သွေးသံရဲရဲမုန်တိုင်း
Vol. 1 Ch. 4
ခရိုင်အုပ်ချုပ်ရေးရုံးနားသို့ ချီရွှမ်းစု ချဉ်းကပ်လာစဉ် လူတစ်ယောက်သည် သူ၏ ပုံစံမကျသော တည်ရှိမှုကို နောက်ဆုံးမှာ သတိထားမိသွား၏။ မိုးကာခြုံထည်များကို ဝတ်ဆင်ထားသည့် ဖီးနစ်စိမ်းတပ်သားသုံးဦးက သူ၏ လမ်းကို ပိတ်ဆို့တားဆီးလိုက်သည်။
ဦးဆောင်လာသူအကြပ်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အော်ပြောလိုက်၏။
“ဒီနေရာကို ဖီးနစ်စိမ်းတပ်ဖွဲ့က ပိတ်ဆို့ထားတယ်… အခုချက်ချင်း နောက်ပြန်ဆုတ်စမ်း”
(အကြပ် - ယခုခေတ်တပ်ကြပ်နှင့် ဆင်တူသောရာထူး။)
ချီရွှမ်းစုက အေးဆေးတည်ငြိမ်သောလေသံဖြင့် မေးလိုက်၏။
“အထဲမှာ လီဟုန်ဝမ်ရှိတယ်မလား”
သူ့အသံသည် မိုးသံများကြားမှာ ဖီးနစ်စိမ်းတပ်သားများ ကောင်းကောင်းကြားရလောက်အောင် ကျယ်လောင်သည်။
ဖီးနစ်စိမ်းတပ်သားများက ထိတ်လန့်သွားပြီး ချက်ချင်းပင် သူတို့၏ ဆေဘာများကို ပြိုင်တူဆွဲထုတ်လိုက်ကြသည်။
ဤသာမန်အစောင့်တပ်သားများသည် ကျားဆေဘာကို ကိုင်ဆောင်နိုင်အောင် ရာထူးမြင့်မားခြင်းမရှိဘဲ သိုးဆေဘာကိုသာ ကိုင်ဆွဲကြရသည်။ ဦးဆောင်လာသော အစောင့်တပ်သားက အကြပ်တစ်ဦးဖြစ်သော်လည်း သူသည်လည်းပဲ ကျားဆေဘာကို ကိုင်ဆောင်နိုင်ခြင်းမရှိပေ။
ကျိုးဖေးလုံနှင့် လီစန်ရှင်းတို့က လက်ထောက်တပ်မှူးများဖြစ်ကြသည်။ သို့သော်လည်း ကျိုးဖေးလုံသည် လက်ထောက်တပ်မှူးနေရာကို ရရှိဖို့အတွက် သူ၏ တစ်ဘဝလုံးကို မြှုပ်နှံထားခဲ့ရပြီး နောက်ဆုံးတွင် လက်ရှိရာထူးမှာ မြဲသွားခဲ့သည်။
တစ်ဘက်မှာတော့ အသက်သုံးဆယ်ကျော်ကျော်အရွယ်သာရှိသည့် လီစန်ရှင်းသည် လက်ထောက်တပ်မှူးတစ်ဦးဖြစ်လာခဲ့ပြီဖြစ်ပြီး သူသည် နောက်နှစ်မှာ တပ်မှူးတစ်ဦးအဖြစ် ရာထူးတိုးမြှင့်ခံရမည်ဟူသော ကောလာဟလများပင် ထွက်နေ၏။ သူတို့နှစ်ယောက်ကြားမှာ မည်သူက မျက်နှာသာပိုပေးခံရသည်က သိသာထင်ရှားနေ၏။
ရှဉ့်ပျံချပ်ဝတ်ကိုဝတ်ဆင်ပြီး သိုးဆေဘာကို ကိုင်ဆွဲထားသည့် ဖီးနစ်စိမ်းတပ်သားသုံးဦးသည် ချီရွှမ်းစုရှိရာသို့ ပြေးဝင်လာကြသည်။ အကြပ်ခေါင်းဆောင်က ရှေ့ကနေလာပြီး လက်ထောက်နှစ်ဦးက ဘေးကနေ ခြံရံကာ စနစ်တကျနေရာယူထားသည်။
