← Chapters

ဒေါသူပုန်ထလာသောမုန်တိုင်း

Vol. 1 Ch. 5

ဒေါသူပုန်ထလာသောမုန်တိုင်း

Vol. 1 Ch. 5

ချီရွှမ်းစုသည် သူ၏ လက်ကို ဆန့်ထုတ်ကာ ကျားဆေဘာဓားရိုးကို ကိုင်ပြီး နောက်ဆုံးမှာ ပြောလိုက်၏။

“ငါ ဘယ်သူ့ကိုမှ မသတ်ချင်ခဲ့ဘူး… ဒါပေမဲ့ သတ်ရတယ်… တကယ်ဆို ငါတို့ စကားပြောပြီး ညှိနှိုင်းဆွေးနွေးသင့်တာ”

ကျိုးဖေးလုံက ဒေါသထွက်သွားပြီး ထေ့ငေါ့လိုက်၏။

“တကယ့်ဟာသပဲ…”

ချီရွှမ်းစုက ပြန်မဖြေပေ။ သူက အလွန်တရာထက်ရှသော ကျားဆေဘာကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။

မိုးက ရွာသွန်းကျဆင်းနေဆဲဖြစ်သည်။ မိုးရေစက်များသည် ခရိုင်ရုံးနှင့် ဖီးနစ်စိမ်းတပ်သားများ၏ ရှဉ့်ပျံချပ်ဝတ်ပေါ် ဆက်လက်၍ ကျဆင်းနေသည်။ မိုးရေတစ်စက်သည် ချီရွှမ်းစု၏ လက်ထဲရှိ ကျားဆေဘာအနားစောင်းပေါ်သို့ ဆင်းသက်သောအခါ နှစ်ပိုင်းကွဲထွက်ပြီး ဓားသွား၏ တစ်ဘက်တစ်ချက်စီကနေ လျှောကျသွား၏။

မိုးရေစက်နှစ်ပိုင်းသည် တစ်ခုတည်းအဖြစ် နောက်တစ်ဖန်ပေါင်းဆုံသည့်အချိန်မှာ ချီရွှမ်းစုက ဆေဘာနှင့်အတူ ရှေ့သို့ပြေးတက်သွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် နံရံတံတိုင်းပေါ်မှာ နေရာယူထားသော ဖီးနစ်စိမ်းတပ်သားများသည် သူတို့၏ ဒူးလေးများကို မောင်းဆွဲဖြုတ်လိုက်ကြသည်။ မြားများသည် ချီရွှမ်းစုရှိရာသို့ ပစ်လွှတ်ခံလိုက်ရပြီး တောက်ပသော အဖြူရောင်ရေမျဉ်းတစ်ကြောင်းဖြစ်ပေါ်လာသည်။

ချီရွှမ်းစုသည် မြားပျံတစ်စင်းထက် ပိုနှေးသော်လည်း မောင်းဖြုတ်သည့်အချိန်မှာ အမြဲတမ်း ခြေတစ်လှမ်းနောက်ကျကျန်ရစ်ခဲ့သည့် အစောင့်တပ်သားများထက် များစွာပိုမိုမြန်ဆန်သည်။ ထိုသို့ဖြင့် မောင်းဖြုတ်သံတစ်ချက်ချင်းစီနှင့်အတူ မြားတစ်စင်းချင်းစီသည် ချီရွှမ်းစု၏ နောက်ဘက် မြေပြင်ပေါ်သို့ ကျဆင်းလာ၏။ ပစ်လွှတ်လိုက်သောမြားများအားလုံးသည် မြေကြီးထဲ တစ်ပေလောက်နစ်ဝင်သွားပြီး ပေါ်ထွက်နေသော အမြီးပိုင်းများက အနည်းငယ်တုန်ခါနေသည်။

ချီရွှမ်းစုသည် မြေပြင်ကို ဖြတ်ကျော်၍ ခရိုင်ရုံး၏ ဂိတ်တံခါးရှေသို့ တုန်လှုပ်စရာကောင်းသော အလျင်အဟုန်ဖြင့် ရောက်ရှိလာသည်။

