← Chapters

ကောင်းကင်မိုးကြိုးကျွန်း

Vol. 47 Ch. 650

ကောင်းကင်မိုးကြိုးကျွန်း

Vol. 47 Ch. 650

“ဒီလိုဖြစ်မယ်မှန်းသိရင် ကျူးဆွေ့ဆီကနေ နည်းနည်း ယူလာခဲ့ပါတယ်”

ကျန်းရီက အပြင်လောကရှိ ကုန်းမြေများကို လှည့်လည် မသွားခဲ့ဖူးသောကြောင့် ကောင်းကင်ဘုံကျောက်တုံးကို မည်သည့်အတွက်ကြောင့်သုံးမှန်း မသိကြပေ။ ယခုအချိန်တွင်သူက ဒုက္ခရောက်ပြီဖြစ်သည်။ သူက ဖုန်းလန်ကို ဧကရီနန်းတော်ထဲမှ ထုတ်လိုက်ပြီးနောက် မေးလိုက်တော့၏။

“ဖုန်းအာ မင်းမှာ ကောင်းကင်ဘုံကျောက်တုံး ရှိသေးလား။ ဒီနေရာကို ဝင်ဖို့ဆိုရင် လူတစ်ယောက်ကို ကောင်းကင်ဘုံကျောက်တုံး နှစ်ထောင်ပေးဖို့ လိုတယ်။ ဒီမှာကောင်းကင်ဘုံကျောက်တုံး သုံးထောင်ပဲရှိတာ”

“ကျွန်မနဲ့ချင်ယွီရဲ့ ကောင်းကင်ဘုံကျောက်တုံးတွေ အားလုံးကို ရှင့်ဆီပေးလိုက်ပြီ မကျန်တော့ဘူး”

ဖုန်းလန်ကလည်း စိတ်ရှုပ်ထွေးသွားလေသည်။ သူမက ကျင့်ကြံရန်အတွက် ကောင်းကင်ဘုံကျောက်တုံး မလိုအပ်ချေ။ ထိုအပြင် သူမက ဖီးနစ်အော်သံ နယ်မြေ၏ ဧကရီတစ်ပါးဖြစ်၏။ ကောင်းကင်ဘုံကျောက်တုံး သုံးစရာ မည်သည့်အကြောင်း ရှိမည်နည်း။ ဖုန်းမျိုးနွယ်စု၌ ကောင်းကင်ဘုံကျောက်တုံးများစွာ ရှိသော်ငြား ဖီးနစ်အော်သံ နယ်မြေကနေ ယူရန်အတွက် မိုင်ပေါင်းသန်းချီကို ခရီးနှင်ရန် မဖြစ်နိုင်လောက်ပေ။ သူတို့သာ ခရီးစဉ်တစ်ဝက်၌ ထပ်အလိုက်ခံရလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။

အကြီးအကဲက ထူးမခြားနား ပြောလိုက်သည်။

“စိတ်မရှိပါနဲ့။ လူတစ်ယောက်ကို ကောင်းကင်ဘုံကျောက်တုံး နှစ်ထောင်ပေးရမယ်လို့ ပြောထားတာ မျိုးနွယ်စုစည်းမျဉ်းပဲ။ ကောင်းကင်ဘုံကျောက်တုံး လုံလုံလောက်လောက် မရှိရင် ထွက်သွားရင်သွား ဒါမှမဟုတ် ဒီမှာအလုပ်သမားအဖြစ် တစ်နှစ်လုပ်”

ကျန်းရီ၏ ဧကရီနန်းတော်က ဖျတ်ခနဲ လင်းလာပြီးနောက် သူသည် ရွှေရောင်မျောလွင့်နဂါးကို ခေါ်ထုတ်ကာ မေးလိုက်တော့သည်။

“ရွှေရောင်မျောလွင့်နဂါး မင်းမှာ ကောင်းကင်ဘုံကျောက်တုံးရှိလား”

“မရှိဘူး”

