← Chapters

အခန်း (၈၇၅-၈၇၆)

Vol. 53 Ch. 875-876

အခန်း (၈၇၅-၈၇၆)

Vol. 53 Ch. 875-876

အပိုင်း (၈၇၅)

ဤသည်က စိတ်ဝင်စားစရာ ကောင်း၏။ ရှမ့်လန်က ရဲရင့်သော်လည်း မိုက်မဲသူတစ်ဦးဟု စွပ်စွဲလိုက် သကဲ့သို့ပင်။ ဒေါက်ကလပ်စ်ကတော့ သန်မာပြီး ဉာဏ်ကောင်းလှသူ ပညာရှိ ခေါင်းဆောင်တစ်ယောက် ဖြစ်ကြောင်း ဖော်ညွှန်းခြင်း ဖြစ်၏။

“အခု ရှမ့်လန် မရှိတော့ဘူးဆိုတော့ ကျုပ်တို့ မဲပေးတာကို ဆက်လုပ်မလား။”

“အရှင်ဒေါက်ကလပ်စ်ပဲ ကျန်တော့တာလေ။ မဲပေးဖို့ လိုသေးလို့လား။”

စီးပီးက ဆိုသည်။ “တိုက်ရိုက်ပဲ ကြေညာလိုက်လို့ မရဘူးလား။ ဦးလေးဂျက်... ဦးလေးဂျက် ပထမ ခေါင်းဆောင်ကို ကြေညာပေးလိုက်ပါ။”

ဟီလာက အော်ဟစ်လိုက်၏။ “စီးပီး... ရှင် ဒီလောက်တောင် စိတ်စောနေတာလား။ ကျွန်မ မောင်လေးရဲ့ အလောင်းတောင်မှ ရှာမတွေ့သေးဘူး။ ရှင်က ရှင့်ရဲ့သခင်ကို ခေါင်းပေါ်တင်ဖို့ ဒီလောက်တောင် လောနေပြီလား။”

စီးပီးက ဆိုသည်။ “ဒါဆိုရင် ငါ ဘာလုပ်ရမှာလဲ။ ဒီရေကာတာပေါ်မှာ ဒူးထောက်ပြီး သုံးရက်သုံးည ငိုနေရမှာလား။ ငါတို့ တပ်ဖွဲ့အတွက် ငိုဖို့ မျက်ရည် မရှိတော့ဘူး။ ငါတို့ ဒီမှာ ပိတ်မိနေတာ ၁၀ စုနှစ် တစ်ခု ကျော်နေပြီ။ ငါတို့ အားလုံးကို ဒီကို ခေါ်လာတာကလည်း မင်းရဲ့ အမေပဲ။”

ဟီလာက အေးစက်စက်ဖြင့် ရယ်မော၏။ “စိတ်ထဲမှာ နောက်ဆုံးတော့ အမှန်တရားတွေ ပြောထွက် လာပြီပေါ့။ ဟုတ်တယ်။ ကျွန်မ အမေက ရှင်တို့ကို ဒီကို ခေါ်လာခဲ့တယ်။ ဒါကြောင့် အခု သေခြင်းတရားနဲ့ အကြွေးပြန်ဆပ်ခဲ့ရပြီးပြီ။ ဒါပေမဲ့ ရှင်တို့ကို အသက်ဆက်ပေးခဲ့တာ ဘယ်သူလဲ။”

“အထူးသဖြင့် ရှင်နဲ့ စီးဒရင်းတို့ပေါ့။ ရှင်တို့ရဲ့ အသက်ကို ကယ်တင်ခဲ့တာက ကျွန်မရဲ့အမေပဲ မဟုတ်လား။ ရှင်တို့ အခုထိ အသက်ရှင်နေသေးတာ ဘယ်သူ့ကျေးဇူးကြောင့်လဲ။ ရှင်တို့ ကျွန်မအမေနဲ့ ကျွန်မ မောင်လေးရဲ့ သေဆုံးမှုအပေါ် ဒီလို အေးစက်စက် နေနိုင်တယ် ဆိုရင်လည်း ရတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဒီတပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်တယ်လို့ ဘယ်တော့မှ မပြောနဲ့။ အရှက်မရှိတဲ့ ကောင်တွေ။ တောက်”

စီးပီးက အေးစက်စက် ဆိုသည်။ “ဦးလေးဂျက်ထန်... ကျုပ်တို့ ဒီရွေးကောက်ပွဲကို ဆက်လုပ်မှာလား။ ဒီကနေ ထွက်ခွာသွားကြမှာပဲမလား။ အကောင်းဆုံး အချိန်ကို ကျော်လွန်တော့မယ်။”

ဂျက်ထန်က ဟီလာ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်၏။ “ကလေးလေး... မင်း ဘာတွေ တွေးနေလဲ ဆိုတာကို ငါ နားလည်ပါတယ်။ ငါလည်း တကယ့်ကို ထိတ်လန့်မိတယ်။ ငါက အသက်ကြီးပြီ။ သေရမှာကိုလည်း မကြောက်ဘူး။ ဒါပေမဲ့ သေရမယ်ဆိုရင်တောင်မှ တပ်ဖွဲ့ကို အပြင်ဘက်ဆီ ခေါ်ထုတ်သွားဖို့ တာဝန်ရှိတယ် ဆိုတာကို မင်း နားလည်တယ်နော်။”

“နားလည်ပါတယ်။ သေသေချာချာ နားလည်ပါတယ်။”

ဟီလာက ပြောသည်။ “ဒါဆိုရင် ကျွန်မကို လွှတ်ပေးလိုက်။ ကျွန်မလည်း ကျွန်မရဲ့ မောင်လေးနဲ့အတူ ပင်လယ်မွန်းစတားတွေရဲ့ ဗိုက်ထဲမှာ အသေခံပါရစေ။

ငါ မင်းကို မလွှတ်ပေးနိုင်ဘူး။ ငါ လိုကီကို ဆုံးရှုံးခဲ့ပြီးပြီ။ အိန်ဂျလာကိုလည်း ဆုံးရှုံးခဲ့ပြီးပြီ။ မင်းကိုတော့ ထပ်ပြီး အဆုံးရှုံး မခံနိုင်တော့ဘူး။”

ဂျက်ထန်က သက်ပြင်းချကာ အော်ဟစ်၏။ “ရွေးကောက်ပွဲကို ဆက်လုပ်ကြ။ မဲပေးတာကို ဆက်လုပ်ကြ။”

ဂျက်ထန်၏ အမိန့်အရ မဲပေးခြင်းက စတင်၏။ မည်သူ့အမည်ကိုမှ ရေးရန် မလိုချေ။ ပင်လယ်ဓားပြတိုင်းက လက်ထဲတွင် ကျောက်ခဲတစ်လုံးစီကို ကိုင်ဆောင်ထားခဲ့ပြီး သူတို့ ရွေးချယ်လိုသူ၏ ရှေ့တွင် ထိုကျောက်ခဲကို ချပေးလိုက်ရုံသာ။

ရေကာတာပေါ်တွင် ရှိနေသည့် ပင်လယ်ဓားပြပေါင်းများစွာတို့က တိတ်တဆိတ် ဖြတ်လျှောက်သွားခဲ့ကြပြီး ဒေါက်ကလပ်စ် ရှီလွန်၏ ရှေ့တွင် ကျောက်ခဲများကို တစ်လုံးပြီး တစ်လုံး ချသည်။

“ဟား ဟား ဟား ဟား”

သို့သော်ငြား ထိုအချိန်မှာပဲ ပင်လယ်အောက်ခြေမှ ရယ်မောသံတစ်ခု ထွက်လာ၏။ ထိုအရာက ရှမ့်လန်ပင် ဖြစ်၏။ လူတိုင်းက အောက်ကို ငုံ့ကြည့်လိုက်လေရာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်ရ၏။

ရှမ့်လန် မသေသေးချေ။ သူ စောဏက ခုန်ချလိုက်စဉ်က ပင်လယ်ပြင်နှင့် မီတာအနည်းငယ် လိုတော့သည့် အချိန်တွင် မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများက အပေါ်သို့ ခုန်တက်လာပြီး သူ့ကို လုံးဝ ဝါးမျိုပစ်၏။ လူတိုင်းက ဤမြင်ကွင်းကို ရင်းနှီးထားပြီးသား ဖြစ်၏။ ပင်လယ်မွန်းစတားများ၏ ဝါးမျိုခြင်းကို ခံလိုက်ရတိုင်း အလောင်းပင်မကျန်ဘဲ လက်ချောင်းလေးများပင် ရှာစရာမလိုတော့အောင် ပြောင်သလင်းခါအောင် စားခံရလေ့ရှိသည်။

