အခန်း (၈၆၉-၈၇၀)
Vol. 53 Ch. 869-870
အပိုင်း (၈၆၉)
ရှမ့်လန်က သူ၏ရှေ့မှောက်တွင် မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် ဆံပင်များပင် ထောင်ထသွားမိ၏။ သူ ဘာကို မြင်နေရသနည်း။ မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားအုပ်ကြီးပင် ဖြစ်၏။ မိုင်ပေါင်းရာဂဏန်းမျှ ကျယ်ပြန့်သည့် ပင်လယ်ပြင်ကြီးအတွင်း၌ ထိုမွန်းစတားများက နေရာအနှံ့ရှိနေကြပြီး ထိုအရာက တကယ့်ကို စိတ်လှုပ်ရှားဖွယ်ရာ ကောင်း၏။
ဤပင်လယ်မိစ္ဆာများက တကယ့်ကို ရက်စက်ကြမ်းကြုတ်လှပုံပေါ်ပြီး ပြူးထွက်လျက် ရှိနေသည့် မျက်လုံးများ၊ တစ်ကိုယ်လုံးရှိ ဆူးချွန်များနှင့် အကျိအချွဲများကလည်း ရှိနေသေး၏။ သူတို့က မည်သည့်မျိုးစိတ် ဖြစ်ကြောင်းကိုပင် ခွဲခြား၍မဖြစ်နိုင်ချေ။ အနည်းဆုံး ရှမ့်လန်အနေနှင့် ထိုအကောင်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
သို့သော်ငြား သေချာသည်က ထိုအကောင်များက လွန်စွာ လျင်မြန်လွန်းကြခြင်းပင်။ သန်မာလွန်းသည့် အမြီးများ၊ ကြီးမားလွန်းသည့် ခြေထောက်ကြီးများ၊ ကြွက်သားများ အမြောင်းမြောင်း ထနေသည့် လက်မောင်းများ၊ ချွန်ထက်နေသည့် လက်သည်းများနှင့် လွှသွားကဲ့သို့သော သွားများက သူတို့ကို အလွန် ရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ရာ ကောင်းစေ၏။ မွန်းစတားတစ်ကောင်ချင်းစီက မတ်တတ်ရပ်လိုက်လျှင် လူတစ်ဦး ၏ အရပ်မောင်းထက် ပိုမိုကာ မြင့်မားပေလိမ့်မည်။
ရှမ့်လန်က သူ၏ AI အတွင်းရှိ အချက်အလက်ပေါင်းများစွာကို ရှာဖွေကြည့်သော်လည်း ဤထူးဆန်းသည့် သတ္တဝါနှင့် ပတ်သက်သည့် မှတ်တမ်းကိုမူကား မတွေ့ခဲ့ချေ။
ရှမ့်လန်ကို ထိတ်လန့်သွားစေသည်က ဤမိစ္ဆာများ၏ ရုပ်ရည်ကြောင့် မဟုတ်ပေ။ ထူးဆန်းသည်က ထိုမိစ္ဆာပေါင်းများစွာတို့က ပင်လယ်ပြင်တွင် စနစ်တကျ မတ်တတ်ရပ်နေကြပြီး လှုပ်ရှားမှုမရှိဘဲ ကောင်းကင်ယံရှိ ကြီးမားသည့် တံလျှပ်မြင်ကွင်းကြီးကိုသာ ကြည့်ရှုနေကြခြင်းဖြစ်သည်။ ရှမ့်လန်က ထိုသူတို့၏ မျက်လုံးထောင့်ဆီမှ မျက်ရည်များ စီးကျနေသည်ကိုပင် မြင်ရ၏။
“ဒါဘာကြီးပါလိမ့်။”
ပင်လယ်မွန်းစတား သန်းပေါင်းများစွာတို့က ရုပ်ရှင်ကြည့်နေကြသည်လားပင်။ ထို့အပြင် မျက်ရည် ကျသည်အထိပင် စိတ်လှုပ်ရှားနေသည်လား။
ဘေးနားရှိ ဟီလာက မှင်သက်လျက် ရှိနေ၏။ သူမကလည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူမက ပင်လယ်မွန်းစတားပေါင်းများစွာတို့နှင့် တိုက်ခိုက်ဖူးသည် ဆိုသော်လည်း ဤမျှ များပြားသည့် ပင်လယ်မွန်းစတားအုပ်ကြီးကိုတော့ တပြိုင်နက်တည်း မတွေ့ခဲ့ဖူးချေ။
ပင်လယ်ထဲရှိ ငါးများထက်ပင်လျှင် ပိုမိုကာ များပြားနေခဲ့ပြီး ထိုအရာက ကြည့်ရှုလိုက်ရုံနှင့်ပင် ကြက်သီး မွေးညင်းများပင် ထစရာကောင်း၏။ ထို့အပြင် ဤမိစ္ဆာများက တံလျှပ်မြင်ကွင်းများကိုသာ စိတ်အာရုံ စူးစိုက်နေသောကြောင့် မလှုပ်မယှက်ရှိနေကြပြီး ရှမ့်လန်တို့၏ ရွက်လှေကြီး အနားသို့ ရောက်ရှိလာခြင်းကိုပင် ဂရုမစိုက်ကြချေ။
သို့သော်လည်း ဤမြင်ကွင်းက ကြောက်မက်ဖွယ်ရာ ကောင်းလှပေ၏။ အကယ်၍ ဤမိစ္ဆာများကသာ တိုက်ခိုက်လာသည်ဆိုပါက ရှမ့်လန်၏လှေက တစ်ခဏချင်း အစိတ်စိတ်အမွှာမွှာ ကြေမွသွားမှာ ဖြစ်၏။ ဟီလာ၏သိုင်းပညာ မည်မျှ မြင့်မားနေစေကာမူ ပင်လယ်မွန်းစတား အရေအတွက်က တကယ့်ကို များပြားလွန်းသောကြောင့် ဘာမှတတ်နိုင်မည်မဟုတ်ပေ။
ရှမ့်လန်၊ ဟီလာနှင့် သင်္ဘောသား ၂၀ တို့က အသက်ပင် ဝဝမရှူရဲကြတော့ပေ။ ရွက်လှေကြီးက တံလျှပ်ကို ကြည့်ပြီး ငိုကြွေးနေသည့် မွန်းစတားများကို မနိုးမိစေရန်နှင့် ထိုမိစ္ဆာအုပ်ကြီးကြားမှ တိတ်တဆိတ် ဖြတ်သန်း သွားရ၏။ သို့သော်ငြား မကြာခင်မှာပဲ များပြားလွန်းသည့် မွန်းစတားအုပ်ကြီးကြားမှ မရှောင်နိုင်ချေ။ သူတို့က ပင်လယ်ပြင်၏ ထောင့်တိုင်းကို ပိတ်ဆို့ထားကြသောကြောင့် ရှမ့်လန်တို့၏ ရွက်လှေကြီးက ထိုအကောင်တို့နှင့် တိုက်မိတော့မလို အခြေအနေမျိုးသို့ ရောက်ရှိ၏။
“အားနာပါတယ်နော်။ လမ်းဖယ်ပေးကြပါအုံ ပင်လယ်မွန်းစတားတို့ရေ။”
ရှမ့်လန်က စိတ်ကိုတင်းပြီး မွန်းစတားများကို ဘေးသို့တွန်းဖယ်ကာဖြင့် ရွက်လှေကို ရှေ့သို့သွားစေ၏။ ထိုရက်စက်ကြမ်းကြုတ်လွန်းသည့် ပင်လယ်မွန်းစတားများက လုံးဝပြန်လည် မတုံ့ကြချေ။ သူတို့က ရွက်လှေ၏ တွန်းဖယ်ခြင်းကိုခံရသော်လည်း မလှုပ်မယှက်ဖြင့် ကောင်းကင်ရှိ တံလျှပ်ကြီးကိုသာလျှင် စူးစိုက်ကြည့်နေသည်။
