့်မိစေသည်။

ရှာဝမ်ရွှီ၏ အကြည့်မှာ ယီပိုင်မင်း၏ မျက်လုံးများဆီသို့ ရောက်ရှိသွားသည်။ ထိုမျက်လုံးများသည် တစ်ချိန်က သူ၏ဆရာဖြစ်သူ ကိုယ်တိုင်ပင် အလင်းမှော်ပညာဖြင့် ကုသ၍ မရခဲ့သော မျက်လုံးများပင်။

"စီမင်း... ကျေးဇူးပြုပြီး အိမ်ရှေ့မင်းသားကို ကယ်တင်ပေးပါ"

ယီပိုင်မင်းက သူ၏မျက်လုံးများကို ပင့်ကြည့်လိုက်သည်။

မီးခိုးရောင်မျက်သူငယ်နှင့် ရွှေရောင်မျက်သူငယ်တို့ ဆုံစည်းသွားကြသည်။ ထိုမျက်လုံးများကို မြင်လိုက်ရချိန်တွင် ရှာဝမ်ရွှီ၏ နဖူးမှာ ရုတ်တရက် တုန်ခါသွားပြီး သူ၏ရှေ့မှ လူသား၏ ကံကြမ္မာကို စစ်ဆေးကြည့်လိုသည့် စိတ်ဆန္ဒများ ပြင်းပြစွာ ပေါ်ပေါက်လာတော့သည်။

All Chapters