ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ ကျင့်ကြံခြင်းစွမ်းအားများ ကြီးမားစွာ တိုးတက်လာခြင်း(၄)။
Vol. 33 Ch. 371
"ဒါပေမဲ့ စတုတ္ထအဆင့် အစီအရင် တည်ဆောက်တာက ရိုးရှင်းမှာ မဟုတ်ဘူး… ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရမှာလေ… ချင်မုဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်လို လုပ်နိုင်ခဲ့တာလဲ.."
ဝိညာဉ်သန္ဓေသား အကြီးအကဲတစ်ဦး တွေးတောလိုက်လေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် စတုတ္ထအဆင့် အစီအရင်ကို အမှန်တကယ် တည်ဆောက်လိုပါက၊ အစီအရင်ပညာရှင် အများအပြား၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ကြီးကျယ်သော အခမ်းအနားတစ်ခု လိုအပ်သည်။ (၁၀)နှစ်ခန့် ကြာမှသာ အောင်မြင်နိုင်သည်။
သို့သော် ယခင်က ထိုကဲ့သို့သော လှုပ်ရှားမှု လက္ခဏာများ မရှိခဲ့သဖြင့် အမှန်တကယ်ပင် စဉ်းစားစရာ ဖြစ်နေသည်။
"ငါ့ ခန့်မှန်းချက်သာ မှန်ရင် အဲ့ဒီ စတုတ္ထအဆင့် အစီအရင်က ကြယ်သုံးပွင့်ကျွန်းစုမှာ ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ် ဖြစ်နိုင်တယ်…"
"မမေ့နဲ့... ကြယ်သုံးပွင့်ကျွန်းစုနားမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ် ရှိတယ်လေ…"
ဝူကျိတာအိုအရှင်က အရိပ်အမြွက် ပြောလိုက်လေသည်။
ဤစကား ပြောလိုက်သည်နှင့်တပြိုင်နက်၊ ရှိနေသော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ၏ မျက်လုံးများတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားကြသည်။
သူတို့သည် အရူးများ မဟုတ်ကြဘဲ ဝူကျိတာအိုအရှင်၏ စကားကို လျင်မြန်စွာ သဘောပေါက်လိုက်ကြသည်။
"မဟာမိတ်အဓိပတိ ဆိုလိုတာကို ကျွန်တော် နားလည်ပါပြီ…"
"ချင်မုဂိုဏ်းက ကြယ်သုံးပွင့်ကျွန်းစုမှာ နေထိုင်တယ်…"
"သူတို့က ရှေးဟောင်း အပျက်အစီးတစ်ခုကို မတော်တဆ တွေ့ရှိခဲ့တာ ဖြစ်မယ်…"
"ဒီရှေးဟောင်း အပျက်အစီးက ကုယုံဂိုဏ်းရဲ့ ကျန်ရစ်ခဲ့တဲ့အရာ ဖြစ်နိုင်တယ်…"
"အထဲမှာ စတုတ္ထအဆင့် ဝိညာဉ်သွေးကြောတင် မကဘူး… စတုတ္ထအဆင့် အစီအရင်နဲ့ ဝိညာဉ်သန္ဓေသား စိတ်ဝိညာဉ်ပစ္စည်းတောင် ရှိနေတာမျိုး…"
"ချင်မုဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဒီနေရာကို အသုံးပြုပြီး သူ့ရဲ့ ဝိညာဉ်သန္ဓေသားကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တာပဲ…"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးက အဖြေရှာတွေ့သွားပုံ ရလေသည်။
ချင်မုဂိုဏ်း၏ ဂိုဏ်းချုပ် လင်းယာကျူ ကြုံတွေ့ခဲ့ရသော အခွင့်အရေးကို သူ အောင်မြင်စွာ ခန့်မှန်းနိုင်ခဲ့ပြီဟု ခံစားလိုက်ရသည်။
အကယ်၍ သူမသာ ကြယ်သုံးပွင့်ကျွန်းစုရှိ ရှေးဟောင်း အပျက်အစီးများကို ရှာမတွေ့ခဲ့လျှင်၊ သို့မဟုတ် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန် အရင်းအမြစ်များ မရရှိခဲ့လျှင် သာမန် နယ်မြေခြား ကျင့်ကြံသူတစ်ဦးသည် ဝိညာဉ်သန္ဓေသားအဆင့်သို့ မည်သို့ ချောချောမွေ့မွေ့ တိုးတက်နိုင်ပါမည်နည်း။
