← Chapters

အခန်း (၂၅၈)

Vol. 25 Ch. 258

အခန်း (၂၅၈)

Vol. 25 Ch. 258

ကျင့်ကြံသူတစ်ဦးသည် ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ဝိညာဉ်နှင့် ခန္ဓာကိုယ် ပေါင်းစည်းခြင်းနယ်ပယ်သို့ ဆက်လက်တက်လှမ်းရန်အတွက် ပထမဆုံး မိမိ၏ စိတ်စွမ်းအားကို အဆင့် ၇ ရောက်အောင် ကျင့်ကြံရမည်ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိပါက ဝိညာဉ်

ပင်လယ်သည် သိသိသာသာ ပြောင်းလဲသွားပြီး ချီပင်လယ်ဖြင့် အပြည့်နီးပါး ဖြစ်တည်လာတော့သည်။

ပေါင်းစည်းခြင်းနယ်ပယ်သို့ ကူးပြောင်းနိုင်ရန်အတွက် မိမိ၏ ဝိညာဉ်ပင်လယ် တစ်ဖက်ကမ်းမှ အခြားတစ်ဖက်ကမ်းသို့ တစ်စုံလုံး လွှမ်းခြုံနိုင်သော တံတားတစ်စင်းကို တည်ဆောက်ရမည် ဖြစ်သည်။

ဤတံတားသည် နောင်တွင် ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ ပေါင်းစည်းမှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာသည်။ ဤပေါင်းစည်းခြင်းသည် ဝိညာဉ်နှင့် ရုပ်ခန္ဓာကို တစ်ခုတည်းအဖြစ် အမှန်

တကယ် ပေါင်းစပ်လိုက်ခြင်းမျိုး မဟုတ်ဘဲ ဝိညာဉ်က ခန္ဓာကိုယ်၏ အနှစ်သာရ မှတ်ဉာဏ်များကို အမြဲတမ်း သိမ်းဆည်းထားနိုင်သည့် ခိုင်မာလွန်းသော ဆက်သွယ်မှုတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

[ဒီဆက်သွယ်မှုရှိနေရင် မင်းရဲ့ခန္ဓာကိုယ်ကို တစ်နည်းနည်းနဲ့ ဆုံးရှုံးသွားရင်တောင်မှ]

ဧကရီက ရှင်းပြသည်။

[ဝိညာဉ်မှာ ရှိနေတဲ့ ပြီးပြည့်စုံတဲ့ မှတ်ဉာဏ်တွေကို သုံးပြီး ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်တယ်။ ဒါပေမဲ့...]

သူမက သတိပေးချက်တစ်ခု ထည့်ပြောသည်။

[ဒီလို ပြန်လည်ရှင်သန်အောင် လုပ်တဲ့ဖြစ်စဉ်က တကယ်တော့ အရမ်းထိရောက်မှုမရှိသလို အားကိုးလို့လည်း သိပ်မရဘူး။ ခြေလက်တစ်ခုတည်း ပြန်ပေါက်ဖို့တောင် နှစ်ပေါင်း ထောင်ချီ ကြာနိုင်လို့ ခန္ဓာကိုယ်ကို အစကတည်းက အဆုံးရှုံးမခံတာ အကောင်းဆုံးပဲ။ ငါ ဘယ်လိုသိလဲဆိုတာတော့ မမေးနဲ့တော့…]

[ပေါင်းစည်းခြင်းမှာ တခြား အကျိုးကျေးဇူးတွေလည်း ရှိသေးပေမဲ့ အဲဒါတွေက သိပ်တော့ အရေးမကြီးပါဘူး]

ဧကရီက နိဂုံးချုပ်လိုက်သည်။

ပေါင်းစည်းခြင်းနယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိပြီးနောက်တွင် ကျင့်ကြံခြင်းသည် မိမိ၏ နယ်ပယ်ကို မြှင့်တင်ရန်နှင့် ဝိညာဉ်နှင့် ခန္ဓာကိုယ်အကြား ဟန်ချက်ညီအောင် ထိန်းသိမ်းရန် အဓိက ဦးတည်သွားတော့သည်။

ကျင့်ကြံသူတစ်ဦးသည် ပေါင်းစည်းခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသည့်အခါ မသေမျိုး စမ်းသပ်မှုကို ရင်ဆိုင်ခွင့် ရရှိမည် ဖြစ်သည်။