လက်ရှိ ဖီးနစ်စိမ်းတပ်သားများစွာသည် လေထဲမှာ ရေမျဉ်းတစ်ကြောင်းကိုသာ တွေ့မြင်လိုက်ရ၏။ ဤကဲ့သို့သော ဆေဘာနည်းစနစ်က ကြောက်စရာကောင်းလေသည်။

ချီရွှမ်းစုသည် ကျိုးဖေးလုံရှိရာသို့ တက်လှမ်းလာစဉ် ထိုသူသည် သူ၏ ဝမ်းဗိုက်ကို ကာဖို့အတွက် ကျားဆေဘာကို ဆွဲထုတ်လိုက်နိုင်၏။

အကျိုးဆက်အနေဖြင့် ခပ်ကြမ်းကြမ်း သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။

ချီရွှမ်းစု၏ ဆေဘာအဖျားသည် ကျိုးဖေးလုံ၏ ဓားအပြားကို ထိခတ်သွား၏။ ထိုစဉ် သူတို့နှစ်ယောက်သည် ခရိုင်ရုံးထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။

ချီရွှမ်းစုက ရှေ့သို့တက်လှမ်းနေပြီး ကျိုးဖေးလုံက နောက်သို့ဆုတ်ပေးနေရသည်။

ကျိုးဖေးလုံ၏ ခြေသလုံးနှစ်ဖက်သည် ခရိုင်ရုံးတံခါး၏ တံခါးခြေနင်းခုံကို ပစ်တိုက်ပြီး ၎င်းက ကျိုးပဲ့ထွက်သွား၏။ သူ၏ ခြေဖဝါးနှစ်ဖက်သည် အပြာရောင်ကျောက်သားကြမ်းပြင်မှာ လျှောတိုက်ပြီး မြင်နိုင်သော အစင်းကြောင်းရာနှစ်ခုကို ကျန်ရစ်ခဲ့စေ၏။ သူ၏ နောက်ကျောသည် ပုဏ္ဏားကွယ်နံရံနှင့် ပစ်တိုက်မိမှသာ သူက ရပ်တန့်သွားပြီး နံရံပေါ်မှာ ပင့်ကူအိမ်လို အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။

ဤတစ်ခေါက်မှာ သူတို့နှစ်ယောက်သည် သုံးပေထက် ပိုမကွာတော့ပေ။ ချီရွှမ်းစုသည် အလင်းရောင်ကိုကျောပေးကာ ရပ်နေပြီး သူ၏ ဝါးခမောက်အရိပ်အောက်မှာ သူ့မျက်နှာက လုံးလုံးလျားလျား ကွယ်နေ၏။

ကျိုးဖေးလုံသည် ရုတ်တရက်ရောက်ရှိလာသည့် ဤလူငယ်ကို တင်းမာခက်ထန်စွာစိုက်ကြည့်ပြီး မှတ်ချက်ပြုလိုက်၏။

“မင်းက အစွမ်းအစရှိသားပဲ”

ချီရွှမ်းစုက ပြန်မဖြေဘဲ ရှေ့သို့ခြေတစ်လှမ်းယူကာ ပစ်တိုက်လိုက်၏။

ပုဏ္ဏားကွယ်နံရံက ကြေမွပျက်စီးသွားပြီး အကျိုးအပဲ့အစအနများအားလုံးက အဘက်ဘက်ကို ပြန့်ကျဲသွား၏။ ချီရွှမ်းစုနှင့် ကျိုးဖေးလုံက လူချင်းပြန်ကွာသွားကြသည်။

ချီရွှမ်းစုသည် နဂိုနေရာမှာပင် မတ်တတ်ရပ်ကျန်နေခဲ့၏။ ဆတ်ခနဲလှုပ်ခါမှုနှင့်အတူ ကျားဆေဘာ၏ ဓားသွားက လှပစွာတုန်ခါသွား၏။ တစ်ချိန်တည်းမှာပင် ဓားသွားပေါ်မှာကပ်ငြိနေသည့် မိုးရေစက်များက ဖွားခနဲစင်ထွက်သွားသည်။