ကံဆိုးစွာနှင့်ပင် သူတို့၏ ပြိုင်ဘက်က ချီရွှမ်းစုဖြစ်နေသည်။
အကြပ်သည် ချီရွှမ်းစု၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်သော်လည်း ချီရွှမ်းစုသည် တိုက်ခိုက်မှုကို ဘေးတိုက်ရွှေ့ကာ ရှောင်တိမ်းပြီး အကြပ်၏ ဆေဘာကိုင်လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။ ချီရွှမ်းစုက ခပ်တင်းတင်းဖမ်းညှစ်လိုက်စဉ် အကြပ်ခေါင်းဆောင်၏ လက်ချောင်းများက ပြေလျော့သွားပြီး သိုးဆေဘာက လွတ်ကျသွားသည်။
ချီရွှမ်းစုသည် ကျဆင်းလာသော သိုးဆေဘာကို ဖမ်းယူပြီး အခြားသောဖီးနစ်စိမ်းတပ်သားနှစ်ဦးဆီ ခုတ်ပိုင်းလိုက်ကာ သူတို့ကို နောက်သို့ဒယီးဒယိုင်ဆုတ်ခွာသွားစေ၏။ ချီရွှမ်းစုက ရှေ့သို့တက်လှမ်းပြီး သူ၏ ဆေဘာကို ဆုံးရှုံးသွားသည့် အကြပ်ခေါင်းဆောင်ဘေးကနေ ဖြတ်လာသည်။
နောက်ခဏ၌ အကြပ်ခေါင်းဆောင်၏ ဝမ်းဗိုက်အောက်ပိုင်းက ပွင့်ထွက်သွားပြီး သူ၏ ကလီစာများက အောက်သို့ ကျဆင်းလာ၏။ သူသည် လက်နှစ်ဖက်ဖြင့် ဝမ်းဗိုက်အောက်ပိုင်းကို အုပ်ကိုင်ပြီး ဖြည်းဖြည်းချင်း ဒူးထောက်ကျသွားသည်။ သူ့မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုနှင့်အတူ သေအံဆဲဆဲအခြေအနေသို့ ကျရောက်သွား၏။ သူ၏ သွေးများသည် သည်းထန်သော မိုးရေများကြားမှာ အလျင်အမြန်ပျောက်ကွယ်သွားသည်။
လက်ထောက်နှစ်ဦးက ဤမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တကြားဖြစ်သွားကြသည်။
ရှဉ့်ပျံချပ်ဝတ်သည် ဤဆေဘာနှင့် ရင်ဆိုင်ရာမှာ စက္ကူရွက်များကဲ့သို့ဖြစ်နေသည်။
လက်ထောက်နှစ်ဦးက သူတို့၏ တုန်လှုပ်မှုကနေ ပြန်လည်သတိမကပ်နိုင်ခင် ချီရွှမ်းစုက သူတို့ထံသို့ ပြေးဝင်လာပြီဖြစ်သည်။
သိုးဆေဘာ၏ ဓားသွားသည် မိုးရေလိုက်ကာကို ဆုတ်ဖြဲပြီး ကျဆင်းလာသော မိုးစက်များကို နှစ်ပိုင်းကွဲထွက်သွားစေ၏။ မိုးရေစက်များသည် မိုးရေလိုက်ကာမှာ မျက်စိဖြင့်မြင်နိုင်သော မျဉ်းတစ်ကြောင်းကို ဖြစ်ပေါ်လာစေ၏။
ချီရွှမ်းစုသည် လက်ထောက်နှစ်ဦးဘေးကနေ ဖြတ်လာပြီးနောက် သူတို့၏ လည်ပင်းများပေါ်မှာ တောက်ပသော အနီရောင်အစင်းကြောင်းတစ်ခုစီ ပေါ်ထွက်လာလေသည်။ သူတို့၏ ဒဏ်ရာများကနေသွေးများက စီးကျလာ၏။