ဟီလာက စကားပင်မဆိုနိုင်ချေ။ ဤမွန်းစတားများက မည်မျှအထိ ရက်စက်ကြမ်းကြုတ်ကြောင်း သူမ ကောင်းကောင်း သိ၏။ သူတို့က တိရစ္ဆာန်များထက်ပင် ပိုမိုကာ ရက်စက်ပြီး သက်ရှိသတ္တဝါ မှန်သမျှကို ဖျက်ဆီးလိုသည့်ဆန္ဒများ သူတို့၏ ဦးနှောက်ထဲ စိမ့်ဝင်နေကြသူများပင်။ သို့သော်ငြား ယခု ထိုသူတို့က တကယ့်ကို ငြိမ်းချမ်းစွာဖြင့် နာခံလျက် ရှိနေကြ၏။ ဘေးသို့တွန်းဖယ်ခြင်းကို ခံရသည့်တိုင်အောင် အကြည့်ကို မလွှဲကြချေ။ ရွက်လှေကိုပင် လှည့်မကြည့်ကြပေ။
ရွက်လှေက အလင်းဖန်သားပြင်ကြီးနှင့် တဖြည်းဖြည်း ဝေးကွာသွားခဲ့ပြီး ပျောက်ဆုံးသွားသည့် နိုင်ငံ၏ အပျက်အစီးများ ရှိရာဆီသို့ နီးကပ်လာ၏။ ရှမ့်လန်က နောက်သို့ လှည့်မကြည့်ဘဲ မနေနိုင်ပေ။ ဘာတွေများ ကြည့်နေရသနည်း။ ထိုအရာက ပင်လယ်မွန်းစတားများအတွက် ရုပ်ရှင်ဇာတ်ကားများလား။ အဘယ့်ကြောင့် ဤမျှထိ စိတ်ပါလက်ပါ ကြည့်နေရသနည်း။
ပြီးနောက် သူက တစ်ချက်ကြည့်လိုက်ရုံနှင့် မင်သက်သွားခဲ့၏။ ကျောက်ရုပ်ကဲ့သို့ပင် ဖြစ်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် သူက ဘုရင်မမီဒူဆာကို မြင်လိုက်ရသောကြောင့်ပင်။ ဟုတ်ပေ၏။ ထိုအရာက ဘုရင်မမြို့တော်မှ ဘုရင်မမီဒူဆာ မဟုတ်ဘဲ အစစ်အမှန် ဘုရင်မမီဒူဆာ ဖြစ်၏။
ဤတံလျှပ်ကြီးက မိုင်ပေါင်းသိန်းနှင့်ချီ၍ ကျယ်ပြန့်သည့် ခမ်းနားသော မြို့တော်ကြီးတစ်ခုပင် ဖြစ်၏။ မြို့၏အလယ်ဗဟိုတွင် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားသည့် ဘုရင်မမီဒူဆာ၏ ရုပ်တုကြီး ရှိနေပြီး ထိုအရာက လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသည့် ဘုရင်မကြီးပင်။ သူမက တကယ့်ကို လှပလွန်း၏။ သူမ၏ အလှတရားက လောကကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့်အပြင် ဆွဲဆောင်မှုရှိသည့် စွမ်းအားများဖြင့်လည်း ပြည့်နှက်နေသည်။
သို့သော်ငြား ထိုအရာက အဓိကအချက် မဟုတ်ချေ။ ရှမ့်လန်က သူမ၏ မျက်လုံးများကို မတော်တဆ စိုက်ကြည့်မိ၏။ ထိုအချိန်မှာတော့ သူ၏ဝိညာဉ်တစ်ခုလုံး စုပ်ယူခံလိုက်ရသကဲ့သို့ပင် ခံစားရ၏။ သူက အိပ်မွေ့ချခံလိုက်ရသကဲ့သို့ ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း တောင့်တင်းပြီး အချိန်နှင့် ပတ်ဝန်းကျင် အားလုံးကိုပင် မေ့လျော့သွားခဲ့၏။
“မောင်လေး.. မောင်လေး...” ဟီလာက ရှေ့ကိုတိုးပြီး ရှမ့်လန်၏မျက်နှာကို အသာအယာပုတ်၏။ ပုလင်းငယ် တစ်ခုကို ထုတ်ယူပြီး ရှမ့်လန်၏ နှာခေါင်းရှေ့တွင် ထား၏။ အလွန်စူးရှသည့် အနံ့တစ်ခုက ရှမ့်လန်၏ နှာခေါင်းတွင်းသို့ ဝင်ရောက်ပြီး ရှမ့်လန်က ချက်ချင်း သတိဝင်လာသည်။
သူက ဘုရင်မမီဒူဆာ ရုပ်တု၏ မျက်လုံးကြီးဆီမှ ချက်ချင်း ရှောင်လွှဲလိုက်ပြီး အလင်းဖန်သားပေါ်ရှိ တခြားသောနေရာများကို ကြည့်၏။ မည်မျှ ခမ်းနားလိုက်သည့် မြို့တော်ကြီး ဖြစ်သနည်း။ မြို့၏ တစ်ဝက်လောက်က ပင်လယ်ရေအောက်တွင် ရှိနေပြီး ကျန်တစ်ဝက်က ရေပေါ်တွင် ပေါ်နေ၏။ ထိုအရာက ရှမ့်လန်၏ စိတ်ကူးအတွေးများထက်ပင် ကျော်လွန်နေ၏။
အကြောင်းရင်းမရှိဘဲ ရှမ့်လန်က ဒဏ္ဍာရီလာ ပျောက်ဆုံးနေသည့် ယဉ်ကျေးမှုတစ်ခု ဖြစ်သည့် အတ္တလန္တိတ် အကြောင်းကိုပင် သတိရလိုက်မိ၏။ သေချာသည်က သူ၏ရှေ့မှောက်ရှိ ကြီးမားလွန်းသော တံလျှပ်မြို့တော်ကြီးက အတ္တလန္တိတ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရင်မမီဒူဆာက ဤမြို့၏ နတ်ဘုရားတစ်ပါးကဲ့သို့ အထွတ်အထိပ် ခေါင်းဆောင် ဖြစ်ခဲ့သောကြောင့်ပင်။
အတ္တလန္တိတ်က လူသားများ အရှိန်အဟုန်ပြင်းပြင်းနှင့် တိုးတက်ခဲ့သည့် ဒဏ္ဍာရီလာ ယဉ်ကျေးမှုတစ်ခု ဖြစ်၏။ ထိုသို့ဆိုလျှင် ဤရုပ်တုနှင့် ရှမ့်လန် သိရှိထားသည့် ဘုရင်မမီဒူဆာတို့၏ ကြား၌ မည်သည့် ပတ်သက်မှု ရှိနေသနည်း။ ရှမ့်လန်က ထိုတံလျှပ်ကို ထပ်မံကာ ကြည့်၏။ ထိုအရာက ပုံရိပ်ယောင်တစ်ခု မဟုတ်ဘဲ အစစ်အမှန် တည်ရှိနေခြင်း ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
ထိုအရာက အလင်းပြန်ခြင်းမှတဆင့် ပေါ်ပေါက်လာခဲ့သော အဝေးမှ မြို့တော်ကြီးတစ်ခုပင်။ ကမ္ဘာပေါ်တွင် တံလျှပ်ပေါင်းများစွာ ရှိသော်လည်း ဤမျှထိ ထိတ်လန့်ဖွယ်ရာ ကောင်းသည့်တပ်လျှပ်မျိုးကိုတော့ သူ မမြင်ခဲ့ဖူးချေ။ အစစ်အမှန်ဆန်လွန်းနေ၏။
ထို့အပြင် ရှမ့်လန်က တံလျှပ်အတွင်းရှိ မြို့တော်ကြီးက တစ်စုံတစ်ရာ ပျက်စီးယိုယွင်းနေကြောင်း သတိပြုမိ၏။ နေနှင့်လေဒဏ်ကြောင့် ဟောင်းနွမ်းနေသည့် အမှတ်အသားများ ရှိနေပြီး အသက်ရှင်နေသည့် လက္ခဏာများလည်း မတွေ့ရချေ။ ဤသည်က အစစ်အမှန် ပျောက်ဆုံးသွားသည့် နိုင်ငံပင် ဖြစ်ရပေမည်။