အကယ်၍ အောင်မြင်ခဲ့လျှင် မသေမျိုးနယ်ပယ်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး ကျရှုံးခဲ့လျှင်မူ... အေးအေးဆေးဆေးသာ သေလိုက်ပါတော့ဟု ပြောလိုက်သလိုပင်။

ရှန်းယွီနှင့် လီယောင်းတို့သည် မျှဝေပေးသမျှ အသိပညာအားလုံးကို အာရုံစိုက်ကာ ခေါင်းညိတ် နားထောင်နေကြသည်။

အနည်းဆုံးတော့ သူတို့ထဲက တစ်ယောက်ကတော့ အလေးအနက် ရှိနေသည်။

[အခြေခံကတော့ ဒါပါပဲ။ မင်းတို့က မဟာယာနလမ်းစဉ်ကို သွားချင်တာမျိုး မဟုတ်ရင်ပေါ့လေ။ အဲဒါကတော့ လုံးဝ သီးခြားကိစ္စတစ်ခု ဖြစ်သွားပြီ။ ငါလည်း ရှင်းပြရမှာ ပျင်းလို့]

ဧကရီက ပြောပြီး လက်ကို ခါယမ်းလိုက်ရာ သူမ၏ ပုံရိပ်မှာ တဖျတ်ဖျတ် လက်လာပြီး လီယောင်း၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ပြန်လည် ပျောက်ကွယ်သွားတော့သည်။

ရှန်းယွီသည် ဧကရီ၏ ရှင်းပြချက်များကို ခွဲခြမ်းစိတ်ဖြာရင်း ရရှိလာသော အသိပညာသစ်များကို ကျင့်ကြံခြင်းဆိုင်ရာ သူ၏ နားလည်မှုတွင် ထည့်သွင်းကာ မေးစေ့ကို ပွတ်ရင်း စဉ်းစားနေမိသည်။ ရှေ့တွင် လျှောက်လှမ်းရမည့် ခရီးမှာ မည်မျှအထိ ကျယ်ပြောနေသေးသည်ကို သဘောပေါက်လိုက်ရသဖြင့် သူ၏ နှုတ်ခမ်းဖျားမှ သက်ပြင်းသဲ့သဲ့လေး တစ်ချက် ထွက်ပေါ်လာသည်။

ဧကရီ ဖော်ပြခဲ့သည့် နယ်ပယ်များထက် ကျော်လွန်သော အဆင့်ပေါင်းများစွာလည်း ရှိနေဦးမည်ဖြစ်ရာ သူသည် စစ်မှန်သော အနိုင်မခံ အရှုံးမပေးအဆင့်နှင့် အလှမ်းဝေးနေသေးပုံပင်။

ရှန်းယွီ တစ်ယောက် အတွေးထဲ နစ်မျောနေစဉ်မှာပင် လီယောင်းသည် ရုတ်တရက် ဝုန်းခနဲ ထရပ်လိုက်သည်။

"စီနီယာအစ်ကို ကျွန်မတို့ လက်ရည်စမ်းကြရအောင်"

သူမက ပြောလိုက်ပြီး တိုက်ခိုက်ရေး အနေအထားသို့ ချက်ချင်း ပြင်ဆင်လိုက်လေတော့သည်။

ရှန်းယွီသည် သူမ၏ ရုတ်တရက်ဆန်သော အကြံပြုချက်ကြောင့် ခေတ္တမျှ အံ့အားသင့်သွားပြီး မော့ကြည့်လိုက်သည်။

"ဟင် ဘာလို့ ရုတ်တရက်ကြီးလဲ"

သူက မေးလိုက်ပြီး ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်ကာ လက်ဟန်ခြေဟန် ပြလိုက်သည်။ "ပြီးတော့ ငါတို့မှာ လက်ရည်စမ်းဖို့ နေရာလည်း မရှိဘူးလေ"

သူတို့နှစ်ဦးကြား လက်ရည်စမ်းလိုက်လျှင် ဂိုဏ်းတစ်ခုလုံး အုတ်ပုံဘဝရောက်သွားနိုင်သည်ကို သူ၏ ပုံရိပ်ယောင်စမ်းသပ်မှုထဲတွင် မြင်တွေ့ခဲ့ရသည်။

သို့သော် လီယောင်းမှာ စိတ်ဓာတ်ကျမသွားဘဲ ရှန်းယွီ၏အနားသို့ ခုန်ပေါက်ပြေးလာကာ သူ၏လက်ကို ဖမ်းကိုင်လိုက်သည်။

