← Chapters

အခန်း (၈၇၃-၈၇၄)

Vol. 53 Ch. 873-874

အခန်း (၈၇၃-၈၇၄)

Vol. 53 Ch. 873-874

အပိုင်း (၈၇၃)

“ဦးလေးဂျက်ထန်၊ အစ်မကြီး၊ ဒုတိယအစ်ကို..”

ဟီလာက ထိုသူတို့သုံးဦးကို သနားခံသည့် မျက်လုံးနှင့် ကြည့်ပြီး ပြန်လည်စဉ်းစားပေးရန် မျှော်လင့်၏။ “ရှမ့်လန်က တကယ်ပဲ ထူးချွန်တယ်။ တကယ်ပဲ ထက်မြက်တဲ့ လူတစ်ယောက်ပါ။ သူက အမေဇုန်နိုင်ငံကို ကယ်တင်ပေးနိုင်ခဲ့တဲ့ လူပဲ။ ကျေးဇူးပြုပြီး သူ့ကို အခွင့်အရေး တစ်ခု ပေးကြပါ။ ကျွန်မ တောင်းပန်ပါတယ်။”

အမြဲတမ်း မာကျောခက်ထန်လေ့ရှိသည့် ဟီလာက ယခု အသနားခံသည့် အဆင့်သို့ ရောက်ရှိနေသည်။

“စိတ်မကောင်းပါဘူး ကလေး။” ဂျက်ထန်က ပြော၏။

စီးဒရင်းက မျက်နှာလွှဲလိုက်ပြီး စီးပီးကတော့ ရှမ့်လန်ကို အေးစက်သည့်အပြုံးနှင့် ကြည့်နေ၏။ ဟီလာဘက်တွင် မည်သူမှမရပ်တည်လိုကြသလို ရှမ့်လန်ကို အခွင့်အရေးပေးရန်လည်း မည်သူကမှ အလိုမရှိကြချေ။

ဟီလာက ထပ်မံ အသနားခံရန် ပါးစပ်ဟလိုက်သော်လည်း ရှမ့်လန်က သူမကို တား၏။ အသနားခံခြင်းက လူကို အားနည်းစေရုံသာမက အထင်သေးခံရရန် လမ်းစသာလျှင် ရှိ၏။ ရှမ့်လန်က မေးမြန်းလိုက်၏။ “ဦးလေးဂျက်ထန်... ဦးလေးက လောလောဆယ် ဒီနေရာရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား။”

“ဟုတ်ပါတယ် ငါ့ကလေး။” ဂျက်ထန်က ပြန်ပြော၏။

ရှမ့်လန်က တောင်းဆိုလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်လည်း ခေါင်းဆောင်ရွေးပွဲအတွက် နာမည်စာရင်း ပေးလို့ရလား။”

ဂျက်ထန်က ပြော၏။ “မင်းက ဒီရေတပ်ရဲ့ အဖွဲ့ဝင် ဖြစ်နေသရွေ့ ပါဝင်ယှဉ်ပြိုင်လို့ ရပါတယ်။”

ရှမ့်လန်က ပြောသည။ “ဒါဆိုရင် ကျုပ် ချက်ချင်း ဒီအဖွဲ့ထဲကို ဝင်လို့ရလား။”

ဂျက်ထန်က ဖြေ၏။ “ရတာပေါ့။” ဟီလာက တတိယခေါင်းဆောင်ပဲ။ သူမက မင်းကို ဒီတပ်ထဲကို တိုက်ရိုက် သွင်းပေးလို့ ရတယ်။”

ရှမ့်လန်က ဟီလာကို ကြည့်သည်။ “အစ်မ... ကျုပ်ကို ဒီတပ်ဖွဲ့ထဲကို သွင်းပေးပါ။”

ဟီလာက အံကြိတ်ကာ ပြော၏။ “မောင်လေး... သွားကြရအောင်။ တို့ ဒီကို မလာခဲ့သင့်ဘူး။ ဒီရေတပ်က သေချင်ပြီး အာဏာမက်သူရဲ့ လက်ထဲကို ကျရောက်ချင်တယ် ဆိုရင်တော့ သူတို့သဘောပဲ။ ထားလိုက်တော့။”

“အစ်မ... ဒါက ဒေါသနဲ့ ပြောနေတာပါ။ တကယ်တမ်း ကြည့်မယ်ဆိုရင် အာဏာမက်တဲ့သူက ကျုပ်ပါပဲ။ ကျုပ်က ဒီစစ်တပ်ကို အရှေ့တိုင်းလောကဆီကို ပြန်ခေါ်သွားချင်တာလေ။”

ရှမ့်လန်က ခိုင်မာစွာ ပြောသည်။ “ဟီလာ.. ကျေးဇူးပြုပြီးတော့ ကျုပ်ကို ဒီတပ်ဖွဲ့ထဲကို ထည့်သွင်းပေးပါ။”

“မောင်လေး... မင်း တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဒီလို အရှက်ခွဲချင်တာလား။ သူတို့က တို့ကို မကြိုဆိုဘူး။ တို့ကို မကြိုက်ဘူး။ ဒီတော့ တို့က သူတို့ရဲ့ အေးစက်နေတဲ့ တင်ပါးတွေကို ပူနွေးနေတဲ့ မျက်နှာနဲ့ သွားကပ်ပြီး နေရဦးမှာလား။” ဟီလာက ဒေါသတကြီးနှင့် ပြော၏။

အိန်ဂျလာ ကွယ်လွန်ပြီးနောက် သူမက အဘယ်ကြောင့် ကုန်းဘက်၏ ပထမခေါင်းဆောင် မဖြစ်ခဲ့ရသနည်း ဆိုသည်က မဆန်းချေ။ သူမ၏ ဒေါသက တကယ့်ကို ပြင်းထန်လွန်းသည်။

“ကျုပ် သေချာပါတယ်။” ရှမ့်လန်က ပြော၏။

ဟီလာက ပြောသည်။ “ကောင်းပြီ။ ရှမ့်လန်ကို ဒီတပ်ဖွဲ့ထဲကို ထည့်သွင်းပေးမယ်။ ဦးလေးဂျက်ထန်... ဦးလေး လက်ခံလား။”

“လက်ခံပါတယ်။”

ဂျက်ထန်က ပြန်ဖြေ၏။ “ရှမ့်လန်ကို ဒီအဖွဲ့ဝင် ဖြစ်ဖို့ သဘောတူပါတယ်။”

ပြီးနောက် မည်သည့်အခမ်းအနား တံဆိပ် သို့မဟုတ် အမှတ်အသားမှ မလိုဘဲ ရှမ့်လန်က ဦးညွှတ်လိုက်ရုံနှင့် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့၏။ ဤသည်က စည်းမျဉ်းကို ချိုးဖောက်ခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကုန်းပတ်အဖွဲ့ဝင်အားလုံးက တိုက်ခိုက်ရေးသမားများ မဟုတ်ကြဘဲ ပင်လယ်ရေကြောင်းနှင့် လေလမ်းကြောင်းကို လေ့လာသူများ ဖြစ်နေသောကြောင့်ပင်။

ရှမ့်လန်က မေးသည်။ “ကျုပ် ဒီအဖွဲ့ဝင် ဖြစ်လာပြီဆိုတော့ မနက်ဖြန် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လို့ ရပြီပေါ့။”

