နတ်ဘုရားချီးမြှင့်ခြင်းလူမျိုးစု
Vol. 47 Ch. 649
လက်ရှိတွင် ကျန်းရီက အပြစ်သားကျွန်း၏ ပင်လယ်ဒေသနားတွင် အမှန်တကယ် ရှိနေလေ၏။ သွေးညအကြောက်တရား ပင်လယ်ထဲတွင် တစ်နာရီကျော် ပြန်လည်ကုစားပြီးနောက် သူက ချက်ချင်းပင် သွေးညအကြောက်တရား ပင်လယ်၏ အရှေ့ခြမ်းတွင် တည်ရှိသော ကောင်းကင်နဂါး နယ်မြေသို့ရောက်ရန် မိုင်သန်းနှစ်ဆယ်ကျော် ကျော်ဖြတ်ဖို့ရာ ကောင်းကင်ရှောင်တိမ်းခြင်းကို ချက်ချင်းသုံးလိုက်သည်။
ကျန်းရီက အတော်ကံကောင်းပြီး သူက တောအုပ်ထဲတွင် ပေါ်လာတာဖြစ်သည်။ ဧရိယာတစ်ဝိုက် စစ်ဆေးပြီးနောက် ဧကရီနန်းတော်ကို ထုတ်လိုက်ကာ အထဲသို့ဝင်ပြီး ဆက်လက်ကုစား၏။
ဧကရီနန်းတော်ကို အလွယ်တကူ ရှာတွေ့နိုင်၏။ သို့သော် ဧကရီနန်းတော်၏ ခုခံမှုကို သာမာန် သိုင်းပညာရှင်များက မည်ကဲ့သို့ ဖြိုခွင်းနိုင်မည်နည်း။ သူတို့က ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များကိုခေါ်ရန် သတင်းပို့သည့်အချိန်၌ ကျန်းရီ၏ ဒဏ်ရာများက ပျောက်ကင်းလုနီးပါး ဖြစ်သွားပြီဖြစ်သည်။ သူကတိုက်ပွဲ မစတင်ခဲ့ဘဲ ဧကရီနန်းတော်ကို သိမ်းလျက် လေဟာနယ်ကို စုတ်ဖြဲလိုက်တော့သည်။ ယခုအခေါက်တွင် အဆုံးမဲ့ နက်ရှိုင်းခြင်းပင်လယ်၏ နယ်စပ်ဆီသို့ ချက်ချင်းဝင်ရောက်သွားတော့သည်။ ထိုနည်းတူ ကျန်းရီက အနီးအနား၌ အစွမ်းထက်သော ပင်လယ်နတ်ဆိုးများ မရှိကြောင်း အတည်ပြုပြီးသည့်အခါ ကင်းထောက်ရန်အတွက် ရွှေရောင်မျောလွင့်နဂါးကို ထုတ်ပြီးနောက် သူသည် ပြန်လည်ကုစားဖို့ရာ ဧကရီနန်းတော်ထဲသို့ ဝင်လိုက်သည်။ ရွှေရောင်မျောလွင့်နဂါးက လမ်းကြောင်းကို သေချာစီစစ်ပြီးနောက် ကောင်းကင်ရှောင်တိမ်းခြင်းကို ထပ်မံအသုံးပြုလိုက်သည်။ သူ၏ခန္ဓာကိုယ်က တန်ပြန်သက်ရောက်မှုကို ခံနိုင်ရည် သိပ်မရှိသောကြောင့် ဝေးဝေးလံလံ မရွှေ့ပြောင်းရဲချေ။ အန္တရာယ် တွေ့လာပါက သူထွက်ပြေးရအုံးမည်။
ဤနည်းဖြင့် သူက ဆက်လက် ရွှေ့ပြောင်းပြီး အပြစ်သားကျွန်း၏ ဒေသနားသို့ ရောက်သွားသည်။
ထိုနေရာသို့ ရောက်သည့်အချိန်တွင် ကောင်းကင်ရှောင်တိမ်းခြင်းကို ဆက်လက် အသုံးမပြုရဲတော့ချေ။ လိုက်နေသည့်သူ မရှိကြောင်း အတည်ပြုရန် ကောင်းကင်သိမြင် နားလည်ခြင်းကို အသုံးပြုပြီးနောက် မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်ကာ အရှေ့အရပ်ဆီသို့ ပျံသန်းနေ၏။