ယခု ရှမ့်လန်က မသေရုံသာမက ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခုအဖြစ် ပြန်လည် ပေါ်ပေါက် လာခဲ့၏။ ပင်လယ် မွန်းစတားများက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလားပင် ရူးသွပ်စွာ ထွက်ပြေးကြကုန်၏။

ပင်လယ်ပြင် တစ်ခုလုံးက တဖန် ပြန်လည်ကာ ဆူပွက်လာခဲ့၏။ ပင်လယ်မွန်းစတားများက ဒီရေကျ သွားသကဲ့သို့ပင် အနောက်သို့ ပြန်လည် ဆုတ်ခွာ၏။ သောင်းနှင့်ချီ သိန်းနှင့်ချီသည့် ပင်လယ်မွန်းစတား အားလုံးတို့က အနောက်ဘက်ဆီသို့ ဆုတ်ခွာသွားခဲ့ကြပြီးပြီ ဖြစ်၏။ ရှမ့်လန်ကို ဗဟိုပြုပြီး ပတ်လည် မီတာ ရာဂဏန်း အတွင်းရှိ နေရာလွတ်ကြီးက လုံးဝ ဟာလာဟင်းလင်း ဖြစ်သည်။

“ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာဖြစ်လို့ ဒီပင်လယ် မွန်းစတားတွေက ရှမ့်လန်ကို မစားကြတာလဲ။ ဒါတွေက ရှမ့်လန်ကို မစားရုံတင် မကဘူး သူ့ကို ကြောက်နေသလိုတောင် ဖြစ်စေတာပဲ။”

ရှမ့်လန်က အထူးပြုလုပ်ထားခဲ့သည့် လေဟုန်စီးဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ရေပေါ်တွင် ပေါလော ပေါ်နိုင်ရန် ကြိုးစားနေ၏။ သူက လေဟုန်စီး ဝတ်စုံကို ဝတ်ဆင်ထားရမည် ဖြစ်၏။ မဟုတ်ပါက မီတာ တစ်ရာ အမြင့်မှ အောက်သို့ ခုန်ချမည်ဆိုလျှင် ရေနှင့် ရိုက်မိသည့် အရှိန်ကြောင့် သေဆုံးသွားနိုင်၏။ သူ၏ နုနယ်လွန်းသည့် ခန္ဓာကိုယ်က ချက်ချင်း အစိတ်စိတ် အမွှာမွှာ ကြေမွသွားနိုင်၏။ ထို့ကြောင့် သူက အောက်သို့ ကျဆင်းရန် လေဟုန်စီး ဝတ်စုံကို လိုအပ်၏။

သူက အမှန်တကယ် ပင်လယ်ပြင်ထဲသို့ မကျရောက်ခင်မှာပင် ပင်လယ်မွန်းစတားများ၏ ဝိုင်းရံခြင်းကို ခံရသည်။

“လာကြစမ်း။ ငါ့ကို စားကြစမ်း။ ပင်လယ်မွန်းစတားတွေ... လာကိုက်လိုက်ကြစမ်းပါ။” ရှမ့်လန်က မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများကို လှမ်းခေါ်လိုက်ရုံသာမက ထိုအကောင်များဆီသို့ပါ ကူးခတ် သွား၏။

ထိုအချိန်မှာတော့ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းက ပေါ်ပေါက်လာ၏။ သူ မည်သည့် နေရာကိုပဲ သွားသွား ပင်လယ်မွန်းစတားများက ဒီရေကျသကဲ့သို့ပင် နောက်သို့ ဆုတ်ခွာသွား၏။ ထိုအရာက သရဲတစ္ဆေ တစ်ကောင်ကို မြင်တွေ့နေရသကဲ့သို့ပင်။ အားလုံးက ရှမ့်လန်၏ မီတာ ရာဂဏန်း အတွင်းဆီသို့ လုံးဝ မကပ်ရဲကြချေ။

“လာစမ်းပါ... အတူတူ ကစားရအောင်...” ရှမ့်လန်က တခြားတစ်ဖက်ရှိ ပင်လယ်မွန်းစတားများဆီသို့ ကူးခတ်သွားပြန်၏။ သောင်းနှင့်ချီသည့် ပင်လယ်မွန်းစတားများက သူ့ကို ရှောင်ဖယ်သွားကြ၏။ ဤသည်က တကယ့်ကို တုန်လှုပ်ဖွယ်ရာပင်။

ရှမ့်လန်က နောက်သို့ လှည့်ကြည့်၏။ ရေကာတာပေါ်ရှိ လူအားလုံးကို ပခုံးတွန့်ပြသည်။ “မြင်တယ်မလား။ ကျုပ် ရှမ့်လန်က ပင်လယ်နတ်ဘုရားပဲ။ မရေတွက်နိုင်တဲ့ ပင်လယ်မွန်းစတားတွေက ကျုပ်ကို နတ်ဘုရားတစ်ပါး လို ရိုသေကြတယ်။ ကျုပ်တစ်ယောက်တည်းပဲ ဒီတပ်စုကို ကယ်တင်နိုင်မှာ။ ကျုပ်တစ်ယောက်တည်းပဲ ဒီနေရာရဲ့ ခေါင်းဆောင် ဖြစ်နိုင်မှာ။”

ထိုအချိန်မှာတော့ ဟီလာက ဝမ်းသာအားရဖြင့် ငိုကြွေးလျက် ရှိနေ၏။ “ရှမ့်လန်... ခွေးကောင်လေး... နင် တော်တော် ဆိုးနေပါလား။ ငါ နင့်ကို ရိုက်ပစ်မယ်။”

“တစ်ယောက်ယောက် လာပြီး ကျုပ်ကို ဆွဲတင်ပေးပါအုံး။” ရှမ့်လန်က အော်ဟစ်လိုက်သည်။

ဂျက်ထန်က လက်လွှတ်ပေးလိုက်၏။ ဟီလာက အောက်သို့ ခုန်ချလာခဲ့ပြီး ရေသူမ တစ်ကောင်ကဲ့သို့ပင် ကျော့ရှင်းစွာဖြင့် ရေကို ကူးခတ်၏။ တခြားသော သူသာဆိုပါက ရေထဲကျပြီး သေဆုံးသွားနိုင်သော်လည်း ဟီလာက ဘာမှမဖြစ်ချေ။ သူမက ရှမ့်လန်နှင့် အနည်းငယ် ဝေးရာသို့ ခုန်ချခဲ့ခြင်း ဖြစ်၏။ သို့မဟုတ်ပါက သူမ၏ မောင်လေး အပေါ်သို့ ပိမိပြီး တစ်ခါတည်း သေဆုံးသွားပေလိမ့်မည်။

ရေထဲသို့ရောက်ရှိပြီးနောက် ဟီလာက ရှမ့်လန်ဆီသို့ ကူး၏။ ပြီးနောက် လည်ပင်းကို ခပ်တင်းတင်း ဖက်ကာဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်၏။

“ခွေးကောင်လေး... ငါ နင့်ကို ဆုံးရှုံးရမယ်လို့တောင် ထင်နေတာ။ နင်က အရှေ့လောကမှာလည်း ဒီလိုပဲ ယုတ်ယုတ်မာမာတွေ လျှောက်လုပ်နေတာပဲလား။” ဟီလာက မေးလိုက်သည်။

ပြီးနောက် သူမက ရှမ့်လန်ကို ကျောပိုးပြီး ရေကာတာ၏ အောက်ခြေဆီသို့ ကူးခတ်၏။ လက်နှစ်ဖက် ခြေထောက်နှစ်ဖက်တို့ဖြင့် အားကုန် ကူးခတ်ကာ အပေါ်သို့ ပြန်တက်၏။ ဤသည်က တကယ့်ကို အစွမ်းထက်လွန်းလှချေ၏။ ပေတစ်ရာမြင့်သည့် ရေကာတာကြီးက တောင်ကမ်းပါးယံတစ်ခုကဲ့သို့ရှိပြီး တက်စရာ နေရာဟူ၍ မရှိသလောက် ဖြစ်သော်လည်း သူမက လွယ်ကူစွာဖြင့် အပေါ်သို့ တွယ်တက် သွားခဲ့သည်။

...........