"မဖြစ်နိုင်တာ... ဒီအမျိုးသမီးကျင့်ကြံသူက ထူးထူးခြားခြား ကံကောင်းတာပဲ…"
"သူမက နေထိုင်ဖို့ ကျွန်းတစ်ကျွန်းကို ကျပန်း ရွေးချယ်လိုက်တာနဲ့ ရှေးဟောင်း အပျက်အစီးတစ်ခုကို ရှာတွေ့သွားတယ်ပေါ့…"
"ရိုးရိုးသားသား ပြောရရင် ဒီခန့်မှန်းချက်က ဖြစ်နိုင်ချေ အရမ်း များတယ်လို့ ငါ ထင်တယ်… ကြယ်သုံးပွင့်ကျွန်းစု ပတ်ဝန်းကျင်ဒေသက နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးတွေ ရှိတဲ့နေရာလေ… ဒါပေမဲ့ အပျက်အစီး တစ်ခုတည်း ရှိတယ်လို့ ဘယ်သူ ပြောနိုင်မှာလဲ… ဖြစ်နိုင်တာက အဲ့ဒီပင်လယ်ပြင်တွေမှာ ကုယုံဂိုဏ်းရဲ့ အပျက်အစီးတွေ အများကြီး ကျန်ရှိနေနိုင်တယ်…"
"သေစမ်း... ငါလည်း အရင်တုန်းက အဲ့ဒီပင်လယ်ပြင်တွေဆီ ရောက်ဖူးတယ်… ဘာလို့ ဘာမှ ရှာမတွေ့ခဲ့တာလဲ…"
"အဲ့ဒါကိုက ကံကောင်းမှုလို့ ခေါ်တာပဲလေ… ကံကောင်းတဲ့သူတွေက သူတို့အတွက် အရာရာ အဆင်ပြေလေ့ ရှိတယ်…. ထင်ရှားတာက ချင်မုဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကံကောင်းတဲ့သူမို့လို့ သူ့ရဲ့ ဝိညာဉ်သန္ဓေသားကို ဒီလောက် လွယ်လွယ်ကူကူ ဖွဲ့စည်းနိုင်ခဲ့တာပေါ့…"
ဝိညာဉ်သန္ဓေသား အကြီးအကဲများသည် မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်နေကြလေသည်။
ပုံမှန်အားဖြင့် နယ်မြေခြား ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဝိညာဉ်သန္ဓေသား ဖွဲ့စည်းရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရွှေအမြုတေအဆင့်သည် များသောအားဖြင့် အကန့်အသတ် ဖြစ်သည်။
ပိုမို တိုးတက်ရန်အတွက် ဝိညာဉ်သန္ဓေသား အကြီးအကဲများ၏ အသိအမှတ်ပြုမှုကို ရယူရမည်၊ လုံ့လဝီရိယရှိရှိ အမှုထမ်းရမည်၊ များပြားလှသော ပါဝင်ကူညီမှု အမှတ်များ ရယူရမည်၊
ထို့နောက်မှသာ ဝိညာဉ်သန္ဓေသားဆေးလုံးနှင့် လဲလှယ်ပြီး ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။
သို့သော် ယခုမူ၊ အချို့သော ကျင့်ကြံသူများသည် ဤသို့သော ဒုက္ခများသည် ကိစ္စများအား တစ်ခုမျှ လုပ်စရာမလိုခဲ့ပေ။
သူတို့၏ ကိုယ်ပိုင်အခွင့်အရေးများအား မှီခိုပြီး အတားအဆီးများစွာကို ချိုးဖျက်ကာ ဝိညာဉ်သန္ဓေသားကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြသည်။
တစ်ခုတည်းသော ရှင်းပြချက်မှာ ဤ ချင်မုဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကြီးမားသော ကံကောင်းမှုကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
"မဟာမိတ်အဓိပတိ... ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ…"
တစ်စုံတစ်ယောက်သည် ဝူကျိတာအိုအရှင်ကို ကြည့်ပြီး သူ၏ နောက်ထပ် ခြေလှမ်းကို သိလိုနေလေသည်။
"ဘာလုပ်နိုင်မှာလဲ… သူက ငါတို့ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့အတွက် ငါတို့ရဲ့ မဟာမိတ်အဖွဲ့မှာ အကြီးအကဲ ဖြစ်လာဖို့ သဘာဝကျကျ ဖိတ်ခေါ်ရမှာပေါ့…"