လက်ထောက်နှစ်ဦးသည် သူတို့၏ သိုးဆေဘာများကို လွှတ်ချ၍ သူတို့၏ လည်ပင်းများကို အုပ်ကိုင်ကာ မြေပြင်ပေါ်သို့ လဲပြိုကျသွား၏။ သေခြင်းတရားနှင့်ရင်ဆိုင်ရတော့မည်ကို လက်မခံလိုဘဲ သူတို့၏ မျက်လုံးများက ပြူးကျယ်နေ၏။
ချီရွှမ်းစုသည် ဖီးနစ်စိမ်းအစောင့်တပ်သားသုံးခုကို သတ်ဖြတ်ပြီးနောက် နေရာမှာတင် မတ်တတ်ရပ်နေဆဲဖြစ်သည်။
မိုးသံက ကျယ်လောင်သော်လည်း ရေဗွက်အိုင်များကို နင်းဖြတ်လာသည့် ခြေသံများကို ချီရွှမ်းစုက ကြားနေရဆဲဖြစ်သည်။
ချီရွှမ်းစုသည် ဝါးခမောက်ကနေ ကျဆင်းနေသည့် မိုးရေလိုက်ကာကို ဖြတ်ကျော်ကြည့်ပြီး လမ်းမရှည်၏ အခြားတစ်ဘက်ကနေ သူ့ထံသို့ ချီတက်လာနေသည့် အစောင့်တပ်သားများစွာကို ထောက်လှမ်းမိသွားသည်။
ဖီးနစ်စိမ်းတပ်ဖွဲ့၏ တပ်စုတစ်စုက ရောက်ရှိလာလေပြီ။
ချီရွှမ်းစုသည် သိုးဆေဘာကို ရှေ့သို့ပစ်ထုတ်လိုက်ပြီး ၎င်းသည် လေကိုခွင်းကာ မိုးရေလိုက်ကာကို ဆုတ်ဖြဲပစ်လိုက်၏။
ဆေဘာသည် ရှေ့ကနေ ဦးဆောင်လာသော တပ်သားများထဲမှတစ်ယောက်၏ ရင်ဘတ်ကိုထိုးဖောက်ပြီး ထိုသူက ဒယီးဒယိုင်ဖြင့် ဆေဘာနှင့်အတူ နောက်သို့ပါသွားကာ သူ၏ ရဲဘော်ရဲဘက်ကို ပစ်တိုက်မိသွား၏။
သိုးဆေဘာသည် အရင်ဆုံးအစောင့်တပ်သား၏ ရင်ဘတ်ထဲ ဓားရိုးအထိ နစ်ဝင်သွားပြီး သူ့နောက်မှာရှိသော ဒုတိယအစောင့်တပ်သားကို ထိုးဖောက်သွားပြန်သည်။ ဆေဘာအဖျားသည် ဒုတိယမြောက်အစောင့်တပ်သား၏ နောက်ကျောကနေ ပြူထွက်လာပြီး တတိယမြောက်အစောင့်တပ်သား၏ နှလုံးကိုပါ ထိုးဖောက်လိုက်၏။
အစောင့်တပ်သားသုံးဦးကို တံစို့ဖြင့် သီလိုက်သလိုဖြစ်သွားသည်။
သူ၏ ကျွမ်းကျင်ရဲဘော်များထဲမှ ခြောက်ဦးသည် ဤလူငယ်အမျိုးသား၏ လက်ထဲတွင် အလွယ်တကူသေဆုံးသွားသည်ကို တွေ့မြင်ရသောအခါ ဤနေရာမှာ ရာထူးအမြင့်ဆုံးဖြစ်သော သွေးသောက်ခေါင်းဆောင်သည် ချီရွှမ်းစုကို ကြောက်ရွံ့သွားလေသည်။
သို့သော်လည်း တိုက်ပွဲထဲမှာ နောက်သို့ပြန်ဆုတ်သော မည်သည့်တပ်သားမဆို ပြင်းထန်စွာအပြစ်ပေးခံရပေလိမ့်မည်။ ရက်စက်ကြမ်းတမ်းသော အပြစ်ပေးပုံများကို တွေးမိချိန်မှာ သွေးသောက်ခေါင်းဆောင်သည် သူ၏ အကြောက်တရားကို ဖိနှိမ်ပြီး အော်ဟစ်ကာအမိန့်ပေးလိုက်၏။
