တည်းခိုခန်း
Vol. 1 Ch. 1
ခပ်မှောင်မှောင်ကောင်တာပေါ်တွင် ဟောင်းနေသည့် စဉ့်ရည်သုတ်ကြွေဝိုင်အိုးများကို တင်ထားပြီး ဧည့်ခန်းထဲမှာ နှစ်လိုဖွယ်ရာဝိုင်ရနံ့က လှိုင်ထွက်နေသည်။
ထိုက်ဖျင်ငွေဒင်္ဂါးတစ်ပြားက ကောင်တာပေါ်မှာ လည်နေသည်။
အရောင်လွင့်နေသော အစိမ်းရောင်ပိုးချည်ခေါင်းပေါင်းကို ပေါင်းထားသည့် တည်းခိုခန်းဆိုင်ပိုင်ရှင်က ကောင်တာ၏ နောက်ဘက်မှာ မတ်တတ်ရပ်နေ၏။ သူက ညာဘက်လက်ဖြင့် မေးထောက်ပြီး လည်နေသော ထိုက်ဖျင်ငွေဒင်္ဂါးကို ငေးငိုင်စွာဖြင့် စိုက်ကြည့်နေ၏။
နံရံနှင့် တွဲထားသည့် ခုံတန်းလျားရှည်ပေါ်မှာ စားပွဲထိုးတစ်ဦးက ထိုင်ပြီး ကြက်အစာကောက်သလို သူ၏ ခေါင်းကို ညိတ်ကာညိတ်ကာ ငိုက်မျဉ်းနေ၏။
ရုတ်တရက် ဧည့်ခန်းထဲသို့ အမျိုးသားတစ်ဦးက ထော့နင်းထော့နင်းဖြင့် ဝင်ရောက်လာသည်။
ဆိုင်ရှင်သည် ကောင်တာပေါ်မှာ လည်နေသည့် ဒင်္ဂါးပြားကို ခပ်မြန်မြန်လက်လှမ်းကာ အုပ်လိုက်၏။ သူက သူ၏ လက်ဖဝါးကို ဖြည်းဖြည်းချင်းဖယ်လိုက်သောအခါ ဒင်္ဂါးပြားပေါ်မှာ ရေးထွင်းထားသည့် ‘လောကငြိမ်းချမ်းရေး’ ဟူသော စာလုံးက ပေါ်ထွက်လာသည်။
ဆိုင်ရှင်က သူ့ခေါင်းကို တစ်ဖန်မော့လိုက်စဉ် သူ၏ အမှတ်သင်္ကေတအပြုံးက သူ၏ မျက်နှာပေါ်မှာ ခိုတွဲနေပြီဖြစ်သည်။
ဝင်ရောက်လာသူ အမျိုးသားက အသက်လေးဆယ်ကျော်အရွယ်မှာ ရှိသည့်ပုံပေါ်သည်။ သူ့မျက်နှာက ဖြူဆုတ်နေပြီး ဒဏ်ရာများစွာလည်း ရရှိထားသည်။ သူ၏ ဘယ်ဘက်အင်္ကျီလက်အိုးက ဗလာကျင်းနေပြီး သူ၏ ညာဘက်ခြေထောက်က ထော့နင်းထော့နင်းဖြစ်နေသည်။
သို့သော်လည်း ဤကဲ့သို့သော ပုံပန်းသဏ္ဍာန်သည် ဤနေရာမှာ တွေ့မြင်နေကျဖြစ်သည်။ ထိုသူဝင်ရောက်လာခြင်းက မည်သူ့ကိုမှ ကြောက်လန့်သွားစေခြင်း သို့မဟုတ် အံ့အားသင့်သွားစေခြင်း မရှိပေ။
ဤနေရာက တည်းခိုခန်းဖြစ်နေသောကြောင့်ပင်။
သာမန်တည်းခိုခန်းများနှင့်မတူဘဲ ဤတည်းခိုခန်းသည် လူတန်းစားမရွေး ဝင်ရောက်နိုင်သော ဗရုတ်သုတ်ခနေရာတစ်ခုဖြစ်သည်။
အင်မော်တယ်များနှင့် သူခိုးဂျပိုးများကဲ့သို့ အလွှာပေါင်းစုံမှလူများက ဤနေရာမှာ စုဝေးရောက်ရှိလာတတ်သည်။ ဖောက်သည်တချို့သည် တောက်ပြောင်သောအဝတ်အစားများကို ဝတ်ဆင်ထားပြီး ချမ်းသာကြွယ်ဝကာ ခံ့ညားထည်ဝါကြသည်။ လူတချို့သည် နေ့အလင်းရောင်အောက်မှာ မနေနိုင်သည့် ရာဇဝတ်သားများဖြစ်တတ်ကြသည်။ ဤနေရာမှာ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်များစွာလည်း ရှိနေတတ်သည်။
အမျိုးသားကို မျက်နှာချင်းဆိုင်ကြည့်ပြီး ဆိုင်ပိုင်ရှင်က မေးလိုက်၏။
