← Chapters

အခန်း (၈၇၁-၈၇၂)

Vol. 53 Ch. 871-872

အခန်း (၈၇၁-၈၇၂)

Vol. 53 Ch. 871-872

အပိုင်း (၈၇၁)

ဟီလာက သက်ပြင်းကို ချလိုက်မိ၏။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ် အသက်ရှင် ကျန်ရှိနေသေးခြင်းက ကံကောင်းခြင်း တစ်ရပ်ပင်။

ရှမ့်လန်က မြင့်မားသည့် ကုန်းမြင့်ထက်မှနေ၍ အောက်သို့ ငုံ့ကြည့်၏။ ဤပင်လယ်အော်က တကယ့်ကို ကြီးမားကျယ်ပြန့်ပြီး ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်၏ သင်္ဘောကြီးများနှင့် ပြည့်နှက်နေ၏။ သင်္ဘောတိုင်းတွင် ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်အလံများ တလွင့်လွင့် ထူနေ၏။

သင်္ဘောတိုင်း၌ မီးရှူးတိုင်များ ထွန်းညှိထားသောကြောင့် ရှမ့်လန်က ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။ အံ့ဖွယ်ရာကောင်းသည့် ရေတပ်စုကြီး တစ်ခုပင်။ သင်္ဘောအားလုံးက ကြီးမားသည် သာမက သံချပ်ကာများပင် ဖုံးအုပ်ထားသေး၏။ ဤလောကရှိ သင်္ဘောအားလုံးကို သစ်သားဖြင့်သာ တည်ဆောက် ကြသော်လည်း ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်၏ သင်္ဘောများက ကြောက်မက်ဖွယ်ရာ ကောင်းသည့် ချွန်ထက်သော ဦးချိုများ ပါသည့်အပြင် သင်္ဘောကိုယ်ထည်ကိုလည်ူ သံချပ်ကာများ ဖုံးလွှမ်းထားသည်။

ရှမ့်လန်က အကြမ်းဖျင်း တွက်ချက်ကြည့်၏။ ဤဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်တွင် တန် ၂၀၀၀ အဆင့်ရှိ စစ်သင်္ဘောကြီး အစီးပေါင်း ဆယ်ဂဏန်းရှိပြီး အခြားသော အရွယ်စုံ သင်္ဘောပေါင်း ၃၀၀ ကျော် ရှိနေသေး၏။ ဤရေတပ်စုကြီးက ခမ်းနားထည်ဝါလွန်းသည်ဟု ဆိုရပေမည်။

အထူးသဖြင့် တန် ၂၀၀၀ အဆင့်ရှိ စစ်သင်္ဘောကြီးက အနည်းငယ် ပြုပြင်လိုက်ရုံနှင့် အမြှောက် အစင်းပေါင်း ဒါဇင်နှင့်ချီ တပ်ဆင်နိုင်၏။ ထိုအရာက ၁၇ ရာစု၏ တိုက်သင်္ဘောများကို မမီနိုင်သေးသော်လည်း ဤကမ္ဘာ၏ ပင်လယ်ပြင်ထက်၌မူ သတ်ဖြတ်ရှင်းလင်းရန် အစွမ်းအစ ပြည့်ဝ၏။

ထိုမျှတင် မကသေးချေ။ ဤသင်္ဘောကြီးများက တကယ့်ကို မြန်ဆန်သော ခုတ်မောင်းမှု စနစ်မျိုး ရှိနေသည့် သင်္ဘောကြီး ဖြစ်သောကြောင့် သာမန် ရွက်သင်္ဘောများထက် အဆပေါင်းများစွာ မြန်ဆန်၏။ ဤသည်က ရှမ့်လန် အိမ်မက်မက်ခဲ့ရသော အရှုံးမရှိသည့် ရေတပ်စုကြီး ဖြစ်ပြီး ထောင်နှင့်ချီသည့် ပင်လယ်ဓားပြများ လည်း ရှိနေသည်။

ထိုလူများက အထူးလေ့ကျင့်ပေးစရာ မလိုတော့သည့် ပင်လယ်ပြင်၌ အတော်ဆုံး စစ်သည်များ ဖြစ်နေကြ၏။ ရာစုနှစ်ချီ သက်တမ်းရှိသည့် ရေတပ်စုကြီးက အလကား ရနိုင်မည် မဟုတ်ချေ။ ရှမ့်လန် ကိုယ်တိုင်သာ လေ့ကျင့်ပေးမည်ဆိုပါက အားအကောင်းဆုံး ရေတပ်တစ်ခု ဖြစ်လာရန် အနည်းဆုံး ၁၀ စုနှစ် တစ်ခုကျော် အချိန်ပေးရပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်မှာတော့ လောက၏ အားအကောင်းဆုံးသော ရေတပ်ကြီးက သူ၏ ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး တကယ့်ကို စိတ်လှုပ်ရှားဖွယ်ရာ ကောင်း၏။ ရှမ့်လန်က ဆိပ်ကမ်းတစ်ခုလုံးကို သူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားလိုသည့် အလားပင် လက်ဖဝါးများကို ဖြန့်ကျက်ကာဖြင့် ကြည့်ရှုနေ၏။

“ဟူး... ဟူး... ဟား.... ဟား... ဟား... ဟား...”

သောင်းနှင့်ချီသည့် ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်သည်များ၏ အောင်ပွဲခံသံများကို အဝေးမှပင် ရှမ့်လန်က ကြား၏။ ပင်လယ်ဓားပြအားလုံးတို့က သင်္ဘောပေါ်တွင် ရှိနေကြပြီး တချို့က ဆိပ်ကမ်း၌ အရက်သေစာ သောက်စားပြီး ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေသည်။

ရှမ့်လန်က အံ့အားသင့်စွာဖြင့် မေး၏။ “ဒီမှာ အရက်တွေလည်း ရှိနေတာလား။”

ဟီလာက ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်။ ငါတို့က ကံကောင်းလို့ ဂိုဒေါင်တစ်ခုခုကို တွေ့ခဲ့ရင် အရက်တွေ အများကြီး ရနိုင်တယ်။ ဒါပေမဲ့ အရက်တွေ့တိုင်း ရက်ပိုင်းအတွင်းမှာပဲ သူတို့က အကုန်သောက်ပစ်တာ။ အခုလည်း အရက်တွေရှိတဲ့ အခြား ဂိုဒေါင်တစ်ခုခုကို ထပ်တွေ့ထားတာပဲ နေမှာ။”

ဤဂိုဒေါင်က တကယ်ပင် အံ့အားသင့်စရာ ကောင်း၏။ နှစ်ပေါင်း ထောင်ချီ သိုလှောင်ထားသည့် အရက်များ က ယခုတိုင် သောက်သုံး၍ ရနေသေးသည်လား။ သို့သော်ငြား သူတို့က တစ်ညလုံး ပျော်ပွဲရွှင်ပွဲ ကျင်းပစေရသည့် အကြောင်းရင်းက ဘာဖြစ်မည်နည်း။

ဟီလာက ခြေလှမ်းကို လက်စသပ်၏။ ရှမ့်လန်၏ လက်ကို ဆွဲကာဖြင့် ဘုရင်မ ဆိပ်ကမ်းရှိရာဆီသို့ ဦးတည် လျှောက်လှမ်း၏။ သူမက မိမိ၏ စွမ်းအင်များကို စုစည်းပြီး ပြောရမည့် စကားလုံးများကို ပြင်ဆင်နေ၏။ အကြောင်းရင်းက သူမက သူမ၏မောင်ဖြစ်သူ ရှမ့်လန်အတွက် ဤရေတပ်စုကြီးကို သိမ်းပိုက်လိုသောကြောင့် ပင်။

သို့သော်လည်း သူမက တတိယမြောက် ခေါင်းဆောင်သာ ဖြစ်ပြီး သူမ၏ အထက်တွင် လူနှစ်ယောက် ရှိနေသေး၏။ တစ်ယောက်က သူမ၏ အစ်မဖြစ်သူ စီးဒရင်းဖြစ်ပြီး အခြားတစ်ယောက်မှာတော့ ဒုတိယအစ်ကို ဖြစ်သူ စီးပီး ဖြစ်၏။ ထိုသူတို့နှစ်ဦးက သူမ မိခင်၏ မွေးစား သားသမီးများ ဖြစ်ကြသော်လည်း မောင်နှမအရင်းများ ဖြစ်၏။

ထို့အပြင် သူတို့၏ဇာစ်မြစ်က တကယ့်ကို ထူးခြားဆန်းကြယ်ပြီး လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေ၏။ ပျက်စီးခြင်းနယ်မြေတစ်ခုဆီမှ သူမ၏မိခင် ကောက်ယူလာခဲ့ခြင်းပင်။