"ငါတို့ ဝူကျိမဟာမိတ်အဖွဲ့အတွက်တော့ ဝိညာဉ်သန္ဓေသားအထိ ကျင့်ကြံနိုင်သူ ဘယ်သူမဆို ငါတို့အတွက် တိုက်ခိုက်ရေးစွမ်းအား ပိုများလာတာပဲ…"
"သူလို စွမ်းအားကြီးတဲ့ ကျင့်ကြံသူမျိုး များလေ ကောင်းလေပဲ…"
ဝူကျိတာအိုအရှင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
ရှေးဟောင်း အပျက်အစီးများ၏ ရတနာဆိုသည်များကို သူ မမက်မောပေ။
အဘယ်ကြောင့်ဆိုသော် သူသည် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သောကြောင့် ဖြစ်သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ အမှန်တကယ် ချိုးဖျက်ဝင်ရောက်စေနိုင်သော ပစ္စည်းများသည် လက်ချိုးရေလို့ရမလောက် နည်းပါးလှသည်။
ထိုပစ္စည်းများကို သူ ရှာတွေ့နိုင်မည့် တစ်ခုတည်းသော နေရာသည် နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်တွင်သာ ဖြစ်ဖို့ များသည်။
သာမန် ရှေးဟောင်း အပျက်အစီးများသည် သူ့အတွက် သိပ်အသုံးဝင်မည် မဟုတ်သဖြင့်၊ သူ သဘာဝကျကျ လိုချင်တပ်မက်မှု ရှိမည် မဟုတ်ပေ။
"ကောင်းပါပြီ မဟာမိတ်အဓိပတိ…"
ထိုစကားကို ကြားသောအခါ ဝိညာဉ်သန္ဓေသား အကြီးအကဲများ ခေါင်းညိတ်လိုက်ကြသည်။
သူတို့သည် ဝူကျိတာအိုအရှင်၏ ဆုံးဖြတ်ချက်ကို စောစီးစွာကပင် သိထားကြသည်။
ဝူကျိမဟာမိတ်အဖွဲ့သည် အခြေခံအားဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူ မဟာမိတ်အဖွဲ့ဖြစ်သဖြင့် ၎င်း၏ အဖွဲ့ဝင်များအပေါ် ကန့်သတ်ချက်များသည် သိပ်မပြင်းထန်ပေ။
လူတိုင်းသည် အခြား ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုများကို ခုခံရန် အုပ်စုဖွဲ့ စုရုံးနေကြခြင်းသာ ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဤအသစ်စက်စက် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအပေါ် သဘာဝကျကျ ဖော်ရွေသော သဘောထား ရှိကြသည်။
မည်သို့ပင်ဖြစ်စေ၊ ဝူကျိမဟာမိတ်အဖွဲ့သည် ပင်လယ်မျိုးနွယ်စုနှင့် ယခင်စစ်ပွဲတွင် ဝိညာဉ်သန္ဓေသား အကြီးအကဲ အများအပြား ဆုံးရှုံးခဲ့ရသည်။
ဤသည်မှာ ပြန်လည်အစားထိုးရန် အကောင်းဆုံး အခွင့်အရေးပင်။
…
မကြာမီတွင် ဤဝိညာဉ်သန္ဓေသားအဆင့် ညီလာခံ ပြီးဆုံးသွားခဲ့လေသည်။
ကြီးမားသော ညီလာခံခန်းမကြီးထဲတွင် ဝူကျိတာအိုအရှင်နှင့် သခင်မမက်မွန်ပွင့်တို့သာ ကျန်ရစ်ခဲ့သည်။
"သမီး မက်မွန်ပွင့်ကျွန်းက အစေခံမလေးတွေကို ကြယ်သုံးပွင့်ကျွန်းစေဆီ မကြာသေးမီက လွှတ်လိုက်တယ်လို့ အဖေ ကြားတယ်… အဲ့ဒါ အမှန်ပဲလား…"
ဝူကျိတာအိုအရှင်က သူ၏ သမီးဖြစ်သူ သခင်မမက်မွန်ပွင့်ကို ကြည့်လိုက်လေသည်။
"အဖေ... အဖေက ဒီလို သေးဖွဲတဲ့ ကိစ္စတွေကို ဘယ်တုန်းက စပြီး ဂရုစိုက်လာတာလဲ…"
သခင်မမက်မွန်ပွင့် မျက်ခုံးပင့်လိုက်လေသည်။
"ဒါက ကိစ္စသေးလေး မဟုတ်ဘူး…"
"အဖေ့သမီးရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကိစ္စပဲ.."