“လူကြီးမင်း… ခင်ဗျား ဒီနေ့ ဘယ်လိုဝန်ဆောင်မှုမျိုးကိုယူဖို့ စိတ်ကူးထားလဲမသိဘူး… ဈေးနှုန်းက မှန်ကန်နေသရွေ့ အကုန်လုံးကို ညှိနှိုင်းဆွေးနွေးလို့ရပါတယ်။”
ခြေထော့နင်းအမျိုးသားသည် သူ၏ ဝတ်ရုံစကြားမှ အသစ်စက်စက် ငွေထုတ်လက်မှတ်တစ်ခုကို ထုတ်ယူကာ ဆိုင်ပိုင်ရှင်၏ ရှေ့ ကောင်တာပေါ် ဘန်းခနဲ ပစ်ရိုက်တင်လိုက်၏။ သူက ခြောက်သွေ့အက်ကွဲနေသောအသံဖြင့် ပြောလိုက်လေသည်။
“ဒီငွေထုတ်လက်မှတ်နဲ့ ကြိုက်တဲ့ဘဏ်မှာ လဲလှယ်ထုတ်ယူနိုင်တယ်… အဲဒါက ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်တန်တယ်”
ဆိုင်ပိုင်ရှင်က ငွေထုတ်လက်မှတ်ကို တစ်ချက်ကြည့်လိုက်ပြီး စကားပြောဖို့ကို အလောတကြီးရှိမနေပေ။
ခြေထော့နင်းအမျိုးသားက ဆက်ပြောလိုက်၏။
“ဒီလောက်ငွေပမာဏနဲ့ဆို လူအတော်များများ ဒီနယ်ပယ်ထဲကနေ ထွက်ပြီး ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်အဖြစ် အငြိမ်းစားယူ၊ ဘဝသစ်တစ်ခု တည်ထောင်ဖို့ လုံလောက်တယ်”
ဆိုင်ပိုင်ရှင်က သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။
“လူကြီးမင်း… ခင်ဗျားက လူတချို့ရဲ့ဘဝကို ဝယ်ချင်တာဆိုရင် အလောင်းအစားကို လက်ခံလိုတဲ့သူတွေ ဒီနေရာမှာရှိပါတယ်”
အမျိုးသားက ခေါင်းခါပြီး ရတက်မအေးပုံဖြင့် ပြောလိုက်၏။
“ကျုပ်လိုချင်တာ လူသတ်သမားမဟုတ်ဘူး… ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့ လက်ထဲကနေ လူတစ်ယောက်ကို ကယ်ထုတ်ပေးစေချင်ရုံပဲ”
အမျိုးသား၏ လေသံက မကျယ်လွန်းသော်လည်း ရှင်းလင်းနေ၏။ ဖီးနစ်စိမ်းတပ်ဖွဲ့ဟူသော စကားသံ ထွက်ပေါ်လာစဉ်မှာပင် အစက ဆူညံနေသော ဧည့်ခန်းက တိတ်ဆိတ်ငြိမ်သက်သွားသည်။ အခြားသောဧည့်သည်များအားလုံးသည် သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြ၏။
ဖီးနစ်စိမ်းတပ်ဖွဲ့၏ နာမည်ဂုဏ်သတင်းက ဘယ်လောက်ကျော်ကြားသလဲ သက်သေပြပေးနေခြင်း ဖြစ်သည်။
ဆိုင်ပိုင်ရှင်က သူ့လက်ထဲရှိ ထိုက်ဖျင်ဒင်္ဂါးပြားကို လှည့်ပတ်ကစားပြီး ရှင်းပြလိုက်၏။
“မဟာရွှမ်မင်းဆက်နိုင်ငံမှာ ကြောက်စရာအကောင်းဆုံးအရာက ရုံးတော်ကနေ အငြိမ်းစားမပေးသေးတဲ့ တာဝန်ထမ်းဆောင်သူတွေကြားမှာ ဖြစ်လာတတ်တယ်… သူတို့သာ အငြိမ်းစားရသွားမယ်ဆိုရင် အေးဆေးပဲ… သူတို့ရဲ့ဇာတိမြေကို ပြန်ပြီး ဇနီးမယား၊ ကလေးတွေနဲ့ သူတို့ရဲ့ဘဝလက်ကျန်အချိန်ကို ပျော်ပျော်ပါးပါးဖြတ်သန်းရုံပဲ… ကြောက်စရာအကောင်းဆုံးအရာကတော့ ဖီနစ်စိမ်းတပ်ဖွဲ့ရဲ့ ဖမ်းဆီးပြီး စစ်ကြောမေးမြန်းခံရတာပဲ”