“ဒူးလေးသမားတွေ…”
ဒူးလေးသည် ကျွမ်းကျင်တိုက်ခိုက်ရေးသမားများကို ဖိနှိမ်ဖို့အတွက် အင်ပါယာနန်းတော်ကနေ အသုံးပြုလေ့အရှိဆုံး လက်နက်တစ်မျိုးဖြစ်သည်။ အထူးသဖြင့် စုပေါင်းအင်အားဖြင့် အသုံးချသည့်အခါ ဒူးလေးများသည် သာမန်တိုက်ခိုက်ရေးသမားများအတွက် သေစေနိုင်စွမ်းများအလွန်တရာမြင့်မားတတ်သည်။
ဒူးလေးအမျိုးအစားများစွာကြားမှာ ဖီးနစ်စိမ်းတပ်ဖွဲ့အသုံးပြုလေ့အရှိဆုံးမှာ ကျီးညိုဒူးလေးဖြစ်သည်။ လူသေရုံထဲမှာ သေဆုံးခဲ့သော ဖီးနစ်စိမ်းတပ်ဖွဲ့၏ အကြပ်ခေါင်းဆောင်သည်လည်း ချီရွှမ်းစုကို တိုက်ခိုက်ရန် တူညီသော ကျီးညိုဒူးလေးကို အသုံးပြုခဲ့သည်။
သွေးသောက်ခေါင်းဆောင်၏ အမိန့်နှင့်အတူ ဒူးလေးနှစ်ဆယ်က ချီရွှမ်းစုကို ချိန်ရွယ်လာ၏။
“ချောက်…”
ဒူးလေးမောင်းဖြုတ်သံသည် ရွာသွန်းကျဆင်းနေသော မိုးသံများကြားမှာ ခပ်ကြမ်းကြမ်းထွက်ပေါ်လာ၏။
ချီရွမ်းစုသည် မောင်းဖြုတ်သံတစ်သံကိုသာ ကြားလိုက်ရသော်လည်း ဒူးလေးမြားနှစ်ဆယ်က သူ့ထံသို့ ပျံသန်းလာပြီဖြစ်သည်။
တစ်ချိန်တည်းနီးပါးမှာပင် ချီရွှမ်းစုသည် သူ၏ စိုရွှဲနေသော ခြုံထည်ကိုလွှဲယမ်းပြီး ဝင်ရောက်လာသော မြားများအားလုံးကို ပိတ်ဆို့တားဆီးလိုက်၏။ မြားနှစ်ဆယ်စလုံးက မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး မည်သည့်တစ်ခုကမှ ထိုးဖောက်ဝင်ရောက်မလာနိုင်ခဲ့ပေ။
သွေးသောက်ခေါင်းဆောင်သည် ကျွမ်းကျင်ဓားသမားတစ်ဦးအဖြစ် ပြောင်းလဲသွားသော လျှို့ဝှက်ဆန်းကြယ်သည့် ဤလူငယ်ကို မမှိတ်မသုန်စိုက်ကြည့်နေ၏။
ပုံမှန်အားဖြင့် ဖီးနစ်စိမ်းတပ်ဖွဲ့သည် စုပေါင်းအင်အားဖြင့် ကျွမ်းကျင်ဓားသမားတစ်ဦးကို အနိုင်ယူနိုင်သည်။ သို့သော်လည်း ဤတပ်စုတွင် ပုံမှန်တပ်သားနှစ်ဆယ်သာ ပါရှိသည်။ ထိုသို့ဖြင့် ဤအဆင့်နိမ့်စစ်သည်များသည် ပညာရှင်တစ်ဦးကို ဝိုင်းပတ်ပိတ်ဆို့ချိုးနှိမ်ဖို့က လက်တွေ့မဆန်ပေ။
ဤအချက်ကို စဉ်းစားရင်း သွေးသောက်ခေါင်းဆောင်သည် သူ၏ နောက်ဘက်မှာရှိသော ခရိုင်အုပ်ချုပ်ရေးရုံးကို လှည့်ကြည့်လိုက်၏။