မျောလွင့်နဂါးက ကျန်းရီကို ကြည့်ပြီး ပြောလိုက်လေ၏။

“ကျုပ်ရဲ့သခင် ကျွန်တော်က နတ်ဆိုးမျိုးနွယ်စုကပါ။ အရင်သခင်နောက်ကို လိုက်နေခဲ့တာ။ ကောင်းကင်ဘုံကျောက်တုံး ဘယ်လိုလုပ် ရှိမှာလဲ”

ကျန်းရီက အကြံကုန်နေပြီဖြစ်သည်။ သူ့အကြည့်က မျက်လုံးလက်သွားပြီးနောက် အကြီးအကဲကို ကြည့်ကာ လက်နှစ်ဖက်ဆုပ်လျက် မေးလိုက်သည်။

“အရှင် ကောင်းကင်ဘုံ ကျောက်တုံးတွေအတွက် ကျွန်တော်ရဲ့ အသုံးအဆောင်တွေကို ပေါင်တာ ဒါမှမဟုတ် လဲလှယ်တာ လုပ်လို့ရမလား”

အကြီးအကဲက စိတ်မပါလက်မပါ ခေါင်းညိတ်ပြီးနောက် ပြောလိုက်လေ၏။

“မင်းအဲ့ဒါတွေကို ပေါင်လို့တော့ မရဘူး။ ဒါပေမဲ့လည်း လဲလှယ်လို့ရတယ်။ သူတော်စင် အသုံးအဆောင်တစ်ခုကို ကောင်းကင်ဘုံကျောက်တုံး ငါးရာ သာလွန်သူတော်စင် အသုံးအဆောင်ဆို ကောင်းကင်ဘုံကျောက်တုံး ငါးထောင် အတုအယောင် သူတော်စင် အသုံးအဆောင်ဆိုရင် ကောင်းကင်ဘုံကျောက်တုံး တစ်သောင်း ရောင်းဖို့ဆန္ဒရှိလား”

“... ”

ကျန်းရီ၊ ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးတို့က တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်၏။ ဤအပြစ်သားကျွန်းက အရေခွံခွာနေတာပဲဖြစ်သည်။

သာလွန်သူတော်စင်လက်နက်ကို ကောင်းကင်ဘုံကျောက်တုံး ငါးထောင်တဲ့လား။ တစ်နည်းဆိုရလျှင် ဧကရီနန်းတော်သည် ကောင်းကင်ဘုံကျောက်တုံး ငါးထောင်သာတန်၏။ သူတော်စင် လက်နက်အဖြစ် မှတ်ယူခြင်းခံရသော မီးနဂါးဓားသည် ငါးရာပဲတန်မည် မဟုတ်ပါလော။ မီးတိမ်သံချပ်ကာက ကောင်းကင်ဘုံကျောက်တုံး တစ်သောင်းသာ တန်သည်လော။ သူတို့ထံမှ လုယူနေခြင်းပင် မဟုတ်ပါလော။ မည်သည့်အတွက်ကြောင့် မလုယူတော့သနည်း။

ကျန်းရီ၌ အသုံးအဆောင် များများစားစားမရှိပေ။ သို့သော်သူ့၌ သူတော်စင်လက်နက် အချို့ရှိ၏။ ဖုန်းလန်နှင့် ချင်ယွီ၌လည်း သာလွန်သူတော်စင် အသုံးအဆောင်အချို့ ရှိသော်ငြား ကျန်းရီက ၎င်းတို့ကို မရောင်းနိုင်ချေ။

ကောင်းကင်ဘုံကျောက်တုံး မလုံလောက်သောကြောင့် သူတစ်ယောက်တည်းသာ ဝင်သွားနိုင်သည်။ သူသည် တစ်ယောက်နှစ်ယောက် ထပ်ခေါ်နိုင်သော်ငြား ဖုန်းလန်နှင့် ချင်ယွီတို့က သူ့ဆီသို့ သူ့တို့ကိုယ်သူတို့ အပ်နှံခဲ့ပြီးဖြစ်ရာ သူတို့ကို သူမည်ကဲ့သို့ ချန်ထားနိုင်ခဲ့မည်နည်း။

ရွေးချယ်စရာမရှိဘဲ ကျန်းရီက လက်နှစ်ဖက်ဖြင့် အရိုအသေပေးကာ မေးလိုက်၏။

“အရှင် အလုပ်သမားတွေအဖြစ် နေမယ်ဆိုတာ ဘယ်လိုမျိုးလဲ။ အန္တရာယ် များမှာလား”