ဤအခြေအနေတွင် လေဟာနယ် ရှေးလမ်းကြောင်းထဲမှ ရန်သူတစ်ဦး ပေါ်ထွက်လာခဲ့လျှင်သူက ချက်ချင်း ရှာတွေ့မည်ဖြစ်ကာ ကောင်းကင်ရှောင်တိမ်းခြင်းကို အသုံးပြုပြီး ထွက်ပြေးနိုင်မှာပဲဖြစ်သည်။ ယခင်က ဟင်းလင်းပြင်ဆူးထစ်သားရဲ၏ နယ်မြေတွင် သူသည် ရှီးမျိုးနွယ်စုကို ဤကဲ့သို့ ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်သည်။
အမှန်တကယ်တွင် ကျန်းရီက ပင်လယ်ဒေသနားသို့ ဝင်ရောက်သည့်အချိန်တွင် ဘာမှစိုးရိမ်ပူပန်စရာ မရှိတော့ပေ။ ကျန်းရှင်းကျားနှစ်ဦးက သူဤနေရာတွင် ရှိနေကြောင်း ရှာတွေ့သည့်အချိန်၌ မျိုးနွယ်စုနှစ်စုသည် သူတို့၏ တပ်ဖွဲ့များကို ရုတ်သိမ်းသွားသောကြောင့်လည်း ဖြစ်သည်။
အပြစ်သားကျွန်းက အပြစ်များဖြင့် ပြည့်နေသော ကျွန်းဖြစ်ပြီး ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုများက လာရောက်ဖို့ရာ အထင်သေးသည့် နေရာဖြစ်သည်။ မျိုးနွယ်စုစည်းမျဉ်းက သူတို့သည် အပြစ်သားကျွန်း၏ မိုင်တစ်သန်းအကွာနားသို့ မသွားရဟု ကြေညာချက်ထုတ်ထားသည်။ ထို့ကြောင့် ကျန်းရီသည် ဤခရီးစဉ် အတောအတွင်း အလွန်ဘေးကင်းနေ၏။ ထူးဆန်းသည့်အရာက အစွမ်းထက်သော ပင်လယ်နတ်ဆိုးများ မရှိတာပဲဖြစ်သည်။ အချို့သော အဆင့်သုံး အဆင့်နိမ့်သည့် ပင်လယ်နတ်ဆိုးများသာရှိသည်။
အပြစ်သားကျွန်းက ကျွန်းတစ်ခုထဲ မဟုတ်ပေ။ ဤနေရာ၌ ကျွန်းပေါင်းများစွာရှိပြီး ကျွန်းတစ်ရာကျော် ရှိပေ၏။
ဤနေရာရှိ ကျွန်းများက အလွန်ထူးဆန်းသည်။ ကျွန်းတစ်ဒါဇင်ခန့်က စုဝေးနေလျက် မြွေကိုးကောင်၏ ပုံသဏ္ဌာန်ဖြင့် ကျွန်းများကို ဖွဲ့တည်ထားသည့် မြွေခေါင်း၏ ခေါင်းပိုင်းက ဗြုတ်စဗျင်းတောင်း ဖြစ်နေကာ အလယ်တွင် ဧရာမကျွန်းတစ်ခု ဖွဲ့တည်နေပြီး ၎င်းပုံသဏ္ဌာန်က နဂါးကိုးကောင်က ပုလဲကို ရရန်ကြိုးစားနေသည့် ပုံပန်းသဏ္ဌာန်နှင့် ဆင်တူသည်။
ဤနေရာရှိ မြေမျက်နှာသွင်ပြင်က သာမာန် မြေမျက်နှာသွင်ပြင်မဟုတ်ပေ။ လက်တွေ့တွင် အမှန်တကယ်တွင် အပြစ်သားကျွန်းက ထိုမြေပြင်အနေအထားကြောင့် ယခုအချိန်ထိ တည်ရှိနေနိုင်တာပဲဖြစ်သည်။ မျိုးနွယ်စုသုံးစုသည် ဤနေရာသို့ စေလွှတ်ခံခဲ့ရစဉ်က သူတို့သည် ပျောက်ကွယ်သွားလုနီးပါး ဖြစ်ခဲ့သည်။ နောက်ဆုံးရှင်သန်ခဲ့သည့် မျိုးနွယ်စုထဲ၌ ချွင်းချက်မရှိ ပါရမီရှင် ပေါ်လာပြီး တမူထူးခြားသော အစီအရင်ကို ကျွန်းများပေါ်၌ ချမှတ်ခဲ့၏။
