အခန်း (၂၆၀)
Vol. 26 Ch. 260
ကောင်းကင်မိုးကြိုးကြီး ကျဆင်းလာသည့် ထိုစက္ကန့်ပိုင်းအတွင်း...
ယွင်ရှန်းနှင့် ယီပိုင်မင်းတို့၏ ဒြပ်စင်ငါးပါး မှော်ဝိညာဉ်များသည် လှုံ့ဆော်မှု ခံလိုက်ရသကဲ့သို့ တောက်ပသော အလင်းတန်းများကို ပြိုင်တူ ထုတ်လွှတ်လိုက်ကြသည်။
"ဒါက... မှော်ဝိညာဉ် ဟန်ချက်ညီ တုန်ခါမှုပဲ"
လန်နှင့် အထူးအကျော်အမော်စခန်းမှ မှော်ဆရာများသည် သူတို့၏ လှုပ်ရှားမှုများကို ရုတ်တရက် ရပ်တန့်လိုက်ကြသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆရာကြီးတွေ ပြောပြဖူးတဲ့ မှော်ဝိညာဉ်ချင်း ၁၀၀ ရာခိုင်နှုန်း နီးပါး တူညီပြီး လိုက်ဖက်ညီလွန်းတဲ့ မှော်ဆရာနှစ်ဦးကြားမှာပဲ ဖြစ်ပေါ်တတ်တဲ့ အံ့ဩဖွယ်ရာ ဖြစ်ရပ်မျိုး မဟုတ်လား။
ထိုတုန်ခါမှုမှတစ်ဆင့် ယွင်ရှန်းနှင့် ယီပိုင်မင်းတို့၏ ခန္ဓာကိုယ်အတွင်းမှ ရောင်စုံအလင်းတန်းများ ပန်းထွက်လာပြီး သူတို့နှစ်ဦးကို ဝန်းရံကာ ရောင်စုံမှော်ဒိုင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်မိုးကြိုးသည် ထိုဒိုင်းလွှာကို ထိမှန်ကာ ဒိုင်းလွှာမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသော်လည်း သူတို့နှစ်ဦးမှာမူ ဘေးကင်းသွားခဲ့သည်။
မိုးကြိုးကျပြီးနောက် ကောင်းကင်ယံမှ တိမ်တိုက်ဝဲဂယက်ကြီးမှာ လျင်မြန်စွာ ပျောက်
ကွယ်သွားပြီး ကောင်းကင်ပြာကြီး ပြန်လည်ပေါ်ထွက်လာသည်။
ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲများမှာ ဤထူးဆန်းသော မြင်ကွင်းကြောင့် ကြောင်တောင်တောင် ဖြစ်နေကြသလို ဘိုဘိုပင်လျှင် အတောင်ပံခတ်ခြင်းကို ရပ်ပြီး သူတို့ကို ကြည့်နေမိသည်။
တားမြစ်မှော်အတတ်လောက် အစွမ်းထက်သော ကောင်းကင်မိုးကြိုးကို မှော်ဒိုင်းတစ်ခုတည်းဖြင့် တားဆီးနိုင်ခဲ့ခြင်းမှာ အမှန်တကယ် အံ့ဖွယ်နိမိတ်ပင်။
"စီနီယာလန်... ကျွန်တော်တို့ ဂျင်ဆင်းကို ဆက်ပြီး လုဖို့ လိုသေးလား"
မှော်ဆရာတစ်ဦးက မေးလိုက်သည်။
"မလိုတော့ဘူး... သူတို့ကို ထားခဲ့လိုက်ရအောင်"
လန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ ယနေ့ သူမ မြင်တွေ့ခဲ့ရသည့် ဖြစ်ရပ်ကို ဆရာကြီးများထံ သေချာပေါက် ပြန်လည်တင်ပြရမည်ဖြစ်သည်။