"ဒါဆို လက်ဝှေ့ထိုးတာပဲ လုပ်ကြမလား"

သူမက အကြံပေးလိုက်သည်။

"အင်း... အဲဒါဆိုရင်တော့ ဖြစ်ပါတယ်"

ရှန်းယွီက သဘောတူလိုက်သည်။

သူတို့နှစ်ဦးသည် အနီးရှိ ကျောက်တုံးကြီးတစ်ခုတွင် နေရာယူလိုက်ကြပြီး လက်ချင်းချိတ်ကာ အသင့်အနေအထား ပြင်လိုက်ကြသည်။ သူတို့နှစ်ဦး အားစိုက်ထုတ်လိုက်သည့် ခဏမှာပင် ရလဒ်က ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်။

ရှန်းယွီသည် သူမ၏လက်ကို ကျောက်တုံးမျက်နှာပြင်ပေါ်သို့ အားစိုက်စရာမလိုဘဲ ဖိချလိုက်ကာ ချက်ချင်းပင် အနိုင်ရရှိသွားခဲ့သည်။

သူက လက်ကို လွှတ်ပေးလိုက်သောအခါ လီယောင်းသည် သူမ၏လက်ကို ထူးဆန်းသော မျက်နှာပေးဖြင့် စိုက်ကြည့်နေပြီး မျက်မှောင်ကို အနည်းငယ် ကြုတ်ထားသည်။

"ငါ တကယ် အားနည်းတာပဲ"

သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီပုံစံနဲ့ဆိုရင် စီနီယာအစ်ကို့ကို ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်မှာလဲ"

ရှန်းယွီသည် သူမ၏ ထူးခြားသော တုံ့ပြန်မှုကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

သူမ ဘာဖြစ်သွားတာလဲ။

သူ တွေးနေမိသည်။ သူသိထားသော လီယောင်းဆိုလျှင် ချက်ချင်းပင် လက်စားချေပွဲတောင်းမည်မှာ သေချာသည်။

"နင့်ရဲ့ ကန့်သတ်ချက်ကျော်လွန်တဲ့ ပုံစံကို သုံးကြည့်ပါလား"

သူက အကြံပေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အလေးအနက်ဖြစ်နေသော အမူအရာမှ ရွှင်ပျသော အမူအရာသို့ ကူးပြောင်းကာ ရှန်းယွီ၏ လက်မောင်းကို ချွဲနွဲ့စွာ ဖက်တွယ်လိုက်သည်။

"အဲဒီပုံစံက စိတ်တိုမှ သုံးလို့ရတာလေ"

သူမက ရှင်းပြပြီး သူ့ကို ပြုံးပြလိုက်သည်။

"စီနီယာအစ်ကိုနဲ့ အတူရှိနေတဲ့အချိန်က ညီမလေးအတွက် အပျော်ဆုံးအချိန်ပဲ"

"အင်း..."

ရှန်းယွီက လက်ညှိုးကို မေးစေ့ပေါ်တင်ကာ စဉ်းစားဟန် ပြုလိုက်သည်။

"အဲဒါဆို ငါက နင့်ကို ရိုက်နှက်ရင်ရော အဆင်ပြေမလား"

သူက ထပ်မံ အကြံပြုသည်။

"အဟင်း... အဲဒါဆိုရင်တော့ ပြောင်းပြန်ရလဒ်ပဲ ထွက်လာလိမ့်မယ်"

လီယောင်းက လက်ယမ်းပြရင်း ဖြေလိုက်သည်။

"ဘာကို ဆိုလိုတာလဲ"

"ဘာမှမဟုတ်ပါဘူး"

"ဟို... စီနီယာအစ်ကို"

လီယောင်းက စကားစလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ဂနာမငြိမ်ဖြစ်နေပြီး ပါးပြင်ပေါ်တွင် ရှက်သွေးဖြန်းကာ နီမြန်းလာခဲ့သည်။

"ဘာဖြစ်လို့လဲ"

ရှန်းယွီက မေးလိုက်သည်။

"ဟို... အင်း..."

သူမက စကားများ ထစ်ငေါ့နေပြီးနောက် သက်ပြင်းတစ်ချက်ကို ခိုင်ခိုင်မာမာ ရှူလိုက်ပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံပင်။

"စီနီယာအစ်ကို တကယ်ပဲ အဲဒီလိုလုပ်ချင်တယ်ဆိုရင်တော့..."