ရှမ့်လန်က မရေတွက်နိုင်သည့် ပင်လယ်မိစ္ဆာများကို ထပ်မံကြည့်၏။ သူတို့က ဤမြို့တော်ကြီးကို လွန်စွာ စွဲလမ်းနေကြောင်းလည်း တွေ့ရ၏။ ဖြစ်နိုင်သည်က ဤမြို့တော်ကြီးက တစ်ချိန်က သူတို့၏ မိခင်နိုင်ငံ ဖြစ်ခဲ့သော်လည်း နှစ်ပေါင်းထောင်ချီကြာချိန်၌ ပျက်စီးသွားခဲ့ခြင်းလား။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ထိုမွန်းစတားများကလည်း အသိဉာဏ်ရှိသည့် သတ္တဝါများ ဖြစ်ခဲ့လေသည်လား။ တစ်စုံတစ်ခုသော ပြောင်းလဲများကြောင့် ပျောက်ဆုံးသွားသည့် နိုင်ငံကြီး ပျက်စီးသွားခဲ့ပြီး ထိုသူများက ပင်လယ်မွန်းစတားများ ဖြစ်သွားခဲ့ကြခြင်းလား။
သို့သော်ငြား ထိုအရာက မမှန်ကန်နိုင်ပေ။ ဘုရင်မမီဒူဆာက ရှေးဟောင်းလူသားတစ်ဦး ဖြစ်၏။ ပျောက်ဆုံးသွားသည့် နိုင်ငံ၏ သမိုင်းက နှစ်ပေါင်းထောင်ဂဏန်းမျှသာ ရှိသေးပုံရသဖြင့် ရှေးဟောင်း ယဉ်ကျေးမှု တစ်ခု မဟုတ်နိုင်ချေ။
ရှမ့်လန်က သူ၏ခေါင်းကို ခါယမ်း၏။ အတွေးများအားလုံးကို ဖယ်ထုတ်လိုက်၏။ ဤလောကကြီးတွင် လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေ၏။ သို့သော်ငြား ယခုအချိန်တွင် လျှို့ဝှက်ချက်များကို ရှာဖွေရမည့်အချိန် မဟုတ်ချေ။ မွန်းစတားများ ရုပ်ရှင်ကြည့်နေသည့်အချိန်တွင် သူတို့ အမြန်ဆုံး ထွက်ခွာသွားရန် လိုအပ်၏။ နေဝင်သွားသည်နှင့် တံလျှပ်ကလည်း ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအချိန်မျိုးဆိုလျှင် မွန်းစတားများ သတိဝင်လာပေလိမ့်မည်။ ထိုသို့ဆိုပါက သူတို့၌ မြှုပ်စရာနေရာဟူ၍ပင် ရှိတော့မည် မဟုတ်ပေ။
“သွားကြစို့။ သွားကြစို့။”
ရွက်များကို တင်းနေအောင် ဆွဲပြီးနောက် သင်္ဘောသားများက အားကုန်အားစိုက်ကာ လှော်ခတ်၏။ ဤထူးဆန်းသည့် ပင်လယ်ပြင်ဆီမှ ထွက်ခွာ၍ ကုန်းမြေပေါ်သို့ ဆင်းသက်ရန် ကြိုးစားကြ၏။ နေက တဖြည်းဖြည်း ဝင်သွားပြီဖြစ်သကဲ့သို့ ပင်လယ်ပြင်ပေါ်ရှိ ကြီးမားသည့် တံလျှပ်ကြီးကလည်း တဖြည်းဖြည်း မှိန်ဖျော့လာ၏။ မွန်းစတားများက တဖြည်းဖြည်း သတိဝင်လာခဲ့ကြ၏။
“မြန်မြန်... မြန်မြန်...”
နေဝင်မှုက လွန်စွာ မြန်ဆန်ပြီး ပင်လယ်ရေမျက်နှာပြင်အောက်သို့ တစ်ခဏချင်း ရောက်ရှိသွား၏။ ခမ်းနားလွန်းသည့် တံလျှပ်ကြီးက ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ ပင်လယ်မွန်းစတားတို့က အိပ်မက်မှ နိုးထလာသကဲ့သို့ပင် တဖြည်းဖြည်း သတိဝင်လာ၏။ ပြီးနောက် ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်း တစ်ခု ပေါ်လာသည်။
မရေမတွက်နိုင်သည့် မွန်းစတားများက ရှမ့်လန်တို့အား အတာလှည့်ကြည့်၏။ သူတို့၏ မျက်လုံးထဲတွင် စာနာစိတ်ဟူ၍မရှိဘဲ စားသောက်ဖွယ်ရာ ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေ၏။
‘ဒါဘာကြီးလဲ။ ဘာပဲဖြစ်ဖြစ် အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပြီး စားရတော့မည်’ ဆိုသည့် အကြည့်မျိုးပင်။ ဤမွန်းစတားများ၏ မျက်လုံးများဆီမှ ရက်စက်ကြမ်းကြုတ်သည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
“ပြေးတော့..” ဟီလာက ဘာမှထပ်မပြောတော့ပေ။ သူမ၏မောင်လေး ရှမ့်လန်ကို ပွေ့ချီကာဖြင့် အမြှောက်ဆံ တစ်စင်းကဲ့သို့ အရှိန်ပြင်းစွာဖြင့် ပျောက်ဆုံးသွားသည့် နိုင်ငံ၏ အပျက်အစီးများ ရှိရာသို့ အလွန် လျင်မြန်သည့် နှုန်းဖြင့် ပြေးထွက်သွား၏။
ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ပင် မွန်းစတားပေါင်းများစွာတို့က ဟီလာနောက်သို့ ချက်ချင်းပဲ အပြေးလိုက်၏။ ဤမွန်းစတားများ၏ အရှိန်က လွန်စွာမြန်ဆန်၏။ တစ်စက္ကန့်လျှင် ၁၀ မီတာမှ ၂၀ မီတာအထိ ပြေးနိုင်ကြသော်လည်း ဟီလာက ထိုသူတို့ထက် ပိုမိုကာ မြန်ဆန်နေသေး၏။ သို့သော်ငြား သူတို့၏ရှေ့တွင် မိစ္ဆာများ ရှိနေဆဲ ဖြစ်ပြီး ထိုသူတို့က ဟီလာနှင့် ရှမ့်လန်တို့အပေါ် ခုန်အုပ်ရန် ကြိုးစားနေသည်။
ဟီလာက သူမ၏ဓားကို ဆွဲမထုတ်ခဲ့ချေ။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ တိုက်ခိုက်ရေး စွမ်းအင်များကို စုစည်းလိုက်ပြီး ခန္ဓာကိုယ်ဆီမှ အလင်းတန်းများ ထုတ်ဖော်ကာ တိုက်ခိုက်သည်။ ယခုအချိန်မှာတော့ ဟီလာက ရူးသွပ်နေသည့် တင့်ကားကြီး တစ်စင်းကဲ့သို့ပင် ဖြစ်နေပြီး လမ်းတစ်လျှောက်ရှိ မွန်းစတား အားလုံးကို တိုက်ကြိတ်သွား၏။ သူမနှင့် တိုက်မိသည့် မွန်းစတားအားလုံးက သေကြေ ပျက်စီးသွားရ၏။
သူတို့က ကုန်းမြေနှင့် မီတာ တစ်ရာခန့်သာ ဝေးကွာတော့သောကြောင့် ဟီလာက ရှမ့်လန်ကို ပိုမို တင်းကြပ်စွာ ဖက်ထားပြီး အရှိန်ကို မြှင့်သည်။
၄ စက္ကန့်၊ ၃ စက္ကန့်၊ ၁ စက္ကန့် ....။
“ဒုန်း”
ဟီလာက ရှမ့်လန်ကို ပွေ့ချီပြီး ကုန်းမြေပေါ်သို့ အရှိန်ပြင်းစွာ ဆင်းသက်၏။ နောက်ဆုံးမှာတော့ သူတို့က ကုန်းမြေပေါ်သို့ အောင်မြင်စွာ ရောက်ရှိသွား၏။