မှော်ဒိုင်းလွှာအောက်ရှိ ယွင်ရှန်းနှင့် ယီပိုင်မင်းတို့ကို ကြည့်ကာ ချန်လျန်လျန်မှာမူ မနာလိုစိတ်ကြောင့် မျက်လုံးများမှ မီးထွက်မတတ် ဖြစ်နေသည်။
သူမသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ လော့ရှမြို့ဘက်သို့ ဒေါသတကြီး ပြေးထွက်သွားတော့သည်။
ယွင်ရှန်း... မင်း သိပ်ဝမ်းမသာနေနဲ့ဦး။ မင်း ယီပိုင်မင်းနဲ့ ဘယ်တော့မှ အတူရှိရမှာ မဟုတ်ဘူး။
သို့သော် ယွင်ရှန်းနှင့် ယီပိုင်မင်းတို့မှာမူ ဘာကိုမျှ သတိမထားမိကြပေ။ သူတို့၏ မျက်ဝန်းထဲတွင် တစ်ဦးကိုတစ်ဦးသာ မြင်နေကြတော့သည်။
"မင်း... ရူးနေတာပဲ သေသွားနိုင်တယ်ဆိုတာ သိလား"
ယွင်ရှန်းသည် ယီပိုင်မင်း၏ ရင်ခုန်သံကို အင်္ကျီစမှတစ်ဆင့် သူမ၏ နှလုံးသားအထိ ခံစားနေရသည်။ ထိုခံစားချက်ကြောင့် သူမ၏ ရင်ခုန်သံမှာလည်း မြန်ဆန်လာပြီး နားရွက်များမှာလည်း ပူထူးလာသည်။
ငါ ဖျားနေတာလား။
လုမင်လန်နှင့် တွဲခဲ့စဉ်ကပင် သူမ ဤကဲ့သို့ တစ်ခါမျှ မခံစားခဲ့ဖူးပေ။
"တိုက်ခိုက်မှုတွေရှိရင် ငါ မင်းအတွက် ကာကွယ်ပေးမယ်။ မတရားမှုတွေရှိရင် ငါ မင်းအတွက် ခံစားပေးမယ်။ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရင် ငါ မင်းအတွက် ပြန်
တိုက်ခိုက်ပေးမယ်။ ငါ့ရဲ့ အစေခံဆိုတဲ့ ဂုဏ်ပုဒ်က အလကားမဟုတ်ဘူး"
ယီပိုင်မင်းက သူ၏ မြေခွေးမျက်လုံးများကို မှေးစင်းကာ ပြောလိုက်သည်။
ယွင်ရှန်း၏ ဒေါသတကြီး ကြောင်မလေးကဲ့သို့ အမူအရာကို ယီပိုင်မင်း အလွန်ပင် သဘောကျနေမိသည်။
"ကြောင်မလေး... ဒါကို မင်း မှတ်မိသေးလား"
ယီပိုင်မင်းသည် သူ၏ ရင်ခွင်ထဲမှ အရာတစ်ခုကို ထုတ်ယူကာ ယွင်ရှန်း၏ လက်ဝါးပေါ်သို့ တင်ပေးလိုက်သည်။
ယွင်ရှန်း သေချာကြည့်လိုက်သောအခါ ၎င်းမှာ ဟောင်းနွမ်းနေသည့် သစ်သားပြားလေးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ယီပိုင်မင်းမှာ တစ်ခုခု ထူးဆန်းတဲ့ ဝါသနာများ ရှိနေတာလား။
သူကဲ့သို့ ဩဇာတိက္ကမကြီးမားသည့် မင်းသားတစ်ပါးအနေဖြင့် ကျောက်စိမ်း သို့မဟုတ် အဖိုးတန် ကျောက်မျက်ရတနာများကို ဆောင်ထားရမည့်အစား ဘာလို့ သစ်သားပြားအစုတ်လေးကို ဆောင်ထားရတာလဲ။