နဂါးကိုးကောင် နတ်ဘုရား ချုပ်ငြိမ်းခြင်း အစီအရင်
ဤမဟာအစီအရင်သည် မျိုးနွယ်စု (၁၃)စုကို ပင်လယ်နတ်ဆိုးများ၏ တိုက်ခိုက်မှု လှိုင်းများမှ ခံနိုင်ရည်ရှိအောင် ကူညီပေးပြီး နောက်ဆုံးတွင် နတ်ဆိုးမျိုးနွယ်စု၏ အဆုံးမဲ့ နက်ရှိုင်းခြင်းပင်လယ်နှင့် သဘောတူညီချက်တစ်ခု ပြုလုပ်နိုင်ခဲ့ပြီး သူတို့အတွက် နှစ်ဦးနှစ်ဖက် အတိုက်အခိုက် ရပ်ဆဲခဲ့ကြသည်။ နတ်ဆိုးမျိုးနွယ်စုသည် ဤသဘောတူညီချက်ကို လက်ခံရန် လိုလားခဲ့၏။ အကြောင်းမှာ မျိုးနွယ်စု(၁၃)စုနှင့် နတ်ဆိုးမျိုးနွယ်စုတွင် ဘုံရန်သူ ဆန်းကြယ်ဧကရာဇ်ရှိ၏။ ထိုစဉ်က နတ်ဆိုးမျိုးနွယ်စုသည် လူသားမျိုးနွယ်စု၏ ဆိုးဆိုးဝါးဝါး သတ်ဖြတ်မှုကို ခံခဲ့ရပြီး ဆန်းကြယ်ဧကရာဇ်က ဦးဆောင်ခဲ့တာပဲဖြစ်သည်။ မဟာနတ်ဆိုးများစွာက အရှေ့ပိုင်း တော်ဝင်နယ်မြေ ပြင်ပသို့ မောင်းထုတ်ခံခဲ့ရပြီး အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်ထဲသို့ရောက်အောင် ဖိအားပေး ခံခဲ့ရသည်။
သူတို့၌ ဘုံရန်သူ ရှိနေခဲ့လျှင် မိတ်ဆွေများဖြစ်သည်ဟု ဆိုလိုတာပဲဖြစ်သည်။ မျိုးနွယ်စု(၁၃)စုနှင့် အဆုံးမဲ့ နက်ရှိုင်းခြင်း ပင်လယ်အတွင်းရှိ နတ်ဆိုးမျိုးနွယ်စုက သဘောတူညီချက်တစ်ခု ပြုလုပ်ထား၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် နှစ်ဦးနှစ်ဖက် တိုက်ခိုက်ခွင့်ရှိ၏။ သို့သော် အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ လူသားတပ်ဖွဲ့များက သူတို့ထဲမှ တစ်ယောက်ကို တိုက်ခိုက်သည်နှင့် သူတို့က ကူညီပေးကြမှာပဲဖြစ်သည်။ ထိုအကြောင်းအရင်းကြောင့် ဧကရာဇ်ကိုးပါး မျိုးနွယ်စုသည် အပြစ်သားကျွန်းကို မရှင်းထုတ်နိုင်ခဲ့တာပဲဖြစ်၏။
ကျန်းရီက ထိုအရာများကို မသိပေ။ ထို့ကြောင့်သူက ခရီးဆက်နေတော့သည်။ ပင်လယ်ဒေသနား၌ နတ်ဆိုးဘုရင်တစ်ပါးမှမရှိကြောင်း သဘောပေါက်သွားသည့် အချိန်၌ အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။
ကျန်းရီက ပျံသန်းသည့်အရှိန်က မမြန်ဆန်ပေ။ သူက ပင်လယ်မျက်နှာပြင်နှင့် နီးကပ်စွာ ပျံသန်းနေတာပဲဖြစ်ပြီး သူ၏မီးတိမ်သံချပ်ကာကို ခန္ဓာကိုယ်အတွင်း ဝှက်ထားလေ၏။ သူက ဒုတိယအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့် တူနေသည်။