ဂျက်ထန်က ပြန်ဖြေ၏။ “စည်းကမ်းအရဆိုရင်တော့ ဟုတ်တယ်။ ဘယ်သူမဆို ပထမခေါင်းဆောင် ရာထူးအတွက် ယှဉ်ပြိုင်ခွင့် ရှိတယ်။”

ရှမ့်လန်က ပြောသည်။ “ကောင်းပြီ။ ကျုပ် မနက်ဖြန် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တရားဝင် လျှောက်ထားတယ်။ ကျုပ် ပထမခေါင်းဆောင် ဖြစ်ဖို့ ယှဉ်ပြိုင်ချင်ပါတယ်။”

ထိုစကားကိုကြားချိန်မှာတော့ လူတိုင်းက မှင်သက်သွား၏။ “မင်း... မင်းက ဘယ်သူမှတ်လို့လဲ။”

ငန်းတစ်ကောင်ကိုပင်လျှင် မနိုင်နိုင်သည့် လူချောလေးက သူတို့တပ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာရန် ဝင်ရောက် ယှဉ်ပြိုင်ချင်နေသည်လား။ ရယ်စရာပင်။ ဟီလာ၏မောင် ဖြစ်နေရုံဖြင့် အားကောင်းသည့် လူတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်မှတ်နေသည်လား။။ ဤကဲ့သို့ ပိန်ညောင်ညောင်နှင့် ကောင်လေး တစ်ယောက်က သူတို့၏ အရှင်ဒေါက်ကလပ်စ်ကို ဘယ်သို့များ ယှဉ်ပြိုင်နိုင်မည်နည်း။

ဂျက်ထန်က ရှမ့်လန်ကို မယုံကြည်နိုင်စွာ ကြည့်၏။ တကယ်ပဲ ယှဉ်ပြိုင်နေချင်သည်လား။ အရှက်ကွဲရန် ကိုယ့်ကိုယ်ကိုယ် တောင်းဆိုနေခြင်းသာ ဖြစ်မည်။ ရေတပ်က စုစုပေါင်း လူဦးရေ ခြောက်သောင်းခန့် ရှိနေသေး၏။ ရှမ့်လန်အနေနှင့် အများဆုံး မဲတစ်မဲသာ ရနိုင်ပေလိမ့်မည်။

“ကလေး... တကယ်ပဲ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်တာ သေချာလား။”

ရှမ့်လန်က ပြန်ဖြေ၏။ “ဟုတ်ပါတယ်။”

ဂျက်ထန်က မေးသည်။ “သေသေချာချာ စဉ်းစားပြီးပြီဆိုရင်တော့ ဆန္ဒတိုင်း ဖြစ်စေရမယ်။ သေချာတယ်နော်။”

ရှမ့်လန်က ခေါင်းညိတပြ၏။ ပြီးနောက် ဂျက်ထန်က အမြင့်ဆုံးနေရာတွင် ရပ်ပြီး ရှမ့်လန်နှင့် ဒေါက်ကလပ်စ်တို့၏ လက်များကို မြှောက်ကာ အော်ဟစ်၏။ “မနက်ဖြန်မှာ ရှမ့်လန်နဲ့ ဒေါက်ကလပ်စ်တို့ရဲ့ ပြိုင်ပွဲကို ကျင်းပမယ်။ ဘယ်သူက ပထမခေါင်းဆောင် ရာထူးကို ရမလဲဆိုတာ ကြည့်ကြမယ်။”

သောင်းနှင့်ချီသည့် ပင်လယ်ဓားပြများက ရှမ့်လန်ကို ကြည့်ရှုရင်း မှင်သက်နေ၏။

‘ဒါ ဘယ်ကကောင်လဲ။ မျက်နှာကလည်း ဖြူဖတ်ဖြူရော်နဲ့။ ဝတ်ထားတာကတော့ ခမ်းခမ်းနားနားပဲ။ ပင်လယ်ဓားပြနဲ့ ဘယ်နေရာ တူနေတာလဲ။ ကြည့်ရတာ ယောက်ျားပြည့်တန်ဆာ တစ်ယောက်နဲ့တောင် ပိုတူနေသေးတယ်။’

ဂျက်ထန်က ပြောသည်။ “မိတ်ဆက်ပေးပါရစေ။ ဒီအရှင်ရှမ့်လန်က တို့တပ်ကြီးကို တည်ထောင်ခဲ့တဲ့ အရှင်လိုကီရဲ့ တစ်ဦးတည်းသော သားတော် ဖြစ်တယ်။ သူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို စစ်ဆေးအတည်ပြုပြီးသား ဖြစ်တယ်။”

သောင်းနှင့်ချီသည့် ပင်လယ်ဓားပြများက မှင်သက်သွား၏။ ဤလူချောလေးက တကယ်ပင် အရှင့်၏ သား ဖြစ်နေလေသည်လား။။ တကယ့်ကို ရှက်ရွံ့ဖွယ်ရာပင်။ ပင်လယ်ဓားပြတွေက သွေးမျိုးရိုးကို ဂရုမစိုက်ချေ။ အရာအားလုံးကို သွေးမျိုးရိုးပေါ်တွင် မူတည်နေမည်ဆိုလျှင် ခေါင်းဆောင်တစ်ယောက်က သိုးနှင့်သွားအိပ်ပြီး သိုးတစ်ကောင် မွေးလာပြီ ဆိုပါက ထိုသိုးက သူတို့ရေတပ်၏ ခေါင်းဆောင် ဖြစ်လာမည်လား။။

ရှမ့်လန်က သိုးတစ်ကောင် မဟုတ်သော်လည်း ကြည့်ရသည်မှာ သိုးကဲ့သို့ပင် ဖြူဖြူဖွေးဖွေးနှင့် အားနည်း၏။ ‘ပဲ.. ပဲ.. ပဲ’ ဟု မအော်ရုံ တမည်သာ ရှိ၏။

“ဟား ဟား ဟား..”

မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက ရှမ့်လန်ကို လက်မထောင်ပြပြီး လှောင်ပြောင်လျက် ရှိနေ၏။ သူက ပထမခေါင်းဆောင် အရှင့်၏သားဖြစ်နေသောကြောင့် သူ့ကို မည်သူကမှ တိုက်ရိုက်မဆဲရဲချေ။ မဟုတ်ပါက ရှမ့်လန်က သူ့ဘဝသူ ပြန်ပြီး မေးခွန်းထုတ်ရလောက်သည်အထိ ဆဲခံရပေလိမ့်မည်။ ရှမ့်လန်က သောင်းနှင့်ချီသည့် လူများ၏ လှောင်ပြောင်ခြင်းကို ခံနေရသည့် မြင်ကွင်းမျိုးနှင့် ရင်းနှီးပြီးသားပင်။။

ဂျက်ထန်က အနည်းငယ် နေရထိုင်ရ ခက်သွား၏။ ပြီးနောက် သူက ညာဘက်ကို ကြည့်သည်။

“ဒေါက်ကလပ်စ်ကတော့ ထူးပြီး မိတ်ဆက်ပေးဖို့ မလိုဘူး။ အားလုံး ရင်းနှီးပြီးသား ဖြစ်သလို ကြည်ညိုလေးစား ကြပြီးသားပဲ။”

ပြောပြီးသည်နှင့် မရေတွက်နိုင်သည့်စစ်သည်များက ခွက်များကို မြှောက်ကာ ကြွေးကြော်၏။ “အရှင်ဒေါက်ကလပ်စ်ကို အလေးပြုပါတယ်။ အရှင်ဒေါက်ကလပ်စ် သက်တော်ရာကျော် ရှည်ပါစေ။”

