အခန်း (၂၆၁)
Vol. 26 Ch. 261
ယွင်ရှန်းသည် နောက်ထပ်တစ်လှမ်း တိုးကပ်သွားပြီး ယီပိုင်မင်း၏ ပါးပြင်ကို ရုတ်တရက် ပြွတ်ခနဲ မြည်အောင် နမ်းလိုက်ရာ သူမ၏ စိတ်ထဲတွင် ဆိုးသွမ်းသော ပျော်ရွှင်မှုတစ်ခုကို မခံစားဘဲ မနေနိုင်တော့ပေ။
ယီပိုင်မင်းမှာ ချက်ချင်းပင် မှင်တက်သွားတော့သည်။ သူ၏ ချောမောလှပသော မျက်နှာပြင်ပေါ်တွင် ရှက်သွေးဖြန်းကာ နီမြန်းလာတော့သည်။
ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် ချောမောသော အမျိုးသားတစ်ဦး၏ ပုံစံမှာ အမှန်တကယ်ပင် ကြည့်ကောင်းလှသည့် မြင်ကွင်းတစ်ခုပင်။
"အခုကစပြီး မင်းက ငါ့အပိုင် ယွင်ရှန်းရဲ့ လူပဲ။ အကယ်၍ မင်း ငါ့ကို သစ္စာဖောက်မယ့်နေ့ ရောက်လာခဲ့ရင် ငါ မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး"
ယွင်ရှန်းက ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်သည်။
သူမ၏ ယခင်ဘဝက လုမင်လန်၏ သစ္စာဖောက်မှုကြောင့် ယွင်ရှန်းသည် အခြားမည်သူ့ကိုမျှ ထပ်မံချစ်နိုင်တော့မည်မဟုတ်ဘူးဟု တစ်ကြိမ်က ထင်မှတ်ခဲ့ဖူးသည်။
သို့သော် ယီပိုင်မင်းနှင့်အတူ သေခြင်းရှင်ခြင်းကို အတူတူရင်ဆိုင်ပြီးနောက်တွင်မူ သေမင်းတံခါးဝမှ တစ်ခေါက်ပြန်လာခဲ့ရသလို ခံစားချက်မျိုးနှင့်အတူ သူမ၏ နှလုံးသားမှာ အနည်းငယ် ပြောင်းလဲသွားပြီဖြစ်ကြောင်း သူမ ခံစားလိုက်ရသည်။
ယီပိုင်မင်း၏ မျက်နှာမှာ နီရဲနေဆဲဖြစ်ပြီး ယွင်ရှန်းက သူ့ကို အောင်မြင်စွာ စနောက်နိုင်ခဲ့သဖြင့် အနိုင်ရရှိသူတစ်ဦး၏ အမူအရာကို ပြသနေတော့သည်။
ဂျင်ဆင်းကို သိမ်းဆည်းပြီးနောက် ယွင်ရှန်းသည် ယီပိုင်မင်း၏ ဒဏ်ရာများကို သေချာစွာ ထပ်မံစစ်ဆေးပေးလိုက်သည်။
"ချီယီကော... သူ ဘယ်ရောက်သွားတာလဲ"
ယွင်ရှန်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း ချီယီကို မတွေ့ရပေ။
"အား... နာလိုက်တာ ငါ လမ်းတောင် မလျှောက်နိုင်တော့ဘူး"
ချီယီ၏ အမည်ကို ကြားလိုက်ရသည်နှင့် ယီပိုင်မင်း၏ စိတ်ထဲတွင် မကျေနပ်မှုတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အလေးချိန် အများစုကို ယွင်ရှန်းအပေါ်သို့ တမင်သက်သက် မှီချလိုက်တော့သည်။
ထိုကောင်လေး ဘယ်တော့မှ ပေါ်မလာလျှင်ပင် သူက ပို၍ နှစ်သက်ဦးမည်ဖြစ်သည်။ ထိုကောင်လေးက သူ၏ ကြောင်မလေးအပေါ်တွင် စိတ်ဝင်စားမှုရှိနေသည်ကို သူ ကောင်းကောင်းရိပ်မိနေ၏။