“သောက်ကြစမ်း။ အားလုံး အားရပါးရ သောက်ကြစမ်း။ အားလုံး ကကုန်ကြစမ်း။ ဒါက ငါတို့အတွက် နောက်ဆုံးအကြိမ်ပဲ။

ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်ကြီး အထွန့်ရှည်ပါစေ။ အရှင် လိုကီ အသက်ရှင်ပါစေ။ အရှင်မ အိန်ဂျလာ အသက်ရှင်ပါစေ။”

သောင်းနှင့်ချီသည့် ပင်လယ်ဓားပြများက ရူးသွပ်စွာ သောက်စားရင်း ကြွေးကြော်နေ၏။

ပင်လယ်ဓားပြတိုင်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေသော်လည်း သူတို့က သံမဏိကဲ့သို့ ကြံ့ခိုင်၏။ ကြွက်သားတိုင်းတွင် ကြီးမားသည့်ခွန်အားများ ကိန်းအောင်းနေ၏။ အတော်ဆုံးသော သင်္ဘောသားများ၊ အတော်ဆုံးသော ရေတပ်သားများ ဖြစ်ကြသည့်အတိုင်း သူတို့က လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အနောက်ဘက် ပင်လယ်ပြင်ကို လွှမ်းမိုးခဲ့သည်။

ဤ ၁၀ နှစ်တာ အတွင်း သူတို့က ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပင်လယ်မွန်းစတားများနှင့် တိုက်ခိုက်ခဲ့ပြီး လူဦးရေ ထက်ဝက်ခန့် သေဆုံးခဲ့ရသော်လည်း သူတို့၏ တိုက်ခိုက်ရေး စွမ်းအင်က ပိုမို ပြောင်မြောက်လာ၏။ သူတို့က ကျိန်စာသင့် ပင်လယ်ပြင်၌ ပိတ်မိနေကြခြင်း ဖြစ်သောကြောင့် အကယ်၍ လွတ်မြောက်သွားခဲ့ပါက လောကကြီးကို တုန်လှုပ်စေမည်မှာ ဧကန်မလွဲပင်။

ရော့ဆို မိသားစု၏ ရေတပ်လား။ ဘာရွန်၏ ပင်လယ်ဓားပြ ရေတပ်လား။ ဤဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ စစ်တပ်ကြီးက ထိုအရာများကို လွယ်လွယ်ကူကူဖြင့် အမြစ်ပြတ် ချေမှုန်းနိုင်၏။

..................

“ဒိုင်း...”

ရုတ်တရက် ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။ မီးရှူးမီးပန်းများက ကောင်းကင်ပေါ်သို့ ပျံ့တက်၏။ ချက်ချင်းပင် သောင်းနှင့်ချီသည့် ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ စစ်သည်တော်များ၏ အကြည့်က ထိုနေရာဆီသို့ ရောက်ရှိ၏။ ပြီးနောက် တောက်လောင်နေသည့် မီးလျံများကြားမှ ဟီလာက ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး ဆိပ်ကမ်းထက်တွင် ပေါ်လာသည်။

သူမက ရှမ့်လန်၏ လက်ကို ဆုပ်ကိုင်ပြီး ကျယ်လောင်စွာ ကြွေးကြော်၏။ “ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ စစ်တပ်ရဲ့ ရဲစွမ်းသတ္တိ ရှိတဲ့ စစ်သည်တော်တို့။ ကျွန်မတို့ရဲ့ ကယ်တင်ရှင် ရောက်လာခဲ့ပြီ။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်ရဲ့ စစ်မှန်တဲ့ ခေါင်းဆောင် ရောက်လာပြီ။ ကျွန်မရဲ့ဘေးနားက ဒီလူက ကျွန်မရဲ့ မောင်လေး... ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်ကို တည်ထောင်ခဲ့သူ အရှင်လိုကီရဲ့ သားတော်။ အရှေ့လောကရဲ့ အနာဂတ် ဧကရာဇ် ရှမ့်လန်ပဲ။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်စစ်တပ်ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ စစ်သည်တော်တို့။ ဘာလို့ ကိုယ့်ရဲ့ ခေါင်းဆောင်ကို ဂါရဝ မပြုသေးတာလဲ။”

ပြီးနောက် ရေတွက်၍မရအောင် များပြားသည့် ပင်လယ်ဓားပြများ၏ ရှေ့မှောက်မှာပဲ ဟီလာက ဒူးတစ်ဖက် ကို ထောက်၏။ ပြီးနောက် ပြောဆိုသည်။ “ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်ရဲ့ တတိယမြောက် ခေါင်းဆောင် ဟီလာက အရှင်ရှမ့်လန်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”

သောင်းနှင့်ချီသော ပင်လယ်ဓားပြများ၏ ရှေ့မှောက်တွင် ဟီလာက ရှမ့်လန်၏ ရှေ့၌ ဒူးထောက်ပြီး သူမ၏ သစ္စာတရားကို ကျိန်ဆို၏။ သို့သော်ငြား ဤမြင်ကွင်းက သူမတစ်ယောက်တည်း ကပြနေသည့် ပြဇာတ်တစ်ခုကဲ့သို့ ဖြစ်နေပြီး ရှမ့်လန်ပင်လျှင် ဤနေရာ၌ ရပ်နေရသည်က အနည်းငယ် နေရခက်သလိုပင်။

‘အစ်မကြီး... အစ်မက သိပ်ကို စိတ်လောလွန်းနေပြီ။ ရေလည်းမထည့်၊ မီးလည်းမမွှေးသေးဘဲနဲ့ ထမင်းချက်ဖို့ ကြိုးစားနေတာကိုး။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’

သို့သော်ငြား ဟီလာက ပွင့်လင်းရိုးသားသူတစ်ယောက် ဖြစ်သည့်အတွက် ကိစ္စရပ်များကို တိုက်ရိုက်သာ ဖြေရှင်းလိုသူပင်။ ရေမသောက်ချင်လျှင် ဇွတ်အတင်း တိုက်တွန်းမိသူမျိုး မဟုတ်ပေ။ ရှမ့်လန်က သူမ၏မောင်ဖြစ်ပြီး ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တော် တည်ထောင်သူ၏ တစ်ဦးတည်းသောသား ဖြစ်လေရာ ဤအဖွဲ့အစည်းကို ဆက်ခံရန် ဆိုသည်က လုံးဝကို ယုတ္တိတန်သည်ဟု ယုံကြည်ထား၏။

သို့သော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝတိတ်ဆိတ်သွား၏။ သောင်းနှင့်ချီသော ပင်လယ်ဓားပြများက ဟီလာနှင့် ရှမ့်လန်တို့ကို တအံ့တသြ စိုက်ကြည့်နေ၏။ ပြီးနောက် ပင်လယ်ဓားပြ ခေါင်းဆောင်အမျိုးသမီး တစ်ချို့က လျှောက်လာပြီး ဟီလာကို နွေးထွေးစွာ ပွေ့ဖက်လိုက်သည်။

“ငါတို့ရဲ့ ချစ်လှစွာသော ဟီလာ... နောက်ဆုံးတော့ ပြန်လာပြီပေါ့။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ စစ်တပ်ကနေ ဘယ်တော့မှ ထွက်မသွားနိုင်ဘူး ဆိုတာက သိသားပဲ။”

“ငါတို့ရဲ့ ဟီလာလေး ဒီအတောအတွင်း သတိရလွန်းလို့ အရက်ဖြတ်ဖို့ ကြိုးစားတာတောင် မအောင်မြင်ခဲ့ဘူး ဖြစ်နေတယ်။”

ပင်လယ်ဓားပြ ခေါင်းဆောင်အများအပြားက ရှေ့သို့တိုးလာပြီး အမျိုးသားများက ဟီလာနှင့် လက်သီးချင်း တိုက်ကာ နှုတ်ဆက်ကြပြီး၊ အမျိုးသမီးများက သူမကို ပွေ့ဖက်၏။ ကြည့်ရသည်မှာ တကယ်ကို ရင်းနှီးကျွမ်းဝင်သော်လည်း မည်သူကမှ ဂရုမစိုက်သောကြောင့် ရှမ့်လန်က အနေရခက်သလို ရပ်နေမိ၏။

