အခန်း (၈၇၉-၈၈၀)
Vol. 53 Ch. 879-880
အပိုင်း (၈၇၉)
ထိုစဉ်မှာပင် နေရောင်ခြည်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လျက် ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ပင်။ နောက်ထပ်လုပ်ဆောင်ရမည့် အရာက ဒေါက်ကလပ်စ် အနေနှင့် အံ့ဖွယ်ရာ ကိစ္စရပ်တစ်ခုကို ပြသရန်သာ ရှိတော့၏။
ဒေါက်ကလပ်စ်က ကျယ်လောင်စွာ အော်ဟစ်သည်။ “ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုအားလုံး အံ့ဖွယ်ရာတစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မယ်။”
သူက ဆက်လက်ကာ အော်ဟစ်လိုက်ပြန်၏။
“ကျုပ် ခင်ဗျားတို့ကို ကယ်တင်မယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် သေချာပေါက် လုပ်ပြမယ်။ ၅... ၄... ၃... ၂... ၁...”
ဒေါက်ကလပ်စ်က အချိန်ကို တိကျစွာ တွက်ချက်ထားပြီး သူက လက်နှစ်ဖက်ကို ကောင်းကင်ယံပေါ်သို့ မြှောက်လိုက်သည်။
ထိုစဉ်မှာပဲ... “ဒုန်း... ဒုန်း..”
လောကပျက်လုမတတ် ကျယ်လောင်သည့် ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာ၏။
ထိုအရာက ရှေးဟောင်းစွမ်းအင် ဗဟိုချက် တစ်ခုတည်း ပေါက်ကွဲခြင်း မဟုတ်ဘဲ မိုင်ပေါင်းရာချီထိ ပျံ့နှံ့သွားသည့် စွမ်းအင်ဗဟိုချက် သုံးခု ဆက်တိုက် ပေါက်ကွဲခြင်းပင်။ ဒေါက်ကလပ်စ်က လက်နှစ်ဖက်ကို ကောင်းကင်ပေါ်သို့ ပစ်မြှောက်လိုက်သည်နှင့် သူ၏ နောက်ကွယ်တွင် ကြောက်စရာကောင်းသည့် မီးလုံးကြီး တစ်ခု ပေါ်ပေါက်လာသည်ကို လူတိုင်းက ရှင်းလင်းစွာ မြင်တွေ့ရသည်။
ထိုအရာက ပင်လယ်ကြမ်းပြင်မှ ထိုးထွက်လာကာဖြင့် ကောင်းကင်ယံဆီသို့ ပျံ့နှံ့သွားသကဲ့သို့ပင် အားလုံးက ဤကဲ့သို့ ကြီးမားသည့် မီးလုံးကြီးမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးကြချေ။ ထို့အပြင် ထိုအရာက ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာကာဖြင့် ကောင်းကင်ယံ မိုင်ပေါင်းထောင်ချီ အမြင့်ထိ ပျံသန်း သွားခဲ့သောကြောင့် အံ့အားသင့်စရာ ကောင်းသည် မဟုတ်ပါလား။
ပြီးနောက် ပင်လယ်ကြမ်းပြင်တွင် ငလျင်တစ်ခု ဖြစ်ပေါ်လာခဲ့၏။ အတိုင်းအတာတစ်ခုထိ သေးငယ်သည့် ဆူနာမီ လှိုင်းလုံးကြီးများ ပေါ်လာ၏။ ပင်လယ်မြေအောက်ထဲတွင်တော့ မြင်းပေါင်း သောင်းနှင့်ချီ ပြေးလွှားသွား သကဲ့သို့ပင်။ ဤမြင်ကွင်းက တကယ့်ကို လောကတစ်ခုလုံး တုန်လှုပ်သွားစေနိုင်သည့် အရာမျိုးပင်။
ဒေါက်ကလပ်စ် ကိုယ်တိုင် ဖန်တီးထားခဲ့သည့် အလားပင်။ ဒေါက်ကလပ်စ်က အားလုံးတို့၏ အမြင်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။ တစ်ချိန်တည်းမှာပဲ ထူးဆန်းသည့် လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသည့် ကျွန်းကလည်း ပျောက်ကွယ်သွားခဲ့၏။
“ကျွန်းကြီး ပျောက်သွားပြီ။ ကျိန်စာသင့် ပင်လယ်ပြင်ရဲ့ နယ်နိမိတ် မရှိတော့ဘူး။ ထူးဆန်းတဲ့ စွမ်းအင် စက်ကွင်းတွေလည်း မရှိတော့ဘူး။ ငါတို့ လွတ်ပြီ။ ငါတို့ လွတ်ပြီဟေ့။ အရှင်ဒေါက်ကလပ်စ် အောင်မြင်သွားခဲ့ပြီ။”
မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက ဤအချက်ကို သိရှိ၏။ ဝမ်းသာအားရဖြင့် ငိုကြွေးလိုက်မိကြ၏။ တစ်ယောက် နှင့် တစ်ယောက် ပျော်ရွှင်စွာဖြင့် ပွေ့ဖက်လျက်ရှိနေကြပြီး လက်ထဲတွင် ရှိနေသည့် လက်နက်များကိုလည်း တချို့က ရိုက်ခတ်နေသည်။
ဒေါက်ကလပ်စ်က ကျယ်လောင်စွာ အော်ဟစ်၏။ “အခု အချိန်မှာ ကျုပ်က အရှင်သခင်... ကျုပ်က အားလုံးရဲ့ နတ်ဘုရားပဲ။ ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုတို့ ခင်ဗျားတို့... ကျုပ်ကို ကိုးကွယ်မှာလား။ ကျုပ်အပေါ် သစ္စာရှိမှာလား။”
ဝမ်းမြောက်လျက် ရှိနေသည့် ပင်လယ်ဓားပြများက စိတ်ထဲတွင် တုန်လှုပ်လျက် ရှိနေ၏။ လက်များကို မြှောက်ကာ အော်ဟစ်လိုက်ကြသည်။ “အရှင်ဒေါက်ကလပ်စ်... သက်တော်ရာကျော် ရှည်ပါစေ။ ကျုပ်တို့ အရှင် ဒေါက်ကလပ်စ်ကို ကိုးကွယ်ပါတယ်။”
စီးပီးက ဒေါက်ကလပ်စ်ကို ညွှန်ပြကာ အော်ဟစ်လိုက်၏။ “ခင်ဗျားတို့ထဲက အများအပြားက စိတ်လှုပ်ရှားပြီး ရှမ့်လန်ကို ယုံကြည်ချင်ခဲ့တယ်ဆိုတာ ကျုပ်သိတယ်။ ဒါပေမဲ့ အခုတော့ အရှင်ဒေါက်ကလပ်စ်က စစ်မှန်တဲ့ ပင်လယ်နတ်ဘုရားတစ်ပါး ဖြစ်ကြောင်း၊ စစ်မှန်တဲ့ ကယ်တင်ရှင် ဖြစ်ကြောင်း သက်သေပြလိုက်ပြီ။”