ဤသစ်သားပြားလေးမှာ ယခင်က ချန်ပိုင်တို့ကဲ့သို့ လူများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရဖူးသော်လည်း ယီပိုင်မင်းကမူ မည်သည့်အတွက်ကြောင့် ဆောင်ထားသည်ကို တစ်ခါမျှ ရှင်းမပြခဲ့ပေ။ သူသည် ၎င်းကို အမြဲတမ်း ကိုယ်နှင့်မကွာ ဆောင်ထားပြီး အလွန်တန်ဖိုးထား မြတ်နိုးလေသည်။
ယွင်ရှန်းသည် ထိုသစ်သားပြားလေးကို ဟိုဘက်ဒီဘက် လှန်လှောကြည့်ရင်း ခဏအကြာတွင် အလွန်ရင်းနှီးသော ခံစားချက်တစ်ခု ရရှိလာသည်။ သေချာစစ်ဆေးကြည့်လိုက်သောအခါ ၎င်းမှာ ငှက်ပျောဖက်ရွာရှိ သူမ အိပ်ခဲ့သော ခုတင်မှ သစ်သားပြားလေး ဖြစ်နေသည်။
သစ်သားပြား၏ အလယ်ဗဟိုတွင် ကောက်ကောက်ကွေးကွေး စာလုံးအချို့ကို ထွင်းထုထားသည်။ ထိုစာလုံးများကို ယွင်ရှန်း မှတ်မိသည်။
၎င်းမှာ ယီပိုင်မင်းအား မျက်ကြည်လွှာ အစားထိုးကုသမှု ပေးပြီးနောက် သူမ ရွာမှ အလျင်အမြန် ထွက်ခွာသွားစဉ်က ယီပိုင်မင်း၏ ဘေးတွင် အမှတ်တရ ချန်ထားခဲ့သော စာလုံးများပင်။
မထင်မှတ်ထားသည်မှာ ယီပိုင်မင်းသည် ထိုသစ်သားပြားလေးကို တစ်ချိန်လုံး ဆောင်ထားခဲ့ခြင်းပင်။ သစ်သားပြားလေးမှာ မကြီးလှသော်လည်း ထင်ထင်ရှားရှား ဖတ်၍ရသော စာလုံးနှစ်လုံးမှာ "ပြန်ဆုံကြစို့" ဟူ၍ ဖြစ်သည်။
ယွင်ရှန်း အမှတ်ရနေသည်မှာ ထိုစဉ်က သူမသည် ယီပိုင်မင်းအပေါ် မည်သည့် ထူးခြားသော ခံစားချက်မျှ မရှိခဲ့ပေ။
ခွဲစိတ်မှု ပြီးဆုံးသွားချိန်တွင် ဤဒုက္ခခဲကြီးကို အမြန်ဆုံး လက်စသတ်ပြီး ထွက်ပြေးချင်နေခဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် သူမ ရေးခဲ့သော စာလုံးအစစ်အမှန်မှာ "ဘယ်တော့မှ ပြန်မဆုံကြစို့နဲ့" ဟူ၍ ဖြစ်သည်။
သို့သော် ယီပိုင်မင်းသည် ဘယ်တော့မှဆိုသည့် စာလုံးကို သေချာစွာ ခြစ်ပစ်ခဲ့ခြင်း ဖြစ်သည်။
ယွင်ရှန်း၏ နှာခေါင်းထဲတွင် စူးရှရှနှင့် ခါးသက်သက် ခံစားချက်တစ်ခု တဖြည်းဖြည်း ပျံ့နှံ့လာသည်။
သူမသည် ထိုသစ်သားပြားလေးကို ခဏမျှ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