အကြီးအကဲက လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။

“အလုပ်သမားတွေမှာ ရိုးရှင်းတဲ့ တာဝန်ရှိတယ်။ အဲ့ဒါက ကောင်းကင်မိုးကြိုးကျွန်းမှာ မိုးကြိုးကျောက်တုံးတွေကို တူးဖော်ရတာပဲ။ အန္တရာယ်များတာကတော့ နတ်ဘုရားချီးမြှင့် မျိုးနွယ်စုထဲမှာ မြို့ကြီးတွေကလွဲရင် နေရာအနှံ့ကတော့ အန္တရာယ်များတာပဲ။ ဒီနေရာကို လာရဲတယ်ဆိုမှတော့ မင်းစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးဖြစ်မှာပဲ။ မင်းတာဝန်ပြီးပြီဆိုတာနဲ့ သာမာန်နေ့ရက်တွေမှာ ကောင်းကင်မိုးကြိုး မြို့ထဲမှာ နေလို့ရတယ်။ မြို့ထဲမှာ အလွန်ဘေးကင်းတယ်။ ဒါပေမဲ့ အပြင်ထွက်ပြီဆိုတာနဲ့ မင်းကိုစိတ်ထဲ ထားကြတော့မှာ မဟုတ်ဘူး။ မင်းရဲ့အသက်ရှင် နေထိုင်ရေးက မင်းရဲ့ကံနဲ့ခွန်အားပေါ် မူတည်သွားပြီ”

“မြို့တွေများတယ်လား”

ကျန်းရီနှင့် ဖုန်းလန်၏မျက်လုံးက လက်သွားသည်။ သူတို့က မိုးကြိုးကျောက်တုံးများ မတူးဖော်သည့် အချိန်တွင် မြို့ထဲ၌ အမှန်တကယ် နေနိုင်မည်လော။ ယင်းက ကောင်းမွန်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ မြို့အပြင်၌ စွန့်စားသွားလာခြင်း၏ အန္တရာယ်အတွက်ကမူ အကြီးအကဲ ပြောသည့်အတိုင်းသာဖြစ်သည်။ အပြစ်သားကျွန်းထဲတွင် အန္တရာယ်မများသည့်နေရာ မည်သည့်နေရာတွင် ရှိမည်နည်း။

ကျန်းရီက ခေါင်းညိတ်ပြီးနောက် လက်သီးဆုပ်ကာ မေးလိုက်တော့သည်။

“အရှင့်ကို မေးပါရစေ ကျွန်တော်တို့ တာဝန်တွေအားလုံးကို တူတူပြီးအောင် လုပ်လို့ရမလား။ ဥပမာအနေနဲ့ ကျွန်တော်က အားလုံးလိုအပ်တဲ့ မိုးကြိုးကျောက်တုံးတွေကို ပေးရင်ရလား”

“ရတာပေါ့”

အကြီးအကဲကမူ လက်ယမ်းပြပြီးနောက် ပြောလိုက်လေ၏။

“ကောင်းကင်မိုးကြိုးကျွန်းထဲကို ရောက်ပြီဆိုတာနဲ့ အသေးစိတ်ကို သိရမှာပဲ။ နေမှာလား ထွက်သွားမလား ဆုံးဖြတ်”

“အမ် ကျုပ်တို့တွေ တစ်နှစ်တာအတွက် အလုပ်သမားတွေအဖြစ် ထမ်းဆောင်ဖို့ ဆန္ဒရှိပါတယ်”

ကျန်းရီနှင့် ဖုန်းလန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဆုံးဖြတ်ချက် ချလိုက်၏။

အကြီးအကဲက သူ့ဘေးရှိ သိုင်းပညာရှင် တစ်ယောက်ကို အမိန့်ပေးလိုက်သည်။

“လုဖေး သူတို့ကို ကောင်းကင်မိုးကြိုးကျွန်းဆီ ခေါ်သွားလိုက်”