သူက ဆက်လက်ကာ အော်ဟစ်လိုက်ပြန်သည်။ “ဟိုရုပ်ချောချောနဲ့ ရှမ့်လန် ဆိုတဲ့ ကောင်ကတော့ ယုတ်မာတဲ့ လူလိမ်တစ်ကောင်ပဲ။ သူက ပင်လယ်မွန်းစတားတွေက သူ့ကို ကြောက်လို့ ထွက်ပြေးသွားတာလို့ တကယ် ထင်နေတာပဲ။ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ သူက ကျိန်စာသင့်နေတဲ့သူ မလို့ပဲ။ သူ့နားကို ချဉ်းကပ်တဲ့သူတိုင်း ပျက်စီးရမယ်။ သူက မင်္ဂလာမရှိတဲ့သူမလို့ အရှေ့တိုင်းလောကတစ်ခုလုံးက သူ့ကို နှင်ထုတ်လိုက်ကြတာ။ ဒါကြောင့် သူ အနောက်လောကဆီ ထွက်ပြေးလာခဲ့တာပဲ။”
သူက အသံကို မြှင့်လိုက်၏။ “ကျုပ်တို့ရဲ့ ညီအစ်ကို ခုနစ်ထောင်အတွက်တော့ စိတ်မကောင်းစရာပဲ။ မင်းသား ဒေါက်ကလပ်စ်က ကျုပ်တို့ကို အိမ်ပြန်ခေါ်သွားခဲ့ပြီ။ ဒါပေမဲ့ လူခုနစ်ထောင်တို့ကတော့ ယုတ်မာတဲ့ ရှမ့်လန်ရဲ့ လှည့်စားမှုကို ခံရပြီး ကျိန်စာသင့် မြေပေါ်မှာပဲ သေဆုံးရတော့မယ်။
ယုတ်မာတဲ့ ရှမ့်လန်... အဲဒီ သောက်ရှမ့်လန်ဆိုတဲ့ကောင်ကို ငါတို့ ညီအစ်ကို ခုနစ်ထောင်အတွက် ကျိန်းသေပေါက် အပိုင်းပိုင်း ခုတ်ဖြတ်သင့်တယ်။ ကောင်းကင်က နတ်ဘုရားတွေ... အဲဒီကောင်ကို မိုးကြိုးနဲ့ ပစ်ချလိုက်စမ်းပါ။ သူက ဦးခေါင်းခွံ ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးလုနီးပါး လုပ်ခဲ့တာပဲ။”
ဒေါက်ကလပ်စ်က သူ၏ လက်များကို ပြန်ချ၏။ ပြီးနောက် ဖြည်းညင်းစွာ မေးလိုက်သည်။ “ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုတို့ ကျုပ်အပေါ် သစ္စာရှိဖို့ အသင့်ပဲလား။”
“ရှိပါတယ်... ရှိပါတယ်။ ကျုပ်တို့ ကြီးမြတ်တဲ့ အရှင်ဒေါက်ကလပ်စ်အပေါ် သစ္စာရှိပါမယ်။ ကောက်ကျစ်တဲ့ ရှမ့်လန်ကို ဘေးဖယ်ထားလိုက်ပြီ။ သူက အရှင်ဒေါက်ကလပ်စ်ရဲ့ ဖိနပ်ကို သုတ်ပေးဖို့တောင် ထိုက်တန်တဲ့ကောင် မဟုတ်ဘူး။”
ဒေါက်ကလပ်စ်က သူ၏ အံ့ဖွယ်ရာကောင်းသည့် ပြသမှုအတွက် တကယ်ပင် ကျေနပ်လို့နေ၏။ ဒေါက်ကလပ်စ်က ပြောလိုက်၏။ “ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုတို့... ကျုပ် ခင်ဗျားတို့ရဲ့ အရှင်သခင် အနေနဲ့ ခင်ဗျားတို့ကို အိမ်ခေါ်သွားမယ်။”
“အိမ်ပြန်ကြမယ်။ အိမ်ပြန်ကြမယ်။ သွားကြစို့... အိမ်ပြန်ကြမယ်။”
ဒေါက်ကလပ်စ်၏ အမိန့်အရ ဦးခေါင်းခွံ ဂိုဏ်းမှ ရေတပ်တစ်ခုလုံးက မြောက်ဘက်သို့ ခမ်းနားထည်ဝါစွာ ခရီးနှင်ကြ၏။ မြောက်ဘက်သို့ ခရီးနှင်နေလေ လူတိုင်းက အံ့အားသင့်နေလေ။ အကြောင်းရင်းက ပတ်ဝန်းကျင် ရှုခင်းများက အလုံးစုံ ပြောင်းလဲသွားခဲ့သောကြောင့်ပင်။
ယခင်က ကျိန်စာသင့် ပင်လယ်ပြင်တွင် ပင်လယ်ရေများသာ ရှိပြီး ကျွန်းများ မရှိခဲ့ချေ။ သို့သော်ငြား ယခု ကီလိုမီတာ ၅၀ တိုင်းတွင် ကျွန်းတစ်ကျွန်း ရှိနေပြီး စိမ်းလန်းစိုပြေကာ သစ်ပင်ပန်းမန်တို့နှင့် ပြည့်နှက်နေကာ သက်ရှိများလည်း စည်ကားနေသောကြောင့်ပင်။
“အောင်မြင်ပြီ။ သူတို့ ကျိန်စာသင့် ပင်လယ်ထဲက တကယ်ပဲ ထွက်နိုင်ခဲ့ပြီ။”
တစ်လမ်းလုံးတွင်တော့ ဦးခေါင်းခွံ ပင်လယ်ဓားပြများက ရူးသွပ်မတတ် ပျော်ရွှင်နေကြ၏။ မရေတွက်နိုင်သည့်လူများက အရှင်ဒေါက်ကလပ်စ် သက်တော်ရာကျော် ရှည်ပါစေဟု တောက်လျှောက် အော်ဟစ်လျက် ရှိနေ၏။
သူတို့က အိမ်ကို အမြန်ဆုံး ပြန်လို၏။ သူတို့က ဤနေရာမှ တကယ် ထွက်ခွာသွားနိုင်ခဲ့ပြီ ဖြစ်၏။ အိမ်သို့ ပြန်နိုင်ပေတော့မည်။ ဦးခေါင်းခွံကျွန်းရှိ သူတို့၏ သားသမီးများကို တွေ့ရပေတော့မည်။ လူသားတို့၏ လောကကို ပြန်ရောက်တော့မည်။ ရင်းနှီးနေသည့် ပင်လယ်ပြင်ကို ပြန်ရောက်တော့မည် ဖြစ်သောကြောင့် သူတို့က တကယ့်ကို ပျော်ရွှင်နေကြသည်။
သူတို့က မြောက်ဘက်သို့ ဆက်လက်ကာ ဦးတည်နေ၏။
၅ ရက် ကုန်လွန်သွားခဲ့၏။ ၁၀ ရက် ကုန်လွန်သွားခဲ့၏။ ၁၃ ရက်မြောက်သို့ ရောက်ရှိလာသည်။
လမ်းတစ်လျှောက်မှာတော့ သမုဒ္ဒရာ၏ ရှုခင်းများက ပန်းချီကားချပ်တစ်ခုကဲ့သို့ပင် လှပ၏။ ကျိန်စာသင့် ပင်လယ်ပြင်နှင့် လုံးဝ ကွဲပြားခြားနားနေ၏။
“ကျုပ်တို့ ရှီလွန်အင်ပါယာကို ရောက်တော့မယ်။ ကျုပ်တို့ ဘယ်မြို့ကို အရင်သွားကြမလဲ။ ကျုပ်တို့ရဲ့ အိမ်ကို ရောက်တော့မယ်။”
အကွာအဝေးကို တွက်ကြည့်ရမည်ဆိုလျှင် သူတို့က ရှီလွန်အင်ပါယာ၏ ရေပြင်ဆီသို့ ရောက်ရှိတော့မည် ဖြစ်သောကြောင့် မရေတွက်နိုင်သည့်လူများက ဝမ်းသာ ပျော်ရွှင်နေကြ၏။ ပင်လယ်ခရီးနှင်သူမှန်သမျှ ကုန်းမြေကို တောင့်တကြစမြဲပင်။
