← Chapters

အခန်း (၈၈၁-၈၈၂)

Vol. 53 Ch. 881-882

အခန်း (၈၈၁-၈၈၂)

Vol. 53 Ch. 881-882

အပိုင်း (၈၈၁)

မင်းသမီး ဟယ်လင်က ပြော၏။ “လူတိုင်းကို အမှန်တရား ပြောပြစမ်း။ မင်းရဲ့ အစီအစဉ် ပျက်ကွက်မှုက ရှမ့်လန်နဲ့ ဘာပတ်သက်မှု ရှိလဲ။ အမှန်တိုင်း ပြောဖို့ မှတ်ထား။ ရှီလွန်တော်ဝင် မိသားစုတစ်ယောက် အနေနဲ့ လိမ်ညာခြင်းက ဆိုးဝါးတဲ့ ကိုယ်ကျင့်တရားပျက်ပြားမှုပဲ။”

ဒေါက်ကလပ်စ်က စိတ်ထဲတွင် အံ့ကြိတ်ထားမိ၏။ ဤအရာအားလုံးက ရှမ့်လန်၏ အစီအစဉ် ဖြစ်ကြောင်း သူ ပြောနေသော်လည်း တကယ်တော့ သူက တာဝန်မဲ့စွာ ပြောဆိုနေခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသောကြောင့် ထပ်မံ လိမ်ညာ မပြောဝံ့ချေ။ သူ လိမ်ညာလိုက်သည်နှင့် မင်းသမီးဟယ်လင်က သူ့ကို သတ်ဖြတ်ပေလိမ့်မည်။

ဒေါက်ကလပ်စ်၏ သိုင်းပညာက တကယ့်ကို အားကောင်းပြီး သူက ဦးခေါင်းခွံဂိုဏ်းဝင်တိုင်းကို တိုက်ခိုက် အနိုင်ယူနိုင်ခဲ့၏။ သို့သော်ငြား ဟယ်လင်ကို တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် သူက ဟယ်လင်၏ ပြိုင်ဘက် မဟုတ်ကြောင်း သိ၏။

ဒေါက်ကလပ်စ်က ပြောလိုက်သည်။ “ကျုပ်ရဲ့ အစီအစဉ် ပျက်ကွက်မှုတွေက ရှမ့်လန်နဲ့ ဘာမှမဆိုင်ပါဘူး။”

ဟယ်လင်က မေး၏။ “ဒါဆိုရင် မင်း ရှမ့်လန်ကို လုပ်ကြံစွပ်စွဲပြီး လိမ်ညာခဲ့တာပေါ့။”

ဒေါက်ကလပ်စ်က သူ၏ ကျင့်စဉ် စွမ်းအားအားလုံးကို စုစည်းထားသော်လည်း စကားတစ်ခွန်းမှ မပြောချေ။ သူက ထိုအချက်ကို လုံးဝ ဝန်ခံလိမ့်မည် မဟုတ်ချေ။

မင်းသမီး ဟယ်လင်က ဆက်မေးသည်။ “မဟုတ်ဘူးလား။”

ပြီးနောက် ဒေါက်ကလပ်စ်က အလွန် ပြင်းထန်သည့် ဖိအားကို ခံစားရ၏။ ချွေးစေးများပင် ပြန်လာမိသည်။ မင်းသမီး ဟယ်လင်က သူမ၏ ဖြူစင်နုနယ်သည့် လက်ကို ထပ်မံဆန့်ထုတ်ကာ မေး၏။ “မဟုတ်ဘူးလား။”

ဒေါက်ကလပ်စ်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ် လိမ်ညာခဲ့ပါတယ်။ ရှမ့်လန်ကို ကျုပ် လုပ်ကြံ စွပ်စွဲခဲ့တာပါ။”

“ရွှီ...။”

ဓားမြှောင် အလင်းတန်းတစ်ခုက လက်ခနဲ ဖြစ်သွား၏။ သွေးများက ပန်းထွက်လာ၏။ ဒေါက်ကလပ်စ်က သူ၏ မျက်နှာ အေးစက်သွားသည်ဟု ခံစားခဲ့ရပြီးနောက် သွေးများ စီးကျလာခဲ့၏။ သူ၏ မျက်နှာပြင်တွင် ကြက်ခြေခတ်သဏ္ဍာန် သင်္ကေတတစ်ခုက ရေးဆွဲခြင်း ခံလိုက်ရ၏။

မင်းသမီး ဟယ်လင်က အေးစက်စက်နှင့် ပြောသည်။ “ဒေါက်ကလပ်စ်... လိမ်ညာပြီးတော့ လုပ်ကြံစွပ်စွဲခဲ့တယ်။ ဒါက သေးငယ်တဲ့ ပြစ်မှုတစ်ခုအဖြစ် စီရင်ချက်တစ်ခုကို အရင် ချမှတ်ပေးလိုက်တာပဲ။ ပြီးတော့ မင်း ရှီလွန်အင်ပါယာဆီကို ပြန်သွားရမယ်။ ရှီလွန်တော်ဝင်မိသားစုရဲ့ တရားရုံးက မင်းကို တရားမျှတတဲ့ စီရင်ချက် ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။”

ဒေါက်ကလပ်စ်က မျက်နှာတစ်ခုလုံး သွေးများဖုံးလွှမ်းလျက် ရှိ၏။ သူက မင်းသမီး ဟယ်လင်ကို အကြာကြီး စိုက်ကြည့်နေ၏။ သူ့၌ ပြောစရာ စကားလုံး ထောင်သောင်းများစွာ ရှိနေသော်လည်း ယခုအချိန်တွင် မပြောနိုင်တော့ချေ။ သူက သူမကို အလွန် နာကျည်းသည့် မျက်လုံးများအဖြင့်သာ ကြည့်နေနိုင်၏။

မင်းသမီး အဘယ်ကြောင့် ဤသို့ လုပ်ရသနည်း။ ရှမ့်လန်က မင်းသမီး၏ အဖေတူအမေကွဲ မောင်တစ်ယောက် ဖြစ်နေသော်လည်း မင်းသမီးက ရှီလွန်တော်ဝင်မိသားစု၏ သွေးကို ဆက်ခံထား၏။ သူကလည်း မင်းသမီး၏ မောင်ဝမ်းကွဲပင် ဖြစ်၏။ အဘယ်ကြောင့် ရှမ့်လန်ဘက်သို့ အလွန်အမင်း ဘက်လိုက်နေရသနည်း။

................

မင်းသမီး ဟယ်လင်က ရှမ့်လန်၏ ရှေ့ဆီသို့ တိုး၏။ ပြီးနောက် အလွန်ပင် ခင်မင်ရင်းနှီးစွာ ပွေ့ဖက်၏။ “ငါ့ရဲ့ ချစ်လှစွာသော မောင်လေး... နောက်ဆုံးတော့ တွေ့ရပြီပေါ့။”

ရှမ့်လန်က တမင်တကာပင် မေးလိုက်သည်။ “အစ်မ... အစ်မက နတ်သမီးတစ်ပါးလား။”

မင်းသမီး ဟယ်လင်က ငြင်သာစွာ ပြော၏။ “မဟုတ်ဘူး။ မင်းကသာ ငါ့ရဲ့အသက်ရှင် ရပ်တည်မှုကို အသက်ဆက်ပေးခဲ့တဲ့ ကယ်တင်ရှင် နတ်သားလေးပဲ။”

ထိုခဏမှာတော့ ဟီလာကလည်း သူမ၏ လက်များကို ဆန့်တန်းကာ မင်းသမီး ဟယ်လင်ကို ပွေ့ဖက်၏။ ဟယ်လင်က မျက်မှောင်ကြုတ်၏။ အနည်းငယ်လည်း တွန့်ဆုတ်နေမိ၏။ သူမတွင် ဤဟီလာနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ ရှိနေ၏။ ထို့အပြင် မှတ်ဉာဏ်များကလည်း တကယ့်ကို မနှစ်မြို့ဖွယ်ရာ ကောင်းသည်။

ဟီလာက ပြောလိုက်၏။ “ဟယ်လင်... အရင်က မှားခဲ့ပါတယ်။ ညီမလို အလှမျိုးကို တခါမှ မတွေ့ခဲ့ဖူးလို့ပါ။ အဲဒီအချိန်တုန်းကလည်း ညီအစ်မတွေ ဖြစ်နေမှန်း မသိခဲ့ဘူးလေ။”

မင်းသမီး ဟယ်လင်က အံ့အားသင့်သွား၏။ ပြီးနောက် သူမ၏ လှပသည့်မျက်နှာက ရှမ့်လန်ကို မယုံကြည်နိုင်သလို ကြည့်သည်။