အမိန့်ပေးပြီးနောက် အကြီးအကဲသည် သုံးဦးကို ရဲတိုက်အတွင်း ခေါ်သွားပြီးနောက် မုတ်ဆိတ်များ ပြည့်နေသည့် လူရွယ် ကောင်းကင်ဧကရာဇ်ကမူ ကျန်းရီကိုကြည့်ကာ စိတ်မပါလက်မပါ ပြောလိုက်လေသည်။

“မင်းတို့အားလုံး ငါ့နောက်လိုက်ခဲ့”

ကျန်းရီက ခေါင်းညိတ်လိုက်သည်။ အပြစ်သားကျွန်းပေါ်ရှိ လူများက မြင့်မားသော အကျင့်သိက္ခာ တန်ဖိုးရှိကြသည်။ သိုင်းပညာရှင်များ အားလုံးသည် ဖုန်းလန်ကို မြင်တွေ့သည့်အချိန်၌ မျက်လုံးလက်သွားသော်ငြား သူတို့က ညစ်ညမ်းသည့် အမူအရာများ မရှိကြပေ။

ထို့အပြင်သူက ဧကရီနန်းတော်ကို ထုတ်လိုက်သည့်အချိန်၌ ထိုလူများက ၎င်းကိုအာရုံမစိုက်ပေ။ အပြစ်သားကျွန်းသည် နှစ်ပေါင်းသိန်းချီ ရှင်သန်နေထိုင်လာခဲ့တာဖြစ်ပြီး မျိုးနွယ်စု(၁၃)စုက အတော်လေး စွမ်းဆောင်နိုင်ပုံရသည်။ သူတို့က အပြစ်သားကျွန်း၏ တိုင်းသူပြည်သားများကို ချုပ်ကိုင်ထားနိုင်ရန် ယုံကြည်စေသော ခွန်အားမျိုးရှိအောင် သူတို့ကိုယ်သူတို့ စည်းကမ်းတင်းကျပ်ထားသည်။ မဟုတ်လျှင် သူတို့အုပ်ချုပ်သည့် နေရာက ပြောင်းပြန်လှန်ခံရပြီးသား ဖြစ်နေလိမ့်မှာပင်ဖြစ်သည်။

ဝှစ်

မုတ်ဆိတ်များဖြင့် လူရွယ်က အရှေ့ဘက်ရှိ ကျွန်းဆီသို့ ပျံသန်းသွား၏။ ကျန်းရီနှင့် ကျန်သည့်သူများကလည်း နောက်မှလိုက်ပါလာပြီး ကောင်းကင်စိတ်အာရုံဖြင့် နေရာကို စစ်ဆေးနေသည်။ ဤနေရာ၌ သူတို့ရှင်သန်နေထိုင်ရမည်ဆိုလျှင် ဤနေရာအကြောင်း သူတို့သိထားရပေမည်။ ကျွန်းကို ကျယ်ဝန်းသော ပင်လယ်ဒေသက ဝန်းရံထားပြီး အပြင်လောကနှင့် သိပ်မကွာခြားပေ။ သို့သော် ကျန်းရီနှင့်ဖုန်းလန်တို့က ကျွန်း၏အနောက်အရပ်၌ သိပ်သည်းသောမြူ တစ်ထပ်ရှိနေတာကို အာရုံခံမိသည်။ အပြစ်သားကျွန်းကဲ့သို့ပင် ၎င်းက သိပ်သည်းသောမြူဖြင့် လွှမ်းခြုံခံနေရသည်။ ချဉ်းကပ်လာသည့် လူများက ကျွန်းထဲသို့ ပို့ဆောင်ခံရပေလိမ့်မည်။ ဤအပြစ်သားကျွန်းသည် ဧရာမမြို့ကြီးတစ်မြို့နှင့်တူပြီး သိပ်သည်းသောမြူများက မြို့ရိုးအဖြစ် ထမ်းဆောင်ပေးသည်။

အဖွဲ့က မြန်မြန်ဆန်ဆန် ပျံသန်းသွားကြ၏။ သို့သော် လေးနာရီခန့် ပျံသန်းပြီးနောက် သူတို့သည် အရှေ့တွင် မည်သည့်ကျွန်းကိုမျှ မမြင်နိုင်သေးပေ။ ကျန်းရီနှင့်ဖုန်းလန်က အံ့သြနေလေပြီ။ အပြစ်သားကျွန်း၏ ပင်လယ်ဒေသက မည်မျှကျယ်ဝန်းကြောင်း သိချင်နေကြသည်။

