← Chapters

ငါးယောက် - တစ်ယောက်

Vol. 91 Ch. 1267

ငါးယောက် - တစ်ယောက်

Vol. 91 Ch. 1267

မန်ဟို ရုပ်တုကြီးကို လှမ်းကြည့်လိုက်သည့်အခိုက်အတန့်မှာပင် အထဲရှိ နိုးနေသော တာအိုနယ်ပယ်ပညာရှင်သုံးယောက်၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

နဝမသွေးဆက်မှ ခေါင်းဆောင်ကြီးက မန်ဟို့ကို ကြည့်ပြီးနောက် သူ၏သွေးဆက်များကို ပြန်ကြည့်လိုက်သည်။ အထူးသဖြင့် အလွန်တွေဝေရှုပ်ထွေးနေသောအမူအရာကို ဆင်မြန်းထားသည့် မန်ဒဲ့ကိုပင်။

အဋ္ဌမသွေးဆက်မှ ခေါင်းဆောင်ကြီးကတော့ မန်ဟိုနှင့် အတန်ငယ်တစ်ပွဲတစ်လမ်းနွှဲခဲ့ပြီးပြီ ဖြစ်သည့်အတွက် ထွက်မလာရဲဘဲ အံကြိတ်လျက်သာ ထိုင်နေသည်။ သို့သော် သူသည် ပထမသွေးဆက်ခေါင်းဆောင်ကြီး ဝင်ပါလာဖို့ မျှော်လင့်နေ၏။

ထိုပထမသွေးဆက်ခေါင်းဆောင်ကြီးက နိုးထလာခဲ့သော သုံးယောက်အနက် နောက်ဆုံးတစ်ယောက်ဖြစ်သည်။ သူ့တွင် အစဉ်မပြတ် မီးတဟုန်းဟုန်းတောက်နေသော အနီရောင်ဆံပင်အရှည်များ ရှိပြီး သူသည် လေလောဆယ်၌ တင်းမာခက်ထန်သောအမူအရာဖြင့် တင်ပျဉ်ခွေထိုင်နေ၏။ အတန်ကြာသော် သူက ဖြေးညင်းစွာ ထရပ်လိုက်ပြီး ရှေ့တစ်လှမ်းလှမ်းကာ ရုပ်တုကြီး၏အပြင်၊ မန်ဟို့အရှေ့တွင် ပေါ်လာသည်။

သူ အပြင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ပတ်လည်ရှိ မန်မျိုးနွယ်အားလုံး သူ့ကို မော့ကြည့်ကြသည်။ မည်သူမှ အားပေးကြွေးကြော်ခြင်းမပြုဘဲ မန်ဟိုနှင့် သူ့ကို စိုက်ကြည့်နေကြလေသည်။

“မင်းက မန်မျိုးနွယ်ဝင်မဟုတ်ဘူး” ဆံနီအဘိုးအိုက အေးစက်၍ ခက်ထန်သော လေသံဖြင့် ပြောသည်။

“ကျုပ်က မန်မျိုးနွယ်ဝင် ဟုတ်ဟုတ်မဟုတ်ဟုတ် အရေးးမကြီးဘူး” မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။

“ဟုတ်တယ် အရေးမကြီးဘူး။ အဘိုးကြီးရှစ်၊ အဘိုးကြီးကိုး မင်းတို့တစ်ခုခုမလုပ်ရင် ငါတို့မန်မျိုးနွယ်စုက ဒီနေ့ သူစိမ်းတစ်ယောက်ရဲ့ လက်ထဲ ကျရောက်တော့မယ်” မီးအနှစ်သာရ၏ မီးတောက်မီးလျှံများက ဆံနီအဘိုးကြီး၏ပတ်ပတ်လည်တွင် တဟုန်းဟုန်းတောက်နေရာ လေထုကို ပုံပျက်ရှုံ့တွနေစေသည်။

ရုပ်တုကြီးထဲတွင် အဋ္ဌမသွေးဆက်မှ ခေါင်းဆောင်ကြီးက အံတင်းတင်းကြိတ်၍ လူလုံးထွက်ပြရန် ရွေးချယ်လိုက်သည်။ မန်ဟိုနှင့် ဆုံခဲ့ဖူးသော နဝမသွေးဆက်ခေါင်းဆောင်ကြီးလည်း ထွက်လာသည်။