သောင်းနှင့်ချီသည့် ပင်လယ်ဓားပြများက တပြိုင်နက်တည်း ကြွေးကြော်၏။ ခုံများကို ဓားများနှင့် အားကုန် ရိုက်ခတ်ကာ အောင်ပွဲခံနေ၏။

ဤအရာက ရှမ့်လန် လှောင်ပြောင်ခံရသည့် မြင်ကွင်းနှင့် လုံးဝ ခြားနားနေ၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် ဟီလာက ပေါက်ကွဲလုနီးပါး ဖြစ်နေပြီး ရှမ့်လန်ကို အရှက်မကွဲစေရန် ဤနေရာမှ ဆွဲခေါ်သွားချင်စိတ် များက တဖွားဖွား ပေါ်နေသည်။

ပြီးနောက် ဂျက်ထန်က အော်ဟစ်၏။ “ဒါဆိုရင် မနက်ဖြန် နေထွက်ချိန်မှာ ပြိုင်ဆိုင်ကြမယ်။”

“အရှင်ဒေါက်ကလပ်စ်။ သက်တော်ရာကျော် ရှည်ပါစေ။ လာ သောက်ကြရအောင်။”

မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက ဒေါက်ကလပ်စ်ကို နွေးထွေးစွာ ဖိတ်ခေါ်ချင်ကြသော်လည်း မည်သူကမှ ရှမ့်လန်ကို ဂရုမစိုက်ကြချေ။

“ကောင်းပြီ။ လာခဲ့မယ်။”

ဒေါက်ကလပ်စ်က အော်ဟစ်လိုက်၏။ “သောက်ကြစမ်း။ ကျုပ် ခင်ဗျားတို့ထဲက လူတစ်ရာလောက်နဲ့ ထပ်ပြီး တိုက်ခိုက်ချင်သေးတယ်ဟေ့။ ဟား ဟား ဟား..”

ပင်လယ်ဓားပြများက သူတို့၏လက်များကို မြှောက်ကာ အော်ဟစ်လိုက်သည်။ “ဒေါက်ကလပ်စ်... ဒေါက်ကလပ်စ်...”

ဤဒေါက်ကလပ်စ်က ပင်လယ်ဓားပြများ၏ စားသောက်ပွဲထဲသို့ ဝင်ရောက်ပြီး အတူတူ သောက်စားနေ၏။

ဟီလာက သူ့နောက်သို့ လိုက်လာခဲ့၏။ စီးဒရင်းက လက်ကို ယပ်ကာဖြင့် သောက်စားရန် ခေါ်သည်။

“မလာတော့ဘူး။” ဟီလာက အေးစက်စက် ပြော၏။

ဂျက်ထန်က ဆိုသည်။ “ကလေးတို့... မင်း တကယ်ပဲ မသောက်ချင်ဘူးလား။ ဒီက အရက်တွေက မဆိုးဘူးနော်။”

“မလာဘူး။ သူက ကျွန်မကို ရွံစရာကောင်းအောင် လုပ်နေတာမျိုးပဲ။” ဟီလာက ပြော၏။

သို့နှင့် ဂျက်ထန်က ရှမ့်လန်နှင့် ဟီလာတို့ကို အဖော်လုပ်ပေးရန် ကျန်ရစ်ခဲ့သည်။

“ကလေးတို့။ မနက်ဖြန် ရလဒ်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်။ တချို့ ပင်လယ်ဓားပြတွေက ရိုင်းစိုင်းကြသလို သူများမျက်နှာကိုလည်း ထောက်ထားတက်သူတွေ မဟုတ်ဘူး။ အရှင့်ရဲ့ မျက်နှာကြောင့် သူတို့က မင်းကို တိုက်ရိုက်မစော်ကားကြပေမဲ့ မင်းကို အရှက်ရအောင် လုပ်ကြလိမ့်မယ်။ သူတို့က မင်းကို လက်သင့်ခံနိုင်မှာ မဟုတ်ဘူး။”

ဂျက်ထန်က လေးလေးနက်နက် ပြော၏။ “တကယ်ပဲ မနက်ဖြန် ရွေးကောက်ပွဲကို ဝင်ပြိုင်မှာလား။”

“သေချာတာပေါ့။” ရှမ့်လန်က ပြောသည်။

“ကောင်းပြီ။”

“ဦးလေးဂျက်ထန်။ ဦးလေးလည်း ကျွန်မတို့နဲ့ အတင်းအကြပ် နေနေဖို့ မလိုပါဘူး။”

ဟီလာက ပြော၏။ “သူတို့နဲ့အတူ သွားသောက်စားပြီး ခေါင်းဆောင်သစ်ဆီမှာ သစ္စာခံလိုက်လို့ ရပါတယ်။”

ဤသည်က ဟီလာ၏ ဗီဇပင်။ သူမက အားလုံးအပေါ် မကျေမနပ် ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။

“အင်း... ငါ အသက်ကြီးနေပါပြီ။”

ဂျက်ထန်က ဆို၏။ “အရက်မသောက်ချင်တော့ဘူး။”

“ကျွန်မ မောင်လေးနဲ့ စကားပြောစရာ ရှိတယ်။” ဟီလာက ပြောလိုက်သည်။

“ဒါဆိုလည်း အရင် သွားလိုက်အုံးမယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့။” ဂျက်ထန်က နှုတ်ဆက်လိုက်တော့၏။

............................

မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက ပျော်ပွဲရွှင်ပွဲကို ဆက်လက် ဆင်နွှဲနေပြီး ရှမ့်လန်နှင့် ဟီလာတို့ နှစ်ယောက်တည်းကသာလျှင် မြေကွက်လေးတစ်ခုတွင် ကျန်ရစ်ကာဖြင့် ကြယ်စင်စုများကို ငေးကြည့်နေသည်။

“မောင်လေး... ဒါတွေအားလုံးက အစ်မ အစွမ်းအစ မရှိလို့ပဲ။ မင်း ဒီနေ့ အရှက်ကွဲရတာ စိတ်မကောင်းဘူး။”

ဟီလာက ပြော၏။ “မင်း ဒီကို မလာခဲ့သင့်ဘူးလို့ ငါ အစောကြီးတည်းက ပြောသားပဲ။ ကုန်းမြေနဲ့ ပင်လယ်က တကယ်ကို ကွာခြားတယ်။”

ရှမ့်လန်က ပြောသည်။ “ကုန်းမြေပေါ်ကလူတွေရဲ့ သူတို့ရဲ့ သွေးမျိုးဆက်ကို အသည်းအသန် ကာကွယ်ကြပေမဲ့ ပင်လယ်ပြင်က လူတွေကတော့ အဲဒါကို ဖျက်ဆီးပစ်ချင်ကြတယ်။ နောက်တစ်ခုက ပိုမှန်တယ်။ အစ်မ မသိဘူး။ အရှေ့တိုင်းလောကမှာ ကျုပ် မည်သူမည်ဝါ ဖြစ်ကြောင်း ပေါ်သွားတဲ့အချိန်မှာ လူပေါင်းများစွာတို့က အရပ်လေးမျက်နှာကနေ ကျုပ်ဆီကို သစ္စာခံဖို့ လာခဲ့ကြတယ်။ ကျုပ်အတွက် သေပေးဖို့ အသင့်ရှိနေတဲ့လူတွေလည်း အများကြီးပဲ။ အဲဒါက ကျုပ်က ရှမ့်လန် ဖြစ်နေလို့ မဟုတ်ဘဲ ကျန်းလီရဲ့သား ဖြစ်နေလို့ပဲ။ အခုတော့ ကောင်းသွားပြီ။ ဒီရေတပ်ကြီးက ကျုပ် ပင်လယ်ဓားပြတစ်ယောက်ရဲ့ သား ဖြစ်နေရုံနဲ့ ကျုပ်ကို အထင်မကြီးကြဘူး။”