ကြောင်မလေးနားကို ကပ်လာတဲ့သူမှန်သမျှ အရိပ်အယောင်လေး ပြတာနဲ့တင် ငါကိုယ်တိုင် လည်ပင်းညှစ်သတ်ပစ်မယ်။
နောက်ဆုံးတွင် သူမက သူ့ကို စတင်လက်ခံလိုက်ပြီဖြစ်ရာ သူ ပို၍ ကြိုးစားရပေဦးမည်။
"အရှက်မရှိလိုက်တာ"
ယွင်ရှန်းက ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း သူ့ကို တွန်းမဖယ်လိုက်ပေ။ ယီပိုင်မင်းမှာ အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် ထွားကျိုင်းသူဖြစ်ရာ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးသာ အထူးလေ့ကျင့်ထားခြင်း မရှိပါက သူ၏ အလေးချိန်အောက်တွင် ပြားသွားနိုင်လောက်သည်။
လူတစ်ယောက်သည် သူ၏ ခုခံကာကွယ်မှုများကို လျှော့ချလိုက်သည့်အခါ ထိုသူ၏ ခံစားချက်များမှာ အရှိန်အဟုန်ဖြင့် စီးဆင်းလာတတ်သည်။
ယီပိုင်မင်း၏ ပွင့်လင်းလှသော ခံစားချက်များက ပြင်ပတွင် အေးစက်သည်ဟု ထင်ရသော်လည်း အတွင်းစိတ်တွင် နက်ရှိုင်းလှသော ဤလူငယ်၏ စစ်မှန်သော နှလုံးသားကို သူမအား ပိုမိုအထင်အရှား မြင်တွေ့စေခဲ့သည်။
သူမကိုယ်တိုင်ပင် ဤလူငယ်ကို စတင်နှစ်သက်နေပြီလားဆိုသည်ကို သေချာမသိသေးပေ။ ၎င်းမှာ သံယောဇဉ်လား သို့မဟုတ် အကျင့်ဖြစ်နေခြင်းလား။ ဘယ်လိုပင်ဆိုစေ သူသည် ဝူကျိတိုက်ကြီးသို့ ရောက်ရှိလာပြီးနောက်ပိုင်း သူမ၏ ဘဝတွင် အဆက်အစပ် အများဆုံးရှိခဲ့သည့် သူပင်။
ငှက်ပျောဖက်ရွာတွင် စတင်တွေ့ဆုံခဲ့စဉ်ကလား သို့မဟုတ် အရက်ဆိုင်ထဲတွင် သူမအတွက် ယန်ပါးဟို၏ ရိုက်ချက်ကို သူက အစားခံပေးခဲ့သည့်နေ့ကလား။
ထားလိုက်ပါတော့...
ငါ သူ့အပေါ် အကြွေးတွေ တင်နေခဲ့တာ များနေပြီ။
သူမ၏ မှော်ဝိညာဉ်ပင်လျှင် ဤလူငယ်ထံမှ ရရှိခဲ့ခြင်းဖြစ်ရာ သူမဘက်က မတတ်သာဘဲ လက်ခံလိုက်ပြီး ထိုအကြွေးကို သူမ၏ ခန္ဓာကိုယ်ဖြင့်သာ ပြန်ဆပ်ရတော့မည်ဖြစ်သည်။
ယီပိုင်မင်းသည် ယွင်ရှန်းကို လှည့်ကြည့်လိုက်စဉ် သူ၏နှလုံးသားထဲတွင် တစ်ခါမျှ မခံစားဖူးသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
သူ၏ရှေ့မှ မိန်းကလေးမှာ ဆောင်းရာသီ၏ နွေးထွေးသော နေရောင်ခြည်ကဲ့သို့ တောက်ပနေသည်။ သူ၏ဘဝ အမှောင်မိုက်ဆုံး အချိန်ကာလတွင် သူမသည် မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူသည် ပြုံးလိုက်ပြီး သူ၏ သန်မာသော ခန္ဓာကိုယ်ကို ယွင်ရှန်း၏ ပုခုံးငယ်လေးပေါ်သို့ မှီချလိုက်ရာ သူတို့နှစ်ဦးကြားတွင် မမြင်ရသော နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားတော့သည်။