အထူးသဖြင့် ဦးခေါင်းခွံ ပင်လယ်ဓားပြများက ဤကျိန်စာသင့် နယ်မြေတွင် ဆယ်စုနှစ် တစ်ခုကျော် ပိတ်မိနေခဲ့သူများ ဖြစ်သောကြောင့် သူတို့၏ နှလုံးသားက ကုန်းမြေပေါ်သို့ ပြန်တက်ကာ သွားရောက်ချင် စိတ်ပင် ရှိကြ၏။ တချို့က မစောင့်နိုင်တော့ဘဲ ရွက်တိုင်၏ အမြင့်ဆုံး နေရာသို့ တက်ကာ ကြည့်၏။ အကြောင်းက ထိုနေရာမှ ကုန်းမြေကို ပထမဦးဆုံး မြင်တွေ့နိုင်မှာ ဖြစ်သောကြောင့်ပင်။
ရုတ်တရက် တစ်စုံတစ်ဦးက အော်ဟစ်လိုက်၏။ “ရောက်ပြီ... ရောက်ပြီ။ ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုတို့.... ကျုပ်တို့ ကုန်းမြေကို မြင်ရပြီ။ ရှီလွန်အင်ပါယာရဲ့ ကုန်းမြေကို မြင်နေရပြီ။ ကျုပ်တို့ အိမ်ပြန်ရောက်ပြီ။”
သူတို့က ဆက်လက် အော်ဟစ်လိုက်ပြန်သည်။ “ကျုပ်တို့ အပြင်မှာ လေလွင့်နေခဲ့တာ ဆယ်စုနှစ်ကျော်ပြီ။ အခု ကျုပ်တို့ အိမ်ပြန်ရတော့မယ်။”
ပြီးနောက် မရေတွက်နိုင်သည့် လူများက ကုန်းမြေကို မြင်တွေ့လိုက်ကြရ၏။ ယခုညအချိန် ဖြစ်သော်လည်း ကုန်းမြေကို အဘယ်ကြောင့် မြင်နေရသနည်း။ အကြောင်းရင်းက ပင်လယ်ရေမျက်နှာပြင်က အလင်းပြန် နေပြီး ကုန်းမြေမှ မီးရောင်များက ပင်လယ်ရေမျက်နှာပြင်ကို အလင်းရိုက်နေသောကြောင့်ပင်။
“ဟား ဟား ဟား... ငါတို့ ကုန်းမြေကို ရောက်ပြီ။ ငါတို့ အိမ်ပြန်ရောက်ပြီ။ အရှင် ဒေါက်ကလပ်စ် သက်တော်ရာကျော် ရှည်ပါစေ။ အရှင်ဒေါက်ကလပ်စ် သက်တော်ရာကျော် ရှည်ပါစေ။”
မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက အော်ဟစ်နေ၏။ သူတို့က တကယ့်ကို စိတ်လှုပ်ရှားလျက် ရှိနေကြသောကြောင့် ငိုယိုခြင်း၊ အော်ဟစ်ချီးကျူးခြင်းနှင့် တစ်ဦးကို တစ်ဦး ဖက်လဲတကင်း ပြုလုပ်နေ၏။ သူတို့က တကယ်ကို အိမ်ပြန်နိုင်ခဲ့၏။ သူတို့က ကုန်းမြေနှင့် ပို၍ နီးကပ်လာ၏။
ဦးခေါင်းခွံဂိုဏ်းမှ ပင်လယ်ဓားပြအားလုံးတို့က မြင်တွေ့လိုက်ရ၏။ မြို့၏ကမ်းခြေတွင် သူတို့ကို ကြိုဆိုနေသည့် လူများစွာ ရှိသည်။ အားလုံးက မီးရှူးတိုင်များကို ကိုင်ဆောင်ထားခဲ့ပြီး တည်နေရာ တစ်ခုလုံး ကလည်း လင်းလက်နေ၏။ ပင်လယ်ပြင်ကြီး တစ်ခုလုံးကလည်း အလင်းများနှင့် အရောင်ပြန် ဟပ်လျက် ရှိနေသည်။
စီးပီးက စိတ်လှုပ်ရှားစွာ မေး၏။ “အရှင်... ဒါ အရှင် စီစဉ်ထားတာလား။”
ဒေါက်ကလပ်စ်က ပြန်လည်ကာ ဖြေကြားသည်။ “ဟုတ်တယ်။ ကုန်းမြေကို ရောက်တဲ့အချိန်ကိုတောင် ကျုပ် တွက်ချက်ထားတယ်။ ဒါက ရှီလွန်အင်ပါယာရဲ့ တောင်ဘက်ဆုံးမြို့ ဖြစ်တဲ့ ဆိပ်ကမ်းဖြူမြို့ပဲ။ ခင်ဗျားတို့ကို ကြိုဆိုဖို့ ကျုပ် ကြိုစီစဉ်ထားတယ်။ ခင်ဗျားတို့က သူရဲကောင်းတွေပဲ။ သူရဲကောင်းတွေလို ဆက်ဆံတာ ခံရလိမ့်မယ်။”
ပြီးနောက် ဒေါက်ကလပ်စ်က အော်ဟစ်၏။ “ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုတို့ ခရီးစဉ် ပြီးဆုံးသွားပြီ။ ကျုပ်တို့ အိမ်ပြန်ရောက်ခဲ့ပြီ။”
ဦးခေါင်းခွံဂိုဏ်းတစ်ခုလုံးက အောင်ပွဲခံသံများနှင့် ဟိန်းထွက်လာခဲ့သည်။ “အရှင်ဒေါက်ကလပ်စ် သက်တော်ရာကျော် ရှည်ပါစေ။ အရှင်ဒေါက်ကလပ်စ် သက်တော်ရာကျော် ရှည်ပါစေ။”
ထိုအချိန်မှာတော့ ကုန်းမြေပေါ်တွင် ကြိုဆိုနေသူများက စိတ်လှုပ်ရှားစွာဖြင့် သူတို့ လက်ထဲမှ မီးရှူးတိုင်များ ကို အားကုန် လွှဲယမ်းပြနေ၏။ အိမ်ပြန်ရောက်တာ ကြိုဆိုပါတယ်ဟု အော်ဟစ်နေသည့် အလားပင်။
ဤအချိန်မှာတော့ ဦးခေါင်းခွံရေတပ်မှ ပင်လယ်ဓားပြများက ဆက်လက်ကာ မစောင့်နိုင်တော့ဘဲ ပင်လယ်ထဲမှ ခုန်ချကာ ကုန်းမြေဆီသို့ ကူးခတ်သွားကြ၏။ သူတို့က ကူးခတ်နေစဉ်မှာပင် မျက်ရည်များ ပြည့်၏။ သူတို့ နောက်ဆုံးတော့ အိမ်ပြန်ရောက်ကြလေပြီ။
မြင့်မြတ်သည့် အရှင်ဒေါက်ကလပ်စ်ကို ကျေးဇူးတင်သင့်၏။ ကျိန်စာသင့် ပင်လယ်မှ သူတို့ကို ကယ်ထုတ်လာခဲ့သောကြောင့်ပင်။ မရေတွက်နိုင်သည့် ပင်လယ်ဓားပြများက မီတာအနည်းမျှရှိသည့် ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ ကုန်းမြေပေါ်သို့ ပြေးတက်၏။ ကြိုဆိုနေသူများထံ ဦးတည်လျှောက်လှမ်း၏။
ဒေါက်ကလပ်စ်ရှီလွန်က နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ မရေမတွက်နိုင်သည့် ပင်လယ်ဓားပြများက သူ့ကို ပွေ့ချီကာဖြင့် ကုန်းမြေပေါ်သို့ ဖြည်းဖြည်းချင်းတင်၏။ ယနေ့မှစ၍ သူက ဦးခေါင်းခွံဂိုဏ်း၏ အရှင်သခင် ဖြစ်လာခဲ့၏။