ကျိုးဖေးလုံသည် ပုဏ္ဏားကွယ်နံရံမှာ ရပ်နေခဲ့သော သူ့နေရာကနေ ပေ ၁၀၀ လောက် နောက်သို့လျှောတိုက်ပြီး ကြမ်းပြင်ပေါ်မှာ အိုင်ထွန်းနေသည့်ရေများက ဖိတ်စင်ပြန့်ကျဲသွားသည်။

အမျိုးသားနှစ်ဦးသည် အလျှော့မပေးလိုဘဲ မိုးရေထဲမှာ မတ်တတ်ရပ်နေကြသည်။ သို့သော်လည်း သူတို့နှစ်ဦးကြား ဘယ်သူက အသာစီးရရှိနေသည်မှာ သိသာနေ၏။ ချီရွှမ်းစုသည် တိုက်ခိုက်မှုမှာ အသာစီးရရှိထားသော်လည်း သူသည် ကျိုးဖေးလုံကို ထိခိုက်အောင်မလုပ်နိုင်သေးပေ။

ကျိုးဖေးလုံသည် သူ၏ လက်ကို ဆန့်ထုတ်၍ ဆုတ်ပြဲသွားသော သူ၏ ဝတ်စုံကို ဖြဲထုတ်လိုက်ပြီး အောက်ဘက်မှာ ပျော့ပျောင်းနက်မှောင်သော ချပ်ဝတ်က ပေါ်ထွက်လာ၏။ ချပ်ဝတ်၏ အကြေးခွံများသည် ရေစိုနေသည့်အချိန်မှာ စိုထိုင်းထိုင်းအရောင်ဖြင့် တလက်လက်တောက်ပနေသည်။

၎င်းသည် အကြေးခွံ ၃၆၀ ဖြင့် ဖွဲ့စည်းထားသော နွားရိုင်းနဂါးချပ်ဝတ်ဖြစ်သည်။ အကြေးခွံတစ်ခုချင်းစီက နှစ်လက်မနီးပါးရှိပြီး ကတ်ထူစက္ကူတစ်ရွက်ထက်အနည်းငယ်ပိုထူလေသည်။

ရှဉ့်ပျံချပ်ဝတ်သည် သာမန်လက်နက်များ၊ ထိုးချက်များနှင့် ကန်ချက်များကိုသာ ခုခံတားဆီးပေးနိုင်၏။ ၎င်းသည် ပညာရှင်တစ်ဦးထံမှ ချီကို တားဆီးနိုင်ခြင်းမရှိသော်လည်း နွားရိုင်းနဂါးချပ်ဝတ်သည် ချီဖြင့် ထိတွေ့ရိုက်ခတ်မှုကို တုံ့ပြန်ကာကွယ်ဖို့ အထူးပုံစံဖော် ပြုလုပ်ထားသည်။ သူတို့နှစ်ယောက် ယခုတိုက်ခိုက်လိုက်စဉ် ချီရွှမ်းစု၏ ချီသည် အခန်းနံရံကို ကြေမွပျက်စီးသွားစေသော်လည်း ၎င်းသည် ကျိုးဖေးလုံ၏ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ပေ။

ကျိုးဖေးလုံသည် အနည်းငယ်အရှက်ရသွားသော်လည်း သူက ထိခိုက်ဒဏ်ရာ မရရှိသေးပေ။

ကျိုးဖေးလုံ၏ မျက်လုံးများက သုန်မှုန်လာပြီး သူက ခံစစ်ပုံစံဖြင့် သူ၏ ကျားဆေဘာကို ကိုင်မြှောက်လိုက်၏။

