အခန်း (၂၅၆)
Vol. 25 Ch. 256
လီယောင်းသည် ဝိညာဉ်ကြောဝင်ပေါက်အပြင်ဘက်တွင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရင်း ပျော်ပျော်ရွှင်ရွှင်နှင့် သီချင်းတိုးတိုးလေး ညည်းဆိုနေခဲ့သည်။
ရုတ်တရက်ဆိုသလို သူမ၏လမ်းကို ပိတ်ဆို့ထားသော တဖျတ်ဖျတ်လက်နေသည့် စွမ်းအင်အတားအဆီးကြီးမှာ စတင်မှေးမှိန်သွားတော့သည်။ အစီအရင်အတားအဆီး လုံးဝကွယ်ပျောက်သွားသည်နှင့် လီယောင်း၏ မျက်နှာမှာ ဝင်းပသွားပြီး ဝိညာဉ်ကြောအတွင်းသို့ စိတ်အားထက်သန်စွာဖြင့် ခုန်ဝင်သွားခဲ့သည်။
သို့သော် သူမ အတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် လီယောင်း တစ်ယောက် ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ရှေ့၌ မြင်တွေ့လိုက်ရသော မျှော်လင့်မထားသည့် မြင်ကွင်းကြောင့် သူမ၏ မျက်လုံးများမှာ ဇဝေဇဝါဖြစ်လျက် ဝိုင်းစက်သွားတော့သည်။
သူမ၏ရှေ့တွင် ရပ်နေသည်မှာ သူမ၏ စီနီယာအစ်ကို တစ်ယောက်တည်း မဟုတ်ဘဲ အသေးစိတ်အချက်အလက်အားလုံး ထပ်တူကျနေသည့် လူနှစ်ယောက် ဖြစ်နေခြင်းပင်။
"စီနီယာအစ်ကို"
သူမက မသေချာသော အသံဖြင့် ခေါ်လိုက်ရင်း ထပ်တူကျနေသော အမျိုးသားနှစ်ဦးကြားသို့ အကြည့်များ ဝဲယာကူးခတ်နေမိသည်။ သူမ၏ မျက်လုံးများက သူမကို လှည့်စားနေသလားဟု သံသယဖြစ်မိကာ မျက်တောင်ကို ခဏခဏ ခတ်ကြည့်နေမိသည်။
သူမ ဘာဖြစ်နေမှန်းကို သေချာမစဉ်းစားရသေးခင်မှာပင် ရှန်းယွီ နှစ်ယောက်စလုံးက လက်မောင်းများကို တစ်ပြိုင်နက် မြှောက်လိုက်ကြပြီး တစ်ဦးကိုတစ်ဦး တိုက်ရိုက် လက်ညှိုးထိုးလိုက်ကြသည်။
"ညီမလေး မြန်မြန်... သူ့ကို ဖမ်းလိုက်။ သူက အတုကြီး"
နှစ်ယောက်စလုံးက တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။
"မြန်မြန်... သူ့ကို ဖမ်း"
တစ်ဖက်လူမှာ အတုဖြစ်ကြောင်း သူမကို ယုံကြည်စေရန် ကြိုးစားရင်း နှစ်ယောက်စလုံးက တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် ထပ်ခါတလဲလဲ ပြောနေကြတော့သည်။
သို့သော် ရှန်းယွီ နှစ်ယောက်စလုံး လုံးဝအံ့အားသင့်သွားရသည်မှာ လီယောင်းသည် မည်သူ့ကို ရွေးချယ်ရမလဲဆိုသည်ကို အနည်းငယ်မျှ တွေဝေခြင်း သို့မဟုတ် မျက်စိလည်ခြင်း မရှိခဲ့ပေ။ ထိုအစား သူမသည် ချက်ချင်းပင် ရှေ့သို့ ခုန်ဝင်သွားပြီး မူလ ရှန်းယွီ၏ လက်ကို ဖက်တွယ်
လိုက်သည်။
ထို့နောက်မှ သူမသည် စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်တောက်ပနေသော မျက်လုံးများဖြင့် ကိုယ်ပွားဖြစ်သူကို လှည့်ကြည့်လိုက်သည်။
"စီနီယာအစ်ကို... အစ်ကိုက ကိုယ်ပွားကျင့်စဉ်ကို သုံးနိုင်တာပဲ။ မြန်မြန်... ညီမလေးကိုလည်း ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးပါဦး"
သူမက အားတက်သရော ပြောလိုက်တော့သည်။
ရှန်းယွီသည် သူ၏ညီမလေးကို ငုံ့ကြည့်ရင်း ကြောင်တောင်တောင် မျက်နှာပေးဖြင့် မေးလိုက်သည်။
"ဟင်... ဘယ်သူက အစစ်လဲဆိုတာ နင် ဘယ်လိုလုပ် သိတာလဲ"