“ဒါက အရှက်ရစရာမှန်း သိနေရင် ဘာဖြစ်လို့ မနက်ဖြန် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်နေသေးတာလဲ။”

ဟီလာက မေးမြန်းလိုက်၏။ “သင်္ဘောတစ်စင်း သွားရှာလိုက်မယ်။ အခုချက်ချင်း ထွက်သွားရအောင်။ ဒီနေရာက တို့ကို မလိုချင်ဘူး။”

ရှမ့်လန်က သက်ပြင်းချလိုက်သည်။ “အစ်မ... ကျုပ်က ဘယ်တော့မှ မပြင်ဆင်ထားတဲ့ တိုက်ပွဲကို မတိုက်ဘူး။ ကျုပ်က ဘယ်နေရာမှာ အတော်ဆုံးလဲ အစ်မ သိလား။”

“အမျိုးသမီးတွေကို ဖြားယောင်းတာလား။”

“အင်း... အဲဒါတော့ ဟုတ်ပါတယ်။”

ရှမ့်လန်က ပြော၏။ “ဒါပေမဲ့ အဲဒါအပြင် ကျုပ် အတော်ဆုံးအရာက လူတွေရဲ့ မျက်နှာကို ဖြတ်ရိုက်တာပဲ။ ကျုပ်ရဲ့အထွတ်အထိပ်အချိန်တုန်းက လူပေါင်းသန်းနဲ့ချီတဲ့ မျက်နှာတွေကို ဖြတ်ရိုက်ခဲ့ဖူးတယ်။ ရွှဲ့ပြည်နယ် မြို့တော်က လူသန်းပေါင်းများစွာက ကျုပ်ရဲ့မျက်နှာဖြတ်ရိုက်ခြင်းကို ခံရလွန်းလို့ သူတို့ဘဝကို သူတို့ ပြန်မေးရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။

ဒါကြောင့် ဒီတစ်ကြိမ်ကလည်း ခြွင်းချက် မဟုတ်ဘူး။ ကျုပ် ဒီဒေါက်ကလပ်စ်ရဲ့ မျက်နှာကို ဖြတ်ရိုက်ပြမယ်။ ပြီးတော့ ပင်လယ်ဓားပြအားလုံး ကျုပ်ရှေ့မှာ ဒူးထောက်ပြီး ငိုကြွေးတောင်းပန်လာအောင် လုပ်ပြမယ်။”

ဟီလာက ရှမ့်လန်ကို လှည့်ကြည့်၏။ သူက သူ့မောင်လေး၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အသာပွတ်သပ်ကာ ပြောလိုက်သည်။ “မောင်လေး... မင်းကို ငါ အကြိုက်ဆုံးအရာက ဘာလဲ သိလား။”

ရှမ့်လန်က ပြော၏။ “ကျုပ်ရဲ့ အရှက်မရှိ ကြွားလုံးထုတ်တတ်တာကိုလား။”

“အမှန်ပဲ။”

ဟီလာက ရှမ့်လန်၏ နှုတ်ခမ်းကို ချစ်စနိုးဖြင့် အသာဖိညှစ်လိုက်သည်။ “အဓိကအချက်ကတော့ မင်း ကြွားခဲ့သမျှ အရာအားလုံးက တကယ် ဖြစ်လာတာပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါကြောင့် အစ်မ... ဒီတစ်ကြိမ်လည်း ခြွင်းချက် မဟုတ်ဘူး။ ဒီတစ်ကြိမ်လည်း ကျုပ် သူတို့မျက်နှာကို ဖြတ်ရိုက်ပြမယ်။ သူတို့ဘဝကိုသူတို့ ပြန်မေးရအောင် လုပ်ပြမယ်။ ဒီတစ်ကြိမ်မှာလည်း ကျုပ်တို့ နိုင်မှာပါ။”

ဟီလာက ပြောလိုက်သည်။ “နိုင်မယ်ဆိုရင် ကျိန်ပြ။”

ရှမ့်လန်က ပြော၏။ “ကျုပ် ဒီဒေါက်ကလပ်စ် ရှီလွန်ကို ချေမှုန်းပစ်မယ်။ ပြီးတော့ ဒီစစ်တပ်ကြီးတစ်ခုလုံး ကျုပ်ရှေ့မှာ ဒူးထောက်ပြီး နောင်တရလာအောင် လုပ်ပြမယ်လို့ ကျိန်ဆိုတယ်။”

ဟီလာက ပြောလိုက်သည်။ “ဘယ်လောက်အထိ ယုံကြည်မှု ရှိလဲ။”

ရှမ့်လန်က ခဏလောက် စဉ်းစားလိုက်၏။ “၈၀ ရာခိုင်နှုန်းပေါ့။”

..................

အပိုင်း (၈၇၄)

နောက်တစ်ရက် အာရုံတက်ချိန်မှာတော့ ရေတပ်စု၏ ခေါင်းဆောင်ကို ရွေးချယ်ရန် တရားဝင် စတင်ခဲ့၏။ ရွေးချယ်ခံ နှစ်ယောက်တို့က လူထုရှေ့တွင် မိန့်ခွန်းပြောကြမှာဖြစ်ပြီး ထိုနောက်တွင် ပင်လယ်ဓားပြများက မဲပေးကြပေလိမ့်မည်။ ရွေးကောက်ပွဲကျင်းပရာနေရာက ဆိပ်ကမ်း၏ ထွက်ပေါက်ဝရှိ ဘုရင်မ ရေကာတာကြီး အထက်ပိုင်းတွင်ပင်။

ဤအချိန်မှာတော့ ရှမ့်လန်က ရေကာတာကြီးအပေါ်၌ ရပ်နေပြီး ခမ်းနားသည့် ဗိသုကာ အံ့ဖွယ်ရာကြီးကို တဖန် ပြန်လည် ခံစားနေ၏။ ထိုအရာက အရှည် မီတာတစ်သောင်းဝန်းကျင်၊ အမြင့်မီတာ ၁၀၀ နှင့် အထူ မီတာ ၃၀ ရှိသည့် ကြီးမားလွန်းသည့် ရေကာတာကြီးပင်။

တကယ့်ကို ဘီလူးတစ်ကောင်၏ လက်မောင်းများသဖွယ် ရှိနေပြီး ရှမ့်လန်မြင်ဖူးသမျှ ရေကာတာတံတိုင်းကြီး အားလုံးထက် ပိုမိုကာ ခမ်းနားကြီးမား၏။ ပင်လယ်ဓားပြ သုံးသောင်းကျော်က ရေကာတာပေါ်တွင် ရပ်နေကြသော်လည်း နေရာက လစ်လပ်နေဆဲပင်။ ရေကာတာ၏ နောက်ဘက်တွင်တော့ ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီး ရှိနေပြီး ထိုပင်လယ်ထဲတွင် မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများ ရှိနေ၏။

......................