ရေကာတာပေါ်သို့ ပြန်ရောက်ချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွား၏။ မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက ရှမ့်လန်ကို လေးစားမှု၊ ထူးဆန်းမှုများနှင့် ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်၏။ အောက်တွင် ရှိနေသည့် အကောင်များက ကျိန်စာသင့် ပင်လယ်ပြင်၏ ပင်လယ်မွန်းစတားများ ဖြစ်၏။ သူတို့က ဆယ်စုနှစ် တစ်ခုကျော်အောင် တိုက်ခိုက်ခဲ့ကြပြီး လူပေါင်းသောင်းနှင့်ချီ အသေအပျောက်များနှင့် ရင်းနှီးပြီး ဖြစ်၏။

ကံကောင်းသည်က ဤပင်လယ်မွန်းစတားများက ကုန်းပေါ်သို့ မတက်ရဲခြင်းပင်။ မဟုတ်ပါက ကုန်းပတ် စစ်သည်များ သေဆုံးသွားနှင့်ပြီ ဖြစ်၏။ အားလုံးက ပင်လယ်မွန်းစတားများကို မုန်းတီးကြသော်လည်း တစ်ဖက်တွင် မျှော်လင့်ချက်မဲ့မှုကိုလည်း ခံစားရသည်။

အဘယ်ကြောင့်ဆိုသော် ပင်လယ်မွန်းစတားများ၏ အရေအတွက်က အလွန်ပင် များပြားလွန်းသောကြောင့် အကုန်လုံးကို သတ်ဖြတ်ဖို့ ဆိုသည်က မဖြစ်နိုင်သောကြောင့်ပင်။ ယခု ရှမ့်လန်က သိန်းနှင့်ချီသည့် ပင်လယ်မွန်းစတားများ ကြားသို့ ကျဆင်းသွားခဲ့သော်လည်း ဘေးကင်းလုံခြုံမှု ရှိနေရုံသာမက ပင်လယ် မွန်းစတားများကလည်း သူ့ကို ကြောက်လန့်နေ၏။

ရှမ့်လန်က ဒေါက်ကလပ်စ်ရှီလွန်၏ ဘေးဆီသို့ လျှောက်၏။ ပြီးနောက် ဖြည်းညင်းစွာဖြင့် ပြောဆိုလိုက်သည်။ “လူကြီးမင်း ဒေါက်ကလပ်စ်... တကယ့်ကို အစွမ်းထက်တာပဲ။ ခင်ဗျားက ကြီးမားတဲ့ တံလျှပ်ကြီး တစ်ခုကို ဖန်တီးပြီး ပင်လယ်မွန်းစတားတွေကို ငေးကြည့်နိုင်အောင် လုပ်နိုင်ခဲ့တယ်။

ဒါပေမဲ့ ကျုပ်ကတော့ မတူဘူး။ ကျုပ် ဘယ်နေရာကိုပဲ သွားသွား ပင်လယ်မွန်းစတား အကုန်လုံးက အရိပ်အယောင်တောင် မကျန်အောင် ထွက်ပြေးကြတာ။ အကြောင်းရင်းက ကျုပ်က ပင်လယ်နတ်ဘုရားရဲ့ လူဝင်စား ဖြစ်နေလို့ပဲ။ ဒါကြောင့် ဒီကုန်းပတ်က တပ်သားတွေအားလုံးက ကျုပ်ကိုမှ မဲမပေးရင် ဘယ်သူ့ကို မဲပေးအုံးမှာလဲ။ ကျုပ်တစ်ယောက်တည်းကပဲ ခင်ဗျားတို့ရဲ့ အရှင်သခင်ပဲ။”

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤပင်လယ် မွန်းစတားများက ရှမ့်လန်ကို တစ္ဆေတစ်ကောင်ကဲ့သို့ ရှောင်ဖယ်နေကြရသနည်း။ ရှမ့်လန်က ပင်လယ်နတ်ဘုရား ပူးကပ် နေသောကြောင့်လား။ မဟုတ်ပေ။ အကြောင်းရင်းက သူ၏ သွေးကြောင့်ပင်။ သူ၏ သွေးက တကယ့်ကို အစွမ်းထက်နေခြင်း မဟုတ်ဘဲ အဆိပ်ပြင်းနေခြင်း ဖြစ်၏။

စေတီတောင်မှ အစွမ်းထက် ကူပိုးကောင်များက သူ၏ သွေးထဲသို့ ဝင်ရောက်ပြီးနောက် အားလုံး သေဆုံး၏။ သိန်းနှင့်ချီသည့် ငရဲမီးပိုးကောင်များကလည်း ရှမ့်လန်၏သွေးထဲသို့ ထူးဆန်းသည့် ဒြပ်စင်များကို ထိုးသွင်းခဲ့သော်လည်း ဘာတုံ့ပြန်မှုမှ မရှိခင်မှာပင် အားလုံး သေဆုံးကုန်သည်။

ဤပင်လယ် မွန်းစတားများလည်း အတူတူပင် ဖြစ်၏။ ရှမ့်လန်ကို မကိုက်ခဲခင်မှာပင် ရှမ့်လန်က မိမိ၏ သွေးကြောကို ဖြတ်တောက်ကာ သွေးများကို ပန်းထွက်စေ၏။ နောက်ဆုံး ဤပင်လယ်မွန်းစတား အားလုံးက ထွက်ပြေးသွားကြ၏။ သူတို့က ရှမ့်လန်၏ သွေးပေါ်တွင် အလွန်အမင်း ကြောက်ရွံ့မှုကို ခံစားရ၏။

မူလန်၏ သင်္ဘောကြီး မိစ္ဆာတြိဂံဒေသထဲသို့ ဝင်ရောက်စဉ်က အခြေအနေကို အားလုံးက မှတ်မိဦးမည် ထင်၏။ ထိုစဉ်ကလည်း မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများက ပင်လယ်ပြင်သို့ တက်လာ၏။ ပင်လယ်မွန်းစတား တစ်ကောင်က ကလေးငယ်လေး ရှမ့်ယီကို ဝါးမျိုရန် ကြိုးစားခဲ့၏။ သို့သော်ငြား ထိုအကောင်က ကလေးငယ်၏ နုနယ်လွန်းသည့် အသားအရေကို မကိုက်ဖြတ်မီ ခဏလောက် တွန့်ဆုတ်သွားခဲ့ပြီး ထပ်မံ မကိုက်ဖြတ်ရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်လေး ရှမ့်ယီက ရှမ့်လန်၏ ထူးဆန်းသည့် သွေးမျိုးရိုးကို ဆက်ခံထားသောကြောင့်ပင်။

ရှမ့်လန်၏သွေးမျိုးရိုးက နတ်ဘုရားကဲ့သို့ မဟုတ်ဘဲ အဆိပ်ကဲ့သို့ ဖြစ်နေသောကြောင့် ဤပင်လယ် မွန်းစတားများက မထိတွေ့ရဲခြင်း ဖြစ်၏။ အမှန်စင်စစ် ရှမ့်လန်က ထိုအချက်ကို အစောကြီးတည်းက ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။ ဟီလာက သူ့ကို ပွေ့ဖက်ကာ ပင်လယ်ပြင်တွင် ပြေးလွှားပြီး အစွမ်းထက်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေချိန်တွင် ပင်လယ်မွန်းစတားပေါင်းများစွာတို့ ရှိနေသည့်ကြား၌ ရှမ့်လန်က အဘယ့်ကြောင့် မည်သည့်ဒဏ်ရာမှ မရရှိခဲ့ရသနည်း။

အကြောင်းရင်းမှာ ဤပင်လယ်မွန်းစတားများက ရှမ့်လန်ကို မထိတွေ့ခင် သူ၏ ခန္ဓာကိုယ်ဆီမှ ထူးဆန်းသည့် အငွေ့အသက်ကို ရရှိသောကြောင့် ရပ်တန့်လိုက်ကြခြင်း ဖြစ်၏။ ဟီလာက ထိုအရာကို သတိ မပြုမိသော်လည်း ရှမ့်လန်ကတော့ သိရှိ၏။ ဤသည်က သူ၏ယူဆချက် မှန်ကန်ကြောင်း သက်သေပြလို့ နေ၏။ သူ၏သွေးက ပင်လယ်မွန်းစတားများအတွက် ကျိန်စာတစ်ခု ကဲ့သို့ပင်။ ထို့ကြောင့် သူက ပင်လယ်နတ်ဘုရား ပူးကပ်သကဲ့သို့ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့ခြင်းပင်။