နောက်ထပ် တစ်နာရီခန့် ပျံသန်းပြီးနောက် မြင်ကွင်းက နောက်ဆုံး၌ ပေါ်လာပြီဖြစ်သည်။ သူတို့က ဖုန်းဟူသောအသံကို ကြားလိုက်ရပြီး ကျန်းရီနှင့်ဖုန်းလန်က မလှမ်းမကမ်းကို ကြည့်လိုက်သည်။ ကောင်းကင်ကို ဖြတ်လျက်ရှိသည့် အဖြူရောင် အလင်းတန်းများကို တွေ့လိုက်ရပြီး အနက်ရောင်စက် တစ်စက်ကို တွေ့လိုက်ရသည်။

“မိုးကြိုးကျွန်းများ ဖြစ်နေမလား။ နေ့ခင်းကြောင်တောင်ကြီးတောင် မိုးကြိုးပစ်တယ်လား မိုးတောင်မရွာသေးဘဲနဲ့လေ”

ကျန်းရီက ဇဝေဇဝါဖြစ်ကာ မျက်တောင်ခတ်လိုက်လေ၏။ သူတို့အနားသို့ရောက်လေ မိုးကြိုးခြိမ်းသံက ပိုမိုကျယ်လောင်လေဖြစ်ပြီး လျှပ်စီးများကို ပိုရှင်းလင်းစွာ မြင်ရလာလေဖြစ်သည်။ အနက်ရောင် အစက်လေးက ဖြေးဖြေးချင်း ပြန့်ကားလာပြီး သူတို့ရှေ့၌ ဧရာမကျွန်းကြီးတစ်ကျွန်းက ပေါ်လာလေ၏။

“ဒီနေရာက သိပ်ထူးဆန်းတာပဲ။ မိုးကြိုးသွားတွေပဲ ဆက်တိုက်ကျနေပြီး တစ်ခြားနေရာတွေမှာ ဘာလို့ဘာမှ မရှိရတာလဲ”

သူတို့အနီးကပ်လေ ပိုစိတ်ရှုပ်ထွေးလေဖြစ်သည်။ ဤနေရာ၌ မိုးမရွာပေ။ မိုးပြာရောင် ကောင်းကင်က တိမ်ကင်းစင်နေ၏။ ထိုသို့တိုင် မိုးကြိုးများက ဘုံကိုးဘုံကနေ ဆက်တိုက်ကျဆင်းလာပြီး ကျွန်းပေါ်သို့ မရပ်မနား ကျနေလေ၏။ မျက်တောင်ခတ်စာ နေတိုင်း၌ လျှပ်စီးပစ်ခတ်နေသည့်ပမာ မရပ်တန့်သွားပေ။

“ကောင်းကင်မိုးကြိုးကို ဆွဲဆောင်နေတဲ့အရာက ကျွန်းပေါ်မှာများ ရှိနေလား”

ကျန်းရီက ကြည့်လိုက်သော်လည်း ကျွန်း၏အတွင်းပိုင်းကို စစ်ဆေးရန် သူ၏ကောင်းကင်စိတ်အာရုံကို မထုတ်ဖော်ရဲချေ။ ဖုန်းလန်နှင့် ရွှေရောင်မျောလွင့်နဂါးတို့ကို သိုသိုသိပ်သိပ် နေရန်တောင် ညွှန်ကြားထားသည်။ ကျွန်းပေါ်ရှိ အခြေအနေအကြောင်း သူတို့မသိ။ သူတို့ကောင်းကင် စိတ်အာရုံကို အဆင်အခြင်မဲ့စွာ ဖြန့်ကျက်ခဲ့လျှင် အချို့သော အင်အားကြီး ပုဂ္ဂိုလ်များကို ဒေါသထွက်စေမိပြီး သူတို့သေလောက်ပေ၏။