ဟီလာက ချက်ချင်းပဲ ဒေါသတကြီးနှင့် ပြောလိုက်သည်။ “ရှင်တို့က ဘာဖြစ်လို့ ကျွန်မရဲ့မောင်လေးကို ဒီလို ဆက်ဆံနေရတာလဲ။ သူက အဖေ့ရဲ့ တစ်ဦးတည်းသောသားပဲ။ သူက ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြ စစ်တပ်ကို ဆက်ခံသင့်တယ် မဟုတ်လား။”

ပင်လယ်ဓားပြတစ်ယောက်က ရှမ့်လန်ကို ကြည့်ကာ မေး၏။ “သူက အရှေ့တိုင်းသားလား။”

ဟီလာက ပြောသည်။ “အရှေ့တိုင်းသားဖြစ်တော့ ဘာဖြစ်လဲ။ ကျွန်မအဖေကလည်း အရှေ့တိုင်းသားပဲ။ သူက ဒီတပ်ကြီးတစ်ခုလုံးကို တည်ထောင်ခဲ့တဲ့သူလေ။”

ပင်လယ်ဓားပြခေါင်းဆောင်က ဆို၏။ “ဒါပေမဲ့ အရှင်က အဲဒီတုန်းက ဘယ်လိုဝတ်စားခဲ့လဲ။ ဆံပင်တွေ ဖားလျားချထားတယ်။ မျက်လုံးတွေက မှိုင်းညှို့နေပြီး ခါးမှာလည်း ကြွာပွတ်တစ်ချောင်း ပတ်ထားတယ်။ သူ့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ကြီးကို မြင်ရတဲ့ အမျိုးသမီးတိုင်းက သွားရည်ကျခဲ့တယ်။

ဒါပေမဲ့ အခု ဒီကောင်လေးက ဘယ်လိုဝတ်ထားတာလဲ။ အသားအရေက ဖြူဖတ်ပြီးတော့ ခမ်းနားတဲ့ ပိုးဝတ်စုံကိုလည်း ဝတ်ဆင်ထားသေးတယ်။ လက်သည်းတွေဆိုလည်း သေသေချာချာ တိပြီးညှပ်ထားတယ်။ ဒီလိုလူမျိုးက ဘယ်လိုလုပ် ပင်လယ်ဓားပြ ဖြစ်နိုင်မှာလဲ။”

သူ ပြောသည်က အထိုက်အလျောက် မှန်၏။ ရှမ့်လန်က မည်သို့နေရာပင်ရောက်ရောက် ဤကဲ့သို့ သူ၏ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်တတ်သူတစ်ယောက်ပင်။ ‘ကျုပ်က ချောမောတဲ့ ယောကျ်ားတစ်ယောက်ပဲ။ ကျုပ်က ခန္ဓာကိုယ်ကို ဂရုစိုက်တဲ့ လူချောလေး ဖြစ်နေတာ ဘာမှားနေလို့လဲ။ ကျုပ်က အရမ်းချောနေတာ မှားနေလို့လား။’

သူက မျက်နှာပေါင်းတင်၏၊ လက်သည်းညှပ်၏၊ မျက်ခုံးကို ပြုပြင်၏။ ထိုအရာက ဘာမှားနေသနည်း။

“ပြီးတော့ သူက ဘာသိုင်းပညာတတ်လဲ။ ငန်းတစ်ကောင်ကိုတောင် သူ နိုင်အောင် တိုက်နိုင်ပါ့မလား။” ပင်လယ်ဓားပြ ခေါင်းဆောင်က မေး၏။

ပြီးနောက် ပင်လယ်ဓားပြတစ်ယောက်က ငန်းတစ်ကောင်ကို လွှတ်လိုက်၏။ ထိုအကောင်က ရှမ့်လန်ဆီသို့ ဒေါသတကြီး ပြေးဝင်လာခဲ့သည်။

“ခင်ဗျားတို့ နောက်နေကြတာလား။”

ရှမ့်လန်က ငန်းတစ်ကောင်ကို မည်သို့အနိုင်ယူရမည်နည်း။ သာမန်လူ တစ်ယောက်၏ တိုက်ခိုက်ရည်စွမ်းရည်က အများဆုံးမှ ငန်းတစ်ကောင်၏ ထက်ဝက်မျှသာ ရှိသေး၏။ ရှမ့်လန်ကဲ့သို့ ချောမောသည့် ယောကျ်ားတစ်ယောက်က မည်သို့အနိုင်ယူမည်နည်း။

“အရှုံးပေးပါတယ်။ အရှုံးပေးပါတယ်။” ရှမ့်လန်က ငန်းဖြူကြီးကို လက်မြှောက်ကာ အရှုံးပေးလိုက်၏။

“ဟား ဟား ဟား ဟား” လူပေါင်းများစွာတို့က ထကာ ရယ်မောကြ၏။ ချက်ချင်းပဲ ငန်းဖြူကြီးက စိတ်တက်ကြွသွားပြီး ခေါင်းကိုကော့၊ အမြီးကိုယမ်းပြီး လူအုပ်ကြားထဲသို့ လှည့်ပတ်သွားနေ၏။ ထိုအကောင်ကြီးက ရှမ့်လန်ကို မောက်မာသည့် မျက်လုံးအစုံဖြင့် အထင်သေးစွာ ကြည့်နေသည်။

ရှမ့်လန်က မည်သို့မျှ မနေနိုင်တော့ချေ။ ရှေ့ကိုတိုးပြီးသော် ငန်းဖြူကြီးကို လည်ပင်းဖက်ပြီး ခေါင်းကို ပွတ်သပ်ပေး၏။

ပင်လယ်ဓားပြခေါင်းဆောင်က ပြောသည်။ “ကြည့်အုံး။ သူက ငန်းတစ်ကောင်ကိုတောင် ဖားနေရတာ။ ဒီလိုလူက တို့တပ်ရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ အရည်အချင်းရှိလို့လား။”

ပြီးနောက် မျက်စိတစ်ဖက်လပ်နှင့် လူက ရှမ့်လန်၏ ပခုံးကို ပုတ်ကာ ပြော၏။ “ကောင်လေး... ငါတို့ မင်းအပေါ် မကောင်းတဲ့စိတ် မရှိပါဘူး။ ဟီလာက လိမ်ပြောမှာ မဟုတ်ဘူး ဆိုတာလည်း ယုံတယ်။ သူက မင်းကို 'အရှင့်ရဲ့သားတော်' လို့ ပြောရင် ဒါအမှန်ပဲ ဖြစ်ရမယ်။ ငါတို့တပ်ရဲ့ ဧည့်သည်အဖြစ် မင်းကို ကြိုဆိုတယ်။ ဒါပေမဲ့ ငါတို့တပ်ရဲ့ စစ်သည်ဖြစ်ဖို့တောင် အရည်အချင်း မရှိသေးဘူး။ ခေါင်းဆောင်ဆိုရင် အဝေးကြီးပဲ။

ပင်လယ်ပြင်ရဲ့ စည်းမျဉ်းတွေက ကုန်းပေါ်ကနဲ့ တူတာမဟုတ်ဘူး။ ငါတို့က သွေးနှောမှုကို ဂရုမစိုက်ဘူး။ အင်အားကြီးမှုကိုပဲ ဂရုစိုက်တယ်။ ဒါကြောင့် မင်းက အရှင့်ရဲ့သား ဖြစ်နေတယ် ဆိုရင်တောင် မင်းကို လက်ခံမှာ မဟုတ်ဘူး။ ဟီလာ... လာ သောက်ကြရအောင်။” မျက်လုံးတစ်ဖက်လပ်နှင့် လူက ဟီလာ၏ လက်မောင်းကို လှမ်းဆွဲသည်။

“ဖယ်စမ်း။”

ဟီလာက ဒေါသတကြီးဖြင့် ပြော၏။ “ကျွန်မမောင်က ဘုရင်တစ်ပါးပဲ။ သူက သိုင်းပညာ လေ့ကျင့်နေဖို့ မလိုဘူး။ ဉာဏ်ပညာကသာ သူ့ရဲ့ အားအကောင်းဆုံး လက်နက်ပဲ။”

မျက်စိတစ်ဖက်လပ်နှင့် လူက ပြောသည်။ “ဒါဆိုရင်လည်း မင်းတစ်ယောက်ပဲ သူ့ကို လက်ခံလိုက်တော့။ ငါတို့ သူ့ နောက်ကို မလိုက်နိုင်တာကို ခွင့်လွှတ်။”