သူမက ပြောရင်း ရှန်းယွီ၏ရှေ့တွင် စနစ်တကျ ဦးညွှတ်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို အပေါ်သို့လှန်ကာ ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

သူမ၏ လက်ဖဝါးပေါ်တွင် တင်ထားသည်မှာ ကြိမ်လုံးတစ်ချောင်း ဖြစ်နေသည်။

ထိုအရာကို မြင်လိုက်ရသည့်အခါ ရှန်းယွီမှာ မျိုချလက်စ တံတွေးပင် သီးမလို ဖြစ်သွားခဲ့သည်။

"အဟမ်း ဒါကတော့ နည်းနည်း မသင့်တော်ဘူးထင်တယ်"

သူက ပြောကာ အမြန်ပင် တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ ထို့နောက် တွေဝေမနေဘဲ ရှေ့သို့ လှမ်းကာ သူမလက်ထဲမှ ကြိမ်လုံးကို ဆွဲယူလိုက်တော့သည်။

"နောက်တစ်ခါကျရင် ဒီလို ထူးထူးဆန်းဆန်း အရာတွေကို လျှောက်မကောက်နဲ့တော့"

သူက ဆုံးမစကားပြောရင်း ထိုအရာကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ အမြန်ထည့်လိုက်သည်။ ကြိမ်လုံး ပျောက်ကွယ်သွားသည်နှင့်အမျှ ဤကဲ့သို့သော ပစ္စည်းမျိုးကို သူမ ဘယ်ကနေ ရလာတာလဲဆိုသည်ကို သူ မတွေးဘဲ မနေနိုင်တော့ပေ။

"နင့်ရဲ့ တခြား အသွင်သစ်ကိုပဲ စမ်းကြည့်ရအောင်လား"

ရှန်းယွီက စကားလမ်းကြောင်းကို တမင်ပြောင်းရင်း အကြံပေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ လီယောင်း၏ အနေအထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး ပုခုံးများ တင်းမာသွားသည်။

"အာ... ဟို... အသွင်ပြောင်းတဲ့ ဖြစ်စဉ်က အရမ်းကြမ်းတမ်းတယ်လေ"

သူမက ပျာပျာသလဲ ရှင်းပြသည်။

"ပတ်ဝန်းကျင်က ပစ္စည်းတွေကို မဖျက်ဆီးမိချင်ဘူး"

သူမ၏ မျက်လုံးများက ဘေးသို့ ဝေ့ဝဲသွားပြီး ရှန်းယွီကို တည့်တည့်မကြည့်ဘဲ ရှောင်နေသည်။

လီယောင်း၏ ရှင်းပြချက်မှာ ယုတ္တိရှိသည်ဟု ထင်ရသော်လည်း သူမ၏ ထူးဆန်းသော တုံ့ပြန်မှုကြောင့် ရှန်းယွီမှာ သံသယဝင်လာခဲ့သည်။

"ဒါဆို နင့်ရဲ့ ဝိညာဉ်အသွင်ကိုရော"

သူက ထပ်မံ အကြံပြုသည်။

"အဲဒီပုံစံကလည်း လက်ရှိပုံစံထက် သိပ်ပြီး မသာပါဘူး စမ်းနေဖို့ မလိုပါဘူး"

သူမက အရေးမစိုက်သလို ပြန်ဖြေသည်။ သူမ၏ အကြည့်များကတော့ သူ့ဆီသို့ ရောက်မလာသေးပေ။

ရှန်းယွီသည် သူမ၏ ရှောင်လွှဲနေသော အမူအရာများကို ကြည့်ရင်း စူးစမ်းလိုစိတ်များ ပိုမိုတိုးပွားလာခဲ့သည်။

"ယောင်းယောင်း..."

"ရှင်..."