ကောင်းကင်ယံမှ ခရမ်းရောင် လျှပ်စီးတန်းကြီး ကျဆင်းလာစဉ်က ယီပိုင်မင်းသည် သူမကို တုံ့ဆိုင်းခြင်းမရှိဘဲ ဖက်ထားကာ သူ၏ ကျယ်ပြန့်သော ကျောပြင်ကြီးဖြင့် မိုးကြိုးဒဏ်ကို ခံယူခဲ့သည်ကို သူမ ပြန်လည် မြင်ယောင်လာသည်။
ထိုအချိန်တွင် ယီပိုင်မင်း၏ အသားများ လောင်ကျွမ်းသွားသည့် ရနံ့ကို သူမ ရရှိခဲ့သော်လည်း သူ၏ မျက်နှာပေးမှာမူ ဘာမျှမဖြစ်သကဲ့သို့ တည်ငြိမ်နေခဲ့သည်။
ယီပိုင်မင်းသည် သူ့ကိုယ်သူ ထုတ်ဖော်ပြောဆိုရာတွင် ကျွမ်းကျင်သူမဟုတ်သော်လည်း လုပ်ရပ်များဖြင့် သူ၏နှလုံးသားကို သက်သေပြရာတွင်မူ အလွန်ပင် ထူးချွန်သူဖြစ်သည်။
ယွင်ရှန်း၏ နှလုံးသားထဲတွင် ခံစားချက်လှိုင်းလုံးများ ရိုက်ခတ်နေစဉ် သူမသည် သစ်သားပြားလေးကို ပြန်ချလိုက်ပြီး ယီပိုင်မင်းကို စိုက်ကြည့်လိုက်သည်။
သူမနှင့် စတင်တွေ့ဆုံခဲ့စဉ်ကတည်းက ဤမြေခွေးလေးမှာ ကောင်းသောကိစ္စများနှင့် မကြုံတွေ့ခဲ့ရသလိုပင်။
သို့သော် သူမ၏နှလုံးသားမှာ လုမင်လန်ပင် မပေးစွမ်းနိုင်ခဲ့သော ရင်ခုန်သံမျိုးဖြင့် ဘာလို့ တုန်လှုပ်နေရတာလဲ။
လုမင်လန်နှင့် လမ်းခွဲခဲ့စဉ်က ယွင်ရှန်း၏ နာကျင်မှုမှာ သူမ၏ နှစ်ပေါင်းများစွာ စစ်မှန်သော ကြိုးစားအားထုတ်မှုများ တန်ဖိုးမရှိဖြစ်သွားခြင်းအပေါ် ပို၍ နာကျင်ခဲ့ခြင်းဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် ယီပိုင်မင်း၏ ကြိုးစားမှုကရော တန်ဖိုးရှိနိုင်လား။
ဖြစ်နိုင်သည်မှာ သူသည် ထိုမေးခွန်းကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ပေ။ သူအလိုရှိသည်မှာ သူမကို ကာကွယ်ရန်သာ ဖြစ်သည်။
သူမနှင့် တွေ့တိုင်း သူမက သူ့ကို ကောင်းကောင်းမွန်မွန် တစ်ခါမျှ မဆက်ဆံခဲ့သော်လည်း သူသည် သူမ၏ အစေခံဖြစ်ရန် စိတ်လိုလက်ရ ရှိနေခဲ့သည်။
ယွင်ရှန်းသည် သူ၏အင်္ကျီများကို ချွတ်လိုက်သောအခါ ကျောပြင်ပေါ်ရှိ ကြည့်မကောင်းအောင် လောင်ကျွမ်းနေသော ဒဏ်ရာများကို မြင်လိုက်ရသဖြင့် သူမ၏ လက်အစုံမှာ အနည်းငယ် တုန်ယင်သွားပြီး ရင်ထဲမှာလည်း ဆစ်ခနဲ နာကျင်သွားရသည်။
သူမ သတိမထားမိဘဲ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့သည်။
"ကြောင်မလေး... မင်း ငိုနေတာလား"