ဟယ်လင်က မေး၏။ “ဦးခေါင်းခွံဂိုဏ်းကို တည်ထောင်ခဲ့တဲ့ လူရဲ့ နာမည်က လိုကီ မဟုတ်ဘူးလား။”

ရှမ့်လန်က ပြန်မေးသည်။ “ဒါဆိုရင် ဘုရင်မမြို့တော်မှာတုန်းက အဖေ့ရဲ့ နာမည်က ဘယ်သူလဲ။”

ဟယ်လင်က ဖြေ၏။ “သူ့နာမည်က လီယွန်ပါ။”

ရှမ့်လန်က ပြောသည်။ “ဒါကြောင့် အဒေါ်အိန်ဂျလာက အဖေ့ကို ပေးခဲ့တဲ့ နာမည် ပိုမှန်တယ်လို့ ကျုပ်ထင်တယ်။ သူက လိမ်ညာမှုတွေနဲ့ ပြည့်နှက်နေတဲ့ လိုကီပါပဲ။”

လိုကီ၊ လီယွန်၊ ကျန်းလီ.. နာမည် သုံးမျိုးရှိနေ၏။ အဖေ... တကယ့်ကို ပျော်ခဲ့တာပဲ။ သို့သော်ငြား ရှမ့်လန်သည်ကလည်း အဖေ့နောက် ပြတ်မကျန်ခဲ့ပေ။ သူ့တွင်လည်း ချူးကျန့်ထန် ဟူသည့် အခြားနာမည် တစ်ခု ရှိနေသေး၏။ ယခုအချိန်တွင်တော့ ရှမ့်လန်က သူ့ကိုသူ ဧကရာဇ် ကျန်းလီ၏ သားဖြစ်ကြောင်း စတင် ယုံကြည်လာ၏။ ဖခင်၏ ခံ့ညားထည်ဝါသော ပုံရိပ်မှ ရှမ့်လန်သည် ယုတ်ညံ့သည့် အငွေ့အသက်အချို့ကို ခပ်ပါးပါး ရရှိ၏။ သားအဖနှစ်ယောက်လုံးက တကယ့်ကို အမျိုးအစားတူတွေပင်။

ဟယ်လင်က အံ့အားသင့်၏။ ပြီးနောက် တီးတိုးရေရွတ်ကာဖြင့် ဟီလာကို ပွေ့ဖက်လိုက်၏။ “ဟ... ဒါဆိုရင် အစ်မကြီးပေါ့။”

သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ ဟယ်လင်က ခန္ဓာကိုယ်ကို ပြန်လွှတ်ပေးလိုက်သည်။

ဟယ်လင်က ရှမ့်လန်ကို ကြည့်ကာ ပြော၏။ “ငါ့ရဲ့ ချစ်လှစွာသောမောင်လေး... မင်းအတွက် ငါ ဘာသတင်းကောင်းတွေ ယူလာပေးနိုင်တယ်လို့ ထင်လဲ။”

ရှမ့်လန်၏ စိတ်ထဲတွင် လက်ခနဲ တစ်ခုဖြစ်သွား၏။ ပြီးနောက် တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ “အစ်မ... အစ်မက မိစ္ဆာတြိဂံနယ်မြေကနေ လာတာလား။”

ဟယ်လင်က ပြော၏။ “မောင်လေး... မင်းက သတင်းတွေထဲက အတိုင်းပဲ တကယ့်ကို ထက်မြက်တာပဲ။”

ထိုခဏမှာတော့ ရှမ့်လန်က အသက်ရှူရပ်သွားသကဲ့သို့ ခံစားရ၏။ ကောင်းကင်ဘုံက သူ့ကို သနားကြင်နာခဲ့၏။ နောက်ဆုံးတော့ သူက မူလန်နှင့် ကလေးများ၏ သတင်းကို ရရှိခဲ့လေပြီ။

ဟယ်လင်က ပြောပြသည်။ “ငါ မိစ္ဆာတြိဂံနယ်မြေထဲကို ဝင်သွားတုန်းက မူလန်ရဲ့ စိတ်စွမ်းအားတွေက အလွန်အမင်း ကုန်ခမ်းနေခဲ့တယ်။ ဒါကြောင့် ငါ ထွက်မလာခင်ထိ သူ သတိမရသေးဘူး။ ဒါပေမယ့် မစိုးရိမ်နဲ့။ သူ အသက်အန္တရာယ် မရှိဘူး။ ပြန်ပြီး ကျန်းမာလာဖို့ အချိန်အများကြီး လိုအပ်နေသေးတာမို့ သတိမေ့ နေတာက သူ့ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲ။ ပြန်နိုးလာတဲ့ အချိန်ကျရင် သူ့ရဲ့ စိတ်စွမ်းအားတွေက တစ်ဆင့်တောင် ပိုပြီးတော့ မြင့်လာအုံးမယ်။”

သူမက ဆက်ပြောပြ၏။ “ကလေးတွေက အားလုံးအဆင်ပြေတယ်။ ကလေးလေး ရှမ့်လီတောင်မှ အဆင်ပြေတယ်။ အရင်တုန်းက သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းတယ် ဆိုပေမဲ့ မိစ္ဆာတြိဂံနယ်မြေရဲ့ ပတ်ဝန်းကျင်ကို ရောက်ပြီးတဲ့နောက်မှာ ပိုပြီး ကျန်းမာလာခဲ့တယ်။”

သူမက ဆက်လက်ကာ ရှင်းပြသည်။ “မင်းရဲ့ သမီးလေး ရှမ့်မီကိုတော့ ငါ အချစ်ဆုံးပဲ။ ငါ ထွက်မလာခင်တုန်းက သူ့ရဲ့ ပထမဦးဆုံး သွားလေးတောင် လဲပြီးနေပြီလေ။ ငါ သူ့ကို ချီထားပြီး အဲဒီသွားလေး ကို အိမ်ခေါင်မိုးပေါ် တင်ပေးခဲ့သေးတယ်။”

သူမက ပြုံးကာ ဆက်ပြော၏။ “ကလေးလေး ရှမ့်ယီကတော့ လူကပ်လွန်းတယ်။ အရင်က မင်း သူ့ကို ဂရုမစိုက်ခဲ့ဘူး ထင်တယ်။ ဒါကြောင့် ငါ ရှမ့်လီနဲ့ ရှမ့်မီကို ချီထားတဲ့ အချိန်တိုင်း သူက ငါ့ခြေထောက်ကို လာလာဖက်တတ်တယ်။ ကံမကောင်းတာက ငါ့မှာ လက်သုံးဖက် မရှိတော့ ကလေးသုံးယောက်လုံးကို တပြိုင်တည်း မချီနိုင်ဘူး။ မင်းရဲ့ မိသားစု... အင်း မဟုတ်ဘူး။ ငါတို့ရဲ့ မိသားစု အားလုံး အဆင်ပြေတယ်။”

ပြီးနောက် သူမက ဝမ်းနည်းစွာ ဆက်ပြောသည်။ “ဒါပေမယ့် တကယ့်ကို စိတ်မကောင်းဘူး။ သူတို့ကို မိစ္ဆာတြိဂံနယ်မြေထဲကနေ ငါ အပြင်ကို ခေါ်ထုတ်မသွားနိုင်သေးဘူး။ ငါ ကိုယ်တိုင်တောင် အပြင်ကို ထွက်ဖို့ မလွယ်ဘူး။ ငါ အဲဒီ အမှောင်မြူထုကို မရေတွက်နိုင်အောင် ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် အကြိမ်တိုင်း မိစ္ဆာတြိဂံနယ်မြေထဲကိုပဲ ပြန်ကန်ချခံရတယ်။

သူတို့က မင်းအတွက် အရမ်းစိုးရိမ်နေကြတာ။ မင်းကို မတွေ့ရတာ လအတော် ကြာနေပြီ။ မင်းက သူတို့နဲ့အတူရှိဖို့ မိစ္ဆာတြိဂံနယ်မြေထဲကို ဝင်လာသင့်တာကို ဝင်မလာခဲ့ဘူး။ ငါလည်း မင်းအတွက် စိုးရိမ် နေခဲ့တယ်။ ဒါကြောင့် ပင်လယ်ကြမ်းပြင်ကနေ မိစ္ဆာတြိဂံနယ်မြေထဲက ထွက်လာတာ။ ဒီမှာ မင်းနဲ့ အမှန်တကယ် ဆုံတွေ့လိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့မိဘူး။ ဒါ တကယ့်ကို အားရသင့်စရာကောင်းတဲ့ လက်ဆောင် တစ်ခုပဲ။”