ရွာသွန်းကျဆင်းနေသော မိုးရေများကြားမှာ ခရိုင်အုပ်ချုပ်ရေးရုံး၏ မြင့်မားသည့် အနက်ရောင်ဂိတ်တံခါးကို တင်းကျပ်စွာပိတ်ထားလေသည်။ ၎င်းသည် အတော်လေးတိတ်ဆိတ်ခြောက်ကပ်သည့်ပုံပေါ်နေ၏။
အုပ်ချုပ်ရေးရုံးထဲမှာ လက်ထောက်တပ်မှူးနှစ်ဦးရှိသည်ကို သွေးသောက်ခေါင်းဆောင်က သိရှိထားသည်။ သူတို့သည် ဤနေရာမှာရှိသော ဖီးနစ်စိမ်းတပ်ဖွဲ့၏ အစစ်အမှန်သခင်နှစ်ဦးဖြစ်ကြသည်။
နောက်ဆုံးမှာတော့ သခင်တစ်ဦးကသာ ကျွမ်းကျင်တိုက်ခိုက်ရေးသမားတစ်ဦးကို အနိုင်ယူနိုင်မည်ဖြစ်သည်။
မိုးက ဆက်လက်၍ ရွာသွန်းကျဆင်းနေပြီး ခရိုင်အုပ်ချုပ်ရေးရုံး၏ အပြင်ဘက်လမ်းများသည် စမ်းချောင်းငယ်များအဖြစ် ခရိုင်အုပ်ချုပ်ရေးရုံး၏ ခြံဝန်းသည် ခပ်တိမ်တိမ်ရေအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
ခြံဝန်းထဲမှာ ငှက်ပျောပင်တချို့ကို စိုက်ထားပြီး ဤအချိန်မှာ ထူးဆန်းစွာပင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ငှက်ပျောရွက်များအပေါ် ကျဆင်းလာသည့် မိုးရေစက်များ၏ အသံကိုသာ ကြားနေရ၏။
ကျိုးဖေးလုံသည် ခြံဝန်း၏ ရှေ့မှာ မတ်တတ်ရပ်ရင်း ငှက်ပျောပင်များကို ငေးကြည့်နေ၏။ သူက သက်ပြင်းချကာ ရေရွတ်ပြောဆိုလိုက်၏။
“ငှက်ပျောရွက်တွေပေါ် ကျဆင်းနေတဲ့ မိုးစက်တွေရဲ့အသံက ပူဆွေးဝမ်းနည်းမှုကို ဆောင်ကျဉ်းပေးလာတယ်… ယုံကြည်ပုံအပ်ထားတဲ့ ခံစားချက်တွေလိုပဲ.. အားလုံးက စီးဆင်းသွားတဲ့ရေနဲ့အတူ ပျောက်ဆုံးသွားပြီ… ငါတို့ရဲ့ ဧည့်သည်က ရောက်ရှိလာပြီ… ကံဆိုးစွာနဲ့ပဲ အသိအမှတ်ပြုမှုကို မရရှိတော့ဘူး”
သူသည် ‘ကံဆိုးစွာနဲ့ပဲ’ ဟူသောစကားနေရာမှာ ဖိပြောလိုက်၏။ သို့သော်လည်း သူ၏ အသံက နောက်ဆုံးမှာ တိမ်ဝင်သွားလေသည်။
လီစန်ရှင်းက ခန်းမထဲမှာ ရှိနေဆဲဖြစ်၏။ သူသည် ကိုင်ဝမ်ခွက်ကို နောက်တစ်ဖန်ကောက်ယူပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း စုပ်သောက်လိုက်၏။
ခြံဝန်းထဲမှာ နေရာယူထားသော ဖီးနစ်စိမ်းတပ်သား သုံးလေးဆယ်သည် မိုးကာခြုံထည်များနှင့် ရှဉ့်ပျံချပ်ဝတ်များကို ဝတ်ဆင်ထားလေသည်။ သူတို့သည် သိုးဆေဘာများကို ကိုင်ဆွဲပြီး ကျီးညိုဒူးလေးများကို မောင်းတင်ထားကြသည်။