"ကြည့်ရတာ သမီးက အစေခံမလေးတွေကို ယောက်ျားတစ်ယောက်နဲ့ အတူနေဖို့ လွှတ်လိုက်တာပဲ…"
"ပြီးတော့ ဒီအမျိုးသားက သမီးရဲ့ မက်မွန်ပွင့်ကျွန်းကိုတောင် လာလည်ဖူးသေးတယ်… ဒါ အမှန်ပဲလား…"
ဝူကျိတာအိုအရှင် အလွန် ဒေါသထွက်နေပုံ ရလေသည်။
မှန်ပေသည်၊ သူ ဤအကြောင်းကို စတင်ကြားသိရတုန်းက နှလုံးရပ်မတတ်ပင် ဖြစ်ခဲ့ရသည်။ သူ၏သမီးသည် သူမသိဘဲ အခြားသော ယောက်ျားတစ်ဦးနှင့် ပတ်သက်နေခြင်းပင်။
နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာပြီးမှ သူ၏သမီးအား အခြားယောက်ျားတစ်ဦးမှ ခေါ်ဆောင်သွားမည့် နာကျင်မှုကို သူ စတင် ခံစားလိုက်ရသည်။
ထိုအကြောင်းကို တွေးမိတိုင်း သူ ဒေါသထွက်မိလေသည်။
"အင်း… အမှန်ပါပဲ…"
"ဒါပေမဲ့ ဒါက အဖေနဲ့ သိပ်မဆိုင်ဘူး မဟုတ်လား…"
သခင်မမက်မွန်ပွင့်က လေးနက်စွာ ပြောလိုက်သည်။
"ဘယ်လိုလုပ် မဆိုင်ရမှာလဲ…"
"သမီး ကြိုက်နေတဲ့ အကောင်က ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးလေ…"
"ပြီးတော့ သူ့မှာ ကျင့်ကြံခြင်း လက်တွဲဖော်တွေ ရှိနေပြီးသား…"
"သမီးက ဘယ်လိုလုပ် ဒီလိုလူမျိုးကို သဘောကျနိုင်ရတာလဲ…"
"အဖေ ကြားတာတော့ အဲ့ဒီကောင်က မိန်းမပိုက်ဆံနဲ့ ရပ်တည်နေတဲ့ ချူဆီကောင်တစ်ယောက်တဲ့…"
"သူက တခြား ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူတွေကို မျက်နှာလိုမျက်နှာရ လုပ်ပြီး… ရွှေအမြုတေအဆင့်ရောက်အောင် ကျင့်ကြံနိုင်ခဲ့တာ…"
ဝူကျိတာအိုအရှင် အံကြိတ်လိုက်လေသည်။ သူ ဘာဆက်ပြောရမှန်း မသိတော့ပေ။
အကယ်၍ သူ့သမီး ကြိုက်သော အမျိုးသားသည် လူကောင်းတစ်ယောက် ဖြစ်ပါက သူ အံကြိတ်ပြီး လက်ခံပေးရန် ဆန္ဒရှိသည်။
သို့သော်၊ သမီးဖြစ်သူ နှစ်သက်နေသူသော ထိုအကောင်စုတ်တွင် ကျင့်ကြံခြင်း လက်တွဲဖော်သာမက၊ တခြားသော မိန်းမများပင် ရှိနေဦးမည်ဟု မည်သူ ထင်မိမည်နည်း။
ဒင်းသည် အိမ်ထောင်သည်ယောက်ျားတစ်ဦး ဖြစ်နေချေသည်။ ထိုအရာအား ဝူကျိတာအိုအရှင်တစ်ယောက် သည်းမခံနိုင်အောင် ဖြစ်နေရှာသည်။