“ဖီးနစ်စိမ်းတပ်ဖွဲ့ ပါဝင်ပတ်သက်လာတာနဲ့ တစ်ယောက်ယောက်သေဆုံးပြီး သူတို့ရဲ့ မိသားစုဝင်တွေပါ သေကြေပျက်စီးရဖို့က အချိန်တစ်ခုပဲလိုတယ်…. လူတချို့က ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့လက်ထဲကို ကျဆင်းသွားတာနဲ့ သူတို့က မြန်မြန်သေဖို့ကိုပဲ ဆုတောင်းနေရလိမ့်မယ်… လူအများစုက အကြောက်လွန်ပြီး သေသွားတတ်ကြတယ်… ဒါပေမဲ့ ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့ ညှင်းပန်းနှိပ်စက်တာကို ခံရတာနဲ့ယှဉ်ရင် သေသွားတာကမှ လွတ်မြောက်မှုပုံစံတစ်ခုပဲ”
ခြေထော့နင်းအမျိုးသားက နှုတ်ဆိတ်သွား၏။
ဆိုင်ပိုင်ရှင်က ခြေထော့နင်းအမျိုးသား၏ ခြေထောက်မှာစီးထားသည့် ဝတ်စုံဖိနပ်နှင့် သူ၏ အဝတ်ပေါ်မှ သွေးစွန်းနေသောအကွက်များကိုကြည့်ကာ ဆက်ပြောလိုက်သည်။
“ဖီးနစ်စိမ်းတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်လေးရာအတွင်း မင်းဆက်နှစ်ဆက်ကြာအောင် တည်ရှိလာခဲ့တယ်… သူတို့မှာ ကျော်ကြားတဲ့ နာမည်ဂုဏ်သတင်းရှိတယ်… တော်ဝင်မိသားစုတွေ၊ အစိုးရဝန်ကြီးတွေ၊ လူကုံထံသူဌေးတွေနဲ့ ကျွမ်းကျင်ဓားသမားတွေတောင်မှ သူတို့ကို ကြောက်လန့်ကြတယ်… ဖီးနစ်စိမ်းတပ်ဖွဲ့ကနေ တစ်ယောက်ယောက်ကို ကာကွယ်ပေးဖို့ ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို လက်ခံရဲတဲ့သူ တစ်ယောက်မှရှိမှာ မဟုတ်လောက်ဘူး…. လူကြီးမင်း ကျုပ်ပြောတာကို ခင်ဗျားနားလည်တယ်မလား။”
ခြေထော့နင်းအမျိုးသားက လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
“ကျုပ်သိပါတယ်… ဒါပေမဲ့ ဒါက တည်းခိုခန်းလေ”
တည်းခိုခန်းဆိုင်ပိုင်ရှင်က တစ်ခုခုကို အပြစ်တင်နေဟန်ဖြင့် ရယ်မောကာ ပြောလိုက်၏။
“ဟုတ်တော့ဟုတ်တယ်… ဒါပေမဲ့ အဲဒါက ကျုပ်တို့ လုပ်နေကျအရာ မဟုတ်တော့ဘူး… တည်းခိုခန်းနဲ့ ဖီးနစ်စိမ်းတပ်ဖွဲ့က တစ်ဦးကိစ္စကိုတစ်ဦး ဝင်မရှုပ်ကြဘူး… ကျုပ်တို့က စည်းကျော်မိမယ်ဆိုရင် ဖီးနစ်စိမ်းတပ်ဖွဲ့က ကျုပ်တို့ကို အခက်တွေ့အောင်လုပ်လာလိမ့်မယ်… ကျုပ်အခုပြောနေတာကို ခင်ဗျားနားလည်တယ်မလား။”
ခြေထော့နင်းအမျိုးသားက နှုတ်ဆိတ်သွားပြီး ဧည့်ခန်းကို လှည့်ကာ စစ်ဆေးကြည့်ရှုလိုက်၏။
မည်သူကမှ သူနှင့် အကြည့်ချင်း မဆုံရဲကြပေ။
အရင်ဆုံး ခြေထော့နင်းအမျိုးသားက စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သို့သော်လည်း သိပ်မကြာခင် ဤစိတ်ပျက်မှုသည် တဖြည်းဖြည်း မျှော်လင့်ချက်ကုန်ဆုံးမှုအဖြစ် ပြောင်းလဲသွားသည်။