မင်းသမီးဟယ်လင်၏ စကားမဆုံးသေးခင်မှာပင် ရှမ့်လန်က သူမကို ပွေ့ဖက်လိုက်မိ၏။ ရှမ့်လန်၏ ပါးပြင်ပေါ်မှ မျက်ရည်များက စီးကျလျက် ရှိနေ၏။ “ကျေးဇူးတင်ပါတယ် အစ်မ။ ကျုပ်အတွက် အစ်မ လုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။”

မိစ္ဆာတြိဂံနယ်မြေက တကယ်ကို အန္တရာယ်များ၏။ မင်းသမီးဟယ်လင်က သူ၏မိသားစုကို ကာကွယ်ရန် များစွာလုပ်ဆောင်ပေးခဲ့ကြောင်းကို သူ ကောင်းစွာသိရှိသည်။

ဟယ်လင်က ပြန်ပြော၏။ “ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ငါ ဒါတွေကို လုပ်ပေးခဲ့ရတာ အရမ်းပျော်လို့ပဲ။ တကယ်လို့ ငါတကယ့်ကို စိတ်မကောင်းဘူး။ အစွမ်းကုန် ကြိုးစားခဲ့တယ် ဆိုပေမဲ့ သူတို့ကို မိစ္ဆာတြိဂံနယ်မြေထဲကနေ အပြင်ကို ခေါ်မထုတ်နိုင်ခဲ့ဘူး။”

.........

ပင်လယ်ဓားပြမလေး စီးဒရင်းက မြေပြင်ပေါ်တွင် ထိုင်ပြီး စီးပီး၏ ခေါင်းမပါသည့် ခန္ဓာကိုယ်ကို ပွေ့ဖက်ထား၏။ သူမက မင်းသမီးဟယ်လင်ကို ကြည့်ကာ ဟိန်းဟောက်သည်။ “ရှင် ကျွန်မအစ်ကိုကို သတ်လိုက်ပြီ။”

မင်းသမီးဟယ်လင်က ပြော၏။ “စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းရဲ့အစ်ကိုက ငါ့ရဲ့မောင်လေးကို သတ်ဖို့ ကြိုးစားနေတာပဲ။”

ဒေါက်ကလပ်စ် ရှီလွန်က မေး၏။ “မင်းသမီးဟယ်လင်.. မင်းသမီးက အရမ်းကို စွမ်းထက်ပြီး မင်းသမီးရဲ့ သိုင်းပညာက ကျုပ်တို့ မှန်းဆထားတာထက် ကျော်လွန်နေပါတယ်။ ဒါပေမဲ့ ကျုပ် တစ်ခုပြောပါရစေ။ မင်းသမီးရဲ့ ဒီလိုအစွမ်းမျိုးနဲ့ ဒီနေရာကနေ ထွက်ခွာသွားနိုင်ပါသလား။”

မင်းသမီးဟယ်လင်က ခေါင်းကိုခါယမ်းကာ ပြောသည်။ “မထွက်နိုင်ဘူး။”

ဒေါက်ကလပ်စ်က ပြော၏။ “အဲဒီစကားကို နောက်တစ်ခါ ထပ်ပြောပေးပါ။”

မင်းသမီးဟယ်လင်က ပြောသည်။ “ငါပျောက်ဆုံးသွားတဲ့ နိုင်ငံရဲ့ ပင်လယ်ပြင်ကနေ ထွက်မသွားနိုင်ဘူး။ လွန်ခဲ့တဲ့ ဆယ်ရက်လုံးလုံး ရှေးဟောင်းအပျက်အစီးတွေထဲကို မရှာဖွေဘဲနဲ့ မြောက်ဘက်ကို ထွက်ဖို့ ပင်လယ်ကို ဖြတ်ကျော်ခဲ့တယ်။ ဒါပေမဲ့ အကြိမ်တိုင်း ကျရှုံးခဲ့တယ်။ အကြိမ်တိုင်း မူလနေရာကို ပြန်ရောက်လာခဲ့တယ်။”

ဟယ်လင်ပြောသည့် စကားများက အမှန်တရားပင်။ ပျောက်ဆုံးသွားသည့် နိုင်ငံတော်၏ အပျက်အစီးများက တကယ်ကို ကျယ်ပြော၏။ စတုရန်းကီလိုမီတာ သောင်းနှင့်ချီသည်။ ရှမ့်လန် ဤနေရာတွင် ရှိနေမည်ကို သူမ အဘယ်သို့ သိရှိမည်နည်း။ ထို့ကြောင့် သူမ၏ ပထမဦးဆုံးအတွေးက ရှမ့်လန်ကို ရှာဖွေရန် ဤနေရာမှ ထွက်ခွာရန် ကြိုးစားခြင်းပင်။ သို့ပေမည့် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့၏။

ဒေါက်ကလပ်စ် ရှီလွန်က အော်ပြောလိုက်သည်။ “လူတိုင်းကြားရဲ့လား။ မင်းသမီးဟယ်လင်လို အစွမ်းထက်တဲ့ လူတောင်မှ ဒီကနေထွက်ဖို့ ကျရှုံးခဲ့တယ်။ ဒီ ကျိန်စာသင့်ပင်လယ်ပြင်ကနေ ထွက်မသွားနိုင်ဘူးတဲ့။ ဒါဆိုရင် အရှင်ရှမ့်လန်... ခင်ဗျား ဦးခေါင်းခွံဂိုဏ်းကို ကယ်တင်နိုင်တယ်၊ ကျုပ်တို့ကို ကယ်တင်နိုင်တယ်လို့ ဘာလို့ ပြောရတာလဲ။

မင်းသမီးဟယ်လင်... ကျုပ်လိမ်ပြောလို့ အပြစ်ပေးခံရမယ်ဆိုရင် မင်းသမီးရဲ့မောင် လိမ်ပြောရင်ရော သူ့ကိုလည်း အပြစ်ပေးသင့်တာ မဟုတ်လား။ သူ့ရဲ့မျက်နှာကိုလည်း ကြက်ခြေခတ်ဖြစ်ဖြစ် ခြစ်ဆွဲသင့်တယ်။”

ဒေါက်ကလပ်စ် ရှီလွန်၏ ချောမောသည့် မျက်နှာက သွေးများ စီးကျလျက်ရှိနေပြီး သူက နာကျည်းစွာဖြင့် အော်ဟစ်နေ၏။

မင်းသမီးဟယ်လင်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ငါ မင်းကို အပြစ်ပေးခဲ့တာက မင်းက ရှီလွန် တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်နေလို့ပဲ။ ရှီလွန်အင်ပါယာရဲ့ ထီးနန်းဆက်ခံသူ တတိယနေရာမှာ ရှိနေတဲ့ လူတစ်ယောက်အနေနဲ့ မင်းကိုဆုံးမဖို့ ငါ့မှာ အခွင့်အရေးနဲ့ တာဝန်ရှိတယ်။ ဒါပေမဲ့ ရှမ့်လန်က ငါ့ရဲ့မောင်လေး ဖြစ်နေတယ် ဆိုပေမဲ့ သူက ရှီလွန်အင်ပါယာရဲ့ အဖွဲ့ဝင် မဟုတ်ဘူး။”

မင်းသမီးဟယ်လင်က ဆက်လက်ကာ ပြောကြား၏။ “အရေးကြီးဆုံးအချက်က ငါ့မောင်လေး လိမ်မပြောဘူး ဆိုတာ ငါယုံကြည်တယ်။ သူသာ လိမ်ပြောခဲ့မယ်ဆိုရင် သူ့ကို ငါ အပြစ်မပေးဘူး။ ဒါပေမဲ့ သူ့ကို အာမခံသူ တစ်ယောက်အနေနဲ့ ငါ့ကိုငါပဲ အပြစ်ပေးလိုက်မယ်။ ငါ့ရဲ့မျက်နှာပေါ်မှာ ကြက်ခြေခတ်တစ်ခု ခြစ်ဆွဲလိုက်မယ်။”

ထိုစကားကို ကြားချိန်မှာတော့ ရှမ့်လန်က ထိတ်လန့်သွား၏။ သူ၏အစ်မက ဤမျှပင် ရှေးရိုးဆန်သည်လား။ မှူးမတ်များ၏ စည်းမျဉ်း၊ တော်ဝင်မိသားစု၏ စည်းကမ်းများကို အစ်မက ဤမျှလောက်ပင် အလေးအနက် ထားနေသည်လား။