သူ၏ ဖြူစင်အပြစ်ကင်းသော သမီးလေးက အဘယ်ကြောင့် သူတစ်ပါး၏ ကိုယ်လုပ်တော် ဖြစ်ရပါမည်နည်း။ ယင်းသည် မည်သို့မျှ အဓိပ္ပါယ်မရှိပေ။
စိတ်အပျက်ရဆုံး အပိုင်းသည် ထိုအကောင်စုတ်သည် မိန်းမအထောက်အပံ့ဖြင့် ရပ်တည်နေသော ချူဆီကောင် ဖြစ်နေခြင်းပင်။
ထိုချူဆီကောင်သည် ရည်ရွယ်ချက်များဖြင့် တမင် သူ၏ အဖိုးတန် ချစ်သမီးထံ ချဉ်းကပ်လာခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေချေသည်။
"အဖေ... အဖေ သူ့ကို နားမလည်ပါဘူး…"
"သူက ချူဆီလေး မဟုတ်ဘူး… တကယ့် သူရဲကောင်းပါ…"
"သူသာ မရှိရင် သမီး အခု အသက်ရှင်နေမှာတောင် မဟုတ်ဘူး…"
သခင်မမက်မွန်ပွင့်ခမျာ အလွန်ပင် မပျော်မရွှင် ဖြစ်သွားလေသည်။ သူမ၏ ဖခင်သည် ကျိုးစွေ့အကြောင်း ကိုယ်တိုင်ကိုယ်ကျ စုံစမ်းခဲ့သည်မှာ သေချာသည်။
သို့မဟုတ်ပါက၊ သူ ဤမျှ များစွာ သိထားနိုင်မည် မဟုတ်ချေ။
သို့သော် ကျိုးစွေ့သည် မည်မျှ ဉာဏ်ကြီးရှင်ဖြစ်ကြောင်းကိုမူ သူမထက် မည်သူမျှ ပိုမသိနိုင်ချေ။
ဝူကျိမဟာမိတ်အဖွဲ့ထဲက ရှိသမျှ အမျိုးအသားကျင့်ကြံသူ အကုန်ပေါင်းလျှင်ပင် မည်သူမျှ သူ့ကို မယှဉ်နိုင်ပေ။
ဘာ…။
ဤစကားကို ကြားသောအခါ ဝူကျိတာအိုအရှင်တစ်ယောက် သွေးအန်လုနီးပါး ဒေါသထွက်သွားပြီး မျက်နှာ စိမ်းဖန်သွားရလေသည်။
ငါ သူ့ကို နားမလည်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ…။
ဒါ ငါ အရင်က သိခဲ့တဲ့ ချစ်စရာ သမီးလေးရော ဟုတ်ရဲ့လား…။
သူမက အဲ့ဒီအကောင်စုတ်ရဲ့ ပုံစံအတိုင်း လုံးဝ ပြောင်းလဲသွားပြီ…။
အဲ့ဒီ သူတောင်းစား ချူဆီကောင်က ငါ့သမီးကို ဘယ်လို အချစ်ဆေးမျိုး တိုက်လိုက်တာလဲ…။
"အဖေ... သမီး သတိပေးလိုက်မယ်.. သူ့ကို ဘာမှ လုပ်ဖို့ မကြိုးစားပါနဲ့…"
"မဟုတ်ရင် သမီး အရမ်း ဒေါသထွက်ပြီး ဒီတစ်သက် အဖေ့ကို ဘယ်တော့မှ စကားပြန်ပြောမှာ မဟုတ်တော့ဘူး…"
သခင်မမက်မွန်ပွင့် နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားလေသည်။
သူမသည် သူမ၏ ဖခင်နှင့် ဤကိစ္စကို ဆက်လက် ဆွေးနွေးလိုခြင်း မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ၊ မည်သည့်ရလဒ်မျှ ထွက်လာနိုင်မည် မဟုတ်ချေ။