အစွမ်းထက်ပြီး မြင့်မြတ်သည့် ဒေါက်ကလပ်စ်ရှီလွန်က ပထမဦးဆုံး ရွေးကောက်ပွဲ မိန့်ခွန်းကို ပြောကြား၏။ သခင်လေးလန်က ထိုအရာကို မကြားချင်သလို စာဖတ်သူများကလည်း မကြားချင် ဖြစ်မည်ကို သိရှိသောကြောင့် စကားလုံး ထောင်ဂဏန်းခန့်ကို ချန်လှပ်ထားလိုက်သည်။

သို့သော်ငြား မိန့်ခွန်းပြောနေသည့်အချိန်မှာတော့ လူအုပ်ကြီးက ရူးသွပ်စွာဖြင့် အော်ဟစ်ကြွေးကြော်ပြီး အားပေးလျက် ရှိ၏။ ဒေါက်ကလပ်စ်၏ မိန့်ခွန်းက လက်ခုပ်သံများကြောင့် အကြိမ်ကြိမ်ဖြင့် စကားစ ပြတ်တောက်ခဲ့ရ၏။ ရွေးကောက်ပွဲ မစတင်သေးရသော်လည်း ပင်လယ်ဓားပြအားလုံးက ဒေါက်ကလပ်စ်ကို သူတို့၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားခဲ့ကြပြီး ဖြစ်၏။

ရှမ့်လန်ဆိုသည်က မည်သူဖြစ်သနည်း။ ဝင်ရောက်အားဖြည့်ပေးသည့် လူတစ်ယောက် (အိမ်ဖြည့်) အဖြစ်ပင် အရည်အချင်း ပြည့်မီသည် မဟုတ်ချေ။ နောက်ဆုံးမှာတော့ ဒေါက်ကလပ်စ်ရှီလွန်၏ မိန့်ခွန်းက ပြီးဆုံး၏။ သောင်းနှင့်ချီသည့် ပင်လယ်ဓားပြများက ဓားများကို ရိုက်ခတ်ကာ အော်ဟစ်ကြွေးကြော်သည်။

“ဒေါက်ကလပ်စ်... ဒေါက်ကလပ်စ်...”

“ဒေါက်ကလပ်စ် အဓွန့်ရှည်ပါစေ။”

ရွေးကောက်ပွဲမစတင်ခင် လူတိုင်းက ဒေါက်ကလပ်စ်အတွက် အော်ဟစ်နေကြ၏။ ဤသည်က သမိုင်းတွင် စိတ်လှုပ်ရှားမှု အကင်းမဲ့ဆုံး ရွေးကောက်ပွဲ ဖြစ်ပေလိမ့်မည်။ ဆူညံသံက တကယ်ကို ကြီးမားလွန်း သောကြောင့် ထိုအရာက မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများကို ဆွဲဆောင်နေသကဲ့သို့ပင်။

ဆိပ်ကမ်း၏ အပြင်ဘက်တွင်တော့ သောင်းနှင့်ချီ၊ သိန်းနှင့်ချီသော ပင်လယ်မွန်းစတားများက အုံနှင့်ကျင်းနှင့် တည်ရှိ၏။ ထိုအကောင်များက တစ်လောကလုံးကို ဝါးမျိုပစ်တော့မည့်အလားပင်။။ သို့သော်ငြား သူတို့က အတွင်းသို့ မဝင်ရဲကြချေ။

ဆိပ်ကမ်းရှိ ဘုရင်မရေကာတာကြီးက မရေတွက်နိုင်အောင် ကြီးမားသည့် ပင်လယ်မွန်းစတားများ မကျော်ဖြတ်ရဲသည့် မြင့်မြတ်သည့် သဘာဝ အကာအကွယ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သောင်းနှင့်ချီသည့် ပင်လယ်ဓားပြများက ရေကာတာအပြင်ဘက်ရှိ သိန်းနှင့်ချီသည့် ပင်လယ်မွန်းစတားများကို မြင်တွေ့နေရ သော်လည်း ထူးဆန်းသည်ဟု မထင်ကြတော့ပေ။

ပင်လယ်ပြင်ထက်တွင်ရှိနေသည့် ပင်လယ်မွန်းစတားများက တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း သူတို့က ထိုကောင်များကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။ အကယ်၍ ဤဘုရင်မ ရေကာတာကြီးက ဆိပ်ကမ်းကြီးတစ်ခုလုံးကိုသာ ပိတ်မထားခဲ့ပါက ရေတပ်စုတစ်ခုလုံးက အစိတ်စိတ်အမွှာမွှာ ကြေမွသွားလောက်ပေ၏။

“ဒေါက်ကလပ်စ် အဓွန့်ရှည်ပါစေ။”

နောက်ဆုံးမှာတော့ မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများက ကောင်းကင်ယံကို ဖုံးအုပ်တော့မည့် အလားပင် တဖြည်းဖြည်း ပိုမိုကာ များပြားပြီး ကြည့်ရှုလာခဲ့ကြသည်။

ဂျက်ထန်က အော်ဟစ်လိုက်၏။ “တိတ်ကြအုံး။ အရှင်ရှမ့်လန်ရဲ့ မိန့်ခွန်းကို နားထောင်ကြစမ်း။”

ချက်ချင်းပဲ ပင်လယ်ဓားပြများ အားလုံးက ကြွေးကြော်သံများကို ရပ်ပြီး တိတ်ဆိတ်သွားခဲ့ကြ၏။ ခဏကြာမှတော့ မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက တစ်ဖန်ပြန်လည် အော်ဟစ်၏။

“ထွက်သွားစမ်း။ လူချောလေး။ ထွက်သွားစမ်း။ တို့ရဲ့အဖွဲ့ဝင် ဖြစ်ဖို့တောင် အရည်အချင်း မရှိဘူး။ အရှင်ဒေါက်ကလပ်စ်နဲ့ လာယှဉ်နေတာလား။ ထွက်သွားစမ်း။”

မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက ရှမ့်လန်ကို မောင်းထုတ်ရန် ကြိုးစား၏။ သူတို့က ရှမ့်လန်၏ မိန့်ခွန်းကို နားမထောင်ချင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန် ဒေါက်ကလပ်စ်နှင့် ယှဉ်ပြိုင်ခြင်း ဆိုသည်က ဒေါက်ကလပ်စ်ကို စော်ကားခြင်းဟု ယူဆထားသောကြောင့်ပင်။

မရေတွက်နိုင်သည့် စစ်သည်များက လှောင်ပြောင်ကြပြီး နားကို ပိတ်ထား၏။ ရှမ့်လန်၏ မိန့်ခွန်းထဲမှ တစ်လုံးတစ်ပါဒကိုမှ နားမထောင်လိုကြောင်း ဖော်ပြနေသည်။

ဘေးတစ်ဖက်တွင် ရှိနေသည့် ဟီလာက ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေပြီး ဓားကို ဆွဲကာ သတ်ဖြတ်ချင်စိတ် ပေါက်၏။

“တိတ်ကြစမ်း။ အရှင့်ရဲ့ မျိုးဆက်ကို မစော်ကားကြနဲ့။” ဂျက်ထန်က ဟိန်းဟောက်၏။ ပြီးနောက် ပင်လယ်ဓားပြများက လှောင်ပြောင်သံများကို ရပ်တန့်၏။ နားကိုလည်း မပိတ်တော့ချေ။ အားလုံးက လက်မကို အောက်သို့ စိုက်ကာ အထင်သေးကြောင်း ပြသနေသည်။