ဟီလာက ရှမ့်လန်ကို ဖက်ထားပြီး မြေပြင်ပေါ်တွင် လှဲ၏။ အသက်ကိုပင် မနည်း ရှူနေရ၏။ သူမ၏ ကျောဘက်ရှိ သရေဝတ်စုံက မွန်းစတားများ၏ ဆွဲဖြဲခြင်းကို ခံထားရသောကြောင့် သွေးစွန်းသည့် ဒဏ်ရာတစ်ခု ရှိနေသော်လည်း ဒဏ်ရာနက်ခြင်းမျိုးတော့ မရှိချေ။ စောဏက မြင်ကွင်းက တကယ့်ကို ခမ်းနားသည် ဆိုသော်လည်း စွမ်းအင်အများအပြားကို အသုံးပြုခဲ့ရခြင်းပင်။ သူမက တစ်ကြိမ်တည်းနှင့် မွန်းစတား ရာပေါင်းများစွာကို တိုက်ခိုက်ခဲ့ရသည်။
သို့သော်ငြား ဤမွန်းစတားများက ကုန်းမြေပေါ်သို့ မတက်ရဲကြပုံပင်။ ရှမ့်လန်နှင့် ဟီလာတို့က ကုန်းမြေပေါ်သို့ ခြေချလိုက်သည်နှင့် မွန်းစတားများက လိုက်လံတိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး သူတို့နှစ်ဦးအား သွေးဆာသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
မွန်းစတားပေါင်းများစွာတို့က တစုတဝေး ရောက်ရှိလာခဲ့၏။ ယခင်က သူတို့ ရုပ်ရှင်ကြည့်ရန် တန်းစီနေကြသော်လည်း ယခု ရှမ့်လန်နှင့် ဟီလာတို့ကို ကြည့်ရန် တန်းစီလာခဲ့၏။ သောင်းနှင့်ချီသည့် မွန်းစတားများက ကမ်းခြေတွင် စုရုံးနေ၏။ ဟီလာကို ရန်လိုသော အကြည့်ဖြင့် ကြည့်သည်။
ရှမ့်လန်က သူ၏အစ်မဖြစ်သူကို ကြည့်၏။ ဟီလာက ရှမ့်လန်၏ ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်လိုက်ရာ ဘာမှမဖြစ်ဘဲ ဘေးကင်းကြောင်း တွေ့ရှိရသောကြောင့် သက်ပြင်းချလိုက်၏။
“ငါတို့ ၁၀ နှစ်ကျော် ကြာအောင် သူတို့နဲ့ တိုက်ခိုက်ခဲ့တာ သွေးကြွေးတွေ ရှိနေပြီ။ ငါ ပင်လယ် မွန်းစတားပေါင်း ထောင်ချီပြီး သတ်ခဲ့တယ်။ သူတို့က ငါ့ရဲ့အနံ့ကို မှတ်မိနေတာပေါ့။”
ဟီလာက ပြောသည်။ “ရန်သူချင်း တွေ့ပြီဆိုတော့ သူတို့မျက်လုံးတွေ နီမြန်းနေတာ မဆန်းပါဘူး။”
ထိုအချိန်မှာပဲ သူတို့၏ နောက်ကွယ်ရှိ ရွက်လှေပေါ်တွင် ရှိသော သင်္ဘောသား ၂၀ တို့က တစ်ဦးနှင့်တစ်ဦး ကြည့်မိနေ၏။ “ဘာ... ဘာတွေ ဖြစ်နေတာလဲ။ ငါတို့နားက မွန်းစတားတွေ ဘယ်ရောက်ကုန်တာလဲ။”
ပြီးနောက် သူတို့က အသက်ကို အောင့်ပြီး သင်္ဘောကို လူသူကင်းမဲ့သည့် ပင်လယ်ပြင်ပေါ်သို့ မောင်းနှင်၍ ကမ်းခြေသို့ သတိကြီးစွာဖြင့် ချဉ်းကပ်၏။ သူတို့၏ လှုပ်ရှားမှုက တကယ့်ကို ညင်သာ၏။ ရှမ့်လန်နှင့် ဟီလာကို ကြည့်နေသည့် မွန်းစတားများ သတိမပြုမိစေရန် ကြိုးစားခဲ့ကြသည်။
ဟီလာက သင်္ဘောပေါ်ရှိလူများ ဘေးကင်းစေရန် ထိုမွန်းစတားများ၏ အာရုံကို ဖမ်းစားထားရန် မလှုပ်မယှက်နှင့် ရပ်လို့နေ၏။ သို့သော်ငြား ဤအရာ အောင်မြင်မှုက ကြာရှည်မခံချေ။ မွန်းစတားများက ရွက်လှေပေါ်ရှိ လူသားများကို သတိပြုသွား၏။
“မြန်မြန် ပြေးကြ။” ဟီလာက အော်ဟစ်လိုက်သည်။
သင်္ဘောသား ၂၀ က အစွမ်းကုန် ပြေးကြတော့၏။ ပင်လယ်မွန်းစတားပေါင်းများစွာတို့က ဒီရေလှိုင်းများကဲ့သို့ပင် တိုးဝင်လာ၏။ သင်္ဘောသား ၂၀ ခန့်တွင် ၁၅ ဦးသာ ဘေးကင်းစွာ လွတ်မြောက်၏။ ကျန်ရှိသည့် ၅ ဦးက ပျောက်ကွယ်သွားခဲ့ပြီး အသားစ တစ်စပင် မကျန်ခဲ့ချေ။ သူတို့က မွန်းစတားများ၏ အရှင်လတ်လတ် စားသောက်ခြင်းကို ခံရ၏။
ရွက်လှေကြီးကတော့ မည်သည့်နေရာမှကို ရှာမရတော့ပေ။ သောင်းနှင့်ချီသည့် မွန်းစတားများက ရွက်လှေကြီးကို လုံးဝဖုံးလွှမ်းသွား၏။ ၁၅ မိနစ်ခန့် ကြာပြီး ထိုမွန်းစတားများ လူစုခွဲသွားသည့် အချိန်တွင် ရွက်လှေကြီးမှာ လုံးဝပျက်စီးနေပြီး ရွက်ထည်တစ်ခုပင် မကျန်တော့ပေ။
ရှမ့်လန်နှင့် ဟီလာတို့က တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်၏။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ စစ်တပ်တပ်မတော်၏ ရေတပ်ကို ရှာမတွေ့မချင်း သူတို့တွင် မည်သည့်သင်္ဘောမှ မရှိတော့ပေ။
“သွားကြစို့။ ငါ မင်းတို့ကို ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်တပ်မတော်ရဲ့ ရေတပ်ရှိတဲ့ဆီ ခေါ်သွားမယ်။” ဟီလာက ထရပ်လိုက်၏။ ပြီးနောက် ပျောက်ဆုံးနေသည့် နိုင်ငံ၏ အတွင်းပိုင်းဆီသို့ ဦးတည်လျှောက်လှမ်းသွား၏။
အပိုင်း (၈၇၀)
“နေအုံး။” ရှမ့်လန်က အပ်နှင့် အပ်ချည်ကို ထုတ်၏။ ပြီးနောက် သူ့အစ်မ၏ ကျောဘက်ရှိ ဒဏ်ရာက မနက်သောကြောင့် ပိုးသတ်ရန်သာ လိုအပ်၏။ ချုပ်ရန် မလိုသော်လည်း ပေါက်ပြဲနေသည့် သရေဝတ်စုံကိုမူ ချုပ်ရန် လိုအပ်၏။ ခဏအတွင်း ရှမ့်လန်က ထိုသရေဝတ်စုံကို ချုပ်ပေး၏။
ဟီလာက ရှမ့်လန်၏ နဖူးကို နမ်းရှိုက်လိုက်သည်။ “ကဲ … သိတတ်လိုက်တဲ့ မောင်လေး။ သွားရအောင်။ ငါ မင်းတို့ကို ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်တပ်တော်ရဲ့ စခန်းဆီကို ခေါ်သွားမယ်။”
ရှမ့်လန်က ပြော၏။ “ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်ရဲ့ ရေတပ်က ဘယ်မှာလဲ။”
“သင်္ဘောတွေအားလုံး ဒီနားက ပင်လယ်အော်တစ်ခုထဲမှာ ဝှက်ထားတာပဲ။” ဟီလာက ပြန်ဖြေသည်။
“ပင်လယ်မွန်းစတားတွေက ဒီနေရာကို တားမြစ်နယ်မြေတစ်ခုလို သတ်မှတ်ထားကြတယ်။”
.......................