ရှမ့်လန်က စီးဒရင်းနှင့် ဦးခေါင်းခွံဂိုဏ်းမှ ပင်လယ်ဓားပြအားလုံးကို ကြည့်၏။ ထိုသူတို့၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့ခြင်း၊ ဝေခွဲမရခြင်းနှင့် အမုန်းတရားများ ပြည့်နှက်နေ၏။ ဤအမုန်းတရားက ရှမ့်လန် တစ်ဦးတည်းကိုသာ ရည်ရွယ်ခြင်း မဟုတ်ချေ။ ထိုအစား နှစ်ပေါင်းများစွာ စုဆည်းမိသည့် အမုန်းတရားများ စုဝေးနေခြင်း ဖြစ်သည်။

ရှမ့်လန်က အသက်ကို ပြင်းပြင်းရှူ၏။ သူ၏အစ်မ ဟယ်လင် ရောက်ရှိလာခဲ့ပြီ ဖြစ်သလို အကောင်းဆုံး သတင်းကိုလည်း ယူဆောင်ပေးခဲ့၏။ သူ၏မိသားစုကလည်း ဘေးကင်းလုံခြုံစွာ ရှိနေ၏။ ထို့ကြောင့် သူက အိမ်ပြန်ရန် ပို၍ စိတ်ဆန္ဒပြင်းပြလာ၏။

သို့သော်ငြား သူက အရှေ့ဘက်သို့ ပြန်လည်သွားချင်သည် ဆိုပါက ပထမဦးဆုံး ဦးခေါင်းခွံဂိုဏ်း၏ ရေတပ်ကို ရရှိရပေလိမ့်မည်။ ဤကဲ့သို့ စိတ်ဓာတ်ကျဆင်းနေသည့် ဦးခေါင်းခွံဂိုဏ်း မဟုတ်ဘဲ ယုံကြည်မှုနှင့် တိုက်ခိုက်လိုစိတ် အမြင့်မားဆုံးအခြေအနေတွင် ရှိနေသည့် အင်အားအကောင်းဆုံး ဦးခေါင်းခွံဂိုဏ်းပင် ဖြစ်၏။ ထိုမှသာလျှင် လောကတစ်ခုလုံးတွင် အင်အားအကောင်းဆုံး ပင်လယ်ဓားပြတစ်ဖွဲ့ကို သူ ရရှိမှာ ဖြစ်သည်။

ပြီးနောက် သူက ပြင်ဆင်ထားသည့် စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ တက်၏။ မရေတွက်နိုင်သည့် ဦးခေါင်းခွံဂိုဏ်း အဖွဲ့ဝင်များကို လှမ်းကာ ကြည့်၏။

“ဦးခေါင်းခွံဂိုဏ်းက ပင်လယ်ဓားပြအားလုံး... ကျုပ် ရှမ့်လန်က ခင်ဗျားတို့ကို တစ်ချိန်က အရှက်ခွဲဖူးတယ်။ ကျုပ် ခင်ဗျားတို့ကို အထင်သေးခဲ့တယ်။ ဟုတ်တယ်။ အခုထိလည်း ခင်ဗျားတို့ကို ကျုပ် အထင်သေး နေတုန်းပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ ဂုဏ်သိက္ခာတွေ၊ မာနတွေက ပျောက်ဆုံးကုန်လို့ပဲ။ ခင်ဗျားတို့ ဒီမှာ ပိတ်မိနေတာ ကြာခဲ့ပြီ။ ခင်ဗျားတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေ ပိုပြီးသန်မာလာခဲ့တယ် ဆိုပေမဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကတော့ သေဆုံးသွားခဲ့ပြီ။

အဲဒီအချိန်တုန်းက အဒေါ် အိန်ဂျလာက ခင်ဗျားတို့ကို ကယ်တင်ဖို့အတွက် ပင်လယ်ထဲမှာ အနစ်နာခံဖို့ သတ္တိရှိရှိ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားတို့က သူ့ကို မတားခဲ့ကြဘူး။ ခင်ဗျားတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေ နိုးကြားလာစေဖို့ ကျုပ်ကလည်း ပင်လယ်ထဲမှာ အနစ်နာခံဖို့ သတ္တိရှိရှိ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်တွေက ထုံထိုင်းနေတုန်းပဲ။ ဒေါက်ကလပ်စ်နောက်ကိုပဲ လိုက်ဖို့ ရွေးချယ်ကြတယ်။ သက်သက်သာသာ နဲ့ နေချင်ကြတယ်။”

စီးဒရင်းက ရုတ်တရက် မေး၏။ “သူ့နောက်ကို လိုက်ဖို့ ရွေးချယ်တာ မှားလို့လား။ ရှင့်နောက်ကို လိုက်မှ မှန်မှာလား။”

ရှမ့်လန်က အသံကျယ်ကျယ်ဖြင့် ပြောသည်။ “ကောင်းလိုက်တဲ့ စကားပဲ။ စီးဒရင်း... ခင်ဗျားပြောတာ သိပ်မှန်တယ်။ ခင်ဗျားတို့ ဘာလို့ ကျုပ်နောက်ကို လိုက်ရမှာလဲ။ ကျုပ်က ဘုရင်မဆိပ်ကမ်းပေါ်က ခုန်ချပြီး ပင်လယ်မွန်းစတားတွေကို မောင်းထုတ်နိုင်ခဲ့လို့လား။ အဲလောက်နဲ့ မလုံလောက်သေးဘူး။ လုံးဝ မလုံလောက်သေးဘူး။

ကျုပ် ခင်ဗျားတို့ကို ဘာလို့ အထင်သေးလဲ သိလား။ ခင်ဗျားတို့က ဒေါက်ကလပ်စ်ကို ရွေးချယ်ခဲ့ကြလို့ပဲ။ ခင်ဗျားတို့ကို ကယ်တင်ဖို့ သူ့ကို ထိုင်စောင့်နေကြတာပဲ။ အဲဒါက အကြီးမားဆုံးသော အရှက်ရစရာပဲ။ ဦးခေါင်းခွံဂိုဏ်း က ပင်လယ်ပြင်မှာ ဘုရင်တွေ၊ လောကပေါ်မှာ အားအကောင်းဆုံး ပင်လယ်ဓားပြတပ်ဖွဲ့ပဲ။ ကျုပ်တို့က ဘယ်တုန်းက သူများကယ်တာကို စောင့်နေရမှာလဲ။

အားနည်းတဲ့သူတွေကပဲ သူများကယ်တာကို စောင့်ကြတာ။ အားကောင်းတဲ့လူက ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်ကြတယ်။ ဒါကြောင့် ကျုပ် ခင်ဗျားတို့ကို အထင်သေးတယ်။ ဦးခေါင်းခွံဂိုဏ်းရဲ့ သစ္စာခံမှုကို ကျုပ်အမြဲတမ်း တောင်းဆိုနေပေမဲ့ ဒီလို သူရဲဘောကြောင်တဲ့ ဦးခေါင်းခွံဂိုဏ်းသားမျိုးကိုတော့ ကျုပ် အလိုမရှိဘူး။ ကျုပ် ခင်ဗျားတို့ကို အထင်သေးတယ်။

ဒေါက်ကလပ်စ်က ကျုပ်ကို ခဏခဏ မေးတယ်။ ဦးခေါင်းခွံဂိုဏ်းကို ကယ်တင်ဖို့ နည်းလမ်းရှိလား။ ဦးခေါင်းခွံဂိုဏ်းကို ကယ်တင်ဖို့ နည်းလမ်းရှိလား ဆိုပြီး မေးတာ အခေါက်ပေါင်း မရေတွက်နိုင်ဘူး။ ဟုတ်တယ်။ ကျုပ်မှာ နည်းလမ်းရှိတယ်။”

ရှမ့်လန်က အော်ဟစ်လိုက်၏။ “ဒါပေမဲ့ အရှေ့တိုင်းမှာ စကားပုံတစ်ခု ရှိတယ်။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်တောင် မကယ်တင်နိုင်ရင် တခြားဘယ်သူ့ကိုမှ လာကယ်ဖို့ မျှော်လင့်မနေနဲ့တဲ့။ ပြီးတော့ ခင်ဗျားတို့ကို ပိတ်လှောင်ထားတာက ဘာလဲ။ အဲဒါ ကျိန်စာသင့် မိစ္ဆာမယ်တော်ကြီးပဲ။”

အပိုင်း (၈၈၂)

“သူက သန်းနဲ့ချီတဲ့ ပင်လယ်မွန်းစတားတွေရဲ့ အမြင့်ဆုံးခေါင်းဆောင်။ ကျိန်စာသင့် ပင်လယ်ပြင်ရဲ့ အထွတ်အထိပ် အုပ်ချုပ်သူ။ ဒီပင်လယ်ထဲကို ဝင်လာတဲ့လူမှန်သမျှ သူ့ရဲ့အုပ်ချုပ်မှုအောက်ကို ရောက်သွားပြီး ဘယ်တော့မှ အရပ်လေးမျက်နှာကို ခွဲခြားနိုင်မှာ မဟုတ်ဘူး။