သူတို့သည် ခရိုင်အုပ်ချုပ်ရေးရုံး၏ အပြင်ဘက်မှာ ဖြစ်ပျက်နေသောအရာနှင့် အဆက်ပြတ်နေသည့်ပုံပေါ်နေသည်။ ဤဖီးနစ်စိမ်းတပ်သားများသည် ကျောက်ရုပ်များကဲ့သို့ မယိမ်းမယိုင်ရှိနေကြ၏။ မည်သည့်အရာကမှ သူတို့ကို မဖြုံစေပေ။ ပြင်းထန်ကြမ်းတမ်းသောမုန်တိုင်းနှင့် ကျရောက်လာတော့မည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကပင် မရပေ။
လီစန်ရှင်းသည် ကိုင်ဝမ်ခွက်ကို ကိုင်ထားရင်း ထိုင်ခုံကနေ မတ်တတ်ထရပ်လိုက်၏။ သူက ခန်းမ၏ တံစက်မြိတ်ရှိရာသို့ လျှောက်လှမ်းသွားပြီး အပြင်ဘက်မှာ တဖြည်းဖြည်းစဲလာသည့် တိုက်ခိုက်သံများကို နားစွင့်နေ၏။ သူက ရှေ့မှာရှိသော မိုးရေလိုက်ကာကို ငေးကြည့်ပြီး မှတ်ချက်ပြုလိုက်၏။
“သူက အနည်းဆုံး ပေါင်တန်ကျင့်ကြံမှုအဆင့်မှာရှိတဲ့ ပညာရှင်တစ်ဦးပဲ… အံ့ဩစရာပဲ ဒါပေမဲ့… ဒီအချက်ကပဲ လီဟုန်ဝမ်က ထင်ထားသလောက်မရိုးရှင်းဘူးဆိုတာကို သက်သေပြပေးနေတာပဲ”
ကျိုးဖေးလုံက ရေရွတ်ပြောဆိုလိုက်၏။
“မြစ်တစ်စင်းကို ဖြတ်ကူးတော့မယ့်အချိန်မှာ ကြောက်စရာအကောင်းဆုံးအရာက မြစ်ရဲ့အနက်ကို မသိရတာပဲ.. မင်းက အနက်ကိုသိသွားပြီဆိုတာနဲ့ ဘာလုပ်ရမလဲ စိတ်ကူးတစ်ခုရလာလိမ့်မယ်… ငါစောစောက မအီမသာခံစားနေရတယ်ဆိုတာ ပြိုင်ဘက်နဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသေးလို့ပဲ… အခုတော့ ငါ့မှာ ထင်မြင်ချက်တချို့ရှိလာပြီ”
လီစန်ရှင်းက ဝတ်ကျေတန်းကျေပြုံးကာ ပြောလိုက်၏။
“ညီကိုကျိုး… သူက ဘယ်လိုပြိုင်ဘက်လဲဆိုတာ မင်းသိနေပြီဆိုမှတော့ မင်းသူ့ကို တာဝန်ယူလိုက်ပါလား… ငါကတော့ ဖြောင့်မတ်သယောင်ဟန်ဆောင်နေတဲ့ လီဟုန်ဝမ်နဲ့ သွားတွေ့လိုက်ဦးမယ်… သူက လျှို့ဝှက်အဖွဲ့ ဖွဲ့မထားဘူးလို့ ဆက်ပြီးငြင်းဆန်နိုင်ဦးမလား ကြည့်ရသေးတာပေါ့။”
လီစန်ရှင်း၏ လေသံက အမိန့်ပေးနေခြင်း မဟုတ်သော်လည်း သူက ညှိနှိုင်းဆွေးနွေးစရာ ချန်မထားပေ။
ကျိုးဖေးလုံနှင့်မတူဘဲ လီစန်ရှင်းသည် လက်ထောက်စစ်ကဲ၏ လူယုံတစ်ဦးဖြစ်သည်။ လီစန်ရှင်းမှာ တောက်ပသောအနာဂတ်ရှိနေပြီး သူသည် တစ်နေ့မှာ ကျိုးဖေးလုံထက် သေချာပေါက် သာလွန်သွားပေလိမ့်မည်။
ကျိုးဖေးလုံက ခဏမျှတုံ့ဆိုင်းပြီးနောက် အပြုံးနှင့်အတူ တုံ့ပြန်လိုက်သည်။