ချီရွှမ်းစုသည် ကြီးမားသောခြုံထည်ကို သူ့ခန္ဓာကိုယ်ပေါ်ကနေဆွဲခွာပြီး ၎င်းကို သူ့ခြေရင်း ဗွက်အိုင်ထဲသို့ ပစ်ချလိုက်၏။ သူက ကျားဆေဘာနှင့်အတူ ရှေ့သို့အလျင်အမြန် ပြေးတက်သွားသည်။ ဓားသွားက လျင်မြန်စွာတုန်ခါနေပြီး ၎င်းပေါ်သို့ ကျဆင်းလာသော မိုးရေစက်များက သေးငယ်သောရေမှုန်များအဖြစ် ကွဲထွက်သွားသည်။

သူတို့နှစ်ယောက်သည် တူညီသောဆေဘာကို ကိုင်ဆွဲထားကြသော်လည်း သူတို့၏ ဆေဘာနည်းစနစ်များက လုံးလုံးလျားလျား ကွဲပြားခြားနားနေကြ၏။

ကျိုးဖေးလုံ၏ ဆေဘာသည် ရက်စက်၍ ကြမ်းကြုတ်ခက်ထန်သော မြွေဟောက်တစ်ကောင်ကဲ့သို့ လှုပ်ရှားနေ၏။ အခြားတစ်ဘက်မှာတော့ ချီရွှမ်းစု၏ နည်းစနစ်သည် တဲ့တိုးဆန်နေသည်။ ၎င်းသည် သဘောကျစရာမကောင်းဘဲ ခန့်မှန်းရခက်သော လှုပ်ရှားကွက်များလည်း မပါဝင်ပေ။

ဆေဘာနှစ်လက်သည် မိုးရေလိုက်ကာကို ဖြတ်ကျော်ပြီး လေထဲတွင် စက်ဝန်းသဏ္ဍာန်ရေမျဉ်းကြောင်းတစ်ခု ရေးဆွဲကာ ထိတွေ့ရိုက်ခတ်သွားကြ၏။

ထိတွေ့ရိုက်ခတ်မှုကနေ သန်မာသောချီတစ်ခု ဖြာထွက်ပြီး မိုးရေလိုက်ကာကို အဖြူရောင်မြူခိုးတစ်ခုအဖြစ် ပြောင်းလဲသွားစေ၏။

နောက်ခဏ၌ ကျိုးသွားသောဓားသွားတစ်ပိုင်းသည် မိုးရေလိုက်ကာကို ဆုတ်ဖြဲပြီး ပင်မခန်းမ၏ နံရံမှာ တန်းလန်းစိုက်သွားသည်။

ကျိုးဖေးလုံထံမှ အင့်ခနဲအသံထွက်လာပြီး သူက နောက်သို့ ဒယီးဒယိုင်ဆုတ်ခွာသွားရ၏။ ဓားကျိုးဖြင့်ခတ်သွားသော သူ့ပါးပြင်ပေါ် အရှည်တစ်လက်မသာသာ ဒဏ်ရာကနေ သွေးများက စီးကျလာ၏။

သူသည် နောက်ဆုတ်နေသောခြေလှမ်းကို ရပ်တန့်လိုက်ပြီးနောက် ဓားသွားတစ်ပိုင်းသာကျန်တော့သည့် သူ့လက်ထဲက ကျားဆေဘာကို မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်၏။

သူတို့နှစ်ယောက်ကြားတိုက်ခိုက်မှုက နှေးကွေးသည်ဟု ထင်ရသော်လည်း အရာအားလုံးသည် တစ်ခဏအတွင်း ဖြစ်ပွားခဲ့သည်။ ထိုအခိုက်အတန့်မှာ ခရိုင်ရုံး၏ အပြင်ဘက်မှာရှိသော ဖီးနစ်စိမ်းတပ်သားများက ပြေးဝင်လာနေကြပြီဖြစ်သည်။

ဆက်သွယ်ပြောဆိုခြင်း သို့မဟုတ် အမိန့်ပေးခြင်းမရှိဘဲ ဖီးနစ်စိမ်းတပ်သားများသည် သူတို့၏ ဒူးလေးများကို ပြိုင်တူကိုင်မြှောက်ကာ ချီရွှမ်းစု၏ နောက်ကျောကို ချိန်ရွယ်၍ မောင်းခလုတ်ဆွဲဖြုတ်လိုက်ကြ၏။