စီးဒရင်း၏ စိတ်ထဲတွင်တော့ အားအားသင့်မှုများနှင့် ပြည့်နှက်၏။ သူမက ရှမ့်လန်ကို အံ့ဩတကြီး ကြည့်ရှု ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အကယ်၍ ဒီကနေ လွတ်မြောက်ချင်တယ် ဆိုရင်၊ ဒီနေရာက သွားချင်တယ်ဆိုရင် ပင်လယ်မွန်းစတားတွေကို ခြောက်လှန့်ရုံလောက်နဲ့ မလုံလောက်ဘူး။ ပင်လယ်မွန်း စတား ပြဿနာကို အရှင်ဒေါက်ကလပ်စ်က ဖြေရှင်းနိုင်တယ်။ အဓိက သော့ချက်ကတော့ ကျိန်စာကို ဘယ်လိုပယ်ဖျက်မလဲ ဆိုတာပါပဲ။ ဒါမှ ကျွန်မတို့ရဲ့ ရေတပ်စုက ဒီနေရာကနေ ထွက်ခွာသွားနိုင်မှာ။”

စီးဒရင်းက အဓိကအချက်ကို ထောက်ပြလိုက်၏။ ကုန်းပတ် ရေတပ်စုကို ကယ်တင်ရန် အဓိက သော့ချက်က ဤနေရာမှ ထွက်ခွာသွားရန်ပင်။

“အရှင်ဒေါက်ကလပ်စ်... အရှင်က ကျုပ်တို့အားလုံးကို ဒီနေရာကနေ ခေါ်ထုတ်ပြီး အိမ်ကို ပြန်ပို့ပေးနိုင်မလား။”

စီးပီးက မေး၏။ “ဒီဦးခေါင်းခွံ စစ်တပ်တွေက အရှင့်နောက်ကို တသွေမတိမ်း လိုက်ကြမှာပါ။”

ဒေါက်ကလပ်စ် ရှီလွန်က ပြောသည်။ “လုပ်ပေးနိုင်တာပေါ့။ သေချာပေါက် လုပ်ပေးနိုင်တာပေါ့။ ကျုပ် ခင်ဗျားတို့ အားလုံးကို ဒီနေရာကနေ ခေါ်ထုတ်သွားပြီး ရှီလွန်တိုက်ကြီးရဲ့ ပင်လယ်ပြင် ဦးခေါင်းခွံကျွန်းဆီကို ပြန်ပို့ပေးမယ်။

ပြီးရင် ကျုပ် ခင်ဗျားတို့ဆီက ဘာမှမတောင်းဘူး။ ကျုပ် ခင်ဗျားတို့ကို ရှီလွန်အင်ပါယာ ရေတပ်ထဲကို ဝင်ဖို့လည်း အတင်းအကျပ် မလုပ်ဘူး။ ခင်ဗျားတို့ ပင်လယ်ဓားပြတွေအဖြစ် ဆက်နေလို့ရသလို ပင်လယ်ပြင်မှာလည်း လွတ်လပ်စွာ လည်ပတ်သွားလာလို့ ရတယ်။

ကျုပ်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ ခင်ဗျားတို့ကို ကယ်တင်ဖို့ပဲ။ ဒီတာဝန် ပြီးဆုံးသွားရင် ကျုပ် အင်ပါယာကို ပြန်တော့မယ်။ ကျုပ်ရဲ့မိခင်အတွက် ကျုပ် တာဝန်ကျေချင်တယ်။ ခင်ဗျားတို့ ပင်လယ်ဓားပြ တွေ ဖြစ်နေရင်တောင်မှ ကျုပ်က ရှီလွန်အင်ပါယာရဲ့ နိုင်ငံသားပဲ။ အဲတာကြောင့် ခင်ဗျားတို့ အားလုံးကို ကျုပ်က တာဝန်ယူရမယ်။”

စီးပီးက ပြော၏။ “လူတိုင်း ကြားတယ်မလား။ အရှင်ဒေါက်ကလပ်စ်က ကျုပ်တို့ဆီက ဘာမှ ပြန်မတောင်းဘူး။ ကျုပ်တို့ကို ကယ်တင်ပြီးသွားရင် သူက ဘာအကျိုးအမြတ်မှ မလိုချင်ဘူး။ ကျုပ်တို့ရဲ့ သစ္စာခံမှုကို မလိုအပ်သလို ကျုပ်တို့ကိုလည်း လွတ်လပ်ခွင့်တွေ ပေးအုံးမှာပဲ။”

ပြီးနောက် စီးပီးက ရှမ့်လန်ကို ကြည့်ကာ မေးသည်။ “အရှင်ရှမ့်လန်... အရှင်ကရော ဒီတပ်ဖွဲ့ကို ကယ်တင်နိုင်ပါ့မလား။ ကျုပ်တို့ကို ဒီကျိန်စာသင့် ပင်လယ်ကနေပြီးတော့ အပြင်ဘက်ဆီကို ခေါ်ထုတ် သွားနိုင်လား။”

ရှမ့်လန်က ပြော၏။ “သေချာပေါက် လုပ်နိုင်တာပေါ့။”

“ဒါဆိုရင်လည်း အခုလောလောဆယ် အရှင်ပြောတာကို ကျုပ် ယုံပေးလိုက်ပါမယ်။”

စီးပီးက ပြောသည်။ “ဒါဆိုရင် အရှင်ရှမ့်လန်ကို မေးပါရစေ။ အကယ်၍ အရှင် ကျုပ်တို့ကို ကယ်တင်ချင်တယ်ဆိုရင် အရှင်ကရော ကျုပ်တို့ဆီက ဘာများ ပြန်ပြီး တောင်းချင်လဲ။”

“သေချာတာပေါ့... တောင်းရမှာပေါ့။”

ရှမ့်လန်က ပြော၏။ “ဒီလောကကြီးထဲမှာ အရာရာတိုင်းက တန်ဖိုးတစ်ခု ရှိတယ်။ အကယ်၍ တစ်စုံတစ်ယောက် က ဘာတောင်းဆိုချက်မှ မရှိဘူးဆိုရင် အဲဒါက သူက မြင့်မြတ်လွန်းနေလို့ မဟုတ်ရင် သူ့ရဲ့ တောင်းဆိုချက်က အရမ်းကို ကြီးမားနေလို့ ထုတ်မပြောဝံ့တာပဲ။”

‘ဟမ်... ဒီစကားကို ရင်းနှီးနေသလိုပဲ။ ဪ... မကြာသေးခင်ကတင် အမေဇုန်နိုင်ငံရဲ့ ယစ်ပုရောဟိတ်ကြီး ပြောခဲ့တာကိုး။’ - စာဖတ်သူများ။

ရှမ့်လန်က ဆက်ပြောသည်။ “ကျုပ် ခင်ဗျားတို့ကို ကယ်တင်ပြီးတာနဲ့ ခင်ဗျားတို့ ကျုပ်အပေါ်မှာ သစ္စာရှိရမယ်။ လောကကြီးမှာ အလကားရတဲ့ ထမင်းထုတ် ဆိုတာ မရှိဘူး။”

အပိုင်း (၈၇၆)

စီးပီးက ပြော၏။ “ဒါဆိုရင် ကျုပ်တို့က ဘာအတွက် အရှင့်အပေါ်ကို သစ္စာရှိရမှာလဲ။ ဘယ်လိုလုပ် ပေးရမှာလဲ။”

ရှမ့်လန်က ပြောသည်။ “အရှေ့လောကဆီကို ပြန်ပြီး ကျုပ်အတွက် လက်စားချေ တိုက်ခိုက်ပေးရမယ်။”

သူက ဤစကားကို ပြောနေသည့်အချိန်တွင် အမှန်တရားကို ဖွင့်ဟကာ ပွင့်ပွင့်လင်းလင်း ပြောနေခြင်း ဖြစ်၏။