“ရတယ်လေ”
လီစန်ရှင်းက သူ့လက်ကို မြှောက်ပြလိုက်သည်နှင့် စင်္ကြံလမ်းမှာ ရပ်နေသော ဖီးနစ်စိမ်းတပ်သားနှစ်ဦးက သူ့ဘေးသို့ရောက်ရှိလာပြီး ရှေ့ကနေ လမ်းကို ဦးဆောင်သွား၏။
ထို့နောက်ချက်ချင်းပင် နောက်ထပ်ဖီးနစ်စိမ်းတပ်သားနှစ်ဦးက လီစန်ရှင်း၏ နောက်ဘက်ကို ရောက်ရှိလာပြီး သူ့ကိုကာကွယ်ပေးထားသည့်ပုံစံဖြင့် နေရာယူကာ လိုက်ပါသွားသည်။
လီစန်ရှင်းသည် ခရိုင်အုပ်ချုပ်ရေးရုံး၏ နောက်ဘက်ဂေဟာသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွားပြီး သူ့လက်ထဲမှာ ကိုင်ဝမ်ခွက်ကို ကိုင်ထားဆဲဖြစ်၏။
ကျိုးဖေးလုံသည် သူ၏ လုပ်ဖော်ကိုင်ဖက် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေ၏။
သူက စိတ်ထဲမှာ မချင့်မရဲဖြစ်နေသော်လည်း သူသည် ဖီးနစ်စိမ်းတပ်ဖွဲ့တွင် လက်ထောက်တပ်မှူးတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် သူ၏ ဣန္ဒြေကို ကောင်းကောင်းထိန်းထားနိုင်သည်။ ထိုသို့ဖြင့် သူ၏ အမူအရာက နည်းနည်းကလေးမှ ပြောင်းလဲမသွားပေ။ သူ၏ အကြည့်ကို ရုပ်သိမ်းပြီးနောက် သူက ရှေ့မှာရှိသော အစောင့်တပ်သားတချို့ကို လက်ပြလိုက်၏။
ထိုဘက်ခြမ်းမှာရှိသော အစောင့်တပ်သားများအားလုံးသည် တစ်ချိန်တည်းမှာလှည့်ပြီး ခရိုင်အုပ်ချုပ်ရေးရုံး၏ ဂိတ်တံခါးရှိရာသို့ လျှောက်လှမ်းသွားကြ၏။
စည်းစနစ်ကျနသော ပုံစံဖြင့် ခရိုင်အုပ်ချုပ်ရေးရုံး၏ အပြင်ဘက်မြေပြင် စတုရန်းမီတာ သုံးရာမှာ ကြီးမားသော ခြင်္သေ့ရုပ်နှစ်ရုပ်ကလွဲလျှင် အခြားမည်သည့်အရာကိုမှ မထားပေ။ ဤမြေပြင်ကျယ်သည် အုပ်ချုပ်ရေးရုံး၏ ခမ်းနားထည်ဝါမှုကို ပိုမိုပေါ်လွင်စေသည်။
ဤအခိုက်အတန့်မှာ မြေပြင်ကျယ်တွင် မိုးရေများစိုရွှဲနေသော အလောင်းများ ပြန့်ကျဲနေပြီဖြစ်သည်။
သွေးများသည် မိုးရေနှင့်အတူ ရောနှောပြီး ရေမြောင်းများအဖြစ် စီးဆင်းသွားကြသည်။
မြေပြင်အလယ်မှာ တစ်ဦးတည်း မတ်တတ်ရပ်နေသည့်သူက ချီရွှမ်းစုသာဖြစ်သည်။ သူသည် ခရိုင်အုပ်ချုပ်ရေးရုံး၏ ညိုမှောင်နေသောဂိတ်တံခါးကို တိတ်တဆိတ်ဖြင့် ငေးကြည့်နေ၏။