အချို့သောသူများသည် ဘေးနားတွင် ရှိနေပေးရုံ၊ စကားတစ်လုံးမျှ မပြောဘဲ တစ်ချက်မျှ မကြည့်မိလျှင်ပင် သင့်နှလုံးသားကို နွေးထွေးသွားစေနိုင်သည်မှာ အမှန်ပင်။
ယီပိုင်မင်းသည် ဤနွေးထွေးမှုထဲတွင် နစ်မျောနေစဉ်မှာပင် အခြေအနေနှင့် လုံးဝမအပ်စပ်သော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
"ဘိုဘို... ချောချောလေးနဲ့ ငါ့သခင်မလေးတို့ရေ... ဘိုဘို ကူညီပေးမယ်လေ"
ဘိုဘိုသည် မျက်လုံးထဲတွင် နှလုံးသားပုံရိပ်များဖြင့် ပျံသန်းလာတော့သည်။
ထိုအခါမှသာ ယွင်ရှန်းသည် တိုက်ခိုက်မှုများကို ခုခံရင်း အရေးပေါ်အခြေအနေတွင် ဘိုဘိုကို ဆင့်ခေါ်ခဲ့မိသည်ကို သတိရတော့သည်။
အမှန်တကယ်ပင် ဘိုဘို၏အစွမ်းကြောင့် အထူးအကျော်အမော်စခန်းမှ အစွမ်းထက်မှော်
ဆရာမ လန်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဘိုဘို၏ ဤမျှအချစ်ပိုနေသော အမူအရာကိုမြင်တော့ ယွင်ရှန်း အံ့ဩသွားရသည်။
ဘိုဘိုသည် လူသားများကို သိပ်ခင်တတ်သူမဟုတ်ပေ။
သူမမှလွဲ၍ အခြားသူများနှင့်တွေ့လျှင် ပေါင်တစ်ထောင် ဖိအားဖြင့်သာ နှုတ်ဆက်တတ်သည် မဟုတ်ပါလား။
သို့သော် ဘိုဘိုသည် ယီပိုင်မင်းကို သေချာပေါက် မှတ်မိနေသည်။ သူသည် ဒြပ်စင်ငါးပါးမှော်
ဝိညာဉ်ပိုင်ရှင် မျက်မမြင်ချောချောလေးဖြစ်ခဲ့ကာ နှစ်နှစ်အကြာမှာတော့ ထိုချောချောလေးမှာ ပို၍ပင် ခန့်ညားလာခဲ့ပြီဖြစ်သည်။
"ဒီဥကြီးလား"
ဘိုဘို ချဉ်းကပ်လာသည်ကို မြင်သည်နှင့် ယီပိုင်မင်းမှာ ချက်ချင်းပင် သတိထားလိုက်သည်။ သူသည်လည်း ယွင်ရှန်း၏ ဤထူးဆန်းသော ဆင့်ခေါ်သားရဲကို မှတ်မိနေသည်။
ပထမဆုံးအကြိမ် ပေါ်လာစဉ်ကပင် မှော်ဆရာကြီးယန်ကို အကြီးအကျယ် ဒဏ်ရာရစေခဲ့သလို ခုနကလည်း လန်ကို ဒုက္ခပေးခဲ့သည်မှာ ဤဥကြီးပင်။
"တရားဝင် မိတ်ဆက်ပေးပါရစေ ဒါက ငါ့ရဲ့ ဆင့်ခေါ်သားရဲ ဘိုဘို ပဲ။ သူက လူတွေရှေ့မှာ ထွက်ခဲတယ်။ အခုတော့ မင်းက ငါတို့လူဖြစ်သွားပြီဆိုတော့ နှစ်ယောက်သား တည့်တည့်နေကြပေါ့"
ယွင်ရှန်းက ဘိုဘိုကို တစ်ချက်ကြည့်လိုက်သည်။ ချောမောသော အမျိုးသားကိုမြင်၍ အတောင်ပံပင် ကောင်းကောင်းမခတ်နိုင်တော့သည့် ဘိုဘိုမှာ အမှန်တကယ်ပင် အရှက်မရှိ ချစ်စရာကောင်းသော ဥကြီးတစ်လုံးပင်။