ဒေါက်ကလပ်စ်ရှီလွန်က လူအများအပြား၏ ခြံရံမှုဖြင့် ကုန်းမြေပေါ်သို့တက်၏။ သူက တကယ့်ကို ပျော်ရွှင်နေ၏။ ယနေ့မှစ၍ သူက မည်သူမှ အောင်နိုင်ခြင်း မရှိသည့် ဦးခေါင်းခွံရေတပ်ကြီး တစ်ခုကို ပိုင်ဆိုင်လာခဲ့လေပြီ။
“ရှမ့်လန်... မင်းကတော့ လူပြက်ပဲ။ မင်း ဘယ်လောက်ကောင်းအောင်လုပ်ပြ၊ လုပ်ပြ အလကားပဲ။ အခု မင်း စားစရာ မရှိတော့ဘူး။ အဲနေရာမှာ ငတ်ပြီးသေတော့မယ်။”
သို့သော်ငြား နောက်တစ်စက္ကန့်အတွင်း ကုန်းမြေပေါ်သို့ ပြေးတက်သွားခဲ့သည့် ဦးခေါင်းခွံ ပင်လယ်ဓားပြများက မှင်သက်သွားခဲ့၏။ ကုန်းမြေပေါ်သို့ ကြိုဆိုနေသည့် လူများအား အဘယ်ကြောင့် ရင်းနှီး နေသည်ဟု သူတို့ခံစားနေရသနည်း။
ဟုတ်ပေ၏။ ဤလူများက ပျောက်ဆုံးသွားသည့် နိုင်ငံတော်တွင် ကျန်ရှိနေခဲ့သည့် ညီအစ်ကို ခုနစ်ထောင်ပင် ဖြစ်နေ၏။ အလယ်တွင် ရပ်နေသူက ရှမ့်လန် မဟုတ်ပေ။ ဂျက်ထန်နှင့် ဟီလာတို့ပင်။
စီးဒရင်းနှင့် စီးပင်းတို့က မှင်သက်သွားမိ၏။ ရှမ့်လန်က အဘယ်ကြောင့် ဤနေရာဆီသို့ ရောက်ရှိနေရသနည်း။ ဤနေရာက ရှီလွန်အင်ပါယာ၏ ဆိပ်ကမ်းဖြူမြို့ ဖြစ်ရမည် မဟုတ်ပါလား။ ပျံသန်းပြီး ရောက်ရှိလာခဲ့သည်လား။ အဘယ်ကြောင့် သူတို့ထက်အရင် ရောက်နေရသနည်း။
ပြီးနောက် သူတို့က ပိုမိုရှင်းလင်းစွာ မြင်လိုက်ရ၏။ မလှမ်းမကမ်းတွင် ကြီးမားသည့် မြို့တော်ဟောင်းကြီး၊ မီတာတစ်သောင်းမြင့်သည့် တောင်ကြီးနှင့် ပိရမစ်ကြီးဆီမှ ထွက်ပေါ်လာခဲ့သည့် အလင်းရောင်များပင်။ ဤနေရာက ရှီလွန်အင်ပါယာ၏ ဆိပ်ကမ်းမြို့ မဟုတ်ချေ။ ပျောက်ဆုံးသွားသည့်နိုင်ငံ၏ ဆိပ်ကမ်းမြို့ပင်။
ရှမ့်လန်က ကုန်းမြေမြင့်ပေါ်တွင် ရပ်ကာဖြင့် ရယ်မောလိုက်၏။ “ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုတို့... ခင်ဗျားတို့ကို ကြိုဆိုဖို့ ကျုပ် အချိန်ကိုတောင် ကြိုပြီးတွက်ချက်ထားရတာ။ ပြီးနောက် ဒီနေရာကို ရှီလွန် အင်ပါယာရဲ့ ဆိပ်ကမ်းဖြူမြို့နဲ့တူအောင် အလှဆင်ပေးထားရသေးတယ်။ အံ့ဩသွားကြလား။ ခင်ဗျားတို့ တကယ်ပဲ အံ့ဩသွားကြလား။”
ပြီးနောက် ရှမ့်လန်က စီးဒရင်း၊ စီးပီးနှင့် အထူးသဖြင့် ဒေါက်ကလပ်စ်တို့ကိုကြည့်ကာ အော်ဟစ်လိုက်သည်။
“အရှင် ဒေါက်ကလပ်စ်... သက်တော်ရာကျော် ရှည်ပါစေ။ ခင်ဗျားက ကျုပ်တို့ကို ကယ်တင်ခဲ့တယ်။ ခင်ဗျားက ကျုပ်တို့ကို အိမ်ပြန်ခေါ်လာနိုင်ခဲ့ပြီ။”
ပြီးနောက် တံတွေးတစ်ချက် ထွေးလိုက်၏။ “ထွီ... ဒေါက်လလပ်စ်... ခင်ဗျားက ရှေးဟောင်းစွမ်းအင် ဗဟိုချက် အနည်းငယ်ကို ဖောက်ခွဲတတ်တာမျိုးပဲ မဟုတ်လား။ ဒီအရာကို ဖျက်ဆီးနိုင်တဲ့ အချိန်မှတ်စက်ကိုပဲ ရေတွက်နိုင်တာ။ ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို ကြည့်စမ်းပါအုံး။ ဘာလို့ ကယ်တင်ရှင်လိုလို၊ နတ်ဘုရားလိုလို လုပ်နေရတာလဲ။”
ပြီးနောက် သူက ဆက်ပြောသည်။ “ဟုတ်တယ်။ အရင် ရေအောက်ငလျင် လှုပ်တုန်းက ရှေးဟောင်းစွမ်းအင် ဗဟိုချက်တွေ ပေါက်ကွဲမှုကြောင့် ကျိန်စာသင့်ပင်လယ်ရဲ့ စွမ်းအင်စက်ဝန်းက ခဏလောက် ပြတ်တောက် သွားခဲ့တယ်။ ဒါကြောင့် ဟီလာက အောင်အောင်မြင်မြင်နဲ့ လွတ်သွားခဲ့တာပဲ။ ဒါပေမဲ့ ပထမတစ်ကြိမ် အောင်မြင်တာက ဒုတိယတစ်ကြိမ် အောင်မြင်မယ်လို့ မဆိုလိုဘူး။”
ရှမ့်လန်က အော်ဟစ်လိုက်၏။ “ဒေါက်ကလပ်စ်... ခင်ဗျားက တကယ့်ကို လူအပဲ။ ဦးခေါင်းခွံဂိုဏ်းက အဖွဲ့ဝင် ငါးသောင်းသုံးထောင်... ခင်ဗျားတို့အားလုံးက လူအတွေပဲ။”
သူက အသံကို မြင့်လိုက်သည်။ “ခင်ဗျားတို့ကို ဒေါက်ကလပ်စ်က ကယ်တင်နိုင်မယ်လို့ မျှော်လင့်နေရင်တော့ အိမ်မက်ထဲမှာပဲ ရမယ်။ ဒီလောကကြီးမှာ ကျုပ် ရှမ့်လန် တစ်ယောက်တည်းကပဲ ခင်ဗျားတို့ကို ကယ်တင်နိုင်တယ်။ ခင်ဗျားတို့အားလုံးကို ကျိန်စာသင့်ပင်လယ်ကနေ အမှန်တကယ် ခေါ်ထုတ်ပြီး အိမ်ပြန်ပို့ ပေးနိုင်တာ ကျုပ်ပဲ။”
ပြီးနောက် သူက ဆက်ပြော၏။ “အကယ်၍ ခင်ဗျားတို့ ကျုပ်ကို ကယ်တင်စေချင်တယ် ဆိုရင်တော့ ဒူးထောက်ပြီး ကျုပ်အပေါ် သစ္စာရှိဖို့ ကျိန်ဆိုကြ။ ကျုပ် ရှမ့်လန်က စိတ်သဘောထား ကြီးမြတ်တဲ့လူမို့ ခင်ဗျားတို့ကို နောက်ထပ် အခွင့်အရေးတစ်ခုပေးဖို့ ဆန္ဒရှိနေသေးတယ်။”
….