သိပ်သည်းသောမြားမိုးက ကျဆင်းလာပြီး ချီရွှမ်းစုကို မလှုပ်ရှားနိုင်စေရန် သူ၏ ဘေးပတ်လည်မှာရှိသော နေရာလွတ်များအားလုံးနီးပါးကို ပိတ်ဆို့လိုက်၏။ သို့သော် ဤတစ်ခေါက်မှာ ချီရွှမ်းစုက ရှောင်တိမ်းဖို့စိတ်ကူးမရှိပေ။

သူက အသက်ကိုရှူသွင်းပြီး ပြန်ထုတ်လိုက်ရုံသာဖြစ်သည်။

ချီလုံးတစ်လုံးသည် ချီရွှမ်းစု၏ ခန္ဓာကိုယ်ထဲကနေ ပြင်းထန်ကြမ်းတမ်းသော ဒီရေလှိုင်းတစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ ချီသည် သူ့ကို ချိန်ရွယ်လာသည့် ဒူးလေးမြားများအားလုံးကို လွယ်လင့်တကူ လမ်းကြောင်းပြောင်းသွားစေပြီး သူ၏ အဝတ်စထောင့်ကိုပင် မခြိမ်းခြောက်နိုင်စေခဲ့ပေ။

ဤနည်းစနစ်သည် ချီဒိုင်းကာဟု လူအများခေါ်ဆိုလေ့ရှိသည့်အရာဖြစ်သည်။

ချီရွှမ်းစုသည် ဗွက်အိုင်ကိုနင်းပြီး ကိုယ်ကိုလှည့်ကာ သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ခါထုတ်လိုက်၏။ ရေစက်များသည် သူ၏ နောက်ဘက်ရှိ ဖီးနစ်စိမ်းတပ်သားများရှိရာသို့ ဒူးလေးမြားများထက် မလျော့ကျသောအလျင်အဟုန်ဖြင့် ပျံသန်းသွားသည်။

ရှေ့ဆုံမှာရှိသော ဖီးနစ်စိမ်းတပ်သားများသည် ထောင်ထားသောအရုပ်များကို ရိုက်ချလိုက်သလို ချက်ချင်းပင် လဲပြိုကျသွားကြ၏။

ချီရွှမ်းစုသည် သူ၏ နောက်ဘက်မှာရှိသော ဖီနစ်စိမ်းတပ်သားများကို အာရုံစိုက်မနေဘဲ ဆေဘာနှင့်အတူ ကျိုးဖေးလုံရှိရာသို့ ဆက်လက်၍ ပြေးဝင်သွားသည်။

ဤသည်က ချီရွှမ်းစု၏ တတိယမြောက် တိုက်ခိုက်မှုဖြစ်သည်။

ဤမတိုင်ခင်က သူ၏ ပထမတိုက်ခိုက်မှုသည် ပုဏ္ဏားကွယ်နံရံကို ကြေမွပျက်စီးသွားစေပြီး သူ၏ ဒုတိယမြောက်တိုက်ခိုက်မှုသည် ကျိုးဖေးလုံ၏ ကျားဆေဘာကို ကျိုးသွားစေခဲ့သည်။

ဤတစ်ခေါက်မှာ သူ၏ တတိယမြောက်တိုက်ခိုက်မှုသည် ကျိုးဖေးလုံ၏ နွားရိုင်းနဂါးချပ်ဝတ်ကို ကွဲထွက်သွားစေ၏။

ကျိုးဖေးလုံ၏ ရင်ဘတ်ကနေ သွေးမြူတစ်ခုပေါက်ကွဲထွက်ပေါ်လာပြီး ခရိုင်ရုံး၏ ပင်မခန်းမထဲသို့ ဒယီးဒယိုင်ဆုတ်ခွာသွားရသည်။ နောက်ဆုံးမှာတော့ သူ့ဆေဘာဓားသွားကျိုးနှင့်ကပ်လျက် ပင်မခန်းမ၏ နံရံနှင့် ပစ်တိုက်မိသွားသည်။