စစ်သည်အများအပြားက ဟီလာကို နှစ်သိမ့်သည့်အနေဖြင့် ပခုံးကိုပုတ်သော်လည်း မည်သူကမှ ရှမ့်လန်ကို ဂရုမစိုက်ကြချေ။ အမှန်စစ်စစ် သူတို့၏ စိတ်ထဲတွင် အထင်အမြင်သေးစိတ်များဖြင့် ပြည့်နှက်နေ၏။ လူက တကယ်ပင် သွေးဆက်နွယ်မှုကို အသုံးချပြီး ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်ကို ဆက်ခံချင်နေသည်လား။ ရယ်မောစရာပင်။ လူဆိုသည်က ခွေးမဟုတ်ချေ။၊ အဘယ်သို့ သွေးမျိုးရိုးနှင့် ဆုံးဖြတ်၍ ရနိုင်မည်နည်း။

ထို့အပြင် တပ်ထဲသို့ ရောက်ရှိလာသူ အများစုက သွေးမျိုးရိုးစနစ်၏ သားကောင်များ ဖြစ်ကြ၏။ ထိုထဲတွင် မယားငယ်များ၏ သားသမီးအဖြစ် အသိအမှတ်ပြုခြင်းကို မခံရသည့် လူများ ပါဝင်နေသောကြောင့် ဤလူများက သွေးမျိုးဆက် သွေးမျိုးရိုးနှင့် ပတ်သက်သည့် အကြောင်းအရာများကို စိတ်မဝင်စားကြချေ။ ယခု ကြက်တစ်ကောင်ကိုပင် ဖမ်းရန် ခွန်အားမရှိသည့် လူချောလေးတစ်ယောက် ပေါ်လာခဲ့ပြီး 'အရှင့်၏သား ဖြစ်သည်' ဟု ပြောဆိုလိုက်ရုံနှင့် ထိုသူကို သစ္စာခံရမည်လား။ တကယ့်ကို ရယ်ပွဲဖွဲ့စရာပင်။

ဟီလာက အော်ဟစ်လိုက်၏။ “စီးဒရင်း... စီးပီး.... ရှင်တို့ ဘယ်မှာလဲ။ ဦးလေးဂျက် ရှင်ဘယ်မှာလဲ။”

စီးဒရင်း၊ စီးပီးနှင့် ဟီလာတို့က တတိယခေါင်းဆောင်အဖြစ် ရာထူးတူ၏။ အိန်ဂျလာတွင် ဆလွန်းဘားစ် နှင့် ဂျက်ထန်ဟူသော ရဲဘော်ဟောင်း နှစ်ယောက်ရှိပြီး ထိုနှစ်ဦးတို့က ဒုတိယခေါင်းဆောင်များ ဖြစ်ကြ၏။ အိန်ဂျလာ ကွယ်လွန်ပြီးနောက် ပထမခေါင်းဆောင်နေရာက လစ်ဟပ်နေ၏။

အိမ်တစ်လုံးက တံခါးပွင့်လာပြီး လူတစ်ဦး ထွက်လာ၏။ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ် ဒုတိယခေါင်းဆောင် ဂျက်ထန်က အသက် (၅၀) ကျော်အရွယ်ရှိ၏။ သူက အရှေ့တိုင်းသားတစ်ယောက် ဖြစ်ပုံပေါ်ပြီး ထို့ကြောင့်ပင်လျှင် သူ၏ မျိုးရိုးအမည်က ‘ထန်’ ဖြစ်နေခြင်း ဖြစ်မည်။ ထို့အပြင် သူ၏ လက်တစ်ဖက်က ပြတ်နေပြီး ထိုနေရာတွင် သံချိတ်တစ်ခုကို တပ်ထားသည်။

ရှမ့်လန်အနေဖြင့် ဤမျှကြီးမားသည့် နှာခေါင်းရှိသူကို ပထမဦးဆုံး မြင်ဖူးခြင်းပင်။ ထိုနှာခေါင်းက မျက်နှာ၏ ထက်ဝက်ခန့် နေရာယူထားပြီး သိန်းငှက် နှာခေါင်းကြီးကဲ့သို့ပင်။ ဤကဲ့သို့သော လူမျိုးက လူဆိုးတစ်ယောက် နှင့် တူသော်လည်း လူတစ်ဦးကို အပြင်ပန်းဖြင့် ဆုံးဖြတ်၍ မရပေ။

ဦးလေးဂျက်က သူမမိခင်၏ သစ္စာအရှိဆုံး လက်အောက်ငယ်သား ဖြစ်သည်ဟု ဟီလာက ပြောပြခဲ့ဖူး၏။ ပြီးတော့ စီးဒရင်းနှင့် စီးပီးတို့ …. ဟီလာက ယခင်က ရှမ့်လန်အား ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်ဖွဲ့အကြောင်း အနည်းငယ်သာ ပြောဖူးသောကြောင့် ထိုနှစ်ယောက်တို့က အိန်ဂျလာ ပျက်စီးခြင်း နယ်မြေမှ ကောက်ယူခဲ့သည့် မောင်နှမများ ဖြစ်သည်ဟု သိရှိထား၏။

သို့သော်ငြား ရှမ့်လန်က တစ်ချက်ကြည့်လိုက်ရုံနှင့် ဤနှစ်ယောက်တို့က မရိုးရှင်းကြောင်းနှင့် ရှေးဟောင်း လူသားများနှင့် နီးစပ်သည့် သွေးမျိုးရိုးရှိကြောင်း သိ၏။ ထိုသူနှစ်ဦးတို့က အလွန်အရပ်ရှည်ပြီး (၂) မီတာကျော် မြင့်မား၏။ ခန္ဓာကိုယ် တည်ဆောက်ပုံက သာမန်လူများထက် များစွာ သာလွန်သည်။

အထူးသဖြင့် စီးဒရင်းက မူလန်နှင့် နှိုင်းယှဉ်နိုင်သည့် ခန္ဓာကိုယ် ကောက်ကြောင်းအလှများရှိပြီး ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားနှင့် ဖျက်လတ်မှုများ ရှိနေသည်ကို မြင်ရုံနှင့် သိနိုင်၏။ ထို့အပြင် သူမ၏ကျောထက်တွင် ကြီးမားသည့် လေးတစ်စင်း ပါရှိလေရာ သူမက အစွမ်းထက်သည့် လေးသည်တော်တစ်ဦး ဖြစ်ကြောင်း ထင်ရှား၏။ ထို့အပြင် ဤနှစ်ယောက်တို့၏ အသားအရေက အနည်းငယ် ထူးဆန်းနေ၏။ အညိုရောင်လည်းမဟုတ်၊ အဖြူရောင်လည်း မဟုတ်ချေ။

ဟီလာက တကယ့်ပင် လှပရိုင်းစိုင်းသည့် အမျိုးသမီးဖြစ်သော်လည်း ဤစီးဒရင်းမှာ ပိုမို၍ပင် တောက်ပသည့် အလှတရားများနှင့် ရိုင်းစိုင်းသည့် အလှတရားများ ရှိ၏။ သူမ၏ ခရမ်းရောင် မျက်လုံးများထဲတွင် အမြဲတမ်း တိုက်ခိုက်လိုစိတ်၊ စူးစမ်းလိုစိတ်များ ပြည့်၏။ ဤကဲ့သို့သော အမျိုးသမီးမျိုးက ကြည့်ရုံနှင့်ပင် တကယ့်ကို စွဲမက်စရာကောင်း၏။

တစ်ဖက်တွင်တော့ စီးပီးက တည်ငြိမ်လေးနက်ပုံရှိပြီး မျက်လုံးများက အေးစက်မှုများနှင့် ပြည့်နှက်နေ၏။ သူတို့နှစ်ဦးက ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြတပ်တွင် အင်အားအကောင်းဆုံး လူသုံးဦး ဖြစ်ပေလိမ့်မည်။

ဂျက်ထန်က ရှမ့်လန်၏ ရှေ့သို့ ရောက်ရှိလာ၏။ ရှမ့်လန်ကို အတန်ကြာ ကြည့်ရှုပြီးနောက် အရှေ့ကိုတိုးကာဖြင့် ပွေ့ဖက်သည်။ “ကြိုဆိုပါတယ် ငါ့ကောင်လေး။”

အပိုင်း (၈၇၂)

ဤပွေ့ဖက်မှုက ရှမ့်လန် မည်သူမည်ဝါဖြစ်ကြောင်းကို အသိအမှတ်ပြုခြင်းပင်။ ရှမ့်လန်က အံ့အားသင့် သွား၏။ “ကျုပ်ကို ကြည့်ရတာ ကျုပ်အဖေနဲ့ မတူဘူးဆိုတာ ထင်ရှားပါတယ်။”