ဟီလာက ရှမ့်လန်ကို ပျောက်ဆုံးသွားသည့် နိုင်ငံ၏ အတွင်းပိုင်းဆီသို့ ခေါ်ဆောင်လာခဲ့၏။ ဤနေရာမှာတော့ ထူးထူးခြားခြား မရှိပုံပင်။ သာမန်ကုန်းမြေတစ်ခုကဲ့သို့ ရှိနေပြီး သာမန်သစ်ပင်၊ ပန်းပင်များပင် ရှိနေသေး၏။ သို့သော်ငြား ရှမ့်လန်က ဤကုန်းမြေပေါ်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် စိတ်များက ချက်ချင်း လေးလံထိုင်းမှိုင်းသွား၏။ ယခုအချိန်တွင် နေဝင်သွားခဲ့ပြီ ဖြစ်သော်လည်း မှောင်မသွားဘဲ ကောင်းကင်ယံက ကြည်လင်နေသကဲ့သို့ ရာသီဥတုကလည်း ကောင်းမွန်၏။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် သူ၏စိတ်ထဲတွင် လေးလံသွားရသနည်း။
ဟီလာကို ကြည့်ရှုလိုက်၏။ သူမက တကယ့်ကို နာကျင်နေပုံရ၏။ သူမက ဤနေရာတွင် နှစ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရခြင်းဖြစ်ပြီး ရှမ့်လန်သာ မရှိပါက သူမက သေရမည်ဆိုလျှင်ပင် ဤနေရာသို့ ပြန်လာမည် မဟုတ်ချေ။ ရှမ့်လန်က ဟီလာ၏လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်၏။
“စိတ်မပူနဲ့ ငါ အဆင်ပြေပါတယ်။” ဟီလာက ပြောလိုက်သည်။
ရှမ့်လန်က ဤလေးလံထိုင်းမှိုင်းနေသည့် ခံစားချက်၏ အရင်းအမြစ်ကို ရှာဖွေရန် မျက်လုံးများကို မှိတ်ထား၏။ မကြာခင်မှာပင် သူခံစားလိုက်ရ၏။ ထိုအရာက တစ်စုံတစ်ရာသော ကိရိယာဆီမှ ထွက်လွှင့်လိုက်သည့် စွမ်းအင်လှိုင်းတစ်ခုနှင့် တူ၏။ သူ မကြားနိုင်သော်လည်း သူ၏ဦးနှောက်ကမူ ထိုအရာကို ခံစားနေ၏။
တစ်နည်းအားဖြင့်ဆိုလျှင် နေသာနေသော လောကကြီးထဲတွင် နားကြပ်တပ်၍ သွားနေရသော်လည်း တစ္ဆေများ ၏ ကြောက်မက်ဖွယ်ရာ ငိုကြီးသံကို ကြားနေရသကဲ့သို့ပင်။ ပတ်ဝန်းကျင်ရှိ လေအေးများ တိုက်ခတ်နေသည်ကိုလည်း ချမ်းတစိမ့်စိမ့်နှင့် ခံစားနေရသည်။
ရှမ့်လန်က ထိုစွမ်းအင်လှိုင်းများကို စူးစမ်းပြီး AI နှင့် ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်ရာ ထိုအရာက အမှန်တကယ် တစ္ဆေငိုကြွေးသံ ဖြစ်နေကြောင်း တွေ့ရ၏။ ထိုအရာက အမျိုးသမီးတစ္ဆေတစ်ဦးက အဆက်မပြတ် ငိုကြွေးနေသကဲ့သို့ရှိပြီး တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။
သို့သော်ငြား ထိုကဲ့သို့သော ငိုကြွေးသံမျိုးက အာထရာဆောင်း (Ultrasound) ပုံစံတစ်မျိုး ဖြစ်ပုံရသောကြောင့် သာမန်လူတို့ မကြားနိုင်သော်လည်း ဦးနှောက်ကမူ ထိုအရာကို ဖမ်းယူပြီး လူတို့၏ စိတ်ခံစားချက်ကို သွယ်ဝိုက်သောနည်းဖြင့် ထိခိုက်စေခြင်း ဖြစ်သည်။
ဤကဲ့သို့သော ငိုကြွေးသံကို ရှမ့်လန်အနေနှင့် ပိတ်ဆို့ထားနိုင်၏။ သူက ထိုစွမ်းအင်လှိုင်းများကို စုပ်ယူလိုက်ပြီး ထိုအရာကို ပျော်စရာကောင်းသည့် တေးသွားများတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲ၏။ သို့သော်ငြား ဟီလာနှင့် တခြားသောသူများကမူ ထိုအရာကို မခုခံနိုင်ကြချေ။ ထို့ကြောင့် ဤနေရာဆီမှ အမြန်ဆုံး ထွက်ခွာသွားချင်စိတ်များသာ ဖြစ်ပေါ်နေ၏။
မိုင်ပေါင်းများစွာ လျှောက်လှမ်းပြီးတွင် အရာအားလုံးက မှောင်မိုက်ကျ၏။ နောက်ဆုံးမှာတော့ သူက ပျောက်ဆုံးသွားသည့် နိုင်ငံ၏ အပျက်အစီးများကို မြင်ရ၏။ မှောင်နေသည့်တိုင်အောင် ရှမ့်လန်က အံ့အားသင့်မဆုံးပင်။
ဤသည်က တကယ့်ကို တခြားလောကမှ မြို့တော်ကြီးတစ်ခု ဖြစ်ပြီး ဗိသုကာလက်ရာ တစ်ခုချင်းစီကလည်း ကွဲပြားနေ၏။ ဖော်ပြ၍မရနိုင်သည့် အလှတရားများနှင့် ပြည့်စုံ၏။ သို့သော်ငြား စိတ်မကောင်းစရာတစ်ခုက ဤမြို့တော်က အပျက်အစီးများအဖြစ်သို့ ရောက်ရှိနေပြီး ဖြစ်သောကြောင့် ပျက်စီးနေသည့် တံတိုင်းများ ကိုသာ နေရာအနှံ့ တွေ့ရခြင်းဖြစ်သည်။
သို့သော်ငြား ရှမ့်လန်က ထိုအပျက်အစီးများကို မြင်ချိန်မှာတော့ အန်ကောဝပ်ကို ပထမဦးဆုံး မြင်ရသည့် အချိန်ကထက်ပင် ပိုမိုကာ အံ့အားသင့်ရ၏။ ပျက်စီးလျက်ရှိသည့် တံတိုင်းများ ဖြစ်သော်လည်း ဤမြို့၏ ကြီးကျယ်ခမ်းနားမှုနှင့် အရွယ်အစားကို သူ မြင်နိုင်နေဆဲပင်။ မီတာ ၅၀ ကျော်မြင့်သည့် တံတိုင်းကြီးက တစ်ခါမှ မတွေ့ဖူးလောက်အောင် ကြီးမား၏။