အပိုင်း (၈၈၀)
လွန်ခဲ့သည့်တစ်ခေါက် ရှမ့်လန် ဘုရင်မဆိပ်ကမ်းမှ ခုန်ချခဲ့စဉ်က ဒေါက်ကလပ်စ် ရှီလွန်က တစ်ကြိမ် တုန်လှုပ် ခဲ့ဖူး၏။ သို့သော်ငြား ထိုစဉ်က သူက အလွန်လျင်မြန်စွာဖြင့် သတိဝင်ခဲ့ပြီး အတိတ်က ဖန်တီးခဲ့သည့် အံ့ဖွယ်ကိစ္စရပ်များ နှင့် လူသားတို့၏ မကောင်းသည့် အလေ့အထများကို အသုံးချကာဖြင့် ရှမ့်လန်ကို အနိုင်ယူခဲ့ပြီး ဦးခေါင်းခွံဂိုဏ်း၏ ခေါင်းဆောင်သစ်တစ်ယောက် ဖြစ်လာခဲ့သည်။
သို့သော်ငြား ယခုအချိန်မှာတော့ ရှမ့်လန်က သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ အထိနာစေခဲ့သည်။ သူက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်ဖြစ်ပြီး တုံ့ပြန်နိုင်စွမ်းအားလုံးကလည်း ဆုံးရှုံးသွား၏။
အဘယ်သောအရာ ဖြစ်ပျက်ခဲ့သနည်း။ သူ ဘာကြောင့် မတတ်နိုင်ခဲ့ရသနည်း။ သူ၏ အတွေးအမြင်များက မှန်ကန်ခဲ့ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
ရှေးဟောင်း စွမ်းအင်ဗဟိုချက်ကြီး၏ ယခင်ပေါက်ကွဲမှုက ကျိန်စာသင့် ပင်လယ်ပြင်၏ စွမ်းအင်စက်ကွင်းကို သိသိသာသာ ဆုတ်ဖြဲနိုင်ခဲ့ပြီး ဟီလာသည်လည်း ထင်ရှားစွာဖြင့် လွတ်မြောက်ခဲ့ဖူး၏။ သို့သော်ငြား ယခုအချိန်တွင်တော့ အမှန်တရားကို လိုက်လံရှာဖွေခြင်းက အဓိပ္ပာယ်မရှိတော့ချေ။
အရေးကြီးဆုံးအချက်အားဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင် သူက ကယ်တင်ရှင်တစ်ဦးအဖြစ် ဟန်ဆောင် ကပြခဲ့ပြီး ဦးခေါင်းခွံဂိုဏ်းတစ်ခုလုံး၏ ထောက်ခံမှုကို ရရှိခဲ့သောကြောင့်ပင်။ သူက နတ်ပြည်သို့ တက်လှမ်းသွားသကဲ့သို့ပင် ခံစားရခဲ့၏။ သို့သော်ငြား သူက နတ်ပြည်မှ ငရဲဆီသို့ ကန်ချခံလိုက်ရခဲ့ပြီ ဖြစ်၏။ သူ ယခင်က ရရှိခဲ့သည့် ကိုးကွယ်ယုံကြည်မှုအားလုံးတို့က ယခုအချိန်တွင် ပြက်ရယ်ပြုစရာ ဖြစ်ခဲ့၏။
သို့သော်ငြား နတ်ပြည်မှ ငရဲသို့ အမှန်တကယ် ကျဆင်းသွားသူက ဒေါက်ကလပ်စ် တစ်ယောက်တည်းတင် မဟုတ်ဘဲ ဦးခေါင်းခွံဂိုဏ်းမှ လူတိုင်းပင် ဖြစ်၏။ ဤကာလအတွင်း သူတို့က မည်မျှ ပျော်ရွှင်ခဲ့ရသနည်း။ အချိန်တိုင်း သူတို့က အိမ်သို့ ပြန်ရတော့မည်ဟု ခံစားမိ၏။ သူတို့က သောက်စားမူးယစ်ပြီး ပျော်ပွဲရွှင်ပွဲများကို ဆင်နွှဲခဲ့သည်။ ဒေါက်ကလပ်စ်ကို အမြင့်ဆုံးနေရာဆီသို့ပင် တွန်းတင်ပေးခဲ့သည်။
လူသားတို့က မျှော်လင့်ချက်မဲ့ခြင်းကို မကြောက်ကြသော်လည်း အကြောက်ရဆုံးအရာက မျှော်လင့်ချက် ရပြီးမှ ပြန်လည်ပျောက်ကွယ်သွားရခြင်းပင်။ ထို့ကြောင့် ထိုခဏမှာပင် ဦးခေါင်းခွံဂိုဏ်းမှ ပင်လယ်ဓားပြ အားလုံးတို့၏ အားလျော့ခြင်းက အထွတ်အထိပ်ဆီသို့ ရောက်ရှိ၏။ သူတို့ထဲမှ အများအပြားက ထိုဒဏ်ကို မခံစားနိုင်တော့ကြဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ချကာဖြင့် အော်ဟစ်ငိုယိုကြ၏။
“ဘာကြောင့်လဲ။ ဘာကြောင့်လဲ။ နတ်ဘုရားတွေက ကျုပ်တို့ကို ဘာလို့ ဒီလို နှိပ်စက်ရတာလဲ။ ကောင်းကင်ဘုံ... အရမ်းကို ရက်စက်လွန်းပါတယ်။ ကျုပ်တို့ ဒီလို ညှဉ်းပန်း နှိပ်စက်ခံနေရမယ့်အစား ဘာလို့ ကျုပ်တို့ကို အစောကြီးတည်းက မသတ်ပစ်ရတာလဲ။”
ဤမြင်ကွင်းကို ကြည့်ရှုပြီးနောက် ဟီလာက တကယ့်ကို အားရကျေနပ်၏။ အားလုံးက ဤကဲ့သို့သော အဖြစ်မျိုးနှင့် ထိုက်တန်၏။ သူမ၏မိခင် ပင်လယ်ထဲ နစ်မြုပ်သွားခဲ့စဉ်က ထိုသူများထဲမှ မည်သူက တားဆီးခဲ့သနည်း။
သူမ၏မိခင် သေဆုံးမှုအတွက် အားလုံးက နောင်တရသည် ဆိုသော်လည်း မည်သည့်အရာကိုမှ မလုပ်ဆောင်ခဲ့ချေ။ သူမ၏မောင်လေး ပင်လယ်ထဲသို့ ထပ်မံခုန်ချသွားသည့် အခါလည်း ဘာမှမလုပ်ဘဲ ဟန်ဆောင်ပန်ဆောင် ဦးညွှတ်ရုံသာ ပြုလုပ်ခဲ့၏။ လူလိမ်အစစ်ဖြစ်သည့် ဒေါက်ကလပ်စ် ကိုသာလျှင် အားလုံးက ရွေးချယ်ခဲ့၏။ ယခု ဤကဲ့သို့သော ကံကြမ္မာနှင့် ကြုံတွေ့ရခြင်းက တကယ့်ကို ထိုက်တန်လှပေ၏။
ဟီလာက အော်ဟစ်လိုက်သည်။ “ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ဒါက ရှင်တို့အားလုံး ရွေးချယ်ခဲ့တဲ့ နံပါတ်တစ် ခေါင်းဆောင်ပဲ။ ဒါက ရှင်တို့ ရွေးချယ်ခဲ့တဲ့ ကယ်တင်ရှင်ပဲ။ ဒေါက်ကလပ်စ်... ရှင့်ရဲ့ သရုပ်ဆောင်မှုကို ဆက်လုပ်ပြစမ်းပါအုံး။ ဆက်လုပ်လိုက်စမ်းပါ။”
ဒေါက်ကလပ်စ်ရှီလွန်က အသက်ကို ပြင်းပြင်းရှူ၏။ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းနှင့် တည်ငြိမ် လာခဲ့၏။ ယခု သူက အရှုံးမပေးသင့်ကြောင်း ခံစားမိ၏။ သူ မရှုံးသေးချေ။ ဒေါက်ကလပ်စ် ရှီလွန်က လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