သူ့ရဲ့ပြင်းထန်တဲ့ စိတ်စွမ်းအားတွေက ပင်လယ်ပြင်တစ်ခုလုံးကို လွှမ်းခြုံထားတယ်။ လူတွေကို ထင်ယောင်ထင်မှား ဖြစ်စေတယ်။ ရူးသွပ်စေတယ်။ သူ့ရဲ့တစ္ဆေငြီးသံက မြေပြင်တစ်ခုလုံးကို လွှမ်းခြုံ ထားနိုင်တယ်။ နားနဲ့မကြားဘူး ဆိုပေမဲ့ ဦးနှောက်က ကြားနိုင်တယ်။ အဲဒါက လူတွေကို စိတ်ဓာတ် ကျခြင်းတွေ၊ မျှော်လင့်ချက်မဲ့ခြင်းတွေ၊ စိတ်ဓာတ်ပြိုလဲခြင်းတွေ ဖြစ်စေတယ်။

ခင်ဗျားတို့ ပင်လယ်ပြင်ပေါ်ရောက်တဲ့အခါမှာ ခင်ဗျားတို့ မြင်နေရတဲ့ အရာအားလုံးက အမှန်တရား မဟုတ်ဘူး။ ဒါက မိစ္ဆာမယ်တော်က ခင်ဗျားတို့ကို မြင်စေချင်တဲ့ အရာတွေပဲ မြင်ခိုင်းထားတာ။ ခင်ဗျားတို့က မြောက်ဘက်ကို သွားနေတယ် ဆိုပေမဲ့ တကယ်တမ်း ဒီပင်လယ်ထဲမှာ အဝိုင်းပဲ ပတ်နေတာ။

ကောင်းကင်မှာသာ မျက်လုံးရှိမယ်ဆိုရင် ဒါက ရယ်စရာကြီးလို့ မြင်နေမှာပဲ။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့တွေ အကုန်လုံးက ဒီသံသရာထဲကိုပဲ ပတ်ချာလည် ရိုက်နေတာလေ။ အဲဒါက သရဲခြောက်ပြီး လမ်းမှားတာနဲ့ အတူတူပဲ။

အစ်မကြီးဟီလာရဲ့အမေ၊ အဒေါ် အိန်ဂျလာက ခင်ဗျားတို့ကို ကယ်တင်ဖို့အတွက် ပင်လယ်ထဲမှာ အနစ်နာခံဖို့ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ သူက ပင်လယ်ထဲမှာ အလကား အသေခံခဲ့တာလား။ မဟုတ်ဘူး။ သူက မိစ္ဆာမယ်တော် ကို သတ္တိရှိရှိနဲ့ စစ်ကြေညာခဲ့တာပဲ။ ဒါပေမဲ့ သူရှုံးနိမ့်သွားခဲ့တယ်။ သူတစ်ယောက်တည်း တိုက်ခိုက်ခဲ့ရလို့ သူ သေဆုံးခဲ့ရတာ။ မရေတွက်နိုင်တဲ့ ပင်လယ်မွန်းစတားတွေရဲ့ကြားမှာ လမ်းပျောက်ပြီး မိစ္ဆာမယ်တော်ရဲ့ ဝါးမျိုခြင်းကို ခံခဲ့ရတယ်။

ဟုတ်တယ်။ အဲဒါ ခင်ဗျားတို့ အရင်က မြင်ခဲ့တဲ့ ရေဘဝဲကြီးပဲ။ ရဲတိုက်တစ်ခုစာလောက် ကြီးမားတဲ့ ရေဘဝဲကြီးပဲ။ သူက ဒီပင်လယ်ရဲ့ ကျိန်စာသင့် မိစ္ဆာမယ်တော်ကြီးပဲ။ သူက အရမ်းကို အစွမ်းထက်ပြီး ပင်လယ်မွန်းစတား သန်းပေါင်းများစွာကို စေခိုင်းနိုင်တယ်။ ခင်ဗျားတို့ ဒီနေရာကနေ ထွက်ခွာပြီး အိမ်ပြန်ချင်တယ် ဆိုရင် တခြားနည်းလမ်း မရှိဘူး။ ဒီလမ်းပျောက်တဲ့ မိစ္ဆာမယ်တော်ကြီးနဲ့ သန်းချီတဲ့ ပင်လယ်မွန်းစတားတွေကို အနိုင်ယူမှပဲ ထွက်ခွာသွားနိုင်မယ်။

ဒေါက်ကလပ်စ် ရှီလွန်... ခင်ဗျားရဲ့ ဦးခေါင်းခွံဂိုဏ်းကို ကယ်တင်နိုင်မယ့် နည်းလမ်းကတော့ ကျရှုံးသွားခဲ့ပြီ။ အခု ကျုပ်ရဲ့နည်းလမ်းကို ကြည့်စမ်း။ ကျုပ် အခုသွားပြီး အံ့ဖွယ်တစ်ခုကို ဖန်တီးမယ်။ ဒါပေမဲ့ ခင်ဗျားတို့ကို ထွက်ပြေးဖို့ ခေါ်သွားမှာ မဟုတ်ဘူး။ တိုက်ပွဲဝင်ဖို့ ခေါ်သွားမှာ။

မိစ္ဆာမယ်တော်ကို တိုက်ခိုက်မယ်။ သန်းနဲ့ချီတဲ့ ပင်လယ်မွန်းစတားတွေကို တိုက်ခိုက်မယ်။ အရင်တုန်းက အစွမ်းထက်တဲ့ အိန်ဂျလာတောင်မှ မိစ္ဆာမယ်တော်ကို တိုက်ရင်းနဲ့ ကျဆုံးခဲ့တာ။ အိန်ဂျလာ ခေါင်းဆောင်ကြီး နဲ့ နှိုင်းယှဉ်ရင် ကျုပ်က ပြောပြလောက်အောင် စွမ်းဆောင်နိုင်တဲ့လူတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် ကြိုးစားကြည့်ဖို့ ဆန္ဒရှိတယ်။ မိစ္ဆာမယ်တော်ကို တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်။

ကျုပ် ပြောပြီးသား။ ကျုပ်မှာ သူရဲဘောကြောင်တဲ့ လူတွေ မလိုဘူး။ တကယ့် ဦးခေါင်းခွံဂိုဏ်းသားတွေဆိုရင် ကျုပ်နောက်ကို လိုက်ခဲ့။”

ပြီးနောက် ရှမ့်လန်က ပြော၏။ “ဦးလေးဂျက်ထန်... အဒေါ်အိန်ဂျလာရဲ့ အမွေအနှစ်တွေကို ထုတ်ပေးပါ။”

ဂျက်ထန်က ခရုသင်းတစ်ခုကို ထုတ်ယူ၏။ ထိုအနီရောင် ခရုသင်းက မီးတောက်တစ်ခုကဲ့သို့ ဖြစ်ပြီး တိုက်ပွဲဝင်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေ၏။ ယခင်က အိန်ဂျလာက ပင်လယ်ထဲ၌ မိမိကိုယ်ကိုယ် အနစ်နာမခံခင် ဤခရုသင်းကို မှုတ်၏။ လူတိုင်းက သူမ အခမ်းအနား တစ်ခုခုကို လုပ်ဆောင်နေသည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင်တော့ သူမက မိစ္ဆာမယ်တော်ကို စစ်ကြေညာခဲ့ခြင်းပင်။

ရှမ့်လန်က ပြောလိုက်သည်။ “ဘယ်သူမှ မသိကြဘူး။ ဦးခေါင်းခွံဂိုဏ်းကို ကယ်တင်ဖို့အတွက် အိန်ဂျလာက နှင်းတောင်ထိပ်က ပိရမစ်ပေါ်ကို တစ်ခါတက်ခဲ့ဖူးတယ်။ အဲဒီအချိန်မှာ ပိရမစ်ထဲက လူတွေက အိန်ဂျလာ ခေါင်းဆောင်ကြီးကို ပြောခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ရင် သူများကလည်း မကယ်တင် နိုင်ဘူးတဲ့။

ပြီးတော့ သူတို့က ခရုသင်းနှစ်ခုကို ထုတ်ပြတယ်။ တစ်ခုက အနီရောင်၊ တစ်ခုက အစိမ်းရောင်ပဲ။ အနီရောင် ခရုသင်းက စစ်ကြေညာနိုင်တယ်။ အစိမ်းရောင် ခရုသင်းကတော့ ပင်လယ်မွန်းစတားတွေကို မောင်းထုတ် နိုင်တယ်။ သူတို့က အိန်ဂျလာကို ဘယ်ခရုသင်း ရွေးမလဲလို့ မေးခဲ့တယ်။”