ထိုတံတိုင်းအောက်တွင် ရပ်နေသည့် အချိန်မှာတော့ ရှမ့်လန်က မိမိကိုယ်ကို အလွန်သေးငယ်သည်ဟု ခံစားရ၏။ ထို့အပြင် ဤအရာအားလုံးက ကြီးမားသည့် ကျောက်တုံးကြီးများဖြင့် တည်ဆောက် ထားခဲ့ခြင်းပင်။ ကျောက်တုံး တစ်တုံးချင်းစီက တစ်ကုဗမီတာကျော် အရွယ်အစားရှိပြီး အားလုံးက လွန်စွာ ခိုင်မာလွန်းသည့် ကျောက်နက်များ ဖြစ်သည်။
ရှမ့်လန်က သူ၏အကောင်းဆုံး သံမဏိဓားကို ထုတ်ယူပြီး ခုတ်ထစ်ကြည့်၏။ မီးပွားများ ထွက်ပေါ် လာသော်လည်း ထိုကျောက်နက်ပေါ်တွင် အစင်းရာလေးတစ်ခုသာ ပေါ်၏။
“ဒီကျောက်တုံးတွေက အရမ်းမာတယ်။ စတီးထက်တောင် ပိုမာနေသေးတယ်။ တစ်တုံးကို ပေါင် တစ်သောင်းလောက် အလေးချိန် ရှိတယ်။” ဟီလာက ရှင်းပြသည်။
ရှမ့်လန်က မင်သက်သွားမိ၏။ ဤကျောက်တုံးများ၏ သိပ်သည်းဆက တစ်ကုဗပေလျှင် ၅ တန်ကျော် ရှိနေသဖြင့် သာမန်ကျောက်တုံးများ၏ သိပ်သည်းဆထက် နှစ်ဆခွဲမျှရှိနေခြင်းပင်။ ဤပေါင်တစ်သောင်း လေးသည့် ကျောက်တုံးကြီးများအား တစ်ချိန်က မည်သို့များ တည်ဆောက်ခဲ့သနည်း။ ဤပျောက်ဆုံးသွားသည့် နိုင်ငံက တစ်ချိန်က လွန်စွာ အစွမ်းထက်ခဲ့သည်မှာ သေချာ၏။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ပျက်စီးသွားရ သနည်း။ အမှတ်အသားလေးတစ်ခုတောင် မကျန်ခဲ့ပေ။ ရှမ့်လန်က သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
“အင်း.. ငါတို့ရဲ့ စခန်းက ဒီမြို့ဟောင်းထဲမှာ ရှိတာ။”
ဟီလာက ပြောလိုက်သည်။ “မင်း စိတ်တောင် ကူးမိမှာ မဟုတ်ဘူး။ ဒီမြို့ရဲ့ မြေအောက်ဂိုထောင်တွေက အခုထိ အသုံးဝင်နေတုန်းပဲ။ အဲဒီမှာ ရှားပါးတဲ့ ပစ္စည်းတွေ အများကြီး ရှိတယ်။ ငါတို့ဆီမှာ မရှိတဲ့ အပင်တွေရော၊ ထူးဆန်းတဲ့ပစ္စည်းတွေရော ရှိတယ်။ ငါတို့က ဘာမှန်းမသိတော့ အဲအတိုင်းပဲ စုဆောင်း ထားလိုက်တာ။
ဟုတ်တယ်။ ရွှေတွေ၊ ကျောက်သံပတ္တမြားတွေလည်း အများကြီး ရှိတယ်။ ပထမတော့ ငါတို့က ဒါတွေကို ရတနာတွေလို့ ထင်ပေမဲ့ နောက်ပိုင်းမှာတော့ ပစ်ထားလိုက်ကြတယ်။ တကယ်တော့ ဒါတွေက အသုံးမဝင်ပါဘူး။ မင်း စိတ်မကူးနိုင်တဲ့ အရာတစ်ခုကတော့ ငါတို့ အစားအစာတွေ အများကြီး တွေ့ခဲ့တာပဲ။ အဲဒါတွေက အခုထိ ကောင်းနေတုန်းပဲ။ တစ်ခါတည်း စားလို့ရတယ်။ နှစ်ပေါင်းထောင်ချီပြီး သိုလှောင်ထားတဲ့ အစားအစာတွေက လုံးဝ မပုပ်သိုးခဲ့ဘူး။”
ထိုအရာက မယုံကြည်နိုင်လောက်စရာပင်။ ပျောက်ဆုံးသွားသည့် နိုင်ငံ၏ သိုလှောင်ရုံများက ထိုအချိန်ကတည်းက လွန်စွာ ခေတ်မီခဲ့ပုံရပြီး ပိုးမွှားနှင့် စိုထိုင်းဆကိုပင် ကောင်းစွာ ခုခံထားနိုင်ပုံပင်။
“အစ်မပြောတော့ ဒီကျွန်းပေါ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခုက ရောက်နေတယ်ဆို။ ပြီးတော့ ပျောက်ဆုံးသွားတဲ့ နိုင်ငံရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ လက်နက်ကိုလည်း သူတို့ယူသွားပြီဆို။ သူတို့က ဘယ်မှာလဲ။” ရှမ့်လန်က မေး၏။
ဟီလာက အဝေးတစ်နေရာဆီသို့ လက်ညှိုးညွှန်ပြ၏။ ထိုအရာက တကယ့်ပင် ဝေးကွာ၏။ အနည်းဆုံး မိုင် ၁၀၀ ခန့် ဝေးပေမည်။ ထိုနေရာတွင် တကယ့်ကို မြင့်မားသည့် တောင်ကြီးတစ်လုံး ရှိ၏။ မည်မျှမြင့်သနည်း။ မီတာ ၆၀၀၀၊ ၇၀၀၀ သို့မဟုတ် ၈၀၀၀ လောက် မြင့်နိုင်သည်။
အတိုချုပ် ပြောရမည်ဆိုလျှင် ဤတောင်ကြီးက ကောင်းကင်ကို ထိနေသကဲ့သို့ ရှိပြီး တောင်ကမ်းပါးတွင် ဆီးနှင်းများနှင့် ဖုံးလွှမ်းလျက် ရှိ၏။ သို့သော်ငြား ထိုအရာက အထူးဆန်းဆုံး မဟုတ်သေးချေ။ အထူးဆန်းဆုံးအရာက ထိုတောင်၏ ထိပ်ပိုင်းက ဖြတ်တောက်ခံထားရပြီး ထိုအရာပေါ်တွင် ပိရမစ်တစ်ခု တည်ဆောက်ထားခြင်း ဖြစ်၏။
တောင်ကမ်းပါး အထက်ပိုင်းရှိ အရာအားလုံးက ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသော်လည်း ထိပ်ဆုံးရှိ ပိရမစ်ကမူ အနက်ရောင် ဖြစ်နေ၏။ ထို့အပြင် ထိုပိရမစ်၏ ထိပ်ပိုင်းမှ မီးမောင်းကြီးတစ်ခုကဲ့သို့ အလင်းတန်းများ ထွက်ပေါ်နေပြီး အဝေးကြီးထိ လင်းထိန်စေနိုင်သည်။