ရှမ့်လန်က ပြော၏။ “ကျုပ်ရဲ့မိန့်ခွန်း.. ကျုပ် တစ်လုံးမှ မပြောရသေးဘူး။ ဒီမှာ ခင်ဗျားတို့ကို လက်ဟန် အသစ် တစ်ခု သင်ပေးမယ်။”

သူက သောင်းနှင့်ချီသည့် ပင်လယ်ဓားပြများဘက်သို့ လက်ခလယ်ကို ထောင်ပြလိုက်၏။ ပြီးနောက် အော်ဟစ်လိုက်သည်။ “ဒါ ခင်ဗျားတို့ အားလုံးကို ဖင်ချချင်တယ်လို့ အဓိပ္ပာယ် ရတယ်။”

ထိုသို့ ပြောလိုက်သည်နှင့် တပြိုင်နက် ပင်လယ်ဓားပြ အားလုံးက မှင်သက်သွား၏။ သူတို့က ရှမ့်လန်ကို မယုံကြည်နိုင်စွာ ရှိနေ၏။ ဤနေရာတွင် လူတိုင်းကို စော်ကားဝံ့သည့်လူမျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ရှမ့်လန်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ “ခင်ဗျားတို့အားလုံးကို ကြည့်ရတာ ရဲရင့်ပုံရပေမဲ့ တကယ်တော့ စောက်ပေါတွေကြီးပဲ။ အရှင်မအိန်ဂျလာက ခင်ဗျားတို့ကို ကယ်တင်ဖို့အတွက် ပင်လယ်ပြင် ထဲမှာ မြှုပ်နှံခံရပြီး ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ရွေးချယ်ခဲ့တုန်းက ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ထပြီး တားခဲ့တဲ့ကောင်ရှိလား။ မရှိဘူး။ အဲတာက ဆလွန်းဘားစ်ရဲ့ လုပ်ကြံဝါဒဖြတ်မှုဆိုတာ အားလုံး သိနေရဲ့သားနဲ့ အရှင်မအိန်ဂျလာကို အဲဒီမိစ္ဆာရေဘဝဲကြီးဆီမှာ အစားခံစေခဲ့ကြတယ်။

ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ရဲရင့်တယ်။ သန်မာတယ်လို့ ပြောနေကြပေမဲ့ တကယ်တမ်းမှာတော့ စောက်ရူးတွေ၊ ခွေးချေးတွေကြီးပဲ။ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေတဲ့ လူ့အမှိုက်တွေ၊ ချီးထုပ်လို ကောင်မျိုးတွေ။”

ပြီးနောက် ရှမ့်လန်က ဒေါက်ကလပ်စ်ကို ကြည့်၏။ “ဒေါက်ကလပ်စ်ရှီလွန်... ဒီနေရာရဲ့ အရင်ခေါင်းဆောင် အိန်ဂျလာက ကုန်းပတ်စုကို ကယ်တင်ဖို့အတွက် ပင်လယ်ထဲမှာ မြှုပ်နှံခံရပြီး ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ရည်ရွယ်ခဲ့တယ်။ ဒါဆိုရင် ကျုပ်ပြောမယ်။ ခင်ဗျားဆီမှာ အဲလိုသတ္တိမျိုး၊ အဲလို နှလုံးသားမျိုး ရှိလား။ ဒီကုန်းပတ်စု ၊ ရေယာဉ်စုအတွက် စတေးရဲတဲ့ နှလုံးသား ရှိလား။”

ရှမ့်လန်က အပြင်ဘက်ရှိ မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများကို လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်သည်။ “အပြင်မှာ ပင်လယ်မွန်းစတား ဘယ်နှစ်ကောင် ရှိလဲ။ နှစ်သိန်းလား၊ သုံးသိန်းလား။ ဒေါက်ကလပ်စ်.. ခင်ဗျား အောက်ကို ခုန်ချဝံ့လား။ ပင်လယ်ထဲမှာ သေပေးဝံ့လား။ ခင်ဗျားက ပင်လယ်နတ်ဘုရား ဖြစ်တယ် ဆိုတာကို သက်သေပြဝံ့လား။ ခင်ဗျားက ဒီရေတပ်ရဲ့ ရွေးချယ်ခံရသူ ဖြစ်တယ်ဆိုတာကို သက်သေပြဝံ့လား။ ဒေါက်ကလပ်စ် .... ဒီပင်လယ်ထဲကို ခုန်ချဖို့ သတ္တိရှိလား။”

ရေကာတာကြီးအောက်တွင် သိန်းနှင့်ချီသည့် ပင်လယ်မွန်းစတားများ ရှိနေ၏။ ထိုအရာတို့က ပင်လယ်ပြင် တစ်ခုလုံး ပြည့်နှက်နေပြီး တကယ့်ကို ရိုင်းစိုင်းကြမ်းကြုတ်သည့် သတ္တဝါများပင်။

ရှမ့်လန်က အော်ဟစ်၏။ “ဒေါက်ကလပ်စ်... ခင်ဗျား ပင်လယ်ထဲမှာ ခုန်ချဝံ့လား။ မဝံ့ရဲဘူး မဟုတ်လား။”

ဒေါက်ကလပ်စ်ရှီလွန်၏ မျက်နှာက မဲမှောင်သွား၏။ သတ်ဖြတ်လိုသည့် ဆန္ဒများပင် ပြည့်နှက်လာသည်။

ထိုအချိန်မှာပဲ တတိယခေါင်းဆောင် စီးပီးက ဆို၏။ “အရှင်ရှမ့်လန်... စကားကို သိပ်ပြီး အားပါးပါး ပြောတာပဲ။ အရှင်ရော ဒီထဲကို ခုန်ချဖို့အတွက် ဝံ့ရဲလား။”

ရှမ့်လန်က အော်ဟစ်လိုက်သည်။ “သေချာပေါက် ဝံ့ရဲတာပေါ့။ ဟား ဟား ဟား ဟား။”

ပြီးနောက် ရှမ့်လန်က ရုတ်တရက် နောက်သို့ လှန်ချလိုက်၏။ သူ၏နောက်ဘက်ရှိ ပင်လယ်ထဲသို့ ခုန်ချလိုက်ခြင်းပင်။ မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများထဲသို့ ခုန်ဆင်းသွားခဲ့ခြင်း ဖြစ်၏။

“ကျုပ်က စစ်မှန်တဲ့ ပင်လယ်နတ်ဘုရား ဖြစ်တယ် ဆိုတာကို သက်သေပြမယ်။ ကျုပ်က ဒီနေရာရဲ့ ရွေးချယ်ခံရတဲ့ လူပဲ။” ရှမ့်လန်က ပင်လယ်ပြင်ထဲသို့ ကျဆင်းသွားရင်း အော်ဟစ်သည်။

တစ်ချိန်တည်းမှာပဲ မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများက သူတို့၏ လက်သည်းများ၊ အစွယ်များ ဖြန့်ကာ ရှေ့သို့ ပြေးဝင်လာခဲ့၏။ ရှမ့်လန်ကို ရေလွှမ်းမိုးသကဲ့သို့ပင် ဝါးမျိုလိုက်ကြ၏။

အရာအားလုံးက အလွန်မြန်ဆန်လွန်းလှချေ၏။ ရေကာတာပေါ်ရှိ မည်သူမှ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ရှမ့်လန်က အောက်သို့ ခုန်ချသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် သေလုမတတ် တိတ်ဆိတ်မှုကြီးက စိုးမိုးသွား ခဲ့လေတော့၏။ ရှမ့်လန်၏ လုပ်ရပ်က ဤနေရာတွင် ရှိနေသည့် လူပေါင်းအားလုံးတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ အားလုံးသော သူတို့၏ မျက်နှာဖုံးများကို ဆွဲခွာချလိုက်ခြင်းပင်။