ခေါင်းဆောင်ကြီးသုံးဦး ထွက်လာသည့်အခါ မန်မျိုးနွယ်ကျင့်ကြံသူများ၏ မျက်လုံးများတွင် မျှော်လင့်ချက်နှင့်အတူ စိတ်လှုပ်ရှားမှုတို့ တောက်ပလာသည်။ သူတို့၏စိတ်ထဲတွင် မန်ဟို့အနေဖြင့် ယခုထက်ပို၍ အစွမ်းထက်လျှင်တောင်မှ ဤခေါင်းဆောင်ကြီးသုံးယောက်၏ အင်အားကို ယှဉ်နိုင်မည်မဟုတ်ဟု တွေးထင်နေကြ၏။

“ခင်ဗျားတို့ သုံးယောက်တည်းနဲ့ မလုံလောက်ဘူး” မန်ဟိုက သူတို့ကို လှမ်းကြည့်ရင်း ပြောသည်။ ထို့နောက် သူ့အကြည့်က ရုပ်တုကြီးအထဲ၌ ကျိန်းစက်လျက်ရှိနေသော ပုဂ္ဂိုလ်နှစ်ယောက်ထံ ရောက်ရှိသွားသည်။ “ခင်ဗျားတို့ နိုးနေတာကြာပြီမဟုတ်ဘူးလား။ ဘာလို့ အိပ်ချင်ယောင်ဆောင်နေကြသေးတာလဲ” သူက ပြောသည်။ “ခင်ဗျားတို့အနေနဲ့ ကျုပ်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့မရတော့ဘူးဆိုမှာတော့ ကျုပ် ခင်ဗျားတို့ကို ကျုပ်နဲ့ ငါးယောက်တစ်ယောက်ချဖို့ အခွင့်အရေးပေးရင် ဘယ်လိုလဲ

“ခင်ဗျားတို့ နိုင်ရင် ကျုပ် ဒီရတနာကို ပေးမယ်” ထို့နောက် မန်ဟိုက သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ မိုးကြိုးဒယ်အိုးက ခေါင်းအထက်တွင် ဖြစ်တည်လာစေသည်။ ၎င်းသည် လျှပ်စီးမိုးကြိုးများဖြင့် တဝင်းဝင်းလက်လျက် တဖျစ်ဖျစ် မြည်နေပြီး အဖိုးထိုက်ရတနာတစ်ပါး၏ အငွေ့အသက်ကို ထုတ်လွှတ်နေရာ ခေါင်းဆောင်ကြီးသုံးဦး၏ မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်သွားစေ၏။

ရုတ်တရက် ရုပ်တုကြီး၏အတွင်းမှ အရှိန်အဝါနှစ်ခု ထွက်ပေါ်လာသည်။ ထိုနှစ်ယောက်အနက်မှ တစ်ယောက်က တာအိုသခင်အဆင့်မဟုတ်သော်လည်း အတော်လေး နီးကပ်နေလေပြီ။ ကျန်တစ်ယောက်ကတော့ တာအိုသခင်အဆင့်ဖြစ်ပြီး အနှစ်သာရလေးခုနီးပါး ပိုင်ဆိုင်ထားဟန်တူသည်။ သို့သော် အပြည့်အဝမပိုင်ဆိုင်ထားသေးခြင်းက သူသည် တာအိုဥသျှောင်ဘွဲ့ကို ရယူဖို့ရန်အထိ လုံလုံလောက်လောက် အစွမ်းမထက်သေးဟု ဆိုလိုသည်။

ဤနှစ်ယောက်သည် မန်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးအစစ်များ ဖြစ်ပြီး နှစ်ပေါင်းများစွာအတောအတွင်း မန်မျိုးနွယ်စုမှ မွေးထုတ်ပေးခဲ့သော ပုဂ္ဂိုလ်ကျော်များအနက် အင်အားအကြီးဆုံးဆိုလည်း မမှားပေ။