အပြစ်သားကျွန်းသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူက ထောင်ထောင်လွှားလွှား မနေရဲချေ။ ရီချန်းပြောတာ မှန်ပေ၏။ အပြင်လောကတွင် လွန်ကဲစွာ ပြုမူနေခဲ့ပါက လျှင်မြန်စွာ ပျောက်ကွယ်သွားပေမည်။ ယခုအချိန်တွင် အပြစ်သားကျွန်းက သူ့အတွက် တစ်ခုတည်းသော ဘေးကင်းရာနေရာ ဖြစ်နေ၏။ ရှေးဦးစွာ သူ့ကိုယ်သူ အခြေခိုင်အောင် လုပ်ပြီးမှ နောက်ထပ် အစီအစဉ်များကို ပြုလုပ်ရပေမည်။
“အမ် ဒီမှာမြူတွေ”
နောက်ထပ် မိုင်တစ်ထောင်ခန့် ခရီးဆက်လာပြီးနောက် ပင်လယ်ထက်၌ သိပ်သည်းသောမြူ ပေါ်လာလေ၏။ ယင်းက ကောင်းကင်နှင့် ပင်လယ်ရေ မျက်နှာပြင်ကို အဖြူလွှာများအဖြစ် ပြောင်းလဲသွားစေပြီး အမြင်အာရုံကို အလွန်လျော့နည်းသွားစေ၏။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည့် အချိန်တွင် ဘာမှမမြင်ရသောအခါ သူအနည်းငယ် အံ့သြသွားသည်။
“ဒီအဖြူရောင်မြူတွေက အစီအရင်တချို့နဲ့ လုပ်ထားတာပဲ ဖြစ်ရမယ်။ ငါအပြစ်သားကျွန်းကို ရောက်ခါနီးပြီလား”
ကျန်းရီက စဉ်းစားပြီးနောက် တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ရှေ့ဆက်ပျံသန်းသွားသည်။ သူဤနေရာသို့ ရောက်နေပြီ ဖြစ်သောကြောင့် နောက်ထပ်နည်းလမ်း မရှိတော့ပေ။ အပြစ်သားကျွန်းကိုဝင်ပြီး ကျွန်းပေါ်၌ သူ့ကိုယ်သူ တည်ဆောက်ရန်က တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေသည်။
ဝှစ်
သူအဖြူရောင်မြူထဲ ဝင်ရောက်သည့်အချိန်၌ လေဟာနယ် နယ်မြေက အနည်းငယ် တုန်လှုပ်သွားသည်ဟု ခံစားမိလိုက်သည်။ ချက်ချင်းပင် အစွမ်းထက်သော စွမ်းအင်က လွှမ်းခြုံသွားပြီး သူလေထဲမှ ပျောက်ကွယ်သွားတော့သည်။
“ပို့ဆောင်ရေး အစီအရင်”
အဖြူရောင်အလင်း ဖျတ်ခနဲ ပေါ်လာတာကို ခံစားလိုက်ရပြီး သူကကျွန်းလေးတစ်ကျွန်းပေါ်၌ ပေါ်လာ၏။ ကျွန်းကအလွန်သေးငယ်ပြီး တစ်ချက်ကြည့်ရုံဖြင့် ပတ်ဝန်းကျင် ပင်လယ်ဒေသကို မြင်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။ ယင်းက ဆယ်မိုင်ခန့် ကျယ်ဝန်းပြီး စိမ်းစိုနေသော အခင်းများဖြင့် ပြည့်နေလေရာ အင်မတန် လှပသည့် မြင်ကွင်းမျိုး ဖြစ်စေသည်။
သူက မြင်ကွင်းကိုကြည့်ရန် စိတ်မပါပေ။ သူ၏အကြည့်က ရှေ့ရှိအနက်ရောင် ရဲတိုက်ဆီသာ ရောက်နေလေသည်။ အစွမ်းထက်သော အရှိန်အဝါက ရဲတိုက်အတွင်း ရှိနေတာ ခံစားမိပြီး အနည်းဆုံး ကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်ရှိမည်။