ဦးခေါင်းခွံတပ်ကြီးက တကယ့်ကို အင်အားကြီးမားသည် ဆိုသော်လည်း ယခုအချိန်မှာတော့ ဂုဏ်သိက္ခာ ကြီးမားသည့် အခြေအနေမျိုးပင် မရှိတော့ချေ။ ရှမ့်လန် စောဏက ပြောခဲ့သည့် စကားလုံးများက မှန်ကန်လွန်းလှချေ၏။

ထိုစဉ်က ဒုတိယခေါင်းဆောင်က သူတို့ ဤနေရာ၌ ပိတ်မိရခြင်းက ပင်လယ်နတ်ဘုရား ပိုဆိုက်ဒွန်၏ ကျိန်စာကို ခံရသောကြောင့် ဖြစ်သည်ဟု လုပ်ကြံသတင်းများ ဖြန့်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ပျောက်ဆုံးသွားသည့်နိုင်ငံ၏ ပျက်စီးခြင်း နယ်မြေဆိုသည်က ဒဏ္ဍာရီလာ ပင်လယ်နတ်ဘုရား၏ ဂူသင်္ချိုင်း ဖြစ်နေသောကြောင့်ပင်။

အိန်ဂျလာက ဤတပ်သားများကို ဤနေရာဆီသို့ ခေါ်ဆောင်လာခဲ့ပြီး ပင်လယ်နတ်ဘုရား၏ အေးချမ်းမှုကို နှောင့်ယှက်ခဲ့သောကြောင့် ကျိန်စာတိုက်ခြင်းခံရသည်ဟု သတင်းဖြန့်ခဲ့ခြင်းပင်။ ဤမျှ ရယ်စရာကောင်းသည့် ကောလာဟလကို လူပေါင်းများစွာတို့က တကယ်ပင် ယုံကြည်ကြ၏။

အဘယ်ကြောင့် ဤသတင်းက မြန်မြန်ဆန်ဆန် ပြန့်နှံ့ခဲ့ရသနည်း။ အကြောင်းရင်းက အိန်ဂျလာအပေါ် လူပေါင်းများစွာတို့က မကျေမနပ် ဖြစ်နေသောကြောင့်ပင်။ သူမက လူတိုင်းကို ဤနေရာဆီသို့ ခေါ်ဆောင် လာခဲ့သောကြောင့် ဤကဲ့သို့သော အကျပ်အတည်းနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်ဟု အားလုံးက ခံစားမိသည်။

အိန်ဂျလာက ဒုတိယခေါင်းဆောင် ဆလွန်းဘားစ်ကို အင်အားသုံးပြီး အနိုင်ယူကာ ပြည်နှင်ဒဏ် ပေးခဲ့၏။ သို့သော်ငြား သူမက တကယ့်ကို မာနကြီးသူ တစ်ယောက်ပင်။ လူတိုင်းက သူမကို သေသင့်သည်ဟု ခံစားရပြီး ပင်လယ်ထဲတွင် နစ်မြှုပ်ကာ သေဆုံးသင့်သည်ဟု ခံယူကြသောကြောင့် သူမကလည်း သေပေးရပေလိမ့်မည်။

မည်သူကများ သူမကို တားခဲ့သနည်း။ တချို့က တားချင်ကောင်း တားချင်ကြပေလိမ့်မည်။ သို့ပေမည့် အမှန်တကယ် မည်သူက ပါးစပ်ဖြင့် ထုတ်ကာ တားမြစ်ခဲ့ကြသနည်း။

နောက်ဆုံးမှာတော့ အိန်ဂျလာ သေဆုံးသွားသည်ကိုသာ ငေးကြည့်ခဲ့ရ၏။ သူမ၏ သေဆုံးမှုက ကျိန်စာကို ပယ်ဖျက်နိုင်ခဲ့ပြီး လူတိုင်းကို ကယ်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့၏။ မိမိ၏ မျှော်လင့်ချက်ကို တခြားသော သူ၏ စတေးမှုအပေါ် ပစ်တင်ထားသည်ဆိုမှတော့ အဘယ်ဆိုသော သိက္ခာတရား ရှိတော့မည်နည်း။

အကယ်၍ ရှမ့်လန်က အပြောသက်သက်သာ ဆိုပါက သူက ဤတပ်သားများကို အပြစ်တင်ပိုင်ခွင့် ရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူက ကိုယ်တိုင်ကိုယ်ကျ ခုန်ချပြခဲ့၏။ ထိုအချိန်မှာတော့ သူ၏ ကိုယ်ကျင့်တရား ဆိုင်ရာက အမြင့်ဆုံး အခြေအနေတွင် ရှိနေခဲ့ပြီး လူတိုင်း၏မျက်နှာကို ဖြတ်ရိုက်နိုင်စွမ်း ရှိသွားခဲ့၏။

ထို့ကြောင့်ပင်လျှင် သူ ခုန်ချသွားသည့် အခိုက်အတန့်၌ မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက ကြက်သီးမွေးညှင်းများပင် ထရ၏။ အားလုံးက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ခန္ဓာကိုယ်များ ထုံကျင်သွားခဲ့ကြသည်။

.................

“မဟုတ်ဘူး။ မဟုတ်ဘူး။

သို့သော်ငြား အထိတ်လန့်ဆုံး ဖြစ်ရသူက ဟီလာပင်။ ရှမ့်လန် ခုန်ချလိုက်သည့် အချိန်မျိုးမှာတော့ သူမက မိမိ၏ မျက်စိကိုပင် မိမိ မယုံကြည်နိုင်အောင် ဖြစ်နေ၏။ ပြီးနောက် သူမက လုံးဝ မလှုပ်ရှားနိုင်တော့ချေ။ အော်ဟစ်ရန် အင်အားဟူ၍ပင် မရှိတော့ဘဲ ခန္ဓာကိုယ် တစ်ခုလုံးကလည်း အဆုံးမရှိသည့် နာကျင်မှုများနှင့် ဖုံးလွှမ်းသွား၏။

ဤသည်က သူမ၏မိခင် အိန်ဂျလာကို ပြန်လည်ကာ သတိရစေ၏။ သူမ၏ မိခင်ကလည်း ပင်လယ်ဓားပြပေါင်းများစွာတို့၏ ရှေ့မှောက်တွင် ပင်လယ်ပြင်၌ နစ်မြှုပ်ခံရရန်အတွက် ခုန်ချသွားခဲ့ဖူး၏။ ထိုအရာက တကယ့်ကို ရုတ်တရက် ဆန်လွန်းလှသောကြောင့် သူမအနေနှင့် ပြင်ဆင်ခွင့်ပင် မရခဲ့ချေ။ မိခင်ဖြစ်သူကို တစ်ခါတည်း ထာဝရ ဆုံးရှုံးခဲ့ရသည်။

“ငါ ဒီလို နာကျင်မှုမျိုးကို နောက်တစ်ကြိမ် ထပ်ပြီး ကြုံရအုံးမှာလား။ ကောင်းကင်ဘုံက ငါ့ရဲ့အမေကို ယူသွားခဲ့ပြီးပြီ။ အခု ငါ့ရဲ့ မောင်လေးကိုပါ ထပ်ပြီး ယူသွားအုံးမှာလား။”