မင်းသမီးဟယ်လင်ကပင်လျှင် ဤအကြောင်းအရာကို ရင်းနှီးနေသည်ဟု ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် သူမ မိစ္ဆာတြိဂံနယ်မြေတွင် ရှေးဟောင်းပစ္စည်းတစ်ခုကို ရရှိခဲ့သောကြောင့်ပင်။ ထိုအရာက အစိမ်းရောင် ခရုသင်းတစ်ခု ဖြစ်လေပြီ။ ထိုအရာကို မှုတ်လိုက်သည်ဆိုပါက ပင်လယ်မိစ္ဆာအားလုံးကို ခြောက်လှန့် မောင်းထုတ်နိုင်၏။ သူမက ထိုအရာကို ရွှယ်ရင်အားပေးခဲ့သော်လည်း အနီရောင်ခရုသင်းတစ်ခု ရှိနေလိမ့်မည် ဟု မထင်ခဲ့ချေ။

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျားတို့သာဆိုရင် ဘာကို ရွေးမှာလဲ။ လူတိုင်းက အစိမ်းရောင်ကိုပဲ ရွေးမှာပေါ့။ အဲဒါကို မှုတ်လိုက်ရင် ပင်လယ်မွန်းစတားတွေ အားလုံးက ဆုတ်ခွာသွားမှာပဲ။ ဒါပေမဲ့ အိန်ဂျလာကတော့ အနီရောင်ကိုပဲ ရွေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်က မသေဆုံးသေးလို့ပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တိုက်ခိုက်ချင်တဲ့ သွေးတွေက ဆူပွက်နေတုန်းပဲ။ ဒါက အနီရောင်ခရုသင်းပဲ။ ခင်ဗျားတို့အားလုံး သိပြီးသား ဖြစ်မှာပါ။”

ရှမ့်လန်က အနီရောင် စစ်ခရုသင်းကို မြှောက်ပြသည်။

ဤအနီရောင်ခရုသင်းကို မြင်ချိန်မှာတော့ ဦးခေါင်းခွံဂိုဏ်းဝင် အားလုံးတို့က အသက်ကို ပြင်းပြင်းရှူ၏။ အဆုံးမရှိသည့် ထိတ်လန့်ဖွယ်ရာ မှတ်ဉာဏ်များက သူတို့၏ စိတ်ထဲတွင် ထင်ပေါ်လာခဲ့၏။

ထိုအချိန်တုန်းက အိန်ဂျလာက ထိုအနီရောင်ခရုသင်းကို မှုတ်ခဲ့ပြီး မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများက အဆုံးမရှိ ပေါ်ပေါက်လာခဲ့၏။ နောက်ဆုံးမှာတော့ ရဲတိုက်တစ်ခုစာလောက် ကြီးမားသည့် ရေဘဝဲကြီး ပေါ်လာ၏။ ထိုအရာက အားအင်ကြီးမားရုံသာမက ထုတ်လွှတ်လိုက်သည့် စွမ်းအင်တွေ ကလည်း ငရဲပြည်မှ ငရဲမင်းကဲ့သို့ပင် ကြောက်စရာကောင်းသည်။

ထိုအရာကိုမြင်သည့်လူတိုင်းက ထိတ်လန့်တုန်လှုပ်ရပြီး ကြောက်လွန်းသောကြောင့် သေးပင် ထွက်လုမတတ် ဖြစ်ခဲ့ဖူး၏။ ထိုနေ့က ရေဘဝဲကြီး ပေါ်လာသည့်အချိန်တွင် ဦးခေါင်းခွံဂိုဏ်းဝင် အများအပြားတို့က မြေပြင်ပေါ်တွင် စိတ်ဓာတ်တွေ ပြိုလဲကျကုန်ပြီး ခုခံဖို့ သတ္တိပင် ပျောက်ဆုံးကုန်၏။

ထိုအချိန်မှာပဲ အိန်ဂျလာက သူမ၏ ဓားကြီးကို ဆွဲထုတ်ကာ အော်ဟစ်ခဲ့သည်။ “ဦးခေါင်းခွံဂိုဏ်း... အဓွန့်ရှည်ပါစေ။”

ပြီးနောက် သူမက ဘုရင်မဆိပ်ကမ်းပေါ်မှ အောက်သို့ ခုန်ချ၏။ ပြီးနောက် ရေဘဝဲကြီးဆီသို့ ပြေးဝင်သွား၏။ သို့သော်ငြား မည်သူမှ သူမနောက်သို့ မလိုက်ခဲ့ချေ။

အိန်ဂျလာက တစ်ယောက်တည်း တိုက်ခိုက်ရင်း အထီးကျန်စွာ သေဆုံးခဲ့၏။ ခန္ဓာကိုယ် တစ်ခုလုံးက တစ်စစီ ဖြစ်ခဲ့ပြီး မြှုပ်နှံသင်္ဂြိုဟ်ရန်ပင် အခွင့်အရေးမရဘဲ သေဆုံးခဲ့၏။

အဘယ်ကြောင့်ဆိုသော် ဦးခေါင်းခွံ ပင်လယ်ဓားပြအားလုံးတို့က ကြောက်လန့်သောကြောင့် ခန္ဓာကိုယ်များ တုန်ယင်လျက် ရှိနေ၏။ ထိုနေ့မှစ၍ သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်များက ပျောက်ကွယ်သွားခဲ့သည်။ ယခင်က သူတို့က ပင်လယ် မွန်းစတားများနှင့် အမြဲတိုက်ခိုက်နေသော်လည်း ထိုအချိန်မှစ၍ သူတို့က ပင်လယ်ထဲသို့ လုံးဝမထွက်ဝံ့တော့ချေ။ တစ်နေ့လုံးလုံး ဘုရင်မဆိပ်ကမ်းတွင်သာ ပုန်းအောင်းနေကြသည်။

ရှမ့်လန်၏ စကားကို ကြားချိန်မှာတော့ ဟီလာက ငိုယိုကာ မေး၏။ “ဦးလေးဂျက်ထန်.. ဒါတွေက တကယ်ပဲလား။ ကျွန်မက ဘာလို့ ဒါတွေကို မသိရတာလဲ။”

ဂျက်ထန်က တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ “ဒါတွေအားလုံးက အမှန်တရားတွေပါပဲ။ မိခင်တိုင်းက တစ်ကိုယ်ကောင်းဆန်တတ်ကြတယ်။ ကိုယ်တိုင် အနစ်နာမခံခင်မှာ မင်းကို အရင်ဆုံး ပိတ်လှောင် ထားခဲ့တာပဲ။ တကယ်တော့ သူ မင်းအတွက် သေတမ်းစာတစ်ခုတောင် ထားခဲ့သေးတယ်။”

ဟီလာက မေးလိုက်၏။ “ဘာသေတမ်းစာလဲ။ ကျွန်မ မသိဘူး။”

ရှမ့်လန်က ပြောသည်။ “အဲဒါကတော့ ကျုပ်တို့အဖေရဲ့ ပုံတူပန်းချီကားပဲ။ အဲဒီထဲမှာ ခေါင်းဆောင်ကြီး အိန်ဂျလာက အစ်မကြီးအတွက် သေတမ်းစာတစ်ခုကို ထားခဲ့တယ်။ သူက အစ်မကြီးကို အသက်ရှင် စေချင်တယ်။ သူ့ကို မြင်စေချင်သလို တစ်ဖက်မှာလည်း မမြင်စေချင်ခဲ့ဘူး။ ဒါပေမဲ့ ကျုပ်ကတော့ မြင်လိုက်ရတယ်။”

ရှမ့်လန်က ပန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်၏။ ထိုအရာက ပင်လယ်ဓားပြဝတ်စုံနှင့် ကျန်းလီ၏ ပုံပင်။ ခေါင်းဆောင်ကြီး အိန်ဂျလာက နေ့စဉ် ကျန်းလီအား လွမ်းဆွတ်မှုကို ဖြေဖျောက်ရန် ဤပန်းချီကားကို အသုံးပြုခဲ့ခြင်းပင်။

ဂျက်ထန်က ပြန်ပြော၏။ “အဲဒီနေ့က ရေဘဝဲကြီးကို မြင်လိုက်တဲ့အချိန်မှာ တခြား ဦးခေါင်းခွံ ဂိုဏ်းသားတွေတင် မကဘူး။ စီးဒရင်း၊ စီးပီး၊ ကျုပ်ကိုယ်တိုင်လည်း လုံးဝ ထိတ်လန့်သွားတယ်။ ဒါကြောင့် ဒေါက်ကလပ်စ်က ဦးခေါင်းခွံဂိုဏ်းကို ဒီကနေ ခေါ်ထုတ်သွားနိုင်မယ်လို့ မျှော်လင့်ချက် ထားခဲ့မိတာပဲ။ ကျုပ် တကယ့်ကို ရှက်မိပါတယ်။”