“အင်း... အစ်မတို့ အဲဒီနှင်းတောင်ပေါ်ကို တက်ဖို့ ကြိုးစားဖူးလား။” ရှမ့်လန်က မေး၏။
“ငါတို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ ပျောက်ဆုံးသွားတဲ့ နိုင်ငံရဲ့ လျှို့ဝှက် လက်နက်က အဲဒီထိပ်က ပိရမစ်ထဲမှာ ရှိလိမ့်မယ်လို့ ထင်လို့လေ။ ဒါပေမဲ့ တစ်ခါမှ မအောင်မြင်ခဲ့ဘူး။ တောင်တစ်ဝက်လောက် ရောက်တာနဲ့ မိုးကြိုးတွေ ပစ်လာပြီး လူအားလုံးကို သတ်ပစ်တော့တာပဲ။ ဒါတင် မကသေးဘူး။ အဲဒီ နှင်းတောင်ပေါ်က ဆီးနှင်းတွေက အဆိပ်အတောက် ရှိသေးတယ်။ အသက်ရှူရုံနဲ့ သေနိုင်တယ်။”
ထိုအရာက ပို၍ ထူးဆန်းသည်။
“ဒါကြောင့် အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု ရှိနေမှန်း ငါတို့ သိတယ် ဆိုပေမဲ့ ဆယ်နှစ်ကျော် ကြာတဲ့အထိ သူတို့က တစ်ခါမှ ပေါ်မလာခဲ့ဘူး။ ငါတို့ သူတို့ကို သတ်ချင်တယ် ဆိုရင်တောင် ဘာမှမလုပ်နိုင်ဘူး။ အဲဒီအင်အားစုက တောင်ထိပ်က ပိရမစ်ထဲမှာပဲ အမြဲနေထိုင်ပြီး အောက်က အရာအားလုံး ကို ငုံ့ကြည့်နေတာပေါ့။”
ရှမ့်လန်က အဝေးရှိ နှင်းတောင်ထိပ်မှ ပိရမစ်ကို ကြည့်၏။ တစ်စုံတစ်ခုသော အကြောင်းရင်းကြောင့် သူက အရှေ့တိုင်းလောကရှိ သဘာဝလွန် အင်အားစုတစ်ခု ဖြစ်သည့် တော်ဝင်ကပ်ဘေးဘုရားကျောင်းကိုပင် သတိရလိုက်၏။ ထိုသူတို့ကလည်း နှင်းတောင်ထိပ်တွင် ဘုရားကျောင်းကို တည်ဆောက်ထားသည် မဟုတ်ပါလား။
သို့သော်ငြား သူ၏ရှေ့မှောက်ရှိ နှင်းတောင်က တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ နှင်းတောင်ထက် ပိုမိုကာ မြင့်မားပုံရ၏။ ထိုသူတို့က လွန်စွာ လျှို့ဝှက်ဆန်းကြယ်ပုံရပြီး သူ့အား စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေစေ၏။ ရှမ့်လန်က သူ၏မျက်လုံးကို အစွမ်းကုန် ဖွင့်ကြည့်ပြီး တောင်ထိပ်ရှိ ပိရမစ်ကို ကြည့်ကာဖြင့် (AI) စနစ်ထဲ အနီးကပ်ကြည့်ရန် ကြိုးစား၏။
အဆပေါင်းများစွာ ချဲ့ကြည့်လိုက်ပါက တစ်စုံတစ်ရာသော သဲလွန်စကို သူ မြင်နိုင်ပေလိမ့်မည်။ သို့သော်ငြား ယခုအချိန်က နှင်းတောင်ထိပ်တွင် မဲမှောင်နေသည့် တိမ်တိုက်များနှင့် ဖုံးလွှမ်းနေပြီး ဆီးနှင်းများကလည်း နေရာအနှံ့ ကျဆင်းနေသောကြောင့် ဘာမှမတွေ့ရချေ။
“သွားကြရအောင်။” ဟီလာက ပြော၏။
“ပျောက်ဆုံးသွားတဲ့နိုင်ငံက တစ်ချိန်က အရမ်းကို ကြီးမားတဲ့ ကုန်းမြေတစ်ခု ဖြစ်ခဲ့ရမယ်။ ဒါပေမဲ့ ကြီးမားတဲ့ ငလျင်ကြီးကြောင့် ကုန်းမြေ တော်တော်များများက နစ်မြုပ်သွားခဲ့တယ်။ အခုရောက်နေတဲ့ နေရာက ပျောက်ဆုံးသွားတဲ့ နိုင်ငံရဲ့ အရှေ့ဘက်ခြမ်း ဖြစ်ရမယ်။ အရင်ကတော့ ကုန်းမြေတစ်ခု ဖြစ်ခဲ့ပေမယ့် အခု ကျွန်းတစ်ခု ဖြစ်သွားပြီပေါ့။
ဒီကျွန်းရဲ့ ဧရိယာက ပြည်နယ်တစ်ခုရဲ့ သုံးပုံတစ်ပုံလောက် ရှိတယ်။ ပြီးတော့ ထူးဆန်းတာက ဒီလောက်ထိ ကျယ်ပြန့်တဲ့ တည်နေရာတစ်ခုလုံးက မြို့တော်ကြီးလို ဖြစ်နေတာပဲ။ အဲဒီမြို့က ဘယ်လောက်တောင် ကြီးမားခဲ့မလဲဆိုတာ စိတ်ကူးတောင် ယဉ်လို့မရဘူး။ ဒါကြောင့် ပျောက်ဆုံးသွားတဲ့ နိုင်ငံက ထင်ထားတာ ထက် အများကြီး ပိုပြီး အစွမ်းထက်တဲ့ပုံ ရတယ်။ ဒါပေမဲ့ ဒီလောက်ထိ အစွမ်းထက်တဲ့ အင်ပါယာကြီးက ဘာလို့ ပျက်စီးသွားခဲ့ရတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကတော့ တကယ်ကို စွဲမက်စရာပဲ။”
ဟီလာက ရှမ့်လန်နှင့် အခြားသောသူများကို မြို့ဟောင်းအပျက်အစီးများဆီသို့ ခေါ်ဆောင်လာခဲ့၏။ ဤနေရာတွင် မည်သည့် အန္တရာယ်မှ မရှိချေ။ နှင်းထောင်ထိပ်က လျှို့ဝှက်ဆန်းကြယ်သော ပိရမစ်မှအပ တခြားနေရာများတွင် လူမရှိပေ။ ပင်လယ်မွန်းစတားတစ်ကောင်မှ ကုန်းပေါ်သို့ မတက်ရဲကြချေ။
“ရောက်တော့မယ်။ ငါတို့က အတော်အတန် ပြည့်စုံနေသေးတဲ့ ရုံးအဆောက်အအုံတစ်ခုကို စခန်းအဖြစ် အသုံးပြုထားတာပဲ။ မမှားဘူးဆိုရင် ဒါက ပျောက်ဆုံးသွားတဲ့ နိုင်ငံရဲ့ မှူးမတ်တွေ နေတဲ့နေရာ ဖြစ်ရမယ်။”
............