ရုတ်တရက် ဧည့်ခန်း၏ ထောင့်တစ်နေရာကနေ အသံတစ်သံထွက်ပေါ်လာ၏။
“ဒီအလုပ်ကို ကျုပ်လက်ခံမယ်”
ဧည့်ခန်းထဲမှာ ခဏမျှနှုတ်ဆိတ်သွားပြီးနောက် ညဘက်မှာ အနှောက်အယှက်ပေးလာသော ပိုးမွှားများ၏ အသံများကဲ့သို့ စိတ်ရှုပ်စရာကောင်းသည့် တီးတိုးတီးတိုးအသံများ ထွက်ပေါ်လာသည်။ ငိုက်မျဉ်းနေသောစားပွဲထိုးပင်လျှင် သူ၏ အိပ်မက်ကနေ ရုတ်တရက်လန့်နိုးလာ၏။ သူက အရင်ဆုံးလှည့်ပတ်ကြည့်ရှုပြီးနောက် ခုံတန်းလျားပေါ်ကနေ ခပ်မြန်မြန်ထကာ ရောပါငြိစွန်းခံရမည်ကို စိုးရိမ်နေသည့်အလား သူက အခန်းထဲကနေ ထွက်ခွာသွားလေသည်။
ခြေထော့နင်းအမျိုးသား၏ မျက်နှာပေါ်မှာ မျှော်လင့်ချက်တစ်စွန်းတစ်စထင်ဟပ်လာပြီး သူက အသံထွက်ပေါ်လာရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
ထိုအသံသည် ခြုံထည်တစ်ထည်ကို ဝတ်ထားပြီး မိုးကာဝါးခမောက်ကို ဆောင်းထားသည့် လူငယ်အမျိုးသားတစ်ဦးထံမှ လာခြင်းးဖြစ်သည်။ ဤကဲ့သို့သော ဝတ်စားဆင်ယင်ပုံသည် တစ်ကိုယ်တည်း လှည့်လည်သွားလာနေသည့် ဓားသမားများထံမှာ တွေ့မြင်နေကျပုံစံမျိုးဖြစ်သည်။
လူငယ်အမျိုးသားသည် ဧည့်ခန်းထောင့်မှာထိုင်ပြီး စားပွဲတစ်လုံးကို တစ်ယောက်တည်း ယူထားသည်။ သူ၏ ဓားတိုကို စားပွဲပေါ်မှာ တင်ထား၏။
သူက မတ်တတ်ထရပ်ပြီး ကောင်တာရှိရာသို့ လျှောက်လှမ်းလာသည်။ ထို့နောက် သူက ငွေထုတ်လက်မှတ်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်က နည်းတဲ့ပမာဏမဟုတ်ဘူး… အဲဒါနဲ့ ရူယီဒင်္ဂါးတောင်ပို့တစ်လုံးစာလောက်ကို အလွယ်တကူလဲယူလို့ရတယ်။”
(ထိုက်ဖျင်ဒင်္ဂါး - ငွေဒင်္ဂါး။ ရူယီဒင်္ဂါး - ကြေးဒင်္ဂါး။)
ဆိုင်ပိုင်ရှင်သည် ကောင်တာနှင့် မလှမ်းမကမ်းမှာ လူမရှိတော့သည့် ခုံတန်းလျားကို တစ်ချက်ကြည့်ပြီး ငွေထုတ်လက်မှတ်ကို လက်ဖြင့်ဖိလိုက်၏။ သူက တည်ငြိမ်စွာဖြင့် အကြံပေးလိုက်လေသည်။
“လူငယ်လေး… ဒီအလုပ်ကနေ မင်း ငွေဘယ်လောက်ပဲရရ ငါပြောတာကို အရင်နားထောင်ပါဦး… မင်းက အဲဒီငွေတွေကိုသုံးဖို့ အခွင့်အရေးမရတော့မှာကို ငါစိုးရိမ်မိတယ်”
လူငယ်အမျိုးသားက ပြန်ပြောလိုက်၏။
“အကြံပေးတာ ကျေးဇူးပဲ… ဒါပေမဲ့ ကျုပ်ဘာလုပ်နေလဲ ကျုပ်သိပါတယ်”
ဆိုင်ပိုင်ရှင်က ညင်သာစွာ သက်ပြင်းချပြီး ငွေထုတ်လက်မှတ်ကို ဖိထားသည့် သူ၏ လက်ကို ဖြည်းဖြည်းချင်းရုတ်ကာ ထပ်မံ၍ မပြောဆိုတော့ပေ။
ခြေထော့နင်းအမျိုးသားက လူငယ်ဓားသမားကိုကြည့်ပြီး သတိထားကာ မေးလိုက်၏။
“ခင်ဗျားနာမည်ကို ကျုပ်သိရမလား”
လူငယ်အမျိုးသားက ပြန်ဖြေလိုက်၏။
“ချီရွှမ်းစု...”