ရှမ့်လန်က အော်ဟစ်လိုက်သည်။ “ကျုပ်ထပ်ပြောမယ်။ ကျုပ် ခင်ဗျားတို့ကို ထွက်ပြေးဖို့ ခေါ်သွားမှာ မဟုတ်ဘူး။ တိုက်ခိုက်ဖို့ ခေါ်သွားမှာ။ အဲဒီနေ့က အိန်ဂျလာက အနီရောင်ခရုသင်းကို မှုတ်လိုက်တဲ့အချိန်မှာ ခင်ဗျားတို့အားလုံး ကြောက်လွန်းလို့ မြေပြင်ပေါ်ကို လဲကျနေပြီ။ တိုက်ခိုက်ဖို့ စိတ်ဓာတ်တွေ အကုန်လုံးလည်း ပျောက်ဆုံးနေပြီ။ ခင်ဗျားတို့က ခေါင်းဆောင်ကို တစ်ယောက်တည်း တိုက်ခိုက်ခိုင်းပြီး အသေဆိုးနဲ့ သေစေခဲ့တယ်။

ကျုပ် အခု ဒီဦးချိုကို ထပ်မှုတ်တော့မယ်။ ကျုပ် ဒီမိစ္ဆာမယ်တော်ကို ထပ်ခေါ်တော့မယ်။ ကျုပ် ပင်လယ် မွန်းစတား သန်းပေါင်းများစွာကို ထပ်ခေါ်တော့မယ်။ ခင်ဗျားတို့ ကျုပ်ကို တစ်ယောက်တည်း တိုက်ခိုက်ခိုင်း အုံးမှာလား။

ဒေါက်ကလပ်စ်... ကျုပ်က ခင်ဗျားမဟုတ်ဘူး။ ကျုပ်က ချောင်ထဲမှာပုန်းပြီး အခွင့်အရေးကို စောင့်နေတတ်တဲ့လူ မဟုတ်ဘူး။ ကျုပ်က ဦးခေါင်းခွံဂိုဏ်းကို အဆုံးထိ တိုက်ပွဲဝင်ဖို့ ခေါ်ဆောင်သွားမှာ။ ဒါမှပဲ ဦးခေါင်းခွံဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် ထိုက်တန်မှာ။”

ရှမ့်လန်က မျက်လုံးကိုမှိတ်၏။ ပြီးနောက် အသက်ကို ပြင်းပြင်းရှူ၏။ သူက အားကုန်ကို အသုံးပြုကာဖြင့် ခရုသင်းကို မှုတ်၏။

“ဝူး... ဝူး...” ရှေးဟောင်းအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဂျိန်း... ဂျိန်း...” တစ်ချိန်တည်းမှာပဲ ကောင်းကင်ယံ၌ မိုးချိန်းသံများ ဆူညံသွား၏။

ပြီးနောက် ထိတ်လန့်ဖွယ်ရာကောင်းလွန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။ မရေတွက်နိုင်သည့် ပင်လယ်မွန်းစတားများက ရေထဲမှ ထွက်ပေါ်လာခဲ့ပြီး ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ၊ သိန်းပေါင်းများစွာပင်။ နောက်ဆုံး ပင်လယ်ပြင်တစ်ခုလုံး၌ ပင်လယ်မွန်းစတားများနှင့် ပြည့်နှက်သွား၏။ မင်းသမီး ဟယ်လင်ပင်လျှင် ကျောချမ်းသွား၏။ သူမက ဤမျှများပြားသည့် ပင်လယ်မိစ္ဆာများကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။

“ဂျိန်း ... ဂျိန်း...”

ကျယ်လောင်လွန်းသည့် အသံများက ဆက်တိုက် ထွက်ပေါ်နေ၏။ ပြီးနောက် ကောင်းကင်ယံတွင် မိုးချိန်းသံများ နှင့်အတူ ကြီးမားသည့် လျှပ်စီးကြောင်းကြီးတစ်ခုက လင်းလက်လာ၏။ ပင်လယ်ပြင် တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ပင်လယ်ပြင်ကြီးက နှစ်ခြမ်းကွဲသွားသကဲ့သို့ ထင်ရပြီး ရဲတိုက်တစ်ခုစာလောက် ကြီးမားသည့် ရေဘဝဲကြီး တစ်ကောင်က ထွက်ပေါ်လာ၏။ ဤသည်က မိစ္ဆာမယ်တော်၊ ကျိန်စာသင့် မိဖုရားကြီးပင်။ ဤအရာက ဤကျိန်စာသင့် ပင်လယ်ပြင်၏ အုပ်ချုပ်သူပင်။ မည်သူမဆို ဤပင်လယ်ထဲမှ လွတ်မြောက်သွားနိုင်ရသည့် အဓိက အကြောင်းအရင်းပင်။

ရှမ့်လန်က လှည့်ကြည့်၏။ ဦးခေါင်းခွံဂိုဏ်းဝင် သောင်းပေါင်းများစွာကို ပြုံးပြ၏။ “အားလုံးပဲ... ကျုပ်ကတော့ မိစ္ဆာမယ်တော်ကို သွားတိုက်ခိုက်တော့မယ်။ ခင်ဗျားတို့ လိုက်ချင်လား။ ဒါမှမဟုတ် ကျုပ်ကို တစ်ယောက်တည်း တိုက်ခိုက်ခိုင်းအုံးမှာလား။

ဦးခေါင်းခွံဂိုဏ်းသားတို့... ခင်ဗျားတို့ ပျောက်ဆုံးသွားတဲ့ ဆန္ဒတွေကို ပြန်ပြီး ရယူချင်လား။ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ အဆုံးထိ တိုက်ပွဲဝင်ချင်လား။ ဒါမှမဟုတ် မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ငိုနေဦးမှာလား။”

ပြီးနောက် သူက ပင်လယ်ဘက်ဆီသို့ လျှောက်၏။ လှေငယ်လေးတစ်စင်းပေါ်သို့ တက်၏။ သူက ရဲတိုက်အရွယ်အစား ရှိသည့် ရေဘဝဲကြီးဆီသို့ လှေဖြင့် မျှောလွင့်သွားလေတော့သည်။

…….

ထိုအရာက မမှန်ကန်ချေ။ ရှမ့်လန်က ဘယ်တုန်းက ဤမျှအထိ သွေးဆူတတ်သည့် လူတစ်ယောက် ဖြစ်သွားရသနည်း။ သူက မည်သည့် အချိန်ကာလမှ သွေးဆူတတ်သည့် လူသားမျိုး မဟုတ်ခဲ့ချေ။ ထို့သို့ ပြောလျှင် ပိုမှန်ပေလိမ့်မည်။ သူက အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲတတ်သူပင်။ ပျင်းရိဖို့ လိုသည့်အချိန်တွင် ပျင်းရိ၏။ စစ်သွေးကြွဖို့ လိုအပ်သည့်အချိန်တွင် စစ်သွေးကြွပေမည်။

ဘဝက ပြဇာတ်တစ်ခုကဲ့သို့ပင်။ အားလုံးက သူ၏ သရုပ်ဆောင်မှု အရည်အချင်းပေါ်တွင် မူတည်၏။ အဆုံးအဖြတ် ပေးရမည့် အချိန် အခိုက်အတန့်မျိုးမှာတော့ ရှမ့်လန်က စွန့်စားရဲပြီး အသက်နှင့်လဲကာ တိုက်ခိုက်ဖို့ ဝန်မလေးသူ ဖြစ်၏။

ဥပမာအားဖြင့် သူ၏အထောက်အထားများ ပေါ်ပေါက်သွားသည့်အချိန်တွင် နင်ဟန်နှင့် ကျိရွှမ်တို့၏ ရှေ့တွင် အေးအေးဆေးဆေး စကားပြောပြီး ရယ်မောခဲ့သေး၏။ သူကိုယ်တိုင် ရောဂါပိုး သယ်ဆောင်သူ အဖြစ်ခံယူ၍ နင်ဟန်နှင့် ကျိရွှမ်တို့ကို ရောဂါပိုး ကူးစက်အောင် လုပ်ခဲ့သေး၏။ သူက တကယ့်ကို ရူးသွပ်နေသည့် လူတစ်ယောက်ပင်။