အမေဇုန်နိုင်ငံတွင် သူက မြင့်မြတ်သူတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ပြီး အမေဇုန်နိုင်ငံကို ကယ်တင်ချင်ရုံသာ ဖြစ်ကြောင်း၊ မည်သည့် သက်မှတ်ချက်မရှိကြောင်း၊ ဘာတစ်ခုကိုမှ မလိုချင်ကြောင်း ပြောခဲ့၏။ နောက်ဆုံး မှာတော့ ဘုရင်မအီဒါက သူ့ကို ပို၍ပင် ပေးခဲ့သေး၏။ စစ်သည်ရှစ်ထောင်ကို ပေးခဲ့ရုံတင်မကဘဲ သူမ၏ ခန္ဓာကိုယ် ကိုပါ ရှမ့်လန်ထံ အပ်နှင်းရန် စီစဉ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် အမေဇုန်လူမျိုးများက မြင့်မြတ်ပြီး မည်သူ့၏ကျေးဇူးတရားကိုမှ မတင်ရှိလိုသောကြောင့်ပင်။

ပိုမို၍ မြင့်မြတ်လေ၊ သူတို့၏ ဆုလာဘ်က ပိုမိုကာ ကြီးမားလေပင်။သို့သော်ငြား ဤကုန်းပတ် ပင်လယ်ဓားပြအုပ်စုကတော့ ထိုကဲ့သို့ မဟုတ်ချေ။ သူတို့က ကျန်းလီ တည်ထောင်ခဲ့သည့် တပ်ဖွဲ့ဖြစ်ရုံနှင့် လောက၏ နံပါတ်တစ် ပင်လယ်ဓားပြများ ဖြစ်ရုံနှင့် သူတို့၏ စရိုက်ကို အလွန်အမင်း မျှော်လင့်ထား၍ မဖြစ်ချေ။

မြင့်မြတ်သည့် ပင်လယ်ဓားပြများကို မြင်ဖူးပါသလား။ မဟုတ်ပါက ဤနေရာရှိ ကျန်းလီ၏ နာမည်မှာ လိုကီဟူ၍ ဖြစ်နေလိမ့်မည် မဟုတ်ချေ။ ဤလူအားလုံးက ကြမ်းတမ်းပြီး ဆိုးယုတ်သည့် လူများသာ ဖြစ်၏။ အကယ်၍ ပင်လယ်ဓားပြများကို ကယ်တင်ပြီးနောက် ဘာတစ်ခုမှ မလိုချင်ဘူးဟု ပြောဆိုပါက သူတို့က တကယ်ပင် ထွက်ခွာသွားကြမှာ ဖြစ်ပြီး ဘာတစ်ခုမှ ပေးလိမ့်မည် မဟုတ်ချေ။

စီးပီးက အသံကျယ်ကျယ်ဖြင့် ပြော၏။ “အခု အခြေအနေက ရှင်းလင်းသွားပြီ။ အရှင်ဒေါက်ကလပ်စ်က ဒီတပ်ဖွဲ့ကို ကယ်တင်ဖို့အတွက် ဘာသတ်မှတ်ချက်မှ မရှိဘူး။ ကိစ္စပြီးသွားရင် အားလုံးကို လွတ်လပ်ခွင့် ပေးမယ်။ ဒါပေမဲ့ အရှင်ရှမ့်လန်ကတော့ ကယ်တင်ပြီးတာနဲ့ သစ္စာခံမှုကို လိုချင်တယ်။ ပြီးတော့ သူ့အတွက် ကျုပ်တို့က တိုက်ခိုက်ပေးရလိမ့်မယ်။ သူ့ရဲ့ လက်ပါးစေတွေ ဖြစ်လာရမယ်။ ကုန်းပတ်ပေါ်က တပ်ဖွဲ့ဝင်တွေ... လွတ်လပ်တဲ့ တပ်ဖွဲ့ဝင်တွေ... ခင်ဗျားတို့ ရွေးချယ်ဖို့ အချိန်ရောက်ပြီ။”

စီးပီး၏ စကားသံက မလိုတမာစိတ်များဖြင့် ပြည့်နှက်နေ၏။ ရှမ့်လန်က ထိုသူ့ကို မတားခဲ့ချေ။ ယခုအချိန်တွင် ကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြုလုပ်ထားခြင်းက ပိုကောင်းသည်။

ဂျက်ထန်က အော်ဟစ်လိုက်၏။ “ရွေးကောက်ပွဲကို တရားဝင် စပြီ။ ရွေးချယ်ချင်တဲ့ လူရဲ့ ရှေ့မှာ ကျောက်ခဲကို ထားပေးရုံပဲ။”

ဟီလာက ပထမဦးဆုံးအဖြစ် ရွေးချယ်၏။ သူမက ရှမ့်လန်၏အရှေ့တွင် ကျောက်ခဲတစ်ခုကို ချ၏။ နောက်ကွယ်တွင် ရှိနေသည့် မရေတွက်နိုင်သည့် တပ်ဖွဲ့ဝင်အားလုံးကို သူမက အကြည့်ဖြင့် ရှမ့်လန်ကို ရွေးချယ်ရန် အတင်းကျပ် တိုက်တွန်းနေသည့်အလား စူးစိုက်ကြည့်နေသည်။

စီးပီးက ပထမဦးဆုံး ရွေးချယ်ခဲ့၏။ သူက ဒေါက်ကလပ်စ်၏ ရှေ့တွင် ကျောက်ခဲကို ချ၏။ ပြီးနောက် အနောက်တွင် ရပ်၏။ အိန်ဂျလာ၏မွေးစားသမီး စီးဒရင်းကတော့ နှစ်ယောက်လုံး၏ ရှေ့တွင် ရပ်ကာဖြင့် ခေတ္တမျှ တွေဝေနေ၏။ နောက်ဆုံးမှာတော့ ဒေါက်ကလပ်စ်၏ အရှေ့ဆီသို့ လျှောက်သွားပြီး ကျောက်ခဲကို ချ၏။ ပြီးနောက် နောက်ကွယ်တွင် သွားရပ်၏။

အိန်ဂျလာ ကွယ်လွန်ခဲ့ပြီး ဆလွန်းဘားစ် ပြည်နှင်ခံရပြီးနောက် ဤတပ်ဖွဲ့တွင် ခေါင်းဆောင်လေးဦးသာ ကျန်ရှိ၏။ ယခု ထိုလေးယောက်ထဲမှ နှစ်ဦးက ဒေါက်ကလပ်စ်၏ နောက်တွင် ရပ်နေကြသည်။

လူတိုင်း၏ အကြည့်က ဂျက်ထန်၏ မျက်နှာပေါ်သို့ ရောက်ရှိသွား၏။ ဂျက်ထန်၏ ရွေးချယ်မှုကို စောင့်ဆိုင်း နေသကဲ့သို့ပင်။ သူက အကြီးတန်းအရာရှိ တစ်ဦး ဖြစ်၏။ ထို့ကြောင့် အစတည်းက လိုကီ၏ နောက်သို့ လိုက်ခဲ့ပြီး အိန်ဂျလာ၏ နောက်သို့လည်း လိုက်ခဲ့ဖူး၏။

မည်သူက ခေါင်းဆောင်ဖြစ်လာပါစေ သူက အမြဲတမ်း ဤတပ်ဖွဲ့၏ ဒုတိယအရေးပါဆုံး ပုဂ္ဂိုလ် ဖြစ်နေမည် သာပင်။ ထို့ကြောင့် သူ၏ ရွေးချယ်မှုက တကယ့်ကို အရေးကြီးပြီး လူအများပြားတို့အပေါ် သက်ရောက်မှု ရှိပေမည်။ ဂျက်ထန်က သေခြင်းရှင်ခြင်း အခြေအနေဆီသို့ ရောက်ရှိနေသည့်အလားပင် မျက်လုံးကို စုံမှိတ်ထား၏။ သူက ရှမ့်လန်ကို ရွေးချယ်ရမည်လား သို့မဟုတ်...