တည်းခိုခန်းသည် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိပေ။ ထိုအစား ၎င်းသည် ကြားခံအဖြစ်ဆောင်ရွက်ပြီး လုပ်ငန်းကိစ္စများမှာ နှစ်ဦးနှစ်ဖက်ကို အာမခံပေးကာ ၎င်းကနေ ပွဲစားခကို ရယူသည်။
ဤကဲ့သို့သော အလုပ်တစ်ခုကို ဆောင်ရွက်ဖို့အတွက် သူတို့သည် ပါးရည်နပ်ရည်ရှိပြီး ဥစ္စာဓနတောင့်တင်းရပေမည်။
တိုက်ကြီးတစ်တိုက်လုံးတွင် ကွန်ယက်ဖြန့်ကာ တည်ဆောက်ထားသည့် တည်းခိုခန်း၏ အခွဲများစွာက ဤအချက်ကို သက်သေပြပေးနေသည်။ သူတို့မှာ ဌာနချုပ်ရှိသည်ဟု ကောလာဟလထွက်ထားသော်လည်း ၎င်းက မည်သည့်နေရာမှာတည်ရှိသည်ကို မည်သူကမှ အမှန်တကယ် မသိရပေ။
ချီရွှမ်းစုသည် ဤအလုပ်ကိစ္စကို လက်ခံလိုသည်ဆိုမှတော့ နှစ်ဦးနှစ်ဖက်သည် ဆိုင်ပိုင်ရှင်ကို မျက်မြင်သက်သေထားပြီး စာချုပ်တစ်ခုချုပ်ကြရသည်။ သဘောတူညီချက်စာချုပ်၏ မိတ္တူသုံးခုမှာ လက်မှတ်ထိုးပြီး ဆိုင်ပိုင်ရှင်၊ ခြေထော့နင်းအမျိုးသားနှင့် ချီရွှမ်းစုတို့က တစ်ယောက်တစ်ခုစီ သိမ်းထားရပေမည်။
ချီရွှမ်းစုသည် အလုပ်ကိစ္စကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်လျှင် ဤသဘောတူစာချုပ်နှင့်အတူ ဆိုင်ပိုင်ရှင်ထံသို့ ပြန်လာပြီး ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်ထဲမှ ကိုးရာကို ထုတ်ယူနိုင်မည်ဖြစ်သည်။ ငွေပမာဏ၏ ဆယ်ပုံတစ်ပုံ ထိုက်ဖျင်ဒင်္ဂါးတစ်ရာကိုတော့ တည်းခိုခန်းက ယူဆောင်မည်ဖြစ်သည်။
ချီရွှမ်းစုသည် သူ၏ တာဝန်ကို ပြီးမြောက်အောင်မဆောင်ရွက်နိုင်လျှင် ခြေထော့နင်းအမျိုးသားသည် သဘောတူစာချုပ်နှင့်အတူ ဆိုင်ပိုင်ရှင်ထံမှ ထိုက်ဖျင်ဒင်္ဂါးကိုးရာ့ငါးဆယ်ကို ပြန်လည်ရယူနိုင်ဦးမည်ဖြစ်သည်။ အလုပ်က မအောင်မြင်လျှင် တည်းခိုခန်းသည် ထိုက်ဖျင်ဒင်္ဂါးငါးဆယ်ကိုသာ ယူမည်ဖြစ်သည်။
အငြင်းပွားစရာရှိလာမည်ဆိုလျှင် နှစ်ဦးနှစ်ဖက်သည် ဤသဘောတူစာချုပ်ကိုသုံးပြီး တည်းခိုခန်းမှာ လာရောက်ညှိနှိုင်းရမည်ဖြစ်သည်။ ညှိနှိုင်းမှုက မအောင်မြင်လျှင် တည်းခိုခန်းက သင့်လျော်သည့်ဆောင်ရွက်မှုများကို ပြုလုပ်ပေလိမ့်မည်။
သို့သော်လည်း သင့်လျော်သည့် ဆောင်ရွက်မှုများက ဘာဖြစ်သည်ကို မည်သူကမှ အမှန်တကယ်ကြိုမသိရပေ။ အချိန်ကျလာမှသာ တည်းခိုခန်းက ဆောင်ရွက်ပေလိမ့်မည်။