ဂျက်ထန်က ပြောသည်။ “လူတိုင်းရဲ့ အမြင်ကတော့ မတူဘူးလေ။ ဒါပေမဲ့ မင်းအဖေရဲ့ မျက်လုံးတွေက သိပ်ကို ထူးခြားတယ်။ သူ့ရဲ့သားသမီးတွေကပဲ ဒီလိုမျက်လုံးမျိုးကို ဆက်ခံနိုင်တာ။ မင်းက ဟီလာနဲ့ မျက်လုံးအရောင် မတူရင်တောင်မှ မင်းတို့က အရှင့်ရဲ့ သားသမီးတွေ ဖြစ်တယ်ဆိုတာ ငါ သိနိုင်ပါတယ်။”

ဟီလာက ပြော၏။ “ဦးလေးဂျက်၊ စီးဒရင်း၊ စီးပီး... ကျွန်မတို့လေးယောက်က ဒီတပ်ရဲ့ အမြင့်ဆုံး ခေါင်းဆောင်တွေပဲ။ ရှမ့်လန်က ကျွန်မရဲ့မောင်လေး ဖြစ်သလို ကျွန်မအဖေရဲ့ တစ်ဦးတည်းသော တရားဝင် အမွေဆက်ခံသူပဲ။ သူက ဒီ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်ကို ဆက်ခံပိုင်ခွင့် ရှိတယ် မဟုတ်လား။”

ဂျက်ထန်က ဆိုသည်။ “ဟီလာ... ငါတကယ်ပဲ အရှင့်ကို ချစ်မြတ်နိုးပြီး ကြည်ညိုတယ်။ ဒါပေမဲ့ မျက်လုံး တစ်ဖက်လပ် ပြောတာ မှန်တယ်။ ပင်လယ်ပြင်ရဲ့ စည်းမျဉ်းက ကုန်းပြင်နဲ့ မတူဘူး။ ငါတို့က ဘယ်သူက အထက်လူကြီး ဖြစ်ရမယ်ဆိုတာကို သွေးမျိုးရိုးနဲ့ မဆုံးဖြတ်ဘူး။ ပြီးတော့ အရှင်ကိုယ်တိုင်ကလည်း ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်က သူ့အပိုင်လို့ တစ်ခါမှ မပြောခဲ့ဘူး။ ဒီတပ်ကြီးက လူတိုင်းနဲ့ ဆိုင်တယ်။ မျိုးဆက်တိုင်းရဲ့ ခေါင်းဆောင်ကိုလည်း ရွေးကောက်ပွဲကနေတဆင့် ရွေးချယ်တာပဲ။ အရှင်ဖြစ်စေ၊ အရှင် အိန်ဂျလာဖြစ်စေ။ သူတို့ကို ငါတို့ကပဲ ရွေးချယ်ခဲ့ကြတာလေ။”

ဟီလာက ပြော၏။ “ဒါဆိုရင် ကျွန်မမောင်လေး ရှမ့်လန်ကို ရွေးချယ်လို့ ရတာပဲ။ ကျွန်မကို ယုံပါ။ သူက လောကကြီးမှာ လိမ္မာအပါးနပ်ဆုံး လူပဲ။ သူတစ်ယောက်ကပဲ ဒီစစ်တပ်ကြီးကို ကယ်တင်နိုင်မှာ။”

“တကယ့်ကို စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်လို့ မရဘူး။ ဒါက စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ မကိုက်ညီဘူး။”

ဂျက်ထန်က ပြောသည်။ “ငါ အရှင့်ကို သိပ်ချစ်တဲ့အတွက် သူ့သားကိုလည်း ချစ်တယ်။ ဒါပေမဲ့ သူ့ကို ငါ့ရဲ့ အရှင်သခင် အဖြစ်တော့ အသိအမှတ် မပြုနိုင်သေးဘူး။”

ထိုအချိန်မှာတော့ စီးပီးက ပြော၏။ “တကယ်တော့ ငါတို့မှာ ခေါင်းဆောင် အသစ်ရတော့မယ်။ ဒီည ငါတို့ ပျော်ပွဲရွှင်ပွဲ ကျင်းပနေတာက မနက်ဖြန် ပထမခေါင်းဆောင်သစ်ကို ရွေးချယ်ဖို့ပဲ။ အဖွဲ့ဝင်တိုင်းမှာ မဲတစ်မဲဆီ ရှိတယ်။”

ထိုသို့ပြောလိုက်သည်နှင့် ဟီလာက မျက်နှာပျက်ယွင်းသွား၏။ “ဘယ်သူလဲ။ ကျွန်မအမေ မရှိတော့တဲ့ နောက်မှာ ဘယ်သူက ပထမခေါင်းဆောင် ဖြစ်ပိုင်ခွင့် ရှိသေးတာလဲ။”

“ငါပဲပေါ့။ ငါ့ရဲ့ ချစ်လှစွာသော ညီမလေး။”

လူအုပ်ကြားထဲမှ အသံ အရင်ထွက်ပေါ်လာ၏။ တံခါးဖွင့်ပြီးနောက် သန်မာချောမောသည့် အနောက်တိုင်းသား အမျိုးသားတစ်ဦး လျှောက်ဝင်လာ၏။ သူက သရေဘောင်းဘီ တစ်ထည်ကို ဝတ်ဆင်ထားပြီး တခြားပင်လယ်ဓားပြများကဲ့သို့ပင် ခန္ဓာကိုယ် တစ်ခုလုံးတွင် ဆေးမင်ကြောင်များနှင့် ပြည့်နှက်နေသည်။

ထို့အပြင် ထိုဆေးမင်ကြောင်များက တကယ့်ကို ထူးခြားပြီး သေဆုံးသွားသည့် လူများ၏ မျက်နှာများ ဖြစ်၏။ ပင်လယ်ဓားပြအများစုက အမျိုးသမီးမျက်နှာများနှင့် ခန္ဓာကိုယ်များကို ဆေးမင်ကြောင် ထိုးလေ့ ရှိကြသော်လည်း ဤလူကတော့ သေဆုံးသူများ၏ မျက်နှာများကိုသာ ထိုးထားခြင်းပင်။ ခန့်မှန်းချက် မမှားပါက ဤသေဆုံးသူများက သူအနိုင်ယူခဲ့သည့် ရန်သူများ ဖြစ်ပေလိမ့်မည်။

ဤမျှ သန်မာချောမောသော အနောက်တိုင်းသားက လက်ကိုဖြန့်ပြီး ဟီလာကို ပွေ့ဖက်ရန် ကြိုးစား၏။ ဤလူ၏ ခန္ဓာကိုယ်တွင် အလွန်ပြင်းထန်သည့် ယောက်ျားပီသသော အငွေ့အသက်များနှင့် ပြည့်နှက်နေပြီး အမျိုးသမီးများကို ဆွဲဆောင်နေသည့် အစွမ်းထက် စွဲမက်မှုမျိုးလည်း ရှိနေ၏။

“ရှင့်ကို ကျွန်မ မသိဘူး။” ဟီလာက အေးစက်စက် ပြောသည်။

ထိုသန်မာချောမောသည့် အနောက်တိုင်းသားက ပြော၏။ “ငါက မင်းနဲ့ အဖေတူအမေကွဲ မောင်နှမ တစ်ယောက်ပဲ။ ငါတို့ရဲ့အမေက ပင်လယ်ဓားပြအဖြစ် မွေးဖွားလာခဲ့တယ်လို့ မင်းမထင်နဲ့။ မဟုတ်ဘူး။ သူက ရှီလွန်အင်ပါယာရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး မြို့စားကြီးဒိုင်ယွန်ရဲ့ သမီးတော်ပဲ။

သူက တစ်ချိန်က ရှီလွန်အင်ပါယာရဲ့ မင်းသားဒေါက်ကလပ်စ်နဲ့ လက်ထပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အိမ်ထောင်သက် (၇) နှစ်အကြာမှာတော့ အိမ်က ထွက်ပြေးခဲ့ပြီး အမျိုးသမီး ပင်လယ်ဓားပြတစ်ယောက် ဖြစ်လာတာပဲ။ အဲဒီနောက်မှာတော့ သူက မင်းတို့အဖေနဲ့ တွေ့ဆုံခဲ့တယ်။ ဒီနှစ်ယောက်က အနောက်လောက ရဲ့ အားအကောင်းဆုံး ပင်လယ်ဓားပြအဖွဲ့ဖြစ်တဲ့ ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြအဖွဲ့ကို တည်ထောင်ခ ကြတယ်။”