တစ်နေရာလုံး တိတ်ဆိတ်နေပြီး မည်သူမှ မဲမပေးကြချေ။ အားလုံးက ဂျက်ထန်၏ ရွေးချယ်မှုကိုသာ စောင့်နေခြင်းပင်။ မိနစ်အနည်းငယ် ကြာပြီးနောက် ဂျက်ထန်က မျက်လုံးများကို ဖွင့်ကာဖြင့် လက်ထဲရှိ ကျောက်ခဲနှင့်အတူ ဒေါက်ကလပ်စ်ဆီသို့ ဦးတည် လျှောက်သွားသည်။

ဒေါက်ကလပ်စ်က စိတ်ထဲတွင် ပြုံးပြီး ဂျက်ထန်ကို ဦးညွှတ်၏။

ဟီလာ၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ဟီလာက ဂျက်ထန်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေမိ၏။ ဤသည်က တကယ့်ကို စိတ်ပျက်စရာ ကောင်းသည်။

ဂျက်ထန်က သူမဖခင်၏ သစ္စာရှိဆုံး လက်အောက်ငယ်သား မဟုတ်ပါလား။ သူကိုယ်တိုင်ကလည်း အရှေ့တိုင်းသားတစ်ဦး ဖြစ်သောကြောင့် သူ၏သခင်လေးပေါ်တွင် သစ္စာရှိသင့်သည် မဟုတ်ပါလား။ လောကကြီး က တကယ်ပင် ဆိုးဝါးလွန်းလှ၏။ သို့သော်လည်း ဂျက်ထန်က ကျောက်ခဲကို ဒေါက်ကလပ်စ်၏ ရှေ့ဆီသို့ပေးပြီး ရှမ့်လန်၏ နောက်တွင် သွားရပ်ကာ ရပ်လိုက်၏။

“ကျိုးကြောင်း ဆင်ခြင်မှုအရဆိုရင် ကျုပ်က အရှင်ဒေါက်ကလပ်စ်ကို ရွေးချယ်သင့်တယ်။ သူက ကုန်းပတ်စု တစ်ခုလုံးကို ကယ်တင်နိုင်မယ်လို့ ကျုပ် ခံစားရတယ်။ ကုန်းပတ်တပ်ဖွဲ့ဝင်ရဲ့ ဒုတိယခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျုပ်က ကုန်းပတ်ရဲ့အကျိုးစီးပွားကို အချိန်တိုင်း ရှေ့တန်းတင်ရလိမ့်မယ်။ ဒါပေမဲ့ ကျုပ်က အရှင်ရှမ့်လန်ရဲ့နောက်ကို လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ငရဲပြည်ထိ သွားရမယ် ဆိုရင်တောင်မှပေါ့၊”

ဂျက်ထန်က ရှမ့်လန်၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ပြော၏။ “အရှင်ရှမ့်လန်... ဒီကျွန်ဟောင်းကြီးရဲ့ သစ္စာခံမှုကို လက်ခံပေးပါ။”

သူက ဤစကားကို ပြောလိုက်သည်။

“..........”

လူတိုင်းက တုန်လှုပ်ခြောက်ခြား သွားခဲ့၏။ ဂျက်ထန်က ဤကဲ့သို့သော ရွေးချယ်မှုမျိုးကို ပြုလုပ် လိမ့်မည်ဟု မထင်ခဲ့ချေ။ သူက ဒေါက်ကလပ်စ်ကို မဲပေးခဲ့သော်လည်း ရှမ့်လန်၏ နောက်သို့ လိုက်ရန်သာ ဆုံးဖြတ်ခဲ့၏။

“မဲပေးတာကို ဆက်လုပ်ကြ။”

သောင်းနှင့်ချီသည့် ပင်လယ်ဓားပြများက ရှေ့သို့တိုးကာဖြင့် မဲပေးကြ၏။ ရှမ့်လန် တွက်ဆထားသည့် အတိုင်းပင် ဒေါက်ကလပ်စ်ကို ရွေးချယ်သူများက ပို၍ များ၏။ ဒေါက်ကလပ်စ်၏ ရှေ့တွင် ကျောက်ခဲပုံက ပို၍ မြင့်တက်လာ၏။ သူ၏ နောက်ကွယ်ရှိ ဦးခေါင်းခွံပင်လယ်ဓားပြ အရေအတွက်ကလည်း တိုးပွားလာသည်။

ရှမ့်လန်ကို ရွေးချယ်သူ အရေအတွက်က ဒေါက်ကလပ်စ်၏ ဆယ်ပုံတစ်ပုံ ခန့်သာပင်။ အခြေအနေက ရှင်းလင်း၏။ ဒေါက်ကလပ်စ်ကို ရွေးချယ်သူများက သူတို့၏နှလုံးသားထဲတွင် မျှော်လင့်ချက်များ ကုန်ဆုံးနေပြီ ဖြစ်သောကြောင့် ဘေးကင်းလုံခြုံစွာဖြင့် အိမ်သို့ အေးအေးလူလူ ပြန်ချင်သည့် လူများသာ ဖြစ်၏။ သူတို့တွင် စိတ်ကူးယဉ်မှုများ မရှိတော့ချေ။ ထို့အပြင် ဘာတစ်ခုမှ မျှော်လင့်တောင့်တစိတ်လည်း မရှိတော့ချေ။

ရှမ့်လန်ကို ရွေးချယ်သည့် သူများကတော့ အံ့ဖွယ်ရာများကို ယုံကြည်နေကြဆဲဖြစ်ပြီး စွန့်စားရန်လည်း အသင့်ရှိ၏။ သူတို့၏ သွေးများက မအေးစက်သေးချေ။ အရေအတွက်အားဖြင့် နည်းပါးသော်လည်း သူတို့က တကယ့်ကို သန်မာပြီး တန်ဖိုးကြီးသည်။

..............................

နာရီအနည်းငယ် ကြာပြီးနောက် မဲပေးမှုက ပြီးဆုံးပြီး ဒေါက်ကလပ်စ်က ရှေ့သို့ ဆက်လက် ဦးဆောင် နေဆဲပင်။ မဲကို ရေတွက်နေစရာပင် မလိုအပ်ချေ။ ရှမ့်လန်က အကြမ်းဖျင်း တွက်ချက်ရမည်ဆိုလျှင် ဦးခေါင်းခွံ ပင်လယ်ဓားပြ ခြောက်သောင်းမှာ ငါးသောင်း သုံးထောင်ခန့်က ဒေါက်ကလပ်စ်ကို ရွေးချယ်ခဲ့ပြီး ရှမ့်လန်ကို ရွေးချယ်သူက ခုနစ်ထောင်မျှသာ ဖြစ်၏။

ခေါင်းဆောင်တစ်ယောက်က လှမ်းကာ ပြောသည်။ “ဦးလေးဂျက်ထန်... ရလဒ်က ရိုးရှင်းသွားခဲ့ပြီ။ အရှင် ဒေါက်ကလပ်စ် အနိုင်ရသွားခဲ့ပြီ။ သူက ကျုပ်တို့ ဦးခေါင်းခွံ တပ်ဖွဲ့ရဲ့ ခေါင်းဆောင်သစ်ပဲ။”

ဂျက်ထန်က ပြတ်သားစွာ ဖြေကြား၏။ “ဟုတ်တယ်။ အဲဒီလို ထင်ရတယ်။ ဒေါက်ကလပ်စ် ရှီလွန်က ဦးခေါင်းခွံဂိုဏ်းရဲ့ တတိယမြောက် ခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်လာခဲ့ပြီလို့ ကျုပ် ကြေညာလိုက်တယ်။”

ယခင်ကဆိုလျှင် မရေတွက်နိုင်သည့် လူများက သောင်းသောင်းဖြဖြ အော်ဟစ် အားပေးကြမှာ ဖြစ်သော်လည်း ယခုတော့ လုံးဝ တိတ်ဆိတ်ငြိမ်သက်၏။

“အရှင်ဒေါက်ကလပ်စ် သက်တော်ရာကျော် ရှည်ပါစေ။ ဦးခေါင်းခွံ ပင်လယ်ဓားပြတပ်ဖွဲ့ကြီး အဓွန့်ရှည်ပါစေ။” စီးပီးက အော်ဟစ်သည်။

ပြီးနောက် တခြားသော ပင်လယ်ဓားပြများကလည်း လိုက်လံ အော်ဟစ်၏။

“အရှင်ဒေါက်ကလပ်စ် သက်တော်ရာကျော် ရှည်ပါစေ။ ခေါင်းဆောင်ကြီး အဓွန့်ရှည်ပါစေ။ ဦးခေါင်းခွံ ပင်လယ်ဓားပြတပ်ဖွဲ့ အဓွန့်ရှည်ပါစေ။”