ပို့ဆောင်ရေး အစီအရင်က ရင်ပြင်ပေါ်ရှိ ထုံးကျောက်တစ်ခုဖြစ်သည်။ ဝန်းရံနေသည့် အရာမရှိပေ။ ရှီးဖေး၌ ရဲတိုက်လေးတစ်ခုသာရှိပြီး နောက်ထပ် ဘာဖြစ်မည်မှန်း မသေချာပေ။ သူကအလိုလိုပင် နိုးနိုးကြားကြား ရှိလာပြီး အချိန်မရွေး တိုက်ခိုက်ရန် သို့မဟုတ် ထွက်ပြေးရန် အသင့်ပြင်ထား၏။
ရှပ် ရှပ် ရှပ်
ရဲတိုက်အတွင်း၌ ခြေသံအချို့ ပဲ့တင်သံ ထွက်လာလေ၏။ အဖြူရောင် သံချပ်ကာကို ဝတ်ဆင်ထားသည့် သိုင်းပညာရှင်ငါးဦးက ရဲတိုက်ထဲမှ တိတ်တိတ်ဆိတ်ဆိတ် လျှောက်လာသည်။ ထိုအဖြူရောင်သံချပ်ကာများက လှပလွန်းပြီး ထူးကဲသော ပန်းပွင့်ပုံစံများ ရှိနေလေရာ မျိုးနွယ်စုတစ်စု၏ ထူးခြားသော သံချပ်ကာတစ်မျိုး ဖြစ်ရမည်။
ငါးယောက်ထဲမှ လေးယောက်က တိတ်တိတ်ဆိတ်ဆိတ် ရှိနေပြီး အနည်းငယ် အသက်ကြီးပုံပေါ်ပြီး ကောင်းကင်ဧကရာဇ် အဆင့်မြင့်အဆင့်၌ ရှိသောသိုင်းပညာရှင်က ထူးမခြားနား ပြောလိုက်၏။
“လူငယ်လေး ရှန်းစီ(နတ်ဘုရားချီးမြှင့်ခြင်း)မျိုးနွယ်စုက ကြိုဆိုပါတယ်။ မင်းက မျိုးနွယ်စုကို ဝင်ချင်တယ်ဆိုရင် လူတစ်ယောက်အတွက် ကောင်းကင်ဘုံကျောက်တုံး နှစ်ထောင်ပေးရမယ် ဒါမှမဟုတ် တစ်နှစ် အလုပ်လုပ်ပေးရမယ်။ မျိုးနွယ်စုထဲ မဝင်ချင်ဘူးဆိုရင် ကျွန်းကနေ ထွက်သွားလို့ရတယ်။ မင်းအလိုအလျောက် အပြင်ကို ပို့ဆောင်ခံရမယ်”
“ရှန်းစီမျိုးနွယ်စု”
ကျန်းရီက နဝေတိမ်တောင်ဖြင့် မျက်တောင်ခတ်ကာ မေးလိုက်တော့သည်။
“ဒါကအပြစ်သားကျွန်း မဟုတ်ဘူးလား။ အခုဘာကြောင့် ရှန်းစီမျိုးနွယ်စု ဖြစ်နေရတာလဲ”
“ဟမ့်”
အကြီးအကဲဘေးရှိ လူရွယ်က နှာမှုတ်ကာ ကျန်းရီကို မရေမရာအကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဟေ့ မောင်ရင် အပြစ်သားကျွန်းဆိုတာ အရှေ့ပိုင်း တော်ဝင်နယ်မြေက ငါတို့ကို စော်ကားပြောဆိုပြီး ပေးထားတဲ့ နာမည်ပဲ။ ဒီစကားနှစ်ခွန်းကို ထပ်ပြောရဲမယ်ဆိုရင် အသက်အညှာမရှိ အသတ်ခံရမယ် မှတ်ထား ဒီနေရာက နတ်ဘုရားချီးမြင့် မျိုးနွယ်စု... ရှန်းစီလို့ခေါ်တယ်။ နတ်ဘုရားတွေ ချီးမြင့်ထားတဲ့ မြေအစစ်ပဲ”