သူမ ပြန်ထူးသော်လည်း အကြည့်ချင်းကိုတော့ ရှောင်လွှဲနေဆဲပင်။

"နင့်ရဲ့ ဓာတ်အသွင်ကို ငါ့ကို ပြလို့ရမလား"

သူက မေးလိုက်သည်။

သူမ၏ စိတ်မသက်မသာဖြစ်မှုမှာ ပိုမိုသိသာထင်ရှားလာသည်။

"ဟို... အခုလောလောဆယ်တော့ မရဘူး"

သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဘာလို့လဲ"

သူက ထပ်မံဖိအားပေးမေးမြန်းသည်။

"ညီမလေး ပင်ပန်းနေလို့ သွားပြီနော်"

သူမက ရုတ်တရက် ထပြောကာ ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် သူမ ခြေလှမ်းတစ်လှမ်းမလှမ်းရသေးမီမှာပင် ရှန်းယွီ၏လက်က လျင်မြန်စွာ ထွက်ပေါ်လာပြီး သူမ၏လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။

"လွှတ်ပေးပါ..."

သူမက တိုးတိုးလေး တောင်းဆိုသည်။

"ယောင်းယောင်း"

သူက ထပ်မံခေါ်လိုက်ပြီး ကျန်ရှိသော လက်တစ်ဖက်ဖြင့် သူမ၏မျက်နှာကို သူရှိရာသို့ ဂရုတစိုက် လှည့်လိုက်ကာ သူမ၏ ရှောင်လွှဲနေသော အကြည့်များကို သူနှင့် ဆုံစေလိုက်သည်။ "နင် ကြောက်နေတာလား"

သူက မေးလိုက်သည်။

"မဟုတ်ပါဘူး"

သူမက ချက်ချင်း ငြင်းဆိုသည်။

"စီနီယာအစ်ကို... ညီမလေးက…"

သူမ စကားစလိုက်သော်လည်း ဆက်မပြောနိုင်ဘဲ ထစ်ငေါ့သွားသည်။

"ရပါတယ် ငါ နားလည်သွားပြီ"

ရှန်းယွီသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။ နောက်ဆုံးတော့ သူမ ဘာဖြစ်နေမှန်း သဘောပေါက်သွားပြီဖြစ်သည်။

သူ ဘယ်လိုများ မေ့သွားရတာလဲ။

လီယောင်း မူလပုံစံသို့ ပြန်ပြောင်းစဉ်က အခြားသော လီယောင်း၏စရိုက်အသစ်က သူမ ဟိုဘက်ကို ပြန်သွားရမှာ ကြောက်တယ်ဟု ပြောခဲ့သည်။

ဆိုလိုသည်မှာ သူမသည် ခန္ဓာကိုယ်ကို မထိန်းချုပ်ထားရချိန်တွင် သူမ၏ အသိစိတ် ရောက်ရှိသွားမည့် နေရာကို ကြောက်ရွံ့နေခြင်း ဖြစ်ရမည်။

အကယ်၍ ထိုသို့သာဆိုလျှင် ယခုလက်ရှိ လီယောင်းသည်လည်း သူမ ခန္ဓာကိုယ်ကို မထိန်းချုပ်

နိုင်သည့် အချိန်တိုင်းတွင် ထိုနေရာသို့ ရောက်သွားနေရခြင်း ဖြစ်ပေလိမ့်မည်။ သူမ ကိုယ့်

ကိုယ်ကိုယ် အားနည်းသည်ဟု အဘယ်ကြောင့် ပြောရတာလဲဆိုသည်မှာ ယခုတော့ မဆန်းတော့ပေ။ ထိုနေရာသို့ ထပ်မံမရောက်ရှိလိုသောကြောင့် သူမ၏ ပိုမိုအစွမ်းထက်သော အသွင်များကို အသုံးပြုရန် သူမ ကြောက်ရွံ့နေခြင်းပင်။

လီယောင်းကဲ့သို့သော သူတစ်ဦးကိုပင် ဤမျှ ထိတ်လန့်သွားအောင် သူမ၏ အသွင်သစ်များကိုပင် အသုံးမပြုရဲအောင် လုပ်နိုင်သည့် ထိုနေရာမှာ မည်သို့သော နေရာမျိုး ဖြစ်နေမလဲဟု ရှန်းယွီ တွေးတောနေမိသည်။

"ယောင်းယောင်း"

"ဟင်"

"ဒါကို ယူထားလိုက်"

ရှန်းယွီက ပြောကာ သူမ၏ ရှေ့သို့ လက်လှမ်းလိုက်သည်။

သူ၏ လက်ချောင်းများကြားတွင် ကျင့်စဉ်စာအုပ်တစ်အုပ် ရှိနေပြီး ၎င်း၏မျက်နှာဖုံးတွင် စိတ်အလွှာခွဲခြားခြင်းကျင့်စဉ်ဟု ရေးသားထားသည်။

All Chapters