ကျိုးဖေးလုံသည် ချီရွှမ်းစု၏ လက်ထဲရှိ ကျားဆေဘာကို မော့ကြည့်လိုက်စဉ်မှာ ဓားသွား၏ ဘေးပတ်လည်တွင် ခန့်မှန်းရခက်စွာ ရစ်သိုင်းနေသည့် အဖြူရောင်အလင်းတစ်ခုကို သတိထားမိသွား၏။

ကျိုးဖေးလုံ၏ မျက်လုံးက ပြူးကျယ်သွားပြီး အံ့အားတသင့်မေးလိုက်၏။

“အဲဒါ… ဓားချီလား”

ဓားချီသည် ချီစုဖွဲ့ပညာရပ်တစ်ခုဖြစ်ပြီး ၎င်းကို ဓားကိုယ်ထည်၏ အပြင်ဘက်မှာ ထုတ်ဖော်နိုင်သည်။ ကျိုးဖေးလုံသည် မည်သည့်အနှောက်အယှက်မှမရှိဘဲ အသက်ရှူလေ့ကျင့်ခန်းလုပ်သည့်အချိန်မှသာ ဓားချီတစ်စွန်းတစ်စကို စုဖွဲ့နိုင်၏။ အခြားသူများနှင့် တိုက်ခိုက်ရသော ပြင်းထန်ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုမှာ ကျိုးဖေးလုံသည် ဓားသွားတစ်ခုလုံးမှာ လှည့်ပတ်စီးဆင်းနေသည့် ချီရွှမ်းစုထုတ်ဖော်ထားသော သိပ်သည်းပြင်းထန်သည့် ချီမျိုးကိုမပြောနှင့် သူသည် မည်သည့်ဓားချီကိုမှ ထုတ်ဖော်ရလောက်အောင် အာရုံမစိုက်နိုင်ပေ။

ကျိုးဖေးလုံက သူ့ဘာသာသူတွေးလိုက်၏။

‘ဒီလူက ရှန်းထျန်သက်ရှိလား’

ထာဝရရှင်သန်မှုသို့ သွားရာ တာအိုလမ်းကြောင်းမှာ ဟောက်ထျန်သက်ရှိ၊ ရှန်းထျန်သက်ရှိနှင့် ကောင်းကင်ဘုံသက်ရှိဟူ၍ အဆင့်ကြီးသုံးဆင့်ရှိသည်။

ဟောက်ထျန်သက်ရှိများကို သာမန်ကျင့်ကြံမှုနှင့် ပေါင်တန်ကျင့်ကြံမှုဟူ၍ နှစ်ဆင့်ခွဲထားသည်။ ဟောက်ထျန်သက်ရှိများသည် တာအို၏ အစစ်အမှန်သဘောတရားကို နားလည်ဆင်ခြင်ခြင်းမရှိဘဲ ဖြတ်လမ်းနည်းကိုသုံးကာ သူတို့၏ ကျင့်ကြံရေးခရီးကို စတင်လေ့ရှိကြလေသည်။ အသက်အရွယ်ရလာသည့်အခါ သူတို့၏ ကိုယ်ကာယခန္ဓာများက အားနည်းလာပြီး သူတို့၏ စိတ်ဝိညာဉ်များက နွမ်းလျလာပေလိမ့်မည်။ သူတို့၏ အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူတို့ထဲ မည်သူကမှ သေခြင်းတရားကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ရှန်းထျန်သက်ရှိများသည် အဆင့်မြင့်တာအိုကို နားလည်ဆင်ခြင်ထားခြင်းမရှိသော်လည်း သူတို့သည် တာအိုမှာ ကျွမ်းကျင်တတ်မြောက်မှုတချို့ ရရှိထားကြ၏။ သူတို့၏ ယုံကြည်သက်ဝင်မှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုက ဘယ်တော့မှ ပြောင်းလဲမသွားတတ်ပေ။ သူတို့၏ စိတ်ဝိညာဉ်များသည် ပိုမိုရှင်းလင်းလာပြီး သူတို့၏ ကိုယ်ကာယခန္ဓာများက ပိုမိုသန်မာလာပေလိမ့်မည်။ ထိုသို့ဖြင့် သူတို့သည် သာမန်နာမကျန်းမှုများနှင့် ကြုံတွေ့ရတော့မည် မဟုတ်ပေ။