ယွင်ရှန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဒြပ်စင်ငါးပါးမှော်ဝိညာဉ်မှာ ယီပိုင်မင်းထံမှ မူလစွမ်းအားကို ရရှိခဲ့ခြင်းဖြစ်ရာ ဘိုဘိုအနေဖြင့် ယီပိုင်မင်းအပေါ် မွေးရာပါ ခင်မင်တွယ်တာမှု ရှိနေခြင်းမှာ သဘာဝပင်။
"ချီယီက ငါ့ကိုရှာမတွေ့ရင် လော့ရှမြို့ကိုပဲ အရင်ပြန်သွားလောက်တယ်။ ငါတို့လည်း ပြန်ဖို့အချိန်တန်ပြီ။ ကျုံးရန်ကို ငါပေးထားတဲ့ အလုပ်ကို သူဘယ်လောက်အထိ အောင်အောင်မြင်
မြင် လုပ်ထားလဲဆိုတာ သွားကြည့်ရအောင်"
ယွင်ရှန်းက ပြောလိုက်သည်။ သူမသည် ကျုံးရန်၏ သရုပ်ဆောင်မှုရလဒ်ကို အလွန်သိချင်နေပြီဖြစ်သည်။
ယွင်ရှန်းနှင့် ယီပိုင်မင်းတို့ လော့ရှမြို့သို့ ပြန်ရောက်သောအခါတွင်မူ အလွန် ကြီးကျယ်သောသတင်းအချို့ကို ကြားလိုက်ရတော့သည်။
မဟာကျိုးနိုင်ငံ၏ အိမ်ရှေ့မင်းသား ယီပိုင်လျန်သည် ဆင့်ခေါ်ပညာရှင်တစ်ဦး၏ အမြင့်မှ ပစ်ချခြင်းကို ခံခဲ့ရပြီး ယခုအခါ သတိမေ့မြောလျက် မြို့စားစံအိမ်တွင် ရှိနေသည်ဟူသော သတင်းမှာ တစ်မြို့လုံးတွင် ပျံ့နှံ့နေသည်။ ထိုစဉ်က ဟောက်ချင်အိမ်ရှေ့မင်းသားကိုယ်တိုင် ထိုနေရာတွင် ရှိနေခဲ့သည်ဟုလည်း ပြောကြသည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ယီပိုင်မင်းမှာ အလွန်အံ့ဩသွားပြီး ဤဖြစ်ရပ်သည် ဟောက်ချင်အိမ်ရှေ့မင်းသားနှင့် ဘယ်လိုပတ်သက်နေတာလဲဟု တွေးတောနေမိသည်။
ယွင်ရှန်းကမူ အရာအားလုံးကို ရိပ်မိနေသော်လည်း တည်ငြိမ်သော မျက်နှာပေးကိုသာ ထိန်းထားလိုက်သည်။ မြို့ထဲသို့ ပြန်ရောက်သောအခါ ယွင်ရှန်းသည် ချီယီကို အမှန်တကယ်ပင် ပြန်တွေ့ခဲ့သည်။
ယီပိုင်မင်း မြို့စားစံအိမ်သို့ ရောက်ရှိသွားချိန်တွင် ခုတင်ပေါ်၌ လဲလျောင်းနေသော ယီပိုင်လျန်မှာ အသက်ရှူရုံမျှသာ ရှိတော့သည်ကို တွေ့လိုက်ရသည်။ မြို့စားစံအိမ်မှ ဆရာဝန်များ၏ စစ်ဆေးချက်အရ လူအများရှေ့တွင် အရှက်ခွဲခံရပြီး အမြင့်မှ ပစ်ချခံခဲ့ရသဖြင့် ယီပိုင်လျန်၏ ဒဏ်ရာများမှာ ပိုမိုဆိုးရွားသွားခဲ့သည်။ သူ၏မှော်ဝိညာဉ်သာမက ခန္ဓာကိုယ်အနှံ့မှ အရိုးများမှာလည်း နေရာအနှံ့ ကျိုးကြေနေပြီဖြစ်သည်။
"ကျွန်တော် တကယ်ပဲ စိတ်မကောင်းပါဘူး ပိုင်မင်းမင်းသား... ဟောက်ချင်နယ်မြေထဲမှာ အခုလိုဖြစ်ရပ်မျိုး ကြုံရတာကိုပေါ့။ အဲ့ဒီဆင့်ခေါ်ပညာရှင်ကို ဖမ်းဖို့ ကျွန်တော် လူလွှတ်ထားပြီးပါပြီ။ ကျွန်တော်သိသလောက်တော့ ဒါက ဖုန်လိုင်နိုင်ငံရဲ့ လက်ချက်ဖြစ်နိုင်ပါတယ်။ အဲ့ဒီဆင့်ခေါ်ပညာရှင်က ဖုန်လိုင်က လာတာပါ"