“အရှင်ရှမ့်လန်… ကျုပ် ရှုံးနိမ့်သွားတာ ဖြစ်နိုင်ပေမယ့် ခင်ဗျား အောင်နိုင်မယ်လို့ ဘယ်သူ သက်သေပြနိုင်မှာလဲ။”
ပြီးနောက် သူက ဆက်မေးသည်။ “ခင်ဗျားက ဦးခေါင်းခွံဂိုဏ်းကို ကယ်တင်နိုင်တယ်လို့ ခဏခဏ ပြောတယ်။ ဒါဆိုရင် ခင်ဗျားရဲ့ အစီအစဉ်က ဘာလဲ။”
ရှမ့်လန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ခင်ဗျားက ကျုပ်ကို လှည့်စားပြီးတော့ ကျုပ်ရဲ့ ပညာဉာဏ် အသီးအပွင့် ကို ခိုးယူချင်နေတာလား။ အိမ်မက် မက်မနေနဲ့။”
ဟီလာ၏ မွေးစားအစ်ကိုတစ်ယောက်ဖြစ်သော စီးပီး၏ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားခဲ့၏။ သူက အသက်ရှူရပင် ခက်ခဲလာခဲ့၏။ ဒေါက်ကလပ်စ်က သူတို့ကို ကယ်တင်နိုင်မည်ဟု သူ အမှန်တကယ် ယုံကြည်ခဲ့၏။ ထို့ကြောင့် လက်ရှိ အထိခိုက်ဆုံးသူက သူဖြစ်ခဲ့သည်။
ဒေါက်ကလပ်စ်၏ ဒဏ္ဍာရီမှာလည်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။ ဤသို့ဖြစ်နေသည့်တိုင်အောင် သူက ဒေါက်ကလပ်စ်ကို ကာကွယ်လိုသေးပြီး ချောမောသော လူငယ်လေး ရှမ့်လန်ကို အဆုံးစွန်ထိ ဆန့်ကျင်လိုနေဆဲပင်။ သူက တင်းမာစွာဖြင့် ပြောလိုက်၏။
“ရှမ့်လန်... မင်း ဦးခေါင်းခွံဂိုဏ်းကို ခေါ်ထုတ်သွားမယ့် နည်းလမ်းရှိတယ်လို့ ပြောနေတာပဲ။ ဒါဆိုရင် အခု ပြောလိုက်လေ။”
သူက ဆက်ပြောသည်။ “မင်းက မပြောဘဲနဲ့ ငါတို့ ညီအစ်ကိုတွေကို အသုံးချဖို့ ကြံစည်နေတယ် ဆိုရင်တော့ တကယ့်ကို အိမ်မက်မက်နေတာပဲ။ အရှင်ဒေါက်ကလပ်စ်က တစ်ကြိမ်ပဲ ရှုံးနိမ့်သေးတယ်။ သူ့ရဲ့ ခေါင်းဆောင်နေရာကို ဖြုတ်ချဖို့ မစဉ်းစားနဲ့။”
ထိုစကားကို ကြားချိန်မှာတော့ ဟီလာက စီးပီးကို မယုံကြည်နိုင်သလို ကြည့်လိုက်မိ၏။ ဤသည်က အဘယ်ကြောင့်နည်း။ သူမ၏မွေးစားအစ်ကိုက ဒေါက်ကလပ်စ်ကို အဘယ်ကြောင့် ဤမျှ ကာကွယ် နေရသနည်း။ သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး လုံးဝ မသိကြဘဲ လအနည်းငယ်လောက်သာ သိကျွမ်းခဲ့ကြခြင်း ဖြစ်၏။
ရှမ့်လန်က အသာပင် ပြောလိုက်သည်။ “ကြည့်... ဒါ အချစ်ပဲ။”
ပြီးနောက် သူက ဆက်ပြော၏။ “အရှင် ဒေါက်ကလပ်စ်... ခင်ဗျား စိတ်လှုပ်ရှားနေတာလား။ အခုလို အချိန်မျိုးမှာတောင်မှ စီးပီးက ခင်ဗျားကို ကာကွယ် နေတုန်းပဲ။ ခင်ဗျားအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ အချစ်က ပင်လယ်ပြင်ထက်တောင် နက်ရှိုင်းနေသေးပါလား။”
ဤသည်ကို ကြားချိန်မှာတော့ စီးပီး၏ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားခဲ့သည်။
ဟီလာကလည်း မယုံကြည်နိုင်သလို ကြည့်၏။ အနီးရှိပင်လယ်ဓားပြ အားလုံးက သူ့ကို စိုက်ကြည့်နေ၏။ အဘယ်ကြောင့်နည်း။ ဤသည်က အဘယ်သို့ အဓိပ္ပာယ်ရှိသနည်း။ စီးပီးနှင့် ဒေါက်ကလပ်စ်တို့က အမှန်ပင် ထိုကဲ့သို့သော ဆက်ဆံရေး ရှိနေသည်လား။
အနောက်လောကကြီးတွင် လိင်တူအချင်းချင်း ချစ်ခင်ခြင်းကို အားပေးအားမြှောက် မပြုလုပ်ကြသော်လည်း ပင်လယ်ဓားပြလောကတွင်မူ ထိုအရာက တကယ့်ကို သဘောထားကြီး၏။ ပင်လယ်ဓားပြများထဲတွင် တကယ့်ကို ရိုးသားပြီး အချင်းချင်း ချစ်ကြသော အမျိုးသားများ ရှိသကဲ့သို့ ဟီလာ ကိုယ်တိုင်ကပင်လျှင် အမျိုးသမီးများကိုသာ နှစ်ခြိုက်သူ ဖြစ်၏။
သို့သော်ငြား ဒေါက်ကလပ်စ် ဤနေရာဆီသို့ ရောက်ရှိလာခဲ့ပြီးနောက် သူက ဟီလာကို လိုက်လံ ပိုးပန်းလိုသည့် ပြင်းပြသည့်ဆန္ဒကို ထုတ်ဖော်ခဲ့ပြီး လူအများအပြား၏ စိတ်ထဲတွင် သူတို့နှစ်ဦးက စုံတွဲတစ်တွဲ ဖြစ်ခဲ့၏။ ဒေါက်ကလပ်စ်က သူတို့နှစ်ဦးလုံးကို ရယူချင်ခြင်းလား။ ဤသည်က အနည်းငယ်တော့ လွန်လွန်းနေ၏။ ထို့အပြင် စီးပီးက များသောအားဖြင့် ပုံမှန်အမူအရာမျိုးဖြစ်ပြီး တခါမှ လွန်ကဲသည့် အပြုအမူမျိုး မပြုလုပ်ခဲ့ချေ။
ရှမ့်လန်၏စကားများက စီးပီး၏ နှလုံးသားကို လုံးဝ ထိုးနှက်လိုက်သလို ဖြစ်၏။ သူ၏ မျက်နှာအမူအရာက ပျက်ယွင်းသွားခဲ့ပြီး ရှမ့်လန်ကို လက်ညှိုးထိုးကာ ပြောသည်။ “ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုတွေ... အရှင်ဒေါက်ကလပ်စ်ရဲ့ အစီအစဉ် ပျက်စီးသွားရတာ ဒီအရှေ့တိုင်းသား ကောင်ချောလေးကြောင့်ပဲ။ ဒါက ရှက်စရာကောင်းတဲ့ အဲဒီလူလိမ်ကြောင့်ပဲ။”
သူက ဆက်ကာ အော်၏။ “ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုတို့... ကျုပ်တို့ မူလက အိမ်ကို လွတ်လွတ်လပ်လပ် ပြန်နိုင်ခဲ့ကြတယ်။ ရှမ့်လန်က အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တာပဲ။ သူ့ရဲ့အစီအစဉ်တွေက ကျုပ်တို့မှာ ရှိနေတဲ့ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တာပဲ။”