သူတို့၏အရှိန်အဝါများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရုပ်တုကြီး၏အပြင်တွင် ရပ်နေသော ခေါင်းဆောင်ကြီးသုံးဦး၏ ဘေးရှိ လေထုသည် လင်းခနဲ လက်သွားပြီး လူနှစ်ယောက်သည် ဘွားခနဲ ပေါ်လာခဲ့၏။ သူတို့ကား မယုံနိုင်လောက်အောင် အိုမင်းနေပုံပေါ်ပြီး အထူးသဖြင့် အနှစ်သာရလေးခုနီးပါး တာအိုနယ်ပယ်ပညာရှင်မှ အစွမ်းထက်လှိုင်းဂယက်များကို ထုတ်လွှတ်နေသည်။ ထိုလူက မီးခိုးရောင်ဝတ်ရုံအရှည်ကို ဝတ်ဆင်လျက် ပျက်စီးခြင်းအခိုးအငွေ့များကို ဖြန့်ကျက်နေသည်။ သူက မန်ဟို့ကို လေးနက်စွာ ကြည့်ပြီး မေးလေသည်။ “မင်း နိုင်ရင်ရော”

“ကျုပ်နိုင်ရင်တော့ ခင်ဗျားတို့ငါးယောက် ကျုပ်အဘွားရဲ့သွေးဆက်ကို နှစ်တစ်ထောင် ကာကွယ်စောင့်ရှောက်ပေးပါ့မယ်လို့ တာအိုကျမ်းသစ္စာကျိန်ဆိုရမယ်” မန်ဟိုက သူ၏အာရုံစိုက်ခြင်းကို အများဆုံးခံယူသင့်ထိုက်သည်ဟု သူ မှတ်ယူထားသော အနှစ်သာရလေးခုနီးပါးခေါင်းဆောင်ကြီးကို စိုက်ကြည့်လိုက်သည်။ အပြည့်အဝ စုပ်ယူထားပြီးသော စတုတ္ထနိဗ္ဗာနသစ်သီးက သူ့အား အနှစ်သာရလေးခုနှင့်အထက် တာအိုနယ်ပယ်ပညာရှင်များကို တိုက်ခိုက်နိုင်စေမည်လား သူ အလွန်စမ်းကြည့်ချင်လေသည်။

“ဘာလို့ နှစ်တစ်ထောင်တည်းလဲ”

“ဘာလို့လဲဆိုတော့ အခုကစပြီး နှစ်တစ်ထောင်နေရင်” မန်ဟိုက အေးအေးဆေးဆေး ပြန်ဖြေသည်။ “ကျုပ် မသေသေးသရွေ့ တောင်ပင်လယ်လောကက ဘယ်သူမှ ကျုပ်ရဲ့ဆွေမျိုးတွေကို လက်ဖျားလေးနဲ့တောင် ထိတော့မှာ မဟုတ်လို့ပဲ” သူ၏စကားလုံးများက ကြားလိုက်ရသော လူများအတွက် ရိုင်းပျတင်စီးသံပေါက်သော်လည်း တာအိုနယ်ပယ်ခေါင်းဆောင်ကြီးငါးဦး၏ အမူအရာများသည် လေးနက်တင်းမာသွား၏။ ၏

ငါးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။ အမှန်အားဖြင့် သူတို့မှာ တိုက်ခိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ ထို့အပြင် မန်ဟို ကမ်းလှမ်းခဲ့သော လောင်းကြေးများက နှစ်ဦးနှစ်ဖက်အကြား တင်းမာနေမှုကို အတန်ငယ် ပြေလျော့သွားစေသည်။ ဤကိစ္စမှာ မန်မျိုးနွယ်စု၏ အတွင်းရေးဖြစ်၍ ယခုလိုကိုင်တွယ်မှသာလျှင် နှစ်ဦးနှစ်ဖက် အကျိုးရှိမည်မဟုတ်ပါလော။

“သိပ်ကောင်းတယ်” အနှစ်သာရလေးခုတာအိုနယ်ပယ်ပညာရှင်က ပြောသည်။ ထို့နောက် သူသည် ကျန်ခေါင်းဆောင်ကြီးလေးယောက်နှင့်အတူ ကြယ်တာရာကောင်းကင်သို့ တဟုန်းထိုး ပျံတက်သွား၏။ တာအိုနယ်ပယ်တိုက်ပွဲအား အောက်တွင်သာ တိုက်ခိုက်ပါက ကျန်မျိုးနွယ်ဝင်များ နားကားသွားလိမ့်မည်။ မျိုးနွယ်စုအထဲ ထိခိုက်ပျက်စီးမှုများ ဖြစ်ရလိမ့်မည်။

မန်ဟိုက သူ့အဘွားကို လှမ်းကြည့်လိုက်သည့်အခါ သူမမျက်ဝန်းထဲရှိ ဂရုစိုက်မှုနှင့် ပူပင်နေမှုကို မြင်လိုက်ရသည်။ သူက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကြယ်တာရာကောင်းကင်သို့ ထိုးတက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားတော့သည်။