ကောင်းကင်ဘုံသက်ရှိများသည် အင်မော်တယ်တစ်ပိုင်း လူသားတစ်ပိုင်းများဖြစ်ပြီး အတောင်ပံများမရှိဘဲ တိမ်စိုင်များကြားမှာပင် ပျံသန်းနိုင်စွမ်းရှိကြ၏။ သူတို့သည် နဂါးများကိုစီးနင်းပြီး ကောင်းကင်ဘုံလှေကားထစ်များကို တတ်လှမ်းနိုင်ကြသည်။ သူတို့သည် ငှက်များအဖြစ်ပြောင်းလဲပြီး တိမ်စိုင်များကြားမှာ လွင့်မျောနိုင်ကြသည်။ သူတို့သည် ပင်လယ်ထဲမှာ ငုပ်လျှိုးပြီး ကြီးမားသောတောင်တန်းများကို ကျော်လွှားနိုင်ကြသည်။ သူတို့သည် မူလချီနှင့် အင်မော်တယ်ဆေးပင်များကိုလည်း မှီဝဲနိုင်ကြလေသည်။

ကောင်းကင်ဘုံသက်ရှိများသည် အခြားသူများမှတ်မိသိရှိခြင်းမရှိဘဲ မော်တယ်လောကမှာ သွားလာပြီး လူမြင်ကွင်းကနေ ပုန်းရှောင်နိုင်ကြ၏။ ကောင်းကင်ဘုံသက်ရှိတချို့သည် အရိုးအပိုများ သို့မဟုတ် ပုံမှန်မဟုတ်သော အမွေးအမှင်များနှင့် ထူးဆန်းသည့်ပုံပေါ်နေတတ်၏။ ထိုသို့ဖြင့် ကောင်းကင်ဘုံသက်ရှိအများစုသည် တိတ်တဆိတ်နေထိုင်တတ်ပြီး မော်တယ်များနှင့် ပတ်သက်လေ့မရှိကြပေ။

သာမန်နေရာများတွင် ကောင်းကင်ဘုံသက်ရှိများ ပေါ်ထွက်မလာတတ်ပေ။ ထိုသို့ဖြင့် ရှန်းထျန်သက်ရှိများကို မော်တယ်လောကတွင် များသောအားဖြင့် စွမ်းအားအကြီးမားဆုံး သက်ရှိများဟု ဆိုနိုင်သည်။

ချီရွှမ်းစုက ပြန်မဖြေဘဲ ရေလိုက်ကာကို ဖြတ်ကျော်ပြီး ပင်မခန်းမထဲသို့ ဝင်ရောက်လာ၏။

သူ၏ စတုတ္ထမြောက်တိုက်ခိုက်မှုက သတ်ဖြတ်ဖို့ကို ရည်ရွယ်သည်။

ကျိုးဖေးလုံ၏ မြင်ကွင်းထဲမှာ အလင်းရောင်တစ်ခုက အလျင်အမြန်ကြီးမားလာ၏။ ကျားဆေဘာ၏ အဖျားက သူ့ထံသို့ ချဉ်းကပ်လာနေခြင်းဖြစ်သည်။

ကျိုးဖေးလုံသည် ဘာလုပ်လို့ဘာကိုင်ရမည် မသိတော့ပေ။

ဤတိုက်ခိုက်မှုသည် အရမ်းကိုမြန်ဆန်တိကျပြီး ကျိုးဖေးလုံ၏ စိတ်ကူးစိတ်သန်းထက် များစွာကျော်လွန်နေ၏။ ကျိုးဖေးလုံသည် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ နည်းလမ်းများကို ကြံဆကြည့်သော်လည်း နောက်ဆုံးမှာတော့ ဘာမှမလုပ်နိုင်ခဲ့ပေ။