သဘောတူညီချက်ကို အချောသပ်၍ အလုပ်ကိစ္စ၏ အသေးစိတ်အချက်အလက်များကို ရှင်းပြပြီးနောက် ခြေထော့နင်းအမျိုးသားသည် ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်နှင့် ညီမျှသော ငွေထုတ်လက်မှတ်ကို ဆိုင်ရှင်ထံ ကမ်းပေးလိုက်သည်။ တည်းခိုခန်းသည် အလုပ်ကိစ္စဆောင်ရွက်ရာမှာ ကောင်းမွန်သည့် နာမည်ဂုဏ်သတင်း ရရှိထားသည်။ ထိုက်ဖျင်ဒင်္ဂါးသောင်းချီတန်သည့် အလုပ်ကိစ္စများကိုပင် သူတို့က ဆောင်ရွက်ပေးဖူးသည်။ တည်းခိုခန်းသည် ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်မျှနှင့် သူတို့၏ နာမည်ဂုဏ်သတင်းကို ပျက်စီးထိခိုက်ခံလိမ့်မည် မဟုတ်သောကြောင့် အမျိုးသားသည် သူက ကလိမ်ကျခံရမည်ကို စိုးရိမ်မနေပေ။
ဤအလုပ်ကိစ္စ၏ အဓိကကျသော လိုအပ်ချက်များက အတော်လေးရိုးရှင်းသည်။ ချီရွှမ်းစုသည် ခရိုင်အစိုးရရုံးမှ ဖုန်ထိုက်ခရိုင်ဝန်လီဟုန်ဝမ်ကို ကယ်ထုတ်ပေးရမည်ဖြစ်သည်။
လီဟုန်ဝမ်သည် အမှုကြီးတစ်ခုကြောင့် ဖီးနစ်စိမ်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရတော့မည့်ဆဲဆဲဖြစ်သည်။ သူသည် အကျဉ်းချခံရမည်၊ မခံရမည်ကို အသာထား.. မြို့တော်သို့သွားရာလမ်းမှာပင် အသက်မရှင်နိုင်လောက်ပေ။ ဤအမှုကိစ္စကို ချီရွှမ်းစုကလည်း ကြားဖူးထားသည်။ နိုင်ငံရေးအဖွဲ့အစည်းနှစ်ခုသည် တစ်ဖက်နှင့်တစ်ဖက် အတိုက်အခံဖြစ်လာကြပြီး အခြေအနေများက အရမ်းကိုရှုပ်ထွေးလာကြသည်။ ဘယ်ဘက်က မှန်ကန်သည်ကို ဆုံးဖြတ်ဖို့ခဲယဉ်းသည်။ ဒါ့အပြင် ခြေထော့နင်းအမျိုးသား၏ သရုပ်သကန်ကို ခန့်မှန်းဖို့က မခဲယဉ်းပေ။ သူ၏ ပုံပန်းသဏ္ဍာန်အရ ခြေထော့နင်းအမျိုးသားသည် ခရိုင်ဝန်လီဟုန်ဝမ်၏ လူယုံလက်ထောက်တစ်ယောက်ဖြစ်လောက်သည်ကို ချီရွှမ်းစုက ခန့်မှန်းမိသည်။ သူသည် အသက်လုကာ ထွက်ပြေးပြီး တည်းခိုခန်းသို့ အကူအညီလာရှာခြင်းဖြစ်ပေမည်။
ဆိုင်ပိုင်ရှင်က စာချုပ်နှင့် ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်တန်သော ငွေထုတ်လက်မှတ်ကို သိမ်းဆည်းလိုက်သည်ကိုကြည့်ပြီး ခြေထော့နင်းအမျိုးသားက စိတ်သက်သာရာရသွား၏။ သူ့အတွက်ပေးထားသည့် စာချုပ်မိတ္တူကို သိမ်းဆည်းပြီး ခြေထော့နင်းအမျိုးသားသည် အနီးနားတွင် လွတ်နေသောစားပွဲတစ်လုံးကိုရှာကာ ထိုင်ချလိုက်၏။ ထို့နောက် သူက ဆိုင်ပိုင်ရှင်ထံကနေ ဝိုင်တစ်အိုးတောင်းလိုက်လေသည်။