ချက်ချင်းပင် မန်မျိုးနွယ်ဝင်တချို့က ကျန်မျိုးနွယ်ဝင်များလည်း တိုက်ပွဲကို ကြည့်ရအောင်  ကြယ်တာရာကောင်းကင်၏ပုံရိပ်တစ်ခုကို အောက်တွင် ပြသဖို့ မှန်သားပြင်များကို မှော်အစွမ်းများဖြင့် ဆင့်ခေါ်လိုက်ကြသည်။

သူတို့မြင်လိုက်ရသည်မှာတော့ စစ်မြေပြင်ပေါ်တွင် မန်ဟို ပေါ်လာပြီး ခေါင်းဆောင်ကြီးငါးယောက်နှင့် ငါးယောက်တစ်ယောက် ချနေသည်ကိုပင်။

မန်ဟို ရောက်လာလျှင်ချင်း ထစ်ချုန်းသံများ ကြယ်တာရာကောင်းကင်တွင် ပြည့်နှက်သွားသည်။ ပထမသွေးဆက်ခေါင်းဆောင်ကြီးသည် ကျန်လေးယောက်ထက် ပိုသွက်၏။ မုဒြာလက်ကွက်တစ်ကွက်က မီးပင်လယ်တစ်စင်းအား ဟုန်းခနဲ ထတောက်သွားစေပြီးနောက် မန်ဟို့ကို ဖမ်းချုပ်ဖို့ ထွက်သွားသော ဧရာမလက်ကြီးတစ်ဖက် အသွင်ပြောင်းသွားသည်။

အဋ္ဌမသွေးဆက်ခေါင်းဆောင်ကြီးက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း သူ့အရှေ့တွင် သူ့လက်ဖဝါးနှစ်ဖက်ကို ရိုက်ကာ လေမုန်တိုင်းကြီးတစ်လုံးအား တိုက်ခတ်သွားစေသည်။ ထိုလေမုန်တိုင်းအား သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့် သူ၏လေအနှစ်သာရမှ အားဖြည့်ပေးထား၏။ ၎င်းက တိုက်ခိုက်ရန် လည်ထွက်သွားသော လေဆင်နှာမောင်းကြီးတစ်လုံး လျင်မြန်စွာဖြစ်လာသည်။

နဝမသွေးဆက်ခေါင်းဆောင်ကြီး၏တိုက်ကွက်ကမူ အတော်လေး ထူးဆန်းလေသည်။ သူ မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်လျှင် လှိုင်းများက သူ့ခြေဖဝါးအောက်မှစ၍ ဖြာထွက်လာကာ ကြယ်တာဂရာကောင်းကင်တွင် ပြည့်နှက်သွားပြီး ဧရာမမှန်ကြီးတစ်ချပ်အား ဖြစ်ပေါ်လာစေ၏။

ထိုတိုက်ကွက်သုံးကွက်က ငါးယောက်အုပ်စုအနက် သာမန်ဖြစ်သည်။ ခေါင်းဆောင်ကြီးနှစ်ယောက် ကျန်သေးလေသည်။ တာအိုသခင်ဖြစ်လုနီးပါး တစ်ယောက်က သောင်းကျန်းနေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒပါရှိသည့် သွေးရောင်အလင်းဖြင့် တောက်ပလာသည်။

အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဤအနှစ်သာရမျိုးသည် အင်မတန်ကျင့်ကြံရခက်သော်လည်း အတိုင်းထက်အလွန် အင်အားကြီးမားသည့် အနှစ်သာရ ... သတ်ဖြတ်ခြင်းအနှစ်သာရ ဖြစ်၏။

နောက်ဆုံးခေါင်းဆောင်ကြီးကတော့ အားလုံးအထဲ အစွမ်းထက်ဆုံးပင်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ထိုသို့သွင်းလိုက်သည့်အခါ အာကာသထဲတွင် အစိမ်းရောင်အလင်းရောင်စဉ် ပေါ်ပေါက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ခန္ဓာကိုယ်ပင်လျှင် အစိမ်းရောင်ပြောင်းသွားပြီး အစိမ်းရောင်မိုးကြိုးစက်ကွင်းတစ်ကွင်းသည် သူ့ကို လှည့်ပတ်လျက် ဖြစ်တည်လာ၏။ ဤသည်ကား အစိမ်းရောင်မိုးကြိုးမှော်ကျင့်စဉ်မှတစ်ပါး အခြားမဟုတ်ပေ။