ထိုသို့ပြောပြီးသည်နှင့် ဟီလာက လုံးဝမှင်သက်သွားခဲ့၏။ သူမက သူမမိခင်၏ နောက်ကြောင်းကို တစ်ခါမှ မမေးမြန်းခဲ့ဖူးသော်လည်း သူမ၏မိခင်က သူမ၏ဖခင်နှင့်တွေ့ဆုံချိန်တွင် အသက် (၉) နှစ်ခန့် ပိုကြီးနေပြီး ထိုအသက်အရွယ်ရှိ အမျိုးသမီးတစ်ဦးက အိမ်ထောင်ရှိပြီးသား ဖြစ်မည်မှာ သေချာသည်။

သို့သော်လည်း သူမ၏မိခင်က ပင်လယ်ပြင်သို့ မထွက်မီ အကြောင်းအရာများကို တစ်ခါမှ မပြောပြခဲ့ဖူး သောကြောင့် သူမ၏ဘဝက ပင်လယ်ဓားပြအဖြစ်မှ စတင်ရသကဲ့သို့ ရှိ၏။

ဟီလာက ဂျက်ထန်ကို မျှော်လင့်တကြီးစွာနှင့် ကြည့်သည်။

ဂျက်ထန်က ခေါင်းညိတ်ပြ၏။

“မင်းအမေက အတိတ်က အကြောင်းတွေကို မပြောချင်ခဲ့ဘူး။ ဒါပေမဲ့ သူပြောတာတွေ အားလုံးက အမှန်ပဲ။ မင်းအမေက တကယ်ပဲ ရှီလွန်အင်ပါယာ ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ သမီးဖြစ်ပြီးတော့ မင်းသား ဒေါက်ကလပ်စ်ရဲ့ ဇနီးလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူ ထွက်ပြေးသွားခဲ့ပြီးတဲ့နောက်မှာ အိမ်ထောင်ရေး ပျက်ပြားသွား ခဲ့တာပဲ။ မင်းအမေနဲ့ အရှင်က တရားဝင် လက်ထပ်ခဲ့ကြတာမို့လို့ မင်းက တရားမဝင် သားသမီး မဟုတ်ဘူး။ ပြီးတော့ မင်းအဖေက ငါတို့ရဲ့ အမြဲတမ်း အရှင်ဖြစ်နေမှာပါ။”

ထိုသို့ဆိုလျှင် သူမ၏ရှေ့မှောက်ရှိ ဤသန်မာချောမောသည့် အမျိုးသားက ရှီလွန်အင်ပါယာ၏ မင်းသား ဒေါက်ကလပ်စ်၏ သားဖြစ်နေသည်လား။

ဟီလာက ပွေ့ဖက်မှုကို ငြင်းဆန်လိုက်၏။

ဤအလွန်ချောမောသည့် အမျိုးသားက ရှမ့်လန်ဘက်သို့ လက်ကမ်းပေးသည်။ “တွေ့ရတာ ဝမ်းသာပါတယ် အရှင်ရှမ့်လန်... ကျုပ်က ရှီလွန်အင်ပါယာရဲ့ မြို့စားကြီး ဒေါက်ကလပ်စ်ပါ။ နောက်ပိုင်းမှာ ကျုပ်က မင်းသားရာထူးကို ဆက်ခံရမှာဖြစ်ပေမဲ့ လောလောဆယ်တော့ မြို့စားကြီးအဆင့်ပဲ ရှိသေးတယ်။ တကယ်တော့ 'ဒေါက်ကလပ်စ်' ဆိုတာက ကျုပ်အမေရဲ့ မျိုးရိုးအမည်ဖြစ်ပြီးတော့ ကျုပ်က ဒါကို အမည်အဖြစ် ယူထားတာမို့ပါ။ ကျုပ်ရဲ့ နာမည်အပြည့်အစုံကတော့ 'ဒေါက်ကလပ်စ် ရှီလွန်' ပဲ။”

အနောက်လောကသို့ ရောက်ရှိလာခဲ့တာ ကြာမြင့်ပြီဖြစ်သော်လည်း ရှမ့်လန်အနေဖြင့် ရှီလွန်အင်ပါယာ တော်ဝင်မိသားစုတစ်ဦးနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံရခြင်းပင်။ ထို့အပြင် ဤလူက အမျိုးသမီးများ၏ ခြေထောက်များကို စေ့ထားရန် ခက်ခဲစေလောက်အောင် ဆွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြီးမားသည့် အရှိန်အဝါများကို ထုတ်ဖော်နိုင်သည့် လူဖြစ်၏။

ရှမ့်လန်က လက်မကမ်းမီ ပြောလိုက်သည်။ “ခင်ဗျားရဲ့ ခွန်အားကို သက်သေပြဖို့အတွက် ကျုပ်လက်ကို ညှစ်ပစ်မှာတော့ မဟုတ်ဘူးမလား။”

ထိုသို့ပြောလိုက်သည်နှင့် မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက အထင်အမြင်သေးကြောင်း ဖော်ပြကြ၏။ ‘သူက ဒီလောက်တောင် အားနည်းတာလား။ လက်လေးတစ်ဖက်ကို ဆန့်တန်းပေးဖို့တောင် သတ္တိ မရှိဘူးလား။’

“မစိုးရိမ်ပါနဲ့။” ဒေါက်ကလပ်စ် ရှီလွန်က ပြော၏။ ပြီးနောက် နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ကြသည်။

“အား” ရှမ့်လန်က နာကျင်လွန်းသောကြောင့် အော်ဟစ်လိုက်၏။

ရှီလွန်က လက်ကိုမြှောက်ပြ၏။ “ကျုပ်... ကျုပ် တကယ် ဒီအတိုင်းပဲ နှုတ်ဆက်လိုက်တာပါ။”

ဤကဲ့သို့သော လူမျိုးက အလွန်အမင်း သန်မာလှသောကြောင့် လူတစ်ဦးနှင့် နှုတ်ဆက်တိုင်း သာမန်အားကိုသာ အသုံးပြုသော်လည်း ထိုအားက ရှမ့်လန်၏ အရိုးများကို ကြေမွသွားစေနိုင်သည်။

“အထင်မမှားဘူးဆိုရင် ခင်ဗျားက ဆော်ရွှန်မင်းသားအပေါ်မှာ သစ္စာခံတဲ့လူပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။” ရှမ့်လန်က မေးလိုက်၏။

“အမှန်ပါပဲ။”

ရှီလွန်က ပြောသည်။ “ကျုပ်က ရှီလွန်တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်ပေမဲ့ ကျုပ်အမေရဲ့ မိသားစုဆီက လွှမ်းမိုးမှုကို ပိုခံခဲ့ရတယ်။ ကျုပ်အသက် (၅) နှစ်ထဲက ပင်လယ်ပြင်မှာ စွန့်စားခန်းတွေ ထွက်နေတာ။ ကျုပ်ရဲ့ အဘိုးမြို့စားကြီး ဒိုင်ယွန်ကလည်း ကျုပ်က သူ့ရဲ့အမွေဆက်ခံသူလို့ ပြောထားပြီးသားပါ။”

ဟီလာက ရုတ်တရက် ပေါ်လာသည့် ဤမောင်နှမဆိုသကို အေးစက်စက်နှင့် စောင့်ကြည့်၏။ ပြီးနောက် တစ်လုံးချင်း ပြောလိုက်၏။ “အမေ ကွယ်လွန်တည်းက ဒီအိမ်ထောင်ရေးရှိတာကို အသိအမှတ် မပြုခဲ့မှတော့ ကျွန်မကလည်း ရှင့်လို အစ်ကိုမျိုး ရှိတယ်လို့ အသိအမှတ် မပြုနိုင်ဘူး။ ကျွန်မ ဟီလာမှာ မောင်တစ်ယောက်ပဲ ရှိတယ်။ အဲဒါ ရှမ့်လန်ပဲ။”

ပြီးနောက် ဟီလာက မေးလိုက်သည်။ “ဦးလေးဂျက်ထန်... ဦးလေးတို့က ဒီအပြင်လူကို ဦးခေါင်းခွံဂိုဏ်း ပင်လယ်ဓားပြစစ်တပ်ရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတော့မှာလား။”

“သူက အပြင်လူ မဟုတ်ဘူး။”

စီးပီးက ဆို၏။ “သူက အမေ့ရဲ့သားပဲ။ ပြီးတော့ သူက ငါတို့ကို ကယ်တင်ခဲ့တာ။”

“ဒါဆိုရင် သူဘယ်လို ကယ်တင်ခဲ့တယ် ဆိုတာကို ကျွန်မ သိပါရစေအုံး။” ဟီလာက မေးသည်။

“ပျောက်ဆုံးသွားတဲ့ ဒီနိုင်ငံရဲ့ ပျက်စီးခြင်း နယ်မြေကို လွှမ်းခြုံထားတဲ့ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ စွမ်းအင်တွေကို မှတ်မိသေးလား။” စီးပီးက ပြန်မေး၏။