ဆိုင်ပိုင်ရှင်က သူ၏ နောက်ဘက်မှာရှိသော ဝိုင်းအိုးအကြီးကို ဖွင့်လိုက်စဉ် ဝိုင်၏ ရနံ့က အခန်းထဲမှာ ချက်ချင်းပင် ပျံ့နှံ့သွားသည်။ ဆိုင်ပိုင်ရှင်သည် ဝိုင်ကိုနွှေးမနေဘဲ ဝိုင်အိုးငယ်ထဲသို့ ဖြည့်ထည့်ကာ ၎င်းကို ခြေထော့နင်းအမျိုးသားရှေ့ စားပွဲခုံပေါ်သို့ လာချပေးလိုက်၏။
(ပုံမှန်းအားဖြင့် နွေးအောင်နွှေးပြီးမှ သောက်ရသော ဝိုင်မျိုး ဖြစ်ပါသည်။)
ဆိုင်ပိုင်ရှင်သည် ချီရွှမ်းစုဘေးကနေ ဖြတ်သွားစဉ် သူတို့က ခဏမျှအကြည့်ချင်းဆုံသွား၏။ ဆိုင်ပိုင်ရှင်သည် သေလူတစ်ယောက်ကိုကြည့်နေသည့်အလား သူ၏ အကြည့်သည် သနားဂရုဏာသက်မှုနှင့် ဘာမှမတတ်နိုင်ခြင်းကို ထင်ဟပ်ပြသပေးနေသည်။
ချီရွှမ်းစုက ထိုအကြည့်ကို ဂရုစိုက်မနေပေ။ သူ့အတွက်ပေးထားသည့် သဘောတူစာချုပ်မိတ္တူကို သူ၏ အင်္ကျီလက်အိုးထဲသို့ထည့်ပြီး သူ၏ စားပွဲရှိရာသို့ ပြန်လျှောက်သွား၏။ စားပွဲပေါ်မှာတင်ထားသည့် သူ၏ ဓားတိုကို ခါးမှာချိတ်ဆွဲလိုက်သည်။ ထို့နောက် သူ၏ မျက်နှာကို လူမမြင်စေဖို့အတွက် ဝါးခမောက်ကို လက်ဖြင့်ဖိချပြီး သူ၏ မေးချွန်ချွန်ကိုသာ ထုတ်ဖော်ထားသည်။ နောက်ဆုံးမှာတော့ သူသည် ခါးမှာရှိသောဓားကို ဖုံးကွယ်ဖို့အတွက် သူ၏ ခြုံထည်ကို ခါထုတ်လိုက်၏။
ခြေထော့နင်းအမျိုးသားသည် သူ၏ စိုးရိမ်သောကကို ဖြေလျှော့ဖို့အတွက် ဝိုင်တစ်ကျိုက်ကို မော့သောက်ပြီးနောက် သတိပေးလိုက်၏။
“ညီကိုချီ… ကျုပ်ခင်ဗျားကို အသေးစိတ်အချက်အလက်တွေအားလုံး ပြောပြပြီးပြီ… ကျုပ်ထပ်ပြီး သတိပေးပါရစေ… ဒီတာဝန်က အရမ်းကို အန္တရာယ်များတယ်၊ အဲဒါကြောင့် သတိထားပါ။”
လျှောက်လှမ်းနေသော ချီရွှမ်းစုက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သော်လည်း သူက လှည့်မကြည့်ဘဲ ပြောလိုက်၏။
“သတိပေးတဲ့အတွက် ကျေးဇူးပဲ”
ခြေထော့နင်းအမျိုးသားက ထပ်မံ၍ ပြောဆိုချင်သော်လည်း ချီရွှမ်းစုက ကြောက်လန့်ကာ ဤတာဝန်ကို လက်မခံတော့မည်ကို သူက စိုးရိမ်နေသည်။ ထို့ကြောင့် သူက နောက်ဆုံးမှာ အသံမထွက်တော့ဘဲ သူ၏ အပူမီးကို အရက်ဖြင့် ငြှိမ်းလိုက်သည်။ သိပ်မကြာခင် သူသည် စားပွဲခုံပေါ်မှာ မူးပြီး မှောက်ကျသွားတော့သည်။
တည်းခိုခန်းကို မြေအောက်မှာ တည်ဆောက်ထားသောကြောင့် ချီရွှမ်းစုသည် ဧည့်ခန်းထဲကနေ ထွက်လာပြီးနောက် မြေပြင်ထက်ကို ဦးတည်နေသည့် ရှည်လျားသော စင်္ကြံလမ်းတစ်ခုထဲသို့ လျှောက်လှမ်းဝင်ရောက်ရသည်။