ဤကျင့်စဉ်သည် မန်မျိုးနွယ်စုတွင် အစွမ်းထက်ဆုံး တာအိုမှော်ကျင့်စဉ်ဖြစ်၏။ အစိမ်းရောင်မိုးကြိုးက အနှစ်သာရလေးခုခေါင်းဆောင်ကြီး၏ ပတ်ပတ်လည် မီတာတစ်ထောင်အထိ ပြည့်နှက်နေရာယူထားသည်။ ၎င်းသည် လေဟုန်ခွင်းလောကတွင် ဟန်ချင်းလဲ့ အသုံးပြုခဲ့သော အစိမ်းရောင်မိုးကြိုးအမျိုးအစားတော့ မဟုတ်ပေ။

မန်ဟို၏မျက်နှာထားက တစ်ချက်လေးပင် ပျက်ယွင်းသွားခြင်းမရှိ။ လက်ရှိအချိန်တွင် သူ၏စတုတ္ထနိဗ္ဗာနသစ်သီးသည် အပြည့်အဝ စုပ်ယူခံထားရပြီးပြီဖြစ်၍ သူ့အတွေးလေးတစ်ချက်နှင့်တင် ရှေးဟောင်းနယ်ပယ်တံခါးကို ဆင့်ခေါ်နိုင်သည်။ သို့သော် သူ့အနေဖြင့် ထိုသို့လုပ်ဖို့ မရည်ရွယ်ထားလျှင်သော်မှ သူ့ကျင့်ကြံခြင်းအခြေခံမှ အစွမ်းထက်လှိုင်းဂယက်များက တံခါးအား ၎င်းဆန္ဒအလျောက် ပေါ်လာကောင်း ပေါ်လာစေနိုင်သည်။

“ကောင်းပြီ” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ ရှေးဟောင်းနယ်ပယ်ထဲ မဝင်ခင် ငါ့အတိုက်အခိုက်စွမ်းရည်က ဘယ်လောက်ကြီးမားလာသလဲ စမ်းကြည့်ရတာပေါ့” ထို့နောက် သူသည် မျက်လုံးများ လင်းလက်တောက်ပနေလျက် ပထမသွေးဆက်ခေါင်းဆောင်ကြီးထံသို့ ပြေးဝင်သွား၏။ ထိုခေါင်းဆောင်ကြီးက လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ ဧရာမမီးလက်ကြီးတစ်ဖက်အား မန်ဟို့ထံ ထိုးဝင်သွားစေသည်။

ထိုလက်ကို အနှစ်သာရစွမ်းအားသက်သက်ဖြင့်သာ ဖွဲ့စည်းထား၍ တစ်ဝက်တစ်ပျက်တာအိုပညာရှင်များပင် ၎င်းဖြင့် အရိုက်ခံရပါက ပျက်စီးရသည်အထိ အင်အားကြီးမားလှသည့်အတွက် ထို့ထက်ပိုအားနည်းသော ကျင့်ကြံသူများနှင့်ပတ်သက်၍မူ ဆိုဖွယ်ရာမရှိတော့ပေ။ ၎င်းကား ဥက္ကာခဲအကြီးကြီးများကိုပင် ခြေမွပစ်နိုင်သည်။

၎င်းသည် အာကာသကို တဝှီးဝှီးဖြတ်လာရင်း မန်ဟို့အပေါ် ထိုးဆင်းလာသည်။

“ကျုပ် မမျှမတ မလုပ်ဘူး” မန်ဟိုက ပြောသည်။ “ခင်ဗျားက မီးအနှစ်သာရကို သုံးနေမှတော့ ... ကျုပ်လည်း ခင်ဗျားကို အနိုင်ယူဖို့ အဲဒါကို သုံးမယ်” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် နတ်မီးတောက်အနှစ်သာရ၏ မီးတောက်မီးလျှံများသည် မန်ဟို့ပတ်ပတ်လည်တွင် ဟုန်းခနဲ ထတောက်လာ၏။ ၎င်းက ပထမသွေးဆက်ခေါင်းဆောင်ကြီး၏ မီးအနှစ်သာရထံသို့ ဝေါခနဲ ပြေးဝင်သွားသည်။