ဒေါက်ကလပ်စ် ရှီလွန်က ဦးညွှတ်သည်။ “ဒါက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။ အခု ကျုပ် ပေးထားတဲ့ ကတိအတိုင်း ဒီတပ်ဖွဲ့ကို ကယ်တင်ပြီး ကျိန်စာသင့် ပင်လယ်ပြင်ကနေ ခေါ်ထုတ်သွားပါမယ်။ အားလုံးကို အိမ်ပြန်ပို့ပေးပါမယ်။”

“သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ...” မရေတွက်နိုင်သည့် ပင်လယ် ဓားပြများက အားကုန် အော်ဟစ်လျက် ရှိ၏။

ထိုစဉ်မှာပဲ ပင်လယ်ပြင်၏ အထက်၌ တံလျှပ်ကြီး တစ်ခုက ပြန်လည် ပေါ်ပေါက်လာပြန်၏။ အရှေ့ဘက် ပင်လယ်ပြင်တွင် ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသည့် မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းသည့် ဧရာမ တံလျှပ်ကြီး တစ်ခု ပေါ်လာခြင်းပင်။ ဤမြင်ကွင်းက အံ့ဖွယ်ရာ တစ်ခုနှင့် တူ၏။ မရေတွက်နိုင်သော လူများက ဒေါက်ကလပ်စ်ကို ယုံကြည်ကြသည်က မဆန်းချေ။ အကြောင်းရင်းက သူ ရောက်ရှိလာခဲ့ပြီးမှသာ ဤတံလျှပ်ကြီး ပေါ်လာခြင်း ဖြစ်သည်။

ပထမဦးဆုံးအကြိမ် ပေါ်လာစဉ်တုန်းက ဒေါက်ကလပ်စ်က နတ်ဘုရားကဲ့သို့ပင် လက်နှစ်ဖက်ကို မြှောက်၍ တံလျှပ်ကြီးကို ကိုယ်တိုင်ပင့်ကာ ထိန်းသိမ်းထားသည့်အလား ဟန်မူရာ ရှိ၏။ ပင်လယ်ပြင်ရှိ မရေတွက် နိုင်သည့် ပင်လယ်မွန်းစတားများက တံလျှပ်ကို မြင်သည့်အချိန်တွင် ဒီလှိုင်းများကဲ့သို့ပင် ရှေ့ဆီသို့ တိုးလာပြီး အလုအယက် ကြည့်ရှု၏။

မနေ့ကတုန်းက ပင်လယ်မွန်းစတားပေါင်း သိန်းသန်းနှင့်ချီကာဖြင့် တံလျှပ်ရှေ့တွင် စုရုံးကာ မော့ကြည့်ခဲ့၏။ သူတို့က ရှေ့ဘက်ဝန်းကျင်ကိုပင် သတိမထားဘဲ ငေးမောလျက်ရှိပြီး သတိလွတ်နေကြပုံဖြင့် ဝင်တိုက် မိလျှင်တောင်မှ တုံ့ပြန်ခြင်း မရှိကြချေ။ အားလုံးက မျက်ရည်ဝဲကာဖြင့် ကြည့်ရှုနေ၏။ အချိန်က နေဝင်ချိန်ထိ ဆယ်နာရီကြာအောင် ရှိခဲ့သည်။

ဒေါက်ကလပ်စ်က ပြော၏။ “ကျုပ်တို့ အမြန်ဆုံး သွားရမယ်။ ဦးခေါင်းခွံတပ်ဖွဲ့က ညီအစ်ကိုတွေ... ကျုပ် ခင်ဗျားတို့ကို အခု အိမ်ပြန်ခေါ်သွားမယ်။ ခင်ဗျားတို့ကို အခု ကျုပ် ကယ်တင်မယ်။ အိမ်ပြန်ကြမယ်။”

မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက မျက်ရည်များပင် ဝဲ၏။ သူတို့က တကယ်ပင် အိမ်ပြန်ရ ပေတော့မည်။ ခေါင်းဆောင်သစ် ဒေါက်ကလပ်စ်က အံ့ဖွယ်ရာများကို တစ်ခုပြီး တစ်ခု ပြုလုပ်ဖန်တီး နိုင်ခဲ့သူပင်။ ထို့ကြောင့် ယခုကိစ္စကိုလည်း ပြုလုပ်နိုင်လိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။

ထို့သို့ဆိုလျှင် ဒေါက်ကလပ်စ်က မည်မျှထိ ယုံကြည်မှု ရှိနေသနည်း။ တကယ်ပဲ ယုံကြည်မှုအပြည့် ရှိနေခြင်း ဖြစ်၏။ အကြောင်းရင်းက လွန်ခဲ့သည့် နှစ်လခွဲခန့်က အိမ်မက်ဆိုးတောင် ပေါက်ကွဲခဲ့ပြီးနောက် ကွင်းစက် တုံ့ပြန်မှုများအဖြစ် ရေအောက်ငလျင်များ ဆက်တိုက် ဖြစ်ပေါ်၏။

ထိုစဉ်က ရှမ့်လန်က အမေဇုန်နိုင်ငံတော်ကို ကယ်တင်နိုင်ခဲ့သော်လည်း တခြားနေရာရှိ ရှေးဟောင်းစွမ်းအင် ဗဟိုချက်များ ပေါက်ကွဲသွားခဲ့ပြီး မိုင်ပေါင်း ထောင်ချီအထိ ပေါက်ကွဲမှုများ ပျံ့နှံ့သွားခဲ့သည်ကိုတော့ မသိခဲ့ချေ။

ထိုအထဲတွင် ကျိန်စာသင့် ပင်လယ်လည်း ပါဝင်ခဲ့ပြီး ငလျင်နှင့် ဆူနာမီများ ဖြစ်ပေါ်၏။ မိုင်တစ်ထောင်အတွင်းရှိ အမေဇုန်ပိရမစ်ကြီးနှင့် ညီမျှသည့် စွမ်းအင်လှိုင်း ပေါက်ကွဲမှုကြီး သုံးခု ဖြစ်ပွားခဲ့သည်။

ထိုအချိန်မှာတော့ ကျိန်စာသင့် ပင်လယ်ပြင်၏ စွမ်းအင် စက်ကွင်းက ပြောင်းလဲသွားပြီး တစ္ဆေတံတိုင်းကြီး ကလည်း ပျောက်ကွယ်၏။ ထို့ကြောင့်ပင်လျှင် ဟီလာက ကျိန်စာသင့် ပင်လယ်မှ ပထမဦးဆုံး လွတ်မြောက်သွားနိုင်ခဲ့သူ ဖြစ်ခဲ့ခြင်းပင်။

ထို့ကြောင့် အဒေါ့ဖ်နှင့် ဒေါက်ကလပ်စ်တို့က ဦးခေါင်းခွံတပ်ဖွဲ့ကို ကယ်တင်ရန် အလွန်ရိုးရှင်းသည်ဟု ကောက်ချက်ချ၏။ ရှေးဟောင်းစွမ်းအင် ဗဟိုချက်ကို ဖောက်ခွဲပြီး နောက်ထပ် ငလျင်တစ်ခုဖြစ်အောင် လုပ်လိုက်ရုံဖြင့် လုံလောက်၏။ ထိုသို့ဖြင့် သူတို့က ထိုအရာကို ချက်ချင်း မဖောက်ခွဲသေးဘဲ သတ်မှတ် ထားသည့် အချိန်တစ်ခုတွင်သာ ဖောက်ခွဲရန် စီစဉ်ထား၏။

ဦးခေါင်းခွံ ရေတပ်ဖွဲ့ကြီးက မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး ကျိန်စာသင့်ပင်လယ်၏ အရေးပါသော အဆုံးပိုင်းသို့ ရောက်ရှိချိန်မှာသာလျှင် ရှေးဟောင်းစွမ်းအင် ဗဟိုချက်ကို ဖောက်ခွဲပေးရမည်။ ထိုသို့ဆိုလျှင် ရှေးဟောင်းစွမ်းအင် ဗဟိုချက်က ဘယ်မှာရှိသနည်း။