ကိုယ်ပွားသည် ရုပ်ပိုင်းဆိုင်ရာအရ အသေးစိတ်အချက်အလက်အားလုံး ထပ်တူကျနေသော်လည်း သူမက ဤမျှလွယ်လွယ်ကူကူ ခွဲခြားနိုင်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
"ဟီးဟီး"
လီယောင်းက ဂုဏ်ယူစွာ ပြုံးလိုက်သည်။
"သူ့ဆီက ထွက်တဲ့ အနံ့က စီနီယာအစ်ကိုနဲ့ ဆင်တူပေမဲ့... ညီမလေးကိုတော့ လှည့်စားလို့ မရပါဘူး"
ထိုသို့ပြောကာ သူမ၏ ရင်ဘတ်ကို ပင့်၍ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ရှန်းယွီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားသည်။
ဘာအနံ့လဲ။
ကိုယ်ပွားဖြစ်သူမှာလည်း သူ၏လက်ကို မြှောက်ကာ ဇဝေဇဝါဖြင့် နမ်းကြည့်နေသော်လည်း လီယောင်း ပြောဆိုနေသော အနံ့မျိုးကို မရရှိပေ။
"ဟီးဟီး... ညီမလေး တော်တယ်မလား"
လီယောင်းက ချီးကျူးစကားကို မျှော်လင့်နေသော မျက်လုံးများဖြင့် ရှန်းယွီကို မော့ကြည့်ရင်း ထပ်မံပြောလိုက်သည်။
"အင်း... အေးပါ... တကယ်ကို တော်ပါတယ်"
ရှန်းယွီက ပြောရင်း သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူက သူမကို နောက်ပြောင်ရန် ကြံစည်ခဲ့သော်လည်း သူ၏ညီမလေးမှာ လွယ်လွယ်နှင့် အရူးလုပ်၍မရမှန်း သိလိုက်ရပြီဖြစ်သည်။
[မင်း... မင်းရဲ့ ဝိညာဉ်က ဘာဖြစ်သွားတာလဲ]
ဧကရီ၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် သူမသည် ရှန်းယွီနှင့် လီယောင်းတို့ကြားတွင် ပေါ်လာခဲ့သည်။ သူမသည် ရှန်းယွီကို အံ့အားသင့်သော မျက်နှာပေးဖြင့် စိုက်ကြည့်နေသည်။
ဧကရီပီပီ ချက်ချင်း သတိထားမိတာပဲ။
ရှန်းယွီ စိတ်ထဲမှ တွေးလိုက်မိသည်။
ရှန်းယွီ၏ ပင်မဝိညာဉ်မှာ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီးနောက်... သူ မည်သို့လုပ်ဆောင်ခဲ့သည်ကို ဧကရီအား ရှင်းပြလိုက်သည်။
[မင်း... မင်းကလည်း မင်းညီမလေးလိုပဲ ရူးတာပဲ]
ရှန်းယွီ၏ ရှင်းပြချက် အပြည့်အစုံကို ကြားပြီးနောက် ဧကရီက မှတ်ချက်ပေးလိုက်သည်။
"အဲဒါဆို... ကျွန်တော် လုပ်လိုက်တာ မှန်သွားတာလား။ ဒါမှမဟုတ် ကျွန်တော်မှားသွားပြီလား"
ရှန်းယွီက မေးလိုက်သည်။
ဧကရီသည် သူမ၏ မေးစေ့ကို ကိုင်ကာ အလေးအနက် စဉ်းစားဟန်ပြုလိုက်သည်။
[အင်း... ပြောရတော့ ခက်သားပဲ။ မင်းမြင်ခဲ့တဲ့ သတ္တဝါကြီးကတော့ ဟင်းလင်းပြင်မီးလျှံရဲ့ မူလအစ ဖြစ်တည်မှုပဲ ဖြစ်လိမ့်မယ်။ သူ့အတွက်တော့ စိတ်ပူစရာမလိုပါဘူး။ တစ်ကမ္ဘာလုံး မီးလောင်ပျက်စီးသွားရင်တောင် သူကတော့ မျက်တောင်တစ်ချက် ခတ်မှာမဟုတ်ဘူး။ ဒါကြောင့် ကြောက်နေဖို့ မလိုပါဘူး]
သူမက အရေးမစိုက်သလို လက်ယမ်းပြရင်း ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ရှန်းယွီ၏ မျက်နှာမှာ သိသိသာသာ ဝင်းပသွားတော့သည်။ သူကဲ့သို့ ဘာမှမသိနားမလည်သော မျိုးဆက်သစ်လူငယ်တစ်ဦးကို ဆက်လက်အသက်ရှင်
ခွင့်ပေးခဲ့သည့်အတွက် ထိုအေးဆေးလှသော မူလမီးလျှံကြီးကို သူ စိတ်ထဲမှ အမှန်တကယ် ကျေးဇူးတင်မိသွားသည်။