ယီပိုင်မင်း၏ အသံမှာ အားနည်းနေသည်။ သူတို့၏ ပေါင်းစပ်မှော်အတတ်က ကောင်းကင်မိုးကြိုးဒဏ်ကို အများအပြား လွှဲဖယ်ပေးနိုင်ခဲ့သော်လည်း ကျန်ရှိနေသော စွမ်းအားများမှာ လူသားဒိုင်းအဖြစ် ခံယူခဲ့သည့် ယီပိုင်မင်းအပေါ်တွင် သက်ရောက်နေဆဲပင်။
ယွင်ရှန်းသည် မျက်ဝန်းထောင့်ကို သုတ်လိုက်သောအခါ ပါးပြင်ပေါ်တွင် စိုစွတ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ မျက်ရည်လား ချွေးလား သူမကိုယ်တိုင်ပင် မဝေခွဲနိုင်တော့ပေ။
ယီပိုင်မင်းမှာ သွေးသားခန္ဓာကိုယ်သာ ဖြစ်ရာ ယခုကဲ့သို့ အသက်ရှင်ကျန်ရစ်ခြင်းမှာပင် အလွန် ကံကောင်းလှပြီဖြစ်သည်။
"မင်း ရူးနေတာလား အဲ့ဒါ ကောင်းကင်မိုးကြိုးလေ"
ယွင်ရှန်းသည် စိတ်တိုတိုဖြင့် ယီပိုင်မင်း၏ ခန္ဓာကိုယ်ပေါ်သို့ သွေးတိတ်ဆေးများကို လိမ်းပေးလိုက်သည်။
"မင်းကသာ ရူးနေတာ ယန်ချန်းလန်ရဲ့ လက်အတွက်နဲ့ မင်းရဲ့ အသက်ကိုတောင် ဂရုမစိုက်ဘူးလား"
ယီပိုင်မင်းကလည်း ဒေါသတကြီး ပြန်ပြောလိုက်သည်။ ကောင်းကင်ဘုံကသာ သိပေလိမ့်မည်... ယွင်ရှန်း မိုးကြိုးအပစ်ခံရတော့မည်ကို မြင်လိုက်ရသည့် ခဏတွင် သူသည် စဉ်းစားဆင်ခြင်နိုင်စွမ်း လုံးဝ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် ယွင်ရှန်း၏ မျက်နှာမှာ ခက်ထန်သွားပြီး သူမက ပြတ်ပြတ်သားသား ဆိုလိုက်
သည်။
"ငါ့ရဲ့ အစေခံ ဖြစ်တယ်ဆိုရင် မင်းက ငါ့အပိုင်ပဲ။ အခုကစပြီး မင်းမှာ တခြားသူတွေကို အနိုင်ကျင့်ဖို့ တိုက်ခိုက်ဖို့ တခြားသူတွေ နာကျင်အောင် လုပ်ဖို့ပဲ အခွင့်အရေးရှိတယ်။ နောက်တစ်ခါ ဘယ်တော့မှ ဒဏ်ရာမရစေနဲ့"
"ဟင် မင်း... မင်းက ငါ့ကို အစေခံအဖြစ် အသိအမှတ်ပြုလိုက်တာလား"
ယီပိုင်မင်းမှာ ချက်ချင်းပင် တုံ့ပြန်ရန် အနည်းငယ် နှေးကွေးနေခဲ့သည်။ ဤတိုက်ကြီးပေါ်တွင် သူတစ်ဦးတည်းသာ အစေခံဖြစ်ခွင့်ရရန် ဤမျှ ကြိုးစားအားထုတ်နေရခြင်း ဖြစ်ပေလိမ့်မည်။
အမြဲတမ်း ပါးနပ်လှသော ယီပိုင်မင်းမှာ ကြောင်တောင်တောင် ဖြစ်နေသည်ကို မြင်သောအခါ ယွင်ရှန်း၏ မျက်ဝန်းထဲတွင် နောက်ပြောင်လိုစိတ်များ ပေါ်လာပြီး သူမသည် ရုတ်တရက် ခြေဖျားလေးထောက်ကာ ယီပိုင်မင်း၏ ပါးပြင်ကို ခပ်ဖွဖွလေး နမ်းလိုက်တော့သည်။