ဤသည်မှာ မီးမှ မီးကို တိုက်ခိုက်နေခြင်းဖြစ်ပြီး မည်သူက ၎င်းကို ပို၍ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သလဲ မေးရမည့်အရာမဟုတ်ပေ။ တကယ့်မေးခွန်းက ... မည်သူ၏အနှစ်သာရက ပို၍အင်အားကြီးသနည်း။ မည်သူ၏အနှစ်သာရက ပို၍ကြောက်စရာကောင်းသနည်း။

မန်ဟိုက လက်ကို ဝှေ့ယမ်းကာ သူ့ပတ်ပတ်လည်ရှိ မီးအနှစ်သာရအား မီးတောက်များဖြင့် ဖွဲ့စည်းထားသော ဧရာမလက်သီးကြီးအသွင် ပြောင်းပြီးနောက် ပထမသွေးဆက်ခေါင်းဆောင်ကြီး၏ မီးလက်ဝါးအား ထိုးချလိုက်တော့သည်။

အုန်းးးးးးးးးးးး............

ခေါင်းဆောင်ကြီး၏ မီးလက်ဝါး ပေါက်ကွဲသွားသဖြင့် အရာအားလုံး တသိမ့်သိမ့် တုန်ခါသွားသည်။ မန်ဟို၏ နတ်မီးတောက်လက်သီးလည်း ပြိုကွဲသွားသည့်တိုင် ပြိုကွဲနေစဉ် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သော မျောက်တစ်ကောင်၏ပုံရိပ်ကို ဖော်ဆောင်လိုက်၏။

ထိုမျောက်ဟိန်းသံက ကြယ်တာရာကောင်းကင်ရှိ မီးတောက်မီးလျှံအလုံးစုံအား ယိမ်းထိုးလှုပ်ရမ်းသွားစေသည်။ ထို့နောက် နတ်မီးတောက်စွမ်းအားသည် ပထမသွေးဆက်ခေါင်းဆောင်ကြီးကို ဝါးမြိုတော့မည့်အလား ပြေးဝင်လာသော ဧရာမပါးစပ်ကြီးအဖြစ် အတူတကွ ပေါင်းစုသွား၏။ သို့သော် ၎င်း ထိုလူ့အား ဝါးမမြိုနိုင်ခင် မန်ဟိုက အေးစက်စက် နှာမှုတ်ရင်း မီးပါးစပ်ကြီးအား တုံ့ခနဲ ရပ်သွားစေသည်။ မီးပါးစပ်ကြီးသည် မကျေနပ်သည့်အလား ဟိန်းဟောက်ပြီးနောက် ဖြေးဖြေးချင်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။

ပထမသွေးဆက်မှ ခေါင်းဆောင်ကြီးမှာ သွေးတစ်ပွက်အန်ပြီးနောက် အံ့အားသင့်နေသောမျက်နှာထားဖြင့် နောက်ဆုတ်သါားသည်။ ဤသည်မှာ သူ့အတွက် တူညီသောအနှစ်သာရတစ်ခုအား ပထမဆုံးအကြိမ်ရှုံးနိမ့်သွားခြင်း ဖြစ်ပြီး မန်ဟိုသာ လူသတ်ချင်စိတ်ရှိနေပါက သူ မလွဲဧကန် အသက်နှင့်ကိုယ် အိုးစားကွဲခဲ့ချေပြီ။

“ခင်ဗျား ရှုံးပြီ” မန်ဟိုက ပြောသည်။ ထို့နောက် သူက နောက်တစ်လှမ်းလှမ်းရင်း အဋ္ဌမခေါင်းဆောင်ကြီးနှင့် သူ့ထံ ဝုန်းဒိုင်းကြဲလာနေသော လေဆင်နှာမောင်းကြီး၏ အရှေ့တည့်တည့်သို့ ရောက်သွားသည်။