သို့သော်ငြား ယခု အခြေအနေကတော့ သူ ရူးသွပ်ပြဖို့ ထိုက်တန်ရဲ့လား။ ထိုက်တန်ပေ၏။ သူက ဦးခေါင်းခွံဂိုဏ်းကို အပိုင်လိုချင်ရုံသာမကဘဲ ဤပိတ်မိနေသည့် အခြေအနေမှလည်း ဖောက်ထွက်ချင်နေ၏။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် ဤနေရာတွင် ပိတ်မိနေသောကြောင့်ပင်။ ထို့ကြောင့် သူက ယခု မြင်နေရသလောက် သွေးပူနေခြင်း မဟုတ်ချေ။ ပျောက်ဆုံးသွားသည့် နိုင်ငံဆီသို့ မလာခင်တည်းက ရှမ့်လန်၏ အတွေးက အတူတူပင်။

ဦးခေါင်းခွံဂိုဏ်းကို ဤနေရာဆီမှ ကယ်ထုတ်နိုင်ရန် အတွက် ရှေးဟောင်းစွမ်းအင် အမြုတေ အနည်းငယ်ကို ဖောက်ခွဲလိုက်ရုံ ရိုးရိုးလေးပဲ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် ဤသို့ ရောက်ရှိလာခဲ့ပြီးနောက်တော့ အခြေအနေက ဤမျှလောက် မရိုးရှင်းကြောင်း ရှမ့်လန်က သိသွား၏။ အထူးသဖြင့် အိန်ဂျလာ၏ သေတမ်းစာ ကို ဖတ်ရှုပြီးနောက် သူက နက်နက်ရှိုင်းရှိုင်း စဉ်းစားခဲ့သည်။

ပြီးနောက် လူအများကြီးကို မေးမြန်းစုံစမ်းကာဖြင့် တစ္ဆေငြီးသံ၏ စွမ်းအင်လှိုင်းများကို ခွဲခြမ်းစိတ်ဖြာ၏။ ပြီးနောက် သူက ကောက်ချက်တစ်ခုကို ချနိုင်ခဲ့၏။ ကျိန်စာသင့် ပင်လယ်ပြင်၏ တရားခံက ပင်လယ်ထဲတွင် ရှိပြီး ကုန်းမြေပေါ်တွင် မဟုတ်ချေ။ စွမ်းအင်စက်ဝန်းကလည်း မမှန်ချေ။

ပြီးနောက် ရှမ့်လန်က စိတ်ဝင်စားစရာ ကောင်းသည့် ရလဒ်တစ်ခုကို ရရှိခဲ့၏။ ထိုအရာက ဂျက်ထန်နှင့် အခြားသူတော်တော်များများတို့၏ ရဲတိုက် အရွယ်အစားခန့် ရှိနေသည့် ရေဘဝဲကြီးကို ပုံဆွဲကြည့်ခိုင်းချိန်တွင် လူတိုင်း၏ ပုံဆွဲချက်က မတူညီကြဘူး ဆိုသည်ကို သတိပြုမိခြင်းပင်။

ထိုအရာက သူတို့၏ မှတ်ဉာဏ်တွင် ပြဿနာ ရှိနေသောကြောင့် မဟုတ်ချေ။ လူတော်တော်များများက သူတို့ မြင်ခဲ့ရသည်က ဤအရာဟု ကျိန်းသေပေါက် ပြောဆိုနေကြသည်။ ကံဆိုးစွာဖြင့် ရှမ့်လန်က ပျောက်ဆုံး နိုင်ငံ၏ အပျက်အစီးတွေထဲတွင် ရှေးဟောင်းစာအုပ်များကို မတွေ့ရချေ။ သို့ပေမည့် ကျန်းလီ၏ ဒဏ္ဍာရီ ထဲတွင် စကားလုံး တစ်လုံး ပါရှိခဲ့၏။ ထိုအရာက “ကျိန်စာသင့် မိဖုရားကြီး - မိစ္ဆာမယ်တော်ကြီး” ဆိုသည်ပင်။

“ဦးခေါင်းခွံဂိုဏ်းသားတွေ... တိုက်ပွဲဝင် စိတ်ဓာတ်တွေကို စုစည်းထားကြ။ ကျုပ်ကို တစ်ယောက်တည်း အသေမခံခိုင်းနဲ့။” ရှမ့်လန်၏ အော်ဟစ်သံနှင့်အတူ သူ၏ လှေငယ်လေးက လမ်းပျောက် မိစ္ဆာမယ်တော်ဆီသို့ ဦးတည်သွား၏။

အစပိုင်းတွင် ပင်လယ်ဓားပြအချို့တို့၏ သွေးများက ဆူပွက်ပြီး လိုက်ပါရန် ပြင်ကြသော်လည်း နောက်တစ်စက္ကန့်တွင် မြင်လိုက်ရသည့် မြင်ကွင်းက သူတို့၏ သတ္တိများကို ရိုက်ချိုး၏။ မိစ္ဆာမယ်တော်၏ ဟိန်းသံကြီးနှင့်အတူ ကောင်းကင်ယံတစ်ခုလုံး၌ လက်တံများက ဖုံးလွှမ်းသွား၏။ သိန်းနှင့်ချီသည့် ပင်လယ်မွန်းစတားများက ပင်လယ်ပြင် တစ်ခုလုံး၌ ပျံ့နှံ့စွာ‌ ပေါ်ပေါက်လာသည်။

မိစ္ဆာမယ်တော်၏ ကိုယ်ပေါ်ရှိ မျက်လုံးများမှ ထွက်ပေါ်လာခဲ့သော အနီရောင် အလင်းတန်းများက ငရဲပြည်မှ လာသည့် အလင်းတန်းများ ကဲ့သို့ပင်။

ရှမ့်လန်၏ လှေငယ်နောက်တွင် မည်သူမှ မရှိချေ။ ပင်လယ်ဓားပြ အားလုံးက ကြောက်ရွံ့လွန်းသောကြောင့် မြေပြင်ပေါ်တွင် ခွေကျကုန်၏။

ဒေါက်ကလပ်စ်ကမူ ရှမ့်လန်တို့ မောင်နှမ သေဆုံးတော့မည်ကို ကြည့်ပြီး စိတ်ထဲတွင် ကြိတ်ကာ ဝမ်းသာလျက် ရှိ၏။ လှေငယ်ပေါ်တွင်တော့ ဟီလာက ကြောက်ရွံ့စွာဖြင့် လှေကို ထိန်းနေရသလို မင်းသမီး ဟယ်လင်ပင် ရင်ထဲတွင် ထိတ်လန့်လျက် ရှိသည်။

သို့သော်ငြား ရှမ့်လန်က တည်ငြိမ်နေဆဲပင်။ သူက အပ်နှစ်ချောင်းကို ထုတ်ယူ၍ သူ့အစ်မ နှစ်ယောက်ကို ဆေးတစ်မျိုး ထိုးပေး၏။ ထိုအရာက စိတ်ကိုလှုံ့ဆော်ရုံသာမက မိစ္ဆာမယ်တော်၏ စိတ်လှည့်စားမှုကိုပါ ဖောက်ထွက်စေနိုင်သည့် ဆေးတစ်မျိုးဖြစ်၏။

ဆေးရှိန်တက်လာသည်နှင့်အမျှ ဟီလာနှင့် ဟယ်လင်တို့၏ ကြောက်ရွံ့မှုများက ပျောက်ကွယ်သွား၏။ အရာအားလုံးကို အရှိအတိုင်း မြင်ရ၏။ ရဲတိုက်ကြီးသဖွယ် မြင်ရသည့် မိစ္ဆာမယ်တော်ကြီးက အမှန်စင်စစ် ပေါင်းတစ်သောင်းခန့်သာလေးသည့် ရေဘဝဲကြီး ဖြစ်နေသည်ကို မြင်ရသည်။

“သတ်ကြစမ်း။” ဟီလာက ရူးသွပ်နေသည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။

ဟယ်လင်ကမူ အေးစက် တည်ငြိမ်သည့် သေမင်းတမန်ကဲ့သို့ပင်။ ဟယ်လင်၏ ဓားအရိပ်အယောင်များက ရွှေရောင်ဝင်းလက်လျက်ရှိ၏။ မိစ္ဆာမယ်တော်၏ လက်တံများကို အပိုင်းပိုင်း ဖြတ်တောက်သည်။

ရှမ့်လန်က ထို့ထက်ပိုမိုကာ ရူးသွပ်စွာဖြင့် မိစ္ဆာမယ်တော်၏ ဧရာမ ပါးစပ်ကြီးထဲသို့ တိုက်ရိုက် တိုးဝင်သွား၏။

All Chapters