အမှန်စစ်စစ် ထိုအရာက ကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့် ထိုထူးဆန်းသည့် စွမ်းအင်များ၏ လွှမ်းမိုးမှုကို ခံရ၏။ ထိုအရာက နားနှင့်မကြားရသော်လည်း လူကို စိတ်ဓာတ်ကျဆင်းစေပြီး မှိုင်တွေစေ၏။ ရှမ့်လန်က ထိုအရာကို အသေးစိတ် ဖော်ပြနိုင်သည်။

ထိုအရာက အမြဲတမ်း တစ္ဆေများ ငိုကြွေးနေသကဲ့သို့ ခံစားရသည့် အထူးလှိုင်းတစ်ခု ဖြစ်ပြီး တကယ်ပင် စိတ်ညစ်ညူးဖွယ်ရာ ကောင်း၏။ အကယ်၍ ဆယ်စုနှစ်တစ်ခုကျော် ကြာသည်အထိ ဤသို့ နေ့စဉ်နှင့်အမျှ နားဆင်နေရမည် ဆိုပါက စိတ်ပိုင်းဆိုင်ရာ က်ခဲမှုက တကယ့်ကို ကြီးမားပြီး လူကို ရူးသွပ်သွားစေနိုင်၏။

“အမေအိန်ဂျလာ ကွယ်လွန်ပြီးတဲ့နောက်မှာ မင်းလည်း ထွက်သွားခဲ့တယ်။ ငါတို့ ရေတပ်စုတစ်ခုလုံးက လုံးဝမျှော်လင့်ချက်မဲ့ပြီး မှောင်မိုက်တဲ့ အခြေအနေဆီ ရောက်တယ်။ နားမခံနိုင်တဲ့ တစ္ဆေငိုသံတွေက လူတိုင်းကို နှိပ်စက်ခဲ့တယ်။ အဲဒီအချိန်မှာ တို့ရဲ့ စားနပ်ရိက္ခာတွေကလည်း လုံးဝကုန်သွားခဲ့ပြီ။”

ရှမ့်လန်အနေနှင့် ထိုအရာက ရေတပ်၏ နိဂုံးကဲ့သို့ ဖြစ်နေကြောင်း ခန့်မှန်းနိုင်၏။ ဟီလာကလည်း နေ့စဉ်နှင့်အမျှ မိမိကိုယ်ကိုယ် သတ်သေသည့်လူများရှိကြောင်း ပြောဆိုခဲ့၏။ သို့သော်ငြား ကြည့်ရသည်က လူတိုင်းက လွတ်မြောက်လျက် ရှိနေပြီး ပျော်ပွဲရွှင်ပွဲများကို ဆင်နွှဲနေ၏။

စီးပီးက ပြောသည်။ “အဲအချိန်တုန်းက ငါတို့အားလုံး စုပေါင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေကြမလို့ပဲ။ ကြားလား။ စုပေါင်းပြီးတော့ကို သတ်သေမှာ။ ဒါက ရေတပ်တစ်ခုလုံး ပျက်စီးတော့မယ်လို့ ဆိုလိုတာ။ အဲအချိန်မှာ ဒေါက်ကလပ်စ် ပေါ်လာခဲ့ပြီး ငါတို့ကို ကယ်တင်ခဲ့တယ်။”

ဟီလာက မေး၏။ “သူ ဘယ်လို ကယ်တင်ခဲ့တာလဲ။”

စီးပီးက ဖြေသည်။ “မှိုင်တွေ မျှော်လင့်ချက် မဲ့နေတဲ့ အဲတစ္ဆေငိုသံတွေ မရှိတော့တာကို သတိမထားမိဘူးလား။ တို့ရဲ့စိတ်တွေကို နှိပ်စက်တဲ့အရာတွေ မရှိတော့ဘူး။”

ဟီလာက မှင်သက်သွား၏။ စောဏကလေးတင် အခြေအနေ၊အရပ်ရပ်ကြောင့် သူမက သတိမပြုမ ိသော်လည်း အမှန်တကယ် နာကျင်ဖွယ်ကောင်းသည့် စိတ်ပိုင်းဆိုင်ရာလှိုင်းများ မရှိတော့ချေ။ နားမခံနိုင်သည့် တစ္ဆေလှိုင်းများက အမှန်တကယ် ပျောက်ကွယ်သွားခဲ့၏။

ရှမ့်လန်က ထိုအရာကို ခံစားမိပြီး အကြောင်းအရင်းကို ရှာဖွေတွေ့ရှိ၏။ တစ်စုံတစ်ယောက်က ကြီးမားသည့် အိမ်မက်ဆိုးကျောက်တုံးကို အသုံးပြုပြီး အလားတူ စွမ်းအင်မျိုးကို တည်ဆောက်ခဲ့ခြင်းဖြစ်၏။ နယ်မြေအတွင်းရှိ တစ္ဆေငိုသံ စွမ်းအင်လှိုင်းများကို သီးခြားဖြစ်တည်အောင် ပြုလုပ်ခဲ့ခြင်းပင်။

ဤဒေါက်ကလပ်စ်က မရိုးသားလှချေ။ သူက ရှေးဟောင်းယဉ်ကျေးမှုမှ တစ်စုံတစ်ခုကို ပိုင်ဆိုင်ထား၏။ ထိုသို့ဆိုလျှင် အဒေါ့ဖ်နှင့် သူ၏ဆက်ဆံရေးက မည်သို့ ရှိမည်နည်း။ နှစ်ယောက်စလုံးက ဆော်ရွှန်မင်းသားကို သစ္စာရှိကြပြီး အဒေါ့ဖ်က အမေဇုန်နိုင်ငံကို ဆော်ရွှန်အတွက် သိမ်းပိုက်ပေးရန် ကြိုးစား၏။ ဤဒေါက်ကလပ်စ် ကတော့ ဦးခေါင်းခွံ ပင်လယ်ဓားပြတပ်ကို ဆော်ရွှန်အတွက် သိမ်းပိုက်ပေးရန် ကြိုးစားနေ၏။ ဤဧကရာဇ် ဆော်ရွှန်က တကယ့်ကို ကြီးမားသည့် အကြံအစည်မျိုး ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။

စီးပီးက ဆက်ပြော၏။ “ပြီးတော့ ဒေါက်ကလပ်စ်က ဂိုထောင်အသစ်တစ်ခုကို ရှာတွေ့ခဲ့တယ်။ ရိက္ခာတွေ၊ အရက်တွေကိုလည်း ထုတ်ပေးခဲ့တယ်။”

ဟီလာက အေးစက်စက် ပြော၏သည်။ “ဒီလောက်လေးနဲ့ ရှင်က သူ့ကို ကုန်းပတ်စုရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တာလား။ ကုန်းပတ်စုက ဒီလောက်အထိ တန်ဖိုးမရှိတာတော့ မဟုတ်ပါဘူး။”

စီးပီးက ပြော၏။ “သူက သိုင်းပညာ စိန်ခေါ်မှုကိုလည်း ဆင်နွှဲခဲ့တယ်။ သုံးရက်နဲ့ သုံးညအတွင်းမှာ တို့ထဲက လူတစ်ထောင်လောက်ကို အနိုင်တိုက်ခဲ့တာ။”

ဟီလာက အံ့အားသင့်သွား၏။ စီးဒရင်းနှင့် စီးပီးတို့က သူမထက်ပင် သန်မာကြသူများ ဖြစ်သော်လည်း နှစ်ယောက်လုံးက ဒေါက်ကလပ်စ်ကို ရှုံးနိမ့်ခဲ့ကြသည်လား။ သူက မည်မျှအထိ အစွမ်းထက်သနည်း။ သုံးရက် သုံးညတိတိ တိုက်ခိုက်ခဲ့ပြီး လူပေါင်းတစ်ထောင်ကျော်ကို အနိုင်ယူခဲ့ခြင်း ဆိုသည်က ကြောက်မက်ဖွယ်ရာ ကောင်းသော ခွန်အားမျိုးပင်။