“ကျုပ် လေအနှစ်သာရကို မသုံးတတ်ဘူး" မန်ဟိုက ခေါင်းကိုခါရမ်းရင်း ပြောသည်။ သူသည် တစ်ဝက်တစ်ပျက်တာအိုပညာရှင်တစ်ဦးကိုပင် အသက်နုတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ် လေဆင်နှာမောင်းကြီးအား သူ့ကို ဝင်တိုက်ခွင့်ပြုလိုက်၏။ အဆင့်တူ တာအိုနယ်ပယ်ကျင့်ကြံသူများလျှင် ထိုလေကို ကြောက်ရလိမ့်မည်။ သို့သော် ၎င်း မန်ဟို့ကို ရိုက်ခတ်လွှမ်းခြုံသွားသည့်အခါ ဒဏ်ရာအနည်းငယ် ရသွားသော်လည်း ... ထိုမျှသာ ဖြစ်လေသည်။ ထိုအခြင်းအရာက အဋ္ဌမသွေးဆက်ခေါင်းဆောင်ကြီးကို ပင့်သက်ရှိုက်လိုက်ရစေပြီး ချက်ချင်း ထွက်ပြေးစေတော့သည်။

“ငါ အရှုံးပေးတယ်” သူက ထိတ်လန့်နေသောဟန်ဖြင့် ကပျာကယာ ပြောသည်။

သူ ယခုလို ဣန္ဒြေပင် မဆည်နိုင်ဘဲ ကြောက်လန့်သွားရသည့် အဓိကအကြောင်းအရင်းမှာ ... လေဆင်နှာမောင်း၏ လေပြင်းအားကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများမှာ မန်ဟို့ခန္ဓာကိုယ်၏ အလိုအလျောက်ကုစားနိုင်စွမ်းကို မကျော်နိုင်ခြင်းပင်။ အသက်နှစ်ရှိုက်စာတည်းနှင့် ဒဏ်ရာအားလုံး .... ပျောက်ကင်းသွားခဲ့လေပြီ။

“ဘယ်လောက်ကြောက်စရာကောင်းတဲ့ အပြင်အားကိုယ်လဲ။ ဘယ်... ဘယ်လိုလုပ် ဒီလိုလေပြင်းမျိုးကို မင်း ဒီအတိုင်း ဝင်တိုက်နိုင်တာလဲ”

ထိုအချိန်တွင် မန်မျိုးနွယ်ဝင်များသည် ဧရာမှန်သားပြင်ကြီးမှတစ်ဆင့် ဖြစ်ပျက်နေသော တိုက်ပွဲကို ကြည့်ရှုနေကြလေသည်။

သူတို့သည် မန်ဟို ပထမသွေးဆက်ခေါင်းဆောင်ကြီးကို အနိုင်ယူဖို့ မီးအနှစ်သာရအား အသုံးပြုလိုက်သည်ကို ရှင်းလင်းပြတ်သားစွာ မြင်ခဲ့သလို၊ သူ၏ကြောက်ခမန်းလိလိ အပြင်အားကိုယ်ဖြင့် အဋ္ဌမသွေးဆက်ခေါင်းဆောင်ကြီး၏ လေအနှစ်သာရကို အနိုင်ယူခဲ့သည်ကိုလည်း မြင်ခဲ့ကြရ၏။

ပရိသတ်ထုကြီးအတွက်တော့ သူကား အနိုင်ယူမရသည့်လူတစ်ယောက်အလားပင်။

“အရင်တစ်ခေါက်နဲ့ ယှဉ်ကြည့်ရင် သူက ... ပိုလို့တောင် အစွမ်းထက်လာပုံပဲ”

“သူ့ကျင့်ကြံအဆင့်က ဘာ....ဘာများလဲဟေ။ ဒီလောက်ငယ်ငယ်လေးနဲ့ ... ဘယ်လိုလုပ် ဒီလောက်သန်မာရတာတုန်း”

ဤသည်မှာ မန်ဟို့အဘွားအတွက် မန်ဟို အမှန်တကယ် မည်မျှအစွမ်းထက်သည်ကို ပထမဆုံးအကြိမ်မြင်ရခြင်း ဖြစ်ပေသည်။ မှန်သားပြင်ထက်ရှိ ပုံရိပ်များကို ကြည့်နေစဉ် သူမမျက်နှာပေါ်တွင် အပြုံးပန်းတို့ ဝေဆာနေတော့သည်။

ဤအခိုက်အတန့်တွင် သူမသည် မန်မျိုးနွယ်စုထဲတွင် သူမတို့သွေးဆက် ဦးပြန်မော့လာဖို့ တာဝန်ရှိသူက မည်သူပဲဖြစ်ဖြစ် ဂရုမစိုက်တော့ပေ။ သူမဖြစ်စေ၊ မန်ဟိုဖြစ်စေ အရေးမကြီး.... သူက သူမ၏မြေးအရင်း မဟုတ်ပါလော။

All Chapters