“အော် ဒီလူက အဲ့ဒီအကြောင်း မသိလို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ကျန်းရီက သူ၏အမှားကို သဘောပေါက်သွားပြီး မြန်မြန်ဆန်ဆန် လက်နှစ်ဖက်ဖြင့် တောင်းပန်လိုက်လေ၏။ သူက ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲမှ ကောင်းကင်ဘုံ ကျောက်တုံးနှစ်ထောင်ကို ထုတ်နေစဉ် ရင်နာလာပြီး အကြီးအကဲအား ပေးလိုက်၏။ အကြီးအကဲက ခေါင်းခါပြီးနောက် ပြောလိုက်သည်။
“နှစ်ထောင်မရဘူး။ ကောင်းကင်ဘုံကျောက်တုံး သောင်းရှစ်ထောင် မင်းမှာ လေဟာနယ် အသုံးအဆောင် ရှိတယ်မလား။ မင်းမှာစုစုပေါင်း လူသား(၇)ယောက်နဲ့ နတ်ဆိုး(၂)ကောင်ရှိတယ်။ ဒီတော့စုစုပေါင်း ကောင်းကင်ဘုံကျောက်တုံး သောင်းရှစ်ထောင်ဖြစ်မယ်။ သားရဲလေးနှစ်ကောင်အတွက်တော့ ငါတို့မျိုးနွယ်စု စည်းမျဉ်းအရ ကောင်းကင်ဘုံကျောက်တုံး မယူတော့ဘူး”
“ဟမ်”
ကျန်းရီ၏ စိတ်ဝိညာဉ်က လှုပ်ခါသွား၏။ အပြစ်သားကျွန်းပေါ်ရှိ လူများသည် ဧကရီနန်းတော် အတွင်းရှိ လူအရေအတွက်ကို ရှာနိုင်လောက်သည်အထိ အစွမ်းထက်သည့် အရည်အချင်း ရှိနေသည်လော။ သူတို့က ရှောင်ဖေးနှင့် ကျို့ဝူသားရဲတို့ကိုတောင် အလွယ်တကူ အာရုံခံနိုင်သည်လော။
“ကောင်းကင်ဘုံကျောက်တုံး ၁၈၀၀၀”
ကျန်းရီက ခါးသက်သွား၏။ မည်သည့်နေရာကနေ ကောင်းကင်ဘုံ ကျောက်တုံးများကို သွားရှာရမည်နည်း။ ရှားရီမြို့မှ နတ်ဘုရားသွေးကြောကို တူးဖော်ပြီးနောက် ကောင်းကင်ဘုံကျောက်တုံး တစ်ထောင်ကျော် ရလာခဲ့၏။ အားလုံးနီးပါးကို သုံးခဲ့ပြီး စုလော့ရွှယ်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသွားနယ်ပယ် သိုင်းပညာရှင်တစ်သုတ်ကို ပျိုးထောင်ခဲ့သည်။ ဖုန်းလန်ကသူ့ကို အနည်းအကျဉ်း ပေးခဲ့သော်ငြား သူကချမ်ဝမ်ကွမ်းကို တစ်ထောင်ပေးခဲ့၏။ ယခုအချိန်တွင် ကျန်းရီ၌ ကောင်းကင်ဘုံကျောက်တုံး သုံးထောင်သာရှိ၏။ ကျန်းရီက ထပ်ပြီးမသုံးတော့ပေ။ သူ၏ခန္ဓာကိုယ်က ယခင်က ထိခိုက်ဖူး၏။ သူသုံးချင်လျှင်တောင် ထပ်မသန့်စင်နိုင်တော့ပေ။ သူမလုပ်ရဲတာဖြစ်၏။
ကောင်းကင်ဘုံကျောက်တုံး သုံးထောင်သည် လူတစ်ယောက်အတွက် လုံလောက်ရုံမျှရှိ၏။ လူတိုင်းက အလုပ်သမားများအဖြစ် ဝင်ရောက်ရပေမည်။ အပြစ်သားကျွန်းထဲရှိ အခြေအနေကို သူသိတောင်မသိချေ။ အလုပ်သမားဟူသည် ကျန်သည့်သူများအတွက် အစေခံ ဖြစ်နေလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။ သူတို့က တစ်စုံတစ်ယောက် အလွယ်တကူသတ်တာ ခံရမည်လော။ ကျန်းရီက ဘေးကြပ်နံကြပ် ဖြစ်နေလေ၏။
***