နီးကပ်လာသည်နှင့်အမျှ တစ်ကျွန်းလုံးက သုံးယောက်သား၏ မြင်ကွင်းထဲသို့ ရောက်လာသည်။ မလှမ်းမကမ်းကနေ ကြည့်လိုက်သည့်အချိန်တွင် ဤကျွန်းက အလွန်သေးငယ်ပုံပေါ်သော်ငြား အနီးကပ်လာချိန်၌ အမှန်တကယ် ကြီးမားပေ၏။ ထို့အပြင်ကျွန်းက ရှည်ပြီးကျဉ်းမြောင်းသည်။ သုံးယောက်သားက အရှေ့အရပ်ဆီသို့ ကျွန်းသွယ်တန်းနေတာကို မြင်ရပြီး အဆုံးကို မတွေ့ရပေ။ မည်မျှအကွာအဝေးအထိ သွားမည်ဆိုတာ မသိရပေ။

ဝှစ်

အားလုံးက အနားမကပ်ရသေးခင် ပင်လယ်ဘေးရှိ ရဲတိုက်မှ လူရိပ်(၁၂)ရိပ် ပျံသန်းလာသည်။ အားလုံးက အဖြူရောင်တိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်အပြည့်ဖြင့် ကောင်းကင်ဧကရာဇ်ကဲ့သို့ပင် သူတို့၏ သံချပ်ကာများ၌ လှပသည့် ပုံသဏ္ဌာန်များရှိသည်။ ယင်းက မဟာမျိုးနွယ်စုတစ်စုက ပိုင်ဆိုင်သော တူညီဝတ်စုံ ဖြစ်လောက်သည်။

“တပ်မှူးလုဖေးကို နှုတ်ဆက်ပါတယ်”

လူ(၁၂)ယောက်ကြားထဲတွင် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်မှအပ ကျန်သည့်သူများက ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များဖြစ်သည်။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များ အားလုံးက တလေးတစား တညီတညွှတ် အရိုအသေပေးလိုက်ပြီး အဖွဲ့ခေါင်းဆောင် ကောင်းကင်ဧကရာဇ်ကမူ ထူးမခြားနား မေးလိုက်လေ၏။

“လုဖေး သူတို့က လူသစ်တွေလား”

“လူကိုးယောက် နှစ်ဝက်စာအတွက် အလုပ်သမားတွေ”

မုတ်ဆိတ်ဖြင့်လူက စိတ်မပါ လက်မပါဖြင့်ပြောပြီး ကျန်းရီကို အော်လိုက်၏။

“ဧကရီနန်းတော်ထဲက လူအားလုံးနဲ့ ဝိညာဉ်သားရဲတွေကို အကုန်ထုတ်လိုက်။ မင်းတို့နှစ်ယောက် အဲဒီမှာ အဆင့်နိမ့် ဝိညာဉ်သားရဲနှစ်ကောင်ကို ထားလို့ရတယ်”

“ဒါက”

ကျန်းရီက အနည်းငယ် တွေဝေနေသည်။ ကျန်းရှောင်နူနှင့် ချမ်ဝမ်ကွမ်းက တံခါးပိတ် ကျင့်ကြံနေသေးဆဲဖြစ်သည်။ သူကသူတို့ကို အတင်းအဓမ္မ နှိုးလိုက်လျှင် သူတို့ကျင့်ကြံဆင့်ကို သက်ရောက်နိုင်၏။ ကျန့်ဝူရှန်းကလည်း တံခါးပိတ် ကျင့်ကြံနေသေးဆဲဖြစ်ပြီး တာအိုပုံစံများကို ဆင်ခြင်နေတာပဲဖြစ်သည်။

“ဟမ့် သေချင်နေတာလား”

မုတ်ဆိတ်ဖြင့် အဖွဲ့မှူးက မပြောရသေးခင် ဘေးတွင်ရပ်နေသော ကောင်းကင်ဧကရာဇ်က အေးစက်စက် အော်လိုက်၏။

“ရှန်းစီမျိုးနွယ်စုက အပြင်လောကလို မဟုတ်ဘူး။ အမိန့်တွေကို မနာခံရင် ထွက်သွားနိုင်တယ်”

***

All Chapters