ဟီလာက အံကို ကြိတ်၏။ ပြီးနောက် ရေကာတာပေါ်ရှိ ပင်လယ်ဓားပြ အားလုံးကို လက်ညှိုးထိုးကာဖြင့် အော်ဟစ်လိုက်၏။ “ရှင်တို့ အားလုံးကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ရှင်တို့လို သရဲဘောကြောင်တဲ့ အောက်တန်းစားကောင်တွေ... ကျွန်မ သရဲတစ်စ္ဆေတစ်ကောင် ဖြစ်သွားမယ် ဆိုရင်တောင် ရှင်တို့ အားလုံးကို ကျိန်စာ ဆက်တိုက်နေမယ်။”

ပြီးနောက် သူမက မီတာ ၁၀၀ မြင့်သည့် ရေကာတာပေါ်မှ အောက်သို့ ခုန်ချသွား၏။ သူမ၏ မိခင် ထွက်ခွာသွားခဲ့ခြင်းက သူမကို လုံးဝ စိတ်ဓာတ်ကျဆင်းစေခဲ့၏။ ယခု သူမ၏ မောင်လေးကပါ ထပ်မံ ထွက်ခွာသွားခဲ့ပြီ ဖြစ်သောကြောင့် သူမက လောကကြီးထဲတွင် လုံးဝ နေချင်စိတ်ဟူ၍ မရှိတော့ချေ။ သူမက ထပ်မံ အသက်ရှင်ရန် အကြောင်းပြချက် မရှိတော့ချေ။ ထို့ကြောင့် အတူတူ လိုက်သေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဟီလာက မီတာအနည်းငယ်မျှ အောက်သို့ မကျဆင်းရသေးခင်မှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ဦးလေးဂျက်ထန်က နောက်မှ လိုက်လံခုန်ချပြီး သူမ၏ လက်မောင်းကို လှမ်းဆွဲလိုက်သောကြောင့်ပင်။ ဦးလေးဂျက်ထန်၏ သံချိတ်လက်တုက ရေကာတာတွင် ချိတ်မိနေပြီး အောက်သို့ တဖြည်းဖြည်း လျှောကျနေ၏။

“ကျွန်မကို လွှတ်... ကျွန်မ သေပါရစေ။” ဟီလာက အော်ဟစ်ကာဖြင့် ရုန်းကန်နေသည်။

ဂျက်ထန်က ဟီလာ၏ လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး အက်ရှရှ အသံဖြင့် ပြောဆိုလိုက်၏။ “ငါ့ရဲ့ ကလေးမလေး... မင်း အသက်မရှင်တော့ဘူး ဆိုရင်တောင်မှ ရှမ့်လန် သေပြီးပြီဆိုတာကို သေချာမှ သေဖို့ ကြိုးစားစမ်းပါ။”

“ဘယ်လိုဖြစ်ပြီး သူက ရှင်နိုင်မှာလဲ။ မရေတွက်နိုင်တဲ့ ပင်လယ်မွန်းစတားတွေ ဝိုင်းထားတဲ့ ကြားမှာ သူ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ။”

ဟီလာက ဒေါသတကြီးဖြင့် ဟိန်းဟောက်သည်။ “ရှင်တို့ကသာ အဲဒီအမှိုက်ကောင်ကို ကြီးကြီးမားမား အားမပေးခဲ့ဘူးဆိုရင် သူ ဒီလိုမျိုး ခုန်ချရဲပါ့မလား။ ဒေါက်ကလပ်စ်... နင်က အမှိုက်ကောင်ပဲ။ ချီးထုတ်ပဲ။ နင့်မှာ သတ္တိရှိရင် နင်လည်း လိုက်ခုန်ချကြည့်လေ။ ဒီစစ်တပ်ကြီးအတွက် နင် စတေးခံဝံ့လား။ အားလုံးက အမှိုက်တွေ... အားလုံးက အမှိုက်ကောင်တွေ...”

..................

လူပေါင်းများစွာတို့က ဒေါက်ကလပ်စ် ရှီလွန်ကို လှည့်ကြည့်၏။ လူတစ်ဦးက သေခြင်းတရားကို အသုံးချပြီး စွပ်စွဲလာသည့် အချိန်မျိုးတွင် မိမိဘက်မှ ခုခံကာကွယ်ရန် နည်းလမ်းဟူ၍ မရှိတော့ချေ။ ယခုအခါမှာတော့ ဒေါက်ကလပ်စ် ရှီလွန်က သူ၏ ရဲရင့်မှုကို ပြသလိုလျှင် သို့မဟုတ် သူသည်လည်း ဤကဲ့သို့ ပင်လယ်ထဲတွင် မြှုပ်နှံခံဝံ့ကြောင်း သက်သေပြလိုလျှင် လိုက်ပါခုန်ချရပေလိမ့်မည်။

သို့သော်ငြား ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။ သူ၏ရှေ့တွင် ကောင်းမွန်သည့် အနာဂတ်တစ်ခု ရှိသေး၏။ ဤကဲ့သို့ ရူးသွပ်မိုက်မဲသည့် လုပ်ရပ်မျိုးကို သူက အဘယ်ကြောင့် လုပ်ရမည်နည်း။ သို့သော်ငြား သူက တကယ့်ကို ထက်မြက်သူ တစ်ဦးပင်။ ထိုအချိန်တွင် သေဆုံးသွားသည့် လူတစ်ဦးကို အပြစ်တင်၍ မရကြောင်း သူက ကောင်းစွာ သိ၏။

သူက ဦးထုပ်ကို ချွတ်ပြီး ပင်လယ်ပြင်ဘက်ဆီသို့ ဦးညွတ်ကာဖြင့် ပြောလိုက်သည်။ “အရှင်ရှမ့်လန်... အရှင်က ကြက်တစ်ကောင်ကို ဖမ်းဖို့တောင် ခွန်အားမရှိဘူး ဆိုပေမဲ့ အရှင်ရဲ့ ရဲရင့်မှုနဲ့ မကြောက်မရွံ့ စိတ်ဓာတ်ကတော့ ကျုပ်ရဲ့ လေးစားမှုကို ရရှိသွားခဲ့ပါပြီ။”

ဤလုပ်ရပ်က သူ့အတွက် မျက်နှာပန်းလှစေ၏။ အနည်းဆုံး သူက ယဉ်ကျေးမှုကို ထိန်းသိမ်း ထားနိုင်ခဲ့၏။

ပင်လယ်ဓားပြခေါင်းဆောင် အများအပြားတို့ကလည်း သူတို့၏ ဦးထုပ်များကို ချွတ်ကာဖြင့် ရှမ့်လန်၏ စတေးမှုကို လေးစားသောအားဖြင့် ပင်လယ်ပြင်ဘက်သို့ ဦးညွတ်သည်။

စီးပီးက ရုတ်တရက် ဆို၏။ “အရှင်ရှမ့်လန်... အရှင်က ရဲရင့်ပြီး မကြောက်ရွံ့တာမှန်ပေမဲ့ ကျုပ်တို့ အခု လိုအပ်နေတာ သန်မာတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ ဒါမှ ဒီအကြပ်အတည်းကနေ လွတ်မြောက်ပြီး အိမ်ကို ပြန်နိုင်မှာ။ ကျုပ်တို့ကို ကယ်တင်နိုင်မယ့် လူကတော့ သေချာပေါက် အရှင် ဒေါက်ကလပ်စ်ပဲ ဖြစ်ပါတယ်။”

All Chapters