အမှောင်အိမ်ရှေ့မင်းသား တူကူးရှုက ကျုံးရန်၏ ထောင်ချောက်ဆင်မှုကို ခံလိုက်ရပြီးနောက် အပြစ်အားလုံးကို ဖုန်လိုင်နိုင်ငံအပေါ်သို့ ကျွမ်းကျင်စွာ လွှဲချလိုက်တော့သည်။
တိုက်ကြီးပေါ်တွင် ဆင့်ခေါ်ပညာရှင် ၁၀ ဦးရှိလျှင် ၇ ဦးမှာ ဖုန်လိုင်မှဖြစ်ကြောင်း လူတိုင်းသိကြသည်။ ကျုံးရန်က အမှောင်အိမ်ရှေ့မင်းသားသည် မဟာကျိုးမင်းသားကို လုပ်ကြံရန် ကြိုးစားခဲ့သည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း အမှောင်အိမ်ရှေ့မင်းသားကလည်း ၎င်းမှာ သူ့ကို နာမည်ဖျက်ခြင်းသာဖြစ်သည်ဟု ပြန်လည်ငြင်းဆိုနိုင်သည်။
အခင်းဖြစ်ပွားရာမှာ ဟောက်ချင်နယ်မြေအတွင်း ဖြစ်နေသဖြင့် မဟာကျိုးနိုင်ငံ၏ လက်လှမ်းမှီမှုမှာ ကန့်သတ်ချက်ရှိနေသည်။
အမှောင်အိမ်ရှေ့မင်းသားမှာ ဆင်ခြေပေးနေခြင်းဖြစ်ကြောင်း သိသဖြင့် ယီပိုင်မင်းသည် ထိုကိစ္စကို ထပ်မံ အငြင်းမပွားတော့ပေ။ သူ၏ အဓိကတာဝန်မှာ မဟာကျိုးအိမ်ရှေ့မင်းသားကို နိုင်ငံတော်သို့ ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်သွားရန်သာ ဖြစ်သည်။
"အချိန်မဆိုင်းတော့ပါဘူး။ အိမ်ရှေ့မင်းသားက ဒဏ်ရာပြင်းထန်နေတဲ့အတွက် နောက်ထပ် အန္တရာယ်မဖြစ်အောင် သူ့ကို ယွီကျင်းမြို့ကို ချက်ချင်းပဲ ပြန်ခေါ်သွားပါတော့မယ်။ ဒီဖြစ်ရပ်ရဲ့ အသေးစိတ်ကိုတော့ မဟာကျိုးနိုင်ငံကနေပဲ သေချာစုံစမ်းစစ်ဆေးပါလိမ့်မယ်"
ယီပိုင်မင်းက အမှောင်အိမ်ရှေ့မင်းသား၏ ပရိယာယ်ကို ထောက်ပြမနေတော့ဘဲ ချက်ချင်းပင် ရထားလုံးနှင့် ခရီးဆောင်အိတ်များကို ပြင်ဆင်ကာ မဟာကျိုးသို့ ခရီးဆက်ခဲ့ကြသည်။
သူတို့အဖွဲ့သည် အလျင်အမြန် ရောက်လာခဲ့ပြီး အလျင်အမြန်ပင် ပြန်လည်ထွက်ခွာသွားကြသည်။ လော့ရှမြို့နှင့် အတန်ငယ်ဝေးသော နေရာသို့ ရောက်မှသာ ယီပိုင်မင်းသည် လူတစ်ယောက် လိုနေသည်ကို သတိရလိုက်သည်။
"ချန်လျန်လျန် ဘယ်ရောက်သွားတာလဲ"
ထိုအခါမှသာ အားလုံးသည် ချန်လျန်လျန် ပါလာခဲ့သည်ကို သတိရကြတော့သည်။ လော့ရှစိုစွတ်မြေမှ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်ခွာသွားပြီးကတည်းက သူမကို မတွေ့ရတော့ပေ။ သို့သော် ခရီးမှာ တစ်ဝက်နီးပါး ရောက်နေပြီဖြစ်ရာ ချန်လျန်လျန်ကို ရှာရန် နောက်ပြန်လှည့်ရန်မှာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ယီပိုင်မင်းသည် အစောင့်နှစ်ဦးကိုသာ လော့ရှမြို့သို့ ပြန်လွှတ်၍ ရှာဖွေခိုင်းလိုက်ရတော့သည်။