သူက ဆက်လက်ကာ ယိုးစွပ်သည်။ “ကျုပ်တို့ ဒီနေရာမှာ ပိတ်မိနေတာ ၁၀ နှစ်တစ်ခု ကျော်ပြီ။ ကျုပ်တို့ ဒီနေရာကနေ ထွက်သွားချင်တယ်။ အိမ်ပြန်ချင်တယ်။ အဲဒါ ဘာမှားလို့လဲ။ ရှက်စရာကောင်းတဲ့ အဲဒီ အရှေ့တိုင်းသားက သူ့ရဲ့ ကိုယ်ကျိုးအတွက်၊ ဦးခေါင်းခွံဂိုဏ်းရဲ့ သစ္စာခံမှုကို ရရှိဖို့အတွက် ဒေါက်ကလပ်စ်ရဲ့ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်ခဲ့တာပဲ။”
ထိုသို့ ပြောလိုက်သည်နှင့် ဒေါက်ကလပ်စ်၏ မျက်လုံးများက ဝင်းပသွား၏။ ဤသည်က အမှန်တကယ်ပင် ကောင်းမွန်သည့် အကြံတစ်ခု ဖြစ်၏။ သူက အရှုံးနှင့် အပြစ်အားလုံးကို ရှမ့်လန်ပေါ်သို့ တွန်းပို့နိုင်ခဲ့၏။ ဒေါက်ကလပ်စ်က ပြောသည်။ “အရှင်ရှမ့်လန်.. ကျုပ်မှာ မေးစရာ မေးခွန်းတစ်ခု ရှိသေးတယ်။ အဲဒါကတော့ ပေါက်ကွဲမှုက မျှော်လင့်ထားတာထက် ၁၅ မိနစ်လောက် နောက်ကျသွားခဲ့တာပဲ။ အဲဒါက တိကျသေချာ နေသင့်တယ်။ ဘာလို့ နောက်ကျသွားခဲ့ရတာလဲ။
ခင်ဗျားဆီကနေ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခုကို ကျုပ် မျှော်လင့်မိတယ်။ ခင်ဗျားက ရှေးဟောင်းစွမ်းအင် ဗဟိုချက်တွေ အကြောင်းကို သေချာသိတဲ့လူပဲ။ ပြီးတော့ အမေဇုန်နိုင်ငံမှာလည်း ကြီးမားတဲ့ စွမ်းအင် ဗဟိုချက်ကြီးတစ်ခု ပေါက်ကွဲမယ့်အရေးကို တားဆီးပေးခဲ့ဖူးတယ်။ ဒါတင်သာ မကသေးဘူး ဒီတစ်ကြိမ်မှာ စွမ်းအင်ဗဟိုချက်ကြီး ၅ ခု ပေါက်ကွဲရမှာ မဟုတ်လား။ ဘာလို့ ၃ ခုပဲ ပေါက်ကွဲခဲ့တာလဲ။”
သူက ဆက်လက်ကာ ယိုးစွပ်၏။ “အရှင်ရှမ့်လန်... ခင်ဗျားက ကျုပ်ကို တကယ် စိတ်ပျက်စေတယ်။ အရင်တုန်းက ခင်ဗျားမှာ ရည်မှန်းချက်တွေ ရှိတယ်ဆိုပေမယ့် အနည်းဆုံးတော့ မကြောက်လန့်တတ်တဲ့ သူရဲကောင်း တစ်ယောက်လို့ ကျုပ်ထင်ခဲ့တာ။ ဒါပေမယ့် ခင်ဗျားရဲ့ နည်းလမ်းတွေက ဒီလောက် အောက်တန်းကျနေမယ်လို့ ကျုပ် မထင်ခဲ့မိဘူး။ ကျုပ်ကို အနိုင်ယူဖို့အတွက် ခင်ဗျားက ဦးခေါင်းခွံဂိုဏ်းဝင် ၆ သောင်းကိုတောင် အစတေး ခံခိုင်းလိုက်တာလား။”
သူက အသံကို မြှင့်လိုက်သည်။ “အိမ်ပြန်ချင်နေတဲ့ ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကို ၆ သောင်းက ဘာများ မှားနေလို့လဲ။ ခင်ဗျားက ဘာလို့ ကျုပ်တို့ကို ဖျက်ဆီးချင်ရတာလဲ။ ဘာလို့ ခင်ဗျား ကျုပ်တို့ အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့တာလဲ။ အဲဒါကြောင့် ပေါက်ကွဲမှုက မပြင်းထန်ခဲ့တာပဲ။ ကျုပ်တို့ စွမ်းအင်စက်ကွင်းကို မဖောက်ထွင်းနိုင်ဘဲ အိမ်မပြန်နိုင်ခဲ့ဘူး။ ဦးခေါင်းခွံဂိုဏ်းအတွက် တရားမျှတမှုကို တောင်းဆိုကြ။”
ထိုစကားကို ကြားချိန်မှာတော့ ဟီလာနှင့် ဂျက်ထန်တို့က ထိတ်လန့်သွားမိ၏။ သူတို့က လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရှမ့်လန်နှင့်အတူ ရှိခဲ့ပြီး သူက အစီအစဉ်များကို ဖျက်ဆီးရန် မည်သည့်အရာကိုမှ မလုပ်ဆောင်ခဲ့ကြောင်း သိထား၏။
သို့သော်ငြား ဒေါက်ကလပ်စ်က ရှမ့်လန်ကို အပြစ်ဖို့ လုပ်ကြံရန် ကြိုးစားနေခြင်းပင်။ လူ့သဘာဝက ဤမျှလောက် ယုတ်ညံ့လှလေသည်လား။
ပြီးနောက် စီးပီးက အော်ဟစ်လိုက်သည်။ “ဦးခေါင်းခွံဂိုဏ်းက ညီအစ်ကိုတို့... ကျုပ်တို့ အိမ်မပြန်နိုင်ခဲ့တာ ရှမ့်လန်ကြောင့်ပဲ။ သူ့ကို သတ်ပစ်ကြစမ်း။ ကျုပ်တို့ရဲ့ အမုန်းတရားတွေကို ဖြေပျောက်ဖို့ သူ့ကို သတ်ပစ်ကြစမ်း။”
သူက ဓားကောက်ကို ကောက်စွဲယူပြီး ရှမ့်လန်ကို ညွှန်၏။ “သူ့ကို သတ်မှပဲ ကျုပ်တို့ အိမ်ပြန်နိုင်လိမ့်မယ်။ သတ်ကြ။”
ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် မရေတွက်နိုင်သည့် ဦးခေါင်းခွံဂိုဏ်းမှ ပင်လယ်ဓားပြများက သံသယ၊ မယုံကြည်မှု စသည့် မျက်လုံးများဖြင့် ရှမ့်လန်ကို လှမ်းကာ ကြည့်၏။ ဤသည်က လူသားတို့၏ ယုတ်ညံ့သည့် သဘာဝက ပေါ်ပေါက်လာခဲ့ခြင်းပင်။ အမှားသည်ဖြစ်စေ အမှန်သည်ဖြစ်စေ သူတို့က ဒေါသကို ဖြေဖျောက်ရန် အရင်ဆုံး လူသတ်ချင်သည်။
“ကဲ ညီအစ်ကိုတို့... ကျုပ်နောက် လိုက်ခဲ့ကြ။ ရှမ့်လန်ကို သတ်ကြစမ်း။” စီးပီးက အကျယ်ကြီး အော်ဟစ် လိုက်၏။
ပြီးနောက် ထောင်ပေါင်းများစွာသော ပင်လယ်ဓားပြများက အမှန်တကယ်ပင် တိုက်ခိုက်ရန် လိုက်ပါ လာခဲ့ကြ၏။ အမှားအမှန်ကို သူတို့ ဂရုမစိုက်ချေ။ သူတို့က ဒေါသဖြေဖျောက်ဖို့ လူသတ်ရန်သာ အလိုရှိကြ၏။ “ရှမ့်လန်... မင်းက ငါတို့ကို လှောင်ပြောင်ရဲတယ် ဟုတ်လား။ ငါတို့ကို နင်းချေရဲတယ်ပေါ့။”