ရှည်လျားသောစင်္ကြံလမ်းတစ်လျှောက်မှာ မီးတိုင်များကို ထွန်းထားပြီး ထွက်ပေါက်ကို ရောက်ဖို့အတွက် ဆယ့်ငါးမိနစ်လောက် အချိန်ယူရသည်။
ချီရွှမ်းစုသည် စင်္ကြံလမ်းကနေ လျှောက်လှမ်းထွက်လာသည့်ခဏမှာပင် သူ့ကို ကြိုဆိုလိုက်သည်မှာ သူ၏ ဘယ်ဘက်ခြေထောက်ကို ချိန်ရွယ်လာသည့် ဒူးလေးမြားတစ်စင်းဖြစ်နေသည်။ ဤလုပ်ရပ်၏ ရည်ရွယ်ချက်က သိသာထင်ရှားနေ၏။ သူ့ကို မသန်မစွမ်းဖြစ်စေပြီး အလွယ်တကူဖမ်းဆီးနိုင်စေရန် ဖြစ်သည်။
ချီရွှမ်းစုသည် နောက်ဆုံးအခိုက်အတန့်မှာ ဒူးလေးမြားကို ရှောင်တိမ်းလိုက်နိုင်၏။ မြားက သူ၏ ခြေသလုံးကိုပွတ်ပြီး သူ၏ နောက်ဘက် နံရံမှာ စွဲစွဲမြဲမြဲစိုက်ဝင်သွားသည်။ မြား၏ အနက်ရောင်ငှက်မွေးအမြီးက တုန်ခါနေဆဲဖြစ်သည်။
ဤဒူးလေးအမျိုးအစားက သူနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။
၎င်းသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ အမှတ်သင်္ကေတလက်နက်တစ်ခုဖြစ်သည်။ မြားခေါင်းမှာ မျှော့ကြောင်းနှင့် ဆူးထစ်ပါရှိသည်။ တစ်ယောက်ယောက်သည် ဤမြားဖြင့် အပစ်ခံရပြီး ၎င်းကို ဆွဲနုတ်မည်ဆိုလျှင် ဆူးထစ်သည် ကြီးမားသော အသားတစ်စိုင်ကို ဆုတ်ဖြဲပစ်ပေလိမ့်မည်။ မြားကို စိုက်ဝင်နေသည့်အတိုင်း ထားမည်ဆိုလျှင်လည်း မျှော့ကြောင်းနှင့် ဆူးထစ်သည် သွေးများကို အဆက်မပြတ်စီးထွက်စေပေလိမ့်မည်။ ၎င်းသည် အလွန်တရာရက်စက်ကြမ်းကြုတ်သော လက်နက်တစ်မျိုးဖြစ်သည်။
ချီရွှမ်းစုသည် မြားလာရာဘက်ကို လှည့်ကြည့်လိုက်၏။ လူတစ်ယောက်သည် အရိပ်ထဲကနေ လျှောက်လှမ်းထွက်လာပြီး သူနှင့် မလှမ်းမကမ်း ဆယ်ပေကျော်အကွာအဝေးမှာ ရပ်တန့်သွားသည်ကို တွေ့မြင်လိုက်ရသည်။
အမျိုးသားသည် သူ၏ လက်ထဲမှာ ဒူးလေးတစ်လက်ကို ကိုင်ဆွဲထား၏။ စောစောက ပစ်လိုက်သောမြားပိုင်ရှင်က သူဆိုတာကို သက်သေပြပေးနေခြင်းဖြစ်သည်။
ချီရွှမ်းစုသည် အမျိုးသား၏ ဝတ်စားဆင်ယင်ပုံကို အကဲခတ်ကြည့်လိုက်၏။ လက်ကျဉ်း ရင်ကျယ် အစိမ်းရောင်ပိုးဖဲဝတ်ရုံ၊ ခါးမှာ သားရဲဦးခေါင်းပုံစံ အနက်ရောင်သတ္တုခါးပတ်ခေါင်း၊ အဖြူရောင်အောက်ခံအပြားနှင့် အနားလုံး အဖျားကော့ထားသော စစ်ဖိနပ်… ၎င်းသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ ပုံမှန်အသုံးပြုနေကျ ဝတ်စုံဖြစ်သည်ကို သံသယရှိစရာမလိုပေ။