ဤရုံးအဆောက်အအုံကြီးက တကယ်ပင် ပြည့်စုံဆဲဖြစ်နေပြီး ပျောက်ဆုံးသွားသည့်နိုင်ငံ၏ ဗိသုကာ လက်ရာများကို ဖော်ပြနေ၏။ ထိုအရာက အမှန်တကယ်ပင် လျှို့ဝှက်ဆန်းပြားပြီး ခမ်းနား၏။ ရုံးအဆောက်အအုံထဲသို့ ရောက်ချိန်မှာတော့ ဟီလာက ရပ်တန့်၏။
သူမက ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ တပ်တော်အပေါ် ယခုထိ ခွင့်မလွှတ်နိုင်သေးသောကြောင့် စိတ်ကို ပြင်ဆင်ရန် အချိန်လိုအပ်၏။ ရှမ့်လန်သာ မရှိပါက သူမက ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော်နှင့် ဘယ်တော့မှ ပြန်တွေ့လိမ့်မည် မဟုတ်ချေ။
“သွားကြရအောင်။” ဟီလာက ပြော၏။ ပြီးနောက် ရှမ့်လန်၏ လက်ကို ကိုင်ပြီး ရုံးအဆောက်အအုံကြီး တံခါးဝဆီသို့ လျှောက်သွားကာ တံခါးကို ပြင်းထန်စွာ ကန်ဖွင့်သည်။
“တံခါးဖွင့်စမ်း။ ငါရောက်လာပြီ။” ဟီလာ၏ အသံက မောက်မာ၏။ သို့သော်ငြား အတွင်းပိုင်းမှ မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့ချေ။
“တံခါးဖွင့်စမ်း။ ငါပြန်လာပြီ။” ဟီလာက အော်ဟစ်၏။ “မင်းတို့ တံခါးမဖွင့်ရင် ငါ အစောင့်တွေကို သတ်ပစ်မှာနော်။”
သို့သော်လည်း မည်သည့် တုံ့ပြန်မှုကိုမှ မကြားရချေ။
ဟီလာ၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။ သူမက တံခါးကို ဖွင့်ပြီး အတွင်းသို့ ပြေးဝင်လိုက်သည်။ “ဒုတိယအစ်ကို၊ အစ်မကြီး၊ စတုတ္ထညီမလေး.. ရှင်တို့ ဘယ်မှာလဲ။ ရှင်တို့ ဘယ်ရောက်ကုန်တာလဲ။ ဦးလေး.... ဦးလေး ဘယ်မှာလဲ။”
ဟီလာက ပြောသည့် ဒုတိယအစ်ကို၊ အစ်မကြီးနှင့် စတုတ္ထညီမ ဆိုသူက မည်သူများ ဖြစ်သနည်း။ သူတို့က သွေးသစ္စာပြုထားခဲ့သည့် မောင်နှမများ ဖြစ်ရပေမည်။ ပင်လယ်ဓားပြလောကတွင် ထိပ်တန်းခေါင်းဆောင်များ အကြား သွေးသစ္စာ မောင်နှမအဖြစ် သစ္စာပြုခဲ့သည်က သာမန်ပင် ဖြစ်၏။ သို့သော်ငြား ကြီးမားသည့် ရုံးအဆောက်အအုံကြီး တစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်နေ၏။
ဟီလာက ဆံပင်များပင် ထောင်ထသွား၏။ ဘယ်ရောက်ကုန်သနည်း။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ တပ်တော်ကြီး တစ်ခုလုံး ဘယ်ပျောက်သွားသနည်း။ အဘယ့်ကြောင့် တစ်ယောက်မှ မရှိရသနည်း။ အားလုံး သေကုန်ကြပေပြီလား။ သူမ ထွက်ခွာသွားခဲ့သည်က သုံးလပဲ ရှိသေး၏။ လူပေါင်း သောင်းကျော်ရှိသည့် သူတွေက တောင့်မခံနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေကုန်ကြသည်လား။
“မလုပ်ပါနဲ့။ အဲလို မလုပ်ကြပါနဲ့အုံး။” ဟီလာက ခေါင်းများပင် မူးဝေလာခဲ့၏။ သူမက မထွက်ခွာခင် ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်တပ်တော်အတွင်းရှိ လူတို့၏ အငွေ့အသက်များက တကယ့်ကို လေးလံထိုင်းမှိုင်းပြီး မျှော်လင့်ချက် ကင်းမဲ့နေခဲ့ကာ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသူများ ရှိနေခဲ့သည် မဟုတ်ပါလား။
“အစ်မ စိတ်မပူနဲ့။ သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပုံ မရပါဘူး။ ဒီကနေ ထွက်သွားကြတာပါ။”
ရှမ့်လန်က ပြော၏။ “အကယ်၍ သူတို့ အားလုံး သတ်သေသွားကြမယ်ဆိုရင် နောက်ဆုံး စကားတစ်ခုခုတော့ ထားခဲ့ရမှာပေါ့ ဟုတ်တယ်မလား။ သေချာ စဉ်းစားကြည့်ပါအုံး။ သူတို့ ဒီကနေ ထွက်သွားမယ်ဆိုရင် ဘယ်ကို သွားနိုင်လဲ။”
ဟီလာက ပြောသည်။ “ဘုရင်မ ပင်လယ်အော်ပဲ။ အဲဒီမှာ စစ်သင်္ဘောပေါင်း ရာနဲ့ချီပြီး ရှိတယ်။” ပြီးနောက် ဟီလာက ရှမ့်လန်၏လက်ကို ဆွဲကိုင်ကာ ပြေးထွက်သည်။
ခဏကြာမှတော့ သူမက ရှမ့်လန်ကို ဆွဲခေါ်နေရသည်က နှေးလွန်းသည်ဟု ခံစားရသောကြောင့် ရှမ့်လန်ကို အသာချီပိုးကာ ပြေး၏။ ဤတစ်ကြိမ်မှာတော့ သူတို့က များစွာ ပိုမိုကာ မြန်ဆန်သွား၏။
..........
ဟီလာက ပျောက်ဆုံးသွားသည့် နိုင်ငံ၏ အပျက်အစီးများရှိ ဘုရင်မပင်လယ်အော်ဆီသို့ ပြေးနေစဉ်အတွင်း အကြိမ်ပေါင်းများစွာ ဆုတောင်းနေမိသည်။
‘သူတို့ အဲဒီမှာ ရှိနေပါစေ။ ကိုယ့်ကိုယ်ကိုယ် သတ်မသေကြပါစေနဲ့။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ တပ်တော်ကြီး မပျက်စီးပါစေနဲ့။ စောစောက ပြောခဲ့တဲ့ စကားတွေ အကုန်လုံးက ဒေါသနဲ့ ပြောခဲ့တာပါ။’
ဘုရင်မ ပင်လယ်အော်က တချိန်က ဤမြို့၏ ကြီးမားသည့် ဆိပ်ကမ်းကြီး တစ်ခု ဖြစ်၏။ သင်္ဘောပေါင်း ထောင်ချီဆိုက်ကပ်နိုင်ပြီး ပို၍ အံ့အားသင့်စရာကောင်းသည်က ပင်လယ်အော်၏ ထွက်ပေါက်တွင် ကြီးမားသည့် ဆည်ကြီးတစ်ခုရှိနေပြီး အရေးကြီးသည့်အချိန်တွင် ပင်လယ်အော် တစ်ခုလုံးကို ပိတ်ဆို့နိုင်ခြင်းပင်။ ပင်လယ်ပြင်ပေါ်ရှိ ဤတားဆီးထားနိုင်သည့် ဆည်ကြီးက မီတာ ၁၅၀၀၀ ကျော် ရှည်လျားပြီး ဗိသုကာပညာ၏ အံ့ဖွယ်ရာ တစ်ခုပင်။
ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်တပ်တော်က ဘုရင်မပင်လယ်အော်နှင့် မိုင်တစ်ရာခန့် ဝေးကွာသော်လည်း ဟီလာ၏အရှိန်က များစွာ မြန်ဆန်လှ၏။ နှစ်နာရီမပြည့်ခင်မှာပဲ သူမက ရောက်ရှိ သွား၏။
ပြီးနောက် ရှမ့်လန်က လွန်စွာ ခမ်းနားသည့် ဗိသုကာလက်ရာကို တွေ့မြင်လိုက်ရလေသည်။
ဤပင်လယ်အော်က ပေကျင်းမြို့ရှိ ပင်လယ်အော်ထက် များစွာ ပို၍ ကျယ်ပြန့်၏။ အထူးသဖြင့် ထွက်ပေါက်ဝရှိ ရေကာတာကြီးက ဖြန့်ကျက်ထားသော မွန်းစတားတစ်ကောင်၏ လက်မောင်းကြီးကဲ့သို့ပင် အားကိုးစရာ ရှိ၏။ သို့သော်ငြား ဤလှပသည့် ရှုခင်းကို ငေးမော ခံစားနေရန် အချိန်မရှိချေ။
ဟီလာ၏ခန့်မှန်းချက်က မမှားခဲ့ချေ။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်စစ်တပ်ကြီးက ဤဘုရင်မ ပင်လယ်အော်အတွင်းတွင် ရှိနေ၏။ အလွန် အလှမ်းဝေးကွာလွန်းသော်လည်း ရှမ့်လန်က ကျယ်လောင်သည့် ဆူညံသံများကို ကြားရပြီ ဖြစ်၏။ ပင်လယ်အော် တစ်ခုလုံးတွင် မီးရောင်များ ထိန်ငြီးနေ၏။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်က ပွဲတော် ကျင်းပနေခြင်းလား။ တကယ်ကို ကြီးကျယ်သည့် ပွဲတော်ကြီး တစ်ခုများလား။