ဂျက်ထန်က ဒေါသထွက်၍ သူ၏ဓားကောက်ကြီးကို ဆွဲထုတ်ကာ အော်ဟစ်လိုက်၏။ “အရှင့်ကို ကာကွယ်ကြစမ်း။”
ချက်ချင်းပဲ ရှမ့်လန်အပေါ် သစ္စာရှိသည့် ဦးခေါင်းခွံဂိုဏ်းမှ ပင်လယ်ဓားပြ ၇၀၀၀ တို့က သူတို့၏ ဓားကောက်များကို ဆွဲထုတ်ပြီး တိုက်ခိုက်လိုစိတ်များကို ထုတ်ဖော်၏။ ဦးခေါင်းခွံဂိုဏ်း၏ အတွင်းရေး ပဋိပက္ခက ပေါက်ကွဲတော့မည့်ဆဲဆဲပင်။
ဒေါက်ကလပ်စ်၏ မျက်လုံးများက လင်းလက်သွား၏။ ဤသည်က ကောင်းသောအချက် ဖြစ်နိုင်၏။ ဦးခေါင်းခွံဂိုဏ်းသား အချင်းချင်း တိုက်ခိုက်နေ၍ သူတို့က လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားကြမည်။ ထိုသူတို့ကို မကယ်တင်နိုင်သည် ဆိုလျှင်တောင်မှ ပင်လယ်ဓားပြအများစုက သူ့နောက်သို့ အဆုံးထိ လိုက်ပါလာကြ လိမ့်မည်။
“ဦးခေါင်းခွံဂိုဏ်းသားတို့... ရှမ့်လန်ကို သတ်ကြ။ ဒါမှ ကျုပ်တို့ အိမ်ပြန်နိုင်လိမ့်မယ်။ သတ်ကြ။” စီးပီးက ရူးသွပ်သွားပုံရ၏။ မရေတွက်နိုင်သည့် ပင်လယ်ဓားပြများကို ဦးဆောင်ကာ ရှေ့သို့ ပြေးထွက်လာ၏။
ဟီလာက သူမ၏ ဓားကို ဆွဲထုတ်ပြီး ရှမ့်လန်၏ ဘေးတွင် ရပ်၏။ သူမ၏ သိုင်းပညာက စီးပီးနှင့် အဆင့်တူတူ ဖြစ်သော်လည်း စီးပီးက ထူးခြားသည့် မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်ပြီး ရှေးဟောင်းလူသားများနှင့် ပိုမိုနီးစပ်သောကြောင့် ကြီးမားသည့် ခွန်အားနှင့် လျင်မြန်မှုကို ပိုင်ဆိုင်သည်။
ရှမ့်လန်က ဤမြင်ကွင်းကို မြင်ချိန်မှာတော့ သူ၏ ညာဘက်လက်ကို မြှောက်ပြီး စကားပြောရန် စတင်လိုက်၏။
သို့သော်ငြား ထိုခဏအတွင်းမှာပင် အမှောင်ထုထဲမှ အေးစက်ကြည်လင်သည့် အသံတစ်ခုက ထွက်ပေါ် လာသည်။
“ရှမ့်လန်ကို ဘယ်သူက သတ်ချင်တာလဲ။ ဘယ်သူက ရှမ့်လန်ကို သတ်ချင်တယ်လို့ ပြောတာလဲ။ မင်းလား။”
ပုံရိပ်တစ်ခုက လေထဲတွင် လွင့်မျောလာခဲ့ပြီး ထောင်ပေါင်းများစွာသော ပင်လယ်ဓားပြများ၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။
“ငါ့ကို တားတဲ့လူ သေရမယ်။” စီးပီးက ဟိန်းဟောက်လိုက်၏။ ပြီးနောက် လက်ထဲရှိ ဓားကြီးဖြင့် ထိုပုံရိပ်ဆီသို့ လွှဲခုတ်သည်။
“ထိန်...။” ပြီးနောက် ထိုဓားကြီးက နုနယ်သွယ်သည့် လက်တစ်ဖက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လေထဲတွင် ရပ်တန့်သွား၏။
ထိုအမျိုးသမီးက မေးသည်။ “ရှမ့်လန်ကို သတ်ချင်တာ မင်းလား။”
စီးပီးက ပြန်ပြော၏။ “အဲဒါ ဘာဖြစ်လဲ။”
ထိုအမျိုးသမီး၏ လက်က အနည်းငယ် လှုပ်ခါသွား၏။ စီးပီး၏ လက်ထဲမှ ဓားကြီးက တစ်လက်မချင်း ချိုးဖဲ့ခြင်းကို ခံရ၏။ ပြီးနောက် သူမ၏ နုနယ်သည့် လက်ဖဝါးက တစ်ဖက်လူ၏ ဦးခေါင်းကို ခပ်ဖွဖွ ရိုက်ချသည်။
စီးပီးက ရှောင်တိမ်းရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်တစ်လုံးက အေးခဲသွားသကဲ့သို့ ဖြစ်နေပြီး လှုပ်ရှား၍ မရနိုင်ခဲ့ချေ။
“ဘုန်း။”
နောက်တစ်စက္ကန့်မှာပဲ စီးပီး၏ ဦးခေါင်းက ဖရဲသီးတစ်လုံးကဲ့သို့ပင် ချက်ချင်း ရိုက်ခွဲခြင်း ခံရ၏။
ထိုအချိန်မှာတော့ လူတိုင်းက သူမ၏ ရုပ်သွင်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ ဤလောကကြီးထဲတွင် ဤမျှ လှပသည့် အမျိုးသမီးတစ်ယောက် တကယ် ရှိနေသည်လား။ နတ်သမီးမျက်နှာနှင့် မိစ္ဆာကိုယ်လုံးမျိုးပင်။
ထိုအမျိုးသမီးက ထပ်မံကာ မေးသည်။ “ရှမ့်လန်ကို သတ်ချင်တဲ့လူ ရှိသေးလား။ ဘယ်သူ ရှိသေးလဲ။ မင်းလား။”
ပင်လယ်ဓားပြ ခေါင်းဆောင်တစ်ဦးက မလှုပ်မယှက် ရပ်နေ၏။ ထိုသူက သူမ၏ လက်ဖဝါးကြောင့် တစစီ ဖြစ်သွားခဲ့ရပြန်၏။
“မင်းလား။”
ပြီးနောက် နောက်ထပ် လူတစ်ဦး၏ ဦးခေါင်းကိုလည်း တိုက်ရိုက်ပင် ရိုက်ခွဲလိုက်သည်။
ပြီးနောက် သူမက ဒေါက်ကလပ်စ် ရှီလွန်၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိသွား၏။ “ဒေါက်ကလပ်စ်..။”
ဒေါက်ကလပ်စ် ရှီလွန်က ခါးသီးသည့် အပြုံးကို ပြုံးသည်။ “အရှင်မ ဟယ်လင်..။”
သူတို့နှစ်ဦးစလုံးက ရှီလွန်တော်ဝင်မျိုးဆက်များ ဖြစ်ကြသော်လည်း ဒေါက်ကလပ်စ် နှင့် ဟယ်လင်တို့က ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြား၏။ ဒေါက်ကလပ်စ်၏ ဖခင်က မင်းသားတစ်ဦးသာ ဖြစ်ပြီး ထီးနန်း ဆက်ခံမည့် လူစာရင်းတွင် အဆင့်ဒါဇင်ပေါင်းများစွာ နောက်ရောက်၏။ မင်းသမီး ဟယ်လင်ကမူ ထိပ်ဆုံး သုံးဦးစာရင်းတွင် ပါဝင်နေသူဖြစ်၏။
ရှမ့်လန်က ဤအမျိုးသမီး၏ အလွန် ပြေပြစ်သည့် ကျောပြင်ကို ကြည့်ပြီး မယုံကြည်နိုင်လောက်အောင် ပီတိဖြစ်လို့နေခဲ့၏။ ဤအရာက သူ၏ အစ်မပင် ဖြစ်လေသည်။