နောက်ခဏ၌ ခရိုင်အုပ်ချုပ်ရေးရုံး၏ ဂိတ်တံခါးနှစ်ချပ်က ဝုန်းခနဲပွင့်ထွက်သွားသည်။ ဖီးနစ်စိမ်းတပ်သား လေးငါးဆယ်သည် အတွဲလိုက်ထွက်ပေါ်လာပြီး ဂိတ်တံခါး၏ တစ်ဘက်တစ်ချက်စီရှိ နံရံများပေါ်မှာ ခြိမ်းခြောက်လိုသောပုံစံဖြင့် နေရာယူလိုက်ကြ၏။
လက်ထောက်တပ်မှူးတစ်ဦး၏ အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည့် ကျိုးဖေးလုံက တံခါးခုံကို ဖြတ်ကျော်ပြီး ဂိတ်တံခါး၏ ရှေ့ ကျောက်လှေခါးထစ်သို့ ရောက်ရှိလာသည်။
သူ့ရှေ့မှာ ပြန့်ကျဲနေသည့်အလောင်းများကို တွေ့မြင်သောအခါ သူ၏ မျက်နှာက သုန်မှုန်သွားပြီး ချီရွှမ်းစုပေါ် သူ၏ အကြည့်က ရန်လိုလာသည်။
ချီရွှမ်းစုက ထိုနေရာမှာ အကြောက်အလန့်ကင်းမဲ့စွာဖြင့် မတ်တတ်ရပ်နေ၏။
ကျိုးဖေးလုံသည် နက်ရှိုင်း၍ ကြိမ်းမောင်းနေသောလေသံဖြင့် ပြောလိုက်၏။
“အင်ပါယာနန်းတော်ရဲ့အကျဉ်းသားကို ကယ်တင်လိုတဲ့ရည်ရွယ်ချက်နဲ့ ဖီးနစ်စိမ်းတပ်သားတွေကို သတ်ဖြတ်တာက သေဒဏ်ပေးခံရမယ့် ကြီးလေးတဲ့ ရာဇဝတ်မှုပဲ… မင်းက အဲဒီလုပ်ရပ်အတွက် ခေါင်းဖြတ်သတ်ခံရမယ်။”
ချီရွှမ်းစုက ပြန်မဖြေပေ။ ထိုအစား သူသည် သူ၏ ခြုံထည်ကို ခါထုတ်ပြီး သူ့ခါး၏ ညာဘက်မှာ ချိတ်ဆွဲထားသည့် ကျားဆေဘာကို ထွက်ပေါ်လာစေ၏။
ကျိုးဖေးလုံသည် ထိုဆေဘာကို တွေ့မြင်သည်နှင့် သူယုံကြည်စိတ်ချရသော လက်အောက်ငယ်သားသည် တည်းခိုခန်းကနေ ထွက်လာမည့် လီဟုန်ဝမ်၏ ကြံရာပါများကို ဖမ်းဆီးဖို့ကြိုးပမ်းရင်း ကျဆုံးသွားပြီကို သိရှိလိုက်သည်။ ကျိုးဖေးလုံ၏ လက်အောက်ငယ်သားသည် အဆင့်သတ်မှတ်ချက်အရ အကြပ်ခေါင်းဆောင်တစ်ဦးမျှသာဖြစ်သော်လည်း သူသည် သူ့ထက်ရာထူးမြင့်သော သွေးသောက်ခေါင်းဆောင်များထက်ပင် ပိုတော်သည့် ကျွမ်းကျင်တိုက်ခိုက်ရည်သမားတစ်ဦးဖြစ်သည်။
ကျိုးဖေးလုံက ခန့်မှန်းမိနေပြီဖြစ်သော်လည်း မေးလိုက်ဆဲဖြစ်၏။
“တည်းခိုခန်းက ဖီးနစ်စိမ်းတပ်သားတွေကို မင်းသတ်လိုက်ပြီလား”
ချီရွှမ်းစုက စွပ်စွဲချက်ကို အတည်ပြုသည့်အနေဖြင့် သူ၏ ကိုယ်ကို ရှေ့သို့အနည်းငယ်ကိုင်းညွှတ်ပြလိုက်၏။
ကျိုးဖေးလုံက ချီရွှမ်းစုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး အေးစက်နေသောအသံဖြင့် ပြောလိုက်၏။
“မင်းက တကယ့်ကို သေသင့်တဲ့ကောင်ပဲ။”