သို့သော်လည်း အမျက်ဒေါသနှင့်အတူ ကျိုးဖေးလုံသည် အသေအကြေတိုက်ခိုက်ဖို့အတွက် ရုတ်တရက် ရုန်းကန်ပေါက်ကွဲစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။ ချီရွှမ်းစု၏ ဓားသွားက ကျိုးဖေးလုံ၏ ရင်ဘတ်ကို ထိုးဖောက်တော့မည့်ဆဲဆဲမှာ သူသည် သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး အစွမ်းကုန်ဖြင့် တစ်ဘက်သူ၏ ရင်ဘတ်ကို ပစ်ထိုးလိုက်၏။ ကျောက်တုံးတစ်တုံးကို နှစ်ပိုင်းကွဲထွက်စေနိုင်သည့်အင်အားဖြစ်သည်။

စုံထိုးချက်နှင့်အတူ ချီရွှမ်းစု၏ ခန္ဓာကိုယ်က ပြင်းထန်စွာလှုပ်ခါသွားသော်လည်း သူ၏ ဆေဘာက ရပ်တန့်သွားခြင်းမရှိဘဲ ကျိုးဖေးလုံ၏ ရင်ဘတ်ထဲသို့ လွယ်လင့်တကူ ထိုးဖောက်ဝင်ရောက်သွား၏။

ချီရွှမ်းစုသည် သူ၏ ဆေဘာကိုင်လက်ကောက်ဝတ်ကို လှုပ်ခါပြီး ရှင်သန်ဖို့အတွက် မည်သည့်မျှော်လင့်ချက်မှ မကျန်ရှိစေရန် ကျိုးဖေးလုံ၏ နှလုံးနှင့် အဆုတ်ကို ခြေမွှဖျက်ဆီးပစ်လိုက်၏။ ချီရွှမ်းစုက သူ၏ ဆေဘာကို ပြန်ဆွဲနုတ်လိုက်သည့်အချိန်မှာ ကျိုးဖေးလုံ၏ သွေးများက ဖိတ်စင်ပြန့်ကျဲသွားသည်။

မတိုက်ခိုက်ခင် မအီမသာခံစားနေခဲ့ရသော ဖီးနစ်စိမ်းတပ်ဖွဲ့၏ လက်ထောက်တပ်မှူးသည် ဖုန်ထိုက်ခရိုင်ထဲမှာ သူ၏ ဘဝသည် ဤကဲ့သို့ ယတိပြတ်အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ကျိုးဖေးလုံသည် အချိန်ကို နောက်ပြန်ဆုတ်လို့ရမည်ဆိုလျှင် သူသည် ဖုန်ထိုက်ခရိုင်သို့ လာရောက်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ နောက်ဆုံးထွက်သက်မှာ သူ့ကို သတ်ဖြတ်ခဲ့သည့် ချီရွှမ်းစုကို မုန်းတီးမသွားခဲ့ပေ။ မည်သို့ပင်ဆိုစေ တစ်ခါတစ်ရံမှာ လူတစ်ယောက်၏ သေခြင်းရှင်ခြင်းက ကံပါလာခဲ့ပြီးသားဖြစ်သည်။ သူသည် သူ့ပြိုင်ဘက်ထက် အစွမ်းအစနိမ့်ကျခြင်းကြောင့်သာ သေခြင်းတရားနှင့်ရင်ဆိုင်ရခြင်းဖြစ်သည်။ သူ့ရင်ထဲတွင် အလွန်အကျွံမုန်းတီးမိနေသည်မှာ ကူညီပေးဖို့အတွက် တစ်ချိန်လုံးပေါ်ထွက်မလာခဲ့သော သူ၏ လုပ်ဖော်ကိုင်ဖက် လီစန်ရှင်းကိုဖြစ်သည်။

ကျိုးဖေးလုံ၏ ရင်ထဲမှာ ထိုလူကို အရှင်လတ်လတ်အရေခွံဆုတ်ပစ်ချင်စိတ်သာ ဖြစ်ပေါ်နေခဲ့သည်။

All Chapters