ပျောက်ဆုံးသွားသည့် နိုင်ငံတော်တွင် အများအပြား တည်ရှိနေပြီး တစ်ခုကို ဖောက်ခွဲလိုက်ရုံသာ ရှိ၏။ မည်ကဲ့သို့ ဖောက်ခွဲရမည် ဆိုသည်ကို တခြားသူများက မသိသော်လည်း ဒေါက်ကလပ်စ်ကတော့ ကောင်းကောင်းသိ၏။ ရှေးဟောင်းယဉ်ကျေးမှု ဆိုသည်က တခြားသော သူများအတွက် အလွန်လျှို့ဝှက်သည် ဆိုသော်လည်း သူ့အတွက်တော့ သာမန်မျှသာပင်။

မင်းသားဆော်ရွှန်က ကျောက်စိမ်းဖြူမြို့နှင့် မီးနတ်ဘုရားဂိုဏ်းတို့၏ ထောက်ပံ့မှုကို ရရှိထားခဲ့ပြီး ထိုအဖွဲ့နှစ်ခုက ရှေးဟောင်းယဉ်ကျေးမှုအကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်၏။ အမှန်စင်စစ် ရှမ့်လန်တွင် လည်း ထိုကဲ့သို့သော အတွေးမျိုး ရှိခဲ့ဖူး၏။

ရှေးဟောင်းစွမ်းအင် ဗဟိုချက်ကို ဖောက်ခွဲလိုက်လျှင် ငလျင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ကျိန်စာသင့် ပင်လယ်၏ စွမ်းအင်စက်ကွင်းကို ဖျက်ဆီးကာဖြင့် တစ္ဆေတံတိုင်းမှ လွတ်မြောက်နိုင်ပေမည်။ ထို့ကြောင့်ပင်လျှင် ဒေါက်ကလပ်စ်က အချက်အလက်များအပေါ် အခြေခံ၍ ရာနှုန်းပြည့် ယုံကြည်မှုများ ရှိနေခြင်းပင်။

“အိမ်ပြန်ကြမယ်... အိမ်ပြန်ကြမယ်...” မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက ဦးခေါင်းခွံ တပ်ဖွဲ့၏ စစ်သင်္ဘောများပေါ်သို့ တက်သည်။

“ရေကာတာတံခါးတွေ ဖွင့်ကြ...” စက်ယန္တရားများကို နှိပ်လိုက်ချိန်မှာတော့ ဧရာမ ကြီးမားလွန်းလှသည့် နတ်ဘုရား ရေကာတာကြီး၏ မီတာ ၅၀ အကျယ်၊ မီတာ ၃၀ အမြင့်ရှိသည့် တံခါးမကြီး အခုနှစ်ဆယ်က ဖြည်းညင်းစွာ ပွင့်၏။

မည်ကဲ့သို့သော စွမ်းအားမျိုးဖြင့် ဤကဲ့သို့သော တံခါးများကို ဖွင့်နိုင်သနည်း။ ထိုအရာက ရှေးဟောင်းစွမ်းအင် ဗဟိုချက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။

တံခါးပွင့်သွားသည်နှင့် ဦးခေါင်းခွံတပ်ဖွဲ့ကြီးက ဘုရင်မဆိပ်ကမ်းမှ ထွက်ခွာပြီး အိမ်ပြန်လမ်းဆီသို့ ဦးတည်၏။ စစ်သင်္ဘော ရာပေါင်းများစွာတို့က ပင်လယ်ပြင်ထက်တွင် ဖြန့်ကျက်လျက် ရှိပြီး ကောင်းကင်ယံ ကိုပင် ဖုံးလွှမ်းတော့မတတ်ပင်။

“သွားကြရအောင်... အိမ်ပြန်ကြမယ်။ ခေါင်းဆောင်ကြီး ဒေါက်ကလပ်စ် အဓွန့်ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”

လေးနာရီခန့်ကြာပြီးနောက် ဦးခေါင်းခွံတပ်ဖွဲ့၏ နောက်ဆုံးရေတပ်စုက ဘုရင်မဆိပ်ကမ်းမှ ထွက်ခွာ သွားခဲ့ပြီး သူတို့က ပထမဦးဆုံး အနောက်သို့ ဦးတည်ပြီးမှ မြောက်ဘက်ကို ကွေ့ကြပေမည်။ ဤသို့ဖြင့် မှောင်လာသည့်အချိန်တွင် ပင်လယ်မွန်းစတားများနှင့် ဝေးရာသို့ ရှောင်ကွင်းနိုင်မှာ ဖြစ်၏။

သို့သော်ငြား ရှမ့်လန်ကို ရွေးချယ်ခဲ့သူ လူ ခုနစ်ထောင်နှင့် သင်္ဘော ၁၀၀ တို့က မထွက်ခွာဘဲ ကျန်ရစ်ခဲ့၏။ တရားဝင် ကြေညာထားခြင်း မရှိသော်လည်း ဦးခေါင်းခွံဂိုဏ်းက တရားဝင် ကွဲသွားပြီ ဖြစ်၏။ လူပေါင်း ငါးသောင်းသုံးထောင်က ဒေါက်ကလပ်စ်အပေါ် သစ္စာစောင့်သိပြီး ခုနစ်ထောင်ကမူ ရှမ့်လန်ကို ရွေးချယ်ခဲ့သည်။

ဒေါက်ကလပ်စ်က ပြော၏။ “အရှင်ရှမ့်လန်... ဘာပဲဖြစ်ဖြစ် ကျုပ်တို့က ဦးခေါင်းခွံတပ်ဖွဲ့ဝင်တွေပဲ။ ခင်ဗျားရဲ့ သင်္ဘောတွေလည်း ကျုပ်ရဲ့ နောက်က လိုက်ပြီး ထွက်လို့ ရပါတယ်။”

‘အင်း... ပြောတဲ့ပုံက သူ့ကို မှီခိုပြီး အိမ်ပြန်ရမည့် ပုံစံမျိုး ဖြစ်နေတယ်။’

ရှမ့်လန်က ပြန်လည်ကာ ဖြေကြားသည်။ “မလိုပါဘူး။ ကျေးဇူးပါပဲ။ ခင်ဗျားတို့ အားလုံး ဘေးကင်းတဲ့ ခရီးစဉ် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။”

ဒေါက်ကလပ်စ်က ဂျက်ထန်ကို ကြည့်ကာ မေး၏။ “လူကြီးမင်းထန်... ခင်ဗျား တကယ်ပဲ ကျုပ်တို့နဲ့အတူ မလိုက်ဘူးလား။”

ဂျက်ထန်က ပြန်လည်ကာ ဖြေကြားသည်။ “ကျုပ်က အရှင်ရှမ့်လန်အပေါ်မှာပဲ သစ္စာရှိဖို့ ရွေးချယ် ထားပါတယ်။ ဒါကြောင့် ခင်ဗျားတို့အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။ ဦးခေါင်းခွံတပ်ဖွဲ့ကို ကယ်တင်ပေးတဲ့အတွက်လည်း ကျေးဇူးပါ။”

ဒေါက်ကလပ်စ်က ဦးညွှတ်၏။ “နှုတ်ဆက်ခဲ့ပါတယ်။ ဒါမှမဟုတ် နောက်တစ်ခါ ထပ်ပြီးတော့ မတွေ့ကြေး။”

ဒေါက်ကလပ်စ်ရှီလွန်က ရယ်မောကာဖြင့် ဘုရင်မ ရေကာတာပေါ်မှ ခုန်ချ၏။ အောက်တွင် ဦးခေါင်းခွံ တပ်ဖွဲ့၏ အလံတင် သင်္ဘောကြီး ရှိနေ၏။ ထိုအရာက တန်ချိန် သုံးထောင်ကျော်ရှိသည့် ဧရာမ သင်္ဘောကြီး ဖြစ်ပြီး ရှမ့်လန် မက်မောရသည့် အိမ်မက်သင်္ဘောကြီးပင်။

သင်္ဘော၏ အောက်ခြေကို သံမဏိများဖြင့် ဖုံးအုပ်ထားခဲ့ပြီး ပစ်ခတ်ရန် အပေါက်ကြီး ၁၀၀ ကျော် ပါဝင်နေသော်လည်း ထိုအရာက အမြောက်များ မဟုတ်ဘဲ ဧရာမ ဒူးလေးကြီးများ ဖြစ်နေ၏။ အကယ်၍ ဤသင်္ဘောသာ ရှမ့်လန်၏ လက်ထဲသို့ ရောက်ရှိသည်ဆိုပါက အမြောက်တင် စစ်သင်္ဘောကြီးများ ဖြစ်လာပေမည်။

All Chapters