စီးပီးက ဆက်ပြောသည်။ “ဒါတွေတင် မကသေးဘူး။ မင်းပျောက်ဆုံးသွားတဲ့ နိုင်ငံကို ပထမဆုံး ရောက်တာတော့ ထူးဆန်းတဲ့ မြင်ကွင်းကို မြင်ရမှာပေါ့။ ကောင်းကင်ယံတစ်ခုလုံးက ကြီးမားတဲ့ တံလျှပ်ကြီး ပေါ်နေတာ။ မရေမတွက်နိုင်တဲ့ မွန်းစတားတွေက တံလျှပ်ကြီးကို ငေးငိုင်ပြီး မတိုက်ခိုက်တော့ဘူး။ ပင်လယ် တစ်ခုလုံးက ဘေးကင်းသွားခဲ့တယ်။ ပင်လယ်ထဲမှာ ငါးဖမ်းထွက်တာ၊ လမ်းကြောင်းရှာတာမျိုး လုပ်တဲ့ အချိန်မှာ ပင်လယ်မွန်းစတားတွေရဲ့ တိုက်ခိုက်တာမျိုး မခံရတော့ဘူး။ ဒါတွေအားလုံးက အရှင် ဒေါက်ကလပ်စ်ရဲ့ ကျေးဇူးပဲ။”

ထိုအချိန်မှာတော့ ရှမ့်လန်က ဒေါက်ကလပ်စ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။ ကောင်းကင်ယံရှိ ကြီးမားသော တံလျှပ်မျက်နှာပြင်ကြီးက သူ ဖန်တီးခဲ့ခြင်းလား။ ထိုအရာက အနည်းငယ် စိတ်ကူးယဉ် ဆန်နေ၏။ ဤဒေါက်ကလပ်စ်က ကြိုတင်ပြင်ဆင်လာရုံသာမက သူ၏ အစွမ်းအစကို ထုတ်ဖော်ရန် သေသေချာချာ ပြင်ဆင်ခဲ့ခြင်းပင်။ သူက ပျောက်ဆုံးသွားသည့် နိုင်ငံကို ရောက်ရှိလာသည့်အချိန်မှစ၍ အံ့ဖွယ်ရာများကို တစ်ခုပြီးတစ်ခု ဖန်တီး၏။ သူက ကယ်တင်ရှင်တစ်ဦး ကဲ့သို့ပင်။

ယခင်က ရှမ့်လန်က အဒေါ့ဖ်ကို ဟန်တားနိုင်သော်လည်း ယခုအချိန်တွင်တော့ တစ်ဖက်လူက ရှမ့်လန်ကို ဟန့်တားရန် ဒေါက်ကလပ်စ်ကို စေလွှတ်ခဲ့ခြင်း ဖြစ်ပေမည်။ ဟီလာက သူမမိခင်၏သား ဖြစ်သည်ကို ငြင်းဆန်လိုသော်လည်း အချက်အလက်များအရ သမီးများက အဖေနှင့်တူပြီး သားများက အမေနှင့် တူတတ်သည်။ ဤဒေါက်ကလပ်စ်က သူမထက်ပင် သူမအမေနှင့် ပိုတူနေသောကြောင့် ဟီလာအနေနှင့် ငြင်းပယ်ရန် ခက်ခဲပေ၏။

“ဟီလာ... အခုဆိုရင် သူက ပထမဦးဆုံး ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းရှိတယ်လို့ မင်းမထင်ဘူးလား။”

စီးပီးက ပြောသည်။ “မကြာခင်မှာပဲ သူ ဒီထက်ပိုပြီး ကြီးကျယ်တဲ့အရာတွေကို လုပ်တော့မှာ။ သူက ငါတို့ကို ဒီပျောက်ဆုံးသွားတဲ့နိုင်ငံကနေ ခေါ်ထုတ်သွားလိမ့်မယ်။ ဒီပင်လယ်ပြင်ကနေ ထွက်ခွာပြီး ရှီလွန်အင်ပါယာကို ပြန်ကြမယ်။ ဒါဆိုရင် သူ့ကို ပထမခေါင်းဆောင်အဖြစ် ဘာလို့ မရွေးရမှာလဲ။”

အကြောင်းပြချက်မရှိဘဲ ရှမ့်လန်ပင်လျှင် ဤဒေါက်ကလပ်စ် ရှီလွန်ကို မဲပေးချင်စိတ် ပေါက်သွား၏။ သူက ကောင်းကင်ပေါ်က စေလွှတ်လိုက်သည့် ကယ်တင်ရှင်၊ နတ်မင်းကြီးတစ်ပါးနှင့်ပင် တူနေ၏။

ဟီလာက လှောင်ပြောင်လိုက်သည်။ “သူက ရှင်တို့ကို ခေါ်သွားနိုင်မယ်လို့ ပြောတာနဲ့ ရှင်တို့က ယုံနေတာလား။ သူက ကျွန်မတို့ကို အိမ်ပြန်ပို့ပေးနိုင်မယ်လို့ ပြောတာနဲ့ ယုံနေကြတာပဲလား။”

“ငါ ယုံတယ်။”

စီးပီးက ပြော၏။ “ဒါမှမဟုတ်ရင် ငါက မင်းရဲ့ မောင်လေးကို ယုံရမှာလား။”

‘ဒီလူတွေ ဘာလို့ ငါ ရှမ့်လန်ကိုမှ ပြဿနာရှာနေရတာလဲ။”

ဂျက်ထန်က ပြောသည်။ “ဟီလာ... ကိစ္စကတော့ အဲဒါပဲ။ မနက်ဖြန်မှာ ငါတို့ ပထမခေါင်းဆောင်ကို ရွေးချယ်ကြမယ်။ ရွေးချယ်ပြီးတာနဲ့ ဒေါက်ကလပ်စ်က ဒီနေရာရဲ့ ထူးဆန်းတဲ့ စွမ်းအင်နယ်ပယ်ကို ပြောင်းလဲဖို့ နည်းလမ်း ရှာလိမ့်မယ်။ ဒါဆိုရင် ငါတို့ အောင်မြင်စွာ ထွက်ခွာလို့ရပြီ။ မနက်ဖြန်မှာ ရွေးကောက်ပွဲရှိတယ်။ တို့အားလုံး အိမ်ပြန်ရတော့မယ်။ ဒါကြောင့် ဒီည ပျော်ပွဲရွှင်ပွဲ ကျင်းပနေကြတာပဲ။”

“ဒါကြောင့်ကိုး။”

ဤကဲ့သို့သော အချိန်မျိုးတွင် အဘယ်ကြောင့် ကြီးကျယ်သည့် ပွဲတော်တစ်ခုကို ကျင်းပနေရ သနည်းဟု ရှမ့်လန်က ထူးဆန်းနေခဲ့သည်။ ထိုအရာက ခေါင်းဆောင်သစ် ပေါ်ပေါက်လာခြင်းကို ဂုဏ်ပြုရန်နှင့် ထိုသူတို့ ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်ရတော့မည်ကို သိရှိသောကြောင့် ပျော်ပွဲ ဆင်နွှဲနေခြင်းပင်။

ဟီလာ၏ စိတ်ထဲတွင်တော့ ခိုကိုးရာမဲ့သလို ခံစားလိုက်ရပြီး သူမက ရှမ့်လန်ကို ကူညီလိုသော်လည်း သူမ လုပ်နိုင်သည့်အရာက ဘာမှ မရှိတော့ချေ။ လူတိုင်းနီးပါးက ဒေါက်ကလပ်စ်၏ ဘက်တော်သားများ ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤဒေါက်ကလပ်စ်၏ ရှေ့တွင် ရှမ့်လန်က အမှန်ပင် အားနည်းလွန်းနေသောကြောင့် ဖြစ်၏။ သူက ရေတပ်ကြီး၏ ခေါင်းဆောင်တစ်ဦးနှင့် မတူချေ။

သို့သော်ငြား တစ်စုံတစ်ခုသော အကြောင်းအရာကြောင့် ရှမ့်လန်ကို သူမ၏ မောင်လေးအဖြစ် သိရှိခဲ့ရသည်။ အထူးသဖြင့် ရှမ့်လန်ကို မြင်ရသည့်အချိန်တွင် သူမက တကယ့်ကို ဝမ်းမြောက်မိ၏။ သူမက ရှမ့်လန်ကို မြင်ရသည်နှင့် တပြိုင်နက် မိသားစုဝင် တစ်ယောက်ကဲ့သို့ သဘောထားကာဖြင့် အကြွင်းမဲ့ ကာကွယ်လိုသည့် ဆန္ဒများ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့၏။

တစ်ဖက်တွင်တော့ ဤဒေါက်ကလပ်စ်က သူမ၏ မိခင်နှင့် အလွန်တူသောကြောင့် သူမ၏ မောင်နှမအရင်း ဖြစ်သင့်သော်လည်း ဟီလာက တစ်ဖက်လူကို မြင်ရသည့်အချိန်တွင် ရန်လိုသည့် စိတ်ကိုသာ ခံစားရသည်။

All Chapters