နောင်တစ်ချိန်တွင် သူ ပိုမိုအစွမ်းထက်လာပါက ထိုမီးလျှံကြီးကို ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ရန် နည်းလမ်းတစ်ခုခု ရှာဖွေမည်ဟုလည်း သူ ဆုံးဖြတ်လိုက်သည်။
[ဒါပေမဲ့... တခြားပြဿနာတွေတော့ ရှိနေသေးတယ်]
ဧကရီက ဆက်ပြောလိုက်ရာ သူမ၏ လေသံမှာ ပိုမိုတည်ကြည်လေးနက်သွားသည်။
"တခြားပြဿနာတွေ ဟုတ်လား"
ရှန်းယွီက မေးလိုက်သည်။
[မှန်တယ်။ မင်း အဲဒီမီးလျှံနဲ့ မပေါင်းစည်းခင်ကတည်းက အဲဒီအရာကို စိတ်ဝင်စားနေတဲ့လူတွေ ရှိနေခဲ့တာ။ အခု မင်းက ပေါင်းစည်းခြင်းကို အပြီးသတ်လိုက်ပြီဆိုတော့ ထူးခြားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားတာကို သူတို့ သေချာပေါက် အာရုံခံမိကြလိမ့်မယ်။ အဲဒီအခါကျရင် ပြဿနာရှာဖို့ ရောက်လာကြလိမ့်မယ်]
ဧကရီက ရှင်းပြသည်။
၎င်းကို ကြားလိုက်ရသောအခါ ရှန်းယွီ၏ မျက်နှာမှာ တင်းမာသွားတော့သည်။
ရှန်းယွီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သောအခါ မီးဓာတ်ကိုယ်ပွား၏ ပုခုံးပေါ်တွင် ထိုင်ကာ ဆံပင်များကို ကစားနေသည့် လီယောင်းသည် ရုတ်တရက် မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။
"စိတ်မပူနဲ့ စီနီယာအစ်ကို သူတို့ လာခဲ့ရင် ညီမလေးက အစ်ကို့ကို ကာကွယ်ပေးမယ်"
ထိုသို့ပြောကာ သူမ၏ ရင်ဘတ်ပေါ်သို့ လက်တင်ပြီး ခိုင်မာစွာ ကတိပေးလိုက်သည်။
သူမ၏ ကတိစကားကြောင့် ရှန်းယွီသည် နွေးထွေးစွာ ပြုံးလိုက်မိသည်။
ဘာပဲဖြစ်ဖြစ်လေ...
မီးလျှံနှင့် မပေါင်းစည်းမီကတည်းက ၎င်းကို လိုက်လံရှာဖွေနေသူများရှိကြောင်း ဧကရီထံမှ သူ ကြားသိထားပြီးသား ဖြစ်သည်။ အန္တရာယ်ရှိမှန်း သိလျက်နှင့်ပင် သူက ပေါင်းစည်းရန် ရွေးချယ်ခဲ့ခြင်းပင်။
အကယ်၍ ဤကမ္ဘာသို့ သူ စတင်ရောက်ရှိခါစကကဲ့သို့ အလွန်အမင်း ဂရုကြီးတတ်သော စရိုက်မျိုးသာ ရှိနေသေးပါက တစ်စုံတစ်ယောက်က မီးလျှံကို လိုက်လံရှာဖွေနေသည်ဟု သိလိုက်ရလျှင် သူ ထိတ်လန့်တုန်လှုပ်သွားမည်မှာ သေချာသည်။
ပဋိပက္ခများကို ရှောင်ရှားရန်အတွက် ထိုမီးလျှံကို ချက်ချင်းပင် စွန့်လွှတ်လိုက်ပေလိမ့်မည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ အန္တရာယ်များလှသည်ကို သိပါလျက်နှင့် သူသည် မီးလျှံနှင့် ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
မီးလျှံသည် သူ့အား စိတ်နတ်ဆိုးများကို နှိမ်နင်းရန်နှင့် ခြိမ်းခြောက်မှုများကို တွန်းလှန်ရန် အမြဲတစေ ကူညီပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုမီးလျှံ၏ လွှမ်းမိုးမှုမှာ သူ၏ စိတ်ဓာတ်ပေါ်သို့ တဖြည်းဖြည်း ကူးစက်လာခဲ့ပုံရသည်။ ယခုအခါ မီးလျှံနှင့် လုံးဝတစ်သားတည်း ဖြစ်သွားပြီဖြစ်ရာ ထိုအကျိုးသက်ရောက်မှုမှာ ယခင်ကထက်ပင် ပိုမိုအားကောင်းလာပြီး ထင်ရှားလာခဲ့သည်။
ရှန်းယွီသည် နူးညံ့စွာ ပြုံးနေသော်လည်း စိတ်ထဲတွင်မူ လာချင်တဲ့သူ လာခဲ့စမ်းပါ ဟု တွေးနေမိသည်။
သူသည် ရှေ့တွင် စောင့်ကြိုနေမည့် မည်သည့်စိန်ခေါ်မှုကိုမဆို ရင်ဆိုင်ရန် အသေအချာ ပြင